ငါတို့လည်း ယုတ်မာတဲ့နည်းလမ်းတွေ သုံးကြတာပေါ့
Vol. 6 Ch. 60
“ဘာ...၊ စီနီယာအစ်ကို ဖုဝမ်နဲ့ တခြားသူတွေက ငိုသွားကြတယ် ဟုတ်လား...။”
“သူတို့က ယောကျ်ားတွေ မဟုတ်ဘူးလား...။”
ထိုစဉ်မှာပင် အစပိုင်းက အဖွဲ့နှစ်ဖွဲ့ ခွဲထားခဲ့သော အနီရောင်နေမင်းဂိုဏ်း၏ အခြားတစ်ဖွဲ့သည် ထို သတင်းကို ကြားလိုက်ရသဖြင့် အားလုံးမှာ မယုံကြည်နိုင် ဖြစ်နေကြ၏။
ဤအဖွဲ့တွင် မူလက လူ (၉) ယောက် ရှိသော်လည်း ယခုအခါ (၂) ယောက် သေဆုံးသွားခဲ့ပြီဖြစ်ရာ (၇) ယောက်သာ ကျန်တော့ပေသည်။
၎င်းတို့အနက် သုံးဦးမှာ အမျိုးသမီးများ ဖြစ်ကြလေ၏။ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေသို့ လာခဲ့ ကြသော အမျိုးသမီးကျင့်ကြံသူအားလုံးမှာ ဤအဖွဲ့ထဲတွင် ရှိနေကြခြင်း ဖြစ်လေသည်။
အဖွဲ့ကို ဦးဆောင်နေသော အမျိုးသမီးကျင့်ကြံသူတစ်ဦးမှာ ထိုသတင်းကို ကြားရသောအခါ မယုံ ကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
*အမျိုးသားတစ်ယောက်က တကယ်ပဲ အဲ့ဒီလိုမျိုး လုပ်နိုင်ပါ့မလား...။*
“စီနီယာအစ်မ ကု...၊ အစ်မ အထင်လွဲနေပါပြီ...။ သူတို့က အဲ့ဒီလို အလုပ်ခံရတာ မဟုတ်ပါဘူး...။ တခြားလူတစ်ယောက်က သူတို့ကို အဲ့ဒီလို ဖြစ်အောင် လုပ်လိုက်တာပါ...။”
“အဲ့ဒါက အတူတူပဲ မဟုတ်ဘူးလား...။”
ကုရှောင်ထုံက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ သူမက ဘယ်လိုလုပ် အထင်လွဲပါ့မည်နည်း။
“ကျွန်တော်... ကျွန်တော်တို့ အနောက်ခံလိုက်ရတာပါ...။”
“အော်...၊ အဲ့ဒီလိုလား...။”
ကုရှောင်ထုံ၏ မျက်နှာမှာ အနည်းငယ် အရှက်ရသွားပုံ ပေါ်လေသည်။
ဇာတ်လမ်းအစအဆုံးကို သိရှိသွားသောအခါ ကုရှောင်ထုံနှင့် သူမ၏နောက်မှ တပည့်များသည် ဒေါသ တကြီး ဖြစ်သွားကြပြီး ထျန်ဖုန်းကို လူယုတ်မာဟု ကျိန်ဆဲနေကြလေတော့သည်။
“တောက်...၊ ငါတို့ သေချာပေါက် လက်စားချေရမယ်...။”
“ဟုတ်တယ်...၊ သူက သေလမ်းရှာနေတာပဲ...။”
“ဟွန်း...၊ လျှို့ဝှက်နယ်မြေ အဝင်ဝတုန်းက ကိစ္စကိုတောင် ငါတို့က စာရင်းမရှင်းရသေးဘူးလေ...။”
“ဟက်...၊ လူတွေရဲ့ နောက်ကွယ်ကနေ ယုတ်မာတဲ့ လှည့်ကွက်တွေပဲ သုံးရဲတဲ့ အမှိုက်ကောင်ပဲ...။ ငါနဲ့ တွေ့ရင်တော့ သေချင်စိတ် ပေါက်သွားအောင် လုပ်ပေးမယ်...။”
ကုရှောင်ထုံက သူမ၏ မျက်နှာထက်တွင် မထီမဲ့မြင် ပြုသည့် အမူအရာများဖြင့် မာနတကြီး ပြောလိုက် လေ၏။
သူမ၏ အမြင်တွင် ဤထျန်ဖုန်းဆိုသောသူမှာ လူများ၏ နောက်ကွယ်မှသာ ယုတ်မာတတ်သော အသုံး မကျသည့် အမှိုက်ကောင်တစ်ဦးသာ ဖြစ်လေသည်။
အကယ်၍ ထိပ်တိုက်သာ တွေ့ခဲ့ပါက သူမက ပြိုင်ဘက်ကို တစ်ကွက်တည်းနှင့် သတ်ဖြတ်နိုင်ပေ လိမ့်မည်။
“သွားကြစမ်း...၊ စီနီယာအစ်ကို ဖုဝမ်တို့နဲ့ သွားတွေ့ကြရအောင်...။”
ကုရှောင်ထုံသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးသို့ ခုန်ပျံသွားခဲ့ရာ သူမ၏ လျင်မြန်သော လှုပ်ရှားမှုမှာ သပ်ရပ်လှပေသည်။
ဤသည်မှာလည်း သူမက ထျန်ဖုန်းကို မကြောက်ရသည့် အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။ သူမ၏ လှုပ်ရှားမှု နည်းစနစ်သည် အဆင့်တူရှိသော ပြိုင်ဘက်များကြားတွင် ရှုံးနိမ့်ဖူးခဲ့ခြင်း မရှိပေ။
သူမ၏ တပည့်များသည်လည်း အနောက်မှ အမြန် လိုက်ပါသွားကြလေ၏။ သူတို့သာ နှေးကွေးနေပါက သူမကို မီလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ကုရှောင်ထုံသည် အဝေးသို့ မရောက်ခင်မှာပင် ရှေ့တွင် အလျင်အမြန် သွားနေသော လေလွင့်ကျင့်ကြံသူ တစ်ဦးကို တွေ့လိုက်သဖြင့် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ပြေးဝင်သွားလေတော့သည်။
လေလွင့်ကျင့်ကြံသူမှာ သူ၏နောက်ဘက်မှ ဆူညံသံကြောင့် လှည့်ကြည့်လိုက်ရာ ရက်စက်ကြမ်းကြုတ် ပုံရသော လူတစ်စု လိုက်လာသည်ကို တွေ့လိုက်ရလေ၏။
သူသည် ချက်ချင်းပင် ထိတ်လန့်သွားကာ အခြားတစ်ဖက်သို့ လမ်းလွှဲသွားရန် ကြိုးစားသော်လည်း အနောက်မှ အမျိုးသမီးမှာ သူသွားရာ လမ်းကြောင်းအတိုင်း ထပ်ကြပ်မကွာ လိုက်နေခြင်းဖြစ်လေ သည်။
ထွက်ပြေးရန် လမ်းစမရှိတော့သည်ကို မြင်သောအခါ သူသည် ရပ်လိုက်ပြီး လက်နှစ်ဖက်ကို စုကာ အရိုအသေပြုလျက် ယဉ်ကျေးစွာ မေးလိုက်လေ၏။
“မိန်းကလေး...၊ ဘာကိစ္စများ ရှိလို့ပါလဲ...။”
“ဘာမှ မရှိပါဘူး...၊ ငါ စိတ်အခြေအနေ မကောင်းလို့ပါ...။”
လေလွင့်ကျင့်ကြံသူမှာ ကြောင်သွား၏။
*မင်း စိတ်မကောင်းတာနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ...။*
“ဒါကြောင့် ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် နင့်ရဲ့ ခေါင်းကို ခဏလောက် ငှားချင်လို့ပါ...။”
ကုရှောင်ထုံက အေးစက်စွာ ပြောလိုက်လေ၏။
“မင်း...၊ ကောင်းပြီလေ...။ မင်းမှာ အဲ့ဒီလောက် စွမ်းရည်ရှိမရှိ ကြည့်ကြတာပေါ့...။”
လေလွင့်ကျင့်ကြံသူမှာ ဒေါသထွက်သွားလေသည်။
*မင်း စိတ်မကောင်းရုံနဲ့ ငါ့ကို သတ်လို့ရမယ်လို့ ထင်နေတာလား…။*
မည်သို့ပင်ဖြစ်စေ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၉) အထိ ကျင့်ကြံထားသူတစ်ဦး ဖြစ်သဖြင့် သူသည် မအပေ။ သူက ထိုသို့ပြောလိုက်သော်လည်း ချက်ချင်းပင် လှည့်ထွက်ကာ အစွမ်းကုန် ထွက်ပြေးလေ တော့သည်။
သူသည် တုံ့ဆိုင်းမနေဘဲ သူ၏ကိုယ်ပေါ်သို့ လေပေါ်ရှပ်ပြေးခြေလှမ်း အဆောင် တစ်ခုကို ကပ်လိုက်ရာ မှေးမှိန်သော အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ အရှိန်မှာလည်း သိသိသာသာ မြန်ဆန်လာခဲ့သည်။
*တိုက်ခိုက်ရင် ငါ နိုင်မှာ မဟုတ်ဘူး...။ လူ (၇) ယောက်ကို တစ်ပြိုင်တည်း ဘယ်လို တိုက်မလဲ…။*
*ထွက်ပြေးရင်တော့ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းတော့ ရှိနိုင်သေးတယ်…။*
“သူ ထွက်ပြေးလို့ရမယ် ထင်နေတာလား...။”
ကုရှောင်ထုံသည် အခြားတစ်ဖက်က လေပေါ်ရှပ်ပြေးခြေလှမ်း အဆောင်ကို အသုံးပြုခြင်းအပေါ် လုံးဝ ဂရုမစိုက်ဟန် ပေါ်နေ၏။ သူမသည် ထူးဆန်းသော ခြေလှမ်းများကို အသုံးပြုလိုက်ရာ သူမ၏ ခန္ဓာကိုယ် မှာ အရိပ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး သူမ၏ အရှိန်မှာလည်း အဆမတန် မြန်ဆန်လာလေတော့သည်။
လေလွင့်ကျင့်ကြံသူမှာ အဆောင်ကို အသုံးပြုထားသော်လည်း သူတို့ကြားရှိ အကွာအဝေးမှာ သိသိ သာသာပင် ကျဉ်းမြောင်းလာခဲ့လေသည်။
ခဏအကြာတွင် သူမသည် လေလွင့်ကျင့်ကြံသူ၏ နောက်ဘက်သို့ ရောက်ရှိသွားချေပြီ။
“ဒါ...၊ ဒါ မဖြစ်နိုင်ဘူး...။”
လေလွင့်ကျင့်ကြံသူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။
*ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ...။ သူ အဆောင်ကို သုံးထားတာတောင် ဒီလိုလွယ်လွယ်ကူကူ မီသွားတာလား…။*
“မလုပ်ပါနဲ့...၊ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး...။ ဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ...။ ငါ့ရဲ့ သိုလှောင်အိတ်ကို ပေးပါ့မယ်...။”
သေခြင်းတရား၏ ခြိမ်းခြောက်မှုကြောင့် လေလွင့်ကျင့်ကြံသူမှာ အရာအားလုံးကို စွန့်လွှတ်ရန် အဆင် သင့် ဖြစ်နေချေပြီ။
“ငါ ပြောပြီးပြီလေ...၊ ငါ စိတ်မကောင်းလို့ နင့်ရဲ့ ခေါင်းကို အသုံးချင်လို့ပါလို့...။”
“ဒါတွေအားလုံးက နင်က အားနည်းပြီး နောက်ခံမရှိလို့ပဲလို့ မှတ်ထားလိုက်ပါ...။”
ထိုသို့ပြောပြီးနောက် ကုရှောင်ထုံသည် မီးလျှံမြွေတစ်ကောင်ကို ဖန်တီးကာ ပစ်လွှတ်လိုက်လေတော့ သည်။
လေလွင့်ကျင့်ကြံသူသည်လည်း ငြိမ်ခံမနေဘဲ သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ မီးလျှံမြွေကို သတ်ရန် ကြိုးစားလိုက်လေ၏။
မထင်မှတ်ဘဲ မီးလျှံမြွေမှာ လေလွင့်ကျင့်ကြံသူ၏ ဓားကို လွယ်ကူစွာ ရှောင်ကွင်းသွားပြီး သူ၏ ရင်ဘတ် ကို တိုက်ရိုက် ထိမှန်သွားလေတော့သည်။ သူ၏ ရင်ဘတ်တစ်ခုလုံးမှာ မည်းနက်သွားပြီး အသားကင်နံ့များပင် ထွက်ပေါ်လာခဲ့ချေပြီ။
“ငါ မကျေနပ်ဘူး...။”
လေလွင့်ကျင့်ကြံသူသည် သူ သေရတော့မည်ကို သိရှိသွားသဖြင့် အသားကုန် အော်ဟစ်လိုက်လေ၏။
သူသည် တကယ်ပင် လက်မခံနိုင် ဖြစ်နေရသည်ပင်။ သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် အဓိက ဆေးပင် (၃) ပင်ကို ရရှိထားပြီး ဖြစ်ရာ လျှို့ဝှက်နယ်မြေထဲမှ ထွက်သွားပါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး (၃) လုံး၊ (၄) လုံးခန့်နှင့် လဲလှယ်နိုင်မည်ဟု တွက်ချက်ထား ခြင်း ဖြစ်လေသည်။
ထိုအခါ သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် အခွင့်အရေး များစွာ ရှိနေပြီး သူ၏ အဆင့်အတန်းနှင့် စွမ်းအားမှာလည်း ချီစွမ်းအင်သန့်စင်ခြင်းအဆင့်ထက် များစွာ ပိုမိုမြင့်မားသွားပေလိမ့်မည်။
သို့သော်လည်း သူမ၏ရှေ့မှ ဤအမျိုးသမီးကြောင့် သူ မျှော်လင့်ထားသမျှ အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ချေပြီ။
လူတစ်ယောက်ကို သတ်ပြီးနောက်တွင်လည်း ကုရှောင်ထုံမှာ မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိပေ။ သူမ သည် ထိုသူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်ရာ သူမ၏ မျက်နှာထက်တွင် အလိုအလျောက်ပင် အပြုံးတစ်ခု ပေါ်လာလေတော့သည်။
“မဆိုးပါဘူး...၊ အဓိကဆေးပင် (၃) ပင်တောင် ရှိတာပဲ...။ လူသတ်ရတာက ငါ့ရဲ့ စိတ်ကို တကယ်ပဲ ကြည်လင်စေတာပဲ...။”
သူမသည် သေဆုံးသွားသော လေလွင့်ကျင့်ကြံသူကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ လမ်းလွဲနေ သော သူများရှိရာဘက်သို့ ဦးတည် ထွက်ခွာသွားလေတော့သည်။
နှစ်နာရီခန့် ကြာပြီးနောက်တွင် သူမသည် ဖုဝမ်နှင့် အခြားသူများကို နောက်ဆုံး၌ တွေ့ရှိသွားခဲ့လေ သည်။ ယခုအခါတွင် ဖုဝမ်နှင့် သူ၏အဖွဲ့ထဲမှ တစ်ဝက်ခန့်မှာ မူလ အဝတ်အစားများကို ပြန်လည် လဲဝတ်ထားနိုင်ကြပြီ ဖြစ်၏။
ဤအဝတ်အစားအချို့မှာ ဂိုဏ်းတပည့်များထံမှ ဝယ်ယူထားခြင်းဖြစ်ပြီး အပြင်ရောက်မှ စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြန်ပေးရန် သဘောတူထားခြင်း ဖြစ်လေသည်။
အချို့မှာမူ စောင့်ကြည့်နေကြသော လေလွင့်ကျင့်ကြံသူများထံမှ လုယူထားခြင်း ဖြစ်လေသည်။ ၎င်းတို့ သည် သိုးအုပ်ထဲမှ ဝံပုလွေများကဲ့သို့ လေလွင့်ကျင့်ကြံသူများကို မြင်သည်နှင့် အတင်း လိုက်လံ ဖမ်းဆီး ခဲ့ကြခြင်း ဖြစ်လေသည်။
မျက်လုံးများမှာ အစိမ်းရောင်တောက်လျက် သူတို့သည် လေလွင့်ကျင့်ကြံသူများကို သတ်ဖြတ်ကာ အဝတ်အစားနှင့် ပစ္စည်းများကို လုယူခဲ့ကြခြင်း ဖြစ်လေသည်။
သို့သော်လည်း ထိုသို့ ပြုမူခြင်းကြောင့် မည်သည့် လေလွင့်ကျင့်ကြံသူမျှ ဆက်လက် စောင့်ကြည့်ရန် မဝံ့ရဲကြတော့ပေ။
ဖုဝမ်မှာမူ ထိုနေရာ၌ပင် မလှုပ်မယှက် လဲလျောင်းနေဆဲ ဖြစ်သည်။ သူ၏ တပည့်များက မည်သို့ပင် ဖျောင်းဖျစေကာမူ မရသဖြင့် သူတို့မှာလည်း ထိုနေရာ၌ပင် ဆက်လက် ရှိနေကြခြင်း ဖြစ်လေသည်။
အမှန်စင်စစ် သူတို့ကို ဖျောင်းဖျနေခြင်းမှာ အကျိုးမရှိလှပေ။ အကြောင်းမှာ သူတို့၏ စိတ်ဓာတ်များမှာ လည်း ပြိုလဲနေသောကြောင့် ဖြစ်လေသည်။ ဖုဝမ်ကို အားပေးစကား အနည်းငယ် ပြောပြီးသည်နှင့် သူတို့ကိုယ်တိုင်ပင်လျှင် ပြန်လည် ငိုကြွေးမိနေကြသောကြောင့်ပင်။
သူတို့ကိုယ်တိုင်လည်း နှစ်သိမ့်ပေးမည့်သူကို လိုအပ်နေခဲ့သည် မဟုတ်ပါလား။
ကုရှောင်ထုံသည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်အမင်း ဒေါသထွက်သွားခဲ့လေ၏။ ဤအရွယ် ရောက်ပြီးသား ယောကျ်ားကြီးများသည် တကယ့်ကို သူရဲဘောကြောင်သူများနှင့် တူနေပေတော့သည်။
*ဒုက္ခလေး နည်းနည်း ကြုံရရုံနဲ့ ငိုနေကြတာလား...။*
*စကားပုံတစ်ခု ရှိတယ် မဟုတ်လား။ လဲကျရင် ပြန်ထရမယ်...။ အဲ့ဒါမှ ယောကျ်ားစစ်ပေါ့...။*
*ဒီယောကျ်ားတွေမှာ...၊ အဲ့ဒီအရာ...၊ မရှိကြတော့ဘူးလား...။ သူတို့ မတ်တတ်ရပ်ပြီး မလုပ်နိုင်ကြ တော့ဘူးလား…။*
“နင်တို့ ဘာလုပ်နေကြတာလဲ...။”
ကုရှောင်ထုံသည် အနားသို့ ရောက်သည်နှင့် အော်လိုက်လေ၏။
ပုံမှန်ဆိုလျှင် လူတိုင်းက သူမကို “နေကောင်းလား စီနီယာအစ်မ” ဟု ရိုရိုသေသေ နှုတ်ဆက်ကြပေလိမ့် မည်။
သို့သော်လည်း ယခုမှာမူ သူမကို တစ်ချက်မျှသာ မော့ကြည့်လိုက်ကြပြီး ခေါင်းပြန်ငုံ့သွား ခဲ့ကြလေ တော့သည်။
ဖုဝမ်ကမူ မျက်တောင်တစ်ချက်ပင် မခတ်ပေ။
ကုရှောင်ထုံမှာ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်လိုက်၏။
“အသုံးမကျတဲ့ကောင်တွေ...၊ အသုံးမကျတဲ့ကောင်တွေ...။ တစ်ဖွဲ့လုံးက အသုံးမကျတဲ့ အမှိုက်တွေ ချည်းပဲ...။”
“နင့်အမေကို...၊ နင့်အမေကိုပဲ...၊ ထွက်သွားစမ်း...။”
ဖုဝမ်မှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး ဆဲဆိုကာ ပြန်လည် တုံ့ပြန်လိုက်လေတော့သည်။
ခဏမျှ နားလိုက်ရသဖြင့် သူသည် အတော်လေး သက်သာသွားခဲ့ပြီ ဖြစ်ပေသည်။
ရုတ်တရက်ကြီး သူ့ကို အသုံးမကျတဲ့သူ၊ အမှိုက်ကောင်လို့ ခေါ်လိုက်ခြင်းက သူ၏ ကိုယ်ပိုင် အနီရောင် နေမင်းဂိုဏ်းက လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
*ဘယ်သူက ဒီလောက် သတ္တိရှိနေတာလဲ...။ ကုရှောင်ထုံဆိုတဲ့ အမျိုးသမီးက ဘယ်တုန်းက ဒီလောက် ရဲတင်းသွားတာလဲ….။*
ကုရှောင်ထုံ၏ အရှိန်အဝါမှာ လျော့ကျသွားပြီး သူမသည် အနည်းငယ် ပျော့ပြောင်းသွားကာ တိုးတိုး လေး ပြောလိုက်လေ၏။
“စီနီယာအစ်ကို ဖုဝမ်...၊ ကျွန်မ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး...။”
“ဒါဆိုရင် ဘာကို ဆိုလိုတာလဲ...၊ ဟမ်...။”
ကုရှောင်ထုံ၏ အဆဲခံလိုက်ရသော လူ (၇) ယောက်မှာလည်း ဖုဝမ်က ပြန်ဆဲလိုက်သည်ကို မြင်သော အခါမှ စိတ်ထဲ၌ အနည်းငယ် သက်သာသွားကြလေတော့သည်။
“စီနီယာအစ်ကို ဖုဝမ်...၊ ကျွန်မက အားလုံးကို အားပေးချင်ရုံတင်ပါ...။”
“ဘာတွေက လန်းဆန်းနေလို့လဲ...။”
ဖုဝမ်က အလျှော့မပေးပေ။ သူသည် ဒေါသဖြေဖျောက်စရာ လူတစ်ယောက်ကို နောက်ဆုံး၌ တွေ့ရှိသွား ပြီဖြစ်ရာ သူမက သူ၏ တံခါးဝသို့ ရောက်လာသည်ကို သူက အဘယ်ကြောင့် လွှတ်ပေးပါမည်နည်း။
“စီနီယာအစ်ကို...၊ ကျွန်မ မှားသွားပါတယ်...။”
ကုရှောင်ထုံမှာ အစောပိုင်းကကဲ့သို့ မာနထောင်မနေတော့ပေ။
“ကျွန်မတို့ စီနီယာအစ်ကိုအတွက် လက်စားချေဖို့ နည်းလမ်းတစ်ခုခု စဉ်းစားကြရအောင်လေ...။”
လက်စားချေမည်ဟူသော စကားကြောင့် ဖုဝမ်၏ မျက်လုံးများမှာ အရောင်တောက်သွားသော်လည်း ထို ယုတ်မာသော လူယုတ်မာ၏ လုပ်ရပ်များကို စဉ်းစားမိသောအခါ ပြန်လည် တွန့်ဆုတ်သွားပြန်လေ သည်။
သူသည် လက်နက်အစစ်အမှန်များကို မကြောက်သော်လည်း ထိုလူက အောက်လမ်းနည်းစနစ်များကို သာ အထူးပြု၍ အသုံးပြုနေသည် မဟုတ်ပါလား။
“စီနီယာအစ်ကို...၊ သူက ယုတ်မာတဲ့ လှည့်ကွက်တွေ သုံးနေမှတော့...၊ ကျွန်မတို့လည်း ယုတ်မာတဲ့ လှည့်ကွက်တွေပဲ သုံးကြတာပေါ့...။”
ဖုဝမ်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး သူ၏ ခေါင်းပေါ်မှ အဝတ်ကို ဖယ်ကာ ကုရှောင်ထုံ၏ အောက်ပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။
“မင်းက ဘယ်လို ယုတ်မာတဲ့ လှည့်ကွက်တွေ သုံးမှာလဲ...။”
ကုရှောင်ထုံသည် သူ၏ အကြည့်ကို သတိမထားမိဘဲ ပြောလိုက်လေ၏။
“ကျွန်မတို့ သူ့ကို တိတ်တဆိတ် ထောင်ချောက်ဆင်ကြမယ်...၊ ဒါမှမဟုတ် ကျွန်မတို့နဲ့အတူ ယုတ်မာတဲ့ လှည့်ကွက်တွေ သုံးလာအောင် သူ့ကို အတင်းအကျပ် လုပ်ကြမယ်...။”
ထိုစကားကို ကြားသောအခါ ဖုဝမ်သည် သူမ၏ အောက်ပိုင်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက် ပြန်လေသည်။
*ဒီအမျိုးသမီးက ဘာလို့ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကို ပြောနေရတာလဲ...။*
ထိုအခါမှ သူသည် အဝတ်အစား မဝတ်ရသေးကြောင်း သတိရသွားလေတော့သည်။