← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

1

“ဒီမှာ လီရှီးရှီး၊ ဒီစာရွက်စာတမ်းလေး တစ်ချက်လောက် ကြည့်လိုက်ဦး၊ ပြီးရင် ငါ့အတွက် အစီရင်ခံစာတစ်စောင်လောက်ရေးပေး၊ ဒီနေ့ညနေအမီလိုချင်တယ်နော်၊ သွက်သွက်လေးလုပ်ပေး”

နှုတ်ခမ်းနီရဲရဲဆိုးထားသော အမျိုးသမီးက စားပွဲခုံပေါ်သို့ ဖိုင်တွဲကို ဘုတ်ခနဲပစ်ချလိုက်ရင်း အထက်စီးဆန်သည့်လေသံဖြင့် အမိန့်ပေးလိုက်သည်။

“မမချီ၊ မန်နေဂျာကျန်းက အခုလေးတင် အလုပ်တစ်ခုပေးထားလို့။ အဲဒါကလည်း အရေးတကြီးဖြစ်နေတာ၊ ဒီနေ့အပြီးလုပ်ရမှာဆိုတော့ အချိန်မရတော့ဘူး။ မမချီ့အလုပ်ကိုတော့ ကူလုပ်မပေးနိုင်တော့ဘူးထင်တယ်၊ ကိုယ့်ဘာသာပဲလုပ်လိုက်ပါတော့နော်”

လီရှီးရှီး နှာခေါင်းပေါ်လျှောကျနေသည့် မျက်မှန်လေးကို ပင့်တင်လိုက်ရင်း အေးဆေးတည်ငြိမ်စွာတုံ့ပြန်လိုက်သည်။ ထိုစကားကိုကြားလိုက်ရချိန်တွင် မဒမ်ချီ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လီရှီးရှီးတစ်ကိုယ်လုံးကို အထက်အောက်စုန်ဆန်ကြည့်လိုက်သည်။

“အလုပ်သင်ဘဝကနေ အတည်ပြုခန့်ထားတာ မကြာသေးတဲ့သူကို မန်နေဂျာကျန်းက ဘာအရေးတကြီးကိစ္စများခိုင်းစရာရှိလို့လဲ”

“အဲဒါတော့ မသိဘူးလေ” လီရှီးရှီး လက်နှစ်ဖက်ကိုဖြန့်ကာ ပခုံးတွန့်ပြလိုက်သည်။ “မမချီသိချင်ရင် မန်နေဂျာကျန်းကို သွားမေးကြည့်ပါလား”

ချီမိန်ယွီတစ်ယောက် ဆွံ့အသွားရသည်။ ဤကိစ္စလေးအတွက်နှင့် မန်နေဂျာကျန်းထံ သွားရောက်မေးမြန်းရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့်အရာမို့လို့ ခြေဆောင့်ကာ မိမိနေရာသို့သာ မကျေမနပ်ဖြင့်ပြန်သွားရတော့သည်။

လီရှီးရှီး အလုပ်စဝင်လာကတည်းမှ ချီမိန်ယွီသည် သူမကိုမျက်မုန်းကျိုးနေခဲ့ခြင်းပင်။ ယခင်က ဤရုံးခန်းထဲ၌ သူမတစ်ဦးတည်းသာ ပန်းပွင့်လေးတစ်ပွင့်သဖွယ်တင့်တယ်နေခဲ့ပြီး အလှအပကြိုက်ကာ ပြင်ဆင်ခြယ်သတတ်သူဖြစ်၍ ရုံးခန်းထဲရှိအမျိုးသားဝန်ထမ်းများ၏ အလိုလိုက်အကြိုက်ဆောင်မှုများကို အပြည့်အဝရရှိထားခဲ့သည်။

သို့သော် လီရှီးရှီးရောက်လာချိန်မှစ၍ သူမနေရာလေး ဖယ်ရှားခံရမည်ကို စိုးရိမ်လာရ၏။ လီရှီးရှီးမှာ ခေတ်နောက်ကျနေသောမျက်မှန်ဝိုင်းကြီးကို တပ်ဆင်ထားသော်လည်း မျက်လုံးကန်းနေသူများမှလွှဲလျှင် ထိုမျက်မှန်နောက်ကွယ်မှအလှကို မြင်နိုင်ပေသည်။ သွယ်လျကျစ်လျစ်သော မျက်နှာသွင်ပြင်နှင့် ဖြူဝင်းနုဖတ်နေသော အသားအရေတို့ကြောင့် ထိုမျက်မှန်ဝိုင်းကြီးကပင် သူမအတွက်ချစ်စရာကောင်းသော အဆင်တန်ဆာတစ်ခုလို ဖြစ်နေစေသည်။

‘ချစ်စရာကောင်းတယ်တဲ့လား... ဟွန့်... အမြင်ကပ်စရာကောင်းတာ'

မကျေမနပ်ဖြင့် ပြန်လှည့်သွားရသော ချီမေယွီကိုကြည့်ရင်း လီရှီးရှီး၏နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။ ကုမ္ပဏီ၏ ဝန်ထမ်းဟောင်းတစ်ဦးဆိုသည့် အရှိန်အဝါကိုသုံးကာ အလုပ်ဝင်ကာစ ဝန်ထမ်းသစ်များအပေါ် ဗိုလ်ကျလွှမ်းမိုးချင်သည့် ချီမေယွီ၏အကျင့်စရိုက်ကို သူမ ကောင်းကောင်းသိသည်။

တိုက်တိုက်ဆိုင်ဆိုင် ယခုရုံးခန်းထဲ၌ ဝန်ထမ်းအသစ်ဆို၍ နှစ်ဦးတည်းသာရှိပြီး ကျန်တစ်ဦးမှခွင့်ယူထားသောကြောင့် သူမကိုအပိုင်စီးကာ အလုပ်များပုံချဖို့ရာ ကြံစည်နေခြင်းဖြစ်သည်။ သို့တိုင်အောင် ထိုအမျိုးသမီးကို အတိအလင်းရန်မစရဲပေ။ ကုမ္ပဏီသို့ရောက်ရှိလာခဲ့သည်မှာ သိပ်မကြာသေးသလို အတည်ပြုဝန်ထမ်းအဖြစ် ခန့်အပ်ခံရသည်မှာလည်း တစ်နှစ်ပင်မပြည့်သေးချေ။

အလုပ်မလုပ်ချင်လျှင် တန်းထွက်သွားလို့ရသည့် ကြွယ်ဝချမ်းသာသော မိသားစုမှ ဆင်းသက်လာသူမဟုတ်သောကြောင့် ဘဝကိုကြိုးကြိုးစားစား ရုန်းကန်နေရဆဲဖြစ်သည်။ နောင်တစ်ချိန်တွင် သက်တောင့်သက်သာ နေထိုင်နိုင်ရေးအတွက် ယခုအချိန်တွင် ငွေများများရှာထားရန် လိုအပ်ပေမည်။

သူမ၏ရည်မှန်းချက်မှာ ကြီးမားလှသည်။ ငွေကြေးအလုံအလောက် စုဆောင်းမိပါက မွေးရပ်မြေကျေးရွာလေးမှလမ်းများကို ပြုပြင်ဖောက်လုပ်ပေးချင်သည်။ သို့မှသာ ရွာသူရွာသားများ တောင်တန်းကြီးများကိုကျော်ဖြတ်ကာ ပြင်ပကမ္ဘာနှင့် အလွယ်တကူ ထိတွေ့နိုင်ပေလိမ့်မည်။

ထိုအကြောင်းတွေးမိသည်နှင့် ရင်ထဲ၌ ခွန်အားသစ်များ ပြန်လည်ပြည့်ဖြိုးလာသည်။ ဤနေရာသို့လာရောက်ခြင်းမှာ အလုပ်လုပ်ရန်သာဖြစ်ပြီး မိတ်ဆွေဖွဲ့ရန်မဟုတ်ပေ။ လစာများများရနေသရွေ့ အမြင်ကပ်စရာကောင်းသော လုပ်ဖော်ကိုင်ဖက်များနှင့် စိတ်မွန်းကျပ်စရာအလုပ်ခွင်ပတ်ဝန်းကျင်ကို လျစ်လျူရှုထားနိုင်စွမ်းရှိသည်။

ကျောင်းပြီးခါစ ဘွဲ့ရလူငယ်တစ်ဦးဖြစ်သော သူမအတွက် ယနေ့ခေတ်၏ ပြင်းထန်လှသော အလုပ်အကိုင်ယှဉ်ပြိုင်မှုက ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင်။ ဘွဲ့ရပညာတတ်များ များပြားလာသည်နှင့်အမျှ တန်ဖိုးကျဆင်းလာသော်ငြား ကံကောင်းထောက်မစွာဖြင့် သူမသည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုမှ အကောင်းဆုံးမေဂျာ ဘွဲ့ရရှိခဲ့သောကြောင့် ဤမြို့ကြီးတွင် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။

အတည်ပြုဝန်ထမ်းဖြစ်ပြီးနောက် လစဉ်ဝင်ငွေမှာ တစ်သောင်းကျော်ရှိလာပြီး အချိန်ပိုကြေးများပါ ပေါင်းထည့်လိုက်လျှင် နှစ်သောင်းကျော်အထိ ရရှိနေပြီဖြစ်သည်။ ကျောင်းပြီးခါစ လူငယ်တစ်ဦးအတွက် ထိုပမာဏမှာ အလွန်မြင့်မားသော ဝင်ငွေတစ်ခုဟု ဆိုရပေမည်။

……

အချိန်ပိုဆင်းပြီးနောက် ညောင်းညာကိုက်ခဲနေသောလည်ပင်းကို ဆုပ်နယ်ရင်း ကိုယ်လက်ဆန့်တန်းလိုက်သည်။

ပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် မိုးကုပ်စက်ဝိုင်းတစ်ခုလုံး အမှောင်တိတိကျနေပြီဖြစ်၏။ ကောင်းကင်ယံ၌မှေးမှိန်သော ကြယ်ပွင့်အနည်းငယ်ကိုသာ တွေ့ရပြီး သူမ၏မွေးရပ်မြေမှ ကြယ်ရောင်စုံညချမ်းအချိန်များနှင့် လုံးဝကွာခြားနေသည်။

ငယ်စဉ်ကဆိုလျှင် ဘိုးဘိုးနှင့်အတူ ခေါင်မိုးပေါ်တက်ကာ လေညင်းခံရင်း ကြယ်လေးများ ရေတွက်ခဲ့ဖူးသည်ကို သတိရမိသည်။

ထိုအချိန်မှာပင် ဖုန်းမြည်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ “တီ... တီ...”

ဖုန်းစခရင်ပေါ်ရှိ အမည်ကို ကြည့်လိုက်ရာ အိမ်နီးချင်းဒေါ်လေး၀မ်ဖြစ်နေလေသည်။

“ဟယ်လို… ရှီးရှီးလေး၊ ဘာတွေလုပ်နေလဲကွယ်”

လီရှီးရှီးသည် အချိန်ပိုဆင်းနေဆဲဖြစ်သော အခြားလုပ်ဖော်ကိုင်ဖက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုံးခန်းပြင်ပသို့ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။ ထို့နောက် ပါးစပ်ကိုလက်ဖြင့်ကာထားရင်း လေသံတိုးတိုးဖြင့်ပြန်ဖြေလိုက်၏။

“ဒေါ်လေး၀မ်၊ သမီးရုံးမှာ အချိန်ပိုဆင်းနေရတုန်းပဲ၊ ဒါပေမဲ့ ဒီနေ့အတွက်အလုပ်တွေတော့ ပြီးသွားပါပြီ၊ ခဏနေရင် ကုမ္ပဏီဖယ်ရီကားနဲ့ အဆောင်ကို ပြန်တော့မှာ”

ဘိုးဘိုး ကွယ်လွန်သွားပြီးကတည်းမှ သူမအိမ်မပြန်ဖြစ်ခဲ့သည်မှာ အတော်ကြာမြင့်နေပြီဖြစ်သည်။ ရွာမှ ဒေါ်လေး၀မ်ကသာ သူမအပေါ် သံယောဇဉ်ထားကာ ဂရုစိုက်ပေးခဲ့ပြီး တစ်ခါတစ်ရံတွင် ဖုန်းဆက်ကာ အခြေအနေကို မေးမြန်းလေ့ရှိသည်။

“အဟမ်း... အဟမ်း... ရှီးရှီးလေး၊ အဒေါ်က သတင်းကောင်းလေးတစ်ခု ပြောပြချင်လို့”

“သတင်းကောင်းလား၊ ဘာသတင်းကောင်းများလဲဟင်” လီရှီးရှီး အနည်းငယ် နားဝေတိန်တောင် ဖြစ်သွားရသည်။

“အစိုးရကျေးဇူးကြောင့် တို့ရွာလေးထိ ကတ္တရာလမ်းမကြီး ဖောက်လုပ်ပေးလိုက်ပြီလေ၊ အခုဆို လမ်းတွေပွင့်သွားပြီဆိုတော့ တောင်ပေါ်တက်ရတာ အရင်ကလောက် မခက်ခဲတော့ဘူးပေါ့ကွယ်၊ ရွာကလူတွေလည်း ရွာကိုပြန်လာလည်ဖို့ ပြောနေကြတယ်၊ ရွာသူကြီးကလည်း ရွာသူရွာသားတွေအားလုံးကိုစုဝေးပြီး ကိုယ်ပိုင်စီးပွားရေးတွေလုပ်ကြဖို့နဲ့ ရွာရဲ့ စီးပွားရေးကို မြှင့်တင်ကြဖို့ အစည်းအဝေးတစ်ခုလုပ်မလို့တဲ့၊ အဲဒါ သမီးလေးကို ကြိုပြောပြထားတာ”

‘တောင်ပေါ်လမ်းကို ဖောက်လုပ်ပြီးသွားပြီတဲ့လား' လီရှီးရှီး၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်များ လွှမ်းခြုံသွားသည်။ ငယ်ငယ်က ကျောင်းသွားချင်တိုင်း ဘိုးဘိုးက သူမလက်ကိုဆွဲကာ ခေါ်သွားလေ့ရှိ၏။ လမ်းမလျှောက်နိုင်သည့် အရွယ်တုန်းကဆိုလျှင် ဘိုးဘိုး၏ကျောပြင်ပေါ်တွင် လိုက်ပါခဲ့ရသည်။ ကျောင်းတွင် အဆောင်မှာနေခွင့်ရခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲလွန်းသောကြောင့် တစ်ပတ်တစ်ခါ အိမ်ပြန်ရန်ပင် နာရီပေါင်းများစွာ အချိန်ပေးခဲ့ရလေ၏။

“ဒါ အရမ်းကောင်းတဲ့သတင်းပဲ၊ လမ်းတွေကောင်းသွားပြီဆိုတော့ ကျွန်မတို့ရွာလေးလည်း သေချာပေါက် တိုးတက်လာတော့မှာပေါ့”

ပိုက်ဆံရှိလာလျှင် ရွာလမ်းများကို ပြုပြင်ပေးမည်ဟု တွေးတောနေဆဲမှာပင် ဒေါ်လေး၀မ်ထံမှ ဤကဲ့သို့ သတင်းကောင်းမျိုး ကြားရလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ပေ။

“ဒါပေါ့ကွယ်... သမီးဦးလေးနဲ့ အဒေါ်တောင် အိမ်ကကြက်မွေးမြူရေးခြံကို ထပ်ချဲ့ဖို့ တိုင်ပင်နေကြတာ၊ အခုဆို မြို့တက်ပြီး အလုပ်လုပ်စရာမလိုတော့ဘူးလေ၊ သမီးလည်း သိတဲ့အတိုင်းပဲ၊ သမီးဦးလေးမြို့မှာ အလုပ်သွားလုပ်ရတုန်းက တစ်နှစ်နေလို့တောင် အိမ်တစ်ခေါက်ပြန်လာနိုင်တာမဟုတ်ဘူး”

“ဟုတ်ကဲ့ပါ ဒေါ်လေး၀မ်၊ သမီးလည်း ခွင့်လေးဘာလေးယူပြီး နောက်ရက်နည်းနည်းနေရင် ရွာကိုပြန်လာခဲ့ပါ့မယ်”

အဆောင်သို့ပြန်သည့် ဖယ်ရီကားပေါ်တွင် မျက်လုံးများကိုမှိတ်ထားရင်း ဖုန်းပြောခဲ့သည့်အကြောင်းအရာများကိုသာ ခေါင်းထဲ၌ ထပ်တလဲလဲတွေးတောနေမိသည်။ မိသားစုတိုင်းမှ ကိုယ်စားလှယ်တစ်ဦးစီ အစည်းအဝေးတက်ရောက်ရမည်ဟု ရွာသူကြီးမှဆိုထားရာ ယခုသူမတို့မိသားစုတွင် သူမတစ်ဦးတည်းသာ ကျန်ရှိတော့၏။ တကယ်တမ်းဆိုလျှင် ပြန်မသွားလျှင်လည်း ပြဿနာတော့မရှိပေ။

အဝေးရောက် လူငယ်အများစုမှာ ရွာသို့ ပြန်မလာနိုင်ကြချေ။ သို့သော်လည်း ဤတစ်လလုံးအလုပ်ပိနေခဲ့သဖြင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည်။ နှစ်စဉ်ခွင့်ကို အသုံးချပြီး မွေးရပ်မြေသို့ပြန်ကာ အနားယူသင့်ပြီဟု ဆုံးဖြတ်လိုက်သည်။ မျက်လုံးမှိတ်ကာ နားနေသည့် သူမ၏ပုံစံကြောင့် ဘေးခုံတွင်လာထိုင်ကာ စကားစမြည်ပြောရန် သတ္တိမွေးနေသော အမျိုးသားဝန်ထမ်းလေးမှာ အခွင့်အရေး မရတော့ချေ။

လှပကျော့ရှင်းသည့် မိန်းကလေးမှာ မျက်လုံးပင်မဖွင့်နိုင်လောက်အောင် အိပ်ချင်မူးတူးဖြစ်နေသည်ကို မည်သူကများ သွားရောက်နှောင့်ယှက်ရက်ပါ့မည်နည်း။ လမ်းတစ်လျှောက်လုံး လီရှီးရှီးတစ်ယောက် မျက်လုံးဖွင့်မလာခဲ့ပေ။ မကြာမီမှာပင် ကုမ္ပဏီအဆောင်ရှေ့သို့ ဖယ်ရီကားလေး ဆိုက်ရောက်လာတော့သည်။ လီရှီးရှီးလည်း မျက်လုံးဖွင့်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်၏။

“လီ... လီရှီးရှီး၊ နိုးပြီလား၊ လမ်းတစ်လျှောက်လုံး အရမ်းအိပ်ချင်နေတဲ့ပုံစံဖြစ်နေလို့၊ မြန်မြန်ပြန်ပြီး နားလိုက်တော့နော်” ဘေးခုံမှ အမျိုးသားလေးမှာ စကားပြောရန် အခွင့်အရေးတစ်ခုကို အမိအရဆုပ်ကိုင်လိုက်သည်။

“ဟုတ်ကဲ့... သွားလိုက်ပါဦးမယ်”

လီရှီးရှီးသည် ခပ်တိုတိုသာနှုတ်ဆက်ပြီးနောက် အဆောင်တွင်းသို့ ခပ်သုတ်သုတ် ဝင်သွားလိုက်သည်။ ကုမ္ပဏီသို့ ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် ဝန်ထမ်းလေးဦး တစ်ခန်းတည်းအတူနေထိုင်ရပြီး သူမ၏ဌာနမှာတော့ သူမတစ်ဦးတည်းသာပါဝင်၏။

ကံကောင်းသည်မှာ အဆောင်နေသူအားလုံးက ဘွဲ့ရခါစလူငယ်လေးများချည်းဖြစ်နေသဖြင့် အပြောအဆို၊ အနေအထိုင်အဆင်ပြေကာ ခင်မင်ရင်းနှီးမှုရယူရန် လွယ်ကူခဲ့သည်။

“ဟေး... ရှီးရှီးလေး၊ ပြန်ရောက်ပြီလား၊ နင့်ဌာနက ဘာလို့ အမြဲတမ်းအချိန်ပိုဆင်းနေရတာလဲဟင်၊ ငါ အခုလေးတင် ပဲတီစိမ်းပြုတ်ထားတာ၊ ပူပူနွေးနွေးလေး တစ်ပန်းကန်လောက် သောက်မလား” မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက လှမ်းမေးလိုက်သည်။

“သောက်မယ်လေ၊ ဒီနေ့ညစာမစားရသေးလို့ ဗိုက်ထဲမှာ ဟာတာတာဖြစ်နေတာကြာပြီ” လီရှီးရှီး ဗိုက်ကိုပွတ်ရင်း ရွှင်လန်းစွာ တုံ့ပြန်လိုက်၏။

“နင်တို့ဌာနက အဲဒီလောက်တောင် အလုပ်များနေတာလား၊ ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူးလေ၊ နင့်ဆံပင်လေးတွေက ဒီလောက်တောင် ထူထဲနေသေးတာ၊ နောက်ထပ် နှစ်နှစ်လောက်တော့ ကောင်းကောင်း ခံနိုင်ပါသေးတယ်”

အခြားကောင်မလေးတစ်ဦးက လီရှီးရှီး၏သန်စွမ်းထူထဲသော ဆံကေသာကို အားကျသည့်အကြည့်ဖြင့် ငေးမောကြည့်နေသည်။ ထိုဆံပင်အုံက သူမဆံပင်ထက်ပင် နှစ်ဆလောက် ပိုများနေလောက်ပေမည်။ လီရှီးရှီး သူမ၏ဆံပင်များကို အလိုလိုလှမ်းကိုင်ကြည့်လိုက်မိသည်။ အကယ်၍ ဆံပင်များသာ ကျွတ်သွားခဲ့လျှင် မည်သို့ဖြစ်သွားမည်ကို တွေးကြည့်ရုံနှင့်ပင် ကျောချမ်းသွားရ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အတွေးများကို ခေါင်းထဲမှချက်ချင်းထုတ်ပစ်လိုက်သည်။ သူမသည်လည်း ငွေရှာဖို့သာမဟုတ်လျှင် ညနက်သည့်တိုင်အောင် အချိန်ပိုဆင်းချင်မည်လော။ အခုတော့ အိမ်ကိုပြန်ပြီး ရွာလေး၏ အခြေအနေကို အရမ်းကြည့်ချင်နေပြီဖြစ်သည်။

စိုက်ပျိုးရေးရုပ်သံလိုင်းမှလာလေ့ရှိသည့် ချမ်းသာကြွယ်ဝမှုဆီသို့အစီအစဉ်ကို သူမအမြဲတမ်းကြည့်ရှုလေ့ရှိသည်။ လူငယ်များ မိမိတို့၏မွေးရပ်မြေသို့ ပြန်လည်အခြေချကာ ကြိုးစားပမ်းစားအလုပ်လုပ်ရင်း ဇာတိမြေဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့စွမ်းဆောင်ကြသည်ကို ကြည့်ရှုရသည်မှာ သူမအတွက် အလွန်ကြည်နူးဖွယ်ရာကောင်းသော မျှော်လင့်ချက်တစ်ခုပင် ဖြစ်တော့သည်။

2

သူမ၏ စိတ်အစဉ်သည် သာယာလှပသော စိတ်ကူးယဉ်ကမ္ဘာလေးထဲသို့ အလိုလို နစ်မျောသွားရသည်။ သို့သော် ချက်ချင်းဆိုသလိုပင် အမှန်တရားကို ပြန်လည်သတိရသွားမိ၏။

သူမတို့၏ရွာလေးမှာ အလွန်တရာ ခေါင်ခိုက်လွန်းလှရာ လမ်းများဖောက်လုပ်ပြီးသွားသည့်တိုင်အောင် လာရောက်လည်ပတ်မည့်သူ ရှိ၊ မရှိကိုတော့ သေချာမသိနိုင်သေးပေ။

သို့သော်လည်း သူမတို့တောင်တန်းပေါ်မှ သဘာဝရှုခင်းများကတော့ အခြားမည်သည့် နာမည်ကြီး ခရီးသွားဆွဲဆောင်ရာနေရာများနှင့်မျှ မနိမ့်ကျလှကြောင်း သူမ ယုံကြည်ထားသည်။

အကယ်၍သာ သေချာပြုပြင်မွမ်းမံပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် လူအများ လာရောက်လည်ပတ် အပန်းဖြေချင်သည့် နေရာတစ်ခုဖြစ်လာနိုင်ပြီး ထိုအခါကျလျှင် သူမသည်လည်း ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရသည့်ဘဝမှ လွတ်မြောက်နိုင်ပေမည်။

ထိုညက လီရှီးရှီးတစ်ယောက် ကျဉ်းမြောင်းလှသော အဆောင်ကုတင်လေးပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း အိပ်မပျော်နိုင်အောင် ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ လှုပ်ရှားမှုများက တိတ်ဆိတ်ညင်သာလွန်းလှရာ အခြားမည်သူ့ကိုမျှ မနိုးစေခဲ့ပေ။

မနက်ဖြန် အလုပ်ဆင်းချိန်ရောက်သည်နှင့် မန်နေဂျာကျန်းထံတွင် ခွင့်တောင်းရန် သူမ စိတ်အားထက်သန်နေမိပြီဖြစ်သည်။

သန်ဘက်ခါသည် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သဖြင့် လစာထဲမှ ဖြတ်တောက်ခံရမည်ဆိုလျှင်တောင် သူမ ဂရုမစိုက်နိုင်တော့ပေ။ မွေးရပ်မြေသို့ ပြန်ကာ လက်ရှိအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုချင်စိတ်များက ထိန်းမနိုင်သိမ်းမရ ပြင်းပြနေခဲ့သည်။

နောက်တစ်နေ့ နေ့လယ်စာစားချိန်တွင် လီရှီးရှီးနှင့် သူမ၏ အဆောင်အခန်းဖော် ကောင်မလေးတို့သည် ကုမ္ပဏီအောက်ထပ်ရှိ ကြက်သားဟင်းနှင့် ထမင်းပေါင်းရောင်းချသော စားသောက်ဆိုင်လေးတစ်ခုတွင် နေ့လယ်စာ သုံးဆောင်နေကြသည်။

သူမနှင့်အတူ ထမင်းစားနေသော ထိုကောင်မလေးတွင် ဝါသနာလေးတစ်ခုရှိသည်။ နေ့ချင်းညချင်း ချမ်းသာသွားမည့် အိပ်မက်များကို မက်ရင်း တစ်ခါတစ်ရံ ထီလက်မှတ်များ ဝယ်လေ့ရှိ၏။

သို့ရာတွင် ယခုအချိန်အထိ သူမ အများဆုံးပေါက်ဖူးသည့် ဆုကြေးငွေမှာ ယွမ်နှစ်ဆယ်သာ ဖြစ်သည်။

ကုမ္ပဏီအနီးတွင် ထီဆိုင်တစ်ဆိုင်ရှိပြီး နေ့လယ်ပိုင်း အလုပ်ပြန်ဝင်ရန် အချိန်အနည်းငယ်လိုသေးသည်ဖြစ်၍ လီရှီးရှီးသည် ထိုကောင်မလေးနှင့်အတူ ထီဆိုင်သို့ လိုက်သွားခဲ့သည်။

“ရှီးရှီးလေး၊ နင်ရော ထီတစ်စောင်လောက် စမ်းထိုးကြည့်ချင်လား၊ အစပိုင်း ထိုးတဲ့သူတွေက ကံကောင်းတတ်တယ်လို့ ကြားဖူးတယ်၊ ငါ ပထမဆုံးအကြိမ် ထီစထိုးတုန်းကဆို ယွမ်နှစ်ဆယ်တောင် ပေါက်ဖူးတယ်သိလား၊ ဒါပေမဲ့ နောက်ပိုင်းတော့ အများဆုံးပေါက်ဖူးတာ ငါးယွမ်ပဲရှိတော့တယ်”

အရင်ကသာဆိုလျှင် လီရှီးရှီးတစ်ယောက် ထီလက်မှတ်များကို စောင်းငဲ့ကြည့်မည်မဟုတ်ပေ။

သူ့အားထီထိုးဖို့ပြောလာလျှင် သူပြန်ပြောမည်မှာ ‘လာနောက်နေတာလား’ဟုပင်။

တက္ကသိုလ်ကျောင်းသူဘဝ နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များလုပ်ကာ ပိုက်ဆံရှာခဲ့ရသည်။

ထူးချွန်အမှတ်များ၊ ရရှိခဲ့သည့် ပညာသင်ဆုနှင့် ထောက်ပံ့ကြေးငွေများက ကျောင်းစရိတ်အတွက် အနိုင်နိုင် ဖူလုံရုံသာရှိသဖြင့် နောင်တစ်ချိန် ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်နိုင်ရန် ငွေစုဖို့ကိုသာ အမြဲတမ်း တွေးတောနေခဲ့သူဖြစ်၏။

သို့သော် တက္ကသိုလ်ပထမနှစ်တွင် ဘိုးဘိုးကွယ်လွန်သွားပြီးနောက် သူမတွင် အခြားဆွေမျိုးဟူ၍ မရှိတော့ချေ။

ရွာသူရွာသားများက သူမကို ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ကြသော်လည်း သူမသည် အရွယ်ရောက်ပြီးသူဖြစ်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်၍ ငွေရှာနိုင်ပြီဖြစ်သည်။

ရွာသူရွာသားများအတွက်လည်း ငွေရှာရန်မှာ မလွယ်ကူလှသဖြင့် သူတို့၏ထောက်ပံ့ငွေများကို သူမ လုံးဝလက်မခံနိုင်ခဲ့ပေ။

ထို့ကြောင့် ကျောင်းဆင်းချိန်များတွင် ကျူရှင်ပြခြင်းကဲ့သို့သော အချိန်ပိုင်းအလုပ်များကို အမြဲတမ်း ရှာဖွေလုပ်ကိုင်ခဲ့သည်။

ယခုအချိန်တွင်တော့ သူမ၏ဘဝလေးမှာ ဖြည်းဖြည်းချင်း အရာရာအဆင်ပြေလာပြီဖြစ်၍ ယခင်ကလောက် မကပ်စေးနှဲတော့ချေ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။ “ဒါဆိုလည်း အပျော်သဘောအနေနဲ့ နှစ်စောင်လောက် ဝယ်ကြည့်တာပေါ့”

“တစ်စောင်ကိုနှစ်ယွမ်၊ ဘယ်ဂဏန်းတွေရွေးမလဲ”

“အဲဒါတွေက ငါလည်း သိပ်နားလည်တာ မဟုတ်ဘူး၊ ခဏလေး စဉ်းစားကြည့်ဦးမယ်” လီရှီးရှီးက တီးတိုးရေရွတ်ရင်း သူမ၏မွေးနေ့ဂဏန်းနှင့် မနေ့ကရက်စွဲကို ပေါင်းစပ်ပြီး ထိုးရမလားဟု စဉ်းစားနေမိသည်။

“၉... ၀...၊ တူညီတဲ့ ဂဏန်းနှစ်စောင်ဝယ်မယ်”

“လေးယွမ်ကျပါမယ်”

ဆိုင်ရှင်က ထီလက်မှတ်များကို ထုတ်ပေးလိုက်ရာ လီရှီးရှီးက ဂရုတစိုက်ဖြင့် သူမ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ဆုကြီးကြီးပေါက်ရန် မျှော်လင့်ချက် ကြီးကြီးမားမား မရှိသော်လည်း သူမ၏ချွေးနှဲစာ လေးယွမ်ကို အကုန်အကျခံကာ ဝယ်ယူထားခြင်းဖြစ်၍ ပေါ့ပေါ့ဆဆတော့ မထားနိုင်ပေ။

‘တကယ်လို့များ တကယ်လို့များပေါ့... တစ်ရာ၊ နှစ်ရာလောက် ပေါက်ခဲ့မယ်ဆိုရင်တောင် မဆိုးပါဘူးလေ၊ ဟင်းကောင်းကောင်း နှစ်နပ်၊ သုံးနပ်လောက်တော့ စားလို့ရတာပေါ့'

ရုံးဆင်းချိန်နီးလာသောအခါ လီရှီးရှီးသည် ခွင့်တောင်းရန်အတွက် မန်နေဂျာကျန်း၏ ရုံးခန်းတွင်းသို့ ဝင်သွားခဲ့သည်။

မန်နေဂျာကျန်းမှာ အသက် သုံးဆယ်၊ လေးဆယ် ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအချိန်တွင် သူက မျက်မှောင်ကြုတ်လျက် ဝန်ထမ်းသစ်လေးကို ကြည့်ကာ မေးခွန်းထုတ်နေခဲ့သည် ။

“လီရှီးရှီး... မင်းက နှစ်စဉ်ခွင့်ယူမလို့လား။ ဒီစနေ၊ တနင်္ဂနွေမှာတောင် အချိန်ပိုမဆင်းတော့ဘူးဆိုတော့ ဆက်တိုက်ရက်အတော်ကြာ ခွင့်ယူရလောက်အောင် ဘာကိစ္စတွေများ အဲဒီလောက် အရေးကြီးနေလို့လဲ”

“မန်နေဂျာကျန်း... မနေ့ညက ကျွန်မရွာကလူတွေ ဖုန်းဆက်လာတယ်၊ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့ ကျွန်မကို မဖြစ်မနေ ရွာပြန်လာခဲ့ပါလို့ ပြောလို့ပါ” (နှစ်စဉ်ခွင့်ဆိုတာ စုံစမ်းကြည့်ရသလောက် ရုံးတွေမှာ တစ်နှစ်ကို တစ်ကြိမ် ရက်ရှည်ခွင့်ယူရတာမျိုးကို ပြောချင်တာပါလို့ သိရပါတယ်)

“ရွာကို မပြန်ရတာလည်း အတော်ကြာနေပြီဆိုတော့ နှစ်စဉ်ခွင့်လေးယူပြီး တစ်ခေါက်လောက် ပြန်သွားကြည့်မလို့ပါ” လီရှီးရှီးက မန်နေဂျာကျန်းကို ရိုးသားပွင့်လင်းသောမျက်ဝန်းများဖြင့် ကြည့်ကာ ရှင်းပြလိုက်သည်။

“ဘာအရေးကြီးကိစ္စမို့လို့လဲ၊ ဖုန်းထဲကနေ သေချာရှင်းပြလို့မရဘူးလား”

“အယ်... ရွာက လူငယ်တွေက အလုပ်လုပ်ဖို့ အဝေးကို ထွက်သွားကြပြီလေ၊ ရွာမှာကျန်ခဲ့တာက သက်ကြီးပိုင်းတွေများတော့ ဒီလို အီလက်ထရောနစ်ပစ္စည်းတွေကို သိပ်မသုံးတတ်ကြဘူးလေ”

မန်နေဂျာကျန်း၏ စိတ်ကူးထဲတွင် လူငယ်များအားလုံး အလုပ်ထွက်လုပ်နေကြပြီး သက်ကြီးရွယ်အိုများနှင့် ကျန်ရစ်သူ ကလေးငယ်များသာ ကျန်ရှိနေတော့မည့် အလွန်တရာ ခေတ်နောက်ကျပြီး ခေါင်ကျလှသော ရွာငယ်လေးတစ်ရွာကို မြင်ယောင်လာသည်။

လီရှီးရှီး၏ ကိုယ်ရေးအချက်အလက်များကို သူ ယခင်က ဖတ်ရှုဖူးထားပြီး မြို့ငယ်လေးတစ်မြို့၏ အောက်ပိုင်းရှိ ကျေးလက်ဒေသတစ်ခုမှ လာရောက်သူဖြစ်ကြောင်း သူသိထားသည်။

ထို့အပြင် လီရှီးရှီးသည် ရုပ်ရည်ပြေပြစ်သော်လည်း ပြင်ဆင်ခြယ်သမှု နည်းပါးကာ အဝတ်အစား နှစ်စုံ၊ သုံးစုံလောက်ကိုသာ လှည့်ပတ်ဝတ်ဆင်လေ့ရှိသည်ကို သတိထားမိသဖြင့် သူမ၏မိသားစုမှာ အလွန်သာမန်ဆန်ပြီး ဆင်းရဲနွမ်းပါးလှကြောင်းကိုပါ သူ ရိပ်မိထားသည်။

ထိုအကြောင်းကို တွေးမိသောအခါ မန်နေဂျာကျန်းက သက်ပြင်းတစ်ချက်ချရင်း လီရှီးရှီး၏ခွင့်တောင်းခံမှုကို သဘောတူခွင့်ပြုလိုက်၏။

သူကိုယ်တိုင်ကလည်း ဖွံ့ဖြိုးမှုနောက်ကျသော တောင်ပေါ်ရွာလေးတစ်ရွာမှ လာခဲ့သူဖြစ်ပြီး မိသားစုက အရာရာကို စွန့်လွှတ်အနစ်နာခံကာ သူ့ကို ကျောင်းထားပေးခဲ့သောကြောင့်သာ ယနေ့အချိန်တွင် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

မိဘများကို သွားရောက်မကန်တော့ဖြစ်သည်မှာ အတော်ကြာမြင့်နေပြီဖြစ်ကြောင်း တွေးမိသွားပြီး အချိန်ရလျှင် ဇာတိမြေသို့ ပြန်ကာ မိဘများကို သွားရောက်တွေ့ဆုံရန် စိတ်ကူးလိုက်မိသည်။

ထို့ကြောင့် တောင်ပေါ်ရွာလေးမှ လာရောက်ကြိုးစားနေသော လီရှီးရှီးကို မြင်သောအခါ မန်နေဂျာကျန်းအနေဖြင့် အလုပ်ခွင်တွင် အနည်းငယ် ပိုမိုဂရုစိုက် စောင့်ရှောက်ပေးမိခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် မန်နေဂျာ” ရုံးခန်းထဲမှ ထွက်လာစဉ် လီရှီးရှီးက တက်ကြွရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်။

ချီမိန်ယွီက မန်နေဂျာကျန်း၏ရုံးခန်းထဲသို့ ဝင်သွားသော လီရှီးရှီးကိုကြည့်ရင်း သူမကိုများ တိုင်တောနေမလားဟု တွေးပူနေမိသည်။

အချိန်အနည်းငယ်အကြာတွင် မျက်နှာပေါ်၌ အပြုံးများဝေဆာလျက် ပြန်ထွက်လာသော လီရှီးရှီးကို မြင်လိုက်ရချိန်တွင် သူမ၏ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ ‘မန်နေဂျာကျန်းက သူမစကားကို ယုံသွားတာများလား'

ချီမိန်ယွီက သူမအား စိုက်ကြည့်နေသည်ကို လီရှီးရှီး မြင်လိုက်သော်လည်း ယခုအချိန်တွင် သူမ၏စိတ်အခြေအနေက အလွန်ကောင်းမွန်နေသဖြင့် အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်လိုက်သည်။

‘ဘာသဘောလဲ၊ ငါ့ကို ရန်စနေတာလား' ချီမိန်ယွီတစ်ယောက် ဒေါသတကြီးဖြင့် လက်ထဲမှစာရွက်ကို ဆုပ်ချေလိုက်မိသည်။

သို့သော်လည်း ရုံးဆင်းချိန်အထိ မန်နေဂျာကျန်းက သူမကို ခေါ်ယူစစ်ဆေးခြင်းမရှိသဖြင့် ချီမိန်ယွီတစ်ယောက် သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။

ခရီးဆောင်အိတ် ကြီးကြီးမားမားမရှိသဖြင့် လီရှီးရှီးသည် အဆောင်တွင် ကျောပိုးအိတ်တစ်လုံးကို လျင်မြန်စွာ ပြင်ဆင်ပြီးနောက် မြေအောက်ရထားဖြင့် ဘူတာရုံသို့ ထွက်ခွာလာခဲ့သည်။

မြေအောက်ရထားပေါ်တွင် လက်မှတ်ဝယ်ရန် ကြိုးစားသော်လည်း ကံဆိုးစွာဖြင့် ရိုးရိုးထိုင်ခုံလက်မှတ်များ ကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် တစ်ညအိပ်သွားရမည့် အိပ်စင်လက်မှတ်ကိုသာ မတတ်သာသည့်အဆုံး ဝယ်ယူလိုက်ရသည်။

သူမ စိတ်ထဲတွင်လည်း ကိုယ်ပိုင် တောင်တန်းတစ်ခုတောင် ရှိနေပြီပဲ၊ အိပ်စင်လက်မှတ်ဝယ်ရတာ ပိုက်ဆံဖြုန်းတီးရာ မကျပါဘူးလေဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိသည်။

ဘူတာရုံသို့ ရောက်ရှိချိန်တွင် တစ်ဖက်တစ်ချက်စီရှိ ကုန်တိုက်ကြီးများကို မြင်လိုက်ရမှ တက္ကသိုလ်တက်ပြီးကတည်းက ရွာသို့ တစ်ခေါက်သာ ပြန်ဖူးသေးကြောင်းကို သတိရသွားသည်။

ယခု အလုပ်လုပ်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှိနေပြီဖြစ်သဖြင့် ရွာသူရွာသားများအတွက် လက်ဆောင်အချို့ ဝယ်သွားသင့်သည်ဟု လီရှီးရှီး စဉ်းစားမိလိုက်သည်။

လီရှီးရှီးသည် ကိုယ်ကိုယ့်ကိုအတွက် ငွေကြေးသုံးစွဲရာတွင် ကပ်စေးနှဲတတ်သော်လည်း သူမ ငယ်စဉ်ကတည်းက သူမအား ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ကြသော ရွာသူရွာသားများအပေါ်တွင်မူ အလွန်ရက်ရောသူဖြစ်သည်။

“အဒေါ်ချီ့အတွက် ပိုးသားလည်စီးလေးဝယ်သွားမယ်၊ ဦးလေးတာ့ယုံနဲ့ အဒေါ်ယုံတို့အတွက် ဖိနပ်ကောင်းကောင်းနှစ်ရံလောက် ဝယ်မယ်၊ ဘိုးဘိုးလန်အတွက် အားဆေးတွေ၊ အဒေါ်ချူအတွက်...”

“ဪ ဒါပေါ့... ငါ့ကို အများဆုံး စောင့်ရှောက်ပေးခဲ့တဲ့ ဒေါ်လေးဝမ်ကိုလည်း မေ့ထားလို့မဖြစ်ဘူး၊ ဒီသိုးမွေးအင်္ကျီလေးမဆိုးဘူး၊ ရာသီဥတုအေးလာရင် ဝတ်ဖို့အတော်ပဲ”

ဘူတာရုံရှိ ဆိုင်ခန်းများမှ ထိုလက်ဆောင်ပစ္စည်းများကို ဝယ်ယူလိုက်ခြင်းက လီရှီးရှီး၏လစာတစ်ဝက်ခန့်ကို တစ်ပြိုင်နက်တည်း ကုန်ကျသွားစေသော်လည်း သူမကမူ ကြည်ကြည်ဖြူဖြူပင် သုံးစွဲခဲ့သည်။

ခရိုင်မြို့လေးသို့ ရထားဆိုက်ရောက်သောအခါ အထုပ်အပိုး အကြီးအသေးများကို သယ်ဆောင်လျက် လီရှီးရှီးသည် ခရီးသည်တင်ကားကို ဆက်စီးခဲ့သည်။

သို့သော် ထိုကားသည် သူမ၏ရွာနှင့် အနီးဆုံးမြို့ငယ်လေးအထိသာ ရောက်ရှိပြီး သူမ၏ရွာသို့ သွားရန် ခရီးအတော်ဝေးနေသေးသည်။

ကားပေါ်မှ ဆင်းလိုက်ချိန်တွင် အဝေးမှနေ၍ လျှပ်စစ်သုံးဘီးဆိုင်ကယ်လေးကို မှီကာ ရပ်နေသော ဦးလေးဝမ်ကို မြင်လိုက်ရသည်။ ဦးလေး၀မ်က သူမ ကားပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် လှမ်းကာ လက်ပြနှုတ်ဆက်လိုက်၏။

“ရှီးရှီးလေး... ဦးလေး ဒီမှာ”

“ဦးလေးဝမ်... ဘာလို့ ဒီလောက်စောစော ရောက်နေတာလဲ၊ ဪ... သုံးဘီးဆိုင်ကယ်တောင် ဝယ်လိုက်ပြီလား” လီရှီးရှီးသည် ရွာသို့ မပြန်ဖြစ်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ရွာသူရွာသားများ၏ အသွင်အပြင်မှာ မပြောင်းလဲသေးသဖြင့် တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားတော့သည်။

All Chapters