အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
15
“မင်္ဂလာပါရှင်၊ တည်းခိုဖို့လား၊ ထမင်းစားဖို့လားမသိဘူး”
လီရှီးရှီးက အပြုံးချိုချိုလေးဖြင့် ဆီးကြိုနှုတ်ဆက်လိုက်၏။ သို့သော် ဤကဲ့သို့ ဆိုးရွားလှသောရာသီဥတု၊ မိုးသည်းကြီးမည်းကြီးရွာနေသည့်အချိန်တွင် သူမ၏ဖမ်းလ်ဟောက်စ်လေးဆီသို့ ဧည့်သည်များ ရောက်လာကို သူမကိုယ်တိုင်ပင် မယုံနိုင်ဖြစ်နေလေသည်။
မိမိ၏ ကိုယ်ပိုင်စီးပွားရေးလေး အောင်မြင်ရမည်ဟူသော ပြင်းပြသည့် ရည်မှန်းချက်များကတော့ အမှောင်ထုထဲမှ မီးရောင်လေးသဖွယ် လင်းလက်တက်ကြွလာခဲ့၏။
“သူဌေးမလေး၊ ကျွန်တော်တို့ ခုနလေးကတင် ဖြောင်ဖြောင်ထွမ်ကနေ အခန်းတချို့ ဘွတ်ကင်လုပ်ထားလို့ဗျ၊ အရင်ဆုံး အခန်းလေးစီစဉ်ပေးပါလား၊ မိုးရေတွေစိုရွှဲနေလို့၊ ရေချိုးပြီးမှပဲ အောက်ဆင်းပြီးထမင်းလာစားတော့မယ်”
“ဟုတ်ကဲ့ပါရှင့်၊ အတည်ပြုကုဒ်လေးနဲ့ မှတ်ပုံတင်လေးတွေပေးပါ၊ စာရင်းသွင်းပြီးတာနဲ့ အပေါ်တက်လို့ရပါပြီ”
လီရှီးရှီးက လျင်မြန်သွက်လက်စွာ စာရင်းသွင်းပေးပြီးနောက် သတိတရဖြင့် လှမ်းပြောလိုက်သည်။
“လှေကားဘေးနားမှာ အဝတ်လျှော်ခန်းရှိပါတယ်ရှင့်၊ အဲဒီမှာ အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်တွေထားပေးထားလို့ အချိန်မရွေးသုံးလို့ရပါတယ်နော်”
ဧည့်သည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးချင်သည့် သူမ၏စေတနာများက အသံလေးထဲတွင် အထင်းသားပေါ်လွင်နေ၏
“ရပြီ၊ ကျေးဇူးပဲ”
လီကျီရွှီတို့တစ်သိုက် အခန်းကတ်များကို လှမ်းယူလိုက်ကြသည်။ ရှေ့မှ မိန်းမချောလေးနှင့် စကားဆက်ပြောနေရန် သူတို့မှာ အချိန်မရှိတော့ပေ။
ထီးများပါလာသော်လည်း မိုးကအရမ်းသည်းလွန်းသဖြင့် တစ်ကိုယ်လုံးစိုရွှဲနေကာ ချမ်းစိမ့်နေကြပြီဖြစ်သည်။
ဤအတိုင်းဆက်ရပ်နေလျှင် အအေးမိဖျားနာမည်ကို စိုးရိမ်ရသဖြင့် အခန်းထဲပြန်ဝင်ကာ ရေနွေးနွေးလေးဖြင့် အမြန်ရေချိုးလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။
အခန်းထဲရောက်ရောက်ချင်း ကျန်းဟောက်ယွီက မနေနိုင်ဘဲ စကားစတော့သည်။
“ကျဲ့လိန်... ခုနကကောင်မလေးက တကယ်ချောတာပဲကွာ၊ ဒီက သဘာ၀ပတ်၀န်းကျင်က လူတွေကို တကယ်ကြီး လှသွေးကြွယ်စေတာပဲ”
“ဟေ့ကောင်၊ တော်စမ်းပါ၊ ခုနက ကားထဲမှာ ဘယ်သူကများ ဆင်းရဲတဲ့တောင်တန်းတွေက ရိုင်းစိုင်းတဲ့လူတွေကို မွေးထုတ်ပေးတယ်ဆိုပြီး ပွစိပွစိလုပ်နေတာလဲ၊ မိန်းမချောလေးလည်းမြင်ရော မင်းစကားက ချက်ချင်းပြောင်းသွားပါလား”
“ဟဲဟဲ၊ ခုနက နည်းနည်းစိတ်ပူသွားလို့ ဒေါသထွက်သွားတာပါ၊ ကဲပါ... ကဲပါ၊ မင်းအရင်ရေချိုးလိုက်ပါလား”
“ဟန့်... ဒီလိုမှပေါ့”
ရေချိုးသန့်စင်ပြီးနောက် သူတို့အားလုံး ရေစိုနေသောအပေါ်အင်္ကျီများနှင့် ဘောင်းဘီများကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် မလာခင်ကတည်းက လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားများကို ကျောပိုးအိတ်ထဲသို့ထည့်လာခဲ့ကြပြီး ထိုကျောပိုးအိတ်များမှာလည်း ရေစိုခံပစ္စည်းနှင့် ပြုလုပ်ထားသဖြင့် အထဲရှိအဝတ်အစားများမှာ လုံးဝစိုရွှဲခြင်း မရှိခဲ့ပေ။
ဟိုဟိုဒီဒီ နေရာချသိမ်းဆည်းပြီးနောက် ဗိုက်ဆာလာကြသဖြင့် ညစာစားရန် အောက်ထပ်သို့ဆင်းလာခဲ့ကြ၏။ လှေကားပေါ်မှ ဆင်းလာစဉ် တစ်ယောက်တစ်ပေါက်အောင်ပွဲခံနေကြဆဲပင်။
“ဒီမှာ ဖမ်းလ်ဟောက်စ်လေးရှိနေလို့ တော်သေးတာပေါ့ကွာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ရတဲ့အပြင် အိမ်သာတက်ဖို့လည်း ပူစရာမလိုတော့ဘူး၊ အိမ်သာဆိုတာ လူသားတွေရဲ့ အကြီးကျယ်ဆုံးတီထွင်မှုကြီးပဲကွ”
“ဒီမှာ လာပွားမနေပါနဲ့ကွာ၊ မြန်မြန်လျှောက်စမ်းပါ၊ ငါ့ဗိုက်က ဆာလွန်းလို့ ကျောနဲ့တောင်ကပ်နေပြီ”
“တကယ်လား၊ ငါတော့မယုံပါဘူး၊ မင်းက ဗိုက်ရွှဲကြီးနဲ့ကိုများ”
“သွားစမ်းပါကွာ”
သူငယ်ချင်းတစ်စု ရယ်မောနောက်ပြောင်ရင်း ပထမထပ်ရှိ စားသောက်ခန်းထဲသို့ ရောက်ရှိလာကြသည်။
လီကျီရွှီက နံရံရှိ ကျောက်သင်ပုန်းငယ်လေးကို မော့ကြည့်လိုက်ရင်း ညည်းတွားလိုက်၏။
“ကြည့်ရတာ ငါတို့အတွက် ရွေးစရာ သိပ်များများစားစားမရှိဘူးပဲ၊ ရှိတာလေးနဲ့ပဲ ဖြစ်သလိုစားလိုက်ကြတာပေါ့ကွာ”
သူတို့ အောက်သို့ဆင်းလာကြသည်ကိုမြင်သည်နှင့် လီရှီးရှီးက အမြန်ပြေးလာကာ နှုတ်ဆက်လိုင်သည်။
“ဘာများသုံးဆောင်ကြမလဲရှင့်”
“သူဌေးမလေး... ဟင်းပွဲတွေက နည်းနည်း၊ နည်းနေသလားလို့”
“ကျွန်မတို့ဆီက ဟင်းလျာတွေအားလုံးက နေ့စဉ် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီးမှ ချက်ပြုတ်တာမို့လို့ပါ၊ လတ်ဆတ်မှုကို အာမခံနိုင်ဖို့အတွက် ရွေးချယ်စရာအများကြီးတော့ မထားနိုင်သေးဘူးရှင့်”
သူမ၏လေသံထဲတွင် ကိုယ်ပိုင်အလုပ်အပေါ်ထားရှိသည့် ဂုဏ်ယူမှုလေးများ ကိန်းအောင်းနေသည်။
ဝမ်ကျဲ့လိန်က ဝင်၍ဖြောင်းဖြလေ၏။
“ရွှီဇီ... မင်းက ဖမ်းလ်ဟောက်စ်ကို တစ်ခါမှမရောက်ဖူးတဲ့သူကျနေတာပဲ၊ ဒီလိုနေရာတွေရဲ့ ဟင်းတွေက အမြဲတမ်းဒီလိုပဲလေ၊ သူဌေးမလေး... ကျောက်သင်ပုန်းပေါ်မှာရေးထားတဲ့ ဟင်းတွေအကုန်လုံး တစ်ပွဲစီသာချပေးပါ၊ ပြီးတော့ ထမင်းဖြူ ပန်းကန်လုံးကြီးတစ်လုံးပါ ပေး၊ မဝရင်ထပ်မှာမယ်ဗျာ”
“ဟုတ်ကဲ့ပါရှင့်... ရေနွေးကြမ်းလေး အရင်သုံးဆောင်ထားကြပါဦး”
လီရှီးရှီးက အန်တီလျူကို ရေနွေးကြမ်းတစ်ကရားနှင့် ပန်းကန်ခွက်ယောက်များချပေးရန် အကူအညီတောင်းလိုက်ပြီးနောက် သူမကိုယ်တိုင် နောက်ဖေးသို့ပြေးကာ ဦးလေးကျန်းကို ဟင်းပွဲများ သွားမှာတော့သည်။
ရေနွေးကြမ်းလာချပေးသောလျူယွီမေကို မြင်သည်နှင့် အခွင့်ကောင်းယူကာ ဝမ်ကျဲ့လိန်က စကားစလိုက်သည်။
“အစ်မကြီး၊ ဒါ အစ်မကြီးရဲ့သမီးလားဗျ၊ တော်တော် အလုပ်ကြိုးစားတာပဲနော်”
လျူယွီမေက ယဉ်ကျေးစွာဖြင့် ပြန်ဖြေလာ၏။
“မဟုတ်ရပါဘူးရှင်၊ သူက ကျွန်မတို့ရဲ့သူဌေးပါ၊ ကျွန်မက ဝန်ထမ်းသက်သက်ပါ”
ကျန်းဟောက်ယွီကလည်း ဝင်ထောက်ခံသည်။
“ဒီလိုမိန်းမချောလေးက ဒီနေရာရဲ့ သူဌေးတဲ့လား၊ ကြည့်ရတာ တက္ကသိုလ်ကျောင်းသူလေးလိုပါပဲ”
“ဟဲဟဲ၊ မင်းက ဖူးစာရှင်လေးများ တွေ့မလားဆိုမလား မျှော်လင့်နေတာလား၊ ဒီမှာပဲ အိမ်မက်မက်ပြီး သမက်ဝင်လုပ်သွားလိုက်ပါလား”
စားပွဲဝိုင်းမှ သူငယ်ချင်းများက ချက်ချင်းပင် ဝိုင်းစနောက်ကြတော့သည်။
ကျန်းဟောက်ယွီက ဟန်လုပ်ကာ ဒေါသထွက်ချင်ယောင်ဆောင်ရင်း….
“မင်းတို့က ဘာတွေလျှောက်ပြောနေတာလဲ၊ ငါက သူဌေးမလေးရဲ့အလှကို ရိုးရိုးသားသားချီးကျူးရုံသက်သက်ပါ၊ အလှအပကိုမြတ်နိုးတာ၊ နားလည်လား၊ ညစ်ညစ်ပတ်ပတ်တွေလျှောက်တွေးမနေကြနဲ့”
“ငါလည်း အတူတူပဲ” ဝမ်ကျဲ့လိန်ပါ ဝင်ထောက်ခံလိုက်သည်။
“ငါက လွတ်လပ်မှုကိုရှာဖွေနေတဲ့ ယောက်ျားတစ်ယောက်ကွ၊ ဘယ်သူမှ ငါ့ကို ချည်နှောင်ထားလို့မရဘူး”
“အိုး... အိုး၊ အို မင်းက ကြိုပြီးတောင်ပြောနေသေးတယ်၊ သူဌေးမလေးက မင်းကို တစ်ချက်တောင် စိုက်ကြည့်မယ်ထင်နေလား”
“မင်းအဖေငါက အထက်တန်းကျောင်းတုန်းက ကျောင်းရဲ့အချောဆုံးကောင်ကွ၊ မိန်းကလေးတွေအများကြီးက ငါ့နောက်လိုက်ပြီး ဘတ်စကက်ဘောကစားတာကို လာကြည့်ကြတာနော်”
“ဖူးးး လောင်ဝမ်၊ မင်း ကျောင်းတုန်းကတော့ ရုပ်လေးနည်းနည်းပြေပြစ်တာ မှန်ပါတယ်၊ ဒါပေမဲ့ အချိန်ဆိုတာက သားသတ်ဓားပဲလေ၊ ဟူးးး အတိတ်ကို ပြန်တွေးရတာ တကယ်ကိုနာကျင်စရာပဲ”
ပြောပြီးသည်နှင့် ထိုသူငယ်ချင်းက ခေါင်းကို ဟန်ပါပါဖြင့် ခါယမ်းပြလိုက်သေးသည်။
ဝမ်ကျဲ့လိန်က ထိုသူငယ်ချင်း၏လည်ပင်းကို ညှစ်ရန် ဟန်ပြင်လိုက်သော်လည်း လီရှီးရှီးက ပထမဆုံးဟင်းပွဲကိုကိုင်ကာ မီးဖိုချောင်ထဲမှထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် လူကြီးလူကောင်းဟန်ဖမ်းလိုက်ပြန်သဖြင့် သူ့သူငယ်ချင်းမှာ အသံထွက်မရယ်မိအောင် မနည်းအောင့်ထားလိုက်ရသည်။
“တကယ်ပြောတာ၊ ဒီဟင်းက အရသာ တော်တော်လေးကောင်းတာပဲ၊ ဟေ့... ဟေ့... ဟေ့၊ ဖြည်းဖြည်းစားကြပါကွာ၊ ငတ်ကြီးကျနေလိုက်ကြတာ”
ကျန်းဟောက်ယွီက ဟင်းလျာများကို ဝေဖန်ချီးကျူးရန်ပြင်လိုက်သော်လည်း ကျန်လူများက ခေါင်းပင်မဖော်ဘဲ အငမ်းမရစားသောက်နေကြသည်ကို တွေ့လိုက်ရသဖြင့် အော်ဟစ်တားမြစ်ရတော့သည်။
အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သဖြင့် သူတို့အားလုံး အခန်းထဲသို့ပြန်တက်ကာ ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြသည်။
သိပ်မကြာမီမှာပင် မိုးသံလေသံများက သာယာနာပျော်ဖွယ် ချော့တေးသံအလားလွင့်ပျံလာပြီး တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှတို့နှင့် ပေါင်းစပ်သွားကာ သူတို့တစ်သိုက် နှစ်ခြိုက်စွာအိပ်မောကျသွားကြတော့သည်။
“ဟာ... ငါ မျက်လုံးကိုမဖွင့်နိုင်တော့ဘူး အရင်အိပ်တော့မယ်”
ဝမ်ကျဲ့လိန်က သမ်းဝေရင်း ဖုန်းကိုအားသွင်းရန် ခုံပေါ်တင်လိုက်ပြီး ခေါင်းအုံးနှင့်ထိသည်နှင့် တစ်ခါတည်း အိပ်ပျော်သွားတော့သည်။
တစ်ခန်းတည်းအတူရှိနေသော ကျန်းဟောက်ယွီမှာလည်း အိပ်ချင်စိတ်များ ကူးစက်သွားပုံရသည်။
မကြာမီမှာပင် ဖုန်းသုံးနေရင်းမှ အိပ်မောကျသွားပြီး သူကြည့်နေသော တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယို ပွင့်နေဆဲဖြစ်သည်ကိုပင် သတိမပြုမိလိုက်ချေ။
…
“အားးးး”
နောက်တစ်နေ့နံနက်ခင်းတွင် ကျန်းဟောက်ယွီက အကြောဆန့်ရင်း နိုးလာခဲ့သည်။ တစ်ကိုယ်လုံး အားအင်တွေပြည့်ဖြိုးနေပြီး အားအပြည့်သွင်းထားသကဲ့သို့ လန်းဆန်းနေ၏။
သို့သော် သူ့ဘေးနားရှိဖုန်းကို မြင်လိုက်ရချိန်တွင်တော့ နဖူးကိုရိုက်ကာ ညည်းတွားလိုက်မိသည်။ “ဟာ၊ ဖုန်းအားသွင်းဖို့မေ့သွားတာပဲ”
ပြောပြောဆိုဆိုနှင့်ပင် ဖုန်းအားသွင်းကြိုးကို အမြန်ကောက်ယူကာ တစ်မိနစ်ရရ၊ တစ်စက္ကန့်ရရ အားသွင်းထားလိုက်သည်။
မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် ကျန်းဟောက်ယွီက ဘေးကုတင်မှ ဝမ်ကျဲ့လိန်ကိုကြည့်လိုက်ရာ ဝက်တစ်ကောင်လိုအိပ်မောကျနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သူ ခေါင်းခါလိုက်မိပြီး ဘေးခန်းမှညီအစ်ကိုများ နိုးပြီလားဆိုသည်ကို သွားကြည့်ရန် တံခါးဖွင့်ထွက်လာခဲ့၏။
ဘေးခန်း၏တံခါးက ဟောင်းလောင်းပွင့်နေသည်ကို မြင်လိုက်ရသဖြင့် သူ အခန်းထဲသို့ဝင်သွားရင်း လှမ်းပြောလိုက်သည်။
“မင်းတို့အားလုံးနိုးနေကြပြီပဲ၊ ဟိုကောင်ဝမ်ကျဲ့လိန်ကတော့ အိပ်နေတုန်းပဲ”
“ဘာများလဲကွ၊ ငါလည်းမထချင်ပါဘူး၊ အစကတော့ လုံး၀မအိပ်ချင်တော့တဲ့အထိ အိပ်မယ်လို့စိတ်ကူးထားတာ၊ ဒါပေမဲ့ မနေ့ကကားပြင်ဆရာက မနက်အစောကြီး ဖုန်းဆက်လာတယ်လေ"
“မနေ့က အစောဆုံးဘယ်အချိန်လာနိုင်မလဲ မေးထားတော့ မနက်ရှစ်နာရီလို့ပြောတာကို ငါသဘောတူထားခဲ့တာကိုး၊ သူဖုန်းဆက်တော့ ငါ နိုးတောင်မနိုးသေးဘူး၊ ဆယ်မိနစ်နေရင် ရောက်တော့မယ်ဆိုလို့ ငါလည်း ကမန်းကတန်းထပြီး ဒီမှာပဲလာစောင့်ဖို့ပြောလိုက်ရတယ်”
“အဲဒါမှ အတူတူသွားလို့ရမှာလေ၊ အခေါက်ခေါက်အခါခါ သွားနေရမယ့်ဘေးက ကင်းတာပေါ့၊ အခုလေးတင် ငါတို့နှစ်ယောက် ကားသွားပြင်ပြီး ဖမ်းလ်ဟောက်စ်ရှေ့မှာ ရပ်ထားခဲ့ပြီ၊ မနက်စာစားပြီးလို့ အခုမှ းအပေါ်တက်လာတာ”
ထိုစကားကို ကြားသောအခါ ကျန်းဟောက်ယွီက သဘောကျစွာရယ်မောလိုက်ပြီး ပြောလိုက်၏။
“မင်းနဲ့ငါ တစ်ခန်းတည်းမကျလို့ တော်သေးတာပေါ့ကွာ၊ မဟုတ်ရင် ဒီမနက် ငါပါ မင်းနဲ့အတူ အိပ်ရေးပျက်ရမှာသေချာတယ်၊ ကဲ ငါ သွားပြီး ဝမ်ကျဲ့လိန်ကိုနှိုးလိုက်ဦးမယ်၊ မင်းတို့လည်း လီကျီရွှီကိုသွားနှိုးကြတော့”
မနက်စာစားပြီးနောက် လီကျီရွှီက ဗိုက်ကိုပွတ်သပ်ရင်း အကြံပြုလာသည်။
“ငါတို့ ခရီးမဆက်ခင် ဒီမှာ နှစ်ရက်လောက် နာလိုက်ကြရင် မကောင်းဘူးလား၊ မနေ့ညက တော်တော်လေးအိပ်လို့ကောင်းတယ်ကွ”
“ဟုတ်တယ်မလား၊ မင်းလည်း အဲဒီလိုခံစားရတယ်မလား၊ ငါလည်းအဲဒီလိုပဲထင်တယ်၊ မိုးလင်းတဲ့အထိ တစ်ခါတည်းအိပ်ပျော်သွားတာ၊ ဘေးကဟောက်သံကိုတောင် လုံးဝမကြားလိုက်ဘူး”
16
“အဲဒါ မနေ့က ငါတို့ အရမ်းပင်ပန်းသွားလို့ဖြစ်မှာပါ၊ အဲဒါကြောင့် ဒီလောက်အိပ်မောကျသွားတာနေမယ်၊ ဒါပေမဲ့ ဒီက ပတ်ဝန်းကျင်ကတော့ တကယ်ကို ကောင်းလွန်းတယ်။ ဒီမနက် ငါ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အဆောက်အအုံအနောက်ဘက်မှာ ရေတံခွန်လေးတစ်ခုတောင် တွေ့ခဲ့သေးတယ်”
ဤနေရာလေး၏ ပတ်ဝန်းကျင်က တကယ်ကို ထူးခြားလှသည်။ မိုးသည်းထန်စွာ ရွာသွန်းချိန် သို့မဟုတ် ရေကြီးချိန်များတွင် အဆောက်အအုံ၏အနောက်ဘက်၌ သဘာဝရေတံခွန်ငယ်လေးတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာတတ်သည်။
“ငါလည်း အနောက်ဘက်မှာ စမ်းချောင်းလေးတစ်ခုကို တွေ့ခဲ့တယ်၊ ငါတို့ကားထဲမှာ ငါးမျှားတံတွေပါတယ်မဟုတ်လား၊ အနောက်ဘက်မှာသွားပြီး ငါးမျှားလို့ရတယ်လေ”
“ငါတို့ ခရီးထွက်လာတာက အနားယူဖို့မဟုတ်ဘူးလား၊ ပြီးခဲ့တဲ့ရက်တွေက ခရီးစဉ်တွေက နည်းနည်းကမန်းကတန်းဖြစ်နေတယ် မပြန်ခင် ဒီမှာ နောက်ထပ်နှစ်ရက်လောက် အေးအေးဆေးဆေး နေသွားကြရအောင်”
“ရတာပေါ့... ငါလည်း ဘာမှကန့်ကွက်စရာမရှိပါဘူး၊ ဒါဆို ငါတို့သွားပြီး ရက်ထပ်တိုးလိုက်မယ်၊ နောက်ထပ် နှစ်ရက်ထပ်တည်းရင် လျှော့စျေးများရမလားမသိဘူး”
……
ဧည့်ကြိုကောင်တာတွင် လီရှီးရှီးက အနည်းငယ်အားနာဟန်ဖြင့် ရှင်းပြရသည်။
“တောင်းပန်ပါတယ်ရှင့်... ကျွန်မတို့ဆီက စျေးနှုန်းတွေက ပုံသေပါပဒ၊ ပွဲတော်ရာသီလို လူစည်ကားတဲ့အချိန်တွေမှာတောင် ဒီစျေးပဲယူပါတယ်”
တကယ်တော့ လီရှီးရှီး စိတ်ထဲတွင် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားသည်။ သူမ၏ဖမ်းလ်ဟောက်စ်လေး ဖွင့်လှစ်ထားသည်မှာ မကြာသေးသဖြင့် ပွဲတော်ရာသီ၏ လူစည်ကားမှုမျိုးကို တစ်ခါမှမကြုံဖူးသေးသည်မဟုတ်လော။
သို့သော် သူမ ခဏစဉ်းစားလိုက်သည်။ သူတို့က လူငါးယောက်ရှိသောကြောင့် မိသားစုသုံးအခန်းတွင် တည်းခိုလျှင် သေချာပေါက်အဆင်ပြေနိုင်သည်။ ထို့ကြောင့် သူမက အကြံပြုလိုက်သည်။
“ဒါပေမဲ့ အစ်ကိုတို့ အခန်းအမျိုးအစားကို ပြောင်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်မတို့ဆီက သက်တောင့်သက်သာရှိတဲ့ မိသားစုသုံးအခန်းက တစ်ရက်ကို ၅၉၉ ယွမ်ပါ၊ အစ်ကိုတို့ အခုလို အခန်းသုံးခန်း ခွဲယူထားတာထက်စာရင် အများကြီး ပိုပြီးတွက်ခြေကိုက်ပါတယ်ရှင့်”
လီကျီရွှီက ခေါင်းကုတ်ရင်း မေးလိုက်၏။
“မိသားစုသုံးအခန်း ဟုတ်လား။ ပုံစံကဘယ်လိုမျိုးလဲ၊ ငါတို့ ငါးယောက်လုံး နေလို့လောက်ပါ့မလား။ အရင် သွားကြည့်လို့ရမလား”
“ရတာပေါ့ရှင့်၊ ဒီဘက်ကိုကြွပါ”
ပြောပြီးသည်နှင့် လီရှီးရှီးက သူတို့ကို အခန်းလိုက်ပြရန် အပေါ်ထပ်သို့ တက်ကြွစွာခေါ်ဆောင်သွားတော့သည်။
အမည်နှင့်လိုက်ဖက်စွာပင် မိသားစုသုံးအခန်းဆိုသည်မှာ အတူတကွ ခရီးထွက်လာကြသော မိသားစုတစ်စုအတွက် သင့်လျော်သောအခန်းဖြစ်ပြီး လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေး အဆင်ပြေပြေတည်းခိုနိုင်စွမ်းရှိသည်။
လီကျီရွှီနှင့် ဝမ်ကျဲ့လိန်တို့ကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီးနောက် ပထမဆုံးမြင်တွေ့လိုက်ရသည်မှာ အကာအရံမရှိ ဖွင့်ထားသော မီးဖိုချောင်ငယ်လေးတစ်ခုဖြစ်၏။
အောက်ဘက်တွင် အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာအသေးလေး တစ်လုံးကိုလည်း အသုံးပြုရန် အဆင်သင့်ထားပေးထားသည်။
အထဲသို့ ထပ်ဝင်သွားပါက အသင့်အတင့်ကျယ်ဝန်းသော ဧည့်ခန်းတစ်ခန်းရှိပြီး မိသားစုတစ်ခုလုံး ဆိုဖာပေါ်တွင်ထိုင်ကာ တီဗွီကြည့်နိုင်သည်။
ဆိုဖာဘေးတွင် ပါးကျိပုံစံ စားပွဲတစ်လုံးရှိပြီး အနီးရှိဗီရိုပေါ်တွင် ဖဲထုပ်များနှင့် မာဂျောက်ခုံများကို ထားရှိပေးထားသည်။ ဤသည်မှာ အလွန်ကောင်းမွန်လှ၏။
သူတို့ အခန်းထဲတွင် ဖဲကစားခြင်း သို့မဟုတ် မာဂျောက်ကစားခြင်းတို့ကို လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်သည်။
ဧည့်ခန်း၏ တစ်ဖက်တစ်ချက်စီတွင် အိပ်ခန်းတစ်ခန်းစီ ရှိသည်။ တစ်ခန်းမှာ ကုတင်နှစ်လုံးပါအခန်းဖြစ်ပြီး သူတို့ယခင်က တည်းခိုခဲ့သော ၂၉၉ ယွမ်တန် ကုတင်နှစ်လုံးပါအခန်းထက် အနည်းငယ် သေးငယ်သည်။
၁.၂ မီတာ အကျယ်ရှိ ကုတင်နှစ်လုံး ပါရှိသဖြင့် နေထိုင်ရန်လုံလောက်မှုရှိပြီး အထဲတွင် ရေချိုးခန်းတစ်ခုလည်း ပါရှိသည်။
အခြားတစ်ခန်းမှာမူ အတော်လေးပိုကျယ်ဝန်းပြီး ကုတင်ကြီးတစ်လုံးနှင့် နှစ်ထပ်ကုတင်တစ်လုံးပါရှိသည်။ နှစ်ထပ်ကုတင်နှင့် ကုတင်ကြီးကြားတွင် ဆွဲချ၍ရသော လိုက်ကာအပျော့လေးတစ်ခုလည်း ပါရှိ၏။
အရေးအကြီးဆုံးမှာ ဤအခန်း၏ ရေချိုးခန်းထဲတွင် ရေပန်းဖြင့် ရေချိုးနိုင်သည့် နေရာအပြင် ရေစိမ်ပြီး အနားယူနိုင်ရန် ရေချိုးကန်တစ်ခုပါ ထည့်သွင်းပေးထားခြင်းဖြစ်သည်။
ဤအိပ်ခန်းနှစ်ခန်းပေါင်းလျှင် အတိအကျ ကုတင်ငါးလုံးရှိနေသဖြင့် သူတို့ငါးယောက်အနေဖြင့် မည်သူနှင့်မျှ ကုတင်အတူတူ မျှအိပ်စရာ မလိုတော့ပေ။
စျေးနှုန်းကလည်း ပိုမိုသင့်တင့်မျှတသည်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူတို့ သဘာဝကျကျပင် အခန်းပြောင်းရန် သဘောတူလိုက်ကြတော့သည်။
လဝက်အတွင်း ဧည့်သည်ဆယ်ဦးကို ဧည့်ခံရန်ဟူသော မစ်ရှင်မှာ လွန်ခဲ့သည့် နှစ်ရက်ကမှ ကျလာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် လူရှစ်ဦး တည်းခိုပြီးနေပြီဟု လီရှီးရှီး တွေးလိုက်မိသည်။
နောက်ထပ် နှစ်ယောက်သာ ရမည်ဆိုလျှင် မစ်ရှင်အောင်မြင်သွားပြီး ဆုလာဘ် ထပ်မံရရှိနိုင်မည်ဖြစ်သည်။ သူမ၏ ဖမ်းလ်ဟောက်စ်လေး လူသိများလာပြီး ဧည့်သည်များ ပိုမိုရောက်ရှိလာပါစေဟုသာ ရင်ထဲမှ ဆုတောင်းနေမိ၏။
ကိုယ်ပိုင်စီးပွားရေးလေးကို အောင်မြင်အောင်လုပ်ဆောင်မည်ဆိုသော သူမ၏ရည်မှန်းချက်က လက်တစ်ကမ်းအကွာတွင် ရောက်ရှိနေပြီ မဟုတ်လော။
လီကျီရွှီတို့အဖွဲ့ အခန်းအပ်ကာ ပြန်လည်ထွက်ခွာသွားပြီးနောက် လီရှီးရှီးသည် ဖြောင်ဖြောင်ထွမ် ဝက်ဘ်ဆိုက်တွင် ကြယ်ငါးပွင့်ရီဗျူးအသစ်အချို့ တက်လာသည်ကို တွေ့လိုက်ရသည်။
ပထမပို့စ်တွင်
တောင်တန်းတွေကြားထဲက ဖမ်းလ်ဟောက်စ်လေးပါ။ တောင်ပေါ်မှာ ကျွန်တော်တို့ကား ရုတ်တရက် ကားဘီးပေါက်သွားပြီး မိုးကလည်း အရမ်းသည်းနေတော့ ကားလာပြင်ပေးမယ့်သူ လုံးဝမရှိခဲ့ပါဘူး။
ကံဆိုးပြီး ကားထဲမှာပဲအိပ်ရတော့မယ်လို့ ထင်နေခဲ့တာ၊ ဒီအနီးအနားမှာ တည်းစရာနေရာလေး ရှိနေလို့ တော်ပါသေးရဲ့။ အခန်းတွေက အရမ်းသန့်ရှင်းတယ်၊ ဘာမှ အပြစ်ပြောစရာ မရှိဘူး။ အသံလုံတာကလည်း တကယ်ကို အံ့မခန်းပဲ။
ကုတင်ပေါ်လှဲလိုက်တာနဲ့ ချက်ချင်းကို အိပ်ပျော်သွားတာပဲ ဟားဟားဟား၊ နောက်တစ်ခေါက် အခွင့်အရေးရရင် သေချာပေါက် ထပ်လာဦးမယ် ဆိုသည့်စာသားနှင့်အတူ အခန်းဓာတ်ပုံတစ်ပုံပါ ပူးတွဲတင်ထားလေသည်။
ဒုတိယပို့စ်တွင်
ဒီမှာ ရက်အနည်းငယ်လောက်တည်းဖြစ်ခဲ့တာ တကယ်ကို ပျော်စရာကောင်းပါတယ်၊ ကျွန်တော်ဖမ်းလာတဲ့ ငါးကိုကြည့်ပါဦး၊ ကြီးတယ်မလား၊ ဒီဖမ်းလ်ဟောက်စ်က စားဖိုမှူးကို ချက်ပေးဖို့အကူအညီတောင်းလိုက်တာ။ ဒီကဟင်းတွေက အသစ်အဆန်းကြီးတွေ မဟုတ်ပါဘူး၊ အိမ်အလည်သွားရင် စားရတဲ့ဟင်းမျိုးတွေပါ။
ဒါပေမဲ့ အရသာကတော့ တကယ်ကိုရှယ်ပဲ၊ လာစားရကျိုးနပ်ပါတယ်၊ ပြီးတော့ သူဌေးမလေးကလည်း အရမ်းချောပြီးဖော်ရွေတယ်။ သန့်ရှင်းရေးလုပ်တဲ့ အန်တီတွေကအစ အထူးကို ကြိုးစားကြတယ်။
ကျွန်တော်တို့ တည်းခိုနေတဲ့ ရက်တွေမှာ နေ့တိုင်း စေတနာပါပါနဲ့ သန့်ရှင်းရေး လာလုပ်ပေးကြတယ်၊ အသေးစိတ်ကအစ သေချာဂရုစိုက်ပေးလို့ လက်မထောင်ပေးလိုက်ရပါတယ် ဆိုသည့် စာသားနှင့်အတူငါးမျှားနေသည့် ဓာတ်ပုံတစ်ပုံနှင့် ဖမ်းလ်ဟောက်စ်ဓာတ်ပုံလေးပုံ ပူးတွဲပါရှိသည်။
တတိယပို့စ်တွင်
ဒီနေရာလေးကို မတော်တဆရှာတွေ့ခဲ့တာပါ၊ အခန်းတိုင်းက အသစ်စက်စက်လေးတွေဖြစ်ပြီး ရေချိုးခန်းတွေကလည်း အစိုနဲ့အခြောက် သေချာခွဲထားတယ်။ အပြင်အဆင်က တော်တော်လေးထူးခြားပြီး သူဌေးမလေးက တကယ့်ကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတယ်ဆိုတာ သိသာတယ်။
အခန်းရဲ့ ဝရန်တာကနေကြည့်ရင် အနောက်ဘက်က တောင်တန်းရှုခင်းတွေကို မြင်ရတယ်၊ ကျွန်တော်တို့ ကံကောင်းလို့ ရေတံခွန်လေးတစ်ခုကိုတောင် မြင်ခဲ့ရသေးတယ်၊ ရှုခင်းက တကယ်လှပါတယ် ဆိုသည့်စာသားနှင့်အတူ ရှုခင်းဓာတ်ပုံ ကိုးပုံပါ ပူးတွဲပါရှိသည်။
…
လီရှီးရှီးသည် ဖြောင်ဖြောင်ထွမ် ဝက်ဘ်ဆိုက်ရှိ အပြုသဘောဆောင်သော ရီဗျူးအသစ်များကို ကြည့်ရင်း ပျော်ရွှင်ကြည်နူးနေမိသည်။ အောင်မြင်မှုတစ်ခုကို ရရှိလိုက်သလို ခံစားရသဖြင့် ရီဗျူးတစ်ခုချင်းစီတိုင်းကို ဂရုတစိုက်ဖြင့် ပြန်လည်ဖြေကြားပေးလိုက်၏။
..…
ချီဇီဖန် တစ်ယောက် ခရိုင်မြို့လေးထဲတွင် ပျင်းရိငြီးငွေ့စွာဖြင့် ဖုန်းကို ပွတ်နေမိသည်။ အနီးအနားတွင် ပျော်စရာကောင်းသည့် နေရာများရှိမရှိ ရှာဖွေနေခြင်းဖြစ်၏။
သူနှင့် သူ့ချစ်သူကောင်မလေးတို့သည် ချစ်သူသက်တမ်း သုံးလကျော်လာပြီဖြစ်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် အပြင်ထွက်လည်ချင်နေသည်။
သို့သော် သူ့ချစ်သူကောင်မလေးမှာ မကြာသေးမီကမှ စနေနေ့တိုင်း အစည်းအဝေးများရှိနေသဖြင့် လည်ပတ်ရန်အတွက် အချိန်တစ်ရက်ခွဲခန့်သာ ရတော့သည်။
တစ်ရက်ခွဲအတွင်း အသွားအပြန်လည်ပတ်နိုင်မည့် ပျော်စရာနေရာမျိုးကို သူ အနီးအနားတွင် လုံးဝရှာမတွေ့နိုင်အောင် ဖြစ်နေသည်။
အချိန်က အရမ်းကို ကပ်လွန်းနေ၏။ အဓိကအကြောင်းရင်းမှာ သူတို့ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အတော်လေးနှေးကွေးနေသောကြောင့်ဖြစ်သည်။ အပန်းဖြေပန်းခြံတစ်ခုပင် မရှိချေ။
သူနှင့် သူ့ချစ်သူကောင်မလေးတို့ ဒိတ်လုပ်ကြလျှင် ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် ကုန်တိုက်တွင် ဈေးဝယ်ခြင်းတို့ကိုသာ အမြဲလုပ်လေ့ရှိသည်။ ဤအရာများကို အကြိမ်ကြိမ်အခါခါ လုပ်ခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် ရိုးအီနေပြီဖြစ်၏။
ထို့ကြောင့် ချီဇီဖန်က အပြင်ထွက်လည်ရန် အကြံပြုခဲ့ရာ ချစ်သူကောင်မလေးကလည်း ဝမ်းသာအားရ သဘောတူခဲ့သည်။ သို့သော် သူတို့ တကယ်တမ်း စတင်လုပ်ဆောင်သောအခါတွင်တော့ အနည်းငယ် အခက်တွေ့သွားကြရ၏။
အဓိကပြဿနာမှာ သူတို့ဒေသက အနည်းငယ်ခေါင်ဖျားပြီး အနီးအနားတွင် လည်ပတ်စရာနေရာ များများစားစားမရှိခြင်းဖြစ်သည်။
သူတို့ခရိုင်မြို့လေး၏ အထက်ရှိ မြို့ကြီးတွင် 4A အဆင့်သတ်မှတ်ထားသော တောင်ပေါ်ဘုရားကျောင်းတစ်ခု ရှိပြီး ထိုနေရာသို့ တောင်တက်ရင်းသွားရောက်နိုင်သည်။ ထို့အပြင် ပြတိုက်တစ်ခုလည်း ရှိသေး၏။
သို့သော် သူတို့နှစ်ဦးစလုံးမှာ ဤဒေသတွင် မွေးဖွားကြီးပြင်းလာသူများဖြစ်ရာ ဤဘုရားကျောင်းနှင့် ပြတိုက်များသို့ မရေမတွက်နိုင်အောင် ရောက်ဖူးနေပြီဖြစ်သဖြင့် စိတ်ဝင်စားစရာ မကောင်းတော့ပေ။
“ဇီဖန်... ငါ တကယ် တောင်မတက်ချင်တော့ဘူး။ ပြီးတော့ ဒီက ပြတိုက်ကိုလည်း မသွားချင်တော့ဘူး၊ ဟူး... ဒီအနီးအနားမှာ ပျော်စရာကောင်းတာ ဘာတစ်ခုမှမရှိဘူး”
“ဘေးနားကမြို့ကိုပဲ သွားရမလား၊ ဒါပေမဲ့ အဲဒါက အရမ်းဝေးနေမလားပဲ၊ အချိန်မလောက်ဘဲ ကောင်းကောင်းမလည်ရမှာ စိုးရိမ်တယ်”
“စိတ်မပူပါနဲ့၊ ငါ အွန်လိုင်းမှာ ထပ်ရှာကြည့်လိုက်ဦးမယ်၊ ဒေသခံဖိုရမ်မှာ ပို့စ်တင်ပြီး မေးကြည့်လိုက်မယ်လေ၊ ဒီနေ့မှ ဗုဒ္ဓဟူးနေ့ပဲ ရှိသေးတာ၊ စနေ၊ တနင်္ဂနွေရောက်ဖို့ နှစ်ရက်တောင်လိုသေးတယ်ဆိုတော့ အချိန်လုံလောက်ပါတယ်”
“အင်း... ဒါဆိုလည်း အဲဒီလိုပဲလုပ်ကြည့်လိုက်လေ”
ချီဇီဖန်က ဒေသခံဖိုရမ်တစ်ခုတွင် အနီးအနား၌ ပျော်စရာကောင်းသောနေရာများ၊ သိပ်မဝေးဘဲ ကားဖြင့် သုံးနာရီထက်ပိုမမောင်းရသော သို့မဟုတ် ရထားဖြင့် တိုက်ရိုက်သွား၍ရသော နေရာမျိုးကို အကြံပြုပေးရန် အမြန်ပို့စ်တင်လိုက်သည်။
သူက ဤဖိုရမ်၏ အဆင့်မြင့် ဗွီအိုင်ပီ အသုံးပြုသူတစ်ဦးဖြစ်သဖြင့် သူ၏ပို့စ်ကို ချက်ချင်းပင် လူအတော်များများက မြင်တွေ့သွားကြသည်။
ပထမထပ်မှ မှတ်ချက် - ညီလေး၊ ဒီအနီးအနားမှာ ဘာပျော်စရာရှိမှာလဲ၊ ရှန်တောင်ကိုသွားပြီး ဘုရားကျောင်းပဲသွားကြည့်တော့။
ပို့စ်ပိုင်ရှင်၏ အကြောင်းပြန်ချက် - ပြောဖို့မေ့သွားလို့ပါ၊ ဘုရားကျောင်းတွေနဲ့ ပြတိုက်တွေကတော့ စာရင်းထဲမပါဘူးဗျ။ ကျွန်တော်က ငယ်ငယ်ကတည်းက အဲဒီနေရာတွေချည်းပဲ သွားနေရတာမို့လို့ အသစ်အဆန်းလေး စမ်းကြည့်ချင်လို့ပါ။
ဒုတိယထပ်မှ မှတ်ချက် - ဒီမှာက သိပ်ပြီး ပျော်စရာကောင်းတာမရှိဘူးလို့တော့ ထင်တယ်။ ဘေးက မြို့ X ကို သွားဖို့အကြံပြုချင်တယ်၊ အဲဒီမှာ နာမည်ကြီးလိုဏ်ဂူတစ်ခုရှိတယ်။
တတိယထပ်မှ မှတ်ချက် - မြို့ X ကို သွားမယ်ဆိုမှတော့ သူ့ဘေးက ပြည်နယ် A ကို သွားလိုက်ပါလား၊ အဲဒီက ရှေးဟောင်းမြို့လေးက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။
စတုတ္ထထပ်မှ မှတ်ချက် - ရှေးဟောင်းမြို့လေးကို ရောက်မယ်ဆိုရင်တော့ သူ့အနီးအနားက XXX ဆိုတဲ့ နေရာကို သွားဖို့ အကြံပြုချင်တယ်၊ ကားနဲ့ တစ်နာရီလောက်မောင်းရုံပဲ၊ အဲဒီမှာဖောင်စီးလို့ရတယ်၊ အဲဒါကလည်း တော်တော်လေးပျော်စရာကောင်းတယ်။