← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 33 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 33 Ch. 459-460

‎အခန်း ( ၄၅၉ ) - အကြံကို အကြံဖြင့်တန်ပြန်ခြင်း၊ နတ်ဆိုးနှလုံးသား အစစ်နှင့် အတု၊ အစစ်အမှန် ရည်ရွယ်ချက်

‎

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ လေသံကြောင့် ကုချန် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သူသည် ထိုရှေးဟောင်းနတ်ဆိုးဧကရာဇ်ကို ကြည့်ကာ ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်သည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီးမှာ ကုချန်ကို ချက်ချင်း မရှင်းပြခဲ့ချေ။ ထို့အစား ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ထဲတွင် ပိတ်မိနေသော ရှာနာနတ်ဆိုးဧကရာဇ်ထံသို့ အကြည့်ရွှေ့လိုက်၍ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် မှုန်ကုပ်သွားလေသည်။

‎

‎

‎" ရှာနာ... မင်းက ငါအရှင့်ကို လျှို့ဝှက်အကြံအစည်နဲ့ ပြန်လုပ်ကြံတာလား "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ တုံ့ပြန်မှုကို မြင်သောအခါ ရေခဲတမျှ အေးစက်နေခဲ့သော ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

‎

‎

‎" ဟားဟားဟား... နတ်ဆိုးဧကရာဇ်ကြီး ငါအရှင်က မင်းကို ဘယ်လိုလုပ် အကြံအစည်နဲ့ လုပ်ကြံရမှာလဲ... မင်းကသာ ငါအရှင့်ကို အကွက်ဆင်ချင်နေတာ ရှင်းနေတာပဲ... ငါအရှင်က မင်းရဲ့အကြံကို မင်းဆီ ပြန်လှည့်ပေးလိုက်ရုံပါပဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ အကြံအစည်ကြောင့် အစီအရင်ထဲတွင် ပိတ်မိနေသော မို့ကျွင်းနတ်ဆိုးအရှင်မှာလည်း ယခုအခါ စိတ်လှုပ်ရှားနေပုံရ၏။

‎

‎

‎" နတ်ဆိုးဧကရာဇ်... နတ်ဆိုးဧကရာဇ်ကြီး ငါးမျှားချိတ်ကို ဟပိမိသွားပြီလား "

‎

‎

‎" သေချာတာပေါ့ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်၏။ ထို့နောက် ချက်ချင်းပင် နတ်ဆိုးဧကရာဇ်ကြီးထံသို့ အကြည့်များ ပြန်လည်ရွှေ့ကာ အေးစက်စွာ ဆက်၍ ပြောဆိုလေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်... ငါအရှင်က အဲဒီလောက် ရူးမယ်လို့ မင်း ထင်နေတာလား... မင်း လှည့်စားတာကို တစ်ခါ ခံခဲ့ရပြီးပြီဆိုတော့ ဒုတိယအကြိမ် မင်းရဲ့ အကြံအစည်ထဲ ထပ်ကျွံဝင်သွားမယ်လို့ ထင်နေလား.....

‎

‎ဒီ မို့ကျွင်းက ငါအရှင့်ဆီ အရင်က ချဉ်းကပ်လာတုန်းက တစ်ခုခု မှားနေတယ်ဆိုတာ ငါအရှင် ခံစားမိခဲ့တယ်.....

‎

‎မင်းက ကံကြမ္မာဗေဒင်တွက်ချက်ခြင်း တာအိုမှာ ကျွမ်းကျင်တယ်ဆိုတာ နတ်ဆိုးနယ်မြေက လူတိုင်းသိတယ်.... ဒါပေမဲ့ အခု မို့ကျွင်းက သစ္စာဖောက်သွားတာတောင် မင်းက ဘာတုံ့ပြန်မှုမှ မလုပ်ဘူးလား.....

‎

‎ဒါကို သက်သေပြဖို့ မင်း ဘာများတုံ့ပြန်မလဲဆိုတာ ငါကိုယ်တော် တမင်သက်သက် ဆယ်နှစ်တိတိ စောင့်ကြည့်ခဲ့တယ်... ဒါပေမဲ့ မင်းက ဘာမှမသိတဲ့အတိုင်း ဟန်ဆောင်နေတော့ ငါအရှင်ရဲ့ သံသယကို ပိုပြီး သေချာသွားစေတယ်... မင်းက ငါအရှင့်ကို လျှို့ဝှက်လုပ်ကြံဖို့ ကြံစည်နေတာ အသေအချာပဲ! "

‎

‎

‎ဆိုတော့... နတ်ဆိုးဧကရာဇ်ကြီးရဲ့ အကြံအစည်ကို ရှာနာနတ်ဆိုးဧကရာဇ်က ထိုးထွင်းသိမြင်သွားခဲ့ပြီပေါ့။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ စကားများကို နားထောင်ရင်းနှင့် နတ်ဆိုးဧကရာဇ်ကြီး၏ မှုန်ကုပ်နေသော မျက်နှာကို ကြည့်က ကုချန် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ရှိလေသည်။

‎

‎

‎" မို့ကျွင်း ပြောတဲ့ တည်နေရာကိုတော့ ငါအရှင် တွေ့ပါပြီ... ဒါပေမဲ့..... "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွား၏ အသံမှာ တွေဝေနေခဲ့သော်လည်း သူ၏မျက်လုံးအနက်ရှိုင်းဆုံးနေရာမှ မြင်ကွင်းတစ်ခု ထွက်ပေါ်လာကာ ကုချန်၏ အသိစိတ်ပင်လယ်အတွင်းသို့ ရောင်ပြန်ဟပ်လာခဲ့၏။

‎

‎

‎၎င်းမှာ နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်အစစ်ရှိရာ နေရာပင် ဖြစ်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်အစစ်သည် မို့ကျွင်းနတ်ဆိုးအရှင် ခုလေးတင် ပြောပြလိုက်သည့်အတိုင်း နတ်ဆိုးဧကရာဇ်နှလုံးသားကို ဖွက်ထားသော နေရာသို့ သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ထိုနေရာသို့ ရောက်သွားသောအခါ ကောင်းကင်နှင့်မြေကြီးကြားတွင် မရေမတွက်နိုင်သော ရှေးဟောင်းမှန်ပြင်များ ရုတ်တရက် ထွက်ပေါ်လာလျက် သူ့ကို ဝိုင်းရံထားသည်ကို တွေ့လိုက်ရလေသည်။

‎

‎

‎၎င်းမှာ ရှာနာနတ်ဆိုးဧကရာဇ်မှ ကြိုတင်ခင်းကျင်းထားခဲ့သော အစီအရင်ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင် ပြောပြခဲ့သော နေရာတွင် မည်သည့် နတ်ဆိုးဧကရာဇ်နှလုံးသားမျှ ရှိမနေခဲ့ဘဲ ရှာနာနတ်ဆိုးဧကရာဇ် ကြိုတင်ခင်းကျင်းထားသော နတ်ဆိုးဧကရာဇ် မဟာအစီအရင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အစက နတ်ဆိုးဧကရာဇ်ကြီးသည် ရှာနာနတ်ဆိုးဧကရာဇ်၏ ကိုယ်အစစ်ကို အကွက်ဆင်ကာ ထောင်ချောက်ဆင်ထားလိုက်ခြင်းဖြင့် နတ်ဆိုးဧကရာဇ်နှလုံးသားကို စိတ်အေးချမ်းသာစွာ သွားရောက်လုယူနိုင်မည်ဟု ထင်မှတ်ထားခဲ့၏။

‎

‎

‎သို့သော် ရလဒ်မှာ နတ်ဆိုးဧကရာဇ်နှလုံးသား မရှိရုံသာမက သူ၏ကိုယ်အစစ်ပင်လျှင် ရှာနာနတ်ဆိုးဧကရာဇ်၏ အစီအရင်ထဲတွင် ပိတ်မိသွားခဲ့လေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီး... ချန်ဝူး... မင်းက ကံကြမ္မာဗေဒင်တွက်ချက်ခြင်း တာအိုမှာ ထူးချွန်တာ မှန်ပေမယ့် ငါအရှင်ကလည်း လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး.....

‎

‎ကံကြမ္မာရဲ့ လမ်းညွှန်မှုကို အလွန်အမင်း မှီခိုလွန်းတာက... ကိုယ်တိုင်တောင် မသိလိုက်ဘဲ အဲဒီအထဲကို နက်နက်ရှိုင်းရှိုင်း ကျွံဝင်သွားစေနိုင်တယ်.....

‎

‎မင်း မထွက်သွားခင်လေးတင် ဗေဒင်တစ်ခါ တွက်ကြည့်လိုက်တော့... တည်နေရာက နတ်ဆိုးဧကရာဇ်နဲ့ သက်ဆိုင်နေတာ အမှန်ပဲဆိုတာ တွေ့ခဲ့တယ်မလား.....

‎

‎ဟားဟားဟားဟား... မင်းရဲ့ ဗေဒင်တွက်ချက်မှုက မှန်ပါတယ်... ဒါက နတ်ဆိုးဧကရာဇ်နဲ့ သက်ဆိုင်နေတာ အမှန်ပဲ... ဒါပေမဲ့ အဲဒါက နတ်ဆိုးဧကရာဇ်နှလုံးသား မဟုတ်ဘဲ မင်းအတွက် ငါကိုယ်တော် ခင်းကျင်းထားတဲ့ မဟာအစီအရင် ဖြစ်နေတာပဲ! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် အောင်ပွဲခံသည့်ဟန်ဖြင့် ပြောဆိုလေ၏။

‎

‎

‎" အဲဒီနေ့က မို့ကျွင်း ငါအရှင့်ဆီက ပြန်ထွက်သွားပြီးနောက်မှာ ငါအရှင်က မို့ကျွင်းရဲ့ အသိစိတ်ပင်လယ်ထဲကို နတ်ဝိညာဉ်အာရုံတစ်မျှင် သီးသန့် လျှို့ဝှက်ထည့်ပေးလိုက်တယ်... ပြီးတော့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားပြီး ဒီနေ့မှာ နတ်ဆိုးဧကရာဇ်နှလုံးသားရဲ့ အစစ်အမှန် တည်နေရာကို မပြောပြဘဲ... မင်းကို မြှားခေါ်ဖို့ ရည်ရွယ်ချက်နဲ့ တည်နေရာအမှားကို တမင်သက်သက် ပြောပြဖို့ သူ့ကို ခိုင်းထားခဲ့တာ.....

‎

‎ပြီးတော့ မင်းက တကယ်ပဲ မခံနိုင်ဘဲ ပါလာတာပဲ... ဟားဟားဟား... တခြားသူတွေကို အမြဲတမ်း မြှားစာချပြီး အကြံအစည်လုပ်နေရတာကနေ အခု ကိုယ်တိုင် အကွက်ဆင်ခံရတော့ ဘယ်လိုခံစားရလဲ "

‎

‎

‎" ကျစ်...! "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏မျက်နှာမှာ မှိုင်းညို့နေလေသည်။ ဤအချိန်တွင်မူ သူသည် ရှာနာနတ်ဆိုးဧကရာဇ်၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း နားလည်သွားခဲ့လေပြီ။

‎

‎

‎သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို လျှို့ဝှက်ကြံစည်နေသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် တစ်ဖက်လူက အရာအားလုံးကို သိရှိထားပြီး သူ၏အကြံအစည်ကို သူ့အပေါ် ပြန်လှည့်ကာ တန်ပြန်တိုက်ခိုက်ခဲ့ကြောင်းကို သူ မသိခဲ့ချေ။

‎

‎

‎" မို့ကျွင်း... အခု ငါအရှင့်ကို နတ်ဆိုးဧကရာဇ်နှလုံးသားရဲ့ အစစ်အမှန် တည်နေရာကို ပြောပြလို့ရပြီ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ဖြည်းညင်းစွာ ပြောဆိုလိုက်ပြီးမှသာ နတ်ဆိုးဧကရာဇ်နှလုံးသား၏ တကယ့်တည်နေရာကို မို့ကျွင်းနတ်ဆိုးအရှင်အား မေးမြန်းလိုက်လေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ မှုန်ကုပ်နေသော အမူအရာကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ အကြံအစည် အောင်မြင်သွားပြီဖြစ်ကြောင်း မို့ကျွင်းနတ်ဆိုးအရှင်မှ သိလိုက်ရာ စိတ်သက်သာရာရစွာဖြင့် ပြောပြလိုက်လေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကို ကျွန်တော် မဖုံးကွယ်ရဲပါဘူး... နတ်ဆိုးဧကရာဇ်နှလုံးသားကို ကျွန်တော့် ကိုယ်ပေါ်မှာ အမြဲတမ်း သယ်ဆောင်ထားခဲ့တာပါ... အခုက နတ်ဆိုးဧကရာဇ်ကို ဆက်သရမယ့် အချိန်ပါပဲ! "

‎

‎

‎ထိုသို့ပြောပြီးနောက် မို့ကျွင်းနတ်ဆိုးအရှင်သည် မည်သည့် တွေဝေမှုမျှမရှိဘဲ လက်လှမ်းကာ လေဟာနယ်ကို ဆွဲဖြဲလိုက်၏။ ထိုနောက် အဆုံးမရှိသော နတ်ဆိုးဧကရာဇ်၏ ခမ်းနားမှုများ ပါဝင်ကာ အဆက်မပြတ် ခုန်လှုပ်နေဆဲဖြစ်သော နတ်ဆိုးဧကရာဇ်နှလုံးသားတစ်ခုကို ရှာနာနတ်ဆိုးဧကရာဇ်ထံ နာခံစွာ ဆက်သလိုက်လေသည်။

‎

‎

‎မို့ကျွင်းနတ်ဆိုးအရှင် ဆက်သလာသော နတ်ဆိုးဧကရာဇ်နှလုံးသားကို ကြည့်ကာ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

‎

‎

‎" မင်းက ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကို ကိုယ်ပေါ်မှာ ယူထားမယ်လို့ ငါအရှင် မထင်ထားခဲ့ဘူး... ဒါပေမဲ့ အဲဒါလည်း မှန်ပါတယ်... အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲလေ.....

‎

‎စိတ်မပူပါနဲ့... ဒီနေ့ ငါအရှင်က ကြီးမြတ်လှပါတယ်ဆိုတဲ့ နတ်ဆိုးဧကရာဇ်ကြီးချန်ဝူးကို လှည့်စားနိုင်ခဲ့တဲ့အတွက် အရမ်း စိတ်ရွှင်လန်းနေတယ်... နောင်တစ်ချိန် သူ မင်းကို လက်စားချေချင်ရင်တောင်မှ မင်းကို ငါအရှင် ကာကွယ်ပေးမယ် "

‎

‎

‎ထိုသို့ပြောပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်သည် မို့ကျွင်းနတ်ဆိုးအရှင် ဆက်သလာသော နတ်ဆိုးဧကရာဇ်နှလုံးသားကို အားနာခြင်းမရှိဘဲ သူ၏လက်ထဲသို့ ယူလိုက်လေသည်။

‎

‎

‎" ဟွန့်...! ရှာနာ... ဒီတစ်ကြိမ် မင်း နိုင်သွားတယ်... ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကို ငါအရှင် မလိုချင်တော့ဘူး "

‎

‎

‎ကိစ္စများ ဤအခြေအနေသို့ ရောက်လာခဲ့ပြီဖြစ်ရာ ယနေ့ နတ်ဆိုးဧကရာဇ်နှလုံးသားကို ရယူနိုင်တော့မည် မဟုတ်ကြောင်း နတ်ဆိုးဧကရာဇ်ကြီး သိလိုက်လေသည်။ သူသည် ကုချန်ကို တစ်ချက်ကြည့်လိုက်ကာ အတူ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

‎

‎

‎ဤကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကို ခင်းကျင်းရန် သူ၌ ဆယ်နှစ်သာ အချိန်ရခဲ့ရာ ရှာနာနတ်ဆိုးဧကရာဇ်ကို တစ်ခဏမျှသာ ထောင်ချောက်ဆင်ထားနိုင်မည် ဖြစ်သည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် ခင်းကျင်းထားသော မဟာအစီအရင်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ သူ၏ကိုယ်အစစ်ကို ယာယီသာ ထောင်ချောက်ဆင်ထားနိုင်မည်ဖြစ်၍ မည်သည့် အန္တရာယ်မျှ ပေးနိုင်မည် မဟုတ်ချေ။ အချိန်မကြာမီမှာပင် သူ၏ကိုယ်အစစ်သည် သဘာဝကျကျ လွတ်မြောက်လာမည် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် ချက်ချင်းပင် ထွက်ခွာရန် ပြင်ဆင်လိုက်ကာ အချိန်ထပ်မဖြုန်းတော့ချေ။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်မှာ ဤမျှနှင့် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိကြောင်း သိသာလှပေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ဆုတ်ခွာလိုသည့် ရည်ရွယ်ချက်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။

‎

‎

‎" ချန်ဝူး... ငါအရှင်က ဒီနတ်ဆိုးဧကရာဇ်နှလုံးသားကို ရဖို့အတွက်ပဲ ဒီအရာတွေအားလုံးကို ခင်းကျင်းဖို့ ဒီလောက် အားထုတ်ခဲ့ရတယ်လို့ မင်း ထင်မနေဘူးမလား.....

‎

‎ဒီနေ့ မင်း ထွက်သွားလို့ရတယ်... ဒါပေမဲ့ ဒီကောင်လေးရဲ့ အသက်ကတော့ ဒီမှာ ကျန်ရစ်ခဲ့ရမယ် "

‎

‎

‎ထိုသို့ပြောရင်း ရှာနာနတ်ဆိုးဧကရာဇ်၏ အကြည့်များမှာ ကုချန်ထံသို့ ပထမဆုံးအကြိမ် ပြောင်းရွှေ့သွားကာ တွေးတောနေသည့်ဟန်ဖြင့် ထပ်မံ ပြောဆိုလိုက်လေသည်။

‎

‎

‎" ဒီကောင်လေးရဲ့ ဘယ်အရာကို မင်းက ဒီလောက် တန်ဖိုးထားနေလဲဆိုတာ ငါအရှင် သေချာမသိပေမယ့်.....

‎

‎မင်းက ဒီကောင်လေးကို ဒီလောက် တန်ဖိုးထားနေမှတော့... သူက မင်းအတွက် တစ်ခုခု အကူအညီဖြစ်စေမှာ သေချာတယ်ဆိုတာတော့ ငါအရှင် သိတယ်.....

‎

‎ဒါဆိုရင် ငါအရှင်က မင်းကို ကူညီပေးမယ်လေ... ဒီနေ့ သူ့ကို ဒီမှာသတ်ပြီး မင်းရဲ့ အကြံအစည်ကို ဖျက်ဆီးပစ်မယ်! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ ပစ်မှတ်အစစ်အမှန်မှာ တကယ်တော့ ကုချန်ပင် ဖြစ်သည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏စကားကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာမှာ ပို၍ပင် မှုန်ကုပ်သွားလေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ရှာနာနတ်ဆိုးဧကရာဇ် ပြောသည်မှာ အမှန်တကယ်ပင် မှန်ကန်နေသောကြောင့်ပင်။

‎

‎

‎နတ်ဆိုးဧကရာဇ်နှလုံးသားကို ဆုံးရှုံးရခြင်းက ကိစ္စကြီးတစ်ခုဖြစ်သော်လည်း ကုချန်သည် ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်ပွဲကတည်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သော သူ၏ ကြီးမားလှသည့် ကံကြမ္မာဖန်တီးမှုနှင့် ဆက်စပ်နေလေရာ မည်သည့်အမှားအယွင်းမျှ ဖြစ်၍ မရနိုင်ချေ!

‎‎

‎အခန်း ( ၄၆၀ ) - ယောင်ဧကရာဇ်အဆောင်၊ ဟွမ်သွမ့်ဗေဒင်လက္ခဏာ၊ ဗေဒင်တွက်ချက်မှု ကျရှုံးခြင်း

‎

‎

‎

‎" ဟွန့်...! ငါကိုယ်တော်ရဲ့ ကိုယ်အစစ်ကို မင်း ထောင်ချောက်ဆင်နိုင်ခဲ့တာ မှန်ပေမယ့် မင်းရဲ့ ကိုယ်အစစ်ကလည်း ဒီနေရာမှာ ငါကိုယ်တော်ရဲ့ ပိတ်လှောင်မှုကို ခံထားရတာပဲ... ငါတို့နှစ်ယောက်စလုံး လွတ်မြောက်ဖို့ ကြာမယ့်အချိန်က အတူတူလောက်ပဲဆိုတော့ မင်းမှာ ဘယ်လိုနည်းလမ်းတွေ ရှိနေနိုင်ဦးမှာလဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှ လှောင်ပြောင်လိုက်၏။ ရှာနာနတ်ဆိုးဧကရာဇ်မှ သူ၏မျက်စိအောက်တွင် ကုချန်၏အသက်ကို ယူနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။

‎

‎

‎သူ၏ကိုယ်ပွားမှ ထိန်းသိမ်းထားသော ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကြီးသည် လည်ပတ်နေဆဲဖြစ်၏။ ဤနေရာတွင် သူ၏ကိုယ်အစစ်မဟုတ်ဘဲ ကိုယ်ပွားသာရှိနေသော်လည်း အစီအရင်ကြီး၏စွမ်းအားဖြင့် ရှာနာနတ်ဆိုးဧကရာဇ်၏ ကိုယ်အစစ်ကို တစ်ခဏမျှ ပိတ်လှောင်ထားနိုင်ဆဲဖြစ်သည်။

‎

‎

‎ထိုတစ်ခဏဆိုလျှင်ပင် လုံလောက်နေပြီဖြစ်သည်။ ထိုရှာနာမှာ သူ၏မျက်စိအောက်တွင် လူတစ်ယောက်ကို သတ်မည်ဟု ကြုံးဝါးရင်း ဤမျှ မောက်မာစွာ မည်သို့ ပြောဆိုရဲသနည်း။

‎

‎

‎" ဟက်! ချန်ဝူး... ငါအရှင်က မင်းရဲ့ အစီအစဉ်တွေကို ကြိုမသိနိုင်ဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား "

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်မှာ အနည်းငယ်မျှ ပြာယာခတ်သွားခြင်းမရှိဘဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့၏။

‎

‎

‎" အဲဒီ မဟာအစီအရင်ကို ခင်းကျင်းဖို့ ငါအရှင် အများကြီး အားထုတ်ခဲ့ရတာ... ကျိန်းသေပေါက် မင်းကို ထောင်ချောက်ဆင်ဖို့ သက်သက်တော့ မဟုတ်ဘူးပေါ့ "

‎

‎

‎...

‎

‎

‎အဆုံးမရှိ ဝေးကွာသော နယ်မြေတစ်ခု၌.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်အစစ်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် မားမားမတ်မတ်ရပ်နေလျက် ကောင်းကင်နှင့်မြေကြီးကို ရောင်ပြန်ဟပ်ကာ နယ်မြေတစ်ခုလုံးကို ဝိုင်းရံထားသော မရေမတွက်နိုင်သည့် မှန်ပြင်များကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကျုံ့ထားလေ၏။

‎

‎

‎သူသည် ဤနေရာမှ လွတ်မြောက်ရန် မကြိုးစားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရှာနာ နှစ်ပေါင်းများစွာ အချိန်ယူ၍ ခင်းကျင်းထားခဲ့သော ဤမဟာအစီအရင်ထဲမှ ဖောက်ထွက်ရန် ကြိုးစားခြင်းမှာ အချည်းနှီးသာ ဖြစ်မည်ကို သူ သိထားသောကြောင့်ပင်။

‎

‎

‎အကောင်းဆုံး ရွေးချယ်မှုမှာ မဟာအစီအရင်၏ စွမ်းအားများ ကုန်ဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းပြီးနောက်မှ အေးအေးဆေးဆေး ထွက်ခွာသွားရန်ပင် ဖြစ်သည်။ သို့သော် ရှာနာ၏ အမူအရာကို ကြည့်ရလျှင် ဤမဟာအစီအရင်မှာ သူ့ကို ထောင်ချောက်ဆင်ရန် သက်သက်ထက် ပိုနေပုံရ၏။

‎

‎

‎" ရှာနာ... မင်းမှာ တခြား ဘယ်လို လှည့်ကွက်တွေပဲရှိရှိ ထုတ်သုံးလိုက်စမ်းပါ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် မျက်ခွံကို အနည်းငယ် ပင့်ကာ တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်လေသည်။

‎

‎

‎ဤနေရာတွင် ရှာနာနတ်ဆိုးဧကရာဇ် စီစဉ်ထားသည်မှာလည်း သူ၏ကိုယ်ပွားကဲ့သို့ပင် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ကြောင်း သူ သိလေသည်။

‎

‎

‎" ဟွန်းဟွန်း... ချန်ဝူး... ငါအရှင်ရဲ့ မဟာအစီအရင်က မင်းကို ထောင်ချောက်ဆင်ဖို့ သက်သက် မဟုတ်ဘူး "

‎

‎

‎ကောင်းကင်နှင့်မြေကြီးကြားရှိ မရေမတွက်နိုင်သော မှန်ပြင်များအားလုံးတွင် ရှာနာနတ်ဆိုးဧကရာဇ်၏ လူရိပ်များ ပေါ်လာကာ နတ်ဆိုးဧကရာဇ်ကြီးကို စိုက်ကြည့်နေကြလေသည်။

‎

‎

‎" ဒီတစ်ခေါက် မလာခင်မှာ ယောင်ဧကရာဇ်ဆီကနေ အဆောင်တစ်ခုကို ငါအရှင် သီးသန့် တောင်းလာခဲ့တယ် "

‎

‎

‎" ယောင်ဧကရာဇ်အဆောင်?! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏စကားကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် မှိုင်းညို့သွားလေသည်။

‎

‎

‎ယောင်ဧကရာဇ်သည်လည်း နတ်ဆိုးနယ်မြေရှိ ရှေးဟောင်းနတ်ဆိုးဧကရာဇ်များထဲမှ တစ်ပါးဖြစ်သည်။ သူ နတ်ဆိုးဧကရာဇ်တာအိုကို ရရှိခဲ့သောအချိန်မှာ နတ်ဆိုးဧကရာဇ်ကြီးထက်ပင် အလွန် စောခဲ့လေ၏။ နတ်ဆိုးဧကရာဇ်ကြီး အားနည်းနေသေးချိန်တွင် ဤယောင်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ရာထူးကို ရယူထားပြီးသော အမြင့်ဆုံးတည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။

‎

‎

‎ဤရှာနာနတ်ဆိုးဧကရာဇ်မှာ ယောင်ဧကရာဇ်နှင့် မည်သို့ ပတ်သက်သွားရသနည်း။

‎

‎

‎ထိုယောင်ဧကရာဇ်အဆောင်သည် ယောင်ဧကရာဇ် ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်၍ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကို လှည့်စားဖျက်ဆီးနိုင်စွမ်း ရှိ၏။ တစ်ကြိမ် အသက်သွင်းလိုက်သည်နှင့် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုပင်လျှင် ၎င်းအတွင်း နက်ရှိုင်းစွာ ကျွံဝင်သွားနိုင်ရာ တစ်ခဏတာမျှ ရုန်းထွက်ရန်ပင် ခက်ခဲသွားမည် ဖြစ်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးအတွက် လက်ခံရန် အခက်ခဲဆုံးမှာ ဤအချက်ပင် ဖြစ်သည်။

‎

‎

‎ဤယောင်ဧကရာဇ်အဆောင်သည် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကို လှည့်စားနိုင်ရုံသာမက ဤနယ်မြေကို ပြင်ပကမ္ဘာနှင့်ပါ ယာယီအဆက်အသွယ် ဖြတ်တောက်ထားနိုင်လေသည်။

‎

‎

‎၎င်းမှာ ၎င်း၏ကိုယ်ပိုင် ကောင်းကင်နှင့်မြေကြီးကို ဖန်တီးထားသကဲ့သို့ ဖြစ်ရာ အခြားကမ္ဘာများနှင့်ပင် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားစေ၏။

‎

‎

‎ဤနည်းဖြင့်ဆိုလျှင် သူ၏ ကိုယ်ပွားနှင့် အဆက်အသွယ်မှာ လုံးဝ ပြတ်တောက်သွားတော့မည် ဖြစ်သည်။ ကိုယ်အစစ်နှင့် အဆက်အသွယ် မရှိပါက ကိုယ်ပွားမှာ မျက်စိတစ်မှိတ်အတွင်း ပြိုကွဲသွားမည်သာ ဖြစ်သည်။

‎

‎

‎ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ရာ ဆုံးရှုံးသွားလျှင်ပင် နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် နှမြောတသ ဖြစ်နေမည် မဟုတ်ချေ။

‎

‎

‎သို့သော် အရေးကြီးဆုံးအချက်မှာ ယခုအချိန်တွင် ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကြီး လည်ပတ်နေစေရန် သူ၏ကိုယ်ပွားမှ တာဝန်ယူထားရခြင်းပင် ဖြစ်သည်။

‎

‎

‎အကယ်၍ ကိုယ်ပွားသာ ပြိုကွဲသွားပါက ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်ကြီးလည်း လည်ပတ်မှု ရပ်တန့်သွားမည်ဖြစ်ရာ ရှာနာနတ်ဆိုးဧကရာဇ်သည် အစီအရင်ထဲမှ လွတ်မြောက်သွားတော့မည် ဖြစ်သည်။

‎

‎

‎ထို့နောက် ဘာဆက်ဖြစ်မည်ကို နတ်ဆိုးဧကရာဇ်ကြီး ခန့်မှန်းနိုင်လေပြီ။

‎

‎

‎သူ၏ကာကွယ်မှုမရှိဘဲ ထိုအဆုံးမဲ့ထျန်းကျွင်းသည် ရှာနာနတ်ဆိုးဧကရာဇ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

‎

‎

‎ဒါက... ဒါက တကယ်တော့ ရှာနာနတ်ဆိုးဧကရာဇ်ရဲ့ အစစ်အမှန် ရည်ရွယ်ချက်ပဲ!

‎

‎

‎" ချန်ဝူး... အဲဒီကောင်လေးရဲ့ အလောင်းကို သိမ်းဖို့သာ စောင့်နေလိုက်တော့! ဟားဟားဟား! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ အောင်ပွဲခံ ရယ်မောသံနှင့်အတူ ကောင်းကင်နှင့်မြေကြီးမှာ ရုတ်တရက် တုန်ဟည်းသွားလေသည်။

‎

‎

‎အရောင်အသွေးမျိုးစုံဖြင့် လင်းလက်နေသည့် ရှေးဟောင်းအဆောင်တစ်ခုသည် ကောင်းကင်နှင့်မြေကြီး၏ အလယ်ဗဟိုတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

‎

‎

‎ထိုအဆောင်မှ အလင်းတန်းများ ပျံ့နှံ့ထွက်ပေါ်လာ၏။ ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကောင်းကင်နှင့်မြေကြီးပင်လျှင် မယုံနိုင်လောက်အောင် ပျက်စီးသွားကာ ကမ္ဘာကြီးမှ လုံးဝ ဖြတ်တောက် ဖယ်ရှားခံရ၍ ပျောက်ကွယ်သွားတော့မည့်ဟန်ပင် ရှိလေသည်။

‎

‎

‎ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးသည် ပြင်ပကမ္ဘာနှင့် သူ၏ဆက်သွယ်မှုမှာ ပို၍ပို၍ အားနည်းလာကြောင်းကိုပါ ခံစားလိုက်ရ၏။

‎

‎

‎အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူ၏ ကိုယ်ပွားတည်ရှိနေမှု အာရုံအားလုံးကို လုံးဝ ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

‎

‎

‎" တကယ်ပဲ တစ်ခုခု မှားယွင်းတော့မှာတော့ မဟုတ်ပါဘူးနော် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များမှာ ဝေဝါးသွားသော်လည်း သူ၏လက်ဖဝါးထဲတွင် ထိုကျောက်စိမ်းဖြူလိပ်ခွံလေးမှာ တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့၏။

‎

‎

‎ဤကိစ္စ၏ နောက်ဆုံးရလဒ် မည်သို့ဖြစ်လာမည်ကို သိရှိနိုင်ရန် ကျောက်စိမ်းဖြူလိပ်ခွံဖြင့် နောက်ထပ် ဗေဒင်တစ်ကြိမ် တွက်ချက်ရန် သူ ပြင်ဆင်လိုက်လေသည်။

‎

‎

‎" ဝှစ်...! "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှ စွမ်းအားများ ထည့်သွင်းလိုက်သည်နှင့် ကျောက်စိမ်းဖြူလိပ်ခွံမှာ မှိန်ဖျော့ဖျော့ လင်းလက်သွားလေ၏။

‎

‎

‎ထို့နောက် ချက်ချင်းပင် လိပ်ခွံထဲမှ ဝေဝါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

‎

‎

‎၎င်းမှာ အရိပ်ထဲတွင် ပုန်းကွယ်နေပုံရသော ထပ်တူညီသည့် ဝေဝါးသော အမျိုးသမီးပုံရိပ် နှစ်ခု ဖြစ်လေသည်။

‎

‎

‎ထိုပုံရိပ်နှစ်ခု ပေါ်လာသည်နှင့်အမျှ လိပ်ခွံပေါ်တွင် ဖျော့တော့သော ကြက်သွေးရောင်တစ်ခုလည်း စီးဆင်းသွားကာ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုခုကို ကြိုတင်ပြသနေဟန် ရှိလေသည်။

‎

‎

‎လိပ်ခွံပေါ်တွင် ပေါ်လာသော ထပ်တူညီသည့် ပုံရိပ်နှစ်ခုမှာ ရှာနာနတ်ဆိုးဧကရာဇ်၏ ကိုယ်အစစ်နှင့် ကိုယ်ပွားကို ကိုယ်စားပြုကြောင်းနှင့် ဤမကောင်းသော နိမိတ်လက္ခဏာမှာ ရှာနာနတ်ဆိုးဧကရာဇ်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နတ်ဆိုးဧကရာဇ်ကြီး သိလေသည်။

‎

‎

‎" အဲဒီ အဆုံးမဲ့ထျန်းကျွင်း ဘာဖြစ်သွားလဲဆိုတာ ငါအရှင် ကြည့်ချင်တယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် လက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းဖြူလိပ်ခွံကို နောက်တစ်ကြိမ် အသက်သွင်းလိုက်လေသည်။

‎

‎

‎သူ့ကိုယ်သူအတွက်တော့ စိုးရိမ်နေခြင်း မရှိချေ။ ယောင်ဧကရာဇ်အဆောင် ရှိနေလျှင်ပင် ရှာနာနတ်ဆိုးဧကရာဇ်မှ သူ့ကို သတ်နိုင်မည်မဟုတ်ဘဲ အလွန်ဆုံး အချိန်ခဏမျှသာ ထောင်ချောက်ဆင်ထားနိုင်မည် ဖြစ်သည်။

‎

‎

‎သူ အမှန်တကယ် စိုးရိမ်နေသည်မှာ ကုချန်၏လုံခြုံရေးပင် ဖြစ်သည်။

‎

‎

‎၎င်းမှာ နှစ်သန်းပေါင်းများစွာကြာအောင် သူ အချိန်ယူ ပျိုးထောင်ထားခဲ့သော ကံကြမ္မာဖန်တီးမှုကြီး ဖြစ်၏။

‎

‎

‎အကယ်၍ ကုချန်သာ သေဆုံးသွားပါက အရာအားလုံး ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ စကားအတိုင်း ကုချန်၏ကံကြမ္မာကို တွက်ချက်ပြမည့်အလား ကျောက်စိမ်းဖြူလိပ်ခွံသည် တောက်ပစွာ လင်းလက်လာလေ၏။

‎

‎

‎သို့သော် နောက်တစ်ခဏတွင် ဖော်ပြ၍မရနိုင်လောက်အောင် နားမလည်နိုင်ဖြစ်နေသော အမူအရာတစ်ခု နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့လေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ပုံရိပ်အားလုံး ပျောက်ကွယ်သွားကာ ဟွမ်သွမ့်ချီများဖြင့် အစားထိုးခံလိုက်ရသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။

‎

‎

‎ဟွမ်သွမ့်ချီများ လည်ပတ်နေကာ ပုံရိပ်အားလုံးကို ဖုံးကွယ်ထား၍ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ကိုယ်စားပြုသော အလင်းတန်းများပင် ထွက်ပေါ်မလာခဲ့ချေ။

‎

‎

‎ကျောက်စိမ်းဖြူလိပ်ခွံရဲ့ ဗေဒင်တွက်ချက်မှု... ကျရှုံးသွားခဲ့တာလား?!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။

‎

‎

‎ဤကဲ့သို့သော အဖြစ်အပျက်မျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ဤရေတွက်၍မရနိုင်သော နှစ်ကာလများတစ်လျှောက် နတ်ဆိုးဧကရာဇ်ကြီးသည် ဤကျောက်စိမ်းဖြူလိပ်ခွံကို အားကိုး၍ အန္တရာယ်များမှ အကြိမ်များစွာ လွတ်မြောက်ခဲ့ဖူးသော်လည်း ယခုမူ ဗေဒင်တွက်ချက်ရာတွင် ကျရှုံးသွားခဲ့လေပြီ။

‎

‎

‎ဘာကြောင့်လဲ။

‎

‎

‎အရင်က အခြားသူတွေရဲ့ ကံကြမ္မာတွေကို တွက်ချက်ဖို့ ဒီကျောက်စိမ်းဖြူလိပ်ခွံကို အသုံးပြုခဲ့ဖူးပေမယ့် ဒီလို အခြေအနေမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး!

‎

‎

‎ဒါဆိုရင် အခု အဲဒီ အဆုံးမဲ့ထျန်းကျွင်းအတွက် ဗေဒင်တွက်ချက်တဲ့အခါမှာ ဘာလို့ လက္ခဏာက သန့်စင်တဲ့ ဟွမ်သွမ့်အခြေအနေမျိုး ဖြစ်နေရတာလဲ။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။

‎

‎

‎ဤသည်မှာ သူ ကုချန်အတွက် ပထမဆုံးအကြိမ် ဗေဒင်တွက်ချက်ခြင်း ဖြစ်သည်။

‎

‎

‎ယခင်အကြိမ်များက ကုချန်နှင့် သက်ဆိုင်နေသော်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် မိမိကိုယ်တိုင်အတွက်သာ ဗေဒင်တွက်ချက်ခဲ့ခြင်းဖြစ်ရာ မည်သည့်အမှားအယွင်းကိုမျှ သတိမထားမိခဲ့ချေ။

‎

‎

‎သို့သော် ယခု ကုချန်အတွက် ပထမဆုံးအကြိမ် ဗေဒင်တွက်ချက်ရာတွင် ဤရလဒ်ကို ရရှိခဲ့လေသည်။

‎

‎

‎ဗေဒင်လက္ခဏာမှာ သန့်စင်သော ဟွမ်သွမ့်အခြေအနေဖြစ်နေပြီး ဘာကိုမှ မပြသပေ!

‎

‎

‎ဒါ... ဒါက တကယ်ပဲ ဘာအကြောင်းကြောင့်များ ဖြစ်ရတာလဲ?!

All Chapters