← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 33 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 33 Ch. 449-450

‎အခန်း ( ၄၄၉ ) - နတ်ဆိုးဧကရာဇ်ကြီး၏ တွက်ချက်မှုများ၊ သူ၏ စိုးရိမ်ပူပန်မှုနှင့် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စရပ်

‎

‎

‎

‎နတ်ဆိုးနယ်မြေ... ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၌.....

‎

‎

‎" ဒီလိုပါပဲ... ကျွန်တော့်သခင်က အရှင့်ကို ထုံးထျန်းနတ်ဆိုးတောင်ဆီ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် "

‎

‎

‎လိပ်အိုကြီးမှ ဖြည်းဖြည်းမှန်မှန်နှင့် အေးဆေးစွာ ပြောဆိုလေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီးက ငါ့ကို ဘာကိစ္စကြောင့် တွေ့ချင်တာလဲလို့များ ပြောလိုက်သေးလား "

‎

‎

‎ကုချန်မှ အေးဆေးငြင်သာစွာ မေးမြန်းလိုက်၏။

‎

‎

‎အစကတည်းကပင် ထိုနတ်ဆိုးဧကရာဇ်ကြီး၏ ရည်ရွယ်ချက်များကို ကုချန် သေသေချာချာ နားမလည်ခဲ့ပေ။

‎

‎

‎မူလက သူသည် ရှီမိုကောင်းကင်အား ငါးမြှားစာအဖြစ်အသုံးပြုကာ နတ်ဆိုးဧကရာဇ်ကြီးအား သွေးဆောင်ရန် စီစဉ်ခဲ့သော်လည်း တစ်ဖက်လူမှာ သူ့အား ရန်သူအဖြစ်သတ်မှတ်ရန် ရည်ရွယ်ချက်မရှိသည့်ဟန် ပေါ်နေခဲ့၏။ ထို့အပြင် သူ့အား အဆုံးမဲ့ထျန်းကျွင်းသစ် ဟူသော ဘွဲ့ကိုပင် ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သေးသည်။

‎

‎

‎ဆိုရိုးစကားရှိသည့်အတိုင်း အပြုံးဖြင့်လာသူအား မည်သူမျှ လက်ပါမည် မဟုတ်ချေ။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အပေါ် အမြဲတစေ စေတနာကောင်းကို ပြသခဲသလို အစောပိုင်း၌လည်း ချီလျန်မျိုးနွယ်ကို ကယ်တင်ပေးခဲ့သေး၏။ ထို့ကြောင့် ကုချန်အနေဖြင့် သူ့အား ပြဿနာရှာရန် ခက်ခဲနေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် ဤနတ်ဆိုးဧကရာဇ်ကြီး အမှန်တကယ် တွေးတောနေများသည်ကိုမူ သူ လုံးဝ နားမလည်ခဲ့ချေ။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ ဤသို့ အဆက်မပြတ် စေတနာကောင်းပြနေခြင်းမှာ သူ့အား ကြောက်ရွံ့နေသောကြောင့်ဟု သူ လုံးဝ မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိသူဖြစ်ရာ သူ့ကဲ့သို့ အင်မော်တယ်ဘုရင်တစ်ပါးအား မည်သို့ ကြောက်ရွံ့မည်နည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား အမြဲတစေ စေတနာကောင်း ပြသနေရသည့် အခြားအကြောင်းရင်းတစ်ခု ရှိရပေမည်။ သို့သော် ထိုအရာမှာ မည်သည့်အရာဖြစ်သည်ကို ကုချန် သေချာ မသိသေးချေ။

‎

‎

‎ယခု သူ့အား အဆုံးမဲ့ထျန်းကျွင်းဘွဲ့ ပေးအပ်၍ နှစ်တစ်ရာအကြာတွင် နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ထုံးထျန်းနတ်ဆိုးတောင်သို့ ဖိတ်ခေါ်နေလေပြီ။ တစ်ဖက်လူသည် မည်သည်တို့ကို စီစဉ်နေခြင်းနည်း။

‎

‎

‎" အဆုံးမဲ့ထျန်းကျွင်းကို အစီရင်ခံပါတယ်... သခင်ကြီးက အရှင့်ကို ဘာပြောချင်လဲဆိုတာ ကျွန်တော် မသိပါဘူး... ကျွန်တော် မထွက်လာခင် သခင်ကြီးက ဘာမှ မပြောပြလိုက်ပါဘူး "

‎

‎

‎လိပ်အိုကြီးမှ အမှန်အတိုင်းပင် တည်ငြိမ်စွာ ပြန်ဖြေလေ၏။

‎

‎

‎အမှန်တကယ်တွင် ၎င်း၏အဆင့်အတန်းအရ သာမန် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် တည်ငြိမ်မှုကို ကောင်းစွာ ထိန်းထားနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဆိုးဧကရာဇ်ကြီး၏ အနီးကပ်အစေခံဖြစ်ရာ ဝန်ကြီးချုပ်အိမ်တော် တံခါးဝမှ အဆင့်ခုနစ်အရာရှိတစ်ဦးကဲ့သို့ပင် အာဏာရှိလှသည်။

‎

‎

‎ထိုအင်မော်တယ်ဘုရင်များပင်လျှင် သူ့ကို တွေ့သောအခါ ကြင်ကြင်နာနာ ဆက်ဆံကြမည်သာ။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ ဤအဆုံးမဲ့ထျန်းကျွင်းအပေါ် ထားရှိသော သဘောထားသည် အခြားအင်မော်တယ်ဘုရင်များနှင့် သိသိသာသာ ကွာခြားနေကြောင်း သူ ခံစားသိရှိနေ၏။ ထိုမျှ သဘောကောင်းလှသော အမူအရာမျိုးကို သူ ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။

‎

‎

‎ထို့ကြောင့် ကုချန်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် ပညာရှိရှိပင် အမူအရာကို ပြောင်းလဲလိုက်ကာ မည်သည့် မောက်မာမှုကိုမျှ မပြရဲတော့ပေ။

‎

‎

‎" ကောင်းပြီ... ငါကိုယ်တော် နားလည်ပြီ "

‎

‎

‎လိပ်အိုကြီးမှ မသိကြောင်း ပြောသည်ကို ကြားသောအခါ ကုချန်သည် စကားများများ ဆက်မပြောတော့ဘဲ ကိစ္စကို သိရှိကြောင်း ခေါင်းသာ ညိတ်ပြလိုက်လေသည်။

‎

‎

‎သူ၏တာဝန် ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လိပ်အိုကြီးသည် ထပ်မံ ကြန့်ကြာမနေတော့ဘဲ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ဖြည်းညင်းစွာ လှည့်ထွက်သွားတော့၏။

‎

‎

‎လိပ်အိုကြီး ထွက်သွားပြီးနောက် ချီလျိုသည် ချက်ချင်း ရှေ့သို့တိုးလာကာ စိုးရိမ်တကြီးဖြင့် ပြောဆိုလေသည်။

‎

‎

‎" သခင်... ဒီတစ်ကြိမ် နတ်ဆိုးဧကရာဇ်ကြီးရဲ့ ဖိတ်ကြားချက်က ကျွန်မကို အရမ်း စိုးရိမ်စေပါတယ် "

‎

‎

‎ဂုဏ်သိက္ခာကြီးမားလှသော နတ်ဆိုးဧကရာဇ်တစ်ပါးသည် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ဆက်ဆံသည့်အခါ မည်သည့်ကိစ္စအတွက်မဆို တိုက်ရိုက် အမိန့်ပေးခြင်း သို့မဟုတ် အသိပေးခြင်းမျိုးကိုသာ ပြုလုပ်လေ့ရှိ၏။ ယခုကဲ့သို့ ကိုယ်ပိုင် အစေခံတစ်ဦးအား စကားပါးရန် စေလွှတ်လိုက်ခြင်းမှာ အသိပေးခံရသည့် အင်မော်တယ်ဘုရင်အား အထူးပင် မျက်နှာသာပေးရာ ရောက်နေလေပြီ။

‎

‎

‎သို့သော် ယခုအခါ နတ်ဆိုးဧကရာဇ်ကြီးသည် တိကျသော ကိစ္စရပ်ကို မပြောပြဘဲ လိပ်အိုကြီးကိုသာ စေလွှတ်ကာ ကုချန်ကို လာရန် ဖိတ်ခေါ်ခဲ့သည်။ ဤကိစ္စတွင် တစ်စုံတစ်ရာသော လှည့်စားမှုများ ပါဝင်နေမည်ကို ချီလျို လွန်စွာပင် စိုးရိမ်နေမိ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ယခုအခါ ချီလျန်မျိုးနွယ်၏ အနာဂတ်နှင့် ကံကြမ္မာသည် ကုချန်အပေါ်၌သာ လုံးလုံးလျားလျား မူတည်နေပြီဖြစ်ရာ သခင်ရှိနေသရွေ့ ချီလျန်မျိုးနွယ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေမည်ဖြစ်ကာ ဤအဆုံးမဲ့ကမ္ဘာတွင် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်နေမည်သာ ဖြစ်သည်။

‎

‎

‎သို့သော် သခင့်၌ တစ်ခုခုသာ ဖြစ်သွားခဲ့မည်ဆိုလျှင် ချီလျန်မျိုးနွယ်၏ ကံကြမ္မာ မည်သို့ဖြစ်လာမည်ကို ချီလျို စိတ်ကူးပင် မယဉ်ရဲတော့ချေ။

‎

‎

‎" အမေ... တကယ်တော့ နတ်ဆိုးဧကရာဇ်ရဲ့ ဒီဖိတ်ကြားချက်က ကြီးကြီးမားမား ပြဿနာ မဟုတ်လောက်ဘူးလို့ သမီး ထင်ပါတယ် "

‎

‎

‎မိခင်ဖြစ်သူ စိုးရိမ်နေသည်ကို မြင်သောအခါ ချီမုန်မှ ဝင်ရောက် နှစ်သိမ့်ပေးလေသည်။

‎

‎

‎" တကယ်လို့ နတ်ဆိုးဧကရာဇ်ကြီးက သခင့်ကို ပစ်မှတ်ထားဖို့ တကယ်ပဲ ရည်ရွယ်ထားတယ်ဆိုရင် အဲဒီအမိန့်တော် ကျလာကတည်းက လုပ်ဆောင်ခဲ့မှာပေါ့... ဘာလို့ အခုချိန်ထိ စောင့်နေရမှာလဲ "

‎

‎

‎" အခုဆို နတ်ဆိုးဧကရာဇ်ကြီးက သခင့်ကို ဒီအဆုံးမဲ့ကမ္ဘာရဲ့ အရှင်သခင်အဖြစ် ကောင်းကင်ဘုံအားလုံးကို ကြေညာပြီးပြီလေ... အခုမှ သခင့်ကို ပစ်မှတ်ထားဖို့ ပြန်လှည့်လာမယ်ဆိုရင်... အဲဒါက သူ့မျက်နှာကို သူပြန်ရိုက်သလို ဖြစ်မနေဘူးလား "

‎

‎

‎ချီမုန်၏စကားများကြောင့် ကုချန် အနည်းငယ် ခေါင်းညိတ်လိုက်၏။ နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား ပစ်မှတ်ထားရန် ရည်ရွယ်ချက် မရှိတန်ကောင်းဟု ယုံကြည်ကာ ချီမုန်၏အမြင်ကို သူလည်း အပြည့်အဝ သဘောတူနေမိသည်။

‎

‎

‎အကယ်၍ ထိုသူသာ ထိုသို့သော ရည်ရွယ်ချက်များ ရှိခဲ့ပါက အစောကြီးကတည်းက လုပ်ဆောင်ခဲ့နိုင်ပေသည်။ အဘယ်ကြောင့် ယခုအချိန်ထိ စောင့်ဆိုင်းနေမည်နည်း။

‎

‎

‎ထို့အပြင် ဤခန္ဓာမှာ သူ၏ကိုယ်ပွားတစ်ခုမျှသာ ဖြစ်၏။ ဆုံးရှုံးသွားပါက ပြန်လည် ဖွဲ့စည်းနိုင်တော့မည် မဟုတ်သော်လည်း သူ၏ကိုယ်အစစ်ကိုတော့ ထိခိုက်မည် မဟုတ်ချေ။

‎

‎

‎ထို့အပြင် သူ အမှန်တကယ် ထုံးထျန်းနတ်ဆိုးတောင်သို့ သွားရလျှင်ပင် နတ်ဆိုးဧကရာဇ်ကြီး၏ နယ်မြေဖြစ်နေလျှင်ပင် ကိစ္စမရှိချေ။ သူ၏ ဤကိုယ်ပွားကို ဝါးမျိုပစ်ရန်မှာ ထိုမျှ မလွယ်ကူလှပေ။ တစ်ဖက်လူတွင် ထိုသို့လုပ်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည့်အပေါ်၌လည်း မူတည်နေသေးသည်ဖြစ်၏။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးတွင် မည်သို့သော အရေးတကြီး ကိစ္စရှိနေ၍ ထုံးထျန်းနတ်ဆိုးတောင်သို့ သွားရောက်ကာ ဆွေးနွေးရန် လိုအပ်နေရသနည်းဆိုသည်ကိုမူ သူ အမှန်တကယ်ပင် မသိခဲ့ချေ။

‎

‎

‎ကုချန်၏အကြည့်များမှာ ပြောင်းလဲသွားသော်လည်း သူ၏စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက် ချပြီးဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ သူ သွားရောက်ရမည်သာ ဖြစ်သည်။

‎

‎

‎...

‎...

‎

‎

‎ထုံးထျန်းနတ်ဆိုးတောင်.....

‎

‎

‎လိပ်အိုကြီးသည် တောင်ထွတ်ရှေ့ရှိ ခန်းမဆောင်ဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် လျှောက်တင်လေသည်။

‎

‎

‎" သခင်ကြီး... သခင်ကြီးရဲ့ ဖိတ်ကြားချက်ကို အဆုံးမဲ့ထျန်းကျွင်းဆီ ပါးလိုက်ပါပြီ "

‎

‎

‎" အို... သူ ဘာပြောလိုက်လဲ "

‎

‎

‎လိပ်အိုကြီး၏အသံကို ကြားလိုက်ရသောအခါ နတ်ဆိုးဧကရာဇ်ကြီးမှ စိတ်အားထက်သန်စွာ မေးမြန်းလေသည်။

‎

‎

‎" သူက တိုက်ရိုက်တော့ သဘောမတူလိုက်ပါဘူး... နားလည်ပြီလို့ပဲ ပြောလိုက်ပါတယ် "

‎

‎

‎လိပ်အိုကြီးသည် အမှန်အတိုင်း လျှောက်တင်လိုက်လျက် သူ၏စိတ်ထဲတွင်လည်း အနည်းငယ် ဒေါသထွက်နေမိ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကုချန်မှာ အလွန် မောက်မာလွန်းသည်ဟု သူ ခံစားရသောကြောင့်ပင်။ သာမန်အားဖြင့်ဆိုလျှင် နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် အင်မော်တယ်ဘုရင်တစ်ပါးကို ဆင့်ခေါ်လိုပါက ဧကရာဇ်အမိန့်တော် တစ်စောင်ထုတ်ပြန်လိုက်ရုံဖြင့် တစ်ဖက်လူမှာ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အပြေးအလွှား လာရောက်၍ အရိုအသေပေးကြမည်သာ ဖြစ်သည်။

‎

‎

‎ယခုမူ ဤအသစ်ခန့်အပ်ခံရသော အဆုံးမဲ့ထျန်းကျွင်းကို နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်က သူ့အား သတင်းစကားပါးရန် စေလွှတ်လိုက်ခြင်းဖြစ်ရာ တစ်ဖက်လူကို အလွန်ပင် မျက်နှာသာ ပေးထားခြင်းဖြစ်သည်။

‎

‎

‎သို့သော် ရလဒ်က မည်သို့ ဖြစ်သွားခဲ့သနည်း။ ဤအဆုံးမဲ့ထျန်းကျွင်းသည် နားလည်ကြောင်းကို ပေါ့ပေါ့ဆဆ ပြောရုံမျှသာပြု၍ တိုက်ရိုက် သဘောတူခြင်းမျိုး မရှိခဲ့ချေ။ ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီး၏ အခွင့်အာဏာအား ပေါ်ပေါ်ထင်ထင် လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။

‎

‎

‎သို့သော် လိပ်အိုကြီးသည် ဤအတွေးများကို အပြင်သို့ မထုတ်ပြရဲချေ။ အဘယ်ကြောင့်ဆိုသော် သခင်ကြီး အမုန်းဆုံးသော အပြုအမူမှာ တစ်စုံတစ်ဦးမှ ကုန်းချောစကားများ ပြောဆိုကာ သူ၏ဆုံးဖြတ်ချက်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။

‎

‎

‎ထို့အပြင် ဤအဆုံးမဲ့ထျန်းကျွင်းအပေါ် ထားရှိသော သခင်ကြီး၏ ယခင်သဘောထားကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤမျှ သေးငယ်သော ကိစ္စလေးအတွက်နှင့် အဆုံးမဲ့ထျန်းကျွင်းအပေါ် ဒေါသထွက်မည် မဟုတ်သည်မှာ သေချာလှ၏။

‎

‎

‎အကယ်၍ သူသာ ယခုအချိန်တွင် အပြစ်ပြောမိမည်ဆိုပါက ဘေးကျပ်နံကျပ်ဖြစ်ကာ နှစ်ဖက်စလုံးနှင့် အဆင်မပြေ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

‎

‎

‎တကယ်လည်း လိပ်အိုကြီး မျှော်လင့်ထားသည့်အတိုင်းပင် ကုချန်မှ သူ၏သဘောထားကို အလောတကြီး မဖော်ပြခဲ့ကြောင်းကို ကြားလိုက်ရသောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် မကျေနပ်မှုနှင့် ဒေါသထွက်သည့် အရိပ်အယောင်များ ပေါ်မလာခဲ့ချေ။ ထို့အစား စိတ်သက်သာရာရသွားသည့် အရိပ်အယောင်ကိုသာ ပြသလေသည်။

‎

‎

‎" သူ သိသွားရင် ရပါပြီလေ "

‎

‎

‎ကုချန်၏အကျင့်စရိုက်အရ သူ၏ဖိတ်ကြားချက်ကို ရရှိပြီးနောက် သေချာပေါက် ရောက်လာမည်ဆိုသည်ကို နတ်ဆိုးဧကရာဇ်ကြီး သိထားလေသည်။ ထိုအရာအတွက် စိတ်ပူစရာ မလိုတော့ချေ။ သူ လာမည်ဆိုလျှင် ကိစ္စများမှာ ကိုင်တွယ်ရ လွယ်ကူသွားမည်ပင်။

‎

‎

‎" သခင်ကြီး... သူ့ကို ထုံးထျန်းနတ်ဆိုးတောင်ဆီ မဖြစ်မနေ လာပြီး ဆွေးနွေးခိုင်းရလောက်တဲ့ ကိစ္စက ဘာများပါလဲ "

‎

‎

‎လိပ်အိုကြီးသည် သူ၏စိတ်ထဲရှိ သံသယများကို မမြိုသိပ်ထားနိုင်တော့ဘဲ မေးမြန်းလိုက်မိလေသည်။

‎

‎

‎သူ့ထံမှတစ်ဆင့် မည်သည့်အတွက်ကြောင့် သတင်းစကား မပါးနိုင်ရသနည်း၊ တစ်ဖက်လူအား ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ လာရောက်ဆွေးနွေးရန် အဘယ်ကြောင့် အတိအကျ တောင်းဆိုရသနည်း ဆိုသည်ကို သူ နားမလည်နိုင်သေးချေ။

‎

‎

‎" မင်း နားလည်မှာ မဟုတ်ပါဘူး "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် လိပ်အိုကြီးအား တစ်ချက် ကြည့်လိုက်ကာ ဆက်လက်ပြောဆိုလိုက်၏။

‎

‎

‎" ဒီကိစ္စကို ထုံးထျန်းနတ်ဆိုးတောင်မှာမှ ဆွေးနွေးလို့ ရမှာ... ပိုမှန်အောင် ပြောရရင် ငါအရှင့်ရှေ့မှာကို ဆွေးနွေးရမှာပဲ "

‎

‎အခန်း ( ၄၅၀ ) - မင်္ဂလာတိမ်တိုက်က လမ်းပြခြင်း၊ စကားဝှက်ဝှက်တတ်သည့် အဘိုးကြီး၊ တောင်သည် မမြင့်မားလှပေ

‎

‎

‎

‎" ထုံးထျန်းနတ်ဆိုးတောင်ပေါ်မှာပဲ ပြောရမှာလား "

‎

‎

‎" ဒါမှမဟုတ် နတ်ဆိုးဧကရာဇ်ကြီးရှေ့မှာ ပြောရမှာလား "

‎

‎

‎" အဲဒီနှစ်ခုကြားမှာ ကွာခြားချက်တစ်ခုခု ရှိလို့လား "

‎

‎

‎လိပ်အိုကြီးမှာ လုံးဝကို စိတ်ရှုပ်ထွေးသွားရသည်။ နတ်ဆိုးဧကရာဇ်ကြီး၏ 'စကားဝှက်ဝှက်တတ်သည့် အဘိုးကြီး' ကဲ့သို့သော စကားကို သူ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ချေ။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး ဤသို့ပြုမူခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိသာလှသည်။ ထို့ကြောင့် လိပ်အိုကြီးမှာ နားမလည်နိုင်ဖြစ်နေသော်လည်း အပြင်သို့ ထုတ်မပြခဲ့ပေ။ သူသည် ခန်းမဆောင်အပြင်ဘက်တွင် ဖြည်းညင်းစွာ လှဲချလိုက်ကာ တစ်ရေးအိပ်မည့်ဟန်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်လေသည်။

‎

‎

‎သူ့အနေဖြင့် အလောတကြီးလုပ်စရာ ဘာမှမရှိချေ။

‎

‎

‎အဆုံးမဲ့ထျန်းကျွင်း ရောက်လာသည့်အခါ သူ့သခင်အနေဖြင့် သူ့အား သိစေချင်ပါက အဆုံးမဲ့ထျန်းကျွင်းနှင့် စကားပြောဆိုရာတွင် သူ့ကို ရှောင်ဖယ်နေမည် မဟုတ်ပေ။

‎

‎

‎ပြောင်းပြန်အားဖြင့် ယခု သူ မေးမြန်းလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

‎

‎

‎... ... ... ...

‎

‎

‎နေ့တစ်ဝက်ခန့် ကြာပြီးနောက်.....

‎

‎

‎အစီအစဉ်များအားလုံး ချမှတ်ပြီးနောက် ကုချန်သည် တွေဝေမနေတော့ဘဲ ထုံးထျန်းနတ်ဆိုးတောင်ခြေသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

‎

‎

‎သူ့ရှေ့ရှိ တိမ်တိုက်များထဲအထိ ထိုးထွက်နေကာ ထိပ်ဖျားကိုပင် မမြင်ရသော ရှေးဟောင်းနတ်ဆိုးတောင်ကြီးကို ကြည့်ရင်း ကုချန်၏စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားရ၏။

‎

‎

‎ဤသည်မှာ သူ ထုံးထျန်းနတ်ဆိုးတောင်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သော်လည်း ဤရှေးဟောင်းနတ်ဆိုးတောင်ကြီးသည် ကောင်းကင်နှင့်မြေကြီး၏ ယေဘုယျစီးဆင်းမှုကို လွှမ်းမိုးထားသကဲ့သို့ သူ ခံစားလိုက်ရသည်။ နတ်ဆိုးတောင်ကြီးမှာ ခမ်းနားကြီးကျယ်လှပြီး ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများနှင့် နီးကပ်စွာ ဆက်စပ်နေပုံရသည်။

‎

‎

‎တစ်နည်းဆိုရလျှင် ဤခမ်းနားလှသော နတ်ဆိုးတောင်ကြီးသည် ဤကောင်းကင်နှင့်မြေကြီးရှိ အဆုံးမဲ့တာအိုများ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နေလေသည်။

‎

‎

‎ဤခံစားချက်က ကုချန်အား ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအိုများကို လွှမ်းခြုံထားပြီး အဆုံးအစမဲ့သော မဟာတာအို၏ မူလအစဖြစ်ပုံရသည့် တောက်ပသော လက်ဝါးဖြူဖြူကြီးကို သတိရသွားစေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး နေထိုင်ရာ ထုံးထျန်းနတ်ဆိုးတောင်သည် ထိုလက်ဝါးကြီး၏ အနှစ်သာရ အငွေ့အသက်အချို့ကို သိမ်မွေ့စွာ ပိုင်ဆိုင်ထားပေသည်။

‎

‎

‎သို့သော် ၎င်းမှာ အရိပ်အယောင်မျှသာဖြစ်ပြီး ထိုနှစ်ခုကြားရှိ ကွာဟချက်မှာ အလွန်အမင်း ကြီးမားကျယ်ပြန့်နေဆဲပင် ဖြစ်သည်။

‎

‎

‎ကုချန်သည် ထုံးထျန်းနတ်ဆိုးတောင်အား လေ့လာစောင့်ကြည့်နေစဉ် လိပ်အိုကြီးသည် အနည်းငယ် ထူးဆန်းသော မျက်နှာအမူအရာဖြင့် တောင်ပေါ်မှ တိမ်တိုက်တစ်ခုကို စီးကာ ဆင်းလာသည်ကို မြင်လိုက်ရ၏။ သူသည် ကုချန်ရှေ့သို့ ရောက်လာကာ ပြောဆိုလေ၏။

‎

‎

‎" ကျွန်တော့်သခင်က အရှင့်ကို ခေါ်လာဖို့ အမိန့်ပေးလိုက်လို့ပါ "

‎

‎

‎လိပ်အိုကြီးမှာ တစ်ရေးအိပ်ရန် စတင်လိုက်ရုံသာရှိသေး၍ နေ့တစ်ဝက်ပင် မပြည့်သေးချိန်၌ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့ကို နှိုးကာ တောင်အောက်သို့ဆင်း၍ ကုချန်ကို သွားကြိုရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။

‎

‎

‎ထို့အပြင် ကုချန်အနေဖြင့် ထုံးထျန်းလမ်းမှ တက်လာရန် မလိုအပ်ဘဲ မင်္ဂလာတိမ်တိုက်ကိုစီး၍ သွားကြိုရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

‎

‎

‎ဤသည်က လိပ်အိုကြီးအား သဘာဝကျကျပင် အံ့အားသင့်သွားစေခဲ့သည်။

‎

‎

‎အတိတ်ကာလက အင်မော်တယ်ဘုရင်တစ်ပါးသည် သခင်ကြီးအား လာရောက်ဂါရဝပြုလျှင်ပင် နတ်ဆိုးတောင်ပေါ်သို့တက်ရန် ထုံးထျန်းလမ်းမှတစ်ဆင့် နာခံစွာ လမ်းလျှောက်တက်ရပေသည်။

‎

‎

‎ထုံးထျန်းနတ်ဆိုးတောင် ပတ်ဝန်းကျင်၌ ပျံသန်းခြင်းကို လုံးဝ တားမြစ်ထားလေ၏။

‎

‎

‎နတ်ဆိုးဧကရာဇ်အဆင့်တူ ရှိသူများ ရောက်လာမှသာလျှင် နတ်ဆိုးတောင်ထိပ်သို့ ခေါ်ဆောင်သွားရန် မင်္ဂလာတိမ်တိုက်ကို အသုံးပြုခွင့် ရှိပေသည်။

‎

‎

‎ယခုအခါတွင်မူ နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား ကြိုဆိုရန် မင်္ဂလာတိမ်တိုက်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ရာ လိပ်အိုကြီးမှာ သေချာပေါက် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရ၏။

‎

‎

‎ဤအဆုံးမဲ့ထျန်းကျွင်းဆိုသူမှာ အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသည်မဟုတ်ပါလော။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးက ဒီလောက်အထိ ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုမှုမျိုး ပြုလုပ်ပေးဖို့ သူက ထိုက်တန်နေလို့လား။

‎

‎

‎လွန်ခဲ့သည့် ရက်အနည်းငယ်က တာကီယွမ်နတ်ဆိုးအရှင်ဟုခေါ်သော လူငယ်လေး ရောက်လာစဉ် နတ်ဆိုးတောင်ပေါ်သို့ ညာခြေဖြင့် နင်းမိသောကြောင့် သခင်ကြီး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည့် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ဆက်ဆံပုံမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားနေလေသည်။

‎

‎

‎ဒါမှမဟုတ်.....

‎

‎

‎လိပ်အိုကြီး၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

‎

‎

‎ဒီအဆုံးမဲ့ထျန်းကျွင်းက နတ်ဆိုးဧကရာဇ်ကြီး အပြင်မှာ ရထားတဲ့ 'တရားမဝင်သား' များ ဖြစ်နေမလား။

‎

‎

‎သူ့အကြောင်း မည်သည့် ကောလာဟလမျှ ကြိုတင်မကြားဖူးဘဲ ရှီမိုကောင်းကင်မှ ရုတ်တရက် ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အင်မော်တယ်ဘုရင်တစ်ပါး။

‎

‎

‎ထို့အပြင် သူသည် ရှီမိုထျန်းကျွင်းကို သတ်ပစ်ပြီးနောက် သခင်ကြီးက ဒေါသမထွက်သည့်အပြင် မူလ ရှီမိုထျန်းကျွင်း နေရာတွင် အဆုံးမဲ့ထျန်းကျွင်းအဖြစ် အစားထိုး ခန့်အပ်ခဲ့သေးသည်။

‎

‎

‎အခုတော့ သူ့ကို အဆင့်မြင့်လွန်းတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေနဲ့တောင် ကြိုဆိုနေသေးတယ်။

‎

‎

‎ဒီအဆုံးမဲ့ထျန်းကျွင်းက သခင်ကြီး အပြင်မှာရထားတဲ့ တရားမဝင်သားသာဆိုရင် ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအားလုံးကို ရှင်းပြလို့ ရနိုင်တယ်။

‎

‎

‎ထိုသို့ တွေးမိလိုက်သောကြောင့်ပင် လိပ်အိုကြီး၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဤအတွေး သူ၏စိတ်ထဲ၌ ပေါ်လာရုံသာရှိသေးချိန် အမြင့်ဆုံးကောင်းကင်ယံမှ အမည်းရောင်လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာ၍ လိပ်အိုကြီး၏ အခွံကို "ဝုန်း" ခနဲ ပစ်ချလိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ သေလုမျောပါးဖြစ်သွားလျက် ခြေလက်လေးဖက်စလုံး လေထဲသို့ ထောင်ကာ ပက်လက်လန်သွားတော့သည်။

‎

‎

‎“ ..… ”

‎

‎

‎မြေပြင်ပေါ်တွင် ပက်လက်လန်၍ တဆတ်ဆတ်တုန်နေသော လိပ်အိုကြီးကို ကြည့်ရင်း ကုချန်မှာ နှုတ်ဆိတ်နေခဲ့၏။ သူ၏ အကြည့်များမှာလည်း အနည်းငယ် နားမလည်နိုင်ဖြစ်နေခဲ့သည်။

‎

‎

‎ဤထုံးထျန်းနတ်ဆိုးတောင်သည် နတ်ဆိုးဧကရာဇ်ကြီး၏ နေထိုင်ရာနေရာ ဖြစ်ပေသည်။ ဤနေရာတွင်လည်း သဘာဝဘေးအန္တရာယ် ဆိုသည်များ ရှိနေသေးသည်လော။

‎

‎

‎" အဆင်ပြေရဲ့လား "

‎

‎

‎ကုချန်မှ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။

‎

‎

‎" ကျွန်တော် အဆင်ပြေပါတယ် "

‎

‎

‎လိပ်အိုကြီးသည် ခဏမျှ တဆတ်ဆတ်တုန်နေပြီးနောက် ဘာမှမဖြစ်ခဲ့သည့်အလား မှောက်လျက်အနေအထားသို့ ပြန်လှည့်လိုက်ကာ စိတ်ထဲတွင်မူ လျှို့ဝှက်စွာ သတိဝီရိယ ထားလိုက်သည်။

‎

‎

‎ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီးမှ သူ၏အတွေးများကို သိရှိသွား၍ အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သူ သိလေသည်။

‎

‎

‎သူသည် နတ်ဆိုးဧကရာဇ်ကြီး၏ အစေခံဖြစ်ပြီး သူ၏ နတ်ဝိညာဉ်ကို နတ်ဆိုးဧကရာဇ်ကြီး၏ လက်ထဲသို့ အပ်နှင်းထားရသည်။ နတ်ဆိုးဧကရာဇ်ကြီးနှင့် ပတ်သက်သည့် အတွေးတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူက သူ ဘာတွေးနေသည်ကို သိရှိသွားမည် ဖြစ်သည်။

‎

‎

‎စောစောက သူ အလွန်အမင်း တုန်လှုပ်သွားခဲ့၍ ထိုအချက်ကို ခဏတာ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎လိပ်အိုကြီးသည် စိတ်ထဲမှနေ၍ သတိထားနေလိုက်သည်။

‎

‎

‎စကားဝှက်ဝှက်တတ်တဲ့ အဘိုးကြီးလား။

‎

‎

‎လိပ်အိုကြီး၏ အတွေးများမှာ လှုပ်ရှားသွား၏။ အထက်မှ လျှပ်စီးများ ထပ်မံ ကျဆင်းလာခြင်း မရှိတော့သည်ကို မြင်သောအခါမှသာ နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်တော့သည်။

‎

‎

‎သာမန်အားဖြင့် သူ တွေးတောသည့်အခါတိုင်း 'ထိုသူ' အစား 'စကားဝှက်ဝှက်တတ်သည့် အဘိုးကြီး' ဟူ၍ အစားထိုး အသုံးပြုလေ့ရှိသည်။

‎

‎

‎စောစောက အံ့အားသင့်သွားမှုကြောင့် ထိုအချက်ကို သူ မေ့လျော့သွားခဲ့ခြင်းသာ ဖြစ်သည်။

‎

‎

‎ကြည့်ရတာ ဒီလူက စကားဝှက်ဝှက်တတ်တဲ့ အဘိုးကြီးရဲ့ တရားမဝင်သား အစစ်ဖြစ်ရမယ်!

‎

‎

‎မဟုတ်ရင် ဒီစကားဝှက်ဝှက်တတ်တဲ့ အဘိုးကြီးက ဘာလို့ ဒီလောက်တောင် ဒေါသထွက်ရမှာလဲ။

‎

‎

‎စိတ်ထဲမှနေ၍ စကားအနည်းငယ် တီးတိုးကဲ့ရဲ့ပြီးနောက် လိပ်အိုကြီးမှာ စိတ်ထဲတွင် များစွာ သက်သာရာရသွား၏။ ထို့နောက် ကုချန်ကို တိမ်တိုက်ပေါ်သို့ ဖိတ်ခေါ်ကာ ထုံးထျန်းနတ်ဆိုးတောင်ထိပ်ဆီသို့ ပျံသန်းသွားလေတော့သည်။

‎

‎

‎မင်္ဂလာတိမ်တိုက်ကိုစီးရင်း အဆက်မပြတ် မြင့်တက်လာနေသော ရှေးဟောင်းနတ်ဆိုးတောင်ကြီးကို ကြည့်ကာ ကုချန်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်လာခဲ့သည်။

‎

‎

‎ထုံးထျန်းနတ်ဆိုးတောင်သို့ မလာရောက်မီက ပိုင်ဟွာနတ်ဆိုးအရှင်ထံမှ ထုံးထျန်းနတ်ဆိုးတောင်၏ စည်းမျဉ်းများကို သူ သိရှိထားပြီး ဖြစ်သည်။

‎

‎

‎လာရောက်သူအားလုံးမှာ ခြေလျင်လျှောက်၍ တက်ရမည်ဖြစ်ပြီး ဤနေရာ၌ ပျံသန်းခြင်းကို တားမြစ်ထားလေသည်။

‎

‎

‎ယခုမူ လိပ်အိုကြီးသည် သူ့ကို ကြိုဆိုရန် မင်္ဂလာတိမ်တိုက်ကို ကိုယ်တိုင်ကိုယ်ကျ စီးနင်းဆင်းသက်လာခဲ့၏။ ပြောစရာပင် မလိုဘဲ ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အပေါ် အထူးအခွင့်အရေးပေး ဆက်ဆံလိုက်ခြင်း ဖြစ်ကြောင်း သိသာနေပေသည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီးမှ ဤကဲ့သို့ ပြုမူလေလေ ကုချန်မှာ ပို၍ နားမလည်နိုင် ဖြစ်လာလေလေပင်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးက သူ့အပေါ် ဘာကြောင့် ဒီလောက်တောင် ရင်းနှီးဖော်ရွေနေရတာလဲ။

‎

‎

‎အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးမှာ သူ့ထက်ပင် အသက်ပိုကြီးနေသည်ဆိုသည့် အချက်ကိုသာ ဖယ်လိုက်မည်ဆိုပါက ဤနတ်ဆိုးဧကရာဇ်ကြီးသည် ကုဝူရှန့်ကဲ့သို့ပင် ပျောက်ဆုံးနေသော သူ၏ ကုမိသားစုသွေးကြောများ ဖြစ်နေမလားဟုပင် ကုချန် သံသယဝင်မိပေလိမ့်မည်။

‎

‎

‎... ... ... ...

‎

‎

‎မင်္ဂလာတိမ်တိုက်သည် တစ်လျှောက်လုံး အထက်သို့ ပျံတက်သွားရာ ဆယ့်ငါးမိနစ်ခန့်မျှပင် မကြာလိုက်ဘဲ ထုံးထျန်းနတ်ဆိုးတောင်ထိပ်သို့ ရောက်ရှိသွားခဲ့၏။

‎

‎

‎နတ်ဆိုးတောင်ထိပ်၌ မားမားမတ်မတ် တည်ရှိနေသော ရှေးဟောင်း ခန်းမဆောင်ကြီးကိုလည်း ကုချန် မြင်တွေ့လိုက်ရသည်။

‎

‎

‎ပွင့်ပွင့်လင်းလင်း ဆိုရလျှင် နတ်ဆိုးဧကရာဇ်ကြီး၏ အဆင့်အတန်းအရ ဤခန်းမဆောင်ကြီးမှာ အနည်းငယ် ရိုးရှင်းလွန်းနေပုံရကာ အထက်ကောင်းကင်ဘုံရှိ သူ၏ ပင်မခန်းမဆောင်ကြီးနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။

‎

‎

‎သို့သော် ကုချန်အနေဖြင့် ဤအကြောင်းကြောင့် နတ်ဆိုးဧကရာဇ်ကြီးအား အထင်သေးမည် မဟုတ်သည်မှာ သဘာဝပင်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ပေသည်။

‎

‎

‎တောင်များသည် ၎င်းတို့၏ မြင့်မားမှုကြောင့် ကြီးကျယ်ခမ်းနားသည်မဟုတ်ဘဲ အတွင်းရှိ အင်မော်တယ်များကြောင့်သာ ဖြစ်သည်။

‎

‎

‎ရေများသည် ၎င်းတို့၏ နက်ရှိုင်းမှုကြောင့် နက်ရှိုင်းသည်မဟုတ်ဘဲ အတွင်းရှိ နဂါးများကြောင့်သာ ဖြစ်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ဤနေရာတွင် ရှိနေသရွေ့ သူ၏ နေထိုင်ရာနေရာသည် ရိုးရှင်း၍ သာမန်မျှသာ ဖြစ်နေပါစေ နတ်ဆိုးနယ်မြေရှိ သက်ရှိအားလုံး မော့ကြည့်ရမည့် နေရာတစ်ခု ဖြစ်နေဦးမည်သာ ဖြစ်သည်။

‎

‎

‎" ကျွန်တော့်သခင်က ခန်းမဆောင်ထဲမှာ အရှင့်ကို စောင့်နေပါတယ်... ကြွပါ "

‎

‎

‎လိပ်အိုကြီးမှ ကုချန်ကို ခန်းမဆောင်ကြီးရှေ့သို့ ခေါ်ဆောင်သွားပြီးနောက် ရပ်လိုက်ကာ ကုချန်တစ်ယောက်တည်း ဝင်သွားရန် အချက်ပြလေသည်။

‎

‎

‎ဤနေရာအထိ ရောက်လာပြီးပြီဖြစ်ရာ ကုချန်အနေဖြင့် တွေဝေနေစရာ အကြောင်းမရှိတော့ပေ။ သူသည် ခြေလှမ်းလှမ်းကာ ခန်းမဆောင်ထဲသို့ ဝင်သွားလိုက်၏။

‎

‎

‎ကုချန်သည် ခန်းမဆောင်ကြီးထဲသို့ ဝင်လိုက်သည်နှင့် ခန်းမအလယ်၌ ရပ်နေသော နတ်ဆိုးဧကရာဇ်ကြီးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

‎

‎

‎မူလက ဤရှေးဟောင်းခန်းမဆောင်သည် အပြင်ပန်းအားဖြင့်သာ ရိုးရှင်းပုံပေါက်နေကာ အတွင်း၌ ကြီးမားကျယ်ပြန့်သော အံ့ဖွယ်ရာများ ပါဝင်နေနိုင်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။

‎

‎

‎သို့သော် သူ ခန်းမဆောင်ထဲသို့ တကယ်တမ်း ဝင်ရောက်သွားသောအခါ ထိုနေရာသည် ဗလာကျင်းနေပြီး အတွင်း၌ မည်သည့်အရာမျှ မရှိသည့်အပြင် မုန်ညင်းစေ့တစ်စေ့အတွင်း၌ စကြဝဠာကို ထည့်သွင်းထားသကဲ့သို့ မည်သည့် နည်းလမ်းမျိုးကိုမျှ မတွေ့ရချေ။ ထိုအခါမှသာ နတ်ဆိုးဧကရာဇ်ကြီး၏ နေထိုင်ရာသည် ရိုးရှင်းပုံပေါက်နေရုံသာမက အမှန်တကယ်ပင် အလွန် ရိုးရှင်းနေကြောင်းကို သူ သဘောပေါက်သွားတော့သည်။

All Chapters