အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
11
အချိန်သိပ်မကြာလိုက်ချေ။ အာလူးချောင်းကြော်က အရင်ဆုံး ရောက်ရှိလာသည်။ အိမ်တိုင်းလိုလို ချက်လေ့ရှိသည့် ရိုးရှင်းသော ဟင်းတစ်ခွက်ဖြစ်သဖြင့် အာလူးချောင်းကြော်ကို သူတို့ မရေမတွက်နိုင်အောင် စားဖူးကြသည်။
ဤဟင်းကို မှာယူရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤနေရာမှ ဟင်းလျာများအား သူတို့အကြိုက်မတွေ့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
အာလူးချောင်းကြော်ဆိုလျှင်တော့ အန္တရာယ်အကင်းဆုံး ရွေးချယ်မှုဖြစ်ပြီး အနည်းဆုံးတော့ အဆင်ပြေနိုင်မည်ဟု တွေးထားကြသည်။
ဖန်ဖန်က အာလူးချောင်းကြော်ကို လက်ဖြင့် အပြည့်ကောက်ယူကာ ပါးစပ်ထဲသို့ သွတ်လိုက်ရင်း ပလုတ်ပလောင်းဖြင့် ပြောလာခဲ့သည်။
“ဒီအာလူးကြော်က တော်တော်လေး စားလို့ကောင်းတာပဲ၊ ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိလိုက်တာ”
ပုစွန်ဆိတ်ကြော်နှင့် မှိုကြက်သားဟင်းများ ရောက်လာသောအခါတွင်တော့ သူတို့သုံးယောက်လုံး တစ်လုတ်ပြီးတစ်လုတ် မရပ်မနား စားသောက်ကြတော့သည်။ အချိန်က မွန်းလွဲပိုင်းသို့ ရောက်နေပြီဖြစ်ပြီး မနက်အစောကြီးကတည်းက အိပ်ရာထလာခဲ့ကြခြင်းဖြစ်၏။
သားဖြစ်သူ တစ်ဦးတည်း ဗိုက်ဆာနေခြင်းသာမဟုတ်။ သူတို့ကိုယ်တိုင်လည်း တကယ်တမ်းတွင် ဗိုက်စာနေကြပြီဖြစ်သည်။
လူကြီးများက အနည်းငယ် ပို၍ အောင့်အည်းနိုင်သော်လည်း ယခုအချိန်တွင် ဟင်းရနံ့များကို ရှူရှိုက်လိုက်ရသည်နှင့် သူတို့၏ဗိုက်ထဲမှ အသံများ မြည်လာကာ တူများကိုလည်း မရပ်တန့်နိုင်တော့ချေ။
ဗိုက်ဝသွားပြီးနောက် လီကျီဖျင်က သူ့ဗိုက်ကို ပုတ်ရင်း ရေရွတ်လိုက်သည်။
“ဒီက ဟင်းတွေက လတ်ဆတ်နေတာပဲ။ ပုစွန်ဆိတ်တွေကလည်း အခုလေးတင် ဖမ်းလာတာဆိုတာ စားလိုက်တာနဲ့ သိတယ်၊ ကြက်သားကလည်း အခုလေးတင် ချက်ထားတာ ဖြစ်ရမယ်”
သူ၏ ဇနီးကလည်း ထောက်ခံလိုက်သည်။
“ပြောမနေပါနဲ့တော့ရှင်၊ ဒီဟင်းသီးဟင်းရွက်တွေက ဓာတုမြေသြဇာ လုံးဝမသုံးထားဘူးဆိုတာ စားလိုက်တာနဲ့ သိသာတယ်၊ အရသာက ချိုမြိန်နေတာပဲ၊ ဒီက စားဖိုမှူးရဲ့လက်ရာက ဒီလောက်ကောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး၊ ဒီကြက်ဟင်းရည်ကလည်း လုံးဝ အီမနေဘူး”
“ဖေဖေ၊ မေမေ... နောက်ရက်တွေ ဖေဖေ့ရွာကို ပြန်ရင် နေ့တိုင်း ဒီလိုဟင်းတွေ စားရမှာလားဟင်၊ သားကိုယ်တိုင် ချောင်းထဲကနေ ပုစွန်တွေ သွားဖမ်းပေးမယ်လေ၊ ပြီးရင် မေမေက သားကိုချက်ကျွေးနော်”
ထိုစကားကို ကြားသောအခါ လီကျီဖျင်က အနည်းငယ် မရေမရာလေသံဖြင့် ပြောလာခဲ့သည်။
“သိပ်မဆိုးလောက်ပါဘူးကွာ”
သူ၏ ဒုတိယဘိုးလေး ကွယ်လွန်ပြီးနောက် သူ၏အစ်ကိုဖြစ်သူကလည်း ကိစ္စများ စီစဉ်ရမည်ဖြစ်သဖြင့် ဧည့်ခံကျွေးမွေးမှုများ သေချာပေါက် ရှိပေလိမ့်မည်။
ဟင်းလျာများက အလွန်အမင်း ကောင်းမွန်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ အသားငါး ပါဝင်မည်မှာ သေချာသည်။
ထမင်းစားပြီးနောက် လီကျီဖျင်က ဧည့်ကြိုကောင်တာသို့ သွားကာ ငွေရှင်းလိုက်သည်။
“အစ်မ... အားလုံးပေါင်း ဘယ်လောက်ကျလဲဗျ”
“၁၅၈ ယွမ် ကျပါတယ်ရှင့်၊ ကျေးဇူးတင်ပါတယ်”
လီကျီဖျင် ခေါင်းညိတ်လိုက်သည်။ လတ်ဆတ်သော ပါဝင်ပစ္စည်းများကို ထည့်သွင်းစဉ်းစားမည်ဆိုပါက စျေးနှုန်းမှာ သင့်တင့်မျှတသည်။
ထို့နောက် သူက နံရံကို မော့ကြည့်လိုက်ရာ ဤနေရာတွင် တည်းခိုရန် အခန်းများလည်းရှိကြောင်း တွေ့လိုက်ရသည်။
သို့သော် ဤကဲ့သို့ ခေါင်ဖျားလှသော နေရာရှိ ဖမ်းလ်ဟောက်စ်တစ်ခုက တည်းခိုခကို စျေးကြီးကြီးတောင်းထားခြင်းမှာ အထင်ကြီးအောင် ပြသထားရုံသက်သက်သာဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
အရူးမှသာ ဒီမှာလာတည်းလိမ့်မည်ဟု တွေးရင်း ကျိတ်ရယ်လိုက်မိသည်။
ညစာစားပြီးနောက် လီကျီဖျင်သည် ဇနီးနှင့် သားကိုခေါ်ကာ ကားမောင်းထွက်သွားတော့သည်။
ထိုအချိန်တွင် လီရှီးရှီး၏ဖုန်းမှ အသံမြည်လာသည်။ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ...
[စနစ်အသိပေးချက်]။ ။ပထမဆုံး ဧည့်သည်ကို အောင်မြင်စွာ ဧည့်ခံနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ သင်၏ ဆုလာဘ်ကို ရယူလိုက်ပါ။ ဆုလာဘ်အနေဖြင့် S အဆင့် ဆီးသီးပင်တစ်ပင်နှင့် ဇာတ်ကောင်ကတ်ပြားတစ်ကတ် ရရှိပါသည်။
‘တကယ်ကြီး S အဆင့် ဆုလာဘ်ပါလား' လီရှီးရှီး၏ မျက်လုံးများ အရောင်လက်သွားသည်။
သူမ၏ရင်ထဲတွင် ဖမ်းလ်ဟောက်စ်လေးကို အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖန်တီးချင်သည့် စိတ်ဆန္ဒများက ပိုမိုပြင်းပြလာပြီး ဆုလာဘ်ကို ရယူရန် နှိပ်လိုက်၏။
ကတ်ပြားကိုတော့ နောက်မှဖောက်မည်ဟု ဆုံးဖြတ်ကာ ဆီးသီးပင်အကြောင်းကို အရင်လေ့လာရန် ရွေးချယ်လိုက်သည်။ ချက်ချင်းပင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။
[စနစ်အသိပေးချက်]။ ။ကျေးဇူးပြု၍ စိုက်ပျိုးမည့်နေရာကို ရွေးချယ်ပါ။
(က) ခြံရှေ့
(ခ) ခြံနောက်
(ဂ) ကိုယ်တိုင်စိုက်ပျိုးရန် (ပို့ဆောင်ခအခမဲ့)
တကယ့်ကို အဆင်ပြေလှသည်။ လီရှီးရှီးက ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို အကဲခတ်လိုက်ပြီးနောက် (ခ) ခြံနောက်ကို တိုက်ရိုက်ရွေးချယ်လိုက်သည်။ အချိန်တိုအတွင်းမှာပင် ဆီးသီးပင်ကြီးက ခြံနောက်ဘက်တွင် ပေါ်လာတော့သည်။
မော့ကြည့်လိုက်ရာ ဆီးသီးပင်ကြီးမှာ ခုနစ်မီတာ၊ ရှစ်မီတာခန့် မြင့်မားပြီး အသီးငယ်လေးများ သီးနေပြီဖြစ်သော်လည်း မှည့်ရန် အချိန်အနည်းငယ် လိုသေးပုံရသည်။
S အဆင့် အသီး၏ အရသာကို မြည်းစမ်းကြည့်ရန် အချိန်အနည်းငယ် စောင့်ရဦးမည်ဖြစ်သည်။ သို့သော် ဆီးသီးများခူးရန် ကိရိယာအချို့တော့ လိုအပ်ပေလိမ့်မည်။
ဇာတ်ကောင်ကတ်ပြားတစ်ခု မဲဖောက်ရန် ကျန်သေးသည်ကို သတိရလိုက်သဖြင့် လီရှီးရှီးက လက်ကို သေချာစွာဆေးကြောပြီးနောက် တိတ်တဆိတ်ဆုတောင်းလိုက်သည်။
“ကျောက်စိမ်းဧကရာဇ်၊ မြတ်စွာဘုရား၊ တာအိုဘိုးဘိုးကြီး... ကတ်ကောင်းလေးတစ်ကတ်လောက် ရပါစေ”
အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက်...
[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါသည်။ C အဆင့် ဇာတ်ကောင်ကတ်ပြားတစ်ကတ်ကို ရရှိပါသည် -
အမည် - လျူယွီမေ
ကျား/မ - မ
အသက် - ၃၈ နှစ်
ကိုယ်ပိုင်အကဲဖြတ်ချက် - ဝီရိယရှိပြီးအလုပ်ကြိုးစားသည်။ သန့်ရှင်းရေးလုပ်ရာတွင် အလွန်ကျွမ်းကျင်သည်။
C အဆင့်တဲ့လား။ လီရှီးရှီး အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြင်ဆင်လိုက်သည်။ သူမတွင် S အဆင့် ဆုလာဘ်တစ်ခု ရရှိထားပြီးဖြစ်သဖြင့် လောဘမကြီးသင့်ပေ။
C အဆင့်ကလည်း မဆိုးလှချေ။ B အဆင့် စားဖိုမှူးတစ်ဦးပင် အပြင်စျေးကွက်ရှိ စားသောက်ဆိုင်ငယ်များမှ စားဖိုမှူးများထက် သာလွန်နေသည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ C အဆင့်ကလည်း သေချာပေါက် ညံ့ဖျင်းမည်မဟုတ်ပေ။
သူမ၏ စနစ်အကဲဖြတ်ချက်ကို ကြည့်ရသည်မှာ ဝီရိယရှိသူတစ်ဦးဖြစ်ပုံရသည်။ သူမသာရှိလျှင် အနည်းဆုံး ဤနေရာ၏သန့်ရှင်းရေးအတွက်တော့ အာမခံချက်ရှိသွားပြီဖြစ်သည်။
တစ်နာရီခန့်အကြာတွင် သဘောကောင်းမည့်ရုပ်သွင်ရှိသော အမျိုးသမီးတစ်ဦး တကယ်ပင်ရောက်လာခဲ့သည်။ လီရှီးရှီးက သူမကို ကျန်းဖျင်၏ဘေးရှိ အဆောင်တွင် နေရာချထားပေးလိုက်သည်။
လျူယွီမေသည်လျူယွီမေသည် ရောက်ရောက်ချင်းမှာပင် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ အဝတ်စုတ်တစ်ခုကို ထုတ်ကာ စားပွဲများကို စတင်သုတ်သင်တော့သည်။
အမှန်တော့ ဤအဆောက်အအုံငယ်လေးတွင် သန့်ရှင်းရေး ၁၀% အပိုဆု ရရှိထားပြီးဖြစ်ရာ ယခုကဲ့သို့ ဝီရိယရှိသော ဝန်ထမ်းတစ်ဦးကိုပါ ထပ်မံရရှိလိုက်သဖြင့် နေရာလေးမှာ ဖုန်တစ်မှုန်မျှမရှိအောင် သန့်စင်တောက်ပနေတော့သည်။
ထိုအချိန်တွင် လီရှီးရှီး၏ဖုန်းမှ ထပ်မံမြည်လာပြန်သည်။ မစ်ရှင်အသစ်တစ်ခု ရောက်လာခြင်းပင်။
[စနစ်အသိပေးချက်]။ ။ညအိပ်တည်းခိုမည့် ဧည့်သည်ဆယ်ဦးကို ဧည့်ခံပါ။ (အချိန်ကန့်သတ်ချက် ၁၅ ရက်)
လီရှီးရှီးက အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အွန်လိုင်းတွင် ကြော်ငြာရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခြံဝင်းငယ်လေးနှင့် ပတ်ဝန်းကျင်ရှုခင်းများကို ဗီဒီယိုရိုက်ကူးကာ ဗီဒီယိုမျှဝေနိုင်သည့် အက်ပ်တစ်ခုတွင် တင်လိုက်သည်။
တစ်မြို့တည်းနေသူများ မြင်တွေ့နိုင်ခြေ အတော်လေးမြင့်မားသည်။ လူများက ဤနေရာလေးကို စိတ်ဝင်စားပြီး လာရောက်ကြမည်ဆိုပါက ဗီဒီယိုတင်ရကျိုး နပ်ပေလိမ့်မည်။
သူမ၏လုပ်ငန်းလေးကို အောင်မြင်အောင် တည်ဆောက်မည်ဆိုသော ဆန္ဒများက သူမ၏ လှုပ်ရှားမှုတိုင်းတွင် အားအင်များဖြစ်စေ၏။
သူမရယ်၊ စားဖိုမှူး ဦးလေးကျန်းရယ်၊ အသစ်ရောက်လာသော အန်တီလျူရယ် ညစာစားပြီး သိမ်းဆည်းရန် ပြင်ဆင်နေကြစဉ် စောစောက အိမ်သာလာငှားသုံးပြီး နေ့လယ်စာစားသွားခဲ့သော မိသားစုသုံးယောက် ရုတ်တရက် ပြန်ရောက်လာကြသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
အကြောင်းရင်းမှာ……
ဖန်ဖန်သည် မျှော်လင့်ချက်များစွာဖြင့် ဖခင်၏ ဇာတိရွာသို့ ပြန်လိုက်သွားခဲ့ခြင်းဖြစ်သည်။ မွန်းလွဲပိုင်းတွင်တော့ ရေဆော့ကစားခဲ့ရသဖြင့် အလွန်ပျော်ရွှင်ခဲ့သည်။
ညစာကိုပါ အဆင်ပြေပြေ စားသောက်ခဲ့သော်လည်း ညဘက် အိမ်တွင် အနားယူရမည့်အချိန်ရောက်သောအခါတွင်တော့ ဖန်ဖန်က လုံးဝ သည်းမခံနိုင်တော့ချေ။
လီကျီဖျင်က အိမ်နှင့်ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပုံမှန်အားဖြင့် ဝမ်းကွဲညီဖြစ်သူကို အိမ်စောင့်ပေးရန် အကူအညီတောင်းထားသော်လည်း အိမ်က လူမနေသည်မှာ ကြာပြီဖြစ်သဖြင့် ဖုန်ထူထပ်နေ၏။
သူနှင့် ဇနီးဖြစ်သူတို့က တစ်နေ့လည်ခင်းလုံး သန့်ရှင်းရေးလုပ်ပြီးမှသာ နေထိုင်၍ရနိုင်သည့် အနေအထားသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ညဘက်တွင် ဖန်ဖန်သည် သူ၏ မွန်းကြပ်နေသောစိတ်ကို ထိန်းချုပ်ကာ အနည်းငယ် ယိမ်းယိုင်နေသော သစ်သားကုတင်ငယ်လေးပေါ်တွင် လှဲလျောင်းလိုက်သည်။ ဤကုတင်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖခင်ဖြစ်သူ ငယ်စဉ်က အိပ်ခဲ့သော ကုတင်ဖြစ်၏။
မထင်မှတ်ဘဲ ဤနေရာတွင် ကြွက်များရှိနေပြီး ဖန်ဖန်ကို အကြီးအကျယ် လန့်ဖျပ်သွားစေသည်။ သူ အလန့်တကြား ခုန်ထလိုက်ရာ...
ဝုန်းခနဲ အသံနှင့်အတူ လီကျီဖျင်နှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သော သစ်သားကုတင်လေးမှာ ကျိုးကျပျက်စီးသွားတော့သည်။
ဖန်ဖန်ကလည်း ပြန်မည်ဟု ပူညံပူညံလုပ်ကာ မည်သို့မျှ ဆက်မနေနိုင်တော့ကြောင်း ငိုယိုပြောဆိုလာတော့သည်။
“လိမ္မာပါတယ် သားသားရယ်၊ သားက လူကြီးဖြစ်နေပြီပဲ၊ ကြွက်ကို ဘာလို့ကြောက်ရတာလဲ၊ ဖေဖေ ကြွက်တွေကို ဖမ်းပေးမယ်၊ ဒါဆို သူတို့ မရှိတော့ဘူးပေါ့’
“ဒီည သားက ဖေဖေ၊ မေမေတို့နဲ့ ကုတင်ကြီးပေါ်မှာ အတူတူအိပ်လေ၊ ဖေဖေနဲ့ မေမေ ရှိတယ်လေ၊ မကြောက်နဲ့နော်”
လီကျီဖျင်က စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်ပေးရှာသည်။
သို့သော် ဖန်ဖန်က လုံးဝလက်မခံဘဲ အိမ်ပြန်မည်ဟုသာ အော်ဟစ်ငိုယိုနေတော့သည်။
“သား ဒီမှာမနေချင်ဘူး၊ ပိုးဟပ်တွေ၊ ကြွက်တွေလည်းရှိတယ်၊ တီဗွီလည်းမရှိဘူး၊ ဝူးဝူး... အိမ်သာကလည်း အရမ်းညစ်ပတ်တာပဲ၊ သားအိမ်ပြန်ချင်တယ်”
လီကျီဖျင်က အနည်းငယ် ခေါင်းခဲသွားသော်လည်း စိတ်ရှည်ရှည်ဖြင့် ဆက်ပြောသည်။
“သားပဲ လိုက်ချင်တယ်လို့ အတင်းပြောခဲ့တာလေ၊ အဲ့တုန်းက ဖေဖေ့ရွာက အခြေအနေတွေသိပ်မကောင်းဘူးလို့ ပြောတော့ သားက ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် မကြောက်ဘူးဆို၊ အခု တစ်ညလေးတောင် မနေနိုင်ဘူးလား”
သူက နဖူးကို ပွတ်သပ်ရင်းဆက်ပြောသည်။
“ဖေဖေက ဒီတစ်ခေါက် သုံးရက်နေမှာ၊ သား ဒီမှာ မနေချင်လို့မရဘူး”
ဖုန်ဖုန်က ရှိုက်ငိုရင်း
“ဒါဆို သား ဟိုတယ်မှာသွားနေလို့ရမလား၊ သားဒီမှာဆက်မနေချင်တော့ဘူး”
ဖန်ဖန်၏ မိခင်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူမ၏ကလေးက ကြာကြာနေနိုင်မည်မဟုတ်မှန်း သူမသိ၏။
သူမကိုယ်တိုင်ပင် ဤနေရာကို အနည်းငယ် သည်းခံရခက်နေသည်ဆိုလျှင် ကလေးတစ်ယောက်အတွက်တော့ ဆိုဖွယ်ရာ မရှိတော့ပေ။
12
သို့သော် ဘာတတ်နိုင်မည်နည်း။ သည်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့ကြောင့် မိခင်ဖြစ်သူက သားကို ချော့မော့ပြောဆိုရတော့သည်။
“ဒီကနေ တောင်အောက်ဆင်းဖို့က တစ်နာရီကျော်လောက် ကြာဦးမှာလေ၊ အချိန်ဆွဲနေရင် နှစ်နာရီလောက်တောင် ဖြစ်သွားနိုင်တယ်၊ ပြီးတော့ တောင်အောက်က မြို့လေးမှာရှိတဲ့ တည်းခိုခန်းတွေက သိပ်သန့်ရှင်းချင်မှသန့်ရှင်းမှာ၊ ဟိုတယ်ဆိုတာက ခရိုင်မြို့ပေါ်ရောက်မှပဲရှိတာ"
“အဲဒီကိုရောက်ဖို့ ကားနှစ်နာရီလောက် ထပ်မောင်းရဦးမယ်၊ မနက်ဖြန်ကျရင် ဖေဖေနဲ့မေမေက ဆွေမျိုးတွေကို ကူညီပေးဖို့ အစောကြီးထရဦးမှာ၊ လိမ္မာပါတယ် ဖန်ဖန်ရယ်... ဒီတစ်ညလေးပဲ အောင့်အည်းသည်းခံပြီး အိပ်လိုက်နော်”
ထိုစဉ် လီကျီဖျင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ဝင်ပြောလာသည်။
“ဒီနေ့ နေ့လယ်က ကိုယ်တို့ထမင်းစားခဲ့တဲ့ ဖမ်းလ်ဟောက်စ်မှာ တည်းလို့ရတယ်ကွ၊ နေ့လယ် ငွေသွားရှင်းတုန်းက နံရံမှာ ရေးထားတာ တွေ့ခဲ့တယ်၊ ဒီကနေဆိုရင် သိပ်မဝေးဘူး”
“ကားနာရီဝက်လောက် မောင်းရင်ရောက်ပြီ၊ ဒါပေမဲ့ အဲဒီက တည်းခိုခန်းအခြေအနေက ဘယ်လိုနေမလဲဆိုတာတော့ ကိုယ်လည်းသေချာမသိဘူး”
ထိုစကားကို ကြားသောအခါ ဖန်ဖန်၏မိခင်သည်လည်း အနည်းငယ် စိတ်ယိုင်သွားသည်။ ရွေးချယ်ခွင့်သာရှိလျှင် သူမကိုယ်တိုင်လည်း ဤနေရာကြီးတွင် မနေချင်ပေ။
သူမက ကြွက်များကို အလွန်ကြောက်တတ်သူ မဟုတ်လော။ မည်သို့ပင်ဆိုစေကာမူ ထိုဖမ်းလ်ဟောက်စ်လေးက ဤရွှံ့အိမ်စုတ်ကြီးထဲတွင် နေရသည်ထက်တော့ သေချာပေါက် ပိုကောင်းပေလိမ့်မည်။
ထို့ကြောင့် သူမက အကြံပြုလိုက်သည်။
“ကိုကိုလီ... ကျွန်မတို့ အဲဒီကို ကားမောင်းပြီး သွားကြည့်ရအောင်လေ၊ အပြင်မှာလည်း လုံးဝ အမှောင်မကျသေးဘူးဆိုတော့ အချိန်ရပါသေးတယ်”
ဖန်ဖန်ကလည်း ဖခင်ဖြစ်သူကို ဘေးမှနေ၍ မြှောက်ပင့်ပေးနေ၏။
“ဖေဖေ... မြန်မြန်သွားရအောင်၊ အနည်းဆုံးတော့ အဲဒီက အိမ်သာက သန့်ရှင်းတယ်လေ၊ တည်းခိုရမယ့်နေရာကလည်း ဒီကထက်တော့ ပိုမဆိုးနိုင်ပါဘူး”
ဇနီးနှင့် သားဖြစ်သူတို့က ဤနေရာတွင် ဆက်မနေချင်တော့သည်ကို မြင်သောအခါ သူလည်း သဘောတူလိုက်ရသည်။ ရိုးရိုးသားသား ဝန်ခံရလျှင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူကိုယ်တိုင်လည်း ဤနေရာတွင်နေထိုင်ရန် အကျွမ်းတဝင်မရှိတော့ပေ။
ဤအိမ်ဟောင်းကြီးကို ပြန်လည်မွမ်းမံရန် မလိုအပ်၍သာ ပစ်ထားခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင် ပြန်လာအိပ်မည့် အကြိမ်အရေအတွက်က လက်ချိုးရေတွက်၍ရနိုင်လောက်အောင် နည်းပါးလှသဖြင့် ထိုငွေများကို အလဟဿ မဖြုန်းတီးချင်ခဲ့ပေ။
……..
လီကျီဖျင်က သူတို့ နေ့လယ်စာစားခဲ့သည့် လီရှန်းဖမ်းလ်ဟောက်စ်သို့ ကားမောင်းလာခဲ့ချိန်တွင် အထဲ၌ လူအချို့က အခန်းများအား သန့်ရှင်းရေးလုပ်နေသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။ ထို့ကြောင့် အခန်းရှင်းနေသူများကို သူက လှမ်းမေးလိုက်သည်။
“အစ်မ... ကျွန်တော်တို့ အခု ဒီမှာတည်းလို့ရမလားဗျ”
‘အို... တည်းခိုမယ့် ဧည့်သည်တွေပဲ' သူမ၏ ဖမ်းလ်ဟောက်စ်လေး အသက်ဝင်လှုပ်ရှားလာတော့မည်ဆိုသည့် အသိကြောင့် လီရှီးရှီး၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပသွားပြီး အမြန်ပင် အပြုံးချိုချိုလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ဟုတ်ကဲ့၊ တည်းလို့ရပါတယ်ရှင့်၊ စျေးနှုန်းတွေ အားလုံးကို စာရင်းထဲမှာ ရေးထားပါတယ်၊ ဘယ်လို အခန်းအမျိုးအစားကို ရွေးချယ်ချင်ပါသလဲ”
လီကျီဖျင် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
“လျှော့စျေးကော မရှိဘူးလား”
လီရှီးရှီးက ခေါင်းခါပြလိုက်ရင်း ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
“ကျွန်မတို့ဆီက စျေးနှုန်းတွေအားလုံးက ပုံသေပါပဲရှင့်၊ အစ်ကိုတို့ကို အခန်းတွေ အရင်လိုက်ပြပေးမယ်လေ”
သူတို့ နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေသည်ကို အခွင့်ကောင်းယူကာ ဈေးတင်တောင်းနေခြင်းများလားဟု လီကျီဖျင် ချက်ချင်း တွေးလိုက်မိသည်။
ဤကဲ့သို့ ခေါင်ဖျားသော နေရာအတွက် ဤစျေးနှုန်းများက လုံးဝအဓိပ္ပာယ်မရှိဘဲ အလွန်အမင်း ဈေးကြီးလွန်းနေသည်ဟု သူ ခံစားရသည်။ တောင်အောက်ရှိ မြို့ငယ်လေးတွင်ဆိုလျှင် ယွမ်ဂဏန်း အနည်းငယ်ဖြင့် ရနိုင်၏။
နေ့လယ်ကမှ ဤမျှစျေးကြီးပေးပြီး ဒီနေရာမှာတည်းမည့်သူသည် အရူးသာဖြစ်မည်ဟု လှောင်ပြောင်ခဲ့မိပြီး ယခု ညနေပိုင်းတွင်တော့ သူကိုယ်တိုင် ထိုအရူးကြီး ဖြစ်နေချေပြီ။
ငွေကြေးမပြတ်လပ်သော်လည်း ငယ်စဉ်ကတည်းက ချွေတာတတ်သည့်အကျင့်ရှိခဲ့သူဖြစ်ရာ အမြတ်ထုတ် မခံချင်သဖြင့် ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားချင်သော်လည်း ဇနီးဖြစ်သူက အနောက်မှ သူ၏အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး တီးတိုးပြောလာသည်။
“ကဲပါ ကိုကိုလီရယ်... အပေါ်တက်ပြီး အရင်သွားကြည့်ရအောင်ပါ၊ ဖန်ဖန်လည်း ဒီနေ့ပင်ပန်းနေပြီ၊ တစ်နေ့လည်လုံး ဆော့ထားတော့ အခုတောင်ငိုက်နေပြီလေ”
…….
ဒုတိယထပ်သို့ ရောက်သောအခါ လီရှီးရှီးက လှေကားအနီးရှိ အခန်းတံခါးတစ်ချပ်ကို ပေါ့ပေါ့ပါးပါးဖွင့်လိုက်ရင်း ရှင်းပြသည်။
“ကျွန်မတို့ဆီက အခန်းတိုင်းမှာ ပြတင်းပေါက်တွေ ပါပါတယ်၊ ဒါကတော့ ၁.၃၅ မီတာ အကျယ်ရှိတဲ့ ကုတင်နှစ်လုံးပါတဲ့ အထူးအခန်းလေးပါ၊ တကယ်တော့ အစ်ကိုတို့ မိသားစု သုံးယောက် အေးအေးဆေးဆေး အိပ်လို့ရလောက်အောင် ကျယ်ဝန်းပါတယ်”
“တီဗွီ၊ ရေနွေးအိုး၊ ဆံပင်ခြောက်ခံစက်စတဲ့ ပစ္စည်းတွေ အစုံအလင် ပါရှိပါတယ်၊ လေအေးပေးစက်နဲ့ ဝိုင်ဖိုင်လ်ကိုလည်း အပြည့်အဝ တပ်ဆင်ပေးထားပါတယ်၊ ညဘက် စောင်ထပ်လိုချင်ရင် ဗီရိုထဲမှာ စောင်အပိုတွေ ရှိပါတယ်ရှင့်”
သူမ၏ စကားသံထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး ဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးချင်သည့် စေတနာများ အထင်းသားပေါ်လွင်နေသည်။
လီကျီဖျင်၏ဇနီး ဟန်မေက အခန်းထဲသို့ ပထမဆုံး ဝင်သွားသည်။
တောင်ပေါ်ရှိ ဖမ်းလ်ဟောက်စ် တည်းခိုခန်းဆိုသည်မှာ နှစ် ၇၀၊ ၈၀ အကြာက ဟောင်းနွမ်းနေသော တည်းခိုခန်းများကဲ့သို့ ယောကျာ်းဖြစ်သူ၏အိမ်ဟောင်းထက် အနည်းငယ်မျှသာ ပိုကောင်းမည်ဟု သူမ အစက ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
ဤဖမ်းလ်ဟောက်စ်၏ အပြင်ပန်းသဏ္ဍာန်က ကောင်းမွန်နေသော်ငြား သူမယောကျာ်း ဇာတိရွာရှိ အိမ်များစွာသည် အပြင်ဘက်တွင်သာ တောက်ပသစ်လွင်နေတတ်ပြီး အထဲတွင် ဟာလာဟင်းလင်း ဖြစ်နေတတ်သည် မဟုတ်လော။
အချို့ဆိုလျှင် ကွန်ကရစ်ကြမ်းပြင်ပင် မရှိကြပေ။
သို့သော် ဤဖမ်းလ်ဟောက်စ်၏ တည်းခိုခန်းအခြေအနေက ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။ ဤကုတင်နှစ်လုံးပါ
ဤကုတင်နှစ်လုံးပါ အခန်းသည် စတုရန်းမီတာ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်ခန့် ကျယ်ဝန်းပုံရပြီး အပြင်အဆင်မှာလည်း အလွန်လှပကာ တရုတ်ရိုးရာအငွေ့အသက်နှင့် ခေတ်မီမှုတို့ကို ပေါင်းစပ်ထားသော ဒီဇိုင်းအသစ်မျိုး ဖြစ်နေခြင်းက အံ့သြစရာပင်။
လေညင်းခံရန် ဝရန်တာငယ်လေးတစ်ခုလည်း ပါရှိပြီး ဘေးခန်းနှင့် နံရံတစ်ခုခြားကာ လုံးဝခွဲခြားထားသဖြင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်လည်း စိတ်ပူစရာ မလိုတော့ပေ။
အခန်းတွင်းရှိ လတ်ဆတ်သော လေပြေလေညင်းလေးက သူမ၏ ပင်ပန်းနွမ်းနယ်မှုများကို အတန်ငယ် ပြေလျော့သွားစေခဲ့၏။
သို့သော် မြင်မြင်ချင်း သန့်ရှင်းနေပုံရတိုင်း နေရာတိုင်း သန့်ရှင်းနေမည်ဟု မဆိုနိုင်ပေ။
သူမ စီးပွားရေးကိစ္စများဖြင့် ခရီးသွားစဉ်က တည်းခိုခဲ့ဖူးသည့် ကြယ်ပွင့်အဆင့်မြင့် ဟိုတယ်ကြီးများတွင်ပင် အိပ်ရာခင်းပေါ်တွင် ယခင်ဧည့်သည်၏ဆံပင်များ ကျန်ရစ်နေခြင်း၊ လေအေးပေးစက် အားမကောင်းခြင်း၊ အသံလုံမှု အားနည်းခြင်း၊ သို့မဟုတ် ကြမ်းပြင်မသန့်ရှင်းခြင်းကဲ့သို့သော အသေးစိတ် အားနည်းချက်လေးများ ရှိတတ်သည်သာ။
ထို့ကြောင့် ပိုင်ရှင်ဖြစ်သူနှင့် စျေးဆစ်ရန် အားနည်းချက်အနည်းငယ်ကို ရှာဖွေကြည့်မည်ဟု သူမတွေးလိုက်သည်။
လီကျီဖျင်နှင့် အတူနေလာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူ၏အမူအကျင့်များကို သိနေသဖြင့် လီကျီဖျင်အနေဖြင့် စျေးကြီးသည်ဟု ခံစားနေရကာ ပေးရသည်နှင့် မတန်ဟု တွေးနေမည်ကို သဘာဝကျကျပင် သူမ ရိပ်မိနေသည်။
အမှန်တကယ်ဆိုလျှင် ဤနေရာကသာ နာမည်ကြီးဟိုတယ်တစ်ခုခုမှာ ဆိုပါက ဤစျေးနှုန်းနှင့် ဤပတ်ဝန်းကျင်မျိုးအတွက် စျေးကြီးသည်ဟု သူမ လုံးဝထင်မည်မဟုတ်ဘဲ အလွန်တန်သည်ဟုပင် ခံစားရပေလိမ့်မည်။
သို့သော် ဤနေရာက အလွန်ခေါင်ဖျားလွန်းနေသဖြင့် ကောက်ခံသည့်စျေးနှုန်းများက မြင့်မားလွန်းနေသည်ဟု သူမကိုယ်တိုင်လည်း ယူဆမိသည်။
သို့သော် သူမက အခန်း၏ထောင့်ပေါင်းစုံကို စေ့စေ့စပ်စပ် လိုက်လံစစ်ဆေးကြည့်သော်လည်း အပြစ်အနာအဆာ တစ်ခုမျှ မတွေ့ရချေ။ ရေချိုးခန်းထဲရှိ အိမ်သာခွက်သည်ပင် ဖြူဖွေးတောက်ပနေပြီး ဖုန်တစ်မှုန်ကိုမျှ ရှာမတွေ့နိုင်အောင် သန့်ရှင်းနေသည်။
ဤအခြေအနေက သူမအတွက် အပြစ်ရှာရန် နေရာမရှိတော့အောင် ဖြစ်သွားစေပြီး ဖန်ဖန်ကလည်း သမ်းဝေရင်းမေးလာသည်။
“ဖေဖေ၊ မေမေ... သား အိပ်လို့ရပြီလား၊ သား အရမ်းအိပ်ချင်နေပြီ”
ဟန်မေက သားဖြစ်သူကိုပွတ်သပ်ရင်း ညင်သာစွာ ချော့လိုက်သည်။
“ဖန်ဖန်လေးက လိမ္မာတယ်နော်... ခဏနေရင်အိပ်ရတော့မှာပါ”
ထို့နောက် သူမရှေ့ရှိ မိန်းကလေးရှိရာဘက်သို့ လှည့်ကာ စကားစလိုက်သည်။
“သူဌေးမလေး... ကျွန်မတို့ကို နည်းနည်းလောက် လျှော့ပေးလို့မရဘူးလားဟင်၊ ကျွန်မတို့က ရက်အတော်ကြာ တည်းမှာမို့လို့ပါ”
စကားပြောဆိုနေရင်းမှ သူမ အရှေ့ရှိ ငယ်ရွယ်သော မိန်းကလေးမှာ ဤနေရာ၏ပိုင်ရှင်ဖြစ်ကြောင်း ဟန်မေသိလိုက်ရသည်။
လီရှီးရှီး အနည်းငယ် အနေခက်သွား၏။ ဤနေရာ၏ ပိုင်ရှင်ဖြစ်လင့်ကစား စနစ်ကသတ်မှတ်ထားသည့် စျေးနှုန်းများကို သူမ ပြောင်းလဲ၍ မရနိုင်ပေ။ ထို့ကြောင့် သူမက ရှင်းပြရသည်။
“တောင်းပန်ပါတယ်ရှင့်... ကျွန်မတို့ဆီက စျေးနှုန်းတွေအားလုံးက ပုံသေသတ်မှတ်ထားတာမို့လို့ပါ၊ ဒီလိုလုပ်လေ... အစ်မတို့ ဒီမှာတည်းခိုနေတဲ့ ကာလတစ်လျှောက်လုံးအတွက် မနက်စာကို အခမဲ့စီစဉ်ပေးပါ့မယ်၊ ဘယ်လိုလဲဟင်”
ဟန်မေက လျှော့ဈေးရမှ ကျေနပ်မည့်သူမျိုးတော့ မဟုတ်ပေ။ သို့သော် စကားဟမိပြီးမှ တစ်ဖက်က လုံးဝမလျှော့ပေးလျှင် အနည်းငယ်တော့ ခံရခက်ပေလိမ့်မည်။
ယခုမူ အခမဲ့ နံနက်စာရရှိမည်ဆိုသဖြင့် သူမ ကျေနပ်သွားသည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး နေထိုင်ရန် ရွေးချယ်လိုက်တော့သည်။
“ကောင်းပါပြီ၊ ဒါဆို ဧည့်ကြိုကောင်တာမှာ သွားပြီး စာရင်းသွင်းလိုက်ကြတာပေါ့၊ ကျွန်မတို့ကို ဒီအခန်းပဲပေးပါ၊ ကလေးကို ကုတင်ပေါ် အရင်သိပ်လိုက်ဦးမယ်”
…
မစ်ရှင်အသစ်၏ ဆယ်ပုံသုံးပုံကို ပြီးမြောက်သွားပြီဖြစ်သဖြင့် လီရှီးရှီး၏စိတ်အခြေအနေက အလွန်ကောင်းမွန်နေပြီး တက်ကြွရွှင်လန်းစွာ လှမ်းမှာလိုက်သည်။
“ကျွန်မတို့ဆီမှာ မနက်စာသုံးဆောင်နိုင်တဲ့အချိန်က မနက် ၇ နာရီခွဲကနေ ၉ နာရီခွဲအထိပါ၊ မနက်စာလာစားဖို့ မမေ့နဲ့ဦးနော်”
တစ်နေ့တာလုံး ခရီးသွားလာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသော လီကျီဖျင်နှင့် ဟန်မေတို့သည် အခန်းကတ်ကိုယူကာ အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
လှေကားပေါ်တွင် လီကျီဖျင်က ညည်းတွားနေဆဲပင်။
“ဟူး... ဒီက ဖမ်းလ်ဟောက်စ်က အရမ်းကို စျေးကြီးလွန်းပါတယ်၊ လျှော့စျေးကို လုံးဝမပေးတာ၊ တခြားရွေးချယ်စရာမရှိလို့သာ ဒီမှာတည်းလိုက်ရတာ”
ဟန်မေက သူ့ကို နှစ်သိမ့်ပေးလိုက်၏။
“ကဲပါ ကိုကိုလီရယ်... ပိုက်ဆံကိစ္စကို စိတ်ညစ်မနေပါနဲ့၊ ပေးပြီးသွားပြီပဲဟာကို၊ ဒီက တည်းခိုခန်းအခြေအနေ ဘယ်လောက်ကောင်းလဲဆိုတာပဲ စဉ်းစားကြည့်ပါ”
“အနည်းဆုံးတော့ အရမ်းသန့်ရှင်းနေတယ်လေ၊ နာမည်ကြီး ဟိုတယ်တစ်ခုမှာ သွားတည်းနေတယ်လို့ပဲ သဘောထားလိုက်ပါ၊ ဒီက ရှုခင်းတွေကလည်း တကယ်လှတယ်လေ”
အခန်းထဲသို့ ပြန်ရောက်သောအခါ ဟန်မေက မအိပ်မီ ရေချိုးခေါင်းလျှော်ရန် စီစဉ်လိုက်သည်။
စောစောက လီကျီဖျင်၏ အိမ်ဟောင်းတွင် ရေတစ်ဇလုံနှင့် တဘက်တစ်ထည်ကိုသာ အသုံးပြုကာ အမြန်ရေပတ်တိုက်ခဲ့ရသဖြင့် သူမ အနည်းငယ် သက်သောင့်သက်သာ မဖြစ်ခဲ့ပေ။
ယခုမူ ဤရေချိုးခန်းထဲတွင် အေးအေးဆေးဆေး ရေချိုးသန့်စင်ပြီးမှသာ ကောင်းကောင်း အနားယူတော့မည်ဟု သူမ ဆုံးဖြတ်လိုက်လေတော့၏။