အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အခန်း (၂၃၁) - နှင်းဝံပုလွေများ၏ တန်ပြန်တိုက်စစ် (၁)
“အကြွင်းအကျန်လား” လင်းထျန်းလုံသည် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ စကားထဲမှ ‘အကြွင်းအကျန်’ ဆိုသည့် စကားလုံးကို တိကျစွာ ဖမ်းယူလိုက်ပြီး ငွေပြာဧကရာဇ်မျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာတွင် နားလည်သွားဟန်ရသော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
“ငါ လိုအပ်တဲ့အရာ မင်းဆီမှာ တကယ်ရှိနေတာပဲ”
သူ့စကားဆုံးသည်နှင့် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်၀န်းသည် ရုတ်တရက် လင်းထိန်လာလေ၏။
“စကားတော့တတ်သားပဲ၊ ဒီဘုရင်ရှေ့မှာ ဒူးထောက်လိုက်စမ်း”
အဆုံးစွန်အထိ စုစည်းထားပြီး ဖျက်ဆီးခြင်းအငွေ့အသက်များ ထုတ်လွှင့်နေသည့် ရွှေအိုရောင် အလင်းတန်းတစ်ခုသည် သတိပေးခြင်း တစ်စုံတစ်ရာမရှိဘဲ ထွက်ပေါ်လာသည်။
အလင်းတန်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟင်းလင်းပြင် အနည်းငယ် ကောက်ကွေးသွားပြီး မည်းမှောင်သွားကာ အလင်းရောင်ကိုပင် တိုက်စားဝါးမြိုသွားသကဲ့သို့ပင်။
၎င်း၏ အမြန်နှုန်းမှာ အတွေးထက်ပင် မြန်ဆန်နေသည်။
သို့သော်လည်း ရွှေအိုရောင် အလင်းတန်း လင်းထျန်းလုံကို ထိလုနီးပါး အချိန်လေးတွင် လင်းထျန်းလုံ၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ နေရာတွင်ပင် ပျောက်ကွယ်သွားတော့သည်။
ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း။
နောက်တစ်ခဏတွင် မီတာတစ်ရာခန့် အကွာအဝေးရှိ ကောင်းကင်ယံတွင် ပြန်ပေါ်လာပြီး သူ၏အမူအရာမှာ တည်ငြိမ်နေလေသည်။
သူ၏မူလနေရာတွင် ဟင်းလင်းပြင်စွမ်းအားကြောင့် ပုံပျက်နေသော အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ထိုအရိပ်သည်လည်း ရွှေအိုရောင် အလင်းတန်းကြောင့် ချက်ချင်းပြာကျသွားတော့သည်။
“အတော်မြန်တာပဲ” မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ လေသံမှာ အရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သော်လည်း သွေးနီရောင်မျက်လုံးများထဲရှိ မထီမဲ့မြင်ပြုမှုများ အနည်းငယ် လျော့ကျသွားသည်။
“ဒါပေမယ့် မင်း ဘယ်နှစ်ကြိမ်ရှောင်နိုင်မလဲဆိုတာ ဒီဘုရင် ကြည့်ချင်သေးတယ်”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးမှာ အကြိမ်ကြိမ် လင်းလက်သွားပြီး အစောကထက် အနည်းငယ် ပိုသေးသော်လည်း ပိုမြန်သော ရွှေအိုရောင် အလင်းတန်းသုံးခုသည် တြိဂံပုံစံဖြင့် ပစ်လွှတ်ထွက်ပေါ်လာကာ လင်းထျန်းလုံ ရှောင်တိမ်းနိုင်မည့် ထောင့်အားလုံးကို တိကျစွာ ပိတ်ဆို့လိုက်တော့သည်။
ယခုတစ်ကြိမ်တွင်တော့ လင်းထျန်းလုံသည် ရှောင်တိမ်းခြင်း မပြုတော့ပေ။
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ကိုယ်တွင်းရှိ ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာသည် အစွမ်းကုန် လည်ပတ်လာတော့သည်။
သူ၏ ငွေဖြူရောင် အမွေးများအောက်တွင် ရွှေအိုရောင်ပုံစံလိုင်းများ ထင်ရှားစွာ ပေါ်လာပြီး သက်ရှိများအလား စီးဆင်းနေကာ ယခင်ကထက် များစွာ ပိုမိုကျယ်ပြော၊ လေးလံပြီး ရှေးဟောင်းအသက်စွမ်းအင်များ ပြည့်နှက်နေသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
လင်းထျန်းလုံ၏ ညာဘက်ရှေ့လက်သည်းတွင် အလွန်အမင်း သိပ်သည်းစုစည်းထားသော တစ္ဆေပြာရောင် အေးစက်စက် အလင်းလွှာတစ်ခု ချက်ချင်းဖုံးလွှမ်းလာသည်။
အအေးဓာတ်က အလွန်ပြင်းထန်လှသဖြင့် လက်သည်းထိပ်ဖျားပတ်လည်ရှိ ဟင်းလင်းပြင်သည် မည်းနက်နေသော ရေခဲပုံဆောင်ခဲ အက်ကွဲကြောင်းငယ်လေးများအဖြစ် အေးခဲသွားသည်။
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း။
လင်းထျန်းလုံသည် နောက်မဆုတ်ဘဲ ရှေ့သို့တိုးကာ အလယ်ဗဟိုမှ ရွှေအိုရောင် အလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်ရန် လက်သည်းကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း.....။
ရွှေအိုရောင်နှင့် တစ္ဆေပြာရောင်၊ ဖျက်ဆီးခြင်းနှင့် အစွန်းရောက် အအေးဓာတ်။
လုံးဝ ကွာခြားသော်လည်း ကြောက်မက်ဖွယ်ကောင်းလွန်းသော စွမ်းအင်နှစ်ခုသည် လေထဲတွင် ပြင်းထန်စွာ တိုက်မိသွားကြလေ၏။
မျှော်လင့်ထားသကဲ့သို့ ပေါက်ကွဲမှုမျိုး မရှိဘဲ အရာအားလုံးကို အတင်းအဓမ္မ ဆုတ်ဖြဲကြိတ်ချေနေသကဲ့သို့ သွားကျိန်းဖွယ် ပျက်စီးခြင်းအသံသာ ထွက်ပေါ်လာသည်။
ထိပ်တိုက်တွေ့ဆုံရာ ဗဟိုချက်မှ မျက်စိကျိန်းမတတ် အလင်းရောင်များ ပေါက်ကွဲထွက်လာပြီးနောက် မမြင်ရသော စက်ဝိုင်းပုံစံ တုန်ခါမှုလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ဆူနာမီလှိုင်းကြီးတစ်ခုနှယ် အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ပြန့်နှံ့သွားတော့သည်။
“အား...”
“အာဝူး...”
အောက်ဘက်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော မိစ္ဆာသားရဲများနှင့် နှင်းဝံပုလွေများအားလုံး၊ အရိပ်လက်သည်းကျားသစ်များဖြစ်စေ လုပ်ကြံသတ်ဖြတ်သူများဖြစ်စေ အဆင့်နိမ့်မိစ္ဆာသားရဲ အားလုံးမှာ ဤရုတ်တရက် တုန်ခါမှုလှိုင်းကြောင့် လဲကျသွားကြသည်။
အနီးကပ် ရှိနေသူများဆိုလျှင် အရိုးများကျိုးကာ အရွတ်များပင် ပြတ်ထွက်သွားကြသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ထျန်းပင်းနှင့် တိုက်ခိုက်နေသော မိုးကြိုးမျောက်ဝံစစ်သူကြီးသည် ရုန်းကန်နေရသည့်ကြားမှ ဤမြင်ကွင်းကို မြင်လိုက်ရပြီး အလွန်အမင်း အံ့သြသွားသဖြင့် ထျန်းပင်း၏လက်သည်းဖြင့် မျက်နှာကို ကုတ်ခြစ်ခံရလုနီးပါး ဖြစ်သွားသည်။
သူ့ မျက်လုံးကို သူ လုံးဝ မယုံကြည်နိုင်သေးပေ။ ထိုငွေရောင်ဝံပုလွေက ဘုရင်ကြီး၏ ဒေါသတကြီး တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ပြီးသည့် အချိန်တွင်ပင် ဒဏ်ရာမရဘဲ နေနိုင်ခဲ့သည်လော။
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော လေးနက်မှုများ ပေါ်လာသည်။
ထိုအရာက တူညီသော အဆင့်ရှိ ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ရချိန်တွင်သာ ရှိတတ်သော စူးစမ်းမှုမျိုးဖြစ်သည်။
“ငါ မင်းကို တကယ် အထင်သေးမိသွားတာပဲ...”
သူ့ရှေ့ရှိ ငွေပြာရောင်ဝံပုလွေသည် သာမန် ဘုရင်အဆင့် မိစ္ဆာသားရဲ လုံးဝမဟုတ်ကြောင်းကို သူ သဘောပေါက်သွားသည်။
လင်းထျန်းလုံ၏ သွေးမျိုးဆက်နှင့် ကံကြမ္မာသည် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ ခန့်မှန်းချက်များထက် များစွာ သာလွန်နေလေသည်။
လင်းထျန်းလုံသည် သူ၏ကိုယ်တွင်းမှ တဟုန်ထိုး တိုးတက်လာပြီး အဆုံးမရှိဟု ထင်ရသော စွမ်းအားများကို ခံစားလိုက်ရကာ မကြုံစဖူးသော စွမ်းအင်များပြည့်လျှံနေသည့် ခံစားချက်က သူ၏ရင်ထဲတွင် ဖြစ်တည်လာတော့သည်။။
သူသည် နှုတ်မှ ဟိန်းဟောက်ပြောဆိုရန် မလိုအပ်တော့ဘဲ အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်းမှတစ်ဆင့် အလွန်ကြည်လင်ပြတ်သားသော တိုက်ပွဲဝင်လိုစိတ်နှင့် အမိန့်ပေးချက်ကို ဝံပုလွေအုပ်စုအဖွဲ့ဝင်တိုင်း၏ စိတ်ထဲသို့ ချက်ချင်း ပေးပို့လိုက်သည်။
“တန်ပြန်တိုက်ခိုက်ရမယ့်အချိန်... ရောက်ပြီ”
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ခန်းခြောက်နေသော မြစ်ကြမ်းပြင်ထဲကို တဟုန်ထိုး စီးဆင်းလာသော ချောင်းရေစီးကြောင်းတစ်ခု ထပ်တိုးလာသကဲ့သို့ပင်။
“ဘုရင်ကြီး ပြန်ရောက်လာပြီ၊ သတ်ကြ” ရန့်မြဲ့က အရင်ဆုံးဟိန်းဟောက်လိုက်သည်။
ခံစစ်အနေအထားမှ တိုက်ခိုက်နေခဲ့ရသော အစောင့်အရှောက်များသည် အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသည့် မီးတောင်တစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားကြပြီး ရေခဲတံတိုင်းပေါ်ရှိ ကာကွယ်ရေး သင်္ကေတများသည် တောက်ပသော အလင်းရောင်များဖြင့် နောက်တစ်ဖန် လင်းလက်လာတော့သည်။
“ဟားဟားဟား... အသုံးမကျတဲ့ကောင်တွေ၊ ကြားကြလား၊ ဘုရင်ကြီးက အမိန့်ပေးလိုက်ပြီ၊ မင်းတို့အားလုံး သွားသေလိုက်ကြတော့” ထျန်းပင်း ရူးသွပ်စွာ ရယ်မောလိုက်သည်။
မူလက မိုးကြိုးမျောက်ဝံစစ်သူကြီးနှင့် အင်အားချင်း မျှနေခဲ့သော်လည်း သူသည် လေထဲမှ နောက်ထပ် ကြီးမားသော ခွန်အားတစ်ခုကို ရရှိလိုက်သကဲ့သို့ပင်။
ထာဝရဗာဂျရာခန္ဓာ၏ ရွှေရောင်အလင်းများ ပိုမိုတောက်ပလာပြီး သူ၏တိုက်ခိုက်မှုများမှာ ချက်ချင်း ပိုမိုကြမ်းတမ်းရက်စက်လာသဖြင့် မိုးကြိုးမျောက်ဝံစစ်သူကြီးကို ခုခံရုံမှလွဲ၍ ပြန်မတိုက်နိုင်အောင် ဖိအားပေးနိုင်ခဲ့သည်။
စစ်မှန်သော နောက်ဆုံးတိုက်ပွဲသည် ဤအခိုက်အတန့်တွင် ၎င်း၏ သွေးစွန်းနေသော ကန့်လန့်ကာကို နောက်ဆုံးတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
“မိုးကြိုးအမှိုက်ကောင်... ခုနက ငါ့ကိုထိုးရတာ ပျော်နေတာမလား” ထျန်းပင်း၏ ရွှေရောင်ရင့်ရင့် အမွေးများ ထောင်ထလာသည်။
သူ ဒဏ်ရာရပြီးနောက် သူ၏ နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်သည် လုံးဝ အသက်ဝင်လာပြီဖြစ်သည်။
ဒဏ်ရာများလေ သူ၏ တိုက်ပွဲဝင်လိုစိတ်က ပိုမိုရူးသွပ်လေပင်ဖြစ်သည်။
သူ့ဘေးမှ ဖြတ်သွားသော လျှပ်စီးအချို့ကို အတင်းအဓမ္မ ဖြတ်သန်းကာ သူ၏ ဧရာမဝံပုလွေလက်သည်းများသည် အရာအားလုံးကို ဆုတ်ဖြဲပစ်မည့် အငွေ့အသက်များ သယ်ဆောင်လျက် မိုးကြိုးမျောက်ဝံစစ်သူကြီးကို ရူးသွပ်စွာ ကုတ်ခြစ်လိုက်သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီးသည် အံ့သြဒေါသထွက်သွားသည်။ ပြိုင်ဘက်၏ ခွန်အားနှင့် အမြန်နှုန်း နှစ်ခုစလုံးတိုးလာသည်ကို သူ တွေ့ရှိလိုက်ရ၏။
“သေချင်နေတာလား”
မိုးကြိုးမျောက်ဝံစစ်သူကြီး လက်သီးထိပ်တွင် စုစည်းထားသော လျှပ်စီးများဖြင့် ဖုံးလွှမ်းလိုက်ပြီး နောက်ထပ် မိုးကြိုးအလင်းလက်သီး တစ်ချက် ပစ်သွင်းလိုက်သည်။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
လက်သည်းနှင့် လက်သီး တိုက်မိတိုင်း စစ်စည်ကို ဧရာမသံတူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ တုန်ခါမှုလှိုင်းများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာသည်။
ထျန်းပင်းသည် ကာကွယ်ခြင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီး ဒဏ်ရာချင်း ဖလှယ်နေသည်။
လောင်ကျွမ်းနေသော လက်သီးရာများနှင့် ဆုတ်ဖြဲခံထားရသော ဒဏ်ရာများ သူ၏ခန္ဓာကိုယ်ပေါ်တွင် စတင်ပေါ်လာခဲ့ပြီး မိုးကြိုးမျောက်ဝံစစ်သူကြီး၏ အခြေအနေမှာလည်း သူ့ထပ် ပိုမကောင်းပေ။
အရိုးထိအောင် နက်ရှိုင်းသော လက်သည်းရာအချို့က ၎င်း၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ပေါ်လာပြီး ရွှေအိုရောင်သွေးများ အဆက်မပြတ် စိမ့်ထွက်နေကာ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော အေးစက်စက် လေများကြောင့် မိုးကြိုးမျောက်ဝံစစ်သူကြီး၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးလာသည်။
“ရူးနေတဲ့ကောင်... မင်းက ရူးနေတဲ့ကောင်ပဲ” မိုးကြိုးမျောက်ဝံစစ်သူကြီး အော်ဟစ်လိုက်သည်။
ဤကဲ့သို့ မိမိကိုယ်ကို သတ်သေနေသည့်အလား တဇွတ်ထိုးတိုက်ခိုက်ရေးပုံစံမျိုးကို သူ တစ်ခါမှမမြင်ဖူးပေ။
“ဟားဟားဟား... ကြောက်နေပြီလား”
ထျန်းပင်းသည် သွေးများရောနှောနေသော တံတွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး သူ၏မျက်လုံးများခဲတွင် ရူးသွပ်မှုအရိပ်အယောင်နှင့် မီးတောက်များ တောက်လောင်လာသည်။
“ငါ သွေးပူလေ့ကျင့်ခန်း လုပ်လို့တောင် မပြီးသေးဘူးကွ”
သူ ထပ်မံခုန်အုပ်လိုက်ပြီး ရူးသွပ်အားလှိုင်းကို အသက်သွင်းကာ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်ရင့်ရင့် ကြယ်တံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ရင်ဘတ်ကို ရက်စက်စွာ ဝင်တိုက်လိုက်တော့သည်။
အခြားတစ်ဖက်ရှိ တိုက်ပွဲမှာ တိတ်ဆိတ်ပြီး သေခြင်းတရားများဖြင့် ပြည့်နှက်နေလေသည်။
ကျောက်သားချပ်ဝတ် တောဝက်ဘုရင်သည် စစ်မှန်သော မဟူရာကျောက်တောင်ကုန်းလေးတစ်ခုနှင့် တူနေပြီး သူ၏ မဟူရာအရေပြားက သူကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အများစုအား လုံးဝနီးပါး ခံနိုင်ရည်ရှိစေသည်။
ကျောက်သားချပ်ဝတ် တောဝက်ဘုရင်အပေါ်သို့ ကျရောက်လာသော အစောင့်အရှောက်များ၏ လက်သည်းတိုက်ခိုက်မှုများသည် တစ်ခါတစ်ရံ မီးပွားများထွက်ပေါ်လာပြီး အဖြူရောင် အရာတိမ်တိမ်လေးများသာ ချန်ရစ်နိုင်ခဲ့သည်။
ကျောက်သားချပ်ဝတ် တောဝက်ဘုရင်သည် လေးလံသော ခြေလှမ်းများဖြင့် ရွေ့လျားကာ ကာကွယ်ရေးမျဉ်းကို လုံးဝဖျက်ဆီးပစ်ရန် ကြိုးစားရင်း ကျောက်သားချပ်ဝတ် ဝင်တိုက်ခြင်း နှင့် မြေကြီးဆုတ်ဖြဲ ခြေနင်းတိုက်ကွက်တို့ကို အဆက်မပြတ် အသုံးပြုနေသည်။
အခန်း (၂၃၂) - နှင်းဝံပုလွေများ၏ တန်ပြန်တိုက်စစ် (၂)
ရန့်မြဲ့သည် အတည်ငြိမ်ဆုံး ကျောက်ဆောင်တစ်ခုကဲ့သို့ ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ ပတ်လည်တွင် အဆက်မပြတ် ရွေ့လျားနေသည်။
သူ၏ ရေခဲကြေးခွံချပ်ဝတ်တန်ဆာသည် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေပြီဖြစ်သော်လည်း မျက်လုံးများမှာ ယခင်ကအတိုင်း အေးစက်နေဆဲဖြစ်သည်။
သူသည် ထိပ်တိုက်ရင်ဆိုင်ရန် မကြိုးစားတော့ဘဲ အကြွင်းမဲ့ရေခဲဝိညာဉ်မှ ဝိညာဉ်အေးခဲခြင်း ဝိသေသလက္ခဏာရပ်ကို အသုံးပြုကာ လက်သည်းတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ဝိညာဉ်ကိုတိုက်စားနိုင်သော အစွန်းရောက် အအေးဓာတ်များကို သယ်ဆောင်လာသည်။
သူ၏ ထက်မြက်သောလက်သည်းများသည် ထိုဖျက်ဆီး၍မရသော မဟူရာကျောက်အခွံများကို မရည်ရွယ်တော့ဘဲ အရိုးအဆစ်နေရာများ၊ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ် စသည့် ပျော့ညံ့သော နေရာများကိုသာ အာရုံစိုက်လိုက်သည်။
သိမ်မွေ့သော ဘေးဘက်ရှောင်တိမ်းမှု တစ်ခုပြီးနောက် ရန့်မြဲ့၏ မိစ္ဆာဝိညာဉ်ခွဲလက်သည်းသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ပစ်လွှတ်ထွက်ပေါ်သွားပြီး ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ နောက်ခြေထောက် အဆစ်ကြားသို့ တိကျစွာ ထိုးစိုက်သွားတော့သည်။
“ဂါးး...” ကျောက်သားချပ်ဝတ် တောဝက်ဘုရင်က နာကျင်စွာ အော်ဟစ်လိုက်သည်။
ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုမှာ ကန့်သတ်ချက်ရှိသော်လည်း ဝိညာဉ်အေးခဲခြင်း၏ အအေးဓာတ်များ ရောနှောနေသည့် ထိုဝိညာဉ်တိုက်စားခြင်းစွမ်းအားသည် ရေခဲဆူးတစ်ခုနှယ် ၎င်း၏ ဝိညာဉ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသဖြင့် ခြေထောက်များ ချက်ချင်း ထုံကျဉ်သွားပြီး သိသိသာသာ ဟန်ချက်ပျက်သွားသည်။
ရန့်မြဲ့ ချက်ချင်းနောက်ဆုတ်လိုက်ပြီး နောက်တစ်ကြိမ် အခွင့်အရေးကို တည်ငြိမ်စွာ ရှာဖွေနေသည်။ သူသည် စိတ်အရှည်ဆုံးသော အမဲလိုက်သမားတစ်ဦးကဲ့သို့ ဤဧရာမသားရဲကြီးကို တဖြည်းဖြည်းခြင်း အားနည်းအောင် လုပ်နေသည်။
ဤစစ်သူကြီးအဆင့် တိုက်ပွဲသုံးခုအနက် အလည့်စားဆုံးနှင့် အန္တရာယ်အများဆုံးမှာ ယင်းဖုန်းနှင့် သွေးကျားဘုရင်တို့၏ ယှဉ်ပြိုင်မှုပင်ဖြစ်သည်။
သွေးကျားဘုရင်သည် သွေးဆာရူးသွပ်မှုကို ကန့်သတ်ချက်အထိ တွန်းပို့ထားပြီး စစ်မြေပြင်တစ်လျှောက် ရောင်ပြန်ဟပ်နေသော ရွှေနီရောင်လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လက်သည်းတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ဝိညာဉ်ခွဲလက်သည်း၊ ထက်မြက်သော ဓားသွားသည် လေကို အလွယ်တကူ ဆုတ်ဖြဲသွားလေ၏။
သွေးကျားဘုရင်သည် အကြွင်းမဲ့အမြန်နှုန်းဖြင့် ဖမ်းဆုပ်ရခက်သော ပြိုင်ဘက်ကို ဖိချေပစ်ရန် ကြိုးစားနေသည်။
သို့သော်လည်း သေချာပေါက် သတ်ဖြတ်နိုင်မည်ထင်ရသည့် ခုန်အုပ်မှုတိုင်းသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော အရိပ်တစ်ခုကိုသာ ဆုတ်ဖြဲနိုင်ခဲ့သည်။
ယင်းဖုန်းသည် တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းနှင့် အရိပ်ကူးပြောင်းခြင်းတို့ကို အမြင့်ဆုံးအဆင့်အထိ ပေါင်းစပ်အသုံးပြုထားသည်။
သူသည် တစ်ခါတစ်ရံ ရေခဲတံတိုင်းများ၏ အရိပ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး တစ်ခါတစ်ရံ သွေးကျားဘုရင်၏ အရိပ်ထဲမှ ထွက်ပေါ်လာသည်။
အစွန်းရောက်အရိပ်လေဓားသွားသည် သွေးကျားဘုရင်၏ မျက်လုံးများ၊ လည်ချောင်းနှင့် အဆစ်များဆီသို့ ရှုပ်ထွေးသော ထောင့်အမျိုးမျိုးမှ အသံတိတ် တိုက်ခိုက်နေသည်။
“သတ္တိကြောင်တဲ့ကောင်၊ ထွက်လာပြီး ငါနဲ့ မျက်နှာချင်းဆိုင်တိုက်စမ်း” သွေးကျားဘုရင်သည် အလွန်အမင်း ဒေါသထွက်နေပြီး စွမ်းအားများကို ထုတ်လွှတ်ရန် နေရာမရှိသည့် ဤခံစားချက်က သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေသည်။
သွေးကျားဘုရင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူ၏ရင်ဘတ် ဖောင်းကြွလာပြီး တောအုပ်ကို တုန်လှုပ်စေသော နားကွဲမတတ် ကျားဟိန်းသံတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုများ ရောနှောနေသော ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းတစ်ခုက ပတ်ဝန်းကျင်ကို တိုက်ခတ်သွားသည်။
သို့သော် အသံလှိုင်းထိမှန်တော့မည့် အခိုက်အတန့်တွင် ယင်းဖုန်း၏ပုံရိပ်က ထပ်မံဝေဝါးသွားပြန်သည်။
အရိပ်ဝိညာဉ်၏ ‘အရိပ်ခန္ဓာ’ ဝိသေသလက္ခဏာရပ် အသက်ဝင်လာပြီး သူ့ကို အချိန်တိုအတွင်း ရုပ်ပိုင်းဆိုင်ရာ ပျောက်ဆုံးခြင်း အခြေအနေသို့ ရောက်ရှိသွားစေသည်။
အသံလှိုင်းသည် မည်သည့်ပျက်စီးမှုမျှ မဖြစ်စေဘဲ သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။
နောက်တစ်စက္ကန့်တွင် သူသည် သွေးကျားဘုရင်၏ နောက်ကျောတွင် ပေါ်လာ၏။
ယခုအချိန်အထိ အသုံးမပြုရသေးသော အရိပ်ဝိညာဉ်၏ အခြား ဝိသေသလက္ခဏာရပ်ဖြစ်သည့် ‘အရိပ်ဘေးဒဏ်’ အသက်ဝင်လာပြီဖြစ်သည်။
သူ၏ လက်သည်းများပေါ်ရှိ အရိပ်စွမ်းအားများသည် ချက်ချင်းစုစည်းသွားပြီး အရည်အသွေးပိုင်းအရ ပြောင်းလဲသွားကာ ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်နိုင်လုနီးပါးဖြစ်သည့် မည်းနက်နေသော မျဉ်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားပြီး သွေးကျားဘုရင်၏ ခေါင်းနောက်ဘက်သို့ တည့်တည့် ထိုးစိုက်သွားတော့သည်။
အသက်အန္တရာယ် အငွေ့အသက်တစ်ခုက သွေးကျားဘုရင်၏ အမွေးများကို ထောင်ထသွားစေပြီး အသည်းအသန် ရှေ့သို့ ခုန်ရှောင်လိုက်တော့သည်။
အသက်အန္တရာယ်ရှိသော နေရာများကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ထိုမည်းနက်နေသည့် မျဉ်းပါးလေးသည် သွေးကျားဘုရင်၏ကျောပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ရေးဆွဲသွားခဲ့သည်။
ဒဏ်ရာမှ သွေးများမစီးကျလာဘဲ မင်စွန်းသွားသကဲ့သို့ ဖြစ်နေပြီး တိုက်စားမှုများ အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့နေသည်။
“အား...”
သွေးကျားဘုရင်သည် နာကျင်မှု၊ အံ့သြမှုနှင့် ဒေါသများ ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်သည်။
သူ၏ အမြန်နှုန်း သိသိသာသာနှေးကွေးသွားပြီး ယင်းဖုန်းကို စိုက်ကြည့်နေသော သူ၏အကြည့်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် အကြောက်တရား အရိပ်အယောင်တစ်ခု ပါဝင်လာသည်။
ကောင်းကင်ယံတွင် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ သည်းခံနိုင်စွမ်း နောက်ဆုံးတွင် ကုန်ဆုံးသွားပြီဖြစ်သည်။
“ကစားပွဲက အခု အဆုံးသတ်သင့်ပြီ”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်က ဟိန်းဟောက်လိုက်ရာ သူ၏ နဖူးဗဟိုရှိ ရွှေအိုရောင် ဒေါင်လိုက်မျက်၀န်းသည် ရုတ်တရက် အပြည့်အဝပွင့်လာပြီး ယခင်ကထက် များစွာ ပိုမိုကြီးမြတ်ပြီး အေးစက်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
“အရိုးနယ်ပယ် - ဖွင့်”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်ကို ဗဟိုပြု၍ မီးခိုးဖြူရောင် အလင်းတန်းများသည် ပြဒါးများကဲ့သို့ ပန်းထွက်လာပြီး မီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသော ကောင်းကင်နှင့် မြေပြင်ကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
ကောင်းကင်သည် သေခြင်းတရားမီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး နေရောင်ခြည် လုံးဝ ပျောက်ကွယ်သွားသည်။
မြေကြီးပေါ်တွင် မရေမတွက်နိုင်သော ဖြူရော်ရော်အရိုးလက်များ မြေကြီးထဲမှ ပေါက်ကွဲထွက်လာပြီး ဝံပုလွေအုပ်စုအဖွဲ့ဝင်အားလုံး၏ ခြေကျင်းဝတ်များနှင့် လက်များကို ရူးသွပ်စွာ ကုတ်ခြစ်ကာ မြေကြီးအောက်သို့ ဆွဲချရန် ကြိုးစားနေကြသည်။
လေထုထဲတွင် ပုပ်ဟောင်နေသော အနံ့များနှင့် သေမင်းတမန် အငွေ့အသက်များ ထူထပ်နေပြီး အရိုးထဲထိ စိမ့်ဝင်နေသော အအေးဓာတ်မှာ အပူချိန်နိမ့်ကျမှုကြောင့် မဟုတ်ဘဲ ဝိညာဉ်အဆင့်မှ တိုက်စားမှုနှင့် ဖိနှိပ်မှုတို့ကြောင့် ဖြစ်သည်။
နယ်ပယ်အတွင်းရှိ နှင်းဝံပုလွေအားလုံးသည် ထူထပ်သောရွှံ့နွံထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့၏လှုပ်ရှားမှုများ အလွန် နှေးကွေးသွားပြီး ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်စီးဆင်းမှုများ ရပ်တန့်သွားကာ အသက်ရှူရတာပင် ခက်ခဲလာသည်။
အားနည်းသော သာမန်နှင်းဝံပုလွေများဆိုလျှင် မျက်ဖြူများလန်သွားပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများစိမ့်ထွက်လာကာ ဤနယ်ပယ်ကြောင့် အရှင်လတ်လတ် ဖိချေခံရလုနီးပါး ဖြစ်နေကြသည်။
“ငါ့ရဲ့ နယ်ပယ်ထဲမှာ ငါဟာ အကြွင်းမဲ့အရှင်သခင်ပဲ၊ ဒူးထောက်ပြီး အညံ့ခံစမ်း”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် နယ်ပယ်၏အလယ်ဗဟိုတွင် ဝဲပျံနေပြီး သူ၏ အသံသည် တစ္ဆေသောင်းချီ ငိုကြွေးသံများကဲ့သို့ဖြစ်ကာ အရာအားလုံးကို ထိန်းချုပ်ထားသူတစ်ဦး၏ ခံ့ညားမှုများ ပါဝင်နေသည်။
သို့သော် သာမန်ဘုရင်အဆင့် တစ်ကောင်ကိုပင် ပြိုလဲသွားစေနိုင်လောက်သည့် နယ်ပယ်ဖိနှိပ်မှုကို ရင်ဆိုင်ရချိန်တွင် လင်းထျန်းလုံက ပြုံးရုံသာ ပြုံးလိုက်သည်။
“အတော်ပဲ၊ အခု ငါ့ဝံပုလွေအုပ်စုရဲ့ စွမ်းအားက... ဘယ်လောက်အထိ ပေါက်ကွဲထွက်လာနိုင်လဲဆိုတာ စမ်းသပ်ဖို့ မင်းကိုအသုံးချရတာပေါ့”
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူ၏ ရင်ဘတ်ကြီး ဖောင်းကြွလာသည်။
သူ၏ကိုယ်တွင်းရှိ မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်နှင့် ဝံပုလွေသောင်းချီ ခစားခြင်း ကျွမ်းကျင်မှုစွမ်းရည်တို့ ပဲ့တင်ထပ်သွားပြီး သွေးမျိုးဆက်၏ အရင်းအမြစ်မှလာသော ပိုမိုရှေးကျပြီး သန့်စင်သည့် ဘုရင်တစ်ပါး၏ဖိအား ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
“အာဝူး….”
လင်းထျန်းလုံသည် ယခင်ကနှင့် လုံးဝကွာခြားသော ဝံပုလွေဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်သည်။
ဤဟိန်းဟောက်သံသည် စူးရှပြီး ရှည်လျားကာ နှစ်သောင်းနှင့်ချီပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းလာသကဲ့သို့ဖြစ်နေကာ သွေးမျိုးဆက်ကို နိုးထစေသည့် မှတ်ဉာဏ်များနှင့် ဂုဏ်ကျက်သရေများ ပါဝင်နေသည်။
ဝံပုလွေသောင်းချီ ခစားခြင်း၊ အပြည့်အဝ အသက်ဝင်လာချေပြီ။
ကြည်လင်သော ရွှေရောင်ဖျော့ဖျော့ အလင်းဝန်းတစ်ခုသည် နှင်းဝံပုလွေအားလုံးပေါ်တွင် တစ်ပြိုင်နက်တည်းပေါ်လာသည်။
အထူးသဖြင့် စစ်သူကြီးသုံးဦးဖြစ်သော ရန့်မြဲ့၊ ထျန်းပင်း၊ ယင်းဖုန်းနှင့် မဟာနှင်းအစောင့်အရှောက်၊ ရေပြာကြေးခွံအစောင့်အရှောက်များကဲ့သို့သော အဓိကအဖွဲ့ဝင်များပေါ်ရှိ ရွှေရောင်အလင်းများမှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲချပ်ဝတ်အဖြစ်ပင် စုစည်းလုနီးပါး ဖြစ်နေသည်။
သူတို့ကို ဆုပ်ကိုင်ထားသော ထိုဖြူရော်ရော် အရိုးလက်များသည် ရွှေရောင်အလင်းကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် နေရောင်နှင့် တွေ့သော နှင်းများကဲ့သို့ အရည်ပျော်ကျကာ ကြေမွသွားတော့သည်။
နယ်ပယ်ဖိနှိပ်မှု အကျိုးသက်ရောက်မှုမှာ အလွန်အမင်း အားနည်းသွားသည်။
ဝံပုလွေအုပ်စု အဖွဲ့ဝင်များသည် သူတို့၏ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး သူတို့၏ ရပ်တန့်နေသောစွမ်းအင်များ နောက်တစ်ဖန် စတင်စီးဆင်းလာတော့သည်။
“ဘာ…”
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ မျက်၀န်းများ ကျုံ့ဝင်သွားပြီး သူ၏မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာသည်။
“ဒါ မဖြစ်နိုင်ဘူး၊ ဒါက ဘာစွမ်းအားလဲ”
သူ၏ အရိုးနယ်ပယ်သည် ရိုင်းစိုင်းသော အားအင်ဖြင့် ဖျက်ဆီးခံလိုက်ရခြင်း မဟုတ်ဘဲ ဝံပုလွေမျိုးနွယ်စုသွေးမျိုးဆက်၏ အရင်းအမြစ်မှလာသော ပိုမိုမြင့်မားသည့် အဆင့်ရှိ အာဏာစက်တစ်ခု၏ နှောင့်ယှက်မှုနှင့် တွန်းလှန်မှုကို ခံနေရကြောင်း ရှင်းလင်းစွာ ခံစားနိုင်သည်။
ဤသည်မှာ ထိုရှေးဟောင်း၀ံပုလွေဘိုးဘေး၏ အရိုးအကြွင်းအကျန်များကို သန့်စင်စဉ်က သူ ခပ်ရေးရေးသာ ခံစားခဲ့ရဖူးသော စွမ်းအားမျိုးဖြစ်သည်။
“မဖြစ်နိုင်ဘူး ဟုတ်လား” အောက်ဘက် စစ်မြေပြင်တွင် ထျန်းပင်းက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေမည့် ရယ်မောသံကြီးတစ်ခု ထုတ်လွှတ်လိုက်ပြီး သူ၏ကိုယ်တွင်းမှ တဟုန်ထိုး တက်လာသော စွမ်းအားများနှင့် မြင့်တက်လာသော တိုက်ပွဲဝင်လိုစိတ်များကို အပြည့်အ၀ ခံစားနေသည်။
“အဘိုးကြီး... မင်းရဲ့ ခွေးမျက်လုံးတွေကိုဖွင့်ပြီး သေချာကြည့်ထား၊ ဒါက ငါတို့ရဲ့ဘုရင်ကြီးကွ”
မိုးကြိုးမျောက်ဝံစစ်သူကြီးသည် ဤအဖြစ်အပျက်များကြောင့် အာရုံလွင့်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရုတ်တရက် ရှေ့သို့ ခုန်အုပ်လိုက်သည်။