← Chapters

အခန်း (၄၅၃-၄၅၄)

Vol. 33 Ch. 453-454

အခန်း (၄၅၃-၄၅၄)

Vol. 33 Ch. 453-454

‎အခန်း ( ၄၅၃ ) - အမှောင်ကိုစွန့်ခွာ၍ အလင်းသို့ကူးပြောင်းခြင်း၊ နတ်ဆိုးဧကရာဇ်၏ နှလုံးသားကို လက်နှစ်ဖက်ဖြင့် ဆက်သခြင်း

‎

‎

‎

‎ထိုအခါ နတ်ဆိုးဧကရာဇ်၏ ရယ်မောသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်မှာ ရူးသွပ်နေပြီဟု သူ ခံစားလိုက်ရသည်။ ရှီမိုထျန်းကျွင်းနှင့် မို့ကျွင်းတို့ နှစ်ဦးစလုံးမှာ နတ်ဆိုးဧကရာဇ်ကြီး၏ လက်အောက်ခံများ ဖြစ်ကြသည်။ ယခု ရှီမို သေဆုံးသွား၍ နတ်ဆိုးဧကရာဇ်ကြီးမှာ သူ၏ဘက်မှ မရပ်တည်ပေးသည့်တိုင် မို့ကျွင်းသည် သူထံသို့ လာရသလော။

‎

‎

‎ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိလှပေ!

‎

‎

‎" မို့ကျွင်း... တကယ်လို့ မင်းက ငါအရှင့်ကို ခိုင်လုံတဲ့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် မင်းက ငါအရှင့်ကို လာနောက်ပြောင်တယ်လို့ပဲ သတ်မှတ်ရလိမ့်မယ်... မင်း ငါအရှင့်ကို နောက်ပြောင်ရဲတဲ့ အကျိုးဆက်က ဘာလဲဆိုတာကို သိသင့်တယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်သည် ရယ်မောနေဆဲဖြစ်သော်လည်း သူ၏ရယ်မောသံထဲတွင် မို့ကျွင်းနတ်ဆိုးအရှင်အား တုန်လှုပ်သွားစေသည့် အရိုးခိုက်မတတ် အေးစက်မှုတစ်ခု ပါဝင်နေပုံရ၏။

‎

‎

‎ဤနတ်ဆိုးဧကရာဇ် ဒေါသထွက်လာပါက အကျိုးဆက်များ မည်သို့ရှိမည်ကို သူ ကျိန်းသေပေါက် သိထားလေသည်။ သို့သော် ဤတစ်ကြိမ် သူ လာရောက်ဝံ့ကတည်းက လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို သေချာပေါက် ပြုလုပ်ထားပြီး ဖြစ်သည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီးမှာ တရားမျှတမှု မရှိပါဘူး... မို့ကျွင်းအနေနဲ့ အမှောင်ကိုစွန့်ပြီး အလင်းကိုကူးပြောင်းချင်ပါတယ်... နတ်ဆိုးဧကရာဇ်ဆီမှာ သစ္စာခံပါ့မယ်... နတ်ဆိုးဧကရာဇ်အနေနဲ့ ရှီမိုအတွက် လက်စားချေပေးဖို့ပဲ တောင်းဆိုချင်ပါတယ်! "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် သွားကြိတ်လိုက်ပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ခေါင်းငုံ့လျက် ပြောဆိုလေသည်။

‎

‎

‎သူသည် နတ်ဆိုးဧကရာဇ်ကြီးအား သစ္စာဖောက်ရန် ကြံစည်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရှီမိုထျန်းကျွင်း သေဆုံးသွားမှုက သူ့အား ပို၍ စိတ်ပျက်သွားစေခဲ့သည်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးအား စွန့်ခွာခြင်းကို စည်းကမ်းချက်တစ်ခုအနေဖြင့် အသုံးပြုကာ နတ်ဆိုးဧကရာဇ်အား ထိုအဆုံးမဲ့ထျန်းကျွင်းကို သတ်၍ ရှီမိုအတွက် လက်စားချေပေးရန် တောင်းဆိုလိုခြင်း ဖြစ်သည်။

‎

‎

‎" အမှောင်ကိုစွန့်ပြီး အလင်းကို ကူးပြောင်းမယ်? ဟားဟားဟား! "

‎

‎

‎နတ်ဆိုးဧကရာဇ်၏ ရယ်မောသံသည် လေဟာနယ် နယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။

‎

‎

‎ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ချောင်းတစ်ချောင်းမှာ မို့ကျွင်းနတ်ဆိုးအရှင်၏ မေးစေ့ကို ထိတွေ့လိုက်ရာ သူ၏ခေါင်းမှာ အလိုအလျောက် မော့တက်သွားရ၏။

‎

‎

‎နောက်တစ်ခဏတွင် မို့ကျွင်းနတ်ဆိုးအရှင်သည် နတ်ဆိုးဧကရာဇ်၏ ယှဉ်ပြိုင်ကင်းစွာ လှပသော်လည်း ရေခဲတမျှ အေးစက်နေသော မျက်နှာကို မြင်တွေ့လိုက်ရသည်။

‎

‎

‎" ငါအရှင်က... မင်းရဲ့ သစ္စာခံမှုကို လိုအပ်လို့လား.....

‎

‎မင်းရဲ့ သစ္စာခံမှုက ငါအရှင့်အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး... ပြီးတော့ နတ်ဆိုးဧကရာဇ်ကြီးကိုလည်း စော်ကားရာရောက်လိမ့်မယ်... ဒီလောက် ရယ်စရာကောင်းတဲ့ စည်းကမ်းချက်တွေက ငါအရှင့်ကို လက်ပါလာအောင် လုပ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား "

‎

‎

‎နတ်ဆိုးဧကရာဇ်၏ အန္တရာယ်များသော အကြည့်ကို ကြည့်ကာ မို့ကျွင်းနတ်ဆိုးအရှင်၏ မျက်နှာအမူအရာမှာ တင်းမာသွားသော်လည်း သူ၏စိတ်ထဲတွင်မူ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်သည် သူ့အား ငြင်းဆန်လိုက်သော်လည်း စည်းကမ်းချက်များ မလုံလောက်သေးဟုသာ ပြောခဲ့ရာ ဤလမ်းစကို လုံးဝ ပိတ်ပင်လိုက်ခြင်း မရှိပေ။

‎

‎

‎ဆိုလိုသည်မှာ နတ်ဆိုးဧကရာဇ်အား သွေးဆောင်နိုင်မည့် စည်းကမ်းချက်များကို သူ ကမ်းလှမ်းနိုင်ပါက သူ့ကို လှုပ်ရှားလာအောင် ဆွဲဆောင်နိုင်သည်ဟူသော အဓိပ္ပာယ်ပင်တည်း။

‎

‎

‎အစောပိုင်းက သူသိထားခဲ့သော လျှို့ဝှက်သတင်းမှာ အမှန်တကယ် မှန်ကန်နေပုံရပေသည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်၏ မျက်လုံးများထဲတွင် သိမ်မွေ့သော ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

‎

‎

‎အကြမ်းဖျင်းအားဖြင့်ဆိုရလျှင် နတ်ဆိုးဧကရာဇ်ကြီးကဲ့သို့သော နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ်များ အားလုံးမှာ မြင့်မြတ်၍ ဂုဏ်သိက္ခာကြီးမားကြ၏။ လက်အောက်ငယ်သားများကြားမှ ပြည်တွင်းရေးပဋိပက္ခများကြောင့် အချင်းချင်း ရန်ငြိုးရန်စမထားကြသလို တစ်ယောက်၏ 'မိသားစုရေးရာ' များတွင် အခြားတစ်ယောက်က မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်လေ့မရှိကြပေ။

‎

‎

‎အကယ်၍ ဤတစ်ကြိမ်သာ သူသည် အခြားနတ်ဆိုးဧကရာဇ်များကို အဆင်အခြင်မဲ့ သွားရောက်ရှာဖွေခဲ့ပါက သူတို့ကို တွေ့ခွင့်ပင်ရမည်မဟုတ်ဘဲ အရေးယူရန် နတ်ဆိုးဧကရာဇ်ကြီးထံသို့ ပြန်လည်ပေးပို့ခံရပေလိမ့်မည်။

‎

‎

‎သို့သော် ဤနတ်ဆိုးဧကရာဇ်ကမူ ချွင်းချက်ဖြစ်လေသည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် လျှို့ဝှက်သတင်းလမ်းကြောင်းတစ်ခုမှတစ်ဆင့် လျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့ဖူးသည်။

‎

‎

‎လွန်ခဲ့သော အချိန်ကာလများစွာက၊ တိတိကျကျဆိုရလျှင် နတ်ဆိုးဧကရာဇ်ကြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ မရောက်ရှိမီက ဤနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီးအား လုပ်ကြံရန် ကြံစည်ခဲ့ဖူးသော်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် ပြဿနာကြီးကြီးမားမားမရှိဘဲ ဖြေရှင်းနိုင်ခဲ့၏။

‎

‎

‎ဤအကြောင်းကြောင့် နတ်ဆိုးဧကရာဇ်ကြီး နတ်ဆိုးဧကရာဇ်ရာထူးသို့ တက်လှမ်းပြီးနောက်တွင်ပင် ၎င်းတို့၏ဆက်ဆံရေးမှာ အပြင်ပန်း၌ လက်ခံနိုင်ဖွယ်ရှိသော်လည်း တိတ်တဆိတ်တွင်မူ များစွာ အဆင်မပြေလှချေ။

‎

‎

‎ဤအချက်ကို သိထားသောကြောင့်ပင် မို့ကျွင်းနတ်ဆိုးအရှင်သည် ဤနတ်ဆိုးဧကရာဇ်အား လာရောက်တွေ့ဆုံရဲခြင်း ဖြစ်သည်။

‎

‎

‎သို့မဟုတ်ပါက ဤကဲ့သို့သော အလုပ်မျိုးကို သူ လုံးဝ လုပ်ရဲမည် မဟုတ်ချေ။

‎

‎

‎ယခုမူ နတ်ဆိုးဧကရာဇ်၏တုံ့ပြန်မှုသည် သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သံသယဖြစ်ဖွယ်မရှိ ပြောပြနေလေပြီ။

‎

‎

‎နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့မှာ အမှန်တကယ်ပင် အဆင်မပြေကြချေ။ သူ့ဘက်မှ သွေးဆောင်နိုင်လောက်သော အလဲအလှယ်တစ်ခုကို ကမ်းလှမ်းနိုင်ပါက ထိုအဆုံးမဲ့ထျန်းကျွင်းကို သတ်ရာတွင် သူ့အား ကူညီပေးရန်အတွက် နတ်ဆိုးဧကရာဇ်ကြီးကို စော်ကားမိမည်ကို ထိုနတ်ဆိုးဧကရာဇ် ဂရုစိုက်မည် မဟုတ်ပေ။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကို ကျွန်တော် ဘာမှ မဖုံးကွယ်ရဲပါဘူး... ကျွန်တော် တစ်ချိန်က အံ့မခန်း ကံကြမ္မာဖန်တီးမှုတစ်ခုကို ရရှိခဲ့ပေမယ့် ဘယ်သူ့ကိုမှ ထုတ်မပြရဲခဲ့ပါဘူး... အခု ကျွန်တော်ရရှိခဲ့တဲ့ အဲဒီအရာက အစစ်လား... အတုလားဆိုတာ နတ်ဆိုးဧကရာဇ်ကို အကဲဖြတ်ပေးဖို့ တောင်းဆိုချင်ပါတယ် "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားကာ ရုန်းကန်မှုနှင့် တွေဝေမှုများအပြီးတွင် နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ရှိလေသည်။

‎

‎

‎နောက်တစ်ခဏတွင် သူသည် လက်ဝါးကို ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ လေဟာနယ်နယ်မြေအတွင်း အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။

‎

‎

‎ထို့နောက် ချက်ချင်းပင် ထိုအက်ကွဲကြောင်းထဲမှ တိုးညင်းသော်ငြား ကျယ်ပြောလှသော ချီအငွေ့အသက်များ ထွက်ပေါ်လာလေသည်။

‎

‎

‎ထိုအက်ကွဲကြောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ဝေဝါးနေသော အနက်ရောင် နတ်ဆိုးဧကရာဇ်နှလုံးသားတစ်ခု အားကောင်းစွာ ခုန်လှုပ်နေသည်ကို ခပ်ရေးရေး မြင်တွေ့ရပေသည်။

‎

‎

‎ထိုနတ်ဆိုးဧကရာဇ်နှလုံးသား၏ ခုန်ပေါက်မှုတိုင်းမှ ခမ်းနားကြီးကျယ်၍ အမြင့်ဆုံးသော ချီအငွေ့အသက်များ ထွက်ပေါ်နေကာ လူကို အလိုအလျောက် ပျပ်ဝပ်ကိုးကွယ်ချင်စိတ် ပေါက်သွားစေ၏။

‎

‎

‎" ဟင်?! "

‎

‎

‎အနက်ရောင် နတ်ဆိုးဧကရာဇ်နှလုံးသားမှ ထွက်ပေါ်လာသော အမြင့်ဆုံး ချီအငွေ့အသက်များကို ခံစားလိုက်ရသောအခါ အစပိုင်းတွင် ဂရုမစိုက်သည့်ဟန် ရှိနေသော နတ်ဆိုးဧကရာဇ်၏ လှပသော မျက်လုံးများကို ချက်ချင်း ကျဉ်းမြောင်းသွားစေကာ အနက်ရောင် နတ်ဆိုးဧကရာဇ်နှလုံးသားကို စူးစိုက်ကြည့်လျက် သူ၏လက်ဝါစထဲသို့ ဆုပ်ကိုင်ရန် အလိုအလျောက် လက်လှမ်းလိုက်လေ၏။

‎

‎

‎သို့သော် နောက်တစ်ခဏတွင် နတ်ဆိုးဧကရာဇ်မှ ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်နှင့် လေဟာနယ်အက်ကွဲကြောင်း၏ အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေသော အနက်ရောင် နတ်ဆိုးဧကရာဇ်နှလုံးသားမှာ အိပ်မက်ပူဖောင်းတစ်ခုကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်၏ အကြည့်များမှာ ချက်ချင်းပင် မှိုင်းညို့ စူးရှသွားတော့သည်။

‎

‎

‎" မို့ကျွင်း... မင်းက ငါအရှင့်ကို ကစားနေတာလား "

‎

‎

‎" မဝံ့ရဲပါဘူး... ကျွန်တော် မဝံ့ရဲပါဘူး.....

‎

‎ဒီပစ္စည်းက တန်ဖိုးကြီးလွန်းလို့ ကျွန်တော့်ကိုယ်ပေါ်မှာ ယူမထားရဲလို့ပါ... သူ့ရဲ့ ချီအငွေ့အသက် နည်းနည်းကိုပဲ ကျွန်တော် မှတ်တမ်းတင် ယူဆောင်လာခဲ့တာပါ "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် အနည်းငယ် တင်းမာနေသော အပြုံးတစ်ခုကို ပြသလိုက်လေ၏။

‎

‎

‎သူသည် ဤပစ္စည်းကို သူနှင့်အတူ သယ်ဆောင်လာရဲမည် မဟုတ်သည်မှာ သဘာဝပင်။ အကယ်၍ နတ်ဆိုးဧကရာဇ်မှ လောဘတက်ကာ သူ့အတွက် ယူထား၍ သူတို့၏အပေးအယူကို မဖြည့်ဆည်းပေးခဲ့လျှင် မည်သို့ လုပ်မည်နည်း။

‎

‎

‎" ဟွန်း... မင်းက ငါအရှင့်ကို မယုံကြည်သေးဘူး ထင်တယ် "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်၏ ရှင်းပြချက်ကို ကြားသောအခါ နတ်ဆိုးဧကရာဇ်သည် ဟုတ်သည် မဟုတ်သည် တိတိကျကျ မပြောသော်လည်း သူ၏မျက်နှာအမူအရာမှာ နွေဦးလေပြေနှင့် မိုးရေပေါက်များကဲ့သို့ တစ်ဖန် ပြန်လည် နူးညံ့သွားလေသည်။

‎

‎

‎" ဒါပေမဲ့... မင်းဆီမှာ ဒီလောက် အမြင့်ဆုံးရတနာမျိုး ရှိနေမယ်လို့ ငါအရှင် မထင်ထားခဲ့ဘူး.....

‎

‎ဒီနတ်ဆိုးဧကရာဇ်နှလုံးသားက... နတ်ဆိုးဧကရာဇ်အဆင့်ရှိတဲ့ တည်ရှိမှုတစ်ခု သေဆုံးသွားချိန်မှာ အခွင့်အရေးတစ်ခုအနေနဲ့ပဲ ကျန်ရစ်နိုင်တာ... မင်း ဒီပစ္စည်းကို ဘယ်တုန်းက ရခဲ့တာလဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်မှာ မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်မှ သူ့အား ပြသခဲ့သော ပစ္စည်းမှာ နတ်ဆိုးဧကရာဇ်နှလုံးသား ဟု ခေါ်လေသည်။

‎

‎

‎၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိသော တည်ရှိမှုတစ်ခု သေဆုံးသွားပြီးနောက်မှသာ ချန်ရစ်ခံရနိုင်ခြေရှိသည့် အမြင့်ဆုံးရတနာတစ်ခု ဖြစ်၏။

‎

‎

‎၎င်းတွင် နတ်ဆိုးဧကရာဇ် သက်ရှိထင်ရှားရှိစဉ်က သူ၏တာအိုတစ်စိတ်တစ်ပိုင်း ပါဝင်နေ၍ နတ်ဆိုးဧကရာဇ်အဆင့်တူ တည်ရှိမှုတစ်ခုမှ ၎င်းကို ရရှိလျှင်ပင် ၎င်းထံမှ နက်ရှိုင်းသော အမှန်တရားများစွာကို နားလည်သဘောပေါက်နိုင်ပေသည်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်၏ အမြင်တွင်ပင် ဤနတ်ဆိုးဧကရာဇ်နှလုံးသားသည် သူ တစ်ကြိမ် လှုပ်ရှားပေးရန် တန်ဖိုးရှိသည့် အဖိုးတန်ရတနာတစ်ခုအဖြစ် အမှန်တကယ် သတ်မှတ်နိုင်ပေသည်။

‎

‎

‎" ဟားဟား... ဒါက တိုက်ဆိုင်မှုတစ်ခုနဲ့ အခွင့်အရေးရလို့ ရလာတာပါ "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် ရယ်မောလိုက်ကာ ပစ္စည်း၏ အစစ်အမှန် ဇာစ်မြစ်ကို နတ်ဆိုးဧကရာဇ်အား ထုတ်မပြောခဲ့ချေ။

‎

‎

‎နတ်ဆိုးဧကရာဇ် သွေးဆောင်ခံလိုက်ရသည်ကို မြင်သောအခါ သူသည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏စည်းကမ်းချက်များကို ချက်ချင်း ပြောဆိုလိုက်လေသည်။

‎

‎

‎" အရှင်နတ်ဆိုးဧကရာဇ်အနေနဲ့ အဲ့ဒီအဆုံးမဲ့ထျန်းကျွင်းကို သတ်ဖို့ ကျွန်တော့်ကို ကူညီပေးနိုင်မယ်ဆိုရင် ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကို လက်နှစ်ဖက်နဲ့ သေချာပေါက် ဆက်သပါ့မယ်!

‎

‎ဒါပေမဲ့ ကျွန်တော့်မှာ သေးငယ်တဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်... အဲဒါကတော့ ဒီနတ်ဆိုးဧကရာဇ်နှလုံးသားထဲက ကံကြမ္မာဖန်တီးမှု ဆယ်ပုံနှစ်ပုံကို ကျွန်တော် ယူချင်ပါတယ် "

‎

‎

‎ဤစကားများကို ပြောနေစဉ် မို့ကျွင်းနတ်ဆိုးအရှင်၏ နှလုံးသားမှာ သွေးထွက်နေလေပြီ။

‎

‎

‎ဤနတ်ဆိုးဧကရာဇ်နှလုံးသားသည် မူလက သူကိုယ်တိုင်အတွက် ပြင်ဆင်ထားသော သူ၏ အကြီးမားဆုံးသော ကံကြမ္မာဖန်တီးမှုနှင့် ဝှက်ဖဲကတ်တစ်ခု ဖြစ်သော်လည်း ယခုအခါတွင်မူ ၎င်းကို နတ်ဆိုးဧကရာဇ်အား ဆက်သလိုက်ရလေပြီ။

‎

‎

‎ဤသည်က သူ့ကို မည်သို့ ရင်နာမသွားစေဘဲ နေမည်နည်း။

‎‎

‎အခန်း ( ၄၅၄ ) - အစစ်အမှန် ရည်ရွယ်ချက်၊ ဆယ်ပုံ နှစ်ပုံ ခွဲဝေခြင်း၊ သဘောတူညီမှု ရရှိသွားခြင်း

‎

‎

‎

‎နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲတွင် နတ်ဆိုးဧကရာဇ်တစ်ပါး သက်ရှိထင်ရှားရှိစဉ်က တာအိုနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်မှာ အမှန်ပင်ဖြစ်သည်။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်တစ်ပါးအတွက် ဤနားလည်သဘောပေါက်မှုကို စုပ်ယူကာ နတ်ဆိုးဧကရာဇ်နှလုံးသားကို အပြည့်အဝ နားလည်နိုင်ရန်မှာ အလွန်အမင်း ခက်ခဲလှပေသည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် နတ်ဆိုးဧကရာဇ်နှလုံးသားကို ရရှိခဲ့ချိန်မှစ၍ ၎င်းအတွင်းရှိ နက်ရှိုင်းလှသော တာအိုကို နားလည်သဘောပေါက်ရန် အချိန်တိုင်းနီးပါး ကြိုးစားနေခဲ့၏။ သို့သော် ဤမျှ နှစ်ကာလများစွာ ကြာမြင့်ခဲ့သည့်တိုင် အပေါ်ယံမျှသာ နားလည်နိုင်ခဲ့ကာ နတ်ဆိုးဧကရာဇ်နှလုံးသား၏ အစစ်အမှန် အနှစ်သာရကိုမူ အကူအညီမဲ့စွာဖြင့် လက်လျှော့ထားခဲ့ရလေသည်။

‎

‎

‎သို့သော် မို့ကျွင်းနတ်ဆိုးအရှင်မှာ ဤအတိုင်း အလွယ်တကူ လက်မလျှော့လိုခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်နှလုံးသားအတွင်းရှိ နတ်ဆိုးဧကရာဇ်၏ တာအိုကို သူသာ နားလည်သဘောပေါက်နိုင်ပါက နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းမည့်လမ်းစကို သေချာပေါက် မြင်တွေ့ရမည်ဖြစ်သောကြောင့်ပင်။

‎

‎

‎သူ့အား နတ်ဆိုးဧကရာဇ် မဖြစ်စေနိုင်လျှင်တောင်မှ အင်မော်တယ်ဘုရင်များကြားတွင် ထိပ်သီးတစ်ဦး ဖြစ်လာစေရန် သေချာပေါက် ကူညီပေးနိုင်လိမ့်မည်။

‎

‎

‎စိတ်ကူးများက ကြီးကျယ်ခမ်းနားလှသော်လည်း လက်တွေ့ဘဝမှာမူ ကြမ်းတမ်းလွန်းလှ၏။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် မည်သည့်နည်းလမ်းများကို အသုံးပြုစေကာမူ ဤနတ်ဆိုးဧကရာဇ်နှလုံးသားထံမှ အသိအမြင်များကို ရယူနိုင်စွမ်း မရှိခဲ့ချေ။

‎

‎

‎ရတနာသိုက်ကြီးကို စောင့်ကြပ်နေရသော်လည်း အတွင်းရှိ ရတနာများကို ထုတ်ယူသုံးစွဲခွင့်မရသော ခံစားချက်မျိုးက မို့ကျွင်းနတ်ဆိုးအရှင်အား စိတ်မသက်မသာ ဖြစ်စေခဲ့သည်မှာ အသေအချာပင်။

‎

‎

‎နောက်ဆုံးတွင် အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး နတ်ဆိုးဧကရာဇ်နှလုံးသားကို ဆက်သရန် သူ ဆုံးဖြတ်လိုက်တော့သည်။

‎

‎

‎ဤသည်မှာ ရှီမိုထျန်းကျွင်းအတွက် လက်စားချေပေးရန် သက်သက်သာ မဟုတ်ချေ။

‎

‎

‎သူနှင့် ရှီမိုထျန်းကျွင်းကြားတွင် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု ရှိခဲ့သည်မှာ မှန်သော်လည်း လက်စားချေပေးရန်အတွက် ဤမျှ အဖိုးတန်သော ရတနာကို ပေးဆပ်ရလောက်သည့်အထိတော့ မဟုတ်ပေ။

‎

‎

‎ကုချန်ကိုသတ်ကာ ရှီမိုထျန်းကျွင်းအတွက် လက်စားချေပေးရန် နတ်ဆိုးဧကရာဇ်နှလုံးသားကို စည်းကမ်းချက်တစ်ခုအနေဖြင့် အသုံးပြု၍ ရှာနာနတ်ဆိုးဧကရာဇ်အား တောင်းဆိုနေခြင်းထက် မို့ကျွင်းနတ်ဆိုးအရှင်ကိုယ်တိုင်က နတ်ဆိုးဧကရာဇ်နှလုံးသားအတွင်းရှိ အသိအမြင်များကို လိုလားတောင့်တနေသောကြောင့် ရှာနာနတ်ဆိုးဧကရာဇ်၏ အကူအညီကို မဖြစ်မနေ လာရောက်ရှာဖွေရခြင်းဟု ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်၏ ဤအကြံအစည်သေးသေးလေးသည် ရှာနာနတ်ဆိုးဧကရာဇ်၏ အမြင်မှ မလွတ်ကင်းနိုင်ခဲ့ချေ။

‎

‎

‎လေဟာနယ်နယ်မြေအတွင်း၌ ဆွဲဆောင်မှုရှိသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်သွားလေသည်။

‎

‎

‎" ဟွန်းဟွန်း... မင်းနဲ့ ရှီမိုတို့က ခင်မင်ရင်းနှီးမှု အရမ်းနက်ရှိုင်းတယ်လို့ ထင်နေခဲ့တာ တကယ်တော့ ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကြောင့်ကိုး... စိတ်မပူပါနဲ့ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြမယ်... ငါကိုယ်တော့် အကူအညီမပါရင် နောက်ထပ် နှစ်ရာချီ၊ သန်းဆယ်ချီ ကြာသွားရင်တောင် ဒီနတ်ဆိုးဧကရာဇ်နှလုံးသားထဲက အသိအမြင် တစ်စွန်းတစ်စကိုတောင် မင်း နားလည်နိုင်မှာ မဟုတ်ဘူး "

‎

‎

‎နတ်ဆိုးဧကရာဇ်နှလုံးသားအတွင်း၌ နတ်ဆိုးဧကရာဇ်တစ်ပါး သက်ရှိထင်ရှားရှိစဉ်က တာအိုကို နားလည်သဘောပေါက်မှု၏ အဓိကအကျဆုံး အနှစ်သာရများ ပါဝင်နေရာ သာမန် အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် မည်သို့ နားလည်နိုင်ပါမည်နည်း။

‎

‎

‎အင်မော်တယ်ဘုရင်များကြားမှ ထိပ်သီးတစ်ဦးဆိုလျှင်တောင် အပေါ်ယံမျှကိုသာ နားလည်နိုင်ပေမည်။ ၎င်းကို အပြည့်အဝ ခွဲခြမ်းစိတ်ဖြာ၍ နားလည်သဘောပေါက်နိုင်ရန်အတွက် နတ်ဆိုးဧကရာဇ်အဆင့်တူ တည်ရှိမှုတစ်ခု ဖြစ်မှသာ ရနိုင်ပေသည်။

‎

‎

‎" ဟားဟား... ဒါကို ကျွန်တော် သိထားလို့ပဲ ရှာနာနတ်ဆိုးဧကရာဇ်ရဲ့ အကူအညီကို လာတောင်းခံရတာပါ "

‎

‎

‎သူ၏အတွေးများကို ရှာနာနတ်ဆိုးဧကရာဇ်မှ ထိုးထွင်းသိမြင်သွားသောကြောင့် မို့ကျွင်းနတ်ဆိုးအရှင်မှာ အနေရခက်စွာ ပြုံးလိုက်လေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်နှလုံးသား၏ အသိအမြင်များထဲမှ ဆယ်ပုံနှစ်ပုံကိုသာ ယူရန်မှာ သူ ကြိုတင်စဉ်းစားထားပြီးဖြစ်သော စည်းကမ်းချက်တစ်ခု ဖြစ်၏။ သူသည် နတ်ဆိုးဧကရာဇ်တစ်ပါးအား နတ်ဆိုးဧကရာဇ်နှလုံးသားအတွင်းရှိ အရာများကို ခွဲခြမ်းစိတ်ဖြာ နားလည်စေ၍ သူ့အား ပြန်လည်သင်ကြားပေးရန် တောင်းဆိုရခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိမည်ကို သိထားလေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်နှလုံးသား အသိအမြင်များ၏ ဆယ်ပုံရှစ်ပုံမှာ သူ ပေးကမ်းမည့် အကျိုးအမြတ်ဖြစ်သည်။ ရှီမိုထျန်းကျွင်းအတွက် လက်စားချေပေးရန် ဆိုသည်မှာ ဤအပေးအယူအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခုမျှသာ ဖြစ်၏။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် ဤအတွက် လှုပ်ရှားပေးကာ အဆုံးမဲ့ထျန်းကျွင်းကို သတ်ပစ်ရန် ဆန္ဒရှိမှသာ ဤအပေးအယူကို ပြီးမြောက်စေလိုသည့် သူ၏ရိုးသားမှုကို သက်သေပြနိုင်မည် ဖြစ်သည်။

‎

‎

‎ထိုအခါမှသာ မို့ကျွင်းနတ်ဆိုးအရှင်အနေဖြင့် ဤအပေးအယူကို ဆက်လုပ်ရန် စိတ်ချနိုင်ပေမည်။

‎

‎

‎" သာမန် အင်မော်တယ်ဘုရင်တစ်ပါးကများ ငါကိုယ်တော့်အပေါ် အကြံအစည်လုပ်ရဲတယ်ပေါ့... မင်းရဲ့ သတ္တိကတော့ မသေးဘူးပဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် မို့ကျွင်းနတ်ဆိုးအရှင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အလင်းတန်းများ တလက်လက် တောက်ပနေ၏။

‎

‎

‎အကယ်၍ သူသာ စောစောက နတ်ဆိုးဧကရာဇ်နှလုံးသားကို သူ၏လက်ထဲတွင် ရရှိထားပြီးဖြစ်ပါက ယခုအချိန်၌ မည်သည့်အပေးအယူကိုမျှ ဂရုစိုက်နေမည်မဟုတ်ဘဲ နတ်ဆိုးဧကရာဇ်နှလုံးသားကို တိုက်ရိုက် လုယူလိုက်မည်မှာ အသေအချာပင်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်ကသာ အခြေအနေကို နားလည်ပါက နာခံစွာ ထွက်သွားမည်သာ ဖြစ်၏။ အကယ်၍ နားမလည်ခဲ့ပါကလည်း ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် သူ့ကို အလွယ်တကူ သတ်ပစ်လိုက်ရန် ဝန်လေးနေမည် မဟုတ်ချေ။

‎

‎

‎အပေးအယူ ဟုတ်လား။

‎

‎

‎နောက်ပြောင်နေခြင်းကို ဘေးဖယ်ထားလိုက်လျှင် နတ်ဆိုးနယ်မြေဆိုသည်မှာ အားကြီးသူမှ အားနည်းသူကို ဝါးမျိုသည့် နေရာတစ်ခုသာ ဖြစ်၏။ သာမန် အင်မော်တယ်ဘုရင်တစ်ပါး၌ သူနှင့် အပေးအယူလုပ်ရန် မည်သည့် အခွင့်အရေးများ ရှိနေသနည်း။

‎

‎

‎သို့သော် သိသာထင်ရှားစွာပင် မို့ကျွင်းနတ်ဆိုးအရှင်သည် ဤအခြေအနေကို ကြိုတင်ကာကွယ်ထားခဲ့ရာ နတ်ဆိုးဧကရာဇ်နှလုံးသားကို သူနှင့်အတူ သယ်ဆောင်မလာခဲ့ဘဲ သီးခြားနေရာတစ်ခုတွင် ဖွက်ထားခဲ့လေသည်။ ထို့ကြောင့် ရှာနာနတ်ဆိုးဧကရာဇ်၌လည်း နတ်ဆိုးဧကရာဇ်နှလုံးသားကို ရယူရန် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ချေ။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်ကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းရန် ဆိုသည်မှာ ပို၍ပင် အသုံးမဝင်သေးသည်။ နတ်ဆိုးဧကရာဇ်အဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်ကြားတွင် ခွန်အားကွာဟချက် အလွန်ကြီးမားလှပြီး ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် မို့ကျွင်းနတ်ဆိုးအရှင်ကို အလွယ်တကူ ချေမှုန်းနိုင်သည်မှာ မှန်သော်လည်း အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် နတ်ဝိညာဉ်ကို ထိုးထွင်းဖတ်ရှုရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။ ရှာနာနတ်ဆိုးဧကရာဇ် ကိုယ်တိုင်ပင်လျှင် မို့ကျွင်းနတ်ဆိုးအရှင်ထံမှ နတ်ဆိုးဧကရာဇ်နှလုံးသားကို အောင်မြင်စွာ ရယူနိုင်ရန် မသေချာလှပေ။

‎

‎

‎ထို့ကြောင့် အလုံခြုံဆုံးသော နည်းလမ်းမှာ မို့ကျွင်းနတ်ဆိုးအရှင်နှင့် အပေးအယူလုပ်ကာ သူ၏ကိုယ်စား ထိုအဆုံးမဲ့ထျန်းကျွင်း ဆိုသူကို သတ်ပေးပြီးနောက် နတ်ဆိုးဧကရာဇ်နှလုံးသားကို ရယူရန်သာ ဖြစ်ပေသည်။

‎

‎

‎သို့သော်.....

‎

‎

‎" မင်းက ငါကိုယ်တော့်ကို လှည့်စားနေတာ မဟုတ်ဘူးဆိုတာ ငါကိုယ်တော် ဘယ်လိုသိရမလဲ... တကယ်လို့ မင်းဆီမှာ နတ်ဆိုးဧကရာဇ်နှလုံးသား လုံးဝမရှိဘဲ ဒီအတုအယောင် ပုံရိပ်ယောင်နဲ့ ငါကိုယ်တော် လှုပ်ရှားလာအောင် လှည့်စားနေတာဆိုရင်ရော "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ ညင်သာစွာ ရယ်မောလိုက်လေ၏။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကို ကျွန်တော် ဘယ်တော့မှ မလှည့်စားရဲပါဘူး "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် ခြောက်ကပ်ကပ် အသံဖြင့် ရယ်မောလိုက်၏။ ရှာနာနတ်ဆိုးဧကရာဇ်၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ 'ပစ္စည်းစစ်ဆေးရန်' အတွက် နတ်ဆိုးဧကရာဇ်နှလုံးသားကို ကြိုတင် ထုတ်ပြခိုင်းနေခြင်း ဖြစ်သည်။ သို့သော် မို့ကျွင်းနတ်ဆိုးအရှင်မှာ မည်သို့ စိတ်ချနိုင်ပါမည်နည်း။

‎

‎

‎အကယ်၍ သူသာ ရှာနာနတ်ဆိုးဧကရာဇ်ကို အမှန်တကယ် ယုံကြည်ခဲ့ပါက နတ်ဆိုးဧကရာဇ်နှလုံးသားကို ယူဆောင်လာ၍ သစ္စာခံခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ယခုအခိုက်အတန့်တွင် ရှာနာနတ်ဆိုးဧကရာဇ်မှ မည်သို့ပင် ပြောဆိုစေကာမူ သူသည် နတ်ဆိုးဧကရာဇ်နှလုံးသားကို လုံးဝ ထုတ်မပြရဲချေ။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်မှာ စိုးရိမ်နေသော်လည်း နောက်ဆုတ်မည့် အရိပ်အယောင်မရှိသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှ ထပ်မံ ရယ်မောလိုက်၏။

‎

‎

‎" ပျင်းစရာကောင်းလိုက်တာ...ကောင်းပြီလေ... ငါကိုယ်တော် နောက်ထပ် ခြေတစ်လှမ်း ဆုတ်ပေးမယ်...ငါကိုယ်တော် ဆင်းသက်လာတဲ့အခါ အဲဒီ အဆုံးမဲ့ထျန်းကျွင်းကို မသတ်ခင်မှာ နတ်ဆိုးဧကရာဇ်နှလုံးသားကို ဖွက်ထားတဲ့နေရာ မင်း ငါကိုယ်တော့်ကို ပြောပြရမယ်...အဲဒါက အစစ်အမှန် ဟုတ်မဟုတ် သက်သေပြဖို့ နည်းလမ်းတွေ ငါကိုယ်တော့်ဆီမှာ ရှိပြီးသားပဲ.....

‎

‎တကယ်လို့ အစစ်သာဖြစ်ရင် ငါကိုယ်တော်က မင်းအတွက် လှုပ်ရှားပေးပြီး အဲဒီ အဆုံးမဲ့ထျန်းကျွင်းဆိုတဲ့ကောင်ကို သတ်ပေးမယ်... တကယ်လို့ အတုသာဖြစ်နေခဲ့ရင်တော့... ဟင်းဟင်း... ငါကိုယ်တော့်ကို လှည့်စားရဲတဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်းသိရမယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် မို့ကျွင်းနတ်ဆိုးအရှင်၌ နတ်ဆိုးဧကရာဇ်နှလုံးသား ရှိနေနိုင်ခြေ များလွန်းကြောင်း ခံစားမိသော်လည်း သူ့အနေဖြင့် အလောတကြီး မလုပ်ဆောင်လိုသေးချေ။

‎

‎

‎ထို အဆုံးမဲ့ထျန်းကျွင်းဆိုသူကို သတ်ဖြတ်ရန်မှာ ဘာမှမဟုတ်ပေ။ သူ့အတွက် ၎င်းမှာ အသေးအဖွဲ ကိစ္စရပ်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဤလူကို သတ်ဖြတ်လိုက်ခြင်းက သူ့ကို နတ်ဆိုးဧကရာဇ်ကြီးနှင့် မလွဲမသွေ ရန်သူဖြစ်သွားစေမည် ဖြစ်သည်။

‎

‎

‎၎င်းတို့နှစ်ဦးမှာ သဘောထားကွဲလွဲနေခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း အနည်းဆုံးတော့ ယခုအခါ အပြင်ပန်းတွင် ကြည့်ကောင်းနေသေးသည်။ အကယ်၍ သူကသာ နတ်ဆိုးဧကရာဇ်ကြီးကို အဆင်အခြင်မဲ့ စော်ကားမိပါက အနာဂတ်တွင် ပြဿနာများနှင့် မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။ လက်ချည်းသက်သက် အဆုံးမသတ်ရစေရန် နတ်ဆိုးဧကရာဇ်နှလုံးသားမှာ အစစ်အမှန်ဖြစ်ကြောင်း သေချာမှသာ ရှာနာနတ်ဆိုးဧကရာဇ် လှုပ်ရှားမည် ဖြစ်သည်။

‎

‎

‎" ကောင်းပါပြီ "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်သည် သေချာစွာ တွေးတောလိုက်ပြီးနောက် နောက်ဆုံးတွင် သဘောတူလိုက်လေသည်။ သူအနေဖြင့် ဤထက်ပို၍ လွန်ကဲသော တောင်းဆိုမှုများကို မလုပ်နိုင်တော့ကြောင်း သူ သိထားလေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် ဤတစ်လှမ်း ဆုတ်ပေးလိုက်ခြင်းကပင် အကန့်အသတ်တစ်ခု ဖြစ်နေပြီ။ အကယ်၍ သူကသာ ယခု နောက်မဆုတ်ပေးပါက စိတ်အပြောင်းအလဲ မြန်လွန်းလှသော ရှာနာနတ်ဆိုးဧကရာဇ်က မည်သို့ လုပ်လာမည်ကို ပြောရန် ခက်ခဲပေသည်။

‎

‎

‎ထို့ကြောင့် မို့ကျွင်းနတ်ဆိုးအရှင်သည် အချိန်သိပ်မဆွဲတော့ဘဲ သဘောတူလိုက်တော့သည်။

‎

‎

‎" အရမ်းကောင်းတယ် "

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင်က အခြေအနေကို နားလည်စွာ သဘောတူလိုက်သည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ လှပသော မျက်လုံးများထဲတွင် ကျေနပ်သွားသည့် အရိပ်အယောင်တစ်ခု နောက်ဆုံး၌ ပေါ်ထွက်လာခဲ့လေသည်။

All Chapters