← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

21

လီရှီးရှီးသည် မျက်စိရှေ့ရှိ ဆုလာဘ်ကိုကြည့်ရင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

‘ဒါပဲလား။မဟုတ်သေးပါဘူး၊ ဒါကြီးကရော အကျုံးဝင်လို့လား’ ယာတောအိမ်လေးကို ကြီးကျယ်ခမ်းနားစွာ ပြုပြင်မွမ်းမံပြီး စားသောက်ဆိုင်တစ်ခုလုံး အသစ်စက်စက် ပြောင်းလဲသွားမည့် အဆင့်မြှင့်တင်မှုကြီးတစ်ခု ဖြစ်လိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့မိသည်။

မိမိ၏ယာတောအိမ်လေးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးချင်သည့် သူမ၏ ပြင်းပြသောရည်မှန်းချက်များနှင့် ဤဆုလာဘ်က ကွာဟလွန်းနေသည်မဟုတ်လော။

ဖုန်းစခရင်ပေါ်တွင် ပေါ်နေသော စာသားလေးမှာ ‘ဆပ်ပြာ’ ဟုပင်။ ဟုတ်သည်၊ ဟိုတယ်များတွင် သွားတိုက်တံ၊ ရေချိုးခေါင်းစွပ်တို့နှင့်အတူ ယှဉ်တွဲထားလေ့ရှိသော သာမန်ဆပ်ပြာတုံးလေးများကို ဆိုလိုခြင်းဖြစ်သည်။

ဖုန်းထဲတွင်တော့ ‘ဆပ်ပြာ X ၁၀၀၀’ ကို ရရှိကြောင်းနှင့် ဤပစ္စည်းကို ကုန်တိုက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြသနေသည်။

ထင်သည့်အတိုင်းပင် အချိန်သိပ်မကြာလိုက်ချေ။ ပို့ဆောင်ရေးဝန်ထမ်းတစ်ဦးက ကားငယ်လေးတစ်စီးဖြင့် ပါဆယ်ထုပ်တစ်ခု လာပို့လေသည်။

လီရှီးရှီးက ကျေးဇူးတင်စကားဆိုပြီးနောက် ပါဆယ်ထုပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲရှိဆပ်ပြာတုံးလေးများမှာ ယခင်က သူမ ဟိုတယ်များတွင် တွေ့ဖူးသည့် ဆပ်ပြာတုံးများထက်ပင် သေးငယ်နေပြီး တစ်ဝက်တိတိ ကျုံ့ဝင်နေသည်ကို တွေ့လိုက်ရ၏။

သို့သော် ဆပ်ပြာတုံးလေးတိုင်း၏ ထုပ်ပိုးမှုပေါ်တွင် ‘လီရှန်း ယာတောအိမ်’ ဟူသော စာသားလေးများ ရိုက်နှိပ်ထားသည်။

ကြီးမားသော အမှတ်တံဆိပ်၏ အောက်ဘက်တွင်မူ အသုံးပြုရန် ရည်ရွယ်ချက်အဖြစ် ‘သန့်စင်ရန်’ ဟု ရေးသားထားသည်။

ကျောဘက်တွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်ကိုသာ ရိုးရိုးရှင်းရှင်း ရေးသားထားသဖြင့် တကယ့်ကို ရိုးရှင်းမှု၏ အထွတ်အထိပ်ဟုပင် ဆိုရပေမည်။

ခပ်သင်းသင်းရနံ့လေးကတော့ လေထုထဲတွင် သင်းပျံ့လွင့်မျောနေသည်။

ထို့နောက် လီရှီးရှီးက အန်တီလျူကို ခေါ်ကာ အခန်းတိုင်းရှိ ဆပ်ပြာများကို အသစ်လဲခိုင်းလိုက်သည်။

စနစ်က အဆင့်မြှင့်တင်မှုဟု ဆိုထားသည်ဖြစ်ရာ သူမ မြို့ထဲမှ လက်လီလက်ကား အရောင်းဆိုင်မှ ဝယ်လာခဲ့သော အမှတ်တံဆိပ်မရှိသည့် ဆပ်ပြာခဲလေးများထက်တော့ အာနိသင်ပိုကောင်းမည်မှာ အသေအချာပင်။

သို့သော် သူမက ဤကိစ္စကို သိပ်ပြီး အလေးအနက်မထားခဲ့ပေ။ ‘ဆပ်ပြာတုံးလေးတစ်တုံးက ဘယ်လောက်တောင် အသုံးဝင်မှာမို့လို့လဲ၊ အလွန်ဆုံးရှိလှ သန့်စင်နိုင်စွမ်း ပိုကောင်းလာရုံပဲ ရှိမှာပေါ့’ ဟုသာ တွေးလိုက်မိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ငါးလာမျှားသူများ၊ ဟင်းသီးဟင်းရွက် လာခူးသူများနှင့် ထမင်းလာစားသူများ ရောက်ရှိလာခဲ့ရာ သူမ၏စီးပွားရေးလေးမှာ တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာနေပြီဖြစ်သည်။

ကိုယ်တိုင်ခူးဆွတ်ရသော ဟင်းသီးဟင်းရွက်များက အရသာထူးကဲကြောင်း ဧည့်သည်များက အမြဲလိုလို ချီးကျူးတတ်ကြသည်။ ထိုစကားများက သူမ၏ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် ခွန်အားများပင်ဖြစ်၏။

တစ်‌နေ့တွင် ဧည့်သည်တစ်ဦးက ကလေးနှစ်ယောက်နှင့်အတူ ရောက်လာခဲ့သည်။ သူမ၏ကလေးများမှာ ပုံမှန်အားဖြင့် အစားအသောက်ရွေးလွန်းပြီး အသားကိုသာ ကြိုက်နှစ်သက်ကာ ဟင်းသီးဟင်းရွက်များကို လုံးဝမစားသဖြင့် မိခင်ဖြစ်သူမှာ အတော်လေး စိတ်ပူနေခဲ့ရ၏။

ထိုဧည့်သည်က အွန်လိုင်းတွင် ရှာဖွေကြည့်ရာ အနီးအနားတွင် ကိုယ်တိုင် ဟင်းသီးဟင်းရွက်ခူးဆွတ်နိုင်ပြီး ဆော့ကစားနိုင်သော ယာတောအိမ်တစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်ခူးဆွတ်ရလျှင် ကလေးများ အရွက်စားလာမလားဆိုသည့် မျှော်လင့်ချက်ဖြင့် အမြွှာကလေးနှစ်ယောက်ကို ခေါ်လာခဲ့ခြင်းပင်။

ထင်သည့်အတိုင်းပင် ကလေးနှစ်ယောက် ကိုယ်တိုင်ခူးဆွတ်လာသော ဟင်းသီးဟင်းရွက်များကို ဟင်းအဖြစ် ချက်ပြုတ်ကာ စားပွဲပေါ် ချပေးလိုက်ချိန်တွင် အကုန်အစင် ပြောင်သလင်းခါသွားအောင် စားသောက်လိုက်ကြသဖြင့် မိခင်ဖြစ်သူမှာ ပြောမပြတတ်အောင် ပျော်ရွှင်သွားရတော့သည်။

ကလေးနှစ်ယောက်က နောက်အပတ် စနေ၊ တနင်္ဂနွေတွင် ထပ်လာဆော့ချင်သည်ဟု ပူဆာကြပြီး ဤနေရာမှ ဟင်းသီးဟင်းရွက်များက တကယ်ကို အရသာရှိပြီး ချိုမြိန်နေတာပဲဟု ဝမ်းသာအားရ ပြောဆိုနေကြသည်။

“မေမေချက်တာသာ ဒီလောက်ကောင်းရင် သားက အစားချေးများတဲ့သူ လုံးဝဖြစ်လာမှာမဟုတ်ဘူး”

ကလေးနှစ်ယောက်က နိဂုံးချုပ် မှတ်ချက်ပင် ပေးလိုက်သေး၏။

“မေမေ... သား အခုမှ သဘောပေါက်သွားတယ်၊ သားက ခရမ်းသီးမကြိုက်တာမဟုတ်ဘူး၊ မေမေ အိမ်မှာချက်တဲ့ ခရမ်းသီးက အရသာမရှိလို့ဆိုတာကို၊ ဒီက စားဖိုမှူးချက်တဲ့ ခရမ်းသီးဟင်းကို သား အကုန်စားပစ်လိုက်တယ်”

“ကြည့်ရတာ လူတွေမကြိုက်တဲ့ဟင်းဆိုတာ မရှိဘူး၊ ဟင်းမချက်တတ်တဲ့ စားဖိုမှူးတွေပဲ ရှိတာထင်တယ်”

“မေမေ့ကိုချည်းပဲ အပြစ်တင်လို့တော့ ဘယ်ရမလဲ”

အခြားကလေးတစ်ယောက်က ဝင်ပြောလာပြန်သည်။

“သားတို့ ဟင်းရွက်ခင်းထဲက ခူးလာတဲ့ ခရမ်းသီးတွေက အဲဒီအထဲမှာ အကောင်းဆုံးတွေချည်းပဲ ရွေးလာတာလေ မေမေ ရွေးမဝယ်တတ်လို့ နေမှာပေါ့”

“မေမေဝယ်လာတဲ့ ခရမ်းသီးတွေက မကောင်းတော့ ချက်လိုက်ရင်လည်း အရသာမရှိတာဖြစ်ရမယ်”

အကင်းပါးလွန်းသည့် ထိုကလေးနှစ်ယောက်ကြောင့် အစောပိုင်းက ပျော်ရွှင်နေသော မိခင်ဖြစ်သူ၏ နှုတ်ခမ်းထက်ရှိ အပြုံးများမှာ အတိုင်းထက်လွန်ပင် ဖြစ်သွားတော့သည်။

သူမ နေ့တိုင်း ဟင်းသီးဟင်းရွက်များ သွားဝယ်ပြီး ပင်ပင်ပန်းပန်း ချက်ကျွေးနေရခြင်းမှာ လက်တွေ့တွင်တော့ အပင်ပန်းခံနေရုံ သက်သက်ပဲသာ ဖြစ်နေလေသည်။

‘ဟွန့်... နောက်အပတ်ကျရင် သူတို့ကို ထပ်ခေါ်လာဖို့ စဉ်းစားထားတာ၊ ထားလိုက်ပါတော့။ ငါ့ရဲ့ အရသာမရှိတဲ့ ဟင်းတွေကိုပဲ နောက်ထပ် ရက်နည်းနည်းလောက် ဆက်ပြီး သည်းခံစားကြပါစေ၊ ဒီနှစ်တစ်လျှောက်လုံး စားလာခဲ့ကြတာပဲ၊ ဘာမှ ထိခိုက်သွားတာမှ မဟုတ်တာ’

မိခင်တစ်ယောက်၏ ကြီးမားလွန်းသော မေတ္တာတရားမှာ အချိန်တိုလေးအတွင်း လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားသယောင်ပင်။

……

ဟွမ်ရှုသည် ဒေသတွင်းရှိ ဆိုင်များကို လိုက်လံစူးစမ်းလေ့လာကာ ရီဗျူးလုပ်လေ့ရှိသော ဘလော့ဂါတစ်ဦးဖြစ်သည်။

ဒေသအတွင်း၌ အရသာရှိသော အစားအသောက်များ သို့မဟုတ် ပျော်စရာကောင်းသော နေရာများ ရှိနေပြီဆိုလျှင် ထိုနေရာများရှိရာသို့ သူမ အမြဲလိုက်ပါလေ့ရှိသည်။

နှစ်ဝက်ကျော်ခန့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ပြီးနောက် ဗီဒီယိုအက်ပ်တစ်ခုတွင် ဖော်လိုဝါ သုံးသောင်းကျော်ရှိသော နာမည်ကြီး ဘလော့ဂါလေးတစ်ဦး ဖြစ်လာခဲ့သည်။ သူမ၏ ဖော်လိုဝါအများစုမှာ ဒေသခံများသာ ဖြစ်ကြလေ၏။

သို့သော် ရိုးရိုးသားသား ဝန်ခံရလျှင် မကြာသေးမီက သူမအတွက် ဗီဒီယိုရိုက်ကူးရန် ဇာတ်လမ်းရှာဖွေရသည်မှာ ပို၍ ခက်ခဲလာသည်ဟု ခံစားနေရသည်။

ဤအနီးအနားတွင် လည်ပတ်စရာ နေရာများများစားစား မရှိသလို နာမည်ကြီးနေရာများ ဆိုသည်မှာလည်း လက်ချိုးရေတွက်၍ပင် ရနိုင်လောက်အောင် နည်းပါးလှသည်။

လူသိနည်းသော နေရာများကို ရှာဖွေဖော်ထုတ်ရန်မှာလည်း အတော်လေး ကြိုးစားအားထုတ်ရ၏။

ယခင်က သူမ ကျောင်းသူဘဝတုန်းက ကျောင်းရှေ့တွင် ဈေးလာရောင်းလေ့ရှိသော ဦးလေးကြီး၊ အဒေါ်ကြီးများ၏ ဗီဒီယိုများကို တည်းဖြတ်ကာ လွမ်းဆွတ်ဖွယ်ရာ အတိတ်အမှတ်တရများကို ဖော်ကျူးခဲ့သဖြင့် ဖော်လိုဝါ တစ်သောင်းကျော် တိုးလာခဲ့ဖူးသည်။

ကိုယ်ပိုင်လုပ်ငန်းတွင် အောင်မြင်ကျော်ကြားလိုသည့် ရည်မှန်းချက်များက သူမကို အမြဲတမ်း တွန်းအားပေးနေခဲ့သည်။

သို့သော် ဆင်တူယိုးမှား ဗီဒီယိုများ များပြားလာသောအခါ ပရိသတ်များက ရိုးအီသွားကြပြီး ဆိုင်အသစ်များကို ရှာဖွေရိုက်ကူးပေးရန် မှတ်ချက်များ တောင်းဆိုလာကြသည်။

အထူးသဖြင့် စားစရာလည်းရှိ၊ ပျော်စရာလည်းရှိသည့် နေရာမျိုးကို လိုချင်ကြ၏။ ယခုရှိနေသော နေရာများအားလုံးကို သူတို့ ရောက်ဖူးနေကြပြီ မဟုတ်လော။

ပရိသတ်များ၏ အမြင်များကို သူမ လျစ်လျူရှု၍ မရနိုင်ပေ။ သူမက ဘလော့ဂါလေးတစ်ဦးသာဖြစ်ပြီး တရားဝင်အဖွဲ့အစည်းပင် မရှိသေးချေ။

ထို့ကြောင့် အစားအသောက်ကောင်းကောင်းရှိသည့် နေရာများနှင့် ပျော်စရာနေရာများကို အွန်လိုင်းတွင် လိုက်လံရှာဖွေကာ သူငယ်ချင်းများကိုပါ အကူအညီတောင်းရတော့သည်။

ထိုစဉ် သူမ၏ သူငယ်ချင်းကောင်းတစ်ယောက်က လင့်ခ်တစ်ခု ပေးပို့လာခဲ့လေ၏။

“ရှောင်ရှု... ဒီနေရာလေးက ငါတို့နဲ့ သိပ်မဝေးတဲ့ မြို့နယ်လေးတစ်ခုမှာရှိတာ။ ရီဗျူးတွေ တော်တော်လေးကောင်းနေတာတွေ့ရတယ်၊ နင် တစ်ချက်လောက်ဝင်ကြည့်ပါလား”

“ကျေးဇူးပဲဟေ့”

ဟွမ်ရှုက သူငယ်ချင်းဖြစ်သူကို ဝမ်းသာအားရ ကျေးဇူးတင်စကားဆိုလိုက်ပြီး လင့်ခ်ကို အမြန်နှိပ်ဖွင့်ကြည့်လိုက်သည်။

“လီရှန်း ယာတောအိမ်... သြော်၊ ယာတောအိမ်တစ်ခုပဲ။ မဆိုးပါဘူး၊ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ အနားယူဖို့ ကောင်းမယ့်နေရာမျိုးပဲ”

“ဒါပေမဲ့ တည်းခိုခတွေက ဈေးကြီးသားပဲဟ၊ မြို့လယ်ခေါင်က ဟိုတယ်တချို့နဲ့ ဈေးနှုန်းနဲ့တောင် ယှဉ်လို့ရတယ်၊ ဒီယာတောအိမ်ရဲ့ ရီဗျူးတွေ ဘယ်လိုနေလဲဆိုတာ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်”

ဟွမ်ရှုက ဖြောင်ဖြောင်ထွမ် အက်ပ်ရှိ ရီဗျူးများကို ပွတ်ဆွဲကြည့်လိုက်ရာ အားလုံးက အပြုသဘောဆောင်သော ရီဗျူးများချည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အတုအယောင် ရီဗျူးများ ဖြစ်နေမလားဟု တွေးမိကာ သူမ မနေနိုင်ဘဲ သံသယဝင်သွားမိသော်လည်း လုံးဝ မကြောက်ရွံ့ခဲ့ပေ။

သူမ ဆိုင်များကို လိုက်လံစူးစမ်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော နေရာများ၏ အစစ်အမှန် အခြေအနေကို ဖော်ထုတ်ပြသရန် မဟုတ်လော။

ကင်မရာမန်းကို အမြန်ဖုန်းဆက်ခေါ်လိုက်ပြီးနောက် လီရှန်းယာတောအိမ်တွင် ကုတင်ကြီးတစ်လုံးပါ အခန်းနှစ်ခန်းကို နှစ်ညစာ ဘိုကင်လုပ်လိုက်တော့သည်။

နောက်တစ်နေ့နံနက်ခင်းတွင် သူမနှင့် ကင်မရာမန်းတို့သည် မြို့ထဲမှနေ၍ ဂျီပီအက်စ်ဖွင့်ကာ လီရှန်းယာတောအိမ်သို့ ဦးတည်မောင်းနှင်လာခဲ့ကြသည်။

“ဒီနေရာက ငါတို့နဲ့ သိပ်မနီးဘူးနော်၊ မြေပုံမှာ ပြထားတာတော့ ကားနှစ်နာရီလောက် မောင်းရမယ်တဲ့”

ကင်မရာမန်းက ကားမောင်းရင်း ညည်းတွားလိုက်သည်။

“နည်းနည်းတော့ ဝေးတယ်၊ ဓာတ်ပုံတွေထဲမှာ ကြည့်ရတာတော့ ယာတောအိမ်ရဲ့ပတ်ဝန်းကျင်က တော်တော်လေး ကောင်းပုံရတယ်။ ငါတို့ ဗီဒီယိုရိုက်ဖို့ အကြောင်းအရာကောင်းကောင်းလေးတွေ ရမယ်လို့ မျှော်လင့်ပါတယ်”

“ငါ့ဗီဒီယိုတွေက မကြာသေးခင်က အကြောင်းအရာတွေ အရမ်းထပ်နေလို့ အပြောင်းအလဲလေး တစ်ခုတော့ လိုနေပြီလေ”

……

ကားပေါ်မှဆင်းသည်နှင့် တစ်ပြိုင်နက် ဟွမ်ရှုက ကင်မရာမန်းအား ရိုက်ကူးရေးပစ္စည်းများကို အသင့်ပြင်ခိုင်းလိုက်သည်။

“ဟူး... ဒီတောင်ပေါ်က လေက တကယ်ကို လေကောင်းလေသန့်ပဲ၊ ညစ်ညမ်းမှု နည်းနည်းလေးမှမရှိဘူး”

“ဟေ့... တာ့ဒါ၊ အရင်ဆုံး လီရှန်းယာတောအိမ် ဆိုင်းဘုတ်ကို အနီးကပ် တစ်ချက်ရိုက်လိုက်၊ ပြီးရင် အဆောက်အအုံကို ထောင့်ပေါင်းစုံကနေ ရိုက်ပေး၊ ပြီးမှ ငါက အလယ်မှာဝင်ရပ်မယ်”

ဟွမ်ရှုက တရုတ်ရိုးရာအငွေ့အသက်လေးများ လွှမ်းခြုံနေသော ယာတောအိမ် ခြံဝင်းလေးကို ဝေ့ကြည့်လိုက်သည်။

အွန်လိုင်းတွင် မြင်တွေ့ခဲ့ရသော ဓာတ်ပုံများနှင့် အတိအကျနီးပါး တူညီနေသဖြင့် သူမ ကျေနပ်စွာခေါင်းညိတ်လိုက်မိသည်။ ဓာတ်ပုံများက လိမ်ညာထားခြင်း မဟုတ်၍ တော်သေး၏။

ထို့နောက် သူမ အနောက်ဘက်သို့ ထွက်လာခဲ့သည်။

ဤနေရာမှ ရေက အရမ်းကြည်လင်ပြီး ဆော့ကစားဖို့ရာ အဆင်ပြေသည်ဟု အင်တာနက် အသုံးပြုသူတွေက ပြောထားကြသည် မဟုတ်လော။

အနောက်ဘက်သို့ ရောက်သောအခါ လူအချို့ ငါးမျှားနေကြသည်ကိုလည်း တွေ့လိုက်ရသည်။

သူမက ဘေးနားရှိ အစ်ကိုကြီးတစ်ယောက်ကို စကားလှမ်းပြောရန် ပြင်လိုက်သည်။

‘အစ်ကိုကြီး’ ဟု ခေါ်လိုက်သည်နှင့် ထိုလူက နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ ရှူး ဟု အသံပြုရင်း တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ဒီလူကတော့ ‘ငါးမျှားရတာကို အရူးအမူး ဝါသနာပါတဲ့သူပဲ ဖြစ်ရမယ်’ ဟု ဟွမ်ရှု တွေးလိုက်မိသည်။

အချိန်အနည်းငယ်ကြာပြီးနောက် လီကျီဖုန်က သူ၏ငါးမျှားကြိုးကို ဆွဲတင်လိုက်ရင်း အနည်းငယ် ဒေါသထွက်သွားလေသည်။

‘ဘာတွေဖြစ်နေတာလဲ၊ ပြီးခဲ့တဲ့ရက်တွေကတည်းက ငါ ငါးတစ်ကောင်မှ မမိခဲ့ဘူး။ ပထမဆုံးအကြိမ် ဒီကို လာတုန်းကလောက်တောင် မမိတော့ဘူး၊ ဒီကောင်မလေး စကားပြောလိုက်လို့ ငါးတွေ လန့်ပြေးသွားတာများလား’

သူက ဟွမ်ရှုကို မကျေမနပ်ဖြင့် လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

“မင်း ဘာလိုချင်လို့လဲ။ ငါ ငါးမျှားနေတာ မမြင်ဘူးလား၊ မင်းကြောင့် ငါ့ငါးတွေလန့်ပြေးကုန်ပြီ”

ဟွမ်ရှုက အနည်းငယ် အားနာသွားပြီး ပြာပြာသလဲ တောင်းပန်လိုက်ရသည်။

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ရှင်။ ကျွန်မက အစ်ကိုကြီးကို မေးချင်တာလေးရှိလို့ပါ၊ အစ်ကိုကြီး ခုနလေးကတင်မှ ငါးမျှားချိတ် ချလိုက်တာလား၊ ဒီချောင်းထဲက ငါးတွေကရော ကြီးလားဟင်၊ ငါးမျှားရတာရော ပျော်စရာကောင်းရဲ့လား”

22

ကောင်မလေး၏ စကားကို ကြားလိုက်ရသောအခါ နေလောင်ထားသဖြင့် ညိုမည်းနေသော လီကျီဖုန်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။ ထိုစကားက သူ၏ နုနယ်သောမာနလေးကို အပ်ဖြင့်ထိုးစိုက်လိုက်သလို နာကျင်သွားစေ၏။ ထို့ကြောင့် သက်ပြင်းရှည်ကြီး ချလိုက်ရင်း ညည်းတွားလိုက်သည်။

“ဒီမနက် အစောကြီးကတည်းက ရောက်နေတာကွ၊ ဒီမှာထိုင်နေတာ နှစ်နာရီလောက်ရှိနေပြီ၊ မင်းယုံမလားတော့ မသိဘူး၊ ဒီနေ့ လက်ဝါးလောက်ရှိတဲ့ ငါးပေါက်စလေးနှစ်ကောင်ပဲ မိသေးတယ်”

တကယ်တော့ လီကျီဖုန် ငါးကြီးကြီးမဖမ်းမိသည်မှာလည်း သူ့အကြောင့်နှင့်သူ ရှိလေသည်။ လူများက အမြဲလိုလို ငါးလာမျှားနေကြသဖြင့် လီရှီးရှီးက ငါးသားပေါက်လေးများကို ဝယ်ယူကာ ချောင်းထဲသို့ လွှတ်ထားခြင်းဖြစ်၏။

ထို့အပြင် နေ့စဉ်သန့်စင်ထားသော ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ကာ အစာအဖြစ် ကျွေးလေ့ရှိသောကြောင့် ငါးများမှာ အစားအသောက် ပိုမိုရွေးချယ်တတ်လာခြင်း ဖြစ်သည်။

‘သြော်... သူက လက်သင်အဆင့်ပဲ ရှိသေးတာကိုး' ဟွမ်ရှုက အားနာပါးနာဖြင့် ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီးနောက် ကင်မရာမန်းကို ချောင်းငယ်လေး၏ အလှအပများအား ထောင့်ပေါင်းစုံမှ ရိုက်ကူးရန် ညွှန်ကြားလိုက်သည်။

ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာစေရန် ဤကဲ့သို့သော သဘာဝအလှတရားများကို အမိအရဖမ်းယူနိုင်ရမည် မဟုတ်လော။

ယနေ့က ဗုဒ္ဓဟူးနေ့ဖြစ်သဖြင့် လာရောက်လည်ပတ်သူ အနည်းငယ် နည်းပါးလေသည်။ နေ့လယ်စာစားချိန်တွင် စားပွဲအနည်းငယ်၌သာ လူရှိနေ၏။ ဟွမ်ရှုက ဟင်းပွဲများမှာယူပြီးနောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကင်မရာမန်းကို စကားစလိုက်သည်။

“တာ့ဒါ... အွန်လိုင်းက ရီဗျူးတွေမှာ ဒီက စားဖိုမှူးရဲ့လက်ရာက တကယ်ကို ပြောင်မြောက်တယ်လို့ ရေးထားကြတယ်၊ အခုချိန်ထိ အရသာမရှိတဲ့ဟင်းဆိုတာ တစ်ပွဲမှ မရှိသေးဘူးတဲ့။ ပြီးတော့ ဒီက ဟင်းသီးဟင်းရွက်တွေက သဘာဝအတိုင်း စိုက်ပျိုးထားတာဖြစ်လို့ ဓာတုကင်းစင်ပြီး နိုင်ငံခြားဖြစ် စူပါမားကတ်တွေကနေဝယ်တဲ့ အော်ဂဲနစ် ဟင်းရွက်တွေထက်တောင် ပိုကောင်းတယ်လို့ပြောကြတယ်”

မျက်နှာချင်းဆိုင်ရှိ ကင်မရာမန်းက မယုံကြည်နိုင်ဟန်ဖြင့် ခပ်ဟဟ ရယ်မောလိုက်သည်။ ဤကဲ့သို့သော ဈေးကွက်ရှာဖွေရေး လှည့်ကွက်များကို သူ မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးပြီးပြီပင်။

“ဒါတွေက ဆိုင်ရှင်တွေက လူငှားပြီး အမွှန်းတင် ရေးခိုင်းထားတာတွေပဲ ဖြစ်မှာပါ၊ ပတ်ဝန်းကျင် ရှုခင်းကတော့ တကယ်လှပါတယ်၊ ဒါပေမဲ့ တကယ့် ဟင်းသီးဟင်းရွက်တွေက ဘယ်လိုနေမလဲဆိုတာ ဘယ်သူသိမှာလဲ၊ ဒီလိုစကားတွေကိုတော့ အလွယ်တကူမယုံနဲ့၊ ခဏနေ ဟင်းတွေလာမှ အရသာဘယ်လိုနေလဲဆိုတာ ကြည့်ကြတာပေါ့”

“ခုနက အဆောက်အအုံအနောက်ဘက်မှာ ဟင်းရွက်ခင်း အကြီးကြီးတစ်ခု တွေ့ခဲ့တယ်၊ ဧည့်သည်တွေ ကိုယ်တိုင်ခူးဆွတ်ဖို့ သီးသန့်လုပ်ပေးထားတာတဲ့၊ ခူးပြီးတာနဲ့ ချက်ချင်းကြော်ပေးတာဆိုတော့ ဒီနေ့ နေ့လယ် အဲဒါကို စမ်းစားကြည့်ကြတာပေါ့”

စကားပြောနေကြစဉ်မှာပင် ပထမဆုံးဟင်းပွဲဖြစ်သော ဟင်းရွက်ကြော် ရောက်ရှိလာလေ၏။ ဤသည်မှာ အိမ်တိုင်းလိုလိုတွင် ချက်ပြုတ်လေ့ရှိသော ရိုးရှင်းသည့် အိမ်သုံးဟင်းလျာတစ်ခွက်သာ ဖြစ်သည်။

ဟွမ်ရှုက တူဖြင့် တစ်ဖတ်ကောက်ယူကာ မြည်းစမ်းကြည့်လိုက်ပြီးနောက် ကင်မရာရှေ့တွင် အံ့သြတကြီးဖြင့် အသံကိုမြှင့်ကာ ပြောလိုက်လေသည်။

“ပရိသတ်ကြီးရေ... ဒီကိုရောက်ရင် ဟင်းရွက်ကြော်ကိုတော့ မဖြစ်မနေ စမ်းစားကြည့်သင့်တယ်နော်၊ ‘အဆင့်မြင့်ဆုံး ပါဝင်ပစ္စည်းတွေက အရှင်းလင်းဆုံး ချက်ပြုတ်နည်းကိုပဲ လိုအပ်တယ်’ ဆိုတဲ့စကားကို အခုမှပဲ ကျွန်မ သေချာနားလည်သွားတော့တယ်၊ ဒီဟင်းရွက်တွေကို ဘယ်နေရာမှာမဆို ဝယ်လို့ရပြီး အဆင့်မြင့်ဟင်းလျာလို့ မခေါ်နိုင်ပေမယ့် ဒီကဟင်းရွက်တွေကတော့ တကယ်ကို ထူးလွန်းခြားတယ်။ အရသာက အရမ်းလတ်ဆတ်ပြီး ချိုမြိန်နေတာပဲ”

နောက်ထပ်ရောက်လာသော ဟင်းပွဲများကိုလည်း ဟွမ်ရှုက ကင်မရာရှေ့တွင် တဝကြီး ချီးမွမ်းခန်းဖွင့်နေတော့သည်။ မျက်နှာချင်းဆိုင်ရှိ ကင်မရာမန်းက မနေနိုင်တော့ဘဲ ရယ်မောကာ နောက်ပြောင်တော့သည်။

“နင်ကတော့ ဒီနေ့ တကယ်ကို အစွမ်းကုန်ကြိုးစားနေတာပဲ၊ ဆိုင်ရှင်ဆီကနေ ကြော်ငြာခတွေများ ယူထားသလားလို့တောင် သံသယဝင်လာပြီ။ တကယ်ရော အဲဒီလောက်အရသာရှိလို့လား”

“တကယ်ကို အရသာရှိလွန်းလို့ ပြောနေတာပေါ့ဟ၊ ကဲ... အဓိက ရိုက်ရမယ့်အခန်းတွေလည်း ရိုက်ပြီးပြီဆိုတော့ နင်ကိုယ်တိုင်စမ်းစားကြည့်လိုက်၊ ဒါဆိုရင် ငါ အပိုပြောနေတာမဟုတ်ဘူးဆိုတာ သိသွားလိမ့်မယ်။ ဒီက ပါဝင်ပစ္စည်းတွေက တကယ့်ကို ထိပ်တန်းပဲ၊ တစ်လုတ်စားကြည့်လိုက်တာနဲ့ လတ်ဆတ်မှန်း ချက်ချင်းသိသာတယ်”

…

ဟွမ်ရှုတို့သည် တစ်နေ့လည်လုံး ယာတောအိမ်၏ နေရာအနှံ့အပြားတွင် လိုက်လံရိုက်ကူးနေကြ၏။ လီရှီးရှီးကိုယ်တိုင်ကလည်း သူတို့ကို စူးစမ်းချင်စိတ်ဖြင့် တစ်ချက်နှစ်ချက်မျှ လှမ်းကြည့်လိုက်မိသေးသည်။

သို့သော် ယခုခေတ်တွင် လူတိုင်းလိုလို ကင်မရာကိုယ်စီဖြင့် မိမိတို့၏နေ့စဉ်ဘဝကို ရိုက်ကူးလေ့ရှိကြသဖြင့် သူမ သိပ်ပြီး အထူးတလည်ဂရုမစိုက်တော့ပေ။

တစ်နေ့တာလုံး ရိုက်ကူးရေးလုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်နေသော ဟွမ်ရှုသည် အခန်းထဲရှိ ကုတင်ကြီးပေါ်သို့ ပစ်လှဲချလိုက်ကာ လုံးဝ မလှုပ်ချင်တော့ပေ။

အံ့သြစရာကောင်းလောက်အောင်ပင် ကုတင်မှာ အလွန်နူးညံ့အိစက်နေသည်။ အစက ဖုန်းပွတ်နေသေးသော်လည်း တဖြည်းဖြည်းနှင့် အိပ်ချင်မူးတူး ဖြစ်လာသည်။

ဘုတ်။

သူမ၏ လက်ထဲမှ ဖုန်းက မတော်တဆလွတ်ကျသွားပြီး နှာခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျလေတော့သည်။

“အားးး၊ နာလိုက်တာ၊ ငါ့နှာခေါင်းက မာလို့တော်သေးတယ်။ မဟုတ်ရင်တော့ ဒုက္ခပဲ”

ဟွမ်ရှုက နှာခေါင်းကိုပွတ်သပ်ရင်း ကုတင်ပေါ်မှကုန်းထကာ မှန်ထဲတွင် သွားကြည့်ရန် ရေချိုးခန်းဆီသို့ ထွက်လာခဲ့သည်။

“ဟူးးး၊ ဘာမှမဖြစ်လို့တော်သေးတာပေါ့။ နှာခေါင်းကြီး နီရဲပြီး ရောင်နေရင် ကြည့်ရဆိုးမှာ၊ အို... ငါ့မျက်လုံးက အိုင်းလိုင်နာတွေ နည်းနည်းပျက်နေပြီပဲ။ မိတ်ကပ်ဖျက်၊ ရေမြန်မြန်ချိုးပြီး စောစောအနားယူလိုက်တာပဲကောင်းပါတယ်။ အရမ်းအိပ်ချင်နေပြီ”

ထို့ကြောင့် ကုလားထိုင်ပေါ်တွင် တင်ထားသော ကျောပိုးအိတ်ကိုဖွင့်ကာ မိတ်ကပ်ဖျက်ဆေးထုတ်ရန် ပြင်လိုက်၏။ သို့သော် အိတ်တစ်ခုလုံးကို မွှေနှောက်ရှာဖွေကြည့်သော်လည်း မိတ်ကပ်ဖျက်ဆေးကို လုံးဝရှာမတွေ့ချေ။

ထိုအခိုက်အတန့်တွင် သူမ၏အိပ်ချင်စိတ်များ ချက်ချင်း လွင့်စင်သွားတော့သည်။

မိတ်ကပ်ဖျက်ဆေး မေ့ကျန်ခဲ့ရုံသာမက မိတ်ကပ်အိတ်တစ်အိတ်လုံးပါ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သူမ သတိပြုမိသွားသည်။ သူမ၏ လွယ်အိတ်သေးသေးလေးထဲတွင် မျက်ခုံးဆွဲခဲတံတစ်ချောင်း၊ ပေါင်ဒါဘူးတစ်ဘူးနှင့် နှုတ်ခမ်းနီတစ်တောင့်သာ ပါရှိသဖြင့် မနက်ဖြန်တွင် မိတ်ကပ်လိမ်းရန်ပင် အခက်တွေ့ပေတော့မည်။

သို့သော် ထိုအချက်က အဓိကမဟုတ်သေးပေ။ မျက်နှာသစ်ဆေးပါ မပါလာခြင်းက ပို၍ဆိုးရွားသည်။ ယနေ့ည မိတ်ကပ်မဖျက်ဘဲ အိပ်၍တော့ လုံးဝမဖြစ်။ အသားအရေကို အလွန်ထိခိုက်စေနိုင်သည်။

သူမက ဝက်ခြံထွက်လွယ်သူဖြစ်ရာ မိတ်ကပ်များ တစ်ညလုံး မျက်နှာပေါ်တွင်ရှိနေပါက မနက်ဖြန်မနက်တွင် သေချာပေါက် ဝက်ခြံဖုကြီးများ ထွက်လာပေလိမ့်မည်။ မိမိ၏ရုပ်ရည်သွင်ပြင်ကို အသက်တမျှတန်ဖိုးထားသော သူမအတွက် ဤသည်မှာ လက်ခံနိုင်စရာမရှိသောအရာပင်။

စိတ်ညစ်ညစ်ဖြင့် ရှုပ်ပွနေသော ဆံပင်များကို ကုတ်ဖဲ့လိုက်ပြီး ဘေးခန်းမှ ကင်မရာမန်းထံတွင် မျက်နှာသစ်ဆေး သို့မဟုတ် အလားတူပစ္စည်းတစ်ခုခုများ ပါလာမလားဟု သွားရောက်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

“ဒေါက်... ဒေါက်... ဒေါက်...”

အပြင်ဘက်မှနေ၍ တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်သော်လည်း အထဲမှ မည်သည့်လှုပ်ရှားသံမျှ ထွက်ပေါ်မလာသဖြင့် ဖုန်းသာ တိုက်ရိုက်ခေါ်လိုက်တော့သည်။

ဖုန်းသုံးခါလောက် ခေါ်ပြီးမှသာ တစ်ဖက်မှ အိပ်ရေးဝဝမအိပ်ရသေးသည့် လေသံဖြင့် ပြန်ထူးလာသည်။

“ဟယ်လို... ဘာကိစ္စလဲမသိဘူး”

“နောက်ဆုံးတော့လည်း ဖုန်းကိုင်ပြီပဲ။ ငါ တံခါးခေါက်နေတာ ကြာလှနေပြီ၊ ဘာအသံမှမကြားရလို့ နင် တစ်ခုခုများ ဖြစ်သွားပြီလားလို့တောင် ထင်နေတာ၊ တာ့ဒါ... တံခါးမြန်မြန်ဖွင့်စမ်း၊ နင့်ကို မေးစရာရှိလို့”

ထိုအချိန်တွင် ကုတင်ပေါ်၌ လှဲနေသော ကင်မရာမန်းသည် အိပ်ချင်မူးတူးဖြင့် ကုတင်ပေါ်မှဆင်းကာ ဖိနပ်စီးပြီး တံခါးလာဖွင့်ပေး၏။

တံခါးပွင့်သွားသည်နှင့် သမ်းဝေရင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ရှောင်ရှု၊ ငါ အခုလေးတင်မှအိပ်ပျော်သွားတာ”

ဟွမ်ရှုက ကင်မရာမန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“နင် ဒီနေ့ ဘာလို့ ဒီလောက်အစောကြီး အိပ်နေတာလဲ၊ ပုံမှန်ဆိုရင် မနက်မိုးလင်းတဲ့အချိန်အထိတောင် ဂိမ်းဆော့နေတာ တွေ့ဖူးပါတယ်”

“ငါလည်းမသိဘူး၊ ဂိမ်းနည်းနည်းဆော့ပြီး ရေမချိုးခင် ခဏလောက်နားမယ်ဆိုပြီး လှဲနေတာ၊ အိပ်ချင်စိတ်က ရုတ်တရက် င်လာတော့ ခဏလောက်မှေးလိုက်မယ်၊ ပြီးမှ ရေထချိုးပြီး ပြန်အိပ်မယ်လို့ တွေးလိုက်တာပဲ”

“ကြည့်ရတာ ငါတို့နှစ်ယောက်လုံး ဒီနေ့ တော်တော် ပင်ပန်းသွားကြပုံရတယ်၊ အာ... ဒါနဲ့ နင့်ဆီမှာ မျက်နှာသစ်ဆေးလိုမျိုး တစ်ခုခုများပါလာလားလို့ မေးမလို့၊ ခုနက အိတ်ကိုရှင်းရင်းနဲ့ အဲဒီပစ္စည်းတွေ အကုန်မေ့ကျန်ခဲ့မှန်း သတိထားမိလို့လေ၊ ကိုယ့်ကိုယ်ကိုယ်တောင် ဒေါသထွက်တယ်။ ဒါလေးတောင် ဘယ်လိုလုပ် မေ့ခဲ့ရတာလဲ” ဟွမ်ရှုက ပြောရင်း သူမ၏ နဖူးကို ရိုက်လိုက်သည်။

တာ့ဒါက ထပ်မံ သမ်းဝေလိုက်ရင်းမှ….

“ငါက မျက်နှာသစ်ဆေးမှမသုံးတာ၊ ယူလာစရာအကြောင်းကို မရှိဘူးလေ၊ ပုံမှန်ဆို ရိုးရိုးရေနဲ့သစ်ပြီး တာ့ပေါင်လေး နည်းနည်းလိမ်းလိုက်တာပဲ။ ငါက ကြမ်းတမ်းတဲ့ ယောက်ျားတစ်ယောက်လေ၊ ဘာလို့ အဲဒီလောက်အထိ ဂရုစိုက်နေစရာ လိုမှာလဲ၊ အနီးအနားမှာပဲ မျက်နှာသစ်ဆေး သွားဝယ်လိုက်ပါလား”

ထိုစကားကို ကြားသောအခါ ဟွမ်ရှု မျက်လုံးလှန်သွားပြီး မကျေမနပ်ဖြင့် ပြောလာပြန်သည်။

“အစ်ကိုကြီး... ငါတို့ အခု တောင်ပေါ်မှာရောက်နေတာနော်၊ အနီးအနားမှာ ဆိုင်ဆိုလို့ အရိပ်အယောင်တောင် မရှိတာ၊ မျက်နှာသစ်ဆေး သွားဝယ်ဖို့ နေနေသာသာ။ ထားလိုက်ပါတော့၊ မပါဘူးဆိုရင်လည်း ပြီးတာပဲ၊ ငါ့ဘာသာ ပြန်ပြီး တစ်နည်းနည်း စဉ်းစားကြည့်လိုက်မယ်”

ကင်မရာမန်းက အားနာဟန်ဖြင့် ခေါင်းကုတ်ရင်းရှင်းပြလေ၏။

“ခုနက အိပ်ချင်မူးတူးနဲ့ဆိုတော့ ငါတို့ တောင်ပေါ်ရောက်နေတယ်ဆိုတာ မေ့သွားလို့ပါ၊ မြို့ထဲမှာပဲထင်နေတာ၊ မျက်နှာသုတ်ပုဝါနဲ့ နှစ်ခါသုံးခါလောက် ပွတ်တိုက်လိုက်ရင် သန့်သွားမှာပါ”

“ဒါက ရေစိုခံမိတ်ကပ်တွေဟ။ ဟူး... ထားလိုက်ပါတော့၊ နင်နားလည်မှာမဟုတ်ဘူး။ ငါ့အခန်း ငါပြန်တော့မယ်၊ နင့်ကို ဆက်မပြောတော့ဘူး”

အခန်းထဲသို့ ပြန်ရောက်သောအခါ ဟွမ်ရှုက ရေချိုးခန်းထဲသို့ ဝင်သွားလိုက်၏။ မတတ်နိုင်သည့်အဆုံး ရေချိုးဆပ်ပြာရည်ဖြင့် မျက်နှာကို ပွတ်တိုက်ပြီး မိတ်ကပ်ပျက်မပျက် စမ်းကြည့်မည်ဟု တွေးလိုက်သည်။

ထိုစဉ် သူမ၏ အကြည့်က အခန်းထဲတွင်ပေးထားသော သွားတိုက်တံဘေးရှိ ဆပ်ပြာတုံးလေးဆီသို့ ရောက်သွားလေတော့သည်။

All Chapters