အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း ၁၁၃ - လှူဒါန်းခြင်း
ဟင်နရီ့အမြင်မှာတော့ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အနာဂတ်ကို မြင်ယောင်နေမိသည်။ သူ၏ ခေါင်းဆောင်ဟာ အချစ်ကြောင့် မျက်စိကွယ်နေပြီဖြစ်သည်။ တကယ်လို့သာ သူ့ချစ်သူက ဟင်နရီ၏ အသားနဲ့အသွေးကို စားချင်တယ်လို့ ရုတ်တရက် ပြောလိုက်ရင်... ဆိုင်းလပ်စ်က တကယ်ပဲ…
မဖြစ်ဘူး... သူ ဘက်ပြောင်းဖို့ လိုအပ်နေပြီ။ သူ၏ အကြည့်များက အိုင်ဗီ၏ ကျောပြင်ဆီသို့ ရောက်သွားပြီး မြှူဆွယ်သော အတွေးတစ်ခု စိတ်ထဲ ပေါ်လာသည်။
သူ့လက်အောက်ငယ်သား၏ စိတ်ထဲတွင် ပုန်ကန်လိုစိတ်များ ဖြစ်ပေါ်နေသည်ကို ဆိုင်းလပ်စ် မသိပါ။ သူသည် အိုင်ဗီ့အနားသို့ တည်ငြိမ်စွာ လျှောက်သွားပြီး သူမ၏လက်ကို ကိုင်ကာ အလွန်ဂရုတစိုက် သုတ်ပေးနေသည်။
အိုင်ဗီသည် ဆိုင်းလပ်စ်၏ တည်ကြည်သော ဘေးတိုက်မျက်နှာလေးကို စိုက်ကြည့်ရင်း သူလုပ်သမျှကို ငြိမ်ခံနေမိသည်။
ဆိုင်းလပ်စ်ကြောင့် သူမ၏ ကလဲ့စားချေမှုခရီးစဉ်မှာ ဒီလောက်အထိ လွယ်ကူသွားခဲ့တာကို ပထမဆုံးအကြိမ် သူမ သတိပြုမိလိုက်သည်။
"ရှင်းလိုက်ကြတော့" ဟု ဆိုင်းလပ်စ်က အိုင်ဗီ့ကို ဦးဆောင်ခေါ်သွားရင်း အမိန့်ပေးလိုက်သည်။
သူ့လက်အောက်ငယ်သား ဘာတွေးနေသလဲဆိုတာ သူ ဂရုမစိုက်ပါ။ မဟုတ်ဘူး... အတိအကျပြောရရင် သူ့တပည့်က သူ့ကို ယုံကြည်ပြီးသားမို့ မလိုအပ်တာတွေ လုပ်မှာမဟုတ်ဘူးဆိုတာ သူ သိပြီးသားပါ။
တိုက်ခန်းသို့ ရောက်သောအခါ အိုင်ဗီ ရေချိုးပြီး ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ သူမ အိပ်ပျော်လိမ့်မည်မဟုတ်ဟု ထင်ထားသော်လည်း အံ့ဩစရာကောင်းသည်မှာ... ဆိုင်းလပ်စ်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ကျောပြင်ကို စည်းချက်ကျကျ ပုတ်ပေးလိုက်သည့်အခါ တုန်ယင်နေသော သူမ၏ခန္ဓာကိုယ်မှာ ပြေလျော့သွားတော့သည်။
ထိုအခါမှသာ သူမ တုန်ယင်နေမှန်း အိုင်ဗီ သိလိုက်ရသည်။ သူမ ထင်သလောက် မသန်မာခဲ့တာလည်း ဖြစ်နိုင်သည်။ သူမ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေသည်။
သူမ၏ တစ်ကျော့ပြန် မွေးဖွားလာခြင်းက ကလဲ့စားချေဖို့ သက်သက်ပဲလား။ ဒါမှမဟုတ် ပိုမိုကြီးမားတဲ့ အကြောင်းရင်းတစ်ခု ရှိနေလို့လား။ တကယ်လို့ သူမရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး တစ်ကျော့ပြန် အသက်ပေးခဲ့တဲ့ ဘုရားသခင်က ဒီအသက်ကို ပြန်ရုပ်သိမ်းသွားရင်ရော
ဒါဟာ အိုင်ဗီအတွက် ကိုယ်တိုင်လက်နဲ့ လူသတ်ဖူးတဲ့ ပထမဆုံးအကြိမ်ပါ။ ပက်ထရစ်ကို သတ်ခဲ့ဖူးပေမဲ့... သူက ရိုနန်တို့ကို သတ်တဲ့နည်းလမ်းနဲ့ လုံးဝ မတူညီခဲ့ပါ။
"မင်း လုပ်တာ မှန်ပါတယ် အိုင်ဗီ။" ရင်းနှီးနေသော နှစ်သိမ့်သံလေးက နားနားတွင် ထွက်ပေါ်လာရာ သူမ၏ တင်းမာနေသော နှလုံးသားလေး ပြေလျော့သွားရသည်။
"ဒါက ရှင်သန်ခြင်းပဲ အိုင်ဗီ။ နင်သာ ရိုနန်ကို မသတ်ခဲ့ရင် သူက နင့်ရန်သူတွေနဲ့ ပေါင်းပြီး မင်းကို ဒုက္ခပေးဦးမှာ။ ဒါကြောင့် အများကြီး မတွေးပါနဲ့။"
နူးညံ့နွေးထွေးသော အနမ်းတစ်ခုက သူမ၏ နဖူးပေါ်သို့ ကျရောက်လာပြီး ဆိုင်းလပ်စ်၏ အသံ ပဲ့တင်ထပ်လာသည်။
"မင်း အရမ်းတော်တယ်၊ မင်း လျှောက်နေတဲ့ လမ်းကလည်း အမှန်ပဲ။ အရမ်း စိတ်မပူပါနဲ့ အချစ်ရယ်။ ကိုယ် ဒီမှာ ရှိနေသရွေ့... ဘယ်သူမှ မင်းကို အန္တရာယ် မပြုနိုင်စေရဘူး။"
ဆိုင်းလပ်စ်၏ ထပ်တလဲလဲ ချော့မြူမှုအောက်တွင် အိုင်ဗီ မျက်လုံးများ မှိတ်ကျသွားသည်။ ဒါဟာ အလွန် ဆွဲဆောင်မှုရှိလှသဖြင့် သူမကိုယ်သူမ မတားဆီးနိုင်ဘဲ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။
......
နောက်တစ်နေ့။
အိုင်ဗီ နိုးလာချိန်တွင် ဆိုင်းလပ်စ် ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။ စားပွဲပေါ်တွင် ပူပူနွေးနွေး ဟင်းလျာများနှင့်အတူ မှတ်စုစာလေး တစ်စောင် ရှိနေသည်။ မထွက်ခင် မနက်စာ စားသွားရန်နှင့် ရေခဲသေတ္တာထဲတွင် နေ့လယ်စာအတွက်လည်း ချန်ထားပေးသဖြင့် ကိုယ်တိုင်ချက်မနေရန် ရေးထားခြင်းဖြစ်သည်။
အိုင်ဗီ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ဆိုင်းလပ်စ် ရေးပေးသမျှ မှတ်စုစာလေးတွေလိုပဲ ဒီစာလေးကိုလည်း သူမ၏ ဟင်းလင်းပြင်ထဲတွင် သိမ်းဆည်းလိုက်သည်။ ယခင်ဘဝက သူမ အလွမ်းဆုံးအရာမှာ ဒီမှတ်စုစာတိုလေးများပင် ဖြစ်သည်။
အိုင်ဗီ မနက်စာ စားပြီးသည်နှင့် အက်ဒဝပ် ထံမှ ဖုန်းလာခဲ့သည်။ သူမ၏ မျက်လုံးများ တောက်ပသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ဖုန်းကို ကိုင်လိုက်သည်။
အက်ဒဝပ်က သူမကို စိတ်မပျက်စေခဲ့ပါ။
"မြို့တော်ဝန် ရောက်လာပြီ။"
"ကောင်းပြီ။ သူ့ကို စောင့်ကြည့်ထားပေးပါ။ သူ ရိက္ခာအတွက် မြေကွက်ကို ရောင်းချင်လောက်အောင် အသည်းအသန် ဖြစ်လာတဲ့အခါ ကျွန်မကို အကြောင်းကြားပါ။ အဲ့ဒီအခါကျမှ ကျွန်မက တကယ့်အလုပ်ရှင်ဆီ သတင်းပါးလိုက်မယ်။" ဟု အိုင်ဗီက မျက်တောင်မခတ်ဘဲ လိမ်လိုက်သည်။
အက်ဒဝပ်က အင်း ဟု တိုးတိုးလေး ဖြေပြီး ဖုန်းချသွားသည်။
နောက်ရက်အနည်းငယ်အတွင်း အိုင်ဗီ၏ ဘဝမှာ အနည်းငယ် ငြီးငွေ့စရာ ကောင်းနေသည်။ သူမက မနက်စာ စားတယ်၊ အပြင်ထွက်ပြီး ဇမ်ဘီများကို သတ်ကာ ဟင်းပြင်းပြင်အမြူတေများ စုဆောင်းတယ် ထို့နောက် အိမ်ပြန်လာကာ အမြူတေများကို စုပ်ယူပြီး ဆိုင်းလပ်စ်နှင့်အတူ ကိုယ်လက်လှုပ်ရှားမှုနှင့် တိုက်ခိုက်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်။
တစ်ခါတစ်ရံတွင် စစ်တပ်စခန်းအတွင်းရှိ လူများမှာ ရိက္ခာမလုံလောက်ဘဲ တစ်နေ့တစ်နပ်ပင် မမှန်ကြကြောင်း သူမ ကြားသိရသည်။
အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေပုံရသော်လည်း လက်တွေ့မှာမူ... ပိုဆိုးသည့်အရာများ ဖြစ်လာဦးမည်ဖြစ်သည်။
အိုင်ဗီက "ဖလူရိုကွီနိုလုံး" နှင့် "မီထရိုနိုင်ဒါဇော"ထုပ်ပေါင်း ၄၀,၀၀၀ ပေးလိုက်သည်နှင့် ဆိုင်းလပ်စ်က စစ်တပ်သို့ ချက်ချင်း တင်ပြလိုက်ပြီး ဒီဆေးဝါးများကို အိုင်ဗီက လှူဒါန်းခြင်းဖြစ်ကြောင်း အတိအကျ ပြောဆိုခဲ့သည်။
ဆေးထုပ်ပိုးမှုများမှာ အစိုးရမှ ထုတ်ပေးသော ဆေးဝါးများနှင့် လုံးဝကွဲပြားနေသဖြင့် ဘလက်ခ်သော်န်မိသားစုက ဆေးဝါးများကို ခိုးယူထားသည်ဟု ဘယ်သူမှ မသံသယဖြစ်ကြတော့ပါ။ ဗိုလ်ချုပ်ဖရန့်ခ်က ဘလက်ခ်သော်န်မိသားစုကို ပျောက်ဆုံးသွားသော ဆေးဝါးပမာဏအတိုင်း အတိအကျ ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း လူတိုင်းက သူတို့ကို သနားရုံသာ တတ်နိုင်ကြသည်။
ဒါကတော့ ဒါပါပဲ။ ဒါပေမဲ့ ဒန်နီရယ်ကို ထောက်ခံခဲ့တဲ့ တခြား ဗိုလ်ချုပ်တွေလိုပဲ ပြဿနာတက်မှာ စိုးရိမ်သဖြင့် ဘယ်သူမှ ဘလက်ခ်သော်န်မိသားစုဘက်ကနေ ကြားဝင်စကားမပြောရဲကြပေ။
ဒီတစ်ကြိမ်တွင်တော့ ဘလက်ခ်သော်န်မိသားစုမှာ ပျက်စီးဖို့ ကံပါလာပြီဟု လူတိုင်း ထင်နေကြသည်။ သူတို့၏ သားငယ်လေးတွင် ဤကဲ့သို့ ဝှက်ဖဲ ရှိနေဦးမည်ဟု ဘယ်သူက ထင်ထားမှာလဲ။
သူ လိုက်နေသော ထုံအအ မိန်းကလေးက သူ့ကိုယ်စား ယခုလောက်များပြားသော ဆေးဝါးများကို လှူဒါန်းဖို့ အသင့်ရှိနေခဲ့ တာနဲ့လား…
အခြားတစ်ဖက်တွင်မူ ဗိုလ်ချုပ်ဖရန့်ခ်မှာ အလွန်အမင်း တုန်လှုပ်သွားသဖြင့် အစည်းအဝေးတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
အစည်းအဝေး ပြီးဆုံးသွားသောအခါ ဒန်နီရယ်နှင့် တာလီယာတို့က ဆိုင်းလပ်စ်ကို ဒန်နီရယ်၏ ရုံးခန်းထဲသို့ ဆွဲခေါ်သွားပြီး မေးမြန်းကြတော့သည်။
"ဒါ တကယ်လား အိုင်ဗီက တကယ်ပဲ ဒီဆေးတွေကို ပေးတာလား နင့်အပေါ် ငါတို့ အမြင်ကောင်းအောင် သူမကိုယ်စား နင်က လိမ်ပေးနေတာလား"
ဒန်နီရယ်၏ ထိုးနှက်သော စကားများက ဆိုင်းလပ်စ်ကို မတုန်လှုပ်စေပါ။ အဲ့ဒီအစား သူက ဖခင်ဖြစ်သူကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
"အဖေ၊ ယုံချင်ယုံ မယုံချင်နေ။ အဖေ ပြောတာတွေက ရယ်စရာကြီး။ ကျွန်တော့်အနားမှာ ရှိနေသရွေ့ အိုင်ဗီက အဖေတို့ရဲ့ အမြင်ကောင်းကို ရဖို့တောင် မလိုဘူး။ သူမအတွက်ဆိုရင် အဖေတို့နဲ့ အဆက်အသွယ် ဖြတ်ဖို့တောင် ကျွန်တော် အသင့်ပဲ။ စိတ်မပူပါနဲ့၊ အဖေ့ရဲ့ အိုစာမင်းစာအတွက်တော့ ကျွန်တော် တာဝန်ယူမှာပါ။ ဒါပေမဲ့ ကျန်တဲ့ကိစ္စတွေမှာတော့... အဖေ စိတ်ကူးယဉ်နေတာပဲလို့ ကျွန်တော် ထင်တယ်။"
ဒန်နီရယ်: (မျက်မှောင်ကြုတ်လျက်)
"ပြီးတော့ 'အမြင်ကောင်း' ဆိုတဲ့ စကားလုံးကြီးတွေကို မသုံးပါနဲ့၊ ကျွန်တော် ရယ်ချင်လို့ပါ။ သူမသာ အလိုရှိမယ်ဆိုရင် ကျွန်တော်က အိမ်ထောင်ရှင်ကြီး တောင် လုပ်ဖို့ အသင့်ပဲ။"
တာလီယာ: (မျက်လုံးလှန်လျက်) တော်ပါတော့။ ငါတို့ကို 'ခွေးစာ'တွေ ကျွေးပြီး ငါတို့မိသားစုရဲ့ ရိက္ခာကို ချွေတာပေးနေတာလား။
"ဘာပဲဖြစ်ဖြစ်... ဆေးဝါးတွေက အိုင်ဗီ ပေးတာ တကယ်ပါပဲ" ဟု သူ အတည်ပြုလိုက်သည်။
တာလီယာဟာ သူမ မောင်ဖြစ်သူရဲ့ ဝင့်ကြွားနေသော မျက်နှာအား ပါးရိုက်ချင်စိတ်ကို ထိန်းလိုက်ပြီး မေးလိုက်သည်။
"ဒါဆို... ငါ အကူအညီတစ်ခု တောင်းချင်တယ်... သူမ ဖြည့်ဆည်းပေးနိုင်မလား ငါ သူမကို ထိုက်ထိုက်တန်တန် ပြန်ပေးပါ့မယ်။"
"ဆေးဝါးနဲ့ ပတ်သက်တာလား" ဆိုင်းလပ်စ်က မေးလိုက်သည်။
တာလီယာက တွန့်ဆုတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
အခန်း ၁၁၄ - ဗနီလာ
ဆိုင်းလပ်စ်က ချက်ချင်း သဘောမတူလိုက်ပါ။ အဲ့ဒီအစား သူက ဆက်လက် မေးမြန်းလိုက်တယ်။
"ပမာဏ ဘယ်လောက်နဲ့ ဘယ်လို ဆေးမျိုးကို လိုချင်တာလဲဆိုတာ ငါ့ကို အရင်ပြောပြဦး"
ဖြစ်နိုင်လျှင် အိုင်ဗီ့ကို ဒုက္ခမပေးဘဲ သူ၏ ကိုယ်ပိုင် အဆက်အသွယ်များဖြင့်သာ ဆေးကို ရှာဖွေပေးချင်သည်။ အိုင်ဗီ သူ့ကို ပေးထားသော ဆေးဝါးများမှာ နောက်ဆုံးလက်ကျန်များ ဖြစ်နေလျှင်ကော သူက ထပ်ပြီး တောင်းဆိုနေမည်ဆိုရင် သူမကို အခက်တွေ့အောင် လုပ်ရာရောက်မည်လေ။
ဒါမှမဟုတ် ဒါဟာ အိုင်ဗီနဲ့ သူ့ကို ခွဲခွာအောင် သူ့မိသားစုက ကြံစည်နေတဲ့ နောက်ထပ် ယုတ်မာတဲ့ အကွက်တစ်ခု ဖြစ်နေမလား
ဆိုင်းလပ်စ်က ဤကဲ့သို့ သံသယဝင်နေခြင်းမှာ သူ့အပြစ် မဟုတ်ပါ။ ဘလက်ခ်သော်န်မိသားစုတွင် ထိုကဲ့သို့သော အတိတ်ဆိုး များ ရှိခဲ့ဖူးတယ် လေ။
တာလီယာသည် ဆိုင်းလပ်စ်၏ မျက်နှာကို ကြည့်ရုံဖြင့် သူ ဘာတွေးနေသည်ကို သိလိုက်ရသဖြင့် ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရသည်။ သူမအနေဖြင့် ပြင်းပြင်းထန်ထန် ပြန်ပြောချင်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ပြီး စိတ်ရှည်စွာဖြင့်
"ဒါက ငါ့ရဲ့ အဆက်အသွယ် တစ်ခုပါ။ သူတို့က အိုင်ဗီ အလိုရှိသလောက် ဈေးပေးဖို့ အသင့်ပဲ။ လူပေါင်း ရာနဲ့ချီတဲ့ အသက်တွေ စိုးရိမ်နေရလို့ပါ..."
ဆိုင်းလပ်စ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူများကို သူ စာနာမိသော်လည်း အိုင်ဗီ့အပေါ်တွင် ယခုကဲ့သို့ မျှော်လင့်ချက် ထားခြင်းမှာ သူမကို နှောင့်ယှက်ရာ ရောက်နေသည်။
တာလီယာ ပြောသော 'ရာနဲ့ချီသော လူများ' ဆိုသည်မှာ လူ ၇၀၀ ခန့်သာ ဖြစ်မည်ဟု သူက ရိုးသားစွာ ထင်နေခဲ့ခြင်း ဖြစ်သည်။ အမှန်မှာ ၇၀,၀၀၀ ခန့် ဖြစ်ရမည်။
သူ၏ ခန့်မှန်းချက်မှာ တကယ်ပင် မှန်ကန်သွားသည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် တာလီယာက "လူပေါင်း ၈၅,၀၀၀ ခန့် ရှိတယ်" ဟု ဆက်ပြောလိုက်သောကြောင့်ပင်။
ဆိုင်းလပ်စ် မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။"
ငါ သူမကို မေးကြည့်ပေးမယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး သူမအပေါ်မှာပဲ အလုံးစုံ မျှော်လင့်ချက် မထားပါနဲ့၊ ပြီးတော့ ဈေးနှုန်းကလည်း..."
တာလီယာက ချက်ချင်းပင် ကတိပေးလိုက်သည်။
"သူမ ထိုက်တန်တဲ့ ဈေးနှုန်းရအောင် ငါ သေချာပေါက် လုပ်ပေးပါ့မယ်။ ပြီးတော့ သူမကိုလည်း ဘယ်လို ဖိအားမှ မပေးပါဘူး။"
ထို့နောက် သူမ၏ မျက်ဝန်းများ နူးညံ့သွားပြီး လက်ကို အောက်ချကာ
"ငါ သိပါတယ်... ဒီတစ်ခါသာ သူမ အကူအညီ မပါခဲ့ရင် ဘလက်ခ်သော်န်မိသားစုဟာ စစ်တပ်ကနေ အနှင်ထုတ်ခံရနိုင်သလို... ပိုဆိုးတာက ငါတို့ရဲ့ ဂုဏ်သိက္ခာတွေလည်း အဲ့ဒီလူယုတ်မာကြောင့် ညစ်နွမ်းသွားရမှာ"
တာလီယာသည် အခြားသူများထက် အရာရာကို ပိုမို ရှင်းလင်းစွာ မြင်တတ်သူ ဖြစ်သည်။ အိုင်ဗီ၏ ပြောင်းလဲမှုများက သူမကို မျှော်လင့်ချက် ရစေသည်။ အစောပိုင်းက အိုင်ဗီ အမြူတေ ၁၀၀၀ ပေးခဲ့စဉ်ကတည်းက သူမ၏ မနှစ်မြို့မှုများမှာ အနည်းငယ် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။
အိုင်ဗီနှင့် လက်ရည်စမ်းပြီးနောက်တွင်မူ မနှစ်မြို့မှုမှာ နှစ်သက်မှုအဖြစ်သို့ အနည်းငယ် ပြောင်းလဲသွားပြီး ဆိုင်းလပ်စ်နှင့် အိုင်ဗီ ပေါင်းဖက်ခြင်းကို ကန့်ကွက်လိုစိတ်မှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
သို့သော် ယနေ့ အိုင်ဗီ၏ အကူအညီက သူမ၏ နှလုံးသားကို တကယ်ပင် ထိသွားစေခဲ့သည်။ နောင်တစ်ချိန်တွင် အိုင်ဗီမှာ တန်ဖိုးမရှိတော့ဘဲ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သော်လည်း ယခုကဲ့သို့ ဆေးဝါးများကို ထုတ်ပေးပြီး လှူဒါန်းခဲ့သည့် လုပ်ရပ်မှာ အိုင်ဗီ့ကို အနည်းငယ် လေးစားသွားစေသည်။
တကယ်လို့သာ အိုင်ဗီ အလိုရှိလျှင် ဤဆေးဝါးများကို သိုလှောင်ထားပြီး သူတို့ကို ဈေးကြီးကြီးဖြင့် ပြန်ရောင်းနိုင်တယ် လေ။ သို့သော် သူမက သူတို့ကို ကူညီခဲ့သည်။ ဤသည်မှာ သူမ ဘယ်လောက်အထိ အတ္တကင်းသလဲဆိုတာကို သက်သေပြနေသည်။
ပြီးတော့ သူမ ဝန်မခံချင်သော်လည်း... အိုင်ဗီနှင့် ဆိုင်းလပ်စ်တို့ မကြာမီ ပေါင်းဖက်သွားသည်ကို တကယ်ပင် မြင်တွေ့လိုနေပြီ ဖြစ်သည်။
'မဖြစ်ဘူး နင် ဘာတွေ တွေးနေတာလဲ နင်က လုံးဝ ကန့်ကွက်နေရမှာလေ' ဟု တာလီယာက သူမကိုယ်သူမ ပြန်လည် ဆူပူလိုက်သော်လည်း သူမ၏ အေးစက်သော မျက်နှာထားမှာမူ ထိုအတွေးများကို လုံးဝ ဖော်ပြခြင်း မရှိပေ။
"ကောင်းပြီလေ။" ဆိုင်းလပ်စ် သက်ပြင်းချလိုက်သည်။ သူ့ အစ်မမျက်ဝန်းထဲမှ ရိုးသားမှုကို မြင်လိုက်ရသဖြင့် သူ စိတ်ပျော့သွားခြင်း ဖြစ်သည်။
ဒန်နီရယ်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ အိုင်ဗီအပေါ် တာလီယာ၏ သဘောထား ပျော့ပျောင်းလာသည်ကို သူ မြင်လိုက်ရသဖြင့် သူ၏ မျက်ဝန်းများမှာ သဘောမကျမှုများဖြင့် လင်းလက်သွားသည်။
'ကျားသစ်ဟာ သူ့အစက်အပြောက်တွေကို မပြောင်းလဲနိုင်ဘူး' ဆိုတဲ့ စကားပုံကို သူ အလွန် ယုံကြည်ထားသူ ဖြစ်သည်။ သူ၏ မျက်နှာမှာ မှောင်ကျသွားပြီး ကြားဝင်စကားပြောရန် ပြင်လိုက်စဉ်…
"ကောင်းပါပြီ အဖေကြီးရယ်။ အဖေ့ရဲ့ ကျေးဇူးသိတတ်မှုကို ပြတဲ့အနေနဲ့ ကျွန်တော့်ကို ဗနီလာအနံ့ ပုလင်း ၁၀၀လောက် ပေးသင့်တယ် မဟုတ်ဘူးလား။ ကျွန်တော့်အချစ်က မကြာခင် ရေခဲမုန့် စားချင်လာတော့မှာမို့လို့လေ"
သူ့အဖေစိတ်ထဲ ‘မယားမျက်နှာ တစ်ကမ္ဘာ၊ မွေးရကျိုးနက်လိုက်တဲ့ ခွေးသား’
ဆိုင်းလပ်စ်က အိုင်ဗီရဲ့ ရာသီလာချိန် နီးကပ်နေပြီဖြစ်ကြောင်းနှင့် ထိုအချိန်တွင် သူမ ရေခဲမုန့် တောင့်တတတ်ကြောင်း သိထားသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ အကြိုက်ဆုံးအရသာမှာ ဗနီလာ ဖြစ်နေပြီး သူကိုယ်တိုင်လည်း အိမ်လုပ်ရေခဲမုန့် လုပ်တတ်တယ်လေ။
သူ့မိသားစုဝင်များက ဗနီလာပုလင်း အများအပြားကို သိုလှောင်ထားသဖြင့် ဒီလောက် ကောင်းကျိုးပြုထားသော သူ့ဇနီးလောင်းလေးအတွက် ထိုအရာများကို ပြန်ယူသွားခြင်းမှာ သဘာဝကျလှသည်။
ဒန်နီရယ်: (မျက်လုံးပြူးလျက်) ဘာ ငါ နားကြားမှားတာလား
"မင်း ဘာပြောလိုက်တယ်" ဒန်နီရယ်က မယုံကြည်နိုင်သော အသံဖြင့် မေးလိုက်ရင်း သူ၏ အမိန့်မနာခံသော သားကို စိုက်ကြည့်နေမိသည်။
"ကြားတဲ့အတိုင်းပါပဲ။ ဗနီလာပုလင်း ၁၀၀။ ကျွန်တော် အစားအသောက်အနေနဲ့ အသား ၂၀ ကီလိုဂရမ် ပြန်ပေးမယ်။ ဒါက ဈေးကွက်ပေါက်ဈေးအတိုင်းပဲ" ဟု ဆိုင်းလပ်စ်က ဘာမှမဖြစ်သလို အမူအရာဖြင့် ပြောလိုက်သည်။
ဒန်နီရယ် သွားကြိတ်လျက် စားပွဲကို လက်ဖြင့် ရိုက်ချလိုက်သည်။
"ငါ မင်းကို ဗနီလာ တစ်စက်တောင် မပေးနိုင်ဘူး အထူးသဖြင့် အဲ့ဒီ မိန်းကလေးအတွက် ဆိုရင်တော့ ပိုတောင် မပေးနိုင်ဘူး"
"ဒါဆိုရင်တော့ ကျွန်တော် အဖေ့ဆီကနေ လုယူရတော့မှာပေါ့" ဟု ဆိုင်းလပ်စ်က အကူအညီမဲ့သလို အမူအရာဖြင့် ပုခုံးတွန့်ပြလိုက်သည်။ သူသည်လည်း သူ့ဖခင်ကို အမြဲတမ်း ဆန့်ကျင်မနေချင်သ၊ ဗနီလာရှာနေကြောင်း ကြေညာထားသော်လည်း ဘယ်သူမှ လာမရောင်းကြသဖြင့် ဘာတတ်နိုင်မလဲ။
နောက်ဆုံးတော့ သူ့ဖခင် ဗနီလာပုလင်း အများအပြား သိုလှောင်ထားသည်ကို သူ သတိရသွားခြင်း ဖြစ်သည်။ ပုလင်း ၁၀၀ ဆိုတာ အများကြီး မဟုတ်သဖြင့် အဖေကြီးက အနည်းငယ် ဂျီကျပြီးနောက် နောက်ဆုံးတော့ ပေးလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။ ဘယ်သူက ထင်မှာလဲ... အဖေကြီးက ဒီလောက်အထိ ဒေါသထွက်သွားလိမ့်မယ်လို့။
အပြန်အလှန် စကားများပြီးနောက် အဖေကြီး ဒန်နီရယ်မှာ ဆိုင်းလပ်စ်က လေချွန်လျက် ထွက်သွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်ကျန်ခဲ့ရတော့သည်။
သူ နောင်တရမိသည်။ သူ့သားငယ်လေးကိုသာ ငယ်ငယ်က ပိုပြီး ရိုက်နှက်ဆုံးမခဲ့ရင် ဆိုင်းလပ်စ် ဒီလောက်အထိ မဆိုးသွမ်းလောက်ဘူးဟု တွေးနေမိသည်။
တာလီယာကတော့ ကြည့်ပြီး ပြုံးနေမိသည်။ ဗနီလာပုလင်း ၁၀၀ ဆုံးရှုံးသွားလို့ ဒန်နီရယ် စိတ်ဆိုးနေတာ မဟုတ်မှန်း သူမ သိသည်။ အိုင်ဗီက ထိုအရာတွေကို စားသုံးရတော့မည် ဖြစ်သောကြောင့်သာ သူ စိတ်တိုနေခြင်း ဖြစ်သည်။
သူမ၏ ဖခင်သည် အိုင်ဗီ့ကို လုံးဝ သည်းမခံနိုင်သေးပေ။ ၎င်းမှာ စကားလက် ကြောင့်လည်း ပါသည်။ နှိုင်းယှဉ်စရာ မရှိလျှင်တော့ ကိစ္စမရှိသော်လည်း စကားလက်နှင့် ယှဉ်လိုက်လျှင်တော့ အိုင်ဗီက အစစအရာရာ လိုအပ်ချက် ရှိနေသယောင် ထင်ရသောကြောင့် ဖြစ်သည်။
............
ဆိုင်းလပ်စ်သည် အစည်းအဝေးခန်းမှ ထွက်လာပြီးနောက် စစ်တပ်ဝင်းအတွင်းမှ ချက်ချင်း ထွက်မသွားဘဲ စစ်ဘက်ဆိုင်ရာ ဆရာဝန်များ၏ စခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထိုနေရာသို့ ရောက်သောအခါ သူက ကြေညာလိုက်သည်။
"အားလုံးပဲ ခဏလောက် အာရုံစိုက်ပေးကြပါဦး။"
သူ၏ ကျယ်လောင်ပြီး သြဇာညောင်းသော အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ "မကြာခင်မှာ ရှင်တို့တွေ တိုက်ဖွိုက်အဖျား ရောဂါနဲ့ အူလမ်းကြောင်းရောဂါတွေအတွက် ဆေးဝါးတွေ ရကြတော့မှာပါ။"
သူ၏ စကားကို ကြားလိုက်ရသည်နှင့် တဲအတွင်း၌ ဝမ်းသာအားရ အော်ဟစ်သံများနှင့် လက်ခုပ်သံများ ပဲ့တင်ထပ်သွားသည်။
"ဘာ ဆေးဝါးတွေက အခိုးခံရပြီး ပြန်မရနိုင်တော့ဘူးလို့ ကျွန်တော် ထင်နေတာ”
"ကျွန်တော်လည်း အဲ့ဒီလိုပဲ။ တခြား လမ်းကြောင်းကနေ ဝယ်ဖို့တောင် စဉ်းစားနေတာ"
"ဒီကိစ္စအားလုံးက ဘလက်ခ်သော်န်မိသားစုကြောင့်လို့ ကျွန်တော် ကြားထားတာ"
"ရှူး ဘလက်ခ်သော်န်မိသားစု မဟုတ်ဘူးဆိုတာ ငါ သိထားတယ်၊ ဒါပေမဲ့ သူတို့ပဲ အပြစ်တင်ခံနေရတာ။ ဆေးတွေ ပြန်ရဖို့က လုံးဝ မဖြစ်နိုင်သလောက်ပဲလို့ ထင်နေတာဗျာ"