အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
41
သတင်းထောက်ရွှီကမူ အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ကင်မရာမန်းကို လှမ်းပြောလိုက်သည်။
“အစ်ကိုချောင်... ကျွန်တော်တို့က လျှို့ဝှက်စုံစမ်းစစ်ဆေးဖို့ လာတာလေ၊ ကြော်ငြာလာရိုက်တာမဟုတ်ဘူး၊ ဘာလို့ ဒီယာတောအိမ်ရဲ့ အပြင်ဘက်ကို ဒီလောက်လှအောင် ရိုက်နေရတာလဲ”
‘ကင်မရာမန်းက သဘာဝအလှတရားကို မြင်ပြီး ဆွဲဆောင်ခံလိုက်ရလို့ပါ’ ဟုတော့ အဘယ်ကြောင့် အမှန်တိုင်း ဝန်ခံနိုင်မည်နည်း။ ထို့ကြောင့် ဆင်ခြေတစ်ခုကို ချက်ချင်း ရှာလိုက်သည်။
“ဒါက ငါ့ရဲ့ ရိုက်ကူးရေးနည်းပညာလေ၊ အခု ပိုလှလေလေ၊ နောက်ပိုင်းမှာ သူတို့က နှလုံးသားမည်းနက်တဲ့ စီးပွားရေးသမားတွေဆိုတာ ပေါ်သွားတဲ့အခါ ပိုပြီးတော့ သိသာထင်ရှားတဲ့ ခြားနားချက်ကို ပြနိုင်လေလေပဲပေါ့။ မင်းက သူတို့ရဲ့ ဆိုးရွားတဲ့အချက်တွေကို သက်သေပြနိုင်ဖို့သာ အာရုံစိုက်ထားပါ၊ ရိုက်ကူးရေးနဲ့ တည်းဖြတ်ရေးကတော့ ငါ့တာဝန်ထားလိုက်”
သတင်းထောက်ရွှီ ရုပ်သံလိုင်းတွင် အလုပ်လုပ်သည်မှာ လအနည်းငယ်သာ ရှိသေးပြီး အလုပ်သင်ဘဝမှ လွတ်မြောက်သည်မှာလည်း မကြာသေးချေ။
သတင်းထောက်ကောင်း တစ်ယောက်ဖြစ်လာစေရန် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေပြီး တစ်ဖက်လူ၏လှည့်စားမှုကို မရိပ်မိသေးဘဲ ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။
“အစ်ကိုချောင်က အမြဲတမ်း စေ့စပ်သေချာတာပဲ”
“အို... လူငယ်လေး၊ မင်း သင်ယူစရာတွေ အများကြီးကျန်ပါသေးတယ်”
အစ်ကိုချောင် ဟုခေါ်သော ကင်မရာမန်းက ဆရာတစ်ဆူလိုနေရသည်ကို အတော်လေး သဘောကျနေပုံရသည်။
သတင်းထောက်ရွှီနှင့် ကင်မရာမန်းချောင်တို့ ယာတောအိမ်အတွင်းသို့ ဝင်ရောက်သွားသောအခါ သတင်းထောက်ရွှီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဧည့်သည်အတော်များများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် လူနှစ်ယောက်လောက်ကို ကျပန်းရွေးချယ်ပြီး ဤယာတောအိမ်အပေါ် သူတို့၏အမြင်များကို စကားစမြည်ပြောရင်း မေးမြန်းရန် စဉ်းစားလိုက်၏။
လက်ဆွဲအိတ်တစ်လုံး ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးကို ပစ်မှတ်ထားလိုက်ပြီး အနားသို့လျှောက်သွားကာ ရင်းနှီးဟန်ဖြင့် နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဦးလေး”
မထင်မှတ်ဘဲ ထိုအမျိုးသားက လှည့်ကြည့်လာပြီး သတင်းထောက်ရွှီကို မျက်စောင်းထိုးကာ ဒေါသတကြီးဖြင့် အော်ပြောလိုက်လေ၏။
“ဘယ်သူ့ကို ဦးလေးလို့ ခေါ်နေတာလဲ၊ ငါက အသက်သုံးဆယ်ပဲ ရှိသေးတယ်ကွ”
ဤရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် သတင်းထောက်ရွှီမှာ သူ၏ခေါင်းထဲတွင် ကြိုတင်ပြင်ဆင်ထားသော စကားများပင် ရပ်တန့်သွားရသည်။ သူက နေရခက်စွာဖြင့် ပြောလိုက်၏။
“ဟို... ခင်ဗျားရဲ့ ဆံပင်ပုံစံက တော်တော်လေး ရင့်ကျက်တဲ့ပုံ ပေါက်နေလို့ပါ၊ အနောက်ကနေကြည့်တော့ ဆံပင်ပုံစံကြောင့် သေချာမသိလိုက်လို့”
စာရင်းကိုင်ဖြစ်သူက သူ့ရှေ့မှလူမှာ စကားပြော လုံးဝမတတ်ဘဲ အမြဲတမ်း သူတစ်ပါး၏အားနည်းချက်ကိုသာ ထိမိနေကြောင်း သတိပြုမိလိုက်သည်။
သူက တစ်ဖက်လူကို ဒေါသတကြီး မျက်စောင်းထိုးလိုက်ပြီးနောက် သူ၏ဘယ်ဘက်လက်ဖြင့် ဆံပင်များကို ဂရုတစိုက် ပွတ်သပ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ ကောင်းကောင်းအိပ်ပျော်ခဲ့သဖြင့် ဆံပင်များ အများကြီးမကျွတ်တော့ချေ။
အခြားတစ်ဖက်ရှိ သတင်းထောက်ရွှီသည်လည်း သူ၏စကားများမှာ လူမှုဆက်ဆံရေးကောင်းမွန်မှု လုံးဝ ကင်းမဲ့နေကြောင်း သတိပြုမိသွားသည်။
ထို့ကြောင့် အခြေအနေကို အမြန်ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
“တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် ခုနက စကားမှားသွားတယ်။ ကျွန်တော်... ကျွန်တော်က ဒီကပတ်ဝန်းကျင်က ဘယ်လိုနေလဲ၊ ကုန်ကျစရိတ်တွေရော များလားလို့ မေးချင်လို့ပါ၊ ကျွန်တော်နဲ့အစ်ကိုက ဒီကနေ ဖြတ်မောင်းလာရင်း ယာတောအိမ်တစ်ခုကို တွေ့လိုက်လို့ ဒီမှာ တစ်ညလောက်တည်းပြီးမှ ဆက်သွားမလားလို့ စဉ်းစားနေတာပါ”
‘ပြုံးနေတဲ့သူကို ဘယ်သူမှပါးမရိုက်ရက်ပါဘူး’ ဆိုသည့်စကား ရှိသည်မဟုတ်လော ဤလူကလည်း တောင်းပန်နေပြီဖြစ်ရာ စာရင်းကိုင်က ဆက်ပြီး ပွေမယူတော့ဘဲ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
“ကျွန်တော် ဒီမှာတည်းနေတာ သုံးရက်ရှိပြီ။ အခန်းတွေကို အန်တီကြီးတစ်ယောက်က နေ့တိုင်းလာရှင်းပေးတယ်၊ တော်တော်လေးသန့်ရှင်းပါတယ်၊ ဈေးနှုန်းကလည်း အဆင်ပြေပါတယ်ဗျာ၊ ဒီမှာက နာမည်ကြီးတဲ့ လည်ပတ်စရာနေရာတွေ သိပ်မရှိပေမယ့် ရှုခင်းတွေကတော့ တော်တော်လေး ကောင်းတယ်ဗျ၊ အာ... ပြီးတော့ ဒီကစားဖိုမှူးကလည်း လက်ရာကောင်းတယ်၊ ဟင်းသီးဟင်းရွက်တွေက အရမ်းလတ်ဆတ်တာပဲ၊ ကျွန်တော်က အစပ်ကြိုက်တော့ ဒီက ကြက်သားစပ်ကြော်က ကျွန်တော့်အကြိုက်နဲ့ တကယ်ကိုကွက်တိပဲ”
သတင်းထောက်ရွှီက ခေါင်းကို တစ်ချက်တစ်ချက် ညိတ်ပြနေသော်လည်း ထိုသူက သူသိချင်သောအကြောင်းအရာကို ထည့်မပြောသေးသဖြင့် ဆက်မေးလိုက်သည်။
“အစ်ကိုကြီး... ဒီမှာ နာမည်ကြီး အကြောပြင်နှိပ်နယ်တဲ့ ဆရာမယောင်ဆိုတာ ရှိတယ်လို့ ကြားတယ်၊ ပြီးတော့ ဈေးနှုန်းတွေကလည်း မနည်းဘူးလို့ ပြောကြတယ်၊ အဲဒါအမှန်ပဲလား”
“အို... ဆရာမယောင်ကို ပြောတာလား၊ ညီလေးတို့လည်း သူ့နာမည်ကိုကြားပြီး ဒီကိုလာခဲ့တာလား”
“အာ... ဟုတ်တယ်၊ ဟုတ်တယ်။ အစ်ကိုကြီးလည်း သူ့ကိုသိတာလား”
စာရင်းကိုင်က ပြုံးလိုက်ပြီး ပြန်ပြောလာ၏။
“ဒါပေါ့ဗျာ၊ ကျွန်တော်က ကျွန်တော့်အန်တီ ညွှန်းလိုက်လို့ ဒီကိုရောက်လာတာလေ၊ ကျွန်တော်က အလုပ်ကြောင့် တစ်နေ့လုံး ကွန်ပျူတာရှေ့မှာထိုင်နေရတော့ လည်ပင်းရိုးက မကောင်းတာကြာပြီ။ ဆေးရုံက ဆရာဝန်က နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကွန်ပျူတာရှေ့မှာချည်း ထိုင်မနေဖို့ပြောတယ်၊ ကျွန်တော်လည်း အဲဒီလိုလုပ်ချင်တာပေါ့။ ဒါပေမဲ့ ပရိုဂရမ်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ကွန်ပျူတာမသုံးဘဲ ဘယ်လိုလုပ် အလုပ်လုပ်လို့ရမှာလဲ”
“ကျွန်တော် ဒီမှာအနှိပ်ခံတာ သုံးကြိမ်ရှိသွားပြီ။ အခုဆို လည်ပင်းက အများကြီးသက်သာသွားပြီဗျ၊ နောက်နှစ်ရက်လောက်ဆို အလုပ်ပြန်လုပ်လို့ရလောက်ပြီ”
ထိုလူ၏ လေသံကို နားထောင်ရသလောက် ဆရာမယောင်၏ အရည်အချင်းကို အတော်လေး အသိအမှတ်ပြုထားပုံရသည်။
’သူမက လူလိမ်မဟုတ်ဘူးလား၊ တကယ့် ပညာရှင်လား'
သတင်းထောက်ရွှီက ဆက်မေးကြည့်လိုက်၏။ “ဆရာမယောင်ရဲ့ ဈေးနှုန်းတွေက မနည်းဘူးလို့ကြားတယ်။ အစ်ကိုကြီးကော အဲဒီဈေးနှုန်းက တန်တယ်လို့ထင်လား”
“အရမ်းကို တန်တာပေါ့ဗျာ၊ ကျွန်တော် ဆေးရုံသွားပြရင်လည်း တစ်ခါသွားရင် ယွမ်ရာနဲ့ချီပြီး ကုန်တာပဲ၊ အာနိသင်ကို ပြောရရင်ကျ သက်သာရုံလေးပဲ သက်သာစေတာ၊ ပြဿနာကို အမြစ်ပြတ်မဖြေရှင်းပေးနိုင်ဘူး၊ ပြီးတော့ ဆေးရုံကို အပတ်တိုင်း သွားနေရသေးတယ်၊ ဓာတ်ဆီဖိုးရယ်၊ အလုပ်ပျက်တဲ့အချိန်ရယ်၊ ဆေးရုံမှာကုန်တဲ့ပိုက်ဆံရယ် ပေါင်းလိုက်ရင် ဒီထက်တောင်မနည်းဘူး။ တစ်ခါတည်း ပိုက်ဆံနည်းနည်းပိုသုံးပြီး အပြတ်ရှင်းလိုက်တာက ပိုကောင်းတာပေါ့”
ထိုစကားများကို ကြားပြီးနောက် သတင်းထောက်ရွှီအနေဖြင့် ဤသူပြောသည်မှာလည်း ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
သို့သော် သူတို့အတွက် အရေးအကြီးဆုံးမှာ ဤ ဆရာမဆိုသူက တကယ်ပဲ ပညာရှင် အစစ်အမှန် ဖြစ်နေခြင်းလော သို့မဟုတ် ဤလူများက လှည့်ဖြားခံနေရခြင်းလောကို အတည်ပြုရန်သာဖြစ်သည်။
ဤအချက်အပြင် သတင်းထောက်ရွှီသည် ချင်တာ့ဟိုင်ထံမှ ဤယာတောအိမ်က တရားဝင် အသိအမှတ်ပြု လက်မှတ်မရှိသော အလှကုန်ပစ္စည်းများကိုလည်း ရောင်းချနေကြောင်း ကြိုတင်သိရှိထားခဲ့သည်။
သို့သော် စာရင်းကိုင်ကမူ ဤကိစ္စကိုမသိရှိပေ။ သူက ထိုကဲ့သို့သော အရာများကို ဂရုမစိုက်တတ်ချေ။ အပန်းဖြေခရီးထွက်လာသကဲ့သို့ ပုံပေါက်နေသော်လည်း တကယ်တမ်းတွင် သူ ပြီးမြောက်အောင်လုပ်ဆောင်ရမည့် အလုပ်များ ရှိနေသေးသည်။
စာရင်းကိုင်က လက်ကိုမြှောက်၍ နာရီကြည့်လိုက်၏။
‘ အချိန်လင့်နေပြီပဲ၊ ဒီနေ့အလုပ်တွေ ပြီးအောင် စာကြည့်တိုက်လေးဆီကို သွားရဦးမယ်၊ အစကတော့ အခန်းထဲက စားပွဲအသေးလေးပေါ်မှာပဲ ကုဒ်တွေ ရေးနေခဲ့တာ။ ဒါပေမဲ့ မနေ့က စာကြည့်တိုက်လေးကိုသွားကြည့်တော့ အလုပ်လုပ်ဖို့ တော်တော်လေးအဆင်ပြေမှန်း သိလိုက်ရတယ်'
‘တစ်ယောက်တည်း ရှိနေချိန်ဆိုရင် အလုပ်နည်းနည်းလုပ်လိုက်၊ ကုတင်ပေါ်လှဲပြီး ဖုန်းပွတ်လိုက်နဲ့ အချိန်ဖြုန်းမိတတ်တယ်။ ဒါပေမဲ့ ဒီစာကြည့်တိုက်လေးထဲမှာတော့ အလုပ်လုပ်ရတဲ့ စွမ်းဆောင်ရည်က အများကြီးတက်လာတယ်လို့ ငါခံစားရတယ်။ ဒါကြောင့် နောက်နှစ်ရက်လုံး ဒီစာကြည့်တိုက်လေးထဲမှာပဲ အလုပ်လုပ်ရမယ်’ စာရင်းကိုင်က တစ်ဦးတည်း တွေးတောနေလေသည်။
သတင်းထောက်ရွှီက မိန်းကလေးနှစ်ဦးကိုလည်း ကျပန်းရွေးချယ်ကာ အင်တာဗျူးခဲ့သည်။ သူတို့၏ အဆိုအရ ဆပ်ပြာက အသားအရေကို လျင်မြန်စွာ ကောင်းမွန်လာစေသည်ဟု ဆိုသည်။
ဤအချက်က သတင်းထောက်ရွှီကို ဟော်မုန်းများ ရောစပ်ထားသလားဟု အလွန်အမင်း သံသယဝင်သွားစေသည်။
သို့သော် ထိုမိန်းကလေးနှစ်ဦးက အွန်လိုင်းမှ ဘလော့ဂါတစ်ဦး၏ ဗီဒီယိုအား ပြသကာ ဆပ်ပြာကို စမ်းသပ်စစ်ဆေးရေးသို့ ပို့ဆောင်ပြီးသားဖြစ်ကြောင်းနှင့် ဟော်မုန်း လုံးဝမပါဝင်ကြောင်း ရှင်းပြခဲ့သည်။
သို့သော် အွန်လိုင်းဗီဒီယိုထဲမှ အစီရင်ခံစာမှာ သိပ်မရှင်းလင်းလှဘဲ အများစုမှာ ဘလော့ဂါက ပါးစပ်ဖြင့်သာ ရှင်းပြနေခြင်းဖြစ်သည်။
သတင်းထောက်များအနေဖြင့် အမှန်တရားကို ဦးစားပေးရမည်ဖြစ်ရာ မရှင်းလင်းသော စမ်းသပ်ချက်လက်မှတ်တစ်ခုအပေါ် အခြေခံ၍ ဖြစ်ကတတ်ဆန်း ရေးသား၍မရနိုင်ချေ။
အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုနိုင်ရန် သူတို့ကိုယ်တိုင် စမ်းသပ်စစ်ဆေးရေးဌာနသို့ ပို့ဆောင်ရန် လိုအပ်လေသည်။
သတင်းထောက်ရွှီနှင့် ကင်မရာမန်းချောင်တို့ အခန်းသို့ ပြန်ရောက်သောအခါ အခန်းတစ်ခုလုံးကို အရင်ဆုံး သေချာရိုက်ကူးလိုက်ကြသည်။
ထို့နောက် စမ်းသပ်ကြည့်ရန်အတွက် ဆရာမယောင်ကို ကိုယ်တိုင်ခေါ်၍ အနှိပ်ခံရန် ဆုံးဖြတ်လိုက်ကြ၏။ ‘ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ကုမ္ပဏီကနေ ပြန်တောင်းလို့ ရတာပဲလေ'
သို့သော် ဖုန်းဆက်လိုက်သောအခါ ယနေ့အတွက် အချိန်ဇယားအားလုံး ပြည့်သွားပြီဖြစ်ကြောင်းနှင့် မနက်ဖြန်တွင် နံနက် ၈:၃၀ နှင့် ညနေ ၆:၀၀ အချိန် နှစ်ခုသာ ကျန်ရှိတော့ကြောင်း သိလိုက်ရသည်။
မနက်ဖြန် မွန်းလွဲပိုင်းတွင် ရုပ်သံလိုင်းသို့ ပြန်လည်သတင်းပို့ရမည်ဖြစ်ရာ နံနက်ပိုင်းအချိန်ကိုသာ ရွေးချယ်နိုင်တော့သည်။ ထို့ကြောင့် ဒီညတော့ အံ့မခန်းအာနိသင်ရှိသည်ဟု ချီးမွမ်းခန်းဖွင့်နေကြသော ဤဆပ်ပြာလေးကို အရင်ဆုံး လေ့လာကြည့်ကြရတော့ပေမည်။
“အစ်ကိုချောင်... ဒီဆပ်ပြာလေးမှာ ဘာထူးခြားချက်မှလည်း မတွေ့ရပါဘူးဗျာ၊ သာမန်ဟိုတယ်တွေမှာပေးတဲ့ ဆပ်ပြာထက်တောင် အများကြီးသေးနေသေးတယ်”
သတင်းထောက်ရွှီက သူ၏လက်ထဲရှိ သာမန်ဆန်လွန်းသောဆပ်ပြာလေးကို ကြည့်ရင်း တကယ့်ကို ဇဝေဇဝါဖြစ်နေ၏။
အစ်ကိုချောင်က ထိုစကားကိုကြားသောအခါ အနည်းငယ် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ဒါတွေက စီးပွားရေးသမားတွေရဲ့ ကြော်ငြာလှည့်ကွက်တွေဖြစ်မှာပါ။ ငါ့မိန်းမဆိုလည်း အသုံးမကျတဲ့ ပစ္စည်းအမျိုးစုံကို ဝယ်ရတာ အရမ်းဝါသနာပါတယ်၊ ငါတို့အိမ်မှာဆို အသားအရေထိန်းသိမ်းရေးပစ္စည်းတွေက ပြည့်လျှံနေတာပဲ၊ ဒါပေမဲ့ သူဝယ်ထားတဲ့ အဲဒီ ဈေးကြီးတဲ့ပစ္စည်းတွေက သူ့ကို ပြန်ပြီးနုပျိုသွားစေတာတော့ ငါမတွေ့မိပါဘူး”
“ဒါပေမဲ့ အွန်လိုင်းရီဗျူးတွေမှာတော့ အဓိကက ဝက်ခြံနဲ့ ဆားဝက်ခြံတွေအတွက်လို့ ပြောထားတယ်၊ ခဏနေကျရင် ကျွန်တော်တို့ စမ်းကြည့်ကြတာပေါ့။ အာ... ဟုတ်သားပဲ၊ ခုနက ပထမထပ်မှာ ဒီဆပ်ပြာဝယ်နေတဲ့သူ တော်တော်များများကို တွေ့ခဲ့တယ်၊ တစ်ယောက်ကို သုံးတုံးပဲ ဝယ်ခွင့်ရှိတယ်လို့ ထင်တယ်။ ဈေးကလည်း မပေါဘူးနော်၊ တစ်တုံးကို ၆၈ ယွမ် တောင်”
အစ်ကိုချောင်က ပိုက်ဆံရှာရသည်မှာ အရမ်းလွယ်ကူလွန်းနေသည်ဟု ခံစားနေရပြီး တီးတိုးရေရွတ်လိုက်မိသည်။
“ဒီဆပ်ပြာက တရားဝင်စက်ရုံထုတ်ရော ဟုတ်ရဲ့လားမသိဘူး”
42
သတင်းထောက်ရွှီက သူ၏လက်တော့ပ်ကို ထုတ်ကာ အွန်လိုင်းတွင် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ကို ကျပန်း ရှာဖွေလိုက်သည်။
ထို့နောက် ‘အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များ ကွပ်ကဲရေးအဖွဲ့အစည်း’ ထဲသို့ ဝင်ရောက်ကာ အသားအရေထိန်းသိမ်းရေးထုတ်ကုန်များ ကဏ္ဍကို ရွေးချယ်လိုက်သည်။
သူက ‘လီရှန်း’ ဟု ရိုက်ထည့်ကာ ရှာဖွေလိုက်ရာ ဤဆပ်ပြာ၏ တရားဝင်မှတ်ပုံတင်ထားမှု၊ ပါဝင်ပစ္စည်းစာရင်းနှင့် အခြား အသေးစိတ်အချက်အလက်များကို အမှန်တကယ်ပင် ရှာတွေ့သွားသည်။
သေချာစစ်ဆေးကြည့်လိုက်သောအခါ ထုတ်လုပ်သည့်စက်ရုံမှာ နိုင်ငံရပ်ခြားမှပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သတင်းထောက်တစ်ဦး၏ တာဝန်ကျေပွန်လိုသော သူ၏ရည်မှန်းချက်က ဤအချက်အလက်များ ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေ၏။
ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည်ဆိုမှတော့ ဤပစ္စည်းမှာ တရားမဝင်ထုတ်ကုန်တစ်ခု လုံးဝ မဟုတ်နိုင်တော့ချေ။
အန္တရာယ်ရှိသောပါဝင်ပစ္စည်းများ မပါဝင်သရွေ့ ဤထုတ်ကုန်က အာနိသင်မရှိလျှင်တောင်မှ သတင်းကြီးတစ်ခု ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ကြည့်ရသည်မှာ ပေါက်ကွဲအားကောင်းမည့် သတင်းတစ်ပုဒ်တော့ လွတ်သွားပြီဖြစ်ရာ ဤကိစ္စကို ဘေးဖယ်ထားလိုက်ရတော့ပေမည်။
နောက်တစ်နေ့နံနက်ခင်း အစောကြီးတွင် သူတို့နှစ်ဦးလုံး အိပ်မောကျနေဆဲအချိန်၌ တံခါးခေါက်သံထွက်ပေါ်လာသည်။
သတင်းထောက်ရွှီက သမ်းဝေရင်း တံခါးသွားဖွင့်လိုက်ရာ အပြင်ဘက်တွင် ရင်းနှီးကျွမ်းဝင်မှုမရှိသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ယဉ်ကျေးစွာဖြင့် မေးလိုက်၏။
“မနက် ၈:၃၀ အနှိပ်အစီအစဉ် ဘွတ်ကင်လုပ်ထားတဲ့ မစ္စတာရွှီလားရှင့်”
ထိုစကားကို ကြားလိုက်ရချိန်တွင် သတင်းထောက်ရွှီ၏ အိပ်ချင်စိတ်များ ချက်ချင်း လွင့်စင်သွားတော့သည်။
‘ဒုက္ခပါပဲ... ငါ အိပ်ရာထ နောက်ကျသွားတာပဲ၊ လူတောင် ရောက်နေပြီ၊ ကင်မရာမန်းက အခုထိမထသေးဘူး၊ လျှို့ဝှက်ကင်မရာတောင် မဆင်ရသေးဘူး'
ထို့ကြောင့် သူက ပြာပြာသလဲပြောလိုက်လေ၏။
“ခဏလောက်စောင့်ပေးပါဦး၊ ကျွန်တော်တို့ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ဖို့ လိုသေးလို့ပါ၊ ငါးမိနစ်လောက်အချိန်ပေးပါ”
ပြောပြီးသည်နှင့် တံခါးကို ဝုန်းခနဲပိတ်ပစ်လိုက်သည်။
ကင်မရာမန်းချောင်သည် ဆူညံသံများကိုကြားသဖြင့် ခေါင်းကုတ်ရင်း အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။
“ဘယ်သူလဲ၊ မနက်အစောကြီး”
ထို့နောက် သူလန့်နိုးသွားတော့၏။
“ထတော့၊ ထတော့။ လူရောက်နေပြီ၊ မြန်မြန်ထစမ်းပါ၊ ခင်ဗျားအရင်ဆုံး အနှိပ်ခံကြည့်၊ ကျွန်တော်က ဘေးကနေ မေးခွန်းတွေမေးပေးမယ်၊ ကျွန်တော် မိနစ် ၃၀ အစီအစဉ် ဘိုကင်လုပ်ထားတယ်၊ အစ်ကိုချောင်... မနေ့က အစ်ကိုပြောတယ်မလား၊ ကင်မရာတွေ အကြာကြီးထမ်းထားရလို့ လည်ပင်းရိုးပြဿနာရှိတယ် ဆိုတာလေ၊ ဒီလူက ဘယ်အကြောပွိုင့်တွေကို နှိပ်လဲဆိုတာ အစ်ကို သေချာဂရုစိုက်ကြည့်ရမယ်နော်၊ ကျွန်တော် သေချာရိုက်ကူးထားခဲ့မယ်၊ ပြီးရင် ပြန်ရောက်မှ တိုင်းရင်းဆေးဆရာကြီးတစ်ယောက်ကို သွားမေးကြည့်ကြတာပေါ့”
……
နှိပ်နယ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို သတင်းထောက်ရွှီက အမှန်အတိုင်း သေချာစွာ မှတ်တမ်းတင်ထားလိုက်သည်။ အလွန်အမင်း ပရော်ဖက်ရှင်နယ်ဆန်ပုံရပြီး မည်သည့် တရားမဝင်အထူးဝန်ဆောင်မှုမျှ လုံးဝမရှိခဲ့ချေ။
‘ဒါဆိုရင် ဘာလို့ ဈေးနှုန်းက အဲဒီလောက်တောင် ကြီးနေရတာလ'
ထို့အပြင် ဝန်ဆောင်မှုပေးနေစဉ်အတွင်း အခြားအရာများကို အတင်းအကြပ် ထပ်မံရောင်းချခြင်းမျိုးလည်း လုံးဝမရှိဘဲ အရာအားလုံးက ဖောက်သည်၏သဘောဆန္ဒအတိုင်းသာ ဖြစ်သည်။ သတင်းထောက်ရွှီ အစောပိုင်းက သံသယဝင်ထားခဲ့သော လိမ်လည်မှု သို့မဟုတ် တရားမဝင်ဝန်ဆောင်မှုများနှင့် လုံးဝကိုက်ညီမှုမရှိခဲ့ပေ။
သူတို့ဆီတွင် ဈေးနှုန်းများကိုလည်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ ‘ကျန်းထိုက်ကုန်းက ငါးမျှားသလိုပဲ၊ ဆန္ဒရှိတဲ့သူကတော့ အချိတ်ခံရမှာပဲ’ လို့သာ ဆိုရတော့မည်။
သတင်းထောက်ရွှီ အနည်းငယ်စိတ်ပျက်သွားသည်။ ‘ဒီတစ်ခေါက်တော့ သတင်းကြီး တစ်ပုဒ်လောက် ရနိုင်မယ်လို့ ထင်ထားခဲ့တာ၊ ဒါလေးပဲလား'
သို့သော် ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ သတင်းထောက်ရွှီသည် ပြန်ရောက်ပြီးနောက် အနှိပ်အကြောပွိုင့်များ မှန်ကန်မှုရှိမရှိကို ခွဲခြမ်းစိတ်ဖြာရန် တိုင်းရင်းဆေးဆရာကြီးတစ်ဦးကို သွားရောက် ရှာဖွေခဲ့သေး၏။
အကယ်၍ မှားယွင်းနေခဲ့လျှင် အနည်းဆုံးတော့ တစ်ဖက်လူက မတရားသောနည်းလမ်းဖြင့် ငွေရှာနေသည်ဟု စွပ်စွဲနိုင်သေးသည် မဟုတ်လော။
သို့သော် ထိုတိုင်းရင်းဆေးဆရာကြီးက အကြောပွိုင့်များကိုနှိပ်နယ်ပုံက အလွန်ကောင်းမွန်ကြောင်း၊ အပြစ်ပြောစရာ တစ်ခုမှမရှိကြောင်းသာ ထောက်ခံပြောဆိုခဲ့သည်။
သတင်းထောက်ရွှီက စုံစမ်းစစ်ဆေးမှုရလဒ်များကို တင်ပြလိုက်သောအခါ ချင်တာ့ဟိုင်၏ ကျောင်းနေဖက်သူငယ်ချင်းက မျက်မှန်ကို ပင့်တင်လိုက်ရင်း သတင်းထောက်ရွှီ တင်ပြလာသော အစီရင်ခံစာကို သေချာဖတ်ရှုလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
“ဒါက ဘာပြဿနာမှမရှိဘူးပဲ၊ နည်းနည်းဈေးကြီးတာက လွဲရင်ပေါ့”
သို့သော် သူတို့က ရိုက်ကူးရေးလုပ်ပြီး အင်တာဗျူးများပင် လုပ်ခဲ့ပြီးဖြစ်ရာ ဤရိုက်ကူးထားသမျှကို အလဟဿ အဖြစ်ခံ၍မရနိုင်ချေ။ အနည်းဆုံးတော့ ယောက္ခမနှင့် ချွေးမ ရန်ဖြစ်သည့်သတင်းတွေထက်တော့ ပိုပြီး ဆန်းသစ်နေသေးသည် မဟုတ်လော။
ထို့ကြောင့် ချင်တာ့ဟိုင်၏သူငယ်ချင်းက ဆက်ပြောလိုက်သည်။
“ဒီလိုလုပ်မယ်၊ ငါတို့ ဒါကို အပိုင်း ၁ နဲ့ အပိုင်း ၂ ခွဲပြီးလွှင့်မယ်၊ ပထမပိုင်းမှာ ငါ့သူငယ်ချင်းရဲ့အင်တာဗျူးကို အရင်လွှင့်မယ်၊ လူတိုင်းက ဒါကို ငွေကြေးလိမ်လည်မှုလို့ ထင်သွားအောင်ပေါ့၊ ပြီးမှ ဒုတိယပိုင်းမှာ ငါတို့ကိုယ်တိုင် သွားရောက်စုံစမ်းစစ်ဆေးထားတဲ့ အထောက်အထားတွေနဲ့ ဒီဆိုင်ရဲ့နာမည်ကို ပြန်လည်ရှင်းလင်းပေးရမယ်”
ထိုအချိန်တွင် သူ၏ဖုန်းမှ အသံမြည်လာသည်။ ချင်တာ့ဟိုင် ဆက်လာခြင်းဖြစ်သဖြင့် သူက ဖုန်းကိုင်လိုက်၏။
“ဟယ်လို... တာ့ဟိုင်၊ ရပါတယ်၊ ငါ အခု မအားတာမဟုတ်ပါဘူး၊ ဘာကိစ္စရှိလို့လဲပြောလေ၊ ဟင်... မင်းက အဲဒီဆိုင်ကို အထင်လွဲသွားတာ ဟုတ်လား၊ ဘာလို့ ရုတ်တရက်ကြီး စကားပြောင်းသွားရတာလဲ”
တစ်ဖက်ရှိ ချင်တာ့ဟိုင်မှာ သူ၏ စိတ်လိုက်မာန်ပါလုပ်ရပ်အတွက် နောင်တရနေသည်။ ဖြစ်ပုံမှာ ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ၏မိဘများ လှေကားတက်သည့်အခါ အမောမဖောက်တော့ဘဲ လွယ်လွယ်ကူကူ အတက်အဆင်းလုပ်နိုင်နေသည်ကို သူသတိပြုမိသွားလေ၏။
ချင်တာ့ဟိုင်က ဘာတွေဖြစ်နေသလဲဟု မေးလိုက်သောအခါ...
အဘွားချင်က သူ့ကို မျက်စောင်းထိုးကာ အပြစ်တင်လိုက်လေသည်။
“ငါ မင်းကိုပြောသားပဲ၊ ငါတို့နှစ်ယောက်လုံးရဲ့ ခြေထောက်တွေက အဲဒီမှာကုလာတာလေ၊ အဲဒီ ယွမ်တစ်သောင်းကျော်က အလကားကုန်သွားတယ်လို့ မင်းထင်နေတာလား”
ချင်တာ့ဟိုင်က အနည်းငယ် သံသယဝင်နေသေးသဖြင့် နောက်တစ်နေ့တွင် မိဘများအတွက်သာမက သားဖြစ်သူ ချင်ရိဟန်အတွက်ပါ ဆေးစစ်ရန် ဘိုကင်လုပ်လိုက်သည်။
ကလေးက ယခုအခါ အတော်လေးလိမ္မာလာပြီး အိမ်စာများကိုပင် ကြိုလုပ်ထားတတ်လာသည်ကို သူ သတိပြုမိထားသည်။ သူ၏ ADHD အခြေအနေ တိုးတက်လာမှုရှိမရှိ မသေချာသဖြင့် တစ်ပါတည်းခေါ်သွားကာ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဆေးစစ်ချက်ရလဒ်များက ထိုနေ့မှာပင် ထွက်ပေါ်လာသည်။
ချင်တာ့ဟိုင်က ရလဒ်များကို ကြည့်လိုက်ရာ မိဘများ၏ခြေထောက်များ ကောင်းမွန်နေရုံသာမက သူ့ကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သည့်အချက်မှာ သားဖြစ်သူ၏ဆေးစစ်ချက် ရလဒ်က ဤတစ်ကြိမ်တွင် လုံးဝ ပုံမှန်ဖြစ်နေပြီး ADHD လက္ခဏာ လုံးဝမတွေ့ရတော့ခြင်းပင်။
ထိုအချက်ကို တွေးမိသည်နှင့် ချင်တာ့ဟိုင်က သူ၏သူငယ်ချင်းဟောင်းထံသို့ ချက်ချင်း ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။ သူက လီရှန်းယာတောအိမ်အပေါ် အကြီးအကျယ် စွပ်စွဲပြောဆိုထားခဲ့သည် မဟုတ်လော။ ယခုတော့ ရှင်းလင်းချက် ပြန်ပေးရမည်သာ။
တစ်ဖက်မှ သူငယ်ချင်းဟောင်းက စိတ်မပူရန်သာပြောလာသည်။
“စိတ်မပူပါနဲ့ကွာ၊ ငါတို့ အကုန်လုံး သေချာစုံစမ်းစစ်ဆေးပြီးပါပြီ၊ သတင်းလာမယ့်အချိန်ကိုသာ စောင့်ကြည့်နေလိုက်ပါ”
“သတင်း ဟုတ်လား၊ အခု ဘာပြဿနာမှ မရှိတော့တာကို ဘာလို့ သတင်းထဲပါလာရဦးမှာလဲ”
ချင်တာ့ဟိုင်က မနေနိုင်ဘဲ ဆက်မေးလိုက်သည်။ တစ်ဖက်မှ သူငယ်ချင်းက ရိုက်ကူးထားသမျှကို အလဟဿ မဖြစ်စေလိုကြောင်းနှင့် သတင်းအမှားများကိုမထုတ်လွှင့်ဘဲ အမှန်တရားကို ရှင်းလင်းပေးမည်ဖြစ်ကြောင်း မရေမရာပြန်ဖြေလာသည်။ ထို့ကြောင့် သူလည်း ဆက်မမေးတော့ဘဲ ထားလိုက်တော့၏။
ရက်အနည်းငယ် ကြာပြီးနောက်မှသာ မိခင်ဖြစ်သူက သူ့ကို ဒေသခံရုပ်သံလိုင်းတွင် မြင်တွေ့သွားပြီး တီဗွီကို လက်ညှိုးထိုးကာ အမြန်ပြောလိုက်သည်။
“အဘိုးကြီးရေ... ဒီမှာလာကြည့်စမ်း၊ တီဗွီထဲက မျက်နှာဖုံးတပ်ထားတဲ့လူက ငါတို့သားမဟုတ်ဘူးလား”
အဘိုးချင်က စာကြည့်မှန်ကို အမြန်ဆွဲထုတ်ကာ တပ်ကြည့်လိုက်သည်။
“ဟုတ်သားပဲ၊ ဒါ တာ့ဟိုင်ရဲ့အခန်းထဲမှာ ရိုက်ထားတာမဟုတ်လား၊ အနောက်က ပရိဘောဂတွေကို ကြည့်စမ်း၊ အဲဒါတွေက သူမင်္ဂလာဆောင်တုန်းက ငါဝယ်ပေးထားတာလေ၊ ငါ သေချာမှတ်မိတယ်”
ချင်အဘွားက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“တာ့ဟိုင်က ဘာလို့ အကြောင်းရင်းမရှိဘဲ လျှောက်ပြောနေရတာလဲ၊ တီဗွီထဲမှာ သူပြောနေတာတွေက ငါတို့ လူအိုကြီးနှစ်ယောက်က အလိမ်ခံလိုက်ရတယ်ဆိုတဲ့ သဘောမျိုးတွေချည်းပဲ၊ အို... တာ့ဟိုင်ကိုဖုန်းဆက်ပြီး သေချာမေးကြည့်ရမယ်”
အချိန်ပိုဆင်းနေသော ချင်တာ့ဟိုင်သည် မိခင်ဖြစ်သူထံမှ ဖုန်းဝင်လာသဖြင့် အိမ်ဘယ်အချိန်ပြန်ရောက်မလဲ မေးရန်ဖြစ်မည်ဟုသာ ထင်လိုက်သည်။ ထို့ကြောင့် ဖုန်းကိုင်ကာ တန်းဖြေလိုက်လေ၏။
“မေမေ... သား အခု အချိန်ပိုဆင်းနေရလို့။ ဒီည ဆယ့်တစ်နာရီလောက်မှ အိမ်ရောက်မယ်ထင်တယ်၊ ဖေဖေနဲ့မေမေ စောစောအနားယူကြတော့နော်၊ သားကိုစောင့်မနေနဲ့”
“မင်း အချိန်ပိုဆင်းတဲ့အကြောင်း ငါမေးနေတာမဟုတ်ဘူး ခုနလေးတင် ဒေသခံရုပ်သံလိုင်းက သတင်းထဲမှာ မင်းကိုတွေ့လိုက်တယ်၊ မင်း မျက်နှာဖုံးတပ်ထားပေမယ့် ငါ့ဝမ်းဗိုက်ထဲက ထွက်လာတဲ့ကောင်ကို ငါတစ်ချက်ကြည့်လိုက်တာနဲ့ သိတာပေါ့၊ မင်း အဲဒီထဲမှာ ဘာလို့ လျှောက်ပြောနေတာလဲ၊ ငါနဲ့ နင့်အဖေကို ငွေကြေးလိမ်လည်မှုမှာ အလိမ်ခံလိုက်ရတဲ့ ခေါင်းမာတဲ့လူအိုကြီးတွေလို ဖြစ်အောင်လုပ်နေတယ်”
ချင်တာ့ဟိုင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း အလုပ်ခွင်တွင်ရောက်နေသဖြင့် အပြင်ထွက်၍မရချေ။ ထို့ကြောင့် မိဘများကို သတင်းကိုသာ အဆုံးထိကြည့်ရန်နှင့် သတင်းထဲတွင် ဘာတွေပြောသွားသလဲဆိုသည်ကို သူ့အား ပြန်ပြောပြရန်သာ ပြောလိုက်နိုင်သည်။
သို့သော် ထိုနေ့က အချိန်ပိုဆင်းပြီး အိမ်ပြန်နောက်ကျသဖြင့် အဘိုးချင်နှင့် အဘွားချင်တို့မှာ အိပ်ရာဝင်သွားကြပြီဖြစ်ရာ နောက်တစ်နေ့အထိ စောင့်ရတော့၏။
နောက်တစ်နေ့ နံနက်အစောကြီးတွင် အဘွားချင်က ယမန်နေ့ကအခြေအနေကို ချင်တာ့ဟိုင်အား ပြောပြလာသည်။
…….
“အဲဒီလိုတွေဖြစ်သွားတာပဲ၊ ဒါပေမဲ့ ငါကြည့်ရသလောက်တော့ သတင်းက တစ်ဝက်ပဲလွှင့်ရသေးတယ်၊ ဒုတိယအပိုင်းက ဒီည ၈ နာရီမှလာမှာတဲ့၊ မင်း ဒီနေ့ အချိန်ပိုဆင်းစရာမလိုဘူးမဟုတ်လား၊ အိမ်စောစောပြန်လာပြီး အတူတူကြည့်ကြတာပေါ့”
ထိုနေ့ ညစာစားပြီးနောက် မိသားစုတစ်ခုလုံး ဆိုဖာပေါ်တွင် သပ်သပ်ရပ်ရပ်ထိုင်ကာ သတင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ကံကောင်းထောက်မစွာဖြင့် ဒုတိယပိုင်းတွင် နာမည်ကို ပြန်လည်ရှင်းလင်းပေးခဲ့သော်လည်း ချင်တာ့ဟိုင်၏မျက်နှာမှာမူ ရှက်ရွံ့မှုကြောင့် အနည်းငယ်ပူထူသွားရ၏။
အခြေအနေကို သေချာမစုံစမ်းဘဲ သူငယ်ချင်းဟောင်းထံသို့ အလောတကြီးဖုန်းဆက်မိခဲ့သည့် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။
‘သူတို့က ဘာလို့ ငါ့ကို နောက်ဆက်တွဲ အင်တာဗျူးထပ်မလုပ်ကြတာလဲ၊ မျက်နှာဖုံးတပ်ထားလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဘယ်သူဘယ်ဝါမှန်း အားလုံးသိကုန်ကြတော့မှာပဲ'
ဤသတင်းအစီအစဉ်တွင် ကြီးမားသောပေါက်ကွဲမှုကြီး မရှိခဲ့သဖြင့် သဘာဝကျကျပင် လူအများ၏အာရုံစိုက်မှုကို သိပ်မရရှိခဲ့ပေ။ သတင်းကိုကြည့်ပြီးနောက် အချို့က ‘ယခုခေတ် ကုန်ကျစရိတ်တွေက တကယ်ကို ကြီးမားလွန်းတယ်’ ဟု သက်ပြင်းချညည်းတွားလိုက်ကြရုံသာ။
သို့သော် ဆရာမယောင်၏ နာမည်ကတော့ အတန်ငယ် ကြီးထွားလာခဲ့သည်။ အမှန်တကယ်ပင် ဆရာမယောင် ထံတွင် အကြောပြင်နှိပ်နယ်ရန် လာရောက်ရှာဖွေသူများ ပိုမိုများပြားလာခဲ့လေတော့၏။