အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
33
လုံးဝ ကြိုတင်မပြင်ဆင်ထားခဲ့သော လျူရှင်းရှင်းသည် မန်နေဂျာလျူ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စာကြည့်တိုက်ငယ်လေးဆီသို့ ရောက်ရှိလာသည်။
နံရံတစ်ဖက်လုံးကို ဖုံးလွှမ်းထားသော ကျောက်သင်ပုန်းကြီးတစ်ခုရှိပြီး လွတ်လပ်စွာ ရေးဆွဲနိုင်ရန် ဖန်တီးပေးထား၏။ သစ်သားနံ့သင်းသင်းလေးနှင့်အတူ လီရှီးရှီးက အားလုံးကို စိတ်အပန်းပြေစေရန်အတွက် သာယာငြိမ့်ညောင်းသော တေးဂီတသံများကိုပါ ဂရုတစိုက်ဖွင့်ပေးထားသေးသည်။
“မန်နေဂျာလျူ... ဒီနေရာက တော်တော်လေးကျယ်တာပဲ၊ ကျွန်မတို့ လူဒီလောက်များတာတောင် နည်းနည်းလေးမှမကျပ်ဘူး၊ ခဏနေကစားမယ့် ဂိမ်းလေးတွေအတွက်တော့ ကွက်တိပဲ”
လျူရှင်းရှင်းက သစ်သားအိမ်ငယ်လေးထဲကို ဝေ့ကြည့်လိုက်သည်။ ရက်အနည်းငယ်အတွင်း ဤမျှလောက် သီးသန့်ဆန်သော နေရာလေးတစ်ခုကို တည်ဆောက်ထားနိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူတို့ဌာန၏ အဖွဲ့လိုက် အပန်းဖြေခရီးအတွက် တကယ့်ကို အံဝင်ခွင်ကျပင် ဖြစ်နေသည်။
မန်နေဂျာလျူကလည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။ ဂိမ်းအနည်းငယ် ကစားပြီးသည်နှင့် ဝန်ထမ်းများနှင့် သူ၏ကြားရှိ ဆက်ဆံရေး ပိုမိုရင်းနှီးလာမည်ဟု ယုံကြည်နေသည်။ ဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်လိုသော သူ၏ရည်မှန်းချက်များအတွက် ဤအရာက အရေးပါသည်မဟုတ်လော။
အစပိုင်းတွင် ဂိမ်းကစားခြင်းက အတော်လေး အဆင်ပြေချောမွေ့နေခဲ့သည်။ သူတို့ “ဘယ်သူက သူလျှိုလဲ” ဂိမ်းကို ကစားနေကြခြင်းဖြစ်၏။ သို့သော် ကစားရင်း ကစားရင်းနှင့် အခြေအနေများက မှန်းဆမရနိုင်သော လမ်းကြောင်းသို့ ပြောင်းလဲသွားတော့သည်။
မန်နေဂျာလျူ၏ ခေါင်းထဲတွင် သူတို့ မကြာမီ လက်ခံရယူတော့မည့် ကြော်ငြာပရောဂျက်အတွက် အကြံဉာဏ်တစ်ခု ရုတ်တရက်ပေါ်ထွက်လာခြင်းပင်။
သူတို့က ကြော်ငြာကုမ္ပဏီတစ်ခု၏ စီမံကိန်းဌာနမှ ဝန်ထမ်းများဖြစ်ရာ စိတ်ကူးအကြံဉာဏ်ဆိုသည်မှာ ရလာသည်နှင့်တစ်ပြိုင်နက် လုံးဝ လက်လွတ်ခံ၍မဖြစ်ပေ။ မဟုတ်လျှင် ဦးနှောက်များ ပေါက်ကွဲထွက်မတတ် အကြံထုတ်ပြီးမှ အဆိုပြုလွှာများ ပယ်ချခံရခြင်းက တကယ့်ကို နာကျင်စရာကောင်းလှသည်။
ထို့ကြောင့် သူက ချက်ချင်းပင် လက်ဟန်ပြလိုက်ကာ တားလိုက်၏။
“အားလုံးပဲ... ခဏလောက်နေကြပါဦး၊ တာ့ဝမ် ငါးဟင်းဆိုင်ရဲ့ လိုဂိုအတွက် ငါ့ခေါင်းထဲမှာ အကြံတစ်ခု ရုတ်တရက် ပေါ်လာလို့၊ အခုပဲ မင်းတို့ကို မျှဝေချင်တယ်၊ ဒီမယ်... တာ့ဝမ် ငါးဟင်းဆိုင်ဆိုတာက စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ အဓိကဟင်းလျာက ငါးလေ၊ ဒါကြောင့် ငါတို့ရဲ့ လိုဂိုဒီဇိုင်းကလည်း လူတွေကို ငါးစားချင်စိတ် ချက်ချင်းပေါ်လာစေရမယ်...”
ပြောပြောဆိုဆိုနှင့်ပင် မန်နေဂျာလျူက အနောက်ဘက်ရှိ ကျောက်သင်ပုန်းကြီးပေါ်တွင် ချက်ချင်း ရေးဆွဲပြတော့၏။
“ဒီမှာကြည့်... ဒီမျဉ်းကြောင်းလေးကို ငါးပါးဟက်နဲ့ ဆူးတောင်အဖြစ် ပေါင်းစပ်လိုက်မယ်၊ ပြီးရင် အောက်ကမျဉ်းကို နည်းနည်းလေး ပြင်ဆွဲလိုက်မယ်ဆိုရင် ပန်းကန်လုံးကြီးထဲက ငါးတစ်ကောင်နဲ့ မတူသွားဘူးလား”
မန်နေဂျာက ဂိမ်းကစားနေရာမှ အလုပ်ကိစ္စသို့ ရုတ်တရက်ပြောင်းလဲသွားသည်ကို ကြားလိုက်ရသောအခါ လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာအမူအရာများမှာ ချက်ချင်း တောင့်တင်းသွားကြသည်။
‘မန်နေဂျာလျူက ဘာတွေလုပ်နေတာလဲ။ ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးက ဘာလို့ အလုပ်လုပ်တဲ့ နေရာကြီး ပြန်ဖြစ်သွားရတာလဲ’ အားလုံးက စိတ်ထဲမှ မကျေမနပ်ဖြင့် ပွစိပွစိ ညည်းတွားလိုက်မိကြ၏။
သို့သော် တဖြည်းဖြည်းနှင့် လူတိုင်းက အလုပ်ထဲတွင် အပြည့်အဝ နစ်မြောသွားကြသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။
အားလပ်ရက်မှာတောင် အနားမပေးဘူးဟု မန်နေဂျာအား အပြစ်တင်နေသော အတွေးများမှာ ခေါင်းထဲတွင် လုံးဝ မရှိတော့ဘဲ၊ ဒီဇိုင်းဆွဲထားသော လိုဂိုက ကြည့်ကောင်းရဲ့လား၊ ဒီဇိုင်းအမြင် ပါရဲ့လား၊ ဖောက်သည်ဘက်ကရော ကျေနပ်ပါ့မလားဆိုသည့် အချက်များအပေါ်တွင်သာ အပြည့်အဝ အာရုံစူးစိုက်နေကြတော့သည်။
ဤစာကြည့်တိုက်ငယ်လေး၏ အာရုံစူးစိုက်မှု မြှင့်တင်ပေးသော အာနိသင်က အစွမ်းပြနေပြီကို သူတို့မသိခဲ့ကြပေ။
တစ်နေ့လည်လုံး ဌာနတစ်ခုလုံး၏ ထက်မြက်လှသော လုပ်ငန်းစွမ်းဆောင်ရည်အောက်တွင် ကြော်ငြာအဆိုပြုလွှာ နှစ်ခုကို အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့ကြသည်။
“ဟေး... ဒီနေ့ လုပ်ငန်းစွမ်းဆောင်ရည်က တကယ်ကို မြင့်မားတာပဲ၊ တစ်နေ့လည်တည်းနဲ့ ပရောဂျက်နှစ်ခုကို အပြီးသတ်နိုင်ခဲ့တယ်နော်”
ချီကုက အကြောဆန့်လိုက်ရင်း ဘေးရှိ လျူရှင်းရှင်းကို လှမ်းပြောလိုက်၏။ ဆွေးနွေးနေစဉ်က သတိမထားမိခဲ့သော်လည်း အလုပ်ပြီးသွားချိန်တွင်တော့ တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသည်။
လျူရှင်းရှင်းကလည်း တီးတိုးပြန်ဖြေသည်။
“ဟုတ်ပါ့ဟာ။ ဒီယာတောအိမ်ရောက်မှ နောက်အပတ် အလုပ်တွေကိုပါ လုပ်ဖြစ်သွားလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ ငါအခု အရမ်းဗိုက်ဆာနေပြီ၊ နွားတစ်ကောင်လုံးတောင် စားနိုင်မယ်ထင်တယ်”
“နင်က ကံကောင်းပါတယ်၊ ဗိုက်ဆာရုံပဲရှိတာကို၊ ငါကတော့ အရိုးတွေပါ ပြုတ်ထွက်တော့မလို ခံစားနေရပြီ၊ ငါ့ကျောရိုးက အရင်ကတည်းက နည်းနည်းပြဿနာရှိနေတာ၊ အခု တစ်နေ့လည်လုံး ကုလားထိုင်ပေါ်က မထဘဲ ထိုင်နေလိုက်ရတော့ ပင်လည်းပင်ပန်း၊ ဗိုက်လည်းဆာနဲ့ သေတော့မှာပဲ”
ထိုစကားကို ကြားသည်နှင့် လျူရှင်းရှင်းက ချီကုကို ချက်ချင်းအကြံပေးလိုက်သည်။
“ဒါဆိုရင် ဒီယာတောအိမ်က အနှိပ်ဝန်ဆောင်မှုကို စမ်းကြည့်ပါလား၊ ငါပြောမယ်... ဒီက အနှိပ်က ဈေးကြီးပေမယ့် ဈေးကြီးရတဲ့ အကြောင်းရင်း ရှတယ်၊ တကယ်ကို အာနိသင်ကောင်းတာဟ”
ချီကုက မယုံကြည်နိုင်ဟန်ဖြင့် မျက်ခုံးပင့်ကာ မေးလိုက်၏။
“နင်ပြောနေတာ ကုတင်ဘေးက စာရွက်ပေါ်မှာ ရေးထားတဲ့ အကြောပြင်နှိပ်နယ်ခြင်း ဈေးနှုန်းစာရင်းကို ပြောနေတာတော့ မဟုတ်ပါဘူးနော်”
“ဟုတ်တယ်... ဟုတ်တယ်၊ ဟုတ်တယ်”
လျူရှင်းရှင်းက ကြက်ကလေး ဆန်စေ့ကောက်သလို တဆတ်ဆတ် ခေါင်းညိတ်ပြရင်း ရှင်းပြလာသည်။
“အဲဒါပဲလေ၊ အစကတော့ ငါလည်း ဒီနေရာက ခေါင်းပုံဖြတ်နေတာလို့ ထင်ပြီး မစမ်းရဲခဲ့ဘူး၊ ဒါပေမဲ့ ငါ့မိဘတွေ အရင်ဆုံး အနှိပ်ခံခဲ့ကြတာ၊ ငါ့မေမေက ခါးနာတဲ့ ရောဂါဟောင်းရှိတယ်လေ၊ ဒီမှာ နှိပ်ပြီးသွားတော့ အများကြီးကို သက်သာသွားတာ၊ အရင်တစ်ခေါက်က နဂါးလှေပွဲတော် အားလပ်ရက်က သုံးရက်ပဲရှိလို့သာ၊ မဟုတ်ရင် ငါ့မေမေက နောက်ထပ်ရက်အနည်းငယ်လောက် ဆက်နေပြီး ဆရာမယောင်ကို ထပ်နှိပ်ခိုင်းချင်နေတာ”
ထိုစကားများကို ကြားသောအခါ ချီကု၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသည့် အမူအရာများပေါ်လာသည်။
“ရှင်းရှင်းရယ်... ငါက သာမန်ဝန်ထမ်းလေးပါဟာ၊ ဒီလောက် ဈေးကြီးခံတဲ့အရာမျိုးကို ဘယ်လိုလုပ် တတ်နိုင်မှာလဲ၊ ဈေးက တကယ်ကို ကြီးလွန်းတယ်၊ ကြည့်ရတာ ငါ့လည်ပင်းရိုးက အဲဒီဈေးနဲ့ မတန်သေးပါဘူးလေ”
“အဲဒီလို မလုပ်ပါနဲ့၊ ယွမ် ၁၆၈ တန် သုံးမိနစ် အစီအစဉ်ကို စမ်းကြည့်လို့ ရတာပဲ၊ အာနိသင်ကတော့ အတူတူပဲ၊ ဒါပေမဲ့ အရမ်းနာလိမ့်မယ်နော်။ လုပ်ငန်းစဉ်ကတော့ နာရီဝက်အစီအစဉ်လောက် သက်သောင့်သက်သာ မရှိဘူးပေါ့၊ ဒါပေမဲ့ အာနိသင်ကတော့ တကယ့်ကို အစစ်အမှန်ပဲ”
“သုံးမိနစ်လေးနဲ့ အာနိသင်ရှိနိုင်လို့လား”
ချီကုက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် မေးလိုက်သည်။
“နင်က ငါ့ကို မယုံသေးဘူးလား၊ ငါတို့က ဒီလောက်ခင်တဲ့ သူငယ်ချင်းတွေပဲ၊ နင့်ကိုလိမ်ပါ့မလား။ နင်သာ နာတာကို မကြောက်ဘူးဆိုရင် နင့်ကိုငါကိုယ်တိုင် ဒကာခံပြီး အနှိပ်ခံခိုင်းမယ်”
“ဟေး... ဒါဆို အရမ်းမိုက်တာပေါ့၊ ငါက နင့်ကို အကင်ပြန်ဝယ်ကျွေးမယ်လေ”
…
မန်နေဂျာလျူသည်လည်း ယနေ့အတွက် အလွန်တန်သည်ဟု ခံစားနေရသည်။ အဖွဲ့လိုက် အပန်းဖြေဂိမ်းများကို ဆက်လက်မကစားနိုင်ခဲ့သော်လည်း ဝန်ထမ်းများ၏ တက်ကြွမှုနှင့် အလုပ်အပေါ် စိတ်အားထက်သန်မှုများကို မြင်တွေ့ခဲ့ရ၏။
သူက အကြံပြုချက်တစ်ခု ပေးလိုက်သည်နှင့် ချက်ချင်းပင် တုံ့ပြန်မှုများစွာကို ရရှိခဲ့သည်။ ယနေ့ လုပ်ငန်းစွမ်းဆောင်ရည်က အလွန်မြင့်မားလွန်းလှပေ၏။
နေရာပြောင်းလဲလိုက်ခြင်းက အားလုံး၏ စိတ်ကူးဉာဏ်ကို ပိုမိုပွင့်လန်းစေခြင်းများလော။ ‘နောက်နောင်လည်း ဒီလိုလှုပ်ရှားမှုမျိုး ခဏခဏ လုပ်သင့်တယ်’ ဟု သူတွေးလိုက်မိသည်။
မိမိဌာနကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်လိုသော ရည်မှန်းချက်က သူ့ရင်ထဲတွင် အပြည့်အဝရှိနေခဲ့၏။
(ဝန်ထမ်းများ - တောင်းပန်ပါတယ်၊ ကျွန်တော်တို့ကိုတော့ ချမ်းသာပေးကြပါ)
ညစာစားပြီးနောက် မန်နေဂျာလျူ အခန်းထဲသို့ ပြန်ရောက်၍ အနားယူစဉ်မှသာ ကုတင်ဘေး စားပွဲခုံပေါ်ရှိ အကြောပြင်နှိပ်နယ်ခြင်း ဈေးနှုန်းစာရင်းကို တွေ့ရှိသွားသည်။ ဤဈေးနှုန်းများက သူ့ကို လုံးဝ မခြောက်လှန့်နိုင်ချေ။
သီးသန့် အပန်းဖြေကလပ်များကဲ့သို့သော နေရာများစွာတွင် ဤထက်ပင် ပိုမိုမြင့်မားသော ဈေးနှုန်းများ ရှိနေသည်မဟုတ်လော။
နေ့လယ်က ဦးနှောက်ကို အကြီးအကျယ် အလုပ်ပေးထားရသဖြင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ကတစ်ကြောင်း၊ ဤယာတောအိမ်တွင် အပြစ်ပြောစရာ တစ်ခုမှ မတွေ့ရသေးသည်ကတစ်ကြောင်းကြောင့် အနားယူရန်အတွက် တစ်ကိုယ်လုံး အပန်းဖြေနှိပ်နယ်ခြင်း ဝန်ဆောင်မှုကို ယူရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် စာရွက်ပေါ်ရှိ ဖုန်းနံပါတ်သို့ ခေါ်လိုက်ရာ မိနစ်နှစ်ဆယ်ခန့်အကြာတွင် ဆရာမယောင်ရောက်ရှိလာသည်။ ရလဒ်ကတော့ မန်နေဂျာလျူအတွက် အလွန်အမင်း ကျေနပ်စရာကောင်းလှ၏။
ဤနေရာမှ အနှိပ်ပညာရှင်က ဤမျှလောက် အရည်အချင်းရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
သူ့လက်ချောင်းများ၏ အထိအတွေ့ဖြင့်ပင် သူ၏ ဂုတ်ပေါ်ရှိ အဆီဖုကြီးမှာ တစ်ဆခန့် သေးငယ်သွားသည်အထိ အစွမ်းထက်လှသည်။ သူ၏ ကျောရိုးတစ်လျှောက် သွေးကြောများ ပွင့်ထွက်သွားသကဲ့သို့ ပေါ့ပါးလန်းဆန်းသွား၏။
ထိုအချိန်တွင် သူ၏ဌာနမှ အခြားအမျိုးသမီး လုပ်ဖော်ကိုင်ဖက်များမှာမူ ဆပ်ပြာကို လေ့လာဆန်းစစ်နေကြ၏။ လျူရှင်းရှင်း ပြောသကဲ့သို့ပင် ဆားဝက်ခြံများကို ဖယ်ရှားရာတွင် အလွန်အစွမ်းထက်ကြောင်း စိတ်လှုပ်ရှားစွာ တွေ့ရှိသွားကြသည်။
ဆားဝက်ခြံဖယ်ရှားသည့် ထုတ်ကုန်များစွာက အလားတူအာနိသင်မျိုး ရှိကြသော်လည်း စနစ်တကျအသုံးမပြုပါက ချွေးပေါက်များကို အလွယ်တကူ ကျယ်လာစေနိုင်သည်။ ဤဆပ်ပြာလေးကတော့ လုံးဝ ကွဲပြားခြားနားနေသည်။ ဆပ်ပြာရနံ့သင်းသင်းလေးနှင့်အတူ မျက်နှာပေါ်ရှိ အညစ်အကြေးများအားလုံး ကွာကျသွားသည့်ခံစားချက်က တကယ့်ကို ပြိုင်ဘက်ကင်းပင်။
ပြန်လည်ထွက်ခွာမည့် အချိန်တွင် မန်နေဂျာလျူသည် သူ၏ဌာနမှ အမျိုးသမီးဝန်ထမ်းများအားလုံး ဆပ်ပြာသုံးတုံးစီ ဝယ်ယူထားကြသည်ကို သတိပြုမိသွားသည်။
သူ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး အနီးအနားရှိ အမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ဒီဆပ်ပြာက ဘာတံဆိပ်လဲ၊ အရမ်း နာမည်ကြီးနေလို့လား၊ ဘာလို့ မင်းတို့အားလုံး ဝယ်ထားကြတာလဲ”
သူ မေးလိုက်သူမှာ လျူရှင်းရှင်းဖြစ်နေပြီး သူမက ချက်ချင်း ပြန်ဖြေလာ၏။
“မန်နေဂျာလျူ... ဒါက ဒီယာတောအိမ်ကနေ ကိုယ်တိုင် ထုတ်ထားတဲ့ ဆပ်ပြာပါ အရင်က အွန်လိုင်း ဘလော့ဂါတစ်ယောက် ညွှန်းထားလို့ ကျွန်မတို့ သုံးကြည့်တာ၊ တကယ်ကို အာနိသင်ရှိတာ တွေ့တယ်၊ ပြီးတော့ တခြားဘယ်နေရာမှာမှလည်း ဝယ်လို့မရဘူးဆိုတော့ ကျွန်မတို့အကုန်လုံး ဝယ်ထားလိုက်ကြတာပါ”
“တကယ်လား"
သူလည်း ရေစီးကြောင်းအတိုင်း လိုက်ပါကာ ဇနီးဖြစ်သူအတွက် ဒေသထွက် လက်ဆောင်အဖြစ် ဆပ်ပြာအချို့ ဝယ်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဝယ်ယူခွင့်ကန့်သတ်ချက် ရှိနေပြီး တစ်ဦးလျှင် သုံးတုံးသာ ဝယ်ယူခွင့်ရှိမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ မန်နေဂျာလျူက ခေါင်းကုတ်နေရင်း တီးတိုးရေရွတ်လိုက်မိသည်။ “ဒီဆိုင်ရှင်က ဈေးကွက်ရှာဖွေရေးလှည့်ကွက်တွေ တော်တော်များတာပဲ”
အိမ်သို့ ပြန်ရောက်သောအခါ ဇနီးဖြစ်သူက သူ၏ခရီးဆောင်အိတ်ကို ကူညီရှင်းလင်းပေးရင်း ဇဝေဇဝါ ဖြစ်သွားရသည်။ ခင်ပွန်းဖြစ်သူက ဘာကြောင့် တည်းခိုခန်းမှ တစ်ခါသုံး ရေချိုးခန်းသုံးပစ္စည်းများကို အိမ်သို့ သယ်လာရသနည်း။
ယခင်က သူမ၏ခင်ပွန်း စီးပွားရေးကိစ္စဖြင့် ခရီးထွက်ကာ ကြယ်ငါးပွင့်ဟိုတယ်ကြီးများတွင် တည်းခိုခဲ့စဉ်ကပင် ဤကဲ့သို့သော ပစ္စည်းများကို ပြန်သယ်လာရန် ပျင်းရိခဲ့သူ မဟုတ်လော။
ယခုတော့ ဤဆပ်ပြာလေးက အိမ်ရှင်မ၏ စူးစမ်းချင်စိတ်ကို အပြည့်အဝနိုးဆွပေးလိုက်ပြီဖြစ်သည်။
34
မန်နေဂျာလျူ အလုပ်ဆင်းပြီး အိမ်ပြန်ရောက်မှသာ ဇနီးဖြစ်သူက အဖြစ်မှန်ကို သိသွားတော့သည်။ ဇနီးသည်မှာ အံ့သြလွန်း၍ စကားပင်မဟနိုင်တော့ချေ။
‘ဒီလိုကိစ္စမျိုးကို သူက ဘယ်လိုလုပ် ယုံကြည်နိုင်ရတာလဲ။ သူ့ဦးနှောက်က ဘယ်ရောက်နေလို့လဲ၊ ဆပ်ပြာတစ်တုံးလေးက မျက်နှာတစ်ခုလုံးကို တကယ်ပဲ ပြောင်းလဲသွားစေနိုင်ပါ့မလား။ အလွန်ဆုံးရှိလှ မျက်နှာပေါ်က ချွေးတွေ၊ အဆီတွေကို ဆေးကြောပေးနိုင်ရုံပေါ့။ ဒီလိုပစ္စည်းမျိုးတွေကို ငါ အရင်က မသုံးဖူးတာမှမဟုတ်တာ။ အာနိသင်က သာမန်ကာလျှံကာပါပဲ၊ ဆေးဘက်ဆိုင်ရာ အလှအပကုသမှုတွေလောက် ဘယ်တော့မှ မြန်ဆန်မှာ မဟုတ်ဘူး’
ထိုသို့တွေးမိကာ သူမက ဆပ်ပြာတုံးလေးများကို ခပ်ပေါ့ပေါ့ပင် ဘေးသို့ ပစ်ချထားလိုက်သည်။ အလှအပကို အမြဲတမ်း ပြီးပြည့်စုံအောင် ထိန်းသိမ်းလိုသော သူမ၏စံနှုန်းများနှင့် ဤဆပ်ပြာတုံးလေးက လုံးဝကိုက်ညီမှုမရှိဟု ခံစားနေရ၏။
တစ်နေ့တွင်တော့ အိမ်သုံး အဝတ်လျှော်ဆပ်ပြာရည်နှင့် အခြားပစ္စည်းများ ကုန်သွားပြီး အသစ်ဝယ်ရန် အချိန်မရဖြစ်နေသည်ကို ဇနီးဖြစ်သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် ခင်ပွန်းသည် ယခင်က သယ်လာခဲ့သော ဆပ်ပြာတုံးလေးကို အခွံခွာကာ အဝတ်လျှော်ရန် အလွယ်တကူ အသုံးပြုလိုက်၏။
သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် ဆပ်ပြာလေးမှာ သေးငယ်လှသော်လည်း သန့်စင်နိုင်စွမ်းက အလွန်အားကောင်းနေသည်ကို တွေ့လိုက်ရသည်။
သူမတွင် အိမ်မှုကိစ္စများ လုပ်ဆောင်ရာ၌ ပုံမှန်ဝတ်ဆင်လေ့ရှိသော အင်္ကျီတစ်ထည်ရှိသည်။
တစ်ကြိမ်တွင် ခင်ပွန်းဖြစ်သူက ထိုအဖြူရောင် ရှပ်အင်္ကျီကို သူမ၏ အနီရောင် အပေါ်ထပ်အင်္ကျီတစ်ထည်နှင့်အတူ အဝတ်လျှော်စက်ထဲသို့ ရောနှောထည့်လိုက်ရာ အဖြူရောင်ရှပ်အင်္ကျီမှာ အရောင်များရောယှက်သွားပြီး ပန်းရောင် ရှပ်အင်္ကျီအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
မူလက ထိုအင်္ကျီမှာ အမြဲတမ်း ဒရိုင်းကလင်းပို့လေ့ရှိသည့် နာမည်ကြီး အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။
အိမ်မှုကိစ္စကို ရှားရှားပါးပါး လုပ်လေ့ရှိသော ခင်ပွန်းဖြစ်သူက ဤအင်္ကျီများအားလုံးကို အဝတ်လျှော်စက်ထဲသို့ အတူတကွ ပစ်ထည့်လိုက်ခြင်းပင်။ သူမအနေဖြင့် ဒေါသထွက်ခွင့်၊ အပြစ်တင်ခွင့်ပင် မရခဲ့ချေ။
အိမ်မှုကိစ္စများကို ကူညီလုပ်ဆောင်ပေးသည့်အတွက် သူ့ကို အားပေးစကားပင် ဆိုလိုက်ရသေးသည်။ ‘ဟူး... မိန်းမတစ်ယောက်ဖြစ်ရတာ တကယ်ကို မလွယ်ကူပါလား’
ထိုအဖြစ်အပျက်ပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားဆေးကြောခဲ့သော်လည်း စွန်းထင်းနေသော အရောင်များကို လုံးဝ ဖျက်ထုတ်၍မရခဲ့ချေ။
သို့သော် ဈေးကြီးပေးဝယ်ထားရသော နာမည်ကြီး အမှတ်တံဆိပ်ဖြစ်ပြီး အမြဲတမ်း ဂရုတစိုက် ဝတ်ဆင်ခဲ့သည်မို့ ဒီအတိုင်း လွှင့်ပစ်လိုက်ရန်မှာလည်း အလွန်နှမြောစရာ ကောင်းနေသည်။
ထို့ကြောင့် အိမ်တွင်း၌သာ ဖြစ်သလို ဝတ်ဆင်ရတော့သည်။ အပြင်သို့ ဝတ်သွားပါက ပတ်ဝန်းကျင်မှ လူများက အတုဝတ်ထားသည်ဟု ထင်မြင်သွားလျှင် ကြည့်ရဆိုးမည် မဟုတ်လော။
ဤဆပ်ပြာမှာ အဝတ်လျှော်ဆပ်ပြာတောင့်များနှင့် ဆင်တူမည်ဟု တွေးကာ ဆပ်ပြာနှင့် အင်္ကျီကို အဝတ်လျှော်စက်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အင်္ကျီက ဒီလိုအခြေအနေ ရောက်နေပြီမို့ သိပ်ပြီး နှမြောမနေတော့ပေ။
တစ်နာရီခန့်အကြာ အဝတ်လျှော်စက် လည်ပတ်မှု ပြီးဆုံးသွားသောအခါ အဝတ်လှန်းရန် အင်္ကျီကို ထုတ်ယူလိုက်ချိန်တွင် သူမ အံ့သြမှင်သက်သွားရတော့၏။ စွန်းထင်းနေသော ပန်းရောင်များမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပထမဆုံးဝယ်လာစဉ်ကအတိုင်း ဖြူဖွေးသန့်စင်နေတော့သည်။
ဤသည်မှာ တကယ့်ကို အံ့မခန်းပင်။ ရှပ်အင်္ကျီမှာ မူလ အဖြူရောင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူမက ဘာအထူးအဆန်းမှ မလုပ်ခဲ့ချေ။
အရောင်စွန်းသွားကတည်းက ဤရှပ်အင်္ကျီကို အဝတ်လျှော်စက်ဖြင့် အကြိမ်ပေါင်းများစွာ လျှော်ဖွပ်ခဲ့သော်လည်း မူလအရောင်သို့ တစ်ခါမျှ ပြန်မပြောင်းခဲ့ပေ။
‘ဒီတစ်ခါကျမှ ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ’ သူမစဉ်းစားမရ ဖြစ်နေခဲ့သည်။
အဝတ်လျှော်စက်ကတော့ အရင်စက်အဟောင်းကြီးသာ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အဝတ်လျှော်ဆပ်ပြာရည် ကုန်သွားသဖြင့် ခင်ပွန်းဖြစ်သူသယ်လာခဲ့သော ဆပ်ပြာတုံးလေးကို အသုံးပြုလိုက်ခြင်းပင်။
ထိုစဉ်က ဤဆပ်ပြာလေးသည် သန့်စင်နိုင်စွမ်း အလွန်အားကောင်းကြောင်း ခင်ပွန်းဖြစ်သူက ပြောပြခဲ့သော်လည်း သူမ လုံးဝ မယုံကြည်ခဲ့ချေ။ အဓိကအချက်မှာ မျက်နှာသစ်ရန်အတွက်ဟုသာ ပြောခဲ့ပြီး အဝတ်အစားများအတွက် ဤမျှလောက် သန့်စင်နိုင်စွမ်းရှိလိမ့်မည်ဟု မပြောခဲ့သောကြောင့်ဖြစ်သည်။
ဆပ်ပြာ နှစ်တုံး ကျန်ရှိနေသေးသည်။ မျက်နှာပေါ်တွင် စမ်းသုံးကြည့်မည်ဟု တွေးလိုက်ပြီး တစ်ကြိမ် သစ်ကြည့်ပြီးနောက်တွင်တော့ သူမ အကြီးအကျယ် နောင်တရသွားတော့၏။
ခင်ပွန်းဖြစ်သူကို ဘာကြောင့် နောက်ထပ် နှစ်တုံးသုံးတုံးလောက် ပိုမဝယ်လာခဲ့သနည်းဟု အပြစ်တင်မိသည်။ ‘ဒီလောက်သေးတာ ဘယ်နှကြိမ်လောက်များ သုံးခံမှာလဲ'
…
လီရှီးရှီးမှာ ယခုအချိန်တွင် ဘေးအိမ်ရှိ ဒေါ်လေးဝမ်၏အိမ်၌ ညစာ စားသုံးနေသည်။ ဒေါ်လေးဝမ်က အိမ်တွင် ကြက်သားပေါင်းထားသည်ဟုဆိုကာ ညစာစားရန် အတင်းအကျပ် လာရောက်ခေါ်ဆောင်သဖြင့် ငြင်းဆန်၍မရတော့ဘဲ သစ်သီးအချို့ကို လက်ဆောင်ဆွဲကာ လိုက်လာခဲ့ရခြင်းဖြစ်၏။ ကြက်သားပေါင်း၏ မွှေးပျံ့သော ရနံ့လေးက အိမ်လေးထဲတွင် ဖုံးလွှမ်းနေသည်။
“ရှီးရှီးလေး... တကယ်တော့ ဒေါ်လေးမှာ ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စလေးတစ်ခုရှိလို့ သမီးရဲ့ အကြံဉာဏ်ကို တောင်းချင်တာ”
ဒေါ်လေးဝမ်က အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ထမင်းစားနေရင်း စကားစလာသည်။
လီရှီးရှီးမှာ မြိန်ရှက်စွာ စားသောက်နေ၏။ ဒေါ်လေးဝမ်၏ ကြက်သားပေါင်းကို မစားရသည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ မဟုတ်လော။ ဒေါ်လေးဝမ်၏ စကားကို ကြားသောအခါ ပါးစပ်ထဲတွင် ကြက်သားတစ်ဖတ် ကိုက်ထားလျက်ဖြင့် ချက်ချင်းမော့ကြည့်ကာ ပလုတ်ပလောင်းဖြင့် ပြောလိုက်သည်။
“ဘာများလဲဒေါ်လေးဝမ်၊ ပြောသာပြောပါ”
“ဒီလို ရှီးရှီးလေးရဲ့၊ ဒေါ်လေးက ပုံမှန်ဆို အိမ်မှုကိစ္စတွေလုပ်ပြီး နင့်ဦးလေးဝမ်နဲ့ ကြက်လေး နည်းနည်းပါးပါးမွေးပြီး အသက်မွေးဝမ်းကျောင်းပြုနေတာလေ၊ ဒေါ်လေး တွေးနေမိတာ... အခုတလော ငါတို့ရွာကို အပြင်လူတွေလာတာ ပိုပိုများလာတယ် မဟုတ်လား၊ အဲဒါကြောင့် ဒေါ်လေးလည်း အိမ်မှာ စီးပွားရေးလုပ်ငန်းအသေးစားလေး တစ်ခုလောက်စချင်လို့”
ဒေါ်လေးဝမ်က ရေတစ်ငုံသောက်လိုက်ပြီး ဆက်ပြောလာ၏။
“အန်တီချူကို ကြည့်လေ၊ သူက ပျားမွေးတယ်မဟုတ်လား၊ မကြာသေးခင်က လူတော်တော်များများ သူ့ဆီလာပြီး ဒေသထွက် ပျားရည်တွေဘာတွေ လာဝယ်ကြတယ်၊ အရောင်းအဝယ် တော်တော်လေးကောင်းတယ်လို့ သူပြောတယ်၊ ဒေါ်လေးမှာတော့ ပျားမွေးတဲ့ပညာ မရှိဘူးလေ၊ ဒါပေမဲ့ ဒေါ်လေးလည်းမညံ့ပါဘူး၊ အဲဒါကြောင့် ဒေါ်လေး ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတာ”
ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုဖြင့် ဘဝကို မြှင့်တင်လိုသော ဒေါ်လေးဝမ်၏ရည်မှန်းချက်လေးက မျက်ဝန်းများထဲတွင် တောက်ပနေသည်။
“အရမ်းကောင်းတာပေါ့ ဒေါ်လေးဝမ်၊ သမီး လုံးဝထောက်ခံတယ်၊ ဘာအကူအညီလိုလို သမီးကိုသာပြောလိုက်”
လီရှီးရှီးက ဒေါ်လေးဝမ်ကို လက်မထောင်ပြလိုက်သည်။
“အေးပါ... အဲဒါကြောင့်လည်း နင့်ဆီက အကြံဉာဏ်လာတောင်းတာပေါ့၊ နင်က ငါတို့ရွာရဲ့ ပထမဆုံး တက္ကသိုလ်ကျောင်းသူလေ၊ ရွာမှာပညာအရှိဆုံးပဲ”
ထိုစကားကို ကြားသောအခါ လီရှီးရှီးက အမြန်လက်ယမ်းပြကာ တားလိုက်၏။
“သမီးကို မြှောက်ပင့်မနေပါနဲ့တော့၊ ဒီထက်ဆက်မြှောက်နေရင် သမီး ကောင်းကင်ပေါ်လွင့်တက်သွားတော့မယ်”
ဒေါ်လေးဝမ်က တက္ကသိုလ်ကျောင်းသားတွေကို အရမ်း အထင်ကြီးလွန်းနေတာပဲဟု လီရှီးရှီး စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။ သူမ၏ ပညာရေးတွင် အတော်ဆုံးအချိန်မှာ အထက်တန်း တတိယနှစ်လောက်က ဖြစ်လိမ့်မည်ဟု ခံစားရသည်။
ထိုအချိန်က နက္ခတ္တဗေဒမှစ၍ ပထဝီဝင်အထိ အရာအားလုံးကို တကယ်ကျွမ်းကျင်ခဲ့၏။ ယခုအခါတွင်မူ သူမ၏ အဓိကဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ အနည်းငယ်ကိုသာ ပြောနိုင်တော့သည်။
“ဒီကလေးမကတော့ ဒေါ်လေးဝမ်ကိုနောက်နေတုန်းပဲ”
ဒေါ်လေးဝမ်က ဟန်ဆောင်ပန်ဆောင် မျက်စောင်းထိုးကာ ဆူလိုက်ပြီး ဆက်ပြောလေသည်။
“လာတဲ့သူတွေ အကုန်လုံးက မြို့ပေါ်ကလူတွေချည်းပဲ။ အချို့ဆိုရင် ဒေါ်လေးတို့အိမ်က ကြက်မကြီးတွေ၊ တောကြက်ဥတွေတောင် လာဝယ်သွားကြသေးတယ်၊ ဒေါ်လေးလည်း သမီးရဲ့ကျေးဇူးကြောင့် အကျိုးအမြတ်တွေ ရနေပါပြီ၊ ဒါပေမဲ့ တောကြက်ဥတွေ ရောင်းတဲ့ကိစ္စကိုတော့ နင့်ဦးလေးဝမ် တစ်ယောက်တည်းလုပ်နိုင်ပါတယ်၊ ဒေါ်လေးက တခြားတစ်ခုခုလုပ်ချင်တာ၊ အိမ်မှာ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ရင် ဘယ်လိုထင်လဲ၊ ပိုက်ဆံရောရနိုင်ပါ့မလား”
လီရှီးရှီးက ခဏမျှ စဉ်းစားလိုက်ပြီးနောက် အကြံပြုသည်။
“ဒေါ်လေးဝမ်... ခြံဝက အခန်းတစ်ခန်းကို ကုန်စုံဆိုင်အဖြစ် ပြောင်းဖွင့်မယ်ဆိုရင် လုံးဝပြဿနာမရှိဘူး၊ အဲဒါက ကုန်ကျစရိတ်ကိုလည်း အများကြီးသက်သာစေတယ်၊ ရိုးရိုးသားသားပြောရရင် ဒီနေရာက အရမ်းခေါင်လွန်းတယ်ဆိုပြီး ဧည့်သည်တွေ သမီးကို ခဏခဏ ညည်းပြတတ်ကြတယ်၊ တစ်ခါတလေ သူတို့ တစ်ခုခု အရေးပေါ်ဝယ်ချင်ရင် ရှာမရဘဲ တောင်အောက်ဆင်းဝယ်ရတာ တကယ်ကို အဆင်မပြေဘူးလေ၊ ဒေါ်လေးသာ အိမ်မှာ ကုန်စုံဆိုင်ဖွင့်လိုက်ရင် သမီးအတွက်လည်း ပြဿနာကြီးတစ်ခု ပြေလည်သွားမှာပဲ”
“တကယ်လား၊ ကုန်စုံဆိုင်ဖွင့်ရင် ပိုက်ဆံရနိုင်တယ်လို့ သမီးလည်း ထင်တာလား”
“အင်း... ပိုက်ဆံ ဘယ်လောက်ရမလဲဆိုတာကိုတော့ အာမမခံရဲဘူး၊ ဒါပေမဲ့ တကယ်လို့ ကုန်စုံဆိုင်ဖွင့်မယ်ဆိုရင်တော့ သေချာလေးစီစဉ်ဖို့လိုတယ်၊ ဒီအနီးအနားမှာ ဘာတွေရောင်းကောင်းမလဲ ဆိုတာပေါ့၊ ရှုံးဖို့ကတော့ သေချာပေါက်မရှိပါဘူး၊ အမြတ်နည်းနည်းနဲ့ များများပဲကွာမှာပါ”
“ကောင်းပြီလေ၊ သမီးရဲ့စကားကြားရမှပဲ ဒေါ်လေးလည်း စိတ်အေးသွားတော့တယ်၊ ရှောင်ဖုန်းကိုလည်း ဖုန်းဆက်ပြောပြပြီးပြီ၊ သူကလည်း အများကြီးထောက်ခံတယ်၊ ဒါဆိုရင် ဒေါ်လေးပြန်သွားပြီး ဂိုဒေါင်ကို ရှင်းလင်း၊ နံရံတွေကို ဆေးဖြူသုတ်လိုက်တော့မယ်၊ စင်တွေဆောက်ဖို့လည်း လူတစ်ယောက်လောက် ရှာရဦးမယ်”
ဒေါ်လေးဝမ်က ရွှင်လန်းတက်ကြွစွာဖြင့် အပြုံးချိုချိုလေး ပြုံးရင်းဆိုသည်။
လီရှီးရှီးက ခေါင်းညိတ်ပြကာ သေချာမှာကြားလိုက်သည်။
“အင်း... ဒေါ်လေးဝမ်၊ ဒီကုန်စုံဆိုင်က သေးပေမယ့် ဖောက်သည်တွေလာချင်အောင် အရမ်းကို သန့်ရှင်းသပ်ရပ်နေဖို့ လိုတယ်နော်၊ ပြီးတော့ ပစ္စည်းတွေရောင်းတဲ့အခါ သက်တမ်းကုန်ဆုံးရက်တွေကို အထူးဂရုစိုက်ရမယ်၊ လုံးဝ အလွတ်ခံလို့မဖြစ်ဘူး၊ တကယ်လို့ ဖောက်သည်က သက်တမ်းလွန်ပစ္စည်းကို ဝယ်သွားမိရင် ဒဏ်ရိုက်ခံရပြီး လျော်ကြေးပါ ပေးရလိမ့်မယ်၊ အာ... ဒါနဲ့ စီးပွားရေးလုပ်ငန်းလိုင်စင် ဘယ်မှာသွားလုပ်ရမလဲဆိုတာ ဒေါ်လေးသိရဲ့လား၊ မသိရင် အဲဒီကျမှ သမီးလိုက်လုပ်ပေးမယ်လေ”
“ရပါတယ်ကွယ်”
ဒေါ်လေးဝမ်က လက်ယမ်းပြရင်း ပြောလိုက်၏။
“အဲဒီအချိန်ကျရင် နင့်ဦးလေးကိုပဲ လိုက်လုပ်ခိုင်းလိုက်ပါ့မယ်”
ဘေးတွင်ရှိနေသော ဦးလေးဝမ်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းကို အဆက်မပြတ်ညိတ်ပြသည်။
“ကောင်းပါပြီရှင်၊ နားမလည်တာရှိရင်သာ သမီးကို လာမေးလိုက်ပါ”
လီရှီးရှီးက အိမ်မပြန်မီ ဒေါ်လေးဝမ်ကို လှမ်းမှာလိုက်သည်။