← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

45

မိခင်ဖြစ်သူက စိတ်အေးသွားဟန်ဖြင့် ပြောလာသည်။

“ဒါဆိုလည်း တော်သေးတာပေါ့သမီးရယ်၊ အာ... ဒါနဲ့ ဒီနေ့ သမီးရဲ့ ဦးလေးလတ် အိမ်ကိုရောက်လာတယ်၊ သူက စေတနာနဲ့ အလုပ်ရှာပေးတာကို သမီးက အလုပ်ထွက်ပစ်လိုက်တယ်ဆိုပြီး လာပြောနေတာ”

ဤစကားကို ကြားလိုက်ရချိန်တွင် ဆူးဟွေ့ဟွေ့ရင်ထဲ၌ ဒေါသများ ပွက်ပွက်ဆူလာတော့၏။ နိုင်ငံ့ဝန်ထမ်းဖြစ်ရေး ရည်မှန်းချက်ကို အဟန့်အတားဖြစ်စေသည့် ထိုအလုပ်ကို သူမပြန်တွေးမိတိုင်း မခံချင်စိတ်များဖြစ်ပေါ်လာကာ ချက်ချင်း ပြန်လည်ချေပလိုက်သည်။

“အဲဒီအလုပ်က သူတို့ လူရှာမရလို့ သမီးကို အကူအညီတောင်းတာပါ၊ သမီးက သက်သက် အသုံးချခံသက်သက်ပဲ၊ လစာကလည်း နည်းနည်းလေး၊ အလုပ်ချိန်ကလည်း ရှည်သေးတယ်၊ တစ်ပတ်ကို တစ်ရက်ပဲ နားရတာဆိုတော့ သမီး စာကြည့်ဖို့အချိန်ကို မရှိတာ၊ အခု သမီးဘာသာ ရှာတွေ့ထားတဲ့အလုပ်ကမှ တရားဝင်ကုမ္ပဏီအစစ်၊ လူမှုဖူလုံရေးအာမခံငါးမျိုးနဲ့ အိမ်ရာရန်ပုံငွေတောင် ပေးသေးတယ်”

သမီးဖြစ်သူ၏ စကားကို ကြားသောအခါ မိခင်ဖြစ်သူမှာ အလွန်အံ့သြသွားသည်။

“ဟွေ့ဟွေ့၊ သမီး အခုလုပ်နေတဲ့နေရာက အာမခံငါးမျိုးနဲ့ အိမ်ရာရန်ပုံငွေပါပေးတယ် ဟုတ်လား၊ ဒါဆို တော်တော်လေးကောင်းတာပဲ၊ ငါ့သမီးလေး ကိုယ့်ဘာသာ အလုပ်ကောင်းကောင်းရှာတွေ့သွားပြီလို့ နင့်ဦးလေးလတ်ကို ပြန်ပြောလိုက်ဦးမယ်”

ဆူးဟွေ့ဟွေ့ဆွံ့အသွားပြီး စိတ်ထဲမှသာ ခေါင်းခါလိုက်မိ၏။ အင်တာဗျူးမသွားခင်ကတည်းက စနေ၊ တနင်္ဂနွေ ပိတ်ပြီး လစာ ယွမ် ၄၀၀၀ ရမည့် အလုပ်တစ်ခုကို သွားဖြေမည့်အကြောင်း မိခင်ကိုပြောပြခဲ့ပြီးဖြစ်သည်။

ထိုလစာက ဦးလေးလတ်ရှာပေးသော အလုပ်ထက် အများကြီးပိုများသော်လည်း မိခင်ဖြစ်သူက လုံးဝ နားမဝင်ခဲ့ချေ။ ယခု အာမခံငါးမျိုးနှင့် အိမ်ရာရန်ပုံငွေဆိုသည့် အသံကို ကြားမှသာ အရေးတယူလုပ်နေတော့သည်။

…

နေ့ရက်များက အေးချမ်းသာယာစွာ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်လွှမ်းသော ဆောင်းဦးပေါက် စက်တင်ဘာလသို့ ရောက်ရှိလာခဲ့သည်။

လီရှီးရှီးသည် အချိန်အတော်ကြာကတည်းက သွားရည်ကျနေခဲ့ရသော ဇီးသီးများကိုကြည့်ရင်း ‘နောက်ဆုံးတော့ ဒီဇီးသီးတွေ နီရဲလာပြီး စားလို့ရပြီ’ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ဤဇီးသီးများက မည်သည့်အမျိုးအစားဖြစ်မှန်း သူမ သေချာမသိသော်လည်း ကြီးမားကာ အသားထူသည့်အပြင် မွှေးပျံ့သောရနံ့လေးများပင် သင်းပျံ့နေလေသည်။ ယာတောအိမ်လေးကို ပြီးပြည့်စုံသော အဆင့်မြင့်အပန်းဖြေစခန်းလေးအဖြစ် မြင်တွေ့ချင်သော သူမ၏ရည်မှန်းချက်များက ဤဇီးသီးများနှင့်အတူ ပိုမိုချိုမြိန်လာတော့မည်။

သြဂုတ်လကုန်ပိုင်းလောက်ကတည်းက ဇီးသီးများ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။ သစ်ပင်ဖျားမှ လေပြေလေညင်း တိုက်ခတ်လာတိုင်း ဇီးသီးရနံ့သင်းသင်းလေး လွင့်ပျံ့လာတတ်သည်။

ထိုအချိန်က ကလေးအတော်များများက သစ်ပင်ပေါ်မှ ဇီးသီးများကို ခူးချင်နေခဲ့ကြ၏။ လီရှီးရှီးမှာ မမှည့်သေးသော ဇီးသီးလေးများအတွက် နှမြောလွန်းသဖြင့် လူတစ်ရပ်ခန့်မြင့်သော ခြံစည်းရိုးကို ဇီးသီးပင်များပတ်လည်တွင် ကာရံထားခဲ့ရသည်။

ဇီးသီးများ မှည့်လာသည်နှင့်တစ်ပြိုင်နက် လီရှီးရှီးက အသုတ်လိုက် စတင်ခူးဆွတ်စေတော့လေသည်။

“လာကြပါ၊ အားလုံးပဲ မြည်းကြည့်ကြပါဦး၊ ဒီဇီးသီးတွေက အသားတော့ထူတယ်၊ ချိုမချိုတော့မသိသေးဘူး”

လီရှီးရှီးက သူမ ဇီးသီးခူးဆွတ်နေသည်ကို လာရောက်ကြည့်ရှုနေကြသော ဧည့်သည်များအား ရက်ရက်ရောရော ဝေငှပေးလိုက်၏။

ဇီဇာမကြောင်တတ်သော ဧည့်သည်အချို့က ဇီးသီးများကို သူတို့၏အဝတ်အစားများပေါ်တွင် ပွတ်သပ်သန့်စင်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ကိုက်စားလိုက်ကြသည်။

ဇီးသီး၏ ချိုမြိန်သောအရည်များက လျှာပေါ်တွင် ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် သူတို့၏မျက်လုံးများ အရောင်လက်သွားကြပြီး အာမေဍိတ်သံများ ထွက်ပေါ်လာတော့သည်။

“ဟေး... ဒီဇီးသီးတွေက တကယ်ကိုချိုတာပဲ၊ ဒါက ဘယ်လိုအမျိုးအစားလဲဗျ၊”

လီရှီးရှီးက ခပ်ရေးရေးပြုံးပြကာ မရေမရာဖြေလိုက်သည်။

“သူငယ်ချင်းတစ်ယောက် ပေးထားတာမို့လို့ ကျွန်မလည်း သေချာမသိဘူးရှင့်”

ထိုဧည့်သည်က အားတက်သရောဆက်ပြောလာသည်။

“အိမ်မှာ စိုက်ဖို့ ဒီအမျိုးအစားဇီးသီးပင် တစ်ပင်လောက်တောင် ဝယ်သွားချင်စိတ်ပေါက်လာပြီ၊ အရင်က စားခဲ့ဖူးသမျှ ဇီးသီးတွေအကုန်လုံး အလကားပဲလို့တောင် ခံစားရတယ်”

သူ၏ဇနီးဖြစ်သူက ရယ်မောလိုက်ပြီး နောက်ပြောင်လေ၏။

“ရှင်ကတော့လေ ဇီးသီးပင်တွေကို သွားမဖျက်ဆီးစမ်းပါနဲ့၊ ရှားစောင်းလက်ပပ်တောင် သေအောင်စိုက်တဲ့သူကများ၊ ပြီးတော့ ဒီဇီးသီးက တကယ်ပဲ အဲဒီလောက်အရသာရှိလို့လား၊ ရှင် အရမ်းပိုနေပြီ”

“တကယ်ပြောတာပါကွာ၊ ဟိုဘက်မှာ ရေပိုက်ခေါင်းရှိတယ်၊ သွားဆေးပြီးစားကြည့်လိုက်၊ မင်းသိသွားလိမ့်မယ်”

ဇနီးဖြစ်သူက ရေဆေးပြီး တစ်ကိုက် ကိုက်ကြည့်လိုက်ရာ တကယ်ပင် အလွန်အမင်းချိုမြိန်လှကြောင်း တွေ့လိုက်ရသည်။ သူမက လီရှီးရှီးဘက်သို့ ချက်ချင်းလှည့်ကာ မေးလိုက်တော့၏။

“သူဌေးမလေး၊ ဒီဇီးသီးတွေရောင်းလားဟင်”

သို့သော် လီရှီးရှီးတွင် ရောင်းချရန်အစီအစဉ် လုံးဝမရှိခဲ့ချေ။ သစ်ပင်များပေါ်တွင် ဇီးသီးများ အပြည့်အနှက်သီးနေပြီး သစ်ကိုင်းများပင် ညွှတ်ကျနေသော်လည်း ဧည့်သည်တိုင်းကသာ တစ်ယောက် နှစ်ကတ်တီ၊ သုံးကတ်တီစီ ဝယ်ယူကြမည်ဆိုပါက ဘာမှကျန်တော့မည်မဟုတ်ပေ။

ဤ S-အဆင့် ဇီးသီးများကို တစ်ခါတည်းနှင့် ရောင်းထုတ်ပစ်လိုက်၍မဖြစ်ချေ၊ ရေကို တဖြည်းဖြည်းချင်း စီးဆင်းစေသကဲ့သို့ စဉ်ဆက်မပြတ် အကျိုးအမြတ်ရရန် နည်းလမ်းကို သင်ယူရပေမည်။

ဤဇီးသီးများ၏ အရသာက ဈေးကွက်ထဲရှိ ၉၉.၉ ရာခိုင်နှုန်းသော ဇီးသီးများကို ကျော်လွန်နေပြီ ဖြစ်သည်။ သူမက ဇီးသီးအများစုကို နေလှန်းကာ ဇီးသီးခြောက်များပြုလုပ်ပြီး စားသောက်ဆိုင်၏ အထူးဟင်းလျာတစ်ပွဲအဖြစ် ဖန်တီးရန် ရည်ရွယ်ထား၏။

ဤသည်မှာ နောက်ဆုံးရရှိခဲ့သော ယာတောအိမ်မစ်ရှင်နှင့် ပတ်သက်၍ ညပေါင်းများစွာစဉ်းစားပြီးနောက် ဤဇီးသီးများအပေါ် အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ယာတောအိမ်အက်ပ်မှ သူမအား အလယ်အလတ်အဆင့် ယာတောအိမ်ကို လော့ခ်ဖွင့်နိုင်ရန် ခြေတစ်လှမ်းသာလိုတော့ကြောင်း မက်ဆေ့ချ်ပို့လာခဲ့သည်။

ဤမက်ဆေ့ချ်ကို ပထမဆုံးမြင်လိုက်ရချိန်တွင် သူမ မတတ်သာသည့်အဆုံး ညည်းတွားမိသေး၏။

ယာတောအိမ် တစ်ခုလုံးကို အဆင့်မြှင့်တင်နိုင်မှန်း ယခုမှသာ သူမသိရှိရတော့သည်။ ဤအက်ပ်က အခြားရှုထောင့်နယ်ပယ်တစ်ခုခုမှ ချွတ်ယွင်းနေသော ထုတ်ကုန်တစ်ခုများ ဖြစ်နေမလားဟုပင် သံသယဝင်မိသည်။

သို့သော် မည်သို့ပင်ညည်းတွားနေစေကာမူ မစ်ရှင်ကိုတော့ ပြီးမြောက်အောင်လုပ်ရမည်သာ။

အလယ်အလတ်အဆင့် ယာတောအိမ်ကို လော့ခ်ဖွင့်ရန် အောက်ပါအခြေအနေ သုံးခု ပြည့်စုံရမည်ဟု အက်ပ်က ဖော်ပြထားသည်။

ပထမ အခြေအနေ - ယာတောအိမ်၏ အများပြည်သူ အဆင့်သတ်မှတ်ချက်သည် အမှတ် ၁၀ အပြည့်တွင် ၉ မှတ် အထက်သို့ ရောက်ရှိရမည်။

ဤအချက်မှာ လီရှန်း ယာတောအိမ်၏ အဆင့်သတ်မှတ်ချက် ၉.၂ မှတ်ဖြင့် ပြီးပြည့်စုံသွားပြီဖြစ်သည်။

ဒုတိယ အခြေအနေ - ဧည့်သည် ၁၀,၀၀၀ ကို လက်ခံဧည့်ခံရမည်။

လက်ရှိတွင် (၉၈၉၀/၁၀၀၀၀) ရှိနေပြီး နောက်ထပ်ရက်အနည်းငယ်အတွင်း ပြည့်မီသွားမည်မှာ သေချာသည်။

တတိယ အခြေအနေ - လီရှန်းယာတောအိမ်ဟု ပြောလိုက်သည်နှင့် လူတိုင်း ချက်ချင်းသတိရသွားစေမည့် စားသောက်မှု၊ နေထိုင်မှု၊ ဖျော်ဖြေရေးဆိုင်ရာ ထူးခြားချက် သုံးခု ရှိရမည်။ လက်ရှိ တိုးတက်မှု (၂/၃၊ နေထိုင်မှုနှင့် ဖျော်ဖြေရေး ပြီးစီးသွားပြီ)။

လီရှီးရှီးက သူမ၏ဆံပင်များကို ကုတ်လိုက်မိသည်။ ‘ထူးခြားချက်တွေတဲ့လား, ပြီးစီးသွားပြီဖြစ်တဲ့ နေထိုင်မှုနဲ့ ဖျော်ဖြေရေးဆိုင်ရာ ထူးခြားချက်တွေက ဘာတွေလဲ’

လက်ရှိ ယာတောအိမ်သို့လာရောက်ကြသော ဧည့်သည်အများစုမှာ ဆရာမယောင်နှင့် ဆပ်ပြာကြောင့် လာကြခြင်းဖြစ်သည်ဟု ဆိုရမည်။

နေထိုင်မှုဆိုင်ရာ ထူးခြားချက်ဆိုသည်မှာ ဆပ်ပြာသေးသေးလေးကို ဆိုလိုပြီး၊ ဖျော်ဖြေရေးဆိုင်ရာ ထူးခြားချက်က ဆရာမယောင်၏ အကြောပြင်နှိပ်နယ်ခြင်းပညာကို ဆိုလိုခြင်း ဖြစ်နေသည်လော။

သေချာပေါက် ဟုတ်နိုင်ပေသည်။ ထိုအရာနှစ်ခုကို ပြောလိုက်သည်နှင့် သူမ၏ယာတောအိမ်ကို ချက်ချင်း ပြေးမြင်ကြသည်မဟုတ်ပါလား။

ထို့ကြောင့် ယခု သူမ စဉ်းစားရမည့်အချက်မှာ စားသောက်မှုဆိုင်ရာ ထူးခြားချက်အတွက်သာ ဖြစ်သည်။

ဤနေရာရှိ ယာတောအိမ်ဟင်းလျာများက အရသာရှိပြီး အထူးသဖြင့် သန့်စင်ထားသော ဟင်းသီးဟင်းရွက်များမှာ မူလအတိုင်း ချိုမြိန်လတ်ဆတ်နေသော်လည်း၊ အလွန်အမင်း ထင်ပေါ်ကျော်ကြားလောက်သည့် ဟင်းပွဲမျိုးတော့ မရှိသေးချေ။

ကြည့်ရသည်မှာ သေချာသုတေသနလုပ်မှသာ ရတော့ပေမည်။ နောက်ဖေးခြံထဲရှိ ဇီးသီးပင်များက အလွန်ထူးခြားလှပြီး သူမ ပထမဆုံး မဲဖောက်ရရှိခဲ့သော S-အဆင့်ပစ္စည်းဖြစ်သည်။

ဇီးသီးများ မမှည့်ခင်ကတည်းက ဤဇီးသီးများကို သူမတို့ယာတောအိမ်၏ အမှတ်တံဆိပ်အစားအစာတစ်ခုအဖြစ် ဖန်တီးရန် ရည်ရွယ်ထားခဲ့ပြီးသားဖြစ်၏။

ဤဇီးသီးများကို အစိမ်းလိုက်စားလျှင်ပင် အလွန်ချိုမြိန်နေပြီ ဖြစ်သော်လည်း၊ ဤဆုလာဘ်ကို ရရှိခဲ့စဉ်က ဇီးသီးပင်နှင့်ပတ်သက်သော ရိုးရှင်းသည့် ဖော်ပြချက်လေးတစ်ခု ပါရှိခဲ့သည်။

ထိုစဉ်က S-အဆင့် ဆုလာဘ်ဆိုသည်ကိုသာ အာရုံစိုက်နေခဲ့သဖြင့် အောက်ခြေရှိ စာကြောင်းသေးသေးလေးကို သတိမထားမိဘဲ ကျော်သွားခဲ့သည်။

ထိုစာကြောင်းထဲတွင်ရေးထားသည်မှာ - ‘သရက်ရွက်နှင့် အစာအိမ်ကို အားဖြည့်ပေးနိုင်သည်။ သွေးအားကောင်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသည်။ ဓမ္မတာကို မှန်ကန်စေပြီး နာကျင်မှုကို သက်သာစေသည်။ သုံးကြိမ်ပေါင်းပြီး သုံးကြိမ်နေလှန်းပြီးပါက အာနိသင် ပိုမိုကောင်းမွန်သည်’

အက်ပ်က ဘယ်သောအခါမှ လိမ်လည်လေ့မရှိချေ။ သူမက စိတ်ကူးရသည်နှင့် ချက်ချင်း လက်တွေ့အကောင်အထည်ဖော်ရပေမည်။

ဤဇီးသီးများကို သေချာစွာ နေလှန်းရမည်။ တစ်ခုတည်းသော စိတ်အနှောင့်အယှက် ဖြစ်စရာမှာ နေလှန်းနေစဉ်အတွင်း ငှက်များက အမြဲတမ်း လာရောက်ခိုးစားတတ်သဖြင့် လူတစ်ယောက်က အမြဲစောင့်ကြည့်နေရခြင်းပင်။

…

ယွမ်ချိုးသည် ဆောင်းဦးပွဲတော် အားလပ်ရက်ကို အခွင့်ကောင်းယူကာ သူမ၏ဝမ်းကွဲညီမဖြစ်သူ လျူရှင်းရှင်း ညွှန်းဆိုထားသော လီရှန်းယာတောအိမ်သို့ ချစ်သူကောင်လေးနှင့်အတူ လာရောက်လည်ပတ်ခဲ့သည်။

ဤမှော်ဆန်သော ယာတောအိမ်လေးဆီသို့ သူမ လာချင်နေခဲ့သည်မှာ အတော်လေး ကြာမြင့်နေလေပြီ။

အနီးအနားတွင် အပန်းဖြေစရာ နေရာများစွာရှိပြီး ယာတောအိမ်အများအပြား ဖွင့်လှစ်ထားသော်လည်း ယွမ်ချိုး၏ အမြင်တွင် အခြားယာတောအိမ်များက ဤနေရာနှင့် လုံး၀မယှဉ်နိုင်ချေ။

ဤယာတောအိမ်လေးက အလွန်မှော်ဆန်ကြောင်း သူမ၏ဝမ်းကွဲညီမထံမှ ကြားသိခဲ့ရသည်။ ဝမ်းကွဲညီမ၏မျက်နှာပေါ်ရှိ အဆီဖုအပိတ်များကို ပျောက်ကင်းစေရုံသာမက လျူရှင်းရှင်းမိခင်၏ နှစ်ရှည်လများ ခံစားနေရသော ခါးနာရောဂါကိုပါ ကုသပေးနိုင်ခဲ့သည် မဟုတ်လော။

ယွမ်ချိုးသည် ဤအကြောင်းများကို ကြားလိုက်ရချိန်တွင် အလွန်အမင်း စိတ်ဝင်စားသွားခဲ့သည်။ သူမ၏မျက်နှာပေါ်တွင်လည်း ဝက်ခြံများ အမြဲပေါက်တတ်သော်ငြား လာရောက်ရန် အချိန်အခါကောင်း မရှာနိုင်ဘဲ ဖြစ်နေခဲ့၏။

ယခု ဆောင်းဦးပွဲတော်အားလပ်ရက် ရောက်လာပြီဖြစ်ရာ ချစ်သူကောင်လေးနှင့်အတူ ထိုနေရာသို့ နှစ်ရက်ခန့် သွားရောက်အနားယူရန် စဉ်းစားလိုက်ခြင်းဖြစ်သည်။

မိမိ၏အလှအပကို ပြန်လည်ရယူလိုသော ပြင်းပြသည့်ဆန္ဒများက သူမကိုလှုံ့ဆော်နေလေသည်။

ထို့ကြောင့် ဝမ်းကွဲညီမပို့ပေးထားသော ဖြောင်ဖြောင်ထွမ်ဝက်ဘ်ဆိုက် လင့်ခ်ကို ဖွင့်ကြည့်လိုက်၏။

ဖွင့်ဖွင့်ချင်းပင် ဆောင်းဦးပွဲတော် အားလပ်ရက်အတွက် ဇိမ်ခံအခန်း တစ်ခန်းသာ ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် အလုအယက် ဘိုကင်လုပ်လိုက်တော့သည်။

မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခဲ့သည့် မိမိကိုယ်ကိုယ် တိတ်တဆိတ်ချီးကျူးလိုက်မိသည်။ မဟုတ်လျှင် အခန်း လွတ်တော့မည် မဟုတ်ချေ။

အခန်းရသွားသဖြင့် ခဏမျှ ဝမ်းသာနေဆဲမှာပင် ဤခရီးစဉ်အကြောင်းကို ချစ်သူကောင်လေးအား မပြောရသေးကြောင်း ရုတ်တရက်သတိရသွားတော့သည်။

46

ယွမ်ချိုး၏ချစ်သူ ရွှီဟယ်သည် သူ၏ ချစ်လှစွာသော ကောင်မလေးက အိမ်နီးချင်းမြို့ရှိ ယာတောအိမ်တစ်ခုသို့ ဆောင်းဦးပွဲတော် အားလပ်ရက်ခရီးစဉ်ကို ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ၏မျက်နှာပေါ်၌ နားမလည်နိုင်သော ဇဝေဇဝါအမူအရာများ အထင်းသားပေါ်လာသည်။

ဤယာတောအိမ်လေးဆီသို့ သွားရန် ကားဖြင့် လေးနာရီခန့် မောင်းနှင်ရမည်ဖြစ်ပြီး သူတို့အနီးအနားတွင် အခြားယာတောအိမ်များ မရှိ၍တော့မဟုတ်ပေ။ ထို့အပြင် ဆောင်းဦးပွဲတော် အားလပ်ရက်ဖြစ်ရာ ကားလမ်းများပေါ်တွင် ကားများ ကြိတ်ကြိတ်တိုးပိတ်ဆို့နေမည်မှာ အသေအချာပင် ဖြစ်သည်။

“ချိုးချိုး၊ ဘာလို့ ကိုယ်နဲ့အရင်မတိုင်ပင်ဘဲ ဆုံးဖြတ်လိုက်တာလဲ၊ ပြီးတော့ ဒီနေရာကို ကိုယ်တစ်ခါမှတောင်မကြားဖူးဘူး၊ နာမည်ကြီးတဲ့ ခရီးသွားနေရာလည်းမဟုတ်သလို ငါတို့နဲ့လည်းအရမ်းဝေးတယ်လေ” ရွှီဟယ်က မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောဆိုလိုက်သည်။

ယွမ်ချိုးက ‘ဒုက္ခပါပဲ၊ သူ့ကို အရင်တိုင်ပင်ဖို့ မေ့သွားတယ်၊ ဒါပေမဲ့ ပြဿနာတော့သိပ်မကြီးလောက်ပါဘူး၊ ငါ့ရဲ့အစွမ်းကိုသာ ကြည့်နေလိုက်တော့’ ဟု စိတ်ထဲမှ တိတ်တဆိတ်ရေရွတ်လိုက်၏။

ယွမ်ချိုးသည် သူမ၏မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချစ်သူကောင်လေးအား မြတ်နိုးယုယစွာ စိုက်ကြည့်ရင်း ချွဲနွဲ့သော လေသံလေးဖြင့် “ဒါလင်၊ ကလေးက ဒါလင်နဲ့ အတူတူရှိနေချင်ရုံလေးပါ၊ ဘယ်နေရာဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ဆောင်းဦးပွဲတော် ပိတ်ရက်မှာ နာမည်ကြီးတဲ့ခရီးသွားနေရာတွေ အကုန်လုံး လူတွေ အရမ်းကြိတ်ကြိတ်တိုးနေပြီး ပျင်းစရာကောင်းမှာသေချာတယ်လို့ တွေးမိလို့ပါ၊ လူတွေရဲ့ခေါင်းတွေကိုပဲ လိုက်ကြည့်နေရမှာလေ၊ အဲဒီနေရာတွေကို အချိန်မရွေးသွားလို့ရတယ်မဟုတ်လား၊ ဒီဆောင်းဦးပွဲတော်မှာတော့ လီရှန်းယာတောအိမ်လေးကိုပဲ သွားကြရအောင်နော်၊ နော်လို့၊ ပလီစ်၊ ပလီစ်”

ရွှီဟယ်တစ်ယောက် ချစ်သူကောင်လေးမှာ ကောင်မလေး၏ ချွဲနွဲ့တောင်းဆိုမှုအောက်တွင် လုံးဝ အရည်ပျော်ကျသွားရတော့သည်။ ရွှီဟယ်က ယွမ်ချိုးကို လက်နှစ်ဖက်ဖြင့် ဆွဲဖက်လိုက်ပြီး သဘောတူလိုက်ရ၏။

“ကောင်းပါပြီကွာ၊ ကောင်းပါပြီ၊ အဲဒီကိုပဲသွားကြတာပေါ့၊”

နောက်ပိုင်းမှသာ ရွှီဟယ်တစ်ယောက် သဘောပေါက်သွားသည်။ ချစ်သူကောင်မလေးက စကားတွေ အများကြီး ပြောသွားသော်လည်း တကယ်တမ်းတွင် ဘာမှ ရေရေရာရာ ရှင်းမပြသွားခဲ့ချေ။ ‘ဒါက စကားကို လှည့်ပတ်ပြောဆိုတဲ့ အနုပညာတစ်ခုများလား’

သို့သော် သူက သဘောတူပြီးဖြစ်ရာ နောက်ဆုတ်၍မရတော့ပေ။ သူမ၏မျက်နှာပေါ်ရှိ အဆီဖုများကို အမြစ်ပြတ် ကုသလိုသော ယွမ်ချိုး၏ ပြင်းပြသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာရည်မှန်းချက်က ဤခရီးစဉ်ကို အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း သူ လုံးဝမသိခဲ့ချေ။

တကယ်တမ်းတွင် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ခရီးစဉ်မှာ အလွန်အမင်း ကားပိတ်ဆို့လွန်းလှသည်။ ပထမဆုံးပိတ်ရက် နံနက်လေးနာရီကတည်းက အိပ်ရာထကာ ကားမောင်းလာခဲ့သော်လည်း နံနက်ခင်းတစ်ခုလုံး အမြန်လမ်းမကြီးပေါ်တွင် နေပူကျဲကျဲအောက် ကားအိတ်ဇောနံ့များကြား၌ ပိတ်မိနေခဲ့၏။

ယာတောအိမ်သို့ ရောက်ရှိချိန်တွင် မွန်းလွဲ နှစ်နာရီပင် ထိုးနေပြီဖြစ်သည်။

ယာတောအိမ်သို့ အရောက်တွင် ယွမ်ချိုးသည် ဝမ်းဗိုက်အတွင်းမှ ရုတ်တရက် ဆွဲလိမ်ချိုးဖျစ်လိုက်သကဲ့သို့ နာကျင်မှုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ ပထမထပ်ရှိ အများသုံးအိမ်သာထဲသို့ ပြေးဝင်သွားချိန်မှသာ လစဉ်ဓမ္မတာ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိသွားတော့၏။

သူမက နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ ‘ဒုက္ခပါပဲ၊ ဒီရက်ကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ၊ အားလပ်ရက်မှာ အနှောင့်အယှက်ကင်းကင်း နားချင်လို့ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး အချိန်ပိုတွေ အသည်းအသန် ဆင်းနေခဲ့တာ၊ ဓမ္မတာလာမယ့်ရက်ကို လုံးဝ မေ့သွားခဲ့တယ်’

ကံကောင်းထောက်မစွာဖြင့် သူမတွင် ခရီးထွက်တိုင်း နေ့စဉ်သုံးပစ္စည်းအချို့ကို အိတ်ထဲ အမြဲဆောင်ထားလေ့ရှိသော အကျင့်ကောင်းတစ်ခု ရှိနေခဲ့သည်။ နေ့ခင်းသုံးအမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ခု ပါလာသဖြင့် အရှက်ကွဲမည့်အဖြစ်မှ သီသီလေးလွတ်မြောက်သွားခဲ့၏။

ရွှီဟယ်မှာ အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်မှ ယွမ်ချိုးထွက်လာသည်ကို မြင်လိုက်ရသည်။ အိမ်သာထဲမှထွက်လာသော သူမ၏မျက်နှာလေးမှာ သွေးဆုတ်နေပြီး အလွန်အမင်း နွမ်းနယ်နေပုံရသဖြင့် သူက အမြန်လျှောက်သွားကာ စိုးရိမ်တကြီးမေးလိုက်၏။

“ချိုးချိုး၊ အဆင်ပြေရဲ့လား၊ နင့်ကြည့်ရတာ တော်တော်လေးနုံးနေသလိုပဲ”

ယွမ်ချိုးက ခေါင်းခါပြလိုက်ပြီး ညည်းတွားလိုက်သည်။

“ဒီနေ့ ဓမ္မတာလာမယ်ဆိုတာကို ငါ မေ့နေတာ၊ လာတိုင်းလည်း ဗိုက်က အမြဲနာတတ်တယ်၊ အဲဒီအပေါ်မှာ မနက်က ကားနားတဲ့နေရာမှာ ရေခဲထည့်ထားတဲ့ ကိုကာကိုလာကို သောက်လိုက်မိသေးတယ်၊ အခုတော့ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်နေပြီ၊ ဆက်ပြီးမခံနိုင်တော့ဘူး၊ ခဏလောက်နားမှဖြစ်မယ်၊ ငါ အခန်းထဲ သွားလှဲနေလို့ရအောင် အခန်းစာရင်း မြန်မြန်သွင်းလိုက်ရအောင်”

အခန်းထဲသို့ရောက်သည်နှင့် ရွှီဟယ်က ရေနွေးတစ်အိုးကို အရင်တည်လိုက်ပြီး သောက်ရန် အနေတော်ဖြစ်သွားချိန်တွင် ယွမ်ချိုးအား အနည်းငယ်သောက်ရန် တိုက်တွန်းလိုက်သည်။

ယွမ်ချိုးက မသောက်ချင်သောက်ချင်ဖြင့် နှစ်ငုံခန့် သောက်လိုက်သော်လည်း ဝမ်းဗိုက်ထဲမှ အေးစက်စက်နာကျင်မှုက အနည်းငယ်မျှပင် သက်သာမသွားခဲ့ချေ။

နံနက်ခင်းက ရေခဲကိုလာ သောက်ခဲ့မိသည်ကို အလွန်အမင်း နောင်တရနေမိသည်။ ယခုအခါ နာကျင်မှုကြောင့် သူမ၏နဖူးပြင်ထက်တွင် ချွေးစေးများပင် စို့ထွက်လာခဲ့ပြီဖြစ်သည်။

ဤအချိန်မှသာ သူမတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း တစ်ခုသာပါလာကြောင်း ရုတ်တရက် သတိရသွားပြီး ချစ်သူကောင်လေးကို အမြန်လှမ်းပြောလိုက်သည်။

“ရွှီဟယ်၊ အောက်ထပ်က ဧည့်ကြိုကောင်တာကိုသွားပြီး ဒီမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ရောင်းလားလို့ မေးကြည့်ပေးပါလား၊ ငါ့အတွက် ညသုံး ပက်ဒ်နှစ်ထုပ်လောက် ဝယ်ခဲ့ပေးပါ”

ရွှီဟယ်က ခေါင်းကုတ်လိုက်ပြီး အနည်းငယ် နေရခက်သော အမူအရာဖြင့် မေးလိုက်၏။ “ဘယ်လို ရွေးရမှာလဲ၊ ညသုံးဆိုတာက ဘယ်လိုပုံစံမျိုးလဲ၊ တကယ်လို့ သူတို့ဆီမှာ မရှိရင် ဘယ်လိုလုပ်မလဲ”

ယွမ်ချိုးက အားနည်းစွာဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး ဆူပူလိုက်သည်။ “ညသုံးဆိုတာ အထုပ်ပေါ်မှာ ညသုံးလို့ ရေးထားတာပဲလေ၊ စာမဖတ်တတ်တဲ့သူ မဟုတ်ရင် သိရမှာပေါ့၊ သွားဝယ်ပေးပါဆို မြန်မြန်သွားပါ၊ အား... ဗိုက်နာလိုက်တာ၊ ခုနက ပထမထပ်အိမ်သာထဲမှာတုန်းက အိမ်သာတံခါးပေါ်မှာ ဖုန်းနံပါတ်တစ်ခု ရေးထားတာတွေ့ခဲ့တယ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ပေးနိုင်တယ်လို့ ရေးထားတာ”

ဓမ္မတာလာနေသော ကောင်မလေးတစ်ယောက်၏ ဒေါသက အမြဲတမ်း မှန်းဆရခက်လှသည်။ ရွှီဟယ်က ချစ်သူကောင်မလေးကို ထပ်ပြီးဒေါသမထွက်စေချင်သဖြင့် လိမ္မာရေးခြားရှိစွာ သဘောတူလိုက်ပြီး အောက်ထပ်သို့ဆင်းကာ သွားရောက် မေးမြန်းတော့လေ၏။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ရွှီဟယ် အပြေးအလွှား ပြန်ရောက်လာသည်။ သူ၏လက်တစ်ဖက်တွင် အိတ်တစ်လုံးဆွဲထားပြီး အခြားလက်တစ်ဖက်တွင်မူ ရေနွေးငွေ့များ တထောင်းထောင်းထနေဆဲဖြစ်သော ဖန်အိုးလေးတစ်အိုးကို ကိုင်ဆောင်ထား၏။

ယွမ်ချိုးက အသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဖန်အိုးလေးကို မြင်တွေ့လိုက်ရပြီး တိုးညှင်းသောလေသံဖြင့် “ဒါကဘာလဲ၊ ကြံသကာရေနွေးလား၊ ငါမသောက်ချင်ဘူး၊ ကြံသကာရေနွေးက ဓမ္မတာမလာခင်သောက်မှ အာနိသင်ရှိတာ၊ အခုသောက်လည်း ဗိုက်နာတာ သက်သာမှာမဟုတ်ဘူး”

ရွှီဟယ်က ကလေးတစ်ယောက်လို ချက်ချင်း ပြန်ဖြေလာသည်။ “ဒါက ကြံသကာရေနွေး မဟုတ်ဘူး၊ ဇီးသီးလက်ဖက်ရည်တဲ့”

ဖြစ်ပုံမှာ သူ အောက်ထပ်သို့ ဆင်းသွားပြီးနောက် အမျိုးသမီးလစဉ်သုံးပစ္စည်းများအကြောင်း မေးမြန်းနေစဉ် ကြံသကာနှင့်ဂျင်းပြုတ်ရည်က ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေကြောင်း အင်တာနက်တွင် ဖတ်ဖူးသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ထို့

ကြောင့် သူတို့ဆီတွင် ကြံသကာများရှိမရှိနှင့် ကြံသကာဂျင်းပြုတ်ရည် တစ်ခွက်လောက် ပြုတ်ပေးနိုင်မလားဟု မေးမြန်းရန် စဉ်းစားလိုက်ခြင်းပင်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လီရှီးရှီးက ဧည့်ကြိုကောင်တာတွင် ရှိနေခဲ့သည်။ အမျိုးသမီးလစဉ်သုံး ပစ္စည်းများအပြင် ကြံသကာဂျင်းပြုတ်ရည်ကိုပါ လာတောင်းနေသည်ကို မြင်သောအခါ ဧည့်သည်တစ်ယောက်ယောက် ဓမ္မတာလာစဉ် နာကျင်မှုဝေဒနာ ခံစားနေရကြောင်း သူမ ချက်ချင်းသဘောပေါက်သွားပြီး အကြံပြုလိုက်၏။

“ကျွန်မတို့ရဲ့ အထူး ဇီးသီးလက်ဖက်ရည်လေးကို စမ်းကြည့်ပါလားရှင်၊ ကျွန်မတို့ရဲ့ ဇီးသီးလက်ဖက်ရည်က ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတဲ့နေရာမှာ တော်တော်လေးအာနိသင်ရှိတယ်”

ဧရာမဇီးသီးကြီးများကို နေလှန်းပြီးနောက် လီရှီးရှီးက စားဖိုမှူးကျန်းအား ပြင်ဆင်နည် အချို့ကို သုတေသန လုပ်ခိုင်းခဲ့သည်။

မိမိ၏ယာတောအိမ်လေးကို ဤဇီးသီးလက်ဖက်ရည်ဖြင့် နာမည်ကြီးစေလိုသော သူမ၏ရည်မှန်းချက်က ကြီးမားလှသည်။ သို့သော် ဝန်ထမ်းများ မြည်းစမ်းကြည့်ပြီးနောက် အားလုံးက တစ်ညီတစ်ညွတ်တည်း မှတ်ချက်ပေးခဲ့ကြ၏။

“ဒီဇီးသီးတွေကို မြေပဲတို့၊ ဂိုဂျီဘယ်ရီတို့လို တခြားအရာတွေနဲ့ ရောလိုက်တဲ့အခါ ဂိုဂျီဘယ်ရီရဲ့အရသာက အရမ်းကို သာမန်ဆန်လွန်းနေတယ်၊ ဒီလို ဧရာမဇီးသီးကြီးတွေအတွက် တကယ်ကို နှမြောစရာပဲလို့ ထင်တယ်၊” ဝန်ထမ်းတစ်ဦးက ဆို၏။

“ဟုတ်ပါ့၊ ကြံသကာတောင် ထပ်ထည့်စရာမလိုဘူးလို့ ထင်တယ်၊ သကြားထည့်လိုက်ရင် အရမ်းချိုသွားလိမ့်မယ်၊ ဒီဇီးသီးတွေရဲ့ မူလသဘာဝ အချိုဓာတ်လေးက ရေနွေးပူပူထဲမှ စိမ်လိုက်ရင် အတော်လေးကွက်တိပဲ” နောက်တစ်ဦးကလည်း ထောက်ခံလာသည်။

“သဘောတူတယ်၊ တခြားအရာတွေ ထပ်ထည့်လိုက်တာက ဒီဧရာမဇီးသီးကြီးတွေရဲ့ ထူးခြားတဲ့မွှေးရနံ့ကို ဖုံးကွယ်သွားစေတယ်” တတိယတစ်ဦးကလည်း မှတ်ချက်ပြုလေသည်။

အားလုံးက ဤသို့ ဝိုင်းပြောကြသဖြင့် ဤအတိုင်းသာ ဆုံးဖြတ်လိုက်ကြ၏။

လီရှီးရှီးက ဤဇီးသီးလက်ဖက်ရည်ကို သူတို့နေရာ၏အထူးဟင်းလျာ တစ်ခုအဖြစ် ဖန်တီးရန် ရည်ရွယ်ထားသည်။ သေချာပေါက် ဧည့်သည်များကိုလည်း သေချာညွှန်းဆိုရပေမည်။

ထို့အပြင် ဤဧရာမဇီးသီးကြီးများက သရက်ရွက်နှင့် အစာအိမ်ကို အားဖြည့်ပေးနိုင်သည်။ သွေးအားကောင်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသည်။ ဓမ္မတာကို မှန်ကန်စေပြီး နာကျင်မှုကို သက်သာစေသည် မဟုတ်လော။

ထို့ကြောင့် လီရှီးရှီးက ဇီးသီးလက်ဖက်ရည်တစ်အိုးလျှင် ယွမ် ၁၈၈ ဟု ဈေးနှုန်းသတ်မှတ်ရန် လုံးဝ ဝန်လေးမနေခဲ့ချေ။

မိန်းမအချင်းချင်း မိန်းမတွေရဲ့အကြောင်းကို ပိုနားလည်မှာ သေချာတယ်ဟု ရွှီဟယ်က တွေးလိုက်မိ၏။

ဤဇီးသီးလက်ဖက်ရည်က ကြံသကာဂျင်းပြုတ်ရည်ထက် ဓမ္မတာလာနေသော သူ၏ ချစ်သူကောင်မလေးအတွက် ပိုမို သင့်လျော်ကောင်း သင့်လျော်နိုင်သည်။

ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“ဒါဆိုရင် တစ်အိုးလောက်ပေးပါ၊ ဘယ်လောက်ကျလဲ” ပြောပြောဆိုဆိုနှင့်ပင် ရွှီဟယ်က ငွေရှင်းရန် ဖုန်းကိုဆွဲထုတ်လိုက်သည်။

“တစ်ပွဲကို ယွမ် ၁၈၈ ပါရှင်၊ ရေနွေး အခမဲ့ ထပ်ဖြည့်လို့ရပါတယ်” လီရှီးရှီးက ပြုံး၍ဖြေသည်။

ဖုန်းထုတ်နေသော ရွှီဟယ်၏လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားရ၏။ ‘ဇီးသီးလက်ဖက်ရည်က ဒီလောက်တောင် ဈေးကြီးတာလား၊ ဒါမှမဟုတ် တန်ဖိုးကြီးတဲ့ ပါဝင်ပစ္စည်း တစ်ခုခုများ ထည့်ထားလို့လား' သို့သော် သူက နှုတ်မှ ထုတ်ပြောပြီးဖြစ်ရာ မယူတော့ဘူးဟု ပြန်ပြောရန် အနေခက်နေသဖြင့် ကျူအာကုဒ်ကိုသာ စကင်ဖတ်၍ ငွေရှင်းလိုက်ရတော့သည်။

သူက အခန်းထဲသို့သယ်လာပြီး ခွက်အလွတ်တစ်ခွက်ကို ထုတ်ကာ ဖန်အိုးထဲမှ နီရဲနေသော ဇီးသီးလက်ဖက်ရည်အနည်းငယ်ကို ငှဲ့ထည့်လိုက်ပြီး ယွမ်ချိုး၏ဘေးနားသို့ သွားလိုက်သည်။

ယွမ်ချိုးက မျက်မှောင်ကြုတ်ကာ ဘာမှမသောက်ချင်ကြောင်း ငြင်းဆန်ရန် ပြင်လိုက်သည်။

“ငါ ဗိုက်နာနေတယ်၊ ဘာမှ မသောက်ချင်ဘူး၊”

ထိုအချိန်မှာပင် ဇီးသီး၏မွှေးပျံ့ချိုမြိန်သော ရနံ့သင်းသင်းလေးက သူမ၏နှာခေါင်းဝသို့ လွင့်ပျံ့လာ၏။ နွေးထွေးသောရနံ့လေးက သူမ၏သရက်ရွက်နှင့် အစာအိမ်ကို ချက်ချင်းလှုံ့ဆော်ပေးလိုက်သကဲ့သို့ပင်။

သူမ နှုတ်ခမ်းကို မသိမသာသပ်လိုက်မိပြီး အချိုရည်တစ်ခုခု သောက်လိုက်ရလျှင် မဆိုးလှဟု ရုတ်တရက်ခံစားလိုက်ရသည်။ ထို့ကြောင့် နှုတ်ခမ်းဖျားသို့ရောက်နေသော စကားလုံးများက ချက်ချင်း ပြောင်းလဲသွားတော့၏။

“ဒါဆိုလည်း နည်းနည်းလောက်သောက်ကြည့်မယ်လေ”

ယွမ်ချိုးက လက်ဖက်ရည်ကို ခပ်ဖွဖွလေးမှုတ်လိုက်ပြီး တစ်ငုံချင်းစီ ဖြည်းဖြည်းချင်း စတင်သောက်သုံးလေတော့သည်။

All Chapters