← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

13

ရေချိုးခန်းထဲမှ ရေနွေးငွေ့နွေးနွေးလေးနှင့်အတူ ထွက်လာချိန်တွင် ဆံပင်ကို လေမှုတ်စက်ဖြင့် ခြောက်အောင်မှုတ်ပြီးပြီဖြစ်ကာ သားဖြစ်သူရော ခင်ပွန်းပါ အိပ်မောကျနေကြပြီဖြစ်သည်။

လီကျီဖျင်၏ ဟောက်သံက တစ်ခန်းလုံး ဟိန်းထွက်နေသည်။ ယနေ့ တစ်နေကုန် ကားမောင်းရ၊ သန့်ရှင်းရေးလုပ်ရနှင့် အတော်လေးပင်ပန်းသွားရှာပုံရ၏။

ဟောက်သံရပ်သွားစေရန် သူ့ကို နှိုးလိုက်ချင်သော်လည်း အိပ်ရေးပျက်သွားမည်စိုးသဖြင့် မနှိုးရက်တော့ပေ။

ဖန်ဖန်တစ်ယောက် ဤမျှ အိပ်မောကျနေခြင်းကလည်း ရှားရှားပါးပါးပင်။ သားအဖနှစ်ယောက် တစ်ကုတင်တည်း အတူအိပ်နေကြပြီး ဖန်ဖန်၏နားနားကပ်ကာ ဟောက်နေသည့်တိုင် ကလေးက လုံးဝနိုးမလာချေ။

ဟန်မိန်က ခေါင်းလေးခါကာ ပြုံးလိုက်မိသည်။ ‘အားလုံး တကယ်ကို ပင်ပန်းနေကြပြီပဲ'

သူမလည်း ကုတင်ပေါ်သို့ ဖြည်းညင်းစွာ လှဲချလိုက်ပြီး ညအိပ်မီးလေးကို ပိတ်လိုက်သည်။ ပုံမှန်ဆိုလျှင် အအိပ်ဆက်တတ်သူမို့ လီကျီဖျင်၏ဟောက်သံကြောင့် အလွယ်တကူအိပ်ပျော်နိုင်မည်မဟုတ်ဟု အစက ထင်ထားခဲ့၏။

သို့သော် ကုတင်ပေါ်ရောက်ပြီး မကြာမီမှာပင် မည်သို့မည်ပုံ အိပ်မောကျသွားမှန်း သူမကိုယ်တိုင်ပင် မသိလိုက်တော့ချေ။

နောက်တစ်နေ့နံနက်ခင်းတွင် သားဖြစ်သူ၏နှိုးသံကြောင့် ဟန်မိန် နိုးလာခဲ့သည်။

“မေမေ၊ မြန်မြန်ထတော့လေ၊ နေတောင် မြင့်နေပြီ။ သားဗိုက်ထဲမှာလည်း ဆာလွန်းလို့ အသံတွေတောင်မြည်နေပြီ၊ အခုမထရင် မနက်စာ စားရတော့မှာမဟုတ်ဘူး”

ဟန်မေ မျက်လုံးများကို ပွတ်သပ်လိုက်ရင်း အိပ်ချင်မူးတူးဖြင့် အကြောဆန့်လိုက်သည်။

မနေ့ညက မည်သည့်အသံကမျှ အနှောင့်အယှက်မပေးဘဲ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး အိပ်မက်လှလှလေးတစ်ခုပင် မက်ခဲ့သေးသည်ဟု ခံစားနေရသည်။

“ဘယ်နှနာရီရှိနေပြီလဲ၊ ဒီနေ့ အိပ်ပုပ်လေးတောင် စောစောထလို့ပါလား”

မျက်လုံးတစ်ဝက်သာဖွင့်ထားရင်း စောင်အောက်မှလက်ကိုထုတ်ကာ သားဖြစ်သူ၏ဆံပင်လေးများကို တယုတယ ပွတ်သပ်ပေးလိုက်သည်။

ဖန်ဖန်က မကျေမနပ်ဖြင့် နှုတ်ခမ်းလေးဆူကာ ချက်ချင်းငြင်းဆန်တော့သည်။

“သားက အိပ်ပုပ်လေး မဟုတ်ပါဘူးနော်၊ မေမေ့ထက်တောင် အရင်နိုးသေးတယ်။ ဖေဖေကတော့ ကားမောင်းပြီးထွက်သွားပြီ၊ မေမေနိုးလာရင် ဖေဖေတစ်ယောက်တည်း သွားကူလို့ရတယ်လို့ ပြောလိုက်တဲ့၊ သားတို့ကို ဒီမှာပဲ သေချာအနားယူနေခဲ့ပါတဲ့”

ထိုစကားလည်းကြားရော ဟန်မိန်၏အိပ်ချင်စိတ်များ လွင့်စင်သွားကာ အမြန်ထထိုင်လိုက်သည်။

“သားဖေဖေ ဘယ်အချိန်ကထွက်သွားတာလဲ၊ မေမေ ဘာသံမှတောင်မကြားလိုက်ရပါလား။ အခု ဘယ်နှနာရီထိုးနေပြီလဲ”

ကလေးပတ်နာရီလေးကို မိခင်ဖြစ်သူရှေ့ထိုးပြရင်း ဖန်ဖန်က သတိပေးလိုက်၏။

“ကြည့် ၈ နာရီ ၅၀ တောင် ရှိနေပြီ၊ အခုမထရင် မနက်စာ မှီတော့မှာမဟုတ်ဘူး၊ ဖေဖေ မထွက်သွားခင်က မနက်စာကို ၇ နာရီခွဲကနေ ၉ နာရီခွဲအထိ ကျွေးတယ်လို့ ပြောသွားတယ်”

“ဖေဖေ မနက်စာစားပြီးလို့ အပေါ်တက်လာတော့ မေမေအိပ်နေတုန်းမို့လို့ သားကိုပဲလာနှိုးသွားတာ၊ မေမေနိုးလာတာကိုစောင့်ပြီးမှ အတူတူ မနက်စာသွားစားကြလို့ မှာသွားတယ်”

ထိုသို့ပြောနေချိန်တွင် ဖန်ဖန်၏လေသံထဲ၌ အနည်းငယ်မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်လေးများ ပါဝင်နေသည်။ သူကိုယ်တိုင်လည်း အိပ်မောကျနေခဲ့သည် မဟုတ်လော။

ဖခင်ဖြစ်သူက သူ့ကို အတင်းလှုပ်နှိုးကာ မိခင်နိုးလာလျှင် သူအရင်ထွက်သွားပြီဖြစ်ကြောင်းနှင့် ညစာစားချိန်ရောက်မှ လာကြိုမည်ဖြစ်ကြောင်း ပြောပြခိုင်းခဲ့ခြင်းဖြစ်သည်။

ဟန်မိန်သည် ကိုးနာရီထိုးတော့မည်ဆိုသည့်အသိကြောင့် မယုံကြည်နိုင်စွာဖြင့် ကုတင်ဘေး စားပွဲခုံပေါ်ရှိ ဖုန်းကိုကောက်ယူကာ အချိန်ကို သေချာပြန်ကြည့်လိုက်သည်။ တကယ်ပင် ကိုးနာရီ ထိုးလုနီးပါး ဖြစ်နေချေပြီ။

သူမ ဤမျှနောက်ကျသည်အထိ အိပ်ရာမထဘဲ နေခဲ့သည်မှာ အတော်လေးကြာမြင့်ခဲ့ပြီဖြစ်သည်။ လီကျီဖျင် အိပ်ရာထ၊ အပြင်ထွက်၊ ပြန်ဝင်လာပြီး နောက်တစ်ခေါက်ထပ်ထွက်သွားသည်အထိ သူမ လုံးဝမနိုးခဲ့ပေ။

တကယ့်ကို နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ အိပ်မက်လှလှလေးမက်ခဲ့သည်ဟု ခံစားနေရသော်လည်း အိပ်မက်ထဲက အကြောင်းအရာများကိုမူ ယခု ပြန်လည်မှတ်မိခြင်းမရှိတော့ပေ။

ဤတိတ်ဆိတ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်လေးက သူမ၏စိတ်ဖိစီးမှုများကို ပြေပျောက်စေခဲ့ပုံရသည်။

အမြန်မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် သားဖြစ်သူကိုခေါ်ကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။ ဧည့်သည်များဆင်းလာသည်ကို မြင်သည်နှင့် လီရှီးရှီးက နွေးထွေးစွာ ဆီးကြိုနှုတ်ဆက်လိုက်၏။

“မင်္ဂလာနံနက်ခင်းပါ၊ ကျွန်မတို့ဆီက ပေါက်စီတွေနဲ့ ပဲနို့က စားဖိုမှူးကိုယ်တိုင် အခုလေးတင် လတ်လတ်ဆတ်ဆတ်လုပ်ထားတာမို့ မြည်းစမ်းကြည့်ပါဦးရှင့်”

သူမ၏ မျက်လုံးများထဲတွင် ကိုယ်ပိုင်လုပ်ငန်းလေးကို အကောင်းဆုံးဖြစ်စေချင်သည့် ရည်မှန်းချက်များသာ တောက်ပနေသည်။

ဟန်မိန်က အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။ သူမရှေ့ရှိ စားပွဲပေါ်တွင် ဆန်ပြုတ်၊ ဟင်းသီးဟင်းရွက်အချဉ်၊ ကြက်ဥ၊ ပြောင်းဖူး၊ ပေါက်စီနှင့် ပဲနို့စသည်ဖြင့် ရိုးရှင်းသည့်ဟင်းလျှာများကို ဝေ့ကြည့်လိုက်သည်။

သို့သော် သူမ သိပ်ပြီးစိတ်ထဲမထားဘဲ ပန်းကန်အလွတ်တစ်လုံးကိုယူကာ ဆန်ပြုတ်ခပ်ထည့်လိုက်သည်။

ဖန်ဖန်ကတော့ စားပွဲပေါ်ရှိ နည်းပါးလွန်းသောစားစရာများကို ကြည့်ပြီး နှုတ်ခမ်းစူကာ မျက်နှာလေးရှုံ့မဲ့သွားသည်။

အိမ်က မနက်စာက အရမ်းကြီးခမ်းနားနေ၍တော့မဟုတ်ပေ။ သို့သော် သူက အသားမပါလျှင်မစားတတ်သည့် ကလေးတစ်ယောက် ဖြစ်နေသည်။ စားပွဲပေါ်ရှိအရာအားလုံးက သက်သတ်လွတ်တွေကြီး ဖြစ်နေ၏။

ထို့ကြောင့် မိခင်ဖြစ်သူ၏ အင်္ကျီလက်ကိုဆွဲကာ ပူဆာတော့သည်။

“မေမေ... သား ဟမ်ဘာဂါစားချင်တယ်”

ဟန်မိန်က အလွယ်တကူပင် ဖြောင်းဖြလိုက်သည်။

“ဒါဆို ပေါက်စီစားလေ၊ ဒီမှာတော့ ဒါကဟမ်ဘာဂါပဲ”

“ဘယ်လိုလုပ် တူမှာလဲ”

ဖန်ဖန်က မကျေမနပ်ဖြင့် ငြင်းခုန်နေ၏။

“ဒါကြီးက ဟမ်ဘာဂါနဲ့ လုံးဝမတူဘူးလေ”

“ဘာမတူရမှာလဲ၊ အထဲမှာ အစာတွေပါတယ်လေ။ ကဲပါ ပါးစပ်ဟ”

မိခင်ဖြစ်သူက ပေါက်စီတစ်လုံးကိုဖဲ့ကာ သားဖြစ်သူ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။

“အွန်း...”

အတင်းအကျပ် ခွံ့ကျွေးခံလိုက်ရသဖြင့် ဖန်ဖန်က ပေါက်စီကို ဝါးစားလိုက်ရတော့သည်။

‘အင်း... အရသာက တော်တော်လေးကောင်းတာပဲ' သူထင်ထားသည်ထက် အများကြီးပိုကောင်းနေခဲ့သည်။

ပါးစပ်ထဲကဟာ ကုန်သွားချိန်တွင်တော့ နောက်တစ်လုံး ထပ်မစားဘဲမနေနိုင်တော့ချေ။

ပေါက်စီများက ဖန်ဖန်၏လက်ဝါးထက်ပင် ကြီးမားနေသေးသည်။ မနက်စာ တစ်နပ်တည်းဖြင့် ထိုပေါက်စီကြီးသုံးလုံး၊ ပြောင်းဖူးနှစ်ဖူးနှင့် ပဲနို့တစ်ခွက်လုံးကို အကုန်အစင် စားပစ်လိုက်တော့သည်။

‌ကလေးငယ်လေးက မိခင်ဖြစ်သူထက်ပင် မနက်စာကို ပိုစားနိုင်ခြင်းက အံ့သြစရာပင်။ ဟန်မိန်ကိုယ်တိုင်ပင် သတိပြုမိသွားပြီး စိုးရိမ်တကြီးဖြင့် တားလိုက်ရသည်။

“ဖန်ဖန်... တွေ့ကရာတွေ အတင်းလျှောက်မစားနဲ့လေ၊ ဗိုက်တင်းနေရင်ဆက်မစားနဲ့တော့၊ အဲဒါ အစာအိမ်အတွက်မကောင်းဘူး”

“မေမေ၊ သားဗိုက်ထဲမှာ ကွက်တိပဲ၊ ဗိုက်ပြည့်သွားပြီ၊ သား ဟိုအနောက်ဘက်မှာ သွားဆော့လို့ရမလားဟင်”

အခန်းဝရန်တာမှ ကြည့်စဉ်ကတည်းက အနောက်ဘက်တွင်စီးဆင်းနေသော ချောင်းငယ်လေးတစ်ခုကို ဖန်ဖန်တွေ့ထားခဲ့သည်။

မနေ့က နေ့လယ်ပိုင်းတွင် ဆော့ခဲ့ရသည်ကို အားမရသေးဘဲ ယခု ချောင်းငယ်လေးကို ထပ်တွေ့လိုက်ရသဖြင့် ထပ်ဆော့ချင်စိတ်များ တဖွားဖွားပေါ်လာတော့လေ၏။

သားဖြစ်သူ အပြင်ထွက်ဆော့ချင်နေသည်ကို မြင်တော့မှ ဟန်မိန် စိတ်သက်သာရာရသွားသည်။ ပြောင်းဖူးက အကြမ်းစား အစေ့အဆန်ဖြစ်ပြီး အစာကြေလွယ်သဖြင့် ပေါက်စီသုံးလုံးနှင့် ပဲနို့တစ်ခွက်က တကယ်တမ်းတွင် သိပ်များလွန်းသည်တော့မဟုတ်ဟု တွေးလိုက်မိ၏။

ထို့နောက် သားဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ရင်း ခွင့်ပြုလိုက်သည်။

“အိုကေ၊ မေမေ့ကိုခဏစောင့်၊ ခဏနေရင် ချောင်းလေးနားမှာ မေမေလိုက်ဆော့ပေးမယ်။ အရင်က မေမေပြောဖူးတာတွေ မှတ်မိတယ်မလား”

ဖန်ဖန်က သူ့အင်္ကျီစကိုဆွဲချေရင်း တိုးတိုးလေးပြန်ဖြေလာသည်။

“သိပါတယ်... လိမ္မာတဲ့ကလေးတွေက ရေထဲမှာ တစ်ယောက်တည်းမဆော့ရဘူးလေ။ လူကြီးတစ်ယောက် အနားမှာရှိမှရမှာ”

“လိမ္မာလိုက်တဲ့သားလေး”

…….

အနောက်ဘက်ရှိ ချောင်းငယ်လေးဆီသို့ လျှောက်သွားရင်း ဟန်မိန် အံ့သြတကြီးရေရွတ်လိုက်မိသည်။

“ဒီနေရာတွေက ရေက အရမ်းကြည်လင်နေတုန်းပဲ။ ငါးတွေ၊ ပုစွန်တွေကလည်း လူကို နည်းနည်းလေးမှမကြောက်ကြဘူး၊ ငါးမျှားဝါသနာပါတဲ့လူတွေသာ ဒီရောက်လာရင် တစ်နေကုန်အချိန်ဖြုန်းနေမိမှာ သေချာတယ်”

ကြည်လင်နေသောရေပြင်အောက်မှ သဲပွင့်လေးများနှင့် ကူးခတ်နေသောငါးငယ်လေးများကို မြင်ရသည်မှာ စိတ်ကြည်နူးစေလေ၏။

နေ့လယ်ပိုင်းလောက်တွင် လီကျီဖျင်ထံမှ ဖုန်းဝင်လာခဲြသည်။

“ဟယ်လို မိန်းမ၊ ကိုယ် ဒီမှာအလုပ်များနေတုန်းပဲ၊ မင်းနဲ့ ဖန်ဖန်ပဲ ဖမ်းလ်‌ဟောက်စ်မှာ တစ်ခုခုစားလိုက်ကြတော့နော်။ ဒီက နေ့လယ်စာကလည်းဖြစ်သလိုပဲ စားကြရမှာဆိုတော့လေ၊ ညစာစားချိန်ကျမှ ကိုယ်လာကြိုမယ်။ ဆက်ပြောလို့ မရသေးဘူး၊ အလုပ်များနေလို့ ဖုန်းချလိုက်ပြီနော်”

ဟန်မိန်က သားဖြစ်သူကိုခေါ်ကာ ဖမ်းလ်‌ဟောက်စ်သို့ ပြန်လာခဲ့ရာ စားသောက်ခန်းထဲတွင် ယနေ့မီနူးများကို ရေးထားသည့် ကျောက်သင်ပုန်းငယ်လေးတစ်ခု ရောက်နေသည်ကို သူတွေ့လိုက်ရသည်။

သူမ ပြုံးလိုက်မိကာ မှတ်ချက်ပြုလိုက်၏။

“ဒီလိုဆိုတော့ အများကြီးအဆင်ပြေသွားတာပေါ့၊ နေ့တိုင်း ဘာဟင်းတွေရလဲဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တယ်လေ”

လီရှီးရှီးက ခေါင်းညိတ်ပြလိုက်သည်။ ဤကျောက်သင်ပုန်းလေးကို သူမ တောင်အောက်ဆင်းစဉ်က ဝယ်လာခဲ့ခြင်းဖြစ်၏။

မီနူးမရှိခြင်းက အနည်းငယ် အဆင်မပြေဖြစ်စေကြောင်း သူမကိုယ်တိုင် သတိထားမိခဲ့သော်လည်း ရွာသားများထံမှ ရရှိသည့် ပါဝင်ပစ္စည်းများအပေါ် မူတည်၍ နေ့စဉ်ဟင်းလျာများက ပြောင်းလဲနေတတ်သည်။

သူမ ငှားရမ်းထားသော မြေဆယ်ဧကတွင် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များမှာ မကြာသေးမီကမှ ကြဲချထားခြင်းဖြစ်ပြီး ကြီးထွားလာရန် အနည်းဆုံး တစ်လခန့်အချိန်ယူရဦးမည်မဟုတ်လော။

ခြံထွက်သီးနှံများဖြင့် ဧည့်သည်များကို အကောင်းဆုံးဧည့်ခံနိုင်မည့်နေ့ကို သူမ စိတ်အားထက်သန်စွာ စောင့်မျှော်နေမိတော့သည်။

ဟန်မိန်က ကျောက်သင်ပုန်းပေါ်ရှိ မီနူးကိုကြည့်ရင်း မှာယူလိုက်သည်။

“ဒါဆိုရင် ကြက်သားကြော်ရယ်၊ သခွားသီးသုပ်ရယ်၊ ဘိုလုံသီး ကြက်ဥဟင်းချိုရယ်ပေးပါ၊ ပြီးတော့ ထမင်းဖြူနှစ်ပွဲ။ ကျွန်မတို့ သားအမိနှစ်ယောက်အတွက် ဒါဆိုလောက်ပါပြီ”

“ဟုတ်ကဲ့ပါရှင့်၊ ခဏလောက် ထိုင်ပြီးအနားယူပါဦး။ နောက်ဖေးမီးဖိုချောင်က စားဖိုမှူးကို သွားပြောလိုက်ပါ့မယ်”

ဟန်မိန်တို့မိသားစု ဤနေရာတွင် သုံးရက်ဆက်တိုက် တည်းခိုဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ အလွန်နှစ်ခြိုက်စွာအိပ်ပျော်ခဲ့ပြီး မနက်တိုင်း အားအင်ပြည့်ဝစွာဖြင့် နိုးထလာခဲ့ရသည်ဟု ခံစားရသည်။

လူရှုပ်လွန်းသော အခြားရှုခင်းသာများနှင့်မတူဘဲ စိမ်းလန်းသောတောင်တန်းများ၊ ကြည်လင်သောရေပြင်တို့နှင့် သဘာဝပတ်ဝန်းကျင် အလွန်ကောင်းမွန်သောကြောင့် ဖြစ်မည်ဟု သူမယုံကြည်မိ၏။

ဤနေရာလေး၏ တိတ်ဆိတ်ငြိမ်းချမ်းမှုကြောင့်ပင် ဖြစ်ကောင်းဖြစ်မည်၊ ပြီးခဲ့သည့် နှစ်ရက်အတွင်း ခေါင်းဖြီးတိုင်း ဆံပင်ကျွတ်သက်သာလာသည်ကိုပင် သူမသတိပြုမိခဲ့သည်။

အကယ်၍ သုံးရက်သာရရှိသော အားလပ်ရက်မဟုတ်ခဲ့လျှင်၊ အလုပ်ပြန်ဆင်းရန်နှင့် ကျောင်းပြန်တက်ရန်မလိုခဲ့လျှင် ဤနေရာလေးတွင် နောက်ထပ်နှစ်ရက်ခန့် ဆက်နေချင်သေးသည်အထိ ဟန်မိန် စွဲလမ်းနေမိတော့သည်။

14

ဟန်မိန် မပြန်ခင်လေးတွင် ဤနေရာလေးသို့ လာရောက်လည်ပတ်ခဲ့ရသည့် သူမတို့မိသားစု၏ ပျော်ရွှင်စရာဓာတ်ပုံလေးများကို ဝီချက်မုမန့်တွင် တင်လိုက်သည်။

ဓာတ်ပုံများနှင့်အတူ “ဆူညံရှုပ်ထွေးတဲ့ မြို့ပြနဲ့ဝေးရာမှာ ငြိမ်းချမ်းတဲ့ဘဝလေးကိုခံစားရင်း သဘာဝတရားဆီ ပြန်လည်ရောက်ရှိပြီး ကျေးလက်ရှုခင်းတွေကို ခံစားနေတယ်” ဟူသော စာသားလေးကိုလည်း ရေးသားထားသေး၏။

သူမ၏ အပေါင်းအသင်း၊ မိတ်ဆွေအသိုင်းအဝိုင်းက ကျယ်ပြန့်လှသဖြင့် ပို့စ်တင်ပြီး မကြာမီမှာပင် လူအများအပြားက လိုက်ခ်ပေးကာ မှတ်ချက်များ ဝင်ရေးကြတော့သည်။

“မမဟန်၊ ဘယ်ကို ခရီးထွက်နေတာလဲ၊ ရှုခင်းတွေက တကယ်မိုက်တာပဲ” (သူမ၏လက်အောက်ငယ်သားထံမှ)

“နင်ကတော့ ဘဝကို တကယ်ခံစားတတ်တာပဲ၊ ကြည့်ရတာ အရမ်းကို သက်သောင့်သက်သာရှိပုံရတယ်” (ကျောင်းနေဘက်သူငယ်ချင်းဟောင်းထံမှ)

“ဖန်ဖန်လေး နည်းနည်းပိန်သွားသလိုပဲနော်” (ယောက္ခမဖြစ်သူထံမှ)

သူမက တစ်ယောက်ချင်းစီကို စာပြန်လိုက်ပြီးနောက် ဘေးတွင်ထိုင်နေသော ဖန်ဖန်ကို လှည့်ကြည့်လိုက်၏။

‘တကယ် ပိန်သွားတာပဲ' သေချာကြည့်လိုက်ကာမှ သားဖြစ်သူ၏ မေးနှစ်ထပ်က သိသိသာသာ လျော့ကျသွားသည်ကို သတိပြုမိတော့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏သားမှာ ဆီကြော်စာများကို လုံးဝစားခွင့်မရခဲ့ဘဲ သဘာဝမှရသော သန့်ရှင်းလက်ဆက်သည့် ဟင်းသီးဟင်းရွက်းများကိုသာ စားခဲ့ရသဖြင့် အနည်းငယ်ဝိတ်ကျသွားခြင်းက ပို၍ပင်ကောင်းသေးသည်မဟုတ်လော။

ဟန်မိန်နှင့် လီကျီဖျင်တို့မိသားစုကို ပြန်လည်နှုတ်ဆက်ပို့ဆောင်ပေးပြီးနောက် လီရှီးရှီးသည် အားလပ်နေသဖြင့် သူမ၏ဗီဒီယိုအက်ပ်ကို ဖွင့်ကာ ဟိုဟိုဒီဒီ ပွတ်ကြည့်နေမိသည်။ ယခင်က သူမတင်ထားခဲ့သော ဗီဒီယိုများမှာ ကြည့်ရှုသူသိပ်မရှိခဲ့ပေ။

ထို့ကြောင့် အံ့ကြိတ်ကာ ငွေအနည်းငယ်ထပ်ဖြည့်ပြီး လူပိုမိုမြင်တွေ့နိုင်ရန် ကြော်ငြာခ ထပ်မံသုံးစွဲလိုက်သည်။ ထို့အပြင် ဖြောင်ဖြောင်ထွမ် အက်ပ်ရှိ လီရှန်းဖမ်းလ်‌ဟောက်စ်၏ လင့်ခ်ကိုလည်း သူမ၏ဗီဒီယိုနှင့် ချိတ်ဆက်ထားလိုက်၏။

မှတ်ချက်ပေးသူအများစုက အလွန်ဝေးလွန်းသည်ဟု ပြောဆိုကြပြီး အနီးအနားတွင်နေထိုင်သူများကမူ အချိန်ရလျှင်လာလည်မည်ဟု မှတ်ချက်ပေးကြသည်။

အချို့ကမူ တည်းခိုခဈေးကြီးလွန်းသည်၊ အမြတ်ထုတ်နေသည်၊ ပေးရသည်နှင့်မတန်ဟု ဝေဖန်ကြသည်။ သူမ၏ဖမ်းလ်ဟောက်စ်လေးကို အောင်မြင်စေချင်သည့် ရည်မှန်းချက်များက ဤဝေဖန်မှုများကို အကောင်းဆုံးတွန်းလှန်နိုင်မည့် ခွန်အားများပင် ဖြစ်၏။

ညခုနစ်နာရီခန့်တွင် အပြင်ဘက်၌ ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းလာတော့သည်။ လီရှီးရှီးက ပြတင်းပေါက်များနှင့် အခြားအရာများကို အမြန်ပိတ်ရန် အားလုံးကို အသိပေးလိုက်၏။

ကံကောင်းထောက်မစွာဖြင့် အိပ်ရာခင်းများနှင့် အခြားပစ္စည်းများကို နေ့လယ်ကတည်းက နေလှန်းထားပြီး ခြောက်သွေ့သွားသဖြင့် အိမ်ထဲသို့ ရွှေ့ပြောင်းသိမ်းဆည်းပြီးဖြစ်နေသည်။

ထိုစဉ် ခြံဝင်းအပြင်ဘက်မှ တစ်စုံတစ်ယောက်က လူခေါ်ခေါင်းလောင်းကို ရုတ်တရက်နှိပ်လိုက်၏။

…..

ရာသီဥတုက ရုတ်တရက်ပြောင်းလဲသွားကာ မိုးသည်းထန်စွာ ရွာသွန်းလာလိမ့်မည်ဟု လျူကျီရွှီ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သူနှင့် သူ၏ ညီအစ်ကိုရင်းချာကဲ့သို့ခင်မင်ရသော သူငယ်ချင်းတစ်စုသည် ကားနှင့် ခရီးထွက်ရန်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် ရပ်ချင်သည့်နေရာရပ်၊ သွားချင်သည့်နေရာသွားဖြင့် ဦးတည်ချက် မယ်မယ်ရရမရှိဘဲ လွတ်လွတ်လပ်လပ် ခရီးသွားနေခဲ့ကြ၏။

သူတို့သည် ဂျီပီအက်စ်လမ်းညွှန်ကို ကြည့်ကာ ဤအနီးအနားသို့ ရောက်ရှိလာခဲ့ပြီး တောင်ပေါ်မှနေဝင်ဆည်းဆာကို ကြည့်ရှုပြီးနောက် တောင်အောက်သို့ဆင်းကာ ကျပန်းဟိုတယ်တစ်လုံးလုံးတွင် ဝင်ရောက်တည်းခိုပြီး နောက်တစ်နေ့တွင်ခရီးဆက်ရန် ရည်ရွယ်ထားခဲ့ကြသည်။

သို့သော် လမ်းတစ်ဝက်တွင် မိုးသည်းထန်စွာရွာသွန်းလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

တောင်ပေါ်လမ်းက ပုံမှန်လမ်းများထက် မောင်းနှင်ရန်ပိုမိုခက်ခဲသညခဖြစ်ရာ မိုးသည်းထန်စွာရွာသွန်းနေသဖြင့် သူတို့ ပို၍ပင်သတိထားကာ မောင်းနှင်ခဲ့ကြရသည်။

အစကတော့ တောင်အောက်ဆင်းရန် အချိန်အနည်းငယ်နောက်ကျသွားရုံသာဖြစ်၍ ပြဿနာကြီးကြီးမားမားမဟုတ်ဟု ထင်ခဲ့ကြသည်။

သို့သော် ရုတ်တရက် ကားဘီးပေါက်သွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။ ထို့အပြင် နောက်ဆုံးကျန်ရှိနေသော အပိုကားဘီးကိုလည်း သူတို့ အသုံးပြုထားပြီးဖြစ်သည်။

နောက်ရက်အနည်းငယ်နေမှ အပိုထားရန် ကားဘီးအသစ်တစ်လုံးထပ်ဝယ်မည်ဟု စီစဉ်ထားခဲ့သော်လည်း ကံဆိုးချင်တော့ ယခုလိုအချိန်မျိုးတွင်မှ ဘီးထပ်ပေါက်သွားခြင်းဖြစ်သည်။

ကားပြင်ဆရာထံဖုန်းဆက်ကြည့်ရာ မိုးအရမ်းသည်းပြီး မှောင်နေသည့်အပြင် တောင်ပေါ်လမ်းကလည်း သွားလာရန်ခက်ခဲသဖြင့် မနက်မိုးလင်းမှသာ လာနိုင်မည်ဖြစ်ကြောင်း ပြန်ဖြေလာ၏။

သူတို့သူငယ်ချင်းတစ်စု ကားထဲတွင်ပိတ်မိနေပြီး သက်ပြင်းချကာ ညည်းတွားနေကြရသည်။

“တောင်အောက်ရောက်ဖို့ ဘယ်လောက်တောင်လိုသေးလဲကွ”

“ကားနဲ့မောင်းရင်တောင် တစ်နာရီကျော်လောက်ကြာဦးမှာ။ လမ်းလျှောက်သွားမယ်ဆိုရင်တော့ ငါတို့ တောင်အောက်ရောက်တဲ့အချိန် မိုးတောင်တိတ်ပြီးမိုးလင်းနေလောက်ပြီ”

“တကယ်ကို ကံဆိုးတာပဲကွာ၊ အပြင်မှာ မိုးတွေကသည်းလိုက်တာ၊ ငါတို့ ဒီမှာပိတ်မိနေပြီ၊ ဒီည ကားထဲမှာပဲအိပ်ရတော့မှာလား”

“ငါတို့က ငါးယောက်တောင်ဆိုတော့ အရမ်းကျပ်နေမှာပေါ့၊ အနီးအနားမှာ ရွာလေးဘာလေးရှိမလား သွားရှာကြည့်ကြမလား၊ ညအိပ်ဖို့နေရာလေးများ ရမလားလို့”

“ဟူး... ငါ ဘာပြောခဲ့လဲ၊ နာမည်ကြီး ရှုခင်းတွေရှိတဲ့ နေရာတွေကိုပဲ သွားကြရအောင်လို့၊ အဲဒီမှာဆိုရင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အလွယ်တကူရှိမှာသေချာတယ်၊ ကားပြင်ဆရာတောင် ရှိချင်ရှိမှာ”

“ဒါပေမဲ့ မင်းတို့က အဲဒီနေရာတွေက ရိုးအီနေပြီဆိုပြီးအတင်းငြင်းတော့ အခုလို ခေါင်ဖျားတဲ့နေရာမှာ လာပိတ်မိနေပြီလေ”

“ကဲ၊ အခုဘယ်လိုလုပ်ကြမလဲ၊ စကားပုံတောင်ရှိတယ်မလား ‘ဆင်းရဲတဲ့တောင်တန်းတွေက ရိုင်းစိုင်းတဲ့လူတွေကို မွေးထုတ်ပေးတယ်’ တဲ့၊ ငါတို့ ညအိပ်ဖို့ အိမ်ငှားလို့ရရင်တောင် ကံကောင်းလှပြီ”

“ကျန်းဟောက်ယွီ... မင်းက ဘာသဘောနဲ့ပြောတာလဲ၊ အဲဒီတုန်းက မင်းလည်း ဘာမှကန့်ကွက်မနေဘဲနဲ့ အခုမှ ငါတို့ကိုအပြစ်လာတင်နေတယ်၊ မသိရင် ငါတို့ကပဲ တမင်လုပ်ခဲ့သလိုလိုနဲ့”

“ကဲပါ၊ ကဲပါ” လျူကျီရွှီက ဝင်ပြီးဖြန်ဖြေပေးလိုက်ရ၏။

“ရန်မဖြစ်ကြပါနဲ့တော့ကွာ၊ အခုမှ အဲဒီအကြောင်းတွေ ပြန်ပြောနေလို့ ဘာထူးမှာလဲ၊ ဒီညကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာပဲ စဉ်းစားကြရအောင်။ ကားထဲမှာ ငါတို့အားလုံးအတွက် စခန်းချတဲတွေရှိပေမယ့် အပြင်မှာ မိုးကအရမ်းသည်းနေတော့ တဲက လုံးဝအသုံးဝင်မှာမဟုတ်ဘူး၊ ဟူးးးး”

ထိုစဉ် အခြားတစ်ယောက်က သူ၏ဖုန်းကိုမြှောက်ပြရင်း ဝင်ပြောလာသည်။

“မြေပုံမှာပြထားတာတော့ ဒီနားလေးမှာ လီရှန်းဆိုတဲ့ ရွာတစ်ရွာရှိတယ်တဲ့၊ ငါတို့နဲ့ သိပ်မဝေးဘူး၊ ဒီညတော့ ရွာခံတစ်ယောက်ယောက်ရဲ့အိမ်မှာ သွားပြီးအိပ်ကြရအောင်”

အကြံကောင်းတစ်ခု ဖြစ်သော်လည်း လျူကျီရွှီက ခေါင်းကုတ်ရင်း စိုးရိမ်တကြီးဖြင့် ပြောလာခဲ့၏။

“ဒါပေမဲ့ ငါတို့က လူကောင်ထွားထွား ယောက်ျားကြီးတွေငါးယောက်တောင်လေ၊ ဒေသခံတွေက ငါတို့ကိုမြင်ရင် လန့်သွားမလားမသိဘူး။ ညအိပ်ဖို့ရော လက်ခံပါ့မလား”

“ဟေ့... ဟေ့၊ ဟိုမှာကြည့်စမ်း လီရှန်းရွာမှာ ဖမ်းလ်‌ဟောက်စ်တစ်ခုရှိတယ်ကွ၊ ရွေးစရာအခန်းအမျိုးအစားတွေတောင် အများကြီးပဲ၊ ငါတို့ အခန်းနှစ်ခန်းလောက် ဘိုကင်လုပ်လိုက်ရုံပဲလေ” ဝမ်ကျဲ့လိန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

“ငါ့ကိုပြစမ်းပါဦး” လူကောင်ထွားထွား လူငယ်ငါးယောက်လုံးသည် ဖုန်းစခရင်သေးသေးလေးကို ဝိုင်းအုံကြည့်လာကြသည်။

ဖြစ်ပုံမှာ ဝမ်ကျဲ့လိန်က ဖြောင်ဖြောင်ထွမ် အက်ပ်ကို မတော်တဆနှိပ်မိသွားပြီး အက်ပ်က သူတို့တည်းခိုရန်နေရာတစ်ခု အကြံပြုလာခြင်းဖြစ်သည်။

သူ ဖွင့်ကြည့်လိုက်သောအခါ အနီးအနားတွင် ‘လီရှန်းဖမ်းလ်‌ဟောက်စ်’ တစ်ခု ရှိနေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

မြေပုံပေါ်ရှိ လီရှန်းရွာနှင့် အမည်ချင်း ဆင်တူနေသဖြင့် ဆက်စပ်မှုများ ရှိနေမည်လားဟု သူတွေးမိသွားသည်။

ထို့ကြောင့် သူက အသေးစိတ်ကို နှိပ်ကြည့်လိုက်ရာ ဖမ်းလ်‌ဟောက်စ်၏တည်နေရာက သူတို့နှင့်သိပ်မဝေးဘဲ ၁.၂ ကီလိုမီတာ အကွာအဝေးတွင်ရှိနေကြောင်း ပြသနေသည်ကို တွေ့လိုက်ရလေ၏။

ဤအကွာအဝေးမှာ သိပ်မဝေးလှဘဲ ဆယ်မိနစ်ခန့် လမ်းလျှောက်လျှင် ရောက်နိုင်ပေသည်။

“ဘယ်လိုလဲ၊ ဒီည အဲဒီမှာသွားတည်းကြမလား၊ ကားထဲမှာ ငါးယောက်လုံး ပြွတ်သိပ်နေရတာထက်တော့ အများကြီးပိုကောင်းတယ်”

“အိတ်တွေ သိမ်းကြရအောင်၊ ထီးတွေလည်းယူခဲ့ဦး၊ သိပ်မဝေးတော့ မိုးမိလို့ဖျားတာမျိုးတော့ မဖြစ်လောက်ပါဘူး”

“ငါကတော့ သဘောတူတယ်၊ ဖြောင်ဖြောင်ထွမ် အက်ပ်ကနေ အရင် ဘွတ်ကင်လုပ်လိုက်ပြီးမှ လမ်းလျှောက်သွားကြတာပေါ့”

“ဒါပေမဲ့ ဒီမှာ ရီဗျူးတစ်ခုမှ မရှိသေးဘူးနော်၊ ပုံကိုပြင်ထားတာများ ဖြစ်နေမလား၊ ပြီးတော့ အခန်းတွေက သန့်ရှင်းပါ့မလားဆိုတာလည်း မသိရသေးဘူး” ကျန်းဟောက်ယွီက မကျေမနပ်ဖြင့် ပွစိပွစိလုပ်နေပြန်သည်။

လျူကျီရွှီမှာ မျက်ဖြုူလှန်သွားပြီး မအောင့်နိုင်တော့ဘဲ ဝင်ပြောလိုက်တော့၏။

“အခု ဘယ်အချိန်ရှိနေပြီလဲ၊ မင်းကဇီဇာကြောင်နေတုန်းပဲလား၊ ငါတို့မှာ ရွေးချယ်စရာရှိလို့လား၊ ကဲပါ... အခန်းကို အရင်ဘွတ်ကင်လုပ်လိုက်၊ ပြီးရင် လမ်းပြမြေပုံအတိုင်းသွားကြတာပေါ့”

သူတို့က ကုတင်နှစ်လုံးပါအခန်းများရှိ ကုတင်တစ်လုံးစီသည် ၁.၃၅ မီတာ အကျယ်ရှိကြောင်း တွေ့လိုက်ရသဖြင့် တကယ်တမ်း ပြွတ်သိပ်အိပ်မည်ဆိုလျှင် လူလေးယောက် အိပ်၍ရနိုင်ပေသည်။

သို့သော် သူတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြသော်ငြား အခြားယောက်ျားကြီးများနှင့် တစ်ကုတင်တည်း အတူမအိပ်ချင်ကြပေ။

ထို့အပြင် ကိုယ်ပိုင်ကားဖြင့် ခရီးထွက်နိုင်သူများဖြစ်ရာ အများအားဖြင့် မိသားစုအသိုင်းအဝိုင်းကောင်းမွန်သူများ ဖြစ်ကြသည်။

နောက်ဆုံးတွင် သူတို့အထဲမှ အချမ်းသာဆုံးဖြစ်သူက ကုတင်ကြီးတစ်လုံးပါ အခန်းတစ်ခန်းကို ဘွတ်ကင်လုပ်လိုက်ပြီး ကျန်သူများက ကုတင်နှစ်လုံးပါ အခန်းနှစ်ခန်းကို ဘွတ်ကင်လုပ်ကာ တစ်ခန်းလျှင် နှစ်ယောက်စီခွဲအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် လီရှီးရှီးသည် ပြတင်းပေါက်များကိုလိုက်ပိတ်နေရသဖြင့် အလုပ်များနေ၏။ ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားပြီး မိုးများ သဲကြီးမဲကြီးရွာချလာခြင်းဖြစ်သည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က အခန်းဘွတ်ကင်လုပ်ထားသည်ဆိုသော ဖုန်းမှဝင်လာသည့်မက်ဆေ့ချ်ကို သူမ မမြင်လိုက်ချေ။

ခြံဝင်းတံခါးပြင်ပမှ လူခေါ်ခေါင်းလောင်းသံနှင့်အတူ “လူရှိလားခင်ဗျာ” ဟူသော အော်ခေါ်သံကိုကြားလိုက်ရမှသာ လီရှီးရှီးက အနီးဆုံးတွင်ရှိနေသော စားဖိုမှူးကျန်းဖျင်ကို တံခါးသွားဖွင့်ပေးရန် အမြန်လှမ်းပြောလိုက်ရသည်။

“ဟေး၊ ကြည့်ရတာ ဒီအိမ်က တော်တော်လေးမိုက်သားပဲ၊ အခန်းတွေလည်း အဆင်ပြေလောက်ပါတယ်” ဝမ်ကျဲ့လိန်က ကျန်းဟောက်ယွီကို တံတောင်ဖြင့်တွတ်ကာ ပြောလိုက်သည်။

ကျန်းဟောက်ယွီက အနည်းငယ် ဇီဇာကြောင်တတ်သော်လည်း လူဆိုးတစ်ယောက်တော့ မဟုတ်ပေ။ မဟုတ်လျှင် သူတို့က သူ့ကို ဤခရီးစဉ်တွင် ခေါ်လာခဲ့မည်မဟုတ်ချေ။

“အင်း...” ကျန်းဟောက်ယွီက ရုတ်တရက် ရှက်သွေးဖြာသွားသဖြင့် ဝမ်ကျဲ့လိန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

‘ဒီကောင် ဘာဖြစ်သွားတာလဲ'

ကျန်းဟောက်ယွီ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ... ‘သြော်... မိန်းမချောလေးတစ်ယောက်ကို တွေ့သွားတာကို’ ဒီကောင် ချက်ချင်း သဘောထားပြောင်းသွားတာ မဆန်းတော့ပါဘူး’

ဝမ်ကျဲ့လိန်လည်း မနေနိုင်ဘဲ သူ၏ဆံပင်များကို လက်ဖြင့်သပ်တင်လိုက်မိသည်။ မိန်းမချောလေးရှေ့တွင် သူ၏အသွင်အပြင်ကို အလွန်အမင်းဖရိုဖရဲ မဖြစ်စေချင်ပေ။

သို့သော် မိုးရေများစိုရွှဲနေသဖြင့် သူ၏ဆံပင်များက မည်သို့မျှ ပုံသွင်း၍မရနိုင်တော့ချေ။

All Chapters