ပြဇာတ်စောင့်ကြည့်ခြင်း
Vol. 6 Ch. 54
လျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို ပြန်လည်အမှတ်ရမိသောအခါ ဝမ်စီယီ သည် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးသာ သူမနှင့် ကြုံတွေ့ခဲ့ပါက ဤလောကတွင် အသက်ဆက်ရှင် ရန်ပင် ကြီးစွာအရှက် ရမိနေလိမ့်မည်ဟု တွေးတောနေမိလေသည်။
အကယ်၍ ထျန်စစ်ဖုန်းက အနီရောင်နေမင်းဂိုဏ်းအပေါ် လက်စားချေချိန်တွင် သူမသာ ထိုနေရာ၌ ရှိနေခဲ့ပါက ပတ်သက်မိသွားနိုင်သည် မဟုတ်ပါလား။
“ကောင်းပါပြီ...၊ ဂျူနီယာမောင်လေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့...။”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ...။”
ယွမ်လီသည် ရှေ့သို့ တစ်လှမ်းတိုးကာ ဖုဝမ်ကို အရိုအသေပြုလျက် ပြောလိုက်၏။
“အစ်ကိုဖု...၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ စီနီယာအစ်မတို့ တိုင်ပင်ပြီးပါပြီ...။”
“အို...၊ ဘာတွေများ တိုင်ပင်လိုက်ကြတာလဲ...။”
ဖုဝမ်နှင့် အနီရောင်နေမင်းဂိုဏ်းမှ အခြားသူများသည် ထျန်ဖုန်း ရောက်ရှိနေသည်ကို လုံးဝ မသိရှိကြပေ။ အကြောင်းမှာ ထျန်ဖုန်းသည် ၎င်းတို့၏ နောက်ဘက် အတန်ငယ်ဝေးသော သစ်ပင်တစ်ပင်၏ ပင်စည် နောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။
ယွမ်လီသည် ထျန်ဖုန်းကို တွေ့ရှိနိုင်ခြင်းမှာလည်း ထျန်ဖုန်းကိုယ်တိုင်က သူ့ကို တမင်တကာ ရှောင်ရှား ခြင်း မပြုခဲ့သောကြောင့်ပင် ဖြစ်လေသည်။
“ကျွန်တော်တို့ အနက်ရောင်လေလှိုဏ်ဂူကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ...။”
ယွမ်လီ၏ စကားများက အားလုံးကို အံ့အားသင့်သွားစေခဲ့၏။
“ဘယ်လို...”
ထိုစကားမှာ အမှန်တကယ်ပင် ဖြစ်နိုင်ပါမည်လော။
ဖုဝမ်နှင့် အနီရောင်နေမင်းဂိုဏ်းမှ လူများအားလုံးမှာ မယုံကြည်နိုင်သော မျက်နှာများဖြင့် ကြည့်နေကြ သော်လည်း စိတ်ထဲ၌မူ တိတ်တဆိတ် ဝမ်းသာနေကြ၏။ မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်များကမူ သံသယများဖြင့် ပြည့်နှက်နေခဲ့လေသည်။
“ဂျူနီယာအစ်ကို ယွမ်လီ...၊ ဒါမျိုးတော့ မလုပ်သင့်ဘူးလေ...။”
“ဟုတ်တယ်...၊ ဒါတော့ လက်မခံနိုင်ဘူး...။”
ယွမ်လီနှင့် ဝမ်စီယီတို့သည် သူတို့၏ တပည့်များကို ငြိမ်သက်အောင် ပြုလုပ်ပြီးနောက် ယွမ်လီက ဆက်ပြောလိုက်လေ၏။
“ဒါပေမဲ့ ကျွန်တော်တို့က အကြောင်းပြချက် မရှိဘဲနဲ့တော့ လက်လွှတ်မှာ မဟုတ်ပါဘူး...။ ကျွန်တော့်ရဲ့ တပည့်ညီအစ်ကိုတွေက သဘောတူတူ၊ မတူတူ ဂိုဏ်းကို ပြန်ရောက်ရင်တော့ ကျွန်တော် အပြစ်ပေးခံ ရမှာ အမှန်ပါပဲ...။”
ဖုဝမ်က ခေါင်းညိတ်လိုက်ရာ သူ၏ စိုးရိမ်ပူပန်မှုများမှာလည်း လျော့ကျသွားခဲ့လေသည်။ အကယ်၍ အခြားတစ်ဖက်က မည်သည့်အပေးအယူမျှ မတောင်းဆိုပါက ထောင်ချောက်တစ်ခုခု ရှိနေမည်ကို သူ စိုးရိမ်နေမိသောကြောင့် ဖြစ်သည်။
“မင်းရဲ့ အခြေအနေကို ပြောစမ်းပါအုန်း...။”
“အရမ်း ရိုးရှင်းပါတယ်...။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် လိုအပ်တဲ့ အဓိက ဆေးပင် (၁၀) ပင်ကို ကျွန်တော်တို့ကို ပေးရမယ်...။ ပြီးတော့ ခင်ဗျားတို့မှာ အချိန် တစ်နာရီပဲ ရှိတယ်..။ တစ်နာရီ ပြည့်သွားရင်တော့ ကျွန်တော်တို့ ဆေးပင်တွေ ခူးဖို့ လှိုဏ်ဂူထဲကို လိုက်ဝင်လာမှာပဲ...။”
ဖုဝမ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
“အဓိက ဆေးပင် (၁၀) ပင်ဆိုတာ များလွန်းတယ်...။ အရင်နှစ်တွေကလည်း ဆေးဥယျာဉ်ထဲမှာ အဓိက ဆေးပင် တစ်ဒါဇင်လောက်ပဲ ရှိတာ...။ ငါတို့ဘက်ကလည်း အင်အားစိုက်ထုတ်ရမှာ ဖြစ်သလို အန္တရာယ် တွေလည်း ရှိသေးတယ်...။ မင်းတို့က ဘာလို့ ထက်ဝက်ကျော်ကို ယူချင်နေရတာလဲ...။”
သူသည် လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရင်း ဆက်ပြောလိုက်၏။
“အများဆုံး (၅) ပင်ပဲ ပေးနိုင်မယ်...၊ မဟုတ်ရင်တော့ ငါတို့ လက်သီးနဲ့ပဲ စကားပြောကြတာပေါ့...။”
ယွမ်လီသည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
*အလကား လျှောက်ပြောနေတာပဲ...၊ အရင်နှစ်တွေကဆိုရင် (၂၀) ကျော်လောက်တောင် ရှိတာကို...။*
သို့သော်လည်း အရေးမကြီးပေ။ ထျန်ဖုန်းက သူတို့ကို ဘယ်လို လှည့်စားမလဲဆိုတာ စောင့်ကြည့်ရုံသာ ရှိပေသည်။
သူသည် မလိုချင်သလို ဟန်ဆောင်ကာ အံကြိတ်လျက် လက်ခံလိုက်လေ၏။
“ကောင်းပြီလေ...၊ ဒါဆိုလည်း သဘောတူတယ်...။”
ဖုဝမ်မှာ စိတ်သက်သာရာ ရသွားသည်။ ဤတစ်ခေါက်တွင် သူသည် အနည်းဆုံး အဓိကဆေးပင် (၁၀) ပင်ကျော် ရရှိနိုင်ပေလိမ့်မည်။
သူသည် လက်တစ်ဖက်ကို ယမ်းလိုက်ရာ ဝိညာဉ်ဆေးပင် (၅) ပင်မှာ လွင့်ထွက်သွားပြီး ယွမ်လီက ဖမ်းယူလိုက်လေ၏။
“ခင်ဗျားတို့မှာ အချိန် တစ်နာရီပဲ ရှိတယ်...။ အချိန်ပြည့်သွားလို့ ကျွန်တော်တို့ဘက်က လှုပ်ရှားလာရင် တော့ ကတိဖျက်တယ်လို့ အပြစ်မတင်ပါနဲ့...။”
“ဟွန်း...။”
ဖုဝမ်က မထီမဲ့မြင် ပြုလိုက်၏။ တစ်နာရီဆိုသည်က လုံလောက်သည်ထက် ပိုပါသေးသည်။ တစ်နာရီ အတွင်း မပြီးနိုင်ပါက မစင်စားရုံသာ ရှိတော့လေသည်။
“သွားကြမယ်...။”
သူက ဦးဆောင်ကာ လှိုဏ်ဂူအတွင်းသို့ ဝင်သွားလေတော့သည်။
“ဂျူနီယာအစ်ကို ယွမ်လီ...၊ ကျွန်တော်တို့ ရှုံးသွားပြီ...။”
“စီနီယာအစ်မ ဝမ်...၊ အစ်မလည်း ဘာဖြစ်သွားတာလဲ...။”
“အို...၊ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ...။”
မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်များသည် သူတို့၏ စီနီယာအစ်ကိုနှင့် အစ်မတို့၏ အပြုအမူကို နားမ လည်နိုင်ကြဘဲ တစ်ဦးပြီးတစ်ဦး ညည်းညူနေကြလေသည်။
သူတို့၏ အမြင်တွင် သူတို့အဖွဲ့သာ လှိုဏ်ဂူထဲသို့ ဝင်ရောက်ခဲ့ပါက အဓိကဆေးပင် (၁၀) ပင်၊ (၂၀) ခန့်မှာ သူတို့ပိုင် ဖြစ်လာမည် မဟုတ်ပါလား။
“သိပ်ပြီး မတွေးကြပါနဲ့...။ ငါတို့သာ အထဲကို ဝင်ချင်တယ်ဆိုရင် အနီရောင်နေမင်းဂိုဏ်းနဲ့ တိုက်ခိုက်ရ မှာပဲ...။ ငါတို့ နိုင်ခဲ့ရင်တောင် လူသေဆုံးမှုတွေ ရှိလာနိုင်တယ်...။”
“ပြီးတော့ အတွင်းထဲက မိစ္ဆာသားရဲ တွေကလည်း အန္တရာယ် တစ်ခုပဲ...၊ အဲ့ဒီအစား ဒီအချိန်နဲ့ အင်အားကို တခြားနေရာတွေမှာ အသုံးချတာ က ပိုကောင်းပါတယ်...။”
“အရေးကြီးဆုံးကတော့...၊ မင်းတို့ မကြာခင်မှာ သိလာပါလိမ့်မယ်...။”
ယွမ်လီသည် ထျန်ဖုန်း ရောက်ရှိနေသည့်အကြောင်းကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိပေ။
“ဒါဆိုရင်လည်း စီနီယာအစ်ကိုရဲ့ ဆုံးဖြတ်ချက်က တော်တော်လေးကို သတိရှိတာပဲ...။”
“ဟုတ်ပါတယ်...၊ ဒါ အမှန်ပဲ...။”
“ဒါဆိုရင် စီနီယာအစ်ကို...၊ ကျွန်တော်တို့ အခု ဘယ်ကို သွားကြမလဲ...။”
ယွမ်လီက ထူးဆန်းစွာ ပြုံးလိုက်လေ၏။
“ဘယ်မှ မသွားဘူး...။ ဒီအနီးနားက တစ်နေရာရာမှာပဲ ခဏလောက် အနားယူကြတာပေါ့...။ သူတို့သာ တစ်နာရီအတွင်း မပြီးဘူးဆိုရင် ငါတို့ လိုက်ဝင်သွားကြတာပေါ့...။”
ထိုသို့ပြောပြီးနောက် သူသည် လူအားလုံးကို ခပ်လှမ်းလှမ်းရှိ အနည်းငယ် မြင့်မားသော နေရာတစ်ခု ဆီသို့ ဦးဆောင်ခေါ်သွားခဲ့လေသည်။
ထိုကဲ့သို့ မြင့်မားသော နေရာမှဆိုလျှင် မြင်ကွင်းကို ပိုမိုရှင်းလင်းစွာ မြင်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြဇာတ်ကို ပိုမိုတိကျစွာ စောင့်ကြည့်နိုင်မည် ဖြစ်သောကြောင့်ပင်။
စီနီယာအစ်ကို ယွမ်လီသည် အခြားနေရာသို့ မသွားဘဲ ဤနေရာ၌သာ စောင့်ဆိုင်းနေသည်ကို မြင်သော အခါ တပည့်အများအပြားမှာ ဇဝေဇဝါ ဖြစ်နေခဲ့ကြလေ၏။
“စီနီယာအစ်ကို ယွမ်လီ... ဘာတွေလုပ်နေတာလဲ...။”
“သူတို့က လက်ချည်းဗလာနဲ့ ပြန်ထွက်လာကြမှာလား...။”
ယွမ်လီက အနည်းငယ် ပြုံးပြလိုက်ရုံသာ ပြုလုပ်ပြီး ဘာမျှ ထပ်မပြောတော့ပေ။
“စီနီယာအစ်ကို ဖုဝမ်...၊ မြစိမ်းတောင်တန်းဂိုဏ်းကလူတွေ တစ်ခုခု ကြံစည်နေတာများလား...။”
“သူတို့က အနက်ရောင်လေလှိုဏ်ဂူကို ဘာလို့ ဒီလောက် လွယ်လွယ်ကူကူနဲ့ လက်လွှတ်လိုက်ရတာ လဲ...။”
ဖုဝမ်သည် နောက်သို့ လှည့်မကြည့်ဘဲ ရှေ့သို့သာ လျှောက်လှမ်းနေခဲ့၏။
“ဖြစ်နိုင်ခြေ မရှိပါဘူး...၊ ငါတို့ အရင်ဝင်လာနိုင်တာက အခွင့်အရေး တစ်ခုပဲ...။ သူတို့က နောက်ကနေ တိုက်ခိုက်မှာကိုသာ သတိထားနေရင် ဘာမှ စိုးရိမ်စရာ မလိုပါဘူး...။”
“ဒါ့အပြင် ငါတို့က တပည့်တွေအားလုံးရဲ့ ရှေ့မှာ အပေးအယူ လုပ်ခဲ့ကြတာလေ...။ ငါတို့က အဓိက ဆေးပင်တွေကိုတောင် ပေးခဲ့ပြီးပြီ...။ အကယ်၍ သူတို့သာ ကတိဖျက်ခဲ့ရင် မြစိမ်းတောင်တန်းဂိုဏ်းက လူကြီးတွေကလည်း သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး...။ အဲ့ဒါက ဂိုဏ်းအတွက် အရှက်ရစရာကိစ္စပဲ မဟုတ်လား...။”
အားလုံးမှာ ထိုစကားကို ကြားသောအခါမှ စိတ်သက်သာရာ ရသွားကြလေသည်။
“ဒါ့အပြင် သူတို့ လက်မလျှော့ရင်ကော ဘာလုပ်နိုင်မှာလဲ...၊ ငါတို့နဲ့ ထိပ်တိုက် တိုက်ကြမှာလား...။ အဲ့ဒီ အစား အကျိုးအမြတ်လေး ယူပြီး ထွက်သွားတာက သူတို့အတွက် ပိုကောင်းတယ်လေ...။”
“အထဲရောက်တာနဲ့ အစွမ်းကုန် ကြိုးစားကြစမ်း...။”
“အနက်ရောင်လေလှိုဏ်ဂူထဲက အဓိက ဆေးပင်တွေကိုသာ စုဆောင်းပြီးသွားရင် ငါတို့ရဲ့ တာဝန်က ပြီး သလောက် ရှိသွားပြီ...။”
“အဲ့ဒီအခါကျမှ အဲ့ဒီ အမှတ် (၁၀၀) နဲ့ လူကို စာရင်းရှင်းရမယ်...။”
ဖုဝမ်၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ထိုနေ့က သူ ခံစားခဲ့ရသော အရှက်ရမှုကို သူ ဘယ်သောအခါမှ မေ့လိမ့်မည် မဟုတ်ချေ။
ယွမ်လီနှင့် အခြားသူများ ထွက်ခွာသွားပြီး မကြာမီမှာပင် ထျန်ဖုန်းသည် အနက်ရောင်လေလှိုဏ်ဂူသို့ ရောက်ရှိလာခဲ့လေသည်။
ထျန်ဖုန်းသည် အဝေးတွင် အပန်းဖြေနေကြသော ယွမ်လီနှင့် သူ၏အဖွဲ့ကို တစ်ချက် လှမ်းကြည့်လိုက် သော်လည်း သူတို့ကို ဂရုမစိုက်ပေ။
*တကယ်လို့ သူတို့သာ ငါ့ရဲ့ နွေးထွေးမှု ပေးဝေခြင်းကို လာတားမယ်ဆိုရင်တော့ သူတို့ကိုပါ နွေးထွေးမှု ပေးလိုက်ရုံပဲပေါ့….။*
“သူလား...။”
“ထျန်စစ်ဖုန်းလား...။”
“သူက ဘာလို့ ဒီကို ရောက်နေတာလဲ... ။”
ထျန်ဖုန်းက မြစိမ်းတောင်တန်းဂိုဏ်းမှ လူများကို ကြည့်နေစဉ်မှာပင် သူတို့သည်လည်း သူ့ကို သတိထား မိသွားကြလေ၏။
လျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင် မြင်တွေ့ခဲ့ရသည်များ ဖြစ်စေ၊ ယွမ်လီ ပြောပြသော ထျန်ညီအစ်ကို များ၏ လုပ်ရပ်များကြောင့်ဖြစ်စေ၊ အားလုံးမှာ ဤလူကို အလွန်အမင်း ကြောက်ရွံ့နေကြလေသည်။
ယခုအချိန်တွင် သူတို့သည် ထျန်စစ်ဖုန်းက သူတို့ကို တိုက်ခိုက်မည်ကိုပင် စိုးရိမ်နေကြလေ၏။ အဘယ် ကြောင့်ဆိုသော် ဤလူသည် စိတ်ဝေဒနာ ခံစားနေရသူတစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ် သောကြောင့်ပင်။
“ပြဇာတ်ကိုပဲ စောင့်ကြည့်ကြတာပေါ့...။”
ယွမ်လီသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲ၌မူ ထိတ်လန့်နေခဲ့၏။ မည်သို့ပင်ဖြစ်စေ ထျန်ဆန်းဖုန်း၏ သေဆုံးမှုမှာ သူနှင့် အနည်းငယ် ပတ်သက်နေသည် မဟုတ်ပါလား။
“ဒါကြောင့်မို့လို့ကိုး...၊ စီနီယာအစ်ကို ယွမ်လီက ဒါကို အစကတည်းက ကြိုတင် ကြံစည်ထားတာပဲ...။”
“စီနီယာအစ်ကို ယွမ်လီက တကယ်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်...။”
“ဟားဟား...၊ ဒါကတော့ ကြည့်လို့ ကောင်းတော့မှာပဲ...။”
ယခုမှသာ စီနီယာအစ်ကို ယွမ်လီသည် အဘယ်ကြောင့် အနက်ရောင်လေလှိုဏ်ဂူကို အလွယ်တကူ လက်လွှတ်ခဲ့သည်ကို သူတို့ သဘောပေါက်သွားကြလေတော့သည်။
ထျန်စစ်ဖုန်းကဲ့သို့ ယုတ်မာသောသူတစ်ဦးသည် အနီရောင်နေမင်းဂိုဏ်းအပေါ် လက်စားမချေဘဲ နေပါမည်လော။
စီနီယာအစ်ကို ယွမ်လီသည် အမှန်တကယ်ကို ပါးနပ်ပြီး အမြော်အမြင် ရှိလှပေသည်။
သူ၏ တပည့်ညီအစ်ကိုများ၏ ချီးမွမ်းသံများကို ကြားရသောအခါ ယွမ်လီသည် အလွန်အမင်း ကျေနပ် သွားမိ၏။
ထျန်ဖုန်းသည် လှိုဏ်ဂူအဝင်ဝသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေ၏။
လှိုဏ်ဂူအဝင်ဝမှာ နိမ့်ကျသော နေရာတွင် ရှိနေပြီး အနီရောင်နေမင်း လျှို့ဝှက်နယ်မြေမှာလည်း အလင်း ရောင် အားနည်းလှသဖြင့် ဤနေရာမှာ ပို၍ပင် မှောင်မည်းနေတော့သည်။
အနံ နှစ်မီတာနှင့် အမြင့် နှစ်မီတာခန့်ရှိသော အပေါက်ဝမှာ နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသဖြင့် မြေပုံမရှိ ပါက ရှာဖွေတွေ့ရှိရန် ခက်ခဲလှပေလိမ့်မည်။
လှိုဏ်ဂူအတွင်းသို့ ဝင်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိ ကျနေပြီး ကျင့်ကြံသူ တစ်ဦး၏ မျက်စိဖြင့်သာ အရာဝတ္ထုများကို ခက်ခဲစွာ မြင်နိုင်ပေသည်။
ပတ်ဝန်းကျင်တွင် ကျောက်နံရံများသာ ရှိပြီး မြေပြင်မှာမူ ရွှံ့နွံများဖြင့် ပြည့်နှက်နေ၏။ လှိုဏ်ဂူအဝင်ဝ မှာ အောက်ဘက်သို့ ကွေ့ဝိုက်ကာ ဆင်းသွားလေသည်။
ထျန်ဖုန်းသည် သူ၏ နွေးထွေးမှုကို မည်သို့ ပေးဝေရမည်ကို စဉ်းစားမရ ဖြစ်နေခဲ့လေ၏။
*လှိုဏ်ဂူအဝင်ဝကို ဖောက်ခွဲလိုက်ရမလား...။*
*မဟုတ်သေးပါဘူး...၊ အဲ့ဒါက လူမဆန်လွန်းရာ ရောက်နေလိမ့်မယ်...။ ငါက အဲ့ဒီလိုမျိုး မလုပ်သင့် ဘူး...။*
အရေးကြီးဆုံးအချက်မှာ ဤကျောက်နံရံတွေကို ဖောက်ခွဲရန်ဆိုသည်မှာလည်း မလွယ်ကူလှချေ။
*ဒါဆိုရင် အထဲကို ဝင်ပြီး သူတို့နဲ့ တိုက်ခိုက်ရမလား...။*
*မဟုတ်သေးဘူး... ဒါက ဉာဏ်ရှိတဲ့သူတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး…။*
လှိုဏ်ဂူအဝင်ဝတွင် ရပ်နေရင်း ထျန်ဖုန်းသည် တိုး၍တိုက်ခတ်လာသော လေညှင်းလေးကို ခံစားလိုက် ရသဖြင့် သူ၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့၏။
“ဟေး...၊ လေက ဘာလို့ အထဲကို တိုက်နေတာလဲ...။”
လေက သိပ်မပြင်းသော်လည်း အဘယ်ကြောင့် အထဲသို့ တိုက်ခတ်နေသနည်းဆိုသည်ကို သူ မသိပေ။
သို့သော်လည်း ခဏချင်းမှာပင် ထျန်ဖုန်း၏ စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာခဲ့ချေပြီဖြစ်၏။ သူသည် လှိုဏ်ဂူအပြင်ဘက်သို့ ထွက်ကာ ထိုင်ချလိုက်ပြီး တိတ်ဆိတ်စွာ စဉ်းစားနေတော့သည်။
ယွမ်လီနှင့် အခြားသူများသည် ထိုမြင်ကွင်းကို အဝေးမှနေ၍ ရှင်းလင်းစွာ မြင်နေရသဖြင့် ဇဝေဇဝါ ဖြစ်နေကြ၏။
“သူ ဘာလုပ်နေတာလဲ...။”
ဝမ်စီယီက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။
“စဉ်းစားနေစရာ မလိုပါဘူး...။ ဒီကောင်က တစ်ခုခု ယုတ်မာဖို့ ကြံစည်နေတာပဲ ဖြစ်ရမယ်...။”
ယွမ်လီက အခိုင်အမာပြောဆိုလိုက်လေ၏။
*ထျန်ညီအစ်ကိုတွေက အမြဲတမ်း ခေါင်းငုံ့ပြီး စဉ်းစားနေတတ်ကြတာပဲ...။ ကိုယ်ကျင့်တရားမဲ့တဲ့ အရာ တွေကလွဲရင် သူတို့ ဘာများ စဉ်းစားဦးမှာလဲ….။*
*ဘယ်လို မိသားစုမျိုးက ဒီလို လူယုတ်မာတွေကို မွေးထုတ်ပေးလိုက်တာပါလိမ့်….။*