အိမ်ဆိုတာလား ( ၁ )
Vol. 3 Ch. 38
နှင်းနှင့်လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ ခြံဝင်းဆီကို ရွှီချင်း ပြန်ရောက်လာသည်။ သူ ခြံထဲ မဝင်ခင်မှာပင် ခေါင်းဆောင်လဲ့၏ ပျော်ရွှင်စွာ ရယ်မောနေသောအသံကို အပြင်မှနေ၍ ကြားလိုက်ရသည်။
ထိုအသံနောက်မှ ခွေးဟောင်သံများလည်း ကပ်ပါလာသည်။ ရွှီချင်းက ခြံတံခါးကို တွန်းဖွင့်လိုက်ရာ ခြံထဲ၌ ခွေးရိုင်းဆယ်ကောင် ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုခွေးများအားလုံး ဝပ်နေကြပြီး ရွှီချင်းကို အေးစက်စက်ကြည့်နေသည်။ ရွှီချင်းကမူ အေးအေးဆေးဆေးသာ တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်တွင် ရက်စက်ကြမ်းကြုတ်မှုများ မပါဝင်ပါသော်လည်း ထိုခွေးရိုင်းများ၏ အမွေးများ ထောင်ထသွားပြီး နောက်သို့ အသာဆုတ်သွားကြသည်။
ခေါင်းဆောင်လဲ့၏ အခန်းထဲမှ အာမေဋိတ်သံတစ်သံ လွင့်ပျံလာသည်။
အခန်းတံခါးပွင့်သွားပြီး ကြက်ခြေခတ်နှင့် လွမ်ယာတို့ ထွက်လာကြသည်။ သူတို့က ရွှီချင်းကို တစ်လှည့်၊ ခွေးဆယ်ကောင်ကို တစ်လှည့် ကြည့်လိုက်ပြီး ကြက်ခြေခတ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ ကလေးရေ၊ ခွေးတွေကတော့ မင်းဆီကနေ အန္တရာယ်အငွေ့အသက်တွေ ရနေတယ်လို့ ပြောနေတယ်နော် ”
လွမ်ယာက ပြုံး၍ ပြောလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် ဘေးရှိ ခွေးရိုင်းတစ်ကောင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ရွှီချင်းက စကားတစ်ခွန်းမဆိုဘဲ အခန်းထဲမှ ထွက်လာသော ခေါင်းဆောင်လဲ့ကို လှမ်းကြည့်လိုက်သည်။
ခေါင်းဆောင်လဲ့သည် သားရေအင်္ကျီအထူကြီးကို ဝတ်ထားပြီး လက်ထဲတွင် ဆေးတံတစ်ချောင်း ကိုင်ထားသည်။ သူက အပြင်ရောင်ရောက်သည်နှင့် လွမ်ယာကို လက်ညှိုးထိုးလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
“ ဒီကလေးမ လွမ်ယာကတော့ ငါ ဒဏ်ရာရနေလို့ စခန်းမှာ ငါ့လုံခြုံရေးအတွက် စိတ်ပူတယ်တဲ့။ ဒါကြောင့် အိမ်နဲ့ခြံကိုစောင့်ဖို့ ဒီခွေးတွေ ဇွတ်ပို့ထားတာတဲ့ဟေ့ ”
ယင်းက ရိုးရှင်းသော စကားတစ်ခွန်းဖြစ်ပါသော်လည်း ထိုစကား၏နောက်ကွယ်မှ အဓိပ္ပာယ်ကို ရွှီချင်း ကောင်းစွာ နားလည်သည်။
သူက သီချင်းဆိုသံအကြောင်း မပြောခဲ့သလို ခေါင်းဆောင်လဲ့သည်လည်း သူ ရင်ဆိုင်ခဲ့ရသည့်တိုက်ပွဲများအကြောင်းကို မပြောပြခဲ့ပေ။ သူက ခေါင်းဆောင်လဲ့ကိုယ်တိုင် ဆန္ဒရှိမှသာ ထုတ်ပြောစေခဲ့သလို ခေါင်းဆောင်လဲ့ကလည်း သူဆန္ဒရှိမှသာ ထုတ်ပြောရန် လုပ်ခဲ့ပေသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး အဖြူရောင်ဆေးလုံးများ ပါသော သားရေအိတ်ကို ခေါင်းဆောင်လဲ့အား ကမ်းပေးလိုက်သည်။
ခေါင်းဆောင်လဲ့က သားရေအိတ်ကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူက တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ အင်း ဒီပစ္စည်းတွေ ငါ လိုတယ်။ ဒါပေမဲ့ ဒါတွေ နောက်ထပ်မဝယ်နဲ့တော့ကွာ။ ငါ့မှာ အများကြီး ရှိနေပြီပဲ။ ရောင်းလို့တောင်ရတယ် ”
ထိုသို့ဖြင့် ကြက်ခြေခတ်ကို သူ လှမ်းကြည့်လိုက်သည်။
“ ကြက်ခြေခတ်၊ ကလေးလည်း ပြန်ရောက်ပြီဆိုတော့ မင်း ပြောချင်တဲ့ကိစ္စကို အခုပြောလို့ရပြီ ”
ကြက်ခြေခတ်သည် ပြုံးနေရာမှရပ်သွားပြီး တည်ကြည်လေးနက်သောအမူအရာဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ဒီနေရာကို ကိစ္စနှစ်ခုကြောင့် ကျုပ် လာခဲ့တာ ”
“ ပထမတစ်ခုက ခေါင်းဆောင်လဲ့အတွက် ဆေးကိစ္စပဲ။ ကျုပ်နဲ့ လွမ်ယာတို့ တစ်လစာ ဆေးတွေ ဝယ်လာခဲ့တယ်။ ဒါတွေကုန်သွားရင် ကျုပ်တို့ ထပ်သွားဝယ်လိုက်မယ် ”
သူက ပြောပြီးနောက် ခါးတွင်ချည်ထားသော သားရေအိတ်ကို ချကာ ဘေးတွင် ထားလိုက်သည်။
“ ပြီးတော့ ဒုတိယကိစ္စပေါ့။ သွေးအရိပ်အဖွဲ့ ချေမှုန်းခံလိုက်ရတော့ တခြားရတနာမုဆိုးတွေက ခုနစ်ရွက်မြက်ပင်ကို ရိတ်သိမ်းခဲ့ကြပေမဲ့ တစ်ယောက်မှ ကျုပ်တို့လောက် မရဘူး ”
“ မနေ့က ကျုပ်နဲ့ လွမ်ယာတို့ စခန်းခေါင်းဆောင်ဆီ အဲဒီမြက်ပင်တွေ သွားပေးပြီးတော့ ဆုယူလာခဲ့တယ်။ ဒါပေမဲ့ စခန်းခေါင်းဆောင်က သူ့ဝသီအတိုင်း မြေသားကြည်လင်ဆေး သုံးလုံးမပေးဘူး။ တစ်လုံးပဲ ရခဲ့တယ် ”
ကြက်ခြေခတ်က ပြောပြီးသည်နှင့် လွမ်ယာကို လှမ်းကြည့်လိုက်သည်။
လွမ်ယာက သားရေအိတ်လေးအိတ်ကို ချလိုက်ပြီး ဘေးတွင် ထားလိုက်သည်။ ထို့နောက် သစ်သားဘူးလေးတစ်ဘူးကို ထုတ်လိုက်ပြီး လူအားလုံးရှေ့၌ ဖွင့်လိုက်ရာ ခိုဥအရွယ် အစိမ်းရောင်ဆေးလုံးတစ်လုံး ပေါ်လာသည်။
ဆေးရနံ့ သင်းပျံ့လာ၏။ ထိုဆေးသည် အဖြူရောင်ဆေးလုံးထက် အဆပေါင်းများစွာ ဆေးစွမ်း ထက်နေမည်မှာ ပြောနေစရာပင် လိုမည်မဟုတ်ချေ။
“ တစ္ဆေရိုင်းကြီးက ဆွေမျိုးလည်း မရှိဘူးဆိုတော့ သူ့ဝေစုကို ကျုပ်တို့ ခွဲယူလိုက်ကြမယ်။ ဒီသားရေအိတ်လေးအိတ်ထဲမှာ ကျုပ်တို့အတွက် ဝိညာဉ်ကြေးပြားတွေ အညီအမျှ ခွဲထားတယ်။ ဒီမြေသားကြည်လင်ဆေးကတော့ … ”
ကြက်ခြေခတ်သည် စကားစကိုရပ်၍ ခေါင်းဆောင်လဲ့အား မေးမြန်းဟန်ဖြင့် ကြည့်လိုက်သည်။
“ ကလေးကို ပေးလိုက်တာပေါ့ ”
ခေါင်းဆောင်လဲ့က တိတ်ဆိတ်စွာ ပြောလိုက်သည်။ ထိုအချိန်၌ ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါမျိုး သူ့ခန္ဓာကိုယ်မှ ပြန်လည်ထွက်ပေါ်လာလေသည်။
ကြက်ခြေခတ်က ခေါင်းညိတ်ပြလိုက်သည်။ လွမ်ယာသည် အတန်ငယ် မှင်သက်သွားရပြီး တွေးတောနေမိသည်။ မကြာသေးခင်က တောအုပ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ ခေါင်းဆောင်လဲ့ကို သူတို့ မေးမြန်းခဲ့သော်လည်း ခေါင်းဆောင်လဲ့က ထုတ်မပြောခဲ့ပေ။ သို့သော်လည်း မြေသားကြည်လင်ဆေးလုံးအား ပေးလိုက်သည်ကိုကြည့်၍ အဖြေက ရှင်းလင်းနေပေသည်။
“ တစ္ဆေရိုင်းကြီးဝေစုကိုတော့ ငါတို့ ခွဲယူတာ အဆင်ပြေပါတယ်။ ငါတို့က သူ့ဆွေမျိုးတွေပဲလေ ”
ခေါင်းဆောင်လဲ့က ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့ဝေစုကို ယူလိုက်သည်။ ကြက်ခြေခတ်နှင့် လွမ်ယာတို့နှစ်ဦးက သူတို့ဝေစုများကို အသီးသီး ယူလိုက်ကြသည်။ ရွှီချင်းသည်လည်း တိတ်ဆိတ်စွာဖြင့် သားရေအိတ်ကို ယူလိုက်သည်။
မြေသားကြည်လင်ဆေးကိုမူ လွမ်ယာက ကမ်းပေးလိုက်၏။ ရွှီချင်းက ခေါင်းဆောင်လဲ့ကို တစ်ချက်ကြည့်ကာ လှမ်းယူလိုက်သည်။ ခေါင်းဆောင်လဲ့၏ တည်ကြည်လေးနက်သောအကြည့်ကြောင့် ရွှီချင်းက ထိုအကြည့်နောက်ရှိ အဓိပ္ပာယ်ကို နားလည်လိုက်ပြီး တိတ်ဆိတ်စွာ ယူလိုက်ခြင်း ဖြစ်ပေသည်။
ခဏအကြာ သူတို့လေးယောက်သား စကားလက်ဆုံကျနေကြသည်။ ပုံမှန်အတိုင်း ရွှီချင်းသည် စကားနည်းပြီး ဘေးမှနေ၍သာ နားထောင်နေလေသည်။
သို့တိုင်အောင် ကြက်ခြေခတ်နှင့် လွမ်ယာက ရွှီချင်းကို ပစ်ပယ်မထားဘဲ သူ့အမြင်များကို မကြာခဏ မေးမြန်းလေ့ရှိသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး နေမွန်းတည့်ချိန် ရောက်လာပြီဖြစ်သည်။ နှင်းနှင့်လေပြင်းများလည်း ရပ်သွားပြီဖြစ်၍ ကြက်ခြေခတ်နှင့် လွမ်ယာတို့က ထွက်ခွာရန် ပြင်လိုကကြသည်။ သူတို့ မသွားခင် ကြက်ခြေခတ်က ရွှီချင်းကို တီးတိုးပြောလိုက်၏။
“ ကလေး၊ ငါနဲ့လွမ်ယာက တာဝန်တစ်ခုလက်ခံထားလို့ ရက်နည်းနည်းလောက် ခရီးထွက်သွားရမှာ။ ငါတို့ခရီးသွားနေတုန်း ခေါင်းဆောင်ကို ဂရုစိုက်လိုက်ပါဦး ”
ထိုသို့ပြောပြီးသည်နှင့် သူက ဓားမြှောင်တစ်လက်ကို ထုတ်ကာ ရွှီချင်းအား ကမ်းပေးလိုက်သည်။
“ မင်းရဲ့ဓားမြှောင်က သံချေးတွေတက်နေပြီ။ ဒါကိုယူထားလိုက်၊ ဒီဓားက သိပ်ထက်တာ ”
လွမ်ယာသည်လည်း ဝီစီတစ်ခုကို ရွှီချင်းကို ပစ်ပေးလိုက်၏။
“ ကလေး၊ မင်းက တိုက်ခိုက်တဲ့နေရာမှာ တော်တယ်ဆိုပေမဲ့ အကူအညီတွေ လိုနေသေးတယ်။ ဒီဝီစီကတော့ စခန်းထဲက ခွေးရိုင်းတွေကို အသာလေး ထိန်းချုပ်လို့ရအောင် လုပ်ပေးနိုင်တယ်။ အကူအညီလိုရင် ဒီဝီစီကိုသာ မှုတ်လိုက်။ ခွေးတွေက သိပ်ပါးနပ်တော့ ဘာလုပ်ရမှာလဲ တန်းသိတယ် ”
သူတို့နှစ်ဦးသည် အမှာစကားပြောပြီးနောက် လက်သီးနှစ်ဖက်ကိုဆုပ်ပြလိုက်ပြီး ထွက်ခွာသွားကြသည်။
သူတို့ပုံရိပ်များကို ကြည့်လိုက်ပြီး ရွှီချင်းက ဝီစီကို သိမ်းဆည်းကာ ကြက်ခြေခတ်ပေးသော ဓားမြောင်ကိုမူ သူ့ဖိနပ်ထဲ ထည့်ထားလိုက်သည်။ သို့သော်လည်း သူ၏ဓားမြှောင်အဟောင်းကိုမူ လွှင့်မပစ်ချေ။
ထို့နောက် သူက ခေါင်းမော့ကာ ကြက်ခြေခတ်နှင့် လွမ်ယာတို့ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေသည်။ ပြီးမှသာ သူက ခေါင်းဆောင်လဲ့၏အခန်းဘက်သို့ လှည့်ကြည့်လိုက်၏။
ခဏအကြာ သူက ခွေးရိုင်းများကို ဖြတ်၍ သူ့အခန်းထဲသို့ ဝင်သွားသည်။ ထို့နောက် မျက်လုံးများကိုမှိတ်ကာ တင်ပျဉ်ခွေ၍ ကျင့်ကြံလိုက်သည်။
အပြင်ဘက်မှ လေပြင်းများ တိုက်ခတ်နေပြီး တရွှီရွှီမြည်သံများ ထွက်ပေါ်နေသည်။ လောကတစ်ခွင်ကို လေပြင်းများ တိုက်ခတ်နေသည့်အတွက်ကြောင့် မြေပြင်ရှိ နှင်းပွင့်လေးများက ကောင်းကင်ယံမှ ကျဆင်းလာသော နှင်းမှုန်ကလေးများနှင့် ပေါင်းစည်းသွားကြသည်။ ထို့နောက် ရွက်ဖျင်တဲများနှင့် အိမ်များ၏ အက်ကွဲကြောင်းများမှတစ်ဆင့် တိုးဝှေ့ဝင်ရောက်သွားကာ အထဲရှိလူများကို သတိပေးနေလေသည်။
၎င်းတို့က အိမ်ထဲတွင် အနားယူနေသော ခေါင်းဆောင်လဲ့၏ခန္ဓာကိုယ်ကိုလည်း ပွတ်သပ်ကျီစယ်သွားသည်။ ၎င်းတို့ကို အသားကျနေသော လူတစ်ယောက်အတွက် အအေးဓာတ်က မပြောပလောက်ပေ။
သို့သော်လည်း သူ့စိတ်ထဲ၌ ရွှီချင်း၏ပုံရိပ်ပေါ်လာလေသည်။ ထို့ကြောင့် သူက ရွှီချင်းရှိရာအခန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် သားရေဦးထုပ်ကိုဆောင်းကာ သူ့အခန်းထဲမှ ထွက်ခွာသွားလေသည်။