အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း (၁၄၅) နတ်ဘုရားသိုင်းဂိုဏ်း...ဆက်ပြီးတည်ရှိနေဖို့ မလိုအပ်တော့ဘူး
"နတ်ဘုရားသားတော်အရှင်..."
"ဒါက အဲ့ဒီ တုန်လှုပ်ချောက်ချား အင်မော်တယ် တန်ဖိုးထားတဲ့ အရာပါ..."
ထိုစကားသံများ ကျရောက်သွားသည်နှင့် မုချင်းလီနှင့်ဝူထျန်တို့က ခုံးဝူတောက်ထံသို့ ပစ္စည်း နှစ်ခုကို ရိုသေလေးစားစွာ ဆက်သလိုက်ကြ၏။
ခုံးဝူတောက်က လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ ပစ္စည်းနှစ်ခုသည် သူ၏ရှေ့တွင် မျောလွင့်လာခဲ့သည်။
"တုန်လှုပ်ချောက်ချား အင်မော်တယ် ဆိုတဲ့ ဒီ ရတနာရှာဖွေရေး ကြွက်မှာ တကယ့်ကို တစ်ခုခုတော့ ရှိတာပဲ..."
"သူက ဧကရာဇ်လက်နက်တစ်ခုရဲ့ အပိုင်းအစ တစ်ခုကို တကယ်ကြီး ရယူနိုင်ခဲ့တယ်..."
"ဒါ့ပြင် ဒီအရာရဲ့အဆင့်က အနည်းဆုံး တတိယအဆင့် ဧကရာဇ်လက်နက် ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တယ်..."
ခုံးဝူတောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤပစ္စည်းသည် ဆွေးမြည့်ပြီး ကျိုးပဲ့နေသော်လည်း ထိုအရာထဲတွင် မဟာဧကရာဇ်၏စိတ်ဆန္ဒ အနည်းငယ် ပါဝင်နေဆဲပင်။
ပြန်လည်မွေးဖွားလာသော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်တစ်ပါးအဖြစ် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အဆင့်အတန်းနှင့်ဆိုလျှင်...
ဤကျိုးပဲ့နေသော ဧကရာဇ် လက်နက် အပိုင်းအစ၏ စွမ်းအား အားလုံးကို အသက်သွင်းရန် နည်းလမ်းများ သူ့ထံတွင် သေချာပေါက် ရှိနေပေမည်။
ဤတာအိုနားလည်ခြင်း သစ်ပင်မျိုးစေ့ဆိုသည်မှာလည်း ထူးကဲလှ၏။
ထိုအရာကို ရှေးခေတ်ကာလမှ ကောင်းကင်နှင့်မြေကြီး နတ်ဘုရားအရာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ကောင်းကင်တာအို၏ မျက်နှာသာပေးမှုကို ခံရသော ကောင်းကင်ကံကြမ္မာပိုင်ရှင်သည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ကံကောင်းသည်ဟု ဆိုရပေမည်။
"နတ်ဘုရားသားတော်အရှင်... ဒါက..."
ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပစ္စည်းနှစ်ခုသည် သူတို့၏လက်ထဲသို့ ပြန်လည်၍ ရောက်ရှိသွားခဲ့သည်။ မုချင်းလီနှင့်တခြားတစ်ယောက်မှာ အနည်းငယ် တွေဝေနေကြောင်း သိသာရှင်းလင်းသည်။
"ဒီပစ္စည်းတွေက ငါ့အတွက် သိပ်အသုံးမဝင်ပါဘူး..."
ခုံးဝူတောက်က ဂရုမစိုက်သောလေသံဖြင့် ပြောဆိုလိုက်သည်။
"ဒါ့ပြင်... ဒါက ဒီနတ်ဘုရားသားတော်ဆီကနေ မင်းတို့အတွက် အထူးဆုလာဘ် တစ်ခုပဲ...မင်းတို့ လက်ခံထားလိုက်ပါ..."
အောက်ဘက်ရှိ လူနှစ်ယောက်သည် ပို၍ပင် ကျေးဇူးတင်သွားကြပြီး မျက်ရည်များပင် ကျလာခဲ့သည်။
နတ်ဘုရားသားတော်အရှင်၏ အစေခံများ ဖြစ်လာခွင့်ရခြင်းက ဘဝသုံးဆက်စာ သူတို့၏ ကံကောင်းမှု အမှန်တကယ်ပင် ဖြစ်တော့သည်။
"နတ်ဘုရားသားတော်အရှင်..."
ဤအချိန်အခိုက်အတန့်တွင် ခုံးကျန်ယွဲ့က ခန်းမကြီး၏ အပြင်ဘက်မှ လျှောက်လှမ်းဝင်လာခဲ့သည်။
သေချာစွာ ကြည့်လိုက်သောအခါ သူမ၏ အေးစက်သော မျက်နှာအသွင်အပြင်များတွင် ဒေါသတချို့ကို ရှင်းလင်းစွာ မြင်တွေ့ရပြီး ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ သူမ၏ မျက်လုံးများတွင် လှိုင်းထနေပေ၏။
သို့သော် ခုံးဝူတောက်နှင့် ရင်ဆိုင်ရသောအခါ ခုံးကျန်ယွဲ့က ထိုစိတ်များကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီး ရိုသေလေးစားစွာ လက်ပူးဆုပ်လိုက်သည်။
"နတ်ဘုရားသားတော်အရှင်... နတ်ဘုရားသိုင်းဂိုဏ်း က အဲ့ဒီမောက်မာတဲ့ ပုရွက်ဆိတ်တွေက အရှင့်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်..."
"ကျန်ယွဲ့က ဒီအမှိုက်တွေကို အမြစ်ပြတ်သတ်ပစ်ဖို့ လူတွေကို ဦးဆောင်သွားရမလား..."
"ဟုတ်လား..."
ဤစကားများကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး အနည်းငယ်မျှပင် အံ့အားမသင့်ခဲ့ချေ။
ယခင်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အတွေးများကို ခန့်မှန်းပြီးနောက်...
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှလူများကို ခေါ်ဆောင်လာခဲ့ပြီး သူတို့အုပ်စုသည် နတ်ဘုရားသိုင်းမြို့တော်သို့ ဆင်းသက်လာခဲ့ကြ၏။
သူက ခုံးကျန်ယွဲ့ကို နတ်ဘုရားသိုင်းဂိုဏ်းအား အသိပေးရန် တိုက်ရိုက်ညွှန်ကြားခဲ့ပြီး သူ့ထံ အညံ့ခံရန် ပြောဆိုခဲ့သည်။
သို့ရာတွင် သူတော်စင်နန်းတော် အင်အားစုများဘက်မှ ကြည့်မည်ဆိုပါက နတ်ဘုရားသိုင်းဂိုဏ်း၏ အလုံးစုံစွမ်းအားသည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် အားအကောင်းဆုံးဟု ခေါ်ဆိုနိုင်သောကြောင့်ပင်။
ထိုဂိုဏ်းတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်ကွယ်ရှိ ရှောင်ယောင်မဟာမိတ်အဖွဲ့နှင့် ထိုဂိုဏ်း၏ ခိုင်မာသော အဆက်အသွယ်တို့ကို ပေါင်းစပ်လိုက်ချိန်၌...
သူ၏အမြင်အရ သူ၏ စကားတစ်ခွန်းတည်းကြောင့် သူတို့က သူ့ထံသို့ အညံ့ခံလာရန်မှာ မဖြစ်နိုင်ချေ။
"ဟဲ ဟဲ... အခွင့်အရေး ပေးပြီးပြီလေ... သူတို့အတွက် ဘာက ကောင်းတယ်ဆိုတာကို သူတို့ မသိကြမှတော့..."
ခုံးဝူတောက်က ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အနည်းငယ် လှိုင်းထကာ တွန့်လိမ်သွားစေခဲ့သည်။
"ဒါဆိုရင် ဒီနတ်ဘုရားသိုင်းဂိုဏ်းက ဆက်ပြီးတည်ရှိနေဖို့ မလိုအပ်တော့ဘူးပေါ့..."
နတ်ဘုရားသိုင်းဂိုဏ်းသည် ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံးတွင် အလုံးစုံ စွမ်းအားအရ အားအကောင်းဆုံး သီးခြားအဖွဲ့အစည်း တစ်ခု ဖြစ်သည်မှာ အမှန်ပင်။
သို့သော် သူ၏အမြင်အရ ထိုဂိုဏ်းသည် အနည်းငယ် ကြီးမားသော ပုရွက်ဆိတ် တစ်ကောင်ထက် မပိုချေ။
တစ်ဖက်လူက တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့် ပတ်သက်နေပြီး သူ၏ အသုံးချခြင်းကို ခံရန် ငြင်းဆန်ကာ သူတို့အတွက် မည်သည့်အရာက ကောင်းသည်ကို မသိကြသောကြောင့်...
ထိုဂိုဏ်းကို လောကကြီးတွင် ဆက်လက်တည်ရှိခွင့် ပြုရန် သူ မည်သည်ကြောင့် လိုအပ်မည်နည်း။
..........
တစ်ချိန်တည်းမှာပင်...
နတ်ဘုရားသိုင်းဂိုဏ်း၏ ပင်မခန်းမကြီး အတွင်း၌...
နတ်ဘုရားသိုင်းဂိုဏ်းမှ မရေမတွက်နိုင်သော အဆင့်မြင့် အကြီးအကဲများ ဤနေရာတွင် စုဝေးနေကြပြီး သူတို့၏ ဆူညံသော အသံများက ပြင်းထန်သော ဆွေးနွေးမှုတစ်ခုကို ညွှန်ပြနေသည်။
"သူက အချိန်လေဟာနယ် တားမြစ်နယ်မြေက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်လေ... ကောင်းကင်ဘုံတွေနဲ့ အသင်္ချေနယ်မြေတွေ တစ်ခုလုံးကို ကြည့်မယ်ဆိုရင် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ အဆင့်အတန်းက လုံးဝကို ထိပ်တန်းအဆင့်ပဲ..."
"အသင်္ချေသူတော်စင်မြို့က အဲ့ဒီတိုက်ပွဲမှာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ ကြောက်ဖို့ကောင်းတဲ့ ခွန်အားက သူနဲ့ သက်တူရွယ်တူတွေထက် ကျော်လွန်နေပြီဆိုတာကို ထည့်မပြောနဲ့အုံး... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ရဲ့ နောက်ကိုလိုက်ဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာက ငါတို့ရဲ့ နတ်ဘုရားသိုင်းဂိုဏ်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ..."
"ဒါပေမယ့်... ငါတို့ရဲ့ဘိုးဘေးက သူ မတက်လှမ်းခင်မှာ ငါတို့ရဲ့ နတ်ဘုရားသိုင်းဂိုဏ်းက လူတစ်ယောက်ရဲ့ နောက်ကိုပဲ လိုက်နိုင်ပြီး အဲ့ဒီလူက ရှောင်ယောင်မဟာမိတ်အဖွဲ့ ရဲ့ ဆက်ခံသူပဲ ဖြစ်ရမယ်လို့ အထူးတလည် ပြောခဲ့တယ်..."
"ဘိုးဘေးရဲ့ ဆက်ခံသူတွေအနေနဲ့ ငါတို့က ဘိုးဘေးရဲ့ ဆန္ဒကို အမွေမဆက်ခံနိုင်ဘူးဆိုရင် အဲ့ဒါက ငါတို့ရဲ့ မူလအစကို မေ့ပစ်တာနဲ့ ဘာကွာလို့လဲ..."
"မမေ့နဲ့အုံး... ရှောင်ယောင်မဟာမိတ်အဖွဲ့ရဲ့ ဆက်ခံသူ က လောကမှာ ပြန်ပေါ်လာပြီဆိုတဲ့ ကောလာဟလတွေ ကောင်းကင်ဘုံ တာအိုနယ်မြေမှာ ပျံ့နှံ့နေပြီ... မကြာခင်မှာပဲ ဒီဆက်ခံသူ အသစ်က ငါတို့ရဲ့ နတ်ဘုရားသိုင်းဂိုဏ်းကို ရောက်လာတော့မှာ..."
"ရယ်စရာပဲ... ရှောင်ယောင် မဟာမိတ်အဖွဲ့ ရဲ့ ဆက်ခံသူအသစ် ဆိုတာက ဘာလဲ... ပါရမီနဲ့ ခွန်အား အရဆိုရင် သူက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် နဲ့ ယှဉ်နိုင်မယ်လို့ ငါ မယုံဘူး..."
"..."
နတ်ဘုရားသိုင်းဂိုဏ်းမှ မရေမတွက်နိုင်သော အဆင့်မြင့်အကြီးအကဲများ တက်ကြွစွာ ဆွေးနွေးနေကြ၏။
အမြင့်ဆုံး စင်မြင့်ပေါ်တွင် ထိုင်နေသော နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်ထားပြီး စကားတစ်ခွန်းမှ မဟခဲ့ချေ။
ခုံးဝူတောက်ထံ အညံ့ခံရန် သူ ငြင်းဆန်ခဲ့သည့် အကြောင်းအရင်းမှာ သတင်းတချို့ကို သူ ရရှိထားသောကြောင့်လည်းဖြစ်သည်။
ရှောင်ယောင် မဟာမိတ်အဖွဲ့၏ ဆက်ခံသူ အသစ်သည် ဤနေရာသို့ အလျင်အမြန် ရောက်ရှိနေပြီဖြစ်ပြီး သူတို့၏ နတ်ဘုရားသိုင်းဂိုဏ်း ကို ဂုဏ်ကျက်သရေ ပြန်လည်ရရှိစေရန် ဦးဆောင်လိမ့်မည်ဟု ကောလာဟလများ ရှိနေပေ၏။
သူ ကလေးဘဝတုန်းက ရှောင်ယောင် မဟာမိတ်အဖွဲ့နှင့် တုန်လှုပ်ချောက်ချား အင်မော်တယ် အကြောင်း ဒဏ္ဍာရီလာ ပုံပြင်များစွာကို လူကြီးများ ပြောပြသည်အား သူ ကြားဖူးခဲ့သည်။
သူ့အတွက် တုန်လှုပ်ချောက်ချား အင်မော်တယ် သည် အမြင့်မြတ်ဆုံး ဒဏ္ဍာရီလာ ယုံကြည်မှု တစ်ခုပင်။
ကောင်းကင်ဘုံ တာအိုနယ်မြေမှ ထွက်ခွာခြင်း၊ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ ရှိ မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်များကို အနိုင်ယူခြင်း၊ ခေတ်တစ်ခု၏ ကံကြမ္မာကို ဆုပ်ကိုင်ခြင်းနှင့် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာရန် တာအိုကို သက်သေပြခြင်း...
နတ်ဘုရားသိုင်းဂိုဏ်းချုပ်၏အမြင်အရ ထိုကဲ့သို့သော ထူးချွန်ပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးက အသိအမှတ်ပြုသော ဆက်ခံသူ အသစ်သည် ခုံးဝူတောက်ထက် သိပ်မဆိုးသော သို့မဟုတ် ပို၍ပင် အားကောင်းသော ပါရမီနှင့်ခွန်အား ရှိပေလိမ့်မည်။
ထို့ကြောင့် သူသည် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်၏။
ရှောင်ယောင်မဟာမိတ်အဖွဲ့မှ ဆက်ခံသူ အသစ်၏ နောက်သို့ လိုက်ပါခြင်းက ပို၍တောက်ပသော အနာဂတ်တစ်ခု ရရှိလိမ့်မည်ဟု သူ လောင်းကြေးထပ်လိုက်သည်။
သို့သော် သူ့ကို ခေါင်းကိုက်စေခဲ့သည့်အရာမှာ...
နတ်ဘုရားသိုင်းဂိုဏ်းမှ လူအများစုက ခုံးဝူတောက်၏နောက်သို့ လိုက်ပါရန် အမှန်တကယ်ကို ထောက်ခံနေကြခြင်းပင်။
အကယ်၍ ဤရှောင်ယောင်မဟာမိတ်အဖွဲ့၏ ဆက်ခံသူအသစ် မကြာမီ ထွက်ပေါ်မလာပါက ဤကိစ္စကို ဖြေရှင်းရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။
သူ ဒုက္ခရောက်နေစဉ်မှာပင်...
ဝီ...
ပင်မခန်းမကြီး၏ အလယ်ဗဟိုတွင် မူလက တည်ရှိနေခဲ့သော နတ်ဘုရားရုပ်ထုသည် ရုတ်တရက် တောက်ပစွာ လင်းထိန်လာပြီး အရောင်ငါးမျိုးရှိသော အတိတ်နိမိတ်မင်္ဂလာ အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
ထိုကဲ့သို့ ရုတ်တရက် ပုံမှန်မဟုတ်သည့် အခြေအနေက ငြင်းခုံနေကြသော နတ်ဘုရားသိုင်းဂိုဏ်းမှ မရေမတွက်နိုင်သည့် အဆင့်မြင့် အကြီးအကဲများကို ချက်ချင်းမှင်သက်သွားစေခဲ့သည်။ သူတို့သည် နတ်ဘုရားရုပ်ထုဆီသို့ အလွန်အမင်း အံ့အားသင့်နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြတော့သည်။
"ဒါ... ဒါက... နတ်ဘုရားရုပ်ထု နိုးထလာတာပဲ... ဒဏ္ဍာရီက ပြန်ပြီးပေါ်ပေါက်လာတာပဲ... ငါတို့ရနတ်ဘုရားသိုင်းဂိုဏ်း စောင့်နေတဲ့လူက တကယ်ပဲ ထွက်ပေါ်လာတော့မှာလား..."
ဤ နတ်ဘုရားရုပ်ထု၏ အစစ်အမှန်ပုံစံမှာ အမှန်အားဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ယခင်ဘဝပင်။
နတ်ဘုရားသိုင်းဂိုဏ်း၏ ဘိုးဘေးသည် ရှောင်ယောင်မဟာမိတ်အဖွဲ့၏ အနာဂတ်ဆက်ခံသူ ကို အာရုံခံရန်အတွက် ကြီးမားသော နတ်ဘုရားစွမ်းရည်ဖြင့် ထိုကဲ့သို့ နတ်ဘုရားရုပ်ထုတစ်ခုကို ထွင်းထုခဲ့ခြင်းဖြစ်သည်။
ယခုအချိန်၌ နတ်ဘုရားရုပ်ထုတွင် သဘာဝလွန်ဖြစ်စဉ်တစ်ခု ရှိနေပြီဖြစ်ရာ ထိုအရာက သူတို့ စောင့်ဆိုင်းနေသော လူသည် ထွက်ပေါ်လာပြီဖြစ်ကြောင်း ဆိုလိုပေ၏။
နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် အနည်းငယ်မျှပင် မတုံ့ဆိုင်းခဲ့ဘဲ တခြားသူများနှင့် ချက်ချင်းပူးပေါင်းကာ နတ်ဘုရားရုပ်ထုထဲသို့ သူ၏ချီစွမ်းအားများကို ထည့်သွင်းလိုက်သည်။
ရှောင်ယောင် မဟာမိတ်အဖွဲ့၏ ဆက်ခံသူ အသစ်နှင့် အဆက်အသွယ်တစ်ခု တည်ဆောက်ရန်နှင့် သူ၏ တည်နေရာကို ရှာဖွေရန်အတွက် ထိုအရာကို အသုံးပြုရန် သူ ပြင်ဆင်လိုက်သည်။
..........
တစ်ချိန်တည်းမှာပင်...
နတ်ဘုရားသိုင်းဈေးတွင်...
"မင်းတို့ သေသင့်တဲ့ကောင်တွေ..."
ဈေးသည် အများအပြား၏ ဝိုင်းရံထားမှု အောက်တွင် သူ၏ ကောင်းကင်တိုင်အောင် မြင့်မားသော နည်းလမ်းများနှင့်ပင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကူကယ်ရာမဲ့နေပြီး အညိုအမည်းစွဲသည်အထိပင် အရိုက်ခံခဲ့ရသည်။
သူ၏ ယခင် ထူးကဲသောဟန်ပန်နှင့် နှိုင်းယှဉ်ပါက သူသည် ယခုအချိန်၌ ရယ်စရာကောင်းသော လူရွှင်တော်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
အလွန်အမင်း ဒေါသနှင့် အရှက်ရမှု အောက်တွင်...
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နတ်ဘုရားသိုင်းဂိုဏ်းကို ဆက်သွယ်ရန် သူ၏ ကိုးရောင်ခြယ် အင်မော်တယ်သွေးကို တိုက်ရိုက် လောင်ကျွမ်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ ယခင် အစောင့်အရှောက်ဖြစ်သော နတ်ဘုရားသိုင်းဂိုဏ်း၏ဘိုးဘေးသည် တစ်ချိန်က အထူးနည်းလမ်းများကို အသုံးပြု၍ သူ့အတွက် နတ်ဘုရားရုပ်ထုတစ်ခုကို ဖန်တီးပေးခဲ့ကြောင်း သူ သိထားသည်။
ထို့ပြင် ထိုနတ်ဘုရားရုပ်ထုအတွင်းတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ ချီစွမ်းအားတစ်မျှင်ကို ချန်ထားခဲ့သည်။
သူ ဝိုင်းရံခံထားရမှုမှ ဖောက်မထွက်နိုင်ကြောင်း သိထားသဖြင့် တုန်လှုပ်ချောက်ချား အင်မော်တယ်တွင် နတ်ဘုရားသိုင်းဂိုဏ်းအတွင်းရှိ နတ်ဘုရားရုပ်ထုနှင့် ပဲ့တင်ထပ်စေရန် သူ၏ အနှစ်သာရသွေးကို လောင်ကျွမ်းသည့် နည်းလမ်းအား အသုံးပြုရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
"ဒါက..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ခေါင်းမာစွာ ခုခံချင်နေသေးသည်ဟု ဈေးသည် အများအပြားက တွေးထင်ခဲ့ကြ၏။
သူ့ကို ဆက်လက်၍ ရိုက်နှက်ရန် ဟန်ပြင်လိုက်စဉ်မှာပင်...
သူတို့သည် ထိတ်လန့်ဖွယ်ရာတစ်ခုကို တွေ့ရှိလိုက်ရတော့သည်။
ရှုပ်ထွေးပြီး တောက်ပသော ဝင်္ကပါတစ်ခုသည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ရှေ့တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုဝင်္ကပါမှ ထွက်ပေါ်လာသော အရှိန်အဝါသည် နတ်ဘုရားသိုင်းဂိုဏ်း၏ ထူးခြားသော အရှိန်အဝါပင်။
အခန်း (၁၄၆) နတ်ဘုရားသိုင်းဂိုဏ်းက ဒီနေ့ ဖျက်ဆီးခံရလိမ့်မယ်... ငါ ခုလေးတင် ဆက်သွယ်လိုက်တဲ့ ကျောထောက်နောက်ခံက ပျောက်ကွယ်သွားပြီ
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဈေးသည် အများအပြား၏ မျက်နှာအမူအရာများ ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာ ပြောင်းလဲသွားကြ၏။
အစောပိုင်းက သူတို့သည် တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ရိုက်နှက်နေစဉ် သူက ဆက်တိုက်အော်ဟစ်နေခဲ့သည်။
"မင်းတို့ သေသင့်တဲ့ကောင်တွေ... နတ်ဘုရားသိုင်းဂိုဏ်းက လူတိုင်းက ငါ့ရဲ့လူတွေပဲ..."
"ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့လေ... မင်းတို့ သေချာပေါက် သေရလိမ့်မယ်..."
ဤမောက်မာပြီး အလွန်အကျွံ စိတ်ကူးယဉ်ဆန်သော စကားများက ဤဈေးသည်များကို မထီမဲ့မြင်ပြုစေခဲ့ပြီး သဘာဝကျကျပင် သူတို့က သူ့ကို ပို၍ပင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြ၏။
ဤတောသားလေးက နတ်ဘုရားသိုင်းဂိုဏ်းနှင့် အမှန်တကယ် အဆက်အသွယ် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ချေ။
"သခင်... ဒါတွေအားလုံး နားလည်မှုလွဲတာပါ..."
အခြေအနေ မကောင်းကြောင်း မြင်လိုက်ရသောအခါ ဈေးသည်အများအပြားက အတင်းအကြပ် ပြုံးပြလိုက်ကြသည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
"ဟမ့်... အခုမှ မင်းတို့ မှားတယ်ဆိုတာ သိသွားပြီလား... နောက်ကျသွားပြီ..."
"ဒီနေ့ မင်းတို့ အားလုံး သေရမယ်... အစောပိုင်းက ငါ ခံစားခဲ့ရတဲ့ အရှက်ခွဲခံရမှု အတွက် အဆတစ်ရာ အဆတစ်ထောင် ပြန်ဆပ်ခိုင်းမယ်..."
သူတို့ကို အပိုင်းပိုင်း ဆွဲဖြဲတော့မည့်အလား ဒေါသထွက်နေသော တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စကားများကို ကြားလိုက်ရသောအခါ ဈေးသည်အများအပြား၏ မျက်နှာများ ဖြူရော်သွားကြတော့သည်။
သူတို့ နောက်တစ်ကြိမ် အသနားခံရန် ပြင်လိုက်စဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါသံကြီးတစ်သံက ကောင်းကင်ဘုံကိုးလွှာ၏ အထက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုက တိမ်တိုက်များကို ဆွဲဖြဲပစ်လိုက်ပြီး နတ်ဘုရားသိုင်းမြို့တော် တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။
"အဲ့ဒါက..."
မြို့အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိများသည် ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရပြီး မသိစိတ်အရ မော့ကြည့်လိုက်ကြ၏။
သို့သော် ထို့နောက်တွင်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ သူတို့၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းကျဉ်းမြောင်းသွားပြီး သူတို့၏ မျက်နှာပေါ်၌ အလွန်အမင်း ထိတ်လန့်သောအမူအရာများ ထင်ဟပ်လာသည်။
ခရက်... ခရက်... ခရက်...
တိမ်ပင်လယ်ကြီးသည် မျက်စိဖြင့်မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြိုကွဲသွားပြီး ပေရာနှင့်ချီ ကြီးမားသော အင်မော်တယ်သင်္ဘောတစ်စင်းသည် လေထုကို ထိုးဖောက်ကာ ကောင်းကင်ဘုံကိုးလွှာ၏အထက် မြင့်မားသောနေရာတွင် မျောလွင့်နေသည်။
အင်မော်တယ်သင်္ဘောပေါ်တွင် အထက်ဘုံမှ ဆင်းသက်လာသော ကောင်းကင်နတ်ဘုရားများကဲ့သို့ စွမ်းအားကြီးမားသော ပုံရိပ်အများအပြား မတ်တတ်ရပ်နေကြ၏။
နတ်ဘုရားမြူခိုးများ ဖုံးကွယ်ထားသဖြင့် သူတို့၏ အစစ်အမှန် အသွင်အပြင်များကို သေချာစွာ မြင်တွေ့နိုင်ရန် ခက်ခဲလှသည်။
သို့သော် သေချာသည့်အရာမှာ ဤပုံရိပ်များ အားလုံးသည် အလွန်ငယ်ရွယ်ကြခြင်းပင်။
"အဲ့ဒါက... နတ်ဘုရားသားတော်အရှင် ဝူတောက်စီးတဲ့ သင်္ဘောပျံနဲ့ တူတယ်..."
ထိုအရာကို မှတ်မိသွားသော ကျင့်ကြံသူ တစ်ဦးက ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်သည်။
"အဲ့ဒီ လူငယ်တွေက အချိန်လေဟာနယ် တားမြစ်နယ်မြေက ပါရမီရှင်လူငယ်တွေ ဖြစ်ပုံရတယ်..."
လူတိုင်း အံ့အားသင့်ပြီး ထိတ်လန့်နေစဉ်မှာပင် ကောင်းကင်တာအို၏ ခမ်းနားသောစွမ်းအားရောယှက်နေသကဲ့သို့ အသံတစ်သံက နတ်ဘုရားသိုင်းမြို့တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"နတ်ဘုရားသိုင်းဂိုဏ်းက အရမ်းမောက်မာပြီးတော့ ကျေးဇူးတရားကို ဘယ်လို တန်ဖိုးထားရမလဲ ဆိုတာ မသိဘူး..."
"ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေ နတ်ဘုရားသားတော်အရှင်ရဲ့ သနားကရုဏာပြသမှုကို ငြင်းပယ်ခဲ့ရုံတင်မကဘူး...နတ်ဘုရားသားတော်အရှင်ရဲ့ ဆန့်ကျင်ဘက် အင်အားစုနဲ့ ပူးပေါင်းပြီး အရှင်ရဲ့ ရန်သူဖြစ်လာဖို့တောင် ရဲတင်းခဲ့တယ်..."
"ဒီနေ့ကစပြီး နတ်ဘုရားသိုင်းဂိုဏ်းက ဆက်ပြီးတည်ရှိနေဖို့ အကြောင်းပြချက် မရှိတော့ဘူး..."
"မသေချင်တဲ့သူတွေ... နတ်ဘုရားသိုင်းမြို့တော် ကနေ အခုချက်ချင်း ထွက်သွားကြစမ်း..."
နတ်ဘုရား အသံလှိုင်းများ ပျံ့နှံ့သွားပြီး နတ်ဘုရားသိုင်းမြို့တော်ရှိ ကျင့်ကြံသူ အားလုံး၏ နားထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားပေ၏။
ဤအသံကို ကြားလိုက်ရသော ကျင့်ကြံသူ များအားလုံး လုံးလုံးလျားလျား ဆွံ့အသွားကြတော့သည်။
နတ်ဘုရားသိုင်းဂိုဏ်းသည် ဤမျှထိ အလွန်အမင်း သတ္တိရှိနေသည်ဟု သူတို့ တွေးတောနေမိကြသည်။
နတ်ဘုရားသားတော်အရှင် ဝူတောက်၏ သနားကရုဏာပြသမှုကို ငြင်းပယ်ခဲ့ရုံသာမက သူတို့သည် သူ၏ရန်သူပင် ဖြစ်လာခဲ့သည်။
ဤကိစ္စက သူတို့ကို ထိတ်လန့်သွားစေခဲ့သော်လည်း လူအများစုမှာ သိပ်ပြီးစိတ်မပူကြချေ။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားသိုင်းဂိုဏ်း ၏ အခြေခံအုတ်မြစ်သည် ထူးကဲလှ၏။
ထိုဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ထိပ်သီးသူတော်စင်နန်းတော်ထက်ပင် များစွာသာလွန်နေပြီး ကောင်းကင်ဘုံတာအိုနယ်မြေ၏ ထိပ်တန်းသိုင်းတာအိုဂိုဏ်း ဖြစ်လာစေခဲ့သည်။
လွန်ခဲ့သော အချိန်တခဏက တခြားတာအိုနယ်မြေများမှ ပါရမီရှင် အများအပြားသည် သူတို့၏စွမ်းအားဖြင့် နတ်ဘုရားသိုင်းဂိုဏ်းကို ခြိမ်းခြောက်ရန် သို့မဟုတ် ဖျက်ဆီးရန် ကြိုးစားခဲ့ကြသော်လည်း သူတို့အားလုံး ကျရှုံးသွားခဲ့ကြသည်။
နတ်ဘုရားသားတော်အရှင် ဝူတောက်သည်လည်း နတ်ဘုရားသိုင်းဂိုဏ်းကို လှုပ်ရှားရန် ပြင်ဆင်နေလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားခဲ့ချေ။
နတ်ဘုရားသားတော်အရှင် ဝူတောက်၏ မကြာသေးမီက စွမ်းဆောင်ရည်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့ပေ၏။
ယခုအချိန်၌ နတ်ဘုရားသိုင်းဂိုဏ်းသည် အမှန်တကယ်ကို အန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိနေလေပြီ။
..........
"ဘာ... ဘာ..."
ဤအရာကို ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ် လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။
သူသည် ယခင်က သူ၏စိတ်ကျေနပ်နေသော မျက်နှာအမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ပြီး နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။
"အခု ဘာတွေ ဖြစ်နေတာလဲ..."
"ဘာလို့ ခုံးဝူတောက်က နတ်ဘုရားသိုင်းဂိုဏ်း ကို နောက်တစ်ကြိမ် လှုပ်ရှားဖို့ ရွေးချယ်လိုက်တာလဲ..."
သူ၏မှတ်ဉာဏ်ထဲတွင် နတ်ဘုရားသိုင်းဂိုဏ်း နှင့် ခုံးဝူတောက်တို့ကြား၌ မည်သည့်ရန်ငြိုးမျှ ရှိပုံမရချေ။
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသော ဈေးသည်အများအပြားသည် ရုတ်တရက် အသိပြန်ဝင်လာပြီး ချက်ချင်းပင် ကြီးမားသော ဝမ်းသာမှုများကို ပြသလိုက်ကြ၏။
"ဟားဟားဟား... ဒီအသုံးမကျတဲ့ ကောင်လေးက အရမ်းအံ့အားသင့်ဖို့ ကောင်းတယ်လို့ ငါ ထင်နေခဲ့တာ... အခုတော့ မင်းရဲ့ ကျောထောက်နောက်ခံက ပျောက်ကွယ်သွားတော့မယ်..."
"နတ်ဘုရားသိုင်းဂိုဏ်းက အားကောင်းပေမယ့် နတ်ဘုရားသားတော်အရှင် ဝူတောက်နဲ့ ရန်သူတွေဖြစ်ဖို့အထိ ကြောက်ရွံ့မှုကင်းပြီး ရဲတင်းနေကြတယ်ဆိုတော့... သူတို့က သေလမ်းရှာနေတာ ရှင်းနေတာပဲ..."
"လူတိုင်း... အတူတူ သွားကြစို့... ဒီကောင်က ခုဏက နတ်ဘုရားသိုင်းဂိုဏ်းက သူ့ရဲ့လူတွေလို့ ဆက်တိုက်ပြောနေခဲ့တာ... ဖြစ်နိုင်တာတော့ သူက နတ်ဘုရားသိုင်းဂိုဏ်းရဲ့ ထိပ်တန်းဆက်ခံသူ တစ်ယောက် ဖြစ်နေမလားပဲ..."
"တကယ်လို့ သူ့ကို ဖိနှိပ်ပြီး နတ်ဘုရားသားတော်အရှင်
ဝူတောက်ဆီကို တိုက်ရိုက်ခေါ်သွားမယ်ဆိုရင် ငါတို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် ဈေးသည် အများအပြား၏ ယခင်ကြောက်ရွံ့မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ထံသို့ လောဘတကြီး အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
အမှန်တကယ်ကိုပင်...
အစောပိုင်းက ဤကောင်သည် နတ်ဘုရားသိုင်းဂိုဏ်းက သူ၏လူများဟု ဆက်တိုက်ပြောဆိုနေခဲ့သည်။
ယခုအချိန်၌ နတ်ဘုရားသိုင်းဂိုဏ်းသည် ကြီးမားသော တားမြစ်ချက်တစ်ခုကို ချိုးဖောက်ပြီး နတ်ဘုရားသားတော်အရှင်ဝူတောက်ကို အမျက်ထွက်စေခဲ့ပြီဖြစ်ရာ သူတို့ လုံးလုံးလျားလျား ပြီးဆုံးသွားလေပြီ။
အကယ်၍ ဤကောင်စုတ်ကို သူတို့ ဖိနှိပ်ပြီး နတ်ဘုရားသားတော်အရှင် ဝူတောက်ထံသို့ ခေါ်သွားမည်ဆိုပါက သူတို့အတွက် တစ်ခုခု ရရှိမည်မှာ သေချာပေါက်ပင်။
"မင်းတို့..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဒေါသတကြီး အံ့ကြိတ်လိုက်၏။
သူ၏စိတ်ဓာတ်သည် တစ်ရက်တည်းတွင် သုံးကြိမ်တိုင်တိုင် ပြိုလဲပျက်စီးခဲ့ရလေပြီ။
ပထမဦးစွာ သူသည် ခုံးဝူတောက်၏ အစေခံမလေးထံမှ ဆင်းရဲသောကောင်ဟု အခေါ်ခံခဲ့ရသည်။ ထို့နောက် သူ၏အခွင့်အရေးများကို လုယူခြင်းခံခဲ့ရသည်။
နောက်ဆုံးတွင် ခုံးဝူတောက်၏အစေခံများထံမှ ပြင်းထန်စွာ လှည့်စားခြင်းကို သူ ခံခဲ့ရလေ၏။
ယခုအချိန်၌ သူသည် နတ်ဘုရားသိုင်းဂိုဏ်းနှင့် အဆက်အသွယ်တစ်ခုကို တည်ဆောက်နိုင်ခဲ့လေပြီ။
သူ နတ်ဘုရားသိုင်းဂိုဏ်း၏ တံခါးပေါက်ထဲသို့ပင် မဝင်ရသေးသော်လည်း ဂိုဏ်းသည် ပျောက်ကွယ်သွားတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"သေသင့်တဲ့ ခုံးဝူတောက်... တစ်နေ့ကျရင် မင်းကို ငါ အဆတစ်ရာလောက် ပြန်ဆပ်ခိုင်းမယ်..."
"ဟမ့်... ဒီတိရစ္ဆာန်လေးက နတ်ဘုရားသားတော်အရှင်ကို စော်ကားရဲတယ်ပေါ့လေ... ညီအစ်ကိုတို့... သွားကြစို့... သူ့ကို ခုတ်သတ်လိုက်..."
ဈေးသည်အများအပြားက ဒေါသတကြီး ကျိန်ဆဲလိုက်ကြပြီး တုန်လှုပ်ချောက်ချား အင်မော်တယ် ထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားကြတော့သည်။
..........
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ထိုကျွမ်းကျင်သူ၏အသံ ကျဆင်းသွားကာ နတ်ဘုရားသိုင်းမြို့တော်တစ်ခုလုံးသည် ဖျက်ဆီးလိုသော ဖိအားတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ထိုအရာနှစ်ခု ပေါင်းစပ်လိုက်သောအခါ မြို့တွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တိုက်ပွဲတွင် ပါဝင်ပတ်သက်ခြင်းမှ ရှောင်ရှားရန် နောက်ထပ် ဆက်မနေရဲကြတော့ဘဲ နတ်ဘုရားသိုင်းဂိုဏ်းအနီးရှိ ဧရိယာမှ အလျင်အမြန် ထွက်ခွာသွားကြ၏။
ဤကိစ္စတွင် ပါဝင်ပတ်သက်နေသော အင်အားစုဖြစ်သည့် နတ်ဘုရားသိုင်းဂိုဏ်းအတွက်မူ လုံးလုံးလျားလျား ဖရိုဖရဲ ဖြစ်နေလေပြီ။
နတ်ဘုရားသိုင်းဂိုဏ်းမှ မရေမတွက်နိုင်သော အဆင့်မြင့်အကြီးအကဲများ အလွန်အမင်း ထိတ်လန့်နေကြသည်။
"အခု ဘာတွေ ဖြစ်နေတာလဲ... ခုံးဝူတောက်ဆီ အညံ့ခံဖို့ ငါတို့ ငြင်းလိုက်ရုံပဲ မဟုတ်ဘူးလား... ဘယ်တုန်းက ငါတို့က သူ့ရဲ့ရန်သူ ဖြစ်သွားတာလဲ..."
"မင်းတို့ ခွေးမသားတွေကြောင့်ပဲ... နတ်ဘုရားသားတော်အရှင် ဝူတောက်ကို စော်ကားလို့ မရဘူးလို့ ငါ ပြောခဲ့တယ်လေ... အခု ကြည့်စမ်း... ဘေးအန္တရာယ်က ငါတို့ရဲ့ နတ်ဘုရားသိုင်းဂိုဏ်း ဆီကို ကျရောက်လာတော့မယ်..."
"တိတ်စမ်း..."
ဤအချိန်အခိုက်အတန့်တွင် အမြင့်ဆုံးနေရာရှိ နတ်ဘုရားသိုင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကျယ်လောင်သော အော်ငေါက်သံတစ်သံကို ထုတ်လွှတ်လိုက်ရာ အောက်ဘက်ရှိ ဆူညံသော ဆွေးနွေးမှုများကို ချက်ချင်းတိတ်ဆိတ်သွားစေခဲ့သည်။
သူသည် ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာအမူအရာ မှုန်ကုပ်နေကာ ပင်မခန်းမကြီးထဲမှ လျှောက်လှမ်းထွက်သွားတော့သည်။
"ခုလေးတင်က မင်းတို့အားလုံး မြင်တဲ့အတိုင်းပဲ... ငါတို့နတ်ဘုရားသိုင်းဂိုဏ်းက စောင့်နေတဲ့ လူ ပေါ်လာပြီ..."
"ခုံးဝူတောက်ရဲ့ ကြေညာချက်က ငါတို့ နတ်ဘုရားသိုင်းဂိုဏ်းကို အညံ့ခံခိုင်းဖို့ ကြိုးစားနေတာ သေချာတယ်..."
"ဒါပေမယ့် မမေ့နဲ့... ငါတို့ရဲ့ နတ်ဘုရားသိုင်းဂိုဏ်းက ဘာပဲဖြစ်ဖြစ် ဒီကောင်းကင်ဘုံ တာအိုနယ်မြေမှာ ထိပ်တန်းအင်အားစုတစ်ခုပဲ... ဘာလို့ ငါတို့က ခုံးဝူတောက်ကို ဒီလောက်တောင် ကြောက်နေရမှာလဲ..."
နတ်ဘုရားသိုင်းဂိုဏ်း၏ဂိုဏ်းချုပ်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။
"ဒါ့ပြင် ရှောင်ယောင်မဟာမိတ်အဖွဲ့ရဲ့ ဆက်ခံသူ က ပေါ်လာပြီလေ... သူ့ရဲ့ အကူအညီနဲ့ဆိုရင် ခုံးဝူတောက်တို့ အဖွဲ့ကို ကိုင်တွယ်ဖို့က ကြီးမားတဲ့ ပြဿနာတစ်ခု မဖြစ်သင့်ဘူး..."
မည်သို့ပင်ဆိုစေကာမူ ရှောင်ယောင်မဟာမိတ်အဖွဲ့ သည် ထိုကြီးမြတ်သော ပုဂ္ဂိုလ်ကြီး ဖန်တီးခဲ့သည့် အင်အားစုတစ်ခုမျှသာ မဟုတ်ချေ။
ထိုကြီးမြတ်သော ပုဂ္ဂိုလ်ကြီးသည် သူတို့၏ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ကောင်းကင်တာအိုနှင့် ထူးကဲသော ဆက်ဆံရေး တစ်ခု ရှိသည်ဟူသော ကောလာဟလများပင် ရှိနေပေ၏။
ရှောင်ယောင် မဟာမိတ်အဖွဲ့ ၏ ဆက်ခံသူ အသစ်အနေဖြင့် သူသည် ကောင်းကင်တာအို နှင့် နက်ရှိုင်းသော အဆက်အသွယ် တစ်ခုလည်း ရှိနေပေသည်။
သူတို့ကို ဤအခက်အခဲမှ ကျော်လွှားနိုင်ရန် ကူညီပေးခြင်းက ကြီးမားသော ပြဿနာ တစ်ခု မဖြစ်သင့်ချေ။
သို့သော် စိတ်ကူးယဉ်မှုများသည် လှပပြီး လက်တွေ့ဘဝသည် ရက်စက်လှ၏။
သူတို့၏မျှော်လင့်ချက်အဖြစ် သူတို့ သတ်မှတ်ထားသော တုန်လှုပ်ချောက်ချား အင်မော်တယ် သည် လက်ရှိတွင် နတ်ဘုရားဘုရင်နယ်ပယ် ဈေးသည်အုပ်စုကြီးတစ်ခု၏ ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရသည်။
သူ့ကိုယ်သူ ကာကွယ်ရန်ပင် ရုန်းကန်နေရပြီဖြစ်ရာ သူတို့ကို ဂရုစိုက်ရန် အားလပ်ချိန် ရှိနိုင်တော့မည် မဟုတ်ချေ။