← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

23

ဟွမ်ရှုက ဆပ်ပြာတုံးလေးကို ကောက်ယူကြည့်ရှုလိုက်ရင်း နှုတ်ခမ်းကိုက်ကာ ရေရွတ်မိသည်။

“ဆပ်ပြာနဲ့ မိတ်ကပ်ဖျက်လို့ရတယ် ဆိုပေမယ့်၊ ဒီဆပ်ပြာလေးက အရမ်းသေးလွန်းတယ်။ ဘာတံဆိပ်ပါလိမ့်၊ တရားဝင် စက်ရုံထုတ်ရော ဟုတ်ရဲ့လား၊ ‘လီရှန်း ယာတောအိမ်’ ဆိုတဲ့ စာသားလေးတောင် ရိုက်နှိပ်ထားသေးတယ်။ အွန်လိုင်းကနေ အော်ဒါမှာပြီး စိတ်ကြိုက်ထုတ်ခိုင်းထားတာပဲ နေမှာပါလေ”

ယခင်က ဟိုတယ်များတွင် တည်းခိုလျှင် ထိုကဲ့သို့သော ဆပ်ပြာတုံးသေးသေးလေးများကို သူမ လုံးဝအသုံးမပြုခဲ့ပေ။ သုံးဖြစ်ခဲ့လျှင်တောင် အချိုရည်စွန်းသွားသော အဝတ်အစားများကို ကမန်းကတန်းလျှော်ဖွပ်ရန်သာ အသုံးပြုလေ့ရှိသည်။

ဆပ်ပြာတုံးလေး၏ အပေါ်ယံအခွံကို ဆွဲဖွင့်လိုက်စဉ် စက္ကူဖောက်သံ တရှပ်ရှပ် ထွက်ပေါ်လာသည်။

“ဝါး... အခွံခွာလိုက်တော့ ပိုတောင်သေးသွားသေးတယ်”

သူမက နှာခေါင်းရှုံ့ရင်း ဆပ်ပြာလေးဖြင့် လက်ကို အရင်စမ်းဆေးကြည့်လိုက်သည်။ အရွယ်အစား သေးငယ်သည့်တိုင် အထင်သေး၍မရချေ။ သူ၏ အမြှုပ်ထွက်နိုင်စွမ်းက တကယ့်ကို အံ့မခန်းပင်။

နှစ်ချက်ခန့် ပွတ်တိုက်လိုက်သည်နှင့် ဖြူဖွေးနူးညံ့သော အမြှုပ်များ ထွက်ပေါ်လာသည်။ လက်ကို သေချာစွာ ဆေးကြောပြီးနောက် အနည်းဆုံးတော့ လက်အသားအရေ မအီမသာ ဖြစ်မသွားကြောင်း ခံစားလိုက်ရသည်။

သူမက အသားအရေ ထိခိုက်လွယ်သူ မဟုတ်သဖြင့် မျက်နှာပေါ်တွင်လည်း ဓာတ်မတည့်ခြင်းမျိုး ဖြစ်လာမည်တော့မဟုတ်ဟု တွေးလိုက်မိသည်။ ထို့အပြင် ဆပ်ပြာလေးကို အသုံးပြုပြီးနောက် လေထုထဲတွင် လုံးဝမအီဘဲ အလွန်ထူးခြားသင်းပျံ့သော ရနံ့လေးတစ်ခု ကျန်ရစ်နေ၏။

ထို့ကြောင့် ဆပ်ပြာတုံးလေးကို မျက်နှာပေါ်တွင် အချက်အနည်းငယ် ပွတ်တိုက်လိုက်သည်။

တစ်၊ နှစ်၊ သုံး...

စက္ကန့်သုံးဆယ်တိတိ ရေတွက်ပြီးနောက် ကြည်လင်အေးမြသောရေဖြင့် မျက်နှာကို ဆေးကြောချလိုက်သည်။

ခံစားချက်ကတော့ လိမ်ညာ၍ပင် မရနိုင်ပေ။ မျက်နှာသစ်ပြီးနောက် မျက်နှာပေါ်ရှိ ချွေးပေါက်များအားလုံး လွတ်လပ်စွာ အသက်ရှူနေရသကဲ့သို့ ပေါ့ပါးလန်းဆန်းသွားသည်ကို အံ့သြဖွယ်ခံစားလိုက်ရသည်။

မှန်ထဲတွင် သေချာကပ်ကြည့်လိုက်ရာ သူမ၏မိတ်ကပ်များ အကုန်အစင် ပြောင်စင်သွားပြီး မျက်လုံးအိုင်းလိုင်နာများကအစ အရိပ်အယောင်ပင် မကျန်တော့ချေ။

ဆပ်ပြာလေး၏ မိတ်ကပ်ဖျက်နိုင်စွမ်းမှာ မိတ်ကပ်ဖျက်ဆေးလောကတွင် ကာလရှည်ကြာ ထိပ်ဆုံးမှ ရပ်တည်နေသော နာမည်ကြီး XXX အမှတ်တံဆိပ် မိတ်ကပ်ဖျက်ဆီများထက် လုံးဝမညံ့ကြောင်း တွေ့လိုက်ရသဖြင့် သူမ အံ့သြမှင်သက်သွားရသည်။

ဆပ်ပြာအသုံးပြုပြီးနောက် မျက်နှာအသားအရေမှာ တင်းကြပ်ခြောက်သွေ့သွားခြင်း လုံးဝမရှိပေ။

သူမ၏ စိတ်ထင်၍ပဲလားတော့ မသိ၊ နှာခေါင်းပေါ်ရှိ ဆားဝက်ခြံများပင် သိသိသာသာ လျော့ပါးသွားသယောင် ခံစားနေရသည်။ ကင်မရာရှေ့တွင် အပြစ်အနာအဆာကင်းသော အလှတရားဖြင့် ရပ်တည်ချင်သည့် သူမ၏ဆန္ဒများကို ဤဆပ်ပြာလေးက ဖြည့်ဆည်းပေးနိုင်မည်လော။

ရှေ့ရှိ ဆပ်ပြာတုံးလေးကို ငေးကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။

“ဒီဆပ်ပြာက အရမ်းကို အံ့သြဖို့ကောင်းလွန်းတယ်”

ဤအာနိသင်က နိုင်ငံတကာ နာမည်ကြီးအမှတ်တံဆိပ်များကိုပင် ကျော်လွန်နိုင်စွမ်းရှိ၏။ ဤဆပ်ပြာ၏ သန့်စင်နိုင်စွမ်းက အလွန်အားကောင်းလှသည်။ ယခင်က ဆပ်ပြာ သို့မဟုတ် အလားတူပစ္စည်းများဖြင့် မျက်နှာကို တစ်ခါမျှမသစ်ဖူးခဲ့ချေ။

အွန်လိုင်းရှိ ရီဗျူးများအပေါ် အခြေခံကာ မိမိအသားအရေနှင့် ကိုက်ညီမည့် မျက်နှာသစ်ဆေးများကိုသာ အမြဲရွေးချယ်ဝယ်ယူလေ့ရှိသည်။

‘နေပါဦး... ဒီဆပ်ပြာထဲမှာ ဟော်မုန်းတွေများ ပါနေမလား’

အတွေးတစ်ခုက ဟွမ်ရှု၏ခေါင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာသည်။

အလှပြင်ဆိုင်များမှ တရားမဝင်ရောင်းချသော အသားအရေထိန်းသိမ်းရေးပစ္စည်းများသည် အသားအရေကို ချက်ချင်းကောင်းမွန်သွားစေသော်လည်း တကယ်တမ်းတွင် ဟော်မုန်းပါဝင်မှု အလွန်မြင့်မားနေခြင်းကြောင့်ဖြစ်ပြီး ရေရှည်အသုံးပြုပါက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်ကြောင်း သတင်းများတွင် မကြာခဏ ဖတ်ဖူးသည် မဟုတ်လော။

သို့သော် ထိုအရာများက မျက်နှာပေါ်တွင် လိမ်းကျံရသည့် ပစ္စည်းများဖြစ်သည်။ ဤအရာက မျက်နှာသစ်ရန်သာဖြစ်ပြီး မျက်နှာပေါ်တွင် တစ်မိနစ်ထက်ပို၍ ကြာရှည်မနေပေ၊ ဆာလဖျူရစ်အက်ဆစ်လည်း မဟုတ်ချေ။

ထို့အပြင် ဤသည်မှာ အသားအရေထိန်းသိမ်းရေးပစ္စည်းလည်း မဟုတ်ပေ။ ဟိုတယ်များတွင် ဧည့်သည်များ တည်းခိုစဉ် လက်ဆေးရန်နှင့် အဝတ်ဟောင်းများလျှော်ဖွပ်ရန် ပေးထားသော သာမန်ဆပ်ပြာလေးသာ ဖြစ်သည်။

ဤနေရာက ယာတောအိမ်တစ်ခုသာဖြစ်ပြီး ဟိုတယ်စံနှုန်းများနှင့် မယှဉ်နိုင်သော်လည်း ဆပ်ပြာထဲတွင် ဟော်မုန်းများ ထည့်သွင်းထားလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် ဤဆပ်ပြာမှာ သန့်စင်နိုင်စွမ်း အလွန်အားကောင်းခြင်းသာ ဖြစ်ရမည်ဟု ဟွမ်ရှု ကောက်ချက်ချလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ ကျောပြင်ပေါ်တွင် အမြဲလိုလို ထွက်တတ်သော ဝက်ခြံများရှိနေပြီး ထိုအရာက အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ကျောပြင်ရှိ အသားအရေကို မျက်နှာလောက် ဂရုတစိုက်မရှိလှသဖြင့် ဤဆပ်ပြာ တကယ်ပဲ အာနိသင်ရှိမရှိ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အမှန်တော့ လီရှီးရှီးသည် ရေချိုးခန်းထဲတွင် ဈေးနှုန်းအသင့်အတင့်ရှိပြီး လူသိများသော ပြည်တွင်းဖြစ် ရေချိုးခန်းသုံးပစ္စည်းအစုံကို ထည့်သွင်းပေးထား၏။ သို့သော် ယနေ့ ဟွမ်ရှုရေချိုးသောအခါ ထိုနာမည်ကြီးပစ္စည်းများကို အသုံးမပြုတော့ဘဲ တစ်ကိုယ်လုံးကို ဤဆပ်ပြာလေးဖြင့်သာ တိုက်ချွတ်ဆေးကြောရန် ရွေးချယ်လိုက်သည်။

ရေချိုးပြီးနောက် ဟွမ်ရှုမှာ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်ကို အံ့သြဖွယ်ခံစားလိုက်ရသည်။ ရေချိုးနေစဉ်အတွင်း ပွတ်တိုက်လိုက်ရုံဖြင့် ခန္ဓာကိုယ်ပေါ်ရှိဂျီးများ အလွယ်တကူ ကွာကျလာသည်ကို တွေ့လိုက်ရ၏။

သူမသည် ပုံမှန်အားဖြင့် ညစ်ညစ်ပတ်ပတ် နေတတ်သူ မဟုတ်ပေ။ သပ်သပ်ရပ်ရပ်နေတတ်သော မိန်းကလေးတစ်ဦးပီပီ ရေချိုးဆပ်ပြာရည်၊ ရေချိုးဆား အစရှိသည်တို့ကို အသုံးပြုကာ ခန္ဓာကိုယ်ကို သေချာစွာ တိုက်ချွတ်ဆေးကြောလေ့ရှိသည်။

သို့သော် ဂျီးတွန်းကြိုးဖြင့် ပွတ်တိုက်ခြင်းမျိုးတော့ သိပ်မလုပ်ဖြစ်ပေ။ ငယ်စဉ်က မိခင်ဖြစ်သူနှင့်အတူ ရေချိုးရုံသို့သွားစဉ်က မိခင်က သူမကို ဂျီးတွန်းကြိုးဖြင့် အားပါပါပွတ်တိုက်ပေးလေ့ရှိရာ အရေပြားများကွာကျမတတ် နာကျင်လွန်းသဖြင့် ရေချိုးရုံသွားရမည်ကိုပင် ကြောက်ရွံ့ခဲ့ရပြီး ကလေးဘဝစိတ်ဒဏ်ရာတစ်ခုလို ဖြစ်ခဲ့ရသည်။

ထို့ကြောင့် အရွယ်ရောက်လာသောအခါ ရေချိုးခန်းထဲတွင် ဂျီးတွန်းကြိုးကို လုံးဝမထားရှိတော့ပေ။ နေ့စဉ် ရေချိုးဆပ်ပြာရည်များ အသုံးပြုကာ တိုက်ချွတ်ခြင်းက လုံလောက်ပြီဟု သူမယူဆထားသည်။

အထူးသဖြင့် ငယ်စဉ်က သူမတို့မိသားစုမှာ ငွေကြေးအဆင်မပြေခဲ့သဖြင့် အေးသောရာသီဥတုတွင် တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ရေချိုးလေ့ရှိပြီး ပူသောရာသီဥတုတွင် ရေပတ်တိုက်ရုံသာ ပြုလုပ်ခဲ့ရာ ခန္ဓာကိုယ်တွင် ဂျီးများရှိနေခြင်းက မဆန်းလှပေ။

သို့သော် ယခုအခါ သူမ၏ခန္ဓာကိုယ်တွင် ဤမျှလောက် ဂျီးများရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဆပ်ပြာဖြင့် အမြှုပ်ထွက်အောင် ပွတ်တိုက်ပြီးနောက် လက်နှင့် ခပ်ဖွဖွလေး ပွတ်လိုက်ရုံဖြင့် ဂျီးများ အလိပ်လိုက် ထွက်ကျလာသည်။ ကြည့်ရသည်မှာ သူမ၏ ပုံမှန် ရေချိုးသန့်စင်မှုက လုံလောက်မှု ရှိခဲ့ပုံ မရချေ။

သို့သော် ထိုအချက်ကပင် ဤဆပ်ပြာ၏သန့်စင်နိုင်စွမ်း မည်မျှအားကောင်းကြောင်းကို ပြသနေသည် မဟုတ်လော။

ကျောပြင်ပေါ်ရှိ ဝက်ခြံများကို စမ်းသပ်မိသေးသော်လည်း ယခင်ကလို အဆီပြန်နေခြင်းမျိုး လုံးဝမရှိတော့ပေ။ ဟုတ်ပေသည်၊ ဤအရာက ယခုလေးတင် ရေချိုးပြီးခါစမို့လို့လည်း ဖြစ်နိုင်လေသည်။

မျက်နှာသစ်၊ ရေချိုးပြီးနောက် အခန်းထဲရှိ ဆပ်ပြာတုံးလေးမှာ မူလအရွယ်အစား၏ ထက်ဝက်ခန့်သာကျန်ရှိတော့သည်။ အစကတည်းက သေးငယ်လွန်းသော ဤဆပ်ပြာလေးမှာ ယခုအခါ စက္ကူဖြင့် မထုပ်ထားပါက မျက်စိဖြင့်ပင် မြင်တွေ့ဖို့ ခက်လောက်အောင် သေးငယ်သွားလေပြီ။

နောက်တစ်နေ့ နံနက်ခင်း နိုးလာသောအခါ ဟွမ်ရှုက မှန်ထဲတွင် ထပ်မံစစ်ဆေးကြည့်ပြန်သည်။ ကျောပြင်ပေါ်ရှိ ဝက်ခြံများမှာ တကယ်ပင် အနည်းငယ်သေးငယ်သွားပုံရသဖြင့် သူမ အလွန်ဝမ်းသာသွားရ၏။

သို့သော် မျက်နှာပေါ်တွင်တော့ လတ်တလော ဆက်မသုံးရန် ဆုံးဖြတ်လိုက်သည်။ ကျောပြင်ရှိအသားအရေက မျက်နှာအသားအရေထက် ပိုမိုကြမ်းတမ်းသဖြင့် ဆပ်ပြာထဲတွင် မကောင်းသောပါဝင်ပစ္စည်းများ ပါရှိနေလျှင်ပင် ကျောပြင်ပေါ်တွင် ချက်ချင်းသိသာမည်မဟုတ်ပေ။

သူမ ဤနေရာတွင် နှစ်ညဆက်တိုက် တည်းခိုခဲ့ပြီး ထိုဆပ်ပြာလေးကိုသာ အသုံးပြု၍ ရေချိုးခဲ့သည်။

သူမ စိတ်အထင်မှားခြင်း လုံးဝမဟုတ်ပေ၊ ကျောပြင်ပေါ်ရှိ ဝက်ခြံများမှာ သူမ ရောက်လာစကထက် သိသိသာသာ သေးငယ်သွားပြီး အနည်းဆုံးတော့ နီရဲရောင်ရမ်းနေသော ဝက်ခြံဖုများ လုံးဝ မရှိတော့ချေ။

သူမ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။ နံနက်စာစားပြီးသည်နှင့် ပိုင်ရှင်ဖြစ်သူ လီရှီးရှီးကို အမြန်သွားရှာတော့သည်။

“သူဌေးမလေး... ဒီက တည်းခိုခန်းတွေမှာ ပေးထားတဲ့ဆပ်ပြာတွေကို ဘယ်ကဝယ်တာလဲလို့ မေးချင်လို့ပါ။ ကျွန်မလည်း နည်းနည်းလောက်ဝယ်ချင်လို့”

တစ်စုံတစ်ယောက်က ဆပ်ပြာဝယ်ရန် နေရာတောင်းနေသဖြင့် လီရှီးရှီး အနည်းငယ်အံ့သြသွားသည်။

“ဒီဆပ်ပြာက ကျွန်မတို့ သီးသန့်အော်ဒါမှာထားတာမို့လို့ တခြားဘယ်မှာမှ ဝယ်လို့မရပါဘူးရှင့်၊ ဘာဖြစ်လို့လဲဟင်၊ မလောက်လို့လား၊ အမကို နေ့တိုင်း ရေချိုးခန်းသုံးပစ္စည်းအသစ်တွေလဲပေးဖို့ သေချာမှာထားပါတယ်”

“မဟုတ်ပါဘူး၊ အဲဒီလိုမဟုတ်ပါဘူး။ သူဌေးမလေးတို့ဆီက ဆပ်ပြာက သေးပေမယ့် တစ်ရက်စာအတွက်တော့ သေချာပေါက်လောက်ပါတယ်။ ချွေချွေတာတာ သုံးရင် နှစ်ရက်၊ သုံးရက်လောက်တောင် အသုံးခံတယ်”

“ကျွန်မက ဒီဆပ်ပြာလေး သုံးရတာအရမ်းကောင်းလို့ပါ။ သူဌေးမလေး ဘယ်ကဝယ်တာလဲ၊ လင့်ခ်လေး ပို့ပေးလို့ရမလား၊ သူဌေးမလေး မသိလို့ပါ၊ ဒီဆပ်ပြာက ကျွန်မကျောက ဝက်ခြံတွေအတွက် အရမ်းကောင်းတဲ့ အာနိသင်ရှိနေလို့ပါ”

ဟွမ်ရှုက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် အသံကိုမြှင့်ကာ ပြောလိုက်သည်။

သူမရှေ့မှ ဧည့်သည်၏စကားကို ကြားသောအခါမှ လီရှီးရှီးက ယခင်က သူမမေ့လျော့နေခဲ့သော ဆုလာဘ်ကို ပြန်လည်သတိရသွားသည်။

‘ဟုတ်သားးး၊ ယာတောအိမ် အက်ပ်က ဒီဆပ်ပြာကို အဆင့်မြှင့်တင်ထားတယ်လို့ ပြောခဲ့တာပဲ၊ ထုပ်ပိုးမှုပေါ်မှာ ‘သန့်စင်ရန်’ ဆိုတဲ့ စာသားကိုပဲမြင်လိုက်တော့ သန့်စင်နိုင်စွမ်း ပိုကောင်းလာတာပဲ နေမှာပါလို့တွေးပြီး ငါ သိပ်ဂရုမစိုက်ခဲ့မိဘူး။ ဝက်ခြံတွေကိုပါ ပျောက်ကင်းစေနိုင်စွမ်း ရှိလိမ့်မယ်လို့တော့ ငါလည်း လုံးဝမထင်ထားခဲ့ဘူးလေ'

ဤဆပ်ပြာလေးသည် သူမ၏ယာတောအိမ်လေးကို နာမည်ကြီးလာစေရန် အကောင်းဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု တွေးမိကာ သူမ၏ရင်ထဲတွင် ရည်မှန်းချက်အသစ်များ တဖန်လင်းလက်လာတော့သည်။

24

သို့သော် လီရှီးရှီးက ခေါင်းခါပြရင်း အားနာဟန်ဖြင့် ရှင်းပြရှာသည်။

“တောင်းပန်ပါတယ်ရှင့်၊ ဒီဆပ်ပြာလေးက အွန်လိုင်းမှာ လင့်ခ်မရှိပါဘူး။ ဒါပေမဲ့ ဒီမှာ တည်းခိုတဲ့ ဧည့်သည်တွေကိုတော့ တစ်ရက်ကို တစ်တုံး အခမဲ့ ပေးပါတယ်၊ အွန်လိုင်းမှာတော့ လုံးဝ မရောင်းပါဘူး။ စက်ရုံကနေ ကျွန်မတို့အတွက် သီးသန့် အော်ဒါမှာပြီး ထုတ်ခိုင်းထားတာမို့လို့ပါ”

ဤသည်မှာ လုံးလုံးလျားလျား လိမ်ညာနေခြင်းတော့ မဟုတ်ပေ။ ဆပ်ပြာများကို နိုင်ငံခြားရှိ စက်ရုံတစ်ရုံမှ စာပို့လုပ်ငန်းကတစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

တရားဝင် အသိအမှတ်ပြုလက်မှတ်များ ရှိမရှိကိုပင် အွန်လိုင်းတွင် သေချာစွာ ရှာဖွေစစ်ဆေးပြီးဖြစ်သော်လည်း ပေးထားသော ဖုန်းနံပါတ်ကိုမူ တစ်ခါမျှ ဆက်သွယ်၍မရခဲ့ပေ။

မိမိ၏ ယာတောအိမ်လေးကို သီးသန့်ဆန်ဆန်နှင့် ဆွဲဆောင်မှုရှိအောင် ဖန်တီးလိုသော သူမ၏ရည်မှန်းချက်များက ဤသို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်စေခဲ့ခြင်းဖြစ်သည်။

“လင့်ခ် မရှိဘူး၊ ဟုတ်လား”

ဟွမ်ရှုက ဇွဲမလျှော့သေးဘဲ ဆက်တောင်းဆိုသည်။

“ဒါဆိုရင် ဒီကနေပဲ ဝယ်သွားလို့ရမလားဟင်၊ အဲဒါဆိုရင်တော့ ရလောက်ပါတယ်နော်”

ရိုးရိုးသားသား ဝန်ခံရလျှင် လီရှီးရှီး အနည်းငယ်စိတ်ယိုင်သွားမိသည်။

သို့သော် သူမကိုယ်တိုင် ထုတ်လုပ်ထားခြင်း မဟုတ်သည့်အပြင် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များလည်း မရှိသဖြင့် တိုင်ကြားခံရခြင်းမှ ကင်းဝေးစေရန် မရောင်းချခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု အသေအချာ စဉ်းစားချိန်ဆပြီးနောက် ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်တော့သည်။

“တောင်းပန်ပါတယ်ရှင့်။ ကျွန်မတို့ဆီက ဆပ်ပြာကို သီးသန့် ခွဲမရောင်းပါဘူး၊ တည်းခိုတဲ့ ဧည့်သည်တွေအတွက်ပဲ ထားပေးတာပါ။ တကယ်ကိုအားနာပါတယ်”

စကားပြောပြီးသည်နှင့် ဧည့်သည်တစ်ဦး အခန်းအပ်ရန် ရောက်ရှိလာသဖြင့် လီရှီးရှီး အမြန်ပင် ရှေ့သို့တက်သွားလိုက်သည်။

အငြင်းခံလိုက်ရသော ဟွမ်ရှုမှာတော့ တစ်ယောက်တည်းသာ နေရာတွင် ရပ်ကျန်ခဲ့တော့သည်။ သူမ အနည်းငယ် စိတ်ပျက်သွားသော်လည်း မည်သို့မှတော့ မတတ်နိုင်ချေ။

ပိုင်ရှင်ဖြစ်သူက မရောင်းဘူးဆိုသဖြင့် ဓားနှင့်ထောက်ပြီး အတင်းဝယ်၍လည်း မဖြစ်နိုင်ဘူး မဟုတ်လော။

သူမ၏ အခန်းထဲတွင် အသုံးမပြုရသေးသော ဆပ်ပြာတစ်တုံး ရှိနေသေးသည်။

‘အို... ဟုတ်သားပဲ၊ ကင်မရာမန်း တာ့ဒါရော ဘယ်လိုနေမလဲ'

‘သူက ကြမ်းတမ်းတဲ့ ယောက်ျားတစ်ယောက်မို့ ရိုးရိုးရေနဲ့ပဲ မျက်နှာသစ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ဒါဆို ဆပ်ပြာ သုံးမှာ မဟုတ်လောက်ဘူး။ သွားမေးကြည့်ရမယ်'

…

“ဆပ်ပြာ”

တာ့ဒါက ခေါင်းကုတ်ရင်း ဇဝေဇဝါဖြင့် မေးလာ၏။

“နင်က အဲဒါကို ဘာလုပ်ဖို့လဲ၊ နင့်အခန်းထဲမှာမရှိဘူးလား”

“ရှိတော့ ရှိတယ်၊ ဒါပေမဲ့ ငါ့အတွက်မလောက်လို့။ နင့်အခန်းထဲက ဆပ်ပြာကို သုံးပြီးပြီလား၊ မသုံးရသေးဘူးလား ဆိုတာကိုသာ မြန်မြန်ပြောစမ်းပါ”

“မသုံးရသေးပါဘူး။ အခွံတောင်မဖောက်ရသေးဘူး”

“ကွက်တိပဲ၊ အဲဒါတွေအကုန် ငါ့ပေး”

ဟွမ်ရှုက စိတ်လှုပ်ရှားသွားကာ တက်ကြွစွာဖြင့် အခန်းထဲသို့ တန်းဝင်လာပြီး သွားယူတော့သည်။

ထိုအဖြစ်ကို မြင်သောအခါ တာ့ဒါ၏မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို ပြောချင်သော်လည်း မျိုသိပ်ထားလိုက်ရသည့် အမူအရာမျိုး ပေါ်လာလေ၏။

ကင်မရာမန်း၏ အမူအရာကို အကဲခတ်မိသော ဟွမ်ရှုက မေးခွန်းထုတ်လိုက်သည်။

“နင်က ဘာတွေလာကြည့်နေတာလဲ”

“ငါက နားမလည်နိုင်ဖြစ်နေလို့ပါ၊ ဒီလို တစ်ခါသုံးပစ္စည်းတွေကို ယူသွားလို့ရတယ်ဆိုပေမယ့် ရတနာသိုက်ကြီး တွေ့လိုက်ရသလိုမျိုး အဲဒီလောက်ကြီး ပျော်နေစရာမလိုပါဘူး နာမည်ကြီး တံဆိပ်လည်း မဟုတ်ဘူး။ ဒီလိုပစ္စည်းတွေ အိမ်ပြန်သယ်သွားရင်လည်း ဖုန်တက်နေရုံပဲရှိမှာပါ”

“နင် ဘာမှနားမလည်ပါဘူး”

ဟွမ်ရှုက မျက်လုံးလှန်ပြလိုက်ရင်း ရှင်းပြလာလေ၏။

“ဒီဆပ်ပြာက သန့်စင်နိုင်စွမ်း အရမ်းကောင်းရုံတင်မကဘူး၊ ဝက်ခြံတွေအတွက်ပါ တကယ်အာနိသင်ရှိတာဟ”

“တကယ်ကြီးလား”

ကင်မရာမန်းက မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် မေးလိုက်၏။ သူ၏မျက်နှာပေါ်တွင်လည်း ဟိုတစ်ကွက် ဒီတစ်ကွက် ဝက်ခြံအချို့ ရှိနေလေသည်။

မိမိ၏ ရုပ်ရည်သွင်ပြင်ကို သိပ်ဂရုမစိုက်သော်လည်း ဝက်ခြံပျောက်စေနိုင်သည့် ပစ္စည်းကောင်းတစ်ခု ရှိနေသည်ဖြစ်ရာ သူလည်းစမ်းသုံးကြည့်ချင်စိတ် ပေါ်လာသည်။

သို့သော် ဟွမ်ရှုက သူမလက်ထဲရောက်နေပြီးသား ဆပ်ပြာကို အဘယ်ကြောင့် ပြန်ပေးနိုင်မည်နည်း။

ထို့ကြောင့် အပြုံးလေးဖြင့်သာ ချွေးသိပ်လိုက်သည်။

“နင့်မျက်နှာပေါ်က ဝက်ခြံလေး နှစ်လုံးသုံးလုံးလောက်က ရက်အနည်းငယ်နေရင် အလိုလိုပျောက်သွားမှာပါ၊ ငါ့ဆီမှာ နိုင်ငံခြားထုတ် ဝက်ခြံပျောက်ဆေးရှိတယ် ပြန်ရောက်ရင် နင့်ကိုပေးမယ်လေ”

“အိုကေလေ”

တာ့ဒါက ယာတောအိမ်မှ အခမဲ့ပေးသော ဆပ်ပြာကို နိုင်ငံခြားထုတ် ဝက်ခြံပျောက်ဆေးဖြင့် လဲလှယ်လိုက်ရခြင်းမှာ တကယ့်ကို တွက်ခြေကိုက်သည်ဟု စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။

သူပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဟွမ်ရှုသည် ပစ္စည်းများကို ရီဗျူးလုပ်လေ့ရှိသော သူငယ်ချင်းတစ်ဦးကို ချက်ချင်း ဆက်သွယ်လိုက်သည်။

ထိုသူငယ်ချင်း၏ အကူအညီဖြင့် စမ်းသပ်စစ်ဆေးရေးဌာနတစ်ခုသို့ သွားရောက်ကာ မျက်နှာပြောင်တိုက်၍ အမြန်စစ်ဆေးပေးမည့် တိုကင်နံပါတ်တစ်ခုကို ရယူနိုင်ခဲ့၏။

တစ်ပတ်အကြာတွင် စမ်းသပ်မှုရလဒ်များ ထွက်ပေါ်လာသည်။ ဟွမ်ရှုသည် ရှေ့မှောက်ရှိ စမ်းသပ်မှုအစီရင်ခံစာကို ဂရုတစိုက် လှန်လှော်ကြည့်ရှုလိုက်ရာ ဆပ်ပြာထဲတွင် မည်သည့် တရားမဝင်ပါဝင်ပစ္စည်းမျှ မပါရှိကြောင်း တွေ့လိုက်ရသဖြင့် စိတ်အေးသွားတော့သည်။

သို့သော် သူမတွင် ဆပ်ပြာ သုံးတုံးသာရှိခဲ့ပြီး တစ်တုံးကို စမ်းသပ်စစ်ဆေးရေးဌာနသို့ ပေးလိုက်ရသဖြင့် ကိုယ်တိုင်အသုံးပြုရန် နှစ်တုံးသာ ကျန်ရှိတော့သည်။

‘အာာာ ခြွေတာသုံးမှရတော့မယ်'

ဟွမ်ရှု၏ နောက်ဆုံးတင်လိုက်သော ဗီဒီယိုအသစ်ကို ပရိသတ်များ ဖွင့်ကြည့်လိုက်ချိန်တွင် သူတို့၏ခေါင်းထဲ၌ မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။

ပထမပိုင်းမှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး ပျော်စရာကောင်းသော နေရာတစ်ခုကို ရိုးရိုးရှင်းရှင်းမိတ်ဆက်ထားရာ ပရိသတ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး အချိန်ရလျှင် သွားလည်ချင်စိတ်များ ပေါ်လာစေသည်။

သို့သော် ဒုတိယပိုင်းသို့ ရောက်လာသောအခါ တဖြည်းဖြည်းနှင့် လမ်းကြောင်းပြောင်းသွားကာ ဤယာတောအိမ်မှ ပေးထားသော ဆပ်ပြာကို အာဘောင်အာရင်းသန်သန်ဖြင့် ကြော်ငြာပေးနေသော ဘလော့ဂါအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကြော်ငြာပုံက အရမ်းကို သိသာလွန်းနေသဖြင့် ကြည့်ရှုသူများကို ဆွံ့အသွားစေသည်။

ထို့ကြောင့် ဗီဒီယိုအောက်တွင် မှတ်ချက်များ အဆက်မပြတ် ဝင်လာတော့သည်။

“ဘလော့ဂါလေး... ဘာတွေဖြစ်နေတာလဲ”

“ဒီကြော်ငြာကြီးက အရမ်းကို အတင်းကြီးလုပ် ကြော်ငြာလွန်းနေတယ်”

“ဘလော့ဂါက ပိုက်ဆံယူပြီး လျှောက်ပြောနေတာများလား”

“ဟွမ်ရှုက အလှအပရေးရာဘလော့ဂါဘက် ကူးတော့မလို့လား”

“အပစ်ပြောတာတော့ မဟုတ်ဘူးနော်၊ ပရိသတ်ရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ရာ အနည်းဆုံးတော့ နာမည်ကြီးအမှတ်တံဆိပ် အသားအရေထိန်းသိမ်းရေးပစ္စည်းတွေနဲ့ အရင် စတင်သင့်တာ မဟုတ်ဘူးလား”

“ဘယ်ကမှန်းမသိတဲ့ ဆပ်ပြာတစ်ခုကို လာကြော်ငြာနေတယ်။ အထူးသဖြင့် ယာတောအိမ်ကနေ အလကားပေးတဲ့ ဆပ်ပြာတဲ့လား၊ ပိုက်ဆံလိုချင်လွန်းလို့ အလောတကြီးဖြစ်နေတာ မဟုတ်ဘူးလား”

“ဒီယာတောအိမ်က ကြော်ငြာခ ဘယ်လောက် ပေးထားလို့လဲ။ ငါ နှစ်ဆ ပေးမယ်” (ခွေးခေါင်း အီမိုဂျီ)

“ဘလော့ဂါရဲ့ လောဘက အရမ်းသိသာလွန်းတယ်၊ တံဆိပ်တောင်မရှိတဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေအတွက်တောင် ကြော်ငြာလက်ခံနေပြီ”

သို့သော် လူတစ်စုကမူ ဤကိစ္စကို စိတ်ဝင်စားနေကြသည်။

“ဒါက တကယ်ပဲ ကျောကဝက်ခြံတွေကို ပျောက်စေတာလား၊ ငါ ကျောင်းတက်ကတည်းက ကျောမှာ ဝက်ခြံတွေထွက်နေတာ။ နေရာပေါင်းစုံမှာ ကုကြည့်ပြီးပြီ၊ ဘာမှမထူးခြားဘူး”

“ဘာလို့ ဒီကြော်ငြာအတွက် လင့်ခ်မရှိရတာလဲ။ ဝယ်ချင်ပေမယ့် ဝယ်လို့မရဘူးဖြစ်နေတယ်”

“ဒီဆပ်ပြာက ဘယ်လောက်လဲ၊ ဈေးမကြီးဘူးဆိုရင်တော့ စမ်းသုံးကြည့်ဖို့ တစ်တုံးလောက်ဝယ်ချင်တယ်၊ ငါ့နှာခေါင်းက ဆားဝက်ခြံတွေက အမြဲတမ်း မပျောက်ဘဲ ခေါင်းမာနေတာ”

ချက်ချင်းပင် စေတနာရှင် အင်တာနက်အသုံးပြုသူအချို့က အောက်တွင် ဝင်ရောက်မှတ်ချက်ပေးကြသည်။

“ဝက်ခြံရှိရင် နာမည်ကြီးဆေးရုံကိုသာ သွားပြကြပါ၊ အလုပ်ရုံငယ်လေးတွေကထုတ်တဲ့ ပစ္စည်းတွေကို ဘယ်တော့မှမဝယ်ပါနဲ့၊ မျက်နှာပျက်စီးသွားလိမ့်မယ်”

“ဆားဝက်ခြံတွေကို လုံးဝပျောက်ကင်းအောင်လုပ်ဖို့ဆိုတာ အရမ်းခက်ခဲတယ်၊ ဒီအသားအရေထိန်းသိမ်းရေးပစ္စည်းတွေကို စနစ်တကျအသုံးမပြုရင် ချွေးပေါက်တွေ ပိုကျယ်လာနိုင်တယ်။ နေ့စဉ် သန့်စင်မှုကိုသာ သေချာဂရုစိုက်ကြပါ”

သူမ၏ ဗီဒီယို ဒုတိယပိုင်းက အငြင်းပွားမှုများ ဖြစ်ပေါ်စေမည်ကို ဟွမ်ရှု ကြိုသိထားသော်လည်း ဤမျှလောက် မှတ်ချက်များ များပြားလာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။

ဤဗီဒီယိုသည် သူမ၏ ဇာတိရွာကို ရိုက်ကူးထားသော ယခင်က အကြိုက်ဆုံး ဗီဒီယိုကိုပင် လိုက်ခ်နှင့် ကောမန့်အရေအတွက် နှစ်ခုစလုံးတွင် လျင်မြန်စွာ ကျော်တက်သွားတော့သည်။

ဖော်လိုဝါများပင် တိုးလာသဖြင့် သူမ အံ့သြမှင်သက်သွားရသည်။

အပျက်သဘောဆောင်သောမှတ်ချက်များ အတော်လေး များပြားနေသော်လည်း သူမက တကယ်တမ်းတွငခ ကြော်ငြာနေခြင်း မဟုတ်သလို မှာယူရန် လင့်ခ်ကိုပင် ထည့်သွင်းထားခြင်း မရှိပေ။

သူမက မှတ်ချက်ပေးသည့်နေရာတွင် စာတစ်ကြောင်း ဝင်ရေးလိုက်သည်။

“ဒါက ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံပါ။ အားလုံးပဲ ကိုယ့်အသားအရေနဲ့ကိုက်ညီမယ့် ပစ္စည်းတွေကို ရွေးချယ်နိုင်ပါတယ်၊ ပြီးတော့ ကျွန်မ ဒီဆပ်ပြာအကြောင်း ပိုင်ရှင်ကိုသွားမေးကြည့်တော့ သီးသန့်ခွဲမရောင်းဘူးတဲ့၊ အဲ့မှာတည်းခိုတဲ့ ဧည့်သည်တွေအတွက်ပဲ ရနိုင်တာပါ”

ဤမှတ်ချက်ကြောင့် အချို့က သူမကို ယုံကြည်သွားကြသော်လည်း အချို့ကမူ ဤသည်မှာ လီရှန်းယာတောအိမ်ကို သွယ်ဝိုက်သောနည်းဖြင့် ကြော်ငြာပေးနေခြင်းဖြစ်သည်ဟု ယူဆနေကြဆဲပင်။

ယာတောအိမ်၏ တည်းခိုခမှာ ဈေးမပေါသလို နေရာကလည်း ခေါင်ဖျားလွန်းသဖြင့် လူစိတ်ဝင်စားအောင် လှည့်ကွက်တစ်ခုခုတော့ ဖန်တီးရမည် မဟုတ်လော။

မည်သို့ပင်ဆိုစေကာမူ ဤဗီဒီယိုမှာ ဒေသတွင်း၌ ရေပန်းစားသွားခဲ့ပြီး လူအများအပြားက အော်ဒါများကို တိုက်ရိုက်တင်လာကြသည်။ အထူးသဖြင့် လှပချင်စိတ်ဖြင့် မည်သည့်အရာကိုမဆို ရင်းနှီးမြှုပ်နှံရန် ဝန်မလေးသော မိန်းကလေးများပင်။

ခေါင်ဖျားသော ယာတောအိမ်တစ်ခုတွင် ယွမ် ၂၉၉ ဖြင့် တည်းခိုရခြင်းက တကယ်တမ်း ဈေးမပေါသော်လည်း သူတို့ကို အလှပြင်ဆိုင်များတွင် ယွမ် ၂၉၉ သုံးခိုင်းမည်ဆိုပါက လုံးဝပြဿနာမရှိပေ။

အကယ်၍ ဘလော့ဂါပြောသလိုသာ ဝက်ခြံနှင့် ဆားဝက်ခြံများကို အမှန်တကယ် ပျောက်ကင်းစေနိုင်စွမ်းရှိသည်ဆိုပါက ယွမ် ၂၉၉ နေနေသာသာ၊ အချို့ဆိုလျှင် ယွမ် ၂၉၉၉ ပေးပြီးပင် ဝယ်ယူရန်ပင် ဆန္ဒရှိကြသည်။

ဝက်ခြံရှိနေခြင်းက တကယ့်ကို စိတ်ပျက်စရာကောင်းလှသည်ကို ကိုယ်တွေ့ခံစားဖူးသူတိုင်း သိကြ၏။

အချို့လူများမှာ နာမည်ကြီးအနုပညာရှင်များနှင့် သြဇာလွှမ်းမိုးသူများညွှန်းဆိုသော ဝက်ခြံပျောက်ဆေးများကို ဝယ်ယူသုံးစွဲကာ ငွေအမြောက်အမြား အကုန်အကျခံခဲ့သော်လည်း ဝက်ခြံများက ဆက်လက်ကျန်ရှိနေဆဲပင်။

ထို့ကြောင့် နောက်ထပ်တစ်ကြိမ်လောက် စမ်းသပ်ကြည့်ရခြင်းအတွက် သူတို့ လုံးဝ ဝန်လေးနေမည်မဟုတ်ပေ။

All Chapters