အခန်း (၄၅၇-၄၅၈)
Vol. 33 Ch. 457-458
အခန်း ( ၄၅၇ ) - ကတိတည်ခြင်း၊ တစ်ခဏတာ လှုပ်ရှားမှု၊ နတ်ဆိုးဧကရာဇ်ကြီး ရောက်ရှိလာခြင်း
မို့ကျွင်းနတ်ဆိုးအရှင်သည် လက်စားချေရတော့မည့် ကျေနပ်မှုနှင့် နတ်ဆိုးဧကရာဇ်နှလုံးသားအတွင်းရှိ အသိအမြင်များကို မကြာမီ ရရှိတော့မည့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော ပြင်းပြသည့် အကြည့်များဖြင့် ကုချန်ကို စိုက်ကြည့်နေလေသည်။
သူသည် ဆယ်နှစ်ကျော်တိုင်တိုင် ပြင်းပြစွာ စောင့်ဆိုင်းခဲ့ရသည်။ ရှာနာနတ်ဆိုးဧကရာဇ်မှ အဘယ်ကြောင့် ဤမျှ စိတ်ရှည်သည်းခံကာ ဆယ်နှစ်ကျော်တိုင်တိုင် နှုတ်ဆိတ်နေခဲ့သည်ကို သူကိုယ်တိုင်ပင် နားမလည်ခဲ့ချေ။
သာမန် အင်မော်တယ်ဘုရင်တစ်ပါးမျှသာဖြစ်သော အဆုံးမဲ့ထျန်းကျွင်းသည် ရှာနာနတ်ဆိုးဧကရာဇ်အတွက် ဤမျှ သတိထားရန် အမှန်တကယ် တန်နေ၍လော။
ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် ရှာနာနတ်ဆိုးဧကရာဇ်သည် နောက်ဆုံး၌ အခွင့်အရေးရင့်ကျက်ပြီဖြစ်ကြောင်း အသိပေးသည့် သူ၏နတ်ဝိညာဉ်အာရုံကို စေလွှတ်လိုက်လေပြီ။ မို့ကျွင်းနတ်ဆိုးအရှင်သည် အဆုံးမဲ့ကောင်းကင်ဘုံသို့ ချက်ချင်း ပြေးသွားကာ ထိုနေရာ၌ ကုချန်ကို ကြားဖြတ်တားဆီးလိုက်လေသည်။
" မင်းက ဘယ်သူလဲ... ငါ အရင်က မင်းကို မမြင်ဖူးပါဘူး "
ကုချန်သည် ဘာမျှမသိဟန်ဆောင်ကာ မို့ကျွင်းနတ်ဆိုးအရှင်ကို ကြည့်၍ ပြောဆိုလိုက်သည်။
" ငါက ဘယ်သူလဲ ဟုတ်လား... ငါက ရှီမိုထျန်းကျွင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲ... မင်းက တာအိုရဲဘော် ရှီမိုကို သတ်ခဲ့တယ်... ဒါကြောင့် ဒီနေ့ လက်စားချေဖို့ ငါ ရောက်လာတာ "
မို့ကျွင်းနတ်ဆိုးအရှင်သည် မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်လေ၏။
သူ၏အမြင်တွင် ကုချန်သည် လှောင်ချိုင့်ထဲ ပိတ်မိနေသော ငှက်တစ်ကောင်ကဲ့သို့ ထွက်ပေါက်မရှိတော့ချေ။ ထို့ကြောင့် မို့ကျွင်းနတ်ဆိုးအရှင်သည် ကုချန် မသေဆုံးမီ သူ အမှန်တကယ်တွင် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြသရန် ဝန်လေးမနေခဲ့ချေ။
" ရှီမိုထျန်းကျွင်းပေါ့... မင်းတစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား...ရိုးအလွန်းလိုက်တာ "
ရှာနာနတ်ဆိုးဧကရာဇ် အမှောင်ထဲတွင် ပုန်းကွယ်နေသည်ကို သတိမထားမိသည့်ဟန်ဖြင့် ကုချန်သည် အေးဆေးစွာ ပြောဆိုလိုက်၏။
" အချိန်မဖြုန်းနေနဲ့... ဒီကောင်းကင်နဲ့မြေကြီးရဲ့ ချီအငွေ့အသက်ကို ဖုံးကွယ်ဖို့ အမြင့်ဆုံး နည်းလမ်းတစ်ခုကို ငါအရှင် သုံးထားတယ်... နတ်ဆိုးဧကရာဇ်ကြီး သတိမထားမိခင် ဒါကို မြန်မြန် ဖြေရှင်းရမယ် "
မို့ကျွင်းနတ်ဆိုးအရှင် စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ရှာနာနတ်ဆိုးဧကရာဇ်၏ အနည်းငယ် စိတ်မရှည်သော အသံ ထွက်ပေါ်လာကာ မို့ကျွင်းနတ်ဆိုးအရှင်၏ စကားများကို ရုတ်တရက် ဖြတ်တောက်လိုက်လေ၏။
" ဝှစ်...! "
လေဟာနယ်သည် အက်ကွဲသွား၍ မို့ကျွင်းနတ်ဆိုးအရှင်၏ရှေ့တွင် မှန်ပြင်လူရိပ်တစ်ခု ပေါ်လာကာ အေးစက်စွာ ပြောဆိုလိုက်၏။
" ကဲ... ဒီကောင်လေးမှာ ထွက်ပေါက်မရှိတော့ဘူး... အခု မင်း ကတိတည်ရမယ့် အချိန်ရောက်ပြီ... နတ်ဆိုးဧကရာဇ်နှလုံးသားကို ဖွက်ထားတဲ့ နေရာကို ပြောပြစမ်း... မင်းအတွက် ဒီလူကို ငါ ကိုယ်တိုင် သတ်ပေးမယ် "
အစမှအဆုံးတိုင် ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်ကို တစ်ချက်မျှ လှည့်မကြည့်ခဲ့ချေ။ သို့မဟုတ် သူ၏အမြင်တွင် ကုချန်သည် သေလူတစ်ယောက်ဖြစ်နေပြီဖြစ်ရာ အာရုံစိုက်ရန် မတန်သလို နတ်ဆိုးဧကရာဇ်နှလုံးသားထက် အရေးပါမှု များစွာ နည်းပါးနေသည်မှာ သေချာလှပေသည်။
" ဒါက နတ်ဆိုးဧကရာဇ်နှလုံးသားရဲ့ တည်နေရာအတိအကျပဲ... ကျွန်တော် ဒီမှာ ထားခဲ့တာ "
မို့ကျွင်းနတ်ဆိုးအရှင်မှာ သွားကြိတ်လိုက်၏။ သူ အနည်းငယ် မလိုလားသော်လည်း ကတိအတိုင်း နတ်ဆိုးဧကရာဇ်နှလုံးသားကို ဖွက်ထားသည့် တည်နေရာကို ရှာနာနတ်ဆိုးဧကရာဇ်အား ပြောပြလိုက်လေသည်။
မို့ကျွင်းနတ်ဆိုးအရှင် ပြောပြသော တည်နေရာကို ကြားပြီးနောက် မှန်ပြင်ထဲမှ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိချေ။
ထို့နောက် တစ်စုံတစ်ခုကို အာရုံခံ တွက်ချက်နေသည့်အလား သူ၏ လှပသော မျက်လုံးများကို အနည်းငယ် မှိတ်လိုက်၏။ အသက်ရှူကြိမ် အနည်းငယ်အကြာတွင် သူ၏မျက်လုံးများကို ပြန်ဖွင့်လာ၍ မို့ကျွင်းနတ်ဆိုးအရှင်ကို ကျေနပ်စွာ ကြည့်ကာ ပြောဆိုလေသည်။
" အရမ်းကောင်းတယ်... မင်း ငါ့ကို မလှည့်စားဘူးပဲ "
အမြင့်ဆုံး နတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် ရှာနာနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်နှလုံးသားကို မရရှိသေးသော်လည်း တည်နေရာတစ်ခုမျှဖြင့်ပင် မို့ကျွင်းနတ်ဆိုးအရှင် သူအား လိမ်ညာနေခြင်း ရှိမရှိ ဆုံးဖြတ်ရန် သူ၏ နက်ရှိုင်းသော အာရုံများကို အသုံးပြုနိုင်ပေသည်။
ရလဒ်က မို့ကျွင်းနတ်ဆိုးအရှင် လိမ်ညာနေခြင်း မရှိကြောင်း ပြသနေ၏။ နတ်ဆိုးဧကရာဇ်နှလုံးသား၏ တည်နေရာအတိအကျမှာ သူပြောသည့် နေရာ၌ပင် ရှိနေလေသည်။
ဘေးတွင် ရပ်နေသော ကုချန်သည်လည်း မို့ကျွင်းနတ်ဆိုးအရှင် ပြောပြသော နတ်ဆိုးဧကရာဇ်နှလုံးသား၏ တည်နေရာအတိအကျကို ကြားလိုက်ရလေသည်။
ဒီကောင် လူတွေကို တကယ်ပဲ မရှောင်ဘူးလား။
ကုချန်မှာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
သူက သေလူဖြစ်နေပြီမို့ သူ့ကို ရှောင်ဖယ်စရာ မလိုတော့ဘူးလို့ ထင်ပြီး နတ်ဆိုးဧကရာဇ်နှလုံးသားရဲ့ တည်နေရာကို ကြားခွင့်ပေးလိုက်ခြင်းများလား။
သို့သော် သူသာ ကြားနိုင်မည်ဆိုလျှင် အမှောင်ထဲတွင် ပုန်းကွယ်နေသော နတ်ဆိုးဧကရာဇ်ကြီးလည်း ကြားနိုင်ပေမည်။ ယခုအခါ ရှာနာနတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့ နှစ်ဦးအနက် မည်သူက ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်၍ နတ်ဆိုးဧကရာဇ်နှလုံးသားကို ပထမဆုံး လက်ဝယ်ရယူနိုင်မည်နည်း ဆိုသည့်အပေါ်၌သာ မူတည်သွားလေပြီ။
" ဟွန်းဟွန်း... ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကို ငါအရှင် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ် "
ရှာနာနတ်ဆိုးဧကရာဇ်သည် အနည်းငယ် ပြုံးလိုက်ပြီးနောက် တစ်ချက်မျှပင် မကြည့်ဘဲ ပုရွက်ဆိတ်တစ်ကောင်ကို ရိုက်ချလိုက်သည့်ဟန်ဖြင့် ကုချန်ကို လက်ဝါးတစ်ချက် ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်လေသည်။
" ဝုန်း! "
ရှာနာနတ်ဆိုးဧကရာဇ်မှာ ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ခြင်းသာ ဖြစ်သော်လည်း သူ၏ ချီအငွေ့အသက်မှာ အလွန်တရာ စူးရှ၍ ခမ်းနားကြီးကျယ်လှပေသည်။ သူ ရိုက်ချလိုက်သောအခါ မိုင်သန်းပေါင်းများစွာရှိသော မြေပြင်သည် ပေထောင်ချီ၍ ညီညာစွာ ဖိချခံလိုက်ရသကဲ့သို့ ချက်ချင်း နိမ့်ဆင်းသွားတော့သည်။
သွယ်လျသော ကျောက်စိမ်းလက်ဝါးတစ်ဖက် ကောင်းကင်ဘုံကိုးခုမှ ကျဆင်းလာရာ လေဟာနယ်နယ်မြေအတွင်းရှိ အရာအားလုံးသည် ပြာအဖြစ် ပြိုကွဲသွားပြီးနောက် လျင်မြန်စွာ ပြန်လည် ပေါင်းစပ်သွားကာ နေ၊ လ နှင့် ကြယ်များအဖြစ် ပြောင်းလဲသွားလျက် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်း တာအို အားလုံးသည် ဤလက်ဝါးတစ်ချက်တည်း၌ပင် ပါဝင်နေလေသည်။
ဤလက်ဝါး ချဉ်းကပ်လာသည်နှင့်အမျှ ကျောက်စိမ်းလက်ဝါးမှ နက်ရှိုင်း၍ လျှို့ဝှက်ဆန်းကြယ်သော ချီအငွေ့အသက်တစ်ခု ကျဆင်းလာကာ အချိန်ကို ရပ်တန့်သွားစေလျက် လေဟာနယ်ကို ပိတ်လှောင်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို ထိုနေရာ၌ လုံးဝ တောင့်တင်းသွားစေပြီး လက်မတစ်ဖျားမျှပင် လှုပ်ရှား၍ မရနိုင်အောင် ဖြစ်သွားသည်ကို ကုချန် ခံစားလိုက်ရသည်။
ဒါက နတ်ဆိုးဧကရာဇ်အဆင့်ရဲ့ စွမ်းအားလား။
ကုချန် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ဤလက်ဝါးသည် ပေါ့ပေါ့ပါးပါးဟု ထင်ရကာ မည်သည့် နက်ရှိုင်းသော နည်းလမ်းများကိုမျှ အသုံးပြုထားခြင်း မရှိသော်လည်း အမှန်တကယ်တွင် ၎င်း၌ နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခု၏ ကြောက်မက်ဖွယ်ကောင်းသော တာအိုကျင့်ကြံမှုများ ပါဝင်နေလေသည်။ ဤသည်မှာ အဆုံးမဲ့တာအိုများအပေါ် သန့်စင်သော အဆင့်အတန်း ဖိနှိပ်မှုပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကုချန်သည် ကောင်းကင်နှင့်မြေကြီးရှိ အဆုံးမဲ့တာအိုများ၏ တည်ရှိနေမှုကိုပင် မခံစားနိုင်တော့သကဲ့သို့ ခံစားလိုက်ရပြီး အဆုံးမဲ့တာအိုများကို အသက်သွင်းပြီး ၎င်းတို့ထံမှ စွမ်းအားငှားရမ်းရန် မဖြစ်နိုင်တော့ချေ။ သူ၏တစ်ကိုယ်လုံးရှိ ချီအငွေ့အသက်နှင့် အဆင့်အတန်းမှာ မျက်စိတစ်မှိတ်အတွင်း အဆင့်များစွာ ကျဆင်းသွားသကဲ့သို့ ရှိလေ၏။ ဤသည်မှာ အဆင့်အတန်းနှင့် အဆင့်သတ်မှတ်ချက်များ၏ အပြည့်အဝ ဖိနှိပ်မှုပင် ဖြစ်သည်။
အကယ်၍ ကုချန်သာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို မကျင့်ကြံထားဘဲ အဆုံးမဲ့တာအိုများ၏ တစ်စိတ်တစ်ပိုင်းကို မဆိုစလောက်လေး ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါက ဤအခိုက်အတန့်တွင် သူ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားနေနိုင်ပေသည်။ သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ဝါးနှင့် ရင်ဆိုင်ရချိန်တွင် သူ၌ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိသကဲ့သို့ ဖြစ်နေဆဲပင်။
" ငါ့ရဲ့ ကိုယ်ပွားသုံးခုကို ပေါင်းစည်းလိုက်ရင်တော့ မဆိုစလောက်လေး ခုခံနိုင်လောက်တယ်... အနိုင်ရဖို့အတွက်ဆိုရင်တော့ ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို သုံးဖို့ လိုသေးတယ် "
ကုချန်၏အတွေးများမှာ လျင်မြန်စွာ လည်ပတ်သွား၏။ ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်ကို အင်္ကျီလက်အတွင်းရှိ သူ၏လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာ ဆုပ်ကိုင်ထားပြီးဖြစ်ကာ အချိန်မရွေး အသုံးပြုရန် အဆင်သင့် ဖြစ်နေလေပြီ။
နတ်ဆိုးဧကရာဇ်ကြီးမှာ ရှာနာနတ်ဆိုးဧကရာဇ်ကို တားဆီးပေးမည်ဟု ယခင်က သူ့အား ကတိပေးထားခဲ့သော်လည်း ကုချန်ကမူ သူ၏သတိဝီရိယကို လျှော့ချမထားခဲ့ချေ။ မည်သူ၏ ကတိကမဆို ယုံကြည်စိတ်ချရမှု မရှိကြောင်း သူ သိထားလေသည်။ ကိုယ်ပိုင် ခွန်အားကသာ အားအထားရဆုံး ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီးမှ သူ့ကို အမှန်တကယ် ကတိပေးခဲ့သော်လည်း ရှာနာနတ်ဆိုးဧကရာဇ်ကို မတားဆီးနိုင်ခဲ့လျှင် တစ်ဖက်လူမှ သူ့ကို လှည့်စားနေရုံမျှသာ ဖြစ်၍ 'ပုစဉ်းရင်ကွဲကို ဖမ်းမည့် နောက်ကွယ်မှ ငှက်' ဖြစ်ရန်သာ စဉ်းစားနေခဲ့လျှင် မည်သို့ လုပ်မည်နည်း။
သူတစ်ပါးအပေါ် မကောင်းယုတ်မာသော ရည်ရွယ်ချက် မထားသင့်သော်လည်း အခြားသူများကို သတိထားရမည် ဖြစ်၏။ ကိုယ့်အသက်သည် ကိုယ့်လက်ထဲတွင်သာ ရှိနေရမည်ပင်။
ကောင်းကင်ကြီးကို ချေမှုန်းဖျက်ဆီးပစ်မည့်အလား ကျောက်စိမ်းလက်ဝါး ကျဆင်းလာသည်။ သို့သော် ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ဝါး ကောင်းကင်ယံမှ တစ်ဝက်ကျော်ခန့် ကျဆင်းလာချိန်မှာပင် ကုချန်အား လွှမ်းခြုံထားသော ကြီးမားလှသည့် ဖိအားကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
၎င်းနှင့်အတူ တိုးညင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။
" ဟားဟား... ရှာနာ... မင်းက ငါကိုယ်တော်ရဲ့ နယ်မြေကို ဧည့်သည်အဖြစ် ရောက်လာမှတော့ ဘာလို့ ငါကိုယ်တော့်ကို အသိမပေးရတာလဲ... အခု ငါကိုယ်တော့် လက်အောက်ခံ အင်မော်တယ်ဘုရင်တစ်ပါးကို တိုက်ခိုက်ဖို့ ကြိုးစားနေတာက တကယ်ကို လွန်လွန်းနေပြီ "
ရယ်မောသံ ထွက်ပေါ်လာသည်နှင့်အတူ ဧရာမ လက်ဝါးကြီးတစ်ခု လေဟာနယ်အတွင်း ပေါ်ထွက်လာကာ ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ဝါးကို တန်းတူရည်တူ တားဆီးထားလျက် ရှာနာနတ်ဆိုးဧကရာဇ်၏ ချီအငွေ့အသက်များထံမှ ကုချန်ကို အပြည့်အဝ ကာကွယ်ပေးလိုက်လေသည်။
" နတ်ဆိုးဧကရာဇ်ကြီး! "
သူနှင့် တန်းတူရည်တူ တားဆီးထားသော ဧရာမ လက်ဝါးကြီး ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာမှာ ချက်ချင်းပင် မှိုင်းညို့သွားလေသည်။ ဤအခိုက်အတန့်တွင် သူ၏တိုက်ခိုက်မှုကို နတ်ဆိုးဧကရာဇ်ကြီးမှလွဲ၍ မည်သူက တားဆီးနိုင်မည်နည်း။
အခန်း ( ၄၅၈ ) - အတိတ်က ရန်ငြိုးများ၊ ကောင်းကင်ကိုပိတ်လှောင်၍ ဧကရာဇ်ကို သော့ခတ်ခြင်း၊ ရုတ်တရက် အပြောင်းအလဲများ
လေဟာနယ်သည် တုန်ခါသွားကာ နတ်ဆိုးဧကရာဇ်ကြီး၏ လူရိပ်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာလေ၏။ ပထမဆုံးအနေဖြင့် သူသည် အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ပြသသည့် အပြုံးမျိုးဖြင့် ကုချန်ကို ပြုံးပြလိုက်ပြီးနောက် သူ၏အကြည့်များက ရှာနာနတ်ဆိုးဧကရာဇ်ထံသို့ ပြောင်းရွှေ့သွားကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောဆိုလိုက်လေသည်။
"တာအိုရဲဘော်ရှာနာ... နေကောင်းရဲ့လား"
" နတ်ဆိုးဧကရာဇ်ကြီး..... "
ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများမှာ အေးစက်နေ၏။ နတ်ဆိုးဧကရာဇ်ကြီး ရောက်လာခြင်းက သူ့ကို အလွန်အမင်း မကျေမနပ် ဖြစ်သွားစေသည်မှာ ရှင်းလင်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်ကြီး ဤမျှ အချိန်ကိုက် ပေါ်လာနိုင်ခြင်းက အဓိပ္ပာယ်တစ်မျိုးတည်းသာ ရှိနိုင်ကြောင်းကို ရှာနာနတ်ဆိုးဧကရာဇ် ကောင်းကောင်း သိထားသောကြောင့်ပင်။ ယနေ့ကိစ္စအတွက် တစ်ဖက်လူက ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေမည်။
နတ်ဆိုးဧကရာဇ်ကြီးနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင်မည့် အနေအထားသို့ ရောက်သွားသည်ကို မြင်သောအခါ မို့ကျွင်းနတ်ဆိုးအရှင်မှာလည်း လန့်ဖျပ်သွားကာ မျက်နှာပေါ်တွင် တင်းမာမှုများ ပြည့်နှက်သွားလေသည်။
နတ်ဆိုးဧကရာဇ်ကြီးနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားရှိ ရန်ငြိုးရန်စများမှာ သမိုင်းကြောင်း ရှည်လျားလှ၏။
သူ နားလည်ထားသလောက်ဆိုလျှင် နတ်ဆိုးဧကရာဇ်ကြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ မရောက်ရှိမီကပင် ရှာနာနတ်ဆိုးဧကရာဇ်သည် သူ့အား လုပ်ကြံရန် ကြံစည်ခဲ့ဖူးကာ သူ့ကို နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးလုနီးပါး ဖြစ်စေခဲ့၏။ ဤအကြောင်းကြောင့် သူတို့နှစ်ဦးမှာ သေခန်းပြတ် ရန်သူများနီးပါး ဖြစ်သွားခဲ့ကြသည်။
နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် အလောတကြီး လက်စားမချေခဲ့ဘဲ နှစ်သောင်းပေါင်းများစွာကြာအောင် သည်းခံစောင့်ဆိုင်းခဲ့ပြီး နောက်ဆုံးတွင် ရှာနာနတ်ဆိုးဧကရာဇ်ကို ပြင်းထန်စွာ ဒဏ်ရာရစေကာ သေလုမျောပါးဖြစ်သွားစေမည့် အကြံအစည်တစ်ခုကို အကွက်ဆင်ခဲ့၏။
ပိုမိုမြင့်မားသော အဆင့်ရှိ တည်ရှိမှုတစ်ခုကသာ ဝင်ရောက်မစွက်ဖက်ခဲ့ပါက ရှာနာနတ်ဆိုးဧကရာဇ်သည် ထိုနေရာ၌ပင် အမှန်တကယ် သေဆုံးသွားနိုင်သည်ဟု ဆိုကြသည်။
ဤအကြောင်းကြောင့်ပင် မို့ကျွင်းနတ်ဆိုးအရှင်သည် နတ်ဆိုးဧကရာဇ်ကြီးအား သစ္စာဖောက်ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်ထံ သစ္စာခံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အခြား နတ်ဆိုးဧကရာဇ်တစ်ပါးသာဆိုလျှင် တစ်ဖက်လူသည် သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ကာကွယ်မပေးမည် သူ အမှန်တကယ် စိုးရိမ်မိပေမည်။
သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကမူ ထိုသို့ ဖြစ်မည်မဟုတ်ချေ။ သူသည် နတ်ဆိုးဧကရာဇ်ကြီးနှင့် ရန်ငြိုးရှိထားပြီးဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီး ဘာပဲလုပ်ချင်လုပ်ချင် သူ သိပါက သေချာပေါက် သဘောတူမည် မဟုတ်ပေ။
" အဆုံးမဲ့ထျန်းကျွင်းက ငါအရှင့် လက်အောက်ခံပဲ... ဂုဏ်သိက္ခာကြီးမားတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်တဲ့ မင်းက အဲဒီ မျိုးဆက်သစ်လူငယ်တွေဆီက သင်ယူပြီး ငါအရှင့် လက်အောက်က အင်မော်တယ်ဘုရင်တစ်ပါးကို အကြံအစည်လာလုပ်နေတာလား... ဒါသာ သတင်းထွက်သွားရင် တခြား တာအိုရဲဘော်တွေအတွက် ရယ်စရာဖြစ်သွားမှာပေါ့... ဒါကတော့ မကောင်းဘူးလေ "
နတ်ဆိုးဧကရာဇ်ကြီး၏အသံမှာ ပေါ့ပါးကာ အားမပါသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ ခနဲ့တဲ့တဲ့ အလှောင်အပြောင်များ ပြည့်နှက်နေလေ၏။
ဂုဏ်သိက္ခာကြီးမားသော နတ်ဆိုးဧကရာဇ်တစ်ပါးမှ အင်မော်တယ်ဘုရင်များကြားရှိ ရန်ငြိုးရန်စများတွင် ဝင်ရောက်ပါဝင်နေခြင်းမှာ သူ့အဆင့်အတန်းနှင့် မတန်ဟု သူ မခံစားရလေဘူးလော။
" ဟွန့်... ငါအရှင်က လုပ်ချင်တယ်ဆိုတာကို မင်းက လာဆရာလုပ်လို့ ရမလား "
ရှာနာနတ်ဆိုးဧကရာဇ်၏ အသံမှာ အေးစက်နေ၍ သူ၏မျက်လုံးများထဲတွင် ဒေါသနှင့် အမုန်းတရားများ လှုပ်ခတ်နေကာ နတ်ဆိုးဧကရာဇ်ကြီးကို ချက်ချင်းပင် ဝင်တိုက်တော့မည့်ဟန် ရှိလေသည်။
သို့သော် ဤနေရာမှာ တစ်ဖက်လူ၏ ပင်မနယ်မြေဖြစ်နေသည်ကို သူ သတိထားနေဟန်ရှိရာ ခဏတာမျှ ချုပ်တည်းထားလိုက်ကာ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။
" ဘယ်လိုပဲဖြစ်ပါစေ မင်းက ဒီနေ့ ငါအရှင့်ကို အကြောင်းမရှိဘဲ လာစော်ကားတဲ့အတွက် လျော်ကြေးတော့ ပေးရမယ်လေ... ဒီနတ်ဆိုးဧကရာဇ်နှလုံးသားက အတော်လေး ကောင်းမွန်ပုံပဲ... ငါအရှင် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ် "
နတ်ဆိုးဧကရာဇ်ကြီးမှ ပြုံး၍ ပြောဆိုလိုက်လေသည်။
" မင်း အိပ်မက်မက်နေတာလား! "
နတ်ဆိုးဧကရာဇ်ကြီးမှ နတ်ဆိုးဧကရာဇ်နှလုံးသားကို လုယူရန် ရည်ရွယ်နေကြောင်း ကြားလိုက်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်ခုံးများမှာ ချက်ချင်းပင် ပင့်တက်သွားလေသည်။
သူ ဤနေရာသို့ ဘာလာလုပ်သနည်း။ ထိုနတ်ဆိုးဧကရာဇ်နှလုံးသားအတွက် မဟုတ်ပေဘူးလော။ အကယ်၍ နတ်ဆိုးဧကရာဇ်နှလုံးသားသာ ယခု နတ်ဆိုးဧကရာဇ်ကြီး၏ လက်ထဲသို့ ရောက်သွားမည်ဆိုပါက အမှန်တကယ်ပင် အချည်းနှီး အားထုတ်ရာ ရောက်သွားပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် အရာအားလုံးကို ဂရုမစိုက်တော့သည့်ဟန် ရှိလေသည်။ ကမ္ဘာကြီးရှိ မရေမတွက်နိုင်သော မှန်ပြင်များမှာ ချက်ချင်း ကွဲအက်သွားလေသည်။ သူသည် မို့ကျွင်းနတ်ဆိုးအရှင် ပေးထားသော တည်နေရာအတိုင်း နတ်ဆိုးဧကရာဇ်နှလုံးသားကို အရင်သွားယူရန် နေရာမှ ထွက်ခွာလိုပုံရ၏။
ရှာနာနတ်ဆိုးဧကရာဇ်၏ လုပ်ရပ်များကို ကြည့်ကာ မို့ကျွင်းနတ်ဆိုးအရှင်၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေ၏။ အကယ်၍ ရှာနာနတ်ဆိုးဧကရာဇ်သာ ထွက်သွားပါက သူ ဘာဖြစ်သွားမည်နည်း။
" မင်း ရောက်လာပြီးပြီ ဆိုမှတော့ ပြန်မသွားပါနဲ့တော့ "
နတ်ဆိုးဧကရာဇ်ကြီးသည် ရယ်မောလျက် ပြောဆိုလိုက်ကာ သူ၏လက်ဝါးကို ဝှေ့ယမ်းလိုက်လေ၏။
နောက်တစ်ခဏတွင် လောက၏ လေဟာနယ်နယ်မြေအတွင်း၌ ကောင်းကင်သတ္တုပလ္လင်များ ပေါ်ထွက်လာလျက် အစီအရင် အုတ်မြစ်များကဲ့သို့ ကမ္ဘာကြီးရှိ နက်နဲသော နေရာအားလုံး၌ နေရာယူလိုက်ကြလေသည်။
ကောင်းကင်သတ္တုပလ္လင် ဒါဇင်နှင့်ချီ၍ ပေါ်လာခြင်းက ကုချန်ကိုပင် ဘေးသို့ မလှည့်ကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားစေ၏။
အဘယ်ကြောင့်ဆိုသော် ထိုကောင်းကင်သတ္တုများထဲမှ မည်သည့်အရာကိုမဆို ကျပန်းရွေးထုတ်လိုက်လျှင်ပင် အင်မော်တယ်ဘုရင်အဆင့် လက်နက်တစ်ခုကို သွန်းလုပ်ရန် လုံလောက်နေသောကြောင့်ပင်။ ယခုမူ ဤကောင်းကင်သတ္တုများ ဒါဇင်နှင့်ချီ၍ ရှိနေလေ၏။
ကုချန်သည် အမှောင်ထဲတွင် တံတွေးမျိုချနေမိသလို အဆုံးမဲ့ဓားထံမှ ထွက်ပေါ်လာသော ဓားမြည်သံကိုပင် ကြားလိုက်ရလေသည်။
" သွားစမ်း! "
နတ်ဆိုးဧကရာဇ်ကြီးသည် အေးစက်စွာ ပြောဆိုလိုက်လေ၏။
ကောင်းကင်သတ္တု ဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် လင်းလက်တောက်ပသွားကြ၏။ မရေမတွက်နိုင်သော တာအိုစာလုံး အလင်းတန်းများမှာ ထိုကောင်းကင်သတ္တုများထံမှ ပန်းထွက်လာကာ ကောင်းကင်ကန့်လန့်ကာကဲ့သို့သော အလင်းစက်လုံးကြီးအဖြစ် ပြောင်းလဲသွား၍ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားလိုက်လေသည်။
ဤကောင်းကင်ကန့်လန့်ကာကြီး၏ အထက်တွင် တာအိုစာလုံးများမှာ တလက်လက် တောက်ပနေသော အဆုံးမဲ့တာအိုများနှင့် ပေါင်းစပ်သွားလေသည်။ ကုချန်မှ အစွမ်းကုန် အင်အားဖြင့် တိုက်ခိုက်လျှင်ပင် ဤအလင်းကန့်လန့်ကာကို အနည်းငယ်မျှပင် လှုပ်ခါသွားစေလိမ့်မည် မဟုတ်ချေ။
" ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်! နတ်ဆိုးဧကရာဇ်ကြီး... အဲဒီ နတ်ဆိုးဧကရာဇ်နှလုံးသားအတွက်နဲ့ ဒီအစီအရင်ကို မင်း တကယ် ခင်းကျင်းရဲတယ်ပေါ့! "
ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသော ဤတာအိုစာလုံး အလင်းကန့်လန့်ကာကို မြင်လိုက်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော အမုန်းတရားများ ချက်ချင်း လက်ဖြာသွားခဲ့၏။
ထိုစဉ်က နတ်ဆိုးဧကရာဇ်ကြီးသည် သူ့ကို ထောင်ချောက်ဆင်ရန် ဤကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကို အသုံးပြုခဲ့၍ သူ၏အသက်ကို နုတ်ယူလုနီးပါး ဖြစ်ခဲ့ဖူးသည်။
" ဒါက ပြီးပြည့်စုံတဲ့ မဟာအစီအရင်တော့ မဟုတ်ပါဘူး... မင်းကို ခဏလောက် ထောင်ချောက်ဆင်ဖို့ အလျင်စလို ခင်းကျင်းထားတာပါ "
နတ်ဆိုးဧကရာဇ်ကြီးမှ အေးစက်စွာ ပြောဆိုလိုက်လေသည်။ ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း တစ်စုံတစ်ခုကို သတိထားမိနိုင်ကြောင်း သူ သိထားပုံရသဖြင့် ၎င်းကို မဖုံးကွယ်ခဲ့ချေ။
" တကယ်လို့ အစစ်အမှန် ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်သာဆိုရင် ငါအရှင်တောင်မှ ခင်းကျင်းဖို့ နှစ်ထောင်ချီ အချိန်ယူရမှာ... ဆယ်နှစ်အတွင်း ခင်းကျင်းထားတဲ့ မဟာအစီအရင်က မင်းကို တစ်ခဏလောက်ပဲ ထောင်ချောက်ဆင်နိုင်မှာပါ... ဒါပေမဲ့... မင်းကို တစ်ခဏလောက် ထောင်ချောက်ဆင်နိုင်ရင် လုံလောက်နေပါပြီ "
နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် ပြုံးလိုက်ကာ သူ၏လူရိပ် လှုပ်ခါသွားသည်နှင့်အတူ ကိုယ်ပွားတစ်ခု ခွဲထွက်လာခဲ့၏။ ထို့နောက် ထိုကိုယ်ပွားသည် ကုချန်၏အနားသို့ ရောက်ရှိလာကာ ပြုံးလျက် ပြောဆိုလိုက်လေသည်။
" ငါအရှင်ရဲ့ ကိုယ်အစစ်က အဲဒီ နတ်ဆိုးဧကရာဇ်နှလုံးသားကို အရင်သွားယူလိမ့်မယ်... ဒီ ရှာနာနတ်ဆိုးဧကရာဇ်ကို ထောင်ချောက်ဆင်ထားဖို့ ကိုယ်ပွားတစ်ခုကို ဒီမှာ ယာယီ ချန်ထားခဲ့မယ်... စိတ်မပူပါနဲ့... ငါအရှင်ရဲ့ ကိုယ်ပွားက ဒီကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကို ထိန်းချုပ်ခင်းကျင်းထားတဲ့အတွက် ဒီရှာနာနတ်ဆိုးဧကရာဇ်က လောလောဆယ်တော့ ထွက်နိုင်မှာ မဟုတ်ဘူး... ငါအရှင် နတ်ဆိုးဧကရာဇ်နှလုံးသားကို ရသွားတာနဲ့ သူလဲ ထွက်လို့ရသွားလိမ့်မယ် "
ဤသည်ကို ကြားသောအခါ ကုချန်လည်း ခေါင်းညိတ်လိုက်လေသည်။
နတ်ဆိုးဧကရာဇ်ကြီး၏ စဉ်းစားတွေးခေါ်မှုက အမှန်တကယ်ပင် စေ့စပ်သေချာလှ၏။ ဤကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကို ချိုးဖျက်ရန် ပထမဦးစွာ သူ၏ကိုယ်ပွားကို ဖျက်ဆီးရမည် ဖြစ်သည်။
သို့သော် ယခုအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် အစီအရင်အတွင်း ပိတ်မိနေရာ ရုန်းထွက်၍ မရနိုင်သလို နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွားကိုလည်း ပစ်မှတ်မထားနိုင်ချေ။
ထို့ကြောင့် ဤကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်သည် သဘာဝကျကျပင် ခံတပ်တစ်ခုကဲ့သို့ ခိုင်မာနေကာ ထိုးဖောက်၍ မရနိုင်ချေ။ ကိုယ်အစစ်မှ နတ်ဆိုးဧကရာဇ်နှလုံးသားကို သွားရောက်ရယူခြင်းမှာ ပို၍ပင် လုံခြုံစိတ်ချရသေးသည်။ နတ်ဆိုးဧကရာဇ်ကြီး၏ ဤတစ်ကြိမ် အစီအစဉ်က အပြစ်အနာအဆာကင်းလှပေသည်။
" ရှာနာ... မင်း ဒီမှာ လောလောဆယ် စောင့်နေလိုက်ဦး... ငါအရှင် နတ်ဆိုးဧကရာဇ်နှလုံးသားကို ရသွားတာနဲ့ မင်းကို ချက်ချင်း ထွက်ခွာခွင့်ပြုမယ် "
မထွက်ခွာမီ နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်အစစ်သည် ရှာနာနတ်ဆိုးဧကရာဇ်ကို လှောင်ပြောင်ရန် မမေ့လျော့ခဲ့ချေ။
သို့သော် တစ်ချိန်တည်းမှာပင် နတ်ဆိုးဧကရာဇ်ကြီးသည် လုံလုံလောက်လောက် သတိဝီရိယလည်း ရှိခဲ့၏။ သူသည် မို့ကျွင်းနတ်ဆိုးအရှင် ပေးထားသော တည်နေရာကို အနည်းငယ် အာရုံခံကြည့်လိုက်ရာ ထိုနေရာတွင် အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်အဆင့် လှုပ်ခတ်မှုများ ပါဝင်နေ၍ သူ လှည့်စားမခံရကြောင်းကို သိရှိလိုက်ရသည်။ ထိုအခါမှသာ နတ်ဆိုးဧကရာဇ်နှလုံးသားကို ရှာဖွေရန် စိတ်အေးချမ်းသာစွာဖြင့် ထွက်ခွာသွားလေတော့သည်။
" နတ်ဆိုးဧကရာဇ်ကြီး..... "
နတ်ဆိုးဧကရာဇ်ကြီး၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် သွားကို တင်းတင်းကြိတ်ထား၍ မတတ်နိုင်ဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်ကြီး ပြောသည်မှာ မှန်ကန်နေ၍ ဤကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင် မပျောက်ကွယ်သွားမီအချိန်အထိ သူ့၌ ထွက်ခွာရန် မည်သည့်နည်းလမ်းမှ မရှိကြောင်း သိထားသောကြောင့်ပင်။ နောက်ထပ် သူ လုပ်ရမည့်အရာမှာ စောင့်ဆိုင်းရန်သာ ဖြစ်သည်။
ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွားဘေးတွင် နေရစ်ခဲ့၍ တစ်ဖက်လူထံမှ သတင်းကောင်းကို စောင့်ဆိုင်းနေလိုက်သည်။
" အင်း... ငါအရှင့်ရဲ့ ကိုယ်အစစ်က တည်နေရာကို ရောက်သွားပြီဖြစ်လို့ အဲဒီ နတ်ဆိုးဧကရာဇ်နှလုံးသားကို မကြာခင် ရယူနိုင်တော့မှာပါ "
နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွားသည် သူ၏ ကိုယ်အစစ်၏ လှုပ်ရှားမှုများကို အာရုံခံမိကာ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာလေသည်။
သို့သော် လျင်မြန်လွန်းစွာပင် ထိုအပြုံးသည် သူ၏မျက်နှာပေါ်တွင် ရုတ်တရက် အေးခဲသွားတော့သည်။
"ဘာ?!"
နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွားသည် အလွန်တရာ အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေ၏။
ဤရှေးဟောင်း နတ်ဆိုးဧကရာဇ်၏ လေသံတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်ကို ကုချန် ပထမဆုံးအကြိမ် ကြားလိုက်ရလေတော့သည်။