အခန်း (၄၆၁-၄၆၂)
Vol. 33 Ch. 461-462
အခန်း ( ၄၆၁ ) - ဗေဒင်တွက်ချက်မှု မရှိခြင်း၊ ဒေါသထွက်ဖွယ်ရာ ဖြစ်ရပ်၊ အစီအရင် ကျရှုံးသွားခြင်း
ကုချန်က ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ကံကြမ္မာက သတ်မှတ်ထားလို့ပဲ အရာအားလုံးက သုညဖြစ်သွားမယ်ဆိုတာကို ရည်ညွှန်းတဲ့အနေနဲ့ ဗေဒင်လက္ခဏာက သန့်စင်တဲ့ ဟွမ်သွမ့်အခြေအနေကိုပဲ ပြသနေတာများလား။
နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် မှုန်ကုပ်နေလေသည်။
ရှာနာနတ်ဆိုးဧကရာဇ်၏ လုပ်ရပ်က သူ့ကို အမှန်တကယ်ပင် နာကျင်စေခဲ့၏။ နတ်ဆိုးဧကရာဇ်နှလုံးသားကို မရရှိခြင်းမှာ ဘာမှမဟုတ်သော်လည်း ကုချန်သာ တစ်စုံတစ်ရာ ဒုက္ခကြုံတွေ့ခဲ့ရ၍ နတ်ဆိုးဧကရာဇ်ကြီး၏ 'ကံကြမ္မာဖန်တီးမှုကြီး' ကို ဖြတ်တောက်လိုက်မည်ဆိုပါက ၎င်းမှာ သူ လုံးဝ လက်ခံနိုင်မည် မဟုတ်သော အရာပင် ဖြစ်သည်။
" ငါကိုယ်တော် ဒါကို မယုံနိုင်ဘူး "
မကောင်းဆိုးဝါးများကို မယုံကြည်သော နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အတွက် နောက်တစ်ကြိမ် ဗေဒင်တွက်ချက်ရန် ဆုံးဖြတ်လိုက်၏။
အကယ်၍ ဗေဒင်ရလဒ်သာ အဆင်မပြေပါက ကုချန် အန္တရာယ်ကြုံတွေ့ခြင်းမှ ကာကွယ်ရန်အတွက် ရှာနာနတ်ဆိုးဧကရာဇ် ခင်းကျင်းထားသော မဟာအစီအရင်ထဲမှ တတ်နိုင်သမျှ မြန်မြန် လွတ်မြောက်နိုင်ရန် ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရန် သူ ပြင်ဆင်ထားလေသည်။
ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရာဇ်ကြီးမှာ အတည်ပေါက်ဖြစ်နေ၍ သူ၏လက်ချောင်းထိပ်များမှပင် အနှစ်သာရသွေး သုံးစက်ကို ညှစ်ထုတ်ကာ ကျောက်စိမ်းဖြူလိပ်ခွံပေါ်သို့ လိမ်းကျံလိုက်လေသည်။
နတ်ဆိုးဧကရာဇ်အဆင့်ဆိုသည်မှာ ကြီးမားလှသော စွမ်းအင်များ ပါဝင်နေ၏။ အနှစ်သာရသွေး တစ်စက်ကို ဖန်တီးနိုင်ရန် နတ်ဆိုးဧကရာဇ်ကြီးပင်လျှင် အနည်းဆုံး နှစ်တစ်သိန်းခန့် အပင်ပန်းခံ ကျင့်ကြံရပေသည်။ ဤအနှစ်သာရသွေး သုံးစက်မှာ သူ၏ နှစ်သုံးသိန်းကြာအောင် အပင်ပန်းခံ ကျင့်ကြံခဲ့ရမှုများကို ကိုယ်စားပြုနေလေသည်။
" ဝှစ်...! "
အနှစ်သာရသွေးသုံးစက်၏ ပံ့ပိုးမှုဖြင့် ကျောက်စိမ်းဖြူလိပ်ခွံမှာ ချက်ချင်းပင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
အတွေးတစ်ချက်ဖြင့် နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၏ကံကြမ္မာကို နောက်တစ်ကြိမ် စတင်တွက်ချက်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ အနှစ်သာရသွေးသုံးစက် ထည့်သွင်းလိုက်သောကြောင့် ကျောက်စိမ်းဖြူလိပ်ခွံပေါ်၌ ဝေဝါးသော ပုံစံများ ထွက်ပေါ်လာတော့မည့်ဟန် ရှိလေသည်။
ဤသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ သူ စတေးလိုက်သော အနှစ်သာရသွေး သုံးစက်မှာ အမှန်တကယ်ပင် အသုံးဝင်ခဲ့လေသည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး သိပ်ကြာကြာ ဝမ်းမသာလိုက်ရခင်မှာပင် သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်း အေးခဲသွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ပေါ်လာသော ဝေဝါးသည့် ပုံစံများမှာ စက္ကန့်တစ်သောင်းပုံ တစ်ပုံမျှပင် မကြာလိုက်ဘဲ ရုတ်တရက် ပျောက်ကွယ်သွား၍ တစ်စုံတစ်ခုသော စွမ်းအားဖြင့် အတင်းအဓမ္မ ဖျက်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသောကြောင့်ပင်။ ကျောက်စိမ်းဖြူလိပ်ခွံမှာလည်း ယခင်ကဲ့သို့ပင် ဟွမ်သွမ့်ချီများဖြင့် တစ်ဖန် ပြန်လည် ပြည့်နှက်သွားခဲ့လေသည်။
ထိုမျှမကသေးဘဲ ဤကျောက်စိမ်းဖြူလိပ်ခွံဖြင့် ဗေဒင်တွက်ချက်မှုမှာ တားမြစ်ချက် တစ်ခုခုကို သွားရောက်ထိတွေ့မိသကဲ့သို့ ရှိနေလျက် တုန်လှုပ်ဖွယ်ရာ အက်ကွဲကြောင်းတစ်ခု ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် တိတ်တဆိတ် ပျံ့နှံ့လာရာ နတ်ဆိုးဧကရာဇ်ကြီးမှာ ရင်နာလွန်းလှသဖြင့် သူ၏ဗေဒင်တွက်ချက်မှု စွမ်းအားများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ရလေသည်။
ကောင်းကင်ဘုံရေ... ဒါက သူ အမြတ်နိုးဆုံး အရာပါ!
နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏စိတ်ထဲ၌ ရူးသွပ်စွာ အော်ဟစ်လိုက်လေ၏။ သူ၏နှလုံးသားထဲတွင် ကျောက်စိမ်းဖြူလိပ်ခွံမှာ သူ၏ ဧကရာဇ်လက်နက်ထက်ပင် ပိုမိုမြင့်မားလေသည်။ ထို့အပြင် ဤကျောက်စိမ်းဖြူလိပ်ခွံကို မသိရှိနိုင်သော မြင့်မြတ်သည့် အရာတစ်ခုခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် မာကျော၍ အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် ၎င်းကို အနည်းငယ်မျှပင် လှုပ်ခါသွားစေအောင် ပြုလုပ်နိုင်ခြင်းမရှိပေ။
သို့သော် ယခုမူ သူသည် ဗေဒင်တွက်ချက်ရုံမျှသာ လုပ်ခဲ့သော်လည်း ဤကျောက်စိမ်းဖြူလိပ်ခွံမှာ အက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုခံစားချက်က ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှု တစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ပင်။
နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်ထဲတွင်ပင် ဖော်ပြ၍မရနိုင်လောက်သော ကြောက်ရွံ့ထိတ်လန့်မှုများ ရုတ်တရက် လွှမ်းမိုးသွားခဲ့၏။ အကယ်၍ သူသာ ဆက်လက်၍ ဗေဒင်တွက်ချက်နေမည်ဆိုပါက ကျောက်စိမ်းဖြူလိပ်ခွံ ခံနိုင်ရည်မရှိတော့ရုံသာမက သူကိုယ်တိုင်ပင်လျှင် တန်ပြန်သက်ရောက်မှုကို ခံရကာ ပြဿနာကြီးကြီးမားမားများနှင့် ကြုံတွေ့ရနိုင်သည်ဟုပင် ခံစားလိုက်ရသည်။
ဒါ တကယ်ကို ထူးဆန်းလွန်းတယ်!
နတ်ဆိုးဧကရာဇ်ကြီးမှာ ပြာယာခတ်သွားကာ အနည်းငယ် အဓိပ္ပာယ်မရှိဘူးဟုပင် ခံစားလိုက်ရသည်။
အဲ့ဒီအဆုံးမဲ့ထျန်းကျွင်းမှာ ဘာတွေများ ထူးခြားနေလို့လဲ။
သူသည် ကုချန်အတွက် ဗေဒင်တွက်ချက်ပေးရုံမျှသာ ဖြစ်သည်။
ဘာမှ မတွက်ချက်နိုင်လျှင်လည်း ထားလိုက်ပါတော့။ ဒါပေမဲ့ ဒီလိုတွက်ချက်မိတာကြောင့် သူ အမြတ်နိုးဆုံးအရာကတောင် ပျက်စီးလုနီးပါး ဖြစ်သွားရတယ်ပေါ့။ ပြဿနာက ဘယ်နေရာမှာ ရှိနေတာလဲ။
နတ်ဆိုးဧကရာဇ်ကြီးမှာ လုံးဝကို စိတ်ရှုပ်ထွေးသွားရ၏။ သို့သော် သူ နားမလည်နိုင်ခင်မှာပင် ကျောက်စိမ်းဖြူလိပ်ခွံမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။
လိပ်ခွံ၏ မျက်နှာပြင်မှာ ဟွမ်သွမ့်ချီများ ရှိနေဆဲဖြစ်ပြီး မည်သည့်ပုံစံများ ပေါ်လာသည်ကို လုံးဝ ခွဲခြား၍ မရနိုင်ချေ။ သို့သော် ကျောက်စိမ်းဖြူလိပ်ခွံ၏ ပတ်ပတ်လည်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းလေးတစ်ခု တိတ်တဆိတ် ပေါ်ထွက်လာခဲ့၏။
ရွှေရောင်!
နတ်ဆိုးဧကရာဇ်ကြီးမှာ မှင်တက်သွားလေသည်။ မမြင်ရသော ကမ္ဘာကြီးထဲတွင် သူ ခံစားမှုတစ်ခု ရရှိလိုက်သကဲ့သို့ ရှိလေသည်။ ထိုကုချန်ကို ဗေဒင်တွက်ချက်၍ မရနိုင်ချေ။ သို့သော် သူ၏ဇွဲကောင်းမှုကို မြင်သောအခါ မမြင်ရသော ကံကြမ္မာက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက် တစ်စွန်းတစ်စကို သူ့အား ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ရွှေရောင်ကံကြမ္မာမှာ ဘာကို ကိုယ်စားပြုသနည်း။ ဆိုလိုသည်မှာ ကုချန်သည် အဆင်ပြေနေရုံသာမက ဤကိစ္စကြောင့် ကံကြမ္မာဖန်တီးမှုတစ်ခုကိုပါ ရရှိဦးမည်ဟု အဓိပ္ပာယ်ရပေသည်။
သူ၏စိတ်ထဲတွင် ဤခံစားချက်ကို ဝေဝါးဝါး ခံစားနေရသော်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် မယုံနိုင်သေးသဖြင့် ကျောက်စိမ်းဖြူလိပ်ခွံကို ကောက်ယူကာ နောက်တစ်ကြိမ် စမ်းသပ်ကြည့်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ မိမိကိုယ်တိုင်၏ ကံကြမ္မာကို တွက်ချက်ကြည့်ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ကျောက်စိမ်းဖြူလိပ်ခွံမှ ရှာနာနတ်ဆိုးဧကရာဇ်ကို ကိုယ်စားပြုသော မြင်ကွင်းကို လျင်မြန်စွာ ပြသလာ၍ ယခင်က မှိန်ဖျော့ဖျော့ ရွှေရောင်မှာလည်း ကံဆိုးခြင်းကို ကိုယ်စားပြုသည့် ဖျော့တော့သော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဒါ တကယ်ကို ထူးဆန်းလွန်းတယ်!
ဤသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးမှာ ကျိန်ဆဲချင်စိတ်ပင် ပေါက်သွားလေသည်။
အဲ့ဒီအဆုံးမဲ့ထျန်းကျွင်းက အဆင်ပြေနေတဲ့အပြင် ကံကြမ္မာဖန်တီးမှုကိုပါ ရဦးမယ်ပေါ့?
ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အန္တရာယ်ရှိနေတယ်ပေါ့?
အဲဒီကောင်ရဲ့ နောက်ခံက အတိအကျ ဘာလဲ။ သူကများ အဲဒီလူရဲ့ တရားမဝင်သား ဖြစ်နေမလား။
နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထူးဆန်းသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကုချန် အဆင်ပြေနေခြင်းမှာ ပြဿနာမရှိသော်လည်း ဤကိစ္စမှ ကံကြမ္မာဖန်တီးမှုကိုပင် သူ ရရှိနိုင်သေးသည်ဖြစ်ရာ တကယ်ကို ထူးဆန်းလွန်းလှ၏။ ကုချန် ရင်ဆိုင်နေရသည်မှာ ရှာနာနတ်ဆိုးဧကရာဇ်ပင်။
ခမ်းနားကြီးကျယ်လှတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးက သာမန် အင်မော်တယ်ဘုရင်တစ်ပါးကိုတောင် မကိုင်တွယ်နိုင်ဘူးပေါ့?
မဖြစ်နိုင်တာ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ဤအခိုက်အတန့်တွင် နတ်ဆိုးဧကရာဇ်ကြီးသည် ယခင်က ကုချန် သူ့ကို ဆွဲဆောင်ရန် ရှီမိုထျန်းကျွင်းကို အသုံးချခဲ့သည့် အစီအစဉ်ကို ပြန်လည် သတိရသွားခဲ့၏။ ထိုအချိန်က သူ၏ ကိုယ်ပိုင် ဗေဒင်တွက်ချက်မှု ရလဒ်မှာ မကောင်းသော နိမိတ်လက္ခဏာတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။
ဆိုလိုသည်မှာ ကုချန်သည် နတ်ဆိုးဧကရာဇ်တစ်ပါးအား အကွက်ဆင်ရန် သတ္တိရှိရုံသာမက ထိုသို့လုပ်ဆောင်နိုင်သည့် ခွန်အားလည်း ရှိနေကြောင်းကို သက်သေပြနေလေသည်။
သို့မဟုတ်ပါက သူ့ကို ဆွဲဆောင်ရန် ရှီမိုထျန်းကျွင်းအား မြှားစာအဖြစ် အသုံးပြုရဲမည် မဟုတ်ချေ။ သို့သော် သူသည် လှည့်စားမခံခဲ့ရဘဲ နောက်ဆုံးတွင် ကုချန်ကို အဆုံးမဲ့ထျန်းကျွင်းအဖြစ်ပင် ခန့်အပ်လိုက်သဖြင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ယခုမူ ထိုအဆုံးမဲ့ထျန်းကျွင်းသည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် တိုက်ရိုက် ရင်ဆိုင်ရတော့မည်။
နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များမှာ ရုတ်တရက် နက်နဲသွား၍ ကောင်းကင်နှင့်မြေကြီးကြားရှိ မရေမတွက်နိုင်သော မှန်ပြင်များကို ကြည့်ကာ ခပ်တိုးတိုး ပြောဆိုလိုက်လေသည်။
" ရှာနာ... ငါအရှင် သတိမပေးဘူးလို့တော့ မပြောနဲ့... အဲဒီ အဆုံးမဲ့ထျန်းကျွင်းက မင်း ထိလို့ရတဲ့သူ မဟုတ်ဘူး "
သူ ကုချန်အတွက် ဗေဒင်တွက်ချက်ခဲ့ရာ ကျောက်စိမ်းဖြူလိပ်ခွံပင်လျှင် တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရ၏။ ဤသည်မှာ ကုချန်၏ နောက်ကွယ်ရှိ ကံကြမ္မာသည် မယုံနိုင်လောက်အောင် ကြီးမားသော တည်ရှိမှုတစ်ခုခုနှင့် သေချာပေါက် ဆက်စပ်နေလေခြင်းကို ဆိုလိုလေသည်။
သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကမူ နတ်ဆိုးဧကရာဇ်ကြီး၏ 'အကြံပြုချက်' ကို အလေးအနက် မထားကြောင်း သိသာလှပေသည်။ ရှာနာနတ်ဆိုးဧကရာဇ်၏ အနည်းငယ် လှောင်ပြောင်နေသော ရယ်မောသံမှာ ကောင်းကင်နှင့်မြေကြီးကြားတွင်ပင် ပဲ့တင်ထပ်သွားလေသည်။
" ဟွန်းဟွန်း... ချန်ဝူး... မင်းမှာ တခြား လှည့်ကွက်တွေ မရှိတော့ဘူးလား... ဒီစကားလုံး နည်းနည်းနဲ့ ငါအရှင့်ကို လာလှည့်စားနေတာလား.....
စိတ်မပူပါနဲ့... ချန်ဝူး မင်းရဲ့ မျက်နှာကို ထောက်ပြီး အဲဒီ အဆုံးမဲ့ထျန်းကျွင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးပါ့မယ်! "
...
...
" မြန်မြန်... ထုံးထျန်းနတ်ဆိုးတောင်ဆီ သွား! "
လွန်ခဲ့သော အခိုက်အတန့်က သူ၏ကိုယ်အစစ် လုံးဝ ဝိုင်းရံခံလိုက်ရပြီဖြစ်ကြောင်း သတိထားမိလိုက်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ နောက်ဆုံး သတိပေးချက်ကို ကုချန်ထံသို့ ပေးပို့ရန် သူ၏ကိုယ်ပွားကို ချက်ချင်း အသုံးပြုခဲ့လေသည်။
" ထုံးထျန်းနတ်ဆိုးတောင်မှာ ငါကိုယ်တော် ခင်းကျင်းထားတဲ့ မဟာအစီအရင်တစ်ခု ရှိတယ်... ရှာနာက အဲဒီမှာ ပြဿနာ မရှာရဲဘူး... မင်း ထုံးထျန်းနတ်ဆိုးတောင်ဆီကို ထွက်ပြေးနိုင်ရင် လုံခြုံလိမ့်မယ်! "
ကုချန်၏အကြည့်များမှာ တလက်လက် တောက်ပသွားသော်လည်း သူ ဘာမှမပြောနိုင်ခင်မှာပင် နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွားသည် ရုတ်တရက် အေးခဲသွားပြီးနောက် လောကကြီးထဲသို့ တိတ်တဆိတ် ဝင်ရောက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။
သူ၏ကိုယ်အစစ်မှာ လုံးဝ ဝိုင်းရံခံလိုက်ရ၍ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရာ ကိုယ်အစစ်အပေါ် မှီခိုတည်ရှိနေရသော ကိုယ်ပွားမှာလည်း သဘာဝကျကျပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပွား ပျောက်ကွယ်သွားသည်နှင့်အမျှ ထိန်းချုပ်မည့်သူ မရှိတော့သော ကောင်းကင်ပိတ်လှောင် ဧကရာဇ်မဟာအစီအရင်ကြီးသည်လည်း တဖြည်းဖြည်းနှင့် လည်ပတ်မှု ရပ်တန့်သွားတော့လေသည်။
အခန်း ( ၄၆၂ ) - မြင့်မြတ်သတ္တုများကို စုဆောင်းခြင်း၊ ရူးသွပ်လွန်းခြင်းနှင့် အလွန်မိုက်မဲခြင်း
ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်သည် လည်ပတ်မှု ရပ်တန့်သွားခဲ့ကာ အင်မော်တယ်ဘုရင်အဆင့်ရှိ မြင့်မြတ်သတ္တုအပိုင်းအစများသည် မြေပြင်ပေါ်သို့ အားပျော့စွာ ကျဆင်းသွားလေသည်။
ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်သည် စွမ်းအားကြီးမားသော်လည်း ၎င်းလည်ပတ်နေစေရန် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုမှ ထိန်းသိမ်းပေးထားရန် လိုအပ်လေသည်။ သို့မဟုတ်ပါက အစီအရင်၏ သဘာဝအတိုင်း စွမ်းအင်ကုန်ဆုံးမှုသည်ပင် သာမန် သိုင်းပညာရှင်များ ခံနိုင်ရည်ရှိသည့် ပမာဏထက် ကျော်လွန်နေမည် ဖြစ်သည်။
အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုတစ်ခုပင်လျှင် အသက်ရှူကြိမ် အနည်းငယ်ခန့်သာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ ထို့နောက်တွင် စွမ်းအင်များ လုံးဝ ခမ်းခြောက်သွားမည်ပင်။
ဤအကြောင်းကြောင့်ပင် နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ကိုယ်ပွား ပျောက်ကွယ်တော့မည်ကို သိသောအခါ ကုချန်အား အစီအရင်ကို ကူညီထိန်းသိမ်းရန် မညွှန်ကြားခဲ့ဘဲ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အမြန်ထွက်ပြေးရန်သာ ပြောခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကုချန်၏ခွန်အားဖြင့် ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်၏ လည်ပတ်မှုကို လုံးဝ ထိန်းသိမ်းနိုင်မည် မဟုတ်ကြောင်းကို သူ သိထားသောကြောင့် ဖြစ်သည်။
သို့သော် ထုံးထျန်းနတ်ဆိုးတောင်ရှိ မဟာအစီအရင်မှာမူ ကွာခြားလေသည်။ နတ်ဆိုးဧကရာဇ်ကြီးမှ မြင့်မြတ်သတ္တုများနှင့် ရတနာအမြောက်အမြားကို အသုံးပြုကာ နှစ်သောင်းပေါင်းများစွာကြာအောင် ခင်းကျင်းထားခဲ့သဖြင့် ၎င်းသည် အလိုအလျောက် လည်ပတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခု၏ ထိန်းသိမ်းမှု မရှိလျှင်ပင် ၎င်းသည် သီးခြားလွတ်လပ်စွာ လည်ပတ်နိုင်စွမ်း ရှိလေ၏။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှ ကုချန်အား ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အမြန်ထွက်ပြေးရန် ပြောခဲ့ခြင်း ဖြစ်သည်။
ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ရောက်ရှိသွားပါက နတ်ဆိုးတောင်၏ မဟာအစီအရင်မှ ကာကွယ်ပေးထားမည်ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်အစစ် လွတ်မြောက်လာမည့်အချိန်အထိ ကုချန် တောင့်ခံထားနိုင်ရန် လုံလောက်ပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ရှာနာနတ်ဆိုးဧကရာဇ်၏ ခြိမ်းခြောက်မှုမှာ ယာယီအားဖြင့် ပြဿနာ မဟုတ်တော့ချေ။
သို့သော် ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်းပင် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး ညွှန်ကြားခဲ့သည့်အတိုင်း အလောတကြီး ထွက်ပြေးခြင်း မရှိခဲ့ချေ။
နတ်ဆိုးဧကရာဇ်ကြီး၏ စကားများမှာ အကူအညီမဲ့စွာဖြင့် ပြောခဲ့ရခြင်းသာ ဖြစ်ကြောင်း သူ သိလေသည်။
နတ်ဆိုးဧကရာဇ်တစ်ပါး၏ လက်အောက်မှနေ၍ ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ ထွက်ပြေးရန်မှာ မည်သို့ လွယ်ကူပါမည်နည်း။
ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက် ပိုခက်ခဲသည်ဟု ဆိုလျှင်ပင် ပုံကြီးချဲ့ရာ မရောက်နိုင်ပေ။
အရေးအကြီးဆုံးမှာ ဤရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏အသက်ကို ယူရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းနေလေ၏။
အကယ်၍ သူ လောလောဆယ် လွတ်မြောက်သွားခဲ့လျှင်ပင် အနာဂတ်တွင် ရှာနာနတ်ဆိုးဧကရာဇ်၏ အသက်လု လိုက်လံသတ်ဖြတ်မည့် ခြိမ်းခြောက်မှုကို အချိန်တိုင်း ရင်ဆိုင်နေရဦးမည်သာ ဖြစ်သည်။
ဤလောကတွင် သူခိုးကို ရက်တစ်ထောင်ကြာအောင် စောင့်ကြပ်နေရမည်ဟူသော အကြောင်းပြချက် မည်သို့ ရှိနိုင်မည်နည်း။
ဒါ့အပြင် သူက ဒီရှာနာနတ်ဆိုးဧကရာဇ်ကို ဘာကြောင့် ကြောက်နေရမှာလဲ။
ဒီရှာနာနတ်ဆိုးဧကရာဇ်ကရော သူ့ကို ကြောက်သလားဆိုတာ မေးကြည့်ရင် မကောင်းဘူးလား!
သူသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုနှင့် တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးသည်နှင့် အတော်ပင်ဖြစ်ရာ ယခု သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရန် ဤရှာနာနတ်ဆိုးဧကရာဇ်ကို အသုံးပြုလိုက်မည်။
ဤသည်ကို တွေးမိသောအခါ ကုချန်သည် မတ်တပ်ရပ်နေလျက် သူ၏နတ်ဝိညာဉ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်ကာ ပျက်စီးသွားသော ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်မှ ပြန့်ကျဲနေသော အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုများကို သိမ်းယူလိုက်လေသည်။
အဆုံးမဲ့ဓားကို အဆင့်မြှင့်တင်ရန် မြင့်မြတ်သတ္တုများ မလုံလောက်မည်ကို သူ ပူပန်နေခဲ့ခြင်းဖြစ်ရာ ဤအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုများကို သူ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။
" ဒီကောင်က တကယ်ကို အသက်ထက် စည်းစိမ်ကို ပိုတန်ဖိုးထားတာပဲ! "
ကုချန်မှာ ထွက်မပြေးသည့်အပြင် ပြန့်ကျဲနေသော အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုများကိုပါ အေးဆေးတည်ငြိမ်စွာ စုဆောင်းနေသည်ကို မြင်သောအခါ မို့ကျွင်းနတ်ဆိုးအရှင်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့၏။
ထိုအရာမှာ ဤကောင် လုံးဝ ရူးသွပ်နေပြီ ဟူ၍ပင်။
သူ ဘာနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာကို မသိဘူးလား။
ရှာနာနတ်ဆိုးဧကရာဇ် လွတ်မြောက်တော့မှာကို သူက အမြန်ထွက်ပြေးဖို့ မစဉ်းစားဘဲ ဒီအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုတွေကို စုဆောင်းဖို့ အချိန်ရှိနေသေးတယ်ပေါ့? ဒီအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုတွေကို ရယူနိုင်တဲ့ အသက်ရှိရင်တောင် အဲဒါတွေကို အသုံးပြုဖို့ အသက်ရှိနေမှ ဖြစ်မှာလေ!
အရူး... သူက တကယ်ကို အရူးပဲ!
မို့ကျွင်းနတ်ဆိုးအရှင်မှာ ကုချန်ကို လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့၏။
ကိုယ့်အသက်တောင် သေရတော့မှာကို ဒီပြင်ပက ပစ္စည်းဥစ္စာတွေကို ဂရုစိုက်နေတုန်းလား။
နတ်ဆိုးဧကရာဇ်ကြီး ဒီလောက်တောင် တန်ဖိုးထားရတဲ့ကောင်က ဒီလောက်တောင်ပဲ ရူးနေတာလား။
သို့သော် စိတ်ထဲမှနေ၍ လှောင်ပြောင်နေရင်းပင် မို့ကျွင်းနတ်ဆိုးအရှင်၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။
တကယ်လို့ ဒီအဆုံးမဲ့ထျန်းကျွင်းသာ ရှာနာနတ်ဆိုးဧကရာဇ် သတ်ဖြတ်တာကို ခံလိုက်ရရင် ဒီအင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုတွေက ငါ့လက်ထဲ ရောက်လာမှာ မဟုတ်ဘူးလား။
နတ်ဆိုးဧကရာဇ်နှလုံးသားကို ရထားတဲ့ ရှာနာနတ်ဆိုးဧကရာဇ်က ဒီ 'အကြွင်းအကျန်' တွေကို သေချာပေါက် ဂရုစိုက်မှာ မဟုတ်ဘူးမလား။
ဟက်...! မင်း တစ်နေ့ဝက်လောက် အပင်ပန်းခံ ရှာဖွေထားတဲ့ အရာတွေက နောက်ဆုံးတော့ ငါ့အတွက်ပဲ ဖြစ်လာမှာပဲ!
မို့ကျွင်းနတ်ဆိုးအရှင်သည် စိတ်ထဲမှ လှောင်ပြောင်စွာ တွေးလိုက်လေ၏။
" ဝုန်း! "
ငိုကြွေးသံနှင့် တူသော မြည်ဟည်းသံတစ်ခုနှင့်အတူ... နောက်ဆုံး အင်မော်တယ်ဘုရင်အဆင့် မြင့်မြတ်သတ္တုအပိုင်းအစ အားပျော့စွာ ကျဆင်းသွားချိန်တွင်.....
ရှာနာနတ်ဆိုးဧကရာဇ်ကို ထောင်ချောက်ဆင်ထားသော ကောင်းကင်ပိတ်လှောင် ဧကရာဇ်အစီအရင်မှာလည်း လုံးဝ ရပ်တန့်သွား၍ ၎င်း၏ အာနိသင်များ ပျောက်ဆုံးသွားခဲ့လေတော့သည်။
ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း ပျက်စီးသွားသော အစီအရင်ထဲမှ အလွယ်တကူ လွတ်မြောက်လာခဲ့လေ၏။
" ဟွန်းဟွန်း... တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ "
ရှာနာနတ်ဆိုးဧကရာဇ်၏ အကြည့်သည် ကုချန်ထံသို့ ရောက်ရှိလာလျက် တိုးဖွစွာ ရယ်မောလိုက်လေ၏။
ကုချန်ကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု သူလည်း ခံစားလိုက်ရ၏။ သူ၏အသက် သေဆုံးရတော့မည်ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ထုံးထျန်းနတ်ဆိုးတောင်ဆီသို့ အမြန်ထွက်ပြေးရန် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။
သို့သော် ဤကောင်သည် နားပင်းဟန်ဆောင်နေရုံသာမက မဟာအစီအရင်၏ အုတ်မြစ်သတ္တုများကိုပါ ရဲတင်းစွာ စုဆောင်းနေသည်လော။
" မင်းကို သတ္တိကောင်းတယ်လို့ ပြောရမလား... အရူးလို့ပဲ ပြောရမလား "
ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်အား အေးအေးလူလူ ကြည့်နေလေသည်။ သူ၏အမူအရာမှာ လွတ်မြောက်နိုင်မည်မဟုတ်သော လက်ဖဝါးထဲမှ ကစားစရာတစ်ခုကို ကြည့်နေသည့်အလား ရှိလေသည်။
" ကောင်လေး... မင်း ထွက်မပြေးတာကို ငါအရှင် အရမ်း ဝမ်းသာတယ်... ဒီလိုလုပ်ရင်ကော... အခု မင်းရဲ့ နတ်ဝိညာဉ်အမှတ်အသားကို ဆက်သပြီး ငါအရှင့်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်... အဲဒါဆိုရင် မင်းရဲ့အသက်ကို သနားညှာတာစွာနဲ့ ချမ်းသာပေးမယ်.....
မင်း စုဆောင်းထားတဲ့ ဒီအရာတွေအားလုံးကိုတောင် မင်းကို အကုန်ပေးမယ်လေ... ဘယ်လိုလဲ "
ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်အား ကြည့်ကာ ရယ်မောရင်း စိတ်ဝင်တစား မေးမြန်းလိုက်လေသည်။
ကုချန် ထွက်မပြေးရန် ရွေးချယ်ခဲ့ခြင်းမှာ အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခဲ့သောကြောင့်ဟု သူ ယုံကြည်ထားသည်။
သူ ထွက်ပြေးလျှင်ပင် ကျန်ရှိသော အချိန်မှာ ထုံးထျန်းနတ်ဆိုးတောင်သို့ ရောက်ရှိရန် လုံလောက်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင်။
ထို့ကြောင့် သူ၏အစီအစဉ်အတိုင်း လိုက်နာရန်အတွက် လိမ္မာစွာဖြင့် ဤနေရာတွင် နေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ နတ်ဆိုးဧကရာဇ်ကြီးကို အကွက်ဆင်နိုင်ခဲ့ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေလေသည်။ အကယ်၍ ကုချန်ကိုသာ သူ၏ လက်အောက်သို့ ခေါ်သွင်းနိုင်ပါက နတ်ဆိုးဧကရာဇ်ကြီးအပေါ် ထိုးနှက်ချက်သည် ဤကောင်လေးကို သတ်ပစ်ခြင်းထက် သေချာပေါက် ပိုမိုပြင်းထန်လိမ့်မည်ဟု သူ ခံစားလိုက်ရ၏။
တွေးကြည့်လိုက်စမ်းပါ။ နတ်ဆိုးဧကရာဇ်ကြီးက ဒီလောက်တောင် တန်ဖိုးထားပြီး ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ ကောင်လေးက သူ့ရဲ့ အစေခံ ဖြစ်သွားတယ်ဆိုရင် နတ်ဆိုးဧကရာဇ်ကြီးက ဒါကို သိသွားတဲ့အခါ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ပါ့မလဲ။
ဤသည်ကို တွေးမိသောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့ကာ နတ်ဆိုးဧကရာဇ်ကြီး၏ ဒေါသထွက်သော်လည်း အကူအညီမဲ့နေမည့် အမူအရာကို မြင်ချင်နေပုံရလေသည်။
အင်မော်တယ်ဘုရင်အဆင့်ရှိ တည်ရှိမှုတစ်ခုကို အတင်းအဓမ္မ ဖိနှိပ်သိမ်းသွင်း၍ မရနိုင်ခြင်းသာ မဟုတ်ပါက ရှာနာနတ်ဆိုးဧကရာဇ်သည် ယခုအချိန်တွင် လှုပ်ရှားပြီးဖြစ်ကာ ကုချန်ကို လုံးဝ ဖိနှိပ်၍ အစေခံအဖြစ် အတင်းအဓမ္မ သိမ်းယူပြီးလောက်ပြီ ဖြစ်သည်။
သို့သော် ဤပြဿနာမှာ သိပ်မကြီးမားလှဟု ရှာနာနတ်ဆိုးဧကရာဇ် ခံစားခဲ့ရ၏။ ကုချန်၏ အစောပိုင်း လုပ်ရပ်များအရ ဤလူတွင် သူ့ထံ လက်နက်ချမည့် အတွေးမျိုး အမှန်တကယ် ရှိနေနိုင်ကြောင်း သူ ခန့်မှန်းထားလေသည်။
အသက်ရှင်မလား၊ သေမလား။
ဤကောင်လေးသာ မအ တတ်ဘူးဆိုလျှင် သေချာပေါက် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်မည်ဟု ရှာနာနတ်ဆိုးဧကရာဇ် တွေးလိုက်၏။
သို့သော် ကုချန်သည် အကူအညီမဲ့စွာဖြင့် သူ၏ နတ်ဝိညာဉ်အမှတ်အသားကို ဆက်သလာ၍ အရှက်ရစွာ အသက်ချမ်းသာပေးရန် တောင်းပန်လာမည်ကို သူ အေးဆေးတည်ငြိမ်စွာ စောင့်ဆိုင်းနေစဉ်မှာပင် ကုချန်၏ နောက်ဆက်တွဲ တုံ့ပြန်မှုက သူ၏မျက်နှာပေါ်ရှိ အောင်ပွဲခံ အမူအရာကို ချက်ချင်း အေးခဲသွားစေခဲ့သည်။
" နတ်ဆိုးဧကရာဇ်နှလုံးသားကို ငါ့ကိုပေး... ဒါဆိုရင် မင်း အရင်က စော်ကားခဲ့တာတွေကို ငါ ဂရုစိုက်နေမှာ မဟုတ်ဘူး "
ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်ကို ကြည့်လိုက်၏။ သူ၏အသံမှာလည်း ရေတွင်းဟောင်းတစ်ခုကဲ့သို့ တည်ငြိမ်နေလေသည်။
ဒီကောင် ဘာပြောလိုက်တာလဲ?!
ကုချန်၏စကားကို ကြားလိုက်ရသောအခါ သူ၏နားများပင် တစ်ခုခု မှားနေပြီလားဟု ရှာနာနတ်ဆိုးဧကရာဇ်မှာ သံသယပင် ဝင်သွားမိ၏။
နတ်ဆိုးဧကရာဇ်နှလုံးသားကို သူ့ကိုပေးရင် သူ စော်ကားခဲ့တာကို ဂရုမစိုက်ဘူး ဟုတ်လား?!
" ဟားဟားဟားဟား... မင်းကို အခြေအနေ နားလည်တဲ့ ကောင်လေးလို့ ထင်ခဲ့တာ... မင်းက လုံးဝ အသိဉာဏ်ကင်းမဲ့တဲ့ အရူးတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး "
ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာမှာ ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားတော့သည်။
သူသည် ယခင်က ကုချန်ကို အတော်လေး အခြေအနေ နားလည်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ သူသည် ဘယ်နေရာမှာ အခြေအနေ နားလည်နေသနည်း။
သူသည် မယုံကြည်နိုင်လောက်အောင် မိုက်မဲနေသည်မှာ ရှင်းလင်းလှရာ အစမှအဆုံးတိုင် နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်သော သူ့ကို မျက်လုံးထဲ၌ပင် ထည့်မထားခဲ့ခြင်း ဖြစ်သည်။