← Chapters

အနက်ရောင်လေလှိုဏ်ဂူသို့ သွားရောက်ခြင်း

Vol. 6 Ch. 59

အနက်ရောင်လေလှိုဏ်ဂူသို့ သွားရောက်ခြင်း

Vol. 6 Ch. 59

“စီနီယာအစ်မဝမ်...၊ အချိန်လည်း တော်တော်နှောင်းနေပြီ...။ ငါတို့ သွားကြမလား...။”

ယွမ်လီသည် အနီရောင်နေမင်းဂိုဏ်းမှ လူများကို ကြည့်ရင်း ဝမ်စီယီကို ပြောလိုက်လေ၏။

*ဘယ်ကို သွားမှာလဲ...။*

ဝမ်စီယီမှာ ဇဝေဇဝါ ဖြစ်နေလေသည်။

*နောက်ထပ် ပြဇာတ်တစ်ခုခု ရှိနေသေးတာလား၊ ဒါမှမဟုတ် ထျန်စစ်ဖုန်းက နောက်တစ်နေရာမှာ ပြဿနာသွားရှာဦးမှာလား... ။*

သူမသည် စိတ်ထဲ၌ အနည်းငယ်ပင် စိတ်လှုပ်ရှားနေမိလေသည်။

ယွမ်လီသည် ဝမ်စီယီ ဘာတွေးနေသည်ကို မသိသော်လည်း သူမကို မျက်လုံးလှန်ပြလိုက်ရင်း ပြော လိုက်လေ၏။

“အနက်ရောင်လေလှိုဏ်ဂူကို သွားကြမယ်လေ...။”

“အခုဆိုရင် အချိန်လည်း တန်ပြီဆိုတော့ အထဲမှာ ဝိညာဉ်ဆေးပင်တွေ ကျန်နေသေးလားဆိုတာ သွားစစ် ကြည့်ကြတာပေါ့...။”

ဝမ်စီယီမှာ ထိုအခါမှ သဘောပေါက်သွားလေတော့သည်။ ပြဇာတ်ကြည့်နေရင်းနှင့် သူမ၏ အဓိက အလုပ်ကိုပင် မေ့လျော့နေခဲ့သည် မဟုတ်ပါလား။

သူမက ခေါင်းညိတ်လိုက်ပြီး….၊

“ဟုတ်သားပဲ... အမြန်သွားကြရအောင်...။”

ထိုသို့ပြောပြီးနောက် သူမသည် နှမြောတသဖြစ်နေသော သူမ၏ တပည့်အဖွဲ့နှင့်အတူ ထိုနေရာမှ အမြန် ထွက်ခွာလာခဲ့ကြလေသည်။

သူတို့သည် အမွှေးတိုင်တစ်တိုင်စာခန့် လျှောက်လှမ်းပြီးနောက် အနက်ရောင်လေလှိုဏ်ဂူ အဝင်ဝသို့ ပြန်လည်ရောက်ရှိလာကြလေ၏။

“ဂျူနီယာညီလေးတို့...၊ မင်းတို့ပဲ အထဲဝင်ကြပါ...။ တစ်ယောက်ယောက်က ချောင်းမြောင်းတိုက်ခိုက်မှာ စိုးလို့ အစ်မက အပြင်ကနေ စောင့်ကြည့်ပေးမယ်...။”

လှိုဏ်ဂူအဝင်ဝသို့ ရောက်သောအခါ ဝမ်စီယီသည် အနက်ရောင်လေလှိုဏ်ဂူကို ကြောက်ရွံ့နေသဖြင့် မျက်နှာတွင် ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်လေ၏။

ယွမ်လီက စိတ်ထဲမှ တွေးလိုက်လေသည်။

*ငါ ပြောမယ့် စကားတွေကို နင်က အရင်ဦးအောင် ပြောလိုက်တာလား...။*

*အနက်ရောင်လေလှိုဏ်ဂူက အန္တရာယ်ရှိမှန်း ဘယ်သူကမသိဘဲနေမလဲ….။ ဘယ်သူက အထဲကို ဝင်ချင်မှာလဲ…။*

*အဲ့ဒါက ထျန်စစ်ဖုန်းရဲ့ လက်ချက်လေ…။*

ယွမ်လီသည်လည်း အပြင်ဘက်၌သာ နေချင်သော်လည်း ဝမ်စီယီက အရင်ပြောလိုက်သဖြင့် သူသည် လည်း ထိုသို့ ထပ်မပြောနိုင်တော့ပေ။

သူသာ ဤသို့ တွေးနေသည်မဟုတ်ဘဲ သူ၏နောက်မှ မြစိမ်းတောင်တန်းဂိုဏ်း တပည့်များအားလုံး သည်လည်း အထဲသို့ မဝင်လိုကြပေ။

“စီနီယာအစ်မ...၊ လျှို့ဝှက်နယ်မြေက အရမ်းအန္တရာယ်များတယ်...။ ငါတို့ထဲက ဘယ်သူ့ကိုမှ ချန်ထား ခဲ့လို့ မဖြစ်ဘူး...။ အဲ့ဒါက အရမ်း စိုးရိမ်ရတယ်...။”

ယွမ်လီက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“ငါတို့ စည်းစည်းလုံးလုံး ရှိရမယ်...၊ ဒါမှ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာ...။”

*ငါကိုယ်တိုင် ဝင်ရမှာဆိုရင်တော့ အားလုံးလည်း ဝင်ရမှာပဲ…။*

အကယ်၍ တစ်ခုခု မှားယွင်းခဲ့လျင်တောင် အားလုံး အနံ့စွဲကုန်မှာဖြစ်သဖြင့် ဘယ်သူကမှ တစ်ဦးကို တစ်ဦး ပြန်ပြောနိုင်မည် မဟုတ်တော့ချေ။

ဖျင်ကျင်းမြို့မှာ လူသစ်စုဆောင်းတုန်းကလိုပေါ့...၊ ပြန်လာတော့ ဘယ်သူမှ ဘာမှ မပြောကြဘူး မဟုတ်လား…။

ဒါကြောင့် အကယ်၍ မင်းသာ အညစ်အကြေးကျင်းထဲ ပြုတ်ကျခဲ့ရင် စိတ်မပူပါနဲ့...။ အရင်ဆုံး တစ်ငုံလောက်...၊ အဲလေ...၊ အရင်ဆုံး တစ်ယောက်ယောက် မြင်မမြင် ကြည့်လိုက်ပါ။

မြင်တဲ့သူ ရှိရင်တော့ မြင်တဲ့သူကိုပါ အထဲကို ဆွဲသွင်းလိုက်ရုံပါပဲ...။ ဒါဆိုရင် မင်း ကျင်းထဲပြုတ်ကျ တာကို ဘယ်သူမှ သိမှာ မဟုတ်တော့ပါဘူး။

သူသည်လည်း ဤအကြောင်းကို တစ်သက်လုံး ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး။

ဘယ်သူမှ မမြင်ဘူးဆိုရင်တော့ မင်း တစ်ငုံလောက် မြိုချမိရင်တောင် ကိစ္စမရှိပါဘူး။

“ဟို...၊ ကောင်းပြီလေ... ဂျူနီယာညီလေး ပြောတာလည်း မှန်ပါတယ်...။”

ယွမ်လီက ထိုသို့ပြောလိုက်သဖြင့် ဝမ်စီယီမှာ မငြင်းသာတော့ဘဲ အံကြိတ်ကာ သဘောတူလိုက်ရ တော့သည်။

*ဒီဂျူနီယာမောင်လေး ယွမ်လီကတော့ တကယ့်ကို ယုတ်မာတဲ့ အကြံတွေနဲ့ ပြည့်နေတာပဲ…။*

“ဘယ်သူ အရင်ဝင်မလဲ...။”

ဝမ်စီယီက အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်၏။

“ဒါကတော့...။”

ယွမ်လီမှာ ဆွံ့အသွားလေသည်။ အရင်ဆုံး ဝင်သောသူက အန္တရာယ် အရှိဆုံး မဟုတ်ပါလား။

ကျန်ရှိနေသော သူများမှာလည်း အချင်းချင်း ကြည့်နေကြပြီး အရင်ဆုံး ဝင်သွားရမည်ကို ကြောက်ရွံ့နေ ကြလေသည်။

“ဂျူနီယာမောင်လေးယွမ်လီ...၊ မင်းက ထျန်ညီအစ်ကိုတွေနဲ့ တော်တော်လေး ရင်းနှီးတာပဲလေ...။”

ဝမ်စီယီက ကောက်ကျစ်စွာ ပြုံးလိုက်လေ၏။

ယွမ်လီသည် ကျောချမ်းသွားပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရလေသည်။

“ဒါကြောင့် မင်းပဲ ဦးဆောင်လိုက်ပါ...၊ မင်းက ပိုပြီး ရင်းနှီးတော့ အောင်မြင်ဖို့ အခွင့်အရေး ပိုများ တာပေါ့...။”

*ကိုယ်ရေးကိုယ်တာ ကိစ္စကို အများအကျိုး အကြောင်းပြပြီး လက်စားချေတာပဲ...။ ဒါကတော့ သက်သက်မဲ့ လက်စားချေတာပဲ….။*

*သူမက အပြင်မှာ လေကောင်းလေသန့် ရှူချင်လို့ ပြောတာကို ငါက သဘောမတူခဲ့တော့ အခု လက်စား ပြန်ချေနေတာပဲ…။*

*ဒီအမျိုးသမီးကလည်း အသားထဲက လောက်ထွက်တာပဲ…။*

“ကောင်းပြီလေ...၊ ငါ သဘောတူတယ်...။”

“ဟုတ်တယ်...၊ စီနီယာအစ်ကို ယွမ်လီပဲ ဦးဆောင်လိုက်ပါ...။”

“ဟားဟား...၊ စီနီယာအစ်ကို ယွမ်လီက အသေးစိတ် ဂရုစိုက်တတ်သလို ထျန်ညီအစ်ကိုတွေနဲ့လည်း ရင်းနှီးတာပဲ...။ သေချာပေါက် အောင်မြင်မှာပါ...။”

ကျန်တဲ့လူတွေကလည်း မအချေ။ တစ်ယောက်ယောက်က ဦးဆောင်မည်ဆိုပါက ဘာလို့ မထောက်ခံ နိုင်ရမည်နည်း။ မဟုတ်ပါက သူတို့ပဲ ရွေးချယ်ခံဖြစ်သွားရမည် မဟုတ်ပါလား။

“ဟို... ကောင်းပါပြီ...။”

*ထျန်ညီအစ်ကိုတွေနဲ့ ရင်းနှီးတာက ကြွားစရာ ကိစ္စလား...၊ ငါ ဘာလို့များ အားယားပြီး ထျန်ညီအစ်ကို တွေနဲ့ ရင်းနှီးပါတယ်လို့ ကြွားခဲ့မိပါလိမ့်…။*

ယွမ်လီသည် ကိုယ့်ပါးကိုယ် နှစ်ချက်လောက် ပြန်ရိုက်ချင်စိတ်ပင် ပေါက်နေတော့သည်။

ရှောင်လွှဲလို့ မရနိုင်မှတော့ လက်ခံလိုက်ရုံသာ ရှိတော့လေသည်။

သူတို့သည် ချက်ချင်း အတင်းတိုးမဝင်ကြဘဲ လှိုဏ်ဂူအပြင်ဘက်မှနေ၍ လေမှော်အတတ်ကို အသုံးပြု ကာ အတွင်းသို့ လေများ မှုတ်သွင်းလိုက်ကြလေ၏။

ခဏအကြာတွင် အချိန်တန်ပြီဟု ခံစားရသောအခါမှ အတွင်းသို့ ဝင်လာခဲ့ကြလေသည်။

ယွမ်လီက ရှေ့မှ ဦးဆောင်ပြီး ဝမ်စီယီက နောက်မှ လိုက်လာခဲ့၏။

သူမသည် ယွမ်လီကို လှည့်စားခဲ့သော်လည်း သူမ၏ တပည့်ညီအစ်ကိုများကိုမူ ဂရုစိုက်ဆဲပင် ဖြစ် သည်။

အကယ်၍ ဤမျှ ရွံစရာ မကောင်းဘဲ အန္တရာယ်ပဲ ရှိမည်ဆိုလျှင် သူမသည် ဘာမှမတွေးဘဲ ရှေ့ဆုံးကနေ လျှောက်နေမှာ အမှန်ပင်။

လှိုဏ်ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် အပုပ်နံ့နှင့် ပြင်းရှရှ အနံ့အသက်ဆိုးကြီးက ဆီးကြိုနေတော့သည်။

အချိန်အတော်ကြာသွားပြီး လေတွေဖြင့် မှုတ်ထုတ်ခဲ့လျင်ပင် ဤအနံ့က ပြင်းထန်နေဆဲပင် ဖြစ်နိုင် သည်။

*အနီရောင်နေမင်းဂိုဏ်းက လူတွေ ဘယ်လိုများ ဒီဒဏ်ကို ခံနိုင်ခဲ့ကြတာလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး…။*

“သတိထားကြဦး...။”

ဝမ်စီယီက နောက်ကနေ၍ သတိပေးလိုက်လေ၏။

လူတိုင်းမှာ အလင်းရောင်ရရန် လက်ထဲတွင် မီးလုံးတစ်လုံးစီ ကိုင်ထားကြပြီး သတိကြီးစွာဖြင့် ရှေ့သို့ တိုးလာခဲ့ကြလေသည်။

အပုပ်နံ့မှာ ပိုမိုပြင်းထန်လာသည်နှင့်အမျှ လူတိုင်းမှာ မျက်မှောင်ကြုတ်လာကြပြီး နှာခေါင်းကိုလည်း လက်တစ်ဖက်ဖြင့် ပိတ်ထားကြရလေသည်။

“ဒါက...”

သူ၏ စကားသံထဲတွင် ကြောက်ရွံ့မှုများ ပါဝင်နေ၏။

ရှေ့မှ လျှောက်လာသော ယွမ်လီသည် ထောင့်ချိုးတစ်ခုတွင် ရှိနေသော ကျင်းတစ်ခုကို ချက်ချင်း သတိ ပြုမိသွားလေသည်။ ၎င်းမှာ မှောင်အတိကျနေပြီး အလွန်ပင် ရွံစရာကောင်းလှပေသည်။

အပုပ်နံ့များမှာ ထိုအထဲမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း အရည်များစွာ ပေကျံနေ၏။ ထိုစဉ်က တိုက်ပွဲမှာ မည်မျှ ပြင်းထျန်ခဲ့သည်ကို ခန့်မှန်းရန် မခက်ခဲပေ။

“တကယ်ကို ရွံစရာကောင်းလိုက်တာ...။”

ဝမ်စီယီသည် ယွမ်လီ၏ နောက်တွင် ခြေဖျားထောက်ကာ ကြည့်လိုက်၏။ ဖုဝမ်နှင့် အခြားသူများ ထိုစဉ် က ဘာတွေ ကြုံတွေ့ခဲ့ရမလဲဆိုသည်ကို သူမ စိတ်ကူးကြည့်ရန်ပင် မဝံ့ရဲတော့ချေ။

“ဘာတွေလဲ...၊ ဘာတွေလဲ...။”

“ငါ့ကိုလည်း ပေးကြည့်ပါဦး...။”

နောက်ကလူများကလည်း ဤအညစ်အကြေးပုံကြီးကို မြင်ချင်သဖြင့် အတင်း တိုးဝှေ့လာကြလေသည်။

“မတိုးကြနဲ့... မတိုးကြနဲ့...။”

ယွမ်လီက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူသည် အရှေ့သို့ တစ်လှမ်းတိုးအောင် အတွန်းခံ လိုက်ရသောကြောင့် ဖြစ်လေသည်။

ခြေလှမ်းအနည်းငယ် လိုသေးသည်ဆိုပါသော်လည်း ဤအရာက ဝေးနေလို့လည်း ရွံစရာကောင်းတာက တော့လျော့သွားမည် မဟုတ်ချေ။

“လူနှစ်ယောက်လောက် ကျန်ခဲ့ကြစမ်း...။ အထူးသဖြင့် မြေမှော်အတတ် ကျွမ်းကျင်တဲ့သူတွေပေါ့...။ လမ်းကို အရင် ရှင်းလိုက်ကြဦး...။”

ဝမ်စီယီက အကြံပြုလိုက်လေ၏။ လမ်းပိတ်နေသဖြင့် လမ်းမရှင်းဘဲနှင့် အထဲဝင်ရန်မှာ အလွန် ခက်ခဲ သောကြောင့် ဖြစ်လေသည်။

“မင်းတို့ ခုန်ကျော်ကြည့်ချင်ရင်လည်း ရပါတယ်... ဘယ်သူစမ်းကြည့်ချင်လဲ…။”

ယွမ်လီသည် သူ၏ တပည့်နှစ်ဦးကို ကြည့်လိုက်လေ၏။ ၎င်းတို့မှာ အစောပိုင်းက အသံ အကျယ်ဆုံး အော်ဟစ်ခဲ့သူများဖြစ်ပြီး မြေဒြပ်စင်မှာလည်း သူတို့ကြားတွင် အကောင်းဆုံး ဖြစ်လေသည်။

“ဂျူနီယာညီလေးတို့... မင်းတို့ ပင်ပန်းလိုက်ပါဦး...။”

ယွမ်လီက လက်နှစ်ဖက်ကို စုကာ နှုတ်ဆက်လိုက်၏။

“မင်းတို့ရဲ့ မြေမှော်အတတ်က အကောင်းဆုံးပဲ...။ ငါတို့ အပြင်မှာ ခဏစောင့်နေမယ်...။ ပြီးရင် လှမ်းခေါ် လိုက်ကြပါ...။”

ရွေးချယ်ခံရသော ကလေးနှစ်ဦးမှလွဲ၍ မည်သူမျှ မကန့်ကွက်ကြပေ။ ယွမ်လီ၊ ဝမ်စီယီနှင့် ကျန်ရှိသော တပည့်များမှာ ထွက်ခွာသွားကြလေတော့သည်။

လူနှစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး သူတို့၏ မျက်နှာများမှာ ဖြူလျော်နေတော့သည်။

“ငါ မြေမှော်အတတ်ကို ဘာလို့ လေ့လာခဲ့မိပါလိမ့်...။”

“အထဲမှာ ထောင်ချောက်တွေများ ရှိနေမလား မသိဘူးနော်...။”

ယွမ်လီနှင့် အခြားသူများသည် အနက်ရောင်လေလှိုဏ်ဂူထဲမှ ထွက်လာပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကြလေတော့၏။

“ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ...။ မင်းတို့ မြင်လိုက်ကြလား...၊အဲ့ဒါက အနက်ရောင်ရော၊ အနီရောင်ရော ဖြစ်နေတာ...။”

ယွမ်လီက ထိတ်လန့်တကြား ရေရွတ်လိုက်၏။

“ပြီးတော့ အဲ့ဒါက ငရုတ်သီးနံ့လည်း ထွက်နေသေးတယ်...။”

“တကယ်ကို ကြောက်စရာပဲ...၊ ထျန်စစ်ဖုန်းက အဲ့ဒီအထဲကို ငရုတ်သီးတွေတောင် ထည့်ထားတာပဲ...။”

“အနီရောင်ကြီး ဖြစ်နေတာပဲ...၊ ငရုတ်သီးတွေ ဘယ်လောက်တောင် ထည့်ထားလို့လဲ...။”

“ဒီလို အရာမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး...။”

“ဒါနဲ့ နေပါဦး...၊ သူ့နာမည်က ထျန်ဖုန်းလား၊ ထျန်စစ်ဖုန်းလား...။”

တစ်စုံတစ်ဦးက အနီရောင်နေမင်းဂိုဏ်းမှ လူများ အော်ခေါ်ခဲ့သော ထျန်ဖုန်း ဆိုသည့် နာမည်ကို သတိရ ကာ မေးလိုက်လေ၏။

ယွမ်လီသည် ခဏမျှ ဇဝေဇဝါ ဖြစ်သွားသော်လည်း ရုတ်တရက် သဘောပေါက်သွားလေသည်။

“စိတ်မမှန်တဲ့သူတစ်ယောက်ရဲ့ အတွေးကို သာမန်လူတစ်ယောက်ရဲ့ စိတ်နဲ့ နားလည်ဖို့ မကြိုးစားပါနဲ့...။”

ယွမ်လီ၏ စကားများမှာ အတွေးအခေါ် ပညာရှင်တစ်ဦးကဲ့သို့ လေးနက်လှပေသည်။

“ဒါလည်း ဟုတ်တာပဲ...။”

“ဟုတ်တယ်...။ သူ့ကို ထျန်ဖုန်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ကြရအောင်..၊ စိတ်ဖောက်ပြန်နေတဲ့ လူတစ်ယောက်က ဘာတွေ တွေးနေမလဲဆိုတာ ဘယ်သူသိမှာလဲ...။”

“အားလုံး အတူတူပါပဲ...၊ အတူတူပါပဲ...။ အဲ့ဒီ ညီအစ်ကိုတွေအားလုံးက အတူတူပဲ...။ အားလုံးက ယုတ်မာကြတာချည်းပဲ...။”

“ရပါပြီ စီနီယာအစ်ကို ယွမ်လီ...။”

လှိုဏ်ဂူထဲမှ လူတစ်ယောက် ပြေးထွက်လာပြီး အော်ပြောလိုက်လေ၏။

ယွမ်လီသည် နောက်တစ်ကြိမ် ဦးဆောင်ဝင်သွားခဲ့ရာ ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ လှိုဏ်ဂူအောက်ခြေသို့ ရောက်ရှိသွားခဲ့လေသည်။

လမ်းတစ်လျှောက်တွင် နံစော်သော အနံ့များနှင့် ပြင်းရှရှ အနံ့များအပြင် သေဆုံးနေသော မိစ္ဆာသားရဲ အချို့ ကိုလည်း တွေ့ရှိခဲ့ရလေ၏။ ၎င်းတို့မှာ မီးခိုးဒဏ်ကြောင့် သေဆုံးသွားခြင်းလား၊ ဒါမှမဟုတ် အနီရောင်နေမင်းဂိုဏ်းမှ လူများ သတ်ခဲ့ခြင်းလားဆိုသည်ကိုမူ သူတို့ မသိကြပေ။

လှိုဏ်ဂူအောက်ခြေတွင်လည်း မိစ္ဆာသားရဲ အသေကောင်များစွာ ရှိနေပြီး ယွမ်လီနှင့် အခြားသူများသည် တုံ့ဆိုင်းမနေဘဲ ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်ကြသည်။

“ကြည့်စမ်း...၊ ဟိုမှာ ဝိညာဉ်ဆေးပင်တွေ ကျန်သေးတယ်...။”

“ဒီမှာလည်း ရှိသေးတယ်...။”

သေချာစွာ ရှာဖွေပြီးနောက် သူတို့အဖွဲ့သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် လိုအပ်သော အဓိကဆေးပင် (၆) ပင်ကို ရရှိခဲ့ကြလေသည်။

“စီနီယာအစ်ကို ယွမ်လီက တကယ်ကို ထက်မြက်ပြီး အမြော်အမြင် ကြီးမားလှပါတယ်...။”

“ဟားဟား...၊ စီနီယာအစ်ကို ယွမ်လီရဲ့ လုပ်ရပ်က တကယ်ကို ပြောင်မြောက်လှပါတယ်...။”

“ငါကတော့ လေမှုတ်တဲ့ အားစိုက်ထုတ်မှုလေးနဲ့ပဲ အဓိကဆေးပင် (၁၁) ပင်တောင် ရလိုက်ပြီပေါ့...။”

“ဟားဟားဟား...။”

ယွမ်လီသည် အားရပါးရ ရယ်မောလိုက်၏။ အနီရောင်နေမင်းဂိုဏ်းနှင့် ယှဉ်လျှင် သူသည် တကယ်ကို အမြတ်ကြီးကြီး ထွက်ခဲ့ခြင်းပင် ဖြစ်တော့သည်။

All Chapters