← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅) - ဝံပုလွေအသိုက်၏ အောင်ပွဲ၊ စစ်မြေပြင်အား ရှင်းလင်းခြင်း (၂)

ကျောက်သားချပ်ဝတ် တောဝက်ဘုရင်က မျှော်လင့်ချက်မဲ့ပြီး မကျေမနပ်ဖြစ်နေသော အသံကြီးဖြင့် အူလိုက်သည်။

တစ်ချိန်က အစောင့်အရှောက်များ၏ လက်သည်းများနှင့် အစွယ်များကို အသုံးမဝင်ဖြစ်စေခဲ့သော သူ၏ခန္ဓာကိုယ်ပေါ်ရှိ ‘မဟူရာအရေပြား’ သည် ယခုအခါတွင် ‘အကြွင်းမဲ့ရေခဲဝိညာဉ်’ ၏ တိုက်စားနိုင်သော စွမ်းအားများ ပါဝင်သည့် ရန့်မြဲ့၏အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေခဲ့ပြီဖြစ်သည်။

ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ တောက်ပမှုများက ရာသီဥတုဒဏ်ခံထားရသော ကျောက်တုံးတစ်ခုကဲ့သို့ မှေးမှိန်လာနေခဲ့သည်။

အသက်ရှင်သန်လိုသော အလိုအလျောက် တုံ့ပြန်မှုကြောင့် သူသည် ခေါင်းကို ထပ်မံငုံ့ချလိုက်ပြီး နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို ထိုအကျည်းတန်လှသည့် ဦးချိုတစ်ချောင်းတည်းဆီသို့ အရူးအမူး ထည့်သွင်းလိုက်သည်။

ကျောက်သားချပ်ဝတ် တောဝက်ဘုရင်သည် ခြေလက်လေးဖက်လုံးဖြင့် ရေခဲပြင်ကို ကုတ်ခြစ်လိုက်ပြီး နောက်ဆုံး ‘ကျောက်သားချပ်ဝတ် ဝင်ဆောင့်ခြင်း’ ကို စတင်လိုက်သည်။

အရာအားလုံးကို ကြိတ်ချေပစ်မည့် အဟုန်များကို သယ်ဆောင်ထားပြီး ထိန်းချုပ်မရနိုင်တော့သော တောင်ကုန်းတစ်ခုပမာ တည်ငြိမ်နေသော အရှေ့ဘက်ရှိ ငွေပြာရောင်အရိပ်ကြီးထံသို့ အသေအကြေ တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း ကျောက်သားချပ်ဝတ် တောဝက်ဘုရင်ကို ဆီးကြိုနေသည်မှာ မည်သည့်ခံစားချက်မျှ မပါဝင်ဘဲ နှစ်သောင်းချီသက်တမ်းရှိသော နက်နဲသည့်ရေခဲများအလား အေးစက်နေသည့် ရန့်မြဲ့၏ အကြည့်များပင်။

“အချည်းနှီး ရုန်းကန်မှုလေးတစ်ခုပဲ”

သူသည် မည်သည့်လှည့်စားမှု သို့မဟုတ် စူးစမ်းမှုမျိုးကိုမျှ ထပ်မံမလုပ်ဆောင်တော့ပေ။

သူ၏ ‘ရေခဲကြေးခွံချပ်ဝတ်တန်ဆာ’ ပေါ်ရှိ ရေပြာရောင် ပုံသဏ္ဍာန်များက ရုတ်တရက် လင်းလက်လာပြီး အစွန်းရောက် အအေးဓာတ်စွမ်းအင်များက သူ၏ပတ်လည်တွင် အရူးအမူး စုဝေးလာကာ မျက်စိဖြင့်မြင်နိုင်ပြီး ဖြည်းညင်းစွာ လည်ပတ်နေသော နှင်းခဲလေဝဲတစ်ခုကိုပင် ဖန်တီးလိုက်သည်။

သူ၏ ခြေထောက်အောက်ရှိ ရေခဲပြင်က တစ်လက်မချင်းစီ ထူထဲလာခဲ့သည်။

ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ အသေခံ ပြေးဝင်တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ရန့်မြဲ့၏ ခြေဖထောက်လေးဖက်စလုံးက ထိုနေရာတွင် ပေါက်ရောက်နေသည့်အလား ရေခဲပြင်ထဲသို့ မြဲမြံစွာ စိုက်ဝင်နေပြီး မည်သည့်ရှောင်တိမ်းမှုမျှမလုပ်ဘဲ ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဒုန်း၊ ဒုန်း၊ ဒုန်း။

တောဝက်ဘုရင်၏ ခြေခွာရိုက်ခတ်သံများက သေမင်းတမန်၏ စည်တော်ခတ်သံများပမာ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသော ထိုအကျည်းတန်လှသည့် ဦးချိုကြီးက ရန့်မြဲ့၏ရင်ဘတ်ပေါ်ရှိ အကြေးခွံများကို ထိလုနီးပါး အချိန်လေးတွင် ရန့်မြဲ့က လှုပ်ရှားလိုက်လေပြီ။

သူ၏ခန္ဓာကိုယ်က အလွန်တိကျသည့် ရွေ့လျားမှုဖြင့် အနည်းငယ် ရှောင်တိမ်းလိုက်ရာ လှပကျော့ရှင်းလှသော လှုပ်ရှားမှုလေးကြောင့် ထိုဦးချိုကြီးက သူ၏ မာကျောသော ရင်ဘတ်ချပ်ဝတ်တန်ဆာကို ကပ်သီးလေး ပွတ်တိုက်သွားပြီး မျက်စိကျိန်းမတတ် မီးပွားများနှင့် သွားကျိန်းချင်စရာကောင်းသော ပွတ်တိုက်သံများကိုသာ ချန်ရစ်ထားနိုင်ခဲ့သည်။

ထိုအချိန်တွင် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သော သူ၏ညာဘက်ရှေ့လက်သည်းမှာ ဝိညာဉ်တစ်ခု၏ အရင်းအမြစ်ကိုပင် အေးခဲသွားစေနိုင်စွမ်းရှိသည်ဟု ထင်ရသော ‘အကြွင်းမဲ့ရေခဲဝိညာဉ်’ ၏ ဖျော့တော့ပြီး ထူးဆန်းလှသည့် ‘ရေခဲမီးလျှံ’ များ ရစ်ပတ်နေခဲ့သည်။

သူသည် ဤတစ်ခဏတာ ဟာကွက်လေးကို အမိအရဖမ်းဆုပ်လိုက်ပြီး ပြိုင်ဘက်ကင်းတိကျမှု၊ ရက်စက်သော ဆုံးဖြတ်ချက်တို့ဖြင့် ထူထဲလွန်းသော ‘မဟူရာအရေပြား’ ဖုံးလွှမ်းမထားသည့် တောဝက်ဘုရင်၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်သော မျက်လုံးထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။

ရွှစ်။

လက်သည်းများ အသားထဲသို့ ဝင်ရောက်သွားသော အသံကြီးက နှလုံးသားကို ဆွဲဆုတ်လိုက်သလိုပင်။

အစွန်းရောက်အအေးဓာတ်နှင့် ဝိညာဉ်ကို တိုက်စားနိုင်သော စွမ်းအင်များက မျက်လုံးနောက်ကွယ်ရှိ အမြင်အာရုံကြောလမ်းကြောင်းမှတစ်ဆင့် ရေကြီးရေလျှံသည့်နှယ် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာအထိ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ပြေးဝင်လာသော ဧရာမခန္ဓာကိုယ်ကြီးမှာ မမြင်ရသော ဧရာမလက်ကြီးတစ်ခုက ရပ်တန့်ခလုတ်ကို နှိပ်လိုက်သည့်အလား ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

ကျောက်သားချပ်ဝတ် တောဝက်ဘုရင်၏ ခွန်အားများ၊ အသက်ဝိညာဉ်နှင့် ဒေါသတရားများအားလုံးသည် ဤအခိုက်အတန့်တွင် လုံးဝအေးခဲသွားပြီး ဆွဲနုတ်ခံလိုက်ရသည်။

၎င်း၏ မျက်လုံးထဲမှ နောက်ဆုံးကျန်ရှိနေသော ရက်စက်ကြမ်းကြုတ်မှုများက ဆုတ်ခွာသွားသော ရေလှိုင်းတစ်ခုပမာ အလျင်အမြန် ပျောက်ကွယ်သွားပြီး အသက်မဲ့နေသော မီးခိုးဖြူရောင်ဖြင့် အစားထိုးခံလိုက်ရသည်။

ထို့နောက် တောင်တန်းတစ်ခုပမာ ကြီးမားပြီး မာကျောလွန်းသော ခန္ဓာကိုယ်ကြီးသည် အထောက်အပံ့အားလုံး ဆုံးရှုံးသွားကာ ဝုန်းခနဲ ပြိုကျသွားသည်။

ပတ်ဝန်းကျင်ရှိ မြေပြင်ပင် အနည်းငယ် တုန်ခါသွားပြီး ဖုန်လုံးကြီးတစ်ခု ထောင်းခနဲ ထသွားခဲ့သည်။

[စနစ်အသိပေးချက်]။ ။သင်၏ လက်အောက်ငယ်သား ‘ရန့်မြဲ့’ သည် ကျောက်သားချပ်ဝတ် တောဝက်ဘုရင် (အဆင့် ၄၀ ဒုတိယ ဘုရင်အဆင့် ကနဦး) ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် မဟူရာအရေပြား (ရွှေရောင် အဆင့်မြင့်)။

ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် ကျောက်သားချပ်ဝတ် ဝင်ဆောင့်ခြင်း (ရွှေရောင် အဆင့်မြင့်)။

ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် မြေကြီးဆုတ်ဖြဲ ခြေနင်းတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်) တို့ကို ရရှိခဲ့ပါသည်။

အနောက်ဘက် စစ်တလင်းတွင်လည်း ယင်းဖုန်းနှင့် သွေးကျားဘုရင်တို့ကြားမှ အသက်လု ထွက်ပြေးပုန်းအောင်းနေရသည့် ပြေးတမ်းလိုက်တမ်းကစားပွဲမှာလည်း နောက်ဆုံးအခန်းကဏ္ဍသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သွေးကျားဘုရင်မှာ အလွန်တရာ အကျပ်ရိုက်နေသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

မူလက တင့်တယ်ခမ်းနားပြီး တောက်ပနေသော ရွှေရောင် အမွေးအမျှင်များမှာ ယခုအခါ ၎င်း၏သွေးများ၊ နှင်းခဲများနှင့် ဖုန်မှုန့်များပေကျံကာ ရှုပ်ပွနေခဲ့သည်။

ဒဏ်ရာများမှ သွေးများ ဆက်တိုက်စီးကျနေပြီး ‘သွေးဆာရူးသွပ်မှု’ မှ ပေးစွမ်းထားသော အလွန်မြန်ဆန်သည့် အမြန်နှုန်းမှာလည်း ပြင်းထန်သောဒဏ်ရာနှင့် ကြီးမားလွန်းသော ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုများကြောင့် ကြာမြင့်စွာကတည်းက လေးလံထိုင်းမှိုင်းနေခဲ့ပြီဖြစ်သည်။

သွေးကျားဘုရင်က ကြောက်လန့်တကြားဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ သွေးရောင်လွှမ်းနေသော ကျားမျက်၀န်းများမှာ အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ ရပ်နေသော တစ္ဆေအရိပ်ကိုးခုကို မြင်တွေ့လိုက်ရသည်။

နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များက သွေးကျားဘုရင်၏ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီးဖြစ်ကာ သူတို့၏အေးစက်လှသော သတ်ဖြတ်လိုစိတ်များက ရုပ်၀တ္တုဖြစ်ပေါ်နေသာ ပင့်ကူအိမ်တစ်ခုအလား ယက်လုပ်ထားပြီးဖြစ်သည်။

မျှော်လင့်ချက်မဲ့ခြင်းများက အနက်ရှိုင်းဆုံး ရေခဲတုံးပမာ သွေးကျားဘုရင်၏ နှလုံးသားကို ချက်ချင်း အေးခဲသွားစေခဲ့သည်။

“ပြီးဆုံးသွားပြီ”

ငရဲပြည်ကိုးထပ်မှ ပြစ်ဒဏ်ချမှတ်လိုက်သကဲ့သို့ အရာရာကို လျစ်လျူရှုထားသော အသံက သွေးကျားဘုရင်၏ အနောက်ဘက်ရှိ အထူထပ်ဆုံးနှင့် အနက်ရှိုင်းဆုံးအရိပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင် ‘အရိပ်ဝိညာဉ်’ ဝိသေသလက္ခဏာရပ်ဖြစ်သော အရိပ်ကပ်ဘေးကို အသက်သွင်းလိုက်သည်။

သူ၏ လက်သည်းဖျားတွင် စုစည်းနေသော အရိပ်စွမ်းအားများက အမြင့်ဆုံးအထိ ဖိသိပ်ခံလိုက်ရပြီး ဆံပင်တစ်မျှင်စာမျှသာရှိသော မည်းမှောင်နေသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအလင်းတန်းက ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်နိုင်သည့် အစွမ်းများကို သယ်ဆောင်ကာ မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားခဲ့သည်။

သွေးကျားဘုရင်သည် အသည်းအသန် ပြေးလွှားနေရာမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဧရာမခန္ဓာကိုယ်ကြီးက ရှေ့သို့ပြေးနေဆဲ အနေအထားတွင် ရှိနေသော်လည်း နဖူးဗဟိုတည့်တည့်တွင် မမြင်ရသလောက် သေးငယ်သော အနီရောင်အစက်လေးတစ်ခုက တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။

သွေးကျားဘုရင်၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုများ၊ ကြမ်းကြုတ်မှုများနှင့် ရှင်သန်လိုစိတ်များ...

အရောင်အသွေးအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖန်ကွဲစများပမာ ပြိုကွဲပျက်စီးသွားပြီး နောက်ဆုံးတွင် ဗလာနတ္တိအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုခဏမှာပင် အသက်ရှင်နေသည့် လက္ခဏာအားလုံး ဆုံးရှုံးသွားသော ဧရာမကိုယ်လုံးကြီးသည် မြေပြင်ပေါ်သို့ ဝုန်းခဲနဲ အသံအကျယ်ကြီးမြည်ကာ လဲကျသွားခဲ့ပြီး နောက်ထပ် မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ပေ။

[စနစ်အသိပေးချက်]။ ။လက်အောက်ငယ်သား ‘ယင်းဖုန်း’ သည် သွေးကျားဘုရင် (အဆင့် ၄၁ မိစ္ဆာဘုရင် အလယ်အလတ်အဆင့်) ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ် သွေးဆာရူးသွပ်မှု (ရွှေရောင် အဆင့်မြင့်)၊

ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ် သွေးမိစ္ဆာလက်သည်း (ရွှေရောင် အဆင့်မြင့်)၊ တောအုပ်တုန်လှုပ် ကျားဟိန်းသံ (ခရမ်းရောင် အဆင့်မြင့်)တို့ကို ရရှိခဲ့ပါသည်။

စစ်သူကြီးသုံးဦး ဆက်တိုက်ကျဆုံးသွားခြင်းက ရန်သူ့စစ်တပ်၏ ကျန်ရှိနေသော တိုက်ပွဲဝင်လိုစိတ်များကို လုံးဝဖျက်ဆီးပစ်လိုက်ပြီး ဝံပုလွေအုပ်ကြီးက ရက်စက်သော ရှင်းလင်းရေးများကို စတင်လိုက်လေပြီ။

ဤအချိန်တွင် စစ်တလင်း၏ အစစ်အမှန် အဆုံးအဖြတ်ပေးမည့် နေရာမှာ ဗဟိုချက်တွင်သာ ရှိနေဆဲဖြစ်သည်။ မတ်တတ်ရပ်ရန် ကြိုးစားနေသော ဧရာမအရိပ်မည်းကြီး၏ ပတ်လည်ရှိ စွမ်းအင်များက အလွန်တရာ မတည်မငြိမ် ဖြစ်နေခဲ့သည်။

“အောက်တန်းကျတဲ့ ခွေးသူခိုး၊ ဒီဘုရင်က... သေရမယ်ဆိုရင်တောင်မှ….”

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ အသံက အက်ကွဲပြီး ပုံပျက်နေခဲ့သည်။

၎င်း၏ နဖူးပေါ်ရှိ ကွဲအက်နေသော ဒေါင်လိုက်မျက်လုံးထဲမှ အမည်းရောင် အငွေ့များ လျှံထွက်နေပြီး ဖျက်ဆီးခြင်းစွမ်းအင်များက မျက်လုံး၏ အလယ်ဗဟိုတွင် အရူးအမူး ဖိသိပ်ကာ ပြိုကျလာနေသောကြောင့် ခန္ဓာကိုယ်ကြီးက လေပူဖောင်းတစ်ခုပမာ ဖောင်းကားလာခဲ့သည်။

လင်းထျန်းလုံ၏ မျက်လုံးများက ဓားသွားများပမာ ထက်မြက်နေပြီး ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း အနီနှင့် အဖြူရောင် ရောယှက်နေသော အရိပ်တစ်ခုက သူ့ထက် ပိုမြန်နေခဲ့သည်။

“အာ၀ူး”

သွေးမိစ္ဆာ၏ ခန္ဓာကိုယ်လေးက ဘေးဘက်ရှိ ကျောက်တုံးများကြားမှ ကြမ်းတမ်းစွာ ခုန်ထွက်လာခဲ့သည်။

သွေးမိစ္ဆာ၏ ကြမ်းကြုတ်သော မျက်လုံးများက လုံးဝ နီရဲနေပြီး ရှေ့တွင်ရှိနေသော လွှမ်းမိုးနိုင်သည့် သွေးနံ့များနှင့် သေမင်းတမန်ရောင်ဝါများကို ခံစားမိပြီးနောက် သူ၏ ‘သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာ’ မှာ အမြင့်ဆုံးအခြေအနေအထိ လှုံ့ဆော်ခံလိုက်ရသည်။

သွေးမိစ္ဆာ၏ ပတ်လည်ရှိ သွေးရောင်များက မြူခိုးများအဖြစ်သာ မဟုတ်တော့ဘဲ ရုပ်၀တ္တုရှိပြီး တောက်လောင်နေသော သွေးရောင်မီးတောက်အင်္ကျီတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီဖြစ်သည်။

သွေးမိစ္ဆာသည် အဆင့်ကွာဟမှုနှင့် ဝိညာဉ်ကိုပင် တုန်လှုပ်စေသော ‌ဖိအားကို လျစ်လျူရှုကာ ပြတ်သားသော သွေးရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ‘နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း’ ကြောင့် ဒဏ်ရာရထားသည့် မျက်လုံးသုံးလုံးဝံပုလွေဘုရင်၏ လည်ပင်းပေါ်ရှိ ဧရာမဒဏ်ရာကြီးထံသို့ တည့်တည့်မတ်မတ် ခုန်အုပ်လိုက်လေသည်။

အခန်း (၂၃၆) - ဝံပုလွေအသိုက်၏ အောင်ပွဲ၊ စစ်မြေပြင်အား ရှင်းလင်းခြင်း (၃)

သွေးမိစ္ဆာ၏ ရည်မှန်းချက်မှာ ရှင်းလင်းပြီး စစ်မှန်လှသည်။ ဝါးမြိုပစ်ရန်ပင်။

“ပုရွက်ဆိတ်လေး၊ ထွက်သွားစမ်း”

ခြိမ်းခြောက်မှုကို ခံစားလိုက်ရသော မျက်လုံးသုံးလုံး ဝံပုလွေဘုရင်က ကျန်ရှိနေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများဖြင့် လက်သည်းတစ်ဖက်ကို သွေးမိစ္ဆာထံသို့လွှဲယမ်းလိုက်ရာ လက်သည်းမှ ထွက်ပေါ်လာသော လေပြင်းများက လေထုကိုပင် ဆုတ်ဖြဲသွားလေသည်။

သွေးမိစ္ဆာက ရှောင်တိမ်းခြင်း သို့မဟုတ် ကာကွယ်ခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။

ပို၍ တိတိကျကျပြောရလျှင် သွေးမိစ္ဆာ၏ ကမ္ဘာကြီးထဲတွင် ကြီးမားလွန်းသော စွမ်းအင်များ ပါဝင်နေသည့် အရင်းအမြစ်သာလျှင် ကျန်ရှိနေတော့သည်။

သွေးမိစ္ဆာသည် လက်ဝါးရိုက်ချက်၏အားကို အသုံးပြု၍ သူ၏ ထောင့်ချိုးကိုချိန်ညှိကာ အစွယ်များကို ဒဏ်ရာ၏ အနက်ရှိုင်းဆုံးအစိတ်အပိုင်းသို့ ပိုမိုတိကျစွာ ထိုးသွင်းလိုက်တော့သည်။

လက်သည်းရိုက်ချက်က တိုက်ရိုက်ထိမှန်သွားခဲ့ပြီး သွေးမိစ္ဆာ၏ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းရှိ အရိုးအများစုမှာ ချက်ချင်းဆိုသလို ကျိုးကြေသွားခဲ့သော်ငြား သူ၏ အစွယ်များကလည်း အနက်ထဲအထိ အောင်မြင်စွာ စိုက်ဝင်သွားခဲ့သည်။

ယခုအချိန်တွင် ‘သွေးဆာလိုက်လံသတ်ဖြတ်မှု’ ၏ အလိုအလျောက် တုံ့ပြန်မှုက အရူးအမူး အလုပ်လုပ်နေခဲ့ပြီဖြစ်သည်။

နောက်တစ်စက္ကန့်တွင် အံ့အားသင့်ဖွယ် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

မူလက အရူးအမူး စုဝေးနေပြီး ပေါက်ကွဲတော့မည့် ဖျက်ဆီးခြင်းစွမ်းအင်များက ဆည်ကျိုးသွားသော မြစ်တစ်စင်းပမာ လည်ပင်းဒဏ်ရာဆီသို့ စီးဆင်းသွားခဲ့သည်။

ထို့နောက် သွေးမိစ္ဆာ၏ အဆုံးအစမဲ့ ဝါးမြိုခြင်း စွမ်းအားများကြောင့် အတင်းအကြပ် စုပ်ယူခံလိုက်ရတော့သည်။

“မဖြစ်နိုင်ဘူး... ဒါက ဘယ်လိုစွမ်းအားမျိုးလဲ၊ ငါ့ရဲ့ အရင်းအမြစ်... အရိုးစုအမွေအနှစ်ရဲ့ စွမ်းအားတွေ”

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်က မျှော်လင့်ချက်မဲ့နေသော အသံကြီးဖြင့် ကြောက်လန့်တကြား ဟိန်းဟောက်လိုက်သည်။

သူပိုင်ဆိုင်ထားသမျှ အရာအားလုံးသည် ထိုမောက်မာလှသော သွေးမိစ္ဆာ၏ စွမ်းအားများကြောင့် အရူးအမူး စုပ်ယူခံနေရကြောင်းကို သေချာပေါက် ခံစားသိရှိနေခဲ့သည်။

သွေးမိစ္ဆာ၏ ကျိုးကြေနေသော ခန္ဓာကိုယ်လေးက ဝါးမြိုနေစဉ်အတွင်း သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် သူ့အလိုလို ပြန်လည်ကုသနေခဲ့သည်။

ကျိုးကြေနေသော အရိုးများက ပြန်လည်ဖွဲ့စည်းသွားပြီး အသစ်ဖြစ်ပေါ်လာကာစ ကြွက်သားမျှင်များက သွေးမြွေများပမာ ရစ်ခွေ ကောက်ကွေးနေခဲ့သည်။

သွေးမိစ္ဆာ၏ အဆင့်နှင့် အရှိန်အဝါက တည်ငြိမ်စွာ မြင့်တက်လာနေခဲ့သည်။

အဆင့် ၁၉... ၂၁... ၂၃... သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အလင်းတန်းများက ပိုမိုတောက်ပပြီး နက်ရှိုင်းလာကာ အမွေးအမျှင်များမှ ထွက်ပေါ်နေသော အနီရောင်ရင့်ရင့် ပုံစံများက အသက်ဝင်လာပြီး ဖြည်းညင်းစွာ စီးဆင်းနေသကဲ့သို့ ရှိနေသည်။

အလောင်းတောင်များနှင့် သွေးပင်လယ်များမှ မြစ်ဖျားခံလာသည့်အလား ပိုမိုရှေးကျပြီး ကြမ်းကြုတ်သော အရှိန်အဝါများက သွေးမိစ္ဆာ၏ ခန္ဓာကိုယ်သေးသေးလေးထဲမှ နိုးထလာပြီး ဟိန်းဟောက်မည်ဟီးလာခဲ့သည်။

[စနစ်အသိပေးချက်]။ ။ ပိုင်ရှင်၏ လက်အောက်ငယ်သား ‘သွေးမိစ္ဆာ’ သည် စွမ်းအင်မြင့်မားသော သွေးမျိုးဆက် အရင်းအမြစ်ကို ဝါးမြိုလိုက်ပါသည်။

ပင်ကိုစွမ်းရည် သွေးမိစ္ဆာတိုက်ပွဲဝင်ခန္ဓာ (ခရမ်းရောင် အဆင့်မြင့်)သည် အခြေခံကျသော အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေး (ရွှေရောင် အဆင့်မြင့်) အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။

[စနစ်အသိပေးချက်]။ ။လက်အောက်ငယ်သား ‘သွေးမိစ္ဆာ’ သည် အဆင့် ၂၃ (ပါရမီရှင်အဆင့်) သို့ တက်လှမ်းသွားပါသည်။

နောက်ဆုံးကျန်ရှိနေသော စွမ်းအင်များကို စုပ်ယူလိုက်သောအခါ မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ ဖောင်းကားနေသော ခန္ဓာကိုယ်ကြီးက လေလျော့သွားသော သားရေအိတ်တစ်ခုပမာ တွန့်လိမ်သွားခဲ့သည်။

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ မျက်လုံးထဲရှိ ရူးသွပ်မှုများနှင့် အငြိုးအတေးများအားလုံး လုံးဝ အေးခဲသွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားကာ ထာဝရငြိမ်သက်သွားခဲ့သည်။

လင်းထျန်းလုံက အနီးအနားသို့ ဆင်းသက်လာခဲ့ပြီး သူ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ဖြင့် ဝံပုလွေဘုရင်၏ အလောင်းကို စစ်ဆေးလိုက်သည်။

စနစ်အသိပေးချက်က မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာခဲ့သည်။

[စနစ်အသိပေးချက်]။ ။မျက်လုံးသုံးလုံး ဝံပုလွေဘုရင် အဆင့် ၅၀ (မိစ္ဆာဘုရင်) ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များဖြစ်သော ကံကြမ္မာမိစ္ဆာမျက်လုံး(ရွှေရောင် အဆင့်မြင့်)၊ အမှောင်ထုကြီးစိုးခြင်း (ရွှေရောင် အဆင့်မြင့်)နှင့် ဝံပုလွေဘိုးဘေး စိတ်ဆန္ဒ (ရွှေရောင် အဆင့်မြင့်) တို့ကို ရရှိခဲ့ပါသည်။

ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များဖြစ်သော အရိပ်တိုက်စားခြင်း (ရွှေရောင် အဆင့်မြင့်)၊ [ဝိညာဉ်ဟိန်းသံ (ခရမ်းရောင် အဆင့်မြင့်) နှင့် အရိုးနယ်ပယ် ((ရွှေရောင် အဆင့်မြင့်) တို့ကို ရရှိခဲ့ပါသည်။

(ဝိသေသလက္ခဏာရပ်များအားလုံးကို စနစ်၏ ဝိသေသလက္ခဏာရပ် ဂိုဒေါင်ထဲတွင် အလိုအလျောက် သိမ်းဆည်းပြီးဖြစ်ပါသည်)

သူသည် လက်သည်းဖြင့် တစ်ချက်ပွတ်ဆွဲလိုက်ကာ မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ မာကျောသော ဦးခေါင်းခွံကို တိကျစွာ ခွဲထုတ်လိုက်သည်။

အမည်းရောင်အငွေ့များ ဖုံးလွှမ်းနေသော ရွှေရောင်ရင့်ရင့် အရိုးအပိုင်းအစတစ်ခုနှင့်အတူ အလယ်တွင် ဖြည်းညင်းစွာလည်ပတ်နေသည့် ရွှေရောင်ရင့်ရင့် ဒေါင်လိုက်မျက်လုံး ပုံရိပ်ယောင်တစ်ခု ပါဝင်သော အနက်ရောင်သလင်းကျောက်အမြုတေ တစ်ခုတို့ကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်သည်။

[စနစ်အသိပေးချက်]။ ။[မျက်လုံးသုံးလုံး ဝံပုလွေဘုရင် သလင်းကျောက်အမြုတေ (ရွှေရောင် ဘုရင်အဆင့်) ကို ရရှိခဲ့ပါသည်။ ညစ်ညမ်းနေသော ရှေးဟောင်းဝံပုလွေဘိုးဘေးအရိုး (ရွှေရောင် အဆင့်မြင့်)ကို ရရှိခဲ့ပါသည်။

သူ၏ အကြည့်များက သွေးမိစ္ဆာထံသို့ ကျရောက်သွားခဲ့သည်။ ထိုကောင်လေး၏ ပတ်လည်ရှိ သွေးရောင် အလင်းတန်းများက တဖြည်းဖြည်းချင်း အတွင်းသို့ ဝင်ရောက်နေခဲ့သည်။

သွေးမိစ္ဆာ၏ အရွယ်အစားမှာ ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။

အရွယ်မရောက်သေးဟု ထင်ရသော်ငြား ထိုဖုံးကွယ်ထားကာ ထုတ်လွှတ်ခြင်းမရှိသေးသော ကြမ်းကြုတ်သည့် အရှိန်အဝါကပင် အလေးအနက်ထားရန် လုံလောက်နေချေပြီ။

သွေးမိစ္ဆာက ဘေးဘီဝဲယာကို အနည်းငယ် ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် လင်းထျန်းလုံထံသို့ အကြည့်ကို ရပ်တန့်လိုက်သည်။

ခဏတာ တွေဝေသွားပြီးနောက် ရှေ့သို့ လှမ်းလာကာ ခေါင်းငုံ့ပြီး သူ၏ ရှေ့လက်သည်းကို ပွတ်သီးပွတ်သပ်လုပ်လာခဲ့သည်။

လင်းထျန်းလုံသည် သွေးမိစ္ဆာ၏ ခန္ဓာကိုယ်အတွင်းမှ အရိုင်းဆန်ပြီး သစ္စာရှိသော စွမ်းအားများကို ခံစားနိုင်ခဲ့သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သွေးမိစ္ဆာ၏ခေါင်းပေါ်သို့ ညင်သာစွာ တင်လိုက်လေ၏။

“ကောင်းကောင်းလုပ်နိုင်ခဲ့တယ်”

သွေးမိစ္ဆာက ကျေနပ်သွားသော ညည်းတွားသံလေးတစ်ခု ထုတ်ဖော်လိုက်သည်။

သစ်ပင်အိမ်လေးအတွင်းတွင်။

ရှောင်လန်သည် အောက်ဘက်တွင် လင်းထျန်းလုံကို ချစ်စနိုးဖြင့် ပွတ်သီးပွတ်သပ် လုပ်နေသော သွေးမိစ္ဆာကို ကြည့်နေပြီး သူမ၏အတွေးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။

“စောစောက သွေးမိစ္ဆာရဲ့ အရှိန်အဝါက... လုံးဝ ပြောင်းလဲသွားတာပဲ”

ရှောင်ယင်းသည် အတွေးတစ်ခုဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ဟုတ်တယ်၊ အခြေခံကျတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခုပဲ၊ အဲဒီ စစ်မှန်တဲ့ တိုက်ပွဲဝင်လိုစိတ်နဲ့ ရန်လိုတဲ့ အရှိန်အဝါတွေ၊ သိပ်ကို ရှေးကျတဲ့ မှတ်ဉာဏ်အပိုင်းအစတွေထဲမှာ ဆင်တူတဲ့မှတ်တမ်းမျိုး ငါမြင်ဖူးတယ်”

“အဲဒါကဘာလဲ”

“ကောလာဟလတွေသာ မှန်မယ်ဆိုရင် ဒီသွေးမျိုးဆက်ရဲ့ အမြင့်ဆုံး ပုံသဏ္ဌာန်တွေထဲက တစ်ခုကို အနာဂတ်မှာ ‘သွေးသတ်ဖြတ်ခြင်းဝံပုလွေဧကရာဇ်’ လို့ ဂုဏ်ပြုခေါ်ဝေါ်ကြလိမ့်မယ်”

ရှောင်ယင်း၏ အတွေးများထဲတွင် စိတ်လှုပ်ရှားမှုခံစားချက်တစ်ခု ပါဝင်နေခဲ့သည်။

“ဝံပုလွေအဖေရဲ့အနားမှာ တကယ့်ကို ထူးကဲတဲ့တည်ရှိမှုတွေ စုစည်းနေတာပဲ”

“’သွေးသတ်ဖြတ်ခြင်း ဝံပုလွေဧကရာဇ်’...” ရှောင်လန်သည် ရှုပ်ထွေးနေသော အတွေးများဖြင့် ရေရွတ်လိုက်မိသည်။

“စစ်တလင်းအတွက် မွေးဖွားလာတဲ့ ဘွဲ့အမည်တစ်ခုနဲ့ တူတယ်၊ စောစောက သူ့ရဲ့ အရှိန်အဟုန်အရ နောက်ကြောင်းပြန်မလှည့်ဘဲ သူ့ကိုယ်သူတောင် လျစ်လျူရှုပြီး ရှေ့ကိုဆက်သွားနေတာ၊ အဲ့နာမည်နဲ့ သိပ်ကို ကိုက်ညီတာပဲ”

“သေခြင်းတရားထဲမှာ ရှင်သန်ဖို့လမ်းကြောင်း ရှာဖွေပြီး တိုက်ပွဲတွေကတစ်ဆင့် ကြီးထွားလာတာ၊ ဒါက သူ့ရဲ့လမ်းစဉ်ပဲ”

ထိုအချိန်တွင် ရှောင်လန်က တောက်ပသော အပြုံးတစ်ခုကိုပြသလိုက်ပြီး ဖွဖွလေး လက်ခုပ်တီးကာ ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။ “အရမ်းကောင်းတာပဲ၊ ငါတို့ နိုင်ပြီ”

ဤသည်မှာ နှလုံးသားထဲမှ ဝမ်းသာကြည်နူးမှုဖြစ်သလို ယခုအချိန်တွင် အသံထွက်ပြီး ပြောဖို့လိုအပ်တဲ့ တစ်ခုတည်းသော စကားလုံးလည်း ဖြစ်လေသည်။

ရှောင်ယင်းကလည်း ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး သူမ၏ အသက်အရွယ်နှင့် လိုက်ဖက်သော ဖျော့တော့ပြီးအေးချမ်းသည့် အပြုံးလေးတစ်ခု နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့သည်။

ထိုစဉ် လင်းထျန်းလုံသည် ခေါင်းမော့ကာ သွေးနှင့် မီးတောက်များ၏ ဆေးကြောခြင်းခံရပြီးနောက် တိတ်ဆိတ်ငြိမ်သက်ခြင်း အခြေအနေထဲသို့ ပြန်လည်ကျရောက်သွားသော စစ်မြေပြင်ကို အကဲခတ်လိုက်သည်။

လင်းထျန်းလုံသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ဘုရင်တစ်ပါး၏ ခမ်းနားကြီးကျယ်မှုများ ပါဝင်နေသော သူ၏စိတ်ဆန္ဒက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

“စစ်တလင်းကို ရှင်းလင်းပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေကို သင့်လျော်သလို သင်္ဂြိုဟ်ပေးလိုက်ကြ၊ ဒဏ်ရာရထားတဲ့သူတွေ အားလုံးက ကုသမှုခံယူဖို့အတွက် တိုတမ်မိခင်သစ်ပင်ရဲ့ အနီးအနားကို ဆုတ်ခွာကြ”

……..

ပူဆွေးသောကဟူသည့်အရာသည် လက်ဖြင့် ထိတွေ့ကိုင်တွယ်၍ရနိုင်သော မြူခိုးထုကြီးတစ်ခုပမာ ဝံပုလွေအသိုက်၏ ဧရိယာတစ်ခွင်ကို လေးလံစွာ လွှမ်းခြုံထားလေသည်။

လေအေးထဲတွင် ရောယှက်နေသော ညှီစို့စို့ သွေးနံ့များက ဤခမ်းနားလှသောအောင်ပွဲအတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးမှာ သစ္စာရှိသော ရဲဘော်ရဲဘက်များ၏ အေးစက်နေသော ခန္ဓာကိုယ်များဖြစ်ကြောင်း သတိပေးနေသကဲ့သို့ပင်။

လင်းထျန်းလုံသည် သူ၏စစ်သည်တော်များက ကျဆုံးသွားသူများ၏ ရုပ်အလောင်းများကို တိုတမ်မိခင်သစ်ပင်၏အောက်တွင် နေရာချထားပေးနေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့သည်။

သူ၏ ငွေပြာရောင် မျက်ဝန်းများမှာ မြောက်ပိုင်းရေခဲပြင်၏အေးစက်မှုများကြောင့် ထာဝရအေးခဲသွားသည့်အလား တည်ငြိမ်လွန်းနေသည်။

အစောင့်အရှောက် ခုနစ်ဦး၊ လုပ်ကြံသတ်ဖြတ်သူ ရှစ်ဦး၊ ရေပြာကြေးခွံအစောင့်အရှောက်တစ်ဦးနှင့် ကင်းလှည့်အမဲလိုက်တပ်ရင်းမှ စစ်သည်တော်အများအပြားတို့သည် သူတို့၏အိမ်ကို ကာကွယ်ရန်အတွက် ခန္ဓာကိုယ်ထဲရှိ နောက်ဆုံးသွေးတစ်စက်အထိ ပေးဆပ်သွားခဲ့ကြပြီဖြစ်သည်။

မည်သူ့ထံက အမိန့်ကိုမှမလိုဘဲ အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ထက်ရှသော လက်သည်းများဖြင့် မိခင်သစ်ပင်၏ အနီးအနားတွင် နောက်ဆုံးအနားယူရာ နေရာများကို စတင်တူးဆွလာကြသည်။

All Chapters