နောက်ထပ် လှည့်ကွက်တစ်ခု
Vol. 6 Ch. 55
မကြာမီမှာပင် ယွမ်လီနှင့် အခြားသူများ၏ မျက်စိရှေ့တွင် ထျန်ဖုန်းသည် နောက်ဆုံး၌ မတ်တတ်ရပ် လိုက်၏။
ထို့နောက် သူသည် ဟင်းလင်းပြင်ထဲမှ ဂေါ်ပြားတစ်ချောင်းကို ထုတ်ယူလိုက်ကာ လှိုဏ်ဂူအတွင်းသို့ လျှောက်ဝင်သွားလေတော့သည်။
ယွမ်လီနှင့် အခြားသူများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများပင် ရှုံ့မဲ့သွားခဲ့ကြလေ၏။
*ဒီကောင်က ဘယ်လို ယုတ်မာတဲ့ အကြံတွေ ကြံစည်နေပြန်တာလဲ... *
*ကျင့်ကြံသူတစ်ယောက်က ဘာလို့ သူ၏ သိုလှောင်အိတ်ထဲမှာ သံဂေါ်ပြားတစ်ချောင်းကို အမြဲတမ်း ဆောင်ထားရတာလဲ...။*
*ရှင်က အချိန်မရွေး အသုံးပြုဖို့ အဆင်သင့် ဖြစ်နေတာလား... ။*
*မင်းက လူတွေကို ဒုက္ခပေးဖို့ အမြဲတမ်း အသင့်ပြင်ထားတာလား...။*
ထျန်ဖုန်းသည် လှိုဏ်ဂူထဲသို့ ဝင်ကာ မြေပြန့်ပြီး ကျဉ်းမြောင်းသော နေရာတစ်ခုကို ရှာဖွေ၍ စတင် တူးဆွလေတော့သည်။
ထိုနေရာမှာ တစ်မီတာကျော်သာ ကျယ်ဝန်းပြီး ထျန်ဖုန်းသည် တစ်မီတာကျော် နက်သော ကျင်းတစ်ခုကို တူးလိုက်လေ၏။
ထို့နောက် သူသည် အပြင်သို့ ပြန်ထွက်ကာ ပတ်ဝန်းကျင်ရှိ သစ်ကိုင်းခြောက်များ၊ သစ်ရွက်ခြောက်များ နှင့် တစ်ဝက်စိုတစ်ဝက်ခြောက် သစ်ကိုင်းများကို ရှာဖွေစုဆောင်းခဲ့လေသည်။
သူသည် ထိုအရာအားလုံးကို လှိုဏ်ဂူအဝင်ဝသို့ သယ်ယူလာပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ထူးဆန်းသော ပစ္စည်းအမျိုးမျိုးကို ဆက်တိုက် ထုတ်ယူနေလေတော့သည်။
“သူ ဘာလုပ်နေတာလဲ...။”
ဝမ်စီယီက အနည်းငယ် ဇဝေဇဝါ ဖြစ်လျက် မေးလိုက်လေ၏။
မည်သူကမျှ ပြန်မဖြေနိုင်ကြပေ။
ထျန်ဖုန်းသည် ငရုတ်သီးခြောက်များနှင့် တိရစ္ဆာန် မစင်ခြောက်များကို ဆက်တိုက် ထုတ်ယူနေသည်ကို ကြည့်ရင်း ယွမ်လီ၏ မျက်နှာမှာ ဖြူလျော်သွားလေတော့သည်။
ယခုအချိန်တွင် သူသည် အနည်းငယ် ခန့်မှန်းမိသွားပြီဖြစ်ရာ ဖုဝမ်အတွက် တိတ်တဆိတ် ဝမ်းနည်းပေး မိနေလေတော့သည်။
*မင်းက ဘာလို့ ဒီလိုမျိုး ယုတ်မာတဲ့သူကိုမှ သွားပြီး ရန်စမိရတာလဲ...။*
“စောင့်ကြည့်နေလိုက်စမ်း...။”
ယွမ်လီ၏ အသံမှာ တုန်ရီနေသော်လည်း သူကိုယ်တိုင်ပင် သတိမထားမိသော စိတ်လှုပ်ရှားမှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
လှိုဏ်ဂူအဝင်ဝတွင် အစီအစဉ်များ ပြုလုပ်ပြီးနောက် ထျန်ဖုန်းသည် လှိုဏ်ဂူအတွင်းသို့ ပြန်ဝင်ကာ သူတူးထားသော ကျင်း၏အစွန်းသို့ ရောက်လာခဲ့၏။
“ဝုန်း…။”
စည်ပိုင်းကြီး တစ်လုံးက လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး ထျန်ဖုန်းသည် စည်ပိုင်းထဲရှိ အရာများကို ကျင်းထဲသို့ လောင်းထည့်လိုက်လေသည်။
အပုပ်နံ့တစ်ခုက သူ့ကို ရိုက်ခတ်သွားခဲ့လေ၏။
ထျန်ဖုန်းသည် ၎င်းကို အားမရသေးဘဲ နောက်ထပ် ငရုတ်သီးခြောက် အိတ်ကြီးတစ်အိတ်ကို ထုတ်ယူ ကာ မွှန်ထူနေသော အနံ့များ ထွက်ပေါ်လာစေရန် မီးရှို့လိုက်ပြီး ကျင်းထဲသို့ ပစ်ထည့်လိုက်တော့သည်။
မူလက အနက်ရောင် အညစ်အကြေးများမှာ ယခုအခါ အနီရောင်များ စွန်းထင်းသွားကာ အနက်နှင့် အနီ ရောနှောနေသော ပုံစံမပျက် အရာကြီး ဖြစ်သွားလေတော့သည်။
[ထျန်ဖုန်း...၊ ကိုယ်ကျင့်တရားမဲ့တဲ့ နေရာမှာဆိုရင်တော့ ငါ နင့်ကိုပဲ အလေးပြုမိတော့တယ်... ။ နင်က တော့ မွေးရာပါ လူယုတ်မာပဲ...။ ဒီလို အရာမျိုးထဲကို ငရုတ်သီးတွေတောင် ထည့်လိုက်သေးတယ်...။ ဟားဟားဟား...။]
စနစ်မှာ ထျန်ဖုန်း၏ လုပ်ရပ်များကို အံ့အားသင့်စွာဖြင့် ချီးကျူးနေမိ၏။
“အဟွတ်... အဟွတ်...။”
ထျန်ဖုန်းကမူ စနစ်ကို ဂရုမစိုက်ပေ။ သူသည်ပင်လျှင် ထိုမွှန်ထူနေသော အနံ့များကြောင့် မွန်းကြပ်နေ ပြီဖြစ်၏။ ၎င်းမှာ နံလည်းနံသလို စပ်လည်း စပ်လှပေသည်။
သူသည် အပြင်သို့ အမြန်ပြေးထွက်လာကာ ဆက်တိုက် ချောင်းဆိုးနေပြီး မျက်ရည်များ၊ နှာရည်များ လည်း ကျနေတော့သည်။
“သူ ဘာဖြစ်နေတာလဲ...။”
“သူ အထဲမှာ ဘာများလုပ်ခဲ့တာလဲ...။”
မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်များသည် ထျန်ဖုန်း တစ်ယောက်မနားတမ်း ချောင်းဆိုးနေသည်ကို ကြည့်ကာ လုံးဝ နားမလည်နိုင် ဖြစ်နေကြလေ၏။
သူ အထဲမှာ ဘာတွေများ ထပ်လုပ်ခဲ့တာလဲ...
*ယွမ်လီသည်လည်း အလွန် စူးစမ်းချင်နေမိသည်…။*
အားလုံး အဆင်သင့် ဖြစ်သွားသောအခါ ထျန်ဖုန်းသည် မီးလုံးမှော်အတတ်ကို အသုံးပြုကာ လှိုဏ်ဂူ အဝင်ဝရှိ ပစ္စည်းပုံကြီးကို မီးရှို့လိုက်လေတော့၏။
အပုပ်နံ့နှင့် ငရုပ်သီး၏မွှန်ထူနေသော အနံ့အသက်ဆိုးများမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး မီးခိုး ဖြူများမှာ လှိုဏ်ဂူအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရလေ၏။
ထျန်ဖုန်းက ၎င်းကို အားမရသေးဘဲ လေပွေမှော်အတတ်ကို အသုံးပြုကာ မီးခိုးများကို လှိုဏ်ဂူအတွင်း သို့ ထပ်မံ မှုတ်သွင်းလိုက်ပြန်လေသည်။
“စပြီ...၊ စပြီ...။”
ယွမ်လီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး အနီရောင်နေမင်းဂိုဏ်းမှ လူများ မည်မျှ သနား စဖွယ် ဖြစ်သွားမလဲဆိုသည်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေမိလေ၏။
“ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ...။ ဒီလူကိုတော့ လုံးဝ သွားပြီး ရန်မစသင့်ဘူး...။”
“တကယ်ကို ကြောက်စရာပဲ...။”
“ဒါကတော့ တကယ်ကို လွန်လွန်းတယ်...။”
“ဒီလူမှာ လူသားဆန်တဲ့ အသိစိတ်ရော ရှိရဲ့လား...။”
မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်များက သက်ပြင်းချရင်း အသီးသီးပြောလိုက်ကြလေ၏။ အကယ်၍ သူတို့သာ ထိုအခြေအနေနှင့် ကြုံတွေ့ရပါက ဘာဖြစ်သွားမလဲဆိုသည်ကိုလည်း တွေးတောနေမိခဲ့ကြ လေသည်။
ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၉) ရှိသူတစ်ဦးပင်လျှင် အသက်ကို အကြာကြီး အောင့်မထားနိုင်သလို ဤကဲ့သို့ ငရုတ်သီးနံ့များ ပါဝင်သော မီးခိုးများကိုလည်း မျက်စိက ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
…………
“ဟားဟားဟား...။”
ဖုဝမ်သည် ရှားရှားပါးပါးပင် ပြုံးလိုက်လေ၏။
သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူသည် ကံကောင်းခြင်းကြီး တစ်ခုကို ရရှိလိုက်ပြီဟု ခံစားနေရ လေသည်။
လှိုဏ်ဂူအောက်ခြေမှာ စိမ့်တောတစ်ခု ဖြစ်ပြီး တောက်ပနေသော မှိုများကသာ အလင်းရောင် အနည်း ငယ်ကို ပေးစွမ်းလျက်ရှိနေ၏။
ဟုတ်ပေသည်။ အပေါ်မှ ကျောက်နံရံတွင် အပေါက်ငယ်လေး တစ်ခုရှိနေသဖြင့် အပြင်ဘက်မှ အလင်းရောင် အနည်းငယ်က ဝင်ရောက်နေခြင်းဖြစ်ပေသည်။
ဖုဝမ်နှင့် အခြားသူများသည် မီးလုံးများဖြင့် လှိုဏ်ဂူအောက်ခြေကို လင်းထိန်အောင် ပြုလုပ်လိုက်ကြ၏။
ခပ်လှမ်းလှမ်းတွင် မြင့်မြတ်သော စမ်းရေတွင်းတစ်ခု ရှိနေသဖြင့် ဤနေရာမှ ဝိညာဉ်စွမ်းအင်မှာ အလွန် ပင် အားကောင်းလှပေသည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် လိုအပ်သော အဓိကဆေးပင် (၂၀) ခန့် ရှိနေသည်ကို တွေ့လိုက်ရလေ၏။
ဟုတ်ပေသည်...။ ထိုနေရာတွင် မိစ္ဆာသားရဲများစွာလည်း ရှိနေသည်ပင်။
ဤကျဉ်းမြောင်းသော နေရာလေးတွင် ပထမအဆင့် နောက်ဆုံးအဆင့်ရှိသော မိစ္ဆာသားရဲ (၁၀) ကောင် ခန့် ရှိနေပြီး အချို့မှာ မိကျောင်းပုံသဏ္ဌာန်၊ အချို့မှာ မြွေပုံသဏ္ဌာန်များ ဖြစ်ကြလေ၏။
လှိုဏ်ဂူအတွင်းရှိ မျှခြေမှာ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်များကြောင့် ချက်ချင်းပင် ပျက်ပြားသွားခဲ့ရလေသည်။
မိစ္ဆာသားရဲများအားလုံးမှာ သတိကြီးစွာ ထားလိုက်ကြပြီး တိုက်ပွဲမှာ ချက်ချင်းပင် စတင်တော့မည့်ပုံ ရှိနပေသည်။
“ဆေးပင်တွေကို အရင်ယူလိုက်ကြစမ်း...။”
ဖုဝမ်က အမိန့်ပေးလိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်သွားရာ သူ၏ တပည့်များကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ကြလေ၏။
ခဏချင်းမှာပင် လှိုဏ်ဂူအတွင်း၌ မီးတောက်များ နေရာအနှံ့ ပျံနှံ့သွားပြီး အော်ဟစ်သံများနှင့် မိစ္ဆာသားရဲ များ၏ ဟိန်းဟောက်သံများမှာလည်း ရောထွေးနေတော့သည်။
အားလုံးက အသက်လုကာ တိုက်ခိုက်နေကြသဖြင့် လှိုဏ်ဂူအတွင်း၌ မီးခိုးများ ပိုမိုများပြားလာသည်ကို မည်သူမျှ သတိမထားမိခြင်းမရှိကြပေ။
သတိထားမိလျှင်ပင် သူတို့၏ မီးလုံးမှော်အတတ်များကြောင့် မြက်ပင်များ လောင်ကျွမ်းကာ ထွက်ပေါ် လာသော မီးခိုးများဟုသာ ထင်မှတ်ကြပေလိမ့်မည်။
ဖုဝမ်သည် မီးလျှံမှော်အတတ်ကို အသုံးပြုကာ မိကျောင်းတစ်ကောင်ကို ကင်ပစ်လိုက်ပြီးနောက် သူ၏ ပါးစပ်ကို ဖွင့်ကာ ရယ်မောလိုက်လေ၏။
“အဟွတ်... အဟွတ်...။”
သူ၏ ရယ်သံမှာ ချောင်းဆိုးသံအဖြစ် ပြောင်းလဲသွားပြီး ပြင်းရှသော အနံ့တစ်ခုက သူ၏ လည်ချောင်း နှင့် နှာခေါင်းထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရလေသည်။
၎င်းမှာ ပြင်းရှရုံသာမကဘဲ အလွန်အမင်းလည်း နံစော်လှပေသည်။
“ဘာတွေ ဖြစ်နေတာလဲ...။”
*ဒီမီးခိုးတွေက ဘာလို့ ဒီလောက် ပြင်းရှနေရတာလဲ...။*
ဖုဝမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ လှိုဏ်ဂူတစ်ခုလုံးမှာ မီးခိုးများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများမှာလည်း ပူစပ်နေပြီဖြစ်ကြောင်း သတိထားမိလိုက်လေ၏။
အစောပိုင်းကပင် သူ စိတ်မသက်မသာ ဖြစ်နေခဲ့သော်လည်း တိုက်ခိုက်နေရသဖြင့် ဂရုမစိုက်မိခဲ့ဘဲ ယခုမှသာ သတိပြုမိခြင်းဖြစ်ပေသည်။
“စီနီယာအစ်ကို ဖုဝမ်...၊ ဘာတွေ ဖြစ်နေတာလဲ...။ မြူတွေက ဘာလို့ ဒီလောက် ထူထပ်နေရတာလဲ..။ ပြီးတော့ အရမ်းလည်း မွန်းကြပ်တာပဲ...၊ အဟွတ်... အဟွတ်...။”
ဖုဝမ်သည်လည်း အလွန်ပင် ခံရခက်နေသော်လည်း အားတင်းကာ ပြောလိုက်လေ၏။
“လှိုဏ်ဂူထဲက သစ်ပင်တွေကြောင့် ဖြစ်မှာပါ...၊ မြန်မြန် လုပ်ကြစမ်း...။”
လှိုဏ်ဂူထဲတွင် မှောင်အတိ ကျနေသဖြင့် မီးခိုးများမှာ အောက်ဘက် လမ်းကြောင်းမှ လာနေခြင်းဖြစ် ကြောင်း မည်သူမျှ မသိနိုင်ကြပေ။
“အဟွတ်...၊ အဟွတ်...။ စီနီယာအစ်ကို...၊ ကျွန်တော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး...၊ မြန်မြန် ပြန်ထွက်ကြရအောင်...။”
ခဏမျှ ထပ်မံ တိုက်ခိုက်ပြီးနောက် တစ်စုံတစ်ဦးက နောက်ဆုံးတွင် မခံနိုင်တော့ဘဲ အော်ဟစ်လိုက် တော့သည်။
အမှန်စင်စစ် သူ၏ တပည့်များသာမကဘဲ ဖုဝမ်ကိုယ်တိုင်ပင်လျှင် ဤဒဏ်ကို မကြံ့ကြံ့နိုင်တော့ချေ။
မီးခိုးများမှာ မွန်းကြပ်ရုံသာမက နံလည်းနံသလို မျက်လုံးများကိုလည်း အလွန်အမင်း ကျိန်းစပ်စေသည်။ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်...၊ မည်သည့်နေရာမှ သက်သောင့်သက်သာ မရှိတော့ပေ။
ထို့အပြင် သူတို့သည် မျက်လုံးများကို အတင်းဖွင့်ကာ မိစ္ဆာသားရဲများနှင့်လည်း တိုက်ခိုက်နေရသေးရာ ပြင်းထန်သော တိုက်ပွဲကြောင့် အသက်ရှူနှုန်းမှာလည်း ပိုမိုမြန်ဆန်လာခဲ့လေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့မှာ ကျင့်ကြံသူများ ဖြစ်ကြသဖြင့်သာ ဖြစ်လေ၏။ မဟုတ်ပါက မြေပြင်ပေါ်တွင် လဲကျကာ တက်သွားကြသည်မှာ ကြာနေလောက်ချေပြီ။
မိစ္ဆာသားရဲများသည်လည်း မီးခိုးဒဏ်ကို ခံနေရသော်လည်း သူတို့ ခံစားရလေလေ ပိုမိုရက်စက်လာ လေလေ ဖြစ်နေပြီး အသက်လုကာ တိုက်ခိုက်နေကြသကဲ့သို့ပင်။
တိုက်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့၏။
ထိုအခိုက်အတန့်တွင် လူတိုင်း ခံစားနေရသော မသက်မသာ ဖြစ်မှု ကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
မခူးရသေးသော ကျန်ရှိနေသည့် ဆေးပင်အနည်းငယ်ကို နှမြောတသစွာ ကြည့်ရင်း ဖုဝမ်သည် ဤနေရာ ၌ ဆက်လက် မနေနိုင်တော့ကြောင်း သိလိုက်ရလေ၏။
“သွားကြမယ်...။”
ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်လာခဲ့ရာ သူ၏ မျက်လုံးများမှာ မီးတောက်နေသကဲ့သို့ နီမြန်း ရောင်ကိုင်းနေပြီး မျက်ရည်များမှာလည်း တားမရဆီးမရ ကျဆင်းနေတော့သည်။
နှာရည်များမှာပင် သူ၏ ပါးစပ်ထဲသို့ စီးဝင်နေခဲ့လေသည်။
ကံကောင်းသည်မှာ သူတို့အဖွဲ့သည် တိုက်ခိုက်ရင်းနှင့် ဆေးပင်များကို စုဆောင်းထားခဲ့သဖြင့် ယခုအခါ စုစုပေါင်း ဆေးပင် (၂၀) နီးပါး ရရှိထားခြင်းပင်ဖြစ်လေသည်။
“အပြင်ရောက်တာနဲ့ အဲ့ဒီလူယုတ်မာနဲ့ စာရင်းရှင်းမယ်...။”
*အနက်ရောင်လေလှိုဏ်ဂူထဲမှာ ဘာလို့ ဒီလောက် မီးခိုးတွေ များနေရတာလဲ...။ ဘာလို့ ဒီလောက်အနံ့ ကပြင်းနေရတာလဲ...။ ဂိုဏ်းက ဒါကို ဘာလို့ မပြောပြခဲ့တာလဲ...။*
ဖုဝမ်သည် အတွေးများစွာဖြင့် လျှောက်လှမ်းနေခဲ့၏။
သူ၏ နောက်တွင်မူ သူ၏ တပည့်များနှင့် မိစ္ဆာသားရဲများ ရှိနေကြလေသည်။
မိစ္ဆာသားရဲများသည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိကြပြီး လေကောင်းလေသန့် ရရန် အတွက် အပြင်သို့ ပြေးထွက်ချင်နေကြ၏။
လမ်းကြောင်းမှာ အလွန်ကျဉ်းမြောင်းလှရာ မိစ္ဆာသားရဲများ ရှေ့တက်လာပါက ကျင့်ကြံသူများက လမ်းဖယ်ပေးရပေမည်။
သို့သော် ဖုဝမ်နှင့် အခြားသူများကမူ ထိုအချက်ကို မသိကြပေ။ မိစ္ဆာသားရဲများ ပြေးတက်လာသည်ကို မြင်သောအခါ သူတို့ကို သတ်ရန် လာသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် တားဆီးရန် ကြိုးစားကြ လေတော့သည်။
မိစ္ဆာသားရဲများကလည်း သူတို့၏ လမ်းကို ပိတ်ထားသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် တိုက်ခိုက်ကြ ပြန်လေသည်။
နှစ်ဖက်စလုံးမှာ အင်အားကုန်ခမ်းနေကြပြီး အသက်ရှူရန်ပင် အလွန်ခက်ခဲနေချေပြီ။
သူတို့၏ အဆင့်ဖြင့်ဆိုလျှင် အသက်ကို အကြာကြီး အောင့်မထားနိုင်ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် အသက် ပြင်းပြင်းတစ်ချက်ရှူကာ လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် အသက်အောင့်ထားနိုင်သော်လည်း ယခုမှာမူ အသက်လုကာ တိုက်ခိုက်နေရခြင်း ဖြစ်ပေသည်။
ယခုအခါ သူတို့၏ မျက်လုံးများမှာ ဝေဝါးနေပြီး ခေါင်းများလည်း မူးဝေနေကာ ဗီဇစိတ်ဖြင့်သာ ရှေ့သို့ တိုးနေကြတော့သည်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ မည်သည့်နေရာမှ သက်သောင့်သက်သာ မရှိတော့ပေ။
“ရောက်တော့မယ်...။”
ဖုဝမ်သည် လမ်းကြောင်းများတစ်လျှောက် ဦးဆောင်လာခဲ့ရာ ခံရခက်နေသော်လည်း လှိုဏ်ဂူအဝင်ဝနှင့် နီးကပ်လာသည်ကို သိရသဖြင့် စိတ်ထဲ၌ အနည်းငယ် ဝမ်းသာနေမိတော့သည်။