အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
29
လျူရှင်းရှင်းသည် နံနက်စာစားနေရင်းမှ ဆပ်ပြာ၏ အံ့မခန်းအာနိသင်ကို ပါးစပ်မှ မချနိုင်အောင် ချီးကျူးနေတော့၏။ မိဘနှစ်ပါး၏အခန်းထဲရှိ ဆပ်ပြာများအားလုံးကိုလည်း အိမ်ပြန်ယူသွားရန် သေချာမှာကြားနေသေးသည်။
“အို... ဒီတစ်ခေါက်ထွက်လာရတာ တကယ်ကိုတန်သွားပြီ။ သမီးမျက်နှာပေါ်က အဆီဖုအပိတ်လေးတွေ ပျောက်ကင်းဖို့ နောက်ဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီပဲ၊ ဒီပိုက်ဆံတွေ သုံးရကျိုးနပ်ပါတယ်၊ ဒီနှစ်တွေတစ်လျှောက်လုံး ဆေးရုံပေါင်းဘယ်နှရုံကို သွားခဲ့ရပြီး ပိုက်ဆံတွေ ဘယ်လောက်တောင် အလဟဿကုန်ခဲ့ရလဲ။ ဒီမှာတည်းရတဲ့ ကုန်ကျစရိတ်လောက်ကိုတော့ သမီး ကျေကျေနပ်နပ်ကြီးကိုပေးမှာပဲ”
လျူရှင်းရှင်းက ဝမ်းသာပီတိဖြစ်စွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် စကားလမ်းကြောင်းကို ချက်ချင်းလွှဲလိုက်သည်။
“ဒါပေမဲ့လေ၊ အခန်းထဲက ကုတင်ဘေး စားပွဲခုံပေါ်မှာ ထောင်ထားတဲ့ အကြောပြင်နှိပ်နယ်ခြင်း ဈေးနှုန်းစာရင်းကြီးကတော့ တကယ့်ကို မိုးထိအောင် ဈေးကြီးလွန်းတယ်၊ အချိန်ရယ်၊ ဈေးနှုန်းရယ်ကို ကြည့်လိုက်ရင် တကယ့် အရူးမှပဲအနှိပ်ခံမှာ၊ ဒီက သူဌေးမလေးက ဘာတွေများစဉ်းစားနေလို့ အဲဒီလို ဈေးတွေတပ်ထားတာလဲ မသိဘူး၊ ဒါက ကိုယ့်ဘာသာ အဆဲခံရအောင် ဖန်တီးနေတာနဲ့မတူဘူးလား”
လျူရှင်းရှင်း၏ စကားဆုံးသည်နှင့် မိဘနှစ်ပါး၏မျက်နှာမျ အနည်းငယ် တောင့်တင်းသွားပြီး ဖော်ပြ၍မရနိုင်လောက်သော အနေခက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို သူမ သတိပြုမိလိုက်သည်။
“ဖေဖေ၊ မေမေ... ဘာဖြစ်လို့လဲ။ နှစ်ယောက်လုံး မျက်နှာတွေက ဘာလို့ တစ်မျိုးဖြစ်နေတာလဲ”
နေရာအသစ်တွင် နေသားမကျဖြစ်ကာ နေမကောင်းများ ဖြစ်နေသလားဟူသော စိုးရိမ်စိတ်ဖြင့် မိဘများကို ဂရုတစိုက်မေးလိုက်သည်။
“အဟမ်း... အဟမ်း”
ဖခင်ဖြစ်သူက ချောင်းဟန့်လိုက်ပြီး ဆင်ခြေတစ်ခုပေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူးကွယ်၊ ဖေဖေနဲ့ မေမေ အကုန်အဆင်ပြေပါတယ်။ မနေ့ညကဆို တော်တော်လေးကို အိပ်လို့ကောင်းတာ၊ သမီးလည်း သိတဲ့အတိုင်း ဖေဖေက အအိပ်ဆက်ပြီး အလွယ်တကူ နိုးတတ်တဲ့သူလေ၊ ဒါပေမဲ့ မနေ့ညကတော့ မိုးလင်းတဲ့အထိ တစ်ရေးတည်းကိုအိပ်ပျော်သွားတာပဲ။ အင်း... ဖေဖေ ထင်တာတော့လေ၊ သူတို့က ဒီလောက်ဈေးကြီးကြီး တောင်းရဲတယ်ဆိုမှတော့ အဲဒီ ဆရာမယောင်ဆိုတဲ့သူက တကယ်ကို ပညာပြည့်ဝပြီး ဈေးနှုန်းနဲ့ ထိုက်တန်လို့ နေမှာပါ၊ ကဲပါ... စကားတွေများမနေနဲ့တော့၊ ပန်းကန်ထဲက ဆန်ပြုတ်ကို မြန်မြန်ကုန်အောင်သောက်လိုက်၊ အေးကုန်တော့မယ်”
သို့သော် ဖခင်ဖြစ်သူ၏ အမူအရာက တစ်ခုခု လွဲချော်နေသည်ကို လျူရှင်းရှင်း ခံစားနေရသည်။ ယခင်က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ၁၈၈၈ ယွမ်တန် ဆံပင်ညှပ်ခြင်းဖြင့် ဖခင်ဖြစ်သူ လိမ်ညာခံခဲ့ရဖူး၏။
ထိုအချိန်မှစ၍ သူသည် လူသစ်စိတ်သစ်ပြောင်းလဲသွားခဲ့ပြီး မျက်နှာပျက်မည်စိုး၍ ငွေအလဟဿ ဖြုန်းတီးခြင်းမျိုးကို လုံးဝ မလုပ်တော့ချေ။ အွန်လိုင်းတွင် ထိုကဲ့သို့သောသတင်းမျိုး တွေ့လျှင်ပင် ဝင်ရောက်၍ ဆဲဆိုဝေဖန်တတ်သေးသည်။
ထိုစဉ် ဤယာတောအိမ်၏ ပိုင်ရှင်ဖြစ်သူ ရောက်ရှိလာသည်။
လီရှီးရှီးသည် နံနက်စာစားပြီးသည်မှာ သိပ်မကြာသေးချေ။ အခန်း ၃၀၂ မှ ဧည့်သည်နှစ်ဦးသည် ယမန်နေ့က သုံးမိနစ် နှိပ်နယ်ခြင်းကို ခံယူပြီးနောက် ယွမ် ၁၉၀၀ တန် အနှိပ်အစီအစဉ်ကို နှစ်ယောက်လုံး ဘွတ်ကင်လုပ်သွားကြောင်း ဆရာမယောင်ထံမှ ကြားသိခဲ့ရသည်။
ဧည့်ခန်းမတွင် ထိုင်နေသော ထိုဧည့်သည်များကို မြင်လိုက်ရသဖြင့် ယမန်နေ့က နှိပ်နယ်ခဲ့ရသည့် သူတို့၏အတွေ့အကြုံကို သွားရောက်မေးမြန်းလိုစိတ်များ ပြင်းပြလာ၏။ မိမိ၏ ယာတောအိမ်လေးကို ပြီးပြည့်စုံသော အပန်းဖြေစခန်းလေးအဖြစ် မြင်တွေ့ချင်သော ရည်မှန်းချက်က သူမ၏ခြေလှမ်းများကို ပိုမိုသွက်လက်တက်ကြွလာစေသည်။
“မင်္ဂလာပါရှင်။ ကျွန်မက ဒီယာတောအိမ်ရဲ့ ပိုင်ရှင် လီရှီးရှီးပါ၊ ရှောင်လီလို့ပဲ ခေါ်လို့ရပါတယ်ရှင့်”
လီရှီးရှီးက အပြုံးချိုချိုလေးဖြင့် မိသားစုဝိုင်းသို့ လျှောက်လာကာ နှုတ်ဆက်လိုက်သည်။
အလွန်လှပသော မိန်းမချောလေးတစ်ဦး လျှောက်လာသည်ကို မြင်သောအခါ လျူရှင်းရှင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤသူမှာ လီရှန်းယာတောအိမ်၏ ပိုင်ရှင်ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
တကယ့်ကို အားကျစရာပင်။ ရွယ်တူလောက်သာ ရှိသေးသော်လည်း သူမ၏ဘဝက မည်မျှ လွတ်လပ်ပြီး သက်သောင့်သက်သာ ရှိလိုက်သနည်း။ ကိုယ်တိုင်မှာတော့ အားလပ်ရက်လေး အခွင့်ကောင်းယူပြီးမှသာ အပြင်ထွက်လည်နိုင်သည် မဟုတ်လော။
လျူရှင်းရှင်းက ချက်ချင်းပင် အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်သည်။
“မင်္ဂလာပါ၊ မင်္ဂလာပါရှင်၊ ဘာများ အကူအညီလိုလို့လဲဟင်”
“ဒီလိုပါရှင့်၊ မနေ့က အန်ကယ်တို့၊ အန်တီတို့ ကျွန်မတို့ဆီက အထူးအကြောပြင်နှိပ်နယ်ခြင်း ဝန်ဆောင်မှုကို စမ်းသပ်ခံယူခဲ့တယ်ဆိုလို့ပါ၊ အန်တီတို့နှစ်ယောက်ရဲ့ တကယ့်အတွေ့အကြုံနဲ့ ခံစားချက်လေးတွေကို သိချင်လို့ လာမေးတာပါ”
‘ဘာ၊ ဖေဖေနဲ့ မေမေက ဘယ်တုန်းက အနှိပ်ခံလိုက်တာလဲ’ လျူရှင်းရှင်းက မိဘနှစ်ပါးကို နားမလည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။
မိခင်ဖြစ်သူက လီရှီးရှီးကို ပြုံးပြရင်း ဝင်ရောက်ဖြေကြားသည်။
“ဆရာမယောင်ရဲ့ အနှိပ်ပညာက တကယ်ကို ပြောင်မြောက်ပါတယ်။ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး၊ လုံးဝ ထိပ်တန်းအဆင့်ပဲ၊ အန်တီ့ရဲ့ ခါးနာတဲ့ ရောဂါဟောင်းက နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့တာ၊ မနေ့က ဆရာမယောင်လာပြီး သုံးမိနစ်လောက်နှိပ်ပေးသွားတယ်၊ လုပ်ငန်းစဉ်က နည်းနည်းတော့နာကျင်ရပေမယ့် အဲဒီနောက်ပိုင်း ခါးက လုံးဝမနာတော့ဘူးလေ”
ဤအကြောင်းကို ပြောရာတွင် ဖခင်ဖြစ်သူကလည်း တက်ကြွလာသည်။
“ဟုတ်ပါ့ဗျာ၊ ဆရာမယောင်က ဦးလေးရဲ့ လည်ပင်းရိုးပြဿနာကို ချက်ချင်းထောက်ပြနိုင်ခဲ့တာ၊ သူနှိပ်နယ်ပေးပြီးတော့ တစ်ကိုယ်လုံးကို ပေါ့ပါးသွားတာပဲ၊ အခုဆိုရင် ဒီနေ့အတွက် ဆရာမယောင်ကို ထပ်ပြီး နှိပ်ပေးဖို့တောင် ဘိုကင်လုပ်ထားသေးတယ်”
နှစ်ဖက်စလုံး ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။ သို့သော် နဂါးလှေပွဲတော် အားလပ်ရက်အတွင်း ဆိုင်တွင် ဧည့်သည်များပြားလွန်းသဖြင့် လီရှီးရှီးမှာ ရွာထဲမှ လူအချို့ကို ယာယီ စားပွဲထိုးအဖြစ် အကူခေါ်ထားရသည်။
လီရှန်းရွာတွင် ကျန်ရစ်သူများမှာ အသက်အရွယ် ကြီးရင့်သူများသာ ဖြစ်ပြီး သူတို့၏တရုတ်စကားမှာလည်း သိပ်မချောမွေ့လှပေ။ သူမကိုယ်တိုင် လိုက်လံကြီးကြပ်ရမည် ဖြစ်သည်။
လီရှီးရှီးက လျူရှင်းရှင်းတို့ မိသားစုကို နှုတ်ဆက်ပြီးနောက် အခြားဧည့်သည်များနှင့် သွားရောက်ပြောဆိုဆက်ဆံရန် ထွက်ခွာသွားသည်။
လီရှီးရှီး ထွက်သွားသည်ကို ကြည့်ပြီးနောက် လျူရှင်းရှင်းမှာ မြိုသိပ်ထားသမျှ စကားများကို ဆက်လက်မထိန်းထားနိုင်တော့ချေ။
“မေမေ... မနေ့က ခါးနာနေတယ်ဆိုတာ ဘာလို့ သမီးကိုမပြောတာလဲ။ သမီးက တောင်အောက်က အနီးဆုံး ဆေးရုံအနှိပ်ဌာနကို ခေါ်သွားပေးလို့ ရတာပဲဟာကို၊ အဲဒီမှာဆို ဆေးကုသစရိတ် အာမခံတောင် သုံးလို့ရသေးတယ်၊ ပြီးတော့ အဲဒီကလူတွေအကုန်လုံးက တရားဝင်ဆေးတက္ကသိုလ်တွေကနေ ဘွဲ့ရလာတဲ့ ဆရာဝန်တွေချည်းပဲ။ မေမေ့ရဲ့ ခါးပြဿနာက သေးသေးလေး မဟုတ်ဘူးနော်၊ ဒီက နှိပ်တဲ့သူတွေက ပရော်ဖက်ရှင်နယ်မဟုတ်ဘဲ ပိုဆိုးသွားအောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ဒီက ဈေးနှုန်းတွေကလည်း လူတွေကို ခေါင်းပုံဖြတ်နေတာ အသိသာကြီးပဲဟာကို”
လျူရှင်းရှင်းက တစ်တွတ်တွတ်ဖြင့် ဆူပူနေတော့ရာ မိခင်ဖြစ်သူက ချက်ချင်း ပြန်လည်ချေပလာသည်။
“ငါ့ခါးအခြေအနေ ဘယ်လောက်ဆိုးလဲဆိုတာ ငါမသိဘဲ နေပါ့မလား၊ ဒီက ဆရာမယောင်က အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တယ်။ သူ့ရဲ့ နည်းစနစ်တွေက တိုင်းရင်းဆေးဆရာကြီးတွေဖြစ်တဲ့ သူ့ဘိုးဘွားတွေဆီကနေ အမွေရထားတာ၊ သူက တကယ့်ပညာရှင်အစစ်ပဲ၊ နောက်ထပ်နှစ်ကြိမ်လောက် နှိပ်လိုက်ရင် ငါ့ခါး လုံးဝ မနာတော့ဘူးလို့ ဆရာမယောင်က အာမခံသွားတယ်၊ အခုတစ်ခါ ဈေးကြီးတယ်လို့ထင်ရပေမယ့် တခြားနေရာမှာ နှိပ်မယ်ဆိုရင် တစ်ခါနှိပ်ရင် ဈေးပေါသလိုလိုနဲ့ အကြိမ်ရေများများနှိပ်ရရင် စုစုပေါင်းကုန်ကျစရိတ်က ဒီထက်တောင် ပိုများသွားဦးမယ်”
ထို့နောက် မိခင်ဖြစ်သူက လေသံကို အနည်းငယ် ပျော့ပျောင်းသွားစေကာ နှစ်သိမ့်လိုက်၏။
“ကဲပါ... ဖေဖေနဲ့ မေမေလည်း အသက်ကြီးနေပါပြီ၊ သမီးထက် မေမေတို့အရင် ထမင်းစားလာတာပါ။ မေမေတို့အလိမ်မခံရပါဘူး၊ မနေ့က မေမေ့ခါး ရုတ်တရက် နာလာတာ၊ သမီးလည်း ကားအကြာကြီးမောင်းလာရတော့ ပင်ပန်းနေမှာစိုးလို့ အနှောင့်အယှက် မပေးချင်လို့ပါ။ ကြည့်စမ်း... အခုတော့ ကံဆိုးမသွားရာ ကံကောင်းလာတယ်လို့ပဲ ဆိုရမလား။ ဒီလောက်တော်တဲ့ ဆရာမယောင်ကိုတောင် ရှာတွေ့ခဲ့တ။ခ”
လျူရှင်းရှင်းက အမာကိုကြောက်ပြီး အပျော့ကိုသာ လက်ခံတတ်သူမျိုးဖြစ်သည်။ မိခင်ဖြစ်သူက ဤသို့ပြောလာသည်ဖြစ်ရာ သူမ ဘာဆက်ပြောနိုင်မည်နည်း။ သို့သော် ဤအနှိပ်ပညာရှင် ဆရာမယောင်ဆိုသူက တကယ်ပဲ ထိုမျှ အစွမ်းထက်နေသည်လော။
သူမက အလုပ်ခွင်တွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ရလေ့ရှိသဖြင့် လည်ပင်းနှင့်ပခုံးများမှာ ရှောင်လွှဲ၍မရနိုင်လောက်အောင် ညောင်းညာကိုက်ခဲနေတတ်သည်။
ထို့ကြောင့် သူမကိုယ်တိုင်လည်း စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။ ‘၁၆၈ ယွမ်တန် သုံးမိနစ် အထူးအစီအစဉ် ရှိတယ်ဆိုပါလား။ ငါလည်း အဲဒါလေး စမ်းကြည့်ရင် ကောင်းမလားပဲ'
သို့သော် မိဘနှစ်ပါး၏ မျက်နှာအမူအရာများက အလွန်အမင်း ဝေခွဲမရဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
“ရှင်းရှင်း... သမီးမှာ ကျန်းမာရေးပြဿနာ ဘာမှမရှိဘူးမဟုတ်လား။ သမီးက ငယ်ငယ်လေးရှိသေးတာပဲ၊ အနှိပ်ခံဖို့မလိုပါဘူး”
“ဟုတ်တယ်လေ၊ ပြီးတော့ သမီးက နာတာကို အရမ်းကြောက်တာမဟုတ်လား၊ သမီး ခံနိုင်ရည်မရှိမှာကို ဖေဖေတို့ စိုးရိမ်လို့ပါ”
လျူရှင်းရှင်း အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။
“ဖေဖေ၊ မေမေ... ခုနလေးတင်ပဲ ဒီက အနှိပ်ပညာက ဘယ်လောက်ကောင်းတယ်ဆိုတာ ချီးကျူးနေတာ မဟုတ်ဘူးလား၊ ပြီးတော့ သမီးရဲ့ ပခုံးနဲ့လည်ပင်းက နည်းနည်းညောင်းနေလို့ စမ်းကြည့်ချင်တာပါ၊ ဘာလို့မလိုရမှာလဲ။ နာမယ်ဆိုတာလည်း သမီးသိပါတယ်၊ သမီး အရင်ကလည်း အနှိပ်ခံဖူးတာပဲ၊ ဒီလောက်ကတော့ လက်ခံနိုင်ပါတယ်”
လျူရှင်းရှင်းက လက်ယမ်းပြလိုက်သည်။ မိဘနှစ်ပါးက သူမကို အလွန်အမင်း အလိုလိုက်လွန်းနေသည်ဟု ခံစားနေရ၏။ ‘ဒီလောက် နာကျင်မှုလေးက ဘာများ ဂရုစိုက်စရာလိုလို့လဲ’
သို့သော် ဖခင်ဖြစ်သူက လွမ်းဆွေးတသသည့် လေသံဖြင့် ဝင်ပြောလိမ့်လာမည်ဟု သူမ မထင်ထားခဲ့ချေ။
“ဒီ ဆရာမယောင်က သာမန်လူမဟုတ်ဘူး သမီးရဲ့၊ သူ့လက်အားက သာမန်အနှိပ်ဆရာတွေထက် အများကြီးပိုပြင်းတယ်။ ဖေဖေတောင်မှ အံကြိတ်ပြီး မနည်းခံလိုက်ရတာ”
ထိုစကားကိုကြားသောအခါ လျူရှင်းရှင်းက ယမန်နေ့ညက ဘေးခန်းမှ ကြားလိုက်ရသော စူးရှသည့်အော်သံကြီးနှင့် ရုတ်တရက် ဆက်စပ်တွေးတောမိသွားပြီး သံသယဖြင့် မေးလိုက်သည်။
“ဖေဖေ... မနေ့က အနှိပ်ခံရတုန်းက အရမ်းကို သနားစရာကောင်းအောင် အော်နေခဲ့တာ ဖေဖေလား၊ သမီး ဘေးခန်းကနေ ကြားလိုက်ရတယ်နော်”
“အဟွတ်၊ အဟွတ်၊ အဟွတ်”
ဖခင်ဖြစ်သူက လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်ခါစအချိန်တွင် သမီးဖြစ်သူက အကွက်ကျကျ ဖော်ထုတ်လိုက်သဖြင့် သီးသွားရတော့သည်။
“အင်း... ရှင်းရှင်းရယ်...”
ဖခင်ဖြစ်သူက အနေခက်စွာဖြင့် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။
“သမီး အနှိပ်ခံချင်တယ်ဆိုရင်လည်း ၁၉၀၀ ယွမ်တန်ကိုပဲ လုပ်လိုက်ပါ၊ ဖေဖေ ပိုက်ဆံ ရှင်းပေးမယ်နော်”
30
လျူရှင်းရှင်းတို့ မိသားစုသည် ဤနေရာလေးတွင် အလွန်သာယာပျော်ရွှင်ဖွယ်ကောင်းသော အားလပ်ရက်ကို ဖြတ်သန်းခဲ့ကြသည်။
လတ်ဆတ်သော လေပြည်လေညင်း၊ စိမ်းလန်းစိုပြည်သော တောင်တန်းများနှင့် ကြည်လင်အေးမြသော ရေစီးကြောင်းတို့က သဘာဝတရား၏ရင်ခွင်ထဲ အပြည့်အဝ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
မိသားစုတစ်စုလုံး သက်သောင့်သက်သာဖြင့် ဇိမ်ကျနေခဲ့ကြပြီး လျူရှင်းရှင်း၏ ညဉ့်နက်သည်အထိ ဖုန်းသုံးတတ်သော အကျင့်ဆိုးပင် ဤရက်ပိုင်းအတွင်း အလိုအလျောက်ပျောက်ကင်းသွားခဲ့သည်။
အကြောင်းမှာ ညဘက် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် ကုတင်ပေါ်သို့ လှဲချလိုက်တိုင်း ဖုန်းကို ခဏလောက် ထပ်ပွတ်ချင်သေးသည်၊
ဂိမ်းလေး တစ်ပွဲနှစ်ပွဲလောက် ဆော့ချင်သေးသည်၊
ဗီဒီယိုလေးတွေ ကြည့်ချင်သေးသည်ဟု တွေးနေဆဲမှာပင် မျက်ခွံများက အလိုအလျောက် လေးလံကျဆင်းလာကာ ကုတင်နှင့် ကျောထိသည်နှင့် တစ်ပြိုင်နက် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သောကြောင့်ပင်။
ဤခရီးစဉ်မှ သူမရရှိလိုက်သော အကြီးမားဆုံးအကျိုးအမြတ်မှာ မျက်နှာပေါ်ရှိ ကြီးမားသော အဆီဖုအပိတ်များ အားလုံးနီးပါး ပျောက်ကင်းသွားခြင်းပင်ဖြစ်သည်။
နေရောင်အောက်တွင် အနီးကပ်သေချာကြည့်မှသာ မြင်နိုင်သော အဆီဖုငယ်လေး အနည်းငယ်သာ ကျန်ရှိတော့သည်။ အပြစ်အနာအဆာကင်းသော အလှတရားကို ပိုင်ဆိုင်လိုသည့် သူမ၏ ပြင်းပြသောရည်မှန်းချက်က အမှန်တကယ် လက်တွေ့ဖြစ်လာလေပြီ။
ဤအတွက်ကြောင့် သူမက ဆပ်ပြာတုံးသေးသေးလေး သုံးတုံးကို ဝယ်ယူသွားခဲ့သည်။ သေချာပေါက် ကန့်သတ်အရေအတွက်ကိုတော့ အလဟဿ အဖြစ်မခံနိုင်သဖြင့် မိဘနှစ်ပါး၏ ခွဲတမ်းများကိုပါ အကုန်အစင်အသုံးပြုကာ အိမ်ပြန်ရောက်လျှင် ဆက်လက်သုံးစွဲနိုင်ရန် အများအပြား သိုလှောင်ထားလိုက်၏။
မိခင်ဖြစ်သူမှာမူ ပြန်ရန် အနည်းငယ် တွန့်ဆုတ်နေရှာသည်။ တည်းခိုခဲ့သော သုံးရက်တာ ကာလအတွင်း နေ့စဉ် ဆရာမယောင် ကို ခေါ်၍ နှိပ်နယ်စေခဲ့သော်လည်း သူမ၏ နာတာရှည် ရောဂါဟောင်း လုံးဝပျောက်ကင်းရန် နောက်ထပ်ရက်အနည်းငယ် ဆက်လက်ကုသရန် လိုအပ်သေးကြောင်း ဆရာမယောင်က ပြောထားသည် မဟုတ်လော။
သို့သော် အားလပ်ရက်များက မည်သူ့ကိုမျှ စောင့်ဆိုင်းမနေချေ။ နဂါးလှေပွဲတော် ပြီးဆုံးသည်နှင့် မိခင်ဖြစ်သူလည်း အလုပ်ခွင်သို့ ပြန်ဝင်ရမည်ဖြစ်ရာ နောက်တစ်ကြိမ် အားလပ်ရက်ရမှသာ ထပ်မံလာရောက်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
…
အားလပ်ရက် ကုန်ဆုံးသွားပြီးနောက် လျူရှင်းရှင်းသည် မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ကာ ရုံးသို့ ရောက်ရှိလာခဲ့သည်။ ယခင်က မျက်နှာပေါ်ရှိ အဆီဖုများကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေခဲ့ပြီး နဖူးကို ဆံပင်အထူကြီးများဖြင့် ဖုံးကွယ်ထားလေ့ရှိ၏။
ထိုသို့ ပြုလုပ်ခြင်းက အဆီဖုများအတွက် မကောင်းမှန်းသိသော်လည်း သူမကို လုံခြုံမှုတစ်မျိုး ပေးစွမ်းနိုင်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူမ၏ မျက်နှာအသားအရေက ပုံမှန်အတိုင်း ချောမွေ့နေပြီဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်း အိမ်ပြန်ရောက်ရောက်ချင်း အနီးအနားရှိ နာမည်ကြီးဆံပင်ညှပ်ဆိုင်သို့ ချက်ချင်းပြေးကာ တိုနီအမည်ရှိ ဆံပင်ဒီဇိုင်နာအား သူမနှင့် လိုက်ဖက်မည့် ဆံပင်ပုံစံကို ပြောပြကာ ညတွင်းချင်း ပြင်ဆင်ခဲ့သည်။
သူမ၏ ထူထဲသော ဆံပင်အုပ်ကြီးက ချက်ချင်း ပျောက်ကွယ်သွား၏။ ဒီဇိုင်နာက သူမ၏မျက်နှာကျနှင့် အထူးလိုက်ဖက်သော ဆံပင်ပုံစံကို ဖန်တီးပေးလိုက်ရာ မျက်နှာလေးမှာ တစ်ဆခန့် သေးငယ်သွားသယောင်ပင် ထင်ရသည်။
လျူရှင်းရှင်း တစ်ယောက် ကျေနပ်စွာ ငွေရှင်းပြီး အိမ်သို့ပြန်လာခဲ့သည်။
နောက်တစ်နေ့နံနက် ရုံးသို့ရောက်ရောက်ချင်းမှာပင် လုပ်ဖော်ကိုင်ဖက်အများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့၏။ ဘေးတွင်ထိုင်သော မိန်းကလေးများက လျူရှင်းရှင်း၏ ကြီးမားလွန်းသော အပြောင်းအလဲကို ကြည့်ကာ သိချင်စိတ်ဖြင့် ချက်ချင်း ဝိုင်းမေးကြတော့သည်။
“ရှင်းရှင်း... နင့်ရဲ့ ဒီနေ့ဆံပင်ပုံစံက တကယ်မိုက်တာပဲ၊ ဆံပင်အရောင်ကလည်း နင့်အသားအရေနဲ့ အရမ်းလိုက်တယ်၊ ဘယ်အရောင်ဆိုးထားတာလဲ”
“ငါထင်တာကတော့ ဆံပင်အရောင်ကြောင့် အသားအရေ ပိုကောင်းသွားတာမဟုတ်ဘူး၊ ငါ့ရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ အကဲခတ်ရသလောက် မိတ်ကပ်ကြောင့်ဖြစ်ရမယ်၊ ခုနက ကုမ္ပဏီအဝင်ဝမှာ နင့်ကိုမေးမလို့ပဲ၊ အထွေထွေမန်နေဂျာနဲ့ ပက်ပင်းတိုးသွားလို့ လမ်းတစ်လျှောက်လုံး မနည်းအောင့်ထားခဲ့ရတာ၊ ရှင်းရှင်း... နင် ဘယ်တံဆိပ်မိတ်ကပ်ကို သုံးနေတာလဲ၊ တကယ်ကို အံ့မခန်းပဲ၊ အဲဒါလိမ်းထားတော့ နင့်မျက်နှာပေါ်မှာ အပြစ်အနာအဆာ ဆိုတာ လုံးဝ မရှိတော့သလို ခံစားရတယ်”
“ငါလည်း အဲဒါ ပြောမလို့၊ ရှင်းရှင်း... နင့်အသားအရေက ဒီနေ့ အရမ်းကိုလှနေတယ်။ အဲဒီ မိတ်ကပ်နဲ့ ဆီရမ်ကို မြန်မြန်ထုတ်ပေးစမ်း”
ဤလုပ်ဖော်ကိုင်ဖက်များမှာ လျူရှင်းရှင်းနှင့်အတူ လက်တွဲလာခဲ့သည်မှာ တစ်နှစ်၊ နှစ်နှစ်ခန့် ရှိပြီဖြစ်ရာ သူမ၏အခြေအနေကို အခြေခံအားဖြင့် နားလည်ထားကြသည်။
လျူရှင်းရှင်း၏ အကြီးမားဆုံး ပြဿနာမှာ မျက်နှာပေါ်ရှိ အဆီဖုများ လုံးဝမပျောက်ကင်းခြင်းပင်။ သူတို့ကိုယ်တိုင်ပင် နည်းလမ်းပေါင်းစုံ ရှာဖွေပေးခဲ့ကြသော်လည်း မည်သည့်နည်းလမ်းကမျှ ထိရောက်မှုမရှိခဲ့ပေ။
ယခု နဂါးလှေပွဲတော် အားလပ်ရက်အပြီးတွင် လျူရှင်းရှင်း၏မျက်နှာလေး သိသိသာသာ ချောမွေ့နေသော်လည်း သူတို့အားလုံးကမူ လျူရှင်းရှင်းတစ်ယောက် အလွန်အစွမ်းထက်သော မိတ်ကပ်သို့မဟုတ် ဆီရမ်တစ်ခုခုကို ရှာတွေ့သွားသည်ဟုသာ တညီတညွတ်တည်း ယူဆထားကြသည်။
အွန်လိုင်းတွင် ရောင်ရမ်းနေသော ဝက်ခြံကြီးများကိုပင် မိတ်ကပ်ဖြင့် လုံးဝဖုံးကွယ်သွားအောင် လုပ်နိုင်သည့် အံ့မခန်း အလှအပရေးရာ ဘလော့ဂါတွေ ရှိနေသည် မဟုတ်လော။
လျူရှင်းရှင်းက မပြုံးဘဲ မနေနိုင်တော့ချေ။
“အို... ငါ အရင်တုန်းက သုံးနေကျ အမျိုးအစားကိုပဲ ဆက်သုံးနေတာပါ၊ ငါ့ရဲ့ အဆီဖုလေးတွေ တော်တော်များများသက်သာသွားလို့ မျက်နှာက အများကြီး ပိုချောမွေ့သွားတာရယ်”
ဘေးခုံမှ ချီကုက မျက်လုံးများ ပြူးကျယ်သွားပြီး လျူရှင်းရှင်း၏ အသားအရေကို အနီးကပ် လှမ်းကြည့်လိုက်သည်။ တကယ်ပင် အများကြီး တိုးတက်လာခဲ့လေ၏။
သေချာကပ်ကြည့်မှသာ မြင်နိုင်သော မညီညာသည့် နေရာအနည်းငယ်သာ ကျန်ရှိတော့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိ၏။
“ရှင်းရှင်း... နင့်မျက်နှာက တကယ်ကို အများကြီးပိုကောင်းသွားတာပဲ။ နင် ဘယ်လိုလုပ်လိုက်တာလဲ၊ ဝက်ခြံတွေကို အမြန်ဖယ်ရှားပေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အလှအပပစ္စည်းအသစ် တစ်ခုခုများ ပေါ်နေလို့လား၊ ငါတို့ မတွေ့ရတာ သုံးရက်ပဲ ရှိသေးတယ်၊ နင့်မျက်နှာက ဒီလောက်ကြီးတောင် ပြောင်းလဲသွားတယ်ပေါ့”
လျူရှင်းရှင်းက နှိမ့်ချဟန်ဖြင့် လက်ယမ်းပြလိုက်ရင်း…
“အဲဒီလောက်လည်း မမြန်ပါဘူးဟာ၊ ငါ့အဆီဖုတွေ အကုန်လုံး ပျောက်သွားတာမှ မဟုတ်သေးတာ၊ ဒီတစ်ခေါက် အဆီဖုတွေအတွက် အရမ်းကိုအစွမ်းထက်တဲ့ မှော်ဆန်တဲ့ပစ္စည်းလေးတစ်ခု ရှာတွေ့ခဲ့လို့ပါ”
ပြောပြောဆိုဆိုနှင့်ပင် သူမ၏အိတ်ငယ်လေးထဲမှ ဆပ်ပြာသေးသေးလေး တစ်တုံးကို ထုတ်ပြလိုက်သည်။
တစ်ခါတစ်ရံ ကုမ္ပဏီတွင် ည ၁၀ နာရီအထိ အချိန်ပိုဆင်းရလေ့ရှိရာ လျူရှင်းရှင်းအနေဖြင့် မိတ်ကပ်ဖျက်ရန် အချိန်အများကြီး မပေးချင်တော့သဖြင့် အရန်အဖြစ် ဆပ်ပြာတစ်တုံးကို အိတ်ထဲ အမြဲဆောင်ထားခြင်းပင်။
ဤဆပ်ပြာက မိတ်ကပ်ဖျက်ရန်ရော မျက်နှာသစ်ရန်ပါ နှစ်မျိုးလုံး အသုံးဝင်သည် မဟုတ်လော။
ချီကုက လျူရှင်းရှင်းလက်ထဲမှ ဆပ်ပြာသေးသေးလေးကို လှမ်းယူကာ အပေါ်ရှိ စာသားများကို ဖတ်ကြည့်လိုက်သည်။
“လီရှန်းယာတောအိမ်တဲ့လား၊ ဒါ အမှတ်တံဆိပ်အသစ်လားဟင်၊ နာမည်... နာမည်က တကယ်ကို ထူးဆန်းတာပဲ”
ချီကုက ဆံပင်ကို ပွတ်သပ်ရင်း ဤအမှတ်တံဆိပ်အမည်က ထူးဆန်းနေပြီး အလှအပရေးရာပစ္စည်းတစ်ခု၏ အမည်နှင့် လုံးဝမတူသလို ခံစားနေရသည်။
ထိုစကားကို ကြားသောအခါ လျူရှင်းရှင်းက အသံထွက်သည်အထိ ရယ်မောလိုက်တော့သည်။
“အို... ရှောင်ကုရယ်၊ နင်က အရမ်းချစ်စရာကောင်းတာပဲ၊ ဒါက အလှအပ အမှတ်တံဆိပ် မဟုတ်ဘူးဟ၊ ယာတောအိမ်တစ်ခုရဲ့ နာမည်ပါ။ ဟားဟားဟား”
ဤစကားက အခြားသူများကို ဇဝေဇဝါဖြစ်သွားစေသည်။ ‘ယာတောအိမ် တစ်ခုက အဆီဖုတွေ ဖယ်ရှားတာနဲ့ ဘာဆိုင်လို့လဲ'
အလှပြင်ဆိုင်တစ်ခု ဆိုလျှင်ပင် သူတို့ နားလည်ပေးလို့ ရသေး၏။
လျူရှင်းရှင်းက အားလုံးကို ဟွမ်ရှု၏ဗီဒီယို ပြသလိုက်မှသာ အားလုံး သဘောပေါက်သွားကြတော့သည်။ ဤယာတောအိမ်မှ တည်းခိုသူများအတွက် ပေးထားသော ဆပ်ပြာလေးက အံ့မခန်း သန့်စင်နိုင်စွမ်း ရှိနေခြင်းဖြစ်၏။
သို့သော် ဗီဒီယိုထဲမှ ကြော်ငြာပုံက လိမ်ညာလှည့်ဖြားနေသည့် အသွင်အပြင်မျိုး အလွန်ပေါက်နေသည်။
အကယ်၍ သူတို့ဘေးတွင် ဤဆပ်ပြာကိုသုံးပြီး အဆီဖုများပျောက်ကင်းသွားသည့် သက်သေအရှင်အလတ်လတ်ကြီးသာ မရှိနေပါက ဆပ်ပြာတစ်တုံးက ဤမျှလောက်မှော်ဆန်သည့် အစွမ်းသတ္တိမျိုး ရှိလိမ့်မည်ဟု သူတို့ လုံးဝ ယုံကြည်ကြမည်မဟုတ်ပေ။
“ရှင်းရှင်း... ဒီဆပ်ပြာက ဆားဝက်ခြံတွေကိုပါ ဖယ်ရှားပေးနိုင်တယ်လို့ ဗီဒီယိုထဲမှာ တွေ့လိုက်တယ်၊ တကယ်ပဲလား”
ချီကုက စိတ်မရှည်စွာဖြင့် မေးလိုက်၏။
လျူရှင်းရှင်းက ခေါင်းညိတ်ပြပြီး သူမ၏နှာခေါင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ငါ့နှာခေါင်းပေါ်မှာ အရင်က အမြဲတမ်း ဆားဝက်ခြံတွေရှိနေခဲ့တာလေ၊ ဆားဝက်ခြံ ကပ်ခွာတွေကလည်း ဖယ်ရှားပေးနိုင်တယ်ဆိုပေမယ့် ချွေးပေါက်တွေကို အရမ်းထိခိုက်စေတယ်၊ ဒီဆပ်ပြာက အဲဒီလိုမဖြစ်ဘူးဟ၊ ညင်ညင်သာသာလေး ပွတ်တိုက်ပေးလိုက်တာနဲ့ ဆားဝက်ခြံတွေ အလိုလိုထွက်လာတာပဲ”
ဤမျှ မှော်ဆန်လှသော ဆပ်ပြာလေးက ရုံးခန်းထဲရှိ အလှအပကိုမြတ်နိုးသော မိန်းကလေးတိုင်းကို တစ်တုံးလောက် ပိုင်ဆိုင်ချင်စိတ်များ တဖွားဖွားပေါ်လာစေတော့သည်။
သို့သော် လျူရှင်းရှင်း၏မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာပေါ်လာ၏။ ဤဆပ်ပြာသည် အရမ်း သေးငယ်လွန်းလှရာ တစ်တုံးကို သုံးရက်ခန့်သာ အသုံးခံသည်။
သူမကိုယ်တိုင်လည်း စုစုပေါင်း အများကြီးသိုလှောင်ထားနိုင်ခဲ့ခြင်းမျိုး မရှိပေ။ ကိုယ်တိုင်သုံးရန်ပင် နှမြောနေရရာ အခြားသူများကို ပေးရန်ဆိုသည်မှာ ဝေလာဝေးပင်။
ထို့အပြင် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ပေးပြီး နောက်တစ်ယောက်ကို မပေးပါက လူမုန်းခံရမည် မဟုတ်လော။ ထို့ကြောင့် သူမက မတတ်သာသည့်အဆုံး မူရင်းနေရာကိုသာ ညွှန်းလိုက်ရတော့သည်။
“ဒီယာတောအိမ်ရဲ့ လိပ်စာကို ငါပို့ပေးလိုက်မယ်၊ စနေ၊ တနင်္ဂနွေ အားလပ်ရက် အချိန်ရရင် နင်တို့ဘာသာ သွားပြီးအနားယူကြပေါ့၊ အာ... ပြီးတော့ အဲဒီယာတောအိမ်မှာ အရမ်းတော်တဲ့ အနှိပ်ပညာရှင် ဆရာမယောင်ရှိတယ်၊ သွားဖြစ်ရင် သူ့ဆီမှာ အနှိပ်ခံဖို့တော့ မလွတ်စေနဲ့နော်”
ချီကုက နောက်ပြောင်လိုက်လေ၏။
“ကြည့်စမ်း... နင်က ဘာလို့ အဲဒီလောက်တောင် ကြိုးစားပမ်းစား ကြော်ငြာပေးနေတာလဲ၊ ဒီယာတောအိမ်က နင့်ဟာလားလို့တောင် ထင်မိတော့မယ်၊ အားလုံးက ဒီဆပ်ပြာကို စိတ်ဝင်စားပြီး လင့်ခ်တောင်းနေကြတဲ့ အချိန်ကျမှ နင်ကလှည့်ပြီး အွန်လိုင်းမှာမရောင်းဘူး၊ အဲဒီနေရာမှာပဲ ဝယ်လို့ရတယ်ဆိုပြီး လာပြောနေတယ်”
လျူရှင်းရှင်းကလည်း သက်ပြင်းချကာ ပြောလိုက်၏။
“ငါလည်း အွန်လိုင်းမှာရောင်းရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ်၊ ငါကြည့်ရတာ နင့်အသားအရေကလည်း တော်တော်လေးကောင်းနေသားပဲ၊ သုံးသုံး မသုံးသုံး သိပ်မထူးပါဘူးဟာ”
“ဘယ်သူပြောလဲ၊ ငါ့မှာ ဆားဝက်ခြံတွေ အများကြီး ရှိတယ်ဟ”
“ငါလည်း အတူတူပဲ၊ ပစ္စည်းတွေအများကြီး သုံးကြည့်ပြီးပြီ၊ သူတို့က ထွက်ပြီးရင်းထွက်နေတာပဲ၊ တကယ့်ကို စိတ်ညစ်စရာကောင်းလွန်းတယ်”