အခန်း (၉-၁၀)
Vol. 1 Ch. 9-10
9
လီရှီးရှီး တစ်ချက်စဉ်းစားကြည့်လိုက်သည်။ သူမ၏လုပ်ငန်းလေးကို ခရီးသွားများသိရှိလာစေရန် ပထမဆုံးလိုအပ်သည်မှာ အွန်လိုင်းမှတစ်ဆင့် ကြော်ငြာခြင်းပင်ဖြစ်၏။
အနာဂတ်တွင် ဤနေရာလေးကို လူစည်ကားပြီး အောင်မြင်သည့် နေရာတစ်ခုဖြစ်လာစေရမည်ဆိုသည့် ပြင်းပြသောရည်မှန်းချက်များ သူမရင်ထဲတွင် ကိန်းအောင်းနေတော့သည်။
ထို့ကြောင့် ဖမ်းလ်ဟောက်စ်လေး လူသိများလာစေရန်နှင့် ဧည့်သည်အချို့ကို လှည့်ဖြားခေါ်ယူနိုင်မည့် မျှော်လင့်ချက်ဖြင့် အင်တာနက်ပေါ်တွင် ဖြောင်ဖြောင်ထွမ် ဝန်ထမ်းများ၏ ဆက်သွယ်ရန်အချက်အလက်များကို ရှာဖွေလိုက်သည်။
ဖြောင်ဖြောင်ထွမ်တွင် အကြီးအကျယ်ကြော်ငြာရန် အစီအစဉ်မရှိဘဲ အရှင်းလင်းဆုံး ပက်ကေ့ချ်တစ်ခုသာ လုပ်လိုခြင်း၊ နေရာထိုင်ခင်းမှာလည်း အတော်လေးဝေးကွာလွန်းခြင်းတို့ကြောင့် ဝန်ထမ်းများက ကိုယ်တိုင်လာရောက်ကြည့်ရှုရန် စိတ်မဝင်စားကြချေ။
ဝီချက်ဂရုထဲသို့သာ ထည့်သွင်းပေးပြီး လင့်ခ်တစ်ခု ပေးပို့လာကြသည်။ ယွမ်ငွေ ထောင်ကျော်ကို ပေးချေလိုက်ပြီးနောက် အဖွဲ့လိုက်ဝယ်ယူမှုစနစ်အား မည်သို့သတ်မှတ်ရမည်ကို သူတို့က သင်ကြားပေးခဲ့သည်။
ပရော်ဖက်ရှင်နယ် ကင်မရာပစ္စည်းများ မရှိသဖြင့် ဖုန်းလေးတစ်လုံးကိုသာ အားကိုးကာ ဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ကူးရသည်။
ကျွမ်းကျင်ဓာတ်ပုံဆရာ မဟုတ်သော်ငြား အခန်းများ၏ ဖွဲ့စည်းပုံမှာ ထောင့်ချိုးလှလှလေးများ ယူရန်မလိုအပ်သလို ဖုံးကွယ်ထားရမည့် အညစ်အကြေး အကွက်အပျောက်များလည်း မရှိသည်ဖြစ်ရာ ပေါ့ပေါ့ပါးပါး ရိုက်ကူးလိုက်ရုံဖြင့် လုံလောက်နေပြီဖြစ်သည်။
ကွန်ပျူတာသိပ္ပံဘာသာရပ်ကို လေ့လာခဲ့ဖူးပြီး ဖိုတိုရှော့အကြောင်း ကောင်းကောင်းနားလည်ထားသော်လည်း ဖုန်းဖြင့်ရိုက်ထားသော ပုံလေးများက သဘာဝကျကျ လှပနေပြီဟု ခံစားရသဖြင့် တိုက်ရိုက်ပင် တင်လိုက်တော့သည်။
နေရောင်ခြည်နုနုအောက်တွင် တောက်ပနေသည့် အခန်းလေးများက သူမ၏ကြိုးစားအားထုတ်မှုများကို သက်သေပြနေသယောင်ပင်။
ထိုအလုပ်များ ပြီးစီးသွားချိန်တွင် ဝယ်ယူရန်လိုအပ်နေသေးသည့် ပစ္စည်းတချို့ကျန်ရှိနေသေးကြောင်း သတိရလိုက်သဖြင့် ပစ်ကပ်ကားလေးကို မောင်းနှင်ကာ မြို့ထဲ
ဆီဖြည့်နေစဉ် ဆိုင်ဝန်ထမ်းထံမှ အနီးအနားတွင် ကုန်ကားကြီးများ ဝင်ထွက်သွားလာလေ့ရှိသည့် လက်လီလက်ကားရောင်းချသော ဈေးကြီးတစ်ခုရှိကြောင်း ကြားလိုက်ရသည်။
လိပ်စာကို သေချာမေးမြန်းပြီးနောက် ကားလီဗာကို ဖိနင်းကာ လက်လီလက်ကားဈေးကြီးဆီသို့ ဦးတည်လိုက်သည်။
ဈေးကြီးထဲသို့ ရောက်သည်နှင့် လီရှီးရှီးက ခေါင်းထဲရှိနေသည့် စာရင်းများကို ရေရွတ်နေမိသည်။
“သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ... ဒါတွေအကုန် ဝယ်ပြီး သိုလှောင်ထားရမယ်၊ စားဖို့သောက်ဖို့ ပန်းကန်လုံးတွေ၊ ပန်းကန်ပြားတွေလည်း မေ့ထားလို့မဖြစ်ဘူး”
“တစ်ရှူးတွေလည်း ထပ်ဝယ်ရဦးမယ်၊ စားစရာဆိုရင် သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန်၊ ဂျုံမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်... ပြီးရင် ဟင်းသီးဟင်းရွက်မျိုးစေ့တွေလည်း ငါဝယ်သွားရဦးမယ်”
တစ်ခုခုကျန်ရစ်ခဲ့မည်ကို စိုးရိမ်သဖြင့် ခေါင်းထဲပေါ်လာသမျှကို ဖုန်းမှတ်စုထဲတွင် အမြန်ရေးမှတ်ထားလိုက်သည်။
ပစ်ကပ်ကားလေး၏ ဝင်ဆံ့နိုင်စွမ်းက မဆိုးလှသော်လည်း သူမဝယ်ယူလိုက်သော ပစ္စည်းများအားလုံးကို ကားအပြည့် မတင်နိုင်ချေ။ နောက်ဆုံးတွင် ယာဉ်မောင်းထိုင်ခုံမှလွဲ၍ ကျန်သည့်နေရာလပ်အားလုံး ကုန်ပစ္စည်းများဖြင့် ပြည့်ကျပ်သွားတော့သည်။
အသစ်စက်စက် ဆောက်လုပ်ထားသည့် ဖမ်းလ်ဟောက်စ်လေးဆီသို့ ရောက်ရှိလာချိန်တွင် ခုနလေးတင် ဝယ်လာခဲ့သော လက်တွန်းလှည်းအသေးလေး ရှိနေ၍သာ တော်တော့သည်။
ထိုလှည်းလေးက ပစ္စည်းသယ်ယူရသည့် ဝန်ထုပ်ဝန်ပိုးကို အများကြီး လျော့ကျသွားစေသည်။ သို့တိုင်အောင် လီရှီးရှီးမှာ ကားပေါ်ရှိပစ္စည်းများ အကုန်အစင် ကုန်သွားစေရန် အခေါက်ခေါက်အခါခါ သွားလာသယ်ယူခဲ့ရ၏။
ချွေးစေးများ ပျံကျလာပြီး လက်မောင်းကြွက်သားများပင် အနည်းငယ် ညောင်းညာကိုက်ခဲလာခဲ့သည်။
အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားသဖြင့် ကုလားထိုင်ပေါ်သို့ ပစ်ချထိုင်ချလိုက်မိ၏။ ထိုစဉ် သူမ၏ဖုန်းဆီမှ ‘ဒင်’ ခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟင်... ဖမ်းလ်ဟောက်စ် အက်ပ်က ဘာလို့ မက်ဆေ့ချ်တက်လာတာပါလိမ့်”
သိချင်စိတ်ဖြင့် နှိပ်ဖွင့်ကြည့်လိုက်မိသည်။
[စနစ်အသိပေးချက်]။ ။ကွက်လပ်များကို ဖြည့်ဆည်းခြင်းနှင့် လိုအပ်ချက်များကို ပြင်ဆင်ခြင်းဟူသော လျှို့ဝှက်မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။
ဧည့်သည်များ၏အတွေ့အကြုံကို မြှင့်တင်နိုင်ခဲ့သည့်အတွက် ဆုလာဘ်အနေဖြင့် ဇာတ်ကောင်ကတ်ပြားတစ်ကတ် ရရှိပါသည်။ ကျေးဇူးပြု၍ ရယူပါ။
“ဒီလိုလုပ်လည်း ရတာပဲလား”
မတော်တဆ လျှို့ဝှက်မစ်ရှင်တစ်ခုကို ပွင့်သွားစေလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။
ဤဖမ်းလ်ဟောက်စ်စနစ်ကြီးက ဂြိုဟ်သားများ ကစားလေ့ရှိသည့် သာမန်ဂိမ်းလေးတစ်ခုဖြစ်ပြီး သူမနှင့် မမျှော်လင့်ဘဲ ချိတ်ဆက်မိသွားသည်များလော ဟုပင် တွေးတောနေမိသည်။
အတွေးများ အနည်းငယ် လွင့်မျောသွားပြီးနောက် ဆုလာဘ်ရယူရန် ခလုတ်ကို အေးအေးဆေးဆေးပင် နှိပ်လိုက်၏။
ဖန်သားပြင်ပေါ်တွင် ကတ်ပြားတစ်ခု ပေါ်လာပြီး မိတ်ဆက်စာသားလေးပါ ပါဝင်သည်။
[စနစ်အသိပေးချက်]။ ။ကျေးဇူးပြု၍ ကတ်ပြားတစ်ခုကို မဲဖောက်ပါ။ F မှ S အဆင့်ရှိ ဇာတ်ကောင်တစ်ဦးကို ကျပန်းရရှိပါမည်။
ဖုန်းပေါ်မှ စူးရှတောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက်...
[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါသည်။ B အဆင့် ဇာတ်ကောင်ကတ်ပြားတစ်ကတ်ကို ရရှိပါသည် -
အမည် - ကျန်းဖျင်
ကျား/မ - ကျား
အသက် - ၄၂ နှစ်
ကိုယ်ပိုင်အကဲဖြတ်ချက် - ပွင့်လင်းရိုးသားပြီး ဟင်းချက်ရသည်ကို နှစ်သက်သည်။
အိပ်ချင်နေချိန် ခေါင်းအုံးလာပေးသကဲ့သို့ပင်။ ဤဇာတ်ကောင်ကတ်ပြားမှာ ဟင်းချက်တတ်သူတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် လီရှီးရှီး အပျော်ကြီးပျော်ကာ သွားလေးများပေါ်အောင်ပင် ပြုံးဖြီးသွားသည်။
B အဆင့်စံနှုန်းက မည်သို့ရှိမည်ကိုတော့ သူမ အသေအချာ မသိသေးချေ။ သို့နှင့် ထိုသူကို ဆင့်ခေါ်ရန် အမြန်နှိပ်လိုက်သည်။
“ရှီးရှီးလေး... ရှီးရှီးလေး”
စားဖိုမှူး ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေစဉ် အပြင်ဘက်မှ ဒေါ်လေးဝမ်၏ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“ဒေါ်လေးဝမ် ဘာဖြစ်လို့လဲ”
အမြန်ပြေးထွက်သွားလိုက်ရာ ဒေါ်လေးဝမ်နှင့်အတူ သက်လတ်ပိုင်း သူစိမ်းတစ်ဦး ပါလာသည်ကို တွေ့လိုက်ရသည်။ ထိုသူကား စောစောက စနစ်ထဲမှလူပင် ဖြစ်နေသည်။
ဒေါ်လေးဝမ်က လီရှီးရှီး လိမ်လည်လှည့်ဖြားခံရမည်ကို စိုးရိမ်နေသည့်အလား သတိကြီးစွာဖြင့် အကဲခတ်ရင်း မေးလိုက်၏။
“ရှီးရှီးလေး... ရွာထိပ်မှာ သမီးကို လာရှာတယ်ဆိုတဲ့ လူတစ်ယောက်နဲ့တွေ့လို့လေ။ သူ့ကိုသိလို့လား”
လီရှီးရှီးက အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
“ဒေါ်လေးဝမ်... သူက သမီးအသစ်ငှားထားတဲ့ စားဖိုမှူးလေ၊ ရောက်ရောက်ချင်း ဒေါ်လေးနဲ့ သွားတွေ့လိမ့်မယ်လို့တောင် မထင်ထားဘူး”
ထိုစကားကို ကြားသည်နှင့် ဒေါ်လေးဝမ်က လီရှီးရှီးကို ဘေးသို့ အမြန်ဆွဲခေါ်သွားပြီး လေသံတိုးတိုးဖြင့် ဆုံးမတော့သည်။
“ရှီးရှီးလေးရယ်... ရွာထဲမှာ ဒီလောက်ကြီးတဲ့ အိမ်ကြီးဆောက်ဖို့ ပိုက်ဆံတွေအများကြီး ကုန်ထားမှာပဲကို၊ ပိုက်ဆံရှာလို့တောင် မရသေးဘူး ဘာလို့ လူငှားနေရတာတုန်း၊ ငါတို့ထဲမှာ ဘယ်သူက ဟင်းမချက်တတ်လို့လဲ၊ ရွာထဲကလူတွေကိုပဲ ဝိုင်းကူခိုင်းလိုက်ရင် ရနေတာကို ဒီပိုက်ဆံတွေ ဘာလို့ အလဟဿ အကုန်ခံနေတာလဲကွယ်”
လီရှီးရှီးကိုယ်တိုင်လည်း အနည်းငယ် မသေမချာဖြစ်သွားသော်ငြား ယုံကြည်မှုရှိဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ဒေါ်လေးဝမ်... သမီး ဘာလုပ်နေလဲဆိုတာ သေချာသိပါတယ်၊ ကိုယ့်နေရာလေးက လူခေါင်တယ်လေ၊ လူတွေလာချင်အောင် ဆွဲဆောင်နိုင်မယ့် တစ်ခုခုတော့ လိုတာပေါ့။ ဒီလူက ဟင်းချက်အရမ်းကောင်းတာ၊ ဒါက အစပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ အရာတစ်ခုပါပဲ”
ကျန်းဖျင် ချက်သည့်ဟင်းများကို သူမကိုယ်တိုင် မမြည်းစမ်းဖူးသေးသော်လည်း အက်ပ်က B အဆင့်ဟု သတ်မှတ်ထားသဖြင့် သူ၏ကျွမ်းကျင်မှုက တော်တော်လေး ကောင်းမွန်လောက်မည်ဟု တွေးမိသည်။
“အာ... ဒါနဲ့ ဒေါ်လေးဝမ်၊ သမီး ဦးလေးဝမ်ဆီက ကြက်ဖလေး နှစ်ကောင်သုံးကောင်လောက် ဝယ်ချင်လို့၊ ဒီနေ့ညနေ ရွာကလူတွေအကုန်လုံးကို သမီးအိမ်မှာ ထမင်းရိုးရိုးလေးတစ်နပ် ဖိတ်ကျွေးမလို့ စဉ်းစားထားတာ”
ဒေါ်လေးဝမ်က ပြုံးကာ ပြန်ပြောလာ၏။
“အို... အရေးကြီးတဲ့ကိစ္စများမှတ်လို့၊ ခဏအကြာ ညနေကျရင် နင့်ဦးလေးဝမ်ကို လာပို့ခိုင်းလိုက်မယ်လေ၊ ပိုက်ဆံအကြောင်းတွေ ပြောမနေစမ်းပါနဲ့”
“အဲ့လိုတော့ဘယ်ရမလဲ၊ ဒေါ်လေးက ပိုက်ဆံမယူရင် သမီးလည်း ကြက်တွေမယူဘူးနော်”
အပြန်အလှန် ငြင်းဆန်နေကြပြီးနောက် လီရှီးရှီးက ငွေများကို ဒေါ်လေးဝမ်၏ အိတ်ကပ်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
“ဒီကလေးမလေးကတော့ကွယ်၊ ဘာတွေများ အားနာနေရတာလဲ”
“ဒါဆို သဘောတူပြီနော်၊ ညနေကျရင် ဦးလေးကိုပါ ညစာလာစားဖို့ တစ်ခါတည်းခေါ်ခဲ့လိုက်တော့”
ထို့နောက် လီရှီးရှီးက ကျန်းဖျင်ကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အိမ်ထဲရောက်သည်နှင့် ကျန်းဖျင်၏ မှတ်ပုံတင်ကိုပင် သီးသန့်တောင်းကြည့်လိုက်သေးသည်။
အထဲတွင် ရေးသားထားသော လိပ်စာမှာ သူတို့ရွာထက်ပင် ခေါင်ဖျားသော နေရာတစ်ခုဖြစ်ပြီး အင်တာနက်ပေါ်တွင် မရှာကြည့်လျှင် ထိုနေရာအမည်ကိုပင် သူမ ကြားဖူးမည် မဟုတ်ပေ။
ကျန်းမာရေး ထောက်ခံစာများကအစ အစုံအလင် ပါဝင်နေသည်။
‘ဒီအက်ပ်က တော်တော်လေး စေ့စပ်သေချာတာပဲ' လီရှီးရှီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“ဦးလေးကျန်း၊ ညနေကျရင် အားလုံးအတွက် ညစာချက်ပေးဖို့ ဒုက္ခပေးရဦးမယ်နော်”
“ပြဿနာမရှိပါဘူး မမလေး၊ ဒီအလုပ်တွေအကုန်လုံး လောင်ကျန်းကိုသာ လွှဲထားလိုက်ပါ”
လီရှီးရှီး ခေါင်းညိတ်ပြလိုက်သည်။ ယနေ့ညအတွက် ရွာသားများကို ထမင်းမချက်ကြရန်နှင့် သူမဆီသို့သာ လာရောက်စားသောက်ကြရန် သွားရောက်ပြောပြရဦးမည်။
အဆင်သင့်ပင် ရွာထဲရှိအချို့လူများက ယုန်များနှင့် တောဝက်များ မွေးမြူထားကြရာ ခဏနေလျှင် အနည်းငယ် သွားရောက်ဝယ်ယူရမည်ဟု တွေးထားလိုက်သည်။
ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်နေပြီဆိုသည့် အသိက သူမ၏ ခြေလှမ်းများကို ပိုမိုသွက်လက်တက်ကြွစေသည်။
ဤရွာရှိ လူငယ်အများစုမှာ အလုပ်လုပ်ရန် မြို့ပေါ်သို့ ထွက်သွားကြသဖြင့် ရွာထဲတွင် လူအယောက်သုံးဆယ်ခန့်သာ ကျန်ရှိတော့သည်။ ထိုအရေအတွက်မှာ စားပွဲဝိုင်း သုံးဝိုင်းစာအတွက် အတိအကျပင် ဖြစ်သည်။
လီရှီးရှီး ရွာသို့ပြန်လာပြီး ဖမ်းလ်ဟောက်စ်လာဖွင့်သည့်အပေါ် ရွာသားများက စပ်စုချင်နေကြသည်မှာ ကြာပြီဖြစ်သည်။ ထမင်းစားပွဲဝိုင်းတွင် တစ်ယောက်တစ်ပေါက် စကားစမြည် ပြောဆိုလာကြ၏။
“ရှီးရှီးလေး... သမီးဆောက်ထားတဲ့အိမ်လေးက တကယ့်ကို လှတာပဲ၊ ကုန်ကျစရိတ်လည်း နည်းမှာမဟုတ်ဘူးနော်”
“ဒါပေါ့၊ ဒီသုံးထပ်တိုက်ကြီးကို ကြည့်လိုက်တာနဲ့ သိသာနေတာပဲကို၊ ပြီးခဲ့တဲ့နှစ်က ငါ နှစ်ထပ်အိမ်လေးတစ်လုံး ဆောက်တာတောင် အတော်လေးကို အားစိုက်ထုတ်လိုက်ရတာ”
“ကုန်တာလည်း ယွမ်တစ်သိန်းကျော်သွားတယ်၊ ဒီအိမ်ကြီးဆိုရင်တော့ သေချာပေါက် ပိုများမှာပဲ”
လီရှီးရှီး ခေါင်းလေးကို ပွတ်သပ်ကာ အနည်းငယ် အနေခက်သွားသဖြင့် ဆင်ခြေပေးလိုက်သည်။
“အင်း... ဘဏ်ကနေ နည်းနည်းချေးထားတယ်၊ ပြီးတော့ အရင်အလုပ်က စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ဆိုတော့ ကွက်တိလောက်ပဲ ဖြစ်သွားတာပါ”
ထိုစကားကို ကြားလိုက်ရသည်နှင့် တက္ကသိုလ်ကျောင်းသားများအပေါ် ထားရှိသည့် အားလုံး၏ အထင်ကြီးလေးစားမှုက ပိုမိုနက်ရှိုင်းသွားတော့သည်။
“တက္ကသိုလ်ကျောင်းဆင်းတွေက တကယ်ကို ကွာခြားတာပဲ၊ အချိန်တိုလေးအတွင်းမှာတင် ဒီလိုတိုက်ကြီးတစ်လုံးကို ဆောက်နိုင်သွားပြီ”
“ငါလည်း ခဏနေရင် သားနဲ့ ချွေးမဆီ ဖုန်းဆက်ရဦးမယ်၊ အပြင်မှာ အလုပ်လုပ်နေရင်တောင် ငါ့မြေးရဲ့ ပညာရေးကို သေချာဂရုစိုက်ဖို့ ပြောရမယ်၊ အနာဂတ်မှာ ငါ့မြေးလေးသာ တက္ကသိုလ်ဝင်ခွင့်ရသွားရင် ငါလည်း ဇိမ်ကျကျနေရတော့မှာပဲ”
အားလုံး၏ မြှောက်ထိုးပင့်ကော်စကားများကို နားထောင်ရင်း လီရှီးရှီး၏ မျက်နှာအမူအရာက အနည်းငယ် မချိပြုံး ပြုံးချင်စဖွယ် ဖြစ်လာခဲ့သည်။
သူမအနေဖြင့် ထီပေါက်ခဲ့ခြင်းဖြစ်ကြောင်းကို တိုက်ရိုက်ထုတ်မပြောနိုင်သလို အပြင်တွင် အလုပ်လုပ်နေသည့် တက္ကသိုလ်ကျောင်းသားများသည် ရွှေ့ပြောင်းလုပ်သားများထက် အနည်းငယ်သာ ဝင်ငွေပိုကောင်းသည်ဟုလည်း မပြောနိုင်ပေ။
ထို့ကြောင့် မီးဖိုချောင်ထဲမှဟင်းပွဲများ သွားယူဦးမည်ဟု အကြောင်းပြကာ လူစုထဲမှ အသာလေး ရှောင်ထွက်လာခဲ့တော့သည်။
10
“ဟင်းတွေလာပြီ၊ ဟင်းတွေလာပြီ... အားလုံးပဲ စားနှင့်ကြတော့နော်၊ သမီး နောက်ဖေးမှာ သွားကူလိုက်ဦးမယ်”
စားပွဲပေါ်ရှိ ဟင်းလျာများအားလုံးမှာ ဒေသထွက်ကုန်ကြမ်းများကိုသာ အသုံးပြုထားခြင်းဖြစ်သည်။
ရွာတွင် စိုက်ပျိုးမွေးမြူထားသည်များအပြင် ဦးလေးတာ့ယုံ ရွာနောက်ဘက်ချောင်းထဲမှ ဖမ်းလာခါစ လတ်လတ်ဆတ်ဆတ် ငါးအနည်းငယ်တို့ကို ပေါင်းစပ်ကာ ယနေ့ည ညစာအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
ထင်းမီးဖြင့် ချက်ထားသော ကြက်သားဟင်း၊ ယုန်သားအစပ်ကြော်၊ ကြက်သွန်မြိတ်နှင့် ကြက်ဥမွှေကြော်...၊ ခမ်းနားကြီးကျယ်သော စားပွဲသောက်ပွဲကြီး မဟုတ်သော်ငြား အားလုံး၏မျက်နှာပေါ်တွင် ကျေနပ်အားရမှုများ အထင်းသား ပေါ်လွင်နေသည်။
ဟင်းလျာများ၏ မွှေးပျံ့သောရနံ့က လေထုထဲတွင် လွင့်မျောနေပြီး သွားရည်ယိုစရာ ကောင်းလှသည်။
“ရှီးရှီးလေး စားဖိုမှူးငှားမယ်ဆိုတုန်းက ပိုက်ဆံတွေ အလဟဿ ဖြုန်းနေတယ်လို့တောင် ထင်ခဲ့တာ၊ အခုကြည့်ရတာ ဒီလူ့လက်ရာက တကယ်ကို ကောင်းတာပဲ”
“ငါတို့လို အိမ်ရှင်မတွေချက်တာနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး၊ ဒီကြက်ဥမွှေကြော်ကို ဘယ်လိုများကြော်ထားလဲမသိဘူး၊ တကယ့်ကို နူးညံ့အိစက်နေတာပဲ”
ကျန်းဖျင် ဟင်းချက်ပြီးသွားသောအခါ လီရှီးရှီးက သူ့ကိုပါ ထမင်းဝိုင်းတွင် အတူဝင်စားရန် ခေါ်လိုက်သည်။ သူမ ကိုယ်တိုင်လည်း တစ်လုတ် မြည်းစမ်းကြည့်လိုက်ရာ အရသာမှာ တကယ်ကို အံ့မခန်းပင်။
ယခင်အလုပ်လုပ်စဉ်က သူဌေးခေါ်သွားလေ့ရှိသည့် သီးသန့်စားသောက်ဆိုင်ကြီးများမှ လက်ရာများနှင့် လုံးဝယှဉ်နိုင်စွမ်းရှိသည်ဟု လီရှီးရှီး ခံစားလိုက်ရသည်။
‘ဒါတောင်မှ B အဆင့်ပဲ ရှိသေးတာလား၊ S အဆင့်ဆိုရင် ဘယ်လောက်တောင် အံ့သြစရာ ကောင်းနေမလဲမသိဘူး၊ ဦးလေးကျန်းရဲ့ ဟင်းချက်လက်ရာက ငါ့ရဲ့ ဖမ်းလ်ဟောက်စ်လေးအတွက် လုံလောက်ရုံတင်မကဘူး၊ ပိုတောင်ပိုနေသေးတယ်' သူမစိတ်ထဲမှ ကြိတ်တွေးရင်း ကျေနပ်နေမိသည်။
သူမ၏ ဖမ်းလ်ဟောက်စ်လေးကို နာမည်ကြီးပြီး အောင်မြင်သည့် နေရာတစ်ခုဖြစ်လာစေရန် ဤကဲ့သို့သော အရည်အသွေးမြင့်မားမှုက မရှိမဖြစ် လိုအပ်သည်မဟုတ်လော။
ညစာစားပြီးနောက် အဒေါ်ကြီးများက နောက်ဖေးမီးဖိုချောင်သို့ဝင်ကာ ပန်းကန်များကို အလုအယက် ကူဆေးပေးကြသည်။ လီရှီးရှီး ဘယ်လိုမှ တား၍မရတော့ချေ။
“ရှီးရှီးလေး... လူငှားဖို့လိုသေးလား၊ ဒေါ်လေးတို့က အသက်သာကြီးတာ၊ အားအင်တွေက အပြည့်ရှိသေးတယ်၊ ပန်းကန်ဆေးတာတို့၊ ကြမ်းတိုက်တာတို့ဆိုတာ လွယ်လွယ်လေးပါ”
“ဟုတ်တယ်၊ ဟုတ်တယ်... အန်တီလည်းလုပ်နိုင်တယ်နော်”
ဤအဒေါ်ကြီးများမှာ ပုံမှန်အားဖြင့် အိမ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်သည်။
အကယ်၍ အိမ်အနီးအနားတဝိုက်တွင် အလုပ်တစ်ခုရမည်ဆိုပါက သူတို့အတွက် ပို၍ပင် အဆင်ပြေပေမည်။
လီရှီးရှီးက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အကယ်၍ အလုပ်များလာပါက သူတို့ကို နေ့စားခပေးပြီး အလုပ်ခေါ်မည်ဖြစ်ကြောင်း သဘောတူလိုက်သည်။
ထို့အပြင် သူတို့စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များနှင့် မွေးမြူထားသော ကြက်များကိုလည်း ပုံမှန်ဝယ်ယူပေးမည်ဟု ကတိပေးလိုက်သည်။
…
သုံးလပြည့်ရန် နီးကပ်လာသော်လည်း ဧည့်သည် တစ်ယောက်မျှ မလာသေးပေ။ လီရှီးရှီးက ဧည့်ကြိုကောင်တာတွင် မေးထောက်လျက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။
သူမ အရမ်းများ အကောင်းမြင်လွန်းနေခဲ့ခြင်းလော။ ဖမ်းလ်ဟောက်စ်ဖွင့်ဖူးသည့် အတွေ့အကြုံ လုံးဝမရှိဘဲ မှော်ဆန်သည့် အက်ပ်တစ်ခုကြောင့် အလုပ်ထွက်ပြီး ရွာပြန်လာခဲ့ခြင်းသည် စိတ်လိုက်မာန်ပါ လုပ်ရပ်တစ်ခုများ ဖြစ်နေမည်လော။
ဖွင့်လှစ်ပြီး ရက်အတော်ကြာသည်အထိ ရွာသားများမှလွဲ၍ ပြင်ပဧည့်သည် တစ်ယောက်မျှ မရောက်လာခဲ့ချေ။
ထိုစဉ် သူမ၏ခြံဝင်းငယ်လေးထဲသို့ လူသုံးယောက် ရုတ်တရက် ဝင်လာကြသည်။ မိသားစုတစ်စုနှင့် တူသည်။
လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်ပင်။
“ဖေဖေ၊ မေမေ... သား အိမ်သာသွားချင်တယ်။ မအောင့်နိုင်တော့ဘူး”
ကောင်လေးက ဗိုက်ကိုဖိလျက် အပြေးအလွှားဝင်လာသည်။ သူ့မိဘများကလည်း အနောက်မှ ကပ်ပါလာ၏။ သူတို့သည် ဧည့်ကြိုကောင်တာမှ လူကိုမြင်သည်နှင့် အလျင်စလို မေးလိုက်ကြသည်။
“မင်္ဂလာပါအစ်မ... အိမ်သာက ဘယ်နားမှာလဲဗျ၊ ကျွန်တော့်သား ဗိုက်နာနေလို့၊ အရမ်းအရေးတကြီးဖြစ်နေလို့ပါ”
‘သူတို့က စားဖို့သောက်ဖို့၊ တည်းခိုဖို့ လာကြတာ မဟုတ်ဘူးပဲ' လီရှီးရှီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသော်လည်း လျင်မြန်စွာပင် လက်ညှိုးထိုးပြလိုက်သည်။
“ဟိုဘက်မှာပါ၊ အဝင်ဝကတည်းက မတွေ့ခဲ့ဘူးလား”
စကားဆုံးသည်နှင့် ကောင်လေးက အိမ်သာရှိရာသို့ ကမန်းကတန်း ပြေးသွားသည်ကို မြင်လိုက်ရသည်။
လီကျီဖျင်က သူ၏ဇနီးနှင့် သားကိုခေါ်ကာ ဇာတိရွာသို့ ပြန်လာခြင်းဖြစ်သည်။ သူ၏ ဒုတိယဘိုးလေး ကွယ်လွန်သွားသဖြင့် နာရေးအတွက် ပြန်လာရခြင်းဖြစ်သည်။
သို့သော် ရွာသို့မရောက်မီ သူ၏သားက ရုတ်တရက် ဗိုက်နာလာမည်ဟု မည်သူက ထင်ထားမည်နည်း။ အစကတော့ တောင်တက်လမ်းတစ်လျှောက် လူသူကင်းမဲ့နေသဖြင့် လူသူကင်းရှင်းသည့် နေရာတစ်ခုရှာပြီး ကိစ္စရှင်းခိုင်းရန် စဉ်းစားခဲ့သေးသည်။
သို့သော် သူ၏သားက အရှက်ကွဲမည်ကို စိုးရိမ်သဖြင့် လုံးဝလက်မခံခဲ့ပေ။ လူမြင်သွားလျှင် မည်သို့လုပ်မည်နည်း။
လီကျီဖျင် ကိုယ်တိုင်လည်း သိပ်မကြာမီ ရွာတစ်ရွာကို ဖြတ်သွားရမည်ကို သတိရကာ ရွာသားတစ်ဦးဦးထံမှ အိမ်သာငှားသုံးရန် တွေးထားလိုက်သည်။
အကွေ့တစ်ခုကို ကျော်လိုက်သည်နှင့် မလှမ်းမကမ်းတွင် “လီရှန်း ဖမ်းလ်ဟောက်စ်” ဟု ရေးသားထားသော ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသည်။
ဤမျှ ခေါင်ဖျားသော နေရာတွင် ဖမ်းလ်ဟောက်စ် တစ်ခု ဖွင့်ထားသည်လော။
ထိုသို့ဆိုလျှင် ဤနေရာမှာ အိမ်သာရှိရမည်။ ပြီးနောက် ပတ်ဝန်းကျင်ကလည်း သာမန်ရွာသားတွေ၏ အိမ်များထက် ပိုသန့်ရှင်းသပ်ရပ်နေမည်မှာ သေချာသည်ဟုတွေးမိကာ လီကျီဖျင်က ဖမ်းလ်ဟောက်စ်အဝင်ဝတွင် ကားကို အမြန်ရပ်လိုက်ခြင်းဖြစ်သည်။
ကားသေချာမရပ်သေးခင်မှာပင် သူ၏သားက အိမ်သာရှာရန် အလောတကြီး ဆင်းပြေးတော့သည်။ တကယ်ပဲ မအောင့်နိုင်တော့သည့် ပုံပင်။
သူနှင့် သူ၏ဇနီးကလည်း အခွင့်အရေးရခိုက် အိမ်သာဝင်ရန် ပြင်လိုက်ကြသည်။
သူ၏ဇနီးဖြစ်သူက အနည်းငယ် ရွံရှာဟန်ဖြင့် နှာခေါင်းကိုပိတ်ကာ အမြန်ပြီးအောင် လုပ်ရန်သာ ရည်ရွယ်ထားသည်။ သို့သော် အိမ်သာထဲသို့ ဝင်လိုက်သည်နှင့် သန့်ရှင်းသပ်ရပ်နေပြီး အနံ့အသက်ဆိုးများ လုံးဝမရှိသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။
သူမက လီကျီဖျင်နှင့် လက်ထပ်မည့်နှစ်တွင် လီကျီဖျင်၏ဆွေမျိုးများကို ထမင်းစားဖိတ်ရန် တစ်ခေါက်သာ ဤရွာသို့ ရောက်ဖူးသည်။
လီကျီဖျင်၏ မိဘများက စောစောစီးစီး ကွယ်လွန်သွားခဲ့သဖြင့် သူက ယောက္ခမအိမ်တွင်သာ ဇနီးသည်နှင့်အတူ နေထိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ စီးပွားရေး အဆင်ပြေလာပြီး အိမ်ဝယ်ကာ ယောက္ခမအိမ်မှ ခွဲထွက်လာခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ဤနေရာသို့ လာခဲ့ရသည့် အချိန်များကို သူမ ပြန်လည်အမှတ်ရမိသည်။
ထိုအချိန်က ဤလမ်းမကြီး မရှိသေးပေ။ လမ်းလျှောက်သွားခဲ့ရပြီး လီကျီဖျင်၏ ဇာတိရွာသို့ရောက်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ဟောင်းနွမ်းပျက်စီးနေသော အိမ်ကို သည်းခံနိုင်သော်လည်း ကြွက်များကို မြင်လိုက်ရသည့်အခါ၊ ထို့အပြင် ထိုနေရာရှိအိမ်သာများက အလွန်ညစ်ပတ်ပြီး နံစော်နေသည့်အခါ သူမ လုံးဝ ပြိုလဲသွားခဲ့ရသည်။
ထိုအချိန်မှစ၍ လီကျီဖျင်နှင့်အတူ ဤရွာသို့ တစ်ခါမှ ပြန်မလာဖြစ်တော့ပေ။
အစကတော့ ယောကျာ်းဖြစ်သူ၏ ဒုတိယဘိုးလေး နာရေးအတွက် သူမလိုက်လာရန် အစီအစဉ်မရှိခဲ့ပေ။ သို့သော် သားဖြစ်သူ ဖန်ဖန်က ဖခင်၏ ဇာတိရွာသို့ တစ်ခါမှ မရောက်ဖူးခဲ့ချေ။
ထို့အပြင် လီကျီဖျင်ကလည်း ဖန်ဖန်ကို သူငယ်ငယ်က မြစ်ထဲတွင် ငါးဖမ်း၊ ပုစွန်ဖမ်းခဲ့သည့် ပုံပြင်များကို ပြောပြလေ့ရှိရာ ဖန်ဖန်က ဖခင်၏ဇာတိရွာကို အလွန်စိတ်ဝင်စားနေပြီး အတင်းလိုက်မည်ဟု ပူဆာတော့သည်။
သားဖြစ်သူက လိုက်ချင်နေမှတော့ မိခင်ဖြစ်သူအနေဖြင့် စိတ်မချနိုင်သည်မှာ သဘာဝပင်။
ထို့ကြောင့် သူမသည်လည်း မတတ်သာဘဲ လိုက်လာခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ယခုအခါ လမ်းများ ဖောက်လုပ်ထားပြီးဖြစ်သဖြင့် ကားပေါ်မှဆင်းကာ လမ်းလျှောက်စရာ မလိုတော့ပေ။
ဤအချက်က သူမ၏စိတ်ကို အနည်းငယ် ပေါ့ပါးသွားစေသည်။ ဤဖမ်းလ်ဟောက်စ်ကို မြင်လိုက်ရချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုခုကြောင့် ဤဒေသလေး တဖြည်းဖြည်း တိုးတက်လာပြီဖြစ်ကြောင်း၊ ယခင်ကလောက် ဆိုးရွားမည်မဟုတ်ကြောင်း တွေးမိလိုက်သည်။
ဖန်ဖန် အိမ်သာထဲမှ ထွက်လာချိန်တွင်တော့ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပုံရသော်လည်း သူ၏ဗိုက်ထဲမှ အသံများမြည်လာတော့သည်။ ထို့ကြောင့် ဖခင်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်လေ၏။
“ဖေဖေ... သားဗိုက်ဆာပြီ”
လီကျီဖျင်က နောက်ထပ် နာရီဝက်ခန့်ဆိုလျှင် ရွာသို့ရောက်တော့မည်ဖြစ်သဖြင့် သားဖြစ်သူကို အောင့်ထားစေချင်နေသည်။
သို့သော် သူ ထိုသို့ပြောလိုက်သည်နှင့် ဇနီးဖြစ်သူက ဝင်ပြောလာတော့သည်။
“ရှင်က ဆွေမျိုးတွေကို ဒီနေ့မွန်းလွဲပိုင်းမှ ရောက်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ အခုက ဆယ့်နှစ်နာရီတောင် ထိုးနေပြီ၊ သူတို့စားသောက်ပြီးလောက်ရောပေါ့”
“ရွာရောက်တဲ့အထိ စောင့်နေရရင် ထမင်းဟင်းချက်ဖို့ အချိန်ယူရဦးမယ်၊ အဲ့ဒီအချိန်ကျရင် ဖုန်ဖုန်တော့ ဗိုက်ဆာလွန်းလို့ သေသွားလိမ့်မယ်၊ ရှင်က သားကို မသနားပေမယ့် ကျွန်မက သနားတယ်”
“အပြင်မှာ ထမင်းစားလို့ရတယ်လို့ ရေးထားတာ တွေ့ခဲ့တယ်၊ ဒီမှာပဲ စားသွားကြရအောင်”
လီကျီဖျင်က အနည်းငယ် အားနာဟန်ဖြင့် ခွန်းတုန့်ပြန်လိုက်၏။
“ကားထဲမှာ ကွတ်ကီးတွေ ရှိသေးတယ် မဟုတ်လား၊ ဖုန်ဖုန်ကို အဲ့ဒါလေး အရင်ကျွေးထားလိုက်ပါလား၊ မင်းကလည်း အရမ်း ပိုလွန်းပါတယ်ကွာ”
သို့သော် ဖန်ဖန်က ဖခင်စကားကို မထောက်ခံခဲ့ချေ။
“သား ကွတ်ကီး မစားချင်ဘူး၊ ကွတ်ကီးတွေက ခြောက်ကပ်ကပ်ကြီး၊ ဒီမှာက မွှေးနေတာပဲ၊ အသားဟင်းနံ့ပဲ ဖြစ်ရမယ်၊ သား ဗိုက်ဆာတယ်၊ အသားစားချင်တယ်”
သူတို့၏ အသည်းနှလုံးလေးက စကားဆိုလာသဖြင့် လင်မယားနှစ်ယောက်စလုံး ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။
လီကျီဖျင်က ဧည့်ကြိုကောင်တာသို့ လျှောက်သွားကာ…..
“အစ်မ... မီနူးများ ရှိမလားဗျ, ကျွန်တော်တို့ သုံးယောက် နေ့လယ်စာ စားသွားမလို့”
‘ထမင်းစားမယ့် ဧည့်သည်တွေပဲ’ လီရှီးရှီး အမြန်ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကျွန်မတို့ဆီမှာ မီနူးတော့မရှိသေးဘူးရှင့်၊ ရှိတာလေးတွေပဲ ချက်ပေးတာပါ၊ ဒီနေ့တော့ ချောင်းထဲက ပုစွန်ဆိတ်လေးတွေရယ်၊ မှိုနဲ့ချက်ထားတဲ့ ကြက်သားဟင်းရယ် ရှိပါတယ်”
လီကျီဖျင်က ဇနီးနှင့် သားဖြစ်သူထံလှည့်ကာ အမြင်များကို မေးမြန်းလိုက်ပြီးနောက် မှိုကြက်သားဟင်း၊ အာလူးချောင်းအချဉ်စပ်ကြော်၊ ပုစွန်ဆိတ်ကြော်၊ ဟင်းရွက်ကြော်နှင့် ထမင်းသုံးပွဲ မှာယူလိုက်သည်။
“မေမေ... သားတို့ ခြံထဲမှာပဲထိုင်ကြမလား၊ ဒီစားပွဲတွေ၊ ကုလားထိုင်တွေက ဝါးနဲ့လုပ်ထားတာနဲ့ တူတယ်၊ သား သွားစစ်ဆေးကြည့်လိုက်ဦးမယ်”
“ဘာတွေစစ်ဆေးမှာလဲ... မကျိုးသွားစေနဲ့နော်”