← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

7

ထို့ကြောင့် ရွာလူကြီးက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် စကားစလာသည်။ “ရှီးရှီးလေး၊ သမီး ဘယ်လိုတွေ တွေးနေတာလဲကွယ်၊ ငါတို့ရွာရဲ့ တောင်ပေါ်လမ်းပွင့်သွားတာ မှန်ပေမယ့် သမီးက တက္ကသိုလ်ဝင်ခွင့်ရဖို့ အများကြီး ကြိုးစားခဲ့ရတာလေ...”

ရွာလူကြီး၏စကားများက ရုတ်တရက် ရပ်တန့်သွားသည်။ ဆက်ပြောရန် စကားလုံးရှာမရသကဲ့သို့ ဖြစ်သွားဟန်တူ၏။

ရွာလူကြီးက မိမိအကျိုးကို လိုလား၍ ပြောခြင်းဖြစ်ကြောင်း လီရှီးရှီး နားလည်သည်။ သို့သော် တက္ကသိုလ်ဝင်ခွင့်ရခြင်းဆိုသည်မှာ ဇာတိမြေကို စွန့်ခွာသွားရမည်ဟု မဆိုလိုကြောင်း သူမ ယုံကြည်ထားသည်။

မိမိ၏ပညာရပ်များနှင့် အတွေ့အကြုံများကို အသုံးချကာ ဇာတိမြေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းကသာ ပို၍တန်ဖိုးရှိမည် မဟုတ်လော။

ထို့ကြောင့် သူမ၏ တွေးခေါ်မြော်မြင်မှုနှင့် အနာဂတ်အစီအစဉ်များကို ရွာလူကြီးအား သေချာစွာ ရှင်းပြလိုက်သည်။

“သမီးက သေချာစဉ်းစားပြီးပြီဆိုတော့လည်း ဦးလေး မတားတော့ပါဘူးကွယ်၊ သမီးတို့မိသားစုရဲ့ မူလ ခြံဝင်းမြေနေရာက…....”

ဖမ်းလ်‌ဟောက်စ် ဖွင့်လှစ်မည့် နေရာအတိအကျကို အတည်ပြုပြီးသည်နှင့် သူမ၏ဖုန်းဆီမှ အသိပေးသံတစ်ချက် ထွက်ပေါ်လာသည်။ ဖုန်းကို ထုတ်ကြည့်လိုက်ရာ အက်ပ်မှ မက်ဆေ့ချ်အသစ်တစ်ခု ဝင်လာခြင်းဖြစ်သည်။

အက်ပ်ကို ဖွင့်ကြည့်လိုက်သောအခါ ဤသို့ရေးသားထားသည်။

[စနစ်အသိပေးချက်]။ ။ဖမ်းလ်‌ဟောက်စ်၏ နေရာကို ရွေးချယ်ပြီးဖြစ်ပါသည်။ ဆုလာဘ်ကိုလာရောက်ထုတ်ယူပါ။

လီရှီးရှီး လက်ချောင်းသွယ်သွယ်လေးများဖြင့် နှိပ်လိုက်သည်နှင့် ချိုမြိန်သောအသံလေးတစ်ခု ထွက်ပေါ်လာသည်။

[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါသည်။ သင် ဆိုင်ကိုဖွင့်လှစ်ခွင့် ရရှိသွားပါပြီ။

တာဝန်အသစ် - ကျေးဇူးပြု၍ သုံးလအတွင်း သင်၏ ပထမဆုံးဧည့်သည်ကို လက်ခံပါ။

‘သုံးလတဲ့လား’ လီရှီးရှီး မျက်မှောင်ကြုတ်သွားမိသည်။ အချိန်က သိပ်ကို ကပ်လွန်းနေသည်။

သုံးလအတွင်း အိမ်ဆောက်ပြီးစီးနိုင်မည်လား ဆိုသည်ကိုထား၊ ပြီးစီးခဲ့လျှင်တောင် အနံ့အသက်များ ပျောက်ကင်းစေရန် အချိန်အတန်ကြာ လေဝင်လေထွက်ကောင်းအောင် ထားရဦးမည်ဖြစ်သည်။

သို့မဟုတ်ပါက အဆောက်အအုံပစ္စည်းများမှ ထွက်သော ဖော်မယ်လ်ဒီဟိုက်ဓာတ်ငွေ့များ ပြည့်နှက်နေပြီး လည်ပတ်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည် မဟုတ်လော။

တာဝန်မပြီးမြောက်ပါက မည်သို့သောပြစ်ဒဏ်များ ကျရောက်လာမည်ကိုလည်း သူမ မသိပေ၊ သို့သော် လီရှီးရှီးက ဆက်လက်တွေးတောလိုက်သည်။

သူမတွင်သူမတွင် ဆုံးရှုံးစရာ ဘာမှမရှိတော့ပေ။ မိသားစုဟူ၍လည်း မရှိတော့သလို လက်ရှိပိုင်ဆိုင်ထားသော ငွေကြေးများကလည်း ဤအက်ပ်က ပေးထားခြင်းဖြစ်သည်။ သူမ၏ အသက်ကိုတော့ လာတောင်းမည် မဟုတ်လောက်ပေ။

ထို့ကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါးထားကာ ဆိုင်ကို ဖွင့်ကြည့်လိုက်သည်။ ဤအက်ပ်ထဲရှိ ဆိုင်မှာ နောက်ဆုံးတော့ ပွင့်သွားခဲ့ပြီဖြစ်သည်။ ဆိုင်ထဲသို့ ဝင်ကြည့်လိုက်ရာ ပစ္စည်းအနည်းငယ်သာ ဝယ်ယူခွင့်ပွင့်နေသေးကြောင်း တွေ့ရသည်။

ပထမဆုံး ပစ္စည်းပုံမှာ မြေစိုက်အိမ်ခြံဝင်းတစ်ခုဖြစ်သည်။ ပစ္စည်းကို နှိပ်ကြည့်လိုက်ရာ ဤသို့ ဖော်ပြထားသည်။

[စနစ်အသိပေးချက်]။ ။အခြေခံအဆင့် မြေစိုက်အိမ်ခြံဝင်းငယ်။

ကုန်ကျစရိတ် - ယွမ် ၆၈၀,၀၀၀။

တည်ဆောက်ချိန် - ၃၀ ရက်။

(အပင်များ ရှင်သန်ကြီးထွားမှုကို ၁၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေသော စွမ်းရည်ပါဝင်သည်။)

‘ဟင်၊ ဒီဆိုင်က ငါ့အတွက် တိုက်ရိုက်ဆောက်ပေးမယ်ဆိုတဲ့ သဘောလား၊ ဒါဆို အလုပ်ရှုပ် တော်တော်သက်သာသွားတာပေါ့၊ ကြိုက်တယ်၊ သိပ်ကြိုက်တယ်'

ဤမြေစိုက်အိမ်ခြံဝင်း၏ ဈေးနှုန်းမှာ လက်ခံနိုင်စရာရှိသော်လည်း ပုံများကို သေချာကြည့်ကာ အခန်းအရေအတွက်ကို ရေတွက်ကြည့်လိုက်သည်။ တစ်၊ နှစ်၊ သုံး... မီးဖိုချောင်အပါအဝင် စုစုပေါင်း အခန်း ၁၄ ခန်းသာ ရှိသည်။ အနည်းငယ် သေးငယ်နေသည်ဟု ခံစားရသည်။

ဒုတိယတစ်ခုမှာ ကျောက်တုံးအိမ်ဖြစ်သည်။

[စနစ်အသိပေးချက်]။ ။အခြေခံအဆင့် ကျောက်တုံးအိမ်ငယ်။

ကုန်ကျစရိတ် - ယွမ် ၇၈၀,၀၀၀။

တည်ဆောက်ချိန် - ၃၅ ရက်။

(ခိုင်ခံ့မှုကို ၁၀ ရာခိုင်နှုန်း ပိုမိုအားကောင်းစေသည်)

ဤခြံဝင်းမှာ အနည်းငယ် ပိုကျယ်သော်လည်း ကျောက်တုံးအိမ်က ကြည့်ရသည်မှာ အနည်းငယ်ရိုးအီနေပြီး သူမ၏အလှအပခံစားမှုနှင့် သိပ်မကိုက်ညီလှဟု လီရှီးရှီးခံစားရသည်။

ထို့နောက် နောက်ထပ် နှစ်ခုကို ဆက်ကြည့်သော်လည်း လီရှီးရှီး သိပ်သဘောမကျလှပေ၊ ထိုစဉ် ဝါးအိမ်လေးတစ်ခုကို မြင်လိုက်ရသဖြင့် သူမ၏မျက်လုံးများ အရောင်လက်သွားသည်။

[စနစ်အသိပေးချက်]။ ။အခြေခံအဆင့် ဝါးအဆောက်အဦ ခြံဝင်းငယ်။

ကုန်ကျစရိတ် - ယွမ် ၁,၉၉၀,၀၀၀။

တည်ဆောက်ချိန် - ၅၅ ရက်။

(စိတ်ခံစားမှုကို ၁၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပြီး သာယာသော ရာသီဥတုကို ၁၀ ရာခိုင်နှုန်း ပိုမိုရရှိစေသည်)

ဤဝါးအဆောက်အအုံမှာ သုံးထပ်ဖြစ်ပြီး အခန်းအရေအတွက်လည်း အလုံအလောက်ရှိသည်။ ဝါးအိမ်၏ဒီဇိုင်းမှာလည်း အလွန်ထူးခြားကာ ဆွဲဆောင်မှုရှိ၏။ သို့သော် ခြင်များလွန်းနေမည်ကို သူမ အနည်းငယ် စိုးရိမ်မိသည်။

ထိုအချိန်တွင် သူမ၏အာရုံများက နောက်ထပ်တစ်ခုဆီသို့ ရောက်သွားသည်။

[စနစ်အသိပေးချက်]။ ။အခြေခံအဆင့် တရုတ်ရိုးရာ အုတ်နှင့်အုတ်ကြွပ် အဆောက်အဦ ခြံဝင်းငယ်။

ကုန်ကျစရိတ် - ယွမ် ၂,၂၀၀,၀၀၀။

တည်ဆောက်ချိန် - ၇၅ ရက်။

(သန့်ရှင်းမှုကို ၁၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှုကို ၁၀ ရာခိုင်နှုန်း ပိုမိုရရှိစေသည်)

ဤအဆောက်အအုံမှာလည်း သုံးထပ်ဖြစ်ပြီး အခန်းများစွာ ပါဝင်သည်။ ဖုန်းထဲရှိ ပုံများအရ အဖြူရောင်နံရံများနှင့် မီးခိုးရောင် အုတ်ကြွပ်မိုးများဖြင့် အလွန်ပြေပြစ်လှပသည်။ လီရှီးရှီး အလွန်သဘောကျသွားသော်လည်း ကုန်ကျစရိတ်ကတော့ သဘာဝကျကျပင် များစွာပိုမိုမြင့်မားနေသည်။

ခေတ္တမျှ စဉ်းစားချင့်ချိန်ပြီးနောက် သူမသည် ပို၍ဈေးကြီးသော အရာကိုသာ ရွေးချယ်လိုက်သည်။ အကြောင်းမှာ ဤတရုတ်ရိုးရာ အုတ်ကြွပ်အဆောက်အအုံ ခြံဝင်းငယ်လေးတွင် ရေကန်ငယ်လေးတစ်ခုလည်း ပါဝင်နေခြင်းက သူမကို အလွန်ကျေနပ်စေသောကြောင့်ဖြစ်သည်။

ဤသို့ဖြင့် မြို့ထဲတွင် အိမ်အလှဆင်ကုမ္ပဏီ သွားရှာရမည့် အလုပ်လည်း သက်သာသွားခဲ့သည်။ လှပသေသပ်သော ကိုယ်ပိုင်ဖမ်းလ်‌ဟောက်စ်လေးတစ်ခု ပိုင်ဆိုင်ရမည်ဆိုသည့် အတွေးက သူမ၏ရင်ဘတ်ထဲတွင် လှိုက်မောဖွယ်ရာ မျှော်လင့်ချက်များကို တိုးပွားစေခဲ့သည်။

ရွာလူကြီးက လုပ်ထုံးလုပ်နည်းများ ပြီးစီးပြီဟု သူမကို အကြောင်းကြားချိန်တွင် ၇ ရက်ပင် ကြာမြင့်နေပြီဖြစ်သည်။ လုပ်ငန်းစဉ်များ ပြီးစီးသည်နှင့် သူမသည် ဆိုင်တွင် ချက်ချင်း အော်ဒါတင်လိုက်သည်။

ထိုအချိန်တွင် သူမ၏ ဘဏ်ကတ်မှလည်း အသိပေးချက်တစ်ခု ဝင်လာပြီး ယွမ် ၂,၂၀၀,၀၀၀ ကို ဖြတ်တောက်သွားကြောင်းနှင့် လက်ခံရရှိသူ၏အကောင့်မှာ ‘XX ဆောက်လုပ်ရေးကုမ္ပဏီ’ ဖြစ်ကြောင်း ပြသနေသည်။

ကြည့်ရသည်မှာ အတော်လေး တရားဝင်ဆန်ပြီး မည်သည့်နေရာတွင်မှ အားနည်းချက် ရှာမတွေ့နိုင်ပေ။ ဤအက်ပ်က တကယ်ကို အစွမ်းထက်လွန်းလှသည်။ လီရှီးရှီး ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိလိုက်၏။

ငွေချေပြီး တစ်နာရီခန့်အကြာတွင် သူမသည် အိမ်ထဲတွင် ကွေးကွေးလေးထိုင်ကာ လက်တော့ပ်ပေါ်တွင် စာရိုက်ရင်း အွန်လိုင်းမှတစ်ဆင့် သူများအတွက် အလွတ်တန်း ပရိုဂရမ်ရေးဆွဲခြင်း အလုပ်ကို လုပ်ကိုင်နေသည်။

ဤအက်ပ်က အလွန်မှော်ဆန်သည်ဟု ထင်ရသော်လည်း သူမအနေဖြင့် အပြည့်အဝမှီခိုနေ၍တော့ မဖြစ်ပေ။ သူမကိုယ်တိုင်လည်း ငွေရှာနိုင်စွမ်း မရှိသူ မဟုတ်ချေ။

ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ဘဝကို ရပ်တည်နိုင်ရမည်ဟူသော မာနလေးတစ်ခု သူမတွင် ရှိနေဆဲဖြစ်သည်။

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ အိမ်ပြင်ထွက်ကြည့်လိုက်ရာ အဝေးမှနေ၍ မီနီဗင်ကားတစ်စီးနှင့် ၎င်းနောက်မှ ကုန်တင်ကားကြီးနှစ်စီး မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။ မကြာမီမှာပင် ထိုကားကြီးများက သူမ၏ရှေ့တွင် ရပ်တန့်သွားသည်။

သူမထက် ခေါင်းတစ်လုံးခန့် ပိုမိုအရပ်ရှည်ပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦးက ဦးဆောင်ဆင်းလာသည်။

“မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့က XX ဆောက်လုပ်ရေးကုမ္ပဏီကပါ။ အခြေခံအဆင့် တရုတ်ရိုးရာ အုတ်နှင့်အုတ်ကြွပ် အဆောက်အအုံခြံဝင်းငယ်ကို လာဆောက်ပေးတာပါ”

လီရှီးရှီး အသက်ရှူမှားသွားမိသည်။ ‘မြန်လွန်းလှချည်လား’

သူမတောင် အိမ်ကို သေချာရှင်းလင်းရသေးသည် မဟုတ်ပေ။ သို့သော် ထိုသူများ ရောက်လာပြီဖြစ်သဖြင့် ပြန်လွှတ်လိုက်၍လည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် သူမက “ခဏလောက် စောင့်ပေးကြပါရှင်။ ကျွန်မ အိမ်ကို ရှင်းလိုက်ပါဦးမယ်၊ ရှင်တို့ အရင်နားနေကြပါ” ဟု ပြောလိုက်သည်။

ဤအက်ပ်က လူများကို မည်သို့ စီစဉ်ပေးသနည်းဟု တွေးတောရင်း ရှေ့မှ တောင့်တင်းခိုင်မာသော အမျိုးသားကို လီရှီးရှီး စပ်စုလိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။

ရှေ့မှ အမျိုးသားက အနည်းငယ်တောင့်တင်းနေသော လေသံဖြင့် ပြန်ပြောသည်။ “ဟုတ်ကဲ့ပါ၊ ကျေးဇူးပြုပြီး စတင်မယ့်အချိန်ကို သတ်မှတ်ပေးပါ”

လီရှီးရှီးက တွေဝေစွာဖြင့် မေးလိုက်သည်။ “နောက်တစ်နာရီနေရင်ရော ရမလား”

“လက်ခံရရှိပါတယ်။ ယခုအချိန်သည် ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီ ဖြစ်ပါတယ်။ ယနေ့ နံနက် ၁၀ နာရီတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပါတယ်”

သူက စက်ရုပ်များလားဟု လီရှီးရှီး သံသယဝင်မိသော်လည်း သူ၏ အသွင်အပြင်မှာမူ ထိုသို့သောလက္ခဏာများ လုံးဝမတွေ့ရပေ။ အိမ်ကို ရှင်းလင်းရဦးမည်ဖြစ်ရာ ထိုအကြောင်းကို သေချာစူးစမ်းနေရန် သူမတွင်အချိန်မရှိတော့ပေ။

ကံကောင်းစွာဖြင့် အိမ်ထဲတွင် ပစ္စည်းများများစားစား မရှိလှပေ။ အဘိုးနှင့်အတူ ရိုက်ထားသော ဓာတ်ပုံတစ်ပုံမှလွဲ၍ စောင်အဟောင်းအချို့နှင့် အခြားပစ္စည်း အနည်းငယ်သာ ရှိသည်။

သူမ၏ ခရီးဆောင်အိတ်ထဲတွင် အဝတ်အစားများ အားလုံးပါပြီးဖြစ်ရာ ပစ္စည်းအားလုံးကို ပစ်ကပ်ကားပေါ်သို့ တင်လိုက်သည်။ လီရှီးရှီးသည် တောင်အောက်ရှိမြို့လေးတွင် နှစ်လကျော်ခန့် အိမ်ငှားနေထိုင်ရန် စီစဉ်ထားသည်။

သူမအိမ်မှ လှုပ်ရှားမှုများကို မြင်သောအခါ ဒေါ်လေးဝမ်က လှမ်းမေးလိုက်သည်။

“ရှီးရှီးလေး... နင့်အိမ်ကို လူတွေအများကြီးလာနေကြတာ ဘာကိစ္စလဲကွယ့်”

“အော်... ဒေါ်လေးဝမ်၊ သူတို့က အိမ်လာဆောက်ပေးကြတာပါ၊ သမီးက အိမ်မှာ ဖမ်းလ်‌ဟောက်စ်ဖွင့်မယ်လို့ ပြောထားတယ်လေ၊ အဲဒါ အိမ်ပုံကြမ်းဆွဲမယ့်သူ ရှာထားပြီးတော့ အခု ဆောက်လုပ်ရေး စတင်တော့မလို့”

“ဒီလောက်တောင် မြန်တာလား” ဒေါ်လေးဝမ်က အသံကိုနှိမ့်ကာ လီရှီးရှီး၏လက်မောင်းကို ဆွဲရင်း ပြောလိုက်သည်။ “ဒီလူတွေက ယုံရပါ့မလားကွယ်၊ အလိမ်ခံရတာမျိုး မဖြစ်စေနဲ့နော်”

ဒေါ်လေးဝမ်က မိမိအပေါ် စိုးရိမ်သဖြင့် ပြောနေခြင်းဖြစ်ကြောင်း လီရှီးရှီးသိသော်လည်း အခြေအနေကို ရှင်းပြရန် ခက်ခဲနေသဖြင့် သဘာ၀ကျကျသာ ဖြေလိုက်သည်။

“စိတ်မပူပါနဲ့ ဒေါ်လေးဝမ်ရဲ့၊ သမီးရဲ့ သူငယ်ချင်းက မိတ်ဆက်ပေးထားတာပါ၊ သူငယ်ချင်း မျက်နှာကြောင့်သာ မဟုတ်ရင် သူတို့က လာမှာတောင်မဟုတ်ဘူး၊ အားလုံးက တကယ်ကို ယုံကြည်စိတ်ချရတဲ့ သူတွေချည်းပါပဲ”

“ဒါဆိုရင်လည်း သေချာစောင့်ကြည့်ထားဦးနော်၊ ပစ္စည်းတွေ ခိုတာဘာညာ မဖြစ်စေနဲ့” ထို့နောက် ဒေါ်လေးဝမ်က လီရှီးရှီးနောက်ရှိ ပစ်ကပ်ကားပေါ်မှ အထုပ်အပိုးများကို ကြည့်ကာ မေးလိုက်သည်။ “ဒီအထုပ်အပိုးတွေအများကြီးနဲ့ ဘယ်သွားမလို့လဲ”

“အော်... လောလောဆယ်တော့ တောင်အောက်မှာ အိမ်သွားငှားနေမလို့ပါ”

“ဘာလို့ အဲဒီပိုက်ဆံတွေ အကုန်ခံနေမလဲကွယ်၊ ဒေါ်လေးအိမ်မှာပဲ လာနေပါလား၊ နင့်အစ်ကို ရှောင်ဖုန်းက အပြင်မှာ အလုပ်လုပ်တော့ အိမ်ကို သိပ်ပြန်မလာဖြစ်ပါဘူး၊ သူ့အခန်းက အလွတ်ကြီးပါ၊ ဒေါ်လေး အိပ်ရာခင်းတွေလျှော်လိုက်မယ်၊ နင် အဲဒီမှာပဲ ဝင်နေလိုက်လေ”

ထိုသို့ပြောရင်း ဒေါ်လေးဝမ်က အိပ်ရာခင်းများလျှော်ရန် အိမ်ထဲသို့ ဝင်ဖို့လုပ်လိုက်သည်။ ယနေ့ နေသာသဖြင့် ယခုလျှော်ပါက ညနေဆိုလျှင် ခြောက်သွားပေမည်။

လီရှီးရှီးက ဒေါ်လေးဝမ်ကို အမြန်လှမ်းဆွဲကာ ပြောလိုက်သည်။ “ဒီလောက် အလုပ်ရှုပ်မခံပါနဲ့ ဒေါ်လေးဝမ်ရယ်၊ သမီးက ကိစ္စလေးတွေရှိလို့ မြို့ထဲကို သွားရမှာပါ၊ ဒီဖမ်းလ်‌ဟောက်စ် ဖွင့်ဖို့အတွက် ခွင့်ပြုချက်တွေဘာတွေ သွားလုပ်ရဦးမှာမို့ မြို့ထဲမှာနေတာက ပိုပြီးအဆင်ပြေလို့ပါ”

8

ဒေါ်လေးဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒါဆို နင့်အလုပ်သမားတွေကော ဘယ်လိုလုပ်မလဲ၊ နင် သေချာမစောင့်ကြည့်ဘဲ သူတို့ အလုပ်ခိုနေရင်ကော၊ ဒေါ်လေးကူပြီး စောင့်ကြည့်ပေးရမလား”

“အာ... မလိုပါဘူး ဒေါ်လေးဝမ်ရဲ့” လီရှီးရှီး အမြန်ငြင်းဆန်လိုက်ပြီး အကြောင်းပြချက် ပေးလိုက်သည်။

“ဒီမှာက စောင့်ကြည့်တဲ့ ကြီးကြပ်ရေးမှူးရှိပါတယ်၊ ပြီးတော့ သမီး ဖုန်းကနေ ဗီဒီယိုကောလ်ခေါ်ပြီး အလုပ်ပြီးစီးမှု အခြေအနေကို စစ်ဆေးလို့ရတယ်လေ၊ သိပ်ကို အဆင်ပြေတယ်။ သမီး အခု တောင်အောက်ဆင်းပြီး နေစရာနေရာ သွားရှာရဦးမယ်၊ သွားလိုက်ပါဦးမယ်နော်”

….

လီရှီးရှီးသည် အွန်လိုင်းမှတစ်ဆင့် အနီးအနားရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးထံ ဖုန်းဆက်ကာ ချက်ချင်းနေ၍ရပြီး ရေချိုးခန်းပါဝင်သော ကာလတိုငှားရမ်းနိုင်မည့် အခန်းများ ရှိ၊ မရှိ မေးမြန်းလိုက်သည်။

အကျိုးဆောင်က လီရှီးရှီး၏ဝီချက်သို့ ကုမ္ပဏီတည်နေရာကို ပို့ပေးခဲ့ပြီး နောက်ပိုင်းတွင် ရုံးခန်း၌တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။

အကျိုးဆောင်က လီရှီးရှီးကို သူမ၏လိုအပ်ချက်များနှင့် ကိုက်ညီသော အခန်းနှစ်ခန်းကို လိုက်လံပြသပေးသည်။

“မစ္စလီ... ဒါကတော့ အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းလေးပါ၊ အိမ်ရှင်ကခရီးထွက်နေလို့၊ ဒါပေမယ့် ဒီအခန်းက အနည်းဆုံး ခြောက်လတော့ငှားရပါမယ်”

လီရှီးရှီး မျက်မှောင်ကြုတ်သွားသည်။ အခန်းက အတော်လေးကောင်းမွန်ပြီး ပရိဘောဂများ အစုံအလင်ပါဝင်သော်လည်း အနည်းဆုံး ခြောက်လငှားရပေမည်။ သူမအတွက် ထိုမျှကြာရှည်စွာ ငှားရန် မလိုအပ်ပေ။

ထို့ကြောင့် သူမက ထပ်မံမေးမြန်းကြည့်လိုက်သည်။ “ကျွန်မက နှစ်လကျော်လောက်ပဲ နေဖို့လိုတာပါ၊ တခြားအခန်းတွေရော ရှိသေးလားရှင်”

ထို့နောက် အကျိုးဆောင်က သူမကို အခြား လူနေအိမ်ရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။

“ဒီဟာတွေကတော့ တိုက်ခန်းတွေပါပဲ၊ မီးဖိုချောင်တွေက အများစုက ပွင့်လင်းမြင်သာတဲ့ ပုံစံမျိုးပါ၊ ဒါပေမယ့် နေ့စဉ်ဖြစ်ဖြစ်၊ လစဉ်ဖြစ်ဖြစ် ငှားလို့ရပါတယ်၊ ဘယ်လိုသဘောရပါသလဲ”

ဤအခန်းမှာ စတုရန်းမီတာ နှစ်ဆယ့်ငါး၊ (သို့) နှစ်ဆယ့်ခြောက်ခန့် ကျယ်ဝန်းပြီး ရေချိုးခန်းတစ်ခန်း ပါဝင်သည်။

မီးဖိုချောင်မှာ ရေချိုးခန်းအပြင်ဘက်၊ ပင်မတံခါးနှင့် ဆက်နေပြီး မီးဖိုချောင်ကို ဖြတ်သွားပါက အိပ်ခန်းနေရာသို့ ရောက်ရှိမည်ဖြစ်သည်။ ကြားတွင် အခန်းအကန့်မပါရှိသော်လည်း ဆီဟပ်သော ဟင်းလျာများကို ချက်ပြုတ်ခြင်းမပြုသရွေ့ ဂရုစိုက်စရာမလိုပေ။ သူမအနေဖြင့် လက်ခံ၍ရသေးသည်။

တစ်ခုတည်းသော အားနည်းချက်မှာ လသာဆောင်မပါရှိသဖြင့် အဝတ်အစားများကို အခန်းတွင်း၌ ပြတင်းပေါက်အနီးရှိ ကြမ်းပြင်၊ အဝတ်လှန်းစင်ပေါ်တွင်သာ လှန်းရမည်ဖြစ်သည်။

သို့သော် မည်သည့်အခန်းမှ ပြီးပြည့်စုံနေမည်မဟုတ်သလို သူမအနေဖြင့်လည်း ကြာရှည်နေထိုင်မည်မဟုတ်ရာ အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီပါက အဆင်ပြေလေသည်။

မြို့ကြီးပြကြီးတွင် သူမကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ သေးငယ်သောအရာများသာဖြစ်သည်။ သူမ၏ရည်မှန်းချက်ဖြစ်သော ဖမ်းလ်‌ဟောက်စ်လေး အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးကသာ အဓိကဖြစ်သည်။

“ဒီအခန်းက ဘယ်လိုငှားရမလဲရှင်”

ကောင်မလေးက အခန်းအား သဘောကျနေသည်ကို မြင်သောအခါ အကျိုးဆောင်က ပြုံးကာပြောလိုက်သည်။ “ဒီအခန်းက နေ့စဉ်ငှားမယ်ဆိုရင် တစ်ရက်ကို ယွမ် ၅၀ ပါ၊ လစဉ်ငှားမယ်ဆိုရင်တော့ တစ်လကို ယွမ် ၇၀၀ ပါ၊ အချိန်ကြာကြာငှားလေ ပိုပြီးတွက်ခြေကိုက်လေပေါ့ဗျာ”

လီရှီးရှီး တွက်ကြည့်လိုက်ရာ နှစ်လခွဲ ငှားရမ်းမည်ဆိုပါက နောက်ဆုံး လဝက်အတွက် နေ့စဉ်ငှားရမ်းခမှာ တစ်လစာ ငှားရမ်းခထက် ယွမ် ၅၀ ပိုမိုများပြားနေမည်ဖြစ်ရာ တွက်ခြေမကိုက်ဟု ခံစားရသည်။ ထို့ကြောင့် နောက်ဆုံးလဝက်အတွက် ယွမ် ၃၅၀ ဖြင့် တွက်ချက်ပေးနိုင်မည်လားဟု သူမက အရင်မေးလိုက်သည်။

မြို့ငယ်လေးတွင် အိမ်ငှားစီးပွားရေး အနည်းငယ်အေးနေ၍လားမသိ၊ လီရှီးရှီး၏ဇွဲကောင်းကောင်းဖြင့် ဈေးဆစ်မှုအပြီးတွင် အကျိုးဆောင်က သူမ၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။ စုစုပေါင်း ယွမ် ၁၇၅၀၊ စပေါ်ငွေ ယွမ် ၇၀၀ ဖြင့် ယနေ့ပင် ချက်ချင်း ပြောင်းရွှေ့နေထိုင်နိုင်ပြီဖြစ်သည်။

ဤနှစ်လကျော်ကာလအတွင်း ဒေါ်လေးဝမ်က လီရှီးရှီးထံ ဖုန်းတစ်ခါဆက်လာသေးသည်။ “ရှီးရှီးလေး... နင့်အိမ်ဆောက်တာ အတော်လေး မြန်တယ်ကွယ်၊ ရက်အနည်းငယ်အတွင်းမှာပဲ အိမ်ဘောင်ကြီးတွေ တက်လာသလို ခံစားရတယ်”

“ဒေါ်လေးက နင့်ကိုယ်စား စောင့်ကြည့်ပေးနေတာ၊ အဲဒီအလုပ်သမားတွေက တကယ်ကို အချောင်မခိုကြဘူး၊ အားလုံးက အရမ်းကို ကြိုးစားပမ်းစားလုပ်နေကြတာ၊ နင့်သူငယ်ချင်းက တကယ်တော်တာပဲ”

ထိုစကားကို ကြားသောအခါ လီရှီးရှီးပြုံးလိုက်မိသည်။ “သမီးသူငယ်ချင်းက ယုံရပါတယ် ဒေါ်လေးရဲ့၊ သူညွှန်းပေးတဲ့ ဆောက်လုပ်ရေးအဖွဲ့က တကယ်ကောင်းပြီး နာမည်လည်း ကြီးတယ်လေ”

“နင့်အိမ်က အတော်လေး အမြင့်ကြီးဆောက်ထားတာ တွေ့တယ်၊ ကုန်ကျစရိတ်ကလည်း မနည်းလောက်ဘူးမလား၊ သိန်းရာချီပြီး ကုန်မှာပေါ့၊ အရင်က ကားဝယ်တုန်းက ဘဏ်ကနေ ငွေချေးထားတယ်လို့ နင့်ဦးလေးက ပြောတယ်၊ အခုရော ဘဏ်ကနေ ထပ်ချေးရပြန်တာလား"

“ဘဏ်က အတိုးတွေအများကြီးယူမှာပေါ့၊ ဟုတ်တယ်မလား၊ ဒီနှစ်နှစ်အတွင်း နင့်ဦးလေးနဲ့ ဒေါ်လေးတို့ ကံလေးနည်းနည်းကောင်းလို့ ငွေလေးနည်းနည်းစုမိထားတာ ရှိပါတယ်...”

ဒေါ်လေးဝမ် စကားမဆုံးမီ လီရှီးရှီးက ဖြတ်ပြောလိုက်သည်။ ဒေါ်လေးဝမ်၏စေတနာကို သူမ သိရှိပြီး အလွန်လည်း ဝမ်းသာမိလေသည်။

“ဒေါ်လေးဝမ်... စိတ်မပူပါနဲ့။ အရင် ကုမ္ပဏီမှာ အလုပ်လုပ်တုန်းက စုထားတဲ့ ပိုက်ဆံလေးတွေ ရှိပါတယ်။ လောလောဆယ်တော့ လောက်ငပါတယ်၊ စိတ်ချပါနော်” လီရှီးရှီးက ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်ပြီး ဒေါ်လေးဝမ်၏ အာရုံပြောင်းသွားစေရန် စကားရာဇဝင်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။

အိမ်နီးချင်းများ ဖြစ်သော်လည်း ဆွေမျိုးများထက်ပင် ပိုမိုရင်းနှီးကြသော်လည်း သူမအနေဖြင့် ဒေါ်လေးဝမ် မိသားစုအပေါ် အမြဲတမ်း အားကိုးနေ၍ မဖြစ်နိုင်ပေ။

ဒေါ်လေးဝမ်တို့ မိသားစုတွင်လည်း အခက်အခဲများရှိသလို အစ်ကိုရှောင်ဖုန်းတွင်လည်း ချစ်သူရှိနေပြီဟု ကြားရသဖြင့် ငွေကုန်ကြေးကျများမည့် နေရာများ များစွာရှိပေမည်။

နှစ်လကျော် အချိန်ကာလက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ သူမ၏ ဖမ်းလ်‌ဟောက်စ်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် အခြားအရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ပြန်သွားကြည့်ရန် အချိန်ရောက်လာပြီဖြစ်သည်။

….

လီရှီးရှီးသည် သူမရှေ့ရှိ တရုတ်ရိုးရာ ခြံဝင်းလေးကို ငေးမောကြည့်နေမိသည်။ ပုံထဲတွင် လှပသကဲ့သို့ လက်တွေ့တွင်လည်း ပုံထဲကထက်ပင် ပိုမိုပြေပြစ်လှပနေသေးသည်။

ပထမထပ် ခြံဝင်းအတွင်းရှိ ရေကန်ငယ်လေးထဲတွင် ငါးများစွာ ကူးခပ်နေသည်ကို မြင်တွေ့ရသည်။ ရေက ကြည်လင်နေပြီး ငါးများက လေထဲတွင် ကူးခပ်နေသကဲ့သို့ပင် ထင်မှတ်ရသည်။

ဘေးဘက်တွင်မူ သဘာဝဆန်ဆန်လှပသော ဝါးစားပွဲနှင့် ကုလားထိုင်အစုံကို နေရာချထားသည်။

အလယ်ဗဟိုတွင် ဧည့်ခန်းမကြီးရှိပြီး အတွင်းတွင် စားပွဲနှင့် ကုလားထိုင်များစွာ ရှိသည်။ တစ်ဖက်တွင် ဧည့်ကြိုကောင်တာရှိပြီး ၎င်းနောက်ဘက်နံရံပေါ်ရှိ စာသားများဆီသို့ လီရှီးရှီး၏ အကြည့်များ ချက်ချင်း ရောက်ရှိသွားသည်။

အဆင့်မြင့် နှစ်ယောက်အိပ်ခန်း - ယွမ် ၂၉၉။

အဆင့်မြင့် နှစ်ယောက်အိပ်ခန်း လေးနာရီစာ နားခိုခ - ယွမ် ၁၂၉

အဆင့်မြင့် အိပ်ခန်းအကြီး - ယွမ် ၂၉၉။

အဆင့်မြင့် အိပ်ခန်းအကြီး လေးနာရီစာ နားခိုခ - ယွမ် ၁၂၉။

အဆင့်မြင့် မိသားစုအခန်း - ယွမ် ၅၉၉။

ဈေးနှုန်းများကိုပင် သူမအတွက် ကြိုတင်သတ်မှတ်ပေးထားသော်လည်း ဤဒေသအတွက် ဤဈေးနှုန်းများက များလွန်းနေမည်လားဟု သူမ တွေးမိသည်။ သူတို့မြို့လေးရှိ ဟိုတယ်အများစုမှာ ယွမ် ဆယ်ဂဏန်းမျှသာ ရှိသည်မဟုတ်လော။

ထိုဈေးနှုန်းများကို ပြင်ဆင်၍ ရ၊ မရ သူမ မသိပေ။

ဖမ်းလ်‌ဟောက်စ် အက်ပ်ကို ဖွင့်လိုက်ပြီး အစောပိုင်းက သတိထားမိခဲ့သော မေးခွန်းသင်္ကေတလေးကို နှိပ်ကာ မကြာခဏမေးလေ့ရှိသော မေးခွန်းများထဲတွင် ရှာဖွေကြည့်လိုက်သည်။

သူမ ရှာဖွေကြည့်ရာ မျှော်လင့်ထားသည့်အတိုင်း အဖြေကို တွေ့ရှိခဲ့သည်။

“အထူးအခြေအနေများမှလွဲ၍ ဈေးနှုန်းများကို ပြင်ဆင်ခွင့်မပြုပါ”

‘အထူးအခြေအနေများ’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကံမကောင်းစွာဖြင့် ဤနေရာတွင် အဖြေရှာမတွေ့ပေ။ လီရှီးရှီး ခေါင်းခါလိုက်ပြီး ဆက်လက်လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဧည့်ကြိုကောင်တာနောက်ဘက်တွင် ‘ဝန်ထမ်းအဆောင်’ ဟု ရေးသားထားသော တံခါးတစ်ချပ်ရှိသည်။ တံခါးကို ဖွင့်လိုက်ရာ အတွင်း၌ စုစုပေါင်း အခန်းလေးခန်းရှိသော စင်္ကြံတစ်ခုကို တွေ့လိုက်ရသည်။

အဆုံးဘက်ရှိ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း ပါဝင်သော အခန်းမှလွဲ၍ ကျန်အခန်းသုံးခန်းမှာ နှစ်ယောက်အိပ်ခန်းများဖြစ်ပြီး အခန်းတိုင်းတွင် သီးသန့်ရေချိုးခန်းနှင့် မီးဖိုချောင်များ ပါဝင်သည်။

သူမ ဆုံးဖြတ်ချက်ချလိုက်သည်၊ အစွန်ဘက်ဆုံး အခန်းတွင် သူမနေထိုင်မည်။ အခန်းတစ်ခန်းကို အိပ်ခန်းအဖြစ် အသုံးပြုပြီး ကျန်တစ်ခန်းကို သူမ၏ အလုပ်အတွက် အဆင်ပြေစေရန် စာကြည့်ခန်းအဖြစ် အသုံးပြုမည်။

ဤအခန်းလေးက သူမ၏ အောင်မြင်မှုခရီးလမ်းအတွက် အစပြုရာနေရာလေး ဖြစ်လာပေလိမ့်မည်။

ဤအဆောင်များ၏ ပြတင်းပေါက်များအားလုံးက နောက်ဖေးခြံဝင်းဘက်သို့ မျက်နှာမူထားသည်။ နောက်ဖေးခြံဝင်းဘက်မှ ကြည့်လျှင် ကြည်လင်အေးမြစွာ စီးဆင်းနေသော ချောင်းငယ်လေး၏ တသွင်သွင်မြည်သံများကို ကြားရပြီး သူမ၏စိတ်နှလုံးများ ချက်ချင်းပင် အေးချမ်းသွားတော့သည်။

အဆောက်အအုံငယ်လေး တစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီးနောက် လီရှီးရှီး ကောက်ချက်ချလိုက်သည်။

ပထမအထပ်သည် သူမ၏ အခန်းမှလွဲ၍ အဓိကအားဖြင့် ဧည့်သည်များ စားသောက်ရန်နေရာဖြစ်ပြီး ဘေးဘက်တွင် မီးဖိုချောင်ကြီးတစ်ခုနှင့် ဆက်သွယ်ထားကာ အဆုံးဘက်တွင် အများသုံးအိမ်သာတစ်ခု ပါရှိသည်။

သူမအနေဖြင့် ဟင်းချက်ရန် စားဖိုမှူးတစ်ဦး ရှာဖွေရဦးမည်လော။ သို့သော် အခုချိန်ထိ ဧည့်သည်တစ်ယောက်မျှပင် မရှိသေးပေ။

ဒုတိယထပ်နှင့် တတိယထပ်များမှာ အဓိကအားဖြင့် ဧည့်သည်များတည်းခိုရန်အတွက်ဖြစ်ပြီး စုစုပေါင်း ဧည့်ခန်း ၂၆ ခန်း ပါဝင်သည်။

အဆင့်မြင့် နှစ်ယောက်အိပ်ခန်း ၁၂ ခန်း၊ အဆင့်မြင့် အိပ်ခန်းအကြီး ၁၂ ခန်းနှင့် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါဝင်သော အဆင့်မြင့် မိသားစုအခန်း ၂ ခန်းတို့ ဖြစ်သည်။

ဒုတိယထပ်နှင့် တတိယထပ် လှေကားထစ်များတွင် ပစ္စည်းထားသိုရန် အခန်းတစ်ခန်းနှင့် အဝတ်လျှော်ခန်းငယ်လေး တစ်ခန်းစီပါရှိရာ အလွန်ပင် စနစ်ကျပြီး အသေးစိတ် စဉ်းစားပေးထားကြောင်း တွေ့ရသည်။

သူမကို အံ့သြစေဆုံးအရာမှာ ဤအခန်းများအားလုံးတွင် အခြေခံပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများ အပြည့်အစုံ ပါဝင်နေခြင်းဖြစ်သည်။

ဥပမာအားဖြင့် ဤနှစ်ယောက်အိပ်ခန်းတွင် ဆံပင်ခြောက်စက်၊ တီဗွီများပင် ပါရှိသည်။ အိပ်ရာခင်းများကိုလည်း သေသပ်စွာ ခင်းကျင်းထားပြီး ဗီရိုထဲတွင် လဲလှယ်အသုံးပြုနိုင်သော အိပ်ရာခင်းနှင့်စောင် နှစ်စုံစီပင် ပါရှိသေးသည်။

လီရှီးရှီးက အစပိုင်းတွင် ယွမ် ၂,၂၀၀,၀၀၀ မှာ အနည်းငယ် ဈေးကြီးသည်ဟု ထင်ခဲ့သော်လည်း အိမ်တွင်းအလှဆင်ခြင်းများ အားလုံး ပါဝင်နေမည်ဟု သူမမျှော်လင့်မထားခဲ့ပေ။ ထို့အပြင် မည်သည့် အနံ့အသက်ဆိုးမျှ မရရှိသဖြင့် တိုက်ရိုက် ဆိုင်ဖွင့်လှစ်နိုင်သည့် အနေအထားဖြစ်သည်။

သို့သော်လည်း ရေချိုးခန်းသုံး ပစ္စည်းများကတော့ အလွတ်ဖြစ်နေသေးသည်။ ထိုအရာများဝယ်ယူရန်အတွက် တောင်အောက်သို့ ဆင်းရဦးမည် ထင်၏။

ဆိုလိုသည်မှာ သုံးလအတွင်း ပထမဆုံးဧည့်သည်ကို လက်ခံရမည့် တာဝန်ကို ပြီးမြောက်ရန် အခွင့်အရေးရှိနေသေးသည်။ တာဝန်ပြီးဆုံးမည့် နောက်ဆုံးရက်မတိုင်မီ ဆယ်ရက်ခန့်သာ လိုတော့သဖြင့် သူမအနေဖြင့် ဤအခွင့်အရေးကို အရယူရမည်ဖြစ်သည်။

ရင်ထဲရှိ မျှော်လင့်ချက်မီးတောက်လေးက ပိုမိုတောက်ပလာပြီး ဖမ်းလ်‌ဟောက်စ်လေး အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာတော့သည်။

All Chapters