← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 19 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 19 Ch. 221-222

အပိုင်း (၂၂၁)

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “လျိုချုံး... မင်း ပြောကြည့်စမ်း။ ဘာလို့ စိတ်ပြောင်းသွားပြီး နုလန်ဟောက်ကတော်ကို ဖော်ကောင်လုပ်ရတာလဲ။”

လူသတ်သမား လျိုချုံးက ပြန်ဖြေသည်။ “ကတော်က အရင်က ကျုပ်ကို ပြောခဲ့တယ်။ အောက်မင်က ယုတ်မာပြီး အရှက်မရှိဘူး၊ ရက်စက်ပြီး အောက်တန်းကျတယ်။ ပြီးတော့ သခင်လေး အောက်ယွီရဲ့ ဆက်ခံခွင့်ကို လုယူရုံသာမက ကတော်ကိုလည်း အကြိမ်ကြိမ် စော်ကားခဲ့တယ်။ ဒါကြောင့် တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်လို့ ပြောပြီး သူ့ကို သတ်ခိုင်းခဲ့တယ်။

ကျုပ်လည်း ဒီစကားကို ကြားတော့ ချက်ချင်း ဒေါသထွက်သွားလို့ အသက်စွန့်ပြီး သူ့ကို လုပ်ကြံခဲ့တာပဲ။ ဒါပေမဲ့ သူ့ကို သတ်ဖို့ လုပ်လိုက်ပြီးမှ ကိစ္စက မမှန်ဘူးဆိုတာ တွေ့ရတယ်။ သခင်လေးအောက်မင်က အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ ရင်ခွင်ထဲက ကလေးကို အရင်ဆုံး ကာကွယ်တယ်။ ပြီးတော့ ကျုပ်ရဲ့ ဓားကို ကျောပြင်နဲ့ ကာကွယ်ခဲ့တယ်။

ဒီလို မြင့်မြတ်တဲ့ ကိုယ်ကျင့်တရား ရှိတဲ့သူက ဘယ်လိုလုပ် တိရစ္ဆာန်ထက်ဆိုးတဲ့ ယုတ်မာသူ ဖြစ်နိုင်မှာလဲ။ ပြီးတော့ သခင်လေးအောက်မင်က ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ပြီး ကဗျာတွေ၊ စာပေတွေ အများကြီး ရေးသားခဲ့တယ်။ သူ့ကဗျာတွေက ပြည်နယ် တော်တော်များများမှာ နာမည်ကြီးခဲ့တယ်ဆိုတာ ကျုပ် သိခဲ့ရတယ်။

ဒါပေမဲ့ ရလာတဲ့ ငွေကြေးတွေ အားလုံးကို ဆင်းရဲတဲ့ ကျောင်းသားတွေ စာသင်နိုင်ဖို့အတွက် ဟွိုင်ရှန်း စာသင်ကျောင်း တည်ဆောက်ရာမှာ လှူဒါန်းခဲ့တယ်။ ဒီလို လူမျိုးက တကယ့်ကို သူတော်စင် တစ်ယောက်လိုပဲလေ။ ဘယ်လိုလုပ် ယုတ်မာသူ ဖြစ်နိုင်မှာလဲ။ ဒါကြောင့် ကျုပ် အရူးခံရပြီလို့ တွေးမိပြီး လိပ်ပြာလုံစိတ်ရဲ့ အပြစ်တင်မှုကို တကယ်ပဲ မခံနိုင်တော့လို့ ကျုပ်သဘောနဲ့ကျုပ် ဖြောင့်ချက်ပေးခဲ့တာပါ။”

နားထောင်ကြည့်ရသည်မှာ မည်မျှတောင် ယုတ္တိရှိပြီး အကြောင်းပြချက် ခိုင်လုံနေသနည်း။

လျိုကတော်က အေးစက်စွာ ရယ်မောလျက် မေးလိုက်၏။ “မြို့ဝန်မင်း... ရှင် အမှုစစ်တာ နည်းနည်းတော့ ပေါ့ပေါ့ဆဆ နိုင်လွန်းတယ် မထင်ဘူးလား။ သူက အရင်က ကျွန်မရဲ့ လူယုံဖြစ်ခဲ့တာနဲ့တင်၊ သူ့ရဲ့ ဖြောင့်ချက်ပေးမှုနဲ့တင် ကျွန်မကို နောက်ကွယ်က လူသတ်သမားအဖြစ် သတ်မှတ်လိုက်ပြီလား။ သက်သေကရော... သက်သေက ဘယ်မှာလဲ။”

မြို့ဝန် ဝေ့ချီတွမ်က ပြန်ပြောသည်။ “ကောင်းပြီ... ကျုပ်က အမှုစစ်တဲ့အခါ သက်သေကို အဓိကထားတယ်။ လူသက်သေ ရှိရုံတင်မကဘူး၊ ပစ္စည်းသက်သေပါ ရှိရမယ်။ သက်သေခံပစ္စည်း ယူလာခဲ့။”

စာရေးတစ်ယောက်က ပစ္စည်းတစ်ဇလုံ ယူလာခဲ့သည်။။ ထိုအပေါ်တွင် ငွေတုံး အနည်းငယ်၊ ရွှေစေ့ အနည်းငယ်နှင့် ငွေစက္ကူ အချို့ ရှိနေ၏။

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်သည်။ “လျိုချုံး... မင်း ပြောစမ်း။ ဒီပိုက်ဆံတွေက ဘယ်ကရတာလဲ။ မင်း တာဝန်ထမ်းဆောင်နေတာက ဒေသခံ တပ်စုမှူး တစ်ယောက်လေ။ တပ်စုမှူးဆိုပေမဲ့ တကယ်တမ်းကျတော့ လမ်းလှည့်ကင်းလှည့်ရတဲ့ စစ်သည် တစ်ယောက်ပါပဲ။ ဘယ်ကနေ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရလာတာလဲ။ ဒီပိုက်ဆံတွေ အားလုံးပေါင်းလိုက်ရင် ငွေသုံးလေးရာလောက် ရှိတယ်။”

လူသတ်သမား လျိုချုံးက ဖြေသည်။ “ဒါတွေ အားလုံးက သခင်မ ပေးထားတာပါ။ အောက်မင်ကို လုပ်ကြံဖို့အတွက် အခကြေးငွေအနေနဲ့ပါ။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “နုလန်ဟောက်ကတော်... ဒီငွေတုံးတွေမှာ အမှတ်အသား မရှိပေမဲ့ ဒီရွှေစေ့တွေကတော့ ခင်ဗျားရဲ့ နယ်စားအိမ်တော်မှာ သီးသန့်သုံးတဲ့အရာတွေ မဟုတ်လား။ ဒါတင်မကသေးဘူး။ ဒီငွေတုံးတွေပေါ်မှာ ခင်ဗျားရဲ့ လက်ဗွေရာတွေ ရှိနေတယ်။

ခင်ဗျားလက်က မိတ်ကပ်ကို အရင်ကိုင်ထားပြီးမှ ဒီငွေတုံးတွေကို ယူလိုက်တော့ လက်ဗွေရာတွေ အပေါ်မှာ ကျန်ခဲ့တာပဲ။ ခင်ဗျားရဲ့ လက်ဗွေရာနဲ့ တိုက်ကြည့်ရအုံးမလား။ ပြီးတော့ ဒီငွေစက္ကူတွေက ငွေငါးဆယ်ထက် ကျော်လွန်နေတယ်။ ငွေငါးဆယ်တန် ငွေစက္ကူတိုင်းက ငွေလွှဲဌာနမှာ မှတ်တမ်းရှိတယ်။ ယင်ယွမ်ငွေလွှဲဌာနက တာဝန်ရှိသူကို ခေါ်လာခဲ့။”

ခဏအကြာတွင် ငွေလွှဲဌာန၏ တာဝန်ရှိသူတစ်ယောက် ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “အောက်မှာ ဘယ်သူလဲ။”

ထိုတာဝန်ရှိသူက ပြန်ဖြေသည်။ “ကျုပ်က ဝမ်ကျင်းယွမ်ပါ။ ယင်ယွမ် ငွေလွှဲဌာနရဲ့ ကျန်းကျိုးမြို့ ငွေလွှဲဌာနခွဲက နံပါတ်ခုနစ်ဆိုင်ရဲ့ တာဝန်ရှိသူပါ။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “ဝမ်ကျင်းယွမ်... ခင်ဗျား သေချာ ကြည့်စမ်း။ ဒီငွေစက္ကူတွေက ခင်ဗျားတို့ ယင်ယွမ် ငွေလွှဲဌာနက ထုတ်ပေးထားတာ ဟုတ်လား။”

ထိုတာဝန်ရှိသူက စစ်ဆေးကာ အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ်။”

မြို့ဝန် ဝေ့ချီတွမ်က ထပ်မေးလိုက်၏။ “ဒီငွေစက္ကူတွေရဲ့ အရင်းအမြစ်က ဘယ်ကလဲဆိုတာ စစ်ဆေးလို့ ရနိုင်မလား။ ဘယ်သူက အပ်နှံထားတဲ့ ငွေကြေးတွေလဲ။”

ထိုတာဝန်ရှိသူက ပြန်ဖြေသည်။ “ဒါကတော့ ကျုပ် လျှို့ဝှက်မှတ်တမ်းကို စစ်ဆေးဖို့ လိုပါတယ်။”

မြို့ဝန် ဝေ့ချီတွမ်က အမိန့်ပေးလိုက်၏။ “ဒါဆို သွားစစ်ဆေးလိုက်။”

ထိုတာဝန်ရှိသူက ရှင်းပြသည်။ “လျှို့ဝှက်မှတ်တမ်းက အရမ်း အရေးကြီးပါတယ်။ ကျုပ် အဆင့်ဆင့် တင်ပြဖို့ လိုပါတယ်။ အနည်းဆုံး ပြည်နယ်က အုပ်ချုပ်ရေးမှူးချုပ် သဘောတူမှသာ ကျုပ် လျှို့ဝှက်မှတ်တမ်းကို စစ်ဆေးနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ကျုပ်တို့အလုပ်က ဧည့်သည်တွေအတွက် လျှို့ဝှက်ပေးရတဲ့ လုပ်ငန်း ဖြစ်နေလို့ပါ။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် ချက်ချင်း လူလွှတ်ပြီး ချန်လန် ပြည်နယ်က ယင်ယွမ် ငွေလွှဲဌာနရဲ့ အုပ်ချုပ်ရေးမှူးချုပ်ကို သွားပင့်ခိုင်းလိုက်မယ်။”

လျိုကတော်က ဝင်ပြောလိုက်သည်။ “သွားစရာ မလိုပါဘူး။ ဒီငွေစက္ကူတွေက ကျွန်မဟာတွေချည်းပါပဲ။ အားလုံး ကျွန်မ လျိုချုံးကို ပေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီနေ့က သူ ကျွန်မနဲ့ တွေ့တော့ သူ့မိခင် ရောဂါသည်း နေပြီး စုဆောင်းထားသမျှ ကုန်သွားပြီလို့ ပြောပြီး ကျွန်မဆီက ငွေလာချေးတဲ့အတွက် ကျွန်မက သူ့ကို ငွေပေးခဲ့တာပါ။”

လျိုကတော် ပြောသော စကားများမှာ အားလုံး အမှန် ဖြစ်၏။

ထိုနေ့က လျိုချုံးသည် သူမရှေ့တွင် ဦးညွတ်ကာဖြင့် အရင်က သခင်နှင့်ကျွန် သံယောဇဉ်ကို ထောက်ထားပြီး ငွေချေးရန်၊ သူ၏ မိခင်အိုကြီးကို ကယ်တင်ပေးရန် တောင်းဆိုခဲ့ခြင်းမှာလည်း အမှန် ဖြစ်ပေသည်။

လျိုကတော်က မည်မျှ သဘောကောင်းသနည်းဆိုလျှင် ပါသမျှ ငွေအားလုံးကို ပေးလိုက်ခြင်း ဖြစ်၏။

လျိုကတော်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “လျိုချုံး... ရှင် ကျွန်မအိမ်မှာ ဆယ်နှစ်ကျော် နေခဲ့တယ်။ ကျွန်မ ရှင့်အပေါ် မဆိုးခဲ့ပါဘူး။ ရှင်က ရှင့်ရဲ့ မိခင်အိုကြီးကို ကယ်ရမယ်လို့ ပြောတော့ ကျွန်မ ဘာမှမမေးဘဲ ပါသမျှ ငွေအားလုံး ရှင့်ကို ပေးခဲ့တယ်။ ပြန်ဆပ်စရာလည်း မလိုဘူးလို့ ပြောခဲ့တယ်။ ဒါတင်မကသေးဘူး။ ကျွန်မ ချက်ချင်း အိမ်တော်ကိုပြန်ပြီး အကောင်းဆုံး သမားတော်ကို ရှင်နဲ့အတူ ရှင့်အိမ်လိုက်သွားပြီး မိခင်ကို ကယ်တင်ခိုင်းသေးတယ်။ ဒါပေမဲ့ ရှင်က ကျွန်မကို ပြန်ကိုက်ပြီး လူသတ်မှုနဲ့ ကျွန်မအပေါ် အပြစ်ပုံချရက်တယ်လား။”

လျိုချုံးက ခေါင်းငုံ့လျက် ပြောသည်။ “ကတော်... ကတော်က ကျုပ်ရဲ့ သခင် ဆိုပေမဲ့ ကျုပ်က အမှားအမှန် မခွဲခြားဘဲ မနေနိုင်ပါဘူး။ တရားမျှတမှုကို မသိကျိုးကျွန် ပြုလို့ မရဘူးလေ။ မှန်တာက မှန်တာပဲ၊ မှားတာက မှားတာပါပဲ။

အဲဒီနေ့က ကတော် ကျုပ်ကို ဒီငွေတွေ ပေးတာက ကတော့်အတွက် လူသတ်ပေးဖို့ပါပဲ။ ကတော်က အဲဒီ အောက်မင်က တိရစ္ဆာန်ထက် ဆိုးတယ်လို့ ပြောခဲ့တယ်လေ။ သခင်လေး အောက်ယွီရဲ့ ဆက်ခံခွင့်ကို လုယူရုံသာမက ကတော့်ကိုလည်း အကြိမ်ကြိမ် စော်ကားခဲ့တယ်ဆိုတော့ ကျုပ်လည်း ဒေါသထွက်ပြီး ကတော့်အတွက် လူသတ်ပေးခဲ့တာပါ။

နောက်ပိုင်း အမှန်တရားကို သိရတော့ ကျုပ်လည်း အရမ်း နောင်တရမိတယ်။ ကျုပ် ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် တကယ်ပဲ သည်းမခံနိုင်တော့ဘူး။ ကတော်... ကျုပ် ကတော့်ကိုလည်း အကြံပေးချင်ပါတယ်။ အမှားထဲမှာ ဆက်မနစ်မွန်းနေပါနဲ့တော့။ နောက်ဆုတ်တာက အကောင်းဆုံးပါ။”

လျိုကတော်မှာ ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့၏။

ဤလောကတွင် ဤသို့သော ခွေးစိတ်၊ ဝံပုလွေစိတ် ရှိသူမျိုး ရှိနေသေးသည်လား။ ဤမျှလောက် အဖြူအမည်း ပြောင်းပြန်လှန်ကာ သခင်ဟောင်းကို ဤမျှလောက် ပြန်ကိုက်ရက်သည်လား။

အောက်ထင်ဆိုသည့် အဘိုးကြီးက ဘယ်လိုမျိုး မက်လုံးကို ပေးလိုက်သောကြောင့် ဤမျှလောက်အထိ အသိတရား ကင်းမဲ့သွားစေရသနည်း။

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “လျိုချုံး... ကျုပ် မင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ်။ မင်း အောက်မင်ကို လုပ်ကြံတာ နုလန်ဟောက်ကတော် ခိုင်းစေလို့ ဟုတ်လား။”

“ဟုတ်ပါတယ်။” လျိုချုံးက ပြတ်သားစွာ ပြောလိုက်သည်။

မြို့ဝန် ဝေ့ချီတွမ်က ထပ်မေးသည်။ “မင်းမှာ တခြား ဘာသက်သေ ရှိသေးလဲ။ ဒီငွေစက္ကူတွေနဲ့တင် မလုံလောက်သေးဘူး။”

ထိုစကား ထွက်ပေါ်လာသည်နှင့် အပြင်ဘက်ရှိ ကျောင်းသားများမှာ ချက်ချင်းပဲ ဒေါသပေါက်ကွဲသွား ကြတော့သည်။

မြို့ဝန်မင်းက မည်သည့်သဘောနည်း။ ဥပဒေကို မျက်ကွယ်ပြုပြီး နုလန်ဟောက်ကတော်ကို ကာကွယ်ပေးချင်နေသည်လား။

ဤသည်မှာ တောင်ကြီးတစ်လုံးပမာ ခိုင်မာသော သက်သေများ ဖြစ်နေသည့်တိုင် မည်သည့် သက်သေ လိုအပ်သေးသနည်း။

ဦးဆောင်သူ ကျောင်းသားတစ်ယောက်က အော်ဟစ်လိုက်၏။ “လူသတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်။ လူသတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်။”

ချက်ချင်းပဲ ရာချီသော ကျောင်းသားများနှင့် ထောင်ချီသော ပွဲကြည့်ပရိသတ်များကလည်း လက်သီးဆုပ်ကာ အော်ဟစ်ကြတော့သည်။

“လူသတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်။ လူသတ်ရင် အသက်နဲ့ ပြန်ဆပ်ရမယ်။”

“တရားမျှတစွာ အမှုစစ်ပါ။ တရားမျှတစွာ အမှုစစ်ပါ။”

“ကောင်းကင်ဘုံက ခင်ဗျားတို့ကို စောင့်ကြည့်နေတယ်။”

“မှူးမတ် ပြစ်မှုကျူးလွန်လည်း သာမန်ပြည်သူနဲ့ ပြစ်မှုတူတူပဲ။”

ထောင်ပေါင်းများစွာသော လူများက တပြိုင်နက်တည်း အော်ဟစ်နေကြရာ လူထုအုံကြွမှုက ပြင်းထန်လွန်းလှသည်။

ထိုလူသတ်သမား လျိုချုံးက ဆက်ပြောသည်။ “နောက်ထပ် အသေးစိတ်အချက် တစ်ချက် ရှိပါသေးတယ်။ အဲဒီတုန်းက ကျုပ်တို့ ထျန်းယွမ် လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှာ တွေ့ခဲ့ကြတာပါ။ အဲဒီနေ့က သခင်လေး အောက်မင်က သူငယ်ချင်း တချို့နဲ့ အောက်ထပ် ဧည့်ခန်းမမှာ လက်ဖက်ရည် သောက်နေခဲ့တယ်။

အဲဒီတုန်းက ကျုပ်တောင် ထူးဆန်းတယ်လို့ တွေးမိသေးတယ်။ သခင်လေးအောက်မင်လို ချမ်းသာတဲ့သူက ဘာလို့ ကြေးပြား နည်းနည်းပဲ ပေးရတဲ့ လက်ဖက်ရည်ပန်းကန်လုံးကြီးကို သောက်နေရတာလဲလို့ပေါ့။ အဲဒီတုန်းက ကတော်က ကျုပ်ကို သေချာ ကြည့်ထားဖို့ ပြောခဲ့တယ်။ အဲဒါ အောက်မင်ပဲ။ ကျုပ် လုပ်ကြံရမယ့်သူပဲလို့ ပြောခဲ့ပါတယ်။”

မြို့ဝန်က မေးလိုက်၏။ “ဒီကိစ္စကို ဘယ်သူက သက်သေခံနိုင်မလဲ။”

လူသတ်သမား လျိုချုံးက ပြန်ဖြေသည်။ “အဲဒီနေ့က ထျန်းယွမ် လက်ဖက်ရည်ဆိုင်က အလုပ်သမားနဲ့ တာဝန်ရှိသူတို့ အားလုံး သက်သေခံနိုင်လောက်ပါတယ်။”

မြို့ဝန် ဝေ့ချီတွမ်က အမိန့်ပေးလိုက်၏။ “ထျန်းယွမ် လက်ဖက်ရည်ဆိုင်က အလုပ်သမားနဲ့ တာဝန်ရှိသူကို ခေါ်လာခဲ့။”

ခဏအကြာတွင် ထျန်းယွမ် လက်ဖက်ရည်ဆိုင်၏ တာဝန်ရှိသူနှင့် အလုပ်သမားများ အားလုံး ရောက်ရှိလာကြသည်။

လက်ဖက်ရည်ဆိုင် အလုပ်သမားက လျိုချုံးကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ အဲဒီနေ့က ကျုပ် သေချာ မှတ်မိနေတယ်။ ဒီလူက အဝတ်အစား စုတ်ပြတ်နေပေမဲ့ အပေါ်ထပ်ကို တက်ပြီး လက်ဖက်ရည် သောက်ခဲ့တယ်။ အပေါ်ထပ်က လက်ဖက်ရည် ဈေးကြီးတယ်ဆိုတာ လူတိုင်း သိကြတာပဲ။ အဲဒီတုန်းက ကျုပ်တောင် ဒီလူ ပိုက်ဆံမရှင်းနိုင်မှာကို စိုးရိမ်နေခဲ့သေးတာ။”

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “ဒါဆို အဲဒီနေ့က သခင်လေးအောက်မင်က အောက်ထပ် ဧည့်ခန်းမမှာ လက်ဖက်ရည် သောက်နေခဲ့တယ်ဆိုတာ ဟုတ်လား။ မင်း မှတ်မိလား။”

လက်ဖက်ရည်ဆိုင် အလုပ်သမားက ပြန်ဖြေသည်။ “မှတ်မိတာပေါ့။ မှတ်မိတာပေါ့။ သုံးရက်ကပဲ ဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ။ သခင်လေးအောက်မင်က ချမ်းသာပေမဲ့ ကျုပ်တို့အပေါ် နည်းနည်းလေးမှ မာနမကြီးဘူး။ ပြီးတော့ လက်ဖက်ရည် သောက်တာလည်း ရိုးရှင်းတယ်။

ကျုပ်တို့ လူတိုင်းက သူ့ကို သေချာ မှတ်မိနေကြတာပါ။ လုံးဝ မမှားနိုင်ပါဘူး။ အဲဒီနေ့က သူနဲ့ သူငယ်ချင်းတွေ ကျုပ်တို့ဆိုင်ရဲ့ မြေညီထပ် ဧည့်ခန်းမမှာ လက်ဖက်ရည်သောက်ဖို့ ချိန်းထားကြပြီး ပြောနေကြတာတွေကလည်း ငွေကြေးစုဆောင်းဖို့နဲ့ စာသင်ကျောင်း တည်ဆောက်ဖို့ ကိစ္စတွေချည်းပါပဲ။”

မြို့ဝန် ဝေ့ချီတွမ်က ထပ်မေးလိုက်၏။ “ဒါဆို ဒီကတော်ကရော လွန်ခဲ့တဲ့သုံးရက်က မင်းတို့ လက်ဖက်ရည်ဆိုင်ကို လာသောက်ခဲ့သေးလား။”

လက်ဖက်ရည်ဆိုင် အလုပ်သမားက ဖြေလိုက်သည်။ “လာဖူးပါတယ်။ လာဖူးပါတယ်။ အဲဒီတုန်းက သူက အပေါ်ထပ်က သီးသန့်ခန်း တစ်ခန်းကို ယူပြီး အရမ်းကောင်းတဲ့ လက်ဖက်ရည်ကို မှာခဲ့ပြီး သူက လူတစ်ယောက်ကို စောင့်နေမယ်လို့ ပြောခဲ့တယ်။”

ပြောရမည်ဆိုလျှင် တကယ်ပဲ တိုက်ဆိုင်လွန်းလှသည်။ လွန်ခဲ့သော သုံးရက်က နုလန်ဟောက်ကတော်သည် အမျိုးသမီး တစ်ဦးနှင့် ထျန်းယွမ် လက်ဖက်ရည်ဆိုင်တွင် အလွန် လျှို့ဝှက်စွာ တွေ့ဆုံရန် ချိန်းဆိုထားခဲ့ခြင်း ဖြစ်၏။

ထိုအမျိုးသမီးမှာ နာမည်ကြီး မှူးမတ်အသိုင်းအဝိုင်းမှ အောင်သွယ်တော် တစ်ဦး ဖြစ်၏။ မှူးမတ် အသိုင်းအဝိုင်းမှ သခင်မလေးတိုင်းကို သူမ မသိသူ မရှိပေ။

ထို့ကြောင့် နုလန်ဟောက်ကတော်က သူမထံမှ အိမ်ထောင်မကျသေးသော မှူးမတ်အနွယ်ဝင် သခင်မလေးများ အကြောင်းကို စုံစမ်းလိုခြင်းဖြစ်ပြီး ဝတုတ်တုတ် အောက်ယွီအတွက် ချွေးမ တစ်ယောက် ရှာပေးချင်ခြင်း ဖြစ်၏။ သူမက သူ့သားအတွက် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် ဤကိစ္စက ဂုဏ်သိက္ခာရှိသော ကိစ္စတော့ မဟုတ်ချေ။ ထို့ကြောင့် ထျန်းယွမ် လက်ဖက်ရည်ဆိုင်တွင် လျှို့ဝှက်စွာ တွေ့ဆုံရန် ချိန်းဆိုခဲ့ခြင်း ဖြစ်၏။

ထို့အပြင် သူမ ယူလာသော ငွေများစွာမှာလည်း မူလက ဤအောင်သွယ်တော်ကို ပေးမည့် အခကြေးငွေများ ဖြစ်သည်။

ဤအောင်သွယ်တော်က အချိန်အတော်ကြာသည်အထိ ရောက်မလာခဲ့ဘဲ လျိုချုံးက အပြင်ဘက် လမ်းမပေါ်မှ ဆင်းရဲနွမ်းပါးစွာ ဖြတ်လျှောက်သွားသည်ကို ထင်မှတ်မထားဘဲ လျိုကတော်က မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။

ထို့ကြောင့် အကျိုးအကြောင်း သိလိုစိတ်ဖြင့် လက်ဖက်ရည်ဆိုင် အပေါ်သို့ ခေါ်ယူမေးမြန်းကြည့်ရာ သူ၏ မိခင်အိုကြီး နေမကောင်းဖြစ်နေကြောင်း သိလိုက်ရသောကြောင့် အောင်သွယ်တော်ကို ပေးမည့်ငွေများကို လျိုချုံးအား အကုန်အစင် ပေးလိုက်ခြင်း ဖြစ်သည်။

ထိုလုပ်ရပ်က နောက်ဆုံးတွင် ကြီးမားသော ဘေးဒုက္ခကြီးကို ဖိတ်ခေါ်လာခဲ့ပြီး သူမက လူသတ်ရန် ငွေပေးခိုင်းစေခဲ့သည်ဟူသော ပြစ်မှုသက်သေ ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့မိပေ။

သေချာသည်မှာ နုလန်ဟောက်ကတော်သည် အလွန် သတိထားတတ်သူ ဖြစ်သောကြောင့် ကိစ္စပြီးနောက် ဤအကြောင်းကို သားဖြစ်သူအား အစအဆုံး ပြောပြခဲ့သည်။

ယွင်ကျုံးဟဲ့သည် ဤအရာအားလုံးကို နားထောင်ပြီးနောက် အံ့ဩချီးကျူးမှု မဖြစ်ဘဲ မနေနိုင်တော့ချေ။

‘ရန်သူတွေ အလုပ် လုပ်တာ တကယ့်ကို သေချာလွန်းတယ်။ သက်သေအထောက်အထား ဆက်စပ်မှုက ဒီလောက်တောင် ပြည့်စုံနေတာ တကယ့်ကို ပြီးပြည့်စုံတဲ့ အမှုကြီးပဲ။ တကယ့်ကို တောင်ကြီးတစ်လုံးပမာ ခိုင်မာတဲ့ သက်သေတွေပဲ။ လူသက်သေ၊ ပစ္စည်းသက်သေ၊ ရည်ရွယ်ချက်... အားလုံးက ပြည့်စုံနေတာပဲ။’

..............

အပိုင်း (၂၂၂)

မြို့ဝန် ဝေ့ချီတွမ်က ဒေါသတကြီး ပြောလိုက်၏။ “လျိုကတော်... အခု ခင်ဗျား ဘာပြောစရာ ရှိသေးလဲ။ လွန်ခဲ့တဲ့ သုံးရက်က ခင်ဗျားရဲ့ အရင်တုန်းက လူယုံဟောင်း လျိုချုံးနဲ့ ထျန်းယွမ် လက်ဖက်ရည်ဆိုင်မှာ လျှို့ဝှက်စွာ တွေ့ဆုံခဲ့တယ်။ အောက်မင်ကို သတ်ပေးဖို့အတွက် သူ့ကို ငွေလေးရာလောက် ပေးခဲ့တယ်။ လူမှား မသတ်မိအောင်လို့တောင် အောက်မင်ရဲ့ မျက်နှာကို သေချာ ကြည့်ခိုင်းခဲ့သေးတယ်။

ဒါတင်မကသေးဘူး လျိုချုံးကို သူ့မျက်နှာသူ ဖျက်ဆီးခိုင်းတာကလည်း ခင်ဗျားဆီ အပြစ်တွေ မရောက်လာအောင်လို့ပဲ မဟုတ်လား။ ဒါပေမဲ့ ဒီလျိုချုံးက အားလုံးကို ဖြောင့်ချက်ပေးလာမယ်လို့ ခင်ဗျား ဘယ်လိုလုပ် ထင်ထားမိမှာလဲ။

ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုအောက်ကနေ ဘယ်သူမှ မလွတ်နိုင်ဘူး။ လျိုကတော်... ခင်ဗျားက အရည်အချင်း ရှိတဲ့သူကို မနာလိုဖြစ်ပြီး ငွေပေးပြီး လူသတ်ခိုင်းတယ်။ အောက်မင်က ခင်ဗျားရဲ့ မွေးစားသားပဲလေ။ ကျားရက်စက်ရင်တောင် သားကို မစားဘူးလို့ ပြောကြတယ်။ ခင်ဗျားက ကျားထက်တောင် ရက်စက်သေးတာပဲ။

ဒါပေမဲ့ လျိုကတော်... ခင်ဗျားက ဂုဏ်ပြုခံ ကတော် တစ်ယောက်ဖြစ်ပြီး နုလန်ဟောက် အိမ်တော်ရဲ့ ကတော်လည်း ဖြစ်နေတော့ ကျုပ်က ခင်ဗျားကို ပြစ်ဒဏ်ပေးလို့ မရဘူး။ မဟုတ်ရင် ဒီနေ့ ကျုပ် ခင်ဗျားကို ကြိမ်ဒဏ် အချက်ပေါင်းများစွာ ရိုက်ပြီးပြီ။”

ထို့နောက် ဤမြို့ဝန် ဝေ့ချီတွမ်က မတ်တပ်ရပ်ကာ ဦးညွတ်လျက် ပြောလိုက်သည်။ “အပြင်ဘက်က ကျောင်းသားများ... လျိုကတော်က ဂုဏ်ပြုခံ ကတော် တစ်ယောက်ဖြစ်ပြီး ကျုပ်မှာ ဖမ်းဆီးခွင့် မရှိဘူးဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ။

ဒါပေမဲ့ လောကရဲ့ တရားမျှတမှုအတွက် ကျုပ်က ဒီရာထူးကို စွန့်လွှတ်ရရင်တောင်မှ ဒီအမှုကို ဖြေရှင်းရမယ်။ နစ်နာသူအတွက် တရားမျှတမှုကို ပေးရမယ်။ ကျန်းကျိုးမြို့က ပြည်သူတွေအတွက်လည်း တရားမျှတမှုကို ပေးရမယ်။”

ထို့နောက် မြို့ဝန် ဝေ့ချီတွမ်က သူ၏ အရာရှိဦးထုပ်ကို ချွတ်လိုက်ပြီး တရားမျှတမှုအပြည့်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်... မနက်ဖြန် ကျုပ်ရဲ့ ရာထူးကို ရုပ်သိမ်းလိုက်ရင်တောင်မှ ဒီနေ့ ဒီအဆိပ်ပြင်းတဲ့ မိန်းမကို ဖမ်းဆီးပြီး အမှုဖွင့်ရပါမယ်။ လာကြစမ်း။ တရားခံ လျိုကတော်ကို လက်ထိပ်ခတ်ပြီး ထောင်ထဲ ထည့်လိုက်။”

ထိုစကား ထွက်ပေါ်လာသည်နှင့် အပြင်ဘက်ရှိ ရာချီသော ကျောင်းသားများနှင့် ထောင်ချီသော ပွဲကြည့် ပရိသတ်များမှာ မျက်ရည်များ ရစ်သိုင်းလာကြပြီး ဒူးထောက်ကာ အော်ဟစ်ကြတော့သည်။ “တရားမျှတတဲ့ မြို့ဝန်... တရားမျှတတဲ့ မြို့ဝန်ကြီး... အကယ်၍ ခင်ဗျား တစ်ခုခု ဖြစ်သွားခဲ့ရင် ကျုပ်တို့ အားလုံး မြို့တော်ကို တက်ပြီး ခင်ဗျားအတွက် အသနားခံစာ တင်ပေးပါ့မယ်။”

မည်မျှ ရင်ထဲထိစရာ ကောင်းသည့် မြင်ကွင်းမျိုးနည်း။ မြို့ဝန် ဝေ့ချီတွမ်သည် အာဏာပိုင်များကို မကြောက်ရွံ့ဘဲ နုလန်ဟောက်ကတော်ကိုပင် ပြစ်ဒဏ်ချမှတ်ရဲပေသည်။ သူမမှာ လက်ရှိ ဖျောက်ချီ စစ်သူကြီးချုပ်၏ ဇနီးလည်း ဖြစ်၏။

မြို့ဝန် ဝေ့ချီတွမ်၏ စိတ်ထဲတွင် အလွန် ကျေနပ်သွားပြီး အပြင်ဘက်ရှိ ထောင်ပေါင်းများစွာသော ပြည်သူများ၏ ချီးကျူးမြှောက်ပင့်သံများကို ကြားရသောအခါ တကယ်ပဲ လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားရသည်။

‘ဒီနေ့ကစပြီး အရာရှိလောကမှာ ကျုပ်နာမည်က သေချာပေါက် ကျော်ကြားသွားတော့မယ်။ ဒီနေ့မြင်ကွင်းက ကျုပ်ရဲ့ ရာထူးသက်တမ်းမှာ အခမ်းနားဆုံး မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မယ်။ ဖျောက်ချီစစ်သူကြီးချုပ် ကတော်ရဲ့ ခေါင်းကိုနင်းပြီး အထက်ကို တက်ရတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ။

ဖျောက်ချီစစ်သူကြီးချုပ်... ခင်ဗျားက ဘာလို့ အုပ်စုဖွဲ့ပြီး ကိုယ်ကျိုးမရှာခဲ့တာလဲ။ ခင်ဗျားက ဘာလို့ ဒီလောက်တောင် မာနကြီးပြီး လူတွေနဲ့ မဆက်ဆံတတ်ရတာလဲ။ ကျုပ်နောက်ကွယ်မှာ ဝေ့မြို့စားကြီး ရှိတယ်။ ဒုတိယ မင်းသား ရှိတယ်။ မိဖုရားခေါင်ကြီး ရှိနေမှတော့ ဘာကို ကြောက်စရာ လိုသေးလဲ။’

သို့ပေမည့် ပြဇာတ်ကို ဆက်ကပြရန် လိုအပ်သေးသည်။

မြို့ဝန် ဝေ့ချီတွမ်သည် အောက်ထင်ရှေ့သို့ သွားကာ ပြောလိုက်၏။ “အကြီးအကဲ... တောင်းပန်ပါတယ်။ ဒီနေ့ ကျုပ် ခင်ဗျားရဲ့ မျက်နှာကို ရိုက်လိုက်သလို ဖြစ်သွားပြီ။”

အကြီးအကဲ အောက်ထင်က မျက်ရည်များ စီးကျလျက် ပြောသည်။ “မိသားစု ကံမကောင်းလို့ပါ။ မိသားစု ကံမကောင်းလို့ပါ။ မြို့ဝန်မင်း... ခင်ဗျားမှာ ဒီအဆိပ်ပြင်းတဲ့ မိန်းမကို ပြစ်ဒဏ်ပေးပိုင်ခွင့် မရှိပေမဲ့ ကျုပ်မှာတော့ မိသားစု စည်းမျဉ်းအရ ပြစ်ဒဏ်ပေးပိုင်ခွင့် ရှိပါတယ်။ လာကြစမ်း..”

ချက်ချင်းပဲ သူ၏သားဖြစ်သူ အောက်ဖျင်က အောက်မျိုးနွယ်စုမှ ကြမ်းတမ်းထွားကျိုင်းသည့် အမျိုးသမီး ဆယ်ယောက်ကျော်ကို ခေါ်ဆောင်ကာ ဝင်ရောက်လာခဲ့၏။

အောက်ထင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “လျိုကတော်က သစ္စာမရှိသလို ကျေးဇူးလည်း မသိတတ်ဘူး။ ငွေပေးပြီး လူသတ်ခိုင်းရဲတယ်။ ငါ့သား အောက်ရှင်း ပြန်လာရင် သူ့ကို တရားဝင် ကွာရှင်းခိုင်းရမယ်။ ဒီနေ့ ဒီအဆိပ်ပြင်းတဲ့ မိန်းမကို အပြစ်မပေးရင် ဘိုးဘွားတွေကို မျက်နှာပြစရာ ရှိမှာ မဟုတ်ဘူး။ လာကြစမ်း။ မိသားစု စည်းမျဉ်းကို အကောင်အထည်ဖော်... ကြိမ်ဒဏ် အချက်ငါးဆယ် ရိုက်စမ်း။”

အောက်ထင်၏သား အောက်ဖျင်က ရက်စက်စွာ ရယ်မောလျက် အမိန့်ပေးလိုက်၏။ “လာကြ... လျိုကတော်ကို မြေကြီးပေါ် ဖိချပြီး ကျုပ်အတွက် ရိုက်စမ်း။”

အောက်ဖျင်သည် အောက်ထင်၏ အငယ်ဆုံးသားဖြစ်ပြီး အချစ်ရဆုံးသားလည်း ဖြစ်ကာ သူက အောက်ရှင်းနှင့် ရင်းနှီးသော ညီလည်း ဖြစ်သည်။

လျိုကတော်သည် လှပကာ ပြည့်ဖြိုးပြီး အောက်ရှင်းကလည်း တစ်နှစ်ပတ်လုံး အိမ်တွင် မရှိသောကြောင့် အောက်ဖျင်သည် စိတ်လှုပ်ရှားနေခဲ့၏။

သူ၏ ရုပ်ရည်ချောမောသည်ကို အားကိုးကာ နုလန်ဟောက်ကတော်ဖြစ်သည့် လျိုကတော်ကို အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ပြီး မရီးဖြစ်သူ၏ အရသာကို မြည်းစမ်းကြည့်ချင်နေခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် အကြိမ်တိုင်းတွင် လျိုကတော်၏ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်းကို ခံရရုံသာမက ဓားဆွဲကာ လိုက်ခုတ်ခြင်းကိုပဲ ခံခဲ့ရ၏။

ထို့အပြင် လျိုကတော်က အထင်သေးစွာဖြင့် ရှင် အောက်ဖျင်က ရုပ်ရည်ချောမောပေမဲ့ တောခွေး တစ်ကောင်လို ညစ်ပတ်တယ်။ ကျွန်မယောကျ်ား အောက်ရှင်းနဲ့ ယှဉ်လိုက်ရင် ဝက်နဲ့ခွေးလောက်တောင် မတန်ဘူးဟု ပြောဆိုခဲ့သည်။

ထိုအချိန်မှစ၍ အောက်ဖျင်သည် လျိုကတော်အပေါ် ရန်ငြိုးဖွဲ့ခဲ့တော့သည်။ ယခု သူက လျိုကတော်ကို ဘောင်းဘီချွတ်၍ ရိုက်ရန် အသံကျယ်ကျယ်ဖြင့် အမိန့်ပေးချင်စိတ်များ ပေါက်နေခဲ့၏။

ဤသို့ဆိုလျှင် သူသည် နုလန်ဟောက်ကတော် လျိုကတော်၏ တင်ပါးကို မြင်တွေ့ရမှာဖြစ်ပြီး ဤအချင်းအရာကို သူက အိပ်မက်ထဲတွင်ပင် မြင်ချင်နေခဲ့ခြင်း ဖြစ်သည်။

အောက်ဖျင်၏ အကြည့်များက နုလန်ဟောက်ကတော် လျိုကတော်၏ မျက်လုံးများဆီသို့ စူးစိုက်ကြည့်နေပြီး နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေကာ စိတ်ထဲတွင် တွေးလိုက်၏။

‘မရီး... အဲဒီနေ့က ကျုပ်ကို ငြင်းပယ်ပြီး အရှက်ခွဲတုန်းက ဒီနေ့လို ဖြစ်လာမယ်လို့ ထင်ထားမိရဲ့လား။ ဒီနေ့ ကျုပ် မရီးကို သတ်ပစ်ရုံတင်မကဘူး ဂုဏ်သိက္ခာပါ ကျဆင်းသွားအောင် လုပ်ပစ်မယ်။ မရီးရဲ့ အသုံးမကျတဲ့သားကိုတော့ စိတ်ချပါ။ သေချာပေါက် အသက်ရှင်ရက်နဲ့ သေနေသလို ဖြစ်အောင် လုပ်ပေးမယ်။’

ထို့နောက် အောက်ဖျင်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ “ရိုက်စမ်း။”

ချက်ချင်းပဲ ကြမ်းတမ်းထွားကျိုင်းသည့် အမျိုးသမီး အနည်းငယ်က ရှေ့တက်လာပြီး လျိုကတော်ကို မြေကြီးပေါ် တိုက်ရိုက် ဖိချကာ ကြိမ်ဒဏ်ပေးရန် ပြင်လိုက်ကြ၏။

“နေအုံး...”

ယွင်ကျုံးဟဲ့က အလျင်အမြန် ရှေ့ထွက်ကာ မိခင်ဖြစ်သူကို ကာကွယ်လိုက်ပြီး လူသတ်သမား လျိုချုံးကို ကြည့်ကာ မေးလိုက်သည်။ “လျိုချုံး... ခင်ဗျားကို ကျုပ် မှတ်မိတယ်။ ခင်ဗျား အမေ နေကောင်းသွားပြီလား။ ခင်ဗျား ကလေးတွေရော နေကောင်းကြလား။

လျိုချုံး... ခင်ဗျားက ကျုပ်အမေကို စွပ်စွဲရတာ ခင်ဗျား အမေရယ်၊ ခင်ဗျား သားသမီးတွေရယ်ကို လူတွေက ဓားစာခံအဖြစ် ဖမ်းခေါ်သွားလို့ မလား။ အကယ်၍ ခင်ဗျား သဘောမတူရင် သူတို့က ခင်ဗျား အမေနဲ့ ခင်ဗျား သားသမီးတွေကို သတ်ပစ်မှာ မဟုတ်လား။”

ထို့နောက် ယွင်ကျုံးဟဲ့က အောက်ဖျင်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “ဦးလေး အောက်ဖျင်... ဦးလေးက လျိုချုံးရဲ့ အမေနဲ့ ကလေးတွေကို ဖမ်းသွားပြီး ကျုပ်အမေကို ထောင်ချောက်ဆင်ဖို့ ဖိအားပေးခဲ့တာ မဟုတ်လား။”

အောက်ဖျင်၏ မျက်နှာက ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “အောက်ယွီ... မင်းလို အရူးက ဘာသိလို့လဲ။ လျှောက်ပြောမနေနဲ့။ မင်းတို့က ငေးကြည့်နေတာလား။ လျိုကတော်ဆိုတဲ့ ဒီအဆိပ်ပြင်းတဲ့ မိန်းမကို မြေကြီးပေါ် ဖိချပြီး ရိုက်စမ်း။ ရိုက်ကြစမ်း။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဦးလေး အောက်ဖျင်... ကျုပ်တို့ သားအမိက ဦးလေး လျိုချုံးရဲ့ အမေနဲ့ ကလေးတွေကို ဖမ်းသွားမှန်း သိရုံတင်မကဘူး ဘယ်မှာ ဖွက်ထားလဲဆိုတာကိုပါ သိတယ်။ ကျုပ်တို့ သူတို့ကို ကယ်ဖို့ လူလွှတ်ထားပြီးပြီ။ မကြာခင်မှာ လျိုချုံးရဲ့ အမေနဲ့ ကလေးတွေက ဒီဧည့်ခန်းမဆောင်ကို ရောက်လာတော့မှာ။ မကြာခင်မှာ အမှန်တရားက ပေါ်ပေါက်လာတော့မှာပဲ။ ဦးလေး အောက်ဖျင်... ဒီညတော့ ဦးလေး သေရတော့မယ် ထင်တယ်။”

……………….

ယခင်က ပြောခဲ့သည့်အတိုင်း လူပုံလယ်တွင် ပထမဆုရ စာပေပညာရှင်တစ်ယောက်ကို လုပ်ကြံခြင်းသည် သေချာပေါက် သေရမည်ဖြစ်ရာ ဤသူသည် အသေခံစစ်သည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

အသေခံစစ်သည်တစ်ဦးကို ခိုင်းစေနိုင်ရန်မှာ အကျိုးအမြတ်ရှိရုံဖြင့် မလုံလောက်ပေ။ ထို့အပြင် ဤအသေခံ စစ်သည်သည် နုလန်ဟောက်ကတော်ဘက်မှ လူဖြစ်ရမည်ဖြစ်ရာ သူ့ကို ခိုင်းစေနိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏ မိသားစုသာ ရှိမည်ဖြစ်၏။

ဤလျိုချုံးမှာမူ မိဘကျေးဇူး အလွန်သိတတ်သူ တစ်ဦး ဖြစ်၏။ ထိုနှစ်က သူသာ နုလန်ဟောက် အိမ်တော်တွင် ဆက်နေခဲ့လျှင် ပိုမိုကြီးမားသော အနာဂတ် ရှိမှာဖြစ်သည်။

သို့ပေမည့် မိခင်အိုကြီးကို ပြန်လည်ပြုစုစောင့်ရှောက်ရန်အတွက် သူသည် အလွန်ကောင်းမွန်သော အနာဂတ်ကို ပြတ်သားစွာ စွန့်လွှတ်ခဲ့ပြီး ကျန်းကျိုးမြို့ဆိုသည့် သာယာလှပသော ကမ္ဘာကြီးမှ ထွက်ခွာကာ ဆင်းရဲနွမ်းပါးသော မွေးရပ်မြေသို့ ပြန်သွားခဲ့၏။

အကယ်၍ နုလန်ဟောက်သာ ပုံမှန် အရာရှိတစ်ဦး ဖြစ်ခဲ့လျှင် ပြောစရာမလိုဘဲ သူ့အတွက် မြို့ပိုင်ရာထူးတစ်ခု စီစဉ်ပေးရန်မှာ ပြဿနာ မဟုတ်ပေ။

သို့ပေမည့် နုလန်ဟောက်သည် လူမှုဆက်ဆံရေး မကောင်းသလို အရာရှိလည်း မလုပ်တတ်ဘဲ စစ်တိုက်တတ်ရုံသက်သက် အထီးကျန် အမတ်တစ်ဦးသာ ဖြစ်နေခဲ့၏။

လျိုချုံး မွေးရပ်မြေသို့ ပြန်ရောက်ပြီးနောက် ပြည်သူ့စစ်တပ်တွင် တပ်စုမှူးအဖြစ်သာ တာဝန်ပေးခံရသည်။

ဤရာထူးသည် အကယ်၍ အချို့သော ဂိုဏ်းခေါင်းဆောင်များ၏ လက်ထဲသို့ ရောက်သွားပါက လုံးဝကို အောင်မြင်ကြီးပွားနိုင်ပြီး ဒေသခံ လူမိုက်တစ်ဦး ဖြစ်လာနိုင်သည်။ သို့ပေမည့် ဤလျိုချုံးသည် သိုင်းပညာ မဆိုးသော်လည်း ရိုးသားသူ တစ်ဦး ဖြစ်နေပြန်၏။

ထို့ကြောင့် ဤပြည်သူ့စစ် တပ်စုမှူးအလုပ်ကို နွားအိုကြီးတစ်ကောင်လို ရုန်းကန်လုပ်ဆောင်ခဲ့ရပြီး အကျိုးအမြတ် မရသည့်အပြင် လူတော်တော်များများကိုပါ စော်ကားမိသလို ဖြစ်သွားခဲ့သည်။

သူ၏ မိခင်အိုကြီး အပြင်းအထန် ဖျားနာနေသည်မှာလည်း အမှန်ဖြစ်ပြီး မိခင်ကို ဆေးကုသရန် ပိုင်ဆိုင်သမျှ ကုန်သွားသည်မှာလည်း အမှန်ဖြစ်၏။

ထို့ကြောင့် အောက်ဖျင်သည်လည်း အစက သူ့ကို ငွေကြေးဖြင့် သိမ်းသွင်းရန် ကြိုးစားခဲ့သော်လည်း ရလဒ်မှာ သေချာပေါက် မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် အောက်ဖျင်သည် အကြပ်ကိုင်နိုင်ရန်အတွက် လျိုချုံး၏ မိခင်အိုကြီး၊ ဇနီးနှင့် ကလေး နှစ်ယောက်လုံးကို ဖမ်းဆီးလိုက်လေတော့သည်။

ထို့အပြင် လျိုချုံးအား ခြိမ်းခြောက်လိုက်၏။ “မင်းသာ စကားနားမထောင်ရင် မင်းရဲ့ မိသားစုဝင် အားလုံးကို ခွေးစာကျွေးပစ်မယ်။ အကယ်၍ မင်းက စကားနားထောင်ပြီး အောက်မင်ကို လုပ်ကြံပြီး နုလန်ဟောက် ကတော် လျိုကတော်တို့ သားအမိအပေါ် အပြစ်ပုံချမယ်ဆိုရင် မင်းရဲ့ မိသားစုကို လွှတ်ပေးရုံတင်မကဘူး မင်းအမေကို ဆေးကုဖို့ပါ ငွေထုတ်ပေးမယ်။”

ထိုအခါ လျိုချုံးဆိုသည့် ရိုးသားသူသည် လိမ္မာစွာဖြင့် စကားနားထောင်ခဲ့တော့သည်။

ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် အောက်ဖျင်၏ မျက်နှာအရောင် ပြောင်းလဲသွားပြီးနောက် အေးစက်စွာ ရယ်မောလျက် ပြောလိုက်၏။ “အောက်ယွီ... မင်း ထပ်ပြီး လျှောက်ပြောနေအုံးမယ်ဆိုရင် ငါ မင်းကိုပါ တစ်ပါတည်း ရိုက်ပစ်မယ်။”

‘ကျုပ်ကို လာလှည့်စားချင်တာလား။ အဲဒီလောက် မလွယ်ပါဘူး။’

ဤသို့ဆိုလျှင် ယွင်ကျုံးဟဲ့သည် အောက်ဖျင်ကို လှည့်စားနေခြင်းလား။ သေချာပေါက် မဟုတ်ပေ။

ဤအချိန်တွင် ယွင်ကျုံးဟဲ့ ရင်ဆိုင်နေရသည်မှာ ဟေးပင်းထိုင် မဟုတ်သလို ယန်ဖြန်ရှန်ကဲ့သို့ ထိပ်တန်း အဆိပ်ပြင်းသော ပညာရှင်လည်း မဟုတ်ချေ။

အောက်ဖျင်သည် အောက်ထင်၏ အချစ်ဆုံး အငယ်ဆုံးသား ဖြစ်ပြီး ကျန်းကျိုးမြို့၏ သခင်လေးဖျင်လည်း ဖြစ်သည်။

လက်အောက်တွင် လူရာပေါင်းများစွာ ရှိပြီး ကျန်းကျိုးမြို့အတွင်းရှိ ဂိုဏ်းအဖွဲ့အစည်းများက အောက်ဖျင်ကို အလွန် ကြောက်ရွံ့ရိုသေကြကာ အကာအကွယ်ပေးမည့် ထီးတစ်လက်အဖြစ်ပဲ သတ်မှတ်ထားကြ၏။

ထို့ကြောင့် ယေဘုယျအားဖြင့် တစ်စုံတစ်ရာသော မှောင်ခိုအလုပ်များရှိလျှင် အောက်ဖျင်ကိုသာ လုပ်ဆောင် စေကြသည်။ ဤသူ၏ လက်ထဲတွင် လူ့အသက် မည်မျှ သေဆုံးခဲ့ရမှန်း မသိသလို အသက်စွန့်ရဲသူ မည်မျှကို မွေးမြူထားမှန်းလည်း မသိရပေ။

သို့ပေမည့် ဤသို့သော လူမျိုးက အလုပ်လုပ်ရာတွင် မည်မျှ လျှို့ဝှက်သနည်းဆိုသည်ကတော့ မသေချာလှပေ။

မိခင်ဖြစ်သူ လျိုချုံးနှင့် အမှတ်မထင် ဆုံတွေ့ချိန်တွင် ယွင်ကျုံးဟဲ့သည် ချက်ချင်း သတိထားမိသွားပြီး အတိုတောင်းဆုံး အချိန်ကာလအတွင်း လျိုချုံး၏ စရိုက်နှင့် သူ၏ မိသားစုဝင် အားလုံးအကြောင်းကို နားလည်အောင် စုံစမ်းခဲ့သည်။

ထို့နောက် အောက်ဖျင်အား ဆက်လက် စောင့်ကြည့်ရန် လူလွှတ်ထားခဲ့သည်။ ဤကိစ္စက အလွန် အရေးကြီးသောကြောင့် အောက်ဖျင် ကိုယ်တိုင် သွားရောက် လုပ်ဆောင်ရမှာဖြစ်၏။

.....................

All Chapters