အခန်း (၂၁၁-၂၁၂)
Vol. 19 Ch. 211-212
အပိုင်း (၂၁၁)
ဧကရာဇ်မင်းမြတ်သည် အောက်ယွီကို အကြိမ်ကြိမ် ချီးကျူး ဂုဏ်ပြုခဲ့သော်လည်း အသုံးမကျသူကတော့ အသုံးမကျသူသာ ဖြစ်၏။ ထို့ကြောင့် သူ၏ နာမည်ဆိုးမှာ အလွန် ဆိုးရွားလွန်းပြီး ယခုအချိန်အထိ လက်ထပ်ရခြင်း မရှိသေးချေ။
သာမန် မိသားစုများသည် နုလန်ဟောက် အိမ်တော်နှင့် မပတ်သက်နိုင်ကြသကဲ့သို့ အမှန်တကယ် ကြီးကျယ်သော မှူးမတ် မိသားစုများသည်လည်း မိမိတို့၏ သမီးများကို မီးတွင်းထဲသို့ မပို့လိုကြချေ။ အရေးအကြီးဆုံးမှာ အောက်ယွီ၏ နာမည်ဂုဏ်သတင်းမှာ အရမ်း ဆိုးလွန်းသောကြောင့် ဖြစ်၏။
အကယ်၍ အောက်ယွီနှင့် လက်ထပ်လိုက်ပါက အဆင့်နိမ့် ပြည့်တန်ဆာရုံများမှ ညစ်ပတ်သော မိန်းမများနှင့် လင် တစ်ယောက်တည်း မျှဝေ သုံးစွဲရမည် မဟုတ်လား။ လူများ၏ တံတွေးတွေနှင့်တင် ရေနစ်သေနိုင်သည်။
နယ်စား အောက်ရှင်း ကွယ်လွန်သွားပြီးနောက် ဤကဲ့သို့သော အသုံးမကျသူ အောက်ယွီသည် မိသားစု၏ စီးပွားရေးကို မည်သို့ ဆက်လက် ထိန်းသိမ်းနိုင်မည်နည်း။ ကျဆင်းသွားမည်မှာ သေချာနေပြီ ဖြစ်၏။
အောက်ရှင်း၏ စွမ်းဆောင်ရည် အရဆိုလျှင် အစောကြီးတည်းက မြို့စားကြီးဘွဲ့ကို ရရှိသင့်ပြီ ဖြစ်သည်။ သို့ပေမည့် ဧကရာဇ်မင်းမြတ်က အမြဲတမ်း ဖိနှိပ်ထားပြီး သူ၏ ညီအစ်ကို သုံးယောက်ကိုမူ နယ်စားငယ်ဘွဲ့များ ပေးအပ်ခဲ့သည်။
ထို့ကြောင့် အောက်ရှင်း၏ ညီအစ်ကို တစ်စုတွင် နယ်စား တစ်ဦး၊ နယ်စားငယ် သုံးဦး ရှိနေခြင်းကလည်း အလွန် ကြီးမားသော ဂုဏ်ကျေးဇူး၊ အလွန် ကြီးကျယ် ခမ်းနားသော အနေအထား ဖြစ်နေလေ၏။
အောက်ရှင်းသည် တစ်သက်လုံး ဇနီး တစ်ယောက်တည်းကိုသာ လက်ထပ်ခဲ့၏။ သူတို့ ဇနီးမောင်နှံတွင် သားတစ်ယောက်၊ သမီးတစ်ယောက်သာ ရှိသည်။ လွန်ခဲ့သော အချိန်များက အောက်ယွီ ရောဂါ ပြင်းထန်လာချိန်တွင် လူတိုင်းက မကုသနိုင်တော့ဘူးဟု ယူဆခဲ့ကြသည်။ သို့သော်ငြား နုလန်ဟောက် အိမ်တော်၏ နယ်စားဘွဲ့ကို ဆက်ခံမည့်သူ မရှိ၍ မဖြစ်ချေ။
ထို့ကြောင့် ဧကရာဇ်မင်းမြတ်က အောက်ရှင်းကို မျက်နှာသာ ပေးသည့်အနေဖြင့် အောက်ရှင်း၏ အစ်ကို အောက်ချင်း၏ သားများထဲမှ အထူးချွန်ဆုံး တစ်ယောက်ကို ရွေးချယ်ကာ အောက်ရှင်း၏ သားအဖြစ် အမွေဆက်ခံစေရန် အမိန့်ထုတ်ပြန်ခဲ့၏။
အနာဂတ်တွင် အောက်ရှင်း၏ နုလန်ဟောက်ဘွဲ့ကို ဆက်ခံရန်နှင့် အောက်ရှင်း ဇနီးမောင်နှံ အသက်အရွယ် ကြီးမြင့်လာသည့် အချိန်တွင် စောင့်ရှောက်မှုပေးရန် ဖြစ်သည်။
အမိန့်တော် ကျလာပြီးနောက် အောက်ရှင်း၏ ဇနီးသည် အလွန် ဒေါသထွက်ကာ အမိန့်တော်ကို တိုက်ရိုက် မီးရှို့ပစ်လုနီးပါး ဖြစ်ခဲ့၏။
“ဒါ ဘာသဘောလဲ။ ကျွန်မသား မသေသေးဘူး။ ဘာလို့ သူများသားကို အမွေဆက်ခံ ခိုင်းရတာလဲ။”
အောက်ရှင်းလည်း အလွန် မကျေမနပ် ဖြစ်ခဲ့၏။ သို့ပေမည့် ဤသည်မှာ ဧကရာဇ်မင်းမြတ်၏ အမိန့်တော် ဖြစ်ရာ အမှုထမ်း တစ်ဦး အနေဖြင့် လွန်ဆန်၍ မရချေ။
ထို့ကြောင့် သူ၏ တူဖြစ်သူ အောက်မင်သည် အောက်ရှင်း၏ မွေးစားသား ဖြစ်လာပြီး နုလန်ဟောက် အိမ်တော်၏ နယ်စားငယ် ဖြစ်လာခဲ့၏။ အောက်မင်သည် အမှန်တကယ်ပင် အလွန် ထူးချွန်ပြီး စာပေရော၊ သိုင်းပညာပါ ထူးချွန်သူ ဖြစ်သည်။ သိုင်းပညာ အကြောင်းကို မပြောတော့ပေ။
အကြောင်းမှာ ရာစုနှစ်ချီ သက်တမ်းရှိသော မှူးမတ်မျိုးနွယ်များအတွက် သိုင်းပညာသည် အသေးအမွှားသာ ဖြစ်ပြီး သိုင်းပညာ အလွန် မြင့်မားနိုင်သော်လည်း ပုံမှန်အားဖြင့် ပြသလေ့ မရှိချေ။ အရေးအကြီးဆုံးမှာ စာပေ စွမ်းရည်ပင် ဖြစ်၏။
ဤအောက်မင်သည် ယခင် စာမေးပွဲတွင် ချန်လန်ပြည်နယ်၏ ပထမဆုရှင် ဖြစ်ခဲ့သည်။ ဤသည်မှာ အလွန် အံ့မခန်း ဖြစ်၏။ ဤသည်မှာ စာမေးပွဲ သေမင်းတမန် နယ်မြေဖြစ်ရာ ပထမဆု ရရှိခြင်းသည် အမှန်တကယ် ထိပ်တန်း အဆင့်ရှိ စာပေပညာရှင် တစ်ဦး ဖြစ်ကြောင်း သက်သေပြနေသည်။
သိထားရမည့် အချက်မှာ ကျန်းကျိုးမြို့သည် အမှန်တကယ်ပင် စာပေ ပညာရှင်များ ထွက်ပေါ်ရာနေရာဖြစ်ပြီး ဤနေရာမှ ထွက်ပေါ်လာသော စာပေပညာရှင်များသည် ကောင်းကင်ရှိ ကြယ်များကဲ့သို့ များပြားလှ၏။
အောက်မင်သည် ကျန်းကျိုးမြို့၏ စာပေပညာရှင်များ၏ ခေါင်းဆောင်ဟုပင် ဆိုနိုင်၏။ ထို့အပြင် သူသည် ရာစုနှစ်ချီ သက်တမ်းရှိသော မှူးမတ်မျိုးနွယ်မှ ဆင်းသက်လာသူလည်း ဖြစ်သည်။ ထို့ကြောင့် ဤလူသည် ကျန်းကျိုးမြို့၏ ကောင်းကင်ဘုံ၏ အချစ်တော်ဟု အပြည့်အဝ ခေါ်ဆိုနိုင်ပေသည်။
သူ၏ ရုပ်ရည်မှာလည်း အလွန် ချောမော လှပပြီး ပြီးပြည့်စုံသော လူငယ်လေး တစ်ဦး ဖြစ်၏။ အနာဂတ်တွင် သူသည် နုလန်ဟောက်ဘွဲ့ကို ဆက်ခံရမည် ဖြစ်သော်လည်း သူက ဘိုးဘေးများ၏ အရိပ်အာဝါသကို မခိုလှုံဘဲ ကိုယ်စွမ်းကိုယ်စပြမည်ဟု ပြောဆိုခဲ့သည်။
နောက်ဆက်တွဲ အနေဖြင့် သူသည် ပြည်နယ် စာမေးပွဲနှင့် နန်းတွင်း စာမေးပွဲများကို ဆက်လက် ဖြေဆိုမှာဖြစ်၏။ အနာဂတ်တွင် နန်းတွင်း ဝန်ကြီးအဖွဲ့ထဲ ဝင်ရောက်ကာ အမတ်ချုပ်ကြီးအဖြစ် တာဝန်ယူပြီး အောက်မိသားစု၏ ကြီးကျယ်ခမ်းနားမှုကို မျက်နှာသစ် တစ်ခုသို့ တွန်းပို့ရပေလိမ့်မည်။
ထို့ကြောင့် ကျန်းကျိုးမြို့ တစ်ခုလုံးရှိ မှူးမတ်များသည် နုလန်ဟောက် အောက်ရှင်းကို အလွန် အားကျ မနာလို ဖြစ်နေကြ၏။
အချို့က ပို၍ ဆိုးရွားစွာ ခန့်မှန်း ပြောဆိုကြသည်မှာ နုလန်ဟောက်၏ သားအရင်းသည် အသုံးမကျသောကြောင့် သေသွားသည်မှာ အချိန်ကိုက်ပင် ဖြစ်သည် ဟူ၍ ဖြစ်၏။ ထိုမှသာ ထူးချွန်သော မွေးစားသား တစ်ယောက်က နယ်စားဘွဲ့ ကို ဆက်ခံနိုင်မှာ ဖြစ်သည်။
ဤမွေးစားသား အောက်မင်သည် ထိုအသုံးမကျသူ အောက်ယွီထက် မည်မျှ ထူးချွန်သည် မသိနိုင်ပေ။ တစ်ယောက်က ကောင်းကင်ပေါ်ရှိ ကြိုးကြာငှက်ကဲ့သို့ဖြစ်ပြီး အခြားတစ်ယောက်က မြေကြီးပေါ်ရှိ ရွှံ့ဗွက်ထဲမှ တောကြက်ကဲ့သို့ ဖြစ်၏။ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
မူလက နုလန်ဟောက် အိမ်တော်သည် ကျဆင်းတော့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အောက်မင် မွေးစားသား ဖြစ်လာပြီးနောက် ဆယ်စုနှစ်ချီ ထပ်မံ ကြီးကျယ် ခမ်းနားလာတော့မည်ဟု ထင်ကြေးပေးနေကြ၏။
နုလန်ဟောက် အိမ်တော်အတွင်း၌ နုလန်ဟောက် ကတော်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်နှာကြက်ကို ငေးမောကြည့်နေ၏။ ဦးနှောက်ထဲတွင် သားဖြစ်သူ၏ ပုံရိပ်များကို ပြန်လည် မြင်ယောင် နေသည်။
လမ်းစလျှောက်တတ်သည့် အချိန်မှစ၍ အရွယ်ရောက်လာသည့် အချိန်အထိ သူ၏ အပြုအမူတိုင်း၊ စကား တစ်ခွန်းတိုင်း၊ အပြုံး တစ်ချက်တိုင်း၊ ငိုကြွေးမှုတိုင်းသည် မနေ့က ဖြစ်ပျက်ခဲ့သကဲ့သို့ ထင်ရှားနေဆဲ ဖြစ်၏။
စဉ်းစားရင်း စဉ်းစားရင်း နုလန်ဟောက် ကတော်သည် ငေးမောသွားပြီး နွေးထွေးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သို့ပေမည့် မျက်ရည်များသည် တားဆီးမရအောင် ထပ်မံ စီးကျလာပြန်၏။ မျက်ရည်များ ခမ်းခြောက်သွားပြီဟု ထင်ရသော်လည်း တားဆီး၍ မရနိုင်သေးချေ။
‘ငါ့ရဲ့ သားလေး... ဘယ်လောက် လိမ္မာလိုက်လဲ၊ ဘယ်လောက် ချစ်စရာ ကောင်းလိုက်လဲ။ လူတိုင်းက ငါ့သားလေးကို အသုံးမကျသူလို့ ပြောကြပေမဲ့ အမေကတော့ သားက ဉာဏ်လည်း ကောင်းတယ်၊ ချစ်ဖို့လည်း ကောင်းတယ် ဆိုတာ သိပါတယ်။’
သူမသည် သကြား အများကြီး မစားသင့်ကြောင်း၊ သို့ပေမည့် သကြားစားရတာကို အရမ်း နှစ်သက်ကြောင်း သားဖြစ်သူ သိရှိချိန်မှာတော့ တောင်ပေါ်သို့ တက်ကာ ရက်အတော်ကြာ ရှာဖွေပြီးနောက် တစ်မူထူးခြားသော အချိုဓာတ် ရှိသည့် အရွက် တစ်မျိုးကို ရှာတွေ့ခဲ့၏။
ထိုအရွက်ကို စားလျှင် ခေါင်းမမူးချေ။ နောက်ပိုင်းတွင် ထိုအရွက်များ နည်းပါးလာချိန်မှာတော့ သားဖြစ်သူသည် အစွမ်းကုန် ကြိုးစားကာ ထိုအရွက်များကို အိမ်တော်၏ ပန်းခြံ အတွင်း၌ စိုက်ပျိုးခဲ့သည်။ ထိုသို့ဖြင့် မိခင် ဖြစ်သူသည် အချိုဓာတ်ကို စားသုံးနိုင်သော်လည်း ခေါင်းမမူးတော့ချေ။
ဖခင် ဖြစ်သူသည် နိုင်ငံရေး ကိစ္စများကြောင့် မကြာခဏ ခေါင်းကိုက်လေ့ ရှိ၏။ သားဖြစ်သူသည် အနှိပ်ပညာကို သွားရောက် သင်ယူကာ ဖခင်၏ခေါင်းကို နေ့စဉ် နှိပ်နယ်ပေးခဲ့သည်။ အိမ်တွင် ရှိနေသရွေ့ တစ်ရက်မျှ မပျက်ကွက်ခဲ့ပေ။
ဖခင်ဖြစ်သူသည် ပြုံးရယ်လေ့ မရှိဘဲ အမြဲတမ်း တွေးတောနေတတ်၏။ သားဖြစ်သူသည် လက်ဖက်ရည်ဆိုင် များသို့ သွားကာ ပုံပြင်ပြောသူများထံမှ ပုံပြင်များ နားထောင်ပြီး လမ်းဘေးရှိ သူတောင်းစားများထံမှ ရယ်စရာ ဟာသများကို သင်ယူကာ ဖခင်ကို ပြန်လည် ပြောပြလေ့ ရှိသည်။
ပြောရင်း ပြောရင်း သားဖြစ်သူသည် လူရွှင်တော်ကြီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်နေပြီဖြစ်၏။ ဤကမ္ဘာတွင် လူရွှင်တော် ဟူသော အသုံးအနှုန်း မရှိသေး၍ တော်သေး၏။
ညီမလေးသည် အလွန် ဂျစ်ကန်ကန် နိုင်ပြီး ဂျီကျတတ်ကာ ဒေါသကြီး၏။ မိခင်ဖြစ်သူပင် သူမကို မချော့နိုင်သော်လည်း သားဖြစ်သူက ချော့နိုင်ခဲ့သည်။ သူ၏ ဦးနှောက်ထဲတွင် မရေမတွက်နိုင်သော ပုံပြင်များ ရှိနေပြီး နေ့တိုင်း မထပ်အောင် ပြောပြနိုင်သည်။
ထို့ကြောင့် ငယ်စဉ်တည်းက အစ်ကိုဖြစ်သူ ပုံပြင်မပြောပြဘဲ ညီမလေး မအိပ်ခဲ့ချေ။ ယခု ဆယ်ကျော်သက်အရွယ် မိန်းကလေးကြီး ဖြစ်နေပြီ ဖြစ်သော်လည်း ဤအတိုင်းပင် ဖြစ်လို့နေ၏။
ညီမလေးက အစားအသောက် အလွန် ရွေး၏။ သားဖြစ်သူသည် သူမ နှစ်သက်မည့် အစားအစာကို အမြဲ ရှာဖွေနိုင်ပြီး မုန့်များကိုလည်း ပုံစံ အမျိုးမျိုးဖြင့် လှပအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
အခြားသူများက သူမ၏ သားလေးကို အသုံးမကျသူဟု ပြောကြ၏။ သို့ပေမည့် အောက်ရှင်း ဇနီးမောင်နှံ၏ စိတ်ထဲတွင် သားလေးသည် အကောင်းဆုံး သားဖြစ်ပြီး လောကတွင် ဤမျှကောင်းသော သားမျိုး မရှိတော့ချေ။
ညီမလေး အောက်နင်နင်၏ အမြင်တွင်မူ အစ်ကိုသည် အကောင်းဆုံး အစ်ကိုဖြစ်ပြီး သူမကို ကောင်းကင်ဘုံအထိ မြှောက်စားထားခဲ့၏။
အိမ်တော်ရှိ အစေခံ အများအပြား၏ အမြင်တွင်လည်း သားလေး အောက်ယွီသည် အကောင်းဆုံး သခင်လေး ဖြစ်ပြီး ဒေါသ မထွက်တတ်သကဲ့သို့ အစေခံများကိုလည်း အပြစ်မပေးတတ်ချေ။
လောကလူသားများသည် အလွန် ရက်စက်ကြပြီး တစ်ခါတစ်ရံ အစေခံများသည်လည်း ထိုသို့ပင် ဖြစ်တတ်၏။ တစ်ခါက အစေခံ အနည်းငယ်သည် ချောင်ကျသော နေရာတစ်ခုတွင် သားလေး အောက်ယွီကို လှောင်ပြောင် ရယ်မောနေကြသည်။
သို့ပေမည့် သူတို့ မသိခဲ့သည်မှာ သားလေး အောက်ယွီ သည် မလှမ်းမကမ်းရှိ ချုံပုတ်များအကြား ပေါင်းပင် များကို ရှင်းလင်းနေခြင်း ဖြစ်၏။
အကြောင်းမှာ သူ စိုက်ပျိုးထားသော အပင်သစ်သည် အလွန် ပျက်စီးလွယ်ပြီး မိခင် ဖြစ်သူသည် ထိုသစ်ခွပန်းကို အလွန် နှစ်သက်သောကြောင့် နေ့စဉ် အချိန်များစွာ ပေးကာ ဂရုစိုက်ရသောကြောင့်ပင်။
သူသည် အစေခံများ လှောင်ပြောင်နေသည်ကို ကြားလိုက်ရ၏။ အစေခံများ ကြောက်ရွံ့ကာ အရှက်ရသွားမည်ကို စိုးရိမ်သောကြောင့် သူသည် ချုံပုတ်များအကြားတွင် တစ်နာရီခန့် အသံတိတ် ပုန်းအောင်းနေခဲ့ရသည်။
ထိုအစေခံများ လှောင်ပြောင်ပြောဆိုပြီး ထွက်သွားမှသာ သူ မတ်တပ်ရပ်လိုက်၏။ သို့ပေမည့် ခေါင်းများ မူးဝေကာ လဲကျသွားပြီး မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့၏။
မိခင် ဖြစ်သူသည် အလွန် စိတ်မကောင်းဖြစ်ကာ မည်သို့ ဖြစ်ရသနည်းဟု မေးသော်လည်း သူက ကိုယ်တိုင် ချော်လဲခြင်း ဖြစ်သည်ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
ထို့ကြောင့် နုလန်ဟောက် အိမ်တော်တွင် သားလေး အောက်ယွီသည် နတ်ဆိုးများကို ဖော်ထုတ်ပေးသော မှန်တစ်ချပ်ပင် ဖြစ်သည်။ စိတ်ထား ကောင်းမွန်သူတိုင်း ဤသခင်လေးကို အလွန် သဘောကျကြသည်။ အခြားတစ်ဖက်တွင် ရက်စက်ပြီး အတ္တကြီးသူတိုင်းက ဤသခင်လေးကို အထင်သေးကြ၏။
နုလန်ဟောက် ကတော်၏ ဦးနှောက်ထဲတွင် အတိတ်က အဖြစ်အပျက်များကို ပြန်လည် မြင်ယောင်နေပြီး သားဖြစ်သူ ပြောပြခဲ့သော ရယ်စရာ ပုံပြင်များကို ပြန်လည် ကြားယောင်လာကာ တခစ်ခစ် ရယ်မောမိပြန်၏။ သို့ပေမည့် ရယ်မောပြီးနောက် မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။
‘အမေ့ရဲ့ အသည်းနှလုံးလေး... သား တကယ် မရှိတော့ဘူးဆိုရင် ညကျရင် အမေ့ဆီ အိပ်မက် လာပေးပါနော်... အမေ သားနဲ့ အတူ လိုက်ခဲ့မယ်၊ ဟုတ်ပြီလား။’
ဤကာလများတွင် သူမသည် နေ့တိုင်း အတိတ်က အမှတ်တရတွေနှင့် အသက်ဆက် နေခဲ့ရခြင်းဖြစ်သည်။ ဤအမှတ်တရများသာ မရှိလျှင် သူမ တကယ် တောင့်ခံနိုင်မှာ မဟုတ်ချေ။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ နုလန်ဟောက် ကတော် ရုတ်တရက် ထိုင်လိုက်ပြီး မေးလိုက်သည်။ “သား... ငါ့သား ပြန်လာပြီလား။”
“အမေ...”
အပြင်ဘက်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ “အမေ နေ့လယ်က ထမင်းမစားဘူးလို့ ကြားလို့ ကျုပ် ဟင်းလေး တစ်ခွက် လုပ်လာတယ်... မြည်းကြည့်ပါအုံး။”
‘သားလေး မဟုတ်ဘူး။ ဧကရာဇ်မင်းမြတ် အမိန့်နဲ့ မွေးစားထားတဲ့ အောက်မင် ဆိုတဲ့ကောင်ပဲ။ ကျန်းကျိုးမြို့ရဲ့ ကောင်းကင်ဘုံ အချစ်တော် ဆိုတဲ့ ကောင်ပဲ။’
နုလန်ဟောက် ကတော်၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပေါ်လွင်လာသည်။
‘ဘာသဘောလဲ။ ဒါဘာသဘောလဲ။ ငါ့သား မရှိတော့ဘူး ဆိုရင်တောင် ငါ မွေးစားသား မလိုချင်ဘူး။ ငါ ဒီမှာ တိတ်တိတ်လေး အိပ်နေတာ... မင်း ငါ့ကို လာပြုစုစရာ မလိုဘူး။ မင်း ငါ့ရဲ့ အမှတ်တရတွေကို ဖျက်ဆီးလိုက်ပြီ။’
ထို့ကြောင့် နုလန်ဟောက် ကတော်က အေးစက်စက် ပြောလိုက်၏။ “မလိုဘူး။ ငါ နေမကောင်းဘူး... မင်း သွားတော့။”
အောက်မင်က ပိုမို လေးစားစွာဖြင့် ပြောလိုက်သည်။ “အမေ နေမကောင်းဘူးလား။ ဘယ်နေရာက မအီမသာ ဖြစ်နေလို့လဲ။ ကျုပ် အခုချက်ချင်း သမားတော် သွားပင့်ပေးမယ်။”
ကျန်းကျိုးမြို့တွင်လည်း သမားတော်များရှိပြီး နန်းတွင်း သမားတော်အဖွဲ့မှ အငြိမ်းစား ယူလာသူများ ဖြစ်ကြ၏။
“မလိုဘူး... ငါ့ကို တစ်ယောက်တည်း တိတ်တိတ်လေး နေခွင့်ပေးရင် ရပြီ။” နုလန်ဟောက် ကတော်က အေးစက်စွာ ပြောလိုက်သည်။
အောက်မင်က ပြုံးကာ ပြောလိုက်၏။ “ဒါဆို ကျုပ် ဟင်းလေးတွေကို အပြင်မှာပဲ ထားခဲ့မယ်နော်။ အမေ့ကို လာအဖော်ပြုဖို့ ညီမလေးကို သွားခေါ်လိုက်မယ်။”
အပိုင်း (၂၁၂)
ခဏအကြာတွင် ပိန်ပါးသော ခန္ဓာကိုယ်နှင့် အောက်နင်နင် ဝင်ရောက်လာ၏။ သူမလည်း မျက်နှာ ဖြူရော်နေပြီး မျက်လုံးများ နီရဲနေသည်။
အစ်ကိုဖြစ်သူ မရှိသောကြောင့် သူမသည် ဝမ်းအနည်းဆုံး သူဖြစ်ပြီး နေ့တိုင်း ထမင်းမစားနိုင်၊ အိပ်မပျော် ဖြစ်နေ၏။ ငိုရင်း ပင်ပန်းသွားလျှင် အိပ်ပျော်သွားပြီး နိုးလာလျှင် ထပ်ငိုပြန်သည်။ ယခု မိခင်ဖြစ်သူကို မြင်တွေ့လိုက်ရချိန်မှာတော့ အောက်နင်နင် ၏ မျက်ရည်များ ထပ်မံ စီးကျလာပြန်၏။
“အမေ... သမီး စောဏက အစ်ကို့ကို အိပ်မက် မက်တယ်။” ထို့နောက် သားအမိ နှစ်ယောက် ဖက်ငိုကြပြန်သည်။
အောက်နင်နင်က ငိုရင်း ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒီအိမ်တော်ထဲက လူတွေ အကုန်လုံး သစ္စာမရှိကြဘူး။ အကုန်လုံးက အောက်မင်ကို သခင်သစ်လို သဘောထားပြီး ဖားယားနေကြတယ်။ အစ်ကို ရှိတုန်းက သူတို့ကို ဘယ်လောက် ကောင်းကောင်း ဆက်ဆံခဲ့လဲ ဆိုတာ အကုန်လုံး မေ့သွားကြပြီ။ သမီး သူတို့ အကုန်လုံးကို သေလုမျောပါး ရိုက်ပစ်မယ်... သေလုမျောပါး ရိုက်ပစ်မယ်။”
သေချာသည်မှာ အောက်နင်နင်သည် ပါးစပ်ကသာ ပြောနေခြင်း ဖြစ်၏။ ဤလများအတွင်း နုလန်ဟောက် အောက်ရှင်းသည် အပြင်ဘက်တွင် စစ်တိုက်နေခဲ့သည်။ နုလန်ဟောက် ကတော်လည်း နေ့တိုင်း ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး တဖြည်းဖြည်း ပိန်ချုံးလာခဲ့၏။ ဧကရာဇ်မင်းမြတ်ကလည်း အောက်မင်ကို မွေးစားရန် အမိန့်ထုတ်ပြန်ထားပြီး သူသည် အောက်ရှင်း၏ တူအရင်းလည်း ဖြစ်သည်။
ထို့ကြောင့် ဤလများအတွင်း အိမ်တော်၏ ကိစ္စ အဝဝကို အောက်မင်ကသာ စီမံခန့်ခွဲနေခဲ့၏။ ထို့အပြင် သူသည် ထူးချွန်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ပထမဆု ရရှိထားသူ ဖြစ်ကာ အနာဂတ်တွင် နုလန်ဟောက်ဘွဲ့ကို ဆက်ခံမည့်သူဖြစ်ပြီး အမတ်ချုပ်ကြီး ဖြစ်လာမည့်သူ ဖြစ်သောကြောင့် အစေခံများသည် သူ့ကို ဖားယားကြသည်မှာ သဘာဝပင် ဖြစ်၏။
အရင်က သားလေး အောက်ယွီသည် လူကောင်း တစ်ယောက် ဖြစ်ခဲ့၏။ သို့ပေမည့် လူအများစု၏ အမြင်တွင် လူကောင်း ဆိုသည်မှာ အသုံးအကျဆုံးပင် ဖြစ်သည်။
သားအမိ နှစ်ယောက် ငိုလိုက်သည်မှာ ရပ်တန့်၍ မရနိုင်တော့ချေ။ ငိုရင်းရင်း မေ့မျောလုမတတ် ဖြစ်လာကြ၏။
ရုတ်တရက် နုလန်ဟောက်ကတော် ဆတ်ကနဲ ဖြစ်သွားသည်။ “ငါ့သား... ငါ့သား ပြန်လာပြီ။”
အောက်နင်နင်က ငိုရင်း ပြောလိုက်၏။ “အမေ... အမေ ထပ်ပြီး စိတ်ကူးယဉ် အသံတွေ ကြားနေပြန်ပြီ။ အစ်ကို ပြန်မလာနိုင်တော့ဘူး။ သမီး မနေ့က အိပ်မက်ဆိုး မက်တယ်။ အစ်ကို အခေါင်းထဲမှာ လှဲနေတာကို မြင်တယ်။”
နုလန်ဟောက် ကတော်က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ “တကယ်... တကယ် ကြားလိုက်ရတာ။ ငါ ခံစားမိတယ်... ငါ့သား တကယ် ပြန်လာပြီ။”
ထို့နောက် သူမသည် ကုတင်ပေါ်မှ ခုန်ချကာ အပြင်ဘက်သို့ တိုက်ရိုက် ပြေးထွက်သွားတော့၏။
ထို့နောက် အပြင်ဘက် ခြံဝင်းတံခါး ပွင့်သွား၏။ ရင်းနှီးသော၊ ဝဝဖိုင့်ဖိုင့် ပုံရိပ် တစ်ခု ဝင်ရောက်လာသည်။
မိခင် ဖြစ်သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ချေ။ အောက်ရှင်းထက်ပင် သူမသည် ဤအရာက စိတ်ကူးယဉ်မှု တစ်ခု ဖြစ်နေမည်ကို ပို၍ ကြောက်ရွံ့နေ၏။
နောက်တစ်စက္ကန့်တွင် အောက်ယွီ (ယွင်ကျုံးဟဲ့) သည် ပြေးဝင်လာပြီး မိခင်ဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ “အမေ... သား ပြန်လာပြီ... အမေ့ သားလေး ပြန်လာပြီ။”
ထို့နောက် အောက်နင်နင်သည် လျင်မြန်စွာ ပြေးထွက်လာပြီး အောက်ယွီ (ယွင်ကျုံးဟဲ့)ကို မယုံကြည်နိုင်စွာ ကြည့်နေပြီးနောက် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လို့၏။ ပြီးနောက် ခြေလက်များ ဆန့်ထုတ်ပြီး ပြေးဝင်လာကာ ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် အပေါ်သို့ ခုန်တက်ကာ တွယ်ချိတ်ထားလိုက်တော့သည်။
သူမ လက်နုနုလေးများကို ဆန့်ထုတ်ကာ အောက်ယွီ (ယွင်ကျုံးဟဲ့)၏ မျက်နှာကို ပုံစံအမျိုးမျိုး ဖြစ်အောင် ဆွဲနယ်လိုက်တော့၏။
“အစ်ကို ပြန်လာရမှန်း သိသေးတယ်ပေါ့... အစ်ကို ပြန်လာရမှန်း သိသေးတယ်ပေါ့... လူဆိုးကြီး။ ညီမလေး အစ်ကို့ကို ရိုက်မယ်... အစ်ကို့ ကို ရိုက်မယ်။” အောက်နင်နင်က ငိုကာ ရယ်ကာဖြင့် ပြောလိုက်တော့သည်။
မိခင်ဖြစ်သူသည် သားကို သနားသောကြောင့် သမီးကို အောက်သို့ ဆွဲချကာ ဆူလိုက်တော့၏။ “ဘာလုပ်နေတာလဲ... ဘာလုပ်နေတာလဲ။ ဒီကောင်မစုတ်လေး... အစ်ကို့ကို မလုပ်နဲ့လေ။”
အောက်နင်နင်က ဂရုမစိုက်ဘဲ ယွင်ကျုံးဟဲ့ (အောက်ယွီ)၏ လည်ပင်းပေါ်သို့ တိုက်ရိုက် တွယ်တက်ကာ ခွထိုင်လိုက်ပြီး ပြောလိုက်သည်။ “အစ်ကို မှတ်ထားနော်။ အစ်ကို ညီမလေးကို ပုံပြင် တစ်ရာကျော် အကြွေးတင်နေပြီ။ ပြန်မဆပ်ရင် လုံးဝ မလွှတ်ပေးဘူး။”
မိခင်ဖြစ်သူသည် ဆွဲချ၍ မရသောကြောင့် သမီး၏ တင်ပါးကို အားရပါးရ ရိုက်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဒီ မျောက်မလေး... အစ်ကို့ကို ဒုက္ခပေးဖို့လောက်ပဲ သိတယ်။ အစောတည်းက သိရင် နင့်ကို မမွေးပါဘူး။”
ယွင်ကျုံးဟဲ့ (အောက်ယွီ) သည် ပြုံးရယ်လျက် ညီမလေးကို ကျောပိုးကာ အိမ်ထဲသို့ ဝင်သွားသည်။
မိခင် ဖြစ်သူက ဝမ်းသာအားရဖြင့် ပြောလိုက်၏။ “အစေခံတွေ... ထမင်းစားဖို့ပြင်... ထမင်းစားဖို့ ပြင်ကြ။ ငါ့သား ဗိုက်ဆာနေလောက်ပြီ။ ပိန်သွားလိုက်တာ မေးနှစ်ထပ်တောင် မရှိတော့ဘူး။”
ထို့နောက် နောက်ကွယ်တွင် ဖုန်များ ပေကျံနေသော အမျိုးသား တစ်ဦး ရှိနေသေးကြောင်း သူမ သတိထားမိ သွား၏။ ‘ဪ... ဒါ ငါ့ ယောက်ျား အောက်ရှင်းပဲ။ မေ့တောင် မေ့နေပြီ။’
“ရှင် ဘာသွားလုပ်နေတာလဲ။ ဘာလို့ ကျွန်မသားကို စောစော သွားမကြိုတာလဲ။အဲဒီ ဆေးဘုရင်က သေမင်းလို့ ကြားတယ်။ ဆေးဘုရင်ချိုင့်ဝှမ်းကလည်း ငရဲဘုံ လိုပဲတဲ့။ ရှင် ကျွန်မသားကို အဲဒီမှာ အကြာကြီး ထားခဲ့ရလား။ သူ လန့်သွားရင် ဘယ်လို လုပ်မလဲ။” မိခင်ဖြစ်သူသည် ရှေ့သို့ တိုးသွားကာ အောက်ရှင်း၏ ခါးကို အားရပါးရ လိမ်ဆွဲလိုက်သည်။
ဟုတ်ပေသည်။ တစ်ပတ် တိတိ လိမ်ဆွဲလိုက်ခြင်းပင်။ ၃၆၀ ဒီဂရီ လောက် ရှိ၏။
အောက်ရှင်း၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း အသံ တစ်ချက် မထွက်ခဲ့ချေ။
နောက်ဆက်တွဲ အနေဖြင့် မိသားစု တစ်ခုလုံး ပျော်ရွှင်စွာ ထမင်းစားကြတော့၏။ အစစ်အမှန် မိသားစု ပျော်ရွှင်မှုပင် ဖြစ်သည်။
အပြင်ဘက်တွင် သားလေး အောက်ယွီကို လူတိုင်းက အထင်သေးကြ၏။ သို့ပေမည့် မိဘများနှင့် ညီမလေး၏ အမြင်တွင် သူသည် အလယ်ဗဟိုချက်ဖြစ်ပြီး အဓိက အရေးပါသူ ဖြစ်၏။
ဖခင်ဖြစ်သူသည် ပုံမှန်အားဖြင့် စကားမပြောသော်လည်း သူ့ကို ကြည့်သော မျက်လုံးများမှာ အလွန် နွေးထွေးလှ၏။ မိခင်ဖြစ်သူ၏ တူသည် လုံးဝ မရပ်မနားဘဲ သား၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးနေပြီး အမြဲတမ်း သူ အကြိုက်ဆုံး အစားအစာများသာ ဖြစ်သည်။
ညီမလေး နင်နင်သည် ဆူညံနေပြီး ဂျီကျကာ ဒေါသကြီးသော်လည်း အစ်ကို ကို ကြည့်သော မျက်လုံးများမှာမူ လေးစားအားကျမှုများ ပြည့်နှက်နေသည်။ အကြောင်းမှာ အစ်ကို၏ ဦးနှောက်ထဲတွင် အမြဲတမ်း ထူးဆန်းသော ပုံပြင်များ ရှိနေပြီး စာကြမ်းပိုးများထက် မည်မျှ ကောင်းမွန်သည်ကို မသိနိုင်သောကြောင့် ဖြစ်၏။
အခြား မှူးမတ် မိသားစုများတွင် အမြဲတမ်း ထမင်းစားချိန်တွင် စကားမပြောရ ဟူသော စည်းကမ်း ရှိ၏။ ထမင်းစားပွဲတွင် စကားပြောပါက အိမ်တွင်း သင်ကြားခံရခြင်းမရှိသူ ဟု သတ်မှတ်ခံရမှာဖြစ်သည်။
သို့ပေမည့် နုလန်ဟောက် အိမ်တော်တွင် ထိုသို့ မဟုတ်ချေ။ ယွင်ကျုံးဟဲ့ (အောက်ယွီ)သည် တစ်ဖက်မှ ထမင်းစားရင်း တစ်ဖက်မှ မနားတမ်း စကားပြောနေကာ နေရာအနှံ့မှ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ၊ ရယ်စရာ ကောင်းသော ပုံပြင်များကို ဆက်တိုက် ပြောပြနေ၏။
ညီမလေးနှင့် မိခင် တို့သည် အရသာခံကာ နားထောင်နေကြပြီး ရပ်တန့်၍ မရနိုင်လောက်အောင် ဖြစ်နေကာ တစ်ဖက်မှလည်း ဝင်ရောက် မေးမြန်းရင်း အံ့ဩတကြီး အော်ဟစ်နေကြသည်။
မိခင် ဖြစ်သူက တစ်ခါတစ်ရံ ဝင်ပြောလေ့ ရှိ၏။ “ငါ့သားက တကယ် အသိပညာ များတာပဲ။ ငါ့သားက တကယ် တော်တာပဲ။ တခြား မိသားစုက ကလေးတွေဆို ဒါတွေ သိမှာတောင် မဟုတ်ဘူး။”
ဖခင် ဖြစ်သူကတော့ ဘာမှ မပြောဘဲ ဘေးတွင် တိတ်ဆိတ်စွာ အရက်သောက်ရင်း ထမင်းစားနေသည်။
ထိုအချိန်မှာပဲ ကျောက်စိမ်းကဲ့သို့ ချောမောသော လူငယ်လေး တစ်ဦး ဝင်ရောက်လာပြီး ခါးညွှတ် အရိုအသေပေးကာ ပြောလိုက်၏။ “အဖေ့ကို ဂါရဝပြုပါတယ်။ လမ်းခရီးမှာ ပင်ပန်းလာပြီလား။”
အောက်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။ “ဒီကာလတွေမှာ မင်း အိမ်ကို ထိန်းသိမ်းရတာ ပင်ပန်းသွားပြီ။”
ချောမောသော လူငယ်လေးက ဦးညွတ်လိုက်၏။ “သား မပင်ပန်းပါဘူး။ အဖေ နိုင်ငံအတွက် အလုပ် လုပ်ရတာကမှ တကယ် ပင်ပန်းတာပါ။”
ထို့နောက် ချောမောသော လူငယ်လေးက ယွင်ကျုံးဟဲ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ညီလေးယွီ ပြန်လာတာကို အစ်ကို အရမ်း ဝမ်းသာပါတယ်။ အခုချက်ချင်း အိမ်တော်ကြီး၊ အိမ်တော်လတ်၊ အိမ်တော်ငယ် တွေကို အကြောင်းကြားပြီး ဆွေမျိုး မိတ်ဆွေတွေကို ဖိတ်ကြားပြီး ညီလေးအတွက် ကြိုဆိုပွဲ လုပ်ပေးပါ့မယ်။”
ယွင်ကျုံးဟဲ့ မတ်တပ်ရပ်ကာ ရိုးသားစွာဖြင့် ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အစ်ကိုမင်”
အောက်မင်က ခွင့်တောင်းလိုက်သည်။ “အဖေ... ဒါဆို သား သွားစီစဉ်လိုက်ပါ့မယ်။”
ထို့နောက် သူ ဦးညွတ်ကာ ထွက်သွားတော့၏။
ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပြသော်လည်း ရင်တွင်း၌မူ အေးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
‘ဒါ ဘာသဘောလဲ။ တစ်ယောက်ယောက်က ကျုပ်ရဲ့ မိသားစု စီးပွားရေးကို လုယူတော့မလို့လား။ ကျုပ်ရဲ့ နယ်စားဘွဲ့ကို လုယူတော့မလို့လား။’
အောက်မင်ကို သူ သိသည်။ နုလန်ဟောက် အောက်ရှင်း အစ်ကို၏သားဖြစ်ပြီး အောက်မိသားစု၏ အထူးချွန်ဆုံး လူငယ်လေးလည်း ဖြစ်၏။
လက်ရှိ အခြေအနေ အရဆိုလျှင် သူသည် အောက်ရှင်း၏ မွေးစားသားအဖြစ် ပြောင်းလဲလာပြီး အနာဂတ်တွင် နုလန်ဟောက်ဘွဲ့ကို ဆက်ခံမည့်သူ ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ထို့အပြင် စောစောက သူ၏ အပြုအမူသည် နုလန်ဟောက် အိမ်တော်၏ သခင်လေးအသစ် တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ ဆန့်ကျင်ဘက် အနေဖြင့် ယွင်ကျုံးဟဲ့ကသာ မယားငယ်သား တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
မိခင်ဖြစ်သူ၏ မျက်နှာ ချက်ချင်း အေးစက်သွားပြီး အသံမာမာဖြင့် ပြောလိုက်သည်။ “ကျွန်မသား ပြန်လာပြီ... ကျွန်မတို့ အိမ်က မွေးစားသား မလိုတော့ဘူး။”
နုလန်ဟောက် အောက်ရှင်း၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွား၏။ အကြောင်းမှာ ဤသည်မှာ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ဖြစ်ပြီး တော်ဝင်မျိုးနွယ်နှင့် လောကရှိ မှူးမတ်များ အားလုံးကလည်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့်ပင်။
ယခု လူတိုင်း၏ အမြင်တွင် အောက်မင်သည် နုလန်ဟောက် အမွေဆက်ခံသူ၊ နုလန်ဟောက် သခင်လေး ပင်ဖြစ်သည်။ ထိုနေ့က ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို အောက်ရှင်း တစ်ယောက်တည်း လက်ခံခဲ့ခြင်း မဟုတ်ဘဲ အောက်မိသားစု တစ်ခုလုံး လက်ခံခဲ့ခြင်းဖြစ်ပြီး ကျန်းကျိုးမြို့ရှိ အခြား မှူးမတ်များလည်း သက်သေ အဖြစ် ရှိနေခဲ့ကြ၏။
ထို့ကြောင့် အောက်မင်သည် ဧကရာဇ်မင်းမြတ်၏ အမိန့်တော် ဖြင့် နုလန်ဟောက် ဘွဲ့ကို ဆက်ခံခြင်း ဖြစ်သည်။ တရားဝင်ဖြစ်ပြီး အကြောင်းပြချက် ခိုင်လုံ၏။ ယခု အောက်ယွီ ပြန်လာလျှင်တောင် ဤအချက်ကို ပြောင်းလဲရန် ခက်ခဲလှသည်။ အကြောင်းမှာ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်သည် ရွှေစကားပင် ဖြစ်သောကြောင့်ပင်။
ထို့အပြင် အောက်ရှင်းကလည်း သားဖြစ်သူ တစ်သက်လုံး ပျော်ရွှင် ချမ်းမြေ့စွာ နေနိုင်လျှင် လုံလောက်ပြီဟု ယူဆထား၏။ နုလန်ဟောက်ဘွဲ့ကို မဆက်ခံလျှင်လည်း ကိစ္စမရှိပေ။ အောက်မင်သည်လည်း အမှန်တကယ် ထူးချွန်သူဖြစ်ရာ သူ့ကို နုလန်ဟောက်ဘွဲ့ ဆက်ခံခွင့် ပေးလိုက်ခြင်းကလည်း မကောင်းစရာ မရှိချေ။
“ကျွန်မ ဂရုမစိုက်ဘူး။”
မိခင် ဖြစ်သူက တူကို စားပွဲပေါ်သို့ ရုတ်တရက် ရိုက်ချလိုက်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။ “ကျွန်မတို့ရဲ့ နုလန်ဟောက်ဘွဲ့က ကျွန်မသားရဲ့ဟာပဲ ဖြစ်ရမယ်။ ရှင် ဧကရာဇ်မင်းမြတ်ဆီ သွားပြီးတော့ အမိန့်တော် ပြန်ရုပ်သိမ်းဖို့ ပြောလိုက်။”
အောက်ရှင်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။ “ကျုပ်သားက လောကကြီးနဲ့ အပြိုင်အဆိုင် လုပ်ချင်တဲ့ သူမှ မဟုတ်တာ။ သူ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေရရင်လည်း မကောင်းဘူးလား။”
မိခင်ဖြစ်သူက ဒေါသတကြီးဖြင့် အော်လိုက်၏။ “ရှင် ဘာသိလို့လဲ။ သူ နယ်စားဘွဲ့ကို ဆက်ခံလိုက်ရင် မိသားစု စီးပွားရေး ကျဆင်းသွားရင်တောင် နယ်စားဘွဲ့ ရှိနေသေးတော့ ဘယ်သူမှ သူ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။
တခြားသူကို နယ်စားဘွဲ့ ဆက်ခံခွင့် ပေးလိုက်ရင် ကျွန်မတို့ သေသွားတဲ့ အချိန်ကျရင် သားကို ဘယ်မှာ သွားနေခိုင်းမလဲ။ သူများ အိမ်မှာ ကပ်နေခိုင်းမလို့လား။ တခြားသူတွေက သူ့ကို လက်ခံပါ့မလား။ ဒီ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ မိသားစု စီးပွားရေးက ကျွန်မသား လက်ထက်မှာ ပျက်စီးသွားရင်တောင် အပြင်လူကိုတော့ မပေးနိုင်ဘူး။
အောက်ရှင်း... ရှင် ဧကရာဇ်မင်းမြတ်ဆီ မသွားရင် ကျွန်မ ကိုယ်တိုင် သွားပြောမယ်။” မိခင်ဖြစ်သူက ပြတ်သားစွာ ပြောလိုက်သည်။
အောက်ရှင်းသည် ယွင်ကျုံးဟဲ့ကို လှမ်းကြည့်ကာ မေးလိုက်၏။ “ယွီလေး... သား ဘယ်လို ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်သည်။ “ကျုပ် ဖေဖေ့ စကားကိုပဲ နားထောင်ပါ့မယ်။”
အောက်ရှင်းက ခေါင်းညိတ်လိုက်၏။ “အေး... ဖေဖေ သိပါပြီ။”
...................