← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 19 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 19 Ch. 217-218

အပိုင်း (၂၁၇)

အောက်ရှင်းသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်၏။ သွေးဖောက်စစ်ဆေးမှု ရလဒ် ထွက်လာသည်နှင့် ဇနီးသည်နှင့် အောက်ယွီကို ခေါ်ကာ ကျန်းကျိုးမြို့မှ ဝေးရာ တောင်ပိုင်းသို့ ထွက်ခွာမည်။ ထိုနေရာသည် သူ တိုက်ခိုက် သိမ်းပိုက်ခဲ့သော လူရိုင်းနယ်မြေများဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ ကမ္ဘာသစ် ဖြစ်သည်။

အောက်ထင်၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။ ‘လျိုမိသားစုက လာတဲ့ သစ္စာမရှိတဲ့ ချွေးမ... မင်းကို ငါ သည်းခံလာတာ ကြာပြီ။ ဒီတစ်ကြိမ်တော့ မင်းကို သေရာလမ်းအထိ ပို့ပေးမယ်။’

အကြောင်းမှာ ဤသွေးနှစ်စက်သည် ရောစပ်မည် မဟုတ်ကြောင်း သေချာနေသောကြောင့် ဖြစ်၏။ ရလဒ် သည် အစောကြီးတည်းက သတ်မှတ်ပြီးသား ဖြစ်သည်။

သို့ပေမည့် ရုတ်တရက် လူအုပ်ကြားမှ အံ့ဩတကြီး အော်ဟစ်သံများ ထွက်ပေါ်လာ၏။ “ရောစပ်သွားပြီ။ ရောစပ်သွားပြီ။”

ထိုစကားကို ကြားချိန်မှာတော့ အောက်ရှင်း တုန်လှုပ်သွားပြီး မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်၏။ အောက်ထင်လည်း ချက်ချင်း ရှေ့တိုးလာသည်။

အမှန်တကယ်ပင် ပန်းကန်လုံးထဲရှိ သွေးနှစ်စက်သည် လျင်မြန်စွာ ရောစပ်သွားပြီး ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်သွားခဲ့၏။

‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

အောက်ရှင်းသည် လုံးဝ မှင်တက်သွား၏။ သို့ပေမည့် ဝမ်းသာအားရ ဖြစ်မှုကြောင့် မှင်တက်သွားခြင်း ဖြစ်သည်။ ‘ကောင်းကင်ဘုံ က စောင့်ရှောက်တာပဲ... ကောင်းကင်ဘုံ က ငါ့သား ကို စောင့်ရှောက်တာပဲ။’

အောက်ထင်၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေ၏။ အကြောင်းမှာ သူသည် အောက်ရှင်းနှင့် အောက်ယွီတို့၏ သွေးကို လျှို့ဝှက်စွာ ဖောက်ထုတ်ပြီး စစ်ဆေးထားပြီး ဖြစ်ကာ မရောစပ်ကြောင်း သေချာနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ သူ ဤမျှ ယုံကြည်မှု ရှိနေခဲ့ခြင်း ဖြစ်၏။

“မဖြစ်နိုင်ဘူး... သေချာပေါက် မှားနေတာ... သေချာပေါက် မှားနေတာ”

အောက်ထင်က ပြောလိုက်သည်။ “နောက်တစ်ခေါက် ထပ်လုပ်မယ်... နောက်တစ်ခေါက် ထပ်လုပ်မယ်။”

ယွင်ကျုံးဟဲ့သည် မည်သည့်စကားမှ မဆိုဘဲ ဓားမြှောင်ကို ယူကာ အောက်ရှင်း ရှေ့သို့ သွားကာ ပြောလိုက်၏။ “ဖေဖေ... သား ဖေဖေ့ လက်ချောင်းကို နောက်တစ်ခေါက် လှီးရတော့မယ်။”

ဤတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့သည် အောက်ရှင်း၏ လက်ချောင်းမှ သွေးငါးစက်ကို ယူလိုက်၏။ ထို့နောက် သူ၏ လက်ချောင်း ငါးချောင်းကို လှီးကာ သွေးများကို မတူညီသော ပန်းကန်လုံး ငါးလုံးထဲသို့ အသီးသီး ကျဆင်းစေခဲ့သည်။

‘နောက်တစ်ခေါက် ထပ်လုပ်မယ်လို့ ပြောတယ် မဟုတ်လား။ တစ်ခေါက်တည်း မလုပ်တော့ဘူး။ ငါးခေါက် တိတိ လုပ်ပြမယ်။’

ရလဒ်မှာ အားလုံး အတူတူပင် ဖြစ်၏။ ပန်းကန်လုံး ငါးလုံးထဲရှိ သွေးများသည် မည်သည့် အတားအဆီးမှ မရှိဘဲ အပြည့်အဝ ရောစပ်သွားကြသည်။

‘အရာအားလုံး ဆုံးဖြတ်ပြီးသွားပြီ။ အိုနာကျစုတ်ကြီး... မင်း ဘာပြောစရာ ရှိသေးလဲ။’

ယွင်ကျုံးဟဲ့သည် အပြစ်ကင်းစင်သော မျက်လုံးများဖြင့် အောက်ထင်ကို ကြည့်ကာ မေးလိုက်၏။ “ဘိုးဘိုးကြီး ကြည့်ပါအုံး။ ငါးခေါက် စစ်တာ ရလဒ်က အတူတူပဲ။ ကျုပ်နဲ့ ဖေဖေက သားအဖအရင်းတွေပါ။ ဘိုးဘိုးကြီးက ဘာလို့ မဟုတ်ဘူးလို့ ထင်ရတာလဲ။”

ထို့နောက် ယွင်ကျုံးဟဲ့ သည် မည်သည့်စကားမှ ထပ်မပြောဘဲ အပြစ်ကင်းစင်သော မျက်လုံးများဖြင့် အောက်ထင် ကိုသာ စိုက်ကြည့်နေတော့သည်။

တစ်ဖက်လူက မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်နိုင်ဘဲ မျက်နှာ ဖြူရော်ကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဘိုးဘိုးကြီး ခုဏက ပြောတဲ့ မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်မယ်ဆိုတာ နောက်တာလို့ သတ်မှတ်ပေးပါ့မယ်။ ဖေဖေ့ကို မရိုသေဘူးလို့သာ အပြစ်မတင်ပါနဲ့။ မြေးမှာ မကျေနပ်စရာ ရှိရင် အကုန်ပြောပါ။ ဖေဖေ့ကိုတော့ အပြစ်မတင်ပါနဲ့။”

‘ခွေးအိုကြီး... ခင်ဗျားက မိသားစုခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ဖို့ကို တမင်သက်သက် ထုတ်ပြောနေတာ မဟုတ်လား။’

ယွင်ကျုံးဟဲ့၏ ရင်တွင်း၌ အေးစက်သော ရယ်မောသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သွေးဖောက် စစ်ဆေးခြင်း ဆိုသည်မှာ အခြေအမြစ် မရှိသော ကိစ္စသာ ဖြစ်သည်။ ရောစပ်စေချင်ပါက လူသွေးနှင့် ဝက်သွေး ကိုပင် ရောစပ်အောင် ပြုလုပ်နိုင်သည်။ မရောစပ်စေချင်ပါက လူတစ်ယောက်တည်း၏ သွေးကိုပင် မရောစပ်အောင် ပြုလုပ်နိုင်၏။

ရှာလကာရည် ထည့်ပါက မရောစပ်ပေ။ ကျောက်ချဉ် ထည့်ပါက ရောစပ်နိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကို ယွင်ကျုံးဟဲ့သည် ဆယ်မျိုးထက်မနည်း သိထားသည်။

ပန်းကန်လုံးထဲတွင် အကွက်ဆင်ရန် မလိုအပ်သကဲ့သို့ ဓားမြှောင်ပေါ်တွင်လည်း အကွက်ဆင်ရန် မလိုပေ။ ရေထဲတွင်လည်း လုပ်စရာ မလိုချေ။ ကိုယ့်လက်ချောင်းပေါ်တွင် ကိုယ်တိုင် အကွက်ဆင်လိုက်လျှင် ရပြီ မဟုတ်လား။

‘ကျုပ် ခင်ဗျားတို့ ဒီလို လုပ်လာမှာကို ကာကွယ်ထားတာ ကြာပြီ။ အောက်ရှင်းက တိုက်ပွဲ အတွေ့အကြုံ မရှိလို့ပါ။ ကျုပ် ယွင်ကျုံးဟဲ့က တိုက်ပွဲ ကျွမ်းကျင်သူပဲ။’

ချက်ချင်းပဲ ထိုနေရာရှိ လူအားလုံးသည် ဘိုးဘိုးကြီး အောက်ထင်ကို လှမ်းကြည့်လိုက်ကြ၏။ စောစောက သူသည် ဘိုးဘေးများ၏ ကမ္ပည်းပြားရှေ့၌ သွေးရောစပ်သွားရင် မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပေးမည်ဟု ကျိန်ဆိုထားခဲ့သည် မဟုတ်ပါလား။

အောက်ထင်သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး အေးစက်စွာ ရယ်မောလျက် ပြောလိုက်သည်။ “ကောင်းပြီ... ကောင်းပြီ... မင်းတို့ သိပ်တော်တာပဲ... သိပ်တော်တာပဲ။”

ထိုသို့ပြောပြီးနောက် သူသည် ဘိုးဘေးများ၏ ကမ္ပည်းပြား ရှေ့တွင် တိုက်ရိုက် ဒူးထောက်ကာ ပြောလိုက်၏။ “ဒီနေ့ကစပြီး ငါ အောက်မိသားစုရဲ့ မိသားစု ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်တယ်။ အောက်ရွှန်း”

အောက်ရှင်း၏ ဒုတိယဦးလေး အောက်ရွှန်း ရှေ့ထွက်လာသည်။

“ဒူးထောက်” အောက်ထင်က ပြောလိုက်၏။

အောက်ရွှန်း တိုက်ရိုက် ဒူးထောက်လိုက်သည်။

အောက်ထင်က ဆက်ပြောလိုက်၏။ “အခုကစပြီး မင်းက အောက်မိသားစုရဲ့ မိသားစု ခေါင်းဆောင်ပဲ။”

ထို့နောက် သူသည် တောင်ဝှေး တစ်ချောင်းကို အောက်ရွှန်းထံ ကမ်းပေးလိုက်သည်။

ဤတောင်ဝှေးသည် မိသားစု ခေါင်းဆောင်၏ အာဏာကို ကိုယ်စားပြုပြီး ဤတောင်ဝှေး ကိုင်ဆောင်ထားပါက မိသားစုအတွင်းရှိ မည်သည့် မလိမ္မာသော သူကိုမဆို ရိုက်နှက်ခွင့် ရှိ၏။

အောက်မိသားစုဝင်များသည် အပြင်ဘက်တွင် ရာထူး မည်မျှ ကြီးမားပါစေ၊ မည်မျှ ထင်ပေါ်ကျော်ကြားပါစေ ဤကျားခေါင်းတောင်ဝှေးကို မြင်သည်နှင့် ဒူးထောက်ရမှာဖြစ်ပြီး ရိုက်နှက်ပါက ပြန်လည် မခုခံရုံသာမက ကောင်းကောင်း ရိုက်ပါတယ် ဟုပင် အော်ဟစ်ရမှာဖြစ်သည်။

အောက်ထင်က အေးစက်စွာဖြင့် မေးလိုက်၏။ “အခု ငါ မိသားစုခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပြီးပြီ။ မင်းတို့ ကျေနပ်ပြီလား။”

ယွင်ကျုံးဟဲ့သည် ဘေးမှ အေးစက်စွာ ကြည့်နေ၏။ ‘အောက်ရွှန်းက ခင်ဗျားရဲ့ စကားနားထောင်တဲ့သူဆိုတာ လူတိုင်း သိကြတယ်။ သူ မိသားစု ခေါင်းဆောင် လုပ်တာနဲ့ ခင်ဗျားကိုယ်တိုင် လုပ်တာ ဘာကွာလို့လဲ။ ခင်ဗျားက အောက်မိသားစုရဲ့ ဘိုးဘိုးကြီး ဖြစ်နေတုန်းပဲလေ။’

“အောက်ရွှန်း... မင်း ငါ့နေရာ လာထိုင်။ အလယ်မှာ ထိုင်” အောက်ထင်က ပြောလိုက်သည်။

မိသားစုခေါင်းဆောင်သစ် အောက်ရွှန်းသည် အလျင်စလို ခါးညွှတ် အရိုအသေပေးလျက် ပြောလိုက်၏။ “အစ်ကိုကြီး... ကျုပ် လုံးဝ မဝံ့ရဲပါဘူး... လုံးဝ မဝံ့ရဲပါဘူး။”

ထို့နောက် သူသည် ဘေးတွင်သာ ဆက်လက် ထိုင်နေပြီး တင်ပါး တစ်ဝက်သာ ထိုင်ရဲကာ ခါးကို ကွေးထားဆဲ ဖြစ်သည်။

‘ပြုတ်ရည်ပြောင်းပြီး ဆေးမပြောင်းတာပါ။ အရာအားလုံးက ခင်ဗျား အောက်ထင် ပြောတဲ့အတိုင်း အတည်ဖြစ်နေတုန်းပဲ။’

နုလန်ဟောက် အောက်ရှင်းက ပြောလိုက်၏။ “ဘကြီး၊ ဦးလေးတို့၊ ညီအစ်ကိုတို့... အခု သွေးဖောက်စစ်ဆေးတဲ့ ရလဒ် ထွက်လာပြီ။ အောက်ယွီက ကျုပ်ရဲ့ သွေးသားအရင်း ဆိုတာ အငြင်းပွားစရာ မရှိတော့ဘူး။ ဒါကြောင့် ကျုပ် မွေးစားသား မလိုတော့ဘူး။ အောက်မင်ကို အိမ်တော်ကြီးဆီ ပြန်လွှတ်လိုက်ပါတော့။”

ထိုစကားကြောင့် လူတိုင်း မျက်နှာ ပျက်သွားကြ၏။ သို့ပေမည့် သွေးဖောက်စစ်ဆေးမှုတွင် ရှုံးနိမ့်သွားသောကြောင့် ဤကိစ္စကို တားဆီးရန် သင့်တော်သော အကြောင်းပြချက် ချက်ချင်း ရှာမရ ဖြစ်နေကြသည်။

ထိုအချိန်မှာပဲ အပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာ၏။

အောက်ထင်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အောက်ရှင်း၏ မျက်နှာ ပြောင်းလဲသွားပြီး မျက်လုံးများတွင် သံသယ အရိပ်အယောင်များ ပေါ်လွင်လာ၏။ သို့ပေမည့် နန်းတွင်း သံတမန် ရောက်လာပြီဖြစ်ရာ လူတိုင်း အပြင်ထွက်၍ ဒူးထောက် ကြိုဆိုရပေမည်။

“မယ်တော်ကြီးရဲ့ အမိန့်တော်... နုလန်ဟောက်ရဲ့ မွေးစားသား အောက်မင်... မယ်တော်ကြီးအတွက် ရေးစပ်ပေးတဲ့ မွေးနေ့ကဗျာကို မယ်တော်ကြီး အလွန် နှစ်သက်တဲ့အတွက် ကျောက်စိမ်းရူရီ တစ်စုံ ချီးမြှင့်လိုက်တယ်။”

“မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်... နုလန်ဟောက်ရဲ့ မွေးစားသား အောက်မင်... မင်းနဲ့ ဝေ့မြို့စားကြီး အိမ်တော်က သမီးလေးတို့ ရာသက်ပန် ပေါင်းဖက်တော့မယ်ဆိုတာ ကြားသိရလို့ အလွန် ဝမ်းသာတဲ့အတွက် ကျောက်စိမ်း ပန်းအိုးတစ်စုံ ချီးမြှင့်လိုက်တယ်။”

မိန်းမစိုးကြီးသည် မယ်တော်ကြီးနှင့် မိဖုရားခေါင်ကြီးတို့၏ အမိန့်တော်များကို ဖတ်ကြားပြီးနောက် အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ “ခင်ဗျားတို့ထဲက ဘယ်သူက အောက်မင်လဲ။”

အရပ်ရှည်ပြီး ချောမောသော အောက်မင် ထွက်လာကာ ခါးညွှတ် အရိုအသေပေးလျက် ပြောလိုက်၏။ “ကျုပ်ပါ။”

မိန်းမစိုးကြီးက ပြုံးကာ ပြောလိုက်သည်။ “တကယ်ကို ရုပ်ရည် သန့်ပြန့်တာပဲ။ ကျုပ် ချောမောတဲ့ ယောကျ်ားလေးတွေ အများကြီး တွေ့ဖူးပေမဲ့ ခင်ဗျားလောက် ချောတဲ့သူ သိပ်မရှိပါဘူး။ နုလန်ဟောက်က တကယ် ကံကောင်းတာပဲ။”

အောက်ရှင်း ၏ မျက်နှာ တစ်ချက် ရှုံ့မဲ့သွားပြီး မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ချေ။

မိန်းမစိုးကြီး၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူ ကျင့်သားရနေပြီ ဖြစ်၏။ အောက်ရှင်းသည် ဤသို့ပင် ဖြစ်သည်။ မည်သူ့ကိုမှ မျက်နှာကောင်း မပြတတ်သကဲ့သို့ လူမှုဆက်ဆံရေး လုံးဝ မကောင်းပေ။

မိန်းမစိုးကြီးက ဆက်ပြောလိုက်သည်။ “မိဖုရားခေါင်ကြီးက ခင်ဗျားကို မှာလိုက်တဲ့စကား အနည်းငယ် ရှိတယ် လူငယ်လေး...”

အောက်မင်သည် ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ် နားထောင်နေပါတယ်။”

မိန်းမစိုးကြီးသည် အသံကို ညှစ်ကာ ပြောလိုက်သည်။ “အောက်မင်... မွေးစားသား ဆိုတာလည်း သား ပါပဲ။ သားအရင်းနဲ့ တစ်ပုံစံတည်းပါပဲ။ နောင်ကျရင် မင်း လုံးဝ ပေါ့ဆလို့ မရဘူး။ မိဘတွေကို သေချာပေါက် လုပ်ကျွေးပြုစုရမယ်။ မဟုတ်ရင် ငါကိုယ်တော်လည်း မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။”

အောက်မင်သည် ဦးညွတ်လျက် ပြောလိုက်၏။ “ကျုပ် မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်။”

မိန်းမစိုးကြီးက ခေါင်းညိတ်လိုက်သည်။ “ဒါဆို ကျုပ် ပြန်တော့မယ်။”

အောက်ထင်သည် လူများကို ဦးဆောင်ကာ ဤမိန်းမစိုးကြီးကို တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးသော်လည်း နုလန်ဟောက် အောက်ရှင်းကမူ ဂရုမစိုက်ချေ။ သူသည် မည်သည့် မိန်းမစိုးကိုမဆို ဤသို့ပင် ဆက်ဆံလေ့ရှိပြီး အမြဲတမ်း မျက်နှာကောင်း မပြတတ်ချေ။

မိန်းမစိုးကြီးကို တံခါးဝအထိ ပို့ဆောင်ပြီးနောက် အောက်ထင်သည် လက်ဆန့်ထုတ်လိုက်၏။ သူ၏ သားသည် ဆယ်ပေါင်ကျော် အလေးချိန် ရှိသော အိတ်တစ်လုံးကို ချက်ချင်း ကမ်းပေးလိုက်သည်။ အတွင်း၌ ရွှေများ ပြည့်နှက်နေ၏။

“အမတ်ကြီး ပင်ပန်းသွားပါပြီ။ ဒါက လက်ဖက်ရည်ဖိုးပါ။ လုံးဝ အားမနာပါနဲ့။” အောက်ထင်က ပြောလိုက်သည်။

မိန်းမစိုးကြီး၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်သွား၏။ “အကြီးအကဲအောက်... ကျုပ် နောက်ကျမှ ရောက်လာတာ မဟုတ်ပါဘူးနော်။”

အောက်ထင်က ပြုံးလိုက်သည်။ “အချိန်ကိုက်ပါပဲ... အမတ်ကြီးရဲ့ တွက်ချက်မှုက နတ်ဘုရားလိုပါပဲ။”

မိန်းမစိုးကြီးက သတိပေးလိုက်၏။ “ခင်ဗျားတို့အိမ်က တတိယသားက တကယ်ကို လူမှုဆက်ဆံရေး မကောင်းတာပဲ။ အခုအချိန်မှာ ထင်ပေါ်နေလို့ ကိစ္စမရှိပေမဲ့ နောင်ကျရင် ဒုက္ခရောက်တဲ့ အချိန်ကျရင် လူတွေ အများကြီးက သူ့ကို နင်းကြလိမ့်မယ်။”

သူ ပြောသော တတိယသားမှာ အောက်ရှင်းကို ဆိုလိုခြင်း ဖြစ်သည်။

အောက်ထင်က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်... ဒါပေမဲ့ အမတ်ကြီး စိတ်ချပါ။ ကျုပ်ရဲ့မြေး အောက်မင် ကတော့ လူမှုဆက်ဆံရေး ကောင်းပါတယ်။”

မိန်းမစိုးကြီးက ပြုံးလိုက်သည်။ “ခင်ဗျားတို့ နုလန်ဟောက် အိမ်တော်က အနာဂတ်မှာ အောက်မင် ကိုပဲ အားကိုးရမှာပါ။ ဒီကလေးက တကယ် တော်တာပဲ။ ယောက္ခမက ဝေ့မြို့စားကြီး၊ ဆရာက အမတ်ချုပ်ကြီးလင်၊ ပြီးတော့ ခင်ဗျားတို့ အောက်မိသားစုရဲ့ ထောက်ပံ့မှုလည်း ရှိတယ်။ ဒုတိယမင်းသားရဲ့ ယုံကြည်ရတဲ့သူလည်း ဖြစ်သေးတယ်။ အနာဂတ်မှာ ကောင်းကင်အထိ တက်လှမ်းနိုင်လိမ့်မယ်။”

အောက်ထင်က ဦးညွတ်လိုက်၏။ “အမတ်ကြီးတို့ရဲ့ ထောက်ပံ့မှုတွေကိုလည်း အားကိုးရအုံးမှာပါ။”

“လွယ်ပါတယ်... လွယ်ပါတယ်။ ဒီလို လူငယ်လေးမျိုးကို ကျုပ် အနှစ်သက်ဆုံးပဲ။”

မိန်းမစိုးကြီးက ပြောလိုက်သည်။ “ကျုပ်မှာ သားသမီးမှ မရှိတာ။ ထူးချွန်ပြီး ချောမောတဲ့ ကလေးတွေကို တွေ့ရင် မနေနိုင်အောင် သဘောကျမိတာပဲ။ နုလန်ဟောက်ရဲ့ သားအရင်းကို ကြည့်ပါအုံး။ အဲဒါ ဘာအကောင်ကြီးလဲ။ ခြံထဲက ဝက်တွေထက်တောင် တုံးအပြီး ဝနေသေးတယ်။”

အောက်ထင်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် မဟုတ်လား။ အဲဒီ ဝက်ကောင်က ကျုပ်တို့ နုလန်ဟောက် အိမ်တော်ကို ဆက်ခံချင်နေတာ။ လုံးဝ နေ့ခင်း အိပ်မက် မက်နေတာပဲ။ ကျုပ် မသေသရွေ့ လုံးဝ မဖြစ်နိုင်ဘူး။”

မိန်းမစိုးကြီးက ရယ်မောလိုက်သည်။ “ခင်ဗျား သေသွားရင်တောင် ဝေ့မြို့စားကြီး အိမ်တော်၊ အမတ်ချုပ်ကြီးလင်၊ ဒုတိယမင်းသားနဲ့ တခြားသူတွေ အများကြီးက အောက်မင်ကို ထောက်ပံ့ပေးထားတာပဲလေ။ အဲဒီ ဝက်ကောင်က ဘယ်လိုလုပ် မျှော်လင့်ချက် ရှိမှာလဲ။”

.............

အပိုင်း (၂၁၈)

ဘိုးဘွားကျောင်းဆောင် အတွင်းသို့ ပြန်ရောက်လာချိန်မှာတော့ ဘိုးဘိုးကြီး အောက်ထင်၏ သြဇာအာဏာ အဆမတန် မြင့်တက်လာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“တတိယသား... မင်း တွေ့တဲ့အတိုင်းပဲ။ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့က အောက်မင်ကို အရမ်း သဘောကျပြီး လက်ဆောင်တွေတောင် ပေးလိုက်သေးတယ်။ နန်းတော်ကတောင် အောက်မင်ဟာ နုလန်ဟောက် အိမ်တော်ရဲ့ အမွေဆက်ခံသူ ဆိုတာ အသိအမှတ် ပြုထားပြီးပြီ။ ဒီကိစ္စက အတည်ဖြစ်သွားပြီ။”

နုလန်ဟောက် အောက်ရှင်းက အေးစက်စွာဖြင့် ပြောလိုက်သည်။ “မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ကလည်း အမှုထမ်းတွေရဲ့ အိမ်တွင်းရေးကို ဝင်စွက်ဖက်ခွင့် မရှိပါဘူး။”

ထိုစကားကြောင့် တစ်ခန်းလုံး မျက်နှာ ပျက်သွားကြတော့၏။

ယွင်ကျုံးဟဲ့၏ မျက်နှာပင် ပြောင်းလဲသွားသည်။

‘ဖေဖေ... ဖေဖေက တကယ်ကို လူမှုဆက်ဆံရေး မကောင်းတာပဲ။ ဒီလို စကားမျိုး စိတ်ထဲကပဲ ပြောသင့်တာကို လူပုံအလယ်မှာ ဘယ်လိုလုပ် ထုတ်ပြောရဲရတာလဲ။ ဒီစကားသာ မယ်တော်ကြီးတို့ နားထဲ ရောက်သွားရင် သေချာပေါက် အငြိုးထားခံရတော့မှာပဲ။ မဟုတ်ဘူး... သေချာပေါက် မယ်တော်ကြီးတို့ နားထဲကို ရောက်သွားမှာပဲ။’

နုလန်ဟောက် အောက်ရှင်းက ဆက်ပြောလိုက်၏။ “ဒီကိစ္စကို ကျုပ် ဆုံးဖြတ်ပြီးပြီ။ ကျုပ် မွေးစားသား မလိုဘူး။ ကျုပ်သား အောက်ယွီကပဲ ကျုပ် ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆက်ခံလိမ့်မယ်။ ဒီကိစ္စက ဆွေးနွေးစရာ မရှိဘူး။ ဘယ်သူမှ လာပြောင်းလဲလို့ မရဘူး။”

ထိုသို့ပြောပြီးနောက် သူသည် ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ “ယွီလေး... လာ သွားမယ်။ ဖေဖေ အခုချက်ချင်း နန်းတော်ထဲဝင်ပြီး ဧကရာဇ်မင်းမြတ်ကို သွားတင်ပြမယ်။ အဆိုးဆုံးကတော့ ဒီ နုလန်ဟောက် ဘွဲ့ကို စွန့်လွှတ်လိုက်ရုံပေါ့။ ငါ့သား မရရင် ဘယ်သူမှလည်း ရမှာ မဟုတ်ဘူး။”

ချက်ချင်းပဲ ဘိုးဘွားကျောင်းဆောင် အတွင်းရှိ လူများ အားလုံး မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားကြ၏။ ‘အောက်ရှင်းက အသေခံ တိုက်ခိုက်တော့မလို့လား။’

ထို့နောက် အောက်ရှင်းသည် ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲကာ အပြင်သို့ ထွက်သွားတော့သည်။

ထိုအချိန်တွင် ဤကြီးမားသော လက်ကြီးသည် အလွန် နွေးထွေးပြီး အင်အား ပြည့်ဝနေကြောင်း ယွင်ကျုံးဟဲ့ ခံစားလိုက်ရ၏။

မျက်စိရှေ့ရှိ ဤဖခင်သည် စရိုက်လက္ခဏာ အားနည်းချက်ရှိပြီး လူမှုဆက်ဆံရေး မကောင်းသကဲ့သို့ အရာရှိ လုပ်နည်းလည်း မသိဘဲ စစ်တိုက်ရန်သာ သိသော်လည်း သူသည် အကောင်းဆုံး ဖခင်တစ်ဦး ဖြစ်ကြောင်း သေချာလှသည်။

လောကရှိ ဖခင် အများစုထက် သာလွန်ပြီး ဇနီးနှင့် သားသမီးများအတွက် အကာအကွယ်ပေးရန် ဆန္ဒရှိကာ ဧကရာဇ်၏ အာဏာကိုပင် ဆန့်ကျင်ရဲသူ ဖြစ်၏။

အခန်းထဲ ပြန်ရောက်လာချိန်မှာတော့ မိခင် ဖြစ်သူသည် အလျင်စလို ရှေ့တိုးလာကာ နူးညံ့စွာဖြင့် မေးလိုက်သည်။ “ယောက်ျား... အခြေအနေက ဘယ်လိုလဲ။”

သူမသည် ယောက်ျားဖြစ်သူကို အလွန် ချစ်မြတ်နိုးသောကြောင့် ယောက်ျား၏ စိတ်ခံစားချက်များကို အချိန်ပြည့် နားလည်ခံစားနိုင်၏။ ယောက်ျားသည် အမှန်တကယ် ဝမ်းနည်း ပူဆွေးနေချိန်တွင် သူမသည် ဒေါသတကြီး မအော်ဟစ်တော့ဘဲ အလွန် နူးညံ့သွားတတ်၏။

အောက်ရှင်းသည် အဖြစ်အပျက် အားလုံးကို အပြည့်အစုံ ပြောပြလိုက်၏။ မိခင် ဖြစ်သူသည် မျက်မှောင်ကြုတ် သွားသည်။ အကြောင်းမှာ ဤကိစ္စ၏ ကြီးလေးမှုကို သူမလည်း သိရှိသွားသောကြောင့် ဖြစ်သည်။

အောက်မင်၏ နောက်ကွယ်တွင် လူအများအပြား ရှိနေပြီး အကျိုးစီးပွား အများအပြားကို ကိုယ်စားပြုနေသည်။ မိဖုရားခေါင်ကြီး၊ အမတ်ချုပ်ကြီး လင်၊ ဝေ့မြို့စားကြီး၊ ထို့သူအားလုံးတို့၏ နောက်ကွယ်မှာ လူတစ်ယောက်တည်း ရှိတယ်။ ထိုလူမှာ ဒုတိယမင်းသား ကျိုးဂျီ ဖြစ်၏။

“ဖေဖေ... ဒီ ကျိုးဂျီ က အရမ်း တော်တာလား။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသား ကျိုးလီက အရမ်း တော်တာ မဟုတ်ဘူးလား။”

အောက်ရှင်းက ဖြေလိုက်၏။ “အိမ်ရှေ့စံမင်းသားက မူလတုန်းက သြဇာ အလွန်ကြီးမားပြီး စစ်သူကြီး တော်တော်များများရဲ့ ထောက်ခံမှုကို ရထားတာပါ။ ဒါပေမဲ့ ဒီတစ်ခေါက် ပိုင်ရှင်မဲ့နယ်မြေမှာ တာယင်အင်ပါယာနဲ့ ဖြစ်တဲ့စစ်ပွဲမှာ ငါတို့ တောင်ပိုင်းကျိုးအင်ပါယာ ရှုံးသွားတယ်။ အိမ်ရှေ့စံမင်းသားက ပင်မစစ်သေနာပတိ အနေနဲ့ တာဝန်ယူရမှာပဲ။

ယင်ချွဲ့က စစ်တပ် တစ်သိန်းကျော်ကို ဦးဆောင်ပြီး တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ်ထဲ ဝင်တိုက်တော့ ဧကရာဇ်မင်းမြတ်က ဒုတိယမင်းသားကို စစ်သေနာပတိအဖြစ် ခန့်အပ်ပြီး စစ်တပ်သိန်းချီ စုရုံးကာ ယင်ချွဲ့ရဲ့ စစ်တပ်ကို ဝိုင်းရံစေခဲ့တယ်။

အဲဒီနောက် တာယင်အင်ပါယာရဲ့ စတုတ္ထမင်းသား ယင်ချွဲ့ လုပ်ကြံခံရတာလည်း ဒုတိယမင်းသားရဲ့ လက်ချက်ပဲ။ ယင်ချွဲ့ လုပ်ကြံခံရတော့ တာယင်အင်ပါယာ စစ်တပ်က ခေါင်းဆောင်မဲ့သွားပြီး ငါတို့ရဲ့ စစ်တပ် သိန်းချီ ဝိုင်းရံတာကို ခံရကာ အပြည့်အဝ ပျက်စီးတော့မယ့် အနေအထား ဖြစ်သွားခဲ့တယ်။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဖေဖေ... တောင်ပိုင်းကျိုးအင်ပါယာက ဝိုင်းရံထားတာကို တမင် ဖွင့်ပေးပြီး တာယင်အင်ပါယာရဲ့ စစ်တပ် တစ်သိန်းကျော်ကို တိုင်းပြည် ပြန်ခွင့်ပြုလိုက်တာက ဖေဖေ့ရဲ့ အစီအစဉ်လား၊ ဒါမှမဟုတ် ဒုတိယမင်းသားရဲ့ အမိန့်လား။”

အောက်ရှင်းက ဖြေလိုက်၏။ “ဒါ ဖေဖေ့ရဲ့ အမိန့်ပါ။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ရဲ့ လျှို့ဝှက် အမိန့်တော် ကြောင့်ပါ။”

ယွင်ကျုံးဟဲ့က ဆက်မေးလိုက်သည်။ “နှုတ်မိန့်လား၊ လျှို့ဝှက် အမိန့်တော် စာလား။”

အောက်ရှင်းက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “နှုတ်မိန့်ပါ။ ဘာဖြစ်လို့လဲ ယွီလေး”

ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး။”

လျှို့ဝှက်အမိန့်တော်စာ မဟုတ်ဘဲ နှုတ်မိန့် ဖြစ်နေခြင်းသည် နောက်ဆက်တွဲ အနေဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာချိန်တွင် အောက်ရှင်း အနေဖြင့် တာယင်အင်ပါယာ စစ်တပ်ကို လွှတ်ပေးခဲ့မှုအတွက် တာဝန်ယူရမည် ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်၏။

အကြောင်းမှာ လျှို့ဝှက်အမိန့်တော်စာ မဟုတ်သောကြောင့် နှုတ်မိန့်တွင် အထောက်အထား မရှိဘဲ ဧကရာဇ်မင်းမြတ်၏ ဆန္ဒဖြစ်ကြောင်း သက်သေ မပြနိုင်ချေ။ နုလန်ဟောက်သည် တာယင်အင်ပါယာနှင့် ပူးပေါင်းပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုပင် စွပ်စွဲခံရနိုင်သည်။

သေချာသည်မှာ ဤသည်မှာ အခြေခံအားဖြင့် ကောင်းသောကိစ္စ ဖြစ်သည်။ သင်သည် ဧကရာဇ်မင်းမြတ် အတွက် ပြစ်တင်ဝေဖန်မှုများကို ခံယူပေးနိုင်ပါက သင်သည် ဧကရာဇ်မင်းမြတ်၏ လူယုံ ဖြစ်နေပြီ ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

လူတိုင်းက ဧကရာဇ်မင်းမြတ်အတွက် ပြစ်တင်ဝေဖန်မှုများကို ခံယူပေးခွင့်ရသည် မဟုတ်ချေ။ ထို့အပြင် နှစ်အနည်းငယ်အတွင်း တောင်ပိုင်းကျိုးအင်ပါယာတွင် နိုင်ငံတော် အဆုံးအဖြတ် စစ်ပွဲကြီး သေချာပေါက် ဖြစ်ပွားလာမည်ဖြစ်ရာ နုလန်ဟောက် အောက်ရှင်း ကဲ့သို့သော ထိပ်တန်း စစ်သူကြီးကို မဖြစ်မနေ အသုံးပြုရမည် ဖြစ်သည်။

အောက်ရှင်းက ဆက်ပြောလိုက်၏။ “ဒါကြောင့် ဒီစစ်ပွဲမှာ ငါတို့ အရင်ရှုံးပြီးမှ နိုင်ခဲ့တာ အားလုံးက ဒုတိယမင်းသား ကျိုးဂျီရဲ့ ဂုဏ်ကျေးဇူးတွေချည်းပဲ။ ယင်ချွဲ့ကို လုပ်ကြံတာလည်း သူ့ရဲ့ ဂုဏ်ကျေးဇူးပဲ။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက ဂုဏ်သိက္ခာရှိရှိနဲ့ မာနကြီးစွာ ဒီစစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တာလည်း ဒုတိယမင်းသားရဲ့ ဂုဏ်ကျေးဇူးကြောင့်မို့လို့ သူ အိမ်ရှေ့စံမင်းသား ဖြစ်လာဖို့ အသံတွေ အရမ်း ကျယ်လောင်နေတယ်။”

‘နားလည်သွားပြီ။’

ဒုတိယမင်းသားသည် အရပ်ဖက် အရာရှိများ၏ ထောက်ခံမှုကို ရရှိထားသောကြောင့် စစ်ဖက်ဆိုင်ရာ အရာရှိများ၏ ထောက်ခံမှုကို ပိုမို လိုအပ်နေသည်။

နုလန်ဟောက်သည် တောင်ပိုင်းကျိုးအင်ပါယာ၏ ဖောက်ချီစစ်သူကြီးချုပ်ဖြစ်ပြီး ထိပ်တန်း စစ်ဖက်အရာရှိ ဖြစ်၏။ အောက်မင်သည် နုလန်ဟောက်၏ မွေးစားသားဖြစ်ပြီး စာပေရော သိုင်းပညာပါ ကျွမ်းကျင်သူဖြစ်ရာ သေချာပေါက် အသင့်တော်ဆုံး သူပင် ဖြစ်သည်။ သူသာ ဒုတိယမင်းသားဘက်သို့ ပါသွားပါက တစ်နည်းအားဖြင့် နုလန်ဟောက် အိမ်တော်ကို ကိုယ်စားပြုသွားမည် ဖြစ်၏။

ထို့ကြောင့် အောက်မင် အာဏာရလာစေရန် ထောက်ပံ့နေသူများမှာ အင်အားကြီးမားသော အကျိုးစီးပွား အဖွဲ့အစည်း တစ်ခုပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဖေဖေ... ဖေဖေနဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။”

အောက်ရှင်းက ဖြေလိုက်သည်။ “ဒီလိုပါပဲ... အရမ်း အေးစက်ပါတယ်။ ပြီးတော့ သူက အခု ကံဆိုးနေတာ။ ဒီလောက်ကြီးတဲ့ စစ်ပွဲကြီး ရှုံးသွားတော့ ပြန်ထဖို့ ခက်သွားပြီ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဖေဖေ... ကျုပ် မှတ်မိသလောက် အဲဒီတုန်းက ပိုင်ရှင်မဲ့နယ်မြေရဲ့ စစ်ပွဲ ပြီးသွားပြီလေ။ ဒါပေမဲ့ ယင်ချွဲ့က တောင်ပိုင်းကျိုးအင်ပါယာကို ယန်ဖြန်ရှန်ကို အပ်ဖို့ တောင်းဆိုပြီး စစ်ထပ်တိုက်ခဲ့တာလေ။ တောင်ပိုင်းကျိုးအင်ပါယာက မအပ်လို့ ယင်ချွဲ့က စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ်ထဲ ဝင်တိုက်တာကြောင့် အခြေအနေတွေ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တာ။ အခု ယန်ဖြန်ရှန်က ဘယ်မှာလဲ။”

အောက်ရှင်းက ဖြေလိုက်သည်။ “သေမင်းတမန် အကျဉ်းထောင်ထဲမှာလေ။ ဒီစစ်ရှုံးမှုအတွက် သူ့မှာ တာဝန် အကြီးဆုံးပဲ။ အိမ်ရှေ့စံမင်းသား ကျိုးလီလည်း သူ့ကို မကာကွယ်နိုင်တော့ဘူး။ ဒုတိယမင်းသား ကျိုးဂျီရဲ့ အဖွဲ့က သူ့ကို သေချာပေါက် သတ်ပစ်ဖို့ ကြိုးစားကြလိမ့်မယ်။

ဘာလို့လဲဆိုတော့ သူက အရမ်း ကြောက်စရာ ကောင်းလို့ပဲ။ သူသာ အိမ်ရှေ့စံမင်းသားဘေးမှာ ရှိနေရင် ဒုတိယမင်းသားက စိတ်အေးရမှာ မဟုတ်ဘူး။ ပြစ်ဒဏ် ချမှတ်တော့မယ်။ ခါးဖြတ်သေဒဏ်ပဲ။ ဒါတွေ အားလုံးက ငါတို့ အိမ်နဲ့ မဆိုင်ပါဘူး။”

နုလန်ဟောက် အောက်ရှင်းက ပြောလိုက်၏။ “ငါတို့ မိသားစုအတွက် အရေးအကြီးဆုံးက သားရဲ့ အဆင့်အတန်းပဲ။ သားက ဖေဖေ့ရဲ့ နယ်စားဘွဲ့ကို သေချာပေါက် ဆက်ခံရမယ်။ အောက်မင်ဆိုတဲ့ ဝံပုလွေကောင်ကို ဖေဖေ့ရဲ့ နယ်စားဘွဲ့နဲ့ မိသားစု စီးပွားရေးကို လုယူခွင့် လုံးဝ မပေးနိုင်ဘူး။ သူသာ နုလန်ဟောက် ဘွဲ့ကို ဆက်ခံသွားရင် သားကို သေချာပေါက် လွှတ်ထားမှာ မဟုတ်ဘူး။”

နားထောင်ရသည်မှာ အမှန်တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။

နုလန်ဟောက်သည် မိမိ၏ နယ်စားဘွဲ့ကို မိမိ၏သားထံသို့ပင် လွှဲပြောင်းပေးခွင့် မရှိပေ။

ဤသည်မှာ သူကိုယ်တိုင် တိုက်ခိုက် ရှာဖွေခဲ့သော မိသားစု စီးပွားရေးဖြစ်ပြီး သူ၏ ဂုဏ်ကျေးဇူးများ ဖြစ်သော်လည်း အပြင်လူတစ်ယောက်က လာရောက် လုယူသွားသည်ကို မျက်စိသူငယ်ဖြင့် ကြည့်နေရမှာဖြစ်၏။

အခြားသူများ အတင်းအကျပ် ထည့်ပေးလိုက်သော ဤမွေးစားသားကို သူ မလိုချင်လျှင်တောင် မရချေ။

ဤမွေးစားသားသည် နယ်စားဘွဲ့ကို လုယူရုံ၊ မိသားစု စီးပွားရေးကို လုယူရုံသာမက သားဖြစ်သူ အောက်ယွီ၏ ဇနီးကိုပါ လုယူသွားခဲ့သည်။ လောကတွင် ဤထက် ပိုမို ကြီးမားသော အရှက်ရစရာ ရှိသေးသည်လား။

“မိန်းမ... ကျုပ်အတွက် ပစ္စည်းတွေ ပြင်ပေး။ ကျုပ် အခုချက်ချင်း နန်းတော်ထဲဝင်ပြီး ဧကရာဇ်မင်းမြတ်ကို သွားတွေ့မယ်။”

နုလန်ဟောက် အောက်ရှင်းက ပြောလိုက်သည်။ “အခု ဒီပြဿနာကို ဖြေရှင်းပေးနိုင်တာ ဧကရာဇ်မင်းမြတ်ပဲ ရှိတော့တယ်။ သူ အမိန့်တော်ကို ပြန်ရုပ်သိမ်း ရမယ်။ မဟုတ်ရင် ကျုပ် ဖောက်ချီစစ်သူကြီးချုပ် ရာထူးကနေ နုတ်ထွက်ပြီး ကျုပ်ရဲ့ နယ်စားဘွဲ့ကိုပါ ရုပ်သိမ်းခိုင်းလိုက်မယ်။ ကျုပ် ဒီနယ်စားဘွဲ့ မရှိရင်တောင် အောက်မင်ကိုတော့ လုံးဝ မပေးနိုင်ဘူး။”

ဤအောက်ရှင်းသည် အမှန်တကယ်ပင် ဒေါသကြီးလှ၏။ သူ၏ သတ်ဖြတ်လိုသော အမူအရာသည် ဧကရာဇ်မင်းမြတ်ထံ သွားရောက် တောင်းဆိုမည့် ပုံစံမျိုး မဟုတ်ဘဲ နန်းတော်ကို သွားရောက် သိမ်းပိုက်တော့မည့် ပုံစံမျိုး ဖြစ်နေ၏။

ယွင်ကျုံးဟဲ့က ရုတ်တရက် ပြောလိုက်သည်။ “ဖေဖေ... တကယ်လို့ ဖေဖေနဲ့ ဧကရာဇ်မင်းမြတ်တို့ စကားပြောတာ အဆင်မပြေဖြစ်ခဲ့ရင် စကားတစ်ခွန်း ထည့်ပြောလိုက်ပါ။ အောက်မင်က ဖေဖေ့ရဲ့ မွေးစားသား ဖြစ်လာပြီး အနာဂတ်မှာ နယ်စားဘွဲ့ကို ဆက်ခံရတာက သူ ထူးချွန်လို့ မဟုတ်ဘူးလား။ သူ ပြည်နယ် စာမေးပွဲမှာ ပထမဆု ရခဲ့လို့ မဟုတ်ဘူးလား။ တကယ်တော့ ကျုပ်လည်း ထူးချွန်နိုင်ပါတယ်။ ကျုပ် ပြည်နယ်စာမေးပွဲ ပထမဆု၊ နန်းတွင်း စာမေးပွဲ ပထမဆုတွေ ရအောင် ဖြေနိုင်ပါတယ်လို့။”

နုလန်ဟောက် အောက်ရှင်း မှင်တက်သွားပြီးနောက် ပြုံးလျက် ပြောလိုက်၏။ “နောက်နေပြန်ပြီ။ စိတ်ချပါ... ဖေဖေ ဒီတစ်ခေါက် ဧကရာဇ်မင်းမြတ်ကို သွားတွေ့တာ သားအတွက် သေချာပေါက် တရားမျှတမှု ရအောင် ယူလာပေးမယ်။ အဆိုးဆုံးကတော့ အသေခံ တိုက်ခိုက်ရုံပေါ့။ ဖေဖေက ဘာကြောက်စရာ ရှိလို့လဲ။”

ယွင်ကျုံးဟဲ့သည် မတတ်သာဘဲ ထပ်ပြောလိုက်သည်။ “ဖေဖေ... သေချာ မှတ်ထားနော်။ တကယ်လို့ စကားပြောတာ အဆင်မပြေဖြစ်ခဲ့ရင် ကျုပ် ပြည်နယ် စာမေးပွဲ ပထမဆု၊ နန်းတွင်း စာမေးပွဲ ပထမဆုတွေ ရအောင် ဖြေနိုင်တယ်ဆိုတဲ့ စကားကို သေချာပေါက် ထည့်ပြောခဲ့ပါ။ အဲဒါက ဧကရာဇ်မင်းမြတ်ကို နောက်ဆုတ်စရာ လမ်းလေး တစ်ခု ဖန်တီးပေးလိုက်တာပါပဲ။”

နုလန်ဟောက် အောက်ရှင်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ... ဖေဖေ မှတ်ထားပါ့မယ်။”

နာရီဝက် အကြာတွင် သူသည် ပစ္စည်းအနည်းငယ်ကို ပြင်ဆင်ပြီး မြင်းကောင်းများကို စီးကာ နောက်လိုက် ဆယ်ယောက်ကျော်ကို ခေါ်ဆောင်ပြီး နုလန်ဟောက် အိမ်တော်မှ ထွက်ခွာကာ ကျန်းကျိုးမြို့မှ ထွက်ခွာသွား တော့သည်။

“အဖေ... တတိယသား မြို့တော်ကို သွားပြီ။” အောက်ဖျင်က ပြောလိုက်၏။

ဘိုးဘိုးကြီး အောက်ထင်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။ “သူက တကယ်ပဲ အဲဒီ ဝက်ကောင် အောက်ယွီအတွက် အသေခံ တိုက်ခိုက်တော့မှာလား။ ငါတို့ အောက်မိသားစုရဲ့ အနာဂတ်ကို တကယ် ဖျက်ဆီးပစ်တော့မှာလား။”

အောက်ဖျင်က ပြောလိုက်၏။ “အဖေ... ကျုပ်တို့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေက အလွယ်တကူ ရလာတာ မဟုတ်ဘူး။ တတိယညီကို ဒီလို ထင်ရာစိုင်းပြီး ဖျက်ဆီးခွင့် ပေးလိုက်လို့ လုံးဝ မဖြစ်ဘူး။ ဒါကြောင့် ဆုံးဖြတ်ချက် ချရတော့မယ်။ ရက်ရက်စက်စက် လုပ်မှပဲ အောင်မြင်မှု ကြီးကြီး ရနိုင်မှာပါ။”

ဘိုးဘိုးကြီး အောက်ထင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ “ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ငါ့ကို နည်းနည်း စဉ်းစားခွင့် ပေးအုံး။”

..............

All Chapters