အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း (၂၃၃) - နှင်းဝံပုလွေများ၏ တန်ပြန်တိုက်စစ် (၃)
ပြင်းထန်ရေခဲဝါးမြိုခြင်းဖြင့် မျောက်ဝံစစ်သူကြီး၏ ပခုံးကို အားကုန်ကိုက်ခဲလိုက်တော့သည်။
ခွပ်….။
သွားကျိန်းဖွယ်အရိုးကျိုးသံကြီး ထွက်ပေါ်လာသည်။
“အား...”
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ဘယ်ဘက်လက်မောင်းတစ်ခုလုံး ပြတ်ထွက်လုနီးပါး ဖြစ်သွားပြီး ၎င်း၏ လျှပ်စီးစွမ်းအားများပင် ရပ်တန့်သွားကာ စူးရှသောအော်ဟစ်သံကြီး ထုတ်လွှတ်လိုက်သည်။
ရန့်မြဲ့နှင့် ယင်းဖုန်းတို့လည်း အလွန်အားတက်သွားကြသည်။ အားနည်းသွားသော နယ်ပယ်ကြောင့် ပြိုင်ဘက်များ ပြသလိုက်သည့် ဟာကွက်များကို ဖမ်းဆုပ်ကာ သူတို့၏တိုက်ခိုက်မှုများ ချက်ချင်း ပိုမိုကြမ်းတမ်းလာတော့သည်။
“မင်းရဲ့နယ်ပယ်က ဒီလောက်ပါပဲ” လင်းထျန်းလုံသည် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်ကို တည်ငြိမ်စွာ ကြည့်နေပြီး ငွေပြာဧကရာဇ်မျက်ဝန်းထဲတွင် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သော အလင်းရောင်များ လည်ပတ်နေသည်။
“ပြင်ပအရာတွေကို အတင်းအဓမ္မအားကိုးပြီး ရလာတဲ့စွမ်းအားက ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပိုင်စွမ်းအားမဟုတ်ဘူး”
“ပါးစပ်ပိတ်ထားစမ်း” မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် အနာထိသွားပြီး လုံးဝ ဒေါသထွက်သွားတော့သည်။
“ဒီဘုရင်က မင်းကို အခုပဲ အပိုင်းပိုင်းဆုတ်ဖြဲပစ်မယ်”
၎င်း၏ ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးသည် အနက်ရောင်လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းထျန်းလုံထံသို့ တည့်တည့် ခုန်အုပ်လာတော့သည်။
အရိပ်တိုက်စားခြင်းကြောင့် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ထူထဲမည်းနက်သည့် မြူခိုးများဖြစ်ပေါ်နေပြီး ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟင်းလင်းပြင်ပင် တိုက်စားခံရသဖြင့် ‘တရှဲရှဲ’ မြည်သံများ ထွက်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ခွဲလက်သည်းသည် ဝိညာဉ်ကို ဆုတ်ဖြဲပြစ်တော့မည့်အလား မြည်သံတစ်ခုကို သယ်ဆောင်လျက် လင်းထျန်းလုံ၏ ခေါင်းဆီသို့ တည့်တည့်ချိန်ရွယ်လာသည်။
လင်းထျန်းလုံ လုံးဝ မကြောက်ရွံ့ပေ။ ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်းကို ထပ်မံ အသက်သွင်းလိုက်ရာ သူ၏ပုံရိပ် တဖျတ်ဖျတ်လှုပ်ရှားသွားပြီး ထိပ်တိုက်ဝင်တိုက်မှုကို ရှောင်တိမ်းလိုက်သည်။
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်းနှင့် ငွေပြာမိုးကြိုးလက်သည်းတို့ကို တစ်လှည့်စီအသုံးပြုကာ ပြင်းထန်သောမိုးကြိုးနှင့် သေမင်းတမန် အေးခဲမှုတို့ ရောနှောကာ မျက်လုံးသုံးလုံး ဝံပုလွေဘုရင်နှင့် တိုက်ပွဲဝင်တော့သည်။
ဝုန်း... ဝုန်း...
ဗျောင်း… ဗျောင်း…
ကောင်းကင်ယံတွင် ပုံရိပ်နှစ်ခုသည် သာမန်မျက်စိဖြင့် ဖမ်းယူရန်ခက်ခဲသော အမြန်နှုန်းဖြင့် ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ တိုက်မိတိုင်း မြေကြီးကို တုန်လှုပ်စေသော အသံကြီးများနှင့် မျက်စိကျိန်းမတတ် စွမ်းအင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
အရိပ်နှင့် ရေခဲ-မိုးကြိုး စွမ်းအင်အပိုင်းအစများသည် မိုးသက်မုန်တိုင်းတစ်ခုကဲ့သို့ ကောင်းကင်မှကျဆင်းလာပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသောချိုင့်ခွက်ကြီးများအဖြစ် ပေါက်ကွဲသွားကြသည်။
ခေတ္တမျှတော့ သူတို့ တကယ်ပဲ အင်အားချင်းမျှနေကြ၏။
အချိန်အတော်ကြာ အနိုင်မရသဖြင့် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် ပို၍ ဂနာမငြိမ်ဖြစ်လာသည်။
ရှေးဟောင်းအကြွင်းအကျန်များကို အားကိုးကာ မိစ္ဆာဘုရင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင်ပင် ဘုရင်အလယ်အလတ်အဆင့် သာမန် မျိုးဆက်သစ်လေးတစ်ကောင်ကို မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်သည်အား သူ လက်မခံနိုင်ပေ။
“မင်းက ငါ့ကို အတင်းဖိအားပေးတာပဲ” မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ မျက်လုံးများတွင် ရက်စက်မှုနှင့် ပြတ်သားမှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
လင်းထျန်းလုံပေးထားသည့် ဒဏ်ရာကြောင့် အနည်းငယ်မှေးမှိန်နေသော သူ၏နဖူးအလယ်ရှိ ရွှေအိုရောင် ဒေါင်လိုက်မျက်၀န်းသည် ရုတ်တရက် ထူးဆန်းသော သွေးရောင်မီးတောက်များဖြင့် စတင်တောက်လောင်လာတော့သည်။
ယခင်ကထက် များစွာ ပိုမိုအန္တရာယ်များ၊ ပိုမိုရူးသွပ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်မည့်ပုံရသော အငွေ့အသက်တစ်ခု စတင်စုစည်းလာတော့သည်။
လင်းထျန်းလုံ၏ ငွေပြာဧကရာဇ်မျက်ဝန်းမှ ပြင်းထန်သော သတိပေးချက်တစ်ခု ချက်ချင်း ပေးပို့လာသည်။
ပြိုင်ဘက်သည် ယခင်အရာအားလုံးထက် များစွာသာလွန်သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုကို ဖန်တီးနေကြောင်း သူ ခံစားနိုင်သည်။
ဤတိုက်ခိုက်မှုထဲတွင် ရှေးဟောင်းအကြွင်းအကျန်များ၏ အဓိကစွမ်းအားများ ပါဝင်နေနိုင်ပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် သို့မဟုတ် သတ်ပစ်ရန်ပင် လုံလောက်နိုင်ပေသည်။
၎င်းကို ပြီးဆုံးခွင့် ပေး၍မဖြစ်ချေ။
အရေးကြီးသော အချိန်တွင် လင်းထျန်းလုံ၏မျက်လုံးများမှ အေးစက်စက် အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာသည်။
အသုံးမပြုရသေးသော ငွေပြာဧကရာဇ်မျက်ဝန်း၏ နောက်ဆုံး ဝိသေသလက္ခဏာရပ်ဖြစ်သည့် အချိန်-ဟင်းလင်းပြင် ရပ်တန့်ခြင်းသည် ဤစစ်မြေပြင်တွင် ကောင်းကင်ဘုံကိုပင် လွန်ဆန်နိုင်သော စွမ်းအားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။
သူ တစ်ခဏမျှပင် မတွန့်ဆုတ်ဘဲ ချက်ချင်း အသက်သွင်းလိုက်သည်။
“ရပ်စမ်း”
၎င်းသည် သာမန်အသံတစ်ခုမဟုတ်ဘဲ လင်းထျန်းလုံကို ဗဟိုပြု၍ ရုတ်တရက် ပြန့်နှံ့သွားသည့် လောကနိယာမစည်းမျဉ်းများ ပါဝင်သော မမြင်ရသည့် အမိန့်တစ်ခုဖြစ်သည်။
နောက်တစ်ခဏတွင် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ ဒေါင်လိုက်မျက်၀န်းကို လောင်ကျွမ်းစေပြီး စွမ်းအားများကို ရူးသွပ်စွာစုစည်းနေသော ဝံပုလွေဘုရင်ကို ဗဟိုပြု၍ မီတာတစ်ရာ ပတ်လည်အတွင်းရှိ အချိန်စီးဆင်းမှုသည် ရုတ်တရက် ၅၀ ရာခိုင်နှုန်းနှေးကွေးသွားတော့သည်။
ပြင်ပကမ္ဘာအတွက် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ မူလက လျင်မြန်သော လှုပ်ရှားမှုများသည် ချက်ချင်း အနှေးပြကွက်တစ်ခု ဖြစ်သွားသည်။
၎င်း၏ နဖူးအလယ်ရှိ မျက်၀န်းမှ သွေးရောင်မီးတောက်များ လောင်ကျွမ်းနေသည့် အမြန်နှုန်းနှင့် ဖျက်ဆီးခြင်း စွမ်းအင်များကို စုစည်းနေသည့် လုပ်ငန်းစဉ်သည် သိသိသာသာ နှေးကွေးလာနေလေသည်။
သုံးစက္ကန့်အချိန်လေးသည ဖြစ်သော်လည်း ထိပ်တန်းအဆင့် အစွမ်းထက်သူများ၏ ယှဉ်ပြိုင်မှုတွင် ဤသုံးစက္ကန့်သည် သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ရန် လုံလောက်သည်။
“အခုပဲ”
လင်းထျန်းလုံ၏ ကိုယ်တွင်းရှိ ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ၊ ထာဝရတိုက်ပွဲဝိညာဉ်နှင့် မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် ဟူသော ဘုရင်အဆင့် ဝိသေသလက္ခဏာရပ် သုံးခု၏ စွမ်းအားများ ပဲ့တင်ထပ်သွားပြီး အဆုံးစွန်အထိ ပေါက်ကွဲထွက်လာတော့သည်။
သူ၏ စွမ်းအားအားလုံး၊ စိတ်ဆန္ဒအားလုံးနှင့် လူသတ်ချင်စိတ်အားလုံးကို ညာဘက်ရှေ့လက်သည်းထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း၏ စွမ်းအားကို အမြင့်ဆုံး ကန့်သတ်ချက်အထိ တွန်းပို့လိုက်သည်။
တစ္ဆေပြာရောင် အေးစက်စက် အလင်းရောင်မှာ မည်းနက်သွားလုနီးပါး စုစည်းသိပ်သည်းလာသည်။
လက်သည်းထိပ်ဖျားပတ်လည်ရှိ ဟင်းလင်းပြင်သည် ရေခဲပုံဆောင်ခဲများအဖြစ် အေးခဲမသွားတော့ဘဲ တစ်လက်မချင်းကွဲအက်လာကာ ၎င်းနောက်ကွယ်ရှိ နက်ရှိုင်းသော ဗလာဟင်းလင်းပြင်ပင် ထွက်ပေါ်လာသည်။
သူသည် အတွေး၏ကန့်သတ်ချက်များကို ကျော်လွန်သော ငွေရောင်နှင့် ရွှေရောင် ရောယှက်နေသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရပ်တန့်နေသော အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဖြည်းညင်းစွာ လောင်ကျွမ်းနေပြီး ဖျက်ဆီးခြင်းစွမ်းအင်များကို စုစည်းနေသော မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးပေါ်ရှိ ရွှေအိုရောင် ဒေါင်လိုက်မျက်၀န်းထဲသို့ တည့်တည့် ထိုးစိုက်သွားတော့သည်။
ဒီတစ်ကြိမ်တွင် မည်သည့်အတားအဆီးမျှ မရှိတော့ပေ။
ရွှစ်…..။
ထက်ရှလွန်းသော လက်သည်းသည် ခဲနေသောအဆီထဲသို့ ပူလောင်နေသော ဓားတစ်ချောင်း ဖြတ်သန်းသွားသည့်နှယ် ယှဉ်ပြိုင်၍မရနိုင်သော တိကျမှုဖြင့် ထိုနက်ရွှေရောင် ဒေါင်လိုက်မျက်၀န်း၏ အဓိကဗဟိုချက် အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားတော့သည်။
“အာဝူး...”
အချိန်စီးဆင်းမှု ပြန်လည်စတင်သည့် အခိုက်အတန့်တွင် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် အဆုံးမဲ့အကြောက်တရားနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည့် အစူးရှဆုံးနှင့် အနာကျင်ဆုံး ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။
နက်ရွှေရောင် ဒေါင်လိုက်မျက်၀န်းသည် ကွဲအက်နေသော ဖန်ခွက်တစ်ခုကဲ့သို့ ကြေမွသွားပြီး သွေးရောင်မီးတောက်များနှင့် ဖျက်ဆီးခြင်းစွမ်းအင်များ ရောနှောနေသော အရည်များ နေရာအနှံ့ ပန်းထွက်သွားတော့သည်။
မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးသည် အရိုးများအားလုံး ဖယ်ရှားခံလိုက်ရသကဲ့သို့ ပြင်းထန်စွာတွန့်လိမ်တုန်ခါသွားပြီး ကောင်းကင်ယံမှ မြေကြီးဆီသို့ အားအင်ကင်းမဲ့စွာ ကျဆင်းလာတော့သည်။
မျက်လုံးသုံးလုံး ဝံပုလွေဘုရင် ပြင်းထန်စွာ ဒဏ်ရာရသွားသည်နှင့် တစ်ပြိုင်နက် အရိုးနယ်ပယ်ပါ ချက်ချင်း ပြိုကျပျောက်ကွယ်သွားတော့သည်။
ကောင်းကင်သည်လည်း မူလအရောင်သို့ ပြန်လည်ရောက်ရှိသွား၏။
အနီရင့်ရောင် လွှမ်းနေဆဲဖြစ်သော်လည်း ထိုအသက်ရှူကြပ်လောက်သော သေခြင်းတရား တိတ်ဆိတ်မှု ခံစားချက်ကတော့ ပျောက်ကွယ်သွားပြီဖြစ်သည်။
စစ်မြေပြင်တွင် တိုက်ခိုက်သံများအားလုံး ဤအခိုက်အတန့်တွင် ရုတ်တရက်ရပ်တန့်သွားသည်။
မိစ္ဆာသားရဲများဖြစ်စေ နှင်းဝံပုလွေများဖြစ်စေ သူတို့အားလုံး အလိုအလျောက် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး ဥက္ကာခဲတစ်ခုကဲ့သို့ ကျဆင်းလာနေသော ထိုမည်းနက်သည့်ပုံရိပ်နှင့် ကောင်းကင်ယံတွင် မတ်မတ်ရပ်ကာ အဆုံးမဲ့ ခံ့ညားမှုများ ထုတ်လွှင့်နေသည့် ငွေရောင်နှင့် ရွှေရောင် ရောယှက်နေသညိ့ ပုံရိပ်ကို ကြောင်အကာ ငေးကြည့်နေမိကြသည်။
“ဘု... ဘုရင်ကြီးလား” မိုးကြိုးမျောက်ဝံစစ်သူကြီးသည် ပျက်စီးလုနီးပါးဖြစ်နေသော သူ၏ ပခုံးကို ဆုပ်ကိုင်ထားပြီး မျက်လုံးများထဲတွင် အဆုံးမဲ့ အကြောက်တရား၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သွေးကျားဘုရင်နှင့် ကျောက်သားချပ်ဝတ် တောဝက်ဘုရင်တို့လည်း လုံးဝ စိတ်ဓာတ်ကျသွားကြပြီး သူတို့၏တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်သွားတော့သည်။
“ဘုရင်ကြီး၊ သူနိုင်ပြီ၊ ဘုရင်ကြီး နိုင်သွားပြီး” ရန့်မြဲ့
ရန့်မြဲ့ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူ၏ အေးစက်သော မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားမှုကဲ့သို့ ရှင်းလင်းသော စိတ်ခံစားမှုတစ်ခု ပေါ်လာလေသည်။
“ဟားဟားဟား... ငါ သိသားပဲ၊ ဘုရင်ကြီးက ဘယ်သူမှ အနိုင်ယူလို့မရဘူးဆိုတာ”
ထျန်းပင်းသည် အမာရွတ်များ ဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ရယ်သံထဲတွင် ဂုဏ်ယူမှုနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည်။
ယင်းဖုန်းသည် အံ့သြမှင်တက်နေသော အရိပ်လက်သည်းကျားသစ်တစ်ကောင်၏ အနောက်တွင် တိတ်ဆိတ်စွာ ပေါ်လာပြီး သူ၏လက်သည်းများက ၎င်း၏လည်ချောင်းကို လွယ်ကူစွာ ဖြတ်တောက်လိုက်သည်။
သူ၏ ငွေဖြူရောင်မျက်လုံးများကလည်း ကောင်းကင်ယံရှိ ထိုပုံရိပ်ဆီသို့ လှမ်းကြည့်နေသည်။
သစ်ပင်အိမ်လေးထဲတွင် ရှောင်လန်က ရုတ်တရက် ထခုန်လိုက်သည်။ သူမ၏ မျက်နှာလေးပေါ်တွင် မျက်ရည်စီးကြောင်းများ ရှိနေဆဲဖြစ်သော်လည်း ယှဉ်ပြိုင်၍မရလောက်အောင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းနေပြီဖြစ်ပြီး သူမ၏ လက်သေးသေးလေးများဖြင့် အားကုန် လက်ခုပ်တီးလိုက်သည်။
“ဖေဖေ နိုင်ပြီ၊ ဖေဖေက အတော်ဆုံးပဲ”
ရှောင်ယင်းကလည်း နောက်ဆုံးတွင် သူမ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော အရိုးလက်ဖွဲ့လေးကို လွှတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
သူမ၏ ခန္ဓာကိုယ်သေးသေးလေးကလည်း ပြေလျော့သွားပြီး နံရံကိုမှီလိုက်၏။
အခန်း (၂၃၄) - ဝံပုလွေအသိုက်၏ အောင်ပွဲ၊ စစ်မြေပြင်အား ရှင်းလင်းခြင်း (၁)
“ရှောင်လန်၊ ဝံပုလွေဖေဖေ... သူ တကယ်လုပ်နိုင်ခဲ့တယ်”
“ငါတို့ စိုးရိမ်ခဲ့တာတွေက အပိုတွေဖြစ်သွားပုံပဲ၊ ဖေဖေ့ရဲ့ သွေးမျိုးဆက်နဲ့ စွမ်းအားက ငါတို့ ခံစားမိတာထက်တောင် ပိုအားကောင်းသေးတယ်”
လင်းထျန်းလုံသည် လေထဲတွင် ဝဲပျံနေပြီး အနည်းငယ် မောဟိုက်နေသည်။
အချိန်-ဟင်းလင်းပြင် ရပ်တန့်ခြင်းသည် ကြီးမားလှသော စိတ်စွမ်းအင်နှင့် ခွန်အားကို သုံးစွဲရသော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုက တကယ်ကို ကောင်းကင်ဘုံကို လွန်ဆန်နိုင်လောက်သည်။
သူ၏ အေးစက်သော အကြည့်များသည် အထိတ်တလန့် ဖရိုဖရဲဖြစ်နေသော အောက်ဘက်ရှိ မိစ္ဆာသားရဲတပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည့် မျက်လုံးသုံးလုံး ဝံပုလွေဘုရင်အပေါ်သို့ ကျရောက်သွားသည်။
တိုက်ပွဲက လုံးဝ မပြီးဆုံးသေးဘူးဆိုတာ သူသိလေသည်။ သို့သော် အောင်ပွဲချိန်ခွင်လျှာသည်တော့ လုံးဝ တိမ်းညွတ်သွားခဲ့ပြီဖြစ်သည်။
သူက ရှေ့လက်ဖဝါးကို မြှောက်လိုက်ပြီး ထွက်ပြေးနေသော ရန်သူ့တပ်ကြီးကို ညွှန်ပြကာ ဆောင်းရာသီလေပြင်းကဲ့သို့ အေးစက်နေသော သူ၏အသံသည် စစ်မြေပြင်တစ်ခုလုံးကို ပြန့်နှံ့သွားတော့သည်။
“ဝံပုလွေအုပ်စု... ငါ့အမိန့်ကိုနားထောင်”
“တပ်ဖွဲ့အားလုံး တိုက်ခိုက်ကြ၊ တစ်ကောင်မှ အရှင်မထားနဲ့”
……..
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ ဟိန်းဟောက်သံကြီးက ပေါက်ကွဲသွားသော စစ်စည်တော်ကြီးတစ်ခုပမာ မြည်ဟီးသွားခဲ့သည်။
ဖုန်မှုန့်များမငြိမ်သက်မီမှာပင် လင်းထျန်းလုံ၏ ငွေရောင်နှင့် ရွှေရောင်လွှမ်းနေသော ခန္ဓာကိုယ်ကြီးက တရားစီရင်မည့် ဓားသွားတစ်လက်ပမာ အောက်ဘက်သို့ ထိုးဆင်းလာခဲ့လေပြီ။
သူ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ မှ အလင်းတန်းများက ဖုန်တောထဲတွင် ရုန်းကန်နေသော အရိပ်ကြီးထံသို့ ပစ်မှတ်ထားနေပြီး သူ၏ လက်သည်းဖျားပေါ်ရှိ ‘နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း’ ၏ အေးစက်မှောင်မိုက်သော အလင်းရောင်များက အဆုံးသတ်ပေးရန် အသင့်အနေအထားဖြင့် တလက်လက် တောက်ပနေခဲ့သည်။
“အခြေအနေမကောင်းဘူး၊ ဘုရင်ကြီးကို ကာကွယ်ကြ”
မိုးကြိုးမျောက်ဝံစစ်သူကြီးက အထိတ်တလန့်ဖြစ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ၏ ပြတ်တောက်သွားသော လက်မောင်းနေရာမှ လျှပ်စီးများ အရူးအမူး တလက်လက်ထွက်ပေါ်နေပြီး ကျန်ရှိနေသော ညာဘက်လက်သီးမှ မျက်စိကျိန်းမတတ် တောက်ပနေသော ပြာလဲ့လဲ့မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
‘မိုးကြိုးခန္ဓာကိုယ်အကာအကွယ်’ ကို အမြင့်ဆုံးအထိ တွန်းတင်လိုက်ရာ ပြင်းထန်သော မိုးကြိုးလျှပ်စီးများက ဒေါသထွက်နေသော စပါးအုံမြွေများပမာ မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။
သူသည် အရိပ်သဖွယ် ရွေ့လျားလာနေသော ထျန်းပင်းကို နောက်ဆုတ်သွားစေရန် ရည်ရွယ်ကာ မီတာအနည်းငယ်ကျယ်၀န်းသော ဖျက်ဆီးခြင်းမိုးကြိုးနယ်ပယ်တစ်ခုကို ဖန်တီးလိုက်သည်။
လျှပ်စီးမိုးကြိုးများက ရေခဲပြင်ပေါ်သို့ ရိုက်ခတ်သွားပြီး မီးကျွမ်းနေသော အမြောင်းရာကြီးများကို ချန်ရစ်ထားခဲ့သည်။
“အခုမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား၊ အရမ်းနောက်ကျသွားပြီ”
ထျန်းပင်းက အကျည်းတန်စွာ ပြုံးလိုက်ပြီး သူ၏ ရွှေရောင်ရင့်ရင့် အမွေးများ ထောင်မတ်သွားခဲ့သည်။
‘ထာ၀ရဗာဂျရာခန္ဓာ’ ၏ မှိုင်းညို့ညို့ ရောင်ဝါများက သူ၏အရေပြားအောက်တွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းသွားခဲ့သည်။
သူသည် ရှောင်တိမ်းရန် မကြိုးစားဘဲ ထိုသေမင်းတမန်မိုးကြိုးနယ်ပယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
ပေါက်ကွဲထွက်လာသော လျှပ်စီးမြွေများက အလွန်မာကျောသော အမွေးအမျှင်များပေါ်တွင် မီးကျွမ်းနေသော အစက်အပြောက်ပေါင်းများစွာကို ဖြစ်ပေါ်စေပြီး ညှော်နံ့များ လေထုထဲတွင် ပြန့်လွင့်သွားသော်ငြား သူ၏ ရူးသွပ်သော အရှိန်အဟုန်ကိုမူ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးများပေါက်ကွဲသွား၍ စွမ်းအင်များ ခေတ္တရပ်တန့်သွားသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ….
ရေခဲဆူးချွန်များဖုံးလွှမ်းနေပြီး ‘ပြင်းထန်ရေခဲဝါးမြိုခြင်း’ ၏ ဝိညာဉ်အေးခဲစေသော အစွန်းရောက်အအေးဓာတ်များကို သယ်ဆောင်ထားသည့် ဝံပုလွေလက်သည်းများက မျောက်ဝံစစ်သူကြီး၏ အားအနည်းဆုံးဖြစ်သော လည်ချောင်းဆီသို့ ရက်စက်စွာ တိုး၀င်သွားသည်။
မိုးကြိုးမျောက်ဝံစစ်သူကြီးမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ အသည်းအသန် ဆုတ်ခွာရင်း သူ၏လည်ချောင်းရှေ့တွင် နောက်ဆုံးကာကွယ်မှုအဖြစ် လျှပ်စီးအကာအကွယ်တစ်ခု အလျင်အမြန် ဖြစ်ပေါ်လာစေရန် ကျန်ရှိနေသောမိုးကြိုးစွမ်းအင်များကို အတင်းအကြပ်စုစည်းလိုက်သည်။
ချလွတ်။
ရေခဲစများနှင့် ပေါက်ကွဲနေသော လျှပ်စီးများက အရပ်မျက်နှာအနှံ့ ပွင့်ထွက်သွားခဲ့သည်။ မျောက်ဝံစစ်သူကြီး၏ လည်ချောင်းရှေ့ရှိ အမွေးများနှင့် အလျင်စလိုဖန်တီးထားသော လျှပ်စီးချပ်ဝတ်တို့မှာ အကြမ်းပတမ်း ဆုတ်ဖြဲခံလိုက်ရသည်။
အရိုးများအထိ မြင်တွေ့ရလောက်အောင် နက်ရှိုင်းသော ကြောက်မက်ဖွယ်ဒဏ်ရာကြီးတစ်ခုက ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
အစွန်းရောက်အအေးဓာတ်များ ချက်ချင်း ဝင်ရောက်လာပြီး ပန်းထွက်လာသော သွေးများနှင့် အသားစများကို အေးခဲသွားစေသော်လည်း နောက်တစ်စက္ကန့်တွင် မျောက်ဝံစစ်သူကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ကျန်ရစ်နေသော အပူချိန်မြင့် မိုးကြိုးစွမ်းအင်များကြောင့် အရည်ပျော်သွားကာ သွေးများက ပိုမိုပြင်းထန်စွာ ပန်းထွက်လာခဲ့သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ကျန်ရှိသော မျက်လုံးတစ်ဖက်အတွင်းတွင် မျှော်လင့်ချက်မဲ့ခြင်းများ အပြည့်အဝ ဖုံးလွှမ်းသွားပြီးနောက် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ အသည်းအသန်ထွက်ပြေးနိုင်ရန် သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ လျှပ်စီးများကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြန်သည်။
“အာ၀ူးးး”
ထျန်းပင်းက ကောင်းကင်ကိုပင် တုန်လှုပ်စေသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်ပြီး ရွှေနှင့် ကျောက်သားပမာ မာကျောတောင့်တင်းနေသော သူ၏ခြေလက်ကြွက်သားများဖြင့် မြေပြင်ကို ရုတ်တရက် အားကုန်ဆောင့်ကန်လိုက်သည်။
‘ရူးသွပ်အားလှိုင်း’ ကို အမြင့်ဆုံးအဆင့်အထိ အသက်သွင်းလိုက်လေပြီ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လေထုကို ဆုတ်ဖြဲသွားသော ရွှေရောင်ရင့်ရင့် ဥက္ကာခဲပျံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏ ဆောင့်ကန်မှုအောက်တွင် မြေပြင်ပေါ်ရှိ ထူထဲသော ရေခဲပြင်ကြီးက ဝုန်းခနဲ ကွဲအက်သွားပြီး ရေခဲပွင့်များ နေရာအနှံ့လွင့်စင်သွားခဲ့သည်။
သူ၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် ရွှေရောင်ပုံရိပ်များပင် နောက်တွင် ကျန်ရစ်ခဲ့ပြီး ထွက်ပြေးရန် ကြိုးစားနေသော ပြာလဲ့လဲ့လျှပ်စီးအလင်းတန်းကို ချက်ချင်းဆိုသလို အမီလိုက်နိုင်ခဲ့သည်။
ဘုန်းးးး။
သတ္တုတောင်ထွတ်နှစ်ခုက အကြမ်းတမ်းဆုံးနည်းလမ်းဖြင့် ဝင်တိုက်မိသွားသကဲ့သို့ပင်။
ထျန်းပင်း၏ ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးနှင့် အရှိန်အဟုန်ကို သယ်ဆောင်ထားသော ပျက်စီးနိုင်စွမ်းမရှိသည့် ပခုံးရိုးများက မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ကျောပြင်ကို အပြင်းအထန် ဝင်ရောက်တိုက်မိသွားခဲ့သည်။
အရိုးများ ကျိုးကြေသွားပြီး အတွင်းကလီစာများ ပေါက်ကွဲသွားသော အသံကြီးက စစ်တလင်းတစ်ခုလုံးသို့ ရှင်းလင်းစွာ ပျံ့နှံ့သွားခဲ့သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ရှေ့သို့ပြေးနေသော အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ခွန်အားများအားလုံး စုပ်ယူခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီးသည် လေထဲတွင် ထူးဆန်းစွာ လိမ်ကောက်သွားလေသည်။
ထို့နောက် စုတ်ပြဲနေသော ဆာလာအိတ်တစ်လုံးပမာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားကာ မာကျောသောရေခဲပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဖွီး။
မိုးကြိုးမျောက်ဝံစစ်သူကြီးသည် တွင်းနက်ကြီး၏ အောက်ခြေတွင် ရွှံ့ပုံကြီးတစ်ခုပမာ လဲလျောင်းနေပြီး အရွတ်အမြှေးပါးများနှင့် ရေခဲစများ ရောနှောနေသော ပျစ်ချွဲချွဲ သွေးတစ်လုတ်ကို ရုတ်တရက် ထွေးထုတ်လိုက်သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ခန္ဓာကိုယ်ကြီးက ထိန်းချုပ်မရနိုင်လောက်အောင် ပြင်းထန်စွာ တုန်ယင်နေပြီး သူ၏ တစ်လုံးတည်းသာကျန်ရှိသော မျက်လုံးထဲတွင် နာကျင်မှု၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေခဲ့သည်။
သူသည် နောက်ဆုံးကျန်ရှိနေသော လျှပ်စီးစွမ်းအင်လေးကို စုစည်းရန် လက်မောင်းကို အချည်းနှီး ကြိုးစားမတင်လိုက်သော်လည်း အားပျော့သော မီးပွားအနည်းငယ်မျှသာ တလက်လက် လင်းလက်လာပြီးနောက် လုံးဝ ငြိမ်းသက်သွားခဲ့သည်။
ထျန်းပင်း၏ ရွှေရောင်ရင့်ရင့် ဧရာမခန္ဓာကိုယ်ကြီးက အောင်ပွဲစစ်နတ်ဘုရားတစ်ပါးပမာ ဆင်းသက်လာခဲ့သည်။
တန်ချိန်ထောင်ချီလေးလံသော ခွန်အားကို သယ်ဆောင်ထားသည့် ရေခဲများ ဖုံးလွှမ်းနေသော သူ၏ရှေ့လက်သည်းက လောင်ကျွမ်းဒဏ်ရာများနှင့် သွေးကွက်များ ဖုံးလွှမ်းနေသော မိုးကြိုးမျောက်ဝံစစ်သူကြီး၏ ခေါင်းပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းလာခဲ့သည်။
အေးစက်နေသော လက်သည်းဖျားက မာကျောသော ဦးခေါင်းခွံကိုပင် တိုက်ရိုက်ဖောက်ထွင်းဝင်ရောက်သွားပြီး သွားကျိန်းချင်ဖွယ်ကောင်းသော ကျွီ ဟူသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
အောက်ဘက်တွင် သေလုမျောပါးဖြစ်နေသော မိစ္ဆာဘုရင်အဆင့် သတ္တဝါကြီးကို ငုံ့ကြည့်နေစဉ် သူ၏ ရေခဲပြာရောင်မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များနှင့် အောင်ပွဲမီးတောက်များ တောက်လောင်နေခဲ့သည်။
“ဒီတိုက်ပွဲက အခု အဆုံးသတ်သင့်ပြီ”
အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ‘ပြင်းထန်ရေခဲဝါးမြိုခြင်း’ ၏ အရာအားလုံးကို ဆုတ်ဖြဲပစ်မည့် စိတ်ဆန္ဒများကို သယ်ဆောင်ထားသော သူ၏ အစွယ်ကြီးများဖြင့် အကာအကွယ်မဲ့နေပြီဖြစ်သော မိုးကြိုးမျောက်ဝံစစ်သူကြီး၏လည်ပင်းကို အားကုန်ကိုက်ချလိုက်သည်။
“ခွပ်၊”
မိုးကြိုးမျောက်ဝံစစ်သူကြီး လည်ပင်းရိုး ကျိုးကြေသွားခဲ့သည်။
ပူနွေးသော ဘုရင်အဆင့်မိစ္ဆာသွေးများက စမ်းရေပမ်းတစ်ခုပမာ ပန်းထွက်လာသော်လည်း ထျန်းပင်း၏ ရွှေရောင်ရင့်ရင့် အမွေးအမျှင်များနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အစွန်းရောက် အအေးဓာတ်ကြောင့် အနီရောင်ရေခဲပွင့်များအဖြစ် အလျင်အမြန် ပြောင်းလဲသွားကာ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းသွားခဲ့သည်။
မိုးကြိုးမျောက်ဝံစစ်သူကြီး၏ နောက်ဆုံးကျန်ရှိနေသော အားပျော့ပျော့ ရုန်းကန်မှုလေးများ လုံးဝရပ်တန့်သွားပြီး သူ၏မျက်လုံးထဲမှ အလင်းရောင်များက လေတိုက်ခံရသော ဖယောင်းတိုင်မီးပမာ အလျင်အမြန် မှေးမှိန်သွားကာ နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
[စနစ်အသိပေးချက်]။ ။သင်၏ လက်အောက်ငယ်သား ‘ထျန်းပင်း’ သည် မိုးကြိုးမျောက်ဝံစစ်သူကြီး (အဆင့် ၄၂ ဒုတိယ ဘုရင်အဆင့် ကနဦး) ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် မိုးကြိုးတိုက်ပွဲဝင်ခန္ဓာ (ရွှေရောင် · အဆင့်မြင့်)၊
ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် မိုးကြိုးအလင်းလက်သီး (ရွှေရောင် အဆင့်မြင့်) နှင့် ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် လျှပ်စီးကွင်းဆက် (ခရမ်းရောင် အဆင့်မြင့်) တို့ကို ရရှိခဲ့ပါသည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် အရှေ့ဘက် ပင်မအကာအကွယ်လိုင်းတွင်လည်း နောက်ဆုံး အဆုံးသတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။