အခန်း (၂၁၅-၂၁၆)
Vol. 19 Ch. 215-216
အပိုင်း (၂၁၅)
အောက်ရှင်း အိမ်ပြန်ရောက်သည်နှင့် သူ၏ ဇနီးသည် ရုတ်တရက် ခွက်တစ်လုံးဖြင့် ပစ်ပေါက်လိုက်၏။ အောက်ရှင်းသည် မူလက ရှောင်လိုသော်လည်း ရှောင်လိုက်ပါက ဇနီးဖြစ်သူ ပိုမို ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် မလှုပ်မယှက် ရပ်နေလိုက်ကာ ခွက်ကို မိမိ၏ နဖူးပေါ်တွင် ထိမှန် ကွဲကြေသွားစေခဲ့သည်။
နုလန်ဟောက် ကတော် အနည်းငယ် မှင်တက်သွားပြီး ဒေါသတကြီးဖြင့် မေးလိုက်၏။ “ရှင် အရူးလား။ ခွက်နဲ့ ပစ်ပေါက်တာတောင် မရှောင်တတ်ဘူးလား။”
သူမသည် သနားသွားခြင်း ဖြစ်၏။ သို့ပေမည့် အမြဲတမ်း ကြမ်းတမ်းသူဖြစ်ရာ သနားလျှင်တောင် ကောင်းကောင်းမွန်မွန် မပြောလိုချေ။
နုလန်ဟောက်သည် တစ်နှစ်ပတ်လုံး အိမ်တွင် မရှိသောကြောင့် ဇနီးဖြစ်သူအပေါ် တာဝန် မကျေပွန်ဟု ခံစားရကာ သူမ၏ ဒေါသကို ဂရုမစိုက်ချေ။ ထို့အပြင် ဤဇနီးသည် ဒေါသကြီးသော်လည်း အလွန် လိမ္မာပြီး ဇနီးမောင်နှံကြား ဆက်ဆံရေးလည်း အလွန် ကောင်းမွန်၏။
သူမ၏ ချစ်လှစွာသော သားလေး ပြန်ရောက်လာပြီးနောက် နုလန်ဟောက် ကတော်၏ ခန္ဓာကိုယ်သည် ပြန်လည် ကျန်းမာလာပြီး ကုတင်ပေါ်မှ ထလာနိုင်ခဲ့သည်။ ထို့ကြောင့် အောက်မင်နှင့် တွမ်ယင်းယင်းတို့ စေ့စပ်သည့် ကိစ္စကိုလည်း သဘာဝကျစွာ ကြားသိသွားခဲ့သည်။
ချက်ချင်းပဲ သူမ ဒေါသပေါက်ကွဲတော့မတတ် ဖြစ်သွား၏။ ‘ကျွန်မရဲ့သားကို ဒီလို အနိုင်ကျင့်တာလား။ ကျွန်မတို့ အိမ်ကို ဒီလို အနိုင်ကျင့်တာလား။ ဘာသဘောလဲ။ ကျွန်မသား အောက်ယွီ မသေသေးဘူးလေ။ တွမ်ယင်းယင်းက အောက်မင်နဲ့ စေ့စပ်ဖို့ ဒီလောက်တောင် လောနေတာလား။ အောက်ရှင်း အိမ်မှာ မရှိလို့ အကြောင်းမကြားနိုင်တာ ထားပါတော့။ ဘာလို့ ကျွန်မ နုလန်ဟောက် ကတော်ကို ဘာလို့ အကြောင်းမကြားရတာလဲ။
အောက်ထင်... အိုနာကျစုတ်ကြီး... ရှင်က ကျွန်မ နုလန်ဟောက် ကတော်ကို ဘာမှတ်နေလို့လဲ။ ပြီးတော့ ဝေ့မြို့စားကြီး... ရှင်တို့က ဒီလောက်တောင် လောနေတာလား။ ဘာသဘောလဲ။ မိသားစု အားလုံးက အောက်မင်ကို နေရာပေးဖို့ စောစောတည်းက ကြံစည်နေကြတာလား။
မမေ့နဲ့နော်။ နုလန်ဟောက်ဘွဲ့က ကျွန်မတို့ အိမ်ရဲ့ဟာပဲ။ ရှင်တို့ အိမ်ရဲ့ဟာ မဟုတ်ဘူး။ ဝေ့မြို့စားကြီး အိမ်တော်ရဲ့ဟာလည်း မဟုတ်သလို... အောက်ထင် အိုနာကျစုတ်ကြီးရဲ့ဟာလည်း မဟုတ်ဘူး။’
ထို့နောက် သူမသည် သူမ၏ ယောက်ျား အောက်ရှင်းကို ထပ်မံ အပြစ်တင်တော့၏။ “တစ်နေ့လုံး စစ်တိုက်ဖို့လောက်ပဲ သိတယ်။ လူမှုဆက်ဆံရေးလည်း မကောင်းဘူး။ အဖွဲ့အစည်းလည်း မဖွဲ့ဘူး။ လူ့သဘာဝ လည်း နားမလည်ဘူး။ ပြီးတော့ ဖအေကို မျက်ကန်း ယုံကြည်သေးတယ်။ ဒါကြောင့် ဒီလို အနိုင်ကျင့် ခံနေရတာ မဟုတ်လား။”
နုလန်ဟောက် ကတော်က ပြောလိုက်သည်။ “အောက်ရှင်း... ကျွန်မ ရှင့်ကို ပြောမယ်။ ရှင် အခုချက်ချင်း... အခုချက်ချင်း ရှင့်ရဲ့ ဘကြီး ဆိုတဲ့သူကို သွားတွေ့။ ရှင့်ရဲ့ဘကြီး သာမက ရှင့်ရဲ့ နယ်စားငယ် ညီအစ်ကို သုံးယောက်လုံး အဲဒီမှာ ရှိနေရမယ်။
ရှင် သူတို့ကို ရှင်းရှင်းလင်းလင်း ပြောလိုက်။ ကျွန်မတို့ သားလေး ပြန်လာပြီ။ ဒါကြောင့် ဘာမွေးစားသားမှ မလိုတော့ဘူး။ အဲဒီ အောက်မင်ကို လာရာလမ်းအတိုင်း ပြန်သွားခိုင်းလိုက်။ ဒီ နုလန်ဟောက်ဘွဲ့ကို ဘယ်သူမှ လာမမျှော်လင့်နဲ့။
ဒါ ကျွန်မတို့ သားလေးရဲ့ဟာပဲ။ သူ့လက်ထဲမှာ ပျက်စီးသွားရင်တောင် ကျွန်မ ကျေနပ်တယ်။ အပြင်လူကိုတော့ လုံးဝ အလကား မပေးနိုင်ဘူး။ ရှင် လာပြီး မိသားစု စီးပွားရေးတို့၊ ကြီးကျယ် ခမ်းနားမှုတို့ လာမပြောနဲ့။ ကိုယ့် ဇနီးနဲ့ သားသမီးတွေကိုတောင် မကာကွယ်နိုင်ဘဲ ဘာမိသားစု စီးပွားရေးကို လာပြောနေတာလဲ။
အောက်ရှင်း... ရှင် ဒီနေ့ မသွားရင် ကျွန်မကိုယ်တိုင် ကျွန်မသားကိုခေါ်ပြီး ရှင့်ရဲ့ ဘကြီးနဲ့ သွားရှင်းမယ်။ ဒီလောကကြီးမှာ တရားမျှတမှု မရှိဘူးလို့ ကျွန်မ မယုံဘူး။ အိမ်မှာရှိတဲ့ အရာအားလုံးက ရှင် အပြင်မှာ ရုန်းကန်နေလို့ အောက်မိသားစုက အခုလို အာဏာမျိုး ရလာတာလေ။
အခုတော့ ရှင်က ဒီလို အနိုင်ကျင့် ခံနေရတယ်။ ရှင် အသုံးမကျဘူးလားဆိုတာ ပြောစမ်း။ ရှင် နန်းတွင်းမှာ အရာရှိ လုပ်လာတာ ဒီလောက် ကြာပြီ။ စစ်တိုက်တာကလွဲရင် ရှင် ဘာသိသေးလဲ။ ရှင် အဖွဲ့အစည်း မဖွဲ့တတ်ဘူးလား။ တပည့်တွေ အများကြီး မမွေးတတ်ဘူးလား။”
ဇနီးဖြစ်သူ စကားလမ်းကြောင်း လွဲသွားတော့မည်ကို မြင်ချိန်မှာတော့ နုလန်ဟောက် အောက်ရှင်းသည် မတတ်သာဘဲ အလျင်စလို ပြောလိုက်၏။ “သွားမယ်... ကျုပ် သွားမယ်။ မိန်းမ.. ကျုပ် အခုချက်ချင်း ဘကြီးကို သွားတွေ့မယ်။”
“ကျွန်မ လိုက်ခဲ့မယ်။” နုလန်ဟောက် ကတော် က ပြောလိုက်သည်။
“မလိုက်ခဲ့ပါနဲ့... လုံးဝ မလိုက်ခဲ့ပါနဲ့။”
နုလန်ဟောက် အောက်ရှင်းက ပြောလိုက်သည်။ “မင်းက ဒေါသ အရမ်းကြီးတယ်။ သွားရင် ပြဿနာတွေ ပိုကြီးသွားပြီး ကိစ္စ ပိုဆိုးသွားလိမ့်မယ်။”
ထို့နောက် နုလန်ဟောက် အောက်ရှင်း သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ယွင်ကျုံးဟဲ့ကို ဆွဲကာ ပြောလိုက်၏။ “လာ... ဖေဖေ့နောက် လိုက်ခဲ့”
နုလန်ဟောက် အောက်ရှင်းသည် အမှန်တကယ်ပင် အလွန် ရိုးရှင်းသော လူတစ်ယောက်ဖြစ်၏။ သူသည် စစ်တိုက်ရန်ကိုသာ အာရုံစိုက်ပြီး အခြား ကိစ္စများကို လုံးဝ ဂရုမစိုက်ချေ။ နန်းတွင်း အာဏာလုပွဲများ၊ ဆွေမျိုးများ ကြားရှိ ပြဿနာများကို သူ အလွန် ခေါင်းကိုက်လေ့ရှိသည်။
သူသည် အမှန်တကယ်ပင် ပြဿနာများကို ကြောက်ရွံ့သူဖြစ်ပြီး တစ်သက်လုံး စစ်တိုက်ရန်သာ အာရုံစိုက်ကာ ကျန်သည့် ကိစ္စများကို လုံးဝ မစီမံလိုချေ။
စစ်မြေပြင်တွင် သူသည် ပြတ်သားစွာ သတ်ဖြတ်တတ်၏။ သို့ပေမည့် အိမ်တွင်မူ ဆွေမျိုးများကို ငြင်းဆန်ရန် အလွန် အခက်တွေ့လေ့ ရှိသည်။ အထူးသဖြင့် သူ၏ ဘကြီး၊ ညီအစ်ကို သုံးယောက်နှင့် သူ၏ ဇနီးပင် ဖြစ်၏။
ထို့ကြောင့် ဇနီးဖြစ်သူ ဆူပူချိန်တိုင်း သူသည် တိတ်ဆိတ်စွာ နားထောင်လေ့ရှိပြီး လုံးဝ ပြန်မပြောချေ။ ဤကဲ့သို့သော သူကို ရိုးရှင်းသူဟု ခေါ်ဆိုနိုင်သကဲ့သို့ စရိုက်လက္ခဏာ အားနည်းချက်ရှိသူဟုလည်း ဆိုနိုင်ပေသည်။
မိသားစု ဘိုးဘွားကျောင်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာ၏။ အောက်ရှင်းသည် စိုးရိမ်တကြီးဖြင့် အသက်ပြင်းပြင်း ရှူလိုက်၏။
နောက်ဆက်တွဲ ရင်ဆိုင်ရမည့် အခြေအနေကို သူ အမှန်တကယ် မရင်ဆိုင်လိုချေ။ သို့ပေမည့် သားဖြစ်သူအတွက် သူသည် ဖခင် တစ်ယောက် အနေဖြင့် ရဲရင့်စွာ ထွက်ပေါ်လာရမည် ဖြစ်၏။ သို့သော်ငြား သူ အမှန်တကယ်ပင် ဒေါသလည်း ထွက်သကဲ့သို့ စိုးလည်း စိုးရိမ်နေသည်။
“နယ်စားကြီး... ဘိုးဘိုးကြီးက အထဲဝင်ခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။” အိမ်တော်ထိန်းက ခါးညွှတ်လျက် ပြောလိုက်၏။
‘ဘိုးဘိုးကြီး ဟုတ်လား။ ဘယ်တုန်းက အောက်မိသားစုမှာ ဘိုးဘိုးကြီး တစ်ယောက် ထွက်လာတာလဲ။ အမြဲတမ်း အကြီးအကဲလို့ပဲ ခေါ်နေတာ မဟုတ်ဘူးလား။ အခုတော့ ဘိုးဘိုးကြီး ဖြစ်သွားပြီလား။ ဝေ့မြို့စားကြီး အိမ်တော်မှာ ဘိုးဘိုးကြီး တစ်ယောက် ရှိတာနဲ့ပဲ နုလန်ဟောက် အိမ်တော်မှာလည်း ဘိုးဘိုးကြီး တစ်ယောက် ရှိရတော့မှာလား။’
နုလန်ဟောက် အောက်ရှင်းသည် ဤကိစ္စတွင် မခံစားတတ်ချေ။ သူ့အတွက်တော့ ဘိုးဘိုးကြီး ဖြစ်စေ၊ အကြီးအကဲဖြစ်စေ အားလုံး အတူတူပင် ဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ကမူ ကွာခြားလှသည်။ သူသည် ခေါ်ဝေါ်မှု တစ်ခုစီ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်၏။
နုလန်ဟောက် အောက်ရှင်းသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ဘိုးဘွားကျောင်းဆောင် အတွင်းသို့ ဝင်ရောက်သွားသည်။ အောက်မိသားစု တစ်ခုလုံးရှိ အရေးပါသောသူများ အားလုံး ဤနေရာတွင် ရှိနေကြပြီး လူဆယ်ဂဏန်းခန့် ရှိသည်။
အပေါ်ဆုံးတွင် သက်ကြီးရွယ်အို ငါးဦး ထိုင်နေပြီး အလယ်တည့်တည့်တွင် အောက်မိသားစု၏ ခေါင်းဆောင်၊ အောက်ရှင်း၏ ဖခင်အရင်း အောက်ထင်ပင် ဖြစ်သည်။ အောက်ဘက်တွင် ထိုင်နေသူများမှာ သူ၏ ဝမ်းကွဲ ညီအစ်ကိုများဖြစ်ပြီး အရှေ့ဆုံးတွင် နယ်စားငယ်ဘွဲ့ ရရှိထားသော ညီအစ်ကို သုံးယောက် ဖြစ်သည်။ တစ်ဦးတည်း မတ်တပ်ရပ်နေသူမှာ အောက်မိသားစု၏ အချစ်တော် အောက်မင်ပင် ဖြစ်၏။
အောက်ရှင်း ရှေ့သို့ တိုးသွားကာ ဒူးထောက်၍ ပြောလိုက်သည်။ “ဘကြီးကို ဂါရဝပြုပါတယ်။ ဦးလေး လေးယောက်ကို ဂါရဝပြုပါတယ်။”
ဘိုးဘိုးကြီး အောက်ထင်သည် အေးစက်စွာ နှာမှုတ်လိုက်သော်လည်း ဘေးရှိ အောက်မိသားစု သက်ကြီးရွယ်အို လေးဦးကမူ ယဉ်ကျေးစွာ လက်ပြလိုက်၏။ “ထပါ... ထပါ။”
ထို့နောက် အောက်မင်သည် အောက်ရှင်း၏ ရှေ့သို့ ရောက်လာကာ ဒူးထောက်လျက် ပြောလိုက်သည်။ “သား ဖေဖေ့ကို ဂါရဝပြုပါတယ်။”
အောက်ရှင်း၏ မျက်နှာ တစ်ချက် ရှုံ့မဲ့သွား၏။ “ထပါ။”
ဘိုးဘိုးကြီး အောက်ထင်က ပြောလိုက်သည်။ “တတိယသား... မင်း ဝေ့မြို့စားကြီး အိမ်တော်ကို သွားတယ်လို့ ကြားတယ်။ ပြီးတော့ ဒေါသတကြီး ဖြစ်ခဲ့တယ်ဆို။ မင်းရဲ့ ရာထူး အာဏာက အရမ်း ကြီးမားနေတာလား။ ငါ့ရဲ့ ဖောက်ချီစစ်သူကြီးချုပ်... မင်း အာဏာပြချင်ရင် အပြင်မှာ သွားပြပါ။ အိမ်ထဲမှာ လာမပြနဲ့။ ဆွေမျိုးတွေရဲ့ အိမ်မှာ ပိုပြီး သွားမပြနဲ့။ ငါတို့ အောက်မိသားစုရဲ့ မျက်နှာကို သွားမဖျက်နဲ့။”
အောက်ရှင်းက ခါးညွှတ်လျက် ပြောလိုက်၏။ “ဘကြီး... ဝေ့မြို့စားကြီး အိမ်တော်က အရမ်း အနိုင်ကျင့်လွန်းလို့ပါ။”
ဘိုးဘိုးကြီး အောက်ထင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “တတိယသား... မင်း ဒါ ဘာသဘောလဲ။ အိမ်က လူငယ်တွေရဲ့ မင်္ဂလာကိစ္စကို ငါ စီစဉ်ခွင့် မရှိတော့ဘူးလား။ မင်း နန်းတွင်းမှာတော့ ဖောက်ချီစစ်သူကြီးချုပ် ဆိုပြီး အာဏာ အရမ်း ကြီးနေတယ်ပေါ့။ ဒါပေမဲ့ ဒီအိမ်မှာတော့ ငါပြောတာပဲ အတည်ဖြစ်ရမယ်။ မင်း အခုလို ဒေါသထွက်ပြတာက ငါ့အပေါ် မကျေနပ်ဘူးလို့ ပြချင်တာလား။ မင်း အဖေကို ပြန်အာခံမလို့လား။”
တောင်ပိုင်းကျိုးအင်ပါယာသည် သားသမီး ဝတ္တရားဖြင့် နိုင်ငံကို အုပ်ချုပ်သောကြောင့် မိဘများ၏ သြဇာမှာ အလွန် ကြီးမားလှ၏။ ဘိုးဘိုးကြီး အောက်ထင်၏ ဤစကားကြောင့် နုလန်ဟောက် အောက်ရှင်းသည် ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရတော့သည်။
ဘိုးဘိုးကြီး အောက်ထင်က မေးလိုက်၏။ “တတိယသား... ငါ မင်းကို တစ်ခွန်းပဲ မေးမယ်။ အိမ်က လူငယ်တွေရဲ့ မင်္ဂလာကိစ္စကို ငါ စီစဉ်ခွင့် ရှိသလား၊ မရှိဘူးလား။”
အောက်ရှင်းက ဖြေလိုက်သည်။ “ရှိပါတယ်။”
ဘိုးဘိုးကြီး အောက်ထင်က ခေါင်းညိတ်လိုက်၏။ “ဒါဆို မင်း ဘာပြောချင်သေးလဲ။ ဘိုးဘွားကျောင်းဆောင်ကို တခမ်းတနား ရောက်လာတာ ဘာလုပ်မလို့လဲ။ အခု လူစုခွဲလိုက်တော့။”
ဤသား အကြောင်းကို အောက်ထင် အသိဆုံးပင် ဖြစ်၏။ စာဖတ်လွန်း၍ အရူးဖြစ်သွားသူများ ရှိသကဲ့သို့ စစ်တိုက်လွန်း၍ အရူးဖြစ်သွားသူများလည်း ရှိသည်။
ဤအောက်ရှင်းသည် စစ်တိုက်ရူး တစ်ယောက်ဖြစ်ပြီး စကားလည်း မပြောတတ်ရာ ထိန်းချုပ်ရန် အလွန် လွယ်ကူပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ချေ။
သို့ပေမည့် ထိုအချိန်တွင် နုလန်ဟောက် အောက်ရှင်းသည် လည်ပင်းကို မော့ကာ ပြောလိုက်၏။ “ဘကြီး... ဒီနေ့ ကျုပ် လူကြီးသူမတွေ၊ ညီအစ်ကိုတွေကို ဖိတ်ခေါ်လိုက်တာ ကိစ္စ တစ်ခုတည်း အတွက်ပါ။ ကျုပ် သား အောက်ယွီ ပြန်ရောက်လာပြီ ဆိုတော့ မွေးစားသား မလိုတော့ပါဘူး။ အောက်မင်က အစ်ကိုကြီးရဲ့ သားပါ။ ကျုပ် ဘယ်လိုလုပ် လုယူရက်ပါ့မလဲ။”
ထိုစကားကြောင့် တစ်ခန်းလုံး မျက်နှာ ပျက်သွားကြတော့၏။ ကာယကံရှင်ဖြစ်သူ အောက်မင် တစ်ယောက်တည်းသာ မျက်နှာ မပျက်ဘဲ အလွန် တည်ငြိမ်နေခဲ့သည်။
ဘိုးဘိုးကြီး အောက်ထင်သည် စားပွဲကို ရုတ်တရက် ရိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အောက်ရှင်း... မင်း ဘာလုပ်မလို့လဲ။ ပုန်ကန်မလို့လား။ အောက်မင်ကို မင်းရဲ့ မွေးစားသားအဖြစ် ဆက်ခံခိုင်းတာ ဆွေမျိုး တစ်ခုလုံးက သဘောတူထားရုံသာမက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပါဝင် သဘောတူထားတာ။ မင်းက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ဆန့်ကျင်မလို့လား။”
အောက်ရှင်းက ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်က ယွီလေး အန္တရာယ် ကြုံရတာကို ကြားပြီး ကျုပ် အိုမင်းတဲ့အချိန် အားကိုးရာမရှိဖြစ်မှာကို မလိုလားလို့ အောက်မင်ကို မွေးစားသားအဖြစ် ခန့်အပ်ပေးခဲ့တာပါ။ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျုပ် အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု ယွီလေး ပြန်ရောက်လာပြီ ဆိုတော့ ကျုပ် မွေးစားသား မလိုတော့ပါဘူး။ ဧကရာဇ်မင်းမြတ်ကလည်း ဒါကို နားလည်ပေးနိုင်မှာပါ။”
“မရဘူး။”
ဘိုးဘိုးကြီး အောက်ထင်က ပြောလိုက်၏။ “ဒီကိစ္စက အတည်ဖြစ်သွားပြီ။ ဆွေးနွေးစရာ မရှိတော့ဘူး။ အောက်မင်က မင်းရဲ့ မွေးစားသားပဲ။ အနာဂတ်မှာ မင်းရဲ့ မိသားစု စီးပွားရေးနဲ့ နယ်စားဘွဲ့ကို ဆက်ခံရမယ်။”
နုလန်ဟောက် အောက်ရှင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ပြတ်သားစွာဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ မိသားစု စီးပွားရေးကို ကျုပ် သားကပဲ ဆက်ခံရမှာ သဘာဝပဲ။ ဒီကိစ္စကလည်း ဆွေးနွေးစရာ မရှိတော့ဘူး။”
အပိုင်း (၂၁၆)
ထိုစကားကြောင့် ဘိုးဘိုးကြီး အောက်ထင်၏ မျက်နှာ လုံးဝ ပျက်ယွင်းသွားတော့သည်။ ဤသည်မှာ သားဖြစ်သူ အောက်ရှင်းက သူ၏ ဆန္ဒကို ပထမဆုံးအကြိမ် ဤမျှ ပြတ်သားစွာ ဆန့်ကျင်ခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေ အောက်ရှင်းကသာ နုလန်ဟောက် အစစ်ဖြစ်ပြီး မိသားစု၏ အဓိက တိုင်လုံးကြီးဖြစ်ရာ အောက်ရှင်းက ဤမျှ ပြတ်ပြတ်သားသား ငြင်းဆန်နေပါက ဘကြီး တစ်ဦးအနေဖြင့် အောက်ထင်လည်း ဖြေရှင်းရန် ခက်ခဲလှသည်။
ချက်ချင်းပဲ အောက်ထင်၏ လေသံ အနည်းငယ် ပျော့ပျောင်းသွားကာ ပြောလိုက်၏။ “တတိယသား... ဖေဖေ လုပ်သမျှ အရာအားလုံးက မင်းအတွက် ကောင်းဖို့ချည်းပါပဲ။ မင်လေးက အပြင်မှာ ဘယ်လို နာမည်ဂုဏ်သတင်း ရှိပြီး ဘယ်လောက် အောင်မြင်နေလဲ။
အောက်ယွီ ကကော ဘယ်လို နာမည်ဂုဏ်သတင်းမျိုး ရှိလို့လဲ။ ဘယ်လောက် အောင်မြင်လို့လဲ။ မင်းရဲ့ မိသားစု စီးပွားရေးကို ဆက်ခံနိုင်တာ အောက်မင် တစ်ယောက်တည်းပဲ ရှိတယ်။ မိသားစုရဲ့ ကြီးကျယ် ခမ်းနားမှုကို မြှင့်တင်ပေးနိုင်တာလည်း အောက်မင်ပဲ ရှိတယ်။
အောက်မိသားစုက မင်း တစ်ယောက်တည်းရဲ့ဟာလို့ ထင်နေတာလား။ နုလန်ဟောက် အိမ်တော်က မင်း တစ်ယောက်တည်းရဲ့ဟာလို့ ထင်နေတာလား။ အောက်ယွီကို မိသားစု စီးပွားရေး၊ နယ်စားဘွဲ့ ဆက်ခံခိုင်းတာ မင်း မိသားစုကို ဖျက်ဆီးပစ်ချင်လို့လား။ ဘိုးဘေးတွေ နောင်တမလွန်မှာ အေးအေးချမ်းချမ်း မနေရအောင် လုပ်ချင်တာလား။
အောက်ယွီက အဓိပ္ပာယ်မဲ့ အလုပ်တွေ လုပ်ချင်တယ်၊ ကစားချင်တယ်ဆိုရင် သူ့ကို ဆက်ကစားခိုင်းထား လိုက်လေ။ အောက်မင်က မင်းရဲ့ နယ်စားဘွဲ့နဲ့ မိသားစု စီးပွားရေးကို ဆက်ခံလိုက်ရင် အနာဂတ်မှာ သူ့ညီ ကို သေချာပေါက် ကောင်းကောင်း စောင့်ရှောက်ပေးမှာပဲ။ မင်းက ဘာတွေ စိုးရိမ်နေတာလဲ။ အောက်ယွီကိုသာ မိသားစု စီးပွားရေးနဲ့ နယ်စားဘွဲ့ ဆက်ခံခိုင်းလိုက်ရင် ငါတို့ အောက်မိသားစုရဲ့ အနာဂတ်က ဘာမျှော်လင့်ချက် ရှိတော့မှာလဲ။”
နုလန်ဟောက် အောက်ရှင်းက ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ ယွီလေးက အရမ်း ကောင်းပါတယ်။ မိသားစု စီးပွားရေးကို မဆက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ပြီးတော့ မှူးမတ်မျိုးနွယ်တွေ အများကြီးထဲမှာ အသုံးမကျတဲ့ သားသမီးတွေ အမွေဆက်ခံတာ အများကြီး ရှိပါတယ်။ မိသားစု စီးပွားရေးဆိုတာ တက်လိုက်၊ ကျလိုက် ဖြစ်တာ သဘာဝပါပဲ။”
ဤစကားကို ကြည့်ခြင်းအားဖြင့် အောက်ရှင်းသည် စကား မပြောတတ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်နိုင်၏။ မိသားစု စီးပွားရေး တက်လိုက်၊ ကျလိုက် ဖြစ်တာ သဘာဝပါပဲ ဟူသော စကားမှာ အမှန်တရား ဖြစ်သော်လည်း ဤကဲ့သို့ အမှန်တရားမျိုးကို ရမ်းပြော၍ ရမည်လား။ ဤသည်မှာ မိသားစု စီးပွားရေး ကျဆင်းသွားလျှင်တောင် သူ၏ အသုံးမကျသော သားကို နယ်စားဘွဲ့ ပေးအပ်မည် ဟု ဆိုလိုခြင်း မဟုတ်လား။
အောက်ထင် က အေးစက်စွာဖြင့် မေးလိုက်၏။ “တတိယသား... မင်းက ဆုံးဖြတ်ပြီးပြီပေါ့။”
အောက်ရှင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
အောက်ထင်က အေးစက်စက် ပြောလိုက်၏။ “တတိယသား... မူလက ငါ မဖော်ထုတ်ချင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မပြောလို့ မရတော့ဘူး။ ဒီအောက်ယွီဟာ မင်းရဲ့ နယ်စားဘွဲ့နဲ့ မိသားစု စီးပွားရေးကို ဆက်ခံခွင့် မရှိရုံသာမက ငါတို့ အောက်မိသားစုရဲ့ မျိုးဆက်အဖြစ်တောင် မထိုက်တန်ဘူး။ သူက လေလွင့်နေတဲ့ တစ္ဆေတစ်ကောင် သက်သက်ပဲ။”
အောက်ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဘကြီး... လျှောက်မပြောပါနဲ့။”
အောက်ထင်က ဆက်ပြောလိုက်၏။ “ဒီ အောက်ယွီဟာ မင်းရဲ့ သားအရင်း လုံးဝ မဟုတ်ဘူး။ သူက ငါတို့ အောက်မိသားစုရဲ့ သွေးသား လုံးဝ မဟုတ်ဘူး။ ဒါက မိသားစုရဲ့ အရှက်ရစရာ ကိစ္စမို့ ငါ မဖော်ထုတ်ချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက ဒီလောက် ခေါင်းမာနေမှတော့ ငါလည်း နာကျင်မှုကို မျိုသိပ်ပြီး ဒီ အရှက်ရစရာကိစ္စကို ဖော်ထုတ်ရတော့မှာပဲ။”
အောက်ရှင်းက အေးစက်စွာဖြင့် ပြောလိုက်သည်။ “ဘကြီး... စကားပြောရင် သက်သေ လိုတယ်နော်။”
ဘိုးဘိုးကြီး အောက်ထင်က ခေါင်းညိတ်လိုက်၏။ “ငါ့မှာ သေချာပေါက် သက်သေ ရှိတယ်။ လာကြစမ်း... သွေးဖောက်စစ်ဆေးဖို့ ပြင်ကြ...”
ခဏအကြာတွင် လူတစ်ယောက်က ပန်းကန်လုံး တစ်လုံး ယူလာသည်။
ဘိုးဘိုးကြီး အောက်ထင်က ပြောလိုက်၏။ “သွေးဖောက် စစ်ဆေးလိုက်။ အောက်ရှင်း... မင်းနဲ့ အောက်ယွီရဲ့ သွေးက မရောစပ်ဘူးဆိုရင် မင်းတို့က သားအဖ မဟုတ်ဘူး ဆိုတာ သက်သေပြလိုက်တာပဲ။ ဒီ အောက်ယွီက ငါတို့ အောက်မိသားစုရဲ့သား မဟုတ်တော့ဘူး။ အပြင်က တရားမဝင်သားပဲ။ ဒီနေ့ သူ့ကို ငါ အိမ်ပေါ်ကနေ မောင်းထုတ်ပစ်မယ်။”
နုလန်ဟောက် အောက်ရှင်း၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။
အောက်ထင်က အေးစက်စွာ ရယ်မောလျက် ပြောလိုက်၏။ “ဘာလဲ... မစစ်ရဲဘူးလား။ တရားမဝင်သား တစ်ယောက်ကို မွေးထားရင်း သံယောဇဉ် တွယ်သွားပြီး နယ်စားဘွဲ့နဲ့ မိသားစု စီးပွားရေးကိုပါ ပေးတော့မလို့လား။ သွေးဖောက် မစစ်ရဲတော့ဘူးလား။ အမှန်တရားကို ရင်မဆိုင်ရဲတော့ဘူးလား။
သွေးဖောက် မစစ်ရဲဘူး ဆိုတာက ဒီ အောက်ယွီဟာ မင်းရဲ့ သားအရင်း မဟုတ်ဘူး ဆိုတာကို ဝန်ခံလိုက်တာပဲ။ လာကြစမ်း... ဒီ အောက်ယွီကို ဘိုးဘွားကျောင်းဆောင် ထဲကနေ ဆွဲထုတ်ပြီး အိမ်ပေါ်က မောင်းထုတ်လိုက်ကြ..”
ယွင်ကျုံးဟဲ့သည် မည်သည့်စကားမှ မဆိုဘဲ ဓားကို ထုတ်ယူကာ ပြုံးလျက် မေးလိုက်သည်။ “သွေးဖောက် စစ်ဆေးမယ်။ ဘာလို့ မရဲရမှာလဲ။ ဒါပေမဲ့ ကျုပ် သိချင်တာ တစ်ခု ရှိတယ်။ ကျုပ်နဲ့ ဖေဖေရဲ့သွေးက ရောစပ်သွားပြီး ကျုပ်တို့က သားအဖအရင်းတွေဆိုတာ သက်သေပြနိုင်ရင် ဘိုးဘိုးကြီး ဘာလုပ်ပေးမလဲ။”
အောက်ထင်က အေးစက်စွာဖြင့် ဖြေလိုက်၏။ “ဒါဆိုရင် ငါ လူပုံအလယ်မှာ မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပေးမယ်။”
ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “ကောင်းပြီ... ကတိနော်။”
ယွင်ကျုံးဟဲ့ စကားဆုံးသည်နှင့် ချက်ချင်း ပြန်ဆက်လိုက်၏။ “ဘိုးဘိုးကြီး... ကျုပ်က ဘယ်လိုလုပ် ဘိုးဘိုးကြီးကို မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ခိုင်းရဲမှာလဲ။ မြေးက နောက်နေတာပါ။”
အကြောင်းမှာ လူဝကြီး အောက်ယွီသည် လိမ္မာပြီး စကားနားထောင်သူဖြစ်ရာ ဤကဲ့သို့ ထိုးနှက်ပြောဆိုလေ့ မရှိသောကြောင့်ပင်။
“နောက်နေတာ ဟုတ်လား။”
အောက်ထင်က အေးစက်စွာဖြင့် ပြောလိုက်၏။ “ဘိုးဘွားကျောင်းဆောင်ထဲမှာ နောက်စရာ ကိစ္စ ရှိလို့လား။ ဒီအတိုင်းပဲ အတည်ပြုတယ်။ မင်းနဲ့ အောက်ရှင်းရဲ့ သွေးက မရောစပ်ဘူးဆိုရင် မင်းတို့က သားအဖ အရင်းတွေ မဟုတ်ဘူး။ မင်းက ငါတို့ အောက်မိသားစုရဲ့ သွေးသား မဟုတ်ဘူး။ ငါ မင်းကို အိမ်ပေါ်ကနေ အခုချက်ချင်း နှင်ထုတ်မယ်။
တကယ်လို့ သွေးရောစပ်သွားရင် သားအဖအရင်းဆိုတာ သက်သေပြနိုင်တဲ့အတွက် ငါ မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပေးမယ်။ ဘိုးဘေးတွေရဲ့ ကမ္ပည်းပြားတွေက သက်သေပဲ။ လာကြစမ်း... သူတို့ လက်ချောင်းတွေကို လှီးဖို့ ပြင်ကြ...”
ချက်ချင်းပဲ လူနှစ်ယောက်သည် ယွင်ကျုံးဟဲ့နှင့် အောက်ရှင်းတို့ ရှေ့သို့ ရောက်လာပြီး လက်ထဲတွင် ထက်မြက်သော ဓားမြှောင်များကို ကိုင်ဆောင်ထားကြသည်။
အောက်ရှင်းသည် သွေးဖောက်စစ်ဆေးရန် လုံးဝ ဆန္ဒမရှိသော်လည်း လက်ရှိ အခြေအနေအရ နောက်ဆုတ်၍ မရတော့ချေ။ သူ လုံးဝ နားမလည်နိုင်သည်မှာ ဘိုးဘိုးကြီး အောက်ထင်သည် ဤသတင်းကို မည်သို့ ကြားသိခဲ့သနည်း ဆိုသည်ကိုပင်။
သူ၏ ဇနီး ကိုယ်ဝန် ဆယ်လလွယ်ပြီး ခရီးသွား စံအိမ်တွင် မွေးဖွားခဲ့သည်ကို လူတိုင်း သိကြ၏။ ထို့နောက် သားဝဝလေးကို ကျန်းကျိုးမြို့ရှိ နုလန်ဟောက် အိမ်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
နှစ် နှစ်ဆယ်နီးပါး ကြာသည့်တိုင် အောက်ယွီသည် မိမိ၏ သွေးသား မဟုတ်ကြောင်း မည်သူမှ သံသယ မဖြစ်ခဲ့ကြချေ။ အဘယ်ကြောင့် ဘိုးဘိုးကြီးသည် ဤမျှ သေချာနေရသနည်း။ သူ ဘာသတင်း ကြားထားသနည်း။ သို့မဟုတ် ဘာကို စမ်းသပ်ထားပြီးပြီနည်း။
“လာလေ... ဘာစောင့်နေတာလဲ။ ကြောက်နေတာလား။”
အောက်ထင်က ခပ်ရိရိ ပြောလိုက်သည်။ “တတိယသား... မင်း သွေးဖောက် မစစ်ဆေးချင်လည်း ရတယ်။ ဒါဆို အောက်ယွီက မင်းရဲ့ သားအရင်း မဟုတ်ဘဲ အပြင်က ကောက်လာတဲ့ တရားမဝင်သား ဆိုတာကို ဝန်ခံလိုက်တာပဲ။ လာကြစမ်း.. သူ့ကို နှင်ထုတ်လိုက်ကြ။”
ယွင်ကျုံးဟဲ့သည် မည်သည့်စကားမှ မဆိုတော့ဘဲ ရှေ့ရှိလူ၏ ဓားမြှောင်ပေါ်တွင် သူ၏ လက်ညှိုးကို ဖြတ်ခနဲ လှီးလိုက်၏။ သွေးစက်များသည် ပန်းကန်လုံး အတွင်းရှိ ရေကြည်ထဲသို့ ကျဆင်းသွား၏။
“ဖေဖေ... ကျုပ်က ဖေဖေ့ရဲ့ သွေးသားအရင်းဆိုတာ လူတိုင်း သိပါတယ်။ သွေးစမ်းကြည့်လိုက်ပါ။” ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်သည်။
နုလန်ဟောက် အောက်ရှင်း၏ ရင်တွင်း၌ ခါးသီးမှုများ ပြည့်နှက်နေ၏။ ‘ငါ့ရဲ့ သားလေး... မင်း ဘာသိလို့လဲ။ မင်းက ဖေဖေ့ရဲ့ တစ်ဦးတည်းသော သား၊ ဖေဖေတို့ ဇနီးမောင်နှံရဲ့ အသက်သွေးကြော ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ သွေးတွေက မရောစပ်နိုင်ဘူးလေ။ ဒီသွေးတစ်စက် ကျသွားတာနဲ့ အရာအားလုံး ပြန်လှည့်လို့ မရတော့ဘူး။’
အောက်ထင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ ကျေနပ်နေ၏။ သူ ယုံကြည်မှု ရှိနေ၍သာ ဤသွေးဖောက်စစ်ဆေးမှုကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယခု အောက်ရှင်း၏ တုံ့ဆိုင်းနေမှုကို မြင်ချိန်မှာတော့ သူ၏ ရင်တွင်း၌ ပိုမို သေချာသွားတော့သည်။
ယနေ့ ဤတရားမဝင်သား အောက်ယွီကို နှင်ထုတ်ပြီး သူ၏ အချစ်ဆုံးမြေး အောက်မင်ကို မိသားစု စီးပွားရေးနှင့် နုလန်ဟောက်ဘွဲ့ ဆက်ခံစေရမည်။
‘ဟား... ဟား.. ဟား... တတိယသား၊ နောင်ကျရင် မင်း ငါ့ကို ဆန့်ကျင်ရဲသေးလား ကြည့်ရသေးတာပေါ့။’
“တတိယသား... မင်း မရဲဘူးလား။”
အောက်ထင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ “လာကြစမ်း... အောက်ယွီကို ဆွဲထုတ်သွားပြီး နှင်ထုတ်လိုက်။”
ချက်ချင်းပဲ မိသားစု၏ သိုင်းပညာရှင်နှစ်ဦး ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့ ကို ဆွဲထုတ်ရန် ပြင်ဆင်ကြ၏။
“ဘယ်သူ လုပ်ရဲလဲ။” နုလန်ဟောက် အောက်ရှင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး စားပွဲကို ရုတ်တရက် ရိုက်ချလိုက်၏။ ခဏတွင်းချင်းပင် စားပွဲ တစ်ခုလုံး အပိုင်းပိုင်း ကွဲကြေသွားတော့၏။
“ငါ့သားကို ထိရဲတဲ့လူကို ကျုပ် အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။ အရှင်လတ်လတ် ခွဲခြမ်းပစ်မယ်။” အောက်ရှင်း၏ အော်ဟစ်သံသည် မိုးကြိုးသံကဲ့သို့ ထွက်ပေါ်လာသည်။
ထိုသိုင်းပညာရှင် နှစ်ဦးသည် ကြောက်လန့်တကြား တုန်ယင်သွားပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ကျသွားကြ၏။
“အာဏာပြတာပဲ။ ဒါ အာဏာပြတာ သိပ်ကောင်းတာပဲ…”
အောက်ထင်သည် ဓားတစ်လက်ကို ဆွဲထုတ်ကာ အောက်ရှင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ဓားသွားကို ရင်ဘတ်ဖြင့် တေ့ထားကာ အေးစက်စွာ ရယ်မောလိုက်သည်။
“ဖောက်ချီစစ်သူကြီးချုပ်ရဲ့ အာဏာပြမှု သိပ်ကောင်းတာပဲ။ ငါ့ကို သတ်လေ... သတ်လိုက်။ အောက်ရှင်း... သွေးဖောက်စစ်ဆေးဖို့တောင် မရဲဘူးဆိုတော့ မင်း ဘာကို ကြောက်နေတာလဲ။ ငါ ပြောပြီးပြီလေ။ မင်းတို့ သွေး ရောစပ်သွားရင် ငါ မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပေးမယ်။ ဘိုးဘေးတွေ သက်သေပဲ။”
ယွင်ကျုံးဟဲ့သည် ရှေ့သို့ တိုးသွားကာ ဓားမြှောင်ကို ယူပြီး ပြောလိုက်၏။ “ဖေဖေ... သား ဖေဖေ့ လက်ချောင်းကို သွေးဖောက်ပေးမယ်။”
ထို့နောက် သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဓားမြှောင်ဖြင့် ဖခင်၏ လက်ချောင်းကို ဖြည်းညင်းစွာ လှီးလိုက်၏။ သွေးစက်များသည် ပန်းကန်လုံးထဲသို့ ကျဆင်းသွားသည်။
နုလန်ဟောက် အောက်ရှင်းသည် မျက်လုံးများကို နာကျင်စွာ မှိတ်ထားလိုက်၏။ အကြောင်းမှာ ရလဒ်ကို သူ အစောကြီးတည်းက သိထားပြီး သေချာပေါက် ရောစပ်မည် မဟုတ်ကြောင်း သိနေသောကြောင့်ပင်။ ‘ငါ့ရဲ့ သားမိုက်လေး... ငါ့ရဲ့ သားမိုက်လေး။ အခု ဘယ်လို လုပ်ရမလဲ။’
ချက်ချင်းပဲ လူတိုင်းသည် အောက်ရှင်းနှင့် အောက်ယွီတို့၏ သွေးများ ရောစပ်ခြင်း ရှိ၊ မရှိ ကြည့်ရှုရန် အနားကပ်လာကြ၏။
အကယ်၍ မရောစပ်ခဲ့ပါက ဤသည်မှာ အမှန်တကယ် ကြီးမားသော အရှက်ရစရာ ကိစ္စကြီး ဖြစ်လာမည်။ ထို့အပြင် ဤအရှက်ရစရာ ကိစ္စသည် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးနှင့် လောက တစ်ခုလုံးသို့ ပျံ့နှံ့သွားမှာဖြစ်သည်။
ကောလာဟလများတွင် အောက်ရှင်း ဇနီးမောင်နှံက အပြင်မှ ကလေး တစ်ယောက်ကို ခေါ်မွေးထားသည်ဟု ပြောဆိုကြမည် မဟုတ်ဘဲ အောက်ရှင်း အိမ်တွင် ကာလကြာရှည်မရှိခိုက် ဇနီးဖြစ်သူက ဖောက်ပြန်ကာ တရားမဝင်သား တစ်ယောက် မွေးဖွားခဲ့သည်ဟုသာ ပြောဆိုကြပေလိမ့်မည်။
ထိုအချိန်ရောက်ပါက ယွင်ကျုံးဟဲ့ နှင်ထုတ်ခံရမည် သာမက နုလန်ဟောက် ကတော်လည်း ကွာရှင်းခံရမည် ဖြစ်ပြီး ဖောက်ပြန်သော၊ မသန့်ရှင်းသော မိန်းမ တစ်ယောက် အဖြစ် သတ်မှတ်ခံရမှာ ဖြစ်၏။ ထိုအခါ သေခြင်း မှလွဲ၍ သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် နည်းလမ်း မရှိတော့ချေ။
သေချာသည်မှာ သွေးများ မရောစပ်ပါက အောက်ယွီကို နှင်ထုတ်ခြင်းသည် အစသာဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် နုလန်ဟောက် ကတော်ကို သေချာပေါက် ဒုက္ခပေးကြမှာဖြစ်သည်။ အကြောင်းမှာ အောက်ထင်နှင့် နုလန်ဟောက် ကတော်တို့ မသင့်မြတ်သည်မှာ ကြာပြီ ဖြစ်သောကြောင့်ပင်။