← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

25

လီရှီးရှီးသည် ဖြောင်ဖြောင်ထွမ် အက်ပ်၏ နောက်ကွယ်မှ အဆက်မပြတ်တက်လာနေသော အော်ဒါများကိုကြည့်ရင်း အံ့အားသင့်နေမိသည်။

‘ဘယ်လိုဖြစ်လို့ လူတွေ အတော်များများ ရုတ်တရက်ကြီး အခန်းတွေ လာဘိုကင်လုပ်နေကြတာလဲ'

ဤစနေ၊ တနင်္ဂနွေအတွက် အခန်းများအားလုံး မျက်စိတစ်မှိတ်အတွင်း ပြည့်နှက်သွားတော့သည်။ ကိုယ်ပိုင်စီးပွားရေးကို အောင်မြင်လိုသော သူမ၏ရည်မှန်းချက်များကတော့ အကောင်အထည်ပေါ်လာပြီဟု ဆိုရပေမည်။

စနေ၊ တနင်္ဂနွေရောက်သောအခါ အခန်းလာအပ်သည့် ဧည့်သည်အချို့ကို သူမ စပ်စုကြည့်လိုက်ရာ ဒေသခံဘလော့ဂါတစ်ဦးက အွန်လိုင်းတွင် သူမ၏ ယာတောအိမ်လေးကို ညွှန်းထားကြောင်း သိလိုက်ရသည်။

ချက်ချင်းပင် ဖုန်းကိုထုတ်ကာ အွန်လိုင်းတွင် ရှာဖွေကြည့်လိုက်သည်။

‘ဗီဒီယိုထဲက လူက ဟိုတစ်ခေါက်က ငါ့မကို ဆပ်ပြာရောင်းလားလို့ လာမေးတဲ့ ကောင်မလေးမဟုတ်လား'

ဗီဒီယိုထဲတွင် ဟွမ်ရှုက ယာတောအိမ်မှ ဆပ်ပြာအား အာဘောင်အာရင်းသန်သန်ဖြင့် ကြော်ငြာပေးနေသည်ကို မြင်သောအခါ လီရှီးရှီး၏မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။

ဟွမ်ရှုက ဤဆပ်ပြာသည် ဈေးကွက်ထဲရှိ အခြားဆပ်ပြာများအားလုံးကို ချက်ချင်း အလဲထိုးနိုင်စွမ်းရှိသည်ဟု ပြောဆိုထားသည် မဟုတ်လော။

‘ဒါက နည်းနည်းတော့ ပိုလွန်းမနေဘူးလား၊ ဒီလောက်ထိ ကြော်ငြာပေးမယ်မှန်းသိရင် ဟိုတစ်ခေါက်က အဲ့ကောင်မလေး ဆပ်ပြာလာတောင်းတုန်းက နောက်ထပ် နှစ်တုံးသုံးတုံးလောက် ပိုပေးလိုက်ပါတယ်'

……..

လျူရှင်းရှင်းသည် ဟွမ်ရှု၏ဗီဒီယိုကြောင့် ဤနေရာသို့လာရောက်ရန် ဆုံးဖြတ်ခဲ့သော မိန်းကလေးများထဲမှ တစ်ဦးဖြစ်သည်။ သူမ၏ ကျောပြင်တွင်တော့ ဝက်ခြံများမရှိသော်လည်း မျက်နှာပေါ်တွင် အဆီဖုငယ်လေးများ အမြောက်အမြား ရှိနေ၏။

အပေါ်ယံကြည့်လိုက်လျှင်တော့ သူမ၏မျက်နှာလေးက အတော်လေး ချောမွေ့နေပြီး ဘာမှမရှိသလို ထင်ရသော်လည်း သေချာကပ်ကြည့်လျှင်တော့ မျက်နှာပြင်က မညီမညာဖြစ်နေသည်ကို တွေ့ရပေမည်။

အထူးသဖြင့် နေရောင်အောက်တွင်ဆိုပါက ထိုအဆီဖုလေးများက သိသိသာသာ ပေါ်လွင်နေတတ်သည်။

ကျောင်းတက်ကတည်းက စတင်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် ဟိုတစ်ကွက်ဒီတစ်ကွက် အနည်းငယ်သာရှိသေးသဖြင့် သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အဆီဖုလေးများက ပို၍များပြားလာသဖြင့် သူမ အနည်းငယ်ပြာယာခတ်သွားကာ မိဘများကိုပူဆာပြီး ဆေးရုံသို့ အမြန်သွားပြခဲ့ရသည်။

သို့သော် ဆရာဝန်ပေးသောဆေးများက သူမအတွက် လုံးဝ အာနိသင်မရှိခဲ့ချေ။

ဤနှစ်များတစ်လျှောက် အနောက်တိုင်း ဆေးပညာရော တိုင်းရင်းဆေးပညာပါမကျန် ဆရာဝန်ပေါင်းစုံနှင့် ဘယ်နှကြိမ်လောက် ပြသခဲ့ဖူးမှန်း သူမကိုယ်တိုင်ပင် မမှတ်မိတော့ပေ။

ဘဲဥ၊ ကြက်သွန်ဖြူနှင့် ပေါင်းထားသော ဘဲဥပေါင်းကဲ့သို့သော ထူးဆန်းသည့် ရိုးရာဆေးမြီးတိုများကိုပင် အသုံးပြုကြည့်ခဲ့ဖူးသည်။

သို့သော် ထိုအဆီဖုလေးများက သူမ၏ မျက်နှာပေါ်တွင် ခေါင်းမာစွာ ဆက်လက်တွယ်ကပ်နေဆဲပင်။ ဤအရာက နှစ်ပေါင်းများစွာကြာသည်အထိ သူမအတွက် စိတ်သောကရောက်စရာ တစ်ခု ဖြစ်လာခဲ့သည်။

ယခုလေးတင် အွန်လိုင်းမှ ဘလော့ဂါတစ်ဦး၏ဗီဒီယိုကို ပွတ်ကြည့်ရင်း ဆပ်ပြာတစ်မျိုးက ဆားဝက်ခြံများကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံများကို ကုသပေးနိုင်ကြောင်း တွေ့လိုက်ရသဖြင့် သူမ ချက်ချင်း စိတ်ဝင်စားသွား၏။

ဆားဝက်ခြံများကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံများကိုပါ ကုသပေးနိုင်သည်ဆိုလျှင် သူမမျက်နှာပေါ်က အဆီဖုလေးတွေအတွက်လည်း အာနိသင်ရှိနိုင်လောက်သည်ဟု တွေးလိုက်မိသည်။

သို့သော် ဘလော့ဂါက အချိန်အတော်ကြာအောင် ညွှန်းဆိုနေသော်လည်း ဝယ်ယူရန်လင့်ခ်ကိုတော့ လုံးဝ မပေးထားခဲ့ချေ။ အွန်လိုင်းတွင် လိုက်လံရှာဖွေကြည့်သော်လည်း ဤယာတောအိမ်၏ တည်းခိုခန်း ဘိုကင်လင့်ခ်ကိုသာ တွေ့ရပြီး ဆပ်ပြာကိုယ်တိုင်ကတော့ ရောင်းချရန် မရှိပေ။

ထိုနေရာက လျူရှင်းရှင်း၏အိမ်နှင့် နီးလှသည်တော့ မဟုတ်ပေ၊ ကားဖြင့် သုံးနာရီခန့် မောင်းရမည်ဖြစ်သည်။ သို့သော် လှပမှုအတွက်ဆိုလျှင်တော့ သူမ သည်းခံနိုင်လေ၏။

ပြဿနာမှာ သူမ၏ကားမောင်းကျွမ်းကျင်မှုက သာမန်အဆင့်လောက်သာ ရှိသဖြင့် တစ်ယောက်ယောက် အဖော်ပါလျှင် ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

ထို့အပြင် နဂါးလှေပွဲတော် အားလပ်ရက်ကလည်း နီးကပ်လာပြီဖြစ်ရာ ထိုနေရာမှ ယာတောအိမ်တွင် တည်းခို၍ရသည် မဟုတ်လော။ ထို့ကြောင့် အခန်းနှစ်ခန်းကို ဘွတ်ကင်လုပ်လိုက်ပြီး နဂါးလှေပွဲတော် အားလပ်ရက်သုံးရက်လုံး သူမနှင့်အတူ သွားရောက်အနားယူရန် မိဘများကိုပါ ဖိတ်ခေါ်လိုက်တော့သည်။

……

“ရှင်းရှင်းရယ်၊ မေမေကတော့ ဒီအားလပ်ရက်မှာ အပြင်ထွက်မလည်ချင်ပါဘူး။ နေရာတိုင်းမှာ လူတွေက ကြိတ်ကြိတ်တိုးနေတာပဲ၊ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် လူပင်လယ်ကြီးပဲ မြင်ရမှာ၊ အိမ်မှာ အေးအေးဆေးဆေး နားနေတာကမှ ပိုကောင်းဦးမယ်”

လျူရှင်းရှင်း၏ မိခင်က မျက်မှောင်ကြုတ်ရင်း ငြင်းဆန်လေသည်။

သူမ၏ မိခင်မှာ ဌာနခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရုံးဖွင့်ရက်များတွင် လုပ်ငန်းခွင်ရှိ အကြီးအသေး ကိစ္စအဝဝကို တာဝန်ယူရသဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေရှာ၏။

နဂါးလှေပွဲတော် အားလပ်ရက်သည်လည်း ရောက်လာတော့မည်ဖြစ်သဖြင့် အိမ်တွင် ရက်အနည်းငယ်ခန့် ကောင်းကောင်းအနားယူမည်ဟု စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။

သို့သော် သမီးဖြစ်သူက ရုတ်တရက် ပြန်ရောက်လာပြီး နဂါးလှေပွဲတော် အားလပ်ရက်အတွင်း မိသားစုတစ်စုလုံး အပြင်ထွက်လည်ရန် စီစဉ်ထားကြောင်း ပြောလာသဖြင့် အနည်းငယ် စိတ်ပျက်သွားမိခြင်းပင်။

သို့သော် ဖခင်ဖြစ်သူကမူ မငြင်းဆန်ဘဲ ပြုံးရွှင်ရွှင်ဖြင့် ပြောလာလေသည်။

“မိန်းမကလည်း၊ အလောတကြီးမငြင်းပါနဲ့ဦး၊ ဒါက သမီးလေးရဲ့ စေတနာပဲဟာကို၊ အခု သူလည်း အရွယ်ရောက်ပြီး ပိုက်ဆံရှာနိုင်နေပြီဆိုတော့ ငါတို့ လူအိုကြီးတွေကို ခရီးထွက်ဖို့ခေါ်တာ ကောင်းတဲ့ကိစ္စပဲမဟုတ်လား”

ထို့နောက် သမီးဖြစ်သူဘက်သို့လှည့်ကာ မေးလိုက်သည်။

“ဒါနဲ့ ရှင်းရှင်း၊ သမီးက ဖေဖေတို့ကို ဘယ်ခေါ်သွားမလို့လဲ”

လျူရှင်းရှင်းက ခေါင်းလေးကို ကုတ်ရင်း အနည်းငယ်အားနာဟန်ဖြင့် ပြောလာ၏။

“ဒီတစ်ခေါက်သွားမယ့်နေရာက သမီး အွန်လိုင်းမှာ တွေ့ထားတာ၊ အရမ်းကို လူသိနည်းတဲ့ နေရာလေးပေမယ့် အဲဒီမှာက အရမ်းကို အေးချမ်းပြီး အနားယူဖို့ ကောင်းတယ်တဲ့၊ မေမေ... အဲဒီမှာ လူတွေ အရမ်းမများဘူးဆိုတာ သမီးအာမခံတယ်။ မေမေ အလုပ်တွေ ပင်ပန်းနေတယ်မဟုတ်လား၊ အဲဒီမှာ အနားယူဖို့က တကယ့်ကို ကွက်တိပဲ”

“တကယ်လား၊ အားလပ်ရက်မှာ လူမများတဲ့နေရာဆိုတာ ရှိလို့လား”

“သွားကြည့်ရင်သိမှာပေါ့။ ကဲ... ဒါဆို သဘောတူတယ်ပဲ မှတ်လိုက်ပီနော်”

လျူရှင်းရှင်း၏ မိခင်မှာ မတတ်သာဘဲ ခေါင်းခါလိုက်ရသည်။

‘ဒီကလေးမလေးကတော့ အမြဲတမ်း လျှို့ဝှက်ချက်တွေနဲ့’သို့သော်

သို့သော် သမီးဖြစ်သူက သူတို့အတွက် စဉ်းစားပေးသည်ဖြစ်ရာ မိဘများအနေဖြင့် သဘာဝကျကျပင် ဝမ်းသာပီတိဖြစ်ရသည်။

နဂါးလှေပွဲတော် အားလပ်ရက်မတိုင်မီ တစ်ရက်အလိုတွင် လျူရှင်းရှင်းတစ်ယောက် ထိုနေရာသို့သွားရန် စိတ်လောနေတော့သည်။

“ရှင်းရှင်း... ဘာလို့ အဲဒီလောက်တောင်လောနေရတာလဲ၊ အခုလေးတင် ရုံးဆင်းလာတာကို။ နဂါးလှေပွဲတော် အားလပ်ရက်က မနက်ဖြန်မှစမှာလေ၊ အမြန်လမ်းကလည်း အခမဲ့ပဲမလား၊ မနက်ဖြန်မနက်မှ သွားလည်း နောက်မကျပါဘူး”

(မူရင်းဘာသာပြန်သူ၏ အမှာစာလေးပါ ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်)

(မူရင်းဘာသာပြန်သူ၏ အမှာစာ။ ။ ယခုအခါ နဂါးလှေပွဲတော်အတွင်း အမြန်လမ်းများ အခမဲ့မဟုတ်တော့ပေ၊ တကယ်ကို နှမြောစရာပင်)

“အာ ဖေဖေကလည်း... နဂါးလှေပွဲတော်ကျရင် အမြန်လမ်းမှာ ကားတွေ ဘယ်လောက်တောင်ပိတ်မလဲဆိုတာ မတွေးမိဘူးလား။ အမှောင်မကျခင် မြန်မြန်သွားကြရအောင်။ အချိန်ဆွဲမနေနဲ့တော့။ သမီး အခုလေးတင် ကျန်းပင်းကော်ဇီတွေ ဝယ်လာတယ်။ ကားပေါ်မှာပဲ စားလိုက်ကြတော့။ သွားစို့”

(ကျန်းပင်းကော်ဇီဆိုတာ တရုတ်ရဲ့ နာမည်ကြီး street foodပါ အတိအကျ သိချင်ရင်တော့ Jianbing Guozi လို့ Google မှာရိုက်ရှာလိုက်ပါ ပုံတွေကျလာပါလိမ့်မယ်)

“အင်း... သမီးပြောတာလည်းယုတ္တိရှိသားပဲ။ ဒါဆိုလည်း စောစောထွက်ကြတာပေါ့၊ ဖေဖေ အိမ်သာလေး ခဏဝင်လိုက်ဦးမယ်၊ ပြီးရင် လာခဲ့မယ်”

ကားဖြင့် သုံးနာရီခန့် ကြာရှည်စွာ မောင်းနှင်ပြီးနောက် လျူရှင်းရှင်းတို့ မိသားစုမှာ နောက်ဆုံးတွင် ခရီးဆုံးသို့ ရောက်လုနီးပါး ဖြစ်လာပြီဖြစ်၏။

သို့သော် ဖခင်ဖြစ်သူက တဖြည်းဖြည်း ဝေးလံခေါင်ဖျားလာသော လမ်းကိုကြည့်ကာ မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်တော့သည်။

“ရှင်းရှင်း... သမီးက ဘယ်နေရာကို ရွေးထားတာလဲ။ ဖေဖေတို့ကို ဘယ်ခေါ်သွားမလို့လဲ။ ဒီလမ်းက ပိုပိုပြီး ခေါင်လာသလိုပဲ”

“အင်း... ဖေဖေ၊ မေမေ... တကယ်တော့လေ...”

လျူရှင်းရှင်းက မလိမ်ရဲတော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြတော့သည်။

“သမီး အွန်လိုင်းမှာ ဘလော့ဂါတစ်ယောက် ပြောထားတာတွေ့လို့။ ဆပ်ပြာတစ်မျိုးက ဝက်ခြံတွေ၊ ဘာတွေအတွက် အရမ်းအာနိသင်ရှိတယ်တဲ့၊ ဒါပေမဲ့ အဲဒါကို အွန်လိုင်းမှာမရောင်းဘူး၊ ဒီမှာ တည်းခိုတဲ့သူတွေကိုပဲ ပေးတာတဲ့လေ၊ ဖေဖေတို့လည်း သိတဲ့အတိုင်းပဲ၊ သမီးမျက်နှာပေါ်က အဆီဖုလေးတွေက နှစ်ပေါင်းများစွာ ကြာတာတောင် မပျောက်သေးဘူးလေ၊ အမြဲတမ်း စိတ်ညစ်နေရတာ၊ ဒါပေမဲ့ စိတ်မပူပါနဲ့။ သမီးတို့သွားမယ့်နေရာက ရီဗျူးအရမ်းကောင်းတဲ့ ယာတောအိမ်လေးတစ်ခုပါ။ အဲဒီမှာ ယာတောအိမ်အငွေ့အသက်ကို ခံစားလို့ရတယ်၊ ငါးမျှားလို့ရတယ်၊ ဟင်းသီးဟင်းရွက်တွေ ကိုယ်တိုင်ခူးလို့ရတယ်။ ဖေဖေ... သမီး ဖေဖေ့အတွက် ငါးမျှားတံတောင် ကားပေါ်တင်ပေးလာသေးတယ်”

ထိုစကားကို ကြားသောအခါ လင်မယားနှစ်ယောက်စလုံးက ခရီးစဉ်သည် နာမည်ကြီးနေရာတစ်ခုမှ ယာတောအိမ်သို့ ပြောင်းလဲသွားခြင်းအပေါ် သိပ်ပြီးဂရုမစိုက်ကြတော့ပေ။

မိခင်ဖြစ်သူမှာတော့ ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် ဝင်ပြောလေ၏။

“ရှင်းရှင်းရယ်... ဘာလို့ ဒီလို မယုံရတဲ့ ဆေးမြီးတိုတွေကို လျှောက်ယုံနေရပြန်တာလဲ၊ မေမေ သမီးကို ဆရာဝန်သွားပြဖို့ ပြောထားတယ်မဟုတ်လား။ အခုတစ်ခေါက် မေမေ နာမည်ကြီး တိုင်းရင်းဆေးဆရာကြီးတစ်ယောက်အကြောင်း စုံစမ်းထားတယ်၊ အချိန်ရရင် သမီးကို သွားပြခိုင်းမလို့ စဉ်းစားထားတာ”

“အာာာာ၊ မေမေကလည်း၊ သမီး တိုင်းရင်းဆေးတွေ ထပ်မသောက်ချင်တော့ဘူး။ အရမ်းခါးလွန်းလို့၊ ဒီနှစ်တွေ တစ်လျှောက်လုံး မေမေ သမီးကို ဆရာဝန်တွေအများကြီးနဲ့ ပြပေးခဲ့ပြီးပြီပဲ။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတဲ့ စကားလည်းရှိတယ်လေ။ သမီး ဆက်မသောက်ချင်တော့ဘူး”

ခါးသက်လွန်းသော တိုင်းရင်းဆေးများကို တွေးမိပြီး လျူရှင်းရှင်း မျက်မှောင်ကြုတ်သွားသည်။

“မေမေ ပြောမယ်၊ သမီးခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အားဖြည့်ပေးဖို့လိုတယ်၊ ပြီးတော့ ညဘက်လည်း ဖုန်းပွတ်ပြီးအိပ်ရေးမပျက်စေနဲ့။ သမီးရဲ့ နေထိုင်မှုပုံစံက ကမောက်ကမဖြစ်နေတာ၊ မေမေပြောတာလည်း နားမထောင်ဘူး။ တိုင်းရင်းဆေးက အာနိသင်မရှိတာ မဟုတ်ဘူး၊ သမီးက ဇွဲမရှိတာ”

မိခင်ဖြစ်သူက ဆက်ပြောလာ၏။

လျူရှင်းရှင်းက ထိုစကားကို ကြားသောအခါ အချိုသတ်ကာပြုံးပြလိုက်သည်။

“အခုခေတ် လူငယ်တွေထဲမှာ ညဘက် စောစောအိပ်နိုင်တဲ့သူ ဘယ်နှယောက်များရှိလို့လဲ၊ သမီးလည်း မနေနိုင်ဘူးလေ”

ဖခင်ဖြစ်သူကလည်း ဘေးမှနေ၍ စိတ်ပျက်ဟန်ဖြင့် ဝင်ထောက်လေသည်။

“သမီးကတော့လေ... ဖေဖေထင်တာ သမီးဝက်ခြံတွေက ဖုန်းနဲ့ မျက်နှာနဲ့ မခွာလို့ဖြစ်မှာ၊ ဖုန်းကို ချထားနိုင်တဲ့တစ်နေ့ကျရင် သမီးရဲ့ဝက်ခြံတွေရော၊ အဆီဖုတွေရော အကုန်ပျောက်သွားလိမ့်မယ်”

လျူရှင်းရှင်းက ချက်ချင်းပြန်လည်ချေပသည်။

“အရာအားလုံးကို ဖုန်းကြောင့်ဆိုပြီး အပြစ်ပုံမချပါနဲ့၊ သမီးမျက်နှာပေါ်က ဒီအရာတွေက အထက်တန်းကျောင်းတုန်းကတည်းက စဖြစ်နေတာ၊ အဲဒီတုန်းက ဘယ်သူက ဖုန်းပွတ်ဖို့အချိန်ရလို့လဲ။ နေ့တိုင်း စာမေးပွဲတွေ ဖြေနေရတာနဲ့၊ စာမေးပွဲဖြေဖို့ သွားနေရတာနဲ့တင် အချိန်ကုန်နေတာကို၊ အာ... ရောက်ပြီ။ သမီး ကားပါကင်ထိုးဖို့ နေရာအရင်ရှာလိုက်ဦးမယ်”

26

လျူရှင်းရှင်း၏ ဖခင်ဖြစ်သူ ကားပေါ်မှ ဆင်းဆင်းချင်းပင် လတ်ဆတ်သော လေပြေကို တစ်ဝကြီး ရှူရှိုက်လိုက်ရင်း အာမေဍိတ်သံ ပြုလိုက်သည်။

“ဒီရွာလေးမှာ လေထုက တကယ်ကို ကောင်းတာပဲ၊ မြို့ပေါ်မှာက နေရာတိုင်း ညစ်ညမ်းနေတော့ လေက ဒီလောက် မလတ်ဆတ်တော့ဘူးလေ၊ ဒီကိုရောက်မှပဲ ငယ်ငယ်တုန်းက အဘွားအိမ်ပြန်ရောက်သွားသလို ခံစားရတော့တယ်”

လျူရှင်းရှင်းကလည်း ဖခင်၏စကားကို ထောက်ခံလိုက်၏။

“ဟုတ်တယ် ဖေဖေ၊ ဒီက လေက တော်တော်လေးကောင်းတယ်၊ မိုးရွာထားလို့လား မသိဘူး၊ မြေကြီးနံ့သင်းသင်းနဲ့ သစ်ပင်နံ့လေးတွေ ရောနေတာ တော်တော်လေးမွှေးတာပဲ၊ ကဲ... သမီး အရင်သွားပြီး အခန်းစာရင်း သွင်းလိုက်ဦးမယ်နော်”

…

“ဖေဖေနဲ့ မေမေ၊ သမီးတို့ အခန်းတွေက တတိယထပ်မှာ၊ ခရီးဆောင်အိတ်တွေ အပေါ်သယ်သွားကြရအောင်၊ သုံးနာရီဆက်တိုက် ကားမောင်းလာရတော့ အရမ်းကို ပင်ပန်းနေပြီ၊ လက်ဖျားခြေဖျားတောင် မလှုပ်ချင်တော့ဘူး”

“အေးပါကွယ်၊ ဒါဆိုလည်း အခန်းကိုပဲ ပြန်ကြတာပေါ့၊ အချိန်လည်း နည်းနည်း လင့်နေပြီဆိုတော့ ဖေဖေတို့လည်း စောစောနားလိုက်တော့မယ်၊ သမီးလည်း တစ်ရေးလောက်အိပ်လိုက်ဦး”

အခန်းထဲသို့ရောက်သည်နှင့် ခရီးဆောင်အိတ်ကိုချကာ လျူရှင်းရှင်းတစ်ယောက် ကုတင်ပေါ်သို့ ပစ်လှဲချလိုက်တော့သည်။ နူးညံ့အိစက်သော မွေ့ရာပေါ်တွင် ဇိမ်ယူလိုက်ရင်း ဘေးဘီသို့ အကဲခတ်လိုက်မိ၏။

“ဒီမွေ့ရာကြီးက အိပ်လို့ တကယ်ကောင်းတာပဲ၊ ဟင်၊ ဒါက ဘာတွေရေးထားတာပါလိမ့်”

ကုတင်ကြီးဘေးရှိ ညအိပ်မီးအိမ်တင် စားပွဲခုံလေးပေါ်တွင် ထောင်ထားသော စာရွက်တစ်ရွက်ကို လှမ်းမြင်လိုက်သဖြင့် ကောက်ယူဖတ်ကြည့်လိုက်သည်။

“အမြန် အကြောပြင်နှိပ်နယ်ခြင်း သုံးမိနစ် အထူးဈေးနှုန်း ယွမ် ၁၆၈”

လျူရှင်းရှင်း၏မျက်လုံးအစုံ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားရသည်။ စာရွက်ပေါ်ရှိ ဂဏန်းများတွင် ဒသမကိန်းဂဏန်းများ ပါနေသလားဟု သံသယဝင်သွားသဖြင့် မျက်လုံးကို သေချာပွတ်သပ်ပြီး ထပ်မံကြည့်ရှုလိုက်၏။

“ဘုရားရေ... တကယ်ကြီး ယွမ် ၁၆၈ ပါလား၊ သုံးမိနစ်လေး နှိပ်တာကို ဒီလောက်တောင် ဈေးကြီးတာ၊ အဲဒါတောင် ‘အထူးဈေးနှုန်း’ တဲ့လား၊ အင်းလေ... အောက်ဘက်က ဈေးနှုန်းတွေနဲ့ ယှဉ်ကြည့်ရင်တော့ တကယ့်ကို အထူးဈေးနှုန်းလို့ ဆိုရမှာပဲ”

အောက်ဘက်တွင် ရေးသားထားသော ဈေးနှုန်းများမှာ တစ်ခုထက်တစ်ခု ပို၍ ကြောက်ခမန်းလိလိ ဖြစ်နေသည်။ ရေးထားသည်များကို သူမ ဆက်ဖတ်ကြည့်လိုက်၏။

အကြောအဆစ် နက်ရှိုင်းစွာနှိပ်နယ်ခြင်း (မိနစ် ၃၀) - ၁၉၀၀ ယွမ်။

ပခုံးနှင့်ဇက်ကြော လျှော့ချနှိပ်နယ်ခြင်း (မိနစ် ၃၀) - ၁၉၀၀ ယွမ်။

တစ်ကိုယ်လုံး အပန်းဖြေ နှိပ်နယ်ခြင်း (မိနစ် ၆၀) - ၃၈၀၀ ယွမ်။

……

ဤဈေးနှုန်းမျိုးက ပထမတန်းစား မြို့ကြီးပြကြီးများတွင်ပင် ဤမျှ မဈေးကြီးနိုင်ချေ။ ထိုသို့ တွေးမိသည်နှင့် လျူရှင်းရှင်း၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရသည်။

အွန်လိုင်းတွင် တွေ့ခဲ့ရသော ဘလော့ဂါသည် ဤနေရာမှ ကြော်ငြာခများယူကာ အလွန်အမင်း အမွှန်းတင်ထားခြင်းများလော။ ယခု ပြန်တွေးကြည့်ရာ ထိုဘလော့ဂါ၏ ဗီဒီယိုထဲက စကားများက သိပ်ပြီး ယုံကြည်စရာ မကောင်းသလို ခံစားလာရသည်။

ကိုယ်တိုင်ပဲ လိမ်ညာလှည့်ဖြားခံလိုက်ရခြင်းလော။ သို့သော် ဤနေရာအထိ ရောက်နေပြီဖြစ်ရာ မည်သို့ပင်ဖြစ်စေ စမ်းသပ်ကြည့်ရမည်။

ကုတင်ပေါ်မှ ထလိုက်စဉ် လျူရှင်းရှင်းက မကျေမနပ်ဖြင့် ပွစိပွစိရေရွတ်လိုက်သည်။

“တကယ်ပါပဲ၊ ဒီယာတောအိမ်က အရမ်းကို မာနကြီးလွန်းတယ်၊ ဒီက နှိပ်နယ်တဲ့ ဈေးနှုန်းတွေကိုပဲကြည့်ဦး၊ ဧည့်သည်တွေကို သားကောင်တွေလိုသဘောထားပြီး လည်ပင်းညှစ်နေတာပဲ၊ သူတို့ကပဲ ဂရန်းမာစတာအဆင့် အနှိပ်သည်ကြီးကို ငှားထားသလိုလိုနဲ့”

တကယ်တမ်းတွင်မူ ထိုအချက်က အမှန်ပင်ဖြစ်သည်။ ဤအနှိပ်ပညာရှင်ကို လီရှီးရှီးက ဆုလာဘ်မဲဖောက်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သူမ ပထမဆုံးရရှိခဲ့သော S အဆင့် ဇာတ်ကောင်ဆုလာဘ်ဖြစ်ပြီး သူမကိုယ်တိုင်လည်း အလွန်အမင်း ဝမ်းသာပီတိဖြစ်ခဲ့ရလေ၏။

ဆိုရမည်ဆိုလျှင် ဤမစ်ရှင်က မထင်မှတ်ဘဲ ရောက်ရှိလာခြင်းဖြစ်သည်။ လွန်ခဲ့သော အချိန်အတန်ကြာက သူမကို ဆပ်ပြာရောင်းသလားဟု လူအများက လာရောက်မေးမြန်းခဲ့ကြ၏။

မေးမြန်းသူ အလွန်များပြားလွန်းသောကြောင့် ယာတောအိမ်စနစ်က အပိုမစ်ရှင်တစ်ခုကို ရုတ်တရက် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

[စနစ်အသိပေးချက်]။ ။တစ်လအတွင်း ဧည့်သည်များအား ဆပ်ပြာ အတုံး ၅၀၀ ရောင်းချပါ၊

မှတ်ချက် - တစ်ဦးလျှင် ၃ တုံးသာ ကန့်သတ်ထားသည်။

အကြံပြုဈေးနှုန်း - တစ်တုံးလျှင် ယွမ် ၅၈။ လက်ရှိတိုးတက်မှု (၀/၅၀၀)

မစ်ရှင်ကျလာပြီဖြစ်ရာ လီရှီးရှီးသည် စီးပွားရေးလုပ်ငန်းလိုင်စင်တစ်ခုကို ချက်ချင်း လျှောက်ထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ယခုခေတ်တွင် အင်တာနက်စနစ် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ရာ ဤလိုင်စင်ကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့၏။

နောက်ဆုံးတွင် မှတ်ပုံတင်ကိုင်ထားသော သူမ၏ဓာတ်ပုံတစ်ပုံသာ လိုအပ်တော့သည်။ ထို့နောက် စာတိုက်မှ ပို့ဆောင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရာ သုံးရက်အကြာတွင် လိုင်စင်က လက်ဝယ်သို့ ရောက်ရှိလာခဲ့၏။

ဆပ်ပြာကို တရားဝင် ရောင်းချနိုင်ပြီဖြစ်သော်လည်း သတ်မှတ်ထားသော ဈေးနှုန်းက အချို့လူများကို နောက်တွန့်သွားစေသည်။

တည်းခိုခမှာ တစ်ညလျှင် ယွမ် ၂၉၉ သာရှိသော်လည်း အခန်းထဲတွင် အခမဲ့ပေးထားသော ဆပ်ပြာလေးက တစ်တုံးလျှင် ၆၉ ယွမ်အထိ ဈေးရှိနေသည်။ ဤဈေးနှုန်းက အနည်းငယ် အဓိပ္ပာယ်မရှိသလို ခံစားရစေသည် မဟုတ်လော။

သို့သော် ဆပ်ပြာ၏ အံ့မခန်း အာနိသင်ကိုမူ အသုံးပြုဖူးသူတိုင်းက မျက်မြင်ကိုယ်တွေ့ သိရှိထားကြပြီးဖြစ်သည်။ အခြေခံအားဖြင့် အလှအပကို မြတ်နိုးသော မိန်းကလေးတိုင်းက ဝယ်ယူကြပြီး အများစုက သုံးတုံးတစ်ဆက်တည်း ဝယ်ယူကြ၏။

ထို့ကြောင့် လဝက်ပင် မပြည့်မီအချိန်အတွင်း လီရှီးရှီးက ဤမစ်ရှင်ကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ဆုလာဘ်မဲဖောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမ ရရှိခဲ့သော ဆုလာဘ်မှာ -

[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါသည်။ S အဆင့် ဇာတ်ကောင်ကတ်ပြားတစ်ကတ်ကို ရရှိပါသည် -

အမည် - ယောင်ဖျင်အန်း

ကျား/မ - မ

အသက် - ၄၂ နှစ်

ကိုယ်ပိုင်အကဲဖြတ်ချက် - ဤလုပ်ငန်းနယ်ပယ်တွင် ကျွန်မသည် အဆင့်မြင့် စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ကျွန်မ၏ ဘိုးဘွားစဉ်ဆက် တိုင်းရင်းဆေး အကြောပြင်နှိပ်နယ်နည်းပညာကို ခံစားဖူးသူတိုင်းက အလွန်အမင်း ချီးကျူးကြသည်။

‘ယောင်ဖျင်အန်း... ရိုးရှင်းလိုက်တဲ့ နာမည်လေးပဲ’

ဤအရာက လီရှီးရှီးကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။ S အဆင့် ဇာတ်ကောင်တစ်ဦး၏ အရည်အချင်းက သေချာပေါက် ညံ့ဖျင်းနေမည်မဟုတ်ချေ။ သို့သော် ဆရာမယောင် က အလွန်အမင်း မူဝါဒကြီးမားသူတစ်ဦး ဖြစ်နေပြီး လက်ရှိ သူဌေးဖြစ်သူ မျက်နှာကိုပင် ထောက်ထားမည် မဟုတ်ပေ။

လီရှီးရှီးက S အဆင့် အနှိပ်ပညာဆိုသည်မှာ မည်သို့ရှိမည်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခံစားကြည့်ချင်ခဲ့သည်။

ထိုအခါ ဆရာမယောင်က တင်းမာသောလေသံဖြင့် ပြောလာ၏။

“သူဌေး... ကျွန်မက ပညာရှင်တစ်ယောက်ပါ၊ကျွန်မရဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာ၊ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကိုနှိပ်ခိုင်းရင်တော့ အခကြေးငွေပေးရမှာပဲ”

ထိုစကားကြောင့် လီရှီးရှီး အံ့အားသင့်သွားပြီး တိုးညှင်းသော လေသံဖြင့် ပြန်မေးလိုက်သည်။

“ဒါဆို... ဘယ်လောက်ပေးရမှာလဲ”

“ကျွန်မက နာရီနဲ့တွက်ပြီး အခကြေးငွေယူပါတယ်၊ ပုံမှန်ဆိုရင် တစ်နာရီကို ၃၈၀၀ ယွမ်ပါ”

ဆရာမယောင်က နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ ပြုံးရင်းပြန်ဖြေသည်။

“ဟာ၊ အရမ်းဈေးကြီးလွန်းတယ်”

လီရှီးရှီးမှာ အသက်ရှူပင် မှားသွားရသည်။ ဤဈေးနှုန်းက တကယ့်ကို မိုးထိအောင် မြင့်မားလွန်းနေသည် မဟုတ်လော။ ဧည့်သည်များကိုသာ ဤဈေးနှုန်းဖြင့် ကောက်ခံပါက သေချာပေါက် အဆဲခံရမည်ဖြစ်ပြီး ခေါင်းပုံဖြတ်သည့် ဆိုင်ဟုပင် အထင်ခံရပေမည်။

ယာတောအိမ်လေးကို နာမည်ကောင်းဖြင့် ရပ်တည်စေချင်သော သူမ၏ရည်မှန်းချက်များအတွက် ဤဈေးနှုန်းက အနည်းငယ် အန္တရာယ်များနေသည်။

သို့သော် ယောင်ဖျင်အန်းက ဈေးလျှော့ပေးရန် လုံးဝ ငြင်းဆန်ခဲ့သည်။ သူမ၏ ပညာက ထိုဈေးနှုန်းနှင့် ထိုက်တန်သည်ဟု အခိုင်အမာ ယုံကြည်ထား၏။

အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးနောက်မှသာ စောစောက ပြောခဲ့သော ‘အမြန် အကြောပြင်နှိပ်နယ်ခြင်း သုံးမိနစ် အထူးဈေးနှုန်း ယွမ် ၁၆၈’ ဆိုသည်ကို သဘောတူ ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

လီရှီးရှီးကိုယ်တိုင် ပထမဆုံးအနေဖြင့် သုံးမိနစ်အာနိသင်ကို စမ်းသပ်ခံယူခဲ့သည်။ ယောင်ဖျင်အန်းက ကြိုတင်သတိပေးခဲ့သေး၏။

သုံးမိနစ်တည်းနှင့် အာနိသင်ကို အပြည့်အဝရရှိစေရန် သူမ၏နှိပ်နယ်နည်းစနစ်က ပုံမှန်နှင့် ကွာခြားမည်ဖြစ်ပြီး လုပ်ငန်းစဉ်အတွင်း အလွန်အမင်း နာကျင်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။ လီရှီးရှီးက ခေါင်းညိတ်သဘောတူလိုက်ပြီး စိတ်ကို အသင့်ပြင်ကာ ဆရာမယောင်ကို နှိပ်နယ်စေခဲ့၏။

“အား...”

လီရှီးရှီး၏ ပါးစပ်မှ အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ အနည်းငယ် နာကျင်ရုံ မျှမဟုတ်ဘဲ တစ်ကိုယ်လုံး ထုံကျင်သွားလောက်အောင်ကို အသည်းအသန် နာကျင်လွန်းလှသည်။

“သူဌေး... ခဏလောက်သည်းခံထားပါ၊ လည်ပင်းက အမြဲတမ်း ညောင်းညာကိုက်ခဲနေတတ်တယ် မဟုတ်လား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ သမီး ဖုန်းကိုငုံ့ပြီး အကြာကြီးသုံးနေမိလို့ဖြစ်မယ်”

“အဆစ်လေးတွေလွဲနေလို့ ကြွက်သားတွေ အရမ်းတင်းမာနေတာပါ၊ ကြွက်သားတွေ ပြေလျော့သွားအောင် အရင် နှိပ်ပေးမယ်၊ ပြီးမှ အရိုးတွေကို နေရာပြန်သွင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်၊ ကဲ... ခန္ဓာကိုယ်ကို လျှော့ထားလိုက်ပါ”

……

“ဟေး... ငါ့လည်ပင်းက လုံးဝမကိုက်တော့ဘူးပဲ”

ငရဲကျသကဲ့သို့ ခက်ခဲကြမ်းတမ်းသော သုံးမိနစ်ကို ဖြတ်သန်းပြီးနောက် လီရှီးရှီးက ခေါင်းကို ဘယ်ညာ လှည့်ကြည့်လိုက်ရာ လည်ပင်းမှ ညောင်းညာကိုက်ခဲမှုများ လုံးဝ ပျောက်ကင်းသွားသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။

ကိုယ့်ပညာနှင့်ကိုယ် အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ယောက်က ဤမျှလောက် မာနကြီးနေသည်မှာ လုံးဝမဆန်းတော့ပေ။ လီရှီးရှီး တစ်ယောက် လုံးလုံးလျားလျား ယုံကြည်သွားတော့သည်။

ထို့နောက် ဖိုတိုရှော့ဖြင့် ကြော်ငြာစာရွက်ကို ဒီဇိုင်းဆွဲကာ ပရင့်ထုတ်ပြီး အခန်းတိုင်းတွင် ထားရှိပေးထားလိုက်၏။ လိုအပ်ပါက ဧည့်သည်များဆက်သွယ်နိုင်ရန် ယာတောအိမ် ဧည့်ကြိုကောင်တာ၏ ဖုန်းနံပါတ်ကိုပါ အောက်တွင် ထည့်သွင်းပေးထားသည်။

ထိုအချိန်တွင် လျူရှင်းရှင်းမှာမူ ဆပ်ပြာလေး၏ အံ့မခန်းအာနိသင်ထဲတွင် နစ်မြောနေပြီး ရုန်းမထွက်နိုင်အောင် ဖြစ်နေသည်။

ဆပ်ပြာလေးဖြင့် မျက်နှာကို ဂရုတစိုက် သစ်ပြီးနောက် ဘလော့ဂါ၏ ဗီဒီယိုထဲတွင် ပြောထားသည့်အတိုင်း မျက်နှာပေါ်ရှိ ချွေးပေါက်တိုင်း လွတ်လပ်စွာ အသက်ရှူနေသကဲ့သို့ လန်းဆန်းသွားသည်ကို အံ့သြဖွယ်ခံစားလိုက်ရသည်။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ မျက်နှာသစ်နေစဉ်အတွင်း နဖူးပေါ်ရှိ အဆီဖုငယ်လေးအချို့မှ အဆီများကွာကျသွားသည်ဟု သူမ ခံစားလိုက်ရခြင်းပင်။

အာနိသင်က တကယ့်ကို စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကောင်းမွန်လှသည်။

ဤနေရာတွင် လျူရှင်းရှင်း တစ်ယောက် ပျော်ရွှင်နေသော်လည်း မိခင်ဖြစ်သူမှာမူ သက်သောင့်သက်သာ မရှိဖြစ်နေရှာသည်။

ပြီးခဲ့သည့်အပတ်က သူမ၏ရုံးတွင် အရေးပေါ်ကိစ္စတစ်ခု ပေါ်လာသဖြင့် ရက်ဆက်ဆိုသလို အချိန်ပိုဆင်းခဲ့ရရာ သွားရန်စီစဉ်ထားသော အနှိပ်ခန်းသို့ပင် မသွားဖြစ်ခဲ့ချေ။ သူမတွင် နာတာရှည်ရောဂါဟောင်းတစ်ခု ရှိနေသည် မဟုတ်ပါလော။

အချိန်ကြာကြာ ထိုင်မိသည်နှင့် ကျောရိုးတစ်လျှောက် ကိုက်ခဲလာတတ်လေသည်။

All Chapters