← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 19 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 19 Ch. 219-220

အပိုင်း (၂၁၉)

ဝေ့မြို့စားကြီး အိမ်တော်

“အဖေ... အောက်ရှင်းက မြို့တော်ကို သွားပြီ။ သူ့ရဲ့ ဝက်လိုကောင် သားအတွက် တရားမျှတမှု သွားတောင်းဆိုမလို့တဲ့။” တွမ်ယင်းယင်းက ပြောလိုက်၏။

ဝေ့မြို့စားကြီးက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “ဒီလူအက ဒါကို နုလန်ဟောက်ဘွဲ့ တစ်ခုတည်းလို့ ထင်နေတာလား။ ဒါက အောက်မင်ရဲ့ အနာဂတ် တစ်ခုတည်းလို့ ထင်နေတာလား။”

ဤသည်မှာ ဒုတိယမင်းသား အဖွဲ့၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေ၏။ သူတို့သည် နုလန်ဟောက် ဟူသော ဖောက်ချီစစ်သူကြီးချုပ်ကို ဒုတိယမင်းသား၏ စစ်ရထားပေါ်သို့ အတင်းအကျပ်တင်ရန် ကြိုးစားနေကြခြင်း ဖြစ်၏။

ဝေ့မြို့စားကြီးက အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။ “အောက်ဖျင်ကို ဝင်လာခိုင်းလိုက်။”

ခဏအကြာတွင် အောက်ထင်၏သား အောက်ဖျင် ဝင်ရောက်လာ၏။

“မြို့စားကြီးကို ဂါရဝပြုပါတယ်။” အောက်ဖျင်က ဦးညွှတ် အရိုအသေပေးလိုက်သည်။

ဝေ့မြို့စားကြီး တွမ်ပိက ပြောလိုက်၏။ “မင်းအဖေကို ပြန်ပြောလိုက်... လုပ်စရာ ရှိတာကို လုပ်လို့ ရပြီလို့။ အရေးကြီးတဲ့ အချိန်မှာ လုံးဝ စိတ်မပျော့စေနဲ့။ ကျုပ်ဘက်က မင်းတို့ကို ကျောထောက်နောက်ခံ ပေးမယ်။ ပြည်နယ်ဝန်ကြီးရုံး၊ မြို့ဝန်ရုံးဘက်မှာ အားလုံး အဆင်ပြေတယ်။ တရားစီရင်ရေးဗဟိုဌာနကိုတောင် ကြိုတင် အကြောင်းကြားထားပြီးပြီ။”

အောက်ဖျင်က ဦးညွတ်ကာ ပြောလိုက်သည်။ “နားလည်ပါပြီ... ကျုပ်တို့ သွားလုပ်လိုက်ပါ့မယ်။”

.......................

ယွင်ကျုံးဟဲ့သည် အခန်းထဲတွင် ထိုင်ကာ တိတ်ဆိတ်စွာ စဉ်းစားနေ၏။

ရန်သူ၏ အင်အားက အလွန် ကြီးမားလှသည်။ သူ့ဘက်တွင် မိဘများသာရှိပြီး ဖခင် အောက်ရှင်းသည် အဖွဲ့အစည်း မဖွဲ့တတ်သောကြောင့် အကျိုးစီးပွား အဖွဲ့အစည်းလည်း မရှိချေ။

အောက်မင်၏ နောက်ကွယ်တွင်မူ အင်အား ကြီးမားသော အကျိုးစီးပွား အဖွဲ့အစည်း တစ်ခု ရှိနေသည်။ ယခုအခါ ဖခင် အောက်ရှင်းသည် မြို့တော်သို့ ဝင်ကာ ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ပြီး အသေခံ တိုက်ခိုက်ရန် ပြင်ဆင်နေပြီ ဖြစ်၏။

ထို့ကြောင့် ရန်သူသည် သေချာပေါက် လှုပ်ရှားလာမည် ဖြစ်သည်။ ဤသို့ဆိုလျှင် ယွင်ကျုံးဟဲ့သည် အဆိုးရွားဆုံး အခြေအနေအထိ တွေးတောထားရမှာ ဖြစ်သည်။

ယခုအချိန်တွင် သူသာ အောက်မင် ဖြစ်နေပါက ဘာလုပ်မည်နည်း။ အထိရောက်ဆုံး နည်းလမ်းက ဘာဖြစ်သနည်း။

‘ဟုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တဲ့ ဗျူဟာပဲ။’

ဤနည်းလမ်းဖြင့် စာနာသနားမှုကို ရရှိနိုင်ရုံသာမက အောက်ယွီ (ယွင်ကျုံးဟဲ့) ကိုလည်း ငရဲဘုံသို့ ပို့ဆောင်နိုင်မှာ ဖြစ်သည်။ မည်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်သည့် ဗျူဟာနည်း။

ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ၂၀၀၄ ခုနှစ်က ကျွန်းတစ်ခု ပေါ်တွင် ရွေးကောက်ပွဲ အပြင်းထန်ဆုံး အချိန်၌ ဖြစ်ပွားခဲ့သော ကျည်ဆန် တစ်တောင့်ဖြင့် လုပ်ကြံမှုက အခြေအနေ တစ်ခုလုံးအား ပြောင်းပြန် လှန်ပစ်ခဲ့သည်ကို ပြန်လည် မြင်ယောင်လာ၏။

‘ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ရန်သူကသာ လုံလောက်အောင် ရက်စက်ပြီး ဉာဏ်ကောင်းမယ်ဆိုရင် ဒီနည်းလမ်းကို သေချာပေါက် သုံးမှာပဲ။ ဒါဆိုရင် ကျုပ် ဘယ်လို တုံ့ပြန်သင့်သလဲ။’

......................

သုံးလပိုင်း ငါးရက်

ကျန်းကျိုးမြို့တွင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အမှုကြီး တစ်ခု ဖြစ်ပွားခဲ့သည်။

ဟွိုင်ရှန်း စာသင်ကျောင်းကို တရားဝင် ဖွင့်လှစ်ပြီး ကျောင်းသားများ စတင် လက်ခံခဲ့သည်။ ဤစာသင်ကျောင်းသည် ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက် အထူး ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းလခ လုံးဝ မယူသကဲ့သို့ အာဏာပိုင်များ၏ သားသမီးများကိုလည်း လုံးဝ လက်မခံချေ။

သို့ပေမည့် ဤစာသင်ကျောင်း အတွင်းရှိ ဆရာများ အားလုံးမှာ နာမည်ကြီး ပညာရှင်များသာ ဖြစ်ကြ၏။

ကျန်းကျိုးမြို့၏ နံပါတ်တစ် စာပေပညာရှင်ဖြစ်သော အောက်မင်သည် ဤဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

သူ၏ စေ့စပ်ထားသူ၊ နာမည်ကြီး စာပေပညာရှင် အမျိုးသမီး တွမ်ယင်းယင်း သည်လည်း ဤအခမ်းအနားကို တက်ရောက်ခဲ့၏။

ဤစုံတွဲသည် အမှန်တကယ်ပင် ဖန်ဆင်းရှင် ဖန်တီးပေးထားသော လိုက်ဖက်ညီသည့် စုံတွဲတစ်တွဲဖြစ်ပြီး လူတိုင်း၏ အားကျမှုကို ခံရသည်။

နောက်ဆက်တွဲ အနေဖြင့် ယခင် စာမေးပွဲ၏ ပထမဆုရှင် အောက်မင်သည် ဆင်းရဲနွမ်းပါးသော ကလေးငယ် ဆယ်ယောက်ကျော်အတွက် ကိုယ်တိုင် သင်ခန်းစာများ စတင် သင်ကြားပေးခဲ့၏။

ဤသင်ခန်းစာကို သူသည် အလွန် စိတ်ဝင်စားဖွယ် ကောင်းအောင် သင်ကြားပေးနိုင်ခဲ့ပြီး ကလေးများသည်လည်း စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြ၏။ ဘေးမှ နားထောင်နေသူများသည်လည်း အလွန် ချီးကျူးခဲ့ကြသည်။

ဤအောက်မင်သည် အမှန်တကယ်ပင် အထူးချွန်ဆုံး စာပေပညာရှင် ဖြစ်သည်။ လုံးဝ မာနမကြီးဘဲ ရှင်းလင်း လွယ်ကူအောင် သင်ကြားပေးနိုင်ရုံသာမက ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် ကိုယ်တိုင် သင်ကြားပေးရန် ဝန်မလေးချေ။

ဤလူသည် ကျန်းကျိုးမြို့ရှိ ကျောင်းသား အများအပြား၏ စံပြပုဂ္ဂိုလ် ဖြစ်လာသည်မှာ အံ့သြစရာ မဟုတ်ပေ။ ဤကဲ့သို့ ကိုယ်ကျင့်တရားနှင့် အရည်အချင်း ပြည့်ဝသော လူငယ်လေးကသာ နုလန်ဟောက်ဘွဲ့ကို ဆက်ခံသင့်ပြီး တွမ်ယင်းယင်း ကဲ့သို့သော စာပေပညာရှင် အမျိုးသမီးနှင့် လက်ထပ်သင့်ပေသည်။

ကလေးများကို သင်ခန်းစာ ပို့ချပြီးနောက် ကလေးများသည် နှုတ်ဆက်ရန် နှမြောနေကြပြီး အောက်မင်ကို မျက်ရည်များဖြင့် ပို့ဆောင်ခဲ့ကြ၏။

ထိုအထဲမှ ကလေးနှစ်ဦးက အောက်မင်ကို သူတို့ ကိုယ်တိုင် ခူးထားသော တောပန်းနှစ်စည်းကို ပေးအပ်ခဲ့သည်။ ဤသည်မှာ မည်မျှ ရင်နင့်စရာကောင်းသော မြင်ကွင်း ဖြစ်သနည်း။ ဟွိုင်ရှန်း စာသင်ကျောင်း၏ သမိုင်းတွင် ထာဝရ ကမ္ပည်းတင်ထားသင့်ပေသည်။

သို့ပေမည့် ထိုအချိန်မှာပဲ လုပ်ကြံသူတစ်ဦး ရုတ်တရက် ပြေးထွက်လာပြီး အောက်မင်၏ ရှေ့သို့ ရောက်လာကာ ဓားဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်၏။ “အောက်မင်... ခင်ဗျားကို သေလမ်းပို့ပေးဖို့ တစ်ယောက်ယောက်က ကျုပ်ကို ခိုင်းလိုက်တယ်။”

အောက်မင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ “ကလေးတွေကို မထိခိုက်စေနဲ့။”

ထို့နောက် သူသည် ရုတ်တရက် လှည့်ကာ ထိုကလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး သူ၏ နောက်ကျောဖြင့် လုပ်ကြံသူ၏ ဓားမြှောင်ကို ကာကွယ်လိုက်၏။

“ဇွပ်...”

လုပ်ကြံသူ၏ ဓားမြှောင်သည် လူတိုင်း၏ မျက်စိရှေ့မှာပင် အောက်မင်၏ နောက်ကျော အတွင်းသို့ စိုက်ဝင်သွားတော့သည်။

သွေးများ ပန်းထွက်လာ၏။ ကိုယ်ကျင့်တရား ကောင်းမွန်သော စာပေပညာရှင်ကြီး အောက်မင်သည် ရုတ်တရက် လဲကျသွားပြီး အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို မသိရတော့ဘဲ သွေးအိုင်ထဲတွင် လဲကျသွားတော့သည်။ သူ လဲကျသွားလျှင်တောင် ကလေးကို ရင်ခွင်ထဲတွင် တင်းကြပ်စွာ ကာကွယ်ထားဆဲ ဖြစ်၏။

ဤမြင်ကွင်းသည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး မရေမတွက်နိုင်သော လူများကို ရင်နင့်သွားစေခဲ့သည်။

“အစ်ကိုမင်...” တွမ်ယင်းယင်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ရူးသွပ်စွာ ပြေးဝင်သွားတော့၏။

ထိုနေရာရှိ လူအားလုံး ဒေါသပေါက်ကွဲသွားကြသည်။

“သခင်လေး အောက်မင်လို လူကောင်းတစ်ယောက်၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူကောင်း တစ်ယောက်ကိုတောင် လုပ်ကြံရဲတယ်လား။ တိရစ္ဆာန်လို ကောင်ပဲ။”

“ဘယ်သူလဲ... ဘယ်သူလုပ်ကြံတာလဲ။”

ထို့နောက် မရေမတွက်နိုင်သော လူများသည် ပြေးဝင်သွားကာ လူသတ်သမားကို ထိုနေရာမှာပင် ဖမ်းဆီးလိုက်ပြီး မြို့ဝန်ရုံးသို့ ပို့ဆောင်လိုက်ကြ၏။

ပြင်းထန်သော နှိပ်စက်မှု အနည်းငယ် အပြီးတွင် လူသတ်သမားသည် ထိုနေရာမှာပင် ဝန်ခံလိုက်ပြီး အမှန်တရား ပေါ်ပေါက်သွားတော့သည်။

...............

သုံးလပိုင်း ခြောက်ရက်

ယွင်ကျုံးဟဲ့၊ မိခင်နှင့် ညီမလေးတို့ မိသားစု တစ်ခုလုံး ပျော်ရွှင်စွာ ထမင်းစားနေကြ၏။

ရုတ်တရက် အခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး ဘိုးဘိုးကြီး အောက်ထင်သည် မြို့ဝန်ရုံးမှ စစ်သည်များကို ကိုယ်တိုင် ဦးဆောင်ကာ ဧည့်ခန်း အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်။

သူသည် နုလန်ဟောက် ကတော်နှင့် အောက်ယွီကို လက်ညှိုးထိုးပြီး တုန်ယင်စွာ ငိုရှိုက်လျက် ပြောလိုက်၏။ “မင်းတို့ သားအမိနှစ်ယောက် ဒီလောက် ရက်စက်မယ်လို့ မထင်ထားဘူး။ အောက်မင်ရဲ့ စာပေပညာနဲ့ နာမည်ဂုဏ်သတင်းကို မနာလိုဖြစ်ပြီး နုလန်ဟောက်ဘွဲ့နဲ့ မိသားစု စီးပွားရေးကို လုယူဖို့အတွက် သူ့ကို လုပ်ကြံဖို့ လူလွှတ်ရက်တယ်လား။ တိရစ္ဆာန် ထက်တောင် ယုတ်မာသေးတယ်။

မြို့ဝန်လီ... အိမ်တွင်းရေး မကောင်းလို့ ဒီလို လူယုတ်မာတွေ ထွက်လာတာပါ။ အခုလို ဖြစ်လာမှတော့ ကျုပ်လည်း မိသားစုထက် တရားမျှတမှုကိုပဲ ရှေ့တန်းတင်ရတော့မှာပဲ။”

အောက်ထင်က ပြောလိုက်သည်။ “ခင်ဗျားတို့ ဖမ်းကြပါ။ ကျုပ် လုံးဝ အကာအကွယ် မပေးဘူး။”

ထို့နောက် မြို့ဝန်ရုံးမှ မြို့ဝန်လီက ပြောလိုက်၏။ “လာကြစမ်း... လူသတ်သမား အောက်ယွီကို ဖမ်းလိုက်။ နုလန်ဟောက် ကတော်... ခင်ဗျားက အောက်မင်ကို လုပ်ကြံဖို့ ခိုင်းစေမှုနဲ့ သံသယရှိတဲ့အတွက် မြို့ဝန်ရုံးကို လိုက်ခဲ့ပါ။”

ယွင်ကျုံးဟဲ့သည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ ပါးစပ်ထဲတွင် အစားအစာများကို ဝါးနေဆဲ ဖြစ်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။ “ကောင်းပြီလေ... သွားကြတာပေါ့။ ကျုပ်လည်း ခင်ဗျားတို့ကို စောင့်နေတာ အတော်ကြာပြီ။”

“သေခါနီးတောင် မာနကြီးနေသေးတယ်။ ဖမ်းလိုက်ကြ...”

အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မြို့ဝန်ရုံးမှ စစ်သည်များသည် ဝံပုလွေများကဲ့သို့ ပြေးဝင်လာကာ ဖမ်းဆီးကြတော့၏။

လူပုံလယ်တွင် ကျူရန် (ပြည်နယ်အဆင့် စာမေးပွဲအောင်သူ) တစ်ယောက်ကို လုပ်ကြံခြင်း၊ ထိုအထဲတွင်မှ ကျွမ့်ယွမ် (ပြည်နယ်အဆင့် ပထမရသူ) ကို လုပ်ကြံခြင်းသည် မည်သို့သော အပြစ်မျိုးနည်း။ ရာခိုင်နှုန်း တစ်သောင်းတိတိ ခေါင်းဖြတ်ခံရမည့် အပြစ်မျိုးပင်။

လုပ်ကြံသူက ဖြောင့်ချက်ပေးပြီး အပြစ်ကိုချေဖျက်လျှင်တောင်မှ သေချာပေါက် သေရမည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဤလုပ်ကြံသူသည် သေရဲသည့် အသေခံစစ်သည်တစ်ဦး ဖြစ်ရမှာဖြစ်ပြီး သူက သေရမည်ကို လုံးဝ ကြောက်ရွံ့မည် မဟုတ်ပေ။

ဤလောကတွင် သေရမည်ကို မကြောက်သူ မည်သူ ရှိသနည်း။ မည်သူမှ မရှိပေ။ သို့ပေမည့် ဤလောကတွင် ကြည်ကြည်ဖြူဖြူ အသေခံလိုသူ မည်သူ ရှိသနည်း။

ရှိပေသည်။ ထိုသို့သောသူများ မနည်းလှချေ။ တချို့က ရည်မှန်းချက်အတွက် အသေခံကြပြီး တချို့က မိသားစုအတွက် အသေခံကြကာ တချို့ကျတော့လည်း သစ္စာတရားအတွက် အသေခံကြသည်။

ထိုစဉ်က ယွင်ကျုံးဟဲ့သည် အဆိုးဆုံးသော ရည်ရွယ်ချက်များဖြင့် ရန်သူကို ခန့်မှန်းတွက်ချက်ခဲ့၏။ အောက်ယွီကို သေတွင်းပို့ရန် မည်သို့သော နည်းလမ်းကို အသုံးပြုရမည်နည်း။ အောက်မင်ကို နုလန်ဟောက်၏ တစ်ဦးတည်းသော ဆက်ခံသူအဖြစ် အပြီးတိုင် ပြောင်းလဲရန် မည်သို့ လုပ်ဆောင်မည်နည်း။

ထင်ရှားသည်မှာ အောက်ယွီနှင့် နုလန်ဟောက်ကတော်တို့ကို အရှက်ရစေရန်အတွက် ကြီးမားလှသော ပြစ်မှုကြီးကို ကျူးလွန်စေရန် ဖန်တီးခြင်းဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်သည့် ဗျူဟာသည် အမှန်တကယ်ပဲ အထိရောက်ဆုံး ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် လူသတ်မှုအား နုလန်ဟောက်ကတော်နှင့် အောက်ယွီတို့အပေါ် မည်သို့ လွှဲချမည်နည်း။

အချက်တစ်ချက်တော့ ရှိရမည်။ ဤလုပ်ကြံသူသည် နုလန်ဟောက်ကတော်နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိရမှာဖြစ်ပြီး မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်လျှင် အကောင်းဆုံးဖြစ်သည်။

ထို့အပြင် မကြာသေးမီ အချိန်ကာလအတွင်း သူသည် နုလန်ဟောက်ကတော်ကို သေချာပေါက် လာရောက် တွေ့ဆုံရမှာဖြစ်ပြီး တိတ်တဆိတ် လျှို့ဝှက်စွာ တွေ့ဆုံသည့် ပုံစံမျိုး ဖန်တီးရမည်။ သို့ပေမည့် အခြားသူများ မြင်အောင်လည်း ပြုလုပ်ရမည်။ ထိုသို့ဆိုလျှင် သက်သေ ရှိသွားပေလိမ့်မည်။

ထို့ကြောင့် မကြာသေးမီက နုလန်ဟောက်ကတော်၏ မိတ်ဆွေဟောင်းတစ်ဦးက သူမကို လာရောက် တွေ့ဆုံခဲ့မည်ဆိုလျှင် ရန်သူသည် ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ပြုလုပ်သည့် ဗျူဟာကို သေချာပေါက် အသုံးပြုမည်ဟု အကြမ်းဖျင်း အတည်ပြုနိုင်ပေသည်။

သို့သော်ငြား အလွန် တိုက်ဆိုင်စွာဖြင့် မကြာမီက နုလန်ဟောက်ကတော်ကို လာရောက် တွေ့ဆုံသည့် မိတ်ဆွေဟောင်းတစ်ယောက် တကယ်ပဲ ရှိခဲ့သည်။ မဟုတ်ပေ။ တိတိကျကျ ပြောရလျှင် ချိန်းဆို တွေ့ဆုံခြင်း မဟုတ်ဘဲ အမှတ်မထင် ဆုံတွေ့ခဲ့ခြင်း ဖြစ်၏။

ထိုသူသည် နုလန်ဟောက်ကတော်နောက်သို့ လိုက်ပါလာခဲ့ဖူးသော သက်တော်စောင့်တစ်ဦးဖြစ်ပြီး နယ်စားအိမ်တော်တွင် ဆယ်နှစ်တိုင်တိုင် အမှုထမ်းခဲ့ကာ နောက်ပိုင်းတွင် မိဘကျေးဇူးဆပ်ရန်အတွက် မွေးရပ်မြေသို့ ပြန်သွားပြီး ဒေသခံအစိုးရရုံးတွင် တပ်စုမှူး တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယခုတစ်ကြိမ် နုလန်ဟောက်ကတော်လျိုနှင့် အမှတ်မထင် ဆုံတွေ့ချိန်တွင် သူသည် အခက်အခဲနှင့် ရင်ဆိုင်နေရ၏။ သူ၏ မိခင်အိုကြီး နေမကောင်းဖြစ်နေပြီး စုဆောင်းထားသမျှ ကုန်သွားသော်လည်း ရောဂါမပျောက်သေးသောကြောင့် လျိုကတော်ထံမှ ငွေတစ်ချို့ ချေးငှားလိုခြင်း ဖြစ်၏။

လျိုကတော်သည် မည်မျှ သဘောကောင်းသနည်းဆိုလျှင် သူမ၌ ပါလာသော ငွေများအားလုံးနှင့် ငွေစက္ကူ တစ်ထပ်လုံးကို ချက်ချင်းပဲ ပေးအပ်လိုက်သည်။

ထို့အပြင် ဤသက်တော်စောင့်၏မိခင်ကို ကုသပေးရန် အိမ်တော်သို့ပြန်ကာ သမားတော်ကိုပင် ခေါ်ပေးချင်သေး၏။

ထိုဖြစ်ရပ် ဖြစ်ပွားပြီး သုံးရက်အကြာတွင် လူအများကို ထိတ်လန့်တုန်လှုပ်စေသော လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တော့သည်။

စာတတ်ပေတတ် ပညာတတ်များသည် ဒေါသထွက်လွယ်ပြီး သွေးထိုးလှုံ့ဆော်ရန် အလွယ်ကူဆုံးသော လူစုလူဝေး ဖြစ်၏။

တစ်ရက်တောင် မပြည့်သေးသည့် အချိန်အတွင်း ဤလုပ်ကြံမှုကြီးသည် ကြီးမားစွာ ပျံ့နှံ့သွားခဲ့ပြီး နေရာတိုင်းလိုလိုတွင် ဤလုပ်ကြံမှုအကြောင်းကိုသာ ဆွေးနွေးပြောဆိုနေကြသည်။

ပြည့်တန်ဆာရုံများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ အားလုံးတွင် ပြောဆိုနေကြသည်။ ထို့အပြင် ကောက်ချက်ချမှုများကလည်း အားလုံး တူညီနေကြ၏။

အပိုင်း (၂၂၀)

ဤကိစ္စတွင် နုလန်ဟောက်ကတော် လျိုကတော်သည် သေချာပေါက် ပတ်သက်နေမှာဖြစ်ပြီး သူမက သားဖြစ်သူအတွက် ဆက်ခံခွင့်ကို ပြန်လည်လုယူလိုကြောင်း လူတိုင်းက သိထားကြသည်။

အောက်မင်ကို သတ်လိုက်လျှင် မည်သူက အကျိုးအမြတ် အများဆုံး ရရှိမည်နည်း။ သံသယဖြစ်ဖွယ်မရှိ အောက်ယွီဆိုသည့် အသုံးမကျသူသာ ဖြစ်သည်။ မည်သူက အကျိုးအမြတ် ရရှိသနည်း။ ရရှိမည့်သူက သံသယဖြစ်စရာ အကြီးဆုံးသူဖြစ်၏။

တကယ်တော့ အစပိုင်းတွင် လူတိုင်းသည် အောက်ယွီအပေါ် သနားစိတ် အနည်းငယ် ရှိခဲ့ကြသည်။ သူကသာလျှင် နုလန်ဟောက်၏ သားအရင်း ဖြစ်ပါလျက် ဆက်ခံခွင့်ကို အခြားသူတစ်ယောက် လုယူသွားခြင်း ခံရသည်မှာ အလွန် သနားစရာ ကောင်းလွန်းပေသည်။

အောက်ယွီသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် အသုံးမကျသူ ဖြစ်သော်လည်း သူသည် အားနည်းသူ တစ်ဦးဖြစ်သည်မှာ ထင်ရှားပြီး အားနည်းသူများသည် သနားကြင်နာမှုကို အလွယ်တကူ ရရှိတတ်ကြသည် မဟုတ်ပါလား။

သို့ပေမည့် ယခုတော့ အရာအားလုံး ပြောင်းပြန်လှန်သွားခဲ့ပြီ ဖြစ်၏။ အောက်ယွီနှင့် နုလန်ဟောက် ကတော်တို့၏ နည်းလမ်းများက အလွန် ယုတ်မာပြီး အလွန် ညစ်ပတ်လွန်းလှသည်။

အောက်မင် ဤမျှ ထူးချွန်နေခြင်းက သူ၏ အမှားလား။ အခြားသူများက မယှဉ်ပြိုင်နိုင်သောကြောင့် သူ့ကို ရှင်းလင်းပစ်ရန် ကြိုးစားကြသည်လား။ အကယ်၍ လူတိုင်းက ဤကဲသို့ ညစ်ပတ်နေမည်ဆိုလျှင် နောင်တွင် အခြားသူများက မည်သို့ ဆက်လက် ယှဉ်ပြိုင်ကြမည်နည်း။

ထို့အပြင် ယနေ့ အောက်မင်၏ လုပ်ရပ်က ပြီးပြည့်စုံလွန်းလှ၏။ လုပ်ကြံခံရချိန်တွင် သူ ပထမဆုံး စဉ်းစားမိသည်မှာ သူ၏ အသက်အန္တရာယ် မဟုတ်ဘဲ ရင်ခွင်ထဲမှ ကလေးငယ်ကို ကာကွယ်ရန်သာ ဖြစ်သည်။

ထိုကလေးငယ်သည် ဆင်းရဲနွမ်းပါးသော မိသားစုမှ ကလေးငယ်တစ်ဦးဖြစ်ပြီး သူ့ကို ပန်းလာပေးနေခြင်း ဖြစ်၏။

ထိုကလေးငယ်ကို ကာကွယ်ရန်အတွက် အောက်မင်သည် သူ့ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး ဓားကို ကျောပြင်ဖြင့် ကာကွယ်ခဲ့ရာ နောက်ဆုံးတွင် ဓားထိုးခံလိုက်ရသည်။

ထိုနေရာရှိ လူအားလုံး အထင်အရှား မြင်တွေ့ခဲ့ရသည်မှာ ဓားတစ်ချောင်းလုံး ဝင်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျန်းကျိုးမြို့ တစ်မြို့လုံးက အောက်မင်၏ ဒဏ်ရာကို အာရုံစိုက်နေကြလေ၏။

ဝေ့မြို့စားကြီးက ထိုနေရာ၌ ဒေါသတကြီးဖြင့် အောက်မျိုးနွယ်စုက မလုံခြုံကြောင်းနှင့် အောက်မင်ကို နုလန်ဟောက် အိမ်တော်သို့ မပို့ရဲကြောင်း ပြောဆိုကာ ဝေ့မြို့စားကြီး အိမ်တော်သို့ ပို့ဆောင်စေခဲ့သည်။

ချက်ချင်းပဲ မရေမတွက်နိုင်သော ကျောင်းသားများနှင့် ပြည့်တန်ဆာမလေးများစွာပဲ ဝေ့မြို့စားကြီးအိမ်တော် အပြင်ဘက်တွင် စုရုံးရောက်ရှိလာကြပြီး အောက်မင်၏ ဒဏ်ရာအခြေအနေကို သိရှိလိုသောကြောင့် စောင့်ဆိုင်းနေကြ၏။

ထို့နောက် ဝေ့မြို့စားကြီးက ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ နာမည်ကြီး သမားတော် အားလုံးကို ဝေ့မြို့စားကြီး အိမ်တော်သို့ ဖိတ်ခေါ်ကာ အောက်မင်အား ကုသစေခဲ့သည်။

ထို့ကြောင့် သူ၏ ဒဏ်ရာအခြေအနေသည် တိုက်ရိုက်ထုတ်လွှင့်နေသည့်အလား ဝေ့မြို့စားကြီး အိမ်တော်ကို ဗဟိုပြုကာ ပြန့်နှံ့သွားခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့၏။

လူတစ်ယောက်က အော်ပြောလိုက်သည်။ “သခင်လေး အောက်မင်က သွေးတွေ အများကြီး ထွက်နေပြီး အခုထိ သတိမလည်လာသေးဘူး။”

နောက်တစ်ယောက်ကလည်း ဆက်ပြောလိုက်သည်။ “သခင်လေးအောက်မင်ရဲ့ အသက်ရှူသံက ပိုပိုပြီး အားနည်းလာသလို နှလုံးခုန်နှုန်းကလည်း တဖြည်းဖြည်း အားနည်းလာနေပြီ။”

“သခင်လေး အောက်မင်တော့ တောင့်ခံနိုင်တော့မယ် မထင်ဘူး။”

“သခင်မလေး တွမ်ယင်းယင်းတောင် ငိုရင်းနဲ့ သတိလစ်သွားရှာပြီ။”

“သခင်လေး အောက်မင်က ကယောင်ကတမ်းတွေ ပြောနေပြီး သတိကလည်း သိပ်မကပ်တော့ဘူး။ သူက ကလေးကို မထိခိုက်စေနဲ့၊ ကလေးကို မထိခိုက်စေနဲ့လို့ အမြဲတမ်း အော်နေတာပဲ။”

“အရမ်းကို ကြည်နူးဖို့ ကောင်းတာပဲ။ သခင်လေးအောက်မင်က သေလုမျောပါး ဖြစ်နေချိန်မှာတောင် ကလေးလေးကို စိတ်ပူနေတုန်းပဲ။”

ဤညတွင် ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ ပြည့်တန်ဆာ လောကတစ်ခုလုံးက အောက်မင်အတွက် ဆုတောင်းပေးနေကြတော့သည်။

ဤသည်မှာ နာမည်ကြီး ပြည့်တန်ဆာ စုမြောင်မြောင်က စတင်ခဲ့ခြင်းဖြစ်ပြီး သူမသည် ကျန်းကျိုးမြို့၏ အလှမယ်များထဲတွင် အဆင့်ငါးနေရာ၌ ရှိသူဖြစ်၏။

ထိုစဉ်က လူတစ်ယောက်သည် ငွေတစ်ရာ ပေးကာ စုမြောင်မြောင်ကို တေးတစ်ပုဒ် တီးခတ်ခိုင်းခဲ့သော်လည်း စုမြောင်မြောင်က သူမအနေဖြင့် ယနေ့ညတွင် အောက်မင်အတွက် ဆုတောင်းပေးမည်ဖြစ်သောကြောင့် မည်သည့် ဧည့်သည်ကိုမှ လက်ခံမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် သူမသည် အဆောက်အအုံငယ်လေးထဲတွင် ဖယောင်းတိုင် ရာပေါင်းများစွာကို ထွန်းညှိကာ ဗုဒ္ဓ ရုပ်ပွားတော်ငယ်ရှေ့တွင် ဒူးထောက်လျက် မလှုပ်မယှက်ဘဲ ရိုးသားဖြူစင်စွာ ဆုတောင်းပေးနေခဲ့၏။

သူမ၏ လုပ်ရပ်သည် ကျန်းကျိုးမြို့ တစ်မြို့လုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး နာမည်ကျော်ကြားမှု ချက်ချင်း မြင့်တက်လာကာ အလွန်အမင်း နာမည်ကြီးသွားခဲ့သောကြောင့် မရေမတွက်နိုင်သော နာမည်ကြီး ပြည့်တန်ဆာများကလည်း အတုယူ လုပ်ဆောင်လာကြတော့သည်။

ထို့ကြောင့် ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ ပြည့်တန်ဆာရုံများ အားလုံးက အောက်မင်အတွက် ဆုတောင်း ပေးနေကြပြီး ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအသွင် ဖန်တီးလိုက်လေ၏။

ထို့အပြင် အကြောင်းပြချက်ကလည်း အလွန် နားထောင်ကောင်းလှ၏။ သခင်လေး အောက်မင်သည် ကျန်းကျိုးမြို့၏ နံပါတ်တစ် စာပေပညာရှင်ဖြစ်၏။ အကယ်၍ သခင်လေးအောက်မင်၏ ကဗျာနှင့် စာပေများသာ မရှိတော့လျှင် ကျန်းကျိုးမြို့ တစ်မြို့လုံးသည် အသက်ဝင်မှု အနည်းငယ် လျော့ကျသွားမည်ကို စိုးရိမ်ရသည်။

ထို့ကြောင့် ကျန်းကျိုးမြို့အတွက် စာပေအငွေ့အသက် အနည်းငယ်ကို ထိန်းသိမ်းထားရန် သူမတို့က သခင်လေးအောက်မင်အတွက် ဆုတောင်းပေးကြခြင်း ဖြစ်၏။

အချို့ကမူ ပို၍ပင် ဆုတောင်းကြသေး၏။ သူတို့၏ အသက်ကို လျှော့ကာ သခင်လေးအောက်မင် အသက်ရှင်လာဖို့အတွက် လဲလှယ်လိုပါသည်ဟု ပြောကြသည်။

ကျိန်းသေပေါက် ဤနေရာက တာယင်အင်ပါယာကြီးဖြစ်ပြီး ဤသည်က မြို့ကြီးပြကြီး ဖြစ်သည်။ ပိုင်ရှင်မဲ့နယ်မြေတွင် ဤမျှ ကောက်ကျစ်သော နည်းလမ်းများ မည်သို့ ရှိနိုင်မည်နည်း။

ဤသည်မှာ တကယ့် မြို့ကြီးပြကြီး၏ ကစားကွက်များပင် ဖြစ်၏။

အစက အောက်မင်ဆိုသည့် နံပါတ်တစ် စာပေပညာရှင်သည် လူနည်းစု၏ ချီးကျူးမြှောက်ပင့်မှုကိုသာ ခံရသော်လည်း ယနေ့ညအပြီးတွင်တော့ သူ၏ နာမည်က ကျော်ကြားသွားခဲ့ပြီး နံပါတ်တစ် စာပေပညာရှင်ဆိုသည့် နာမည်ကို တကယ်ပဲ အခိုင်အမာ ရယူနိုင်တော့မှာဖြစ်သည်။

မည်သို့ပင်ဆိုစေ လျိုကတော်သည် နုလန်ဟောက်ကတော် ဖြစ်ပြီး အောက်ယွီသည် နုလန်ဟောက်၏ သားဖြစ်နေသေးသောကြောင့် သူတို့ကို မြို့ဝန်ရုံးသို့ ခေါ်ဆောင်သွားလျှင်တောင်မှ လက်ထိပ်ခတ်၍ မရနိုင်ပေ။

ထို့အပြင် အောက်ထင်က ဆွေမျိုးမတော်စပ်တော့ကြောင်း မကြေညာခဲ့လျှင် သာမန် မြို့ဝန်ရုံးမှ စစ်သည်များက နုလန်ဟောက်ကတော်နှင့် သားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားရန် တကယ်ပဲ သတ္တိရှိလိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ဤအမှု၏ နောက်ကွယ်မှ အင်အားက ကြီးမားလွန်းလှသည်။ ဝေ့မြို့စားကြီး အိမ်တော်၊ တရားစီရင်ရေးဗဟိုဌာနတို့က ကျောထောက်နောက်ခံ ပေးထားသောကြောင့် ဤမြို့ဝန်က သေချာပေါက် နောက်ခံတောင့်တင်းနေမှာဖြစ်၏။

ထို့အပြင် နုလန်ဟောက်က ကျန်းကျိုးမြို့တွင် မရှိပေ။ နုလန်ဟောက် အောက်ရှင်းသည် ဖျောက်ချီစစ်သူကြီးချုပ်အဖြစ် ဂုဏ်သိက္ခာ ကြီးမားသော်လည်း အုပ်စုဖွဲ့ကာ ကိုယ်ကျိုးရှာခြင်း မရှိသောကြောင့် မြို့တော်တွင် သူ၏ အာဏာကလည်း နည်းပါးလှသည်။

လမ်းတစ်လျှောက်တွင် ကျောင်းသားများ၊ ပြည့်တန်ဆာမလေးများနှင့် အသိဉာဏ်မဲ့သော လူအုပ်ကြီးက ပြည့်ကျပ်နေခဲ့၏။

လူအုပ်ကြီးက အော်ဟစ်နေကြသည်။ “သွေးကို သွေးနဲ့ ပြန်ဆပ်ရမယ်။”

“သခင်လေး အောက်မင်အတွက် တရားမျှတမှုကို ပြန်တောင်းယူကြ။”

“တရားခံကို ဖော်ထုတ်... တရားခံကို ဖော်ထုတ်ကြ။”

“လူသတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်။ လူသတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်။”

အစက ထိုသူများ၏ အော်ဟစ်သံများက သွယ်ဝိုက်သော သဘောရှိသော်လည်း နောက်ပိုင်းတွင်တော့ တိုက်ရိုက် ဆန်လာကြ၏။

“အားလုံးပဲ အတူတူ လိုက်သွားကြစို့။ လူသတ်သမားက နုလန်ဟောက်ကတော်နဲ့ သားဖြစ်သူပဲ။ သူတို့က ထိပ်တန်း အာဏာပိုင်တွေဆိုတော့ ဥပဒေကို မျက်ကွယ်ပြုတာမျိုးတွေ ရှိလာနိုင်တယ်။”

“အားလုံး သွားပြီး စောင့်ကြည့်ကြရအောင်။ ဒီသားအမိကို အပြစ်ကနေ လွတ်ကင်းခွင့် လုံးဝ မပေးနိုင်ဘူး။”

ယွင်ကျုံးဟဲ့သည် လမ်းပေါ်တွင် လျှောက်သွားရင်း စက္ကူလက်ထိပ်ကို ခတ်ထားခံရသည်ကို ကြည့်ရှုနေမိ၏။ သူ၏ စိတ်ထဲတွင် လှောင်ပြောင်လိုသော အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

‘တကယ့်ကို အင်ပါယာကြီးနဲ့ မြို့ကြီးပြကြီး ပီသတာပဲ။ ဒီလို တိုက်ပွဲပုံစံက ဘယ်လောက်တောင် အဆင့်မြင့် လိုက်သလဲ။ ကိုယ်ကျင့်တရားကို ကစားတယ်။ တရားမျှတမှုကို ကစားတယ်။ ပြည်သူတွေကို လှုံ့ဆော်တယ်။ ပိုင်ရှင်မဲ့နယ်မြေဘက်မှာက အများကြီး ပိုပြီး တိုက်ရိုက်ဆန်တယ်။ နည်းနည်းလေးမှ မလှုပ်ရှားရသေးဘူး လူတစ်စုကို သတ်ပစ်လိုက်တာပဲ။ ဒီဘက်မှာကတော့ သတင်းစကားတွေနဲ့ လူသတ်ဖို့ ကျွမ်းကျင်ကြတာပဲ။’

မြို့ဝန်ရုံး အပြင်ဘက်သို့ ရောက်သောအခါ အတွင်းသုံးထပ်၊ အပြင်သုံးထပ် ဝိုင်းရံထားကြပြီ ဖြစ်၏။

လူတစ်ယောက်က ဤအမှုကို လူတိုင်းသိအောင် စစ်ဆေးလိုသည်မှာ ထင်ရှားပြီး နုလန်ဟောက်ကတော်နှင့် အောက်ယွီတို့ကို အရှက်ကွဲကာ ဂုဏ်သိက္ခာ ကျဆင်းသွားစေရန် အပြီးတိုင် လုပ်ဆောင်လိုခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် အောက်မင်က နယ်စားရာထူးကို ဆက်ခံရန် မည်သည့် အတားအဆီးမှ ရှိတော့မည် မဟုတ်ပေ။

ထို့အပြင် နုလန်ဟောက် အောက်ရှင်းသည်လည်း စည်းကမ်းမတင်းကျပ်မှုဖြင့် ပြင်းထန်စွာ အပြစ်ပေးခံရမှာ ဖြစ်၏။ တစ်ဖက်လူက အောက်ရှင်းကို ကြီးမားသည့် သင်ခန်းစာတစ်ခု ပေးလိုခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အောက်မင်က ဘိုးဘွားများ ချန်ထားရစ်ခဲ့သော နယ်စားရာထူးကို ဆက်ခံတော့မည် မဟုတ်ပါလား။ ဤလုပ်ကြံမှုကြီးတွင် ပြင်းထန်သော အပြစ်ပေးမှုက အောက်ရှင်း တစ်ယောက်တည်းကိုသာ ဖြစ်ပြီး နုလန်ဟောက် ရာထူးအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။

ယေဘုယျအားဖြင့် ပုန်ကန်မှုကြီးနှင့် မပတ်သက်သရွေ့ နယ်စားရာထူးကို ရုပ်သိမ်းမည် မဟုတ်ဘဲ အဆိုးဆုံး အခြေအနေမှာ အခြားလူတစ်ယောက်ကို နယ်စားအဖြစ် အစားထိုး ခန့်အပ်လိုက်ခြင်းသာ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် မြို့ဝန်ရုံး၏ ဧည့်ခန်းမဆောင်သို့ ဝင်ရောက်သွားချိန်တွင် ထိုနေရာ၌ တင်းကျပ်စွာ စောင့်ကြပ်နေကြပြီ ဖြစ်သည်။

မြို့ဝန်ကြီး ရှိနေရုံသာမက ပြည်နယ်၏ အကျဉ်းထောင်တာဝန်ခံ အရာရှိများနှင့် ဝေ့မြို့စားကြီး အိမ်တော်မှ လူများလည်း ရှိနေကြ၏။

ကျန်းကျိုးမြို့၏ အဓိက အရာရှိ အမည်မှာ ဝေ့ချီတွမ် ဖြစ်ပြီး တရားဝင် ဒုတိယအဆင့် ကျင်ရှီ တစ်ဦး ဖြစ်သည်။

(ကျင်ရှီ - မြို့တော်စာမေးပွဲ အောင်မြင်သူ)

မြို့ဝန် ဝေ့ချီတွမ်က စကားစလိုက်၏။ “ကျုပ်က ပုံမှန်ဆိုရင် အမှုတွေကို မစစ်ဆေးဘူး။ ဒါပေမဲ့ ဒီနေ့ အခြေအနေက ထူးခြားနေပြီး ဒီအမှုကို မြို့ဝန်ကျန်းက လက်မခံရဲလို့ ကျုပ်ကပဲ လက်ခံလိုက်ရတာပဲ။”

မြို့ဝန် ဝေ့ချီတွမ်က ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။ “ကျုပ်လည်း မြို့ဝန် လုပ်ခဲ့ဖူးပြီး အမှုတော်တော်များများကို စစ်ဆေးခဲ့ဖူးလို့ တော်သေးတာပေါ့”

အောက်မျိုးနွယ်စု အကြီးအကဲ အောက်ထင်က ရှေ့သို့ထွက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “မြို့ဝန်မင်း... ကျုပ်တို့ မိသားစုက ခင်ဗျားကို ရယ်စရာ ဖြစ်စေခဲ့မိပြီ။”

မြို့ဝန် ဝေ့ချီတွမ်က ပြန်ပြောသည်။ “ဘယ်ကသာ... ဘယ်ကသာ... အကြီးအကဲက တရားမျှတမှုကို နားလည်တဲ့အတွက် ကျုပ် လေးစားရပါတယ်။”

ဤဝေ့ချီတွမ်က အကြီးအကဲဟု ခေါ်ဆိုရခြင်းမှာ အောက်ထင်သည်လည်း ရာထူးတာဝန်များ ထမ်းဆောင် ခဲ့ဖူးပြီး ရာထူးကလည်း မသေးငယ်သောကြောင့် ဖြစ်၏။

ထို့နောက် ဤမြို့ဝန်သည် ကိုယ်တိုင် ခုံတစ်လုံး ယူလာကာ အောက်ထင်ကို ထိုင်စေခဲ့သည်။

မြို့ဝန် ဝေ့ချီတွမ်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်က ဒီအမှုကို တရားဝင် စစ်ဆေးတော့မယ်။”

သူ၏ အကြည့်များက အေးစက်သွားပြီး လျိုကတော်ကို ကြည့်ကာ မေးလိုက်သည်။ “နုလန်ဟောက် ကတော်... မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့သူကို ခင်ဗျား သိလား။”

လျိုကတော်က ပြန်ဖြေလိုက်၏။ “သိတာပေါ့။ သူ့နာမည်က လျိုချုံး တဲ့။ လျိုမိသားစုမှာ အစောကြီးတည်းက အမှုထမ်းခဲ့တာ။ ကျွန်မ ကျန်းကျိုးမြို့ကို လက်ထပ်လာတော့ သူက သက်တော်စောင့်အနေနဲ့ အတူတူ လိုက်လာခဲ့ပြီး နုလန်ဟောက် အိမ်တော်မှာ ဆယ်နှစ်တိုင်တိုင် အမှုထမ်းခဲ့ဖူးတယ်။”

မြို့ဝန် ဝေ့ချီတွမ်က ဆက်မေးသည်။ “ဒါဆိုရင် သူက ခင်ဗျားရဲ့ မိတ်ဆွေဟောင်း၊ ခင်ဗျားရဲ့ အရင်က လူယုံလို့ သတ်မှတ်လို့ ရမလား။”

လျိုကတော်က တုံ့ပြန်လိုက်၏။ “ရတာပေါ့။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်သည်။ “ကောင်းပြီ... ကတော်က ဒီလောက်တောင် ရိုးသားနေတော့ သိပ်ကောင်းတာပေါ့။ ဒါဆိုရင် ကျုပ်လည်း တိုက်ရိုက်ပဲ မေးလိုက်မယ်။ ဒီလျိုချုံးက လူပုံလယ်မှာ အောက်မင်ကို လုပ်ကြံခဲ့တာ ခင်ဗျားရဲ့ ခိုင်းစေမှုကြောင့် မဟုတ်လား။”

လျိုကတော်က ဖြေလိုက်၏။ “သေချာပေါက် မဟုတ်ပါဘူး။ လူပုံလယ်မှာ အောက်မင်ကို လုပ်ကြံဖို့ လူလွှတ်ရအောင် ကျွန်မက အရူးလား။ ပြီးတော့ အရင်က လူယုံသက်တော်စောင့်ကို ဒီကိစ္စအတွက် လွှတ်ရမယ်တဲ့လား။ ဒါက အခြားသူတွေ ကျွန်မကို သံသယမဝင်မှာကို စိုးရိမ်လို့များလား။”

မြို့ဝန် ဝေ့ချီတွမ်က အမိန့်ပေးလိုက်သည်။ “လူသတ်သမား လျိုချုံး... မင်း ခေါင်းမော့လိုက်စမ်း။”

ထိုလုပ်ကြံသူ ခေါင်းမော့လာသောအခါ သူ၏ မျက်နှာက ပျက်စီးနေပြီး မူလရုပ်ရည်ကိုပင် မမှတ်မိနိုင်တော့ကြောင်း တွေ့လိုက်ရ၏။

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “သူက သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ထားတယ်။ ခင်ဗျားအပေါ် တကယ့်ကို သစ္စာရှိတာပဲ။ ဒါဆိုရင် အဖမ်းခံရရင်တောင် ကိုယ်ပိုင်အမှတ်အသားကို ဖော်ထုတ်မှာ မဟုတ်သလို ခင်ဗျားဆီကိုလည်း ရောက်လာမှာ မဟုတ်ဘူးလေ။”

လျိုကတော်က မေးလိုက်သည်။ “ဒါဆိုရင် ဘာလို့ အခုမှ ကျွန်မကို ဖော်ကောင်လုပ်ရတာလဲ။”

All Chapters