အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
35
မကြာမီမှာပင် ဒေါ်လေးဝမ်၏ ကုန်စုံဆိုင်လေး အဆင်သင့်ဖြစ်သွားခဲ့သည်။ ဆိုင်ဖွင့်ပွဲနေ့တွင် လီရှီးရှီးက ဗြောက်အိုးအရှည်ကြီးတစ်ဖုံးကို တမင်တကာ ဝယ်ယူသွားခဲ့ပြီး ဂုဏ်ပြုပေးခဲ့သည်။
မိမိ၏ ယာတောအိမ်လေးနှင့်အတူ ရွာလေးကိုပါ စည်ကားလာစေလိုသော သူမ၏ ရည်မှန်းချက်များက ဗြောက်အိုးပေါက်ကွဲသံများနှင့်အတူ ပိုမိုတက်ကြွလန်းဆန်းနေလေသည်။
“ဒေါ်လေးဝမ်၊ ဦးလေးဝမ်... ဆိုင်လေး အရောင်းအဝယ်စွံပါစေ၊ စီးပွားရေးတွေ ဒီရေအလား တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်” လီရှီးရှီးက ပြုံးရွှင်စွာဖြင့် နှုတ်ခွန်းဆက်သလိုက်သည်။
ကုန်စုံဆိုင်လေးကို နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သော ဇူလိုင်လ (၁) ရက်နေ့တွင် အချိန်ကိုက် ဖွင့်လှစ်ခဲ့ခြင်းပင်။ ကျောင်းများ ပိတ်ထားပြီဖြစ်ရာ မိဘအများအပြားက သားသမီးများကို ခေါ်ဆောင်ကာ လီရှန်းရွာလေးဆီသို့ အပန်းဖြေလာရောက်တတ်ကြ၏။
ယခုနှစ် နွေရာသီက အလွန်အမင်းပူပြင်းလှသည်။ မြို့ပြရှိလူများမှာ လေအေးပေးစက်ကြောင့်သာ အသက်ဆက်ရှင်နေရသည်ဟု ညည်းတွားနေကြရသ၏။
လူကြီးများပင်လျှင် လေအေးပေးစက်မရှိဘဲ တစ်ခဏမျှ မနေနိုင်ကြရာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။ ထို့ကြောင့် ချင်တာ့ဟိုင်တစ်ယောက် သူ၏ မိသားစုတစ်စုလုံးကို အပူရှောင်ရန် အေးမြသည့် နေရာတစ်ခုခုသို့ ခေါ်သွားရန် စဉ်းစားနေခြင်းဖြစ်သည်။
သို့သော် ဘယ်ကိုသွားရမည်နည်း။
G ပြည်နယ်က အတော်လေး အေးချမ်းသော်လည်း သူတို့နှင့် အနည်းငယ်ဝေးလွန်းနေသည်။ တိုက်ရိုက် လေယာဉ်ခရီးစဉ်များ ရှိသော်ငြား မကြာသေးမီကမှ စနေ၊ တနင်္ဂနွေ နှစ်ရက်သာ အားလပ်ရက် ရထားသဖြင့် အသွားအပြန်ခရီးစဉ်နှင့်ပင် အချိန်များ ကုန်ဆုံးသွားပေလိမ့်မည်။
ထိုသို့ ခေါင်းခဲနေစဉ် သားဖြစ်သူ ချင်ရိဟန်က ကလေးသုံး စမတ်နာရီလေးကို မြှောက်ပြရင်း ဖခင်ဖြစ်သူထံ ပြေးလာသည်။
“ဖေဖေ၊ ဖေဖေ... သားရဲ့ အခန်းဖော်သူငယ်ချင်းကို သူ့မိဘတွေက ဒီအနီးအနားက ယာတောအိမ် တစ်ခုကို ခေါ်သွားကြတယ်တဲ့၊ အဲဒီနေရာက အရမ်းအေးပြီး သူတောင် အိမ်မပြန်ချင်တော့ဘူးလို့ ပြောတယ်၊ သားလည်း အဲဒီကိုသွားချင်တယ်”
“ယာတောအိမ်... ဘယ်ကယာတောအိမ်လဲ” ချင်တာ့ဟိုင်က မူလတန်းကျောင်းသားအရွယ် သားဖြစ်သူကို ပွေ့ချီကာ ပေါင်ပေါ်တင်ထားလိုက်ရင်း အချိုသတ်မေးလိုက်၏။
သားဖြစ်သူ ချင်ရိဟန်က လက်ချောင်းလေးကို ကိုက်ကာ မျက်ခုံးလေးကြုတ်လျက် ယာတောအိမ်၏အမည်ကို အသည်းအသန် စဉ်းစားနေသည်။
“အင်း... သူပြောတာတော့ တောင်ပေါ်က ယာတောအိမ်တစ်ခုတဲ့၊ နာမည်ကို သား မမှတ်မိတော့ဘူး၊ တောင်တစ်တောင် ရှိတယ်ဆိုတာလောက်ပဲသိတယ်၊ ဒါပေမဲ့ အဲဒီမှာ လေအေးပေးစက်မရှိရင်တောင် လုံးဝမပူဘူးတဲ့လေ”
မည်မျှပင် စဉ်းစားစေကာမူ သူ လုံးဝ ပြန်မမှတ်မိတော့ချေ။ ထို့ကြောင့် ခေါင်းလေးကို ခါရမ်းကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး အမှန်တကယ် မမှတ်မိတော့ကြောင်း ပြကာ ဖခင်ဖြစ်သူကို အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် မော့ကြည့်လာသည်။
ချင်တာ့ဟိုင်က သားဖြစ်သူ၏ဆံပင်လေးများကို ပွတ်သပ်ပေးရင်း တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။ သူ့သား၏ မှတ်ဉာဏ်က သိပ်ကောင်းပုံမရချေ။
ဤအချက်က သူ့ကို အတော်လေး စိတ်ပူစေသည်။ သားဖြစ်သူ၏ ကျောင်းမိဘဆရာအသင်း အစည်းအဝေးအပြီးတွင် အတန်းပိုင်ဆရာမက သူနှင့် သီးသန့်စကားပြောလိုသဖြင့် အကူအညီတောင်းကာ ခေါ်ထားခဲ့ဖူးသည် မဟုတ်လော။
အစကတော့ သားဖြစ်သူ၏ အမှတ်စာရင်းများ ညံ့ဖျင်းနေသဖြင့် အတန်းပိုင်ဆရာမက အကြောင်းကြားလိုခြင်းသာ ဖြစ်မည်ဟု ချင်တာ့ဟိုင် ထင်မှတ်ထားခဲ့သည်။
သို့သော် တကယ်တမ်းတွင်မူ အတန်းပိုင်ဆရာမက သားဖြစ်သူ ချင်ရိဟန်သည် အတန်းထဲတွင် အာရုံစူးစိုက်နိုင်စွမ်း အလွန်အားနည်းပြီး အမြဲတမ်း လှုပ်စိလှုပ်စိဖြစ်နေကြောင်း၊ ဟိုကြည့်ဒီကြည့် လုပ်နေတတ်ကြောင်း သို့မဟုတ် ငေးမောနေတတ်ကြောင်း ရှင်းပြလာခဲ့သည်။
ဘာသာရပ်ပြဆရာ၊ ဆရာမ အတော်များများကပင် ဤအချက်ကို အတန်းပိုင်ဆရာမထံ အစီရင်ခံထားကြပြီးပြီ ဖြစ်၏။
ချင်တာ့ဟိုင် ခေါင်းလေးကို ကုတ်လိုက်မိသည်။ သူကိုယ်တိုင်လည်း ငယ်စဉ်က စာသင်ခန်းထဲတွင် စာသေချာ လိုက်မမှတ်တတ်ခဲ့ချေ။ အိမ်စာလုပ်ရသည်ထက် ခဲဖျက်လေးများနှင့် ဆော့ကစားရသည်က အများကြီး ပိုပျော်စရာကောင်းသည် မဟုတ်လော။
ကလေးက သူ့ဗီဇ ပါလာခြင်းများလော။ သေချာပေါက် ဆရာမရှေ့တွင် ဤအကြောင်းကို ဖွင့်ဟမည်တော့ မဟုတ်ပေ။ ထို့ကြောင့် မျက်နှာချင်းဆိုင်ရှိ အတန်းပိုင်ဆရာမကို လွယ်လွယ်ပင် ကတိပေးလိုက်သည်။
“ဆရာမရယ်၊ ကျွန်တော့်သား အတန်းထဲမှာ စာသေချာမနားထောင်ရင် ဆရာမသာ ကြိုက်သလို ဆူပစ်လိုက်ပါ၊ အပြစ်ပေးလည်းရပါတယ်၊ သူ့အမေနဲ့ ကျွန်တော်က ပုံမှန်ဆို အလုပ်များနေကြတော့ သူ့ရဲ့ အိမ်စာတွေ ဘာတွေကို အဘိုးအဘွားတွေကပဲ အဓိက ကြီးကြပ်ပေးရတာလေ၊ ကလေးကို အရမ်းအလိုမလိုက်ဖို့နဲ့ သေချာ ဂရုစိုက်ထိန်းကျောင်းဖို့ အိမ်ပြန်ရောက်ရင် ကျွန်တော် သေချာမှာလိုက်ပါ့မယ်”
သို့သော် အတန်းပိုင်ဆရာမရွှီက ခေါင်းခါလိုက်ပြီး မျက်မှန်ကို ပင့်တင်ရင်း သတိပေးလာသည်။
“ဆော့ချင်တဲ့ကလေးတွေ၊ စာသင်ခန်းထဲမှာ စာသေချာ နားမထောင်တဲ့ကလေးတွေ အများကြီးကို ကျွန်မမြင်ဖူးပါတယ်၊ ဒါပေမဲ့ ရှင့်ကလေးရဲ့ အခြေအနေက တခြားကလေးတွေနဲ့ နည်းနည်းကွာခြားနေသလို ခံစားရလို့ပါ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ချင်တာ့ဟိုင် အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားရသည်။ ‘ဆော့ချင်တဲ့ ကလေးတစ်ယောက်က ဘာတွေများ ကွာခြားနေလို့လဲ၊ ဒီကလေးက ဆရာမကိုများ ပြန်အာခံလို့လား'
သူက ချက်ချင်းပင် လှမ်းမေးလိုက်၏။
“ဆရာမ... ကလေးက စကားနားမထောင်လို့လား၊ ပြောသာပြောပါ၊ အိမ်ရောက်ရင် သူ့ကို သေချာဆုံးမလိုက်ပါ့မယ်”
“အို... မဟုတ်ရပါဘူး၊ ကျွန်မက အဲဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူး၊ ရိဟန်ရဲ့ ဖေဖေ၊ ကလေးတွေကို ရိုက်နှက်ဆုံးမတာက မှားယွင်းတဲ့ နည်းလမ်းပါ၊ မိဘတွေအနေနဲ့ ကလေးကို ဒေါသထွက်တိုင်း လက်ပါတာမျိုးမလုပ်သင့်ဘူး၊ အဲဒါက ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလေ၊ ပြီးတော့ ချင်ရိဟန်က ဆရာမကို ပြန်အာခံတယ်လို့ ကျွန်မ လုံးဝမပြောခဲ့ပါဘူး၊ ရိဟန်ရဲ့ ဖေဖေ... ကိုယ့်ကလေးအပေါ်မှာ ကြိုတင်အဆိုးမြင်စိတ်တွေ မထားသင့်ဘူးနော်”
“ဒါလည်း မဟုတ်ဘူး၊ ဟိုဟာလည်း မဟုတ်ဘူးဆိုတော့၊ ဆရာမရယ်... ကျွန်တော် ထင်ယောင်ထင်မှားမဖြစ်ရအောင် ကျွန်တော့်သား ဘာဖြစ်နေလဲဆိုတာကိုသာ တိုက်ရိုက်ပြောပြပေးပါတော့”
ဆရာမရွှီက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
“ရိဟန်ရဲ့ ဖေဖေ... ချင်ရိဟန်ကို ဆေးရုံခေါ်သွားပြီး စစ်ဆေးကြည့်ဖို့ ကျွန်မတို့အကြံပြုချင်ပါတယ်၊ ကလေးက အာရုံစူးစိုက်မှုအားနည်းပြီး အလွန်အမင်း ဂနာမငြိမ်ဖြစ်တဲ့ လက္ခဏာ ADHD များ ရှိနေမလားလို့ သံသယဖြစ်မိလို့ပါ၊ တကယ်လို့ ရှိနေခဲ့ရင်လည်း စောစောစီးစီးကုသတာ အကောင်းဆုံးပဲ၊ ဘာရောဂါမှ မရှိဘူးဆိုရင်တော့ အကောင်းဆုံးပေါ့ရှင်၊ ကျွန်မစကားကို မကြားခဲ့ဘူးလို့သာ မှတ်လိုက်ပါ”
‘ADHD တဲ့လား' ဤစကားလုံးကို ကြားလိုက်ရချိန်တွင် ချင်တာ့ဟိုင် အံ့သြမှင်သက်သွားရသည်။
သူ၏ကလေးမှာ စာပေသင်ကြားမှုတွင် သိပ်မထူးချွန်သော်လည်း အမှတ်စာရင်းများက ရိုလာကိုစတာစီးနေသကဲ့သို့ အတက်အကျ ကြမ်းလွန်းသည်။ ထို့အပြင် အနည်းငယ် ဂနာမငြိမ်ဖြစ်တတ်ကာ အာရုံစူးစိုက်မှု အမြဲတမ်း လွင့်ပါးနေတတ်သေး၏။
တွေးလေလေ သူ၏ကလေးက ADHD ကလေးများ၏ ရောဂါလက္ခဏာများနှင့် အတော်လေး ကိုက်ညီနေသည်ဟု ချင်တာ့ဟိုင် ခံစားလာရလေလေဖြစ်သည်။ ထို့ကြောင့် အတန်းပိုင်ဆရာမကို ကမန်းကတန်း နှုတ်ဆက်ကာ ကျောင်းမှ အမြန်ထွက်ခွာလာခဲ့တော့၏။
နောက်တစ်နေ့တွင် ချင်ရိဟန်အတွက် ကျောင်းခွင့်တိုင်လိုက်ပြီး ဇနီးဖြစ်သူနှင့်အတူ သားကိုခေါ်ကာ ချိန်းဆိုထားသောဆေးရုံသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးမှု ရလဒ်များအရ အပျော့စား ADHD ရောဂါလက္ခဏာရှိနေကြောင်း သိလိုက်ရသည်။ အခြေအနေ မဆိုးရွားသေးပါက ဆေးမသောက်ရန် ဆရာဝန်က အကြံပြုခဲ့သည်။
မိဘများနှင့် ဆရာများ၏ သွန်သင်လမ်းပြမှုကသာ အဓိကဖြစ်ပြီး ကလေးကို အကြောင်းမဲ့ ရိုက်နှက်ဆူပူခြင်းမျိုး မပြုလုပ်ရန်၊ အရေးအကြီးဆုံးအချက်မှာ ကလေး၏ နေ့စဉ်နေထိုင်မှုပုံစံများကို မှန်ကန်စွာ ပျိုးထောင်ပေးရန် မှာကြားလိုက်သည်။
ဤရလဒ်ကို မြင်တွေ့ရသောအခါ ချင်တာ့ဟိုင်တို့ လင်မယားနှစ်ယောက်လုံး အလွန်အမင်း နောင်တရကာ အပြစ်မကင်းသလို ခံစားလိုက်ရ၏။ အကြောင်းမှာ သူတို့နှစ်ဦးစလုံးမှာ ပေါ့ပေါ့ပါးပါးနှင့် သတိလက်လွတ် နေတတ်သူများ ဖြစ်ကြသည်။
ရိဟန် တစ်ခုခု အမှားလုပ်မိ၍ နှစ်ခွန်းသုံးခွန်းလောက်ပြောပြီး နားမထောင်ပါက မနေနိုင်ဘဲ ကလေး၏တင်ပါးကို ရိုက်နှက်ဆုံးမတတ်ကြသည်။
ဆေးရုံမှ ပြန်လာပြီးနောက် မိဘနှစ်ပါးလုံး ထူးဆန်းနေသည်ဟု ချင်ရိဟန် ခံစားလိုက်ရသည်။ သူတို့က လူစားလဲခံလိုက်ရသလို တစ်ခြားလူတွေ ဖြစ်သွားကြပြီး အစစအရာရာ ပြောရဆိုရတာ အများကြီး လွယ်ကူလာ၏။
ယခင်ကဆိုလျှင် သူ အပြင်မှ ကြက်ကြော်ဖြစ်စေ၊ တစ်ခုခုဖြစ်စေ စားချင်သည်ဟု ပူဆာလျှင် မိဘများက ဂရုပင်မစိုက်ဘဲ အိမ်သို့အမြန်ပြန်ရန်သာ အတင်းဆွဲခေါ်သွားတတ်ကြသည်။
သို့သော် ယခုအခါတွင်မူ သူ တစ်ခုခုစားချင်သည်ဟု ပြောလိုက်လျှင် မိဘများက လုံးလုံးလျားလျား မငြင်းဆန်တော့ချေ။ တစ်ခါတစ်ရံ အကင်များ သို့မဟုတ် ကြက်ကြော်များကိုပင် ဝယ်လာပေးတတ်သေးသည်။ သူ့ဘဝကြီးက ပျော်ရွှင်မှု ပူဖောင်းလေးများဖြင့် ပြည့်နှက်နေတော့၏။
သို့သော် မိဘများက သူ့အပေါ် အရမ်းကောင်းလွန်းနေသဖြင့် ချင်ရိဟန်တစ်ယောက် အနည်းငယ် နေရခက်သလို ခံစားလာရသည်။ သူများ ကုသ၍မရနိုင်တော့သော ရောဂါဆိုးကြီးတစ်ခုခု ခံစားနေရပြီလားဟုပင် တွေးတောလာမိ၏။
တီဗွီ ဇာတ်လမ်းတွဲများထဲမှ ဆရာဝန်များသည် အမြဲတမ်း ဤကဲ့သို့ ပြုမူတတ်ကြသည် မဟုတ်လော။ လူနာရှင်များကို ‘ဒါက လူနာရဲ့ နောက်ဆုံးနေ့ရက်တွေပါပဲ၊ သူစားချင်တာ သောက်ချင်တာလေးတွေ ကျွေးလိုက်ပါတော့’ ဟု ပြောတတ်ကြသည်လေ။
ဤအတွေးက ကလေးငယ် ချင်ရိဟန်ကို အတော်လေး ကြောက်ရွံ့သွားစေသည်။
‘ငါ နေမကောင်းဖြစ်နေတာလား။ ငါ့မှာ အသက်ရှင်ဖို့ ရက်သိပ်မကျန်တော့ဘူးလား'
ထိုသို့တွေးမိသည်နှင့် မျက်ရည်များ ဝဲတက်လာတော့သည်။ ကုတင်ပေါ်မှ ကမန်းကတန်းဆင်းကာ မိဘများ၏ အခန်းဆီသို့ ငိုယိုပြီးပြေးသွားတော့၏။
ချင်တာ့ဟိုင်နှင့် ဇနီးဖြစ်သူတို့မှာ အနာဂတ်တွင် သားဖြစ်သူကို မည်သို့ ပညာပေး သွန်သင်ရမည်ကို ဆွေးနွေးတိုင်ပင်နေကြသည်။ လာမည့် နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးကို မည်သည့် သင်တန်းများမှ မထားတော့ဘဲ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေရန်သာ ဦးစားပေးမည်ဟု ဆွေးနွေးနေကြဆဲမှာပင် သားဖြစ်သူ ငိုယိုကာ တံခါးလာခေါက်သံကို ကြားလိုက်ရ၏။
သူတို့ ကမန်းကတန်း တံခါးဖွင့်လိုက်ပြီး သူ၏အသည်းနှလုံးလေးဖြစ်သော သားငယ်ကို ပွေ့ချီလိုက်ကြသည်။ ချင်ရိဟန်၏မိခင်က သားဖြစ်သူ၏ကျောပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း ချော့မော့လိုက်၏။
“ဖေဖေနဲ့ မေမေ ဒီမှာရှိတယ်နော်၊ မကြောက်နဲ့၊ မကြောက်နဲ့။ ဘာဖြစ်လို့လဲ ရိဟန်လေး၊ အိပ်မက်ဆိုးတွေ မက်လို့လား”
ကလေးငယ် ချင်ရိဟန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ရင်ဖွင့်တော့သည်။
“ဝါး... ဝူး... ဝူး... သား သေရတော့မှာလားဟင်။ သား မသေချင်သေးဘူး။ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဘွားဘွားတို့နဲ့ အတူတူပဲ နေချင်သေးတယ်။ ဝါး... ဝူး... ဝူး...”
36
စကားစဆုံးသည်နှင့် ကလေးငယ် ချင်ရိဟန်မှာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ထိုအဖြစ်က ချင်တာ့ဟိုင်တို့ လင်မယားနှစ်ယောက်လုံးကို ပြာယာခတ်သွားစေပြီး သားငယ်ကို ပြာပြာသလဲ ဖက်တွယ်ချော့မော့ရတော့သည်။
“ကဲပါ... ကဲပါ၊ မငိုနဲ့တော့နော်၊ သားက ဘယ်လိုလုပ်သေရမှာလဲ၊ ဖေဖေတို့ရဲ့ ရိဟန်လေးက အရွယ်တောင်မရောက်သေးတာကို”
“တကယ်လား”
ချင်ရိဟန်မှာ အသံထစ်ကာ သီးသည်အထိ ငိုယိုနေဆဲပင်။
“ဒါဆို ဆေးရုံကပြန်လာကတည်းက ဖေဖေနဲ့ မေမေက ဘာလို့ သားအပေါ် ရုတ်တရက်ကြီး အရမ်းကောင်းသွားရတာလဲ၊ သားမှာ ကုလို့မရတဲ့ရောဂါဆိုးကြီး ဖြစ်နေလို့မဟုတ်ဘူးလား”
ချင်တာ့ဟိုင်မှာ ဆွံ့အသွားရသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် သက်ပြင်းတစ်ချက်ချကာ ရှင်းပြရတော့၏။
“သားရယ်... အဘွားနဲ့အတူ အဲဒီ အဓိပ္ပာယ်မရှိတဲ့ တီဗွီဇာတ်လမ်းတွဲတွေ လျှောက်ကြည့်မနေစမ်းပါနဲ့၊ ဘာတွေလျှောက်တွေးနေတာလဲ၊ ဖေဖေတို့က ဘာဖြစ်လို့လဲ၊ အရင်ကရော သားအပေါ်မကောင်းလို့လား၊ ဖေဖေတို့က... ဟိုလေ၊ ပြီးခဲ့တဲ့တစ်ခေါက် သားရဲ့အတန်းပိုင်ဆရာမက ဖေဖေ့ကိုခေါ်ပြောတယ်၊ ကလေးကို အမြဲတမ်း ရိုက်နှက်ဆုံးမတာမျိုး မလုပ်သင့်ဘူးတဲ့၊ အဲဒါကြောင့် ဆရာမရဲ့အကြံဉာဏ်ကို လက်ခံပြီး ဖေဖေတို့ရဲ့ သွန်သင်တဲ့နည်းလမ်းကို ပြောင်းလဲလိုက်တာပါ”
မိဘနှစ်ပါး၏ နွေးထွေးသောချော့မော့ယုယမှုအောက်တွင် အသက်ရှစ်နှစ်အရွယ် ချင်ရိဟန်လေးမှာ အလုံးစုံနားလည်သဘောပေါက်သွားပြီး ယခင်ကလို တက်ကြွပျော်ရွှင်သော ကလေးငယ်လေးအဖြစ် ချက်ချင်း ပြန်လည်ရောက်ရှိသွားတော့သည်။
…….
ချင်တာ့ဟိုင်သည် ဖုန်းကိုထုတ်ကာ အနီးဆုံး ယာတောအိမ်များကို ရှာဖွေလိုက်သည်။ သားဖြစ်သူက ဤယာတောအိမ် မှာ သူတို့မြို့ထဲတွင် ရှိသည်ဟု ပြောထားသဖြင့် မြေပုံပေါ်တွင် ရှာတွေ့နိုင်မည်မှာ သေချာသည်။
အွန်လိုင်းတွင် ယာတောအိမ် စုစုပေါင်း သုံးခုကို ရှာတွေ့ခဲ့သည်။ ပထမတစ်ခုမှာ မြို့ပေါ်ရှိ နာမည်ကြီး ဘုရားကျောင်းတစ်ခု၏ တောင်ခြေတွင် တည်ရှိသည်။ ဘုရားကျောင်းက တောင်ပေါ်တွင်ရှိသော်လည်း ဤယာတောအိမ်က တောင်ခြေတွင်ဖြစ်သဖြင့် သေချာပေါက် မဟုတ်နိုင်ပေ။ ကျော်လိုက်ပေသည်။
ဒုတိယတစ်ခုက သူတို့မြို့၏ တိရစ္ဆာန်ရုံအနီးတွင် ဖြစ်သည်။ သူတို့မြို့ရှိ တိရစ္ဆာန်ရုံဆိုသည်မှာ တောင်ပေါ်တွင်ရှိသည်ဟု ခေါ်၍မရချေ။ အလွန်ဆုံးရှိလှ ကုန်းကွေ့လေး တစ်ခုသာ ဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် ထိုနေရာက မအေးမြနိုင်သဖြင့် ဤတစ်ခုလည်း မဟုတ်နိုင်ပေ။
တတိယတစ်ခုသာ ကျန်တော့သည်။ လီရှန်းယာတောအိမ်ဟု အမည်ရသော ဤနေရာက အောက်ဘက်ရှိ မြို့နယ်လေးတစ်ခုအနီးတွင် တည်ရှိပြီး အနည်းငယ်တော့ဝေးလှသည်။
သို့သော် ဤယာတောအိမ်က တောင်ပေါ်တွင်ရှိပြီး အမည်တွင်လည်း ‘တောင်’ (ရှန်း) ဟူသော စကားလုံး ပါဝင်နေသည်။
ဤနေရာသည် သားဖြစ်သူ ခုနလေးတင် ပြောခဲ့သော နေရာဖြစ်ကြောင်း ချင်တာ့ဟိုင် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာသွားတော့သည်။
မိသားစုကို အကောင်းဆုံး အပန်းဖြေခရီးတစ်ခု စီစဉ်ပေးလိုသော ဖခင်တစ်ဦး၏ ရည်မှန်းချက်က သူ့ကို ပိုမိုတက်ကြွလာစေလေ၏။
အောက်ဘက်ရှိ မှတ်ချက်များကို ဆွဲချကြည့်လိုက်သောအခါ ချင်တာ့ဟိုင်၏ မျက်နှာပေါ်တွင် မြေအောက်ရထားပေါ်မှ အဘိုးအိုတစ်ဦး ဖုန်းကြည့်နေသည့်နှယ် ဇဝေဇဝါအမူအရာမျိုး ပေါ်လာသည်။ မှတ်ချက်တွေက
‘ဒီမှတ်ချက်တွေက ဘာတွေလဲ၊ ဒီတစ်ခုကို ကြည့်စမ်း...’
[ဒီက ပတ်ဝန်းကျင်က အရမ်းကောင်းတယ်၊ အနားယူဖို့ တကယ့်ကို သင့်တော်တယ်၊ ဒီမှာ ရက်အနည်းငယ်လောက် တည်းဖြစ်ခဲ့တာ ညတိုင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ ယာတောအိမ်ဆိုပေမယ့် အပြင်က အဆင့်မြင့်ဟိုတယ်တွေထက် လုံးဝ မညံ့ဘူး]
ဤမှတ်ချက်၏ အစပိုင်းက အတော်လေး ပုံမှန်ဖြစ်သော်လည်း အောက်ဘက်သို့ ရောက်လေလေ ရယ်စရာကောင်းလာလေလေ ဖြစ်သည်။
[ဒီနေရာကနေ လီရှန်းယာတောအိမ်က ဆရာမယောင်ကို အထူးပဲကျေးဇူးတင်ချင်ပါတယ်။ ကျွန်မရဲ့ နှစ်ရှည်လများ ခံစားနေရတဲ့ နာတာရှည်ရောဂါကို ကုသပေးခဲ့လို့ပါ၊ ကျွန်မမှာ အဆစ်အမြစ်ရောင် ရောဂါဟောင်းရှိပြီး မိုးရွာတိုင်း အရမ်းကိုက်ခဲတာ၊ ဆရာမယောင် နှိပ်ပေးတာ အကြိမ်အနည်းငယ် ခံယူပြီးနောက်မှာတော့ ခြေထောက်တွေက အရင်ကထက် အများကြီးပိုသွက်လက်လာတယ်၊ အာနိသင်က တကယ်ကိုအံ့မခန်းပဲ]
နောက်ထပ် မှတ်ချက်အချို့ကို ဆက်ကြည့်လိုက်ပြန်သည်။
[ဒီယာတောအိမ်က ဆပ်ပြာကိုတော့ မချီးကျူးဘဲ မနေနိုင်ဘူး၊ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့ ဒီဆပ်ပြာရဲ့ အစွမ်းက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ အားလုံးပဲ သုံးကြည့်ကြပါ] (ဆပ်ပြာ ဓာတ်ပုံ ကိုးပုံ ပူးတွဲပါရှိသည်)
[အွန်လိုင်းမှာ ဘလော့ဂါတစ်ယောက် ညွှန်းထားလို့ ဒီက ဆပ်ပြာကို သုံးကြည့်တာ၊ တကယ်ကို ကောင်းတာပဲ၊ မျက်နှာက အများကြီးပိုသန့်သွားပြီး ကျောကဝက်ခြံတွေလည်း ပျောက်ကုန်ပြီ။ ကံဆိုးတာက တစ်ယောက်ကို သုံးတုံးပဲ ဝယ်ခွင့်ရှိတော့ တကယ်ကိုမလောက်ဘူး၊ သူဌေးမလေး... ဝယ်ခွင့်တွေ ထပ်တိုးပေးဖို့ မစဉ်းစားဘူးလားဟင်] (ငိုနေသော အီမိုဂျီ)
[ဆရာမယောင်ရဲ့ နှိပ်နယ်တဲ့နည်းစနစ်တွေက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်လွန်းတယ်၊ သုံးမိနစ် အစီအစဉ်ကို ရွေးချယ်ခဲ့ပေမယ့် အာနိသင်ကတော့ ချက်ချင်းလက်ငင်းပဲ၊ လုပ်ငန်းစဉ်က နည်းနည်းတော့ နာကျင်ရတာပေါ့လေ၊ ပိုက်ဆံရှိရင်တော့ မိနစ်သုံးဆယ် အစီအစဉ်ကိုရွေးတာ ပိုကောင်းတယ်]
[ဒီဆပ်ပြာက နိုင်ငံတကာ နာမည်ကြီးမျက်နှာသစ်ဆေးတွေနဲ့ လုံးဝကို ယှဉ်နိုင်တယ်၊ မျက်နှာသစ်ပြီးတာတောင် အသားအရေ တင်းကြပ်သွားတာမျိုး လုံးဝမရှိဘူး၊ အပိုပြောတာ မဟုတ်ဘူးနော်၊ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာပေါ်က ချွေးပေါက်လေးတွေတိုင်း အသက်ရှူနေရသလို ခံစားရတယ်၊ ညီမလေးတို့... လီရှန်းယာတောအိမ်ကို လာရင် ဆပ်ပြာဝယ်ဖို့ မမေ့နဲ့ဦးနော်]
…
ဤမှတ်ချက်များကို မြင်တွေ့လိုက်ရချိန်တွင် ချင်တာ့ဟိုင်မှာ လင့်ခ်မှားနှိပ်မိပြီး အလှပြင်ဆိုင်တစ်ခု၏ မှတ်ချက်ကဏ္ဍသို့ မတော်တဆ ဝင်ရောက်မိသွားသလားဟုပင် ထင်မှတ်သွားရသည်။
မဟုတ်လျှင် အကြောပြင်နှိပ်နယ်ခြင်း၊ ဆားဝက်ခြံ ဖယ်ရှားခြင်းတို့ဆိုသည်မှာ သူ၏ဇနီးသည် အလှပြင်ဆိုင်များတွင် အလွန်နှစ်သက်သော ဝန်ဆောင်မှုမျိုးတွေသာ မဟုတ်လော။
သူက နောက်သို့တစ်ချက်ပြန်ဆုတ်ကာ မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။
‘လုံးဝ မမှားဘူး၊ ဒါတွေက ယာတောအိမ်တစ်ခုအတွက် ရေးထားတဲ့မှတ်ချက်တွေပဲ၊ ယာတောအိမ် လို နာမည်ပေးထားတဲ့ ဒီနေရာက တကယ်တော့ ယာတောအိမ်အမည်ခံ အလှပြင်ဆိုင်များဖြစ်နေမလား'
သူက ဇွဲမလျှော့ဘဲ မှတ်ချက်များကို အောက်သို့ ဆက်လက်ဆွဲချကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်တော့ ပုံမှန်မှတ်ချက်အချို့ကို တွေ့လိုက်ရ၏။
ယာတောအိမ်၏ လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် သန့်ရှင်းသပ်ရပ်သော တည်းခိုခန်းများကို ချီးကျူးထားခြင်းပင်။ အခန်းများကြားရှိ အသံလုံစနစ် အလွန်ကောင်းမွန်ကြောင်း၊ အပေါ်ထပ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း အောက်ထပ်တွင် ဘာအသံမှ မကြားရဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြောင်းလည်း ပါရှိသည်။
ကြည့်ရသည်မှာ ဤယာတောအိမ်၏ အဆင့်သတ်မှတ်ချက်က အတော်လေး မြင့်မားပုံရသည်။
အလှပြင်ဆိုင်တစ်ခု၏ မှတ်ချက်များနှင့် တူနေသော အရာများကိုတော့ ယာတောအိမ်၏ ဘေးထွက်စီးပွားရေးလုပ်ငန်းများသာ ဖြစ်မည်ဟု ချင်တာ့ဟိုင်တွေးလိုက်ပြီး သိပ်အလေးအနက်မထားတော့ပေ။
ထို့နောက် မြေပုံကိုအသုံးပြုကာ တည်နေရာကို ရှာဖွေလိုက်သည်။ ဤယာတောအိမ်မှာ သူတို့အိမ်နှင့် သိပ်မဝေးလှဘဲ ကားဖြင့် နှစ်နာရီကျော်မျှသာ မောင်းနှင်ရမည်ဖြစ်၏။
ဇနီးဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် စနေ၊ တနင်္ဂနွေ အားလပ်ရက်တွင် ကလေးနှင့် အဖိုးအဖွားများကို ခေါ်ဆောင်ကာ ထိုနေရာသို့ အပန်းဖြေသွားရန် ဆုံးဖြတ်လိုက်ကြသည်။
…
“တာ့ဟိုင်... မင်းကတော့ ငါတို့အတွက် အေးမြတဲ့နေရာလေးတစ်ခုကို နောက်ဆုံးတော့ ရှာတွေ့သွားပြီပဲ၊ မင်းအမေနဲ့ ငါကတော့ အိမ်မှာနေရင် အပြင်ထွက်ပြီး သူများတွေနဲ့ စကားတောင်မပြောရဲဘူး၊ ခြေလှမ်းနည်းနည်းလောက် လျှောက်လိုက်တာနဲ့ ကျောပြင်ကချွေးတွေက သွန်ချသလိုကျလာတာပဲ”
ချင်တာ့ဟိုင်၏ ဖခင်ဖြစ်သူက သူအမြဲတမ်း ကိုင်ဆောင်လေ့ရှိသော ထန်းရွက်ယပ်တောင်ကို ခတ်ရင်း ညည်းတွားရှာသည်။
“ဟုတ်ပါ့၊ အစကတော့ လေအေးပေးစက်ဖွင့်ထားတဲ့ အခန်းထဲမှာ အချိန်ပြည့်မနေဘဲ ကိုယ်လက်လှုပ်ရှားမှု ဖြစ်အောင် အပြင်ထွက်ဦးမှလို့ တွေးမိသေးတယ်၊ ဒါပေမဲ့ အပြင်ဘက်က အပူချိန်က လမ်းမပေါ်မှာ ကြက်ဥတောင် ကြော်စားလို့ရမယ့် အတိုင်းပဲ၊ အပြင်ထွက်လို့မရတော့ လေအေးပေးစက်လေး ပိတ်ထားဦးမှလို့ တွေးမိပြန်တယ်၊ ‘စိတ်ကိုအေးအေးထားရင် အလိုလိုအေးမြလာလိမ့်မယ်’ ဆိုတဲ့ ရှေးစကား ရှိတယ်မဟုတ်လား၊ ဒါပေမဲ့ ဘာဖြစ်လဲသိလား။ လေအေးပေးစက် ပိတ်ပြီး နာရီဝက်တောင်မကြာဘူး၊ အပူဒဏ်ကို လုံးဝမခံနိုင်တော့ဘူး၊ စိတ်ကို နည်းနည်းလေးမှကို အေးအေးထားလို့ မရတော့တာ”
ချင်တာ့ဟိုင်၏ မိခင်ဖြစ်သူကလည်း မနေနိုင်ဘဲ ဝင်ရောက်ညည်းတွားလေသည်။
ချင်တာ့ဟိုင်မှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။
“ဖေဖေ၊ မေမေ... သား အရင်ကတည်းက ပြောထားတယ် မဟုတ်လား၊ အဲဒီ လျှပ်စစ်မီတာခလေး နည်းနည်းပါးပါးကို အမြဲတမ်း စိတ်ပူမနေပါနဲ့လို့၊ လိုအပ်ရင် လေအေးပေးစက်ကိုဖွင့်ပါ၊ အပူရှပ်ပြီး နေမကောင်းဖြစ်သွားရင် ဆေးရုံသွားရတဲ့ ကုန်ကျစရိတ်က မီတာခထက် ပိုသက်သာလို့လား၊ ပိုက်ဆံပိုကုန်တာထက် အရေးကြီးဆုံးက အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထိခိုက်သွားရင် ဘယ်လောက်ပဲ ပိုက်ဆံသုံးသုံး အရင်လို ပြန်ဖြစ်လာမှာ မဟုတ်ဘူးလေ”
မိဘများအပေါ်ထားရှိသော သားတစ်ယောက်၏ နွေးထွေးသော မေတ္တာတရားက တာ့ဟိုင်၏စကားလုံးများတွင် အပြည့်အဝ ကိန်းအောင်းနေသည်။
“အခုသိပါပြီကွယ်၊ သားမသိလို့ပါ... ငါတို့အိမ်နီးချင်း ဒေါ်လေးလီဆိုရင် မီတာခချွေတာမယ်ဆိုပြီး အိမ်ထဲမှာ အပူရှပ်ပြီးမေ့လဲသွားတာတဲ့၊ ဆေးရုံမှာ ရက်တော်တော်ကြာ တက်လိုက်ရပြီးမှ ပြန်ဆင်းလာတယ်လို့ကြားတယ်၊ ပြီးတော့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေတောင် ကျန်ခဲ့သေးတယ်တဲ့၊ အခု ငါတို့လည်း အဲဒီလောက်ကြီးမနှမြောတော့ပါဘူး”
သူတို့အိမ်နီးနားချင်းတစ်ယောက် အပူရှပ်ပြီး မေ့လဲသွားလိမ့်မည်ဟု ချင်တာ့ဟိုင် လုံးဝထင်မှတ်မထားခဲ့ချေ။ ‘ဟူး... အခုတလော ရာသီဥတုက အပူချိန် တစ်နှစ်ထက်တစ်နှစ် ပိုပို မြင့်မားလာတာပဲ'
သက်ပြင်းတစ်ချက်နှစ်ချက် ချလိုက်ပြီးနောက် သူက ယာတောအိမ်၏ ဧည့်ကြိုကောင်တာသို့သွားကာ အခန်းစာရင်း သွင်းလိုက်သည်။
သူက ယွမ် ၅၉၉ တန် သက်တောင့်သက်သာရှိသော မိသားစုသုံးအခန်းကို ဘိုကင်လုပ်လိုက်သည်။
သူတို့ လူငါးယောက် လာခဲ့ခြင်းကို ထည့်သွင်းစဉ်းစားရုံသာမက သူနှင့် ဇနီးဖြစ်သူတို့မှာ စနေ၊ တနင်္ဂနွေ အားလပ်ရက် ပြီးဆုံးသည်နှင့် အလုပ်ပြန်ဆင်းရမည်ဖြစ်သောကြောင့် ရိဟန်၏ အဘိုးအဘွားများကို ကလေးနှင့်အတူ ဤနေရာတွင် ဆယ်ရက်မှ လဝက်ခန့်အထိ ဆက်လက် တည်းခိုစေရန် သူ စီစဉ်ထားသည်။ သူ ပိုက်ဆံရှာနေသည်မှာ သူ၏မိသားစုကို ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပေးစွမ်းနိုင်ရန်ပင် မဟုတ်လော။
ထို့အပြင် သူ၏မိဘနှစ်ပါးစလုံးက ဟင်းချက်ရသည်ကို ဝါသနာပါကြသည်။ ဤနေရာရှိ အခန်းအမျိုးအစားများကို ကြည့်လိုက်ရာ လက်ရှိတွင် မိသားစုသုံးအခန်း တစ်ခုတည်း၌သာ မီးဖိုချောင်ပါရှိသဖြင့် မိသားစုဝင်များ ကိုယ်တိုင်ချက်ပြုတ်စားသောက်လိုသော ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။