ယောကျ်ားများ ဆွံ့အပြီး မိန်းမများ မျက်ရည်ကျရသည့် အခြေအနေ
Vol. 6 Ch. 58
ရှေ့မှ ပြေးနေသောသူသည် နောက်မှလူများ လိုက်မလာသည်ကို မြင်သောအခါ အမြန်ပင် ပြန်လှည့် လာခဲ့လေ၏။
အတွင်းခံဘောင်းဘီသာ ဝတ်ထားသော အမျိုးသား ရှစ်ဦးမှာ တစ်စုတစ်ဝေးတည်း ရှိနေကြပြီး တစ်ဦး မှာ မြေပြင်ပေါ်၌ မှောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။
ဤအကြောင်းစုံကို မသိသောသူများသာ မြင်လိုက်ပါက နေ့ခင်းကြောင်တောင်ကြီး ဤလူတစ်စုမှာ ဘာတွေများ လုပ်နေကြသလဲဟု တွေးတောကာ အခြေအနေမှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းသော အချို့သူများမှာမူ မျက်ရည်များပင် ဝေ့တက်လာကြလေ၏...။
ဖုဝမ်၏ ဤကဲ့သို့သော အခြေအနေကို ကြည့်ပြီး ၎င်းတို့ပါ လိုက်၍ မျက်ရည်ကျနေကြခြင်း ဖြစ်ပေ သည်။
ရယ်မောခြင်းသည် ကူးစက်တတ်သည်ဟု ဆိုကြသော်လည်း ငိုကြွေးခြင်းသည်လည်း ထို့အတူပင် ဖြစ်ပေသည်။
နာကျင်ခံစားနေရသော လူတစ်စုသည် ဘေးပတ်ဝန်းကျင်မှ ရှိုက်သံများကို ကြားရသောအခါ သူတို့၏ မျက်ရည်များကို မထိန်းနိုင်ကြတော့ချေ။
ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားမိသောအခါ ရှစ်ယောက်လုံးမှာ အားရပါးရ အော်ဟစ် ငိုကြွေးကြလေတော့သည်။
“ဝါး... ဟီး...”
“ယုတ်မာတဲ့ ထျန်ဖုန်း...။ ဝါး...။”
“ဝါး... ကမ္ဘာပေါ်မှာ ဒီလို လူစားမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ...။”
“ဟစ်...။”
“အေ့...ဂေ့...။”
အစာမကြေဖြစ်နေ၍လား၊ ဒါမှမဟုတ် ဘာကြောင့်လဲတော့ မသိပေ၊ တစ်စုံတစ်ဦးမှာ လေတက်နေပြီး သူ၏ လေသံကို ကြည့်ရသည်မှာ အလွန်အမင်း ဝလင်နေသော လေတက်သံမျိုး ပေါက်နေတော့သည်။
“ဒါက...၊ ဒါက တကယ်ကို သနားစရာကောင်းလိုက်တာ...။”
“ဘာတွေ ဖြစ်ကုန်တာလဲ...။”
“ဘယ်လို ကျိန်စာသင့်တဲ့ ဖြစ်ရပ်မျိုး ကြုံခဲ့ရတာလဲ...။ အနီရောင်နေမင်းဂိုဏ်းက တခြားလူတွေအားလုံး သေကုန်ကြပြီလား...။”
စောင့်ကြည့်နေသူများသည် အချင်းချင်း တီးတိုး ဆွေးနွေးနေကြပြီး လုံးဝ ဇဝေဇဝါ ဖြစ်နေကြ၏။
ထျန်ဖုန်းသည် မည်သူမျှ သူ့နောက်သို့ လိုက်မလာတော့သည်ကို မြင်သောအခါ ရပ်လိုက်ပြီး ပြန်လှည့် ကြည့်လိုက်ရာ အံ့အားသင့်မှုကြောင့် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။
“ဒါ ဘာတွေလဲ...။”
“သူတို့ ဘာလို့ ငိုနေကြတာလဲ...။”
“တစ်ယောက်ယောက်က သူတို့ကို နှိပ်စက်လိုက်တာလား...။ သူတို့ အခြေအနေက တကယ်ကို ဆိုးလှ ချေလား...။”
ထျန်ဖုန်းသည် အံ့အားသင့်နေပြီး လုံးဝ နားမလည်နိုင် ဖြစ်နေလေသည်။
[ပိုင်ရှင်မှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်လေး နည်းနည်းလောက်တောင် မရှိဘူးလား...။]
စနစ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေ၏။
“ဘာကို ဆိုလိုတာလဲ...၊ ရှင်းရှင်းပြောစမ်းပါ...။”
[ပိုင်ရှင်ကလွဲရင် ဘယ်သူက ဒီလို ယုတ်မာတဲ့ အလုပ်မျိုးကို လုပ်ဦးမှာလဲ...။]
“မ... မဟုတ်လောက်ပါဘူး...။ ဒါက တကယ်ပဲ ငါ့လက်ချက်ကြောင့်လား...။”
စနစ်က ဘာမှ ပြန်မပြောတော့ပေ။
“ငါ နည်းနည်းများ လွန်သွားသလား...။”
ထျန်ဖုန်းသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်နေမိ၏။
“ကြည့်ရတာတော့ အဲ့ဒါ အမှန်ပဲ ဖြစ်ရမယ်...။”
သူသည် အနည်းငယ် အားနာသွားသဖြင့် ညစ်ပတ်ပေကျံနေသော သိုလှောင်အိတ် ရှစ်အိတ်ကို ထုတ် ယူလိုက်လေသည်။
ခဏအကြာတွင် သူ ဘာလုပ်လိုက်သည်ကို မည်သူမျှ မသိလိုက်သော်လည်း သူသည် ထိုအိတ် ရှစ်အိတ် ကို ပြန်လည် ကောက်ယူလိုက်ပြန်လေသည်။
သူသည် လေးနက်သော မျက်နှာထားဖြင့် အနီရောင်နေမင်းဂိုဏ်း တပည့်များရှိရာသို့ လျှောက်သွားခဲ့၏။
ထျန်ဖုန်း အနားသို့ ချဉ်းကပ်လာသောအခါ အနီရောင်နေမင်းဂိုဏ်းမှ လူများမှာ သူ့ကို တစ်ချက် လှမ်း ကြည့်လိုက်သော်လည်း ဂရုမစိုက်ကြဘဲ ဆက်လက် ရှိုက်ငိုကာ မျက်ရည်များကိုသာ သုတ်နေကြလေ တော့သည်။
“အို...၊ ဒါ ဘာမှ မဟုတ်ပါဘူး...။”
ထျန်ဖုန်းသည် သိုလှောင်အိတ် ရှစ်အိတ်ကို ပစ်ပေးလိုက်ရင်း ပြောလိုက်၏။
“မငိုကြနဲ့တော့...။”
ရှိုက်သံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး သူတို့၏ မျက်နှာထက်တွင် အပြုံးများ ပေါ်လာတော့ သည်။ ထိုလူတစ်စုမှာ သိုလှောင်အိတ်များကို အလုအယက် ကောက်ယူလိုက်ကြလေ၏။
“ကောင်းလိုက်တာ...၊ ငါတို့ရဲ့ သိုလှောင်အိတ်တွေ ပြန်ရပြီ...။”
“တကယ်ပဲ ကောင်းလိုက်တာ...၊ ငါ့ရဲ့ အဝတ်အစားတွေနဲ့ ဝိညာဉ်ဆေးပင်တွေ ပြန်ရပြီ...။”
သူတို့သည် စကားပြောရင်း သိုလှောင်အိတ်များကို ခွဲဝေလိုက်ကြလေသည်။
“စီနီယာအစ်ကို ဖုဝမ်...၊ သိုလှောင်အိတ် ပြန်ရပါပြီ...။”
ဤအခိုက်အတန့်တွင် သူတို့သည် ထျန်ဖုန်းမှာ ဤမျှလောက်ထိ မုန်းတီးဖွယ် မကောင်းလှကြောင်းနှင့် သူ့တွင် လူသားဆန်သော အသိစိတ် အနည်းငယ် ကျန်ရှိနေသေးကြောင်း ခံစားလိုက်ရလေ၏။
“တကယ်...၊ တကယ်လား...။”
ဖုဝမ်သည် မျက်ရည်များ ဝေ့သီနေသော နီမြန်းသည့် မျက်လုံးများဖြင့် အံ့အားသင့်စွာ မော့ကြည့်လိုက် လေသည်။
အကယ်၍ အဝတ်အစားများနှင့် ဝိညာဉ်ဆေးပင်များသာ ပြန်ရခဲ့ပါက သူ၏ နာကျည်းမှုများမှာ အနည်း ငယ်တော့ သက်သာသွားနိုင်ပေသည်။
ထျန်ဖုန်းသည် ဤရင်နင့်ဖွယ် မြင်ကွင်းကို ကြည့်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားလေတော့သည်။
သို့သော်လည်း ခဏအကြာတွင် သူ၏ နောက်ဘက်မှ အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“ထျန်ဖုန်း... မင်းက တကယ့် မိန်းမယုတ်ကမွေးတဲ့ကောင်...။”
“အော့... ဝေါ့...၊ အရှက်မရှိတဲ့ကောင်...။”
“ယုတ်မာတဲ့ လူယုတ်မာ...။”
“ယုတ်ညံ့ပြီး အရှက်မရှိတဲ့ လူယုတ်မာကောင်...။”
သူတို့သည် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဝိညာဉ်ဆေးပင်များ မရှိတော့သည် ကို တွေ့လိုက်ရသဖြင့် စိတ်ပျက်အားလျော့သွားကြချေပြီ။
အထဲတွင် အဝတ်အစား တစ်စုံစီ ပါလာသော်လည်း ၎င်းက ယခု လက်ရှိ အခြေအနေကို အနည်းငယ် တော့ သက်သာစေနိုင်ပေသည်။
သို့သော်လည်း ဤအဝတ်အစားများမှာ...
သူတို့သည် တစ်ယောက်ကို တစ်ယောက် အတွင်းခံဘောင်းဘီဖြင့် အကြည့်ခံနေရသည်ကို မခံနိုင်တော့ သဖြင့် အဝတ်အစားများကို အမြန်ဆုံး ဝတ်လိုက်လေ၏။
အရာအားလုံးက အဆင်ပြေနေပါသော်လည်း….၊
“ရင်ဘတ်နေရာမှ အပိုင်းနှစ်ပိုင်းကို ဘာလို့ ဖြတ်ထားရတာလဲ...ငါ့ရဲ့ နို့သီးခေါင်းတွေကိုတောင် အားလုံး မြင်နေရပြီ မဟုတ်လား…။”
ဝတ်ရမလား၊ မဝတ်ရဘူးလား...။ ဒါကတော့ သူတို့ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲကြီးပင် ဖြစ်သည်။
ဖေးရှီးဂိုဏ်းမှ လင်းကျင့်သည်လည်း စောင့်ကြည့်နေသူများထဲတွင် ပါဝင်နေ၏။ သူမသည် ဆူညံသံများ ကို ကြားရသောကြောင့် ရောက်လာခြင်းဖြစ်ရာ ဖြစ်စဉ်အစအဆုံးကိုမူ သူမ မသိရှိပေ။
သူမသည် ဝမ်စီယီ၏ ဘေးနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တိုးတိုးလေး မေးလိုက်လေသည်။
“စီနီယာအစ်မဝမ်...၊ ဘာတွေ ဖြစ်ကုန်တာလဲဆိုတာ အစ်မ သိလား...။”
“ဟင်း...။”
ဝမ်စီယီက ပြန်မဖြေဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်၏။
ဝမ်စီယီ စကားပြောချင်စိတ် မရှိသည်ကို မြင်သောအခါ သူမသည် ယွမ်လီဘက်သို့ လှည့်ကြည့်လိုက် ပြန်လေသည်။
“ဟင်း... ဒါကတော့ တကယ်ကို မျက်စိပွင့်သွားတာပဲ...။”
ယွမ်လီကလည်း ပြန်မဖြေဘဲ သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများဖြင့်သာ ရှိနေတော့သည်။
လင်းကျင့်သည် မြစိမ်းတောင်တန်းဂိုဏ်းမှ နောက်ထပ် တပည့်တစ်ဦးကို လှည့်ကြည့်လိုက်ပြန်၏။
ရလဒ်မှာ အတူတူပင် ဖြစ်သည်။
ယခုအခါတွင် မြစိမ်းတောင်တန်းဂိုဏ်းမှ တပည့်တစ်ဦးမျှ အခြားသူများကို ပုံပြင်ပြောပြရန် စိတ်မပါ ကြတော့ချေ။
သူတို့၏ စိတ်များ မည်သို့ ငြိမ်သက်နိုင်ပါမည်နည်း။ သူတို့၏ အတွေးများမှာ လှိုင်းထနေပြီး သူတို့၏ ကမ္ဘာကြီးပေါ်အမြင်များမှာလည်း နောက်တစ်ကြိမ် စိန်ခေါ်ခြင်း ခံနေရချေပြီ။
သူသည် အနီရောင်နေမင်းဂိုဏ်းမှ လူများကို ဒေါသထွက်လွန်း၍ ငိုရအောင် လုပ်နိုင်ခဲ့သည် မဟုတ် ပါ လား။ ထိုလူများမှာ ကျင့်ကြံသူများ ဖြစ်ကြသလို အမျိုးသားများလည်း ဖြစ်ကြသည် မဟုတ်ပါလား။
၎င်းမှာ ယောကျ်ားများ ဆွံ့အပြီး မိန်းမများ မျက်ရည်ကျရလောက်သည့် အခြေအနေပင် ဖြစ်တော့သည်။
လင်းကျင့်သည် အကြိမ်ကြိမ် မေးမြန်းပြီးနောက် နောက်ဆုံးတွင် မြစိမ်းတောင်တန်းဂိုဏ်းမှ ဖြစ်စဉ်အစ အဆုံးကို သိရှိသွားခဲ့သည်။
သူမ၏ ကမ္ဘာကြီးပေါ်အမြင်မှာ စတင်ကာ စိန်ခေါ်ခြင်း ခံလိုက်ရပြီး သူမ၏ ဉာဏ်မှာလည်း လုံးဝ ဗလာ ဖြစ်သွားတော့သည်။
သူမ၏ နောက်တွင် လိုက်ပါလာသော ဝမ်ရှောက်ဟန်သည်လည်း အားလုံးကို နားထောင်နေခဲ့၏။
သူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်နေပြီး တီးတိုး ရေရွတ်လိုက်လေသည်။
“တော်သေးတာပေါ့...၊ တော်သေးတာပေါ့...။ ငါ သူ့ကို သွားပြီး မရန်စမိခဲ့လို့...။”
ထျန်ဖုန်းနှင့် စတင် တွေ့ဆုံခဲ့စဉ်က အကြောင်းကို ပြန်လည် စဉ်းစားမိသောအခါ သူသည် ထျန်ဖုန်းကို အလွန် ရွံရှာခဲ့မိသလို အခွင့်အရေးရလျှင် သူ့ကို ဒုက္ခပေးရန်ပင် တွေးတောခဲ့ဖူးလေသည်။ ယခုမူ သူ ကံကောင်းခဲ့ခြင်းအတွက်သာ ဝမ်းသာနေမိတော့၏။
မဟုတ်ပါက သူသည်လည်း ဟိုဘက်မှာ ထိုင်ငိုနေတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေနိုင်သည် မဟုတ်ပါလား။
“အား...၊ ဝါး...။”
“ဆရာကြီး...၊ ဟီး...။”
“ဖေဖေ...၊ ဝါး...။”
“မေမေ...။”
ထျန်ဖုန်းက သိုလှောင်အိတ်များကို ပြန်ပေးပြီးနောက် သူတို့မှာ နောက်တစ်ကြိမ် ထပ်မံ လှည့်စားခံလိုက် ရပြန်သဖြင့် ပို၍ပင် အားရပါးရ ငိုကြွေးနေကြလေတော့သည်။ သူတို့၏ စိတ်ရင်းစေတနာများမှာလည်း ထပ်မံ ဖောက်ပြန်ခြင်း ခံလိုက်ရချေပြီဖြစ်၏။
ဖုဝမ်သည် ငိုခြင်းကို ရပ်တန့်လိုက်ပြီး အဝတ်အစား ဝတ်ခြင်းကိုလည်း ရပ်တန့်လိုက်လေသည်။
သူသည် မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး လှဲလျက် မျက်လုံးများမှာလည်း ဟာလာဟင်းလင်း ဖြစ်နေ တော့သည်။ သူ၏ ဝမ်းနည်းပူဆွေးမှုမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။
သူသည် ဘဝကို လက်လျှော့လိုက်ချေပြီဖြစ်၏။
ဘေးနားရှိ လူများက ထိုမြင်ကွင်းကို မြင်သောအခါ အရှက်မရစေရန်အတွက် အဝတ်အစားများဖြင့် ဖုံးအုပ်ပေးလိုက်ကြလေ၏။
သူ၏ မျက်လုံးများကိုပင် ဖုံးအုပ်ပေးထားကြလေသည်။
ယခုအချိန်တွင် စောင့်ကြည့်နေသူများသည် ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း သိရှိသွားကြပြီဖြစ်ရာ အားလုံးမှာ စိတ်မကောင်းစွာဖြင့် သက်ပြင်းချနေကြတော့သည်။
ယခုအခါတွင်မူ ၎င်းတို့သည် ဖုဝမ်နှင့် အခြားသူများကို လှောင်ပြောင်မည့်အစား သူတို့အပေါ် သနားစိတ် အနည်းငယ် ဝင်သွားကြလေ၏။
*ငါ ရယ်ချင်ရင်တောင် မရယ်နိုင်တော့ပါဘူး…။*
သို့သော်လည်း ထျန်ဖုန်း၏ နာမည်ဆိုးမှာလည်း လူတိုင်း သိသွားခဲ့ကြပြီဖြစ်ရာ အားလုံးမှာ သူ့ကို အလွန် အမင်း ကြောက်ရွံ့သွားကြလေတော့သည်။
ထျန်ဖုန်း၏ မျက်စိကျခြင်းကို ခံရသော မည်သူမဆို သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။
အနီရောင်နေမင်းဂိုဏ်းမှ လူများ ငိုနေသည်ကို ကြည့်ပြီး အားလုံးမှာ ဆက်လက် စောင့်ကြည့်ရန် စိတ်မ ပါတော့ချေ။
အားလုံးမှာ ထွက်ခွာသွားကြ၏။ မည်သို့ပင်ဖြစ်စေ အချိန်မှာ တစ်ရက်နီးပါး ကျန်ရှိနေသေးသည် မဟုတ် ပါလား။ ဤအချိန်အတွင်းမှာ ဝိညာဉ်ဆေးပင် အချို့ကို ထပ်မံ ရိတ်သိမ်းနိုင်ကောင်း ပါလိမ့်မည်။
သူတို့ ထွက်ခွာသွားသောအခါ ထျန်ဖုန်း၏ နာမည်ဆိုးကိုလည်း သူတို့နှင့်အတူ ယူဆောင်သွားကြတော့ သည်။
“စနစ်...၊ ငါ့ရဲ့ ဆုလာဘ်ကော...။”
[တိုက်ပွဲဝင်အမှတ် (၁၀၀၀) နဲ့ အပြေးဒင်္ဂါး (၁၅၀၀) ရရှိပါတယ်...။]
[ဝါး... လူရှစ်ယောက်တောင် ငိုသွားအောင် လုပ်နိုင်ခဲ့တာပဲ...။]
ထျန်ဖုန်းသည် စနစ်ကို ဂရုမစိုက်ဘဲ သူ၏ လက်ကျန်ငွေကို စစ်ဆေးလိုက်၏။
[တိုက်ပွဲဝင်အမှတ်: (၂၆၅၀)။]
[အပြေးဒင်္ဂါးများ: (၃၁၀၀)။]
ထျန်ဖုန်းမှာ စိတ်သက်သာရာ ရသွား၏။ သူ၏ ကြိုးစားမှုများမှာ အရာထင်ခဲ့ပြီ ဖြစ်ပုံရ ပေသည်။
အမှန်ပင်... ကြိုးစားမှုသည် အရာထင်လှပေသည်။
ကြိုးစားမှုသည် အချည်းနှီး မဖြစ်နိုင်ပေ။
“ဟင်း... ဖုဝမ်တို့အဖွဲ့အတွက်တော့ တကယ်ကို ခက်ခဲသွားတာပဲ...။”
“ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ...။ စနစ်က ဒီလောက် ကိုယ်ကျင့်တရားမဲ့နေမှတော့ ငါ ဘာလုပ်နိုင်မှာလဲ...။”
[ငါ့အပေါ်ကိုပဲ အပြစ်တွေ လွှဲမချနေနဲ့ဦး...။]
စနစ်သည် ထျန်ဖုန်း၏ ရေရွတ်သံကြောင့် စိတ်ပျက်သွား၏။
*သူ့မှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်လေးတောင် မရှိဘူးလား။*
“မင်းအပြစ် မဟုတ်ရင် ဘယ်သူ့အပြစ်လဲ...။ ငါသာ ကောင်းမှုတွေလုပ်လို့ ဆုလာဘ်တွေ ရမယ်ဆိုရင် ငါ ဤမျှလောက် ကိုယ်ကျင့်တရားမဲ့ပါ့မလား...။ အခုဆိုရင် ငါက သူတော်စင်ကြီး ဖြစ်နေလောက်ပြီ...။ ငါ ဒီလောက်အထိ ကိုယ်ကျင့်တရားမဲ့သွားတာက မင်းလက်ချက်ပဲ...။”
ဆွံ့အသွား၏။ စနစ်သည် ဤမျှလောက် ဆွံ့အသွားရခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
[အဲ့ဒါက ပိုင်ရှင်ကိုယ်တိုင်က မြှူဆွယ်မှုကို မတွန်းလှန်နိုင်လို့လေ...။]
စနစ်က ပြန်လည် ချေပလိုက်၏။
“ရယ်စရာတွေ ပြောမနေနဲ့... ။ ငါက စိတ်ဓာတ်မခိုင်မာဘူးဆိုတာ သိရဲ့သားနဲ့ မင်းက ဘာလို့ လာပြီး မြှူဆွယ်နေသေးတာလဲ...။ ဒါတောင် မင်းအပြစ် မဟုတ်ဘူးလို့ ပြောနေဦးမှာလား...။”
စနစ်မှာ လုံးဝ ဆွံ့အသွားချေပြီ။ လုံးဝ အရှက်မရှိသော သတ္တဝါတစ်ဦးနှင့် စကားအခြေအတင် ပြောနေ ခြင်းမှာ အကျိုးမရှိလှပေ။
စောင့်ကြည့်နေသူများ လူစုကွဲသွားသည်နှင့်အမျှ ထျန်ဖုန်း၏ လုပ်ရပ်များနှင့် အနီရောင်နေမင်းဂိုဏ်းမှ တပည့်များ၏ ဝမ်းနည်းဖွယ် ဖြစ်ရပ်များမှာလည်း ပျံ့နှံ့သွားလေတော့သည်။
“ကြားပြီးကြပြီလား...၊ အနီရောင်နေမင်းဂိုဏ်းက လူအတော်များများကို အမျိုးသားတစ်ယောက်က ငိုရအောင် လုပ်လိုက်တယ်တဲ့...။”
“ဘယ်သူလဲ...။ အဲ့ဒီလောက်တောင် ရက်စက်တာလား...၊ သူက ယောကျ်ားချင်း စိတ်ဝင်စားတဲ့သူများ လား...။ လူအများကြီးကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်တာလား...။”
“အို... မဟုတ်ပါဘူး...။ သူက သူတို့ကို လှည့်စားလိုက်တာ...၊ အနီရောင်နေမင်းဂိုဏ်းကလူတွေက မခံနိုင်တော့လို့ ငိုသွားကြတာ...။”
“အော်... ဘာတွေ ဖြစ်လို့လဲ...၊ စိတ်ဓာတ်က တကယ်ကို ညံ့တာပဲ...။ အနောက်ခံရရုံလေးနဲ့ ငိုရ တယ်လို့...။”
“ဒါဆိုရင် ငါ ဇာတ်လမ်းအစအဆုံးကို ပြောပြမယ်...။”
“ဒါကြောင့်မို့လို့ကိုး...၊ ဒီထျန်ဖုန်းက တကယ်ကို ရက်စက်တာပဲ... ။ သူ့ကိုတော့ လုံးဝ သွားပြီး ရန်မစ သင့်ဘူး...။”
“အတိအကျပဲ...၊ အနီရောင်နေမင်းဂိုဏ်းရဲ့ ဝမ်းနည်းဖွယ် အဆုံးသတ်ကို စဉ်းစားမိရုံနဲ့တင် ငါ့မှာ ချွေးစေးတွေတောင် ထွက်လာတယ်...။”
“ကမ္ဘာပေါ်မှာ ဒီလောက် ယုတ်မာတဲ့ လူစားမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ...။”
ချန်ယွင်သည်လည်း ထိုသတင်းကို နည်းလမ်းအသွယ်သွယ်မှ သိရှိသွားခဲ့ပြီး သူမ၏ မျက်နှာတွင် မကျေနပ်သည့် အမူအရာများ ပေါ်လာတော့သည်။
“အစ်ကိုထျန်...၊ တစ်လောကလုံးက ရှင့်ရဲ့ စရိုက်ကို မသိရင်တောင် ကျွန်မကတော့ သိပါတယ်...။”
လူတိုင်းက ရှင့်အပေါ် အထင်လွဲနေရင်တောင် ရှင့်ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
“ရှင်က သူတို့ကို သတ်ပစ်လို့ ရရဲ့သားနဲ့ မသတ်ခဲ့ဘူး...။ သူတို့ နောင်တရပြီး ပြုပြင်ပြောင်းလဲနိုင်အောင် သင်ခန်းစာ ပေးဖို့ပဲ ရှင် ရွေးချယ်ခဲ့တာ မဟုတ်လား...။”
*လောကကြီးက ရှင့်ကို နားမလည်နိုင်ရင်တောင် ကျွန်မကတော့ နားလည်ပါတယ်...။*
ချန်ယွင်၏ မျက်လုံးများထဲတွင် ခိုင်မာပြတ်သားသော အကြည့်များ ပေါ်ပေါက်နေတော့သည်။