အခန်း (၁၅၈၉-၁၅၉၀)
Vol. 159 Ch. 1589-1590
အခန်း (၁၅၈၉) - ဘေးအန္တရာယ်ကြီးမားသော ခရီးစဉ်
ချန်အင်ရွှယ်က ထုတ်ဖော်မပြောပြခင်အထိ နန်မင်ရုယွဲ့ အပါအဝင် မသေမျိုးအဆင့် ကျင့်ကြံသူအားလုံးသည် ဖန့်ချန်၏ ကျင့်ကြံမှုကို အမှန်တကယ် မမြင်နိုင်ခဲ့ကြချေ။
ဖန့်ချန်၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုသိပ်သည်းလာသည်ကို ဝေဝေဝါးဝါး သတိထားမိရုံသာ ရှိပြီး၊ သူသည် အဆင့် ၃ မသေမျိုးအဆင့်သို့ တက်လှမ်းသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
"ကိုးယောက်မြောက်... မင်း တကယ်ပဲ အဆင့် ၃ ကို ရောက်သွားတာလား"
လီရှမ်းဇီ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။
ကျိရှန့်မှာမူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး ကျိထျန်းကျွင်းသည်လည်း အံ့အားသင့်သွားရသည်။ လူတိုင်းသည် ဖန့်ချန်၏ အဖြေကို စောင့်ဆိုင်းရင်း သူ့ကို စူးစိုက်ကြည့်နေကြတော့သည်။
"စီနီယာအစ်မ ၃ က တကယ်ပဲ မျက်လုံးစူးရှတာပဲ"
ဖန့်ချန်က အနည်းငယ် ချီးကျူးလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"ကံကောင်းလို့ပါ၊ အမာခံတပည့် ဖြစ်လာပြီးကတည်းက အဖက်ဖက်က ထောက်ပံ့မှုတွေက အရင်ကထက် ပိုပြီး ပြည့်စုံလာတယ်။ ကံလည်း မဆိုးတာနဲ့ မကြာသေးခင်ကပဲ အဆင့် ၃ ကို တက်လှမ်းနိုင်ခဲ့တာပါ"
"ငါ မှတ်မိသလောက်ဆိုရင် ကိုးယောက်မြောက် မင်း အဆင့် ၂ ကို တက်တုန်းက တာ့လေယင်ကို သွားတဲ့ လမ်းမှာ မဟုတ်လား... အခုထိ ဘယ်လောက်မှ မကြာသေးဘူး၊ မင်းက အဆင့် ၃ ဖြစ်နေပြီ။ ငါကတော့ မင်း အနည်းဆုံး နှစ်ပေါင်း လေးငါးရာလောက် အချိန်ယူပြီး အခြေခံကို သေချာခိုင်အောင် လုပ်ရဦးမယ် ထင်နေတာ"
နန်မင်ရုယွဲ့က အံ့သြတုန်လှုပ်စွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူ၏ အရက်ခွက်ကို မြှောက်လိုက်သည်။
"လာ... စီနီယာအစ်ကိုက မင်းကို တစ်ခွက်တိုက်ပါရစေ၊ မင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်"
ကျန်ရှိနေသော သူများကလည်း အသီးသီး အရက်ခွက်များကို မြှောက်ကာ ဂုဏ်ပြုကြသည်။
ကျိရှန့်၏ မျက်နှာပေါ်မှ အပြုံးမှာ အတော်လေး ဟန်ဆောင်နေရပြီး ဂုဏ်ပြုနေစဉ်တွင်လည်း စိတ်မပါလက်မပါ ဖြစ်နေသည်။
အကြောင်းမှာ သူသည် ယခုတိုင် အဆင့် ၂ မသေမျိုးသာ ရှိသေးသဖြင့် ကျင့်ကြံမှုအဆင့်တွင် တစ်ဖက်လူထက် တစ်ဆင့် နိမ့်ကျနေသောကြောင့် ဖြစ်၏။
အစီရင်မသေမျိုးအတတ် တွင်လည်း သူက နိမ့်ကျနေဆဲဖြစ်သည်။
သူသည် ဤဖန့် အမာခံတပည့်နှင့် စတင်တွေ့ဆုံစဉ်က ထိုသူမှာ မသေမျိုးအဆင့်သို့ပင် မရောက်ရှိသေးကြောင်းကို ကောင်းကောင်း မှတ်မိနေသေးသည်။
ဂုဏ်ပြုစကားများ ပြောဆိုပြီးနောက် စကားဝိုင်းမှာ မသေမျိုးလောကငယ် ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
နန်မင်ရုယွဲ့နှင့် လီရှမ်းဇီတို့ကလည်း လက်ရှိတွင် သူတို့၌ အရေးတကြီး ကိစ္စမရှိသဖြင့် မသေမျိုးလောကငယ်သို့ အလည်အပတ်သွားရင်း ကျိမျိုးနွယ်စုအတွက် ဝင်ရောက်ကူညီပေးချင်ကြောင်း ပြောကြသည်။
ချန်အင်ရွှယ်ကလည်း ငြင်းပယ်ခြင်း မပြုပေ။ အမာခံတပည့်များများ လိုက်ပါလေ ပိုကောင်းလေဖြစ်ပြီး စိတ်အပန်းဖြေခရီးတစ်ခုအဖြစ် မှတ်ယူထားသည်။
"တခြား သွားချင်တဲ့သူ ရှိသေးလား တစ်နေကုန် ကျင့်ကြံနေတာလည်း အလုပ်မဟုတ်ဘူး၊ ရံဖန်ရံခါ အပြင်ထွက်ပြီး စိတ်အပန်းဖြေဖို့ လိုအပ်တယ်"
ချန်အင်ရွှယ်က ကျန်ရှိနေသော အမာခံတပည့်များကို ကြည့်ကာ မေးလိုက်သည်။
အများအပြားပင် အတူလိုက်ပါရန် ဆန္ဒပြုကြသည်။ နောက်ဆုံးတွင် အတည်ပြုလိုက်သော လူဦးရေမှာ ၂၀ ဝန်းကျင်ခန့် ရှိသည်။
၎င်းတို့ထဲတွင် ချန်အင်ရွှယ်၊ နန်မင်ရုယွဲ့၊ လီရှမ်းဇီနှင့် ဖန့်ချန် ကဲ့သို့သော အဆင့်မြင့် အမာခံတပည့်များ ပါဝင်သည်။
ဖန့်ချန်သည် ကျိရှန့်၏ အမူအရာကို သတိထားကြည့်နေမိသည်။ တစ်ဖက်လူမှာ အစပိုင်းတွင် မတတ်သာသည့် ပုံစံမျိုးရှိသော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ပုံရသည်။
သို့သော် ကျိထျန်းကျွင်းမှာမူ ကွဲပြားသည်။ သူသည် အစပိုင်းတွင် သိသိသာသာ ငြင်းဆန်လိုသော အမူအရာ ပေါ်နေသော်လည်း နောက်ဆုံးတွင် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားပြီး အမာခံတပည့်များစွာ လိုက်ပါလာခြင်းကို ဝေဝေဝါးဝါး ကြိုဆိုနေသည့်ဟန် ပြသနေသည်။
စီနီယာအစ်မ ၃ ရဲ့ ဒီခရီးစဉ်က ဘေးအန္တရာယ် တကယ်ကြီးမားနိုင်တယ်။ သူမဟာ အစောင့်ကြည့်ခံနေရပြီ ဖြစ်နိုင်သလို စီနီယာအစ်မကြီး (ရှဲ့အာမန်) တုန်းကလိုပဲ ကြုံရနိုင်တယ်...
ဖန့်ချန်က စိတ်ထဲမှ တွေးတောရင်း လွှတ်ခနဲ ပြောလိုက်သည်။
"စီနီယာအစ်မ ၃... စီနီယာအစ်မကြီးကိုပါ တစ်ခါတည်း ခေါ်သွားရင် မကောင်းဘူးလား"
ချန်အင်ရွှယ်၏ မျက်နှာမှာ ချက်ချင်းပင် တည်သွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ
"သူ့ကို မခေါ်နဲ့၊ နင်သာ သူ့ကို ခေါ်မယ်ဆိုရင် နောက်ခါ ငါ နင့်ကို မြင်တိုင်း ထိုးမှာနော်"
ဖန့်ချန်က ခါးသီးစွာ ပြုံးလိုက်သည်
"ကောင်းပါပြီ... စီနီယာအစ်မကြီးကို မခေါ်တော့ပါဘူး"
ချန်အင်ရွှယ်က ပြန်လည်ပြုံးရွှင်သွားကာ
"အဲဒါမှပေါ့၊ ဒီလိုကိစ္စသေးသေးလေးအတွက် သူ့ကို ခေါ်နေဖို့ မလိုပါဘူး။ ငါ ကိုယ်တိုင် ထွက်လာရင်ပဲ လုံလောက်နေပြီ။ ငါ့မျက်နှာက ဘယ်နေရာသွားသွား အလုပ်ဖြစ်တယ်"
လူအများကလည်း ဝိုင်းဝန်းထောက်ခံကြသဖြင့် အခြေအနေမှာ ပြန်လည် သာယာသွားတော့သည်။
"ဒါနဲ့ ဖန့် အမာခံတပည့်... ပြန်ရောက်ရင် ညီမဟုန် ကိုပါ ပြောလိုက်ဦးနော်။ ညီမဟုန် က ခင်ဗျားရဲ့ အဖော် မဟုတ်လား၊ ခင်ဗျားသာ သူမကို မခေါ်ဘူးဆိုရင် နောက်ကျရင် သူမက ကျွန်တော့်ကို စိတ်ဆိုးနေမှာ စိုးလို့ပါ"
ကျိရှန့်က ရုတ်တရက် ပြောလိုက်သည်။
"ရပါတယ်... သူမ သွားချင် မသွားချင်ကို ကျွန်တော် မေးကြည့်လိုက်ပါ့မယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
အားလုံးသည် ခဏမျှ ထပ်မံစကားပြောဆိုကြပြီးနောက် နောက်နှစ်ပေါင်း ၅၀ ကြာလျှင် ဤနေရာတွင် ပြန်လည်ဆုံတွေ့ရန် ချိန်းဆိုကာ အသီးသီး လူစုခွဲလိုက်ကြသည်။
ဖန့်ချန်သည် ကျွဲမင်နန်းတော်မှ ထွက်ခွာပြီးနောက် တုန်းရှန်းနိုင်ငံ လူသားဘိုးဘေးတောင်သို့ မပြန်ဘဲ ကြာနီနတ်မိမယ် ၏ ကျင့်ကြံရာနယ်မြေသို့ လာခဲ့သည်။
ကြာနီနတ်မိမယ်သည် ဖန့်ချန် လာရောက်လည်ပတ်သည်ကို သိသောအခါ အလွန်ဝမ်းမြောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ဧည့်ခံသည်။
"မိတ်ဆွေဟုန်... နောက်နှစ်ပေါင်း ၅၀ ကြာရင် စီနီယာအစ်မ ၃ တို့က မသေမျိုးလောကငယ်ကို သွားကြမလို့။ ကျိ အမာခံတပည့်ရဲ့ မိသားစု အခက်အခဲတွေ့နေတာကို ကူညီပေးဖို့လို့ ကြားတယ်။ စီနီယာအစ်မ ၃ က ကျွန်တော့်ကိုပါ ဖိတ်ထားလို့ မင်းလည်း အတူတူ လိုက်ချင်သလားလို့ လာမေးတာ။ မသေမျိုးလောကငယ် ဆိုတဲ့နေရာကို အရင်က ကြားပဲ ကြားဖူးပြီး တစ်ခါမှ မရောက်ဖူးလို့ အတော်လေးတော့ စပ်စုချင်မိတယ်"
ကြာနီနတ်မိမယ်သည် လက်ဖက်ရည် ဖျော်နေရင်း ဖန့်ချန်၏ စကားကြောင့် လက်လှမ်းမှာ သိသိသာသာ တုံ့ဆိုင်းသွားကာ ဟန်မပျက် ပြောလိုက်သည်။
"အဲဒီလိုနေရာမျိုးက ဘာသွားစရာ ရှိလို့လဲ၊ မသွားတာပဲ ကောင်းပါတယ်။ ဒီမှာပဲ နေပါဦး...ရှင်အားတဲ့အခါ ကျွန်မကို အစီရင်မသေမျိုးအတတ် လေးတွေ သင်ပေးလို့ ရတာပေါ့"
သူမ ငါ့ကို မသွားစေချင်ဘူးပဲ...
ဖန့်ချန်က သူမကို တစ်ချက်ကြည့်ကာ ပြုံးလျက်
"ကျွန်တော်က သဘောတူလိုက်ပြီလေ၊ အဲဒါကြောင့် မင်းလည်း ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား။ စိတ်အပန်းဖြေတာပေါ့၊ စီနီယာအစ်မ ၃ က ပြောတယ်... တစ်နေကုန် ကျင့်ကြံနေရင် စိတ်တွေ အရမ်းပင်ပန်းပြီး ကျင့်ကြံမှုအတွက် မကောင်းဘူးတဲ့"
"ကြည့်ရတာ စီနီယာအစ်မ ၃ က ရှင့်အပေါ် စိတ်မကုန်သေးဘူးပဲ"
ကြာနီနတ်မိမယ်က တည်ကြည်သော အမူအရာဖြင့် ခေတ္တစဉ်းစားနေသည်။ ခဏအကြာတွင် သူမက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... အဲဒီအချိန်ကျရင် ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"
သူတို့သည် ခဏမျှ ထပ်မံ စကားပြောဆိုပြီးနောက် ဖန့်ချန်က နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။
ကြာနီနတ်မိမယ်၏ သဘောထားကို ဖန့်ချန် အနည်းငယ် နားလည်လိုက်ပြီ ဖြစ်သည်။ သူမသည် မသေမျိုးလောကငယ်တွင် မိစ္ဆာစစ်စစ် များ ရှိနေသည်ကို သိရှိထားပုံရသည်။ ထို့ကြောင့် သူမက သူ့ကို မသွားစေချင်ခြင်း ဖြစ်၏။
ဤအချက်က မိစ္ဆာများသည် ချန်အင်ရွှယ်ကို ပစ်မှတ်ထားနေကြောင်း သွယ်ဝိုက်၍ သက်သေပြနေသည်။ ပထမဆုံး ရှဲ့အာမန်၊ ထို့နောက် ချန်အင်ရွှယ်...
ကျွဲမင်နန်းတော်ရဲ့ ဒီအဆင့် ၉ မသေမျိုးက... မိစ္ဆာ ဖြစ်နိုင်ခြေကို ဖယ်ထုတ်လို့ ရပေမဲ့ အဆင့် ၉ နတ်ဆိုးမသေမျိုး လား ဆိုတာတော့ မသေချာဘူး...
အတွေးများ လှည့်ပတ်နေစဉ်အတွင်း ဖန့်ချန်သည် တုန်းရှန်းနိုင်ငံ သစွာပန်းရွာ သို့ ရောက်ရှိလာသည်။
သူသည် အရက်ဆိုင်ထဲသို့ ဝင်သွားပြီး လီတာ့ကျွေ့ ကို ပြောလိုက်သည်။
"အရက်တစ်အိုးလောက် နွေးပေးပါ၊ ပြီးတော့ ပဲကြီးလှော် တစ်ပွဲပေးဦး"
"လာပါပြီဗျို့"
လီတာ့ကျွေ့က ပြန်ထူးလိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသဖြင့် ဖန့်ချန်ကို အနီးကပ် သေချာကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် အံ့သြရိပ်များ ပေါ်လာသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်နှင့် နှိုင်းယှဉ်ပါက သူ၏ ဆံပင်များမှာ သိသိသာသာ ဖြူသွားခဲ့ပြီး မျက်နှာမှာလည်း ပို၍ အိုမင်းလာခဲ့သည်။ သို့သော် ဤဖန့်လူကြီးမှာမူ ယခင်ကအတိုင်း ဘာမှ မပြောင်းလဲဘဲ ရှိနေသည်။ သူ ဝတ်ထားသည့် ဝတ်ရုံရှည်မှာပင် အရင်အတိုင်းပင် မဟုတ်ပါလား။
လီတာ့ကျွေ့၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။
ပုံပြောသူများ ပြောလေ့ရှိသည့် ဆန်းကြယ်သော ဇာတ်လမ်းများနှင့် စာအုပ်များထဲတွင် ဖတ်ဖူးသည့် နတ်ဘုရား၊ နတ်ဆိုး ပုံပြင်များကို အမှတ်ရသွားမိတော့သည်။
ဖန့်ချန်သည် သူ အမြဲ ထိုင်နေကျ နေရာလေးတွင်ပင် ထိုင်နေသည်။
ထိုနေရာမှ လှမ်းကြည့်လျှင် တစ်ဖက်ကမ်းရှိ အလွန် စည်ကားလှသော ပဲပြားဆိုင်လေးကို မြင်တွေ့နိုင်သည်။
အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်လှပသော မိန်းကလေးတစ်ဦးသည် ခါးထောက်လျက် တန်းစီနေသော စားသုံးသူအချို့ကို ငေါက်ငမ်းနေသည်။ ထိုစားသုံးသူများမှာ စိတ်ဆိုးခြင်း မရှိသည့်အပြင် ရယ်မောပျော်ရွှင်နေကြသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဖန့်ချန်၏ မှတ်ဉာဏ်များမှာ ဟိုးယခင်က မဟာရှ တိုင်းပြည်ဆီသို့ ပြန်ရောက်သွားသလို ခံစားရသည်။ ထိုစဉ်က မဟာရှ မြို့တော်တွင် နာမည်ကြီးလှသော နတ်မိမယ်ယွီ သည်လည်း လှေပေါ်တွင် ကာမဂုဏ်လိုက်စားသူများကို ဤကဲ့သို့ပင် ငေါက်ငမ်းခဲ့ဖူးသည်။
ထိုမိန်းကလေး နှစ်ဦး၏ ရုပ်ရည်မှာ အနည်းငယ်မျှပင် ကွဲပြားခြားနားမှု မရှိချေ။ သူမ၏ မိဘအရင်းအချာများ၏ ရုပ်ရည် လွှမ်းမိုးမှုမှာ လုံးဝ မရှိသလောက်ပင်။
ဆိုင်ရှေ့တွင် အခြေအနေများမှာ ပိုမို ရှုပ်ထွေးလာသောအခါ လီမေယန့် ထွက်လာပြီး အခြေအနေကို ထိန်းညှိလိုက်သည်။ သူမသည် ယခင်ကထက် သိသိသာသာ အိုမင်းသွားခဲ့ပြီ ဖြစ်သည်။ ဆယ်နှစ်ဆိုသော ကာလသည် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးအဖို့ အထင်အရှား ပေါ်လွင်လှပေသည်။
မိန်းကလေးငယ်မှာ လီမေယန့် ရောက်လာပြီးနောက်တွင်လည်း သူမကို စနောက်နေသော စားသုံးသူများကို ပြန်လည် တုံ့ပြန်နေဆဲ ဖြစ်သည်။ ထိုစဉ် သူမသည် တစ်ဖက်ရှိ အရက်ဆိုင်တွင် သူမကို ကြည့်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။
"ဟင် အဲဒါ ဖန့်ဦးလေး မဟုတ်ဘူးလား မဟုတ်ပါဘူး... အသက်အရွယ်အရ ကြည့်ရင်လည်း မတူသလိုပဲ..."
မိန်းကလေးငယ်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားပြီးနောက် လီမေယန့်ကို တစ်ချက်ပြောကာ အရက်ဆိုင်ဘက်သို့ အပြေးလေး လာခဲ့တော့သည်။
အခန်း (၁၅၉၀) - ခြောက်ယောက်မြောက်သခင် ဆိုတာ မင်းခေါ်နိုင်တဲ့ နာမည်မျိုးလား
"ဖန့်လူကြီး... ခင်ဗျားအတွက် အရက်နဲ့ ပဲကြီးလှော် ရပါပြီ"
လီတာ့ကျွေ့က ဖန့်ချန်ရှေ့သို့ လျှောက်လာပြီးနောက် နောက်တစ်ကြိမ် ထပ်မံအတည်ပြုမေးမြန်းလိုက်သည်။
"ဖန့်လူကြီးပဲ မဟုတ်လားဟင်"
သူ၏ မျက်လုံးကြီးများက ဖန့်ချန်ကို အထက်အောက် အကဲခတ်နေမိသည်။ ဖန့်ချန်၏ မျက်နှာပေါ်တွင် အချိန်ကာလ၏ အမှတ်အသား အနည်းငယ်မျှ ရှိနေမလားဟု ရှာဖွေနေခြင်းဖြစ်သော်လည်း လုံးဝမတွေ့ရပေ။ လီတာ့ကျွေ့သည် ကြောက်လန့်သွားခြင်း မရှိသည့်အပြင် ကလေးဘဝက စိတ်ကူးယဉ်ခဲ့ဖူးသော အိပ်မက်တစ်ခုခု အကောင်အထည်ပေါ်လာသကဲ့သို့ ထူးဆန်းစွာ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
"ငါပါပဲ... အပြင်ကို ခရီးထွက်သွားတာ ကြာသွားလို့ပါ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"ခရီးထွက်တာလား... ဖန့်လူကြီးက တကယ်ပဲ ကျင့်ကြံသူတစ်ယောက်ပဲ၊ အစွမ်းအစ အစစ်အမှန်ရှိတဲ့ ပညာရှိကြီးပဲဗျာ"
လီတာ့ကျွေ့က အခွင့်ကောင်းယူကာ ဝင်ထိုင်လိုက်ပြီး တတွတ်တွတ် ပြောတော့သည်။
"ဟိုးအရင်ကတည်းက ဖန့်လူကြီးကို ကြည့်ရုံနဲ့တင် သာမန်လူမဟုတ်မှန်း ကျွန်တော် သိနေတာ၊ အခုတော့..."
"ဖန့်ဦးလေး ဖန့်ဦးလေး မဟုတ်လား"
ဝမ်ယွီ (ရှောင်ယွီ) ၏ အသံက လီတာ့ကျွေ့၏ စကားကို ဖြတ်တောက်လိုက်သည်။ သူမသည် စားပွဲကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ကိုယ်ကို အရှေ့သို့ ကိုင်းညွတ်လိုက်ရာ ဖန့်ချန်နှင့် ထိလုနီးပါး ဖြစ်သွားသည်။ သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများက ဖန့်ချန်ကို မရပ်မနား အကဲခတ်နေ၏။
"ရှောင်ယွီ... နင် ပဲပြားမရောင်းဘဲ ဒီကို ဘာလာလုပ်တာလဲ၊ သွား သွား... ငါနဲ့ ဖန့်လူကြီးနဲ့ စကားပြောလို့ မပြီးသေးဘူး"
လီတာ့ကျွေ့က လက်ကာပြကာ နှင်ထုတ်သည်။
"လီဆိုင်ရှင်... ကျွန်တော် ရှောင်ယွီနဲ့ ခဏလောက် စကားပြောပါရစေဦး"
ဖန့်ချန်က ရယ်မောရင်း ပြောလိုက်သည်။
"ဪ... အဲဒါဆိုလည်း ရပါတယ်..."
လီတာ့ကျွေ့၏ မျက်နှာတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ထရပ်ကာ ထွက်ခွာသွားရတော့သည်။
"လီဆိုင်ရှင်... အဲဒီလူက ဘယ်သူလဲဗျ"
အရက်သောက်နေကျ ဖောက်သည်ဟောင်းအချို့က စပ်စုကြသည်။
ဆိုင်ရှင်လီက အသံကို နှိမ့်လိုက်ပြီး လျှို့ဝှက်သည့်ဟန်ဖြင့်
"ခင်ဗျားတို့ သတိမထားမိဘူးလား၊ အဲဒါ ဖန့်လူကြီးလေဗျာ"
"ဖန့်လူကြီး သူက အပြင်မှာ သေသွားပြီလို့ ငါ ထင်နေတာ"
တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
ဤခေတ်ကာလမှာ စစ်မက်များ ထူပြောလှသည်။ သစ္စာပန်းရွာ မှာ ဝေးလံခေါင်သီပြီး နှစ်စဉ်တစ်ကြိမ်ပွင့်သော သစွာပန်းများမှအပ တန်ဖိုးရှိသည့်အရာ ဘာမှမရှိသဖြင့်သာ အေးချမ်းသာယာနေခြင်း ဖြစ်၏။
အပြင်လောကသို့ ထွက်သွားပါက လမ်းခရီးတွင် တောင်ဓားပြများ၏ လက်ချက်ဖြင့် အသတ်ခံရနိုင်သလို၊ စစ်တပ်များနှင့် တိုးပါကလည်း စစ်ထဲသို့ အဓမ္မ ဆွဲခေါ်ခံရခြင်း သို့မဟုတ် အထမ်းသမားအဖြစ် အစေခံရခြင်းများ ကြုံတွေ့ရနိုင်ပေသည်။
"လျှောက်မပြောနဲ့လေဗျာ"
လီတာ့ကျွေ့က မျက်နှာပျက်သွားကာ အနည်းငယ် သတိပေးပြီးနောက် ထွက်သွားသည်။
"ဖန့်လူကြီး... တကယ်ပဲ ဦးလေးပါပဲနော် ဘာလို့ တစ်စက်ကလေးမှ မပြောင်းလဲသွားတာလဲ၊ ကြည့်ရတာ... ကျွန်မနဲ့တောင် ရွယ်တူလောက် ဖြစ်နေပြီ"
ရှောင်ယွီက ဖန့်ချန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။
ဘာကြောင့်မှန်း မသိသော်လည်း ငယ်စဉ်ကတည်းက ဤဦးလေးကို သူမ အလွန်ရင်းနှီးသည်ဟု ခံစားရသည်။
ထို့ကြောင့် ဤဦးလေး အရက်သောက်နေသည်ကို မြင်တိုင်း ပဲကြီးလှော် သွားတောင်းလေ့ရှိသည်။ ထိုဦးလေးမှာလည်း အလွန်သဘောကောင်းပြီး သူမကို ပဲတစ်စေ့ အမြဲပေးတတ်ကာ "မင်းအမေကို မပြောနဲ့ဦး" ဟု မှာကြားလေ့ရှိသည်။
သို့သော် တစ်နှစ်တွင် ဤဦးလေး ရုတ်တရက် ပျောက်ကွယ်သွားသည်။ သစွာပန်းပွင့်ချိန်တွင် ပြန်တွေ့ရနိုးနိုးနှင့် သူမ စောင့်မျှော်ခဲ့သော်လည်း ဒုတိယနှစ်တွင်လည်း မတွေ့ရ၊ တတိယနှစ်တွင်လည်း အရိပ်အယောင်မျှ မရှိခဲ့ချေ။ ထိုစဉ်က သူမ၏ ရင်ထဲတွင် အတော်လေး ဟာတာတာနှင့် ဝမ်းနည်းသလို ဖြစ်ခဲ့ရသည်။
"ငါက ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်လို့ပါ"
ဖန့်ချန်က ပြုံးလျက် ပြောသည်
"နောက်ထပ် နှစ်အနည်းငယ်ကြာရင် ငါလည်း အိုသွားမှာပါ"
"ဖန့်ဦးလေးက ဒီနှစ်တွေမှာ အပြင်လောကကို သွားပြီး စွန့်စားခဲ့တာလား ကျွန်မကို အပြင်က အကြောင်းတွေ ပြောပြပါလားဟင်"
ရှောင်ယွီ၏ မျက်နှာမှာ စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
"မင်းက သစ္စာပန်းရွာက အကြောင်းတွေကို ပြောပြရင်၊ ငါက အပြင်လောက အကြောင်းတွေကို ပြောပြမယ်။ အဲဒါမှ တရားမျှတမှာပေါ့"
ဖန့်ချန်က ဆိုသည်။
ရှောင်ယွီက သဘောကျစွာ ရယ်မောလိုက်ပြီးနောက် ပြောတော့သည်။
"သစ္စာပန်းရွာ အကြောင်းက ဘာပြောစရာ ရှိမှာလဲ၊ ဒီလောက် သေးသေးလေးကို။ ဒါပေမဲ့ ကျွန်မ ပြောပြမယ်နော်... ဟိုဘက်အိမ်က..."
သူမသည် နာရီဝက်နီးပါးကြာအောင် တတွတ်တွတ် ပြောဆိုပြီးမှ ခေတ္တ အနားယူသည်။ သူမ ကြီးပြင်းလာသည့် နှစ်များအတွင်း ကြုံတွေ့ခဲ့ရသမျှကို တစ်ခုမကျန် ပြောပြနေခြင်း ဖြစ်၏။
ဝမ်စန်းဖောက် သည် သားသတ်သမား၏ သမီးကို ကွာရှင်းပြီး လီမေယန့် ဆီသို့ ပြန်လာခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ဝမ်စန်းဖောက်မှာ အလျှော့မပေးဘဲ သူ၏ အမေအိုကြီးကိုပါ ခေါ်လာပြီး နေ့တိုင်း ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။
ဤကိစ္စမှာ လီမေယန့်၏ သမီးကြီး အိမ်ထောင်ပြုသွားပြီးမှသာ အဆုံးသတ်သွားခဲ့သည်။
သမီးကြီး၏ ယောက္ခမမှာ မြို့နယ်အတွင်း သြဇာရှိသော မျိုးနွယ်ကြီးဖြစ်သဖြင့် ဝမ်စန်းဖောက် သားအမိကို ထောင်ထဲသို့ အကြိမ်အနည်းငယ် ထည့်လိုက်ပြီးနောက်တွင်မှ ငြိမ်သက်သွားခဲ့ခြင်း ဖြစ်သည်။
"ဒါဆို မင်းရဲ့ အစ်မတွေ အားလုံး အိမ်ထောင်ကျကုန်ပြီပေါ့"
ဖန့်ချန်က ပြုံးလျက် မေးသည်။
"ဟုတ်တယ်၊ အကုန်လုံး အိမ်ထောင်ကျပြီး ထွက်သွားကြပြီ။ သူတို့ကတော့ မြန်မြန်ပြေးနိုင်ကြတာပဲ၊ အခုတော့ ကျွန်မတစ်ယောက်တည်း အမေ့ကို ကူပေးနေရတယ်"
ရှောင်ယွီက နှုတ်ခမ်းလေးစူကာ ပြောသည်။
"ရှောင်ယွီ... နင် ဆိုင်ရှင်လီ့ဆီမှာ ဘာလုပ်နေတာလဲ၊ မြန်မြန်ပြန်လာခဲ့စမ်း"
လီမေယန့်က တစ်ဖက်ကမ်းမှနေ၍ လက်လှမ်းပြကာ မတတ်သာသည့် အမူအရာဖြင့် လှမ်းခေါ်လိုက်သည်။
"အမေ ခေါ်နေပြီ၊ ကျွန်မ သွားလိုက်ဦးမယ်။ ဒါပေမဲ့ ဖန့်ဦးလေး... နောက်တစ်ခါ ထပ်ထွက်သွားမယ်ဆိုရင် ဘာမှမပြောဘဲ မသွားပါနဲ့နော်၊ ကျွန်မကို အသိပေးပါဦး"
ရှောင်ယွီက ပြောပြောဆိုဆိုနှင့် အပြင်သို့ ပြေးထွက်သွားသည်။
သို့သော် ဆိုင်ပြင်မရောက်ခင်မှာပင် သူမက တစ်ပတ်ပြန်လှည့်လာပြီး ဖန့်ချန်ရှေ့ရှိ ပန်းကန်ငယ်ထဲမှ ပဲကြီးလှော်များကို လက်တစ်ဆုပ်စာ နှိုက်ယူသွားသည်။ ထို့နောက် သာယာကြည်လင်သော ရယ်သံလေးနှင့်အတူ ပဲပြားဆိုင်ဘက်သို့ ပြေးဝင်သွားတော့သည်။
ဖန့်ချန်မှာ ကြည့်ရင်းနှင့် ရယ်မောမိသွားရသည်။
နောက်ပိုင်းရက်များတွင် သူသည် နေ့စဉ် ဆိုင်သို့လာ၍ အရက်သောက်လေ့ရှိပြီး၊ ရှောင်ယွီကလည်း အမြဲတမ်း ပြေးလာကာ စကားပြောရင်း ပဲကြီးလှော်များကို ခိုးယူသွားလေ့ရှိသည်။
မသိမသာနှင့်ပင် သစွာပန်းများ ဝေေဝဆာဆာ ပွင့်သည့်ရာသီသို့ ပြန်လည်ရောက်ရှိလာပြန်သည်။ သစ္စာပန်းရွာသို့ လာရောက်လည်ပတ်သူများမှာ သိသိသာသာ များပြားလာပြီး အရက်ဆိုင်တွင်လည်း စားသုံးသူများမှာ နှစ်ဆခန့် တိုးလာခဲ့သည်။ မြို့ပေါ်ရှိ လူဂုဏ်ထံ အများအပြားမှာ ပန်းအလှကြည့်ရန် ရောက်ရှိလာကြသည်။
ဖန့်ချန်သည် အရက်တစ်အိုးကို ကိုင်ဆောင်ကာ မြင်ကွင်းကျယ်သည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။ တောင်ကုန်းတစ်ခုလုံး ဖုံးလွှမ်းနေသော သစွာပန်းရနံ့ သင်းပျံ့ပျံ့ကို ခံစားရင်း ရှုခင်းကြည့်နေမိသည်။
"ဖန့်ဦးလေး... ဦးလေးလည်း သစွာပန်းကြည့်ရတာ ဝါသနာပါတာပဲလား ဒါကြောင့်ပဲ ကျွန်မတို့ရွာမှာ လာနေတာ မဟုတ်လား"
ရှောင်ယွီက ခြေဗလာနှင့် ငါးအကြီးကြီး အချို့ကို သယ်ဆောင်လာသည်။ ကြည့်ရသည်မှာ တောင်ပေါ်က စမ်းချောင်းတစ်ခုခုတွင် ဖမ်းလာပုံရသည်။
"မင်းက ရေကစားရတာ ဝါသနာပါတုန်းပဲနော်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ရှောင်ယွီက ဟားဟားတိုက် ရယ်မောလိုက်ပြီး
"ရေကစားရတာ စိတ်ဝင်စားဖို့ ကောင်းတယ်လေ၊ ရံဖန်ရံခါ ငါးလေးတွေဖမ်းပြီး အားဖြည့်လို့လည်း ရတာပေါ့။ ဒီငါးတွေကို ကျွန်မ အစ်မကြီးကို ပေးမလို့၊ သူမနဲ့ ခဲအိုတို့ အိမ်ပြန်လာကြတယ်လေ"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ လှပသော မြင်ကွင်းကို ကြည့်ရင်း အရက်ကို မြိန်ယှက်စွာ သောက်နေမိသည်။ ရှောင်ယွီသည်လည်း ဘေးတွင် ရပ်ကာ နှစ်စဉ်မြင်နေကျ ပန်းခင်းကြီးကို ကြည့်နေမိသည်။ ဘာကြောင့်မှန်းမသိသော်လည်း ဤတစ်ကြိမ်တွင် သူမသည် ထိုပန်းခင်းကြီး၏ ဆွဲဆောင်မှုကို ထူးထူးခြားခြား ခံစားလိုက်ရသည်။
"မမလေး... ဒီမှာ ရှိနေတာကိုး"
အဝတ်အပြာဝတ်ထားသော အစေခံတစ်ဦး အပြေးလေး ရောက်လာသည်။ သူသည် ဖန့်ချန်ကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ယွီကို အသံနှိမ့်ကာ ပြောလိုက်သည်။
"သခင်ကြီးနဲ့ သခင်မကြီးတို့ စောင့်နေကြတယ်၊ ကျွန်တော်နဲ့ အမြန်ပြန်လိုက်ခဲ့ပါတော့"
"အစ်မနဲ့ ခဲအိုလား သူတို့က ကျွန်မကို ဘာလို့ စောင့်နေတာလဲ"
ရှောင်ယွီက အံ့သြစွာ မေးသည်
"ထမင်းစားချိန်တောင် မရောက်သေးဘူးလေ၊ ခဏနေမှ ကျွန်မ ပြန်လာခဲ့မယ်"
"ဒါက မဖြစ်ဘူးလေ၊ ဒီတစ်ခါ ခြောက်ယောက်မြောက်သခင် လည်း ပါလာတယ်ဗျ။ သခင်ကြီးက မမလေးကို ခြောက်ယောက်မြောက်သခင်နဲ့ တွေ့စေချင်နေတာ"
အစေခံလေးက လေသံတိုးတိုးဖြင့် ဆိုသည်။
"ခြောက်ယောက်မြောက်သခင် ဟိုတစ်ခါ လာတဲ့လူလား"
ရှောင်ယွီ၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး မလိုလားသည့်ဟန်ဖြင့် ခေါင်းကို အတွင်တွင် ခါလိုက်သည်။
"မတွေ့ဘူး... မတွေ့ဘူး"
"မမလေး တွေ့ချင်သည်ဖြစ်စေ၊ မတွေ့ချင်သည်ဖြစ်စေ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ရမှာပဲ။ မဟုတ်ရင် ကျွန်တော် ဘယ်လိုသွားပြီး အစီရင်ခံရမှာလဲ"
အစေခံလေးမှာ စိတ်မရှည်တော့သည့်ဟန်ဖြင့် အသံမှာ ယခင်ကကဲ့သို့ ရိုသေမှု မရှိတော့ပေ။
"အဲဒီ ခြောက်ယောက်မြောက်သခင်ဆိုတဲ့လူက မင်းကို အရင်က အနိုင်ကျင့်ဖူးလို့လား"
ဖန့်ချန်က ရုတ်တရက် စကားပြောလိုက်ပြီး ရှောင်ယွီကို ကြည့်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် လူကောင်းတော့ မဟုတ်ဘူး"
ရှောင်ယွီက တိုးတိုးလေး ရေရွတ်သည်။
အစေခံလေးသည် ကိုယ်ကို ဖြည်းဖြည်းချင်း မတ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်ကာ
"မင်းက ဘယ်သူမို့လို့လဲ ခြောက်ယောက်မြောက်သခင် ဆိုတာ မင်းလိုလူက ခေါ်နိုင်တဲ့ နာမည်မျိုးလား"
ထိုသို့ ပြောဆိုနေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်တစ်ခု လှည့်ပတ်စီးဆင်းနေသည်။ တုန်းရှန်းနိုင်ငံသည် ကျွဲမင်နန်းတော်၏ ကန့်သတ်မှုကြောင့် မသေမျိုးလမ်းစဉ် မရှိသော်လည်း ကိုယ်ခံပညာ မှာမူ အလွန်ထွန်းကားသည်။ ထိုအစေခံလေးမှာပင် နှစ်အနည်းငယ် ကျင့်ကြံထားသော အခြေခံရှိပြီး အတွင်းအား ကိုပင် ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။