← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁) ပုရွက်ဆိတ်တွေ အချင်းချင်း ရန်သူတွေ ဖြစ်သွားကြတယ်... နတ်ဘုရားသိုင်းဂိုဏ်း

လင်းလုံကို ဆေးလုံးအဖြစ် ဖော်စပ်ပြီးနောက် ခုံးဝူတောက်သည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများကို စတင်၍ စစ်ဆေးမေးမြန်းလိုက်တော့သည်။

မည်သို့ပင်ဆိုစေကာမူ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်လိုက်များအနေဖြင့် ဤလူများသည် သူ မသိသော သတင်းအချက်အလက်တချို့ကို သိရှိထားပေမည်။

ထိုအရာသည် သူ လိုအပ်နေသောကွက်လပ်များကို ဖြည့်ဆည်းရန် ကောင်းမွန်သော အခွင့်အရေးတစ်ခုပင်။

"နတ်ဘုရားသားတော်အရှင်... ကျွန်တော်တို့ ပြောခဲ့သမျှ အရာအားလုံးက လုံးဝအမှန်တွေချည်းပါပဲ..."

"တကယ်လို့ ကျွန်တော်တို့က အရှင့်ကို တစ်နည်းနည်းနဲ့ လှည့်စားခဲ့မယ်ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ အပြစ်ပေးတာကို ခံရပြီး ဘယ်တော့မှ ပြန်လည်ဝင်စားခွင့်ရမှာ မဟုတ်ဘူး..."

ထိုကျင့်ကြံသူများသည် သူတို့ သိသမျှ အရာအားလုံးကို ခုံးဝူတောက်အား ပြောပြပြီးနောက် သူတို့၏ဂုဏ်သိက္ခာကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီး သူ၏ ခွင့်လွှတ်မှုကို ရရှိရန် မျှော်လင့်ချက်ဖြင့် သူ့ထံသို့ အရူးအမူး ဦးညွှတ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်က လင်းလုံကို တိုက်ရိုက် ဆေးဖော်စပ်လိုက်သည့် မြင်ကွင်းသည် သူတို့၏စိတ်ထဲတွင် ရှင်းလင်းစွာ ရှိနေဆဲပင်။

ခုံးဝူတောက်က သူတို့ကို အမှန်တကယ် သတ်ဖြတ်ချင်သည်ဆိုလျှင်ပင် လင်းလုံကဲ့သို့ ဆေးလုံးတစ်လုံးအဖြစ် တိုက်ရိုက်ဖော်စပ်ခံရခြင်းမျိုးကို သူတို့ မဖြစ်လိုကြချေ။

"ဟား ဟား ဟား... စိတ်လှုပ်ရှားနေစရာ မလိုပါဘူး... ငါက လူကောင်းတစ်ယောက်ပါ... အပြစ်ကင်းတဲ့ လူတွေကို ငါက ဘယ်လိုလုပ်ပြီး အကြောင်းမဲ့ သတ်ဖြတ်နိုင်မှာလဲ..."

ခေါင်းဆောင်နေရာတွင် ထိုင်နေသော ခုံးဝူတောက်က လက်ဖက်ရည်ကို အနည်းငယ် သောက်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျင့်ကြံသူများကို ကြင်နာတတ်သော အပြုံးတစ်ခုအား ပြသလိုက်၏။

ထိုအရာက သူတို့၏ကျောရိုးတလျှောက် ကြက်သီးထသွားစေခဲ့သည်။

ခုံးဝူတောက်က လင်းလုံကို ဆေးဖော်စပ်ရန် မလှုပ်ရှားမီကလည်း အလားတူ အပြုံးမျိုးကို ပြသခဲ့သည် မဟုတ်လော....

ခုံးဝူတောက်က နောက်ထပ် စကားမပြောတော့ဘဲ ခုံးကျန်ယွဲ့ထံသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။

ခုံးကျန်ယွဲ့သည် ချက်ချင်းနားလည်သွားပေ၏။

သူမက အောက်ဘက်ရှိ ကျင့်ကြံသူများကို ကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

"နတ်ဘုရားသားတော်အရှင်က သဘောထားကြီးပြီး ခွင့်လွှတ်တတ်တယ်..."

"နင်တို့က မသိလို့ လုပ်ခဲ့တာဖြစ်တာကြောင့် နတ်ဘုရားသားတော်အရှင်က နင်တို့ရဲ့ အမှားတွေကို အလွန်အကျွံ အပြစ်ယူမှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် ခုံးကျန်ယွဲ့က သူမ၏ ကျောက်စိမ်းကဲ့သို့ နူညံချောမွတ်သော လက်ချောင်းလေးကို ဆန့်တန်းကာ ဟင်းလင်းပြင်ကို ညင်သာစွာ တောက်လိုက်၏။

ဝီ...

အလင်းတန်းတချို့သည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ၏ စိတ်ထဲသို့ ချက်ချင်းဝင်ရောက်သွားတော့သည်။

ထိုအရာသည် နတ်ဘုရားစိတ်ဝိညာဉ် ထိန်းချုပ်မှု နည်းလမ်းတစ်ခုနှင့် ဆင်တူသော အထူးနတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားတစ်ခု ဖြစ်ပုံရသည်။

ခုံးကျန်ယွဲ့ အလိုရှိသရွေ့ သူမသည် ဤ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ၏ အသက်ကို အချိန်မရွေး နေရာမရွေး နှုတ်ယူနိုင်ပေ၏။

"ကောင်းပြီလေ... မင်းတို့ သွားလို့ရပြီ..."

ခုံးကျန်ယွဲ့၏ အေးစက်သော ကြိမ်းမောင်းသံကို ကြားလိုက်ရချိန်၌ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများသည် သူတို့၏ တွေဝေမှုမှ ရုတ်တရက် နိုးထလာပြီး ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ ဝမ်းသာမှု အရိပ်အယောင်တစ်ခုကို ပြသလိုက်ကြသည်။

သူတို့၏ အသက်များသည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သော်လည်း ယခုလောလောဆယ် သူတို့ သေစရာ မလိုသေးသည်က ကောင်းမွန်လှသည်။

"အရှင့်ရဲ့ ကြီးမားတဲ့ ကရုဏာထားမှုအတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်အရှင် ... ကျွန်တော်တို့ အခု သွားပါတော့မယ်..."

ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ ပင်မခန်းမကြီးထဲမှ ဒယိမ်းဒယိုင်ဖြင့် ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် ခုံးဝူတောက်၏အသံက ရုတ်တရက် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။

"အခုဆို မင်းတို့က အဲ့ဒီကောင်ရဲ့ အစစ်အမှန် သဘောသဘာဝကို မြင်တွေ့ပြီးသွားပြီ..."

"မင်းတို့ ပြန်ရောက်တဲ့အချိန်မှာ... အဲ့ဒီကောင်ရဲ့ လှည့်စားတာကို ခံခဲ့ရတဲ့ မင်းတို့လို လူတွေကို လမ်းမှန်ပေါ် ပြန်ရောက်အောင် မင်းတို့ ကူညီပေးရမယ်..."

ဤစကားများကို ကြားသောအခါ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားပေ၏။

သူတို့ အသေအလဲ တိုက်ခိုက်နေစဉ် တုန်လှုပ်ချောက်ချား အင်မော်တယ်က သူတို့ကို စွန့်ပစ်သွားခဲ့သည့် မြင်ကွင်းသည် သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့သည်။

သူတို့ ပထမဆုံး သူ၏နောက်သို့ လိုက်ခဲ့စဉ်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ယုံကြည်ဖွယ်ကောင်းသော ကတိများကို ပြန်လည်အမှတ်ရလိုက်ပြီး သူ့နောက်သို့ လိုက်ပါခြင်းက ကြီးကျယ်ခမ်းနားစွာ နေထိုင်ရလိမ့်မည်ဟု သူက ကျိန်ဆိုခဲ့သည်။

ယခုကြည့်ရသည်မှာ သူသည် သူတို့ကို အမှန်တကယ်ပင် ဆိုးဆိုးရွားရွား လှည့်စားခဲ့ခြင်း ဖြစ်ပုံရသည်။

ဤတစ်ကြိမ် ရှောင်ယောင် မဟာမိတ်အဖွဲ့ကို သူတို့ ပြန်သွားသည့်အချိန်၌ ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူယုတ်မာ၏ ဟန်ဆောင်ကောင်းသည့် အစစ်အမှန်မျက်နှာကို သူတို့ သေချာပေါက် ဖော်ထုတ်ရပေမည်။

........

ဤကျင့်ကြံသူများ မထွက်ခွာမီ သူတို့၏ မျက်နှာများပေါ်ရှိ အမူအရာများကို ကြည့်ရင်း ခုံးဝူတောက်သည် အလွန်စိတ်ကျေနပ်သွားခဲ့၏။

ဤကျင့်ကြံသူများသည် သူ၏အမြင်အရ ပုရွက်ဆိတ်များနှင့် မကွာခြားချေ။ သူတို့ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ အရေးမကြီးပေ။

သူတို့ကို တုန်လှုပ်ချောက်ချား အင်မော်တယ် အတွက် ပြဿနာဖြစ်စေရန် ပြန်လွှတ်လိုက်ခြင်းက ပို၍တန်ဖိုးရှိပေမည်။

သူတို့ လေးစားရသော အင်မော်တယ်သခင်သည် ကြီးမားသော တိုက်ပွဲတစ်ခုအတွင်း၌ သူ၏ လက်အောက်ငယ်သားများကို စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသောအခါ ရှောင်ယောင် မဟာမိတ်အဖွဲ့က မည်သို့ တွေးထင်မည်ကို သူ သိချင်နေမိသည်။

ဤရှောင်ယောင်မဟာမိတ်အဖွဲ့ကို တုန်လှုပ်ချောက်ချား အင်မော်တယ်၏ယခင်ဘဝတွင် ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း သူ၏အမြင်တွင် ထိုအဖွဲ့သည် ကြီးမားသော ဇာတ်ခုံပေါ်သို့ မတက်လှမ်းနိုင်သည့် အမှိုက်အင်အားစုတစ်ခုသာ ဖြစ်နေဆဲပင်။

တစ်ခါတစ်ရံ သူ ပင်ပန်းလာချိန်၌ ပုရွက်ဆိတ်များအချင်းချင်း ရန်သူများ ဖြစ်သွားကာ အုပ်စုဖွဲ့ တိုက်ခိုက်နေကြသည်ကို ကြည့်ရခြင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။

"ဒါ့ပြင် အဲ့ဒီကောင်တွေ ပြောခဲ့တာတွေ အရဆိုရင် တစ်ချိန်က ကောင်းကင်ဆေးဂိုဏ်းရဲ့ အခန်းကဏ္ဍက ရှောင်ယောင်မဟာမိတ်အဖွဲ့ထဲမှာ ထောက်ပံ့ရေးပိုင်းအနေနဲ့ပဲ ရှိခဲ့တာ..."

ခုံးဝူတောက်က သူ၏ စိတ်ထဲတွင် စဉ်းစားလိုက်၏။

"လောလောဆယ်မှာ ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ အဓိက တိုက်ခိုက်ရေး စွမ်းအား အားလုံးက နတ်ဘုရားသိုင်းဂိုဏ်းလို့ခေါ်တဲ့ အင်အားစု တစ်ခုမှာ တည်ရှိနေတယ်..."

နတ်ဘုရားသိုင်းဂိုဏ်းသည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံး၏ သိုင်းတာအို သူတော်စင်နန်းတော်ဖြစ်သည်ဟု ဆိုကြသည်။

တခြားသူတော်စင်နန်းတော်များနှင့် မတူညီဘဲ နတ်ဘုရားသိုင်းဂိုဏ်း၏ ကျင့်ကြံသူများသည် သတ်ဖြတ်ခြင်း နည်းစနစ်များကို အာရုံစိုက်ကြပြီး သတ်ဖြတ်လိုသည့် ချီစွမ်းအင်ဖြင့် ကျင့်ကြံသည်။

နတ်ဘုရားသိုင်းဂိုဏ်းသို့ ဝင်ရောက်သူများသည် စစ်ပွဲနှင့် သတ်ဖြတ်ခြင်းအတွက် တည်ရှိနေကြသည်ဟု ဆိုနိုင်သည်။

သို့သော် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် နတ်ဘုရားသိုင်းဂိုဏ်းသည် ကောင်းကင်ဆေးဂိုဏ်းနှင့် သိပ်မဝေးလှချေ။

"ငါ မျှော်လင့်ထားသလိုပဲ..."

"ကောင်းကင်ဆေးဂိုဏ်းကို အောင်နိုင်ဖို့ ကျရှုံးသွားတဲ့ တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ့ရဲ့စိတ်အာရုံကို နတ်ဘုရားသိုင်းဂိုဏ်းဆီ ပြောင်းလိုက်ပြီ..."

နတ်ဘုရားပုံစံများသည် ခုံးဝူတောက်၏ မျက်လုံးများတွင် ထွက်ပေါ်လာခဲ့ပေ၏။

ထိုတောက်ပသော မျက်လုံးများသည် အဆုံးမဲ့ တောင်တန်းများနှင့် မြစ်များကို ချက်ချင်းထိုးဖောက်ဝင်ရောက်သွားပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်၏ တည်နေရာသို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

ကောင်းကင်ဆေးဂိုဏ်းမှ မိုင်ထောင်ပေါင်းများစွာ အဝေးတွင် လင်းလုံကို ကယ်တင်ရန်အတွက် စစ်ကူသွားခေါ်ရန် မူလက ပြင်ဆင်နေခဲ့သော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ယခုအချိန်၌ သူ၏ စိတ်ကို ပြောင်းလဲလိုက်လေပြီ။

"လင်းလုံက သေချာပေါက် ကြီးမားတဲ့ အန္တရာယ်ထဲမှာ ရှိနေတယ်... သူ့ကို ကယ်တင်တာက အချည်းနှီး အားထုတ်မှု သက်သက်ပဲ ဖြစ်လိမ့်မယ်..."

"ပြီးတော့ ကောင်းကင်ဆေးဂိုဏ်းက ခွေးမသားတွေက ငါ့ကို သစ္စာဖောက်ပြီး ခုံးဝူတောက်ရဲ့ နောက်လိုက်တွေ တကယ်ကြီး ဖြစ်သွားတယ်ပေါ့လေ... သူတို့က သေဖို့ ထိုက်တန်တယ်"

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ လှိုင်းထလာခဲ့သည်။

ကောင်းကင်ဆေးဂိုဏ်းသည် ခုံးဝူတောက်ထံ အညံ့ခံလိုက်ကြောင်း သိရှိပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ယခင်က သူခံစားခဲ့ရသော အရှက်ခွဲခံရမှု အားလုံးကို ခုံးဝူတောက်ထံသို့ ပုံချလိုက်သည်။

ဤအရာက သူ့ကို ခုံးဝူတောက်အား ပို၍ပင် အပိုင်းပိုင်း ဆွဲဖြဲချင်စေပေ၏။

"ကောင်းကင်ဆေးဂိုဏ်းကို ထောက်ပံ့ရေး အနေနဲ့ ဆုံးရှုံးလိုက်ရတာက ငါ့ရဲ့ နောက်အစီအစဉ် အပေါ် သက်ရောက်မှုတချို့ ရှိလိမ့်မယ်ဆိုပေမယ့် အရမ်းကြီးတော့ မသိသာဘူး..."

"လောလောဆယ် ရှောင်ယောင် မဟာမိတ်အဖွဲ့ရဲ့ အဓိကတိုက်ခိုက်ရေးစွမ်းအားက နတ်ဘုရားသိုင်းဂိုဏ်းမှာ ရှိနေတုန်းပဲ... နောက်ထပ် အဖြစ်အပျက်တွေ မဖြစ်အောင် နတ်ဘုရားသိုင်းဂိုဏ်းကို ငါ့ဆီ မြန်မြန်အညံ့ခံလာအောင် လုပ်ရမယ်... ခုံးဝူတောက်ကို နောက်ထပ် အခွင့်ကောင်းတွေ ထပ်ရခွင့် ပေးလို့ မဖြစ်ဘူး..."

ထိုသို့ပြောပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး နတ်ဘုရားသိုင်းဂိုဏ်း ဆီသို့ သူတစ်ယောက်တည်း ဦးတည်သွားလိုက်၏။

သို့သော် သူ မသိခဲ့သည့်အရာမှာ သူ၏ လှုပ်ရှားမှုတိုင်းသည် ခုံးဝူတောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်းပင်။

..........

ကောင်းကင်ဘုံ တာအိုနယ်မြေ၏ အလယ်ဗဟို ဒေသတွင် ဆွဲဆောင်မှုရှိသော အင်အားစုနှစ်ခု ရှိသည်။

ပထမတစ်ခုမှာ ကောင်းကင်ဆေးဂိုဏ်း ဖြစ်ပြီး နောက်တစ်ခုမှာ နတ်ဘုရားသိုင်းဂိုဏ်းပင်။

ကောင်းကင်ဆေးဂိုဏ်းသည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးတွင် ဆေးပညာ၏ အထွတ်အထိပ်ဖြစ်သည်။

နတ်ဘုရားသိုင်းဂိုဏ်းသည် ကောင်းကင်ဘုံ တာအိုနယ်မြေရှိ မရေမတွက်နိုင်သော အင်အားစုများအနက် ကောင်းကင်တာအိုကို ဖယ်ထုတ်လိုက်ပါက သိုင်းပညာစွမ်းအားအရ အားအကောင်းဆုံးပင်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားသိုင်းဂိုဏ်း၏ ပုန်းကွယ်နေသော ထိပ်တန်းကျွမ်းကျင်များကို ထည့်မပြောလျှပင်ပင် အပေါ်ယံကြည့်ရသော ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ခြောက်ဦး၊ နတ်ဘုရားဘုရင်နယ်ပယ် ဆယ့်သုံးဦး၊ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်နှင့် တာအိုနန်းတော်နယ်ပယ်ကျင့်ကြံသူများ ရာနှင့်ချီပြီး ပါဝင်သည်။

ထိုကဲ့သို့ များပြားသည့် ထိပ်တန်းတိုက်ခိုက်ရေး စွမ်းအားများနှင့် ရင်ဆိုင်ရသောအခါ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ပထမဆုံး သူတော်စင်နန်းတော်ပင်လျှင် ထိုအင်အားစု၏ရှေ့တွင် အနည်းငယ် နိမ့်ကျနေသကဲ့သို့ ထင်ရပေ၏။

ယနေ့ နတ်ဘုရားသိုင်းဂိုဏ်း တည်ရှိရာ နတ်ဘုရားသိုင်းမြို့တော်သည် အထူးသဖြင့် စည်ကားနေပုံရသည်။

ကောင်းကင်ဘုံ တာအိုနယ်မြေမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ အများအပြား ဤနေရာသို့ အလျင်စလို လာရောက်ကြရုံသာမက တခြားတာအိုနယ်မြေများမှ ပါရမီရှင် အများအပြားလည်း ဤနေရာတွင် စုဝေးနေကြ၏။

အကြောင်းပြချက်မှာ ရိုးရှင်းပေသည်။ ဤသည်မှာ နှစ်စဉ်ကျင်းပလေ့ရှိသော နတ်ဘုရားသိုင်းဈေးပွဲတော်ကို ယနေ့ ကျင်းပမည် ဖြစ်သောကြောင့်ပင်။

အကယ်၍ လူတစ်ယောက်သည် ကံကောင်းမည်ဆိုပါက သူတို့သည် မျက်စိမကျစရာကောင်းသော ထောင့်တစ်နေရာရှိ ဈေးဆိုင်တစ်ခုတွင် ပြိုင်ဘက်ကင်း အခွင့်အရေးတစ်ခုကို ရှာတွေ့နိုင်ပြီး ထိုမှတစ်ဆင့် နာမည်ကြီးလာနိုင်သည်။

"နတ်ဘုရားသိုင်းဈေးပွဲတော်က ဒီနေ့ ဖွင့်ပြီ..."

နတ်ဘုရားသိုင်းမြို့တော်သို့ ယခုလေးတင်မှ ရောက်ရှိလာသော တုန်လှုပ်ချောက်ချားအင်မော်တယ်သည် ဝမ်းသာအားရဖြင့် အံ့အားသင့်သွားသည့် မျက်နှာအမူအရာကို ပြသလိုက်သည်။

တခြားသူများအတွက် နတ်ဘုရားသိုင်း ဈေးပွဲတော်သည် ကံတရားအပေါ် လုံးလုံးလျားလျား မူတည်သည်။

သူကမူ ကွဲပြားခြားနားပေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် မွေးဖွားခဲ့ပြီး သူ၏ ကိုးရောင်ခြယ် အင်မော်တယ်သွေးသည် ကောင်းကင်တာအိုကို အာရုံခံနိုင်ရုံသာမက ကောင်းကင်နှင့်မြေကြီး စွမ်းအားများကိုလည်း အာရုံခံနိုင်သောကြောင့်ပင်။

ကောင်းကင်ဘုံ တာအိုနယ်မြေ၏ အရှိန်အဝါ အနည်းငယ်မျှ စွန်းထင်းနေသော မည်သည့်အရာမဆို သူ၏ သွေးမျိုးဆက်မှတစ်ဆင့် ထိုအရာ၏မူလအစကို တွက်ချက်နိုင်သည်။

"ပြီးတော့... နတ်ဘုရားသိုင်းဈေးပွဲတော်က နတ်ဘုရားသိုင်းဂိုဏ်းက ကြီးမှူးကျင်းပတဲ့ ခမ်းနားတဲ့ ပွဲကြီးတစ်ခုပဲ..."

"အစက နတ်ဘုရားသိုင်းဂိုဏ်းကို ဘယ်လို ဆက်သွယ်ရမလဲလို့ ငါ တွေးနေခဲ့တာ..."

"ကောင်းကင်ဘုံက တကယ်ပဲ ငါ့ကို ကူညီနေပုံရတယ်..."

သူသည် ဤနတ်ဘုရားသိုင်းဈေးပွဲတော်တွင် အခွင့်အရေးများကို ပထမဆုံး လုယူပြီးနောက် နတ်ဘုရားသိုင်းဂိုဏ်းကို ဆက်သွယ်ရန် အခွင့်အရေး ယူလိုက်မည်ဆိုပါက ထိုအရာက အံ့သြစရာကောင်းမည် မဟုတ်လော။

အခန်း (၁၄၂) ဒီလို ဆင်းရဲတဲ့ကောင်က ဘယ်လိုလုပ်ပြီး ဒီလိုအခွင့်အရေးမျိုးကို ကြားဖြတ်လုယူနိုင်မှာလဲ

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ပုံရိပ်သည် နတ်ဘုရားသိုင်းဈေးပွဲတော်အတွင်းသို့ အစောပိုင်းက ဝင်ရောက်လာခဲ့သည်။

ထို့နောက် အမျိုးသားတစ်ဦးနှင့်အမျိုးသမီး တစ်ဦး ပုံရိပ်နှစ်ခု အတူတကွ ရောက်ရှိလာကြသည်။

ကျင့်ကြံသူအများအပြားသည် သူတို့၏ အဆင့်အတန်းများကို ချက်ချင်းမှတ်မိသွားကြ၏။

"အဲ့ဒါက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ အစေခံတွေပဲ... မုချင်းလီနဲ့ဝူထျန်..."

ထိုလူ၏ အံ့အားတသင့် အော်ဟစ်သံ ကျရောက်သွားသည်နှင့်...

လူတိုင်း၏အကြည့်များသည် သူတို့ထံသို့ တပြိုင်နက်တည်း လှည့်သွားကြပြီး အားကျမှုနှင့် မနာလိုမှုများ ပြည့်နှက်နေသည့် မျက်နှာအမူအရာများကို ပြသလိုက်ကြ၏။

ယခင်က အသင်္ချေသူတော်စင်မြို့တွင် ခုံးဝူတောက် ကျင်းပခဲ့သော ပါရမီရှင်များစုဝေးစားသောက်ပွဲသည် သူ့ကို ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးတွင် နာမည်ကြီးစေခဲ့ပြီးဖြစ်သည်။

နတ်ဘုရားသားတော်အရှင်၏ အစေခံတစ်ဦးသာ ဖြစ်လျှင်တောင်မှ သူတို့သည် အလွန် မြင့်မြတ်သော တည်ရှိမှုတစ်ခုဖြစ်ပြီး သူတို့ကို မနာလိုဖြစ်စေရန် လုံလောက်နေသည်။

သူတို့ နှစ်ယောက်သည် ပတ်ဝန်းကျင်ရှိ လူများ၏အကြည့်များကို ဂရုမစိုက်ခဲ့ကြချေ။

ဝူထျန်က တီးတိုးပြောဆိုလိုက်၏။

"ငါတို့ နှစ်ယောက်လုံး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့လို့ ငါတို့ကို အထူးဆုလာဘ်တွေ ပေးမယ်လို့ နတ်ဘုရားသားတော်အရှင်က ပြောခဲ့တယ်..."

"ဒါပေမယ့် ဘာလို့ ဒီအထူးဆုလာဘ်က ငါတို့ကို ဒီနေရာကို သွားခိုင်းတာလဲ..."

"ပြီးတော့ ငါတို့က နတ်ဘုရားသားတော်အရှင်ကို ဆန့်ကျင်တဲ့ ဒီကောင်ရဲ့ နောက်ကိုလိုက်ပြီး သူ သဘောကျတဲ့ ပထမဆုံး ပစ္စည်းနှစ်ခုကို လေလံဆွဲရဦးမယ်... တကယ့်ကို နားလည်ရခက်တာပဲ..."

"နတ်ဘုရားသားတော်အရှင်က ဒီလိုပြောမှတော့ သဘာဝကျကျပဲ သူ့မှာ သူ့ရဲ့ ရည်ရွယ်ချက်တွေ ရှိမှာပေါ့..."

မုချင်းလီက မျက်လုံးလှန်ကြည့်ပြီး ဒေါသတကြီး ပြောဆိုလိုက်၏။

"နတ်ဘုရားသားတော်အရှင်ရဲ့ ရည်ရွယ်ချက်တွေကို နင့်လို သစ်တုံးဦးနှောက်က နားလည်နိုင်လို့လား..."

"ပြီးတော့ နတ်ဘုရားသားတော်အရှင်ရဲ့ ညွှန်ကြားချက်တွေကို နင် မမေ့တာ အကောင်းဆုံးပဲ... မဟုတ်ရင် ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့..."

ထိုသို့ပြောဆိုပြီးနောက် မုချင်းလီသည် တုန်လှုပ်ချောက်ချား အင်မော်တယ် ပျောက်ကွယ်သွားသည့် အရပ်ဆီသို့ ဦးတည်သွားတော့သည်။

ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဝူထျန်၏ မျက်နှာ ပို၍ပင် မှောင်မိုက်သွားတော့သည်။

ခုံးဝူတောက်သည် သူတို့ကို အထူး ညွှန်ကြားထားလေ၏။

သူတို့သည် သူ၏ အမိန့်များကိုသာ လိုက်နာရန် လိုအပ်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် အလွန်အကျွံ အဆက်အသွယ် မလုပ်ရချေ။

သို့သော် မုချင်းလီ၏ ရေခဲကဲ့သို့ အေးစက်သော အကြည့်သည် ငရဲမှ နာကြည်းနေသော နတ်ဆိုး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို စော်ကားခဲ့သော တုန်လှုပ်ချောက်ချား အင်မော်တယ်ကို သူမသည် အပိုင်းတစ်သန်းလောက် ဆွဲဖြဲပစ်ချင်နေသည့်အလားပင်။

နတ်ဘုရားသားတော်အရှင်၏ ညွှန်ကြားချက်များကို မမေ့ရန်ပင် သူမက သူ့ကို သတိပေးခဲ့သေးသည် မဟုတ်လော....

နောက်ပိုင်းတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ထပ်တွေ့သောအခါ မုချင်းလီက သူမကိုယ်သူမ ထိန်းချုပ်နိုင်မည်လောဟု သူ တွေးနေမိလေ၏။

သူမသည် သူ့ကို တိုက်ရိုက်သတ်ပစ်ခြင်းပြုမပြုပင် မသိနိုင်တော့ချေ။

..........

နတ်ဘုရားသိုင်းဈေးပွဲတော်သည် အထူးသဖြင့် စည်ကားနေသည်။

ထိုစျေးကို မကြာသေးမီကမှ ဖွင့်လှစ်ထားခြင်း ဖြစ်ပေ၏။

ဈေးသည်ကျင့်ကြံသူ အများအပြားဖြင့် စည်ကားနေပြီဖြစ်ပြီး လမ်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် မရေမတွက်နိုင်သော စျေးဆိုင်များကို ဖွင့်လှစ်ထားသည်။

"မြောက်ပင်လယ် ဝဲကတော့ခေါင်းတွေ.. လေးခုကို စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးတည်းပါ..."

"တိမ်တိုက်စိတ်ဝိညာဉ်သစ်ပင်... ဈေးပေါပေါနဲ့ ရောင်းမယ်... တိမ်တိုက်စိတ်ဝိညာဉ်သစ်ပင်... တိမ်တိုက်စိတ်ဝိညာဉ်သစ်ပင်... ဈေးပေါပေါနဲ့ ရောင်းမယ်..."

"ဘယ်ငရဲကကောင်က စိတ်ဝိညာဉ်ဆန်တွေကို ဝယ်မှာလဲ..."

"ကန္တာရပင်လယ် အပျက်အစီးနယ်မြေကနေ အသစ်တူးဖော်ရရှိထားတဲ့ ရတနာတွေ...ငါက လူတွေကို မလိမ်ပါဘူး... လုံးဝအစစ်အမှန်ပါ..."

ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများသည် တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ပေ၏။

လမ်းတလျှောက် လျှောက်လှမ်းလာသော တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဈေးဆိုင်များရှေ့တွင် အချိန်အကြာကြီး ရပ်မနေခဲ့ချေ။

သူ၏သွေးမျိုးဆက် အာရုံခံနိုင်စွမ်းအရ...

ဤနေရာ၌ စိတ်ဝင်စားစရာကောင်းသော အရာများစွာ ရှိသော်လည်း ထိုအရာများသည် သူ၏မျက်လုံးထဲသို့ လုံးဝမဝင်နိုင်ကြပေ။

ထိုအချိန်မှာပင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် တစ်စုံတစ်ခုကို ရှာတွေ့သွားပုံရပြီး သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားပေ၏။

"ဒါက..."

"ဒီနေရာမှာ တကယ့်ကို ဒီလိုရတနာမျိုး ရှိနေတာလား..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အကြည့်များသည် အလွန်သာမန်ဆန်သော ဈေးဆိုင်တစ်ခုပေါ်တွင် ကျရောက်သွားသည်။

ထိုဈေးဆိုင်တွင် ရှုပ်ပွနေသော ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေပေ၏။

ရွှံ့များပေကျံနေပြီး တာအိုစည်းချက်များ ထုတ်လွှတ်နေသည့် အရိုးများ ရှိရုံသာမက ဆွေးမြည့်နေသော ကြေးဝါအပိုင်းအစများလည်း မရေမတွက်နိုင်အောင် ရှိနေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ အတွက် ထိုကဲ့သို့ ဈေးဆိုင်များသည် သံသယဝင်စရာ မလိုဘဲ အမှိုက်များသာ ဖြစ်ပြီး လုံးလုံးလျားလျား တန်ဖိုးမရှိချေ။

သို့သော် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အကြည့်များသည် အဆွေးမြည့်ဆုံးဖြစ်သော ကြေးဝါအပိုင်းအစပေါ်သို့ တိုက်ရိုက်ကျရောက်နေသည်။

"အမှားမရှိဘူး... ဒါက သေချာပေါက် ဧကရာဇ် လက်နက် အပိုင်းအစတစ်ခုပဲ..."

ဟု တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ စိတ်နှလုံးသားထဲတွင် အံ့အားတသင့် ရေရွတ်လိုက်သည်။

သူ၏ ယခင်ဘဝက သူသည် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်ခဲ့သူပင်။

ထိုကြောင့် သူသည် ဧကရာဇ်တာအို အရှိန်အဝါများနှင့် သဘာဝကျကျ အလွန်ရင်းနှီးကျွမ်းဝင်သည်။

ဤ ဧကရာဇ် လက်နက် အပိုင်းအစသည် အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်စွာ ပျက်စီးယိုယွင်းနေခဲ့သော်လည်း...

သို့သော် သူ၏ အာရုံခံနိုင်စွမ်းတွင် ဆွေးမြည့်နေသော အပိုင်းအစသည် ဧကရာဇ်တာအို စိတ်ဆန္ဒ အနည်းငယ်ကို ထိန်းသိမ်းထားဆဲပင်။

သူ၏ယခင်ဘဝမှ နတ်ဘုရားစွမ်းရည် ကျင့်စဉ်များနှင့် ပေါင်းစပ်လိုက်ပါက ထိုအရာအတွင်းရှိ ကျန်ရှိနေသော စွမ်းအားများကို သူ အသက်သွင်းနိုင်မည်ဟု သူ ယုံကြည်မှု ရှိပေ၏။

ထိုအရာသည် မဟာဧကရာဇ်၏ ဆန္ဒ အနည်းငယ်မျှသာ ဖြစ်နေလျှင်ပင် သူတော်စင် တစ်ပါးကို သတ်ဖြတ်ရန် သေချာပေါက် အားထုတ်စရာလိုမည် မဟုတ်ချေ။

အကယ်၍ ဤအရာကို သူ အောင်မြင်စွာ ရရှိမည်ဆိုပါက ယခု သူသည် နောက်ထပ် လျှို့ဝှက်လက်နက်တစ်ခုကို ရရှိပေမည်။

ထို့နောက် လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနေသူများ၏ အာရုံစိုက်မှုကို ရှောင်ရှားရန် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဈေးဆိုင်ပေါ်ရှိ ပစ္စည်းများအားလုံးကို အတူတကွ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်ထောင်... မင်းရဲ့ဆိုင်ပေါ်က အရာအားလုံးကို ငါ ယူမယ်..."

သို့သော် ဈေးသည်က တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး လက်ချောင်း သုံးချောင်း ထောင်ပြလိုက်၏။

တစ်ဖက်လူက သုံးထောင် လိုချင်သည်ဟု တုန်လှုပ်ချောက်ချား အင်မော်တယ်က တွေးထင်ကာ ချက်ချင်းသဘောတူရန် ဟန်ပြင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ သူ့ထံတွင် နောက်လိုက်အများအပြား ရှိနေပြီး ကောင်းကင်လမ်းကြောင်းအစ်မ၏ အကူအညီလည်း ရှိနေသဖြင့် သူသည် စိတ်ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်နေခြင်း မရှိချေ။

ထိုအချိန်မှာပင် ဈေးသည်၏ အသံသည် နွေးထွေးမှုလည်းမရှိ အေးစက်မှုလည်းမရှိဘဲ ဆက်လက်၍ ပြောဆိုလာခဲ့သည်။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းအောက်ဆိုရင် အရောင်းအဝယ် မဖြစ်ဘူး..."

ဤအရာကို ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အစပိုင်းတွင် အနည်းငယ် မှင်သက်သွားပြီးနောက် ဒေါသထွက်သွားပေ၏။

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်း လား..."

"မင်း ရူးနေတာလား... ဒီလို အမှိုက်ပုံကြီးကို သုံးသောင်း တောင်းနေတာလား..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ လှည့်ကွက်ဟောင်းကို အသုံးပြုရန် ဟန်ပြင်လိုက်သည်။

ရှေးဦးစွာ ထိုအရာသည် အလွန်ဈေးကြီးသည်ဟု သူ ပြောဆိုကာ ထွက်သွားဟန်ဆောင်ပြီး ဈေးသည်က ဈေးကို တမင်သက်သက် လျှော့ချပေးမည့်အချိန်ကို စောင့်ဆိုင်းရန်ပင်။

ထိုအချိန်မှာပင် ကြည်လင်ပြီး အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"တကယ်ကို ဆင်းရဲတဲ့ကောင်ပဲ..."

"နင့်မှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ မရှိဘဲနဲ့ ဒီနေရာမှာ ဟန်ဆောင်နေရဲသေးတာလား..."

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်း... ဒီသူတော်စင်မလေးက ဒီပစ္စည်းတွေ အားလုံးကို ယူမယ်..."

ဤစကားများကို ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ် လုံးလုံးလျားလျား ဆွံ့အသွားပြီး ဘာတွေ ဖြစ်နေမှန်းပင် နားမလည်နိုင်တော့ချေ။

အံ့အားသင့်မှုနှင့်ဒေါသ နှစ်ခုလုံးဖြင့် သူ လှည့်ကြည့်လိုက်ရာ ဈေးဆိုင်နှင့် မဝေးလှသော နေရာတွင် ရပ်နေသည့် ပုံရိပ်နှစ်ခုကို မြင်တွေ့မိသည်။

ဤသည်မှာ မုချင်းလီနှင့်ဝူထျန်ပင်။

သူတို့နှစ်ယောက်လုံးတွင် ထူးကဲပြီး သန့်စင်သော အရှိန်အဝါများ ရှိကြ၏။

သူတို့သည် တာအိုနန်းတော်နယ်ပယ် အဆင့်ကိုးတွင်သာ ရှိကြသော်လည်း သူတို့ ပေးစွမ်းသော ခံစားချက်မှာ သာမန်ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများထက် များစွာပို၍ သန်မာအားကောင်းနေသည်။

အထူးသဖြင့် သူသည် မုချင်းလီကို မြင်ပြီးနောက်တွင် ဖြစ်ပေ၏။ ရှားပါးသော အားကျမှု အရိပ်အယောင်တစ်ရပ်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။

သူသည် အလွန်လှပသော အမျိုးသမီးများစွာကို မြင်တွေ့ဖူးခဲ့သည်။

သို့သော် မုချင်းလီ၏ ထူးချွန်သော အလှတရားသည် သူ မြင်ဖူးသမျှ အမျိုးသမီး အားလုံးထဲတွင် ထိပ်တန်းသုံးယောက်စာရင်း ဝင်နိုင်သည်မှာ သေချာပေါက်ပင်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် မုချင်းလီ၏ ရုပ်ခန္ဓာကိုယ်အတွင်းရှိ ထူးကဲသော သွေးမျိုးဆက်ကို အာရုံခံနိုင်ခြင်းပင်။

"ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်..."

"ဒီအမျိုးသမီးက ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်ကို တကယ်ကြီး ပိုင်ဆိုင်ထားတာလား..."

သူ၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်နေစဉ် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူမ၏နံဘေးရှိ ဝူထျန်ကို ကြည့်လိုက်၏။

တစ်ဖက်လူသည်လည်း အထူးရုပ်ခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင် မုချင်းလီနှင့် နှိုင်းယှဉ်ပါက သူသည် အနည်းငယ် လိုအပ်နေဆဲပင်။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည်လည်း သူတို့၏အဆင့်အတန်းများကို မသိခဲ့ချေ။

ထို့ပြင် သူတို့၏ အပြုအမူက တာအိုလက်တွဲဖော်များ၏ ရင်းနှီးမှုမျိုးကို မပြသခဲ့ပေ။

သူတို့ကို သာမန်ခရီးသွားဖော်များအဖြစ်သာ သူ သတ်မှတ်လိုက်၏။

နံဘေးရှိ ဝူထျန်သည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အနည်းငယ် မထီမဲ့မြင်ပြုသော အကြည့်ကို ခံစားလိုက်ရပုံရပြီး မျက်မှောင်အနည်းငယ် မကြုတ်ဘဲ မနေနိုင်တော့ချေ။

ထိုအရာက မည်သည့်အဓိပ္ပာယ်နည်း။ သူက ချောမောသော အမျိုးသားများကို မကြိုက်ဘဲ လှပသော အမျိုးသမီးများကိုသာ ကြိုက်သည် ဟူသည့် သဘောလော။

"မိန်းကလေး... ဒီအရာတွေအတွင်းမှာ ထူးကဲတဲ့ အရာတွေ ပါဝင်နေပေမယ့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်းဆိုတဲ့ ဈေးနှုန်းက နည်းနည်းဈေးကြီးလွန်းနေတယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကျော့ရှင်းရည်မွန်သော သခင်လေး တစ်ဦးကဲ့သို့ ပြုံးပြလိုက်ပြီး မုချင်းလီထံသို့ လက်ပူးဆုပ်ကာ အပြုံးနှင့် ပြောဆိုလိုက်၏။

"မိန်းကလေး... ခဏလောက် စောင့်ပါအုံး... မင်းအတွက် ဈေးကို ငါ အရင်ဆုံး ဆစ်ပေးပါ့မယ်..."

မုချင်းလီ၏ ထူးကဲသော စရိုက်သဘာဝကို သူ သတိပြုမိပြီးဖြစ်ရာ သူမက သူ့ကို ပိုပြီး သဘောကျလာအောင် သူ လုပ်ချင်နေခဲ့သည်။

သူမနှင့် အပြန်အလှန် ဆက်သွယ်မှုတချို့ ရရှိအောင် ကြိုးစားပြီး အနာဂတ်တွင် သူမကို သူ သိမ်းပိုက်ရပေမည်။

ထိုကဲ့သို့ လှပသည့် အမျိုးသမီးကို သူ၏ အစေခံမလေးအဖြစ် ထားရှိခြင်းက အလွန်ကောင်းမွန်ပုံရသည်။

အနီးအနားရှိဈေးသည်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ရဲတင်းသော လုပ်ရပ်ကြောင့် တံတွေးသီးပြီး သေလုနီးပါး ဖြစ်သွားပေ၏။

မုချင်းလီက စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းကို တိုက်ရိုက်ပေးမည်ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။

သို့သော် ခွေးကဲ့သို့ ဤတုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဈေးဆစ်ပေးမည်ဟု ပြောရန် တမင်သက်သက် ခုန်ထွက်လာခဲ့သည် မဟုတ်လော....

ထို့ထက်ပို၍ပင် ဒေါသထွက်စရာ ကောင်းသည်မှာ ဤလူငယ်သည် သူ၏ရှေ့တွင် ဤကဲ့သို့ ပြောဆိုရဲခြင်းပင်။

သူ့ကို ခြိမ်းခြောက်ရန်အတွက် ဤလူငယ်သည် အရေးပါသော လူတစ်ယောက်၏အဆင့်အတန်းကို ပြောပြလိုခြင်း ဖြစ်ပေမည်။ ဤသည်မှာ အမှန်တကယ်ကို မောက်မာထောင်လွှားသော မျက်နှာပင်။

သို့သော် မုချင်းလီသည် သူ၏ လှည့်ကွက်ထဲသို့ လုံးဝမကျရောက်ခဲ့ချေ။

သူမ၏ သွယ်လျသော မျက်ခုံးလေးများ တွန့်ကွေးသွားပြီး ဖိနှိပ်ထားသော ရွံရှာမှုနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားလေ၏။

သို့သော် ခုံးဝူတောက်၏ ညွှန်ကြားချက်များကို ပြန်လည်အမှတ်ရပြီးနောက် နောက်ဆုံးတွင် သူမကိုယ်သူမ ထိန်းချုပ်နိုင်ခဲ့သည်။

သူမက ဈေးသည်ထံသို့ သိုလှောင်လက်စွပ် တစ်ကွင်းကို ပစ်ပေးလိုက်သည်။

"ဒီထဲမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်း ရှိတယ်... ဒီပစ္စည်းတွေအားလုံးကို ငါ ယူမယ်..."

ထိုသို့ပြောဆိုရင်း မုချင်းလီသည် တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် ဈေးသည်၏ လုံးလုံးလျားလျား မှင်သက်နေသော အကြည့်များကို လျစ်လျူရှုလိုက်သည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ကြည့်နေသော သူမ၏ လှပသည့် မျက်လုံးများတွင် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေပေသည်။

"တောင်းပန်ပါတယ်... ဒီသူတော်စင်မိန်းမပျိုလေးက ဆင်းရဲတဲ့ကောင်တချို့နဲ့ မတူဘူး..."

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းလေးကိုတောင် ထုတ်မပေးနိုင်တဲ့ ကောင်တွေလေ..."

All Chapters