← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

19

လီကျီဖုန်က နဖူးမှချွေးသီးချွေးပေါက်များကို သုတ်ပစ်လိုက်ပြီးနောက် ဇနီးဖြစ်သူ၏ဒေါသမီးကို အနိုင်နိုင် ငြိမ်းသတ်နိုင်ခဲ့လေ၏။

သူမသာ သူငါးမျှားနေရင်း သူမကိုမေ့သွားမှန်းသိလျှင် အိမ်အမိုးပွင့်မတတ် ဒေါသထွက်သွားမည်မှာသေချာပြီး မည်သို့မျှ ချော့၍ရတော့မည်မဟုတ်ပေ။

သို့သော် သူ မည်သည့်စားသောက်ဆိုင်မှ ဟင်းလျာများ ဝယ်သွားရမည်နည်း။

ဤမြို့ငယ်လေးထဲရှိ ဆိုင်တိုင်းလိုလိုမှာ သူတို့စားဖူးပြီးပြီဖြစ်ရာ တန်းစီစောင့်ရလောက်အောင် အရသာရှိသည့်ဆိုင်ဟူ၍ လုံးဝမရှိခဲ့ပေ။ ယခုအချိန်မှ ခရိုင်မြို့ပေါ်အထိ ကားမောင်းသွားပြီး ဟင်းဝယ်ကာ ပြန်လာမည်ဆိုပါက ညစာစားချိန် ကျော်လွန်သွားလောက်ပြီဖြစ်သည်။

ယင်းအပြင် သူဖမ်းမိထားသော ဤငါးကြီးကိုကော မည်သို့လုပ်ရမည်နည်း။ အနိုင်နိုင်ဖမ်းမိထားသော ဤငါးကြီးကိုတော့ လွှတ်မပေးနိုင်ချေ။

သို့သော် ဒီအတိုင်း အိမ်သယ်သွားလျှင်လည်း မိသားစုစစ်ပွဲ အသစ်တစ်ဖန် ပြန်လည်စတင်လာပေလိမ့်မည်။

ရှေ့ဆက်တိုး၍မရသလို နောက်ဆုတ်၍လည်းမရသဖြင့် အကျပ်ရိုက်နေစဉ် အနောက်သို့လှည့်ကြည့်လိုက်ရာ ‘လီရှန်း ယာတောအိမ်’ ဟူသော ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသည်။ သူ နဖူးကို ဒေါက်ခနဲ ရိုက်လိုက်မိ၏။

‘ဒါက ထမင်းစားလို့ရတဲ့နေရာပဲ မဟုတ်လား။ ယာတောအိမ်အများစုက ကိုယ်တိုင်ယူလာတဲ့ ပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ပေးလေ့ရှိတာမို့လို့ ဒီငါးကြီးကို သူတို့ဆီအပ်လိုက်ရင် အဆင်ပြေသွားပြီ'

သို့သော် ဤယာတောအိမ်မှ စားဖိုမှူး၏လက်ရာကိုတော့ သူမသိပေ။

ခုနလေးတင် ဖုန်းထဲတွင် ဇနီးဖြစ်သူအား လူတန်းစီစောင့်ရလောက်အောင် အရသာရှိသည့် ဆိုင်လေးတစ်ဆိုင်ကို ရှာတွေ့ထားကြောင်း အာဘောင်အာရင်းသန်သန်ဖြင့် ကြွားလုံးထုတ်ထားခဲ့သည် မဟုတ်လော။

အကယ်၍ ဤနေရာမှဟင်းတွေသာ သူ့ဇနီးလက်ရာလောက်တောင် မကောင်းဘူးဆိုလျှင် အရှက်ကွဲရပေတော့မည်။

သူ ခေါင်းကို ခါယမ်းလိုက်သည်။

“ထားလိုက်တော့... ဒီမှာပဲ အကုန်ပြီးအောင်လုပ်ပြီး မြန်မြန်ပြန်တာကောင်းပါတယ်၊ အရသာမရှိဘူးဆိုရင်လည်း ဆိုင်က လူစည်အောင် လူငှားပြီးဟန်ဆောင်ခိုင်းထားတာလို့ ဆင်ခြေပေးလိုက်မယ်၊ ဒါက ဆိုင်ကလိမ်ညာကြော်ငြာတာပဲလေ၊ ငါ့အပြစ်မှမဟုတ်တာ”

မိမိကိုယ်ကိုယ် ဆင်ခြေပေးပြီးနောက် ပစ္စည်းများကို သွက်လက်စွာ သိမ်းဆည်းကာ သူဖမ်းမိထားသောငါးကြီးကိုဆွဲ၍ ယာတောအိမ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

ယာတောအိမ်၏ပိုင်ရှင် လီရှီးရှီးမှာမူ အပြင်မှပြန်မရောက်သေးသဖြင့် သူမ၏ဆိုင်လေးတွင် ဖောက်သည်အသစ်တစ်ယောက် ထပ်တိုးနေပြီဆိုသည်ကို မသိရှိသေးပေ။

…

“အိုကေပါ စားဖိုမှူးကြီးရယ်... ဟင်းတွေကို မြန်မြန်လေးသာချက်ပေးပါ၊ ပါဆယ်ထုပ်ပြီး မြန်မြန်ပြန်ရမှာမို့လို့ပါ”

လီကျီဖုန် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်မိသည်။ နောက်ဆုံးတော့ ယခုကိစ္စကို ဖြေရှင်းနိုင်သွားခဲ့ချေပြီ။

သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာသည်။

“ဟူး... “

ခုနလေးကတင် ဖမ်းမိထားသော ငါးကြီးကို သူ့ဝီချက်မုမန့်တွင် တင်ပြီး မကြွားလိုက်ရသည်ကတော့ တကယ့်ကို နှမြောစရာပင်။ အဓိက အကြောင်းရင်းမှာ သူနှင့် သူ့ဇနီး၏မုမန့်တွင် အပြန်အလှန်သိနေသော မိတ်ဆွေများ အများအပြား ရှိနေသောကြောင့်ဖြစ်သည်။

အကယ်၍ တစ်ယောက်ယောက်ကို ပိတ်ထားရန်မေ့သွားပြီး ထိုမိတ်ဆွေက သူ၏ဇနီးကို အမှတ်တမဲ့သွားပြောပြမိပါက အိမ်တွင်းရေးပြဿနာကြီး အကြီးအကျယ် တက်ပေလိမ့်မည်။

“မဖြစ်ဘူး... မဖြစ်ဘူး”

သို့သော် ဤကဲ့သို့ အလွန်ဂုဏ်ယူစရာကောင်းသော အရာမျိုးကို မကြွားဘဲမြိုသိပ်ထားရလျှင် သူ ရင်ကွဲသေသွားနိုင်၏။ ထို့ကြောင့် ဒေသခံငါးမျှားဝါသနာရှင်များရှိသည့် ဝီချက်ဂရုထဲသို့ ဓာတ်ပုံလှမ်းပို့လိုက်သည်။

ဤဂရုထဲမှ လူအများစုမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။

လီကျီဖုန်က သူဖမ်းမိထားသော ငါးကြီး၏ဓာတ်ပုံအား ရုတ်တရက်တင်လိုက်သည်ကိုမြင်သောအခါ သူ၏ငါးမျှားစွမ်းရည်ကို ကောင်းကောင်းသိနေသော သူ့သူငယ်ချင်းများက ချက်ချင်းပင် ဝင်ရောက်မေးခွန်းထုတ်ကြတော့သည်။

“မင်းငါးဘေးက ဖိနပ်တွေက အသေးစားမော်ဒယ်အသစ်တွေလား။ ငါ့ကို လင့်ခ်လေး ပို့ပေးပါဦး၊ အဲဒီဖိနပ်တွေက ငါးကို တကယ်ကြီး ကြီးသယောင်ထင်ရစေတယ်”

လီကျီဖုန်က ချက်ချင်း ပြန်လည်ချေပလိုက်လေ၏။

“မဟုတ်ပါဘူးကွ၊ ဒါ ငါစီးထားတဲ့ဖိနပ်တွေပဲ။ အခုလေးတင် ဒီငါးကို ချိန်ခိုင်းကြည့်လိုက်တာ အတိအကျဆို ၆.၃ ကျင်တောင်ရှိတယ်”

စာပို့ပြီးသည်နှင့် တစ်ဆက်တည်းမှာပင် ငါးကို ချိန်ခွင်ပေါ်တင်၍ ချိန်နေသော ဓာတ်ပုံကိုပ် ဂရုထဲသို့ ထပ်မံပေးပို့လိုက်၏။ သူ၏ငါးမျှားစွမ်းရည်အား အားလုံးက အသိအမှတ်ပြုလာသည်ကို သူ အလွန်အမင်းလိုလားနေမိသည်။

သို့သော် ရလဒ်အနေဖြင့် အခြားသူများ၏သံသယကို ပိုမိုကြီးထွားသွားစေသည်။

“မင်း အသားငါးဈေးကနေ ဝယ်လာတာတော့မဟုတ်ပါဘူးနော်၊ ကျီဖုန်ရယ်... ငါးမမိလည်းကိစ္စမရှိပါဘူး၊ အရမ်းကြီးအကြွားမသန်စမ်းပါနဲ့”

“ဟုတ်ပါ့၊ ဒီပုံကိုကြည့်စမ်း... စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ရိုက်ထားတာအထင်းသားကြီးကို၊ မင်းက ဘယ်နားမှာငါးသွားမျှားနေတာလဲ”

“မင်းတကယ် ငါးကြီးကြီးဖမ်းမိတယ်ဆိုရင် ငါတို့ညီအစ်ကိုတွေကို အိမ်ခေါ်ကျွေးပြီး ကြွားရမှာပေါ့၊ ဒီနေ့ ငါလည်း ရေလှောင်တမံမှာ ငါးကြီးတစ်ကောင်မိတော့မလို့ပဲ"

“ဘုရားရေ... အဲဒီငါးကြီးက ငါ့လက်မောင်းလောက်ကိုရှည်တာ၊ ဒါပေမဲ့ အားအရမ်းသန်တော့ ငါ့ငါးမျှားချိတ်ကိုဖြတ်ပြီး လွတ်သွားတယ်၊ ငါးမျှားကိရိယာတွေကို အဆင့်မြှင့်ဖို့ လိုနေပြီထင်တယ်”

“ဝတုတ်ကြီးဝမ်... လျှောက်ကြွားမနေနဲ့။ မင်းမှာ ဓာတ်ပုံရှိလို့လား၊ ကျီဖုန်က အနည်းဆုံး ဓာတ်ပုံလေး နှစ်ပုံသုံးပုံတော့ ရှာလာနိုင်သေးတယ်၊ မင်းကတော့ ပါးစပ်ကနေ အလွတ်တန်းလျှောက်ပြောနေတာ”

“ဒါပေါ့၊ ဟေ့... ကျီဖုန်၊ မင်းတကယ်သာ ငါတို့ရှေ့မှာ ဒီလောက်ကြီးတဲ့ငါးကို ဖမ်းပြနိုင်ရင် မင်းကို စားသောက်ဆိုင်မှာ ငါကိုယ်တိုင်ဒကာခံပြီး ကျွေးမွေးမယ်၊ ဘယ်လိုလဲ”

ဂရုထဲမှ ညီအစ်ကိုများက သူ ဤမျှကြီးမားသောငါးကြီးကို ဖမ်းမိနိုင်သည်ဟူသောအချက်အား မယုံကြည်ကြသည်ကို မြင်သောအခါ သူ၏မာနများ ချက်ချင်း ထောင်တက်လာတော့သည်။

ယခင်က ဖမ်းမိခဲ့ဖူးသော နှစ်လျန်၊ သုံးလျန်အရွယ် ငါးပေါက်စလေးများနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ကြီးမားသော တိုးတက်မှုကြီးပင်။

ထို့ကြောင့် သူ၏ငါးမျှားစွမ်းရည်အ ထိုမျှလောက် အထင်သေးခံရသည်ကို မကျေနပ်နိုင်သဖြင့် လူစုကာ ဤနေရာသို့ ငါးလာမျှားကြရန် စီစဉ်တော့သည်။ သူ၏ အရည်အချင်းကို သက်သေပြရန် အခွင့်အရေးတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

ထို့ကြောင့် ဂရုထဲမှ ခင်မင်ရင်းနှီးသောညီအစ်ကိုအချို့နှင့် လာမည့်စနေနေ့တွင် ဤနေရာသို့ ငါးလာမျှားကြရန် သဘောတူညီမှုရယူလိုက်သည်။

ညီအစ်ကိုများနှင့် အစီအစဉ်ဆွဲပြီး မကြာမီမှာပင် သူမှာထားသော ဟင်းပွဲများကလည်း ပါဆယ်ထုပ်ပြီးသွားလေသည်။ လတ်ဆတ်သော ဟင်းရနံ့လေးများက ပလပ်စတစ်အိတ်ထဲမှ စိမ့်ထွက်လာပြီး သွားရည်ကျချင်စရာပင်။

“မြန်လှချည်လား၊ အားလုံးပေါင်းဘယ်လောက်ကျလဲ။ ဖုန်းနဲ့ပဲရှင်းလိုက်မယ်”

လီကျီဖုန် ငွေရှင်းပြီးသည်နှင့် ဇနီးဖြစ်သူထံမှ ဖုန်းထပ်ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ ပါဆယ်ထုပ်များကို အမြန်ဆွဲယူကာ အပြင်သို့ ကမန်းကတန်းထွက်လာခဲ့တော့သည်။

“ဟယ်လို မိန်းမ... ဟင်းတွေရပြီ၊ ကိုယ် အခုချက်ချင်းပြန်လာခဲ့မယ်နော်၊ ဒါပေမဲ့ ဒီအပြင်ဘက်မှာ ကားနည်းနည်းပိတ်နေလို့ ဘယ်အချိန်မှ အိမ်ရောက်မလဲမသိဘူး။ မင်း ဗိုက်ဆာနေရင် အဆာပြေ တစ်ခုခုအရင်စားထားလိုက်ဦး”

လီကျီဖုန် တစ်ယောက် ကမန်းကတန်းနှင့် အပြေးအလွှားပြန်လာခဲ့ရာ မိုးမချုပ်မီ အိမ်သို့အရောက်ပြန်နိုင်ခဲ့၏။ ဇနီးဖြစ်သူက ဆိုဖာပေါ်တွင်ထိုင်ကာ အနည်းငယ် ဒေါသထွက်နေသည့်လေသံဖြင့် ဆီးကြိုနေသည်။

“ရှင် ဘယ်တွေသွားပြီး ဟင်းဝယ်နေတာလဲ၊ ကျွန်မ စောင့်ရတာ ဗိုက်ဆာလွန်းလို့ သေတော့မယ်။ ဒီမှာ အဲဒီလောက်တောင်လူစည်တဲ့ စားသောက်ဆိုင်ရှိလို့လား၊ ရှင်အပြင်ထွက်သွားတာ ဘယ်လောက်ကြာနေပြီလဲ”

လီကျီဖုန်က အပြုံးလေးဖြင့် မိန်းမအားချော့လိုက်လေသည်။

“မိန်းမကလည်း... ဘာလို့ တစ်ခုခုအရင်မစားထားတာလဲ၊ ကိုယ် ဟင်းတွေရရချင်း ချက်ချင်းအပြေးပြန်လာတာပါ၊ ဆိုင်က အရမ်းကို ခေါင်တဲ့နေရာမှာမို့လို့ ကိုယ်လည်း အတော်ကြာအောင်ရှာလိုက်ရတယ်”

သူ၏ဇနီးက သံသယမျက်လုံးများဖြင့် စိုက်ကြည့်လာသည်။

“အဲဒီလောက်တောင်ခေါင်တာလား၊ ဒါဆို ရှင်က ဘာလို့ လူတွေအများကြီးမို့လို့ အကြာကြီးတန်းစီစောင့်ရတယ်လို့ ပြောတာလဲ”

သူက မရေမရာ လေသံဖြင့် ပြောလိုက်လေ၏။

“ဆိုင်ရှင်က လူစည်အောင် လူငှားပြီးဟန်ဆောင်ခိုင်းထားတာလည်း ဖြစ်နိုင်တာပဲလေ၊ ဘယ်သူသိမှာလဲ၊ ကဲပါ... မြန်မြန်စားကြရအောင်၊ မင်းလည်း အရမ်း ဗိုက်ဆာနေပြီမလား"

“ဆိုင်ရှင်ကို ငါးဟင်းရည်ချက်ပေးဖို့ အထူးတလည်မှာခဲ့သေးတယ်။ ဒီငါးက အခုလေးတင် ချက်ချင်းသတ်ပြီး ချက်ထားတာမို့လို့ လတ်ဆတ်ဖို့ကတော့ အာမခံတယ်”

လီကျီဖုန်က ပါဆယ်ဘူးများကို ထမင်းစားပွဲပေါ်တွင် သပ်သပ်ရပ်ရပ်ချထားကာ တစ်ဘူးချင်းစီကို ဖွင့်ပြလိုက်သည်။

“ဒီမှာ ကြည့်... ပူပူနွေးနွေးလေး ရှိသေးတယ်၊ အနံ့လေးကလည်း တော်တော်မွှေးတာပဲ၊ မြန်မြန်စားကြည့်”

လီကျီဖုန်က တူကိုကိုင်ကာ ငါးတစ်ဖတ်ကို ဦးစွာနှိုက်ယူလိုက်သည်။ ဤငါးက သူကိုယ်တိုင် အပင်ပန်းခံဖမ်းလာခဲ့သောငါးဖြစ်သဖြင့် စားရသည့်အရသာက သဘာဝကျကျပင် အခြားငါးများနှင့်မတူဘဲ ထူးကဲနေ၏။

သူက အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလာပြန်သည်။

“ဘယ်လိုလဲ မိန်းမ... ဒီငါးက တကယ်လတ်ဆတ်တယ်မဟုတ်လား”

သူ၏ဇနီးက မျက်ခုံးပင့်လိုက်သည်။

“ဒီငါးကကောင်းပါတယ်၊ အသားက လုံးဝ ညှီနံ့မနံဘူး။ ဒါပေမဲ့ ရှင်က ဘာလို့ အဲဒီလောက်တောင်ပျော်နေရတာလဲ”

“ကိုယ်၊ ကိုယ်လေ... မင်းကိုမြင်ရလို့ပျော်နေတာပါ”

“ပါးစပ်လေးကတော့ တော်တော်အရွှန်းဖောက်တတ်နေပါလား”

ဇနီးဖြစ်သူက သူမအတွက်ဟင်းဝယ်ရန် အချိန်အကြာကြီး တန်းစီစောင့်ပေးခဲ့ရသည့် သူ၏ကြိုးစားအားထုတ်မှုကို မြင်သဖြင့် ဤကိစ္စလေးကို ဆက်လက် အရေးမယူတော့ဘဲ လွှတ်ပေးလိုက်သည်။

…

အခြားတစ်ဖက်တွင်မူ လီရှီးရှီးသည် ရွာသူကြီးနှင့် စာချုပ်ချုပ်ဆိုပြီးနောက် မြေငှားရမ်းခ ငွေတစ်တုံးတစ်ခဲကို နှမြောတသစွာဖြင့် ပေးချေလိုက်ရသည်။

ဘဏ်ကတ်ထဲရှိ ငွေအနည်းငယ်မှာ တဖြည်းဖြည်းလျော့နည်းလာနေသဖြင့် လီရှီးရှီး၏ရင်ထဲတွင် အနည်းငယ် ပူပန်သောကရောက်လာရ၏။ သူမ၏ ယာတောအိမ်လေးကို အမြန်ဆုံးအောင်မြင်စေလိုသည့် ဆန္ဒများကလည်း ပိုမိုပြင်းပြလာလေသည်။

ယခုဆိုလျှင် အနောက်ဘက်ရှိ တောင်ကုန်းလေးမှာ သူမမပိုင်ဖြစ်သွားပြီဖြစ်ရာ အလဟဿတော့ လုံးဝအဖြစ်မခံနိုင်ပေ။

ထို့ကြောင့် ဦးလေးဝမ်နှင့် ဒေါ်လေးဝမ်တို့ကိုရှာကာ အနောက်ဘက်တောင်ကုန်းပေါ်ရှိ ပေါင်းပင်များကို ရှင်းလင်းရန်နှင့် ခြံစည်းရိုးများကာရံရန် ရွာသားများကို အကူအညီတောင်းပေးဖို့ရာ ပြောဆိုရတော့သည်။

“ဒေါ်လေးဝမ်၊ သမီးကို ကူလုပ်ပေးချင်တဲ့သူ ရှိမရှိစုံစမ်းပေးပါဦး။ နေ့စားခပေးပါ့မယ်၊ တစ်ရက်ကို ယွမ်တစ်ရာနဲ့ နေ့လယ်စာတစ်နပ်ကျွေးမယ်လေ၊ ဘယ်လိုထင်လဲ”

“ပိုက်ဆံတွေအကုန်ခံနေစရာ မလိုပါဘူးကွယ်။ ဒီအလုပ်လောက်က ဒေါ်လေးတို့ အေးဆေးလုပ်ပေးနိုင်ပါတယ်၊ ထမင်းတစ်နပ်လောက်ဆို လုံလောက်နေပါပြီ၊ သမီးက အရမ်း သဘောကောင်းလွန်းတယ်”

“ရွာထဲမှာ အကူအညီတောင်းရင်တောင် တစ်ရက်ကို ယွမ် ၅၀၊ ၆၀ လောက်ပဲပေးရတာ၊ သမီးက နှစ်ဆတောင်ပေးမယ်ဆိုတော့ အရမ်းများနေတယ်ကွယ်”

20

လီရှီးရှီး ခေါင်းလေးကိုကုတ်လိုက်ရင်း ရှင်းပြလေ၏။

“အရင်တုန်းက မြို့ထဲမှာ ပစ္စည်းသွားဝယ်ရင်း ကြော်ငြာစာရွက်လေးတွေကပ်ထားတာ တွေ့ခဲ့ဖူးတယ် အဲဒီမှာ ကုန်ထမ်းတဲ့သူတွေကို တစ်ရက် ယွမ်တစ်ရာပေးတယ်တဲ့”

“သမီးတို့ဆီက အလုပ်ကလည်း သိပ်လွယ်တာမဟုတ်တော့ ဈေးနှုန်းက အတူတူလောက်ဖြစ်သင့်တယ်လို့ တွေးမိလို့ပါ”

“ကုန်ထမ်းတယ်ဆိုတာ ဒီအနောက်ဘက်က ပေါင်းရှင်းရတာထက် အများကြီး ပိုပြီးဒုက္ခများတာပေါ့ကွယ်။ ရွာကလူတွေက ခြေလှမ်းနှစ်လှမ်းလောက် လျှောက်လိုက်တာနဲ့ ဒီကို ရောက်နေပြီ”

“အုတ်သယ်ရတာထက် အများကြီးသက်သာတယ်။ အေးအေးဆေးဆေးလုပ်လို့ရတဲ့ အလုပ်မို့လို့ တစ်ရက်ကို ယွမ် ၅၀ လောက်ပေးမယ်ဆိုရင်တောင် အပိုဝင်ငွေရဖို့ အားလုံးက အလုအယက်လုပ်ကြမှာ သေချာတယ်”

“ယွမ် ၁၀၀ ပဲ ထားလိုက်ပါဒေါ်လေးရယ်၊ သမီးဆီက အလုပ်ကလည်း ရက်အကြာကြီးလုပ်ရမှာမှမဟုတ်တာ။ ရွာကလူတွေ အပိုဝင်ငွေရဖို့ဆိုတာ ရှားရှားပါးပါးအခွင့်အရေးလေးမို့လို့ သူတို့ကိုယ်စား ဒေါ်လေးက ငြင်းမနေပါနဲ့တော့၊ ဘယ်သူမှ ရှာရဖွေရတာ မလွယ်ကြဘူးလေ”

ဤရွာလေးကိုပါ ဖွံ့ဖြိုးတိုးတက်စေချင်သော သူမ၏ကိုယ်ပိုင်ရည်မှန်းချက်လေးက စကားလုံးတိုင်းတွင် နွေးထွေးစွာ ကိန်းအောင်းနေခဲ့သည်။

“ကဲပါ... ကဲပါ... ဒေါ်လေးကပဲ လူဆိုးကြီးဖြစ်နေပါပြီ”

ဒေါ်လေးဝမ်က သဘောကျစွာရယ်မောရင်း ခေါင်းခါပြလေ၏။

လီရှီးရှီး ပြာပြာသလဲ ရှင်းပြလိုက်ရသည်။

“ဒေါ်လေး... သမီးက အဲဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး။ ရွာကလူတွေလည်း ပင်ပန်းကြတယ်လေ၊ ဒီပိုက်ဆံမျိုးက နေ့တိုင်းရှာလို့ရတာမှမဟုတ်တာ၊ အဲဒါကြောင့်ပါ”

“အေးပါကွယ်၊ နင့်သဘောထားကို ဒေါ်လေးနားလည်ပါတယ်၊ ရွာသားတွေပိုက်ဆံပိုရတာ ကောင်းတဲ့ကိစ္စပဲဟာ၊ ဘယ်သူတွေအားလဲဆိုတာ ဒေါ်လေး အခုပဲသွားစုံစမ်းလိုက်ဦးမယ်။ မနက်ဖြန်မနက်ကျရင် ဒီမှာပဲ အားလုံးကို လာစုခိုင်းလိုက်မယ်လေ”

ဒေါ်လေးဝမ်က လက်ကာပြရင်းဆိုသည်။

ထို့နောက် ဒေါ်လေးဝမ်က လီရှီးရှီးကို ဘေးသို့အသာဆွဲခေါ်သွားကာ တီးတိုးမေးလိုက်၏။

“ရှီးရှီးလေး... စားဖိုမှူးအပြင် ဘာလို့ နောက်တစ်ယောက်ထပ်ငှားရတာလဲ၊ အဲဒီအမျိုးသမီးက တော်တော်လေးဖျတ်လတ်ပြီး အလုပ်ကို မနားမနေလုပ်တာတွေ့တယ်။ သူ့ကို တစ်လ ဘယ်လောက်ပေးရလဲ”

‘လစာတဲ့လား’ ဤကိစ္စကို သူမ လုံးဝ မစဉ်းစားမိခဲ့ချေ။

‘ဒီလူနှစ်ယောက်လုံးက စနစ်ရဲ့ ကတ်ပြားတွေထဲကနေ မဲဖောက်ရထားတာဆိုတော့ သူတို့မှာ လစာဆိုတာ လုံးဝမရှိဘူးလေ။ ကြည့်ရတာ သွေးအေးတဲ့ အရင်းရှင်ကြီးတစ်ယောက် ဖြစ်ဖို့ ခြေတစ်လှမ်းတောင် နီးစပ်သွားပြီပဲ’

‘ဒီလိုလုပ်လို့တော့ မဖြစ်သေးဘူး။ ငါအမုန်းဆုံးလူစားမျိုးတော့ အဖြစ်မခံနိုင်ဘူး၊ ယာတောအိမ်လေးအောင်မြင်ပြီး အမြတ်အစွန်းရလာတဲ့ တစ်နေ့ကျရင် သူတို့ကို ပိုက်ဆံသုံးဖို့ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အားလုံးကို ငွေကြေးအချို့ ခွဲဝေပေးရမယ်’ လီရှီးရှီး စိတ်ထဲမှတွေးရင်း မှတ်ထားလိုက်သည်။

ထို့နောက် မရေမရာ လေသံဖြင့်သာ ပြန်ဖြေလိုက်ရ၏။

“ဒီမှာက သာမန်စားပွဲထိုးအဆင့်လောက်ပဲ ပေးရတာပါ၊ အများကြီးတော့ ဘယ်ပေးနိုင်ပါ့မလဲ”

ဒေါ်လေးဝမ်က မကျေမနပ်ဖြင့် ထပ်မေးပြန်သည်။

“စားပွဲထိုးလိုတယ်ဆိုရင်လည်း ရွာထဲကလူတွေကိုမခေါ်ဘူး၊ ကိုယ့်ဆီက ရေကြည်ရာမြက်နုရာကို အပြင်လူတွေဆီ ဘာလို့ စီးဆင်းခွင့်ပြုရတာလဲကွယ်”

လီရှီးရှီး မတတ်သာဘဲ ဇာတ်လမ်းတစ်ပုဒ်ထွင်ရတော့သည်။

“သမီး ခရိုင်မြို့ပေါ်ကို ကိစ္စလေးတွ သွားလုပ်တုန်းက သူ့ကိုတွေ့ခဲ့တာ။ တစ်ယောက်တည်းအထီးကျန်နေလို့ သနားသွားတာနဲ့ ခေါ်လာခဲ့တာပါ။ ဒေါ်လေး မသိလို့၊ သူ့ယောကျာ်းက ဆုံးသွားပြီလေ၊ ကလေးလည်းမရှိဘူး”

“ယောက္ခမဘက်ကလည်း သူ့ကိုကြည့်မရသလို၊ သူ့မိသားစုအရင်းတွေကလည်း ပြန်မလက်ခံကြဘူး။ သွားစရာနေရာမရှိ ဖြစ်နေချိန်မှာ သမီးနဲ့ တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့တာ၊ အလုပ်ကြိုးစားပြီး သပ်သပ်ရပ်ရပ်လည်းရှိတော့ သမီးခေါ်ထားလိုက်တာပါ”

လျူယွီမေက တစ်ယောက်တည်းရောက်လာခြင်းဖြစ်သဖြင့် မြို့ကြီးပြကြီးသို့မသွားဘဲ ဤရွာသို့ ဘာကြောင့်အလုပ်လာလုပ်ရသနည်းဟူသော မေးခွန်းများကို ရှောင်ရှားနိုင်ရန် ဤဇာတ်လမ်းလေးက အတော်လေး အဆင်ပြေသွား၏။

ဒေါ်လေးဝမ် သိသွားပြီဆိုမှတော့ သိပ်မကြာခင် တစ်ရွာလုံးသိသွားတော့မည်မှာ သေချာသည်။

“ဒီညီမလေးက တော်တော်သနားစရာကောင်းတာပဲ၊ အို... သူ့နောက်ခံဇာတ်လမ်းက ဒီလောက်တောင် ဝမ်းနည်းစရာကောင်းနေမှန်း ဒေါ်လေး လုံးဝမသိခဲ့ဘူး"

“ရှီးရှီးလေး၊ အတိတ်က နာကျင်စရာတွေကို ပြန်အမှတ်မရစေဖို့ သူ့ရှေ့မှာ ဒီအကြောင်းတွေ ဘာမှမဟနဲ့တော့နော်”

မိန်းမသားချင်းကိုယ်ချင်းစာစိတ်ဖြင့် ဒေါ်လေးဝမ်က ကရုဏာသက်သွားရှာသည်။

“စိတ်ချပါဒေါ်လေးဝမ်”

လီရှီးရှီး ပြုံးစစဖြင့် ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်သည့် ဟန်အမူအရာလေး လုပ်ပြလိုက်၏။

…

နောက်တစ်နေ့နံနက်ခင်း အရုဏ်တက်ချိန်တွင်….

လေပြေအေးအေးလေးများ တိုက်ခတ်နေပြီး ဒေါ်လေးဝမ်က အားလပ်နေသော ရွာသားများကို ဦးဆောင်ခေါ်လာခဲ့၏။ ငွေရှာရန် အခွင့်အရေးကောင်းဖြစ်သဖြင့် အလုပ်မရှုပ်နေသော ရွာသားများအားလုံးနီးပါး ရောက်လာကြသည်။

ဒေါ်လေးဝမ်က လီရှီးရှီးဘေးတွင် သစ်ပင်ပေါက်လေးများ ပုံနေသည်ကို ကြည့်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ရှီးရှီးလေး... ဒီသစ်ပင်ပေါက်လေးတွေကို ဘယ်တုန်းက အဆင်သင့်ပြင်ထားတာလဲ၊ တောင်ပေါ်မှာစိုက်မလို့လား”

ဒေါ်လေးဝမ်မေးလိုက်သော သစ်ပင်ပေါက်လေးများမှာ တကယ်တော့ လီရှီးရှီး ယမန်နေ့က ယာတောအိမ်အက်ပ်၏ ကုန်တိုက်မှ ဝယ်ယူထားခြင်းဖြစ်သည်။

ကုန်တိုက်တွင် A အဆင့်ရှိ မက်မွန်အပင်ပေါက်အသစ်များ ရောက်ရှိနေသည်ကို တွေ့လိုက်ရပြီး ဈေးနှုန်းမှာလည်း လက်ခံနိုင်သောအနေအထားတွင် ရှိနေသဖြင့် ချက်ချင်းအော်ဒါတင်လိုက်ရာ မနေ့ညက သူမဆီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ဒါတွေက သမီး အရင်ကတည်းကဝယ်ထားတဲ့ မက်မွန်ပင်ပေါက်လေးတွေပါ။ မနေ့ညကမှရောက်လာတာ၊ တောင်ပေါ်က ပေါင်းပင်တွေရှင်းပြီးသွားရင် ဒီအပင်လေးတွေစိုက်ဖို့ အားလုံးကိုဒုက္ခပေးရဦးမယ်”

စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က လှမ်းပြောလာ၏။

“ဘာဒုက္ခပေးတာလဲလဲ၊ အားနာစရာမလိုဘူး၊ အားလုံးပဲ အချိန်ဆွဲမနေကြနဲ့၊ မြန်မြန်အလုပ်စကြစို့”

……

စနေနေ့တွင် လီကျီဖုန်တစ်ယောက် သူ၏ညီအစ်ကို သူငယ်ချင်းအချို့ကို ငါးမျှားရန်ခေါ်လာသောအခါ ထိုနေရာသို့သွားရာလမ်းတစ်လျှောက်တွင် ဝါးခြံစည်းရိုးများဖြင့် ဝိုင်းရံထားသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ခြံစည်းရိုးမှာ လူတစ်ဝက်ခန့်သာမြင့်သော်လည်း သူတစ်ပါးပိုင်နက်ဖြစ်ကြောင်း ရှင်းလင်းစွာပြသနေသဖြင့် သူများအိမ်ထဲသို့ကျော်တက်ပြီး ငါးသွားမျှား၍တော့မဖြစ်နိုင်ပေ။

သူ့ညီအစ်ကိုတစ်ယောက်က ရှေ့သို့ထွက်ကာ မေးလိုက်သည်။

“ကျီဖုန်... မင်းက တောတွင်းချောင်းလေးတစ်ခုကို ရှာတွေ့ထားတာဆို။ ဒါကြီးလား၊ အကုန်လုံးပိတ်ထားတာကြီးပဲ”

အခြားတစ်ယောက်ကလည်း ပြောလာ၏။

“ငါကြည့်ရသလောက် ဒီနေရာက ဟိုဘက်ကယာတောအိမ်နဲ့ ဆက်နေသလိုပဲ၊ ဒါ သူတို့ယာတောအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုများလား”

လီကျီဖုန် ခေါင်းကုတ်ရင်း ဇဝေဇဝါဖြင့်ပြောလိုက်လေ၏။

“ငါ အရင်တစ်ခေါက်လာတုန်းက ဒီခြံစည်းရိုးကြီးမတွေ့ခဲ့ပါဘူး”

ထို့နောက် သူက ဆက်ပြောလာသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီရောက်နေပြီပဲဟာ၊ ဒီနေ့နေ့လယ်စာကို ဒီယာတောအိမ်မှာ ငါဒကာခံမယ်”

“ဘာမှမပြောနဲ့ဦး... ဒီက စားဖိုမှူးက တကယ်ကိုလက်ရာကောင်းတာ၊ ဟင်းတွေကလည်း မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းချက်နိုင်တယ်”

“ငါတို့ ဒီမှာ စိတ်ကြိုက်စားပြီး နေ့လယ်ကျရင် ချောင်းထဲမှာ ငါးဝင်မျှားကြတာပေါ့၊ ရွှီကြီး... မင်းအရင်တစ်ခေါက်က ဂရုထဲမှာ ကတိပေးထားတယ်နော်၊ ငါသာ ငါးကြီးကြီးဖမ်းမိရင် ငါတို့ကို ထမင်းဝယ်ကျွေးမယ်ဆိုတာ၊ ငါမှတ်မိသေးတယ်နော်”

နာမည်တပ်ခေါ်ခံရသော ရွှီကြီးကလည်း သဘောကျစွာဖြင့် ပြန်ပြောသည်။

“အဲဒါကတော့ ပြဿနာမရှိပါဘူး။ မင်းတို့အားလုံး ငါ့အကြောင်းသိပါတယ်၊ ငါက ကတိတည်တဲ့ယောက်ျားကွ၊ ပြောပြီးသားစကားကို ဘယ်တော့မှပြန်မရုတ်ဘူး၊ အရင်ဆုံးအထဲဝင်ကြရအောင်"

“ငါ ကားအကြာကြီးမောင်းလာရတော့ ဗိုက်တွေ တကယ်ဆာနေပြီ၊ ဒီနေရာက ငါ့အိမ်နဲ့ တော်တော်လေးဝေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒီမနက် အဆာပြေ ဆန်ပြုတ်တစ်ပန်းကန်လောက်ပဲ စားခဲ့ရတာ၊ အခု ဗိုက်ထဲမှာ ဟာလာဟင်းလင်းဖြစ်နေပြီ”

“မင်းက ဒီလိုပြောနေမှတော့ အထဲဝင်ပြီး တစ်ခုခုအရင်စားကြတာပေါ့”

…

ထိုအချိန်တွင် လီရှီးရှီးမှာ နောက်ဖေးခြံထဲ၌ သီးနှံအပင်ပေါက်လေးများကို သန့်စင်ခြင်းစွမ်းအင်များ သွင်းပေးနေလေသည်။ ဤသန့်စင်ခြင်းစွမ်းအင်မှာ တကယ့်ကို အဖိုးတန်လှ၏။

သေချာလေ့လာကြည့်ပြီးနောက် ဤစွမ်းအင်သည် တိရစ္ဆာန်များအတွက် အသုံးမဝင်သော်လည်း အပင်များအတွက်မူ အလွန်ကြီးမားသော အကျိုးသက်ရောက်မှုရှိကြောင်း သူမတွေ့ရှိခဲ့သည်။

အမည်နှင့်လိုက်ဖက်စွာပင် အပင်များကို သန့်စင်ပေးနိုင်စွမ်းရှိရာ သူမ ဤအရာကို အကောင်းဆုံးအသုံးချရပေမည်။

သန့်စင်ထားသောဟင်းသီးဟင်းရွက်များက အနည်းဆုံးတော့ အရသာကို ပိုမိုကောင်းမွန်လာစေသည်။ နောက်ဖေးခြံမှ ဟင်းသီးဟင်းရွက်များက အပြည့်အဝမကြီးထွားသေးသော်လည်း စားသုံး၍ရနေပြီဖြစ်၏။

ဟင်းသီးဟင်းရွက်ခင်းနှင့် အနောက်ဘက်ရှိချောင်းငယ်လေးကို ယာတောအိမ်၏ ဖျော်ဖြေရေးနေရာများအဖြစ် သတ်မှတ်ပေးပြီးနောက် ဧည့်သည်များကိုယ်တိုင် ဟင်းသီးဟင်းရွက်များ ခူးဆွတ်ခြင်း၊ ရေကစားခြင်းတို့ကို လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်တော့ပေမည်။

သူမ၏ ယာတောအိမ်လေးက ပြီးပြည့်စုံသော အပန်းဖြေစခန်းလေးတစ်ခုအဖြစ် တဖြည်းဖြည်းပုံပေါ်လာနေပြီပဲဖြစ်သည်။

သူမ၏ ဖုန်းပေါ်တွင် နောက်ဆုံးတော့ မစ်ရှင်အောင်မြင်ကြောင်း ပေါ်လာခဲ့လေပြီ။

[စနစ်အသိပေးချက်]။ ။အရည်အချင်းပြည့်မီသော ယာတောအိမ်တစ်ခုတွင် ဖျော်ဖြေရေးအစီအစဉ်များ မရှိ၍မရချေ။ ကျေးဇူးပြု၍ မည်သည့် ဖျော်ဖြေရေးနေရာနှစ်ခုကိုမဆို ဖန်တီးတည်ဆောက်ပါ။ (လက်ရှိတိုးတက်မှု ၂/၂) အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ ကျေးဇူးပြု၍ မစ်ရှင်ဆုလာဘ်ကို ရယူပါ။

ဤတစ်ကြိမ် မစ်ရှင်ဆုလာဘ်မှာ ယာတောအိမ်အတွက် ပစ္စည်းတစ်ခုကို ကျပန်းအဆင့်မြှင့်တင်ပေးခြင်းနှင့် အသစ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း လီရှီးရှီး တွေ့လိုက်ရ၏။

သေတ္တာမျက်နှာပြင် အပြင်အဆင်မှာ ဘလိုင်းဘောက်စ် ပုံစံမျိုး ပြုလုပ်ထားပြီး ပစ္စည်းအားလုံးမှာ ကျောဘက်ကိုသာ ပြသထားသဖြင့် မည်သည့်အရာကို ရရှိမည်ဆိုသည်ကို ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

ဆုလာဘ်ရယူရန်ကို မနှိပ်မီ သူမက ဘေစင်သို့တမင်တကာသွား၍ လက်ကို စင်ကြယ်အောင်ဆေးကြောလိုက်သည်။

ထို့နောက် တာအိုဘုရားများမှစ၍ မြတ်စွာဘုရား၊ ခရစ်တော်စသည့် နိုင်ငံတကာနတ်ဘုရားများအထိ အားလုံးကို သူမ၏စိတ်ထဲမှ တသသရွတ်ဆိုကာ ကံကောင်းစေဖို့ရာ တိတ်တဆိတ် ဆုတောင်းနေမိ၏။

လီရှီးရှီး အသက်အောင့်ထားလိုက်ပြီး လက်ချောင်းလေးဖြင့် ဖုန်းမျက်နှာပြင်ကို ညင်သာစွာထိလိုက်ရာ ဖြူဖျော့ဖျော့ အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ဆုလာဘ်က လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။

All Chapters