← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

27

ယခုတစ်ခေါက် အလုပ်များ အရမ်းများသွားသဖြင့် အနှိပ်ခန်းသွားဖို့ အချိန်ရက်ချိန်းယူရန်ပင် မေ့လျော့သွားခဲ့သည်။ ထို့အပြင် သမီးဖြစ်သူက အပြင်ထွက်လည်ရန် ခေါ်လာသဖြင့် ထိုကိစ္စကို လုံးဝ ခေါင်းထဲမှ ထုတ်ပစ်လိုက်မိ၏။

ယခင်ကဆိုလျှင် ကျောရိုးကိုက်လာတိုင်း သူမ ပုံမှန်သွားနေကျ တိုင်းရင်းဆေးအနှိပ်ခန်းသို့ သွားလေ့ရှိသည်။ ထိုသို့နှိပ်နယ်ခြင်းက နာကျင်မှုကို အပြီးတိုင် မပျောက်ကင်းစေနိုင်သော်လည်း အနည်းဆုံးတော့ အတန်ငယ် သက်သာသွားစေ၏။

သို့သော် သမီးဖြစ်သူနှင့်အတူ တောင်ပေါ်ရှိ ဤယာတောအိမ်လေးသို့ ရောက်ရောက်ချင်း၊ ခရီးဆောင်အိတ်ကို ချလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ကျောပြင်မှ နာကျင်ကိုက်ခဲမှုက ရုတ်တရက် ထကြွလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

‘ဒီနေရာက အရမ်းခေါင်လွန်းတော့ အနီးအနားမှာ ဆေးခန်းလေးတစ်ခုတောင်မရှိဘူး၊ တောင်အောက်ကို ဆင်းရတော့မှာလား’

ထိုစဉ် ခင်ပွန်းဖြစ်သူက ကုတင်ဘေးရှိ စားပွဲခုံလေးကို လက်ညှိုးထိုးပြရင်း စကားစလာသည်။

“မိန်းမ... ဒီမှာကြည့်စမ်း၊ ဒီယာတောအိမ်မှာ အကြောပြင်နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုတောင် ရှိတယ်ကွ၊ ဒါပေမဲ့ ဈေးနှုန်းကတော့...”

ဖခင်ဖြစ်သူက အသံကိုနှိမ့်ကာ တီးတိုးဆက်ပြောသည်။

“ဒါက တရားဝင်အနှိပ်ခန်းရောဟုတ်ရဲ့လား၊ ဈေးနှုန်းကိုကြည့်ရတာ လုံးဝ မရိုးသားဘူး၊ ဒါပေမဲ့လည်း မဖြစ်နိုင်ပါဘူးလေ၊ ဒီလောက်ကြီး ဗြောင်ကျကျတော့ ဘယ်လုပ်ရဲပါ့မလဲ”

“ဘာတွေ ပွစိပွစိလုပ်နေတာလဲ၊ ဘာလို့ အသံက ရုတ်တရက်တိုးသွားရတာလဲ။ ဈေးနှုန်းက ဘာဖြစ်လို့လဲ၊ သာမန် အနှိပ်ခန်းတွေထက် နည်းနည်းပိုဈေးကြီးနေလို့လား၊ ဈေးကြီးရင်လည်း ကြီးပါစေပေါ့၊ အရင်က ကျွန်မသွားနေကျ နေရာကလည်း ဈေးပေါတာမှ မဟုတ်တာ။ ဒီယာတောအိမ်က ဝန်ဆောင်မှုတွေ ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး၊ အနှိပ်သည်တောင် ရှိသေးတယ်။ မြန်မြန်... ကျွန်မအတွက် တစ်ယောက်လောက် ခေါ်ပေးပါဦး၊ နည်းနည်းလေး သက်သာသွားရင်တောင် တော်ပါပြီ”

လျူရှင်းရှင်း၏ မိခင်မှာ ခါးကိုပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။

ဖခင်ဖြစ်သူကမူ မျက်မှောင်ကြုတ်လျက် ပြန်လည်ချေပသည်။

“မိန်းမရယ်... ဒီဈေးနှုန်းက နည်းနည်းလေးကြီးတာမဟုတ်ဘူး၊ အရမ်းကို ကြီးလွန်းနေတာ”

ဇနီးဖြစ်သူက ခါးကိုပွတ်သပ်နေရင်းမှ သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။

“ဘယ်လောက်တောင် ဈေးကြီးနေလို့လဲ။ ရှင်က ကျွန်မအတွက် ပိုက်ဆံမကုန်ချင်လို့လား”

လျူက မတရားစွပ်စွဲခံရသဖြင့် အလန့်တကြား အော်ဟစ်လိုက်ပြီး သူအပြစ်ကင်းစင်ကြောင်း သက်သေပြရန် ကုတင်ဘေးရှိ စားပွဲခုံမှ စာရွက်ကို ဇနီးဖြစ်သူထံ အမြန်ကမ်းပေးလိုက်သည်။

မိခင်ဖြစ်သူက မျက်မှန်ကိုပင့်တင်လိုက်ရင်း စာရွက်ကို ဖတ်ကြည့်လိုက်သည်။

“သူတို့ ဒီဈေးနှုန်းမှာ ဒသမကိန်းဂဏန်းထည့်ဖို့ မေ့သွားတာများလား”

တကယ့်ကို သားအမိတွေဆိုတာ ပြသနေသလိုပင်။ သူမ၏ တုံ့ပြန်မှုက ခုနလေးက သမီးဖြစ်သူ၏တုံ့ပြန်မှုနှင့် တစ်ထပ်တည်း ကျနေတော့သည်။

“အကိုလျူ... ရှင် ဖုန်းဆက်ပြီး အရင်မေးကြည့်လိုက်ပါလား၊ သူတို့ ဒသမကိန်းဂဏန်း မေ့ကျန်ခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ၊ မဟုတ်ရင်တော့ ဒီဈေးနှုန်းက အရမ်းကို အဓိပ္ပာယ်မရှိတာဘဲ”

အထင်လွဲမှားမှုတစ်ခုခုများ ဖြစ်နေမလားဆိုသည့် အတွေးဖြင့် ခင်ပွန်းဖြစ်သူကို အရင်ဆုံး ဖုန်းဆက်မေးမြန်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။

…

ဖုန်းပြောပြီးနောက် လျူက ဇနီးဖြစ်သူအား ဈေးနှုန်းမှာ အမှန်တကယ်ပင် ထိုအတိုင်းဖြစ်ကြောင်း အတည်ပြုပေးသည်။

သို့သော် တစ်ဖက်မှ ယာတောအိမ် ဝန်ထမ်းက ယွမ် ၁၆၈ တန် သုံးမိနစ် အထူးအစီအစဉ်ကို စမ်းကြည့်ရန် အကြံပြုကြောင်းနှင့် ယင်းသည် မိနစ် ၃၀ နှိပ်နယ်ခြင်းနှင့် အာနိသင် အတူတူပင်ဖြစ်ကြောင်း ပြောပြခဲ့သည်။

လျူရှင်းရှင်း၏မိခင်မှာ ဤအချက်ကို အနည်းငယ် သံသယဝင်သွားမိသည်။

သူမက အနှိပ်ခန်းများသို့ တစ်ခါမျှ မရောက်ဖူးသူ မဟုတ်သလို နာမည်ကြီး တိုင်းရင်းဆေးဆရာကြီး အတော်များများနှင့်လည်း ပြသခဲ့ဖူးသည် မဟုတ်လော။

သုံးမိနစ် နှိပ်နယ်ခြင်းက မိနစ် ၃၀ နှိပ်နယ်ခြင်းနှင့် အာနိသင် တူညီသည်ဟု သူမ တစ်ခါမျှ မကြားဖူးခဲ့ပေ။ ထို့အပြင် တကယ်တမ်း အာနိသင်ချင်း တူညီနေမည်ဆိုပါက နာရီဝက်အတွက် ၁၉၀၀ ဆိုသည့် ဈေးနှုန်းကို ဘာကြောင့် ထားရှိရမည်နည်း။

ထိုစဉ် သူမ ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။ အလွန်အမင်း ဈေးကြီးသော ဂဏန်းလေးလုံးပါ ဈေးနှုန်းများက အပေါ်ရှိ ယွမ် ၁၆၈ ဆိုသည့် ဈေးနှုန်းကို ပိုမိုထင်ရှားစေရန်နှင့် ဖောက်သည်များကို ထိုရွေးချယ်မှုဆီသို့ ဦးတည်စေရန် ဖန်တီးထားသော ဈေးကွက်လှည့်ကွက်တစ်ခုများ ဖြစ်နေခြင်းလော။

ဇနီးဖြစ်သူ၏ သံသယများကို နားထောင်ပြီးနောက် လျူက အနည်းငယ် ရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် ရှင်းပြသည်။

“မိန်းမ... သုံးမိနစ်နဲ့ မိနစ်သုံးဆယ်ကြားက ကွာခြားချက်နဲ့ပတ်သက်ပြီး သူတို့က ဥပမာတစ်ခု ပေးသွားတယ်၊ အစာအိမ်မှန်ပြောင်းကြည့်တာနဲ့ တူတယ်တဲ့လေ၊ တစ်ခုက သာမန် အစာအိမ်မှန်ပြောင်း ကြည့်တာဖြစ်ပြီး၊ နောက်တစ်ခုက နာကျင်မှုမရှိတဲ့ အစာအိမ်မှန်ပြောင်း ကြည့်တာမျိုးပေါ့၊ နှစ်ခုစလုံးက ရလဒ်ထွက်ပေါ်နိုင်ပေမယ့် တစ်ခုက လုပ်ငန်းစဉ်အတွင်းမှာ နာကျင်ခံရခက်ပြီး နောက်တစ်ခုကတော့ ဘာမှမခံစားရဘူးတဲ့”

ဇနီးဖြစ်သူက ခေါင်းခါလိုက်ပြီး စိတ်ပျက်လက်ပျက် ရယ်မောလိုက်သည်။

“ဘယ်လောက်တောင် နာကျင်မှာမို့လို့လဲ၊ သူတို့က အာနိသင်အတူတူပဲလို့ ပြောနေမှတော့ ၁၆၈ ယွမ်တန်ကိုပဲ ရွေးလိုက်မယ်၊ တကယ်လို့ အလုပ်မဖြစ်ရင်တော့ ပိုက်ဆံပြန်အမ်းခိုင်းရမှာပဲ”

အချိန်ခဏကြာပြီးနောက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တံခါးဖွင့်ကြည့်လိုက်ရာ သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်ထားပြီး ကျွမ်းကျင်သူတစ်ဦး၏ အသွင်အပြင်မျိုးရှိသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသဖြင့် မြင်မြင်ချင်းပင် အထင်ကြီးလေးစားမှုများ ဖြစ်သွားလေ၏။

သို့သော် အပြင်ပန်းသွင်ပြင်ကိုသာကြည့်၍ ယုံကြည်ရန် မဖြစ်နိုင်ချေ။ တကယ့် ပညာအစစ်အမှန်ရှိရန် လိုအပ်သည်။

မိခင်ဖြစ်သူက အသက်သုံးဆယ်ကျော် အရွယ်ခန့်သာ ရှိသေးပုံရသော ထိုအမျိုးသမီးကိုကြည့်ရင်း အနည်းငယ် သံသယဝင်သွားမိသည်။ သို့သော် ဤနေရာအထိ ရောက်နေပြီဖြစ်ရာ စမ်းသပ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။

ခဏအကြာတွင်….

“အား...”

ဤမျှလောက်အထိ နာကျင်ရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူမက ခါးကို လက်ညှိုးထိုးပြရုံသာ ရှိသေးသည်။

ထိုအမျိုးသမီးက မျက်မှန်ကိုချွတ်ကာ လှဲလျောင်းရန်ပြောပြီးနောက် ရုတ်တရက် လက်ဖြင့် အားပါပါဖိချလိုက်ရာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရတော့သည်။

ဘေးမှ စောင့်ကြည့်နေသော ခင်ပွန်းဖြစ်သူက ယောင်ဖျင်အန်းကို ပြာပြာသလဲ တောင်းပန်ရှာသည်။

“ဆရာမ... နည်းနည်းလောက် ဖြည်းဖြည်းလုပ်ပေးပါ၊ ကျွန်တော့် မိန်းမ အရမ်းနာနေပုံရတယ်”

ဇနီးဖြစ်သူကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းကို အဆက်မပြတ်ညိတ်ပြရင်း အသံကုန် အော်ဟစ်လိုက်သည်။

“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်...”

အာသီးများပင် ပြုတ်ထွက်ကျလာတော့မယောင် ခံစားလိုက်ရ၏။ ယောင်ဖျင်အန်း က အကြောပွိုင့်တစ်ခုကို အားကုန်ဖိချလိုက်သဖြင့် စကားပြောနေရင်းပင် သူမ၏အသံများ ပြောင်းလဲသွားရတော့သည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာရှိ အခန်းများက ခိုင်ခံ့သော ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး အသံလုံစနစ်ကလည်း အလွန်ကောင်းမွန်လှသည်။

ထို့ကြောင့် ဘေးခန်းမှ သမီးဖြစ်သူ လျူရှင်းရှင်းမှာ ရေချိုးပြီးခါစ ဆံပင်လေမှုတ်နေသဖြင့် ဤဘက်ခန်းမှ ဆူညံသံများကို လုံးဝ ကြားသိခြင်းမရှိခဲ့ချေ။

……

ငရဲကျသကဲ့သို့ ခက်ခဲကြမ်းတမ်းသော သုံးမိနစ် ကုန်ဆုံးသွားသောအခါ လျူရှင်းရှင်း၏မိခင်မှာ ငါးသေတစ်ကောင်သဖွယ် မလှုပ်မယှက် ပက်လက်လန်နေတော့၏။

ဇနီးဖြစ်သူ၏ ကျန်းမာရေးကို စိုးရိမ်နေသော လျူက အနားသို့ ကပ်သွားကာ ဂရုတစိုက်ဖြင့် တီးတိုးမေးရှာသည်။

“မိန်းမ... အဆင်ပြေရဲ့လား”

ဇနီးဖြစ်သူက အသိစိတ် အနည်းငယ် ပြန်လည်လာပြီးနောက်….

“ဘယ်လိုလုပ် အဆင်ပြေမှာလဲ၊ ခုနက ကျွန်မ ဘယ်လောက်တောင် သနားစရာကောင်းအောင် အော်နေခဲ့ရလဲဆိုတာ ရှင် မမြင်ဘူးလား၊ လည်ချောင်းတွေတောင်ကွဲကုန်ပြီ”

လျူက မနေနိုင်ဘဲ တီးတိုး ပြန်လည်ချေပလိုက်သည်။

“ငါ့ကို ဆူတဲ့အချိန်ကျတော့ မင်းအသံက အားအင်တွေအပြည့်ရှိနေသလိုပဲနော်”

“ရှင်… ရှင် ဘာပြောတယ်”

ဇနီးဖြစ်သူက သူ့ကို ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

လျူက ခပ်ဟဟ ရယ်မောလိုက်ပြီး စကားလမ်းကြောင်းကို အမြန်လွှဲကာ မေးလိုက်ရ၏။

“ဒါနဲ့ မိန်းမ... အခု ခါးကဘယ်လိုနေသေးလဲ၊ နာနေတုန်းပဲလား။ နည်းနည်းလေးဖြစ်ဖြစ် သက်သာသွားလား”

ဇနီးဖြစ်သူက သူမ၏ခါးကို အနည်းငယ်လှည့်ကြည့်ကာ စမ်းသပ်ကြည့်လိုက်ပြီးနောက် အံ့သြဝမ်းသာစွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

“ဟေး... တကယ်ပဲ မနာတော့ဘူးဟ၊ တကယ်ကို အာနိသင်ရှိတာပဲ”

ယောင်ဖျင်အန်းကလည်း အချိန်ကိုက်ဝင်ပြောလာသည်။

“အစ်မကြီး... အစ်မကြီးရဲ့ခါးက အရင်တုန်းက အလွန်အေးတဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် အဲဒီလိုအခြေအနေမျိုးမှာ ပြင်းပြင်းထန်ထန်ထိခိုက်ဖူးတာမျိုး ရှိလား”

“ရှိတယ်၊ ရှိတယ်၊ ရှိတယ်။ အဲဒီနှစ် ဆောင်းတွင်းတုန်းက သူ ရေကန်ထဲ မတော်တဆပြုတ်ကျသွားခဲ့တာလေ၊ ကံကောင်းလို့ ကျွန်တော်က ရေကူးတတ်တော့ ခုန်ဆင်းပြီး သူ့ကိုကယ်ခဲ့ရတာ၊ အဲဒီကနေစပြီး ကျွန်တော်တို့ တွေ့ခဲ့ကြတာပေါ့”

လျူက စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလာ၏။

“အဲဒါကြောင့်ကိုး”

ယောင်ဖျင်အန်းက လျူရှင်းရှင်းမိခင်၏ ခါးကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

“အစ်မကြီးရဲ့ ခါးပြဿနာက သိပ်မဆိုးသေးပါဘူး၊ နောက်ထပ် ငါးကြိမ်လောက်နှိပ်လိုက်ရင် လုံးဝ ပျောက်ကင်းသွားမှာပါ”

“တကယ်လား”

လျူရှင်းရှင်း၏မိခင်မှာ ဤနှိပ်နယ်ခြင်းအာနိသင်က တကယ်ကို ချက်ချင်းလက်ငင်း ထိရောက်ကြောင်း ခံစားလိုက်ရ၏။

သုံးမိနစ်အကြာတွင် ခါးနာခြင်း လုံးဝပျောက်ကင်းသွားရာ ယခင်က သူမ ရှာဖွေတွေ့ရှိခဲ့သော နာမည်ကြီးတိုင်းရင်းဆေးဆရာများထက်ပင် ဆရာမယောင်က အဆပေါင်းများစွာ ပိုမိုထိရောက်မှု ရှိနေသည်။

ဆရာမယောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြရင်း ဆိုလာသည်။

“ကျွန်မက နောက်ထပ်နှစ်ကြိမ်ဆိုရင် ကောင်းသွားမယ်လို့ ပြောလိုက်ရင်၊ တစ်ကြိမ်တောင် ပိုလုပ်စရာမလိုပါဘူး”

လျူရှင်းရှင်း၏မိခင်မှာ အလွန်အမင်း စိတ်ဝင်စားသွားသည်။ ယခု သူမ၏ စိတ်ထဲတွင် ယွမ် ၁၆၈ တန် သုံးမိနစ် အမျိုးအစားကို ရွေးချယ်ရမည်လော၊ သို့မဟုတ် ယွမ် ၁၉၀၀ တန် နာရီဝက် အမျိုးအစားကို ရွေးချယ်ရမည်လော ဆိုသည်ကို စိတ်ထဲတွင် လွန်ဆွဲနေမိ၏။

တွက်ခြေကိုက်မှုကို ကြည့်မည်ဆိုပါက ယွမ် ၁၆၈ က သေချာပေါက် ပို၍ ခြိုးခြံချွေတာရာရောက်သည်။ သို့သော် ရိုးရိုးသားသား ဝန်ခံရလျှင် ထိုသုံးမိနစ်လေးမှာ တစ်နှစ်ခန့် ကြာရှည်သွားသကဲ့သို့ ခံစားခဲ့ရပြီး နာကျင်မှုမှာလည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် သူမ ကလေးမွေးဖွားစဉ်က နာကျင်မှုထက် လုံးဝမလျော့နည်းခဲ့ပေ။

မိမိ၏ ကျန်းမာရေးအတွက် အကောင်းဆုံးကိုသာ ရွေးချယ်ချင်သော ရည်မှန်းချက်ကလည်း ရင်ထဲတွင်ကိန်းအောင်းလာသည်။

ယွမ် ၁၉၀၀ ဆိုသည်ကလည်း သူမအတွက် ကြီးမားသောပြဿနာတစ်ခုတော့ မဟုတ်ပေ။ ယခုအခါ ဘဝက သာယာဖြောင့်ဖြူးနေပြီး မိသားစု၏ စီးပွားရေးအခြေအနေကလည်း အတော်လေး တောင့်တင်းခိုင်မာနေပြီ မဟုတ်လော။

သို့သော် သူမ၏ မွေးရာပါစရိုက်က အနည်းငယ် ခြိုးခြံချွေတာတတ်ပြီး ဆုံးဖြတ်ချက်ချရာတွင် တွေဝေတတ်သူ ဖြစ်သည်။ သမီးဖြစ်သူအပေါ်တွင်မူ အလွန်အမင်း ရက်ရောပြီး အလိုလိုက်တတ်၏။

ငယ်စဉ်မှစ၍ အရွယ်ရောက်သည်အထိ သမီးဖြစ်သူလိုချင်သော ကစားစရာများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အဆင့်မြင့် အမှတ်တံဆိပ် အဝတ်အစားများ အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့သည်။

ကိုယ်တိုင်အတွက်တော့ ဘယ်လိုရွေးချယ်ရမလဲဆိုသည်ကို ဆက်လက် စဉ်းစားရဦးမည်ဖြစ်သည်။

28

သို့သော် ကိုယ်တိုင်အတွက် ရွေးချယ်ရမည့် အချိန်ရောက်လာသောအခါ သူမ၏ စျေးနှုန်းများကို နှိုင်းယှဉ်ကာ အသက်သာဆုံးကို ရွေးချယ်လေ့ရှိသော အကျင့်ဟောင်းက ပြန်ပေါ်လာ၏။

တကယ်တမ်း ပိုက်ဆံမသုံးချင်၍တော့ မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကျောနာသက်သာစေရန် အနှိပ်ခန်းသို့ သီးသန့်သွားမည် မဟုတ်လော။

အကယ်၍ ၁၉၀၀ ယွမ်တန် တစ်ခုတည်းသာ ရွေးချယ်စရာ ရှိနေမည်ဆိုပါက သူမအနေဖြင့် ရွေးချယ်စရာ မလိုတော့ဘဲ အံကြိတ် လက်ခံလိုက်မည်မှာ သေချာသည်။ မိမိ၏ကျန်းမာရေးအတွက် အကောင်းဆုံးကိုသာ ရွေးချယ်လိုသောဆန္ဒက ရင်ထဲတွင် အမြဲရှိနေသည် မဟုတ်လော။

သို့သော် ရွေးချယ်စရာ နှစ်ခုဖြစ်နေသောကြောင့် သူမ အလွန်အမင်း ဝေခွဲမရ ဖြစ်နေရသည်။ ချွေတာသင့်သလား၊ ပိုက်ဆံသုံးသင့်သလားဆိုသည်ကို သူမ မဆုံးဖြတ်နိုင်သေးပေ။

ထိုသို့ တွေဝေနေစဉ် ခုနလေးတင် သူမကို နှိပ်နယ်ပေးခဲ့သော ဆရာမယောင်၏အသံကို ကြားလိုက်ရသည်။

“အစ်ကိုကြီး ခဏခဏ ခေါင်းမူးတတ်လား”

ယောင်ဖျင်အန်း က လျူကို စိုက်ကြည့်ရင်း မေးလိုက်၏။

“ဆရာမက ဘယ်လိုလုပ်သိတာလဲ”

လျူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ခုနက ထိုအမျိုးသမီး သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့စဉ်က သူ အနည်းငယ်ထူးဆန်းနေပြီး သက်သောင့်သက်သာ မရှိဖြစ်ခဲ့ရသည် မဟုတ်လော။

“ကြည့်လိုက်တာနဲ့ သိသာပါတယ်၊ အစ်ကိုကြီးရဲ့ လည်ပင်းရိုးမှာ နည်းနည်းအဆစ်လွဲနေဖို့ ရာခိုင်နှုန်း တော်တော်များတယ်၊ ကျွန်မစကားကိုမယုံရင် ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်ကြည့်လို့ရတယ်၊ အခုလောလောဆယ်တော့ အရမ်းကြီး မဆိုးရွားသေးဘူး၊ ဒါပေမဲ့ အချိန်ဆွဲမနေတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ခေါင်းမူးတာ၊ ပျို့အန်ချင်တာတွေ ပိုဆိုးလာလိမ့်မယ်”

လျူက ဘာမှပြန်မပြောရသေးမီ ဇနီးဖြစ်သူက အရင်ဆုံး ဝင်ပြောလိုက်သည်။

“အကိုလျူ... ရှင် ဒီခေါင်းမူးတဲ့ ပြဿနာက ဘယ်တုန်းကတည်းက စဖြစ်နေတာလဲ၊ ဘာလို့ ကျွန်မကို မပြောတာလဲ၊ ကျွန်မက အခုမှပဲသိရတော့တယ်”

“မင်း စိတ်ပူနေမှာစိုးလို့ပါ၊ ခေါင်းမူးတာက ကြီးကြီးမားမား ကိစ္စမဟုတ်ဘူးလို့ ထင်ခဲ့တာလေ၊ ပြီးတော့ ဆေးစစ်ချက်တွေကလည်း ပုံမှန်ပဲဆိုတော့ ကိုယ်သိပ်ဂရုမစိုက်မိခဲ့ဘူး”

ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို မတတ်သာသည့်အဆုံး သက်ပြင်းချကာ ကြည့်လိုက်သည်။

‘သူက ဘာလို့ အမြဲတမ်း သတင်းကောင်းကိုပဲ ပြောပြီး သတင်းဆိုးကို ဖုံးကွယ်ထားတတ်ရတာလဲ'

ထို့နောက် ယောင်ဖျင်အန်းဘက်သို့ လှည့်ကာ ညင်သာသော လေသံဖြင့် မေးလိုက်၏။

“ဆရာမ... ကျွန်မယောကျာ်းရဲ့ အခြေအနေက နှိပ်နယ်တာနဲ့တင် သက်သာနိုင်ပါ့မလား”

“ရပါတယ်၊ သူ့အခြေအနေက အစ်မကြီးလောက်မဆိုးပါဘူး၊ နှစ်ကြိမ်လောက်နှိပ်လိုက်ရင် လုံလောက်ပါပြီ”

“ဒါဆို သူ့ကိုလည်း နှိပ်ပေးလိုက်ပါ”

လျူက ခေါင်းကုတ်ရင်း ပြောလိုက်၏။

“ကောင်းပြီလေ၊ ဒါဆို ကိုယ်လည်း ၁၆၈ ယွမ်တန်လေးပဲ စမ်းကြည့်လိုက်မယ်”

ထိုစကားကို ကြားသောအခါ ဇနီးဖြစ်သူက မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် ပြောလာသည်။

“အကိုလျူ... ၁၆၈ ယွမ်တန်က သာမန်လူတွေ ခံနိုင်ရည်ရှိတဲ့ အရာမျိုး တကယ်မဟုတ်ဘူးနော်၊ အရမ်းနာတာ၊ ရှင် ပိုက်ဆံနည်းနည်းပိုသုံးပြီး ပိုကောင်းတဲ့ဟာလေး ယူလိုက်ပါလား”

သို့သော် လျူက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းကာ…

“ကိုယ်တို့လို ယောက်ျားကြီးတွေက နာတာကိုကြောက်ပါ့မလား၊ ရပါတယ် မိန်းမရယ်... မင်းပဲ ၁၉၀၀ ယွမ်တန်ကို လုပ်လိုက်ပါ၊ ကိုယ်ကတော့ နည်းနည်း ချွေတာလိုက်မယ်”

အချိန်အနည်းငယ်ကြာပီးနောက်…

“အား...”

နာကျင်မှု...

ဤသည်မှာ လျူ၏ ပထမဆုံး တုံ့ပြန်မှုပင်ဖြစ်သည်။ သူ၏စကားများက ချက်ချင်းပင် ပါးရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။

သူက အသားထူသဖြင့် ဇနီးဖြစ်သူလောက် နာကျင်မှုကို ခံစားရမည်မဟုတ်ဟု ထင်ထားခဲ့သည်။

သို့သော် ဆရာမ၏လက်နှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိပြီး မျက်ရည်များပင် ကျလာမတတ် ဖြစ်သွားရသည်။

စူးရှသော အော်သံကြောင့် ဘေးခန်းတွင် မျက်နှာပေါင်းတင်ရန် ကုတင်ပေါ်၌လှဲနေသော လျူရှင်းရှင်းမှာ လန့်ဖျပ်သွားရသည်။

အသံက သူမ၏ဖခင်အသံနှင့် အတော်လေးတူသော်လည်း သူမ၏ဖခင်လို ယောက်ျားကြီးတစ်ယောက်က ဘယ်လိုလုပ် ဤသို့အော်နေရမည်နည်း။

အကယ်၍ တစ်ခုခုဖြစ်နေလျှင်ပင် မိခင်ဖြစ်သူက ဘာလို့ ဘာအသံမှ မထွက်လာရသနည်း။

သူမ အသက်ကိုအောင့်ထားကာ နံရံနားကပ်၍ ဘေးခန်းမှ အသံများကို သေချာနားစွင့်လိုက်သည်။

“နာလိုက်တာ”

လျူရှင်းရှင်း ဤအော်သံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ ‘ငါ့အဖေ အသံအစစ်ပဲ။ ဘာတွေဖြစ်နေတာလဲ'

သူမ ဘေးခန်းသို့ အမြန်ပြေးသွားပြီး တံခါးကို ခေါက်လိုက်သည်။

“ဒေါက်၊ ဒေါက်၊ ဒေါက်”

လျူရှင်းရှင်းက စိုးရိမ်တကြီးဖြင့် တံခါးကို ခေါက်နေမိသည်။ ‘အဖေက အဲဒီလိုအော်နေတာ ဘာတွေများဖြစ်နေလို့လဲ’

သူမ စိတ်မပူပဲ မနေနိုင်တော့ချေ။

မကြာမီ မိခင်ဖြစ်သူက တံခါးလာဖွင့်ပေးသည်။

“မေမေ... ဘေးခန်းကနေ အသံတွေကြားနေရလို့၊ ဖေဖေ တစ်ခုခုများဖြစ်လို့လား”

မိခင်ဖြစ်သူ၏မျက်နှာထားက အနည်းငယ် မချိပြုံး ပြုံးနေသည့်ဟန် ဖြစ်နေသည်။ တစ်ကြိမ်နှိပ်နယ်ရုံမျှဖြင့် သူမ၏ ခင်ပွန်းမှာ ဝက်တစ်ကောင်အသတ်ခံရသလို အော်ဟစ်နေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ထို့အပြင် ဘေးခန်းမှ သမီးဖြစ်သူကပါ ကြားသွားသေး၏။

‘သူက ဒီလောက် အသက်ကြီးနေပြီကို မရှက်ဘူးလားမသိဘူး၊ ငါက သူ့ထက်တောင် နာကျင်မှုကို ပိုခံနိုင်ရည်ရှိသေးသည်။ အနည်းဆုံးတော့ ငါအော်တုန်းက ဘေးခန်းက သမီး ရောက်မလာခဲ့ဘူးလေ'

“အို... ဘာဖြစ်ရမှာလဲ၊ ဘာမှမဖြစ်ပါဘူး၊ ပြန်တော့၊ နင့်အဖေက အသံစမ်းနေရုံပါ”

မိခင်ဖြစ်သူက သမီးဖြစ်သူကိုအခန်းထဲပြန်၍ အနားယူရန် လက်ယမ်းပြလိုက်သည်။

“ဟင်”

လျူရှင်းရှင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း မိခင်ကိုယ်တိုင်က ဘာမှမဖြစ်ဘူးဟု ပြောနေပြီဖြစ်ရာ သူမလည်း ဆက်ပြီး စိတ်ပူမနေတော့ပေ။

သူမ အခန်းထဲသို့ ပြန်ရောက်ရောက်ချင်းပင် ဘေးခန်းတံခါးက သေချာမပိတ်ထားသဖြင့် ဖခင်ဖြစ်သူ၏ နောက်ထပ်အော်သံတစ်ခုကို ကြားလိုက်ရပြန်သည်။

မေမေကများ ဖေဖေ့ကို အနိုင်ကျင့်နေတာလား။ ယုတ္တိမရှိသော ဤအတွေးက လျူရှင်းရှင်း၏ခေါင်းထဲသို့ ရုတ်တရက်ဝင်လာသော်လည်း ချက်ချင်းပင် ခေါင်းခါပစ်လိုက်သည်။

‘မဖြစ်နိုင်ပါဘူး၊ အဖေနဲ့အမေရဲ့ ဆက်ဆံရေး အရမ်းကောင်းတာ၊ အိမ်မှာဆို ငါတောင် ကြည့်မရလောက်အောင် ချစ်ကြည်နူးနေကြတာလေ’

သူမ ဆက်မတွေးတော့ဘဲ အခန်းထဲပြန်ဝင်ကာ မျက်နှာပေါင်းတင်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် လျူမှာ ရှည်လျားပြီး နာကျင်လှသော သုံးမိနစ်ကို ဖြတ်သန်းပြီးနောက် မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းနေဆဲဖြစ်သော်ငြား သေရာမှပြန်ရှင်လာသလို ခံစားလိုက်ရသည်။

‘ယောက်ျားဆိုတာ မျက်ရည်မလွယ်ဘူးလို့ ပြောကြပေမယ့် ဒီအနှိပ်ဆရာမက လက်အရမ်းပေါက်လွန်းတယ်၊ အရပ်ခုနစ်ပေရှိတဲ့ ယောက်ျားကြီးတစ်ယောက်တောင် မျက်ရည်မလည်ဘဲ မနေနိုင်အောင် ဖြစ်ရတယ်လို့'

သို့သော် ယခုအခါ သူ၏ လည်ပင်းတစ်ဝိုက်တွင် ဖော်ပြ၍မရနိုင်လောက်သော ပေါ့ပါးမှုမျိုးကို ခံစားနေရပြီး ခန္ဓာကိုယ်ထဲတွင် စုပုံနေသည့် တင်းမာမှုများအားလုံး လွင့်စင်သွားသကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် ဇနီးဖြစ်သူဘက်သို့လှည့်ကာ ပြောလိုက်သည်။

“မိန်းမ... ဒါဆိုရင် ဒီမှာပဲ ၁၉၀၀ ယွမ်တန် အနှိပ်ခံကြတာပေါ့။ ထပ်ပြီး တွေဝေမနေနဲ့တော့”

ဆရာမ ယောင်ဖျင်အန်းက ခေါင်းညိတ်ကာ နောက်တစ်နေ့အတွက် အနှိပ်ခံမည့်အချိန်ကို သဘောတူညီမှု ရယူပြီးနောက် အခန်းထဲမှ ထွက်ခွာသွားသည်။

အခြားတစ်ဖက်တွင်မူ ဆပ်ပြာသေးသေးလေးကို နှစ်ကြိမ်အသုံးပြုပြီးနောက် လျူရှင်းရှင်းမှာ သူမ မျက်နှာပေါ်ရှိ အဆီဖုလေးများ တကယ်ပင် လျော့ပါးသွားသည်ကို အံ့သြဝမ်းသာစွာ တွေ့လိုက်ရသည်။

အလှအပကို အလွန်နှစ်သက်သူပီပီ မှန်ထဲတွင် ဟိုကြည့်ဒီကြည့်ဖြင့် အချိန်ဖြုန်းနေမိ၏။ မိဘများက တံခါးလာခေါက်ပြီး နံနက်စာစားရန် လာမခေါ်ပါက မှန်ရှေ့တွင် ဆက်ရပ်နေဦးမည်မှာ သေချာသည်။

လျူရှင်းရှင်းက လှေကားပေါ်မှဆင်းလာစဉ် မိခင်ဖြစ်သူ၏လက်မောင်းကို ချိတ်ကာ ချွဲနွဲ့သည့်လေသံဖြင့် မေးလိုက်၏။

“မေမေ... သမီးမျက်နှာလေး ပိုသန့်လာတယ်လို့ မထင်ဘူးလား”

“ဒါပေါ့... ဒီနေ့ သမီးမျက်နှာပေါ်မှာ အနီတွေ၊ ခရမ်းတွေ၊ အပန်းရောင်တွေ လျှောက်မခြယ်ထားတော့ ပိုလန်းနေတာပေါ့”

“အာ... မေမေကလည်း၊ အဲဒါတွေကို ပါးနီ၊ အိုင်းရှဲဒိုးလို့ ခေါ်တာ၊ အဲဒါတွေကို ပြောချင်တာမဟုတ်ဘူးလေ၊ သမီး မျက်နှာပေါ်က အဆီဖုလေးတွေကို ကြည့်ပါဦး၊ မနေ့ကထက် ပိုနည်းသွားတယ်လို့ မထင်ဘူးလား”

“တကယ်လား... တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် အပြောင်းအလဲရှိနိုင်မှာလဲ”

မိခင်ဖြစ်သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း လျူရှင်းရှင်း လက်ညှိုးထိုးပြသည့် နေရာကိုတော့ သေချာစိုက်ကြည့်လိုက်သေး၏။

“ဟင်... ပိုချောမွေ့သွားသလိုတော့ ရှိတယ်၊ သမီး တစ်ခုခုလိမ်းထားလို့လား”

ထိုစကားကို ကြားသောအခါ လျူရှင်းရှင်းက အလွန်ဝမ်းသာအားရဖြင့် ပြန်ဖြေလိုက်သည်။

“အရင်က သမီး မေမေ့ကိုပြောဖူးတယ်လေ၊ ဒီယာတောအိမ်က ပေးတဲ့ဆပ်ပြာအကြောင်း၊ အွန်လိုင်းမှာ ဘလော့ဂါတစ်ယောက် ညွှန်းထားတာ တွေ့လို့၊ တကယ် အာနိသင်ရှိတာပဲ”

“အဲဒါက ယုံရလို့လား၊ တစ်ရက်တည်းနဲ့ အဆီဖုတွေ ဒီလောက်တောင်လျော့သွားတယ်လား၊ အဲဒီထဲမှာ ဟော်မုန်းတွေများပါနေမလား”

မိခင်ဖြစ်သူက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မပါပါဘူး”

လျူရှင်းရှင်းက ပေါ့ပေါ့ပါးပါး လက်ခါယမ်းရင်း ရှင်းပြသည်။

“ခဏနေရင် အဲဒီဘလော့ဂါရဲ့ ဗီဒီယိုကို မေမေ့ကိုပြမယ်၊ အဲဒီဘလော့ဂါက ဆပ်ပြာကို စမ်းသပ်စစ်ဆေးရေးဌာနမှာ ပိုက်ဆံပေးပြီး စစ်ဆေးခဲ့တာ၊ တရားမဝင်ပါဝင်ပစ္စည်း တစ်ခုမှမပါဘူးတဲ့။ ဓာတ်မတည့်တာကိုဖြစ်စေတဲ့ပါဝင်ပစ္စည်း တစ်ခုလေးတောင် မပါဘူးတဲ့။ အရမ်းကို နူးညံ့တာ”

ပြောပြီးသည်နှင့် သူမက ဖုန်းကိုထုတ်ကာ သိမ်းထားသောဗီဒီယိုကို ရှာရန် ပြင်လိုက်သော်လည်း မိခင်ဖြစ်သူက လက်ဖြင့်တားလိုက်၏။

“ကဲပါ... ကဲပါ၊ ဖုန်းနောက်မှကြည့်၊ အရင်ဆုံး မနက်စာသွားစားကြစို့၊ မနေ့က မေမေ သေချာမေးထားတယ်၊ ဒီက မနက်စာက ၉ နာရီခွဲဆိုပိတ်ပြီတဲ့၊ အစကတော့ အချိန်အများကြီးရသေးတယ်လို့ ထင်ထားတာ၊ မနေ့ညက မေမေတို့ နှစ်ယောက်လုံး အရမ်းအိပ်လို့ကောင်းပြီး ရှစ်နာရီကျော်တဲ့အထိ အိပ်ပျော်သွားလိမ့်မယ်လို့ မထင်ထားဘူး၊ အခု ကိုးနာရီ ထိုးနေပြီ၊ မနက်စာ မလွတ်သွားလို့တော်သေးတယ်၊ သမီးလည်းသိတဲ့အတိုင်းပဲ၊ မနက်စာဆိုတာ မစားဘဲနေလို့မရဘူးလေ...”

လျူရှင်းရှင်းက သူမ၏နားနှစ်ဖက်ကို အမြန်ပိတ်လိုက်ပြီး မကျေမနပ်ဖြစ်ဟန်ဆောင်ကာ…

“ကဲပါ... မေမေရယ်၊ တော်ပါတော့၊ မေမေက နေ့တိုင်း ဒီဓာတ်ပြားဟောင်းကြီးတွေပဲ ဖွင့်နေတာ သမီးတောင်ရိုးနေပြီ”

“ဒီကလေးမကတော့လေ... အခုတော့ ငါကပဲ နင့်ကို ပွစိပွစိလုပ်နေတယ် ဖြစ်ရသေးတယ်ပေါ့လေ”

All Chapters