← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

17

(Farmhouse ကိုယာတောအိမ်ဟု ပြောင်းလဲအသုံးပြုထားပါသည်)

ချီဇီဖန်က အကြောင်းပြန်စာများကို ကြည့်ရင်း ညည်းတွားလိုက်သည်။

“ဒါ တကယ့်ကို လမ်းလွဲနေတာပဲ။ သူတို့ပြောတဲ့ ဖောင်စီးလို့ရတဲ့နေရာတွေက ဘယ်နားမှာလဲ၊ ငါ အစက ပြောထားတဲ့နေရာကနေ ဘယ်လောက်တောင် ဝေးသလဲဆိုတာကို သူတို့ လုံး မကြည့်ကြဘူးပဲ။ တကယ်ရော အလေးအနက်ထားပြီး ပြန်ဖြေနေကြတာ ဟုတ်ရဲ့လား”

သူက လက်မြှောက်အရှုံးပေးဟန်ဖြင့် စာပြန်ရိုက်လိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အနီးအနားမှာ စနေ၊ တနင်္ဂနွေလောက်မှာပဲ သွားလို့ရမယ့် ခရီးတိုလေးကို စဉ်းစားနေတာပါ”

ဆဋ္ဌမမှတ်ချက် - ဒါဆိုရင်တော့ ဒီနေရာက ရှာရအရမ်းခက်သွားပြီ။ အားလပ်ရက်ရှည်ရောက်တဲ့အထိ စောင့်ပြီးမှ အပြင်ထွက်လည်ဖို့ အကြံပေးချင်ပါတယ်။

သတ္တမမှတ်ချက် - ကျွန်တော်လည်း ဒီအနီးအနားမှာ ဘာပျော်စရာရှိလဲဆိုတာ သိချင်နေတာ၊ စနေ၊ တနင်္ဂနွေဆိုရင် အိမ်မှာပဲ ခြေသည်းညှပ်ပြီး အချိန်ဖြုန်းနေရတယ်။ ပို့စ်ပိုင်ရှင်... တစ်ခုခုတွေ့ရင် ကျွန်တော့်ကိုလည်း ပြောပြပါဦး။

အဋ္ဌမမှတ်ချက် - +1

နဝမမှတ်ချက် - +1

……

ချီဇီဖန်က ပို့စ်ရှိ မှတ်ချက်များကို ကြည့်ရင်း မတတ်သာဘဲ ပြုံးလိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည်ကို သူ သဘောပေါက်သွား၏။ ထို့နောက် ဗီဒီယိုအတို အက်ပ်တစ်ခုကို ဖွင့်ကြည့်နေစဉ် လီရှီးရှီး၏ဗီဒီယိုတစ်ခုကို မတော်တဆ သွားတွေ့လိုက်သည်။

ထိုနေရာရှိ ရှုခင်းများက တော်တော်လေး ကောင်းမွန်ပုံရသည်။ တည်နေရာကို အမြန်စစ်ဆေးကြည့်လိုက်ရာ သူတို့ခရိုင်ထဲတွင်ပင် ဖြစ်နေသည်။ မြေပုံကိုဖွင့်ကာ သေချာကြည့်လိုက်ရာ...

‘ဟေး၊ သိပ်မဝေးပါလား’

ကားဖြင့် နှစ်နာရီခန့်သာ မောင်းရမည်ဖြစ်သည်။

ထိုအချက်ကိုတွေ့လိုက်ရသည်နှင့် သူ ချက်ချင်း တက်ကြွသွားသည်။

‘ဒီလိုနေရာမျိုး ရှိနေတာကို ငါဘယ်လိုလုပ် မသိခဲ့ရတာလဲ' ထို့ကြောင့် လီရှီးရှီး ဗီဒီယိုနှင့် တွဲတင်ထားသော လင့်ခ်ကို နှိပ်ဖွင့်ကြည့်လိုက်သည်။

“လီရှန်းယာတောအိမ် ဟုတ်လား”

ချီဇီဖန်က ထိုအမည်ကို ရေရွတ်လိုက်သည်။ ‘လီရှန်းတောင်’ ဆိုသည့်အမည်က နားထဲတွင် အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရ၏။ ချီဇီဖန် သူ့ခေါင်းကိုသူ ပုတ်လိုက်ရင်း ရုတ်တရက်သတိရသွားသည်။

ဒေသခံ သတင်းစာမျက်နှာတစ်ခုတွင် တောင်ပေါ်လမ်းပြုပြင်နေသည့်အကြောင်း ယခင်က ရေးသားထားဖူးသည်ကို မှတ်မိသွားလေ၏။

ယခင်က တောတွင်းစူးစမ်းလေ့လာသူများနှင့် တောင်ပေါ်တွင် နေထိုင်သူများမှလွဲ၍ သူတို့ထဲမှ မည်သူကမျှ ထိုနေရာသို့ တောင်တက်သွားရန် စဉ်းစားခဲ့ဖူးမည်မဟုတ်ပေ။

တောင်တန်းများ တစ်ခုပြီးတစ်ခုဆက်နေသည့် ထိုနေရာမျိုးသို့ တောင်တက်သွားသူမှာ အရူးသာဖြစ်ပေမည်။

အထဲရောက်လျှင် လမ်းမှန်ကိုပင် ရှာနိုင်မည်မဟုတ်ဘဲ ဝင်သွားသည်နှင့် မျက်စိလည်လမ်းမှား ဖြစ်သွားမည်ကို စိုးရိမ်ရသေးသည်။

“လမ်းတွေပြင်ပြီးသွားတော့ ဒီမှာ ယာတောအိမ်လေးတစ်ခုတောင် ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး၊ ရီဗျူးတွေ ဘယ်လိုနေလဲ ကြည့်ရအောင်”

ချီဇီဖန်က သူ့ဘာသာရေရွတ်ရင်း အက်ပ်ထဲ ဝင်ကြည့်လိုက်သည်။

“ဘာလို့ ရီဗျူးက သုံးခုတည်း ရှရတာလဲ”

သူ မျက်မှောင်ကြုတ်သွားသည်။ မှတ်ချက်သုံးခုစလုံးက တစ်ရက်တည်းမှာပင် တင်ထားခြင်းဖြစ်၏။

ယာတောအိမ်ပိုင်ရှင်က လူငှားပြီး ရီဗျူးအတုများ ရေးခိုင်းထားခြင်းလော။ မဟုတ်လျှင် အွန်လိုင်းအော်ဒါ စုစုပေါင်းသုံးခုတည်းရှိပြီး သုံးခုစလုံးက ကြယ်ငါးပွင့် ရီဗျူးတွေချည်း ဖြစ်နေနိုင်မည်လော။ ပြီးနောက် စာအရှည်ကြီး ရေးထားပြီး ဓာတ်ပုံများပါ တွဲတင်ထားသေးသည်။

သူ၏ နှစ်ပေါင်းများစွာ အွန်လိုင်းမှဈေးဝယ်ခဲ့သော အတွေ့အကြုံအရ ကောင်းမွန်သော ရီဗျူးရေးလျှင် ငွေပြန်အမ်းပေးမည့် အစီအစဉ်မျိုးမရှိပါက ဖောက်သည်အများစုသည် ဓာတ်ပုံများနှင့်တကွ စာလုံးဆယ်လုံးထက်ပိုသော ရီဗျူးများကိုရေးရန် ပျင်းရိတတ်ကြသည်။

တည်းခိုခန်းများအတွက်လည်း ထိုနည်းလည်းကောင်းပင်။ သို့သော် ဤဓာတ်ပုံများက တော်တော်လေး စစ်မှန်ပုံရပြီး ရောင်းချသူ၏ ဗီဒီယိုအတိုများမှ နေရာနှင့် တစ်ထပ်တည်းကျနေသည်မှာ ထင်ရှားသည်။

ဤဖောက်သည်အနည်းငယ်က ရီဗျူးရေးရသည်ကို ဝါသနာပါသူများ ဖြစ်နေနိုင်သည်ဟုလည်း တွေးလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ အနီးအနားတွင် အခြားပျော်စရာကောင်းသော နေရာများလည်းမရှိသဖြင့် ထိုယာတောအိမ်သို့ သွားလည်ရသည်ကလည်း မဆိုးလှပေ။

ဓာတ်ပုံများထဲတွင် ရေကစားနိုင်၊ ငါးမျှားနိုင်သော ချောင်းငယ်လေးတစ်ခုကိုလည်း တွေ့ရသည်။

ထို့ကြောင့် သူက လီရှန်း ယာတောအိမ်၏ လင့်ခ်ကို ချစ်သူကောင်မလေးထံ ချက်ချင်းမျှဝေပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးစလုံး ဤလာမည့် စနေနေ့တွင် လီရှန်း ယာတောအိမ်သို့ သွားလည်ရန် သဘောတူလိုက်ကြ၏။

ချီဇီဖန်ကလည်း ဖြောင်ဖြောင်ထွမ် အက်ပ်မှတစ်ဆင့် စနေနေ့အတွက် ၂၉၉ ယွမ်တန် အခန်းတစ်ခန်းကို ချက်ချင်းပင် ဘိုကင်လုပ်လိုက်သည်။

ယခင်က ချစ်သူမရှိစဉ်ကဆိုလျှင် သူငယ်ချင်းများနှင့် ခရီးသွားပါက လူငယ်တည်းခိုခန်းများ သို့မဟုတ် တည်းခိုခန်းငယ်များတွင်သာ တည်းခိုလေ့ရှိပြီး တစ်ယောက်လျှင် ယွမ် ၁၀၀ ထက်ပို၍ မသုံးစွဲခဲ့ဖူးပေ။

သို့သော် ယခု ချစ်သူရှိလာပြီဖြစ်ရာ အပြင်ထွက်လည်သည့်အခါ သူမကို မိမိနှင့်အတူ ပင်ပန်းဆင်းရဲခံရန် မရက်စက်နိုင်တော့ပေ။ ဤ ၂၉၉ ယွမ်ဆိုသည်မှာလည်း သူ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။

သို့သော် ဤမျှ ခေါင်ဖျားသောနေရာတွင်ရှိသည့် လီရှန်း ယာတောအိမ်၏ စျေးနှုန်းနှင့်ပတ်သက်၍မူ သူ အနည်းငယ်သံသယဖြစ်နေဆဲပင်။

အကယ်၍ တည်းခိုရသည့်အခန်းက ဓာတ်ပုံထဲကအတိုင်း သန့်ရှင်းပြီး သက်တောင့်သက်သာမရှိခဲ့လျှင်၊ ယင်းအပြင် သူ့ချစ်သူကောင်မလေးက သူ့ကို အရည်အချင်းမရှိသူဟု ထင်သွားခဲ့လျှင် သူ သေချာပေါက် မကောင်းတဲ့မှတ်ချက်အရှည်‌ကြီး ရေးပစ်မည်ဟု ကြိတ်တွေးထားလိုက်သည်။

“ဟမ့်”

လီရှီးရှီးသည်လည်း သူမ၏ဖုန်းပေါ်ရှိ ဖြောင်ဖြောင်ထွမ် အက်ပ်မှ စနေနေ့အတွက် အော်ဒါအသစ်တစ်ခု ထပ်မံဝင်လာသည်ကို တွေ့လိုက်ရသဖြင့် အလွန်ပျော်ရွှင်နေမိသည်။ ကုတင်နှစ်လုံးပါ အခန်းဖြစ်သဖြင့် တစ်ယောက်တည်းတော့ သေချာပေါက်မဟုတ်နိုင်ပေ။

ဆိုလိုသည်မှာ သူမ၏မစ်ရှင်က မကြာမီ အောင်မြင်တော့မည်ဖြစ်သည်။

ထိုနေ့မှာပင် ဖုန်းထဲတွင် နောက်ထပ်အော်ဒါနှစ်ခု ထပ်ဝင်လာသည်ကို တွေ့လိုက်ရသေး၏။

တစ်ခုမှာ ယခုလာမည့် စနေ၊ တနင်္ဂနွေအတွက် သက်တောင့်သက်သာရှိသော ကုတင်ကြီးတစ်လုံးပါ အခန်းကို နှစ်ညစာ ဘိုကင်လုပ်ထားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ နောက်အပတ် စနေ၊ တနင်္ဂနွေအတွက် ဖြစ်သည်။

လီရှီးရှီးသည် ဖုန်းပေါ်ရှိ အော်ဒါများကို ကြည့်ရင်း ပြုံးမဆုံးနိုင်အောင် ဖြစ်နေသည်။ ‘ဒါက အရမ်းကောင်းတာပဲ၊ လုပ်ငန်းက တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီ'

စနေနေ့တွင် ချစ်သူကောင်မလေး အစည်းအဝေးပြီးသည်နှင့် ချီဇီဖန်က သူမကို အလုပ်ခွင်မှ တိုက်ရိုက်သွားကြိုကာ လီရှန်း ယာတောအိမ်သို့ ဂျီပီအက်စ်ဖွင့်၍ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။

ခရီးစဉ်တစ်ခုလုံး နှစ်နာရီခန့် ကြာမြင့်ခဲ့၏။ လက်ရှိအချိန်မှာ ဆယ်နာရီခွဲသာရှိသေးပြီး ဗိုက်သိပ်မဆာကြသေးသဖြင့် ယာတောအိမ်သို့ရောက်မှသာ နေ့လယ်စာစားရန် ဆုံးဖြတ်လိုက်ကြသည်။

ရောက်ရောက်ချင်း ချီဇီဖန်က ကားနောက်ဖုံးထဲမှခရီးဆောင်အိတ်များကို အရင်ဆွဲထုတ်လိုက်ပြီးနောက် သူတို့နှစ်ဦး လက်ချင်းချိတ်ကာ ဧည့်ကြိုကောင်တာသို့ သွားရောက်စာရင်းသွင်းကြသည်။

ချီဇီဖန်၏ချစ်သူကောင်မလေး ရှောင်ယွီက ဧည့်ကြိုကောင်တာသို့ လျှောက်သွားရင်း ဘေးဘီရှိ အပြင်အဆင်များကို ငေးကြည့်ကာ ပြောလာလေ၏။

“ဇီဖန်... ဒီကအပြင်အဆင်တွေက တရုတ်ရိုးရာစတိုင်လေးနော်၊ တကယ်ကိုလှတာပဲ”

“မင်းက ဒီလိုအပြင်အဆင်မျိုးကို သဘောကျတာလား၊ ငါ့မိဘတွေက ငါ့အတွက် အိမ်တစ်လုံးဝယ်ပေးထားတယ်။ ဒီနှစ်ကုန်လောက်ဆို အိမ်အပ်တော့မှာ၊ အဲဒီကျရင် မင်းသဘောကျတဲ့ဒီဇိုင်းမျိုးလေး ပြင်ကြမလား”

ချီဇီဖန်က အခွင့်အရေးရခိုက် သူ၏ရည်ရွယ်ချက်များကို ဖွင့်ဟလိုက်သည်။

ထိုစကားကြောင့် ရှောင်ယွီ၏မျက်နှာလေး ရုတ်တရက်နီမြန်းသွား၏။

‘အိမ်အပြင်အဆင်အကြောင်းတောင် ပြောနေပြီပဲ၊ အရမ်းမြန်လွန်းနေပြီ၊ ငါတို့က တစ်ယောက်မိဘကို တစ်ယောက်တောင် မမိတ်ဆက်ရသေးဘူးလေ၊ လက်ထပ်မယ့်အဆင့်ကို ရောက်ဖို့ဆိုတာ ဝေးပါသေးတယ်'

သူမလည်း ရှက်ရှက်ဖြင့် ချီဇီဖန်လက်မောင်းကို မနာအောင်ဆိတ်လိုက်ပြီး အရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။

…

“မင်္ဂလာပါရှင်... ကျွန်မ ဒီမှာ ဖြောင်ဖြောင်ထွမ်ကနေ အခန်းယူထားလို့ပါ”

“ဟုတ်ကဲ့ပါရှင့်၊ မှတ်ပုံတင်လေးပြပေးပါ၊ စာရင်းသွင်းပေးပါ့မယ်”

အခန်းထဲရောက်သောအခါ ချီဇီဖန်က အခန်းပတ်လည်ကို သေချာ လိုက်လံစစ်ဆေးကြည့်ပြီးနောက်မှ သက်ပြင်းချနိုင်တော့သည်။

ကံကောင်းထောက်မစွာဖြင့် အခန်းက အွန်လိုင်းတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း တစ်ထပ်တည်းဖြစ်နေပြီး အလွန်သန့်ရှင်းသပ်ရပ်နေသည်။ မဟုတ်လျှင် သူအရှက်ကွဲရပေတော့မည်။

“ရှောင်ယွီ... အောက်ဆင်းပြီး တစ်ခုခုအရင်စားကြရအောင်လေ၊ ကားအကြာကြီးမောင်းလာရတော့ ငါလည်း နည်းနည်းပင်ပန်းနေပြီ”

“အင်း၊ အိုကေလေ၊ ခဏလောက်စောင့်ဦး၊ ဖိနပ်လေးလဲလိုက်ဦးမယ်၊ ပြီးရင်သွားကြတာပေါ့”

….

“ဇီဖန်... ဒီက ဟင်းတွေက တကယ်ကောင်းတာပဲနော်၊ နာမည်ကြီး ရှေးဟောင်း စားသောက်ဆိုင်လေးတွေက လက်ရာတွေထက် လုံးဝမညံ့ဘူး”

“ကောင်းရင်များများစားလေ”

ပြောပြောဆိုဆိုနှင့် ချီဇီဖန်က ကြက်ပေါင်ကြီးတစ်ချောင်းကို ကောက်ယူကာ သူ့ချစ်သူ ရှောင်ယွီ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“နင်လည်း စားလေ၊ ငါ့ဟာငါယူစားလို့ရပါတယ်၊ အာ... ဒါနဲ့ ဒီအနီးအနားမှာ ဘာတွေပျော်စရာရှိသေးလဲဟင်”

“အင်း... အွန်လိုင်းမှာ တွေ့ခဲ့တာတော့ ဒီအနောက်ဘက်မှာ ချောင်းလေးတစ်ခု ရှိတယ်တဲ့၊ ရေဆော့လို့ရတယ်၊ ငါးမျှားလို့ရတယ်၊ ကံကောင်းရင် ရေတံခွန်လေးတစ်ခုတောင် မြင်ရနိုင်တယ်တဲ့"

“ခုနက ငါ အခန်းဝရန်တာကနေ လှမ်းကြည့်လိုက်တော့ အနောက်ဘက်ကရှုခင်းတွေ တော်တော်လေးကောင်းပုံရတယ်၊ အမှတ်တရဓာတ်ပုံတွေ သွားရိုက်ကြတာပေါ့” ချီဇီဖန်က ခေါင်းကုတ်ရင်း ဖြေလိုက်၏။

“တကယ်လား... ဒါဆိုရင် ငါတို့ နှစ်ယောက်တွဲ ဓာတ်ပုံတွေ အများကြီး ရိုက်ရမယ်နော်”

“ငါက ပို့စ်သိပ်မပေးတတ်ဘူး၊ မင်းပုံတွေချည်းပဲ များများရိုက်ပေးမယ်လေ၊ ဘယ်လိုလဲ”

“ရပါတယ်... အရမ်းလွယ်တယ်၊ ငါသင်ပေးမှာပေါ့”

ထိုစဉ် လီရှီးရှီးက ဟင်းပွဲများလာချပေးလေသည်။

ရှောင်ယွီက မော့ကြည့်ရင်း မေးလိုက်လေ၏။

“သူဌေးမလေး... ခဏနေရင် ကျွန်မတို့ကို တစ်ခုလောက် ကူညီပေးလို့ရမလားဟင်၊ အနောက်ဘက်က ချောင်းနားမှာ ကောင်လေးနဲ့ နှစ်ယောက်တွဲဓာတ်ပုံလေးတွေ ရိုက်ချင်လို့ပါ၊ ကျွန်မတို့ကို ဓာတ်ပုံလေး နှစ်ပုံသုံးပုံလောက် ရိုက်ပေးနိုင်မလား”

လီရှီးရှီးက ဟင်းပွဲများကိုချပေးရင်း ‘အိုကေ’ ဟူသော လက်ဟန်ပြကာ ပြန်ဖြေလိုက်၏။

“ပြဿနာမရှိပါဘူးရှင့်၊ အကူအညီလိုရင်သာ အချိန်မရွေးလှမ်းခေါ်လိုက်ပါ”

သူတို့ စကားပြောနေစဉ်မှာပင် ဧည့်သည်များ ထပ်မံရောက်ရှိလာကြသည်။ သူတို့သည်လည်း ဗီဒီယိုကို မြင်တွေ့ခဲ့ရပြီး သိပ်မဝေးဘူးဟုထင်ကာ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွင် ကလေးများကိုခေါ်၍ အပန်းဖြေရန် လာရောက်ကြခြင်းဖြစ်သည်။

ချီဇီဖန်နှင့် သူ့ချစ်သူကောင်မလေးတို့သည် ဤနေရာတွင် အလွန်သာယာပျော်ရွှင်ဖွယ်ကောင်းသော စနေ၊ တနင်္ဂနွေ အားလပ်ရက်ကို ဖြတ်သန်းခဲ့ကြရ၏။

သူကိုယ်တိုင်လည်း အလွန်ကျေနပ်အားရသဖြင့် ဖြောင်ဖြောင်ထွမ်တွင် လီရှန်း ယာတောအိမ်အတွက် ကောင်းမွန်သောရီဗျူးတစ်ခုကို ရေးပေးခဲ့လေသည်။

18

ချီဇီဖန်က သူအရင်ကတင်ထားခဲ့သောပို့စ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝင်ရောက်ရေးသားလိုက်သည်။

“ဟားဟားဟား... ငါ ပြန်လာပြီကွ၊ ပို့စ်ပိုင်ရှင်ကြီး ပြန်ရောက်လာပြီ။ ဒီအနီးအနားမှာ ပျော်စရာနေရာမရှိဘူးလို့ ဘယ်သူပြောလဲ"

“တကယ့်ကို အပန်းဖြေလို့ကောင်းမယ့် နေရာလေးတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ဒီအနားမှာ ဖမ်းလ်‌ဟောက်စ်လေး တစ်ခုရှိနေတာကို အခုလေးတင် တွေ့လိုက်ရတာ” ဟူသော စာသားနှင့်အတူ ပုံများပါတွဲတင်ထင်ထားလေသည်။

အွန်လိုင်းပေါ်ရှိ ပျင်းရိနေသူအချို့က ပို့စ်ပိုင်ရှင်၏ အပ်ဒိတ်ကို ချက်ချင်းပင် မြင်တွေ့သွားကြသည်။ သာယာလှပသောရှုခင်းများနှင့် ယာတောအိမ်၏ ဓာတ်ပုံများကို မြင်သည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း ဝင်ရောက်မေးခွန်းထုတ်တော့သည်။

“ပို့စ်ပိုင်ရှင်... မင်းက ဒီဖမ်းလ်‌ဟောက်စ်ရဲ့ပိုင်ရှင်မလား၊ ကြော်ငြာဝင်လုပ်နေတာမှတ်လား၊ အခုခေတ်မှာ ကြော်ငြာတွေက နေရာတိုင်းမှာပဲ”

“ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ကြော်ငြာနဲ့တူပါတယ်။ ဒါပေမဲ့ မေးတော့ မေးချင်သေးတယ်။ ပို့စ်ပိုင်ရှင်... အဲဒီက ရှုခင်းတွေက မင်းတင်ထားတဲ့ ဓာတ်ပုံတွေထဲကအတိုင်း တကယ်လှတာလား၊ ဒါမှမဟုတ် အင်တာနက်ပေါ်က ပုံတွေကို ဒီအတိုင်း ကူးတင်ထားတာလား”

“တကယ်ပျော်စရာကောင်းတယ်ဆိုရင်တော့ ငါလည်းသွားလည်ချင်တယ်”

ပို့စ်ပိုင်ရှင် ချီဇီဖန် - “ငါက ကြော်ငြာနေတာမဟုတ်ဘူးကွ၊ အွန်လိုင်းမှာ မတော်တဆတွေ့လိုက်လို့ လမ်းညွှန်ပေးရုံသက်သက်ပဲ၊ မယုံရင် ငါ့အကောင့်ကိုဝင်စစ်ကြည့်၊ ငါက ယာတောအိမ်ဖွင့်ထားတဲ့သူ လုံးဝမဟုတ်ဘူး၊ ယုံတာ မယုံတာ မင်းတို့အပိုင်းပဲ”

ချီဇီဖန်က စေတနာသက်သက်ဖြင့် သူ၏အတွေ့အကြုံကို မျှဝေပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ပို့စ်တင်ပြီးမကြာမီမှာပင် ကြော်ငြာပါဟု စွပ်စွဲခံလိုက်ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဒေါသထွက်သွားသဖြင့် စာပြန်ပို့လိုက်ပြီးသည်နှင့် ဖုန်းကို ဘေးသို့ ပစ်ချလိုက်ကာ အွန်လိုင်းမှ မှတ်ချက်များကို ဆက်မကြည့်တော့ပေ။ လောကကြီးတွင် အဆိုးမြင်တတ်ပြီး အမြဲတမ်း ဆန့်ကျင်ဘက်ပြောလိုသူများက ရှိနေတတ်သည်သာ။

သူတို့က အလိုအလျောက်ငြင်းခုံဖို့ တပ်ဆင်ထားတဲ့ စက်ရုပ်တွေအလားပင်။

သို့သော် ထိုပို့စ်ထဲရှိ ချီဇီဖန်၏ ငါးမျှားနေသောဓာတ်ပုံများကို မြင်ပြီးနောက် စိတ်ဝင်စားသွားသူတစ်ယောက်တော့ ရှိနေသည်။ ထိုသူက ငါးမျှားဝါသနာပါသူ တစ်ဦးဖြစ်သော်လည်း သူ၏ငါးမျှားစွမ်းရည်ကတော့ သိပ်မဟန်လှပေ။

တစ်နည်းအားဖြင့်ပြောရလျှင် အရည်အချင်းမရှိဘဲ ကစားရတာကိုတော့ အရူးအမူးနှစ်သက်သူမျိုးဖြစ်သည်။

သူက အနီးအနားရှိ ငါးမျှားသည့်နေရာအားလုံးကို ရောက်ဖူးပြီးဖြစ်ရာ နေရာအသစ်တစ်ခုကို စမ်းသပ်ချင်နေ၏။

တကယ်တမ်းပြောရလျှင် သူက ငါးကြီးကြီးမားမား တစ်ကောင်မှ မမိဖူးသဖြင့် ထိုနေရာများက မကောင်းဘူးဟု အပြစ်ဖို့ကာ သူ၏ငါးမျှားစွမ်းရည်ကို သက်သေပြရန် နေရာသစ်တစ်ခုကို ရှာဖွေချင်နေခြင်းသာ ဖြစ်သည်။

သူမသိသေးသော အနီးအနားရှိ ငါးမျှားသည့်နေရာသစ်တစ်ခုကို မြင်လိုက်ရသည်နှင့် ပို့စ်ပိုင်ရှင်ပြောပြထားသော ယာတောအိမ်အမည်ကို အမြန်ရှာဖွေကြည့်လိုက်သည်။ သူ့လက်ရှိနေရာနှင့် တစ်နာရီခွဲခန့်သာ ဝေးကြောင်း တွေ့လိုက်ရချိန်တွင်တော့ သွားရောက်ဖို့ဆုံးဖြတ်လိုက်လေ၏။

ဤအကွာအဝေးမှာ သူ၏အကြိုက်ပင်။

ဘာမှထပ်မစဉ်းစားတော့ဘဲ ငါးမျှားကိရိယာများကို ကောက်ဆွဲကာ ကားပေါ်တက်၍ ချက်ချင်းမောင်းထွက်လာခဲ့တော့သည်။

ထိုအချိန်တွင် လီရှီးရှီးမှာမူ သူမ ယခုလေးတင်ရရှိထားသော ဆုလာဘ်ကို လေ့လာနေသည်။

၁၅ ရက်အတွင်း ညအိပ်တည်းခိုမည့် ဧည့်သည်ဆယ်ဦးကို ဧည့်ခံရန်ဟူသော မစ်ရှင်မှာ သတ်မှတ်ရက်ထက်စော၍ အောင်မြင်သွားခဲ့ပြီဖြစ်သည်။

ဧည့်သည်များအားလုံး ပြန်သွားပြီးနောက် စားပွဲပေါ်ရှိဖုန်းကို ကောက်ယူကြည့်လိုက်သောအခါ ဤဆုလာဘ်မှာ အလွန်ထူးခြားနေကြောင်း တွေ့လိုက်ရ၏။

‘ကြီးထွားနိုင်သော သန့်စင်ခြင်းစွမ်းအင်တစ်စ တဲ့လား’

‘သန့်စင်ခြင်းစွမ်းအင်တစ်စ... ဒါကဘာကြီးလဲ၊ ဘာလို့ သိုင်းဝတ္ထုတွေထဲက ကျင့်စဥ်တစ်ခုလို ဖြစ်နေရတာလဲ'

စူးစမ်းချင်စိတ်များ ပြည့်နှက်နေသဖြင့် ဆုလာဘ်ကိုရယူရန် ခလုတ်အား ချက်ချင်းနှိပ်လိုက်၏။ ထိုခဏမှာပင် သူမ၏ ပတ်ဝန်းကျင်တွင် မျက်စိဖြင့်မမြင်နိုင်သော လေထုစွမ်းအင်တစ်ခု ရစ်ဝဲနေကြောင်း ခံစားလိုက်ရပြီး ထိုစွမ်းအင်ကို စိတ်အာရုံဖြင့် ထိန်းချုပ်နိုင်စွမ်းရှိနေသည်ကိုပါ အံ့သြဖွယ်သိရှိလိုက်ရသည်။

သူမက ဤသန့်စင်ခြင်းစွမ်းအင်ကို အနီးအနားရှိ ပန်းသီးတစ်လုံးဆီသို့ ဦးတည်စမ်းသပ်လိုက်သည်။

သူမ မျက်တောင်တစ်ချက် ခတ်လိုက်မိ၏။

သူမ၏ စိတ်ထင်ကြောင့်ပဲလားတော့ မသိ၊ ပန်းသီး၏အခွံမှာ အနည်းငယ် ပိုမိုတောက်ပချောမွေ့သွားသယောင်ရှိပြီး လေထုထဲတွင်လည်း သင်းပျံ့ပျံ့ ပန်းသီးရနံ့ချိုချိုလေးက မသိမသာလွင့်မျောလာသည်။

ဤပန်းသီးမှာ လာမည့်အပတ်အတွက် ကြက်ဥများနှင့် အခြားပစ္စည်းများ ကြိုတင်မှာယူရန် ဦးလေးဝမ်၏ အိမ်သို့သွားစဉ်က သူမစားရန် ယူလာခဲ့သော ပန်းသီးဖြစ်သည်။ မနက်က တစ်လုံးစားကြည့်ပြီးဖြစ်ရာ မချဉ်သော်လည်း ရိုးရိုးသားသားပြောရလျှင် အနည်းငယ်အဖန်အရသာရှိပြီး သိပ်ကောင်းသော ပန်းသီးမျိုးတော့ မဟုတ်ပေ။

သန့်စင်ခြင်းစွမ်းအင်ဖြင့် သန့်စင်ထားသော ဤပန်းသီး၏အရသာက ပြောင်းလဲသွားမလားဟု သူမ သိချင်လာသည်။

ထို့ကြောင့် ပန်းသီးကို အတုံးသေးသေးလေးများ လှီးဖြတ်ကာ ဖမ်းလ်‌ဟောက်စ်အနောက်ဘက် ချောင်းငယ်လေးထဲရှိ ငါးများကို စမ်းကျွေးကြည့်လိုက်သည်။ ပန်းသီးအတုံးလေးများကို ရေထဲသို့ပစ်ချလိုက်သည်နှင့် ငါးများ ချက်ချင်းအုံခဲလာပြီး တဗွမဗွမ်းအသံများနှင့်အတူ အလုအယက်စားကြတော့၏။

ငါးအကောင်ရေ အတော်များများက တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့လုယက်နေကြသည်။

‘ဒီလောက်တောင် အရသာရှိသွားတာလား' လီရှီးရှီး မျက်ခုံးပင့်လိုက်မိသည်။ ထိုစဉ် ယာတောအိမ်အက်ပ်ထံမှ မစ်ရှင်အသစ်တစ်ခု ထပ်မံရောက်ရှိလာ၏။

[စနစ်အသိပေးချက်]။ ။အရည်အချင်းပြည့်မီသော ယာတောအိမ်တစ်ခုတွင် ဖျော်ဖြေရေး အစီအစဉ်များ မရှိလို့ မဖြစ်ချေ။ ကျေးဇူးပြု၍ မည်သည့် ဖျော်ဖြေရေးနေရာ နှစ်ခုကိုမဆို ဖန်တီးတည်ဆောက်ပါ။ (လက်ရှိတိုးတက်မှု ၀/၂)

‘ရေဆော့တာနဲ့ ငါးမျှားတာက အကျုံးမဝင်ဘူးလား၊ ဒါမှမဟုတ် ဖမ်းလ်‌ဟောက်စ်ရဲ့ ပိုင်နက်ထဲမှာ မပါလို့ အကျုံးမဝင်တာလား'

သူမအနေဖြင့် အနောက်ဘက်ရှိ နေရာကိုပါ သိမ်းပိုက်ရတော့မည်လော။ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သူမ၏ ယာတောအိမ် အနောက်ဘက်ရှိ တောင်ကုန်းလေးသို့ ရွာသားများ မှိုလာခူးလေ့ရှိသော်လည်း ဤအနီးအနားတွင် မှိုထွက်သော တောင်ကုန်းများစွာ ရှိနေသဖြင့် ထိုတောင်ကုန်းတစ်ခုတည်းကိုသာ အားကိုးနေကြရခြင်း မဟုတ်ပေ။

ထို့အပြင် ဤဒေသတွင် ချောင်းငယ်လေးများစွာရှိပြီး သူမအိမ်နောက်ဘက်ရှိ ချောင်းလေးမှာ ရွာသားများ၏ အဓိကရေအရင်းအမြစ်လည်း မဟုတ်ချေ။

သူမ၏အိမ်က အခြားရွာသားများ၏အိမ်များနှင့်လည်း နီးကပ်ခြင်းမရှိသလို ရွာသားများက ဤချောင်းထဲသို့ ငါးလာဖမ်းလေ့ သိပ်မရှိကြပေ။ ဤချောင်းလေးကို သူမလုပ်ကိုင်ခွင့်ရရန် ရွာသူကြီးထံ သွားရောက်ဆွေးနွေးရပေမည်။

ထိုသို့ဆိုလျှင် ရွာထဲရှိ အိမ်ထောင်စုတိုင်းကလည်း ငွေကြေးအချို့ ရရှိနိုင်မည်မဟုတ်လော။

သူမ၏ကိုယ်ပိုင်လုပ်ငန်းလေးကို အကြီးကျယ်ဆုံးဖြစ်အောင် တည်ဆောက်မည်ဟူသော ပြင်းပြသည့် ရည်မှန်းချက်များက သူမကို ရှေ့ဆက်ရန် ခွန်အားပေးနေတော့သည်။

အချိန်ဆွဲမနေတော့ဘဲ လီရှီးရှီးက ဤကိစ္စအတွက် ရွာသူကြီးနှင့် သွားရောက်ဆွေးနွေးရန် အလုပ်များနေစဉ် ငါးမျှားတံတစ်ချောင်းကို ကိုင်ဆောင်လာသော လူကောင်ထွားထွား အမျိုးသားတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

လီကျီဖုန်က ချောင်းဘေးသို့ အမြန်လျှောက်သွားလိုက်ရာ ငါးများစုရုံးကာ အစာလုနေကြသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ဝမ်းသာပီတိဖြစ်သွားတော့သည်။

‘ဒီမှာ ငါးတွေ အများကြီးပါလား’

သူက ငါးမျှားကိရိယာများကို အမြန်ပြင်ဆင်ကာ ခေါက်ကုလားထိုင်လေးကို ထုတ်၍ ထိုင်လိုက်ပြီး ငါးလာဟပ်မည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

စောစောက ပန်းသီးစလေးများကို မစားလိုက်ရသဖြင့် ငါးအချို့မှာ သတိလက်လွတ်ဖြစ်နေကြပုံရ၏။ အစာကို မြင်သည်နှင့် တစ်ပြိုင်နက် ပါးစပ်ဟကာ ချက်ချင်းဟပ်ကြတော့သည်။

“အို... ဟိုး၊ ဒီငါးကတော်တော်ကြီးတာပဲ၊ ကြည့်စမ်း... ရုန်းနေလိုက်တာ၊ အားလည်းတော်တော်သန်တယ်”

ငါးက အမြီးဖြင့် လီကျီဖုန်၏မျက်နှာကို ရိုက်ပုတ်လိုက်သော်လည်း သူက လုံးဝ ဒေါသမထွက်ပေ။

ကြီးမားလွန်းသော ငါးကြီးကိုကြည့်ကာ ပြုံးဖြီးဖြီးဖြင့် အပျော်ကြီးပျော်နေတော့သည်။

“ဒီငါးက ငါးပိဿာ၊ ခြောက်ပိဿာလောက် ရှိမယ်ထင်တယ်၊ အားလုံးကို ကြွားလို့ရအောင် ချက်ချင်းဓာတ်ပုံရိုက်ထားမှပဲ”

ထို့နောက် ဖုန်းကို လက်တစ်ဖက်ဖြင့်ထုတ်ကာ ငါးကို ရှုထောင့်ပေါင်းစုံမှ ဓာတ်ပုံများ အမိအရရိုက်ယူတော့သည်။

သူ၏ ငါးမျှားစွမ်းရည်ကို သက်သေပြနိုင်ပြီဆိုသည့် အသိကြောင့် သူ၏ မျက်နှာပေါ်တွင် အောင်ပွဲခံသည့် အပြုံးများက အထင်းသား။

သံပူတုန်း နာနာထုရိုက်ဆိုသလို နောက်ထပ် ငါးအချို့ကို ဆက်ဖမ်းရန်ပြင်လိုက်စဉ် သူ၏ဖုန်းမှ အသံမြည်လာ၏။

ဇနီးဖြစ်သူထံမှ ဖုန်းဖြစ်နေသဖြင့် မကိုင်ဘဲနေ၍လည်းမရပေ။ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လေသံကိုသတိထားကာ နှိမ့်ပြောလိုက်၏။

“ဟယ်လို မိန်းမ”

“ရှင့်မှာ မိန်းမရှိတယ်ဆိုတာသိသေးတယ်ပေါ့၊ ရှင် ဘယ်တွေများပျောက်သွားတာလဲ နေ့လယ်က ပဲငံပြာရည်သွားဝယ်ခိုင်းလိုက်တာ၊ အခု အတော်လေးကြာနေပြီလေ”

“ညစာချက်ဖို့က လိုသေးတယ်၊ ရှင်က ပြန်မလာသေးဘူး။ ရှင် ဘာတွေများသွားလုပ်နေတာလဲ”

ဖုန်းထဲမှ ဒေါသတကြီးအော်ဟစ်သံက ထွက်ပေါ်လာသည်။

လီကျီဖုန်က နဖူးမှချွေးများကိုသုတ်လိုက်ရင်း ‘ဒုက္ခပါပဲ... ခုနက ငါးမျှားရတာ အရမ်းအာရုံစိုက်နေလို့ အဲဒီကိစ္စကို လုံးဝမေ့သွားတယ်’ ဟု ကြိတ်တွေးလိုက်မိသည်။

သ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆင်ခြေတစ်ခုကို အမြန်စဉ်းစားကာ လိမ်ပြောရတော့၏။

“အင်း၊ ကိုယ်... ကိုယ်လေ၊ စားသောက်ဆိုင်တစ်ဆိုင်က ဟင်းတွေ အရမ်းကောင်းတယ်လို့ကြားလို့၊ ဒီည ကိုယ်တို့ ကိုယ့်ဘာသာ ထမင်းမချက်တော့ဘဲ အဲဒီကနေပါဆယ်ဆွဲလာမလို့ပါ”

“တကယ်လား၊ ရှင် ဘာလို့ စောစောကတည်းကမပြောတာလဲ၊ ကျွန်မ ထမင်းအိုးတောင်တည်ထားလိုက်ပြီ”

ဇနီးဖြစ်သူက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် မေးလာလေသည်။

“ရှင် တစ်နေရာရာမှာ ငါးသွားမျှားနေပြီး ပဲငံပြာရည်ဝယ်ဖို့ကိစ္စကို လုံးဝမေ့သွားတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်လိုလုပ် အဲဒီလိုဖြစ်ရမှာလဲ ငါးမျှားတာက ဘယ်လောက်ပဲ အရေးကြီးကြီး ကိုယ့်မိန်းမထက်တော့ ပိုအရေးမကြီးပါဘူး၊ မင်းမှာလိုက်တဲ့ကိစ္စကို ငါးမျှားဖို့အတွက်နဲ့ ကိုယ်က ဘယ်လိုလုပ်မေ့သွားနိုင်မှာလဲ”

“အာ၊ ထားလိုက်ပါတော့၊ ဒီစားသောက်ဆိုင်မှာ လူတွေအရမ်းများလို့ ကိုယ် တန်းစီစောင့်နေရတာ၊ ထမင်းကျက်နေပြီဆိုလည်း ကျက်ပါစေတော့၊ ကိုယ် ဟင်းတွေပဲ၀ယ်လာခဲ့မယ်နော်၊ အိမ်ကနေပဲစောင့်နေ၊ ကြားလား၊ ဖုန်းချလိုက်ပြီနော်”

All Chapters