← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

5

အင်တာနက်ပေါ်တွင် သေချာကြိုတင်လေ့လာထားပြီးဖြစ်ရာ ဆုငွေသွားထုတ်မည့်အချိန်တွင် ဝတ်ဆင်ရန် ဦးထုပ်တစ်လုံးနှင့် နှာခေါင်းစည်းတစ်ခုကို သီးသန့်ဝယ်ယူထားလိုက်သည်။

နိုင်ငံအတွင်း ထီပေါက်ပြီးနောက် မျက်နှာကို ပေါ်ပေါ်ထင်ထင်ပြကာ ဆုငွေထုတ်ယူသူဆိုသည်မှာ တစ်ခါမျှ မမြင်ဖူးသေးပေ။

လတ်ဆတ်သော နှာခေါင်းစည်း၏ အနံ့သင်းသင်းလေးအောက်တွင် နှလုံးသားလေးကတော့ အောင်မြင်မှုလမ်းစအတွက် ရင်ခုန်လှိုက်မောစွာ ခုန်ပေါက်နေခဲ့သည်။

ထီရုံးမှ အခွန်အခများကို ဖြတ်တောက်ပြီးနောက် အလှူငွေကောက်ခံနေသော ဖောင်ဒေးရှင်းတစ်ခုက လီရှီးရှီးကို အနီးအနားတွင် စောင့်ကြိုနေသည်။ တာဝန်ခံ၏ ဖုန်းစခရင်ပေါ်မှ သနားစဖွယ်လူများ၏ ပုံရိပ်များကို မြင်တွေ့လိုက်ရချိန်တွင် ရင်ထဲ၌ ကရုဏာသက်သွားမိသည်။

မိမိ၏ သေးငယ်သော ခွန်အားလေးဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနိုင်ရန် မျှော်လင့်ရင်း အလှူငွေအချို့ကို ထည့်ဝင်လိုက်သည်။

ထီရုံးထဲမှ လှမ်းထွက်လိုက်ချိန်တွင် နွေးထွေးသော နေရောင်ခြည်က မျက်နှာပေါ်သို့ ကျရောက်လာသည်။ သို့သော် ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။

အခွန်ဖြတ်ပြီးအခွန်ဖြတ်ပြီး အလှူငွေထည့်ပြီးနောက် လက်ထဲတွင် ကျန်ရှိနေသော ဆုကြေးငွေပမာဏမှာ ကွက်တိအားဖြင့် ယွမ် ၂.၅ သန်း ဖြစ်နေသည်။ တိုက်ဆိုင်ခြင်းလော။ သို့တည်းမဟုတ် အကြောင်းတစ်ခုခုကြောင့်လော။

ဤအချက်ကို စဉ်းစားမိသည်နှင့် လီရှီးရှီး အိတ်ကပ်ထဲမှ ဖုန်းကို အလောတကြီးဆွဲထုတ်ကာ ဖမ်းလ်‌ဟောက်စ် အက်ပ်ကို ဖွင့်ကြည့်လိုက်သည်။ ဤအရာက အနာဂတ် ရည်မှန်းချက်များအတွက် အရေးကြီးသော သော့ချက်တစ်ခု ဖြစ်လာနိုင်သည် မဟုတ်လော။

အက်ပ်ထဲတွင် စာသားများက ပြောင်းလဲသွားပြီဖြစ်သည်။

[စနစ်အသိပေးချက်]။ ။ယွမ် ၂.၅ သန်း လက်ခံရရှိပြီးဖြစ်ပါသည်။

အစပိုင်းတွင် လီရှီးရှီး အတော်လေး အံ့အားသင့်သွားသော်လည်း အခြေအနေကို လျင်မြန်စွာ လက်ခံနိုင်လိုက်သည်။

တက္ကသိုလ်တက်စဉ်က ဝတ္ထုဖတ်ဝါသနာပါသော အခန်းဖော်တစ်ယောက်က ဇာတ်လမ်းသွားများကို မကြာခဏ ဖောက်သည်ချလေ့ရှိရာ အချိန်ကြာလာသည်နှင့်အမျှ လီရှီးရှီးကိုယ်တိုင်လည်း ဝတ္ထုထဲမှ စနစ်များအကြောင်းကို ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။

‘ငါကိုယ်တိုင်က ရွေးချယ်ခံရသူများ ဖြစ်နေမလား' အခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် ထီရုံးရှေ့တွင် ကြာကြာဆက်မနေတော့ဘဲ အလုပ်ထွက်စာတင်ဖို့ရာ ကုမ္ပဏီသို့ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ထီရုံးနှင့် ကုမ္ပဏီမှာ တစ်မြို့တည်းတွင်ရှိနေပြီး မြေအောက်ရထားဖြင့် နာရီဝက်ကျော်ခန့်သာ သွားရသည်။ မြေအောက်ရထား၏ တဒိန်းဒိန်းမြည်သံက ရင်တွင်းမှ တက်ကြွမှုများနှင့် စည်းချက်ကျနေသည်။

ရုံးခန်းထဲတွင် အလုပ်များနေသော မန်နေဂျာကျန်းက တံခါးခေါက်သံကြားသဖြင့် ဝင်ခဲ့ရန် လှမ်းပြောလိုက်၏။

“အို... ရှောင်လီ၊ ဘာလို့စောစောပြန်ရောက်လာတာလဲ၊ အင်္ဂါနေ့အထိ ခွင့်ယူထားတာ မဟုတ်ဘူးလား”

“မန်နေဂျာကျန်း၊ သမီး... သမီး အလုပ်ထွက်စာ လာတင်တာပါ” လီရှီးရှီး အနည်းငယ် အနေခက်စွာဖြင့် ဖြေလိုက်သည်။ အပြင်ဘက်မိတ္တူဆိုင်မှ ကူးယူလာသော အလုပ်ထွက်စာရွက်ကို ရှေ့သို့ ကမ်းပေးလိုက်သည်။

“ဘာဖြစ်လို့လဲ” မန်နေဂျာကျန်းက နားမလည်နိုင်စွာဖြင့် မော့ကြည့်လာသည်။

“ဒီတစ်ခေါက် ရွာကိုပြန်ရောက်တော့ သေချာစဉ်းစားကြည့်ပြီး ဇာတိမြေမှာပဲ ကိုယ်ပိုင်အလုပ်လေးတစ်ခုလုပ်ရင်း ဘဝကိုမြှင့်တင်ဖို့ ဆုံးဖြတ်လိုက်လို့ပါ မန်နေဂျာ” အလုပ်ခွင်တွင် မိမိအပေါ် ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့သော အထက်လူကြီးကို အကြောင်းပြချက် ပေးမနေတော့ဘဲ အမှန်တရားအချို့ကို ရွေးချယ်ပြောပြလိုက်သည်။

ကိုယ်ပိုင်စီးပွားရေးဖြင့် အောင်မြင်ရမည်ဟူသော ရည်မှန်းချက်က မျက်ဝန်းများထဲတွင် တောက်ပနေခဲ့သည်။

မန်နေဂျာကျန်းက သူ့ရှေ့မှ လီရှီးရှီးကို မယုံနိုင်သလို စိုက်ကြည့်နေမိသည်။ လီရှီးရှီး၏ဇာတိရွာလေးက သူ၏ဇာတိလိုပင် ခေါင်ဖျားသော ကျေးလက်ဒေသဖြစ်ကြောင်း မှတ်မိနေသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုနေရာမျိုးတွင် ဘာအနာဂတ်မှ ရှိလာနိုင်မည်မဟုတ်ပေ။ အင်တာနက်ပေါ်က ဟာသတွေလိုများ ဖြစ်နေမည်လော။

သူငယ်ချင်းဖြစ်သူက အရမ်းဆင်းရဲပြီး ကျောင်းလခကို သိုးရောင်းပြီး ရှာရသည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ သူတို့အိမ်တွင် သိုးကောင်ရေ ထောင်ချီရှိကာ အလွန်ချမ်းသာနေသည်ဆိုသည့် အဖြစ်မျိုးများလော။

ဆင်းရဲသောဒေသရှိ လူတိုင်းက ဆင်းရဲနေမည်ဟုတော့ ပုံသေတွက်၍ မရပေ။

အတွေးလွန်မနေတော့ဘဲ လီရှီးရှီး၏အလုပ်ထွက်ခွင့်ကို မန်နေဂျာကျန်း သဘောတူခွင့်ပြုလိုက်သည်။ မိမိကိုယ်ပိုင် ရွေးချယ်မှုဖြစ်နေသဖြင့် များစွာ ဝင်ရောက်စွက်ဖက်ရန် မသင့်ဟု သူယူဆလိုက်သည်။ လီရှီးရှီးသည် အသက်မကြီးလှသော်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာသူတစ်ဦး ဖြစ်ပုံရသည်။

အလုပ်ထွက်စာကို လျင်မြန်စွာ အတည်ပြုပေးလိုက်သော်လည်း တာဝန်များကို အခြားလုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးရန်အတွက် နောက်ထပ်တစ်ပတ်ခန့် ဆက်လက်လုပ်ကိုင်ပေးရန် လိုအပ်သေးသည်။

လီရှီးရှီး အလုပ်ထွက်တော့မည့်သတင်းကို ကြားသောအခါ ချီမိန်ယွီက အလုပ်အသစ်ကောင်းကောင်းများ ရသွားပြီလားဟု အစပိုင်းတွင် ထင်ခဲ့သော်လည်း အကြောင်းစုံသိလိုက်ရချိန်တွင် ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။

ဇာတိမြေတွင် အလုပ်လုပ်မည်ဟု လီရှီးရှီးက ပြောသော်လည်း လီရှီးရှီး၏ရွာလေးက အလွန်‌ခေါင်းပါးလွန်းကြောင်း ချီမိန်ယွီ ကောင်းကောင်းသိသည်။ ရွာပြန်သွားလျှင်တောင် တောင်ပေါ်မှာအလုပ်လုပ်ရင်း နေ့တိုင်း နေပူခံနေရဦးမည် မဟုတ်လော။

ထူးထူးခြားခြား သဘောကောင်းချင်ယောင်ဆောင်ကာ ချီမိန်ယွီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဒီမှာ... ရှီးရှီးလည်း ထွက်တော့မှာဆိုတော့ ငါတို့ နှုတ်ဆက်ပွဲလေး လုပ်ပေးရအောင်လေ၊ ချူနန်းတော် စားသောက်ဆိုင်မှာ သွားစားကြမယ်”

“ကောင်းသားပဲ၊ ရှောင်လီ့အတွက် ပိုကောင်းတဲ့ အနာဂတ်လေး ရပါစေလို့ ဆုတောင်းပေးပါတယ်၊ ဒီသောကြာနေ့ညနေဆိုရင်ရော ဘယ်လိုလဲ”

အလုပ်မှမထွက်ခွာမီ အန်တီချူပေးလိုက်သော ပျားရည်အချို့ကို ဖန်ပုလင်းငယ်လေးများဖြင့် သေသပ်စွာ ပြန်လည်ထုပ်ပိုးကာ လုပ်ဖော်ကိုင်ဖက်အားလုံးကို လက်ဆောင်အဖြစ် ဝေငှလိုက်သည်။

အချို့က တံဆိပ်မပါသောကြောင့် အရည်အသွေးကို မယုံကြည်ဘဲ ဘေးသို့ဖယ်ကာ ပစ်ထားလိုက်ကြသည်။

သို့သော် အချို့ကမူ ရှားပါးလှသော တောင်ပေါ်တောပျားရည်စစ်စစ် ဖြစ်မည်ဟု ယူဆကာ အိမ်သို့ယူသွားပြီး သုံးဆောင်ကြည့်ကြသည်။ သူတို့ မျှော်လင့်ထားသည့်အတိုင်း တောပျားရည်စစ်စစ်၏ အရသာမှာ အမှန်တကယ်ပင် ထူးခြားလှသည်ကို ခံစားလိုက်ကြရတော့သည်။

နောင်အခါ အခွင့်အရေးရလျှင် ရှောင်လီထံမှ ထပ်မံမှာယူရန်ပင် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ဤအရာများက နောက်မှဆက်ဖြစ်လာမည့် အကြောင်းအရာများသာ ဖြစ်သည်။

လီရှီးရှီးသည် ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်ပြီး အဆောင်အတူတူနေသည့် ကောင်မလေးများကို ညစာပွဲကြီးတစ်ခု ကျွေးမွေးခဲ့ပြီးနောက် ဇာတိမြေသို့ တစ်ကိုယ်တော် ခရီးဆက်ခဲ့သည်။

ဤတစ်ကြိမ် ရထားပေါ်မှ ဆင်းချိန်တွင် ဘတ်စ်ကားဖြင့် အမြန်ပြန်ရန် လောမနေတော့ပေ။

ထိုအစား ဘူတာရုံမှလာကြိုပေးသည့် ဝန်ဆောင်မှုပါဝင်သော ဈေးနှုန်းသက်သာသည့် တည်းခိုခန်းငယ်လေးတစ်ခုကို ဖြောင်ဖြောင်ထွမ် အက်ပ်မှတစ်ဆင့် ကြိုတင်ဘိုကင်လုပ်ကာ တစ်ညတာ အနားယူလိုက်သည်။

ခရီးဆောင်အိတ်များကို တည်းခိုခန်းတွင် နေရာချပြီးနောက် ဖုန်းမြေပုံကို ဖွင့်ကာ အနီးဆုံး ကားအရောင်းပြခန်းကို ရှာဖွေလိုက်သည်။ နောင်လာမည့် အနာဂတ်လုပ်ငန်းများအတွက် ဦးလေးဝမ်ကို အမြဲတမ်း အားကိုးနေ၍ မဖြစ်နိုင်ပေ။ ထို့အပြင် မိမိတွင် ယာဉ်မောင်းလိုင်စင်လည်း ရှိနေသည် မဟုတ်လော

ယာဉ်မောင်းလိုင်စင်ကိစ္စပြောရလျှင် တက္ကသိုလ်တက်စဉ်ကတည်းက ကြိုတင်ရယူထားခဲ့ခြင်းဖြစ်သည်။

ကျောင်းနှင့် ယာဉ်မောင်းသင်တန်းကျောင်းတို့ ပူးပေါင်းလုပ်ဆောင်သော အစီအစဉ်တစ်ခုအရ ယွမ် ၃၀၀၀ တန် သင်တန်းကို ယွမ် ၁၅၀၀ ဖြင့် ထက်ဝက်ဈေးချပေးခဲ့သည်။

သတ်မှတ်ချိန်အတွင်း လိုင်စင်ရရှိပါက ယွမ် ၂၀၀ ပင် ပြန်အမ်းပေးဦးမည်။ ထိုသတင်းကို ကြားရချိန်တွင် အနာဂတ်အတွက် ကားမောင်းတတ်ရန် မဖြစ်မနေ လိုအပ်လာမည်ကို ကြိုတင်တွက်ဆမိခဲ့သည်။

ကျောင်းမှ စီစဉ်ပေးခြင်းဖြစ်သဖြင့် အပြင်မှ သင်တန်းကျောင်းများထက် ပိုမိုယုံကြည်စိတ်ချရပြီး သင်ယူထားခြင်းက အရှုံးမရှိနိုင်ဟု ခံယူခဲ့သည်။ ထိုသို့သော အမြော်အမြင်ကြီးမားမှုနှင့် လက်တွေ့ကျသော တွေးခေါ်မှုက ထိုအချိန်ကတည်းက ပုံပေါ်နေခဲ့ပြီဖြစ်သည်။

ထို့အပြင် ကျောင်းပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ကိုင်လေ့ရှိသဖြင့် အဆိုးဆုံးအခြေအနေတွင် ထိုအားလပ်ရက်လုပ်အားခများ ကုန်ဆုံးသွားရုံသာ ရှိမည်။

ဘွဲ့ရပြီးမှ ကားမောင်းသင်မည်ဆိုပါက အချိန်နှင့်ငွေကြေး ကုန်ကျမှုက ယခုထက် များစွာ ပိုမိုကြီးမားလာနိုင်သည်။ ထိုအချက်များကို သေချာစွာ ချိန်ဆပြီးနောက် ကျောင်းရှိ ယာဉ်မောင်းသင်တန်းတွင် အပ်နှံခဲ့ခြင်းဖြစ်သည်။

လက်တွေ့တွင်လည်း ထိုလုပ်ရပ်က အတော်လေး အမြော်အမြင်ကြီးကြောင်း သက်သေပြနေခဲ့သည်။ ယခုအချိန်တွင် ထိုကျွမ်းကျင်မှုကို အသုံးချရပေတော့မည်။

ရထားဘူတာရုံနှင့် မနီးမဝေးတွင် ကားအရောင်းပြခန်းများစွာ စုဝေးနေသည်။ ဘတ်စ်ကားမှတ်တိုင် အနည်းငယ်မျှ ကျော်လိုက်ရုံဖြင့် ရောက်ရှိသွားပြီး အနီးဆုံး အရောင်းပြခန်းတစ်ခုထဲသို့ ပေါ့ပေါ့ပါးပါးပင် ဝင်ရောက်သွားလိုက်သည်။

ပြခန်းအတွင်း၌ ဖောက်သည် သိပ်မရှိဘဲ ဟိုတစ်စု၊ ဒီတစ်စုမျှသာ ရှိနေသည်။ အရောင်းကိုယ်စားလှယ် အများစုက မတ်တတ်ရပ်ကာ စကားစမြည်ပြောနေကြသည်။ ဖောက်သည်တစ်ယောက် ဝင်လာသည်ကို မြင်သည်နှင့် တစ်စက္ကန့်အတွင်း အကဲခတ်လိုက်ကြပြီး အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။

“ဒီကောင်မလေးပုံစံက အလုပ်ဝင်တာ သိပ်မကြာသေးတဲ့ပုံပဲ၊ လာကြည့်ရုံ သက်သက်နေမှာပါ၊ ဘယ်သူသွားဧည့်ခံမလဲ၊ ငါ့ဖောက်သည်က ခဏနေ ရောက်လာတော့မှာ”

“အဝတ်အစားတွေကိုလည်း ကြည့်ဦး၊ အရောင်တွေလွင့်ပြီး အဖတ်တွေတောင် ထနေပြီ၊ ဝယ်နိုင်မယ့်ပုံ မပေါ်ပါဘူး၊ အချိန်ဖြုန်းမခံနိုင်ဘူးဟေ့၊ ရှောင်ချိုက်... မင်းပဲ သွားလိုက်”

ရှောင်ချိုက်ဆိုသူသည် အလုပ်ဝင်သည်မှာ မကြာသေးဘဲ ကားတစ်စီးမျှ မရောင်းရသေးသည့် ဝန်ထမ်းသစ်တစ်ဦး ဖြစ်သည်။ မနက်ခင်း အစည်းအဝေးတွင် မန်နေဂျာက သူ့ကို လူရှေ့သူရှေ့ ဆူပူထားပြီး အရောင်းမတက်လျှင် အလုပ်မှထွက်ရန်ပင် သတိပေးခံထားရသူဖြစ်သည်။

“ဟုတ်ကဲ့၊ ကျွန်တော် သွားလိုက်ပါ့မယ်” ရှောင်ချိုက်က ခေါင်းညိတ်သဘောတူလိုက်သည်။ ကားရောင်းရမည်ဟု မျှော်လင့်မထားသော်လည်း သူ့ထံတွင် ဝင်လာသည့် ဖောက်သည်တိုင်းကို အကောင်းဆုံး ဝန်ဆောင်မှုပေးချင်သည့် စိတ်ဆန္ဒသာရှိသည်။

စီနီယာများကမူ ထိုမျှ သဘောထားမပြည့်ဝကြပေ။ ဖောက်သည်ကို မြင်သည်နှင့် အသွင်အပြင်ကို ကြည့်ကာ ဆုံးဖြတ်တတ်ကြသည်။ ပိုက်ဆံမရှိသည့်ပုံပေါက်နေသော ကောင်မလေးကို အချိန်ကုန်ခံကာ မဆက်ဆံချင်သဖြင့် ဝန်ထမ်းသစ် ရှောင်ချိုက်ထံသို့သာ လွှဲချလိုက်ကြသည်။

“မင်္ဂလာပါ အစ်မ... ဘာများကူညီပေးရမလဲ ခင်ဗျာ”

“မင်္ဂလာပါ၊ ဟိုလေ... တောင်ပေါ်လမ်းတွေမှာ မောင်းလို့ကောင်းပြီး ပစ္စည်းတွေ အများကြီးတင်လို့ရမယ့် ကားမျိုးများ ရှိမလားလို့ပါ”

ရှောင်ချိုက် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် တက်ကြွစွာ အကြံပြုလိုက်သည်။

“ဒါဆိုရင်တော့ ဒီဘက်က ပစ်ကပ်ကားလေးကို ကြည့်ကြည့်ပါ၊ ဒီကားက ကြမ်းတမ်းတဲ့ တောင်ပေါ်လမ်းတွေအတွက် သိပ်ကို သင့်တော်ပါတယ်။ လမ်းဘယ်လောက်ဆိုးဆိုး အေးဆေးပဲလေ၊ ပြီးတော့ အနောက်ဘက်က နေရာလွတ်ကို ကြည့်ပါဦး၊ အကျယ်ကြီးပဲ မဟုတ်လား၊ ပစ္စည်းတွေ အများကြီးတင်လို့ရတဲ့အပြင် အမြင့်ကန့်သတ်ချက်လည်း မရှိဘူးဗျ”

6

(ဘာသာပြန်သူအမှာစာ။ ။ မြန်မာမူပြုလို့ မလွယ်သည်များကို အခြေအနေအရ Engလိုပဲအသုံးပြုသွားပါမည်)

လီရှီးရှီး သေချာလေ့လာကြည့်လိုက်ရာ အမှန်တကယ်ပင် အတော်လေး သင့်တော်နေသည်။ ရှေ့ခန်းတွင် လူငါးယောက်ခန့် သက်တောင့်သက်သာ ထိုင်နိုင်ပြီး အနောက်ဘက်တွင်လည်း သာမန် ဆီတင်ကားများထက် ပစ္စည်းများ ပိုမိုတင်ဆောင်နိုင်သော နေရာလွတ်ကျယ်ကြီး ရှိနေသည်။

သို့သော် အနောက်ဘက်က အမိုးမပါဘဲ ပွင့်နေသဖြင့် သူမက မေးလိုက်သည်။ “ဒီပစ်ကပ်ကားရဲ့ အနောက်ဘက်က ပစ္စည်းတွေကျတော့ မိုးရွာရင်ဘယ်လိုလုပ်မလဲ။ အကုန်ရေစိုကုန်မှာပေါ့”

“ကျွန်တော်တို့ဆီမှာ အမိုးစွပ်လေးပါပါတယ်ခင်ဗျာ၊ အဲဒါလေး စွပ်လိုက်ရုံပါပဲ၊ သိပ်ကိုအဆင်ပြေပါတယ်” ရှောင်ချိုက်က အမိုးစွပ်ပုံစံကို လက်တွေ့ပြသပေးလိုက်သည်။

“အင်း... တကယ်အဆင်ပြေသားပဲ”

“ဈေးနှုန်းကရော ဘယ်လောက်လောက်ရှိမလဲ”

ကောင်မလေးက ဝယ်ယူရန် စိတ်ဝင်စားနေပုံရသည်ကို မြင်သောအခါ ရှောင်ချိုက်သည် သူမကို အမြန်ထိုင်ခိုင်းလိုက်ပြီး ကားအကြောင်း ဖော်ပြထားသော လက်ကမ်းစာစောင်တစ်ခု သွားယူပေးလိုက်သည်။

ရှောင်ချိုက်က ဖောက်သည်အတွက် လက်ဖက်ရည်ကြမ်းပင် သွားရောက်ဖျော်ပေးနေသည်ကို မြင်သောအခါ သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက မလိုအပ်ဘဲ အကြံဝင်ပေးလေသည်။ “အချိန်တွေ ဖြုန်းမနေပါနဲ့ကွာ၊ ဒီကောင်မလေးပုံစံက ဈေးလာမေးရုံ သက်သက်ပါပဲ၊ အရောင်းသမားဆိုတာ အကဲခတ်တတ်ဖို့နဲ့ ဖောက်သည်ကို ရွေးချယ်တတ်ဖို့က အရေးအကြီးဆုံးပဲ”

“လူတိုင်းကို လိုက်ဧည့်ခံနေရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ မင်းကြည့်စမ်း၊ အခုထိ ကားတစ်စီးမှ မရောင်းရသေးဘူးလေ၊ သတိထားဦး၊ မန်နေဂျာ ထပ်ဆူတာ ခံရလိမ့်မယ်”

ရှောင်ချိုက်သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ခေါင်းကိုကုတ်ရင်း ဖြေလိုက်သည်။ “အစ်ကိုကူ... ဒီကောင်မလေးက တကယ်ကားဝယ်ချင်တဲ့ပုံစံ ပေါက်နေလို့ပါ”

သို့သော် အစ်ကိုကူက ခေါင်းခါပြရင်း “သူ့ပုံစံက အလုပ်ဝင်ခါစ ကောင်မလေးနဲ့ပဲ တူတယ်၊ မိဘတွေသာ ပါလာရင်တော့ တစ်မျိုးပေါ့ကွာ၊ ဝီချက် အကောင့်လေးတောင်းပြီး ဆက်ဆက်သွယ်လို့ ရသေးတယ်၊ အခုက ဆိုင်မှာလည်း လူများလာပြီဆိုတော့ သူ့ဆီမှာအချိန်သိပ်မဖြုန်းပါနဲ့”

အစ်ကိုကူက စေတနာဖြင့် ပြောခြင်းဖြစ်ကြောင်း ရှောင်ချိုက် သိသဖြင့် ပြန်မငြင်းတော့သော်လည်း သူ၏ကိုယ်ပိုင်အမြင်ကိုသာ တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်သည်။

“ဒီမှာကြည့်ပါ အစ်မ... ဒီပစ်ကပ်ကားအတွက် ရွေးချယ်စရာ မော်ဒယ်လ် အနည်းငယ်ရှိပါတယ်၊ ကျွန်တော်ကတော့ အစ်မကို 2-wheel drive မော်ဒယ်လ်တွေ မညွှန်းချင်ဘူး။ အစ်မက တောင်ပေါ်လမ်းတွေမှာ မောင်းရမယ်ဆိုတော့ 4-wheel drive ကို ပိုပြီးအကြံပေးချင်ပါတယ်”

“ဒီ 4-wheel drive အော်တို သက်တောင့်သက်သာ မော်ဒယ်လ်က ယွမ် ၁၆၆,၈၀၀ ပါ၊ ပြီးတော့ 4-wheel drive အော်တို ပရီမီယံမော်ဒယ်လ်ကတော့ ယွမ် ၁၈၂,၈၀၀ ဖြစ်ပါတယ်"

“အဓိက ကွာခြားချက်တွေကတော့၊ (ဘာညာပေါ့ဗျာ)... တိုက်တိုက်ဆိုင်ဆိုင်ပဲ အပေါ်ထပ်ဂိုဒေါင်ထဲမှာ အပြာရင့်ရောင် 4-wheel drive အော်တို သက်တောင့်သက်သာမောင်းလို့ရတဲ့ မော်ဒယ်လ် ပစ်ကပ်ကားတစ်စီး ရှိပါတယ်။ အစ်မကို သွားပြပေးလို့ ရပါတယ်”

ဂိုဒေါင်သို့ ရောက်ပြီးနောက် လီရှီးရှီး မျက်မှောင်ကြုတ်သွားသည်။ “ဒီအရောင်က သာမန်ပဲ၊ ကျွန်မက အဖြူရောင်လေး ဝယ်ချင်တာ”

“ဒီအရောင်လေးက သိပ်လှတာ၊ လူတော်တော်များများလည်း ဒီအရောင်ကိုပဲ ရွေးကြပါတယ်၊ အဖြူရောင်ဆိုရင်တော့ ကြိုမှာရမှာမို့လို့ အခု စရန်ငွေပေးထားမယ်ဆိုရင်တောင် ကားရဖို့ အနည်းဆုံး တစ်လကျော်လောက် စောင့်ရပါလိမ့်မယ်”

လီရှီးရှီး၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသည့် အရိပ်အယောင်များကို မြင်သောအခါ ရှောင်ချိုက်က ဆက်ပြောသည်။

“အစ်မ... အရောင်ကို သဘောမကျဘူးဆိုရင် အချိန်မရွေး ဆေးပြန်မှုတ်လို့ ရပါတယ်ဗျ၊ ယွမ် တစ်ထောင်လောက်ပဲ ကုန်မှာပါ၊ အကယ်၍ ဒီနေ့ပဲ ဝယ်မယ်ဆိုရင် အစ်မအတွက် ယွမ်တစ်ထောင်တန် ဆီကတ်လေးတစ်ခု လက်ဆောင်ထည့်ပေးဖို့ မန်နေဂျာဆီမှာ ကျွန်တော်တောင်းဆိုပေးပါ့မယ်”

ဤအပြာရင့်ရောင် ပစ်ကပ်ကားသည် သူတို့ကုမ္ပဏီ၏ ဂိုဒေါင်ထဲတွင် ရှိနေသည်မှာ ခြောက်လကျော်ပြီဖြစ်သည်။ ရက်ပိုကြာလေ သိုလှောင်ခများ ပိုမိုကုန်ကျလေ ဖြစ်၏။

ပစ်ကပ်ကား ဝယ်ယူလိုသော ဖောက်သည်ဆိုသည်မှာလည်း ရှားပါးလှသဖြင့် ရှောင်ချိုက်သည် အမြန်အဆန်ပင် အရောင်းအဝယ်ဖြစ်အောင် ကြိုးစားလိုက်သည်။

လီရှီးရှီးသည် ဇာတိရွာရှိ သူမ၏အိမ်ကို ပြန်လည်တည်ဆောက်မည့်ကိစ္စကို တွေးတောလိုက်သည်။ ထိုသို့ဆိုလျှင် ပစ္စည်းများ ဝယ်ယူရန် တောင်ပေါ်တောင်အောက် မကြာခဏ အသွားအလာလုပ်ရမည်မှာ သေချာသည်။

ထို့ကြောင့် ကားကို စောစောရလေ ပိုကောင်းလေပင်။ အပြာရင့်ရောင်ကို ယူပါက ယွမ်တစ်ထောင်တန် ဆီကတ်လည်း ရဦးမည်။ ထို့အပြင် အရောင်မှာလည်း ကြည့်လေ ကြည့်လေ ပို၍ မျက်စိပသာဒဖြစ်လာလေပင်။

ထို့နောက် ငွေကြေးလျှော့ပေါ့မှုများ ထပ်မံရနိုင်ဦးမလားဟု သူမ စဉ်းစားလိုက်သည်။ ပြင်းထန်သော ဈေးဆစ်မှုများ အပြန်အလှန် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ထိုအပြာရင့်ရောင် ပစ်ကပ်ကားကို ယွမ် ၁သိန်း၆သောင်း ဖြင့် ဝယ်ယူရန် လီရှီးရှီး သဘောတူလိုက်သည်။

ကားအရောင်းပြခန်းမှ ယွမ် ၂၀၀၀ တန် ဆီကတ်တစ်ကတ်၊ အခမဲ့ ကားပြုပြင်ထိန်းသိမ်းမှု ငါးကြိမ်နှင့် အမည်းရောင်ကားမှန်ကပ်တို့ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

“ဒီကားအတွက် ငွေချေမယ့်ကိစ္စကို ဘယ်လိုစီစဉ်ထားပါသလဲ ခင်ဗျာ၊ ကျွန်တော်တို့ဆီမှာ သုံးနှစ် အရစ်ကျစနစ်လေးလည်း ရှိပါတယ်၊ အဲဒီအကြောင်း ရှင်းပြပေးရမလား”

“မလိုပါဘူး၊ အပြည့်ချေလိုက်ပါ့မယ်” လီရှီးရှီးသည် ဂရုမစိုက်ဟန်ဆောင်ကာ လက်ကာပြလိုက်သည်။

ရှောင်ချိုက်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

‘တကယ်ပဲ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရတာပဲ။ နောက်ဆိုရင် ဘယ်ဖောက်သည်ကိုမှ အထင်မသေးမိအောင် သတိထားရမယ်’ ဟု သူတွေးလိုက်မိသည်။ နောက်ဆုံးတော့ သူလည်း ကားတစ်စီး ရောင်းထွက်သွားခဲ့ချေပြီ။

ယာဉ်မှတ်ပုံတင်ရုံးမှာ အရောင်းပြခန်းနှင့် မဝေးလှပေ။ ငွေချေပြီးနောက် ရှောင်ချိုက်သည် လီရှီးရှီးအား လိုင်စင်နံပါတ်ပြားရွေးချယ်ရန်နှင့် ကားမှတ်ပုံတင်ရန် ခေါ်ဆောင်သွားခဲ့ရာ နှစ်နာရီအတွင်း အားလုံးပြီးစီးသွားခဲ့သည်။

ကားစတင်မောင်းနှင်ချိန်တွင် လီရှီးရှီးသည် အနည်းငယ် ကတုန်ကယင်ဖြစ်နေသော်လည်း များမကြာမီမှာပင် အသားကျသွားခဲ့သည်။ ကားမှန်ကပ်ရန်အတွက် နောက်နေ့မှသာ ရမည်ဖြစ်သဖြင့် ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ပြီးနောက် တည်းခိုခန်းလေးသို့ ပြန်လာခဲ့သည်။

အခန်းထဲရောက်သည်နှင့် လီရှီးရှီးသည် အနီးအနားရှိ အိမ်အလှဆင်ကုမ္ပဏီများကို စတင်ရှာဖွေလိုက်ပြီး ထိုနေ့ မွန်းလွဲပိုင်းတွင် သွားရောက်လေ့လာရန် အဆင့်သတ်မှတ်ချက်ကောင်းမွန်သော ကုမ္ပဏီအချို့ကို ရွေးချယ်ထားလိုက်သည်။

ကုမ္ပဏီအချို့၏ ကုန်ကျစရိတ်နှင့် လုပ်ငန်းအတွေ့အကြုံများကို နှိုင်းယှဉ်လေ့လာပြီးနောက် လီရှီးရှီးသည် လိုအပ်လာချိန်တွင် ဆက်သွယ်နိုင်ရန် ၎င်းတို့အားလုံးကို ဝီချက်တွင် ထည့်သွင်းထားလိုက်သည်။

……

“ဟင်... ဒါဘယ်သူ့ကားလဲ၊ ငါတို့ရွာမှာ ကားရှိတဲ့သူ သိပ်မရှိပါဘူး၊ လမ်းအသစ်ဖောက်ပြီးကတည်းက ဧည့်သည်တွေများ လာနေကြပြီလား” ဦးလေးဝမ်သည် ခြံဝင်းတံခါးဝတွင် နေပူဆာလှုံနေစဉ် အဝေးမှ မောင်းနှင်လာသော အပြာရင့်ရောင် ပစ်ကပ်ကားလေးကို လှမ်းမြင်လိုက်ရသည်။

“ဦးလေးဝမ်... သမီးပြန်ရောက်ပြီ” ကားရပ်လိုက်သည်နှင့် လီရှီးရှီးသည် ဦးလေးဝမ်ထံသို့ အပြေးအလွှားသွားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “သမီး လီတောင်တန်းမှာပဲ အပြီးနေတော့မလို့၊ တောင်ပေါ်မှာ လယ်ယာအိမ်လေးတစ်ခု ဖွင့်ချင်လို့လေ”

ဦးလေးဝမ်မှာ လီရှီးရှီးစကား၏ နောက်ပိုင်းတစ်ဝက်ကိုပင် သေချာနားမထောင်နိုင်တော့ဘဲ သူ၏အာရုံများမှာ ပစ်ကပ်ကားပေါ်တွင်သာ လုံးလုံးလျားလျား ရောက်ရှိနေခဲ့သည်။

“ရှီးရှီးလေး... ဒီကားက ဘယ်ကရောက်လာတာလဲ” ဦးလေးဝမ်သညခ ကြမ်းတမ်းသောလက်များဖြင့် ရှေ့ရှိ ကားသစ်လေးကို ဖွဖွလေး ပွတ်သပ်နေမိသည်။ ဤဒေသမှာ ဆင်းရဲကြသဖြင့် ကားဝယ်စီးနိုင်သူဆိုသည်မှာ ခပ်ရှားရှားပင်။

လီရှီးရှီး ခေတ္တမျှစဉ်းစားလိုက်ပြီး ထီပေါက်သည့်ကိစ္စကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။ ဦးလေးဝမ်ကို မယုံကြည်၍မဟုတ်ဘဲ အရက်သောက်ပြီးချိန်တွင် အမှတ်တမဲ့ နှုတ်ချော်ပြောမိကာ ပြဿနာများ ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

“ဒီကားကို အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်လာတာပါဦးလေးဝမ်” သူမက ထိုသို့သာ ပြောလိုက်လေသည်။

“အတိုးမဲ့အရစ်ကျဆိုတာ ဘာလဲကွ” ဤဝေါဟာရအသစ်များကို နားမလည်သော ဦးလေးဝမ်က မေးလိုက်သည်။

“အာ... အစပိုင်းမှာ ငွေတစ်ပြားမှပေးစရာမလိုဘဲ ကားကို အိမ်ပြန်မောင်းလာလို့ ရတယ်၊ ဒါပေမယ့် လစဉ်လတိုင်း ဘဏ်ကို ငွေသွင်းရတယ်လေ”

‘ငွေမလိုဘူး’ ဟူသော စကားကို ကြားသည်နှင့် ဦးလေးဝမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ဒီလောက်ကောင်းတဲ့ ကိစ္စမျိုးလည်း ရှိသလား၊ ဒါပေမယ့်... လစဉ်လတိုင်း ဘဏ်ကို ငွေသွင်းရမယ်ဆိုတော့ အတိုးတွေဘာတွေ ပေးရဦးမလား”

“အခြေအနေပေါ် မူတည်တယ် ဦးလေးဝမ်ရဲ့၊ တစ်ခါတလေကျရင် အတိုးလွတ်တဲ့ မူဝါဒတွေရှိတယ်။ အဲဒါဆိုရင် ပထမနှစ်အနည်းငယ်မှာ အတိုးပေးစရာမလိုဘူး၊ ဒါပေမယ့် သတ်မှတ်ထားတဲ့နှစ်တွေကျော်သွားရင်တော့...”

ဦးလေးဝမ်မှာ ဤအထူးဝေါဟာရများကို နားမလည်နိုင်တော့သဖြင့် ချီးကျူးစကားသာ ဆိုလိုက်ရတော့သည်။ “ငါတို့ရွာရဲ့ တက္ကသိုလ်ကျောင်းသူပီသပါပေတယ်၊ နင်ပြောနေတာတွေကို ငါ နားတောင်မလည်တော့ဘူး”

လီရှီးရှီး “......”

‘ဒါက ချီးကျူးတာလား၊ ဘာလို့ တစ်မျိုးကြီး ခံစားနေရတာလဲ’ သို့သော် ဦးလေးဝမ်မှာ ကြက်စာကျွေးရန် လိုသေးသဖြင့် သူတို့နှစ်ဦး စကားသိပ်မပြောဖြစ်ကြတော့ပေ။

လီရှီးရှီးသည်လည်း လုပ်စရာရှိနေသေးသဖြင့် ရွာလူကြီးထံသို့ ထွက်လာခဲ့သည်။

“ရွာလူကြီး” ကျေးရွာကော်မတီရုံးသို့ ရောက်သည်နှင့် လီရှီးရှီးက အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။

ကျေးရွာကော်မတီရုံးဆိုသည်မှာ သာမန် အုတ်ကြွပ်အမိုးအိမ်လေးတစ်လုံးသာဖြစ်ပြီး အတွင်းအပြင်ကို အဖြူရောင်ဆေးသုတ်ထားသဖြင့် အနည်းငယ် လင်းလက်နေသည်။

“အို... ဒါ အဘိုးလီရဲ့ မြေးမလေး ရှီးရှီး မဟုတ်လား။ မတွေ့တာတောင်ကြာပြီ၊ အတော်လေးကြီးလာပါလား”

လီရှီးရှီး အနည်းငယ် အနေခက်သွားကာ စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။ “အဘိုးကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွာမှာ အစည်းအဝေးလုပ်တုန်းကတောင် ငါ့ကိုမမြင်ဘူးလား”

သို့သော် သူမက ချက်ချင်းပင် အပြုံးတစ်ပွင့် ဖန်တီးလိုက်ပြီး ပြောလိုက်သည်။ “ရွာလူကြီး... သမီး မေးချင်တာလေးရှိလို့ပါ၊ ဒီလိုပါ... သမီးက အိမ်ကိုဖြိုပြီး ပြန်ဆောက်ချင်လို့"

“အိမ်မှာ လယ်ယာအိမ်လေး ဖွင့်မလို့လေ၊ ပြီးတော့ အိမ်ဘေးက မြေကွက်အလွတ်လေးတွေမှာလည်း ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ ငှားချင်လို့ပါ၊ အဲဒီအတွက် ဘာလုပ်ထုံးလုပ်နည်းတွေ လိုအပ်မလဲဆိုတာ သိချင်လို့ပါ”

ထိုစကားကို ကြားသောအခါ ရွာလူကြီးမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ရွာသားများ ပြန်လည်ရောက်ရှိလာသည်ကို အလွန်ဝမ်းမြောက်မိသော်လည်း လီရှီးရှီးသည် သူတို့ဒေသမှ ရှားရှားပါးပါး ထွက်ပေါ်လာသော တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် မိမိ၏ သြတ္တပ္ပစိတ်အရ မြို့ကြီးပြကြီးတွင် နေထိုင်ခြင်းထက် ဇာတိရွာတွင် နေထိုင်ခြင်းက ပိုမိုကောင်းမွန်လိမ့်မည်ဟု သူမပြောထွက်နိုင်ခဲ့ပေ။

All Chapters