← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

39

ထိုနေရာတွင် ရှိနေသူတိုင်းမှာ အသက် ခြောက်ဆယ်မှ ရှစ်ဆယ်ကြား အရွယ်များသာ ဖြစ်ကြရာ အဘွားအိုဝမ်၏ စကားထဲမှ ကြွားလုံးထုတ်လိုသောလေသံကို မည်သူကမျှ သတိမထားမိဘဲ မနေကြချေ။

သူမက သားဖြစ်သူ၏သိတတ်လိမ္မာပုံကို အခြားသူများရှေ့တွင် တမင်ကြွားဝါနေခြင်း ဖြစ်သည်မဟုတ်လော။

ထို့ကြောင့် အခြားသော အဘိုးအဘွားများကလည်း အရှုံးမပေးလိုသည့်စိတ်ဖြင့် တစ်ယောက်တစ်ပေါက် အားကျမခံ ဝင်ရောက် ကြွားလုံးထုတ်ကြတော့သည်။

“အခုခေတ် ကလေးတွေက ဒီလိုပါပဲရှင်၊ ပိုက်ဆံတွေ အလဟဿ မဖြုန်းဖို့ ဘယ်လောက်ပဲ ပြောပြော လုံးဝ နားမထောင်ကြဘူး။ ကြည့်ပါဦး... ဒီရွှေဆွဲကြိုးကြီးကို ကျွန်မသမီးက အခုလေးတင်ဝယ်ပေးထားတာ။ ဆွဲရတာ လေးလံလွန်းလို့ မဝတ်ချင်ပါဘူးလို့ပြောတာကို မရဘူး၊ လည်ပင်းမှာ အတင်းဆွဲပေးထားတာ။ တကယ်ပါပဲ... ကလေးတွေရဲ့ စေတနာဆိုတော့ ဘာမှမပြောရက်ပါဘူးလေ”

“ကျွန်မသားလည်း အတူတူပဲ၊ ဒီလောက်ပူတဲ့ နွေရာသီကြီးမှာ အိမ်မှာပဲ လေအေးပေးစက်လေးဖွင့်ပြီး အေးအေးဆေးဆေးနေပါမယ်လို့ အဖိုးကြီးနဲ့ ကျွန်မက ပြောတာကိုမရဘူး။ လေအေးပေးစက် အခန်းထဲမှာ အကြာကြီးနေရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး အတင်းပြောနေတာ၊ ဒါပေမဲ့ အပြင်ဘက်ရာသီဥတုကလည်း တကယ်ကိုပူလွန်းတယ်လေ၊ အဲဒါနဲ့ သားဖြစ်သူက ကျွန်မတို့ လင်မယားရယ်၊ မြေးလေးရယ်ကို ကားနဲ့ ဒီကိုလာပို့ပြီး ဆယ်ရက်ကနေ လဝက်လောက်အထိ အနားယူပြီးမှ အိမ်ပြန်လာခဲ့ပါလို့ပြောသွားတယ်”

သူတို့ တစ်ယောက်တစ်ခွန်း ကြွားလုံးထုတ်နေကြပုံမှာ အဘွားအိုဝမ်ထက် လုံးဝမညံ့ကြချေ။ ဤအခြေအနေက အဘွားအိုဝမ်ကို အနည်းငယ် မကျေမနပ်ဖြစ်သွားစေသည်။

ခုနက အပျော်ဆုံးဖြစ်ကာ အကြွားဆုံးဖြစ်ခဲ့သူမှာ အဘွားအိုဝမ် ကိုယ်တိုင်ပင်မဟုတ်လော။ ယခုအခါတွင်မူ ဤအပြင်ပန်း ရုပ်ဝတ္ထုပစ္စည်းများက ဘာများအသုံးကျလို့လဲဟု တွေးကာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။

“ရှင်တို့က ဘယ်တွေရောက်ကုန်ကြတာလဲ၊ ကျွန်မပြောနေတာက ကျန်းမာရေးအကြောင်းပါ၊ ဘာလို့ ကလေးတွေအကြောင်းကိုပဲ ဆွဲသွင်းနေကြတာလဲ၊ ကျွန်မ ပြောမယ်... လူဆိုတာ အသက်ကြီးလာရင် အရေးအကြီးဆုံးက ကျန်းမာရေးကောင်းဖို့ပဲ။ ကျန်းမာရေးကောင်းမှသာ စားချင်တာစားလို့ရမယ်၊ လုပ်ချင်တာလုပ်လို့ရမှာလေ၊ ခုနက ကျွန်မပြောသလိုပဲ၊ ဒီယာတောအိမ်က ဆရာမယောင်ရဲ့ အကြောပြင်နှိပ်နယ်နည်းက တကယ်ကို အစွမ်းထက်တယ်၊ ရှင်တို့ ဒီကိုရောက်ကတည်းက အနှိပ်မခံကြည့်ရသေးဘူးမလား”

“အဘွားဝမ်... ခင်ဗျားပြောနေတာ တစ်ခါနှိပ်ရင် ယွမ်ထောင်ချီပေးရတယ်ဆိုတဲ့ အနှိပ်သည်ကို ပြောနေတာလား” အဘိုးချင်က မျက်မှန်ကို ပင့်တင်ရင်း ဝင်မေးလိုက်သည်။

“ဟုတ်တယ်လေ” အဘွားအိုဝမ်က ပေါင်ကို ဖြန်းခနဲရိုက်လိုက်ပြီး အားရပါးရ ကြွားလုံးထုတ်လိုက်၏။

“ဈေးကြီးတာကို သိပ်ဂရုမစိုက်ပါနဲ့၊ အဓိကက အာနိသင်ရှိဖို့ပဲ မဟုတ်လား၊ အဲဒီ အိပ်ပျော်စေတဲ့ခေါင်းအုံးတွေ၊ သွေးကြောလှည့်ပတ်မှုကောင်းစေတဲ့ အားကစားဖိနပ်တွေ ဝယ်ပြီး ပိုက်ဆံဖြုန်းနေမယ့်အစား ဒီမှာနှိပ်လိုက်တာက အများကြီး ပိုပြီးအာနိသင်ရှိတယ်”

ထိုစကားကို ကြားသောအခါ အချို့သော သက်ကြီးရွယ်အိုများမှာ တကယ်ပင် စိတ်ဝင်စားသွားကြ၏။ ခရီးထွက်နိုင်လောက်အောင် ငွေကြေးတတ်နိုင်သူ အများစုမှာ ကိုယ်ပိုင်ပင်စင်လစာများ ရှိကြသူများဖြစ်သည်။

ထို့ကြောင့် အဘိုးအိုတစ်ဦးက စတင် စုံစမ်းမေးမြန်းလာသည်။

“အမကြီး... ခင်ဗျားပြောတဲ့ အနှိပ်သည်က တကယ်ပဲ အဲဒီလောက်အစွမ်းထက်လို့လား၊ ကုတင်ဘေးက စားပွဲခုံပေါ်မှာတင်ထားတဲ့ ကြော်ငြာစာရွက်ကို ကျွန်တော်လည်းတွေ့လိုက်ပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းက နည်းနည်းတော့ အဓိပ္ပာယ်မရှိသလိုဖြစ်နေတယ်၊ ခင်ဗျား ခုနကပြောတဲ့ အိပ်ပျော်စေတဲ့ခေါင်းအုံးတွေ၊ အားကစားဖိနပ်တွေ ဝယ်တုန်းက ကျွန်တော်လည်း အလိမ်ခံခဲ့ရဖူးတယ်။ နောက်မှ သားဖြစ်သူက အဲဒါတွေ အကုန်လုံးက လိမ်လည်မှုတွေလို့ ပြောပြတာ၊ အခုဆို သားက ကျွန်တော့်ဖုန်းထဲမှာ လူလိမ်ကာကွယ်ရေး အက်ပ်တစ်ခုတောင် သွင်းပေးထားတယ်”

အဘွားအိုဝမ်က ယုံကြည်မှုအပြည့်ဖြင့် ရဲရဲဝင့်ဝင့် ပြန်လည်ချေပလိုက်သည်။

“ဒါက လိမ်လည်မှု လုံးဝမဟုတ်ဘူး၊ တကယ်လို့ လိမ်လည်မှုသာဆိုရင် ရှင်ပြောတဲ့ အဲဒီ လူလိမ်ကာကွယ်ရေး အက်ပ်က အရင်ဆုံး သတိပေးနေမှာပေါ့၊ အရင်တစ်ခေါက်က ကျွန်မ လူလိမ်တစ်ယောက်ဆီကို ပိုက်ဆံလွှဲပေးမိမလို ဖြစ်သေးတယ်၊ အဲဒီလူလိမ်က ကျွန်မသားလိုတောင် ဟန်ဆောင်ရဲသေးတယ်။ ကံကောင်းလို့ လူလိမ်ကာကွယ်ရေးအက်ပ်က သတိပေးလိုက်လို့ပေါ့”

အဘိုးအိုက ခေါင်းညိတ်လိုက်သော်လည်း တစ်ခုခုလွဲချော်နေသည်ဟု ခံစားလိုက်ရသည်။

အဘွားချင်က ဝင်ရောက်ထောက်ပြလိုက်၏။

“အဘွားဝမ်... အဲဒီအက်ပ်က ဖုန်းထဲကနေလိမ်လည်တာတွေကိုပဲ သတိပေးနိုင်တာမဟုတ်ဘူးလား”

ထိုအခါမှ အဘိုးအိုက ရုတ်တရက်သဘောပေါက်သွားကာ ထပြောတော့သည်။

“ဟုတ်သားပဲ။ အပြင်မှာ လူကိုယ်တိုင်လိမ်တာတွေကိုတော့ သူက ဘယ်လိုလုပ်သိနိုင်မှာလဲ”

ထိုစကားကို ကြားသောအခါ အဘွားအိုဝမ်မှာ အနည်းငယ် စိတ်တိုသွားပြီး ပြောလိုက်၏။

“ရှင်တို့ကဘာသဘောလဲ၊ ကျွန်မက လိမ်ပြောနေတယ်လို့ ဆိုလိုချင်တာလား။ ကျွန်မက ဘာလို့လိမ်ပြောရမှာလဲ၊ ဒီယာတောအိမ်က ကျွန်မကို ကြော်ငြာခ ပေးထားလို့လား၊ ဘာအကျိုးအမြတ်မှမရဘဲ ကျွန်မက ဘာလို့ ဒီလောက် အပင်ပန်းခံပြောနေရမှာလဲ၊ ကိုယ်တွေ့ခံစားခဲ့ရတဲ့ အတွေ့အကြုံအစစ်အမှန်ကို မျှဝေပေးရုံသက်သက်ပါ”

အဘွားအိုဝမ် စိတ်တိုနေသည်ကို မြင်သောအခါ အဘွားချင်က ပြာပြာသလဲ ဝင်ရောက်ဖြန်ဖြေပေးလေသည်။

“အမကြီးရယ်၊ စိတ်မဆိုးပါနဲ့၊ ကျွန်မတို့က အရင်တုန်းက အလိမ်ခံရပေါင်းများလွန်းလို့ အခုလိုထင်သွားတာပါ၊ အရင်က ခရီးထွက်ရင် အဲဒီ မကောင်းတဲ့လမ်းပြတွေက ကျွန်မတို့ကို အမြဲလိမ်ခဲ့ကြတာလေ။ တစ်ခေါက်ကဆို ခရီးသွားရင်းနဲ့ လမ်းပြတစ်ယောက်က ကျွန်မတို့ကို ဈေးဝယ်စင်တာတစ်ခုကို ခေါ်သွားတယ်၊ အဲဒီနေရာက မသန်စွမ်းသူတွေ ဖွင့်ထားတာဖြစ်ပြီး အစိုးရက ထောက်ပံ့ကြေးပေးထားလို့ ကုန်တိုက်တွေထက် ဈေးအများကြီး သက်သာတယ်လို့ ပြောတယ်”

“သူက အဲဒီက ကျောက်စိမ်းတွေက ဘယ်လောက်ကောင်းကြောင်း၊ မဝယ်ရင် နစ်နာသွားမယ့်အကြောင်းတွေ ဖြားယောင်းပြောဆိုတာနဲ့ ကျွန်မလည်း စိတ်ယိုင်သွားပြီး ယွမ်နှစ်သောင်းဖိုးလောက် ဝယ်ခဲ့မိတယ်၊ အိမ်ပြန်ရောက်လို့ ကျွမ်းကျင်သူနဲ့ သွားပြကြည့်တော့ အဲဒီပစ္စည်းတွေက ယွမ်နှစ်ထောင်ဖိုးလောက်တောင် မတန်ဘူးတဲ့၊ ဘယ်လောက်တောင် ဒေါသထွက်ဖို့ကောင်းလဲ၊ ကျွန်မတို့က ဒီအနှိပ်သည်ကလည်း ဆိုင်ရှင်တွေ ကြံဖန်လုပ်ထားတဲ့ လှည့်ကွက်တစ်ခုများ ဖြစ်နေမလားလို့ စိုးရိမ်လို့ပါ”

ထိုစကားကိုကြားပြီးနောက် အဘွားအိုဝမ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“အဲဒါကိုတော့ ကျွန်မ နားလည်ပေးလို့ရပါတယ်၊ ကျွန်မကိုယ်တိုင်လည်း အလိမ်ခံခဲ့ရဖူးတာပဲ၊ ဒါပေမဲ့ ဒီက အနှိပ်သည်ကတော့ တကယ်ကို လိမ်နေတာမဟုတ်ဘူး၊ ကိုယ်တိုင်စမ်းကြည့်ရင် သိပါလိမ့်မယ်၊ ပြီးတော့ ဈေးနှုန်းကလည်း လက်ခံနိုင်တဲ့အတိုင်းအတာလို့ ထင်ပါတယ်၊ လူတိုင်းက ဘဝတစ်ဝက်လုံးလုံး သားသမီးတွေအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြပြီးပြီပဲ၊ အခု ကိုယ့်ကိုယ်ကိုယ်အတွက် ပိုက်ဆံလေးနည်းနည်းပါးပါးသုံးတာ ဘာမှားလို့လဲ”

ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာတွင်ရှိနေသော သက်ကြီးရွယ်အိုများအားလုံးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

သူတို့အားလုံးတွင် ပင်စင်လစာများ ကိုယ်စီရှိကြရာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခြင်းက မှန်ကန်သောအရာပင်။ လွတ်လပ်ပျော်ရွှင်သော ဘဝနေဝင်ချိန်ကို ပိုင်ဆိုင်လိုသည့် သူတို့၏ရည်မှန်းချက်လေးများက ပိုမိုခိုင်မာလာသည်။

ပထမဆုံး တစ်ယောက်က စတင် စမ်းသပ်လိုစိတ်ပေါ်လာသည်နှင့် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက် အစရှိသဖြင့် အားလုံးက အနှိပ်ခံရန် အပြိုင်အဆိုင် ဘိုကင်လုပ်ကြတော့သည်။ ချွေတာတတ်သော အချို့သက်ကြီးရွယ်အိုများက ယွမ် ၁၆၈ တန် အထူးအစီအစဉ်ကို ရွေးချယ်လိုသော်လည်း ဆရာမယောင်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

“အသက် ခြောက်ဆယ်ကျော်တွေအတွက် ဒီအစီအစဉ်ကို လုံးဝအကြံမပြုပါဘူး၊ ရှင်တို့ကို ဒီအစီအစဉ်နဲ့ နှိပ်ပေးမယ့်အစား လုံးဝမနှိပ်ပေးဘဲ နေလိုက်တာကမှ ပိုကောင်းပါလိမ့်မယ်၊ ရှင်တို့ရဲ့ခန္ဓာကိုယ်တွေက ဒီလောက်ပြင်းထန်တဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

အနှိပ်ခံပြီးသွားသောအခါ လူတိုင်းက ရောက်ရောက်ချင်းကတည်းက ချက်ချင်း ဘိုကင်မလုပ်ခဲ့မိသည့်အတွက် နောင်တရကုန်ကြသည်။

ယခု သူတို့ပြန်ရတော့မည့်အချိန်ကျမှ ဤမျှလောက် အရည်အချင်းရှိသော ဆရာမကို လာတွေ့ရ၏။ ထို့အပြင် ယခုအခါတွင် အနှိပ်ခံရန် တန်းစီစောင့်ဆိုင်းနေရပြီဖြစ်သည်။

သို့သော် အနောင်တရဆုံးသူမှာ သူတို့ မဟုတ်ဘဲ အဘွားအိုဝမ်ပင်ဖြစ်သည်။ အစကတော့ အနှိပ်ခံသူ သိပ်မရှိသဖြင့် အေးအေးဆေးဆေး ဖြစ်နေသော်လည်း ယခုတော့ အဘိုးအဘွားများအားလုံး သူမနှင့် အလုအယက် တန်းစီနေကြချေပြီ။

‘ဖြန်း’

အဘွားအိုဝမ်က သူမ၏ပါးစပ်ကိုသူမ ခပ်ဖွဖွလေး ရိုက်လိုက်မိသည်။ အခုတော့ ကြိုတင် ဘိုကင်လုပ်ထားမှ ရပေတော့မည်။

‘ဒီကြွားချင်တဲ့ ပါးစပ်ကို ဘာလို့ မထိန်းချုပ်နိုင်ခဲ့ရတာလဲ'

…

ချင်တာ့ဟိုင်သည် နောက်တစ်ပတ် စနေ၊ တနင်္ဂနွေရောက်မှ ကလေးနှင့် မိဘများကို လာကြိုရန် ရောက်ရှိလာသည်။

“ဖေဖေ၊ မေမေ... ရိဟန်လေး ဒီရက်ပိုင်း ထမင်းမှန်မှန်စားပြီး အိမ်စာတွေကိုသေချာလုပ်ရဲ့လား”

“ဖေဖေ၊ ဖေဖေ... သား နွေရာသီကျောင်းပိတ်ရက် အိမ်စာတွေအကုန်လုံး ပြီးသွားပြီ”

ချင်ရိဟန်က ကျောပိုးအိတ်ထဲမှ အိမ်စာအုပ်များကို အလုအယက်ထုတ်ကာ မိဘများကို ကြွားလုံးထုတ်တော့သည်။

ချင်တာ့ဟိုင်မှာ တကယ်ကို အံ့သြသွားရ၏။ မိမိ၏ ကလေးက အဘယ်ကြောင့် ရုတ်တရက်ကြီး ဤမျှ တက်ကြွလာကာ အိမ်စာများကိုပင် စောစီးစွာ အပြီးလုပ်နိုင်သွားသည်ကို နားမလည်နိုင်တော့ချေ။

ကလေး၏ အိမ်စာအုပ်ကိုဖွင့်ကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ကလေးများ၏ အိမ်စာအုပ်များတွင် တစ်ခါတစ်ရံ သူကိုယ်တိုင်ပင် နားမလည်သော ပုစ္ဆာများ ရှိတတ်သော်လည်း အများစုကိုတော့ သူ နားလည်နိုင်သေး၏။

‘တကယ်ပဲ အိမ်စာတွေကို သေချာလုပ်ထားတာပဲ။ ဘာတွေများ ဖြစ်သွားတာလဲ။ ငါ ထွက်သွားတာ ဘယ်လောက်မှမကြာသေးဘူး၊ ကလေးက လူစားလဲခံလိုက်ရသလို လုံးဝပြောင်းလဲသွားပြီး ကိုယ့်သဘောနဲ့ကိုယ် အိမ်စာတွေတောင်စလုပ်နေပြီလား'

ဘာတွေများ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိလိုသဖြင့် မိဘများဘက်သို့ မော့ကြည့်လိုက်သည်။

အဘိုးချင်နှင့် အဘွားချင်တို့မှာ ဤရက်ပိုင်းအတွင်း ဝါသနာတူ သက်ကြီးရွယ်အို မိတ်ဆွေအချို့နှင့် ရင်းနှီးခဲ့ကြ၏။ မိသားစုအကြောင်း စကားစမြည် ပြောကြသည်ရှိသလို၊ ဆရာမယောင်ကို ခေါ်၍ အကြောပြင်နှိပ်နယ်ကာ အနားယူကြသည့်အချိန်လည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏မြေးလေးမှာ ဆော့ဖော်ဆော့ဖက် သူငယ်ချင်းများ ရနေပြီဖြစ်ရာ အိမ်စာလုပ်ချိန်တွင်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အတုယူ ကြီးကြပ်ပေးနေကြခြင်းများလော။

ထို့ကြောင့် အဘွားချင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။

“ရိဟန်လေးက ဒီမှာ သူငယ်ချင်းနှစ်ယောက် ရထားတယ်လေ၊ စာကြိုးစားတဲ့ အဲဒီကလေးတွေရဲ့ လွှမ်းမိုးမှုကြောင့် ရိဟန်လေးလည်း စာပိုပြီးကြိုးစားလာတာ ဖြစ်မယ်”

‘နားထောင်ရတာတော့ ယုတ္တိရှိသားပဲ’

မည်သို့ပင်ဆိုစေကာမူ သားဖြစ်သူ တိုးတက်လာခြင်းက ကောင်းမွန်သော လက္ခဏာတစ်ရပ်ပင်။ ‘အလေ့အကျင့်ကောင်းတစ်ခုကို ခုနစ်ရက်အတွင်း တည်ဆောက်နိုင်တယ်’ ဆိုသည့် စကားရှိသည် မဟုတ်လော။

‘ငါ့သားက ဒီနေရာမှာ စာလေ့လာဖို့ အလေ့အကျင့်ကောင်းလေး ရသွားတာဖြစ်နိုင်တယ်'

သားဖြစ်သူ၏ ADHD အခြေအနေ တိုးတက်လာမှု ရှိမရှိ သိနိုင်ရန် ဆေးရုံသို့ နောက်တစ်ခေါက် ခေါ်သွားပြီး ထပ်မံစစ်ဆေးကြည့်ဦးမည်ဟု သူတွေးလိုက်မိသည်။

40

နေ့လယ်စာ စားပြီးနောက် ချင်တာ့ဟိုင်သည် မိသားစုကို အိမ်ပြန်ခေါ်သွားရန် ပြင်ဆင်နေလေ၏။

ကုမ္ပဏီမှ ခရီးစရိတ် တစ်စိတ်တစ်ပိုင်းကို ပြန်လည်တောင်းခံနိုင်သဖြင့် ဧည့်ကြိုကောင်တာတွင် ငွေတောင်းခံလွှာထုတ်ပေးရန် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါရှင့်၊ ခဏလေးစောင့်ပေးပါနော်” လီရှီးရှီးက ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။

မကြာသေးမီက စီးပွားရေး ပိုမိုကောင်းမွန်လာသဖြင့် စာရင်းကိုင်တစ်ဦးနှင့် ဧည့်ကြိုဝန်ထမ်းတစ်ဦးခန့် ထပ်မံငှားရမ်းရန် လိုအပ်နေပြီဟု သူမခံစားလာရသည်။

ကိုယ်ပိုင်စီးပွားရေးလေးကို စနစ်တကျနှင့် အောင်မြင်စွာလည်ပတ်လိုသော သူမ၏ရည်မှန်းချက်များက ပိုမိုကြီးမားလာသည်။

သို့သော် နေရာက ခေါင်ဖျားလွန်းသဖြင့် လာလုပ်မည့်သူ ရှိမရှိ သူမသေချာမသိသေးပေ။ ရွာထဲမှ လူများကို အကူအညီ မတောင်းချင်၍တော့မဟုတ်၊ သို့သော် ရွာတွင်ကျန်ရစ်သူအများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးများသာ ဖြစ်ကြသည်။

ကလေးများကို ခိုင်းရန်ကတော့ လုံးဝမဖြစ်နိုင်ချေ၊ ကလေးလုပ်အားပေး ခေါင်းစဉ်တပ်ခံရပေမည်။ သက်ကြီးရွယ်အိုများမှာလည်း ကွန်ပျူတာ အသုံးပြုတတ်ရန် နေနေသာသာ၊ အဖွင့်အပိတ်ပင် လုပ်တတ်ကြသည်မဟုတ်ပေ။ ဤအလုပ်နှစ်ခုကို သူတို့ လုံးဝလုပ်နိုင်မည်မဟုတ်ချေ။

ချင်တာ့ဟိုင် အချိန်အကြာကြီး စောင့်စရာမလိုဘဲ ငွေတောင်းခံလွှာကို ရရှိခဲ့သည်။

သိမ်းဆည်းရန်ပြင်လိုက်စဉ် စာရွက်ပေါ်ရှိ ဂဏန်းများကို မတော်တဆလှမ်းမြင်လိုက်ရပြီး သူ၏မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရသည်။ မျက်လုံးများကို ပြင်းပြင်းထန်ထန်ပွတ်သပ်ပြီး ထပ်မံကြည့်ရှုလိုက်၏။

ဘေးမှ သူ၏လှုပ်ရှားမှုများကို ကြည့်နေသော ဇနီးဖြစ်သူက မေးလိုက်သည်။

“တာ့ဟိုင်... ဘာတွေလုပ်နေတာလဲ”

ချင်တာ့ဟိုင်က တိုးညှင်းစွာ ရေရွတ်လိုက်၏။

“ဒီပေါ်က ဂဏန်းတွေက ဘာလို့ တစ်ခုခုမှားနေသလို ခံစားရတာလဲ”

“ဆိုင်ရှင်က စာရင်းမှားရေးလိုက်လို့လား” ဇနီးဖြစ်သူက ဆက်မေးသည်။

“ဟုတ်တယ်၊ သေချာပေါက် မှားနေတာပဲဖြစ်ရမယ်၊ သူဌေးမလေးကို အခုပဲ သွားမေးကြည့်လိုက်ဦးမယ်”

လီရှီးရှီးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူတို့၏ကုန်ကျစရိတ်များကို ကွန်ပျူတာပေါ်တွင် သေချာစွာ စစ်ဆေးပြီးဖြစ်သည်။ အမှားအယွင်း လုံးဝ မရှိချေ။ အခန်း ၃၀၂ ၏ ကုန်ကျစရိတ်မှာ အမှန်တကယ်ပင် ထိုပမာဏ ဖြစ်သည်။

“မင်္ဂလာပါရှင့်။ ကျွန်မ သေချာ ပြန်စစ်ကြည့်ပြီးပါပြီ၊ ဂဏန်းတွေက အတိအကျမှန်ကန်ပါတယ်။ သီးခြားကုန်ကျစရိတ်တစ်ခုခုနဲ့ ပတ်သက်ပြီး မေးစရာရှိလို့လားဟင်”

“ရှိတာပေါ့၊ ဒီမှာ ကြည့်အုံး၊ အကြောပြင်နှိပ်နယ်တဲ့ စုစုပေါင်း ကုန်ကျစရိတ်က ယွမ် ၁၁,၄၀၀တဲ့၊ ဒီမှာ လူဘယ်နှယောက်များ အနှိပ်ခံလို့လဲ၊ သူဌေးမလေး... တခြားလူရဲ့စာရင်းကို ကျွန်တော်တို့အခန်းထဲ မတော်တဆထည့်ရေးလိုက်တာလား”

“မဟုတ်ပါဘူးရှင့်။ ဒါက ဒီမှာ လူကြီးနှစ်ယောက် အနှိပ်ခံခဲ့တဲ့ကုန်ကျစရိတ်ပါ၊ တစ်ခါနှိပ်ရင် ယွမ် ၁၉၀၀ ဖြစ်ပြီး နှစ်ယောက်ပေါင်း ၆ ကြိမ် နှိပ်ခဲ့တာမို့ စုစုပေါင်း ယွမ် ၁၁,၄၀၀ ပါ။ အမှားအယွင်း လုံးဝမရှိပါဘူးရှင့်”

“ခင်ဗျားတို့ ဈေးနှုန်းတွေက အရမ်းကို အဓိပ္ပာယ်မရှိဘူး ဈေးကြီးလွန်းတယ်၊ ဘာလို့ ဒီအနှိပ်က ဒီလောက်တောင် ဈေးကြီးနေရတာလဲ၊ ရွှေတွေနဲ့များ နှိပ်ပေးနေလို့လား”

ဘေးတွင် ထိုင်စောင့်နေသော အဘိုးချင်မှာ သားဖြစ်သူ အခန်းအပ်ရန် အချိန်အတော်ကြာနေသဖြင့် ဘာတွေဖြစ်နေသလဲဟု သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သားဖြစ်သူက ယာတောအိမ်ဝန်ထမ်းနှင့် အငြင်းပွားနေသည်ကို ကြားလိုက်ရသဖြင့် အမြန်လျှောက်သွားကာ ဝင်ပြောလိုက်၏။

“တာ့ဟိုင်၊ တာ့ဟိုင်... အဲဒီ အနှိပ်အတွက် ကုန်ကျစရိတ်ကို ဖေဖေနဲ့မေမေ ပေးပြီးသားပါ၊ ပိုက်ဆံ အကုန်ရှင်းပြီးသွားပြီ၊ ကုန်ကျစရိတ်က အဲဒီလောက်ပဲ”

ထိုစကားကိုကြားသောအခါ ချင်တာ့ဟိုင်က ပြာပြာသလဲမေးလိုက်သည်။

“ဖေဖေ... ဖေဖေတို့နှစ်ယောက် ဘာတွေဖြစ်နေတာလဲ။ ဒီမှာ ပိုက်ဆံ တစ်သောင်းကျော်တောင်သုံးခဲ့တယ်၊ ဟုတ်လား။ ဖေဖေတို့ကို ပိုက်ဆံမသုံးစေချင်လို့မဟုတ်ပါဘူး၊ ဖေဖေတို့ အလိမ်ခံရမှာစိုးလို့ပါ”

အဘိုးချင်၏ ခေါင်းမာသော ဒေါသက ပေါက်ကွဲထွက်လာတော့သည်။

“အလိမ်ခံရတယ် ဟုတ်လား၊ ဘာကို အလိမ်ခံရတာလဲ၊ မင်းအဖေက ဘယ်လောက်အသက်ကြီးနေပြီလို့ ထင်နေလဲ။ ငါ့ဘာသာအပန်းဖြေဖို့ ပိုက်ဆံလေးနည်းနည်းပါးပါးသုံးတာ ဘာဖြစ်လို့လဲ၊ ငါ့ပင်စင်လစာနဲ့ ငါသုံးတာကို မင်းကလာပြီး ဆရာလုပ်နေသေးတယ်”

အနီးအနားတွင်ရှိနေသော ချွေးမဖြစ်သူက အခြေအနေကို အမြန်ထိန်းသိမ်းရန် ဝင်ရောက်ဖြန်ဖြေပေးရသည်။

“ကဲပါ... ကဲပါ... ပိုက်ဆံလည်း သုံးပြီးနေပြီပဲ၊ အိမ်ကို မြန်မြန်ပြန်ကြစို့။ ဒီနေ့ နေ့လယ် မိုးရွာမယ်လို့ မိုးလေဝသသတင်းမှာ ကြေညာထားတယ်။ မိုးရွာရင် တောင်ပေါ်လမ်းက ကားမောင်းရအရမ်းခက်လိမ့်မယ်”

ဤသို့ဖြင့် သားအဖနှစ်ယောက်ကြားရှိ ပဋိပက္ခကို ယာယီ ဖြေရှင်းနိုင်ခဲ့သည်။ သူတို့တစ်သိုက် ခရီးဆောင်အိတ်များကို ယူကာ ကားပေါ်သို့ တင်လိုက်ကြသည်။

ချင်တာ့ဟိုင်တစ်ယောက် ကားမောင်းနေရင်း သူ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်နေသည်။ တွေးလေလေ တစ်ခုခု လွဲချော်နေသည်ဟု ခံစားရလေလေပင်။

သူ၏ မိဘများမှာ အကြောပြင်နှိပ်နယ်ခြင်းဖြင့် ရောဂါအားလုံး ပျောက်ကင်းနိုင်သည်ဟု လိမ်ညာဖြားယောင်းတတ်သော အွန်လိုင်းငွေကြေးလိမ်လည်မှု ဂိုဏ်းတစ်ခုခု၏ ထောင်ချောက်ထဲသို့များ ကျရောက်သွားခြင်းလော။

ထို့ကြောင့် ကုန်ကျစရိတ်တွေက မိုးထိအောင် ဈေးကြီးနေခြင်းများလော။

သို့သော် ယခု သူ မိဘများကို ကြည့်ရသည်မှာ ထိုအနှိပ်ပညာရှင်ကို အလွန်အမင်း အထင်ကြီးလေးစားနေကြပြီး ခေါင်းပုံဖြတ်ခံရသည်ဟု လုံးဝ မခံစားရသည့်အပြင် တစ်ဖက်လူကို ဆရာမဟု အခေါ်အဝေါ်တပ်ကာ အဆက်မပြတ် ချီးမွမ်းနေကြသည်။ ဈေးနှုန်းမှာလည်း လုံးဝမကြီးဘူးဟုပင် ပြောဆိုနေကြသေးသည်။

သူ၏မိဘများမှာ ထို ဆရာမဆိုသူ၏ ဦးနှောက်ဆေးခြင်းကို အပြည့်အဝခံထားရပြီး သူဘာပြောပြော နားထောင်တော့မည် မဟုတ်ဟု ချင်တာ့ဟိုင် အလေးအနက် ခံစားလိုက်ရသည်။

ဤယာတောအိမ်တွင် တည်းခိုရသည်မှာ အလွန်သက်သောင့်သက်သာ ရှိပြီး သားဖြစ်သူလည်း လိမ္မာရေးခြား ရှိလာခဲ့သော်ငြား၊ အိမ်မပြန်မီလေးတွင် မိဘများ အလိမ်ခံလိုက်ရကြောင်း သိလိုက်ရခြင်းက သူ၏ပျော်ရွှင်မှုများကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

အိမ်သို့ ပြန်ရောက်သောအခါ ရုပ်သံလိုင်းတစ်ခုတွင် အလုပ်လုပ်နေသော ကျောင်းနေဖက်သူငယ်ချင်းဟောင်း တစ်ဦးထံ ဆက်သွယ်လိုက်သည်။ ထို့နောက် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေပြီး ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်ဆက်နွှယ်နေကာ လူများကို ဦးနှောက်ဆေးရာတွင် အလွန်ကျွမ်းကျင်သည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိထားကြောင်း၊ သူ၏မိဘများနှင့် အခြားသော သက်ကြီးရွယ်အို အများအပြားမှာ လိမ်လည်ခံထားရကြောင်း ပြောပြလိုက်၏။

စောစောက ကားပေါ်တွင် ပါလာစဉ် ဖခင်ဖြစ်သူ ပြောပြချက်အရ အခြားသက်ကြီးရွယ်အိုများနှင့် အဘွားအို အတော်များများလည်း အနှိပ်ခံခဲ့ကြပြီး အားလုံးက အာနိသင်ရှိကြောင်း ပြောဆိုနေကြသည်ကို ချင်တာ့ဟိုင် ကြားခဲ့ရသည်။

ချင်တာ့ဟိုင်၏အမြင်အရ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုသာ ဖြစ်ရမည်။ သူတို့က ထို ဆရာမဆိုသူကို ရင်ထဲအသည်းထဲမှ ယုံကြည်နေကြသဖြင့် သူမက အနည်းငယ် နှိပ်နယ်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ဖြားယောင်းမှုလေး နည်းနည်းထည့်ပေးလိုက်သည်နှင့် အာနိသင်က သဘာဝကျကျပင် သိသာလာသည်ဟု ထင်မှတ်သွားကြခြင်းသာ ဖြစ်သည်။

သူ၏သူငယ်ချင်းဟောင်းက ဤသတင်းကို ကြားသောအခါ သတင်းတန်ဖိုးကို ချက်ချင်း သဘောပေါက်သွား၏။

ဤသည်မှာ သူတို့ ရုပ်သံလိုင်းမှ အမြဲတမ်း ထုတ်လွှင့်နေကျဖြစ်သော ယောက္ခမနှင့် ချွေးမ ပဋိပက္ခများ၊ အိမ်နီးချင်းများကြား အငြင်းပွားမှုများထက် အများကြီး ပိုမိုပေါက်ကွဲအားကောင်းသော သတင်းတစ်ပုဒ် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ချင်တာ့ဟိုင်နှင့် ဆက်သွယ်ရန် သတင်းထောက် တစ်ဦးကို ချက်ချင်း စေလွှတ်လိုက်လေ၏။

…

ချင်တာ့ဟိုင်က ငွေတောင်းခံလွှာကို ကိုင်ဆောင်ကာ သတင်းထောက်နှင့် ကင်မရာမန်းအား ပြသလိုက်သည်။

“ဒီမှာ ကြည့်... ဒီငွေတောင်းခံလွှာကို အဲဒီယာတောအိမ်က ကျွန်တော့်ကို ထုတ်ပေးလိုက်တာ၊ အနှိပ်က တစ်ခါနှိပ်ရင် ယွမ် ၁၉၀၀ တောင် ကျတယ်။ ကျွန်တော့် မိဘတွေက အဲဒီမှာ စုစုပေါင်း ၆ ကြိမ် နှိပ်ခဲ့ပြီး ယွမ် ၁၁,၄၀၀ တောင် ကုန်ခဲ့တယ်”

သတင်းထောက်က ဤငွေတောင်းခံလွှာကို မြင်လိုက်သည်နှင့် သူ၏ခေါင်းထဲတွင် သတင်းခေါင်းစဉ် တစ်ခု ချက်ချင်း ပေါ်လာတော့သည်။

[မိုးထိအောင် ဈေးကြီးလှသော အကြောပြင်နှိပ်နယ်ခြင်း လှည့်ကွက်၊ သက်ကြီးရွယ်အိုများ ဘာကြောင့် မကြာခဏသားကောင်ဖြစ်ရသလဲ]

သို့သော် ဤမျှလောက်ဈေးကြီးလှသော အနှိပ်ဝန်ဆောင်ခများ ရှိနေသဖြင့် နောက်ကွယ်တွင် တရားမဝင် အထူးဝန်ဆောင်မှုအချို့ ပါဝင်ပတ်သက်နေမည်လားဟုလည်း သံသယဝင်မိသည်။

ဤအရာများအားလုံးကို ထိုနေရာသို့ ကိုယ်တိုင်သွားရောက် စုံစမ်းပြီးမှသာ သိရှိနိုင်ပေမည်။

ထို့နောက် ချင်တာ့ဟိုင်က သူ၏ဖုန်းကို ကောက်ကိုင်ကာ ပြသလိုက်၏။

“ဒီယာတောအိမ်ရဲ့ ရီဗျူးတွေကို ကြည့်ပါဦး၊ ဒီအထဲမှာ အရာအားလုံးရှိတယ်၊ ယာတောအိမ်တစ်ခုနဲ့ လုံးဝမတူဘူး”

သတင်းထောက်က ဖုန်းကို လှမ်းယူကြည့်လိုက်ရာ အပေါ်ဆုံးရှိရီဗျူးမှာ ထို ယာတောအိမ်ဆိုသည့်နေရာမှ ဆပ်ပြာကို အစအဆုံး ချီးမွမ်းခန်း ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ ထိုဆပ်ပြာမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပြိုင်ဘက်ကင်းသည့်အလား အလွန်အမင်း အမွှန်းတင်ရေးသားထား၏။

သတင်းထောက် မျက်မှောင်ကြုတ်သွားသည်။ ဤယာတောအိမ်ဆိုသည့် နေရာက တရားဝင် အသိအမှတ်ပြုလက်မှတ် မရှိသော ပစ္စည်းများကိုပါ ရောင်းချနေခြင်းလော။

အောက်ဘက်သို့ ဆက်ကြည့်လိုက်ရာ ဆရာမယောင်၏ အရည်အချင်းမှာ အလွန်အမင်း ပြောင်မြောက်လှပြီး အခြားသူများ မကုသနိုင်သော ရောဂါဟောင်းများကို သူမက အလွယ်တကူ ဖြေရှင်းပေးနိုင်ကြောင်း ရေးသားထားသည်ကို တွေ့ရပြန်သည်။

ဖုန်းပေါ်ရှိ အလွန်အမင်း ချဲ့ကားထားသော အပြုသဘောဆောင်သည့် ရီဗျူးများကို ကြည့်ရင်း ဤလုပ်ငန်းက လူအုပ်ငှားပြီး အတုအယောင် ရီဗျူးများ ရေးခိုင်းထားသည်မှာ သေချာသည်ဟု သတင်းထောက်က ကောက်ချက်ချလိုက်ပြီး ဖြစ်သည်။

သို့သော် စုံစမ်းစစ်ဆေးမှုမရှိဘဲ ပြောဆိုပိုင်ခွင့်မရှိပေ။ မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များအပေါ် အခြေခံကာ တစ်ဖက်လူကို တံဆိပ်တပ်၍မရနိုင်ချေ။ သူ ကိုယ်တိုင် သွားရောက် မြင်တွေ့မှ ရမည်ဖြစ်သည်။

အမှန်တရားကို ဖော်ထုတ်လိုသော သတင်းထောက်တစ်ဦး၏ရည်မှန်းချက်က သူ့ကို ယာတောအိမ်ရှိရာသို့ သွားရောက်ရန် တွန်းအားပေးနေလေသည်။

ထို့ကြောင့် သူက ကင်မရာမန်းကို ခေါ်ဆောင်ကာ ဖြောင်ဖြောင်ထွမ် ဝက်ဘ်ဆိုက်မှတစ်ဆင့် အခန်းများကို ဘိုကင်လုပ်ပြီး ကားဖြင့် ထွက်ခွာလာခဲ့ကြသည်။

သေချာပေါက် ကင်မရာမန်းအနေဖြင့် ကင်မရာကြီးကို ဗြောင်ကျကျထမ်းကာ အပြင်ဘက်တွင် ရိုက်ကူး၍မရနိုင်ပေ။ ထိုသို့လုပ်ပါက အတွင်းရှိလူများ ရိပ်မိသွားမည်ကို စိုးရိမ်ရသည်။

ထို့ကြောင့် သတင်းထောက်ရွှီက ရိုက်ကူးရန်အတွက် လျှို့ဝှက်ကင်မရာတစ်လုံးကို ယူဆောင်လာခဲ့သည်။

သတင်းထောက်ရွှီနှင့် ကင်မရာမန်းတို့သည် ဂျီပီအက်စ် လမ်းညွှန်မှုအတိုင်း နှစ်နာရီကျော်ကြာ မောင်းနှင်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ယာတောအိမ်သို့ ရောက်ရှိလာကြသည်။

ဤအချိန်မှာ နေဝင်ဆည်းဆာ အချိန်ဖြစ်ပြီး မော့ကြည့်လိုက်သောအခါ တိမ်လိပ်များ လူးလွန့်နေကာ ကောင်းကင်တစ်ခုလုံး တိမ်တောက်နေပြီး အဝေးမှ တောင်ထွတ်ကို ကုတ်အင်္ကျီတစ်ထည် ညင်သာစွာ လွှမ်းခြုံပေးထားသည့်အလား လှပလွန်းလှသည်။

ကင်မရာမန်းတစ်ဦး၏ အကျင့်အရ ဤမျှလှပသော ရှုခင်းကို မြင်တွေ့လိုက်ရသောအခါ သတင်းထောက်ရွှီ၏ နောက်မှ လိုက်ပါလာသော ကင်မရာမန်းက ကားကိုရပ်တန့်လိုက်ပြီး ကင်မရာကို ချက်ချင်းမြှောက်ကာ ကောင်းကင်ယံမှ ဆည်းဆာအလှကို စတင်ရိုက်ကူးတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အဝေးမှ လီရှန်းယာတောအိမ်လေးမှာလည်း ကင်မရာကွက်ထဲသို့ ဝင်ရောက်လာခဲ့သည်။

နေဝင်သွားသည်နှင့်အမျှ ဖြူဖွေးသော တရုတ်ရိုးရာ ခြံဝင်းလေးက တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေပြီး နေရောင်ဟပ်နေသော သစ်သားပြတင်းပေါက်များကလည်း လင်းလက်နေ၏။ အရာအားလုံးက အလွန်အမင်း လှပလွန်းလှပေသည်။

All Chapters