← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

37

“ဖေဖေ၊ မေမေ... သား ခုနက သူဌေးမလေးကို မေးကြည့်ပြီးပြီ၊ သူတို့အိမ်နောက်ဘက်မှာ ဟင်းသီးဟင်းရွက်ခင်း အကြီးကြီးရှိတယ်တဲ့၊ ဖေဖေတို့ စားချင်တာရှိရင် အဲဒီကနေသွားခူးလို့ရတယ်၊ ဈေးနှုန်းကိုလည်း အလေးချိန်နဲ့တွက်တာဆိုတော့ သိပ်မများပါဘူး။ ကိုယ်တိုင် ပြန်ချက်စားလို့ ရတာပေါ့၊ တကယ်လို့ တစ်ရက်ရက် ဟင်းမချက်ချင်ဘူးဆိုရင်လည်း ပထမထပ် ဧည့်ခန်းမမှာ အသင့်စားလို့ရတယ်၊ ခဏနေကျရင် သား ဖေဖေတို့ကို အောက်ထပ်ခေါ်သွားပြီး ထမင်းကျွေးမယ်၊ အဲဒီကျရင် ဖေဖေတို့မြင်ရပါလိမ့်မယ်” ချင်တာ့ဟိုင်က မိဘနှစ်ပါးကို ဂရုတစိုက်ရှင်းပြနေသည်။

“အင်း... ကောင်းတာပေါ့။ ဒါနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကြက်၊ ဘဲ၊ ငါး၊ အသားတွေရော ရောင်းလားဟင်၊ အဘွားနဲ့ ဖေဖေကတော့ သက်သတ်လွတ်စားရတာ ပိုသဘောကျပေမယ့်၊ ငါတို့မြေးလေး ရိဟန်က ကြီးထွားလာမယ့် အရွယ်ဆိုတော့ အာဟာရပြည့်ဝဖို့ လိုတယ်လေ” အဘိုးချင်က သားဖြစ်သူကို အေးအေးဆေးဆေး မေးလိုက်သည်။

ချင်တာ့ဟိုင်က ခေါင်းလေးကို ကုတ်ရင်း ပြန်ဖြေလာ၏။

“အာ... ဟုတ်သားပဲ၊ ခုနက အဲဒါမေးဖို့ မေ့သွားတယ်၊ ခဏနေ ထမင်းစားတဲ့အခါကျရင် သူဌေးမလေးကို မေးကြည့်လိုက်ပါ့မယ်၊ ဟေ့... ချင်ရိဟန်၊ ဆရာမပေးလိုက်တဲ့ နေ့စဉ်အိမ်စာတွေကိုတော့ မေ့ထားလို့မရဘူးနော်၊ အခုထုတ်ပြီး လုပ်စမ်း၊ ဖေဖေ ကိုယ်တိုင် စောင့်ကြည့်ပေးမယ်”

“ဟာ... ဖေဖေကလည်း သနားညှာတာမှုလေး ဘာလေး မရှိဘူးလား၊ အပြင်ထွက်လည်တာလေးကိုတောင် အိမ်စာတွေအကြောင်း ပြောနေသေးတယ်၊ တကယ်ကို စိတ်ညစ်စရာပဲ၊ သား ဒီမှာ ချောင်းလေးတစ်ခုတွေ့ထားတယ်၊ အဲဒီမှာ ရေသွားဆော့ချင်လို့၊ နေ့လယ်ကျမှ အိမ်စာလုပ်လို့ မရဘူးလားဟင်”

ကလေးငယ် ချင်ရိဟန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဖခင်ဖြစ်သူအား အသနားခံသည့်အကြည့်ဖြင့် ကြည့်ကာ ချွဲနွဲ့လိုက်၏။

“မရဘူး” ချင်တာ့ဟိုင်က ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်သည်။ ဆရာဝန်က ကလေးကို အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန်နှင့် အချိန်ဆွဲသည့်အကျင့်များကို ဖျောက်ဖျက်ပေးရန် မှာကြားထားသည် မဟုတ်လော။

“ကျောပိုးအိတ်ထဲက အိမ်စာတွေကို အခုချက်ချင်းထုတ်လိုက်၊ မနေ့က အိမ်စာတွေရောပဲ၊ မနေ့က ဖေဖေနဲ့မေမေ အလုပ်နည်းနည်းများနေလို့ သားရဲ့အိမ်စာတွေကို မစစ်လိုက်ရဘူး၊ အကုန်ထုတ်ခဲ့၊ ဖေဖေကြည့်မယ်”

“ဟိုလေ... အဲဒါက” ချင်ရိဟန်မှာ လက်ချောင်းလေးများကို မသိမသာလိမ်ယှက်ရင်း မျက်လုံးများ ဟိုဟိုဒီဒီဝေ့ဝဲကာ ဆင်ခြေတစ်ခုကို အမြန်စဉ်းစားလိုက်သည်။

“အိမ်မှာကျန်ခဲ့ပြီ၊ သား ယူလာဖို့မေ့သွားတယ်”

ဦးနှောက်က ဤမျှ မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်ပြီး ချက်ချင်းဆင်ခြေပေးနိုင်သည့် သူ့ကိုယ်သူ ပါရမီရှင်လေးဟုပင် ချင်ရိဟန် စိတ်ထဲမှ ကြိတ်၍ချီးကျူးလိုက်မိသည်။

‘အိမ်မှာ ကျန်ခဲ့တယ်ဆိုမှတော့ ဖေဖေက အခုအချိန် အိမ်ပြန်ပြီး အိမ်စာတွေ သွားယူပေးနိုင်မှာမှမဟုတ်တာလေ'

သို့သော် ဘေးနားရှိအဘွားဖြစ်သူက အချိန်ကိုက်ဝင်ပြောလိုက်သည်။

“ဒီကလေးက အမြဲတမ်း သတိမေ့တတ်တယ်ဆိုတာ အဘွားသိသားပဲ၊ အိမ်ကမထွက်လာခင် ငါ့မြေးစားပွဲပေါ်က စာအုပ်တွေအကုန်လုံးကို အဘွား သိမ်းပြီး ခရီးဆောင်အိတ်ထဲထည့်လာလို့ တော်သေးတာပေါ့၊ အိမ်စာအုပ်တွေလည်း အဲဒီထဲမှာပါမှာပါ၊ အဘွား အခုပဲသွားရှာပေးမယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချင်ရိဟန်၏မျက်နှာလေးမှာ တညင်းသီးစားထားသည့်အလား ရှုံ့မဲ့သွားတော့သည်။ ‘ဘာလို့ အဘွားက ဒီအချိန်ကြီးမှ အိမ်စာတွေအကြောင်း ဝင်ပါနေရတာလဲ'

“ဒါက အိမ်စာစာအုပ်မဟုတ်ဘူးလား။ ပြီးခဲ့တဲ့ရက်တွေက ငါ့မြေး ဒီစာအုပ်လေးကို ကိုင်ကိုင်နေတာ တွေ့တယ်” အဘွားဖြစ်သူက လက်ထဲရှိ အိမ်စာစာအုပ်လေးကို ဝှေ့ယမ်းပြလိုက်သည်။

ချင်တာ့ဟိုင်က စာအုပ်ကို လှမ်းယူ၍ စစ်ဆေးကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ၏ဒေါသကို ထိန်းချုပ်လိုက်ပြီး နှစ်ကြောင်းသာရေးထားသေးသော အိမ်စာများအတွက် ကလေးကို ချက်ချင်းမဆူပူတော့ပေ။

ဆရာဝန်က ဖြည်းဖြည်းချင်း အဆင့်လိုက်လုပ်ဆောင်သွားရန် မှာကြားထားသည်မဟုတ်လော။

“အရင်ဆုံး မနေ့က အိမ်စာတွေကိုအပြီးလုပ်လိုက်၊ ပြီးမှ နေ့လယ်စာစားပြီး အနားယူကြတာပေါ့” ချင်တာ့ဟိုင်က သားဖြစ်သူကို လေးနက်သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

အခြားတစ်ဖက်တွင်မူ ဘေးနားရှိ အဘွားဖြစ်သူက ဝင်ရောက် ဖြန်ဖြေပေးသည်။

“တာ့ဟိုင်ရယ်... မြေးလေးကို နေ့လယ်ကျမှ အိမ်စာလုပ်ခိုင်းလိုက်ပါလား၊ ဒီနေ့ အားလုံးက အစောကြီးထလာကြရတော့ ငါ့မြေးလေးလည်း အိပ်ချင်မူးတူး ဖြစ်နေသေးမှာပေါ့၊ ထမင်းစားပြီး တစ်ရေးလောက်အိပ်လိုက်ရင် ပိုလန်းဆန်းသွားပြီး အိမ်စာလုပ်ရတာ ပိုအာရုံစိုက်နိုင်မှာပေါ့”

“မေမေရယ်... ကလေးကိုအလိုမလိုက်ပါနဲ့တော့၊ အလိုလိုက်တာက ကလေးကို ဖျက်ဆီးနေတာနဲ့အတူတူပဲ” ချင်တာ့ဟိုင်က မိခင်ဖြစ်သူအား အားတုံ့အနာဟန်ဖြင့် ပြောလိုက်ပြီး လူကြီးနှစ်ဦးကို သူတို့အခန်းသို့ပြန်၍ တီဗွီကြည့်ရန် လက်ဟန်ပြလိုက်သည်။

အဘွားချင်မှာ အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

“ငါက စကားလေး နှစ်ခွန်းလောက်ဝင်ပြောတာကို၊ အဲဒီလောက်တောင် အရေးကြီးနေလို့လား၊ မင်းတို့ကလေး မင်းတို့ဘာသာဆုံးမကြ၊ ငါ့အခန်း ငါပြန်ပြီး တီဗွီသွားကြည့်တော့မယ်”

မိသားစုသုံးအခန်း၏ ဒုတိယအိပ်ခန်းသို့ ပြန်ရောက်သောအခါ အဘွားချင်မှာ မကျေမနပ် ဖြစ်နေဆဲဖြစ်ပြီး ခင်ပွန်းဖြစ်သူကို ဖွင့်ဟညည်းတွားတော့သည်။

“အဘိုးကြီးရေ... ရိဟန်လေးကို ငယ်ငယ်ကတည်းက ငါပဲ ပြုစုပျိုးထောင်လာခဲ့တာလေ၊ သူ့မိဘတွေက အလုပ်များနေကြတော့ ငါပဲ စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုခဲ့ရတာ။ အခုတော့ သူတို့က ငါဝင်ပါတာကို အပြစ်လာပြောနေကြတယ်”

အဘိုးကြီးချင်ကမူ သဘောကျစွာ ရယ်မောလိုက်ပြီး သူ့မိန်းမကို ချော့မော့လိုက်လေသည်။

“အို... အဘွားကြီးရယ်၊ စိတ်ဆိုးမနေပါနဲ့၊ ကလေးရဲ့ နေ့စဉ် စားသောက်နေထိုင်ရေးကို ငါတို့က ဂရုစိုက်ပေးနိုင်ပေမယ့်၊ ပညာရေးနဲ့ပတ်သက်လာရင်တော့ သူ့မိဘတွေစကားကို နားထောင်တာ အကောင်းဆုံးပါ၊ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက တက္ကသိုလ်ဘွဲ့ရတွေလေ၊ ငါတို့ထက်ပိုသိတာပေါ့၊ အခုခေတ်ပညာရေးက ငါတို့ခေတ်ကနဲ့ မတူတော့ဘူး။ ငါတို့က ခေတ်နောက်ကျနေပါပြီ”

“သိပါတယ်... ခုနက သားက ငါ့ကို မျက်နှာမထောက်လို့ စိတ်တိုသွားတာပါ”

“မိသားစုဝင်တွေကြားမှာ ဘာမျက်နှာထောက်စရာလိုလို့လဲ၊ ကဲပါ... စိတ်မဆိုးပါနဲ့တော့၊ မင်း ပြီးခဲ့တဲ့ရက်တွေက ကြည့်နေကျဇာတ်လမ်းတွဲလာနေပြီ။ ကြည့်မှာလား၊ မကြည့်ရင် တခြားလိုင်းပြောင်းလိုက်မယ်နော်”

“ကြည့်မယ်၊ ကြည့်မယ်။ ပြီးခဲ့တဲ့ နှစ်ရက်က ဇာတ်လမ်းထဲမှာ ချွေးမနဲ့ယောက္ခမ ရန်ဖြစ်တဲ့အခန်းကို ရောက်နေတာ၊ နောက်ပိုင်း ဘာဆက်ဖြစ်မလဲ၊ ဘယ်သူက အရင် အမှားဝန်ခံပြီး တောင်းပန်မလဲဆိုတာ သိချင်နေတာ”

ချင်တာ့ဟိုင်တို့ လင်မယား နှစ်ရက်ကြာတည်းခိုခဲ့စဉ်အတွင်း ချင်ရိဟန်မှာ မိဘနှစ်ပါး၏နှစ်ဆသော ကြီးကြပ်မှုအောက်တွင် ထိုနှစ်ရက်စာ အိမ်စာများကို အချိန်မီ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် မနက်ဖြန်က တနင်္လာနေ့ဖြစ်ရာ သူတို့ အလုပ်ပြန်ဆင်းရမည်ဖြစ်ပြီး နောက်အပတ် စနေ၊ တနင်္ဂနွေမှသာ ပြန်လာနိုင်မည်ဖြစ်သည်။

“ဖေဖေ၊ မေမေ... စိတ်ချလက်ချသာ အလုပ်သွားကြပါ။ သား အိမ်စာတွေကို ကြိုးကြိုးစားစားလုပ်ပါ့မယ်” ကလေးငယ် ချင်ရိဟန်က သူ၏ရင်ဘတ်လေးကို ပုတ်ကာ ကတိပေးလိုက်သည်။

ချင်တာ့ဟိုင်က သူ့ကို ဘာမှပြန်မပြောဘဲ မိဘနှစ်ပါးဘက်သို့ လှည့်ကာ သေချာမှာကြားလိုက်၏။

“ဖေဖေ၊ မေမေ... ရှောင်လီနဲ့ သား အလုပ်သွားနေတဲ့ ဒီရက်ပိုင်းအတွင်း ချင်ရိဟန်ကို သေချာလေး မျက်ခြည်မပြတ် စောင့်ကြည့်ပေးကြပါဦးနော်”

“ရပါတယ် ဖေဖေနဲ့ မေမေရယ်... မြန်မြန်သွားကြတော့လေ။ မှောင်တော့မယ်၊ မှောင်နေတဲ့ တောင်ပေါ်လမ်းမှာ သွားရတာ အန္တရာယ်များတယ်”

ချင်ရိဟန်က ဖခင်ဖြစ်သူက သူ၏ အဘိုးအဘွားများကို အိမ်စာကိစ္စ ထပ်မံမှာကြားနေသည်ကို မြင်သောအခါ အမြန်လေး ဆော်သြတော့သည်။ ပြီးခဲ့သည့် နှစ်ရက်လုံးလုံး သူ အခန်းထဲတွင် အပိတ်ခံထားရပြီး သေချာပင် မဆော့ကစားခဲ့ရချေ။ မိဘများအလုပ်သွားလျှင် သူလွတ်လပ်ပြီဟုသာ စိတ်ထဲမှကြိတ်တွေးနေသည်။

“ကောင်းပြီလေ၊ ဖေဖေတို့သွားပြီ။၊အိမ်စာတွေကို...” ချင်တာ့ဟိုင်မှာ စိတ်တိုရခက်၊ ရယ်ရခက်ဖြစ်နေပြီး ထွက်ခွာမည့်ဆဲဆဲမှာပင် ကလေးကို ထပ်မံသတိပေးနေသေးသည်။

“အို... သား မမေ့ပါဘူး၊ ပွစိပွစိ လုပ်မနေနဲ့တော့၊ တာ့တာ... ခရီးလမ်းချောမွေ့ပါစေ”

ချင်တာ့ဟိုင်တို့ လင်မယား ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချင်ရိဟန်တစ်ယောက် လွတ်လပ်မှုအရသာကို အပြည့်အဝခံစားတော့သည်။ ဤရက်ပိုင်းအတွင်း သူ အပေါင်းအသင်းသစ်နှစ်ယောက် ရထား၏။ သူတို့ကလည်း မိသားစုများနှင့် အပန်းဖြေလာကြခြင်းဖြစ်သည်။

မနေ့က သူတို့အားလုံး အတူတူ တောင်တက်ကြရန် စီစဉ်ထားခဲ့သော်လည်း မိဘများက တင်းကြပ်လွန်းသဖြင့် သူ အိမ်စာလုပ်ပြီး အပြင်သို့ထွက်လာချိန်တွင် သူငယ်ချင်းနှစ်ယောက်မှာ စိတ်မရှည်တော့ဘဲ သူတို့ဘာသာ သွားဆော့နှင့်ကြပြီဖြစ်သည်။

ထို့ကြောင့် ချိန်းဆိုထားသည့်အတိုင်း မလာနိုင်ခဲ့သည့်အတွက် တောင်းပန်စကားဆိုကာ သူအကြိုက်ဆုံး မုန့်များကို သူငယ်ချင်းနှစ်ယောက်အား မျှဝေကျွေးမွေးရတော့၏။

“ဒါတွေက ငါအကြိုက်ဆုံး အစပ်ချောင်းတွေနဲ့ အချိုရည်တွေပဲ၊ ဒီတစ်ခေါက် အပြင်ထွက်လာတုန်းက မုန့်တွေ အများကြီးထပ်ဝယ်လာဖို့ မေ့သွားတယ်၊ ငါကိုယ်တိုင်တောင် နှမြောပြီး သိပ်မစားရက်ဘူး၊ ဒီမှာက ဒီမုန့်တွေ ရောင်းတာမှမဟုတ်တာ”

“ဘယ်သူပြောလဲ၊ မနေ့က ငါ့အဖေနဲ့ ဒီအနီးအနားမှာ လမ်းလျှောက်ထွက်ရင်း ရွာထဲမှာ ဆိုင်လေးတစ်ဆိုင်ရှိတာကို တွေ့ခဲ့တယ်။ အဲဒီမှာ မုန့်တွေရောင်းတယ်ဟ”

“တကယ်လား၊ ဒီမှာ ဆိုင်ရှိတာ ငါမတွေ့မိပါဘူး၊ ငါ့ကို အဲဒီကိုခေါ်သွားပေးနိုင်မလား၊ မုန့်အသစ်တွေထပ်ဝယ်ချင်လို့”

“ပြဿနာမရှိဘူး။ ဒါပေမဲ့ မင်းမှာပိုက်ဆံရှိလို့လား”

“ခဏလေး စောင့်ဦး၊ ငါ့အဘိုးဆီသွားပြီး ယွမ် တစ်ဆယ်တန် သွားတောင်းလိုက်ဦးမယ်” ချင်ရိဟန်က ပြောပြောဆိုဆိုနှင့်ပင် အပြေးအလွှား ထွက်သွားတော့သည်။

ခဏအကြာတွင် သူ ပြန်ရောက်လာ၏။

ထို့နောက် သူငယ်ချင်းတစ်သိုက် မည်သူ အပြေးပိုမြန်သလဲ ပြိုင်ကြတော့သည်။ ချင်ရိဟန်က အရှေ့ဆုံးမှ ဦးဆောင်ကာ ပြေးသွားသည်။

ကံဆိုးစွာဖြင့် ဆိုင်လေးဘယ်မှာရှိမှန်း သူမသိသောကြောင့် သိပ်မကြာမီမှာပင် အခြားသူငယ်ချင်းတစ်ယောက်က သူ့ကို ကျော်တက်သွားတော့လေသည်။

38

သူတို့တစ်သိုက် ပျော်ရွှင်စွာ ဆော့ကစားနေကြရင်း အချိန်မည်သို့ ကုန်လွန်သွားမှန်းပင် မသိလိုက်ချေ။ နေမင်းကြီး တဖြည်းဖြည်း ဝင်ရောက်သွားပြီး ကောင်းကင်ယံတစ်ခုလုံး မှောင်ရီပျိုးစပြုလာချိန်မှသာ ချင်ရိဟန်တစ်ယောက် ယနေ့အတွက် အိမ်စာမလုပ်ရသေးကြောင်းကို ရုတ်တရက် သတိရသွားတော့သည်။

‘ဒုက္ခပါပဲ... ဒီည ဖေဖေကများ ဗီဒီယိုကောလ်ခေါ်ပြီး အိမ်စာစစ်ရင် ဘယ်လိုလုပ်မလဲ’ ဟူသော စိုးရိမ်စိတ်က ရင်ထဲသို့ အေးစက်စက် ဝင်ရောက်လာသည်။

ချင်ရိဟန်၏ ရှုံ့မဲ့နေသော မျက်နှာလေးကို မြင်လိုက်ရသဖြင့် သူငယ်ချင်းနှစ်ယောက်က ပြာပြာသလဲ ဝိုင်းမေးကြသည်။

“ရှောင်ဟန်... ဘာဖြစ်လို့လဲ၊ မျက်နှာလည်းမကောင်းဘူး”

ချင်ရိဟန်က ခေါင်းလေးကိုကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေ၏။

“ဒီနေ့ ဆော့ရတာ အရမ်းပျော်သွားလို့ အိမ်စာလုပ်ဖို့ လုံးဝမေ့သွားတာဟ”

သူငယ်ချင်းဖြစ်သူက ပေါ့ပေါ့ပါးပါးပင် ပခုံးတွန့်ပြရင်း ပြောလိုက်၏။

“အို... ဘာများ အရေးကြီးလို့လဲကွာ၊ နွေရာသီ ကျောင်းပိတ်ရက်မကုန်ခင် ပြီးအောင်လုပ်လိုက်ရင် ရတာပဲကို၊ ဖြစ်သလိုသာ မြန်မြန်ရေးချလိုက်စမ်းပါ၊ ဆရာမကလည်း သေချာစစ်နေမှာ မဟုတ်ပါဘူး”

ထိုစကားကို ကြားလိုက်ရချိန်တွင် သူ့သူငယ်ချင်းလေးမှာ ဤကိစ္စမျိုးတွင် အတော်လေး အတွေ့အကြုံ ရင့်ကျက်နေပုံရသည်ဟု ထင်မှတ်ရသည်။

သို့သော် ချင်ရိဟန်ကတော့ မျက်နှာငယ်လေးဖြင့် ငြင်းဆန်ရှာသည်။

“ဆရာမက သေချာစစ်မစစ်တော့ ငါမသိဘူး။ ငါ့အဖေကတော့ သေချာပေါက်စစ်မှာ၊ ဒီည ဖေဖေက ဗီဒီယိုကောလ်ခေါ်ပြီး ဒီနေ့ အိမ်စာတွေကို ပြခိုင်းမှာသေချာတယ်”

ဖခင်ဖြစ်သူ၏ ဆူပူမှုကို ရှောင်လွှဲကာ လိမ္မာသောကလေးတစ်ဦးအဖြစ် နေထိုင်လိုသည့် သူ၏ရည်မှန်းချက်လေးက မျက်ဝန်းများထဲတွင် ပေါ်လွင်နေ၏။

ထိုစကားကို ကြားသောအခါ အခြားသူငယ်ချင်း နှစ်ယောက်မှာ သိကျွမ်းသည်မှာ သိပ်မကြာသေးသော်လည်း အလွန်အမင်း သစ္စာရှိကြပေသည်။

သူတို့က ရင်ဘတ်ကိုပုတ်ကာ အိမ်စာများကို အတူတူလုပ်ကြမည်ဟု ချက်ချင်း ကတိပေးလိုက်ကြသည်။ သူတို့၏မိသားစုများကလည်း အပန်းဖြေခရီးထွက်လာစဉ် ကလေးများ၏ အိမ်စာများကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြသည် မဟုတ်လော။

ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရရှိရန်အတွက် ပညာရေးက အရေးကြီးကြောင်း မိဘတိုင်းက ခံယူထားကြလေသည်။

သူတို့တစ်သိုက် ယာတောအိမ်၏ သစ်သားအိမ်ငယ်လေးထဲတွင် အိမ်စာအတူလုပ်ကြရန် တိုင်ပင်လိုက်ကြသည်။ ထိုနေရာတွင် စားပွဲနှင့် ကုလားထိုင် အများအပြားရှိပြီး သူတို့၏ လက်ရှိအရပ်အမောင်းနှင့် အံဝင်ခွင်ကျဖြစ်မည့် စားပွဲနှစ်လုံးလည်း ရှိနေ၏။ သစ်သားနံ့သင်းသင်းလေးက စာကြည့်တိုက်ငယ်လေးထဲတွင် ပျံ့လွင့်နေသည်။

ထို့ကြောင့် ချင်ရိဟန်တစ်ယောက် အပြေးအလွှား ပြန်လာခဲ့ပြီး ဟင်းသီးဟင်းရွက်ဆေးကြောနေသော အဘွားဖြစ်သူအား သူငယ်ချင်းများနှင့်အတူ အောက်ထပ်ရှိ သစ်သားအိမ်ငယ်လေးထဲတွင် အိမ်စာသွားလုပ်မည့်အကြောင်း လှမ်းပြောလိုက်သည်။

“မြေးလေး ရိဟန်... မြန်မြန်သွားလုပ်ချေ။ ဒီည နင့်အဖေက အိမ်စာစစ်ဖို့ ဖုန်းဆက်မယ်လို့ ပြောထားတယ်နော်၊ သွားသွား... အိမ်စာပြီးတာနဲ့ ထမင်းပြန်လာစားဖို့မမေ့နဲ့ဦး”

“ဟုတ်ကဲ့ပါအဘွား”

ချင်ရိဟန်သည် အိမ်စာစာအုပ်များနှင့် ခဲတံဘူးကို ပိုက်ကာ စာကြည့်တိုက်ငယ်လေးထဲရှိ စားပွဲအသေးလေးတစ်လုံးတွင် နေရာယူလိုက်သည်။

စောစောက ထိုနေရာတွင် ရုပ်ပြစာအုပ်အချို့ကို မြင်တွေ့ခဲ့ရသဖြင့် စာရေးရတာ ပင်ပန်းလာလျှင် ဖတ်ရန်စာအုပ်တစ်အုပ်ကို ကြိုတင် ထုတ်ယူထားလိုက်သေး၏။

ပုံမှန်ဆိုလျှင် ကလေးငယ်ချင်ရိဟန်သည် ဘေးမှ ကြီးကြပ်နေသူမရှိပါက အိမ်စာလုပ်ပြီး ငါးမိနစ်ခန့်အကြာတွင် အခြားနေရာများသို့ အာရုံလွင့်ပါးသွားတတ်သည်။

သို့သော် ယနေ့တွင်မူ စားပွဲတွင်ထိုင်ကာ စာရေးနေရင်းမှ အလုပ်တစ်ခုကို အပြီးသတ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်ကို အံ့သြဖွယ် ခံစားလိုက်ရ၏။

သူ၏ ရင်ထဲတွင် အလုပ်တစ်ခုကို ဇွဲရှိရှိဖြင့် အဆုံးတိုင်အောင် ပြီးမြောက်လိုသည့် ရှားရှားပါးပါး စိတ်ဆန္ဒတစ်ခုက အပြည့်အဝ နေရာယူထားသည်။ ယနေ့အတွက် တာဝန်များကို ပြီးစီးအောင် လုပ်ဆောင်ပြီးသည့်တိုင်အောင် နောက်တစ်နေ့အတွက် အိမ်စာများကို ဆက်လက် လုပ်ဆောင်နေတော့၏။

စာကြည့်တိုက်လေးထဲတွင် မီးများကို ညနေပိုင်းတည်းက ဖွင့်ထားသဖြင့် အပြင်ဘက်တွင် လုံးဝ မှောင်မိုက်သွားပြီဖြစ်ကြောင်းကို ချင်ရိဟန် လုံးဝသတိမပြုမိခဲ့ချေ။

အခြားတစ်ဖက်တွင်မူ အဘွားချင်မှာ ဟင်းချက်ပြီးသွားသော်လည်း မြေးဖြစ်သူက ထမင်းစားရန် ပြန်မရောက်လာသေးသဖြင့် မျှော်ရင်းမျှော်ရင်း ဟင်းများပင် အေးစက်လုနီးပါး ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် ခင်ပွန်းဖြစ်သူကို စိုးရိမ်တကြီးဖြင့် လှမ်းပြောလိုက်၏။

“အဘိုးကြီးရေ... ရိဟန်လေးကို ဖုန်းဆက်ပြီး ထမင်းအရင်လာစားဖို့ လှမ်းခေါ်လိုက်ပါဦး၊ အချိန်လည်းကြည့်ဦး၊ ဘယ်အချိန်ရှိနေပြီလဲ၊ သူ အခုထိ အိမ်စာလုပ်နေတုန်းတော့ မဟုတ်လောက်ပါဘူး၊ မှောင်လည်းမှောင်နေပြီကို၊ တခြား တစ်နေရာရာကိုများ သွားဆော့နေပြန်ပြီလားမသိဘူး”

“အေးပါ... အေးပါ၊ ဖုန်းဆက်ကြည့်လိုက်မယ်”

ဇနီးဖြစ်သူ၏ စကားကို ကြားသောအခါ အဘိုးချင်လည်း အနည်းငယ်စိုးရိမ်သွားပြီး ဖုန်းကို အမြန်ထုတ်ခေါ်လိုက်သည်။

ကံဆိုးချင်တော့ ချင်ရိဟန်မှာ သူ၏စမတ်နာရီလေးကို အသံပိတ်ထားခဲ့သည်။ ကလေးငယ်မှာ ထိုအချိန်တွင် အိမ်စာများကိုသာ အလွန်အမင်းအာရုံစိုက်ကာ ကြိုးစားပမ်းစားလုပ်ဆောင်နေသဖြင့် အဘိုးဖြစ်သူက ဖုန်းအကြိမ်ကြိမ်ခေါ်နေသည်ကို လုံးဝသတိမပြုမိခဲ့ပေ။

အဘိုးချင်က ဖုန်းကိုချလိုက်ရင်း မျက်နှာတွင် စိုးရိမ်သောကများ အထင်းသား ပေါ်လာ၏။

“ဒီကလေး ဘာလို့ဖုန်းမကိုင်တာလဲ၊ မဖြစ်ဘူး... ငါ အောက်ဆင်းပြီး သွားကြည့်မှပဲ”

အဘွားချင်ကလည်း ပြာပြာသလဲဝင်ပြောလာသည်။

“ငါလည်း လိုက်ခဲ့မယ်”

ကံကောင်းထောက်မစွာဖြင့် အောက်ထပ်သို့ ဆင်းလာပြီးနောက် စာကြည့်တိုက်လေးထဲတွင် စာရေးနေသော မြေးဖြစ်သူကို တွေ့လိုက်ရသဖြင့် လေထဲလွင့်နေသော သူတို့၏စိတ်အစဉ်မှာ နောက်ဆုံးတော့ ငြိမ်ကျသွားတော့၏။

မြေးဖြစ်သူကို ဖုန်းခေါ်၍မရစဉ်က အဘွားချင်၏ခေါင်းထဲတွင် မကောင်းသောအတွေးပေါင်းစုံ ဝင်ရောက်နေခဲ့ပြီး လူကုန်ကူးသူများ ဖမ်းခေါ်သွားလေပြီလားဟုပင် အသည်းအသန် စိုးရိမ်ပူပန်နေခဲ့ရလေသည်။

“ရိဟန်လေး... ခုနက အဘိုးတို့ ဖုန်းဆက်တာကို ဘာလို့မကိုင်ရတာလဲ၊ အဘိုးနဲ့အဘွားမှာတော့ စိတ်ပူလိုက်ရတာသေတော့မယ်”

ချင်ရိဟန်က နောက်ဆုံးတော့ ခေါင်းမော့လာရာ အဘိုးနှင့် အဘွားကို မြင်တွေ့လိုက်ရသည်။

“ဟင်... အဘိုးတို့ သားကိုဖုန်းခေါ်လို့လား၊ သား အသံပိတ်ထားလိုက်လို့ လုံးဝသတိမထားမိလိုက်ဘူး”

“ဒါနဲ့... မြေးလေးက တခြားကလေးနှစ်ယောက်နဲ့ အိမ်စာအတူတူလုပ်နေတာဆို၊ ဘာလို့ ဒီစားပွဲမှာ မြေးလေးတစ်ယောက်တည်း ဖြစ်နေတာလဲ”

ချင်အဘိုးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အခြားကလေးများကို လုံးဝမတွေ့ရချေ။ အခြားစားပွဲများတွင် လူကြီးအနည်းငယ်ခန့်သာ ကွန်ပျူတာများဖြင့် စာရိုက်ကာ အလုပ်လုပ်နေပုံရသည်ကိုသာ တွေ့ရသည်။

ချင်ရိဟန်က ခပ်ဟဟ ရယ်မောလိုက်ပြီး ခပ်‌ပြတ်ပြတ်ပြောလိုက်၏။

“သူတို့မိဘတွေက ထမင်းစားဖို့ ပြန်ခေါ်သွားကြပြီလေ”

အဘွားချင်က မြေးဖြစ်သူကို မတတ်သာသည့်အဆုံး သက်ပြင်းချကာ ကြည့်လိုက်သည်။

“သူတို့ကတော့ ထမင်းစားချိန်တန်ရင် ပြန်လာရမှန်းသိတယ်။ မြေးလေးကရော ဗိုက်မဆာဘူးလား၊ ဒီနေ့ နေ့လယ်က မုန့်တွေအများကြီးစားထားလို့လား၊ မင်းအဘိုးကို ငါ အမြဲတမ်းပြောပါတယ်၊ ကလေးကို မုန့်ဖိုး ခဏခဏမပေးပါနဲ့လို့”

ချင်ရိဟန်က သူ၏ဗိုက်လေးကို ပွတ်သပ်လိုက်ချိန်မှသာ အချိန်အတော်ကြာနေခဲ့ပြီး ဗိုက်ဆာနေပြီဖြစ်ကြောင်း သတိပြုမိသွားတော့သည်။ ခုနလေးတင်က အိမ်စာလုပ်ရသည်ကို အလွန်အမင်း အာရုံစူးစိုက်နေခဲ့သဖြင့် ဗိုက်ထဲတွင် ဟာလာဟင်းလင်းဖြစ်နေသည်ကိုပင် လုံးဝ သတိမထားမိခဲ့ချေ။

ယနေ့ ဘာတွေဖြစ်နေမှန်း သူကိုယ်တိုင်လည်းမသိပေ။ သို့သော် ၃ ရက်စာ အိမ်စာများကို တစ်ထိုင်တည်းဖြင့် ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ တကယ့်ကို လွယ်ကူသောကိစ္စရပ်တစ်ခု လုံးဝမဟုတ်ချေ။

“အဘိုး၊ အဘွား”

ချင်ရိဟန်က မျက်နှာလေးကိုမော့ကာ တက်ကြွစွာပြောပြသည်။

“ဒီနေ့ သားရဲ့ အာရုံစူးစိုက်မှုက တကယ်ကို ကောင်းနေတယ်လို့ ခံစားရတယ်၊ ခုနက အိမ်စာလုပ်နေတုန်း အရမ်းကို အာရုံစိုက်နိုင်ပြီး တခြားဘာအကြောင်းကိုမှ လုံးဝ မတွေးမိဘူး”

ပုံမှန်မိဘများဆိုလျှင် ဤစကားကို ကြားသည်နှင့် ကလေးကို အမွှန်းတင်ချီးကျူးကြမည်လားတော့ မသိပေ။ သို့သော် ချင်ရိဟန် ဤသို့ပြောလိုက်ချိန်တွင် အဘိုးချင်နှင့် အဘွားချင်တို့မှာ လုံးဝ မယုံကြည်ခဲ့ကြချေ။

ဤကလေးကို သူတို့က အဓိက ပြုစုပျိုးထောင်လာခဲ့ခြင်းဖြစ်ရာ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤကလေးက စာသင်ယူရန် ပါရမီမပါလာဘဲ မည်သည့်ကိစ္စကိုမဆို လုံးဝ ဇွဲမရှိသူဖြစ်ကြောင်း သူတို့အသိဆုံးဖြစ်သည်။

သို့သော် လူကြီးနှစ်ဦးလုံး ကလေးရှေ့တွင် စိတ်ပျက်အားငယ်စေမည့်စကားမျိုး လုံးဝ မပြောထွက်ခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ သူတို့၏သားဖြစ်သူ ချင်တာ့ဟိုင်က ရိဟန်၏ပညာရေးကိစ္စကို ယခုအချိန်မှစ၍ သူတို့ဇနီးမောင်နှံကသာ တာဝန်ယူမည်ဟု ပြောထားခဲ့သည်မဟုတ်လော။

ယနေ့ည ချင်တာ့ဟိုင် ဖုန်းဆက်လာသောအခါ အဘွားချင်က ကလေး၏ ယနေ့ ပညာရေးအခြေအနေကို ပြောပြရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ချင်တာ့ဟိုင်က ကုမ္ပဏီတွင် ကိစ္စအချို့ ရှိနေသဖြင့် ဤရက်ပိုင်းအတွင်း အလွန်အလုပ်များနေကြောင်းနှင့် ဤစနေ၊ တနင်္ဂနွေတွင် သူတို့ကိုလာကြိုရန် အချိန်ရမည်မထင်ကြောင်း ပြောလာ၏။ ထို့နောက် သူတို့ကို ထိုနေရာတွင်သာ စိတ်အေးလက်အေး ဆက်လက်အနားယူနေရန် မှာကြားလိုက်သည်။

နောက်ဆုံးတွင် သူတို့ ထိုနေရာ၌ လဝက်ခန့်အထိ ဆက်လက် တည်းခိုဖြစ်သွားကြသည်။ ဤကာလအတွင်း အဘွားချင်နှင့် အဘိုးချင်တို့သည် မာဂျောက် အတူကစားလေ့ရှိသော သက်တူရွယ်တူ မိတ်ဆွေ အဘိုးအဘွားအချို့နှင့်လည်း ရင်းနှီးကျွမ်းဝင်လာခဲ့ကြ၏။

မာဂျောက်ခုံပေါ်တွင် အဘွားအိုဝမ်က ဆရာမယောင်၏ အနှိပ်ပညာ မည်မျှအစွမ်းထက်ကြောင်းကို အဆက်မပြတ် ချီးမွမ်းခန်းဖွင့်နေတတ်သည်မှာ ဤနေရာသို့ ရောက်လာပြီးမှ အနှိပ်မခံရလျှင် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားမည့်အလားပင်။

“ရှင်တို့လည်း သိတဲ့အတိုင်း လူတွေက အသက်ကြီးလာတာနဲ့အမျှ ရောဂါဘယ မျိုးစုံက ထွက်လာတာပဲလေ၊ ကျွန်မခြေထောက်ဆိုရင် လှေကားတက်တိုင်း ဒူးခေါင်းကအရမ်းနာတာ၊ အစကတော့ ကျွန်မ ဒီကို လုံးဝမလာချင်ခဲ့ဘူး။ ဒီမှာက ဓာတ်လှေကားတောင်မရှိဘူးလေ”

“ဒါပေမဲ့ ကျွန်မသားကလေ၊ သူ့ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အဖေကလည်း ကျွန်မလိုပဲ ခြေထောက်မကောင်းဘူးတဲ့။ အဲဒီလူကြီးက ဒီမှာလာပြီး အနှိပ်ခံတာ အကြိမ်အနည်းငယ်ပဲရှိသေးတယ်၊ အခုဆို ခြေထောက် လုံးဝမနာတော့ဘဲ လှေကားခြောက်ထပ်လောက်ကို အမောမဖောက်ဘဲ တစ်ဟုန်ထိုးတက်နိုင်နေပြီလို့ ပြောပြတာ”

“အစကတော့ ကျွန်မ လုံးဝမယုံခဲ့ဘူး၊ ဆေးရုံကို အကြိမ်ပေါင်းများစွာ သွားပြခဲ့ပြီးပြီပဲ၊ ဆရာဝန်တွေကတောင် လုံးဝပျောက်ကင်းအောင် ကုလို့ရတယ်လို့မပြောဘဲ ဖြည်းဖြည်းချင်းသက်သာအောင် လုပ်ရမယ်လို့ပဲ ပြောခဲ့ကြတာ၊ ဒါပေမဲ့ ကျွန်မသားကတော့ ယုံကြည်နေတယ်၊ သူက ‘မေမေရယ်... ဒီလို အနှိပ်ခံတာက မကောင်းတဲ့ကိစ္စမှမဟုတ်တာ။ အဆိုးဆုံး အခြေအနေက အာနိသင်မရှိတာပဲလေ၊ ဘာမှဆုံးရှုံးစရာမရှိပါဘူး၊ အပြင်ထွက်ပြီးအပန်းဖြေတယ်လို့ပဲ သဘောထားလိုက်ပါ’ လို့ ပြောပြီး သူ့သူငယ်ချင်းဆီကနေ ဆရာမယောင်ရဲ့ လိပ်စာကို တောင်းပြီး ကျွန်မကို ဒီကို ခေါ်လာတာပဲ”

“အို... ဒီက ဆရာမယောင် က အဲဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မှတ်မထားခဲ့ဘူး။ ကျွန်မ ခြေထောက်က သုံးကြိမ်လောက် အနှိပ်ခံပြီးတာနဲ့တင် လှေကားတက်ရတာ အရင်ကထက် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိလာပြီလေ”

All Chapters