အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
31
သို့သော် ရုံးခန်းထဲရှိ ပျော်ရွှင်တက်ကြွနေသော လေထုမှာ အပြင်ဘက်မှဝင်လာသော ဌာနမန်နေဂျာလျူ၏ ခြေသံနှင့်အတူ ရုတ်တရက် ပြတ်တောက်သွားတော့သည်။
“မင်းတို့အသံတွေက အဝေးကြီးကတည်းက ကြားနေရတယ်။ ဘာတွေများ ပြောနေကြတာလဲ၊ အားလပ်ရက်အပြီးမှာ အားလုံးက တက်ကြွနေကြပုံပဲ”
ရုံးခန်းကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ မန်နေဂျာလျူသည် ရုံးချုပ်မှ ပြောင်းရွှေ့လာသည်မှာ နှစ်လခန့်သာရှိသေးပြီး မီးတောက်အသစ်လို အင်အားအပြည့်ဖြင့် အုပ်ချုပ်နေသူဖြစ်၏။
သူရောက်လာပြီး မကြာမီမှာပင် အမြဲတမ်းနောက်ကျပြီး စောစောပြန်တတ်သည့် ဝန်ထမ်းဟောင်းတစ်ဦးကို အလုပ်ဖြုတ်ပစ်ခဲ့သည်။ မန်နေဂျာလျူ၏ လုပ်ရပ်က မှားယွင်းနေသည်တော့ မဟုတ်ပေ၊ သို့သော် အားလုံးက နောက်ထပ် အလုပ်ဖြုတ်ခံရမည့်သူ ကိုယ်တိုင်ဖြစ်လာမည်ကို ကြောက်ရွံ့နေကြခြင်းသာ။
မန်နေဂျာကို မြင်သည်နှင့် အားလုံးက အလုပ်ခိုနေခြင်းကို ချက်ချင်းရပ်တန့်လိုက်ကြပြီး ကွန်ပျူတာစခရင်များရှေ့တွင် အလုပ်ကြိုးစားနေဟန် အမြန်ဖမ်းလိုက်ကြသည်။
သို့သော် မန်နေဂျာလျူ၏ ရင်ထဲတွင်မူ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ချောမွေ့စေရန် ဝန်ထမ်းများနှင့် ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် တည်ဆောက်လိုသည့် ရည်မှန်းချက်များရှိနေ၏။ ထို့ကြောင့် ပြုံးရွှင်သောလေသံဖြင့် စကားစလိုက်သည်။
“သတင်းကောင်းလေးတစ်ခု ပြောစရာရှိတယ်”
ထိုစကားကြောင့် အားလုံးက မန်နေဂျာလျူကို မျှော်လင့်ချက်ကြီးစွာဖြင့် မော့ကြည့်လိုက်ကြသည်။ ‘မနက်အစောကြီး ဘာသတင်းကောင်းများ ရှိနေလို့လဲ၊ ဘောနပ်စ်များ ပေးမလို့လား'
“ဒီလိုကွ၊ နောက်အပတ် စနေ၊ တနင်္ဂနွေမှာ ငါတို့ဌာနအတွက် အဖွဲ့လိုက် အပန်းဖြေခရီးလေးတစ်ခု သွားဖို့စီစဉ်ထားတယ်၊ ဘယ်နေရာလေးတွေ ကောင်းမလဲ၊ အကြံပြုချင်တဲ့နေရာတွေ ရှိကြလား”
‘အဖွဲ့လိုက် အပန်းဖြေခရီးတဲ့လား၊ ဒါက ဘယ်လိုလုပ် သတင်းကောင်း ဖြစ်နိုင်မှာလဲ၊ အထူးသဖြင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်ကြီးမှာလေ။ ငါတို့ရဲ့ အဖိုးတန် နားရက်တွေ ဆုံးရှုံးသွားပြီဆိုတဲ့ သဘောပဲ မဟုတ်လား'
သို့သော် မည်သူကမျှ ဒေါသထွက်နေသည်ကို ဖွင့်မပြောရဲဘဲ အတင်းကာရော ဝမ်းသာဟန်ဆောင်ကာ ထောက်ခံလိုက်ကြရသည်။
“အရမ်းကောင်းတာပေါ့၊ ကျွန်တော်တို့ဌာနက အဖွဲ့လိုက် မထွက်ဖြစ်တာ တော်တော်ကြာပြီလေ။ အခုမှပဲ အခွင့်အရေး ရတော့တယ်”
တစ်ဖက်တွင်မူ ရင်ထဲ၌ တိတ်တဆိတ် ညည်းတွားနေကြသည်။ ‘ဟူး... ငါ့ရဲ့ စနေ၊ တနင်္ဂနွေလေးတော့ သွားပါပြီ’
“ဟုတ်ပါ့... တောင်တက်ခရီးများဖြစ်နေမလား။ ငါက XX တံဆိပ် လီမိတက် အားကစားဖိနပ်အသစ်လေး ဝယ်ထားတာ၊ တကယ်လို့ တောင်တက်ရမယ်ဆိုရင် ဖိနပ်သစ်လေး စီးကြည့်ဖို့ ကွက်တိပဲ”
မန်နေဂျာလျူက မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါပြသည်။
“အဲဒီလောက် ပင်ပန်းခံစရာမလိုပါဘူး၊ ဒီခရီးစဉ်မှာ အားလုံးကို အေးအေးဆေးဆေးအနားယူစေချင်တာ၊ သွားလို့ကောင်းမယ့်နေရာလေးတွေရှိရင် အကြံပေးကြပါဦး”
သူ ဤမြို့ကို ပြောင်းလာသည်မှာ မကြာသေးသဖြင့် အနီးအနားရှိ ပျော်စရာကောင်းသော နေရာများကို သေချာမသိသေးပေ။
မန်နေဂျာလျူ၏ စကားကို ကြားသောအခါ ချီကုက စောစောက လျူရှင်းရှင်း ပြောပြထားသော လီရှန်းယာတောအိမ်ကို ချက်ချင်း သတိရသွားပြီး တိုးတိုးလေး အကြံပြုလိုက်သည်။
“မန်နေဂျာလျူ... ခုနလေးကတင် အွန်လိုင်းက ဘလော့ဂါတစ်ယောက် ညွှန်းထားတဲ့ အနီးအနားက ယာတောအိမ်တစ်ခုအကြောင်း ကျွန်မတို့ ပြောနေကြတာ၊ အဲဒီနေရာက တော်တော်လေး အပန်းဖြေလို့ ကောင်းမယ့်ပုံပဲ”
ယာတောအိမ်ဟု ကြားလိုက်ရသောအခါ မန်နေဂျာလျူက ခဏမျှ စဉ်းစားလိုက်ပြီး မဆိုးလှဟု ထင်မိသော်လည်း အခြားဝန်ထမ်းများ၏ သဘောထားကိုတော့ သေချာမသိသေးချေ။
ချီကုက လီရှန်းယာတောအိမ်အား အကြံပြုလိုက်သည်ကို ကြားသည်နှင့် စောစောက ဆပ်ပြာလေးကို စိတ်ဝင်စားနေခဲ့ကြသော မိန်းကလေးများကပါ ချက်ချင်းထောက်ခံကြတော့သည်။
“ဒါ အကြံကောင်းပဲ၊ ကျွန်မတို့လည်း အဲဒီကို သွားချင်နေတာ”
“ဟုတ်တယ်၊ ဟုတ်တယ် မန်နေဂျာလျူ၊ ဒီယာတောအိမ်လေးက တော်တော်လေး ကောင်းပုံရတယ်၊ ကျွန်မတို့ဆီက လျူရှင်းရှင်းတောင် နဂါးလှေပွဲတော်အားလပ်ရက်တုန်းက အဲဒီကို သွားခဲ့တာ၊ ပတ်ဝန်းကျင်က တကယ့်ကို လှပြီး သွားလည်သင့်တယ်လို့ သူကိုယ်တိုင် ပြောနေတာ”
အားလုံးက ဤယာတောအိမ်အား စိတ်ဝင်စားနေကြသည်ကို မြင်သောအခါ မန်နေဂျာလျူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“အားလုံးက သဘောတူတယ်ဆိုမှတော့ နောက်အပတ် စနေ၊ တနင်္ဂနွေအတွက် အဲဒီနေရာကိုပဲ သတ်မှတ်လိုက်မယ်”
ထို့နောက် လျူရှင်းရှင်း၏စားပွဲဆီသို့ လျှောက်သွားကာ တာဝန်ပေးလိုက်သည်။
“လျူရှင်းရှင်း... မင်းက အဲဒီကို ရောက်ဖူးတယ်ဆိုတော့ ဒီတစ်ခေါက် ငါတို့ဌာန ခရီးစဉ်အတွက် အဲဒီယာတောအိမ်ပိုင်ရှင်ဆီမှာ ဘိုကင်လုပ်ပေးဖို့ အကူအညီတောင်းချင်တယ်ကွာ၊ ငါတို့ဌာနမှာက လူ ၁၆ ယောက်ရှိတယ်၊ မိန်းကလေး ၁၂ ယောက်နဲ့ ယောက်ျားလေး ၄ ယောက်။ အဲဒါလေး သေချာ စီစဉ်ပေးပါဦး၊ နောက်အပတ် စနေနေ့ မနက် ၈ နာရီမှာ စထွက်ကြမယ်”
လျူရှင်းရှင်းက ပြဿနာမရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ပြန်မလာခင်ကတည်းက ပိုင်ရှင်ဖြစ်သူ၏ ဝီချက်ကို ယူထားပြီးဖြစ်ရာ ဘိုကင်တင်ရန်အတွက် လီရှီးရှီးထံ တိုက်ရိုက် လှမ်းဆက်သွယ်လိုက်ရုံသာ။
…….
“အဖွဲ့လိုက်အပန်းဖြေခရီး ဟုတ်လား”
လီရှီးရှီးသည် ဖုန်းထဲမှ မက်ဆေ့ချ်ကို ကြည့်ရင်း အနည်းငယ် အံ့သြသွားသည်။ ဖောက်သည်တစ်ဦးက သူမတို့ဆီတွင် အဖွဲ့လိုက်ခရီးစဉ် ပြုလုပ်မည်ဟု ကမ်းလှမ်းလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမဘက်မှလည်း အလွန်အမင်း ကြိုဆိုနေမိ၏။
မိမိ၏ ယာတောအိမ်လေးကို ကြီးထွားအောင်မြင်လာစေရန် ကြိုးပမ်းနေသော သူမ၏ရည်မှန်းချက်များအတွက် ဤသည်မှာ ခြေလှမ်းအသစ်တစ်ခုပင်။
သို့သော် တစ်ဖက်မှ တောင်းဆိုလာသည်က လူနှစ်ဆယ်ခန့်ဆံ့ပြီး အားလုံးအတူတကွထိုင်နိုင်မည့် စားပွဲအရှည်ကြီးတစ်ခုပါဝင်သော အပန်းဖြေစရာ နေရာတစ်ခု ဖြစ်သည်။
အားလုံးထိုင်နိုင်မည့် စားပွဲရှည်ကြီးတစ်ခုက ပြဿနာ မဟုတ်ပေ၊ အဆိုးဆုံးအခြေအနေတွင် စားပွဲအချို့ကို ပူးကပ်လိုက်လျှင်ရနိုင်သည်။ သို့သော် ကျယ်ဝန်းသော နေရာဆိုသည်ကတော့ သူမကို အနည်းငယ် ခေါင်းခဲစေ၏။
အပေါ်ထပ်များက တည်းခိုခန်းများသာဖြစ်ပြီး လူအများအပြား အဖွဲ့လိုက်အပန်းဖြေရန် မသင့်လျော်ချေ။ ပထမထပ်ရှိ ဧည့်ခန်းမကြီးက ဖွင့်ဟထားသော နေရာဖြစ်ပြီး အလွန်ဆုံး မျက်နှာပြင်များဖြင့်သာ ကာရံ၍ရနိုင်ကာ တစ်ဖက်ဧည့်သည်၏လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်ပေ။
သူမဆီသို့ရောက်လာသော ဤစီးပွားရေးအခွင့်အလမ်းကို သူမ လုံးဝ မငြင်းဆန်ချင်ခဲ့ပေ။ ဘလော့ဂါတစ်ဦးက ညွှန်းဆိုပေးခဲ့သည့်အချိန်မှစ၍ ယာတောအိမ်လေးမှာ နာမည်ရလာခဲ့ပြီး ထိုကာလအတွင်း ဧည့်သည်များ တဖွဲဖွဲလာရောက်ခဲ့ကြသည်။
စနေ၊ တနင်္ဂနွေများတွင် အခန်းများ အပြည့်ဖြစ်နေပြီး တနင်္လာမှ သောကြာအထိလည်း ဧည့်သည်အဝင်အထွက် မပြတ်ခဲ့ချေ။ သို့သော် ရေပန်းစားမှုက မြန်မြန်လာသလို မြန်မြန်ပဲ ကျဆင်းသွားတတ်သည်။
ထိုဘလော့ဂါက သန်းနှင့်ချီသော ဖော်လိုဝါများရှိသည့် မဟာအင်ဖလူအင်ဇာကြီး မဟုတ်သလို ဗီဒီယိုကိုကြည့်ပြီး ရောက်လာသူအများစုမှာလည်း ဒေသခံများသာ ဖြစ်ကြသည်။
လီရှန်းယာတောအိမ်သို့ လာရောက်ခဲ့ကြသော ဧည့်သည်များက အလွန်ကောင်းမွန်သော ရီဗျူးများ ပေးခဲ့ကြသော်လည်း ဤဒေသခံများအနေဖြင့် နေ့တိုင်း သို့မဟုတ် အပတ်တိုင်း ယာတောအိမ်သို့ လာရောက်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မကြာသေးမီက စီးပွားရေး ကောင်းမွန်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ကို လီရှီးရှီးရိပ်မိနေသည်။
ထို့ကြောင့် တံခါးလာခေါက်သော ဤစီးပွားရေး အခွင့်အလမ်းကို သူမ သဘာဝကျကျပင် လက်လွတ်မခံလိုချေ။ တကယ်လို့ လိုအပ်လာရင် ဝန်ထမ်းအဆောင်တစ်ခန်းကို ယာယီ ရှင်းလင်းပေးလိုက်ရမလားဟု စဉ်းစားနေမိသည်။
ထိုစဉ် သူမ၏ဖုန်းစခရင်ပေါ်တွင် ဖတ်ရန်ကျန်သေးသော မက်ဆေ့ချ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ယာတောအိမ် အက်ပ်ထံမှ မက်ဆေ့ချ်အသစ် ဖြစ်နေ၏။
ဤအက်ပ်က မစ်ရှင်တစ်ခု ပြီးဆုံးသည်နှင့် နောက်ထပ်မစ်ရှင်တစ်ခုကို ချက်ချင်း ချပေးလေ့မရှိတော့ဘဲ သီးခြား အခြေအနေတစ်ခုခုကို အစပျိုးမိမှသာ မစ်ရှင်အသစ်ပေးပို့တတ်ကြောင်း လီရှီးရှီး သတိပြုမိသွားသည်။
ထင်သည့်အတိုင်းပင် ယခုတစ်ကြိမ် ယာတောအိမ် အက်ပ်မှ ပေးပို့လာသောမစ်ရှင်အသစ်မှာ လက်ရှိဧည့်သည်၏လိုအပ်ချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသည်။
[စနစ်အသိပေးချက်]။ ။ဧည့်သည်များ ပိုမိုများပြားလာသည်နှင့်အမျှ သင်၏ယာတောအိမ်ကို ထပ်မံတိုးချဲ့ရန် အချိန်ရောက်ရှိလာပြီ ဖြစ်ပါသည်။ ကျေးဇူးပြု၍ သင် ထပ်မံထည့်သွင်းလိုသော လုပ်ဆောင်ချက်အခန်းတစ်ခုကို ရွေးချယ်ပြီး ဆယ်ရက်အတွင်း တပ်ဆင်မှုကို အပြီးသတ်ပါ။
ဤအရာက ရွေးချယ်စရာ မေးခွန်းတစ်ခုနှင့် တူနေသော်လည်း ဘာကြောင့် ရွေးချယ်စရာများ ပေးမထားရသနည်း။ လီရှီးရှီးက မစ်ရှင်စာမျက်နှာသို့ ပြန်သွားကာ ယာတောအိမ် အက်ပ်အတွင်းရှိ ကုန်တိုက်ကို ဖွင့်ကြည့်လိုက်ရာ ကုန်တိုက်ထဲတွင် ရွေးချယ်စရာ အသစ်များစွာ လော့ခ်ပွင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပထမဆုံးတစ်ခုကို ဖွင့်ကြည့်လိုက်ရာ နတ်သမီးပုံပြင်များထဲမှ အလွန်အမင်းအိပ်မက်ဆန်လှသော မှိုပွင့်ပုံစံ အိမ်လေးတစ်ခု ဖြစ်နေသည်။
[နတ်သမီးပုံပြင် မှိုအိမ်လေး - ကုန်ကျစရိတ် ၃၅၀၀၀၀ ယွမ်။ တည်ဆောက်ချိန် ၁၀ ရက်။ (မိဘနှင့် ကလေးများကြား သဟဇာတဖြစ်မှုကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်)]
ဓာတ်ပုံထဲတွင် ဤအိမ်လေးမှာ ဧရာမမှိုပွင့်ကြီးတစ်ခုနှင့် တူပြီး ကလေးဆန်သော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ အထဲတွင် ကလေးများဆော့ကစားရန် လှုပ်မြင်းများ၊ ကားလေးများ အစရှိသည့် ကစားစရာများ အစုံအလင်ပါရှိသည်။
ဤမှိုအိမ်လေးမှာ မိသားစု အပန်းဖြေခရီးများအတွက် အလွန်သင့်လျော်ပြီး တည်ဆောက်ချိန်ကလည်း ဆယ်ရက် တိတိသာ ကြာမည်ဖြစ်သည်။ သို့သော် ကုန်ကျစရိတ်ကတော့ လုံးဝ မသေးလှချေ။
ဤမှိုအိမ်လေးကို တည်ဆောက်လိုက်ပါက မကြာသေးမီက သူမ ရှာဖွေစုဆောင်းထားသမျှ ငွေကြေးများ အကုန်အစင် ပြောင်သွားမည်ဖြစ်သည်။ အရန်ရွေးချယ်မှု တစ်ခုအနေဖြင့် အရင်ချန်ထားလိုက်ရဦးမည်။
သူမ ဒုတိယတစ်ခုကို ဆက်ကြည့်လိုက်၏။
[ရေပူစမ်း ရေချိုးခန်းငယ် - ကုန်ကျစရိတ် ၅၀၀၀၀၀ ယွမ်။ တည်ဆောက်ချိန် ၁၅ ရက်။ (ဇီဝကမ္မဖြစ်စဉ်ကို ၁၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်စွမ်းပါရှိပြီး ပင်ပန်းနွမ်းနယ်မှု ၈၀ ရာခိုင်နှုန်းကို ပြေလျော့စေနိုင်သည်)]
ဤလုပ်ဆောင်ချက်ကို မြင်လိုက်ရသည်နှင့် လီရှီးရှီး၏မျက်လုံးများ လောဘတကြီး တောက်ပသွားရသည်။ ‘ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေနိုင်တယ်တဲ့ဟ'
ကိုယ့်အိမ်မှာ ကိုယ်ပိုင် ရေပူစမ်းလေးတစ်ခုရှိဖို့ မည်သူက အိပ်မက်မမက်ဘဲ နေမည်နည်း။
‘ဆီးနှင်းတွေကျနေတဲ့ ဆောင်းရာသီမှာ နွေးထွေးတဲ့ ရေပူစမ်းလေးထဲ စိမ်နေရတာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲ'
သို့သော် ဈေးနှုန်းက သူမ၏ဘတ်ဂျက်ထက် ကျော်လွန်နေရုံသာမက တည်ဆောက်ချိန်ကလည်း သတ်မှတ်ရက်ထက် ပိုကြာနေသည်။
‘ဟူး... ရေချိုးခန်းလေးရေ၊ ပိုက်ဆံရလာတဲ့တစ်နေ့ကျမှ နင့်ကို ရွေးတော့မယ်နော်'
32
ထို့နောက် သူမ ဆက်ကြည့်လိုက်ရာ နောက်ထပ်တစ်ခုကို တွေ့လိုက်ရသည်။
[စာကြည့်တိုက်ငယ် - ကုန်ကျစရိတ် ၁၈၀၀၀၀ ယွမ်။ တည်ဆောက်ချိန် ၈ ရက်။ (အာရုံစူးစိုက်မှုကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ ဤနေရာသို့ ရောက်ရှိနေချိန်တွင် အလိုအလျောက် စာလုပ်ချင်၊ အလုပ်လုပ်ချင်စိတ်များ ဖြစ်ပေါ်လာစေမည်)]
ဤအရာ၏ ဖော်ပြချက်ကို မြင်လိုက်ရသောအခါ လီရှီးရှီး သဘောကျစွာ ပြုံးလိုက်မိသည်။ ဤအာရုံစူးစိုက်မှု မြှင့်တင်ပေးခြင်းဆိုသည်မှာ ကျောင်းသားများအတွက် သီးသန့် ဖန်တီးပေးထားသကဲ့သို့ပင်။
စာကြည့်တိုက်ဆိုသည်ထက် ကိုယ်ပိုင်စာကြည့်ခန်းလေး တစ်ခုနှင့် ပိုတူမနေဘူးလော။
ဈေးနှုန်းနှင့် တည်ဆောက်ချိန်က သူမ၏ မျှော်မှန်းချက်များနှင့် ကိုက်ညီနေသော်လည်း သူမက အာရုံစူးစိုက်မှု မြှင့်တင်ပေးခြင်းကို ဘာလုပ်ရမည်နည်း။ ဤနေရာက ယာတောအိမ် တစ်ခုပင်။ လူတိုင်းက အပန်းဖြေဆော့ကစားရန် လာကြခြင်းဖြစ်သည်။
အာရုံစူးစိုက်မှုဆိုသည်က ယာတောအိမ်၏ရည်ရွယ်ချက်နှင့် သိပ်ပြီး သက်ဆိုင်ပုံမရချေ။
ထို့ကြောင့် အောက်ဘက်သို့ ဆက်ကြည့်ရန် စဉ်းစားလိုက်သည်။ ‘ဟင်... ဒါအကုန်ပဲလား၊ ဒီတစ်ခေါက်မှာ ရွေးချယ်စရာ သုံးခုပဲ သော့ပွင့်သေးတာကိုး'
သူမမှာ ရွေးချယ်ခွင့် မရှိချေ။ သူမ၏ လက်ရှိ ဘတ်ဂျက်အရ စာကြည့်တိုက်ငယ်လေးကိုသာ ရွေးချယ်နိုင်ပေမည်။ သေချာ ပြန်စဉ်းစားကြည့်လျှင် ဤစာကြည့်တိုက်လေးတွင်လည်း အားသာချက်များ ရှိနေသည်။
အထဲတွင် ကျယ်ဝန်းပုံရပြီး စားပွဲနှင့် ကုလားထိုင်များ အများအပြားပါရှိသဖြင့် အစည်းအဝေးခန်းမ သို့မဟုတ် စာဖတ်ခန်းအဖြစ် ပြောင်းလဲအသုံးပြုရန် လွယ်ကူလှသည်။ လုပ်ငန်းကိုချဲ့ထွင်လိုသော သူမ၏ ရည်မှန်းချက်များအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုနိုင်ပေမည်။
စာကြည့်တိုက်ငယ်လေးကို ရွေးချယ်ကြောင်း အတည်ပြုလိုက်ပြီး တရုတ်ရိုးရာခြံဝင်း၏ ညာဘက်ရှိ မြေလွတ်တွင် နေရာချထားလိုက်ပြီးနောက် သိပ်မကြာမီမှာပင် ကုန်ကားများဖြင့် လူများရောက်ရှိလာကာ လုပ်ငန်း စတင်ကြတော့သည်။
ရှစ်ရက်အကြာတွင် စာကြည့်တိုက်လေး အပြီးသတ် တည်ဆောက်ပြီးစီးသွားသည်။ ကျွန်းသားများကို အဓိကအသုံးပြုကာ တည်ဆောက်ထားသော အိမ်ငယ်လေးဖြစ်ပြီး ခေါင်မိုးကို ပွင့်လင်းမြင်သာသော ဖန်သားပြင်များဖြင့် မိုးထားကာ သစ်သားဘောင်များ ကွပ်ထားသည်။
နွေးထွေးသော နေရောင်ခြည်က ဖန်သားပြင်များကို ဖြတ်သန်းကာ အခန်းတွင်းသို့ သာယာစွာ ကျရောက်နေသည်။ တစ်ဖက်တွင် စားပွဲနှင့် ကုလားထိုင်များကို သပ်ရပ်စွာ စီစီရီရီထားထားပြီး အခြားတစ်ဖက်ရှိ နံရံတစ်ခုလုံးတွင်မူ စာအုပ်များ ပြည့်နှက်နေကာ ခိုင်မာသော ပညာရေးအငွေ့အသက်များကို ဖန်တီးပေးထား၏။
သစ်သားနံ့ သင်းသင်းလေးက လေထုထဲတွင် လွင့်မျောနေသည်။
ဤတစ်ကြိမ် ဆုလာဘ်မှာလည်း ယာတောအိမ်၏ ပစ္စည်းတစ်ခုခုကို ကျပန်း အဆင့်မြှင့်တင်ပေးခြင်းနှင့် လော့ခ်ဖွင့်ပေးခြင်းပင် ဖြစ်သည်။
လက်ဆေးသည်ဖြစ်စေ၊ မဆေးသည်ဖြစ်စေ မဲဖောက်သည့် ရလဒ်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ဟု လီရှီးရှီး တွေးလိုက်ပြီး ဖုန်းမျက်နှာပြင်ကို ပေါ့ပေါ့ပါးပါးပင် နှိပ်လိုက်ရာ ဖြူလွှလွှ အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက်….
[စနစ်အသိပေးချက်]။ ။အခန်းအမျိုးအစားသစ်များကို အောင်မြင်စွာ လော့ခ်ဖွင့်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ (တစ်ခန်းလျှင် ယွမ် ၆၉၉ တန် ဇိမ်ခံ ကုတင်ကြီးတစ်လုံးပါ အခန်း ၆ ခန်း။ တစ်ခန်းလျှင် ယွမ် ၆၉၉ တန် ဇိမ်ခံ ကုတင်နှစ်လုံးပါ အခန်း ၆ ခန်း)
‘ဟင်... ပေါ့ပေါ့ပါးပါး နှိပ်လိုက်တဲ့ ရလဒ်က တော်တော်လေး ကောင်းနေပါလား၊ ဒါပေမဲ့ ဒီအခန်းတွေက ဘယ်ကနေ ရုတ်တရက် ထွက်လာမှာလဲ'
လီရှီးရှီး အဖြေသိရန် အချိန်ကြာကြာ စောင့်နေစရာမလိုခဲ့ချေ။ ‘ဆောက်လုပ်ရေး ကြီးကြပ်ရေးမှူး’ ဆိုသူက အဆောက်အအုံ ပုံစံကြမ်းများကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး စတုတ္ထထပ်ကို ထပ်မံတိုးချဲ့ တည်ဆောက်မည်ဖြစ်ကြောင်းနှင့် တစ်လခန့် အချိန်ယူရမည်ဖြစ်ကြောင်း ရှင်းပြလာသည်။
ဤအရာအား မည်သို့ စီမံခန့်ခွဲနေသည်ကို သူမ နားမလည်နိုင်သော်လည်း အပေါ်ထပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အောက်ထပ်တွင် တည်းခိုနေသော ဧည့်သည်များကို လုံးဝ အနှောင့်အယှက်မဖြစ်စေသဖြင့် လီရှီးရှီးမှာ စိတ်အေးသွားရ၏။
မဟုတ်လျှင် အခန်းကြိုတင်မှာယူထားသော ဧည့်သည်များအား မည်သို့ရှင်းပြရမည်ကို သူမကိုယ်တိုင်ပင် သိမည်မဟုတ်ပေ။
လီရှီးရှီး သူမ၏ နဖူးကို ပုတ်လိုက်မိသည်။ ‘ဟုတ်သား၊ အခုက ဒီကိစ္စတွေကို တွေးတောနေရမယ့် အချိန်မဟုတ်ဘူးလေ'
လျူရှင်းရှင်းနှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များ မကြာမီ ရောက်ရှိလာတော့မည်ကို သတိရကာ စားပွဲထိုးတစ်ဦး၏အကူအညီဖြင့် စားပွဲနှင့် ကုလားထိုင်များကို အမြန်ဆုံး ပြန်လည်နေရာချထားလိုက်သည်။
လျူရှင်းရှင်းနှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များ ရောက်ရှိလာသောအခါ ယာတောအိမ်တွင် ရုတ်တရက် အဆောက်အအုံတစ်ခု အပိုထပ်တိုးလာပြီး အမိုးပေါ်တွင် အလုပ်သမားများစွာက ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို သတိပြုမိသွားသည်။
‘နဂါးလှေပွဲတော်တုန်းကမှ ငါ လာခဲ့သေးတ ၊ လဝက်ပဲ ရှိသေးပေမယ့် အရာရာက အရမ်းမြန်မြန် ပြောင်းလဲနေတာပဲ’ ဟု သူမ တွေးလိုက်မိသည်။
လီရှီးရှီးက ဧည့်ကြိုကောင်တာတွင် ဧည့်သည်များကို စာရင်းသွင်းပေးနေစဉ် သူမက အနားသို့သွားကာ နှုတ်ဆက်မေးမြန်းလိုက်သည်။
“သူဌေးမလေး... ကျွန်မ ဒီကိုမလာဖြစ်တာ သိပ်တောင်မကြာသေးဘူး၊ အခု ထပ်ပြီးပြင်ဆင်နေပြန်ပြီလား”
လီရှီးရှီးက သူမကို တစ်ချက်ကြည့်လိုက်ရာ ယခင်က လာဖူးသော ဧည့်သည်မှန်း မှတ်မိသွားသဖြင့် အပြုံးလေးဖြင့် ရှင်းပြလာသည်။
“ကျွန်မတို့ဆီမှာ နေရာမလောက်တော့လို့ ထပ်ချဲ့ဖို့ စဉ်းစားလိုက်တာပါ၊ အာ... ဟုတ်သားပဲ၊ အရင်ဆုံး အခန်းစာရင်း သွင်းလိုက်ကြရအောင်၊ အခန်းထဲ ခရီးဆောင်အိတ်တွေ ထားပြီးမှ အေးအေးဆေးဆေး လှည့်ပတ်ကြည့်လို့ ရတယ်လေ”
“ဟုတ်ပါပြီရှင်၊ ဒီတစ်ခေါက် ကျွန်မက လုပ်ဖော်ကိုင်ဖက်တွေအတွက် အခန်းစာရင်းသွင်းပေးရမှာ။ မှတ်ပုံတင်တွေအကုန်လုံး ကျွန်မဆီမှာရှိတယ်၊ ရော့... ဒီမှာ အကုန်ပဲ”
လျူရှင်းရှင်းက ပြောပြောဆိုဆိုနှင့်ပင် သူမ၏အိတ်ထဲမှ လူအားလုံး၏ မှတ်ပုံတင်များကို ထုတ်ပေးလိုက်သည်။ သူမက မော့ကြည့်လိုက်ရာ အနောက်ဘက်နံရံပေါ်တွင် အခန်းအမျိုးအစားသစ် နှစ်ခုကို တွေ့လိုက်ရာ သိချင်စိတ်ဖြင့် ဆက်မေးလိုက်၏။
“ဒီ ဇိမ်ခံအခန်းတွေက ဘယ်တုန်းကပေါ်လာတာလဲ။ အရင်တစ်ခေါက်လာတုန်းက လုံးဝမတွေ့ခဲ့ပါဘူး”
လွန်ခဲ့သည့် နှစ်ရက်အတွင်း ဧည့်သည်အတော်များများက ဤမေးခွန်းကို မေးခဲ့ကြသည်။ တည်းခိုရမည့်အခြေအနေနှင့် ပတ်သက်၍ ဇီဇာကြောင်တတ်သော ငွေကြေးတတ်နိုင်သည့် ဧည့်သည်အချို့က ချက်ချင်းပင် ဇိမ်ခံအခန်းသို့ ပြောင်းလဲတည်းခိုချင်ခဲ့ကြသည်။
သို့သော် ဤအခန်းအမျိုးအစားနှစ်ခုမှာ အဆင်သင့်မဖြစ်သေးသဖြင့် လီရှီးရှီးက အားနာစွာဖြင့်ပင် ‘ပြင်ဆင်နေဆဲဖြစ်ပါသဖြင့် စောင့်မျှော်ပေးကြပါရှင့်’ ဟုသာ ပြန်လည်ဖြေကြားခဲ့ရသည်။
“အဲဒါတွေကလည်း အသစ်ထပ်တိုးထားတာပါ၊ အဆင်သင့် မဖြစ်သေးပါဘူး၊ အစောဆုံးဆို ဇူလိုင်လလောက်မှပဲ တည်းလို့ရပါလိမ့်မယ်”
သူတို့နှစ်ဦး စကားသိပ်ကြာကြာ မပြောလိုက်ရမီမှာပင် အခန်းစာရင်းသွင်းခြင်း ပြီးစီးသွားသည်။ လျူရှင်းရှင်းက မန်နေဂျာလျူနှင့် လုပ်ဖော်ကိုင်ဖက်များကို အခန်းကတ်များ အမြန်ပေးချင်နေသဖြင့် လီရှီးရှီးကို နှုတ်ဆက်ကာ ခပ်သုတ်သုတ် ထွက်သွားတော့၏။
မန်နေဂျာလျူမှာ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ယာတောအိမ်အပြင်ဘက်တွင် လတ်ဆတ်သောလေထုကို ရှူရှိုက်နေသည်။ မန်နေဂျာလျူက ဘတ်စ်ကားမစီးရသည်မှာ အတော်ကြာပြီဖြစ်သဖြင့် ကားပေါ်တွင် အနည်းငယ် ကားမူးသလို ခံစားခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် အရမ်းကြီးမဆိုးရွားလှဘဲ ကားပေါ်မှဆင်းကာ မြေကြီးနံ့သင်းနေသော လေပြည်လေညင်းလေးကို အဝရှူသွင်းလိုက်ပြီးနောက် အများကြီး သက်သာသွားခဲ့သည်။
သို့သော် မန်နေဂျာကိုယ်တိုင် နေမကောင်းဖြစ်ကာ အပြင်တွင် ရပ်နေရသဖြင့် လျူရှင်းရှင်းကို အခန်းအရင်သွားယူခိုင်းသည့် မန်နေဂျာ၏ညွှန်ကြားချက်အပြင် အခြားလုပ်ဖော်ကိုင်ဖက်များကလည်း ဂရုတစိုက်ဖြင့် မန်နေဂျာကို ဝိုင်းရံကာ စိုးရိမ်တကြီးမေးမြန်းနေကြသည်။
“မန်နေဂျာလျူ... ကျွန်တော့်ဆီမှာ အသစ်စက်စက် ရေသန့်ဘူး ပါပါတယ်၊ နည်းနည်းလောက်သောက်လိုက်ပါလား”
“ကျွန်မဆီမှာ ကားမူးသက်သာတဲ့ ကပ်ခွာလေးတွေ ပါတယ်ရှင့်၊ စောစောက ကားအနောက်ဘက်မှာ ထိုင်နေတော့ မန်နေဂျာနေမကောင်းဖြစ်နေတာကို သတိမထားမိလိုက်ဘူး၊ သိရင် အစောကြီးကတည်းက ထုတ်ပေးလိုက်ပါတယ်”
လျူရှင်းရှင်းက အပြင်သို့ ကမန်းကတန်းပြေးထွက်လာရင်း စာရင်းသွင်းပြီးကြောင်း ပြောလိုက်၏။
“အခန်း စာရင်းသွင်းပြီးသွားပြီ၊ မန်နေဂျာလျူ... အားလုံးပဲ ကိုယ့်ခရီးဆောင်အိတ်တွေကို အခန်းထဲ အရင်သွားထားလိုက်ကြရင် မကောင်းဘူးလား”
မန်နေဂျာလျူက ခေါင်းညိတ်ကာ လက်ကိုမြှောက်၍ နာရီကိုကြည့်လိုက်သည်။ ဆယ်နာရီ တိတိ ရှိနေချေပြီ။ အားလုံး ခရီးဆောင်အိတ်များ ထားသိုကာ ကိုယ်လက်သန့်စင်ပြီးနောက် ဆယ့်တစ်နာရီတွင် ပထမထပ်၌စုဝေး၍ နေ့လယ်စာစားရန် အချိန်ကိုက်ပင် ဖြစ်သည်။
မန်နေဂျာလျူက သူ၏ဌာနမှ ဝန်ထမ်းများ အလွန်အမင်း အမွှန်းတင်ထားသော ဤယာတောအိမ်ကို ဝေ့ကြည့်လိုက်သော်လည်း အထူးတလည် ထူးခြားနေသည်ကို မတွေ့ရပေ။
အခြားယာတောအိမ်များနှင့် သိပ်ကွာခြားပုံမရချေ။ အချို့ယာတောအိမ်များဆိုလျှင် ဤနေရာထက် အများကြီး ပိုမိုကျယ်ဝန်းပြီး အထဲတွင် လှည့်လည်ကြည့်ရှုရန် ကားငယ်လေးများပင် ပါသေးသည်။
‘ဒီနေရာက ဘာတွေများ အဲဒီလောက် ထူးခြားနေလို့ လူတိုင်းက ညွှန်းဆိုနေကြတာလဲ’ ဟု သူ တွေးနေမိသည်။
မန်နေဂျာလျူက အခန်းထဲသို့ ပြန်ရောက်၍ ပစ္စည်းများနေရာချပြီးနောက် အချိန်စောနေသေးသည်ကို တွေ့ရသဖြင့် ကုတင်ပေါ်တွင် ခဏမျှ မှေးစက်ရန် ပြင်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သန်းခေါင်ယံအထိ အချိန်ပိုဆင်းခဲ့ရသဖြင့် သံမဏိဖြင့် လုပ်ထားသူ မဟုတ်သော သူကိုယ်တိုင်လည်း သဘာဝကျကျပင် ပင်ပန်းနွမ်းနယ်နေခဲ့၏။
သို့သော် မှေးစက်နေရင်းမှ အိပ်မောကျသွားပြီး ဖုန်းသံကြောင့်သာ လန့်နိုးသွားရတော့သည်။ ဖြစ်ပုံမှာ ပထမထပ်တွင် အားလုံးက စောင့်ရင်းစောင့်ရင်းနှင့် မန်နေဂျာကို ရှာမတွေ့သဖြင့် ဖုန်းဆက်လာခြင်းပင်။
လျူရှင်းရှင်းက မန်နေဂျာအတွက် သီးသန့်ကုတင်ကြီးတစ်လုံးပါ အခန်းကို ဘွတ်ကင်လုပ်ပေးထားသဖြင့် သူတစ်ယောက်တည်း အခန်းထဲတွင် အိပ်ပျော်နေသည်ကို မည်သူကမျှ သတိမပြုမိခဲ့ကြချေ။ နောက်ဆုံးတွင်တော့ မတတ်သာသည့်အဆုံး ဖုန်းဆက်၍မေးရတော့သည်။
မန်နေဂျာလျူက အချိန်ကိုကြည့်လိုက်ရာ ဆယ့်နှစ်နာရီပင် ထိုးတော့မည်ကို တွေ့လိုက်ရ၏။ အိပ်ရာထ နောက်ကျသွားမှန်း သိလိုက်ရသဖြင့် ခေါင်းကို အမြန်ခါယမ်းကာ အိပ်ချင်စိတ်ကို ဖျောက်ဖျက်ပြီးနောက် အောက်ထပ်သို့ ကမန်းကတန်း ဆင်းလာခဲ့သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် ဤနေရာမှ ဟင်းသီးဟင်းရွက်များက တကယ်ကို အရသာရှိလှ၏။ နူးညံ့ပြီး လတ်ဆတ်နေကာ ခြံထဲမှ အခုလေးတင် ခူးဆွတ်လာမှန်း အထင်းသား ပေါ်လွင်နေသည်။
အချိန်တော်တော်လေး လင့်နေပြီဖြစ်သည်ကို မြင်သောအခါ သူက လျူရှင်းရှင်းကို မျက်ရိပ်ပြလိုက်၏။ လျူရှင်းရှင်းကလည်း ချက်ချင်းသဘောပေါက်ကာ ထိုင်ခုံမှထပြီး လီရှီးရှီး၏ရှေ့သို့ လျှောက်သွားလိုက်သည်။
“သူဌေးမလေး... အရင်က ဝီချက်ကနေ ကျွန်မပြောထားတဲ့ လှုပ်ရှားမှုအခန်းရော စီစဉ်ပြီးပြီလားဟင်၊ ကျွန်မတို့ အဲဒီအခန်းထဲမှာ ခဏနေသွားဆော့ကြမလို့ပါ”
လီရှီးရှီးက အိုကေဟူသော လက်ဟန်ပြကာ ခေါင်းညိတ်ပြရင်း ပြန်ဖြေသည်။
“အကုန် စီစဉ်ပြီးပါပြီရှင့်။ ခုနက ရောက်ရောက်ချင်း သစ်သားအိမ်လေးတစ်ခုကို တွေ့ခဲ့တယ် မဟုတ်လား။ အဲဒီမှာ အဆင်သင့် ပြင်ထားပါတယ်။ အခုပဲ တံခါးသွားဖွင့်ခိုင်းလိုက်ပါ့မယ်”