← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 19 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 19 Ch. 213-214

အပိုင်း (၂၁၃)

နောက်တစ်နေ့ ယွင်ကျုံးဟဲ့ မနက်စာ စားပြီးနောက် နုလန်ဟောက် အောက်ရှင်းက ပြောလိုက်သည်။ “ယွီလေး... လက်ဆောင်တွေယူပြီး ဖေဖေနဲ့ အပြင် ခဏလိုက်ခဲ့။”

ယွင်ကျုံးဟဲ့ (အောက်ယွီ)က မေးလိုက်၏။ “ဖေဖေ... ဘယ်သွားမလို့လဲ။”

အောက်ရှင်းက ပြောလိုက်သည်။ “ဝေ့မြို့စားကြီး အိမ်တော်ကို သွားမလို့။”

ယွင်ကျုံးဟဲ့ မှင်တက်သွား၏။

အောက်ရှင်းက ဆက်ပြောလိုက်သည်။ “ဝေ့မြို့စားကြီးက သားရဲ့ ယောက္ခမလေ။ အခု သားပြန်လာပြီဆိုတော့ သူ့ကို သွားပြီး ဂါရဝပြုရမှာပေါ့။ ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်က သားတို့ မင်္ဂလာဆောင်ရမှာကို နောက်ကျသွားတာ။ အခု သား ပြန်လာပြီဆိုတော့ နီးစပ်ရာ ရက်တစ်ရက်ရွေးပြီး သားကို မင်္ဂလာဆောင် ပေးရမယ်။”

‘မင်္ဂလာဆောင်ရမယ် ဟုတ်လား။ အောက်ယွီက ဝေ့မြို့စားကြီးရဲ့ သမီးလေးကို လက်ထပ်ရမှာ ဟုတ်လား။ ဒါက မြို့စားကြီးနော်... တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးမှာ မြို့စားကြီးဘွဲ့ ရထားသူ ဘယ်နှစ်ယောက်မှ မရှိဘူးလေ။ အခု သူက မြို့စားကြီး အိမ်တော်က သမီးလေးကို လက်ထပ်ရမယ် ဟုတ်လား။’

ဝေ့မြို့စားကြီး၏ အိမ်တော်သည် ကျန်းကျိုး အတွင်းမြို့တော်၏ အလယ်ဗဟို နေရာတွင် ရှိသည်။ အမှန်တကယ်ပင် နုလန်ဟောက် အိမ်တော်ထက် ပိုမို ကြီးကျယ်ခမ်းနားပြီး သြဇာညောင်းလှ၏။ အစစ်အမှန် ကြီးကျယ်သော မှူးမတ် အိမ်တော်ကြီးဖြစ်ပြီး ဧရိယာ ဧက တစ်ထောင်ကျော် ကျယ်ဝန်းသည်။ ဤသည်မှာ အတွင်းမြို့တော် ဖြစ်ကြောင်း သတိပြုရန် လိုအပ်၏။

အောက်ရှင်းက ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ဝေ့မြို့စားကြီးကို အောက်ရှင်း လာတွေ့ပါတယ်လို့ သွားရောက် သတင်းပို့ပေးပါ။”

ခဏအကြာတွင် အထဲမှ ကြီးကျယ် ခမ်းနားသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုသူမှာ ဝေ့မြို့စားကြီးပင် ဖြစ်၏။ “ခမည်းခမက်ရေ... နောက်ဆုံးတော့ ရောက်လာပြီပဲ။ မြန်မြန် ဝင်ခဲ့ပါ... မြန်မြန် ဝင်ခဲ့ပါ။”

ထို့နောက် အလွန် ရဲရင့် ခန့်ညားသော အမျိုးသားတစ်ဦး ထွက်လာ၏။ ရွှေရောင်ချည်ထိုး အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဒေါသထွက်နေဟန် မပေါ်သော်လည်း အလိုအလျောက် သြဇာညောင်းနေသည်။

နုလန်ဟောက် အောက်ရှင်းက ယွင်ကျုံးဟဲ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ယွီလေး... ယောက္ခမကို အရိုအသေ မပေးသေးဘူးလား။”

ဝေ့မြို့စားကြီး တွမ်ပိ သည် ယွင်ကျုံးဟဲ့ (အောက်ယွီ)ကို မြင်တွေ့ပြီးနောက် မျက်နှာပေါ်တွင် အနည်းငယ် အနေရခက်သော အမူအရာ ထွက်ပေါ်လာ၏။

နုလန်ဟောက် အောက်ရှင်းက ထပ်ပြောလိုက်သည်။ “ယွီလေး... ဘာရပ်လုပ်နေတာလဲ။ ယောက္ခမကို အရိုအသေ မပေးသေးဘူးလား။”

ယွင်ကျုံးဟဲ့သည် ရှေ့သို့ တိုးကာ ခါးညွှတ် အရိုအသေပေးလိုက်၏။ “သမက်တော်က ယောက္ခမကို ဂါရဝပြုပါတယ်။”

ဝေ့မြို့စားကြီး တွမ်ပိက ရယ်မောလျက် ပြောလိုက်သည်။ “တူတော် နေကောင်းရဲ့လား။ တူတော် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတယ်ဆိုတာ ကြားရတော့ ကျုပ် တကယ် ဝမ်းသာမိတယ်။”

ထိုစကားတွင် တစ်ခုခု မှားယွင်းနေ၏။ သမက်တော်ဟု မခေါ်ဘဲ တူတော်ဟု ခေါ်ဆိုနေ၏။

နုလန်ဟောက် အောက်ရှင်း၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွား၏။ သူက မေးလိုက်သည်။ “ဝေ့မြို့စားကြီး... ဒါ ဘာသဘောလဲ။ အရင်က ကျုပ်တို့ သဘောတူထားတဲ့ စေ့စပ်ထားမှုက အတည်မဖြစ်တော့ဘူးလား။ ခင်ဗျား ကတိဖျက်မလို့လား။”

ဝေ့မြို့စားကြီး က ပြုံးလိုက်၏။ “ညီတော်... အထဲဝင်ပြီးမှ စကားပြောကြတာပေါ့။”

နုလန်ဟောက် အောက်ရှင်းက ခေါင်းခါလိုက်သည်။ “မလိုဘူး... ဒီမှာပဲ ပြော”

ဝေ့မြို့စားကြီး တွမ်ပိက ပြောလိုက်၏။ “ညီတော်အောက်... ကျုပ်တို့ သဘောတူထားတဲ့ စေ့စပ်မှုက သေချာပေါက် အတည်ဖြစ်ပါတယ်။ ကျုပ်တို့ အားလုံးက တောင်ပိုင်းကျိုးအင်ပါယာရဲ့ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ မှူးမတ်မျိုးနွယ်တွေပဲ။ စေ့စပ်ထားတာကို ဘယ်လိုလုပ် ဖျက်လို့ရမှာလဲ။ ဒါပေမဲ့ ကိစ္စတွေက နည်းနည်း ပြောင်းလဲသွားလို့ပါ။”

အောက်ရှင်းက မေးလိုက်သည်။ “ဘာပြောင်းလဲသွားတာလဲ။”

တွမ်ပိ က ဖြေလိုက်၏။ “လွန်ခဲ့တဲ့အချိန်က တူတော် အောက်ယွီ ရောဂါ ပြင်းထန်ပြီး အသက်အန္တရာယ် ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တယ် မဟုတ်လား။ အဲဒီနောက် လအတော်ကြာ သတင်းအစအန လုံးဝ မရတော့ဘူး။ ကျုပ်သမီးကလည်း အရွယ်ရောက်နေပြီဆိုတော့ အချိန်ဆွဲထားလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ကျုပ်တို့ကလည်း ဒီစေ့စပ်မှုကို မဖျက်ချင်ဘူး။ အဲဒီအချိန်မှာ ဧကရာဇ်မင်းမြတ်က အောက်မင်ကို ညီတော်ရဲ့ မွေးစားသားအဖြစ် ဆက်ခံဖို့ အမိန့်တော် ချမှတ်ခဲ့တယ်လေ။

ဒါကြောင့် ကျုပ်လည်း ခင်ဗျားတို့ အိမ်တော်က အကြီးအကဲနဲ့ တိုင်ပင်ပြီး ကျုပ်သမီး ရင်ရင်နဲ့ အောက်မင် တို့ကို စေ့စပ်ပေးလိုက်တယ်။ ဒါကြောင့် ကျုပ်တို့က ဆွေမျိုးတွေ ဖြစ်နေတုန်းပဲ။ ယင်းယင်းက အောက်ယွီကို မလက်ထပ်ဘဲ အောက်မင်ကို လက်ထပ်ရုံ သက်သက်ပါပဲ။”

ထိုစကားကြောင့် ယွင်ကျုံးဟဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ အချက်အလက်များထဲတွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။ လွန်ခဲ့သော နှစ်နှစ်က ဆယ့်တစ်လပိုင်းတွင် တွမ်ပိနှင့် အောက်ရှင်းတို့သည် မိသားစု နှစ်ခုကြား စေ့စပ်မှု ပြုလုပ်ခဲ့ကြသည်။

ထိုစဉ်က ဤစေ့စပ်မှု သည် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ တွမ်ယင်းယင်းသည် ဝေ့မြို့စားကြီး၏ သမီးအရင်း ဖြစ်ရုံသာမက ကျန်းကျိုးမြို့တွင် ကျော်ကြားသော စာပေပညာရှင် အမျိုးသမီး တစ်ဦးဖြစ်သည်။ တူရိယာ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီ အားလုံးကို ကျွမ်းကျင်သူလည်းဖြစ်ရာ သူမကို လိုက်လံ ပိုးပန်းသူများသည် မြစ်ထဲရှိ ငါးများကဲ့သို့ များပြားလှ၏။

အောက်ယွီက မည်သို့သော လူနည်း။ မိတ်ဆက်ပေးရန်ပင် မလိုအပ်တော့ချေ။ တောင်ပိုင်းကျိုးအင်ပါယာ၏ နံပါတ်တစ် အသုံးမကျသူ၊ မိန်းမတစ်သောင်းနှင့် အိပ်စက်ရန် ကြွေးကြော်ထားသူ၊ အောက်ခြေအဆင့် ပြည့်တန်ဆာရုံများသို့ အမြဲ သွားရောက်လေ့ ရှိသူ ဖြစ်၏။ ဤနာမည်ဆိုးမှာ အလွန် ဆိုးရွားလွန်းလှသည်။

တွမ်ယင်းယင်းကို အောက်ယွီနှင့် စေ့စပ်ပေးလိုက်သည်လား။ ဖားပြုတ်နှင့် ငန်းဖြူ ဟူသော စကားပုံဖြင့်ပင် နှိုင်းယှဉ်၍ မရသကဲ့သို့ နွားချေးပုံပေါ် ပန်းပွင့် စိုက်ထားသည် ဟူသော စကားပုံဖြင့်လည်း နှိုင်းယှဉ်၍ မရနိုင်ချေ။

ဤစေ့စပ်မှုသတင်း ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော လူငယ်များသည် ရင်ကွဲမတတ် နာကျင်ခဲ့ကြပြီး အချစ်ကို ထာဝရ ဆုံးရှုံးလိုက်ရသကဲ့သို့ နာကျင်ဖွယ် ကဗျာများစွာကို ရေးဖွဲ့ခဲ့ကြ၏။ မှူးမတ် အများအပြားသည်လည်း ဝေ့မြို့စားကြီး ကို စိတ်ထဲမှ လှောင်ပြောင်ခဲ့ကြသည်။

‘ခင်ဗျားကလည်း မြို့စားကြီး တစ်ယောက်ပဲလေ။ ထိပ်တန်း မှူးမတ် မျိုးနွယ်ပဲ။ အောက်ရှင်းက အင်ပါယာရဲ့ အာဏာရှိ အမတ်ကြီးဖြစ်ပြီး တခြားသူတွေက သူ့ကို ဖားယားဖို့ လိုအပ်ရင်တောင် ခင်ဗျားက လိုအပ်လို့လား။ ခင်ဗျားရဲ့ ဘွဲ့က အောက်ရှင်းထက် ပိုမြင့်နေသေးတယ် မဟုတ်လား။’

ထို့အပြင် တွမ်ယင်းယင်း ဟူသော မိန်းကလေးသည် အလွန် မာနကြီးပြီး စာပေပညာ ထူးချွန်သူဖြစ်ရာ သူမက ဤစေ့စပ်မှုကို သေချာပေါက် ဆန့်ကျင်မည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြ၏။ သို့ပေမည့် လုံးဝ မထင်မှတ်ထားလောက်အောင် သူမသည် တိတ်ဆိတ်စွာပင် လက်ခံခဲ့သည်။ ဤသည်မှာ သူမ၏ စရိုက်လက္ခဏာနှင့် လုံးဝ မကိုက်ညီချေ။

သို့ပေမည့် ထိုစဉ်က လူဝကြီး အောက်ယွီက သူ့ကိုယ်သူ တွမ်ယင်းယင်းနှင့် မထိုက်တန်ဟု ခံစားရသောကြောင့် ကိုယ်တိုင် မင်္ဂလာပွဲမှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ ဤအချက်အလက်များကို ဖတ်ရှုချိန်တွင် အလွန် ထူးဆန်းနေခဲ့၏။ တွမ်ယင်းယင်း သည် မာနကြီးရုံသာမက မျက်လုံးကို ခေါင်းပေါ် တင်ထားသူဖြစ်ရာ အောက်ယွီကို မည်သို့ လက်ထပ်ရန် သဘောတူနိုင်မည်နည်း။ သူမသည် အောက်ယွီ ကို မျက်စိထောင့်ဖြင့်ပင် ကြည့်မည် မဟုတ်ချေ။

သို့ပေမည့် ထိုစဉ်က အောက်ရှင်း ဇနီးမောင်နှံမှာ အလွန် ဝမ်းသာခဲ့ကြ၏။ သူတို့၏ သားသည် အလွန် ထူးချွန်ပြီး အကောင်းဆုံး ဖြစ်သည်ဟု ယူဆထားကြသည်။ သို့ပေမည့် လူတိုင်း၏ အမြင်တွင် အောက်ယွီ သည် နံပါတ်တစ် အသုံးမကျသူ ဖြစ်၏။

ယခု အရွယ်ရောက်နေပြီ ဖြစ်သော်လည်း အိမ်ထောင်ဘက် မရသေးရာ သာမန် မိသားစုနှင့် စေ့စပ်၍လည်း မဖြစ်ချေ။ အဆင့်အတန်း တူညီသူကို ရှာဖွေလိုသော်လည်း လုံးဝ ရှာမတွေ့ဘဲ တစ်ဖက် မိန်းကလေးများက အောက်ယွီကို အထင်မကြီးကြပေ။ယခု ဝေ့မြို့စားကြီးက စေ့စပ်ရန် ကမ်းလှမ်းလာသောကြောင့် အောက်ရှင်း ဇနီးမောင်နှံမှာ အလွန်အမင်း ဝမ်းသာသွားကြတော့၏။

သူတို့၏ သားလေးသည် မိန်းမ ရရုံသာမက ရုပ်ရည်၊ ခန္ဓာကိုယ် အချိုးအစား၊ စာပေပညာ၊ အဆင့်အတန်း အားလုံး ပထမတန်းစား ဖြစ်သော ချွေးမ တစ်ယောက်ကို ရရှိမှာ ဖြစ်သည်။

မည်သည့် မိဘမဆို မိမိ၏ သားအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဇနီးကောင်း တစ်ယောက်ကို လက်ထပ်နိုင်စေရန် လိုလားကြ၏။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် မွေးရာပါ လျှို့ဝှက်အကြံအစည်များကို တွေးတောတတ်သူဖြစ်ရာ ထိုသို့ လုံးဝ မယူဆခဲ့ချေ။

ဝေ့မြို့စားကြီး စေ့စပ်ရန် ကမ်းလှမ်းလာသည့် အကြောင်းရင်းမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလွန်းလှ၏။ ထိုအရာမှာ သူက အောက်ယွီ သေချာပေါက် သေမည်ဟု ယူဆထားသောကြောင့် ဖြစ်၏။

အောက်ယွီ ကျန်းမာရေး မကောင်းခြင်းမှာ ထိပ်တန်း မှူးမတ် အသိုင်းအဝိုင်းတွင် လျှို့ဝှက်ချက် တစ်ခု မဟုတ်ပေ။ သမားတော် အများအပြားက သူ အသက်ရှည်မည် မဟုတ်ကြောင်း ကောက်ချက်ချထားပြီး မကြာမီ နှစ်အနည်းငယ်အတွင်း သေဆုံးမည် ဖြစ်ကြောင်း ပြောဆိုထားကြသည်။

ထို့ကြောင့် အောက်မိသားစုထဲမှ ထူးချွန်သော လူငယ်တစ်ဦးကို အောက်ရှင်း၏ မွေးစားသားအဖြစ် အမွေဆက်ခံစေရန်မှာ သေချာနေသော ကိစ္စတစ်ခု ဖြစ်သည်။ ဤကဲ့သို့ မွေးစားသားအဖြစ် အမွေဆက်ခံခြင်းမှာ မှူးမတ်များ အကြား အလွန် အဖြစ်များပြီး မရေမတွက်နိုင်အောင် ရှိလှ၏။

အခြားသူများကို မပြောနှင့်၊ အောက်ရှင်း ကိုယ်တိုင် ပင် မွေးစားသားအဖြစ် အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။ သူ၏ ဖခင်အရင်းမှာ အောက်ထင်ဖြစ်ပြီး ယခင် နုလန်ဟောက်မှာ အောက်ချင်း ဖြစ်၏။ သူ့တွင် သားသုံးယောက် ရှိခဲ့ရာ မူလက ဆက်ခံသူ မလိုချင်ခဲ့ပေ။

သို့ပေမည့် တာ့လျန်နိုင်ငံနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲကြီး တစ်ခုတွင် သားနှစ်ယောက် ကျဆုံးသွားခဲ့ပြီး အငယ်ဆုံး သားလေး တစ်ယောက်သာ ကျန်ရှိတော့၏။ ထိုအငယ်ဆုံး သားလေးသည်လည်း ကျောက်ရောဂါ ကူးစက်ခံရကာ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

ထို့ကြောင့် ယခင် နုလန်ဟောက် အောက်ချင်းတွင် ဆက်ခံသူ မရှိတော့သောကြောင့် ဆွေမျိုးများထဲမှ အထူးချွန်ဆုံး လူငယ် တစ်ဦးကို မွေးစားသားအဖြစ် ခေါ်ယူခဲ့ရသည်။ ထိုသူမှာ အောက်ရှင်း ပင်ဖြစ်၏။

ထိုစဉ်က အောက်ရှင်းသည် စစ်ဖက်ဆိုင်ရာ အရာရှိများအကြား ထင်ပေါ် ကျော်ကြားနေပြီဖြစ်ပြီး အသက် နှစ်ဆယ်ကျော်အရွယ်မှာပင် စစ်မှုထမ်း ဂုဏ်များကြောင့် စစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ဖြစ်သည်။

ယခု ဝေ့မြို့စားကြီး ပြောဆိုနေသော အောက်အိမ်တော်၏ အကြီးအကဲ ဆိုသည်မှာ အောက်ရှင်း၏ ဖခင်အရင်း အောက်ထင် ပင်ဖြစ်၏။ သူသည် အောက်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး ဆွေမျိုး ကိစ္စများတွင် အမြဲတမ်း ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သူ ဖြစ်၏။

အောက်ရှင်းသည် ပုံမှန်အားဖြင့် ဤအကြီးအကဲ အောက်ထင်ကို ဘကြီးဟု ခေါ်ဆိုလေ့ရှိပြီး လုံးဝ ရိုသေ လေးစားကာ သားသမီး ဝတ္တရား ကျေပွန်သူ ဖြစ်၏။ အောက်မင်ကို အောက်ရှင်း၏ မွေးစားသားအဖြစ် ခန့်အပ်ခြင်းမှာလည်း အကြီးအကဲ အောက်ထင်၏ ဆန္ဒပင် ဖြစ်သည်။

ဝေ့မြို့စားကြီး တွမ်ပိသည် ထိုအချက်ကို အဓိက သတိထားမိခဲ့ခြင်း ဖြစ်၏။အကြောင်းမှာ အောက်မင် သည် စာပေပညာ၊ နာမည်ဂုဏ်သတင်း၊ ရုပ်ရည်နှင့် ဟန်ပန် အမူအရာ အားလုံး ပထမတန်းစား ဖြစ်သောကြောင့်ပင်။

မည်သည့်ဘက်မှ ကြည့်ကြည့် အောက်မင် နှင့် တွမ်ယင်းယင်း တို့သည် ဖန်ဆင်းရှင် ဖန်တီးပေးထားသော လိုက်ဖက်ညီသည့် စုံတွဲ တစ်တွဲ ဖြစ်နေသည်။ အောက်ယွီ သေဆုံးသွားသည်နှင့် အောက်မင်က အမွေဆက်ခံမည် ဖြစ်ပြီး တွမ်ယင်းယင်းသည်လည်း သဘာဝကျစွာ အောက်မင်နှင့် လက်ထပ်ရမှာဖြစ်၏။

ထို့ကြောင့် ဝေ့မြို့စားကြီးသည် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ အောက်ယွီ သေဆုံးပြီးနောက် နှစ်ဝက်ခန့် အကြာတွင် အောက်မင်နှင့် တွမ်ယင်းယင်းတို့ကို လက်ထပ်ပေးရန် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဤအကြီးအကဲ အောက်ထင်သည် ဝေ့မြို့စားကြီးနှင့် တိုက်ရိုက် တိုင်ပင်ကာ အောက်မင်နှင့် တွမ်ယင်းယင်း တို့ကို စေ့စပ်ပေးခဲ့သည်။ ဆိုလိုသည်မှာ အောက်ယွီ သေဆုံးသွားမှုအပေါ် ဝေ့မြို့စားကြီး မိသားစု တစ်ခုလုံးက လက်ခုပ်တီးကာ အားပေးနေကြခြင်း ဖြစ်၏။

ယခုအခါ တွမ်ယင်းယင်း အဘယ်ကြောင့် ဤစေ့စပ်မှုကို မဆန့်ကျင်ခဲ့သနည်း ဆိုသည်ကို နားလည်သွားပြီ ဖြစ်သည်။ သူမသည် အောက်ယွီ သေချာပေါက် သေမည်ကို သိရှိထားပြီး သူမ လက်ထပ်ရမည်မှာ စာပေပညာရှင် လူချောလေး အောက်မင် သာဖြစ်ပြီး အသုံးမကျသူ အောက်ယွီ မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။

အပိုင်း (၂၁၄)

ယခုအချိန်တွင် နုလန်ဟောက် အောက်ရှင်းသည် အတိုင်းအဆမဲ့သော ဒေါသကို ခံစားနေရ၏။ သူသည် လူမှု ဆက်ဆံရေး မကောင်းသကဲ့သို့ လူ့သဘာဝကို နားမလည်လျှင်တောင် ဤအကြောင်းအရာ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။ အလွန် ရည်ရွယ်ချက် ဆိုးရွားလွန်းလှ၏။

‘ခင်ဗျားတို့ ဝေ့မြို့စားကြီး အိမ်တော်က ကျုပ်သားလေးကို အထင်မကြီးရင် စေ့စပ်ဖို့ မကမ်းလှမ်းခဲ့နဲ့ပေါ့။ လက်မထပ်ရသေးခင်တည်းက ကျုပ်သား စောစော သေဖို့ မျှော်လင့်နေပြီး အောက်မင်ကို လက်ထပ်ဖို့ ပြင်ဆင်နေတာလား။’

ချက်ချင်းပဲ အောက်ရှင်းသည် ဒေါသတကြီးဖြင့် မေးလိုက်သည်။ “တွမ်ယင်းယင်းနဲ့ အောက်မင်တို့ စေ့စပ်တဲ့ကိစ္စ ကျုပ် ဘာလို့ မသိရတာလဲ။”

ဝေ့မြို့စားကြီးက ပြုံးကာပြောလိုက်၏။ “အဲဒီအချိန်က ညီတော် အပြင်မှာ စစ်တိုက်ထွက်နေပြီး နိုင်ငံတော်ရဲ့ အရေးကြီး ကိစ္စတွေမှာ အာရုံစိုက်နေရတာလေ။ ဒီလို သားသမီး အချစ်ရေး ကိစ္စတွေနဲ့ ဘယ်နှောင့်ယှက်ရဲပါ့မလဲ။ ပြီးတော့ ညီတော်ကလည်း အမြဲတမ်း အိမ်တွင်းရေးတွေကို ဂရုစိုက်လေ့ မရှိဘဲ အရာအားလုံးကို အိမ်က အကြီးအကဲကပဲ စီစဉ်နေတာလေ။

အဲဒီကာလတုန်းက ကျုပ်တို့ အိမ်တော်က ဘွားဘွားကြီး နေမကောင်း ဖြစ်နေလို့ အခြေအနေ အရမ်း အရေးပေါ် ဖြစ်နေတယ်။ ယင်းယင်းက ငယ်ငယ်လေးတည်းက အဘွားရဲ့ ရင်ခွင်ထဲမှာ ကြီးပြင်းလာတာ ဆိုတော့ အရမ်း လိမ္မာပြီး ဘွားဘွားကြီးရဲ့ ရောဂါ ပျောက်ကင်းအောင် မင်္ဂလာကိစ္စနဲ့ ယတြာချေချင်တယ်လို့ ပြောလာတယ်။

ဒါကြောင့် မိသားစုနှစ်ခုက မင်္ဂလာ ကိစ္စကို အတည်ပြုလိုက်တာပါ။ အဲဒီနောက် ကျုပ်တို့ အိမ်တော်က ဘွားဘွားကြီးလည်း အရမ်း ဝမ်းသာသွားပြီး တကယ်ပဲ ရောဂါ ပျောက်ကင်းသွားတယ်။”

‘ဟုတ်လို့လား။ ဒါဆိုလည်း အရမ်း တိုက်ဆိုင်လွန်းနေပြီ။’

“ဒါဆို ကျုပ်ဇနီးက ဘာလို့ မသိရတာလဲ။” အောက်ရှင်းက ဒေါသတကြီး မေးလိုက်သည်။

ဝေ့မြို့စားကြီးက ရှင်းပြလိုက်၏။ “အဲဒီအချိန်က ကတော်က ကုတင်ပေါ်မှာ နာမကျန်း ဖြစ်နေတာလေ။ သူ့ကို အရမ်း ထိတ်လန့်သွားမှာ စိုးရိမ်လို့ မပြောပြခဲ့တာပါ။”

“ဟား… ဟား… ဟား…” နုလန်ဟောက် အောက်ရှင်းသည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်တော့သည်။

သူသည် အင်ပါယာ၏ အရေးပါသော အမတ်ကြီး တစ်ဦး အနေဖြင့် တစ်နှစ်ပတ်လုံး အပြင်တွင် စစ်တိုက်နေခြင်း မရှိပါက နန်းတွင်းတွင် အလုပ်များနေလေ့ ရှိသည်။ မကြာသေးမီကမှ အနည်းငယ် အားလပ်လာခြင်းဖြစ်ပြီး တစ်နှစ်ပတ်လုံး အိမ်သို့ ပြန်လေ့ မရှိချေ။

ထို့ကြောင့် အိမ်တွင်းကိစ္စ အဝဝကို အကြီးအကဲ အောက်ထင်ကို လွှဲပြောင်းပေးထားပြီး အိမ်တော်အတွင်းရှိ ကိစ္စများကိုမူ သူ၏ ဇနီးက စီမံခန့်ခွဲ၏။ သူ၏ ဇနီးသည် ဒေါသကြီးသူဖြစ်ရာ အကြီးအကဲ အောက်ထင်နှင့် ဆက်ဆံရေး အလွန် တင်းမာလေ့ ရှိပြီး အောက်ရှင်းမှာ အမြဲတမ်း ကြားညပ်ကာ အခက်တွေ့လေ့ ရှိသည်။

သေချာသည်မှာ နုလန်ဟောက် ကတော်နှင့် အကြီးအကဲ အောက်ထင်တို့ ဆက်ဆံရေး မကောင်းခြင်း၏ အဓိက အကြောင်းရင်းမှာ အောက်ယွီကြောင့်ပင် ဖြစ်၏။ အကြီးအကဲသည် အောက်ယွီကို အလွန် မနှစ်သက်ဘဲ အမြဲတမ်း ဆူပူ ကြိမ်းမောင်းကာ ကိုယ်ထိလက်ရောက် အပြစ်ပေးလေ့ ရှိ၏။

နုလန်ဟောက် ကတော်သည် သားဖြစ်သူအတွက် အကြီးအကဲကို အကြိမ်ကြိမ် ပြန်လည် အာခံလေ့ ရှိ၏။ ထို့ကြောင့် ယောက္ခထီးနှင့် ချွေးမ၏ ဆက်ဆံရေးမှာ အလွန် ဆိုးရွားလှသည်။

အောက်ထင်သည် အောက်ရှင်း၏ ဖခင်အရင်း ဖြစ်သော်လည်း အမည်ခံအနေဖြင့် ဘကြီး ဖြစ်နေဆဲဖြစ်ရာ အိမ်တော် အတွင်း၌ နုလန်ဟောက် ကတော်သည် သူ့ကို ယှဉ်ပြိုင် တောင့်ခံထားနိုင်သေး၏။

သို့ပေမည့် အောက်ယွီ ရောဂါ ပြင်းထန်လာချိန်တွင် နုလန်ဟောက် ကတော်သည် နေ့စဉ် မျက်ရည်ဖြင့် မျက်နှာသစ်ကာ ဝမ်းနည်း ပူဆွေးနေသောကြောင့် အိမ်တွင်းရေး ကိစ္စများကို အပြည့်အဝ လက်လွှတ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲ အောက်ထင်သည် အာဏာ အားလုံးကို ချုပ်ကိုင်ထားပြီး ပြတ်ပြတ်သားသား အမိန့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မနေ့ကပင် အောက်ရှင်းသည် ထမင်းမစားမီ အကြီးအကဲ အောက်ထင်ကို သွားရောက် ဂါရဝပြုရန် အတင်းအကျပ် တောင်းဆိုခဲ့၏။ သို့ပေမည့် နုလန်ဟောက် ကတော်သည် ထမင်းစားပြီးမှသာ သွားရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။ ထိုနေရာတွင် ဒူးထောက်ကာ မဆုံးနိုင်သော ဆုံးမစကားများကို နားမထောင်ချင်၍ ဖြစ်၏။

အောက်ရှင်းသည် ဇနီးကို မလွန်ဆန်နိုင်သောကြောင့် ညစာစားပြီးမှသာ ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အကြီးအကဲ အောက်ထင်ကို သွားရောက် ဂါရဝပြုခဲ့သည်။ ရလဒ်မှာမူ အောက်ယွီကို အကြီးအကဲက လုံးဝ လျစ်လျူရှုထားခဲ့၏။ အကြီးအကဲ အောက်ထင်သည် အဆက်မပြတ် ဆုံးမစကားများ ပြောဆိုနေပြီး အောက်ရှင်းကို နာရီဝက်တိတိ ဆုံးမနေခဲ့သည်။

ယခုအခါ ယွင်ကျုံးဟဲ့နှင့် အောက်ရှင်းတို့ နှစ်ဦးစလုံး နားလည်သွားပြီ ဖြစ်၏။ အောက်မင်ကို နုလန်ဟောက်ဘွဲ့ ဆက်ခံခွင့်ပေးခြင်းသည် အောက်မိသားစု တစ်ခုလုံး၏ ဘုံဆန္ဒ ဖြစ်သကဲ့သို့ ဝေ့မြို့စားကြီး မိသားစု တစ်ခုလုံး၏ ဆန္ဒလည်း ဖြစ်၏။

ထို့အပြင် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပါဝင်ကာ အောက်မင်ကို မွေးစားသားအဖြစ် ဆက်ခံစေခြင်းမှာ အပေါ်ယံအားဖြင့် အောက်ရှင်းအပေါ် မျက်နှာသာပေးခြင်း ဖြစ်သော်လည်း အောက်မိသားစုနှင့် ဝေ့မြို့စားကြီး အိမ်တော်တို့က နောက်ကွယ်မှ အင်အား မသုံးထားဘူးဟု မဆိုနိုင်ချေ။

ထို့ကြောင့် အောက်မင်၏ ကျောထောက်နောက်ခံမှာ အလွန် ကြီးမားလှ၏။ အကြီးအကဲ အောက်ထင် သာမက အောက်မိသားစု တစ်ခုလုံးနှင့် ဝေ့မြို့စားကြီး အိမ်တော်ပါ ပါဝင်နေသည်။

အောက်ရှင်းသည် အမှန်တကယ် စိတ်ပျက်သွားတော့၏။ နုလန်ဟောက် အိမ်တော်သည် မူလတည်းက ကျဆင်းနေပြီဖြစ်ပြီး သူ အပြင်ဘက်တွင် သွေးထွက်သံယို စစ်တိုက်ခဲ့သောကြောင့်သာ အောက်မိသားစုသည် ယခုကဲ့သို့ ကြီးကျယ် ခမ်းနားလာခဲ့ခြင်း ဖြစ်၏။

သူ့ကို နယ်စားကြီးဘွဲ့ မပေးအပ်ခဲ့သောကြောင့် ညီအစ်ကို သုံးယောက်ကို နယ်စားငယ်ဘွဲ့များ ပေးအပ်ခဲ့ခြင်း ဖြစ်၏။ အောက်မိသားစုသည် ယခုအခါ မည်မျှ ထင်ပေါ် ကျော်ကြားနေသနည်း။ ရလဒ် အနေဖြင့် သူတို့က နောက်ကွယ်ကနေ ဤကဲ့သို့သောအကြံအစည်များ လုပ်နေလေသည်လား။

‘ခင်ဗျားတို့က ကျုပ်သား အောက်ယွီကို အရူး တစ်ယောက်လို ကစားနေတာလား။ ကျုပ်သားကို အထင်မကြီးရင် ပွင့်ပွင့်လင်းလင်း ပြောလေ။ ဘာလို့ ဟန်ဆောင်ပြီး စေ့စပ်ဖို့ ကမ်းလှမ်းရတာလဲ။ ပြီးတော့ သူသေဖို့ မစောင့်နိုင်အောင် မျှော်လင့်နေပြီး အောက်မင်ကို လက်ထပ်ဖို့ ပြင်ဆင်နေတာလား။ တကယ်ကို ရည်ရွယ်ချက် ဆိုးရွားလွန်းတယ်။’

“သွားခွင့်ပြုပါအုံး။” နုလန်ဟောက် အောက်ရှင်းသည် မျက်နှာ အကြီးအကျယ် ပျက်ယွင်းကာ တိုက်ရိုက် ထွက်ခွာသွားတော့၏။

ဝေ့မြို့စားကြီး တွမ်ပိက ပြုံးကာ ပြောလိုက်သည်။ “ခမည်းခမက် ဖြည်းဖြည်း သွားပါ။ နောက်ဆက်တွဲ ကလေး နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စတွေကို ညီတော်ကပဲ စီစဉ်ပေးရမှာနော်။ ညီတော်က မင်လေးရဲ့ အဖေပဲဟာ။”

ဝေ့မြို့စားကြီး တွမ်ပိ သည် ထိုစကားကို ပြောချိန်တွင် ယွင်ကျုံးဟဲ့ကို လှမ်းကြည့်လိုက်သေး၏။ ထိုအဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှ၏။

‘အောက်မင်က ဘယ်လောက်တောင် အရည်အချင်း ရှိတဲ့သူလဲ။ ခင်ဗျားရဲ့ သားအရင်း အောက်ယွီက ဘယ်လောက်တောင် အသုံးမကျတဲ့သူလဲ။ မူလက သူ သေသွားရင် အရာအားလုံး အဆင်ပြေပြီ။ အခု ပြန်ရောက်လာလည်း ကိစ္စမရှိပါဘူး။ အသုံးမကျတဲ့ သူ တစ်ယောက် အနေနဲ့ပဲ မွေးထားလိုက်ပေါ့။ အောက်မင် ကမှ ခင်ဗျားရဲ့ အနာဂတ်ပဲ။ သူကမှ နုလန်ဟောက် အိမ်တော်ကို ပိုမို ကြီးကျယ် ခမ်းနားအောင် လုပ်ပေးနိုင်မှာ။’

နုလန်ဟောက် အောက်ရှင်းသည် ဂရုမစိုက်ဘဲ အေးစက်စွာဖြင့် လှည့်ထွက်သွားတော့သည်။

အောက်ရှင်း ထွက်သွားပြီးနောက် ဝေ့မြို့စားကြီးသည် အိမ်တော် အတွင်းသို့ ပြန်ဝင်လာ၏။ သူ၏ မိခင်အိုကြီး၊ ဝေ့မြို့စားကြီး အိမ်တော်၏ သခင်မကြီးက မေးလိုက်သည်။ “အောက်ရှင်း ပြန်သွားပြီလား။”

“ပြန်သွားပါပြီ။”

ဝေ့မြို့စားကြီးက ပြောလိုက်၏။ “လူမှုဆက်ဆံရေး မကောင်းတာ အရင်တိုင်းပဲ။”

ဝေ့မြို့စားကြီးအိမ်တော်၏ သခင်မကြီးက ထပ်မေးလိုက်သည်။ “သူ့ရဲ့ အဲဒီသားကို မင်း အိမ်ထဲ အဝင်မခံဘူး မဟုတ်လား။”

ဝေ့မြို့စားကြီးက ခေါင်းညိတ်လိုက်၏။ “မဝင်ခိုင်းပါဘူး။”

ဘေးရှိ ပန်းချီကား တစ်ချပ်ကဲ့သို့ လှပသော အမျိုးသမီး တစ်ဦးက ပြုံးလျက် ပြောလိုက်သည်။ “နုလန်ဟောက်က တကယ် အပြစ်ကင်းလွန်းတာပဲ။ သူက ကျွန်မအနေနဲ့ သူ့ရဲ့ သားအရင်းကို အထင်ကြီးလိမ့်မယ်လို့ တကယ် ထင်နေတာလား။ အစ်ကိုမင် မဟုတ်ရင် ကျွန်မတို့ အိမ်တော်က နုလန်ဟောက် အိမ်တော်နဲ့ စေ့စပ်ဖို့ ဘယ်စိတ်ဝင်စားပါ့မလဲ။”

ဘေးရှိ လူလတ်ပိုင်း အမျိုးသမီး တစ်ဦးက ဝင်ပြောလိုက်၏။ “ဟုတ်တယ် မဟုတ်လား။ အောက်ရှင်းရဲ့ အာဏာက ဘယ်လောက် ကြီးကြီး ခဏတာပဲလေ။ ရာထူးတက်လာတဲ့ သူဌေးသစ်တွေပဲဟာ။ ကျွန်မတို့ ဝေ့မြို့စားကြီး အိမ်တော်ရဲ့ မျက်စိထဲကို မဝင်ပါဘူး။ သူတို့က နယ်စားအိမ်တော် သက်သက်ပါပဲ။”

ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ “အောက်ယွီ ဆိုတဲ့ အသုံးမကျတဲ့ ကောင်က ဘာလို့ အပြင်မှာ သေမသွားတာလဲ။ သူ အပြင်မှာ သေသွားရင် အကုန်လုံး ပျော်ရွှင်ရမှာကို။ အခုတော့ အသက်ရှင်ပြီး ပြန်ရောက်လာတယ်။”

လမ်းပေါ်ရောက်ချိန်မှာတော့ နုလန်ဟောက် အောက်ရှင်း၏ မျက်လုံးများ နီရဲနေ၏။ သူသည် သားဖြစ်သူကို ဤကဲ့သို့သော အရှက်ရမှုမျိုး ကြုံတွေ့စေခဲ့သည်။ မဟုတ်ပေ။ ဤသည်မှာ သားဖြစ်သူ အောက်ယွီ၏ အရှက်ရမှု သာမက သူ အောက်ရှင်း၏ အရှက်ရမှုလည်း ဖြစ်၏။

‘ကျုပ် အောက်ရှင်းက လူမှုဆက်ဆံရေး မကောင်းဘူး။ စစ်တိုက်ဖို့လောက်ပဲ သိတယ်။ နန်းတွင်းမှာလည်း အဖွဲ့အစည်း မဖွဲ့ဘူး ဆိုပေမဲ့ ကျုပ်က ဖျောက်ချီစစ်သူကြီးချုပ်ပဲလေ။ ခင်ဗျားတို့က ကျုပ်ကို ဒီလို အကြံအစည်တွေ လုပ်နေတာလား။’

အောက်ရှင်းက ပြောလိုက်သည်။ “ယွီလေး... ဖေဖေ မင်းကို တောင်းပန်ပါတယ်။ ဒီဆယ်နှစ်ကျော်အတွင်း ဖေဖေက အပြင်မှာ စစ်တိုက်နေရလို့ အိမ်ကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ မင်းနဲ့ မင်းအမေကို အများကြီး နစ်နာစေခဲ့တယ်။”

ယွင်ကျုံးဟဲ့က ပြုံးလိုက်၏။ “ကျုပ်ကတော့ ဘာမှ မဖြစ်ပါဘူး။ အဲဒီတုန်းက ကျုပ် အရမ်း ထူးဆန်းနေတာ။ တွမ်ယင်းယင်းက အရမ်း မာနကြီးပြီး မျက်လုံးကို ခေါင်းပေါ် တင်ထားတဲ့သူ ဆိုတော့ ကျုပ်ကို ဘယ်လိုများ သဘောကျမှာလဲလို့လေ။”

အောက်ရှင်းက ခေါင်းခါယမ်းကာ ပြောလိုက်၏။ “မူလက ဖေဖေ ထင်ထားတာက အောက်မင်ကို နယ်စားဘွဲ့ ဆက်ခံခိုင်းပြီး မင်းက တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရင် မကောင်းစရာ မရှိဘူးလို့လေ။ အခု ကြည့်ရတာ အဲဒီလို လုပ်လို့ မရတော့ဘူး။

မင်းအမေ ပြောတာ မှန်တယ်။ မင်း အနာဂတ်မှာ နယ်စားဘွဲ့ ဆက်ခံနိုင်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ်။ နယ်စားဘွဲ့ကို တခြားသူ လုယူသွားရင် ဖေဖေ သေသွားတဲ့ အချိန်ကျရင် မင်းကို နေစရာနေရာ မရှိတဲ့အထိ အနိုင်ကျင့်ကြလိမ့်မယ်။”

ထို့နောက် အောက်ရှင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “စိတ်ချပါ... ဖေဖေက မင်းကို ဒီလို အလကား အရှက်ခွဲ မခံပါဘူး။ မင်းအတွက် တရားမျှတမှု သွားရှာပေးမယ်။”

..........................

All Chapters