အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁ - ငါ့ဆီမှာ ရှိတယ် တာအိုရောင်းရင်း... ငါ့ဆီမှာ ရှိတယ်...
မြောင်ယင်ခန်းမဆောင်....
ကြိုးတပ်တူရိယာများနှင့် လေမှုတ်တူရိယာများ၏ မှေးမှိန်သောအသံများ ပျံ့လွင့်နေပြီး လေထုထဲတွင် ရေမွှေးနှင့်မျက်နှာချေများ၏ စူးရှသောရနံ့များ ပြည့်နှက်နေသည်။
အဆင့်မြင့် သီးသန့်ခန်း တစ်ခန်းအတွင်း၌....
"ဒါက ခင်ဗျား နေတဲ့နေရာလား..."
စူးချန်ကဲက ကုလားထိုင်တစ်လုံးကို ရှာပြီး ထိုင်လိုက်ကာ လီဖိုကျွင်းကို ထူးဆန်းစွာ ကြည့်လိုက်၏။
သူ၏စကားမဆုံးမီမှာပင် နူးညံ့သော ရနံ့သင်းသင်းလေးတစ်ခုက သူ၏နားအနီးသို့ ပျံ့လွင့်လာခဲ့သည်။
"စီနီယာအစ်ကို..."
ထုယိုယိုက ဘယ်အချိန်ကမှန်းမသိရဘဲ အနားသို့ ရောက်လာပြီး သူမ၏မီးခိုးပြာရောင် မျက်လုံးများက နောက်ပြောင်ကျီစယ်ချင်စိတ်ဖြင့် တောက်ပနေသည်။ သူမ၏သွယ်လျသော လက်ချောင်းများက သူမ၏ နှုတ်ခမ်းများကို ခပ်ဖွဖွ အုပ်ထားပြီး သူမ၏နှိမ့်ထားသော အသံက ချိတ်ငယ်လေးတစ်ခုအလား ညှို့ငင်နေသည်။
"ဂျူနီယာညီမလေး ခုဏက အပေါ်ထပ်ကို တက်လာတုန်းက တကယ့်ကို လှပတဲ့ ခန္ဓာကိုယ်ရှိတဲ့ အစ်မကြီးတချို့ကို တွေ့ခဲ့တယ်..."
စကားပြောနေစဉ် သူမက သူမ၏ ရင်ဘတ်ကို ကော့လိုက်ရာ သူမ၏ ဂုဏ်ယူဖွယ် ကောက်ကြောင်းများမှာ ထိုလှုပ်ရှားမှုနှင့်အတူ အနည်းငယ် တုန်ခါသွားပြီး သူမ၏ လေသံတွင် ကျေနပ်မှု အရိပ်အယောင်တစ်ရပ် ပါဝင်နေလေ၏။
"ဒါပေမဲ့... အင်း... သူတို့က ကျွန်မထက် နည်းနည်းတော့ နိမ့်ကျနေသေးတယ်... တကယ်လို့ စီနီယာအစ်ကိုက သူတို့ကို သဘောကျရင် စီနီယာအစ်ကို့ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ ကျွန်မက သူတို့ကို သွားခေါ်ပေးရမလား..."
မြေခွေးမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သူမထံတွင် မွေးရာပါ ဆွဲဆောင်မှု ရှိနေသည်။ ဤအချိန်၌ သူမ၏ပြောင်းလဲနေသော အကြည့်က ညှို့ငင်နိုင်သော ဆွဲဆောင်မှုတစ်ခုကို သဘာဝကျကျ ထုတ်လွှတ်နေသော်လည်း သူမ၏ အမူအရာမှာ အပြစ်ကင်းပြီး နောက်ပြောင်ချင်စိတ်များ ထင်ဟပ်နေသည်။ ထိုကြောင့် သူမသည် အမှန်တကယ် နောက်ပြောင်နေခြင်းလော သို့မဟုတ် တမင်သက်သက် မြူဆွယ်နေခြင်းလော ဆိုသည်ကို ခွဲခြားသိရှိရန် မဖြစ်နိုင်ပေ။
နတ်ဆိုးမျိုးနွယ်စုမှာ ယေဘုယျအားဖြင့် ပို၍ ပွင့်လင်းကြပြီး အထူးသဖြင့် မြေခွေးမျိုးနွယ်စုသည် သာမန်လူ့လောကရှိ ဤကဲ့သို့သော ပျော်ရွှင်မှု ရှာဖွေရာ နေရာများအကြောင်းကို အတော်လေး သိရှိထားကြလေ၏။ သူမက ဤနေရာသည် မည်သို့သော နေရာမျိုးဖြစ်သည်ကို သိရှိနေခြင်းမှာ ပုံမှန်ပင်။
စူးချန်ကဲက ထုယိုယိုကို မျက်လုံးလှန်ကြည့်လိုက်၏။ ဤကောင်မလေးက တကယ်ကို ရဲတင်းလာပြီဖြစ်ကာ ယခု သူ့ကိုပင် နောက်ပြောင်ရဲနေပြီလောဟု သူ တွေးလိုက်သည်။
သို့ရာတွင် သူ့ထံ၌ မည်သို့သော အကြိုက်မျိုး ရှိနေနိုင်မည်နည်း။
ကံကြမ္မာသမီးတော် သုံးယောက်ကို နေ့တိုင်း စိုက်ကြည့်နေရခြင်းက သူ့ကို ထုံကျင်သွားစေခဲ့ပြီးဖြစ်သည်။ ဤသာမန်မျက်နှာချေလိမ်းထားသော အမျိုးသမီးများက သူ၏မျက်လုံးကိုပင် မဖမ်းစားနိုင်ပေ။
လီဖိုကျွင်းက သူ၏ မျက်နှာချင်းဆိုင်တွင် မတ်မတ်ထိုင်နေပြီး လေးနက်စွာ ပြောလိုက်၏။
"တာအိုရောင်းရင်းစူး... ခင်ဗျား မသိလောက်ဘူး... ဒီကျယ်ပြောလှတဲ့ သာမန်လူ့လောကြီးက တာအိုနှလုံးသားကို သွေးဖို့အတွက် အကောင်းဆုံး နေရာပဲ... တကယ်တော့ ငါက ငါ့ရဲ့ တာအိုနှလုံးသားကို ထက်မြက်အောင် လုပ်ဖို့နဲ့ 'သစ်ရွက်တစ်ရွက်တောင် ခန္ဓာကိုယ်မှာ မကပ်ငြိဘူး' ဆိုတဲ့ အမြင့်ဆုံး နယ်ပယ်ကို လိုက်စားဖို့ ဒီကို ရောက်နေတာပါ..."
သူ အနည်းငယ် ရပ်တန့်လိုက်ပြီး လျှို့ဝှက်သော လေသံဖြင့် သူ၏အသံကို နှိမ့်ကာ ပြောဆိုလိုက်သည်။
"ဒါ့ပြင် ဒီက ဆိုင်ရှင်က ငါ့ရဲ့ဝေးကွာတဲ့ ညီဝမ်းကွဲရဲ့ တူမလေးလေ... သူက ငါတို့လူပဲ... ငါတို့ကို အတွင်းဈေးနဲ့ ပေးတယ်... ပြီးတော့ အရာအားလုံးက လုံးဝတရားဝင်တယ်..."
စူးချန်ကဲ၏ အမူအရာ ပြောင်းလဲမသွားသည်ကို မြင်သောအခါ သူက အရေးအကြီးဆုံး အချက်ကို အလျင်အမြန် ထပ်ဖြည့်ပြောလိုက်၏။
"ဒါ့ပြင် လူတွေ အမြဲတမ်း ဝင်ထွက်နေတဲ့ ဒီလို ပျော်ရွှင်မှု ရှာဖွေတဲ့နေရာတွေက တခြားနေရာတွေထက် တကယ်တော့ ပိုပြီးသတိထားမိဖို့ ခက်ခဲပြီး ပိုပြီးလုံခြုံတယ်... ပြီးတော့ ဒီအခန်းထဲမှာ သီးခြားဝင်္ကပါတွေ အများအပြားကို ငါ တပ်ဆင်ထားတယ်... ဒါကြောင့် ငါတို့ရဲ့ စကားပြောဆိုမှုက လုံးဝလုံခြုံတယ်..."
လီဖိုကျွင်း၏ ရှင်းပြချက်ကို ကြားပြီးနောက် စူးချန်ကဲက 'ဒီတစ်ကြိမ်တော့ မင်းကို ငါ ယုံလိုက်မယ်' ဟု ဆိုလိုသည့် အမူအရာကို ပြသကာ ပြောဆိုလိုက်သည်။
"ကောင်းပြီလေ... အဓိက အလုပ်ကိစ္စအကြောင်း ပြောကြရအောင်..."
လီဖိုကျွင်းက ခေါင်းစောင်းကာ အခန်းကို သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေသော ထုယိုယိုကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်မျှသာ တွန့်ဆုတ်ပြီးနောက် အပျက်အစီးများနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် အပြည့်အစုံကို ထုတ်ဖော်ပြောပြသည်။
"မင်းပြောချင်တာက ဒီနေရာက ကျဆုံးသွားတဲ့ နတ်ဆိုးသူတော်စင်တစ်ပါးရဲ့ နားခိုတဲ့ နေရာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းကို လျှို့ဝှက်နယ်မြေ တစ်ခုထဲမှာ မင်း ရခဲ့တယ်ပေါ့..."
စူးချန်ကဲက စားပွဲကို သူ၏လက်ချောင်းထိပ်ဖြင့် ခပ်ဖွဖွ ခေါက်ရင်း တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"အတိအကျပဲ..."
လီဖိုကျွင်းက လေးနက်သော အမူအရာဖြင့် အားပါးတရ ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်၏။
"လက်ရှိ ယွမ်ယန်နယ်မြေမှာ 'သူတော်စင်နယ်ပယ်' ဆိုတဲ့ စကားလုံးရဲ့ အရေးပါမှုကို တာအိုရောင်းရင်း သိသင့်ပါတယ်..."
ရှေးခေတ်ကာလများတွင် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများမှာ အလွန် ရှားပါးလှပြီး နောက်ပိုင်းတွင် သူတို့အားလုံးနီးပါး စိတ်ဝိညာဉ်နယ်မြေသို့ သွားခဲ့ကြသည်။ ယနေ့ခေတ်တွင် နတ်ဘုရားမီးတောက်နယ်ပယ်ကို ယွမ်ယန်နယ်မြေ၌ အမြင့်မားဆုံးကျင့်ကြံဆင့်နယ်ပယ်အဖြစ် သတ်မှတ်ထားသည်။
နတ်ဆိုးမျိုးနွယ်စုမှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် တိကျသော နယ်ပယ်တစ်ခုသို့ ကျင့်ကြံရောက်ရှိသွားသောအခါ သူတို့သည် အတွင်းပိုင်း ဟင်းလင်းပြင်တစ်ခုကို ဖွင့်လှစ်နိုင်ပေသည်။ သူတို့သည် အရေးကြီးသော ရတနာများကို သူတို့၏ခန္ဓာကိုယ်တွင် အမြဲတမ်း သယ်ဆောင်ထားလေ့ရှိရာ နတ်ဆိုးသူတော်စင် တစ်ပါး နားခိုသောနေရာမှာ တွက်ချက်၍မရနိုင်သော တန်ဖိုးရှိကြောင်း ဆိုလိုသည်။
စူးချန်ကဲက ပါးစပ်ကိုဖွင့်ဟကာ ထပ်မံ၍ မေးမြန်းလိုက်၏။
"ဒီအချက်အလက်က အစစ်အမှန်ဆိုတာ မင်း သေချာပြောနိုင်လား..."
အမှန်အားဖြင့် ဤကိစ္စသည် ရာနှုန်းပြည့် မှန်ကန်ကြောင်းကို သူ သေချာနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ကံကြမ္မာသမီးတော်သည် မည်သည့်အချိန်မျှ အလဟဿ ခရီးစဉ်တစ်ခုကို မပြုလုပ်ဆိုသည့် မူအရနှင့် ထုယိုယိုသည် နတ်ဆိုးမျိုးနွယ်စုဝင် တစ်ဦးဖြစ်ခြင်းကြောင့် ဤအပျက်အစီးများမှာ သူမအတွက် အထူးဖန်တီးထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
အပျက်အစီးများနှင့် ပတ်သက်သော သတင်းကို တခြားလူများ သိရှိနေခြင်းနှင့် ပတ်သက်၍မူ ဤသည်မှာ အမှန်အားဖြင့် ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ရပ်ပင်။ ကံကြမ္မာဇာတ်လိုက်တစ်ဦးသည် လျှို့ဝှက်နယ်မြေ တစ်ခုထဲသို့ သူတစ်ယောက်တည်း ဝင်သွားသည်ကို မြင်ဖူးပါသလော။
အနောက်မှ လိုက်ပါလာသော အရန် ဇာတ်ကောင်တချို့ကမူ အမြဲတစေ ရှိနေပေမည်။
သူ၏နံဘေးတွင် ထိုင်နေသော ထုယိုယိုသည် ထူးခြားသော အာရုံစူးစိုက်မှုဖြင့် နားထောင်နေပြီး သူမ၏ မီးခိုးပြာရောင် မျက်လုံးများ တောက်ပနေပေသည်။
လီဖိုကျွင်း ပြန်မဖြေနိုင်မီမှာပင် သူမက ချက်ချင်းလက်ထောင်ကာ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
"ကျွန်မ... ကျွန်မ... ကျွန်မ သိတယ်... အဲ့ဒါက လျိုယွမ်မြို့ အပြင်ဘက်က ယွမ်မန်ရွှံ့နွံတော အောက်မှာ ရှိတာလေ... စီနီယာအစ်ကို... မြန်မြန် သွားကြရအောင်..."
သူမ မည်သို့မသိဘဲ နေနိုင်မည်နည်း။ ထိုလူသည် သူမတို့မျိုးနွယ်စုမှဘိုးဘေး၏ ဘိုးဘေးကြီးပင်။
အကယ်၍ လူသားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုကြားရှိ အဆက်မပြတ် သွေးကွဲမှုများသာ မရှိပါက ချင်းချိုးသည် လူများကို စေလွှတ်ထားခဲ့သည်မှာ အချိန်ကြာမြင့်ပြီး ဖြစ်ပေလိမ့်မည်။
သူမ တိတ်တဆိတ် ထွက်ပြေးလာရသည့် အကြောင်းအရင်းမှာ သာမန်သေမျိုးလောက၏ ကြီးပွားတိုးတက်မှုကို မြင်တွေ့ရခြင်းအပြင် အကြွင်းအကျန်များကို ချင်းချိုးသို့ ပြန်လည် ယူဆောင်လာရန်ဟူသော ဘိုးဘေးတစ်ဦး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်လည်းဖြစ်သည်။
"ဟင်... မင်းလည်း ဒီပုံပြင်ကို ကြားဖူးတာလား..."
လီဖိုကျွင်းက ထုယိုယိုကို အလွန်အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
သူမလည်း ထိုအရာကို ကြားဖူးသလော....
သေလုမျောပါး အတွေ့အကြုံတစ်ခုပြီးမှသာ ရရှိခဲ့သော ဤအချက်အလက်ကို သီးသန့် လျှို့ဝှက်ချက်တစ်ခုအဖြစ် သူ သတ်မှတ်ထားခဲ့သည်။
စူးချန်ကဲကမူ ထုယိုယိုကို ကူကယ်ရာမဲ့သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။
အစ်မကြီး... မင်းက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်လေ... ကျေးဇူးပြုပြီး နည်းနည်းပိုသတိထားပြီး ဦးနှောက်လေးသုံးလို့ မရနိုင်ဘူးလား....
သူ၏စိတ်ထဲမှ တွေးတောလိုက်သည်။
မူလက သူ ဆက်လက်၍ မေးခွန်းထုတ်ချင်ခဲ့သော်လည်း သူ၏လူကိုယ်တိုင်က အတည်ပြုပေးလိုက်ပြီဖြစ်ရာ သူ ဘာထပ်ပြောနိုင်တော့မည်နည်း။
ချက်ချင်းပင် စူးချန်ကဲက လီဖိုကျွင်းကို ကြည့်ကာ ထပ်မံ၍ မေးလိုက်၏။
"မင်းပြောတာ မှန်တယ်ဆိုရင်တောင်... ဒီနှစ်တွေတလျှောက်လုံးမှာ ဘယ်သူမှ သတိမထားမိခဲ့ဘူးဆိုရင် ဝင်ပေါက်ကို ရှာတွေ့ပြီး အထဲဝင်ဖို့ မင်းမှာ ဘယ်လို နည်းလမ်း ရှိလို့လဲ..."
"ဟဲ ဟဲ..."
လီဖိုကျွင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး သူက ယုံကြည်မှုရှိစွာ ပြောဆိုသည်။
"တကယ်လို့ ငါသာ မပြင်ဆင်ထားဘူးဆိုရင် တာအိုရောင်းရင်းကို ငါနဲ့အတူ ပူးပေါင်းကြံစည်ဖို့ ဘယ်လိုလုပ်ပြီး ဖိတ်ခေါ်ရဲမှာလဲ... အပျက်အစီးဝင်ပေါက်က မကြာခင် သေချာပေါက် ပွင့်လာတော့မယ်ဆိုတာကို အထူးလမ်းကြောင်းတွေကနေ ငါ သိထားတယ်... တိကျတဲ့နေ့ရက်ကိုတော့ငါ သေချာမသိဘူး...ဒါက မနက်ဖြန် ဖြစ်နိုင်တယ်... ဒါမှမဟုတ် သန်ဘက်ခါ ဖြစ်နိုင်တယ်....ဒါပေမဲ့ တစ်လထက်တော့ လုံးဝမကျော်လွန်ဘူး..."
အကယ်၍ ဤကိစ္စအတွက်သာ မဟုတ်ပါက ထို နတ်ဆိုးမျိုးနွယ်စု အဖိုးအို၏ တိုက်ခိုက်ခြင်းကို ခံရပြီး သူ မည်သို့ သေလုနီးပါး ဖြစ်ခဲ့ရမည်နည်း။
စူးချန်ကဲက လီဖိုကျွင်းကို အနည်းငယ် အံ့အားသင့်စွာကြည့်ပြီး မေးမြန်းလိုက်၏။
"ဒါဆို မင်းက ဘာလိုချင်လို့ ငါ့ကို လာရှာတာလဲ..."
တစ်ဖက်လူသည် သတင်းကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို သူ မသိသော်လည်း သူက လက်ဦးမှုကို ရယူထားပြီးပြီဖြစ်ရာ တိတ်တဆိတ် ကြီးပွားရေးလမ်းစဉ်ကို ဖော်ဆောင်နေသင့်သည် မဟုတ်လော....
အထူးသဖြင့် သူကဲ့သို့ လိမ္မာပါးနပ်သူ တစ်ဦးအတွက်ပင်။
"ရိုးရိုးသားသား ပြောရရင် ဒါက ထိုက်ချင် လက်ဖက်ရည်ပွဲနဲ့ တိုက်ဆိုင်နေတယ်... တကယ်လို့ အပျက်အစီးနယ်မြေ ပွင့်လာရင် ဆူပူအုံကြွမှုက သေချာပေါက် ကြီးမားလာမှာဖြစ်ပြီးတော့ ကျွမ်းကျင်သူတွေ စုဝေးလာကြလိမ့်မယ်... ဒါကြောင့် တာအိုရောင်းရင်းနဲ့ မဟာမိတ်ဖွဲ့ချင်လို့ပါ..."
လီဖိုကျွင်းက ရိုးသားစွာ ပြောလိုက်သော်လည်း သူ၏စိတ်အတွင်းထဲ၌ အလွန်အမင်း စိတ်ဆင်းရဲနေခဲ့လေ၏။
ဤသည်က တကယ်ကို သောက်ကျိုးနည်း ပြဿနာကြီးပင်။
ထိုအရာက ဤသောက်ရေးမပါသည့် ထိုက်ချင် လက်ဖက်ရည်ပွဲ ကာလအတွင်း၌ ဖြစ်ပွားလာခဲ့သည်။ ဤနေရာ၌ ကျွမ်းကျင်သူအမြောက်အများ စုဝေးနေကြသဖြင့် ပြောင်းလဲနိုင်သော အခြေအနေများမှာ အလွန်များပြားလွန်းလှသည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ဤနှစ်များတလျှောက် ကျဆင်းသွားခဲ့ပြီး သူ၏ ယခင်မိတ်ဆွေများကလည်း သူ့ကို ဝေးဝေးရှောင်နေခဲ့ကြကာ လူ့သဘာဝကို သူ မြင်တွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်သဖြင့် တခြားမည်သူ့ကိုမျှ သူ မယုံကြည်တော့ချေ။
စူးချန်ကဲကို သူ ရွေးချယ်ရခြင်း အကြောင်းအရင်းမှာ ရိုးရှင်းပေ၏။ ဤလူငယ်လေးသည် အကန့်အသတ်မရှိသော အလားအလာများရှိသည့် ပါရမီရှင်ရှင်တစ်ဦးပင်။ အကယ်၍ သူက စူးချန်ကဲအတွက် လမ်းခင်းပေးသူ ဖြစ်သွားခဲ့လျှင်ပင် ဤကဲ့သို့ လူတစ်ဦးအပေါ် ရင်းနှီးမြှုပ်နှံခြင်းက သေချာပေါက် အမြတ်ရမည့် ကိစ္စပင်။
ထို့ပြင် စူးချန်ကဲသည် ကောင်းကင်လှိုဏ်ဂူနယ်ပယ် ဂျူနီယာညီမလေးတစ်ဦးအတွက် လူအများအပြားကို စော်ကားရန် လိုလားသူဖြစ်ရာ ရေစီးကြောင်းအတိုင်း လိုက်ပါသူများထက် သူက များစွာသာလွန်ကြောင်း ပြသနေသည်။
စူးချန်ကဲက ချက်ချင်း သဘောမတူခဲ့ဘဲ သူ စဉ်းစားအုံးမည်ဟုသာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး ထုယိုယိုနှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
ဤသည်ကို မြင်သောအခါ လီဖိုကျွင်းက အလျင်အမြန် ထပ်ပြောလိုက်သည်။
"တကယ်လို့ တာအိုရောင်းရင်းကလည်း မနက်ဖြန် ကျင်းပမယ့် ထိုက်ချင် လက်ဖက်ရည်ပွဲကို တက်ရောက်မယ်ဆိုရင် ငါ ပြောခဲ့တာတွေ အားလုံး မှန်ကန်တယ်ဆိုတာကို သက်သေပြဖို့ ငါ့မှာ နည်းလမ်း ရှိပါတယ်..."
စူးချန်ကဲက သူ့ကို မယုံကြည်ဟု သူ တွေးထင်ခဲ့သည်။
"ခဏလေး..."
လီဖိုကျွင်းက စူးချန်ကဲကို တားရန် လက်ဆန့်ထုတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် နွေးထွေး၍ စိတ်အားထက်သန်သော အပြုံးတစ်ခု ချက်ချင်းထွက်ပေါ်လာကာ အနီးသို့ ချဥ်းကပ်လာပြီး ပြောဆိုလိုက်၏။
"တာအိုရောင်းရင်းက ဒီညအတွက် တည်းခိုစရာ နေရာ မရှာရသေးဘူး မဟုတ်လား..."
စူးချန်ကဲက သူ၏ မြှောက်ပင့်ဖားယားနေသော အမူအရာကို ကြည့်ကာ တခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
"မရှာရသေးဘူး..."
"ဒါဆို ကောင်းတာပေါ့...တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ငါ့ကိုသာ လွှဲထားလိုက်ပါ... မင်း စိတ်ကျေနပ်စေရမယ်လို့ ငါ အာမခံပါတယ်..." လီဖိုကျွင်းက ယုံကြည်မှုရှိစွာဖြင့် သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီးနောက် သူ၏ အသံကို နှိမ့်ကာ စူးချန်ကဲ၏နားအနီးသို့ကပ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"တကယ်လို့ တာအိုရောင်းရင်းက အလေးအနက်ထားပြီး စိတ်လှုပ်ရှားမှုတချို့ကို လုပ်ချင်တယ်ဆိုရင်လည်း ငါ စီစဉ်ပေးနိုင်တယ်..."
"..."
စူးချန်ကဲ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
စူးချန်ကဲ၏အမူအရာကို မြင်သောအခါ လီဖိုကျွင်းက ချက်ချင်း သူ၏စကားကို ပြန်ပြင်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ တာအိုရောင်းရင်း... တကယ်လို့ မင်းက သာမန်နည်းလမ်းကို မကြိုက်ဘူးဆိုရင် ငါတို့ဆီမှာ သန့်စင်တဲ့အရာတွေလည်း ရှိပါတယ်...အချစ်ရေး ဂီတ စစ်တုရင် လက်ရေးလှနဲ့ ပန်းချီ... ငါတို့ဆီမှာ အကုန်ရှိပါတယ်..."
သို့ရာတွင် စူးချန်ကဲက ငြင်းဆန်လိုနေဆဲပင်။
လီဖိုကျွင်းက အလျင်အမြန် ပြောလိုက်၏။
"တာအိုရောင်းရင်း... မြန်မြန်ကြီး မငြင်းလိုက်ပါနဲ့အုံး... ထိုက်ချင်လက်ဖက်ရည်ပွဲက နီးကပ်နေပြီမို့လို့ မြို့ထဲမှာရှိတဲ့ နည်းနည်းကောင်းတဲ့ တည်းခိုခန်းအားလုံးက လူပြည့်နေပြီ... ဝေးလံခေါင်ဖျားတဲ့ နေရာတွေက တည်းခိုခန်းတွေကျတော့လည်း အရည်အသွေးက ဖော်ပြဖို့ ခက်ခဲပြီးတော့ ညဘက်နံရံတွေကတဆင့် ကြားရတဲ့ အသံတွေကလည်း အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ 'ဟဲ ဟဲ'အသံတွေ အဆက်မပြတ် ထွက်နေတာပါ... တာအိုရောင်းရင်းက ဂျူနီယာညီမလေးကို ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဒုက္ခမရောက်စေချင်ဘူး မဟုတ်လား..."
စူးချန်ကဲက သူ၏ဘေးတွင် သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေသော ထုယိုယိုကို တစ်ချက်ကြည့်ကာ တခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"မင်းဆီမှာ နည်းနည်း ပိုတိတ်ဆိတ်တဲ့ နေရာ ရှိလား... တခြား ဘာမှ မလိုဘူး..."
"ငါ့ဆီမှာ ရှိတယ် တာအိုရောင်းရင်း... ငါ့ဆီမှာ ရှိတယ်..."
လီဖိုကျွင်းက တံခါးကို တွန်းဖွင့်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်၏။
"အပေါ်ထပ်က သီးသန့်ခန်း တစ်ခန်းကို ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်အတွက် ပြင်လိုက်စမ်း..."
အခန်း ၄၂:အင်မော်တယ် နန်းတော်မှ ရွှီယွီ
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စူးချန်ကဲ၏မျက်ခွံများ လှုပ်ရှားသွားပြီး သူ့၌ နိမိတ်မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် မွှေးပျံ့သော လေပြေတစ်ရပ်က သူ၏မျက်နှာကို လာရောက်ပွတ်တိုက်သွားပြီး ကျောက်စိမ်း အဆင်တန်ဆာများ၏ တချွင်ချွင် မြည်သံများနှင့်အတူ ရောယှက်နေခဲ့သည်။
ကျက်သရေရှိသော ကိုယ်ဟန်နေအထားများဖြင့် လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီး အများအပြားသည် ချက်ချင်းပင် တံခါးဝသို့ အုံခဲရောက်ရှိလာကြ၏။ သူမတို့၏ မျက်လုံးများက တောက်ပနေကာ စူးချန်ကဲကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည့်အလား စူးစိုက်၍ ကြည့်နေကြသည်။
"ငါ နင့်ကို မပြောခဲ့ဘူးလား... သူက အရမ်းကို ချောတယ် မဟုတ်လား..."
"အင်း... အင်း... သူက တကယ်ပဲ... ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ အသွင်အပြင် ရှိတာပဲ..."
"အိုး ဘုရားရေ... ဒီလို ယောကျာ်းမျိုးအတွက်ဆိုရင် ငါ့ကို အလကား ပိုင်ဆိုင်ခွင့် ပေးဖို့တောင် ငါ ဆန္ဒရှိတယ်..."
"ငါ... ငါက သူ့ကို ပိုက်ဆံတောင် ပေးအုံးမယ်..."
"အိပ်မက်မက်နေတာ ရပ်လိုက်တော့... သူ့ရဲ့ဘေးက ကောင်မလေးကို နင် မမြင်ဘူးလား... ကျွတ်... သူက ဘယ်လိုလုပ်ပြီး အဲ့ဒီလောက်တောင် လှနိုင်ရတာလဲ... အဲ့ဒီလို ခန္ဓာကိုယ်မျိုးနဲ့ဆိုရင် သူက သေချာပေါက် ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးတာကို ခံထားရတာပဲ..."
အမျိုးသမီးတစ်ဦးသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ထုယိုယို၏အနီးသို့ တိုးကပ်လာကာ မနာလိုမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။
"ညီမလေး... ညီမလေးက ဘာတွေ စားပြီး ကြီးပြင်းလာတာလဲ... ညီမလေးက... ညီမလေးက အရမ်းကို ပြီးပြည့်စုံစွာ ကြီးပြင်းလာတာပဲ..."
ဤအရာကို ကြားသောအခါ ထုယိုယိုက စိတ်မဆိုးခဲ့ချေ။ ထိုအစား သူမက ချိုသာသော အပြုံးတစ်ခုကို ပြသလိုက်ရာ သူမ၏မီးခိုးပြာရောင် မျက်လုံးများက လခြမ်းပုံအဖြစ် ကွေးတက်သွားပြီး မြေခွေးလေး တစ်ကောင်၏လီဆယ်မှုနှင့် အပြစ်ကင်းစင်မှု အနည်းငယ်တို့ဖြင့် ပြည့်နှက်နေလေ၏။
"သဘာဝအတိုင်းပါပဲ... ကျွန်မရဲ့ မွေးရာပါ အလှတရားက ဖုံးကွယ်ဖို့ ခက်ခဲနေလို့ပါ..."
"ညီမလေးက တကယ့်ကို စိတ်ဝိညာဉ်ကို လှုပ်ခတ်စေလောက်အောင် လှပတာပဲ... ညီမလေးရဲ့ အသွင်အပြင်နဲ့ ခန္ဓာကိုယ်ကြောင့် ယောကျာ်းလေး ကျင့်ကြံသူ ဘယ်နှယောက်ကိုများ ညီမလေး ညှို့ငင်နိုင်မလဲ မသိဘူးနော်..."
စကားအနည်းငယ် ပြောဆိုမှုအတွင်းမှာပင် ထုယိုယိုသည် ထိုအမျိုးသမီး အုပ်စုနှင့် အမှန်တကယ်ပင် ပျော်ရွှင်စွာ စကားပြောဆိုနေခဲ့သည်။ ထိုအမျိုးသမီးများ၏ဝန်းရံမှုဖြင့် သူမသည် ရယ်မောသံများကြားတွင် အပေါ်ထပ်သို့ တက်သွားခဲ့လေ၏။
"..."
စူးချန်ကဲက တိတ်ဆိတ်နေပြီး သူ၏ နားထင်များတွင် မှေးမှိန်သော တုန်ခါမှုတစ်ခုကို ခံစားနေရသည်။
လီဖိုကျွင်းက နံဘေးမှနေ၍ တောင်းပန်သော အပြုံးတစ်ခုကို ပြုံးပြလေသည်။
"တာအိုရောင်းရင်း... စိတ်မပူပါနဲ့... ဒါက လုံးဝ တရားဝင်ပါတယ်... မင်းအတွက် ငါ စီစဉ်ပေးထားတဲ့ နေရာက တိတ်ဆိတ်ပြီး သပ်ရပ်နေရမယ်....ပြီးတော့ အနှောင့်အယှက် ကင်းကင်း ဖြစ်စေရမယ်လို့ ငါ အာမခံတယ်..."
"ထားလိုက်ပါတော့..."
စူးချန်ကဲက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ မျက်ခုံးကို ပွတ်သပ်ကာ နောက်ဆုံးတွင် သူတို့၏နောက်သို့ လိုက်သွားခဲ့လေသည်။
တတိယထပ်သို့ ရောက်သောအခါ ပတ်ဝန်းကျင်သည် အမှန်တကယ်ပင် ရုတ်တရက် တိတ်ဆိတ်သွားပြီး အပိုလူတစ်ဦးမျှ မမြင်ရချေ။ ကွေ့ကောက်နေသော စင်္ကြန်လမ်းတစ်ခုကို ဖြတ်သန်းပြီးနောက် ကျယ်ပြန့်သော ခြံဝင်းတစ်ခုက အဆုံးသတ်တွင် အမှန်တကယ်ကို ပုန်းကွယ်နေလေ၏။ ခြံဝင်းအပြင်ဘက်တွင် စိတ်ဝိညာဉ်စွမ်းအား၏ မှေးမှိန်သော အတက်အကျများ ရှိနေပြီး အသင့်အတင့်ကောင်းမွန်သော သီးခြားဝင်္ကပါတစ်ခုကို ခင်းကျင်းထားကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
စူးချန်ကဲ နေရာတကျ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ထုယိုယိုက သူ့ကို တွယ်ကပ်လာပေ၏။
"စီနီယာအစ်ကို... သွားကြရအောင်... သွားကြရအောင်... အဲ့ဒီဦးလေးက တော်တော်လေး ရိုးသားတယ်လို့ ကျွန်မ ထင်တယ်... အထဲမှာ ရတနာတွေ အများကြီး ရှိရမယ်..."
"စီနီယာအစ်ကို... အချိန်ကျရင် အစ်ကို့ကို ပိုကြီးတဲ့ ဝေစုတစ်ခု ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ..."
"စီနီယာအစ်ကို... သွားကြရအောင်နော်... ကျေးဇူးပြုပြီး... အစ်ကိုက အကောင်းဆုံးပဲ..."
နောက်ဆုံးတွင် စူးချန်ကဲ၏ တင်းမာသော အကြည့်အောက်၌ ထုယိုယိုသည် တွန့်ဆုတ်စွာ နှုတ်ခမ်းဆူလိုက်ပြီး သူမ၏ အခန်းသို့ လိမ္မာစွာ ပြန်သွားခဲ့လေ၏။
အမှန်အားဖြင့် သူ ထိုနေရာသို့ သေချာပေါက် သွားပေမည်။
သူက ထုယိုယိုကို ကြိုတင်မပြောပြချင်ရုံသာ ဖြစ်သည်။
ထိုသို့မဟုတ်ပါက သူမ၏စရိုက်ဖြင့် သူမက မည်သို့သော ပြဿနာမျိုးရှာမည်ကို မည်သူ သိနိုင်မည်နည်း။
ချက်ချင်းပင်....
စူးချန်ကဲက ထိုင်လိုက်ပြီးနောက် ထုယိုယို သူ့ကို ပေးခဲ့သော နတ်ဆိုးဝင်္ကပါ မြေပုံအပိုင်းအစသုံးခုကို ထုတ်ယူကာ လေးနက်စွာ စတင်လေ့လာတော့သည်။
【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း - သင်သည် မြေပုံအပိုင်းအစများကို ပြီးပြည့်စုံအောင် ပြုလုပ်နေပါသည် +1 +1 +1】
【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း - ဤစာမျက်နှာ အပိုင်းအစ သုံးခုမှတစ်ဆင့် နတ်ဘုရား လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မြေခွေး ဝင်္ကပါအကြောင်းကို သင် ဉာဏ်အလင်းပွင့်သွားပါပြီ... ဝင်္ကပါ မျဉ်းကြောင်းများ၏ ထောင့်တစ်ထောင့် ပျောက်ဆုံးနေပါသည်... သင်သည် ထိုအရာကို နားလည်သဘောပေါက်ပြီး ပြီးပြည့်စုံအောင် ပြုလုပ်နေပါသည် +1 +1 +1】
နာရီဝက် ကုန်ဆုံးသွားပြီးနောက်...
"ဒီဝင်္ကပါရဲ့ အဆင့်က တော်တော်လေး မြင့်ပုံရတယ်... ပြီးတော့ အဲ့ဒါက မပြည့်စုံဘူး... ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့တောင် အချိန်တိုအတွင်းမှာ အဲ့ဒါကို ပြီးပြည့်စုံအောင် မလုပ်နိုင်ဘူး... တကယ်လို့ ငါသာ သိခဲ့ရင် မြေပုံအပိုင်းအစတွေကို ငါနဲ့အတူ အရင်ယူလာခဲ့မှာပေါ့..."
စူးချန်ကဲက သက်ပြင်းချလိုက်သည်။ သူက စမ်းသပ်ကြည့်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်လေ၏။
ချက်ချင်းပင် သူက မတ်တတ်ထရပ်လိုက်ပြီး ယွမ်ယန်ကုန်သည်ကြီးများအသင်းသို့ နောက်ထပ်ခရီးစဉ်တစ်ခုကို ပြုလုပ်ရန် ရည်ရွယ်လိုက်သည်။
သို့ရာတွင် ထိုအချိန်မှာပင်...
ဒေါက်... ဒေါက်... ဒေါက်...
တံခါးဝမှ ကျယ်လောင်သော ခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ ထိတ်လန့်သွားပြီး သူ၏ ခေါင်းကို ကိုင်ကာ ပုန်းရှောင်ရန် နေရာတစ်ခုပင် ရှာလုနီးပါး ဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ သောက်ရေးမပါသည့် ရွှမ်ဟွမ် ကမ္ဘာတစ်ခုဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
"ဒါက ဂုဏ်သရေရှိ ဧည့်သည်တော်ကျန်းနီမာရှဲ့ချီနေတဲ့နေရာလားရှင်..."
အခန်းအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ညင်သာသော မေးမြန်းသံ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲသည် အသံကို ကြားသည်နှင့် တပြိုင်နက် မည်သူဖြစ်ကြောင်း သိသွားလေ၏။ သူ ရှေ့သို့ တိုးသွားကာ တံခါးကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ..."
"ဂုဏ်သရေရှိ ဧည့်သည်တော်..."
ရှောင်လွီက သိုလှောင်လက်စွပ်တစ်ကွင်းနှင့် တောက်ပနေသော ရွှေရောင်ကတ်တစ်ခုကို ရိုသေလေးစားစွာ လက်ကမ်းပေးလိုက်ပြီးနောက် ပြောဆိုသည်။
"ဥက္ကဋ္ဌက ဒီအစေခံမလေးကို ဒါတွေ လာပို့ခိုင်းတာပါ... ဧည့်သည်တော်ကို ရွှေရောင်ကတ် အဖြစ် အဆင့်မြှင့်တင်ပေးတာက ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့် ကန့်သတ်ချက်ပါပဲ... ဧည့်သည်တော် စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်... သိုလှောင်လက်စွပ်ထဲမှာ ဒီနေ့ ဧည့်သည်တော် တောင်းဆိုခဲ့တဲ့ ရှေးဟောင်းမြေပုံအပိုင်းအစ ပါပါတယ်... ဥက္ကဋ္ဌက ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးတာပါလို့ ပြောပါတယ်..."
သိုလှောင်လက်စွပ်နှင့် ရွှေရောင်ကတ်ကို ယူပြီးနောက် စူးချန်ကဲ၏ စိတ်အခြေအနေ ချက်ချင်းကောင်းမွန်သွားပြီး သူက ရယ်မောလိုက်၏။
"ဒါဆိုရင် ငါ့ရဲ့ကိုယ်စား ဥက္ကဋ္ဌကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ..."
ဤကုန်သည်ကြီးများအသင်းက ကိစ္စများကို အတော်လေး ကောင်းစွာကိုင်တွယ်တတ်သဖြင့် သူ သဘောကျမိသည်။
"ဟုတ်ကဲ့ပါ... ဒါဆို ဒီအစေခံမလေးကို ပြန်ခွင့်ပြုပါအုံး..... မနက်ဖြန် ဝင်္ကပါပုံစံတွေအားလုံးကို စုဆောင်းပြီးတာနဲ့ ဧည့်သည်တော်ကို လာရောက်အကြောင်းကြားပေးပါ့မယ်..."
ရှောင်လွီက ရိုသေလေးစားစွာ ပြောလိုက်ပြီး သူမ၏ ပါးပြင်များ ရဲတက်ကာ အလောတကြီး ထွက်ခွာသွားခဲ့သည်။
အကယ်၍ သူမသာ အကြိမ်ကြိမ် အတည်မပြုခဲ့ပါက ဂုဏ်သရေရှိ ဧည့်သည်တော်သည် ဤနေရာတွင် တည်းခိုနေလိမ့်မည်ဟု သူမ အမှန်တကယ်ကို မမျှော်လင့်ခဲ့ချေ။
ထိုအရာများအားလုံးနှင့် ပတ်သက်၍မူ စူးချန်ကဲသည် လုံးဝဂရုမစိုက်ခဲ့ချေ။ သူ၏နတ်ဘုရားစိတ်အာရုံက သိုလှောင်လက်စွပ်အတွင်းသို့ ချက်ချင်းနစ်မြုပ်သွားခဲ့၏။ မြေပုံအပိုင်းအစများကို ထုတ်ယူနေစဉ် ထိုအရာများ၏နံဘေးတွင် ဖော်ပြ၍မရနိုင်သော တာအိုစည်းချက်ကို ထုတ်လွှတ်နေသည့် လက်ဖက်ရည်ပစ္စည်းတစ်စုံ ရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုအရာမှာ သာမန်ပစ္စည်းတစ်ခု မဟုတ်ကြောင်း ရှင်းလင်းလှသည်။
"ကျွတ်... ကျွတ်... တော်တော်လေး ရက်ရောတာပဲ... ဒီလောက် အများကြီး ရပြီးမှ ငါက ပြတ်ပြတ်သားသား မလုပ်ဘူးဆိုရင် နည်းနည်းတော့ ကပ်စေးနှဲရာ ကျသွားလိမ့်မယ်..."
သူ တီးတိုးရေရွတ်လိုက်သည်။
"ထားလိုက်ပါတော့... အရင်ဆုံး လက်ဖက်ရည် နည်းနည်းလောက် ဖျော်လိုက်ရအောင်..."
စူးချန်ကဲက တွေးတောလိုက်၏။
အတွေးတစ်ချက်နှင့်အတူ စူးချန်ကဲသည် ရိုးရှင်းပြီး ရှေးဟောင်းဆန်သော လက်ဖက်ရည်ပစ္စည်းတစ်စုံကို ထုတ်ယူကာ အခန်းတွင်းရှိ သစ်သားစားပွဲပေါ်တွင် တင်လိုက်သည်။
သူ၏ လက်ချောင်းထိပ်များက ခပ်ဖွဖွ ပွတ်တိုက်သွားပြီး သူ၏လှုပ်ရှားမှုများမှာ လွင့်မျောနေသော တိမ်တိုက်များအလား ချောမွေ့နေသည်။ တာအိုစည်းချက်တစ်ခုက သူ၏ နံဘေးပတ်လည်တွင် သဘာဝအတိုင်း စီးဆင်းနေပြီး မှေးမှိန်သော စိတ်ဝိညာဉ် အလင်းရောင်များက ဟင်းလင်းပြင်ထဲတွင် ရောယှက်နေသည်။ ထိုအလင်းတန်းများသည် စိမ်းလန်းသည့် တောင်တန်းများနှင့် အေးချမ်းသော အပြာရောင်ရေပြင်များ၏ လျှို့ဝှက်ဆန်းကြယ်သည့် သဘာဝလွန်ဖြစ်စဉ် ပုံရိပ်ယောင်များကို ဝိုးတဝါးဖန်တီးနေလေ၏။
ဤအချိန်၌ အရာအားလုံးက တိတ်ဆိတ်နေပြီး သူ၏စိတ်သည်ပင် ယခင်က မရှိဖူးသော ငြိမ်သက်မှု အခြေအနေတစ်ခုသို့ နစ်မြုပ်သွားခဲ့ပေသည်။
အချိန်တခဏကြာမျှ သူသည် "လက်ဖက်ရည်ဖျော်ခြင်း" ဟူသော လုပ်ရပ်ကိုပင် မေ့လျော့သွားခဲ့သည်။ သူ၏စိတ်ဝိညာဉ်သည် နက်နဲသိမ်မွေ့လာပြီး ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုနှင့် တသားတည်း ပေါင်းစပ်သွားကာ ထိုအရာနှင့် ခွဲခြား၍မရနိုင်တော့ချေ။
【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း - သင်၏ လက်ဖက်ရည်တာအို ထိုးထွင်းသိမြင်မှုများ +1 +1 +1】
【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း - သင်၏ လက်ဖက်ရည်တာအိုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ...】
ထိုအချိန်လေးမှာပင်...
ဝီ....
ဖော်ပြ၍မရနိုင်သော တာအိုစည်းချက်တစ်ခုကအမြင့်မားဆုံး ကောင်းကင်များအလွန်မှ ဆင်းသက်လာပြီး အမိုးကြွေပြားများကို ဖောက်ထွင်းကာ နေရာတစ်ခုလုံးကို တိတ်ဆိတ်စွာ ပြည့်နှက်သွားစေခဲ့သည်။
ချက်ချင်းပင် စူးချန်ကဲ၏တစ်ကိုယ်လုံးမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပြီး ကြည်လင်သော အလင်းတန်းများ စီးဆင်းနေကာ တာအိုအသံများက အပြင်ဘက်သို့ လှိုင်းထသွားလေ၏။
အခန်းတွင်းရှိ အပင်များသည် လေမတိုက်ဘဲ လှုပ်ရှားနေကြပြီး လက်ဖက်ရည်ရနံ့မှာ လွင့်ပြယ်ခြင်းမရှိဘဲ စုစည်းသွားသည်။ ထိုအရာများသည် လေထုထဲတွင် ဖြည်းညှင်းစွာ လည်ပတ်နေသော စိမ်းလန်းသည့် ကြာပန်းများ၏ မြူခိုးပုံရိပ်ယောင်များအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မြောင်ယင်ခန်းမဆောင်အထက်တွင် တိမ်များတလိမ့်လိမ့်ထလာပြီး နှင်းဆီရောင် အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"ဘာဖြစ်တာလဲ..."
မြောင်ယင်ခန်းမဆောင်ရှိ လူတိုင်းသည် ပရမ်းပတာ အခြေအနေသို့ ရောက်ရှိသွားကြပြီး ကောင်းကင်ကို တစ်ယောက်ပြီးတစ်ယောက် မော့ကြည့်နေကြ၏။ အမျိုးသမီး အများအပြားကလည်း တတိယထပ်ဆီသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
လီဖိုကျွင်းက မိုးကောင်းကင်ကို ကြောင်အမ်းအမ်းဖြင့် မော့ကြည့်နေမိသည်။ အကြောင်းအရင်းမှာ ဤအရှိန်အဝါများ အားလုံးက လမ်းကြောင်းတစ်ခုတည်းဆီသို့ စုစည်းနေကြောင်းကို သူ ခံစားသိရှိနိုင်သောကြောင့်ပင်။ ထိုနေရာမှာ စူးချန်ကဲ၏ခြံဝင်းရှိသောနေရာ အတိအကျပင် မဟုတ်လော။
"မှန်းဆလို့မရတဲ့ ကောင်းကင်သခင်..."
"လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်း... သူလား..."
"ဒါက ဘယ်လို ပါရမီရှင်မျိုးလဲ..."
တစ်ချိန်တည်းမှာပင် သန့်စင်ပြီး ကျယ်ပြန့်လှသော တာအိုစိတ်ဆန္ဒတစ်ခုက လမ်းတိုင်းနှင့် ခေါင်မိုးတိုင်းကို ဒီရေအလား လွှမ်းခြုံသွားခဲ့လေ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ စိတ်ထဲတွင် တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရပြီး တူညီသော လမ်းကြောင်းဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်ချီတွေက... ဟိုဘက်မှာ စုဝေးနေကြတယ်..."
"ဘယ်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က ဉာဏ်အလင်းပွင့်နေတာလဲ... ဒါမှမဟုတ် ရှားပါးတဲ့ ရတနာတစ်ခု မွေးဖွားလာတာလား..."
"မဟုတ်ဘူး... အဲ့ဒါ မမှန်ဘူး... ဒါက တာအိုတစ်ခုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိတဲ့ မြင်ကွင်းပဲ... ဒါက... လက်ဖက်ရည်တာအိုလား..."
"လက်ဖက်ရည်တာအိုလား... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင် များလား... မဟုတ်ဘူး... မဖြစ်နိုင်ဘူး... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ရဲ့ လက်ဖက်ရည်တာအိုက ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကိုတောင် မရောက်သေးတာ... ဘယ်လိုလုပ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နိုင်မှာလဲ..."
"နေအုံး... ဒီလမ်းကြောင်းက... မြောင်ယင်ခန်းမဆောင်လား..."
"သောက်ကျိုးနည်း... အဲ့ဒီလို နေရာမျိုးမှာ ဉာဏ်အလင်းပွင့်တယ်ဆိုတာ... အဲ့ဒါကိုမှ အစစ်အမှန် ကျက်သရေရှိမှုလို့ ခေါ်တာ..."
ဤအချိန်၌ အေးစက်ပြီး တိတ်ဆိတ်သော ခြံဝင်းတစ်ခုထဲမှ လျှောက်လှမ်းထွက်လာသည့် သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်သည်လည်း ကောင်းကင်နှင့်မြေကြီး၏ အပြောင်းအလဲကို သတိထားမိလေ၏။ သူမက မြောင်ယင်ခန်းမဆောင်ဆီသို့ ရုတ်တရက် ကြည့်လိုက်ပြီး အံ့အားသင့်သွားခဲ့သည်။
"လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်..."
"အဲ့ဒါ ဘယ်သူလဲ..."
"ဆရာကြီး တစ်ယောက်ယောက်များလား..."
သူမသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။ အလင်းတန်းတစ်ချက် လင်းလက်သွားခြင်းနှင့်အတူ သူမသည် မြောင်ယင်ခန်းမဆောင်၌ တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။ အရပ်မျက်နှာအားလုံးမှ အကြည့်များကို လျစ်လျူရှုကာ သူမက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"ယောင်ထိုက် အင်မော်တယ် နန်းတော်က ဂျူနီယာ ရွှီယွီက ဆရာကြီးနဲ့ တွေ့ခွင့်တောင်းပါတယ်..."
ဤသည်မှာ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ပင်။
ထိုအရာက အမှန်တကယ်ပင် လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေသည်။
ယွမ်ယန်နယ်မြေ တစ်ခုလုံး၏ သမိုင်းတွင် လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသော ဒုတိယမြောက်ဆရာကြီးသည် သူမ၏ မျက်စိရှေ့တွင် ရှိနေခြင်း ဖြစ်လေ၏။
ဤအချိန်၌ သူမသည် သူမ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ချေ။ ထိုသူနှင့် တွေ့ဆုံပြီး လက်ဖက်ရည်တာအို၏ အမှန်တရားကို ရှာဖွေရန်သာ သူမ ဆန္ဒရှိတော့သည်။
"ဟူး... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်တောင် ပေါ်လာပြီ..."
"ဟုတ်တယ်... သူက ယောင်ထိုက် အင်မော်တယ် နန်းတော်ကိုတောင် ထုတ်ပြောသေးတယ်... သူက ဒီဆရာကြီးနဲ့ တွေ့ခွင့်တောင်းဖို့ သူမရဲ့ နောက်ခံကို အသုံးပြုဖို့ ကြိုးစားနေတာလား..."
သို့ရာတွင် နောက်တစ်စက္ကန့်၌။
မြောင်ယင်ခန်းမဆောင်၏ နက်ရှိုင်းသော အတွင်းပိုင်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ထွက်သွားစမ်း..."
ရွှီယွီ၏မျက်နှာ ချက်ချင်းဖြူရော်သွားပြီး နေရာမှာပင် အေးခဲတောင့်တင်းသွားပေ၏။ ထိုဟိန်းဟောက်သံကြောင့် မိုးကြိုးဖြင့်ပစ်ခတ်ခံလိုက်ရသကဲ့သို့ သူမ ခံစားလိုက်ရသည်။
အဘယ်ကြောင့်နည်း....
ထိုဆရာကြီးက သူမအပေါ် အဘယ်ကြောင့် ဤမျှထိ ရန်လိုနေရသနည်း ဟု သူမ တွေးတောမိသည်။