ဖုဝမ်က ဒေါသထွက်လွန်းလို့ ငိုချင်နေပြီ
Vol. 6 Ch. 57
မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်များသည် ခပ်လှမ်းလှမ်းမှ လိုက်ပါလာကြသော်လည်း အနီရောင် နေမင်းဂိုဏ်းမှ တပည့်များကမူ သတိထားမိခြင်းမရှိကြချေ။
အနီရောင်နေမင်းဂိုဏ်းမှ လူများမှာ ယခုအခါ မျက်စိကန်းနေသူများနှင့်ပင် တူနေတော့၏။ ခပ်လှမ်း လှမ်းတွင် ရှိနေသော အရာများကို သူတို့ မည်သို့ မြင်နိုင်ပါမည်နည်း။
ထိုသူများမှာ အခြားအရာများကို အာရုံစိုက်ရန် စိတ်မပါတော့ဘဲ ကိုယ်လက်သန့်စင်ရန်သာ အလုပ်ရှုပ် နေခဲ့ကြလေသည်။
ဝမ်စီယီသည် အတွင်းခံဘောင်းဘီများဖြင့်သာ ရှိနေသော ခပ်လှမ်းလှမ်းမှ အနီရောင်နေမင်းဂိုဏ်း တပည့်များကို ကြည့်ကာ ပါးပြင်လေးများ နီမြန်းသွားခဲ့၏။
သူမက ပြောလိုက်သည်။
“ကြည့်စရာ မရှိတော့ဘူး...၊ သွားကြရအောင်...။”
ယွမ်လီကမူ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလျက် ပြောလိုက်လေ၏။
“မဖြစ်သေးဘူး...၊ အဲ့ဒီလူယုတ်မာရဲ့ အကြောင်းကို ကျွန်တော် သိသလောက်ဆိုရင် သူက ဒီလောက်နဲ့ အလွယ်တကူ လွှတ်ပေးမယ့်သူ မဟုတ်ဘူး...။”
ဝမ်စီယီက သူ့ကို အံ့အားသင့်စွာ ကြည့်ရင်း တွေးနေမိသည်။
“မင်း ဘာတွေများ ကြုံတွေ့ခဲ့ရလို့ သူ့အကြောင်းကို ဒီလောက်တောင် သိနေရတာလဲ...။”
ခဏမျှတော့ သူမသည် သူမ၏ ဂျူနီယာမောင်လေးအတွက် သနားစိတ်ဝင်သွားမိ၏။
*သနားစရာကောင်းတဲ့ ဂျူနီယာမောင်လေးပါလား….။*
အနီရောင်နေမင်းဂိုဏ်းမှ လူများက သူ့နောက်သို့ လိုက်မလာတော့သည်ကို မြင်သောအခါ ထျန်ဖုန်းသည် လည်း ရပ်လိုက်ပြီးနောက် တိတ်ဆိတ်စွာပင် ပြန်လှည့်လာခဲ့လေသည်။
သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ ဒေါသထွက်သွားခဲ့လေ၏။
“တောက်...၊ ဒီ အနီရောင်နေမင်းဂိုဏ်းက ကောင်တွေကွာ...။”
“ငါက မင်းတို့အတွက် ဒီလောက် အားဖြည့်ပေးမယ့် ရေချိုးကန်ကြီးကို ပင်ပင်ပန်းပန်း ပြင်ဆင်ပေးထား တာကို မင်းတို့က အသိအမှတ် မပြုကြဘူးပေါ့လေ...။”
“ယောကျ်ားတစ်စုက နေ့ခင်းကြောင်တောင်ကြီး ရေချိုးနေကြတယ်ပေါ့လေ...။”
“မင်းတို့မှာ အရှက်ရော ရှိကြသေးရဲ့လား...။”
ဖုဝမ်နှင့် အခြားသူများသည် သူတို့၏ အဝတ်အစားများကို ဘေးသို့ ပစ်ထားခဲ့ပြီး ရေထဲသို့ ဆင်းကာ ဆေးကြောနေခဲ့ကြလေ၏။
လူအများအပြားမှာ ရေအချို့ကို မြိုချမိသွားကြပြီးနောက် ပျို့အန်ကာ အော့အန်နေကြတော့သည်။
မြစ်ရေမှာ အမည်းရောင်များ ဖြစ်သွားခဲ့ချေပြီ။
မကြာမီမှာပင် မြစ်ရေမှာလည်း မခံမရပ်နိုင်လောက်အောင် နံစော်လာတော့သည်။
“တောက်...၊ အဲ့ဒီ အမှတ် (၁၀၀) ကောင်ကို ငါ သေချာပေါက် တန်ကြေးတစ်ခု ပြန်ပေးဆပ်စေရမယ်...။”
ရေစင်စင် ဆေးကြောပြီးနောက် ဖုဝမ်မှာ အနည်းငယ် သက်သာသွားခဲ့ပြီး သူ၏ နောက်ဆုံး စကားလုံး ကို ထပ်မံ ရေရွတ်လိုက်ပြန်လေသည်။
“ဟုတ်တယ်... သူ တန်ကြေးတစ်ခု ပြန်ပေးဆပ်ရမယ်...။”
“ယုတ်မာတဲ့ လူယုတ်မာကောင်...။”
“ကမ္ဘာပေါ်မှာ ဒီလောက် ကိုယ်ကျင့်တရားမဲ့တဲ့ လူမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ…။”
“ဘုရားသခင်...၊ သူ့ကို သတ်ပေးပါတော့...။”
ဖုဝမ်၏ နာကျင်မှုများကို သူ၏ တပည့်များကလည်း ထပ်တူ ခံစားနေကြရ၏။ ၎င်းမှာ တကယ့်ကို သနား စဖွယ်ကောင်းလှသော မြင်ကွင်းတစ်ခုပင် ဖြစ်ချေသည်။
“ဘယ်သူလဲ...။”
“သတိထားကြ...။”
ရုတ်တရက် တပည့်အချို့၏ အော်ဟစ်သံကြောင့် အားလုံး နိုးကြားသွားကြလေသည်။
မည်သို့ပင်ဖြစ်စေ ထျန်ဖုန်းသည် အရှိန်အဝါဖုံးကွယ်ခြင်းနှင့် ကိုယ်ဖျောက်နည်းစနစ်ကို အသုံးပြုကာ တိတ်ဆိတ်စွာ ချဉ်းကပ်ရန် ကြိုးစားခဲ့သော်လည်း အနံ့အသက်များကြောင့် သိသွားခဲ့ရသဖြင့် သူသည် ဆက်လက် ပုန်းကွယ်မနေတော့ပေ။
သူ ပေါ်လာသည်နှင့် တပြိုင်နက် အနီရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူများထံသို့ လေဓားသွားများကို ကျပန်း ပစ်လွှတ်လိုက်လေတော့သည်။
သူက အော်ပြောလိုက်လေ၏။
“မင်းတို့အားလုံးကို ငါ သတ်မယ်...။ မင်းတို့ရဲ့ ခွေးအသက်တွေကို ငါ ယူမယ်...။”
“သတိထား...။”
ဖုဝမ်နှင့် အခြားသူများသည် ခုခံရန်အတွက် မှော်အတတ်များကို အမြန်ဆုံး အသုံးပြုလိုက်ကြလေသည်။
“ဒိုင်း... ဒိုင်း... ဒိုင်း... ”
မှော်အတတ်အချို့မှာ လေထဲတွင် ပေါက်ကွဲသွားခဲ့ပြီး အနီရောင်နေမင်းဂိုဏ်းမှ လူများ သက်ပြင်းမချနိုင် သေးခင်မှာပင်...၊
ထျန်ဖုန်းသည် သူတို့၏ အဝတ်အစားများဆီသို့ မီးတောက်အချို့ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်လေသည်။
“ဒုက္ခပဲ...၊ ငါတော့ ဒုက္ခရောက်ပြန်ပြီ...။”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။”
“အို... ငါတို့ အဝတ်အစားတွေ...။”
“သူက လေမှော်အတတ်မှာပဲ ကျွမ်းကျင်တာ မဟုတ်ဘူးလား...။”
အမှန်စင်စစ် သူတို့၏ စိတ်ထဲတွင် ထျန်ဖုန်းသည် လျှို့ဝှက်နယ်မြေ အဝင်ဝတွင် ဖြစ်စေ၊ သူတို့နောက်သို့ လိုက်နေချိန်တွင် ဖြစ်စေ လေဒြပ်စင်၏ လက္ခဏာများနှင့် ပိုမိုကိုက်ညီနေခဲ့သည်ပင်။
မထင်မှတ်ဘဲ မီးဒြပ်စင် တိုက်ခိုက်မှုများကလည်း ထိရောက်နေသည်ပင်မဟုတ်ပါလား...။
*မင်းက လေနဲ့ မီးဒြပ်စင် နှစ်မျိုးလုံးကို တန်းတူ ကျွမ်းကျင်နေရင်တောင် ဒီလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား…။*
*လေဓားသွားတွေ ပစ်ပြီးတာနဲ့ ချက်ချင်း မီးတောက်တွေကို ပြောင်းနိုင်တယ်ပေါ့...။*
*ဒီလူမှာ ဘယ်လိုမျိုး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေတာလဲ...။*
အဖြေမရှိပေ။
အဝတ်အစားများမှာ သူတို့၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများ၏ရှေ့တွင်ပင် ပြင်းထန်စွာ လောင်ကျွမ်းသွားလေတော့သည်။
အဝတ်အစား တစ်ထည်က ဤမျှလောက် အရေးကြီးလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူတို့၏ သိုလှောင်အိတ်များမှာ ခိုးယူခံလိုက်ရပြီး ကျန်ရှိနေသော တစ်ခုတည်းသော အဝတ်အစားများ မှာလည်း ဖျက်ဆီးခံလိုက်ရချေပြီ။ သူတို့ ဘာဝတ်ကြရပါတော့မည်နည်း။
“သူ့ကို သတ်ကြစမ်း...၊ ဒါကတော့ တကယ်ကို လွန်လွန်းတယ်...။”
ဖုဝမ်၏ အသံမှာ ရှိုက်ကြီးတငင် ဖြစ်နေ၏။ သူ တကယ်ကို စိတ်ပျက်အားငယ်နေရချေပြီ။
“သတ်ကြ...။”
“သတ်...။”
အနီရောင်နေမင်းဂိုဏ်းမှ လူများ၏ အော်ဟစ်သံများကြားတွင် နာကျည်းမှုများ စိမ့်ဝင်နေလေသည်။ သူတို့တစ်သက်မှာ ဤမျှလောက်ကြီးမားသော အရှက်ရမှုမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။
ထျန်ဖုန်းသည် လှည့်ထွက်ကာ ထိတ်လန့်တကြားနှင့် ပြေးလွှားနေ၏။ သူသည် မည်သည့်ဘက်သို့ သွားရမည်ကိုပင် မသိတော့ပေ။
အတွင်းခံဘောင်းဘီတွေနဲ့ ယောကျ်ားတစ်စုက မင်းနောက်ကို လိုက်နေရင် မင်းရော မကြောက်ဘူးလား။
“ဒါက တကယ်ကို မျက်စိပွင့်သွားတာပဲ...။ ဒါက တကယ့်ကို အံ့ဩစရာပဲ...။”
နောက်ကနေ စောင့်ကြည့်နေသော ယွမ်လီကတော့ အပျော်လွန်ပြီး ခုန်တောင် ခုန်နေမိတော့သည်။
*ထျန်ဆန်းဖုန်းဟာ အဲ့ဒီတုန်းက အစွမ်းကုန် မထုတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ထင်နေတာ၊ အခုတော့ သဘောပေါက်သွားပြီ။ ပြီးတော့ ဒီညီအစ်ကိုတွေက ငယ်လေလေ ပိုပြီး အစွမ်းထက်ရုံတင်မကဘဲ ပိုပြီးလည်း ယုတ်မာလာကြတာပဲ…။*
ကမ္ဘာသစ်တစ်ခုကို မျက်စိပွင့်သွားသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ အနားတွင် ရှိနေသော မြစိမ်းတောင်တန်းဂိုဏ်းမှ လူအားလုံးမှာလည်း ဤမြင်ကွင်းကို တွေ့မြင်ခဲ့ရသည်ပင်။
“ဒါကတော့ တကယ်ကို...။”
“ဒါက တကယ်ကို လွန်လွန်းတယ်...။”
“အပုပ်နံ့တွေနဲ့ ငရုတ်သီး မီးခိုးတွေ...။”
နှစ်ရက်၊ သုံးရက်အတွင်းမှာတင် သူတို့ရဲ့ စံနှုန်းတွေဟာ အကြိမ်ကြိမ် စိန်ခေါ်ခံလိုက်ရချေပြီ။
ဒီလူကိုတော့ လုံးဝ သွားပြီး ရန်မစသင့်ဘူး။
ဒါကတော့ သူတို့အားလုံး သဘောတူညီချက် ရရှိထားသော အချက်ပင် ဖြစ်လေသည်။
“သွားကြမယ်...၊ သူတို့နောက်ကို လိုက်ကြရအောင်...။”
ယွမ်လီ၏ ခေါ်သံကြောင့် မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်များသည် ဘာမှမပြောဘဲ ချက်ချင်းပင် လိုက်ပါသွားခဲ့ကြ၏။
ဝမ်စီယီပင်လျှင် ဘာမှ ထပ်မပြောတော့ပေ။
လူတစ်စုမှာ မသင့်လျော်သော အပြုံးများကို ဝတ်ဆင်ထားကြပြီး အလွန်အမင်းပင် ရမ္မက်ကြီးနေသော ပုံစံမျိုး ပေါက်နေတော့သည်။
ထိုအခိုက်အတန့်တွင် သူတစ်ပါး၏ ဒုက္ခပေါ်တွင် မိမိ၏ ပျော်ရွှင်မှုကို တည်ဆောက်ရခြင်းမှာ အလွန်ပင် အရသာရှိကြောင်း သူတို့ သိရှိသွားခဲ့ကြလေသည်။
အထူးသဖြင့် ဒုက္ခရောက်နေသူများမှာ သူတို့အပေါ် ရန်ငြိုးရှိနေသူများ ဖြစ်နေသောအခါတွင်ပေါ့။
ထျန်ဖုန်းသည် ရှေ့မှ ဦးဆောင်ပြေးနေပြီး သူ၏နောက်တွင်မူ အတွင်းခံဘောင်းဘီများသာ ဝတ်ဆင် ထားသော အနီရောင်နေမင်းဂိုဏ်းမှ အမျိုးသားတစ်စု ရှိနေကာ ၎င်းတို့၏ နောက်တွင်မူ မြစိမ်းတောင် တန်းဂိုဏ်းမှ လူတစ်စုက လိုက်ပါလာကြလေသည်။
တကယ့်ကို ခမ်းနားကြီးကျယ်လှသော စီတန်းလှည့်လည်မှုကြီးပင်မဟုတ်ပါလား။
လမ်းတစ်လျှောက်တွင် လေလွင့်ကျင့်ကြံသူများ ဖြစ်စေ၊ ဂိုဏ်းတပည့်များ ဖြစ်စေ၊ အခြားသော ကျင့်ကြံသူများမှာ ၎င်းတို့ကို ရံဖန်ရံခါ စောင့်ကြည့်နေကြလေ၏။
“ဘာ...၊ ဘာတွေ ဖြစ်နေတာလဲ...။”
“ဟိုမှာ...၊ အဲ့ဒါ အနီရောင်နေမင်းဂိုဏ်းက လူတွေ မဟုတ်ဘူးလား...။”
အဝတ်အစားများ မပါသော်လည်း တစ်စုံတစ်ဦးက ချက်ချင်းပင် မှတ်မိသွားလေသည်။
“အို...၊ ကောင်းကင်ဘုံကူပါဦး...၊ ဒီလူတွေမှာ အရှက်မရှိကြတော့ဘူးလား...။”
အမျိုးသမီးကျင့်ကြံသူတစ်ဦးက အရှက်သည်းစွာဖြင့် သူမ၏ မျက်လုံးများကို ကွယ်ထားသော်လည်း သူမ၏ လက်ချောင်းများမှာမူ ဟနေလေသည်။
အနီရောင်နေမင်းဂိုဏ်းမှ လူများမှာ အလွန်အမင်း အရှက်ရနေကြသော်လည်း သူတို့တွင် ရွေးချယ်စရာ မရှိပေ။ သူတို့တွင် ဝတ်စရာ အဝတ်အစား မရှိတော့သဖြင့် လိုက်ဖမ်းနေကြရခြင်း ဖြစ်လေသည်။
လက်စားချေရန်အတွက် လိုက်ဖမ်းခြင်း ဖြစ်စေ၊ သိုလှောင်အိတ်ကို ပြန်လုယူကာ အထဲရှိ အဝတ်အစား များကို လဲဝတ်ရန် ဖြစ်စေပေါ့။
“အမှတ် (၁၀၀)...။”
“တောက်...၊ အမှတ် (၁၀၀)...။”
“အရှက်မရှိတဲ့ အမှတ် (၁၀၀)...။”
“ယုတ်မာတဲ့ အမှတ် (၁၀၀)...။”
ထျန်ဖုန်းသည် ရှေ့မှ လျှောက်လှမ်းရင်း သူ၏ နောက်ဘက်မှ အော်ဟစ်သံများကို နားထောင်နေခဲ့ပါ သော်လည်း ခဏမျှတော့ ၎င်းတို့၏ အဓိပ္ပာယ်ကို သူ နားမလည်နိုင် ဖြစ်နေခဲ့လေ၏။
*အမှတ် (၁၀၀) လား...။*
*သူတို့က ငါ့ရဲ့ စွမ်းရည်တွေကို ချီးကျူးနေကြတာလား...။*
သူသည် အသိအမှတ်ပြုခံရခြင်းအတွက် ဝမ်းသာသွားပြီး သူ၏ မျက်နှာထက်တွင် အလိုအလျောက်ပင် အပြုံးတစ်ခု ပေါ်လာတော့သည်။
“အားလုံးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်...။ ငါ့နာမည်က ထျန်ဖုန်းပါ...၊ ငါ သေချာပေါက် ဆက်ပြီး ကြိုးစားသွားပါ့မယ်...။”
ထိုအသံမှာ ဖုဝမ်နှင့် အခြားသူများ၏ နားထဲသို့ ရောက်သွားသောအခါ သူတို့မှာ ခဏမျှတော့ ဆွံ့အသွား ခဲ့ကြလေ၏။
*ငါတို့က မင်းကို ချီးကျူးနေတာလို့ ထင်နေတာလား...။*
*ဒါနဲ့ မင်းနာမည်က အမှတ် (၁၀၀) မဟုတ်ဘဲ ထျန်ဖုန်းပေါ့လေ...။ ဒါဆို အဲ့ဒီ အမှတ် (၁၀၀) ဆိုတာက ဘာလဲ...။*
*ပြီးတော့ ငါတို့က မင်းကို ဆက်ကြိုးစားဖို့ ပြောနေမိလို့လား...။*
အကယ်၍ မျက်လုံးချင်း ဆုံရုံ့ဖြင့် အချက်အလက်များ ပေးပို့နိုင်မည်ဆိုပါလျင် ထျန်ဖုန်းသည် အခုဆို ကိုယ်ဝန်တောင် ရှိနေလောက်ပြီဖြစ်၏။
“ထျန်ဖုန်း..၊. မင်း တကယ့်ကို ယုတ်မာတဲ့ လူယုတ်မာပဲ...။”
“ငါ့အဝတ်အစားတွေ ပြန်ပေးစမ်း...။”
“ငါ ဝိညာဉ်ဆေးပင်တွေကို မလိုချင်တော့ဘူး...။ ငါ့အဝတ်အစားတွေပဲ ပြန်ပေးစမ်းပါ...။”
“တောင်းပန်ပါတယ်...၊ ငါ့အဝတ်အစားတွေ ပြန်ပေးပါ...။”
တဖြည်းဖြည်းနှင့် လူအချို့မှာ အော်ဟစ်ခြင်းကို ရပ်လိုက်ကြပြီး တောင်းပန်တိုးလျှိုးလာကြလေတော့ သည်။
ဤမျှလောက် အကြာကြီး လိုက်လံဖမ်းဆီးနေခဲ့ရသဖြင့် လူအများအပြား၏ စောင့်ကြည့်ခြင်းကို ခံနေရချေပြီ။
*ငါတို့ရဲ့ မျက်နှာတွေတော့ လုံးဝ ပျက်စီးကုန်ပြီ…။*
အစောပိုင်းက နှိပ်စက်မှုများကြောင့် အားလုံး၏ စိတ်ဓာတ်မှာ အဆုံးစွန်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
“ဝုန်း…။”
ဖုဝမ်သည် ခြေချော်သွားကာ သစ်မြစ်တစ်ခုကို တိုက်မိပြီး မြေပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွား လေတော့သည်။ သူသည် အကြိမ်ရေအနည်းငယ် လိမ့်သွားသော်လည်း ပြန်မထနိုင်တော့ဘဲ မြေပြင်ပေါ် ၌သာ ဝပ်နေလေတော့သည်။
“စီနီယာအစ်ကို ဖုဝမ်...၊ ဘာဖြစ်သွားသေးလဲ...။”
တပည့်အချို့မှာ ဖုဝမ် လဲကျသွားသည်ကို မြင်သောအခါ အပြေးအလွှား ရောက်လာပြီး ဘာဖြစ်သွား သလဲဟု မေးကြလေသည်။
ချက်ချင်းပင် အတွင်းခံဘောင်းဘီများသာ ဝတ်ထားသော အမျိုးသားတစ်စုမှာ သူ့ကို ဝိုင်းလိုက်ကြ၏။
ဖုဝမ်က ဘာမှ ပြန်မဖြေပေ။
“ဝါး... ဟီး...။”
လေထုထဲတွင် တိုးညင်းသော ရှိုက်သံတစ်ခုသာ ထွက်ပေါ်နေတော့လေသည်။
“ဒါက...”
*ဖုဝမ်က တကယ်ပဲ ငိုနေတာလား...။*
*မဆန်းပါဘူးလေ….။*
သူသည် ရတနာတိုက်မှာ အဆဲခံခဲ့ရသည်၊ လျှို့ဝှက်နယ်မြေ အဝင်ဝမှာ အနင်းခံခဲ့ရသည်၊ အညစ် အကြေးများနဲ့ အပက်ခံခဲ့ရသလို ပါးစပ်ထဲကိုပါ ထည့်တာ ခံခဲ့ရသည်။ နောက်ဆုံးမှာတော့ သူသည် အထက်သို့ပင် ခုန်မတက်နိုင်ခဲ့ပေ။
လျှို့ဝှက်နယ်မြေထဲ ရောက်လျင် လက်စားချေနိုင်မယ်ဟု သူ ထင်ထားခဲ့သော်လည်း အနက်ရောင်လေ လှိုဏ်ဂူကို ရဖို့အတွက် အဓိကဆေးပင် (၅) ပင်တောင် ပေးခဲ့ရသေးသည်။
သူ အထဲကို စဝင်တုန်းကတော့ အတော်လေး ပျော်နေခဲ့သော်လည်း ဝိညာဉ်ဆေးပင်အချို့ကို ပင်ပင် ပန်းပန်း စုဆောင်းပြီးချိန်မှာတော့ ထျန်ဖုန်း၏ လှည့်ကွက်ထဲကို ကျရောက်သွားပြန်သည်။
မီးခိုးဒဏ်က ခံရခက်လှသည်၊ မျက်လုံးများကို ကျိန်းစပ်စေသလို အလွန်လည်း ပြင်းရှလှပေသည်။
အပြင်ကို ပြန်ထွက်လျင် သက်သာမယ်ဟု သူ ထင်ထားခဲ့သော်လည်း အညစ်အကြေးကျင်းထဲကို ပြုတ် ကျသွားခဲ့ပြန်သည်၊ ခေါင်းကိုအနင်းခံခဲ့ရသလို သူကိုယ်တိုင်လည်း အများကြီး မြိုချမိခဲ့သေးသည်။
ဒါတင်မကသေးချေ… သူတို့ အပြင်ကို ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့ ပင်ပင်ပန်းပန်း စုဆောင်း ထားသော ဝိညာဉ်ဆေးပင်များကိုလည်း အခိုးခံလိုက်ရပြန်သည်။
ထိုမျှနှင့်လည်း မပြီးသေးချေ...။ သူတို့ မမီနိုင်တဲ့အကြားမှာ ရေချိုးဖို့ မြစ်တစ်စင်းကို ရှာတွေ့ခဲ့ပါသော် လည်း သူတို့၏ အဝတ်အစားများပါ မီးရှို့ခံလိုက်ရပြန်လေသည်။
နောက်ဆုံးမှာတော့ သူတို့က လိုက်ဖမ်းခဲ့သော်လည်း မမီသည့်အပြင် လူအများကြီး၏ ဝိုင်းကြည့်ခြင်း ကိုလည်း ခံနေရပြန်ပြီဖြစ်၏။
ချမ်းသာကြွယ်ဝပြီး ဘဝတစ်လျှောက်လုံး အလိုလိုက်ခံလာရတဲ့ သူ့အတွက်တော့ ဤကဲ့သို့သော ဒုက္ခ ဆင်းရဲခြင်းမျိုးကို တစ်ခါမှ ကြုံဖူးချင်းမှရှိချေ။
သာမန်လူတစ်ယောက်ပင် လျှို့ဝှက်နယ်မြေ အဝင်ဝမှာ ဤကဲ့သို့ ပြုမူခြင်း ခံရလျင် ငိုချင်စိတ် ပေါက်မိ မည်မှာ အမှန်ပါပင်။
ထိုအရာအားလုံးကတော့ ထျန်ဖုန်း၏ ကိုယ်ကျင့်တရားမဲ့မှုများကြောင့်ပါပင်။