အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ၄၅: သူက လက်ဖက်ရည်တာအိုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိထားတဲ့ ဆရာကြီးပဲ...
စူးချန်ကဲက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ခင်ဗျား သေသွားတာ ဒီလောက် ကြာနေပြီကို လက်ဖက်ရည်သောက်ချင်တဲ့ စိတ် ရှိနေတုန်းပဲလား..."
"အဟမ်း... စွဲလမ်းမှု တစ်ခုပါပဲ... စွဲလမ်းမှု တစ်ခုပါပဲ..."
ချင်းချိုးဘိုးဘေးသည် ရုတ်တရက် အနည်းငယ် အနေရခက်သွားပြီး သူ၏ မျက်လုံးများတွင် စဥ်းစားတွေးတောနေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
'အစကအဆုံး ဒီကောင်လေးက ငါ ဘယ်သူလဲဆိုတာကို သိလို့ ကြောက်ရွံ့တာ ဒါမှမဟုတ် အံ့အားသင့်ရိုသေတာမျိုး နည်းနည်းမှ မခံစားရဘူး... အလွန်ဆုံး နည်းနည်းလောက် အံ့အားသင့်ရုံပဲ... တခြား လူငယ်တစ်ယောက်ဆိုရင် ငါ့ကို ဆရာကြီးလို့ အသည်းအသန် ခေါ်နေလောက်ပြီ...'
'သူ့ရဲ့ပါရမီက အရမ်းကို ဂုဏ်ယူစရာကောင်းလို့ မောက်မာတဲ့ စရိုက်ကို ပျိုးထောင်ထားတာပဲ ဖြစ်ရမယ်... ဒါမှမဟုတ် ငါ့ထက်တောင် ပိုပြီးအစွမ်းထက်တဲ့ တည်ရှိမှုတွေကို သူ အများကြီး မြင်ဖူးလို့ပဲ ဖြစ်ရမယ်...'
'ဒါပေမဲ့ လက်ဖက်ရည်တာအိုက နှလုံးသားကို တည်ငြိမ်စေတယ်... သူက ဒါကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံနိုင်တဲ့အတွက် ဒုတိယဖြစ်နိုင်ခြေက အဖြစ်နိုင်ဆုံးပဲ...'
'သူက စိတ်ဝိညာဉ်နယ်မြေက များလား...'
'ဒါဆိုရင် ငါ့ရဲ့ မျိုးဆက်တွေကို ဒီလျှို့ဝှက်နယ်မြေထဲ ခေါ်သွားပေးဖို့ သူက ဖြစ်နိုင်တယ်...'
"ကောင်းပြီလေ... ဒါပေမဲ့ ကျွန်တော်ရဲ့လက်ဖက်ရည်က ဈေးမပေါဘူးနော်..."
စူးချန်ကဲက ထပ်ဖြည့်ပြောလိုက်၏။ လက်ဖက်ရည်ကို အိုးအနည်းငယ် ဖျော်ခြင်းက သူ့အတွက် ရိုးရှင်းသော အလုပ်တစ်ခုမျှသာ ဖြစ်သော်လည်း ဤကဲ့သို့ မွန်းစတားအိုကြီးတစ်ကောင်၏ အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ခုနှင့် ကြုံတွေ့ရချိန်တွင် ခိုင်မာသော အကျိုးကျေးဇူးတချို့ကို မရယူပါက နှမြောစရာ ကောင်းမည် မဟုတ်လော။
တံခါးဝသို့ ကိုယ်တိုင် ရောက်လာသော ဤဆူဖြိုးသောသိုးကြီးအတွက် အမှန်တကယ်ကို နှမြောစရာပင်။
"ဟား ဟား ဟား... မင်းက တော်တော်လေး ပွင့်လင်းတာပဲ မိတ်ဆွေလေး... စိတ်ချပါ... ငါက အလကားတော့ သောက်မှာ မဟုတ်ပါဘူး..." ချင်းချိုးဘိုးဘေးက အားပါးတရ ရယ်မောလိုက်ပြီးနောက် ထပ်ပြောလိုက်၏။
"စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းရေကန်အကြောင်း မင်း သိတယ်မလား... အဲ့ဒီတုန်းက ငါက သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုကို ငါနဲ့အတူ သယ်လာခဲ့တယ်... မင်း လျှို့ဝှက်နယ်မြေထဲ ဝင်သွားတာနဲ့ အဲ့ဒါကို မင်းကို ငါ ပေးမယ်..."
"ဘယ်လိုလဲ..."
"ဒါက အပေးအယူကောင်းတစ်ခု မဟုတ်ဘူးလား..."
စူးချန်ကဲက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"ဆရာကြီး... ပိုပြီးလက်တွေ့ကျတဲ့ အရာတစ်ခုခုကို ကျွန်တော်ကို ပေးလို့ မရဘူးလား... ပထမတော့ ကြီးမားတဲ့ အခွင့်အရေးတဲ့... ပြီးတော့ လျှို့ဝှက်နယ်မြေထဲက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းရေကန်တဲ့... နားထောင်လို့တော့ ကောင်းပါတယ်... ဒါပေမဲ့ ကျွန်တော် သိပ်ပြီးစိတ်မချနိုင်ဘူး..."
ဒီမြေခွေးအိုကြီးက ငါ့ကို ထပ်ပြီး ဖြားယောင်းနေပြန်ပြီ... သူက ငါ့ကို လျှို့ဝှက်နယ်မြေဆီ အဲ့ဒီလောက်တောင် သွားစေချင်နေတာလား...
ငါနဲ့ ထုယိုယိုကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာကို သူ သိလို့ ငါက အဲ့ဒီမိန်းကလေးကို ကူညီပေးစေချင်လို့များလား...
အဲ့ဒါပဲ ဖြစ်ရမယ်...
ကံကြမ္မာ ဇာတ်လိုက် တစ်ယောက်အတွက် ပုံမှန် ဇာတ်ကွက်ပဲလေ...
စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းရေကန်...
သူ၏ မှတ်ဉာဏ်များထဲတွင် ထိုအရာအကြောင်းကို သူ ကြားဖူးသကဲ့သို့ ရှိနေသည်။
ထိုအရာမှာ ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော စိတ်ဝိညာဉ်ရေကန်တစ်ခု ဖြစ်ပုံရပြီး နတ်ဘုရားမီးတောက်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများအတွက် အကြွင်းမဲ့ဆွဲဆောင်မှုတစ်ခုပင်။ ထိုအရာက ရုပ်ခန္ဓာကိုယ်နှင့်နတ်ဘုရားစိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ရုံသာမက အကယ်၍ တစ်စုံတစ်ဦးသည် ပါရမီရှင် ဖြစ်ပါက နတ်ဘုရားမီးတောက်နယ်ပယ်၏ ထူးခြားသော နတ်ဘုရားမီးတောက်ကို နားလည်သဘောပေါက်နိုင်ရန်ပင် ဖြစ်နိုင်ခြေအနည်းငယ်ရှိသည်။
အနာဂတ်တွင် နတ်ဘုရားမီးတောက်နယ်ပယ်သို့ ခြေချသည့်အချိန်၌ ထူးခြားသော အားသာချက်တစ်ခုကို ပေးစွမ်းနိုင်ရုံသာမက နတ်ဘုရားမီးတောက်၏ စွမ်းအားက တူညီသော နယ်ပယ်မှ ပြိုင်ဘက်များကို တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းပစ်ရန်လည်း ခွင့်ပြုနိုင်သည်။
သို့ရာတွင်...
ကိစ္စတစ်ခုက တစ်ခုဖြစ်သော်လည်း သူက အရာအားလုံးကို လိုချင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
ဝေဝါးသော နတ်ဘုရားအလင်းတန်းတစ်ခုက စူးချန်ကဲဆီသို့ လွင့်မျောလာပြီး နောက်ဆုံးတွင် သူ၏လက်ထဲသို့ ကျရောက်ကာ အနည်းငယ် မျောလွင့်နေပုံရသော ကြည်လင်သည့် ကျောက်စိမ်းပြားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
"ဒီပစ္စည်းက ကောင်းကင်ဖီးနစ် ကျောက်တုံးပဲ... ရှေးဟောင်းခေတ်က ဒဏ္ဍာရီတွေအရ အဲ့ဒီအရာထဲမှာ အစစ်အမှန်ဖီးနစ် နတ်ဘုရားသွေးတစ်စက် ပါဝင်တယ်လို့ ဆိုကြတယ်... မီးစွမ်းအင်ကို ကျင့်ကြံတဲ့ သူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးကို ယူဆောင်လာပေးပြီးတော့ ဒီအရာရဲ့ တန်ဖိုးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သိန်းနဲ့ချီပြီးတန်တယ်..."
"အခု မင်း စိတ်ချသွားပြီလား..."
"နည်းနည်းတော့ ပိုစိတ်ချသွားပြီ..."
စူးချန်ကဲက အလွန်လေးနက်စွာ ပြောဆိုလိုက်၏။
ချင်းချိုးဘိုးဘေး၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ ဘာမျှ မပြောဘဲ လေထဲသို့ ထပ်မံ၍ လက်ညှိုးထိုးလိုက်သည်။
"ဒီပစ္စည်းက စိတ်ဝိညာဉ်နယ်မြေမှာရှိတဲ့ ရေခဲကောင်းကင်အဆောင်လက်ဖွဲ့ နန်းတော်က ထင်ယောင်ထင်မှား စက္ကူတွေပဲ... အဆောင်လက်ဖွဲ့တာအို ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲမှာဆိုရင် ဒါက နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ပြီး ရေးထွင်းထားတဲ့ အဆောင်လက်ဖွဲ့တွေရဲ့ စွမ်းအားကို နှစ်ဆတိုးစေတယ်... မင်းက အဆောင်လက်ဖွဲ့တာအိုကို မသိရင်တောင် အဲ့ဒါကို ရောင်းလိုက်ရင် ကြီးမားတဲ့ ဈေးနှုန်းတစ်ခုကို ရလိမ့်မယ်... အခုတော့ မင်း စိတ်ချသွားပြီ မဟုတ်လား..."
စူးချန်ကဲက သူ၏ လက်ထဲတွင် ပေါ်လာသော ရွှေရောင်ဖျော့ဖျော့ ဆန်စက္ကူစာရွက်များကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
"အရင်ကထက်တော့ နည်းနည်းပိုစိတ်ချသွားပြီ... ဒါပေမဲ့ သိပ်အများကြီးတော့ မဟုတ်ဘူး..."
"..."
ချင်းချိုး၏ ဘိုးဘေး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး သူ မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"မိတ်ဆွေလေး... ငါက အကြွင်းအကျန်စိတ်ဝိညာဉ်လေး တစ်ခုပဲလေ... ဒီပစ္စည်းတွေကို ထုတ်ပေးနိုင်တာကတင် ငါ့ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ..."
ဒီကောင်လေးက ဘာလဲ... ငါက လက်ဖက်ရည် တစ်ခွက်ပဲ လိုချင်ခဲ့တာလေ...
"ဟူး... ကောင်းပြီလေ..."
စူးချန်ကဲက သက်ပြင်းချလိုက်ပြီးနောက် ပြတ်သားသော အမူအရာကို ပြသလိုက်၏။
"စိတ်ချပါ ဆရာကြီး... ဂျူနီယာညီမလေးနဲ့ ငါ့ရဲ့ သံယောဇဉ်က ရွှေနဲ့ ကျောက်တုံးတွေလို ခိုင်မာပါတယ်... ဒီလျှို့ဝှက်နယ်မြေ ခရီးစဉ်အတွင်းမှာ သူ့ရဲ့ လုံခြုံရေးကို ငါ သေချာပေါက် ကာကွယ်ပေးမှာပါ..."
ကြည့်ရတာ ဒီသိုးအိုကြီးဆီမှာ ဘာမှ မကျန်တော့ဘူး ထင်တယ်... ဒါက လုံလောက်ပါပြီ... ဘာပဲဖြစ်ဖြစ် ငါက လျှို့ဝှက်နယ်မြေကို ဘယ်လိုနေနေ သွားဖို့ ရည်ရွယ်ထားတာပဲလေ...
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချင်းချိုးဘိုးဘေး၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤကလေးသည် အမှန်တကယ်ပင် သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားခဲ့သည်။
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချင်းချိုးဘိုးဘေးက လေးနက်သော အမူအရာကို ပြသကာ ပြောလိုက်သည်။
"ဒါဆိုရင် ငါ မင်းကို ကျေးဇူးတင်ပါတယ်... မိတ်ဆွေလေး..."
ထိုသို့ပြောပြီးနောက် သူ၏ပုံရိပ်မှာ တဖြည်းဖြည်း လွင့်မျောသွားတော့သည်။
"ဆရာကြီး... ခင်ဗျား လက်ဖက်ရည် မသောက်တော့ဘူးလား..."
တစ်ဖက်လူ ပျောက်ကွယ်တော့မည်ကို မြင်သောအခါ စူးချန်ကဲ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"မနက်ဖြန် ရေကန်နှလုံးသားကျွန်းကို လာခဲ့... ငါက ညပိုင်းတွေမှာ လက်ဖက်ရည် သိပ်မသောက်ဘူး..."
စူးချန်ကဲက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ပူးဆုပ်လိုက်၏။
"ဆရာကြီး... ခင်ဗျားက တော်တော်လေး ဇီဇာကြောင်တာပဲ..."
တခဏအကြာတွင်...
စူးချန်ကဲ၏ မျက်လုံးများအတွင်းရှိ နတ်ဘုရားအလင်းတန်းမှာ ဖြည်းညင်းစွာ မှေးမှိန်သွားပြီး ပင်ပန်းနွမ်းနယ်မှု ခံစားချက်တစ်ခုက သူ့အပေါ် လွှမ်းမိုးသွားခဲ့လေ၏။ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း မျက်လုံးကို အချိန်အကြာကြီး အသုံးပြုခြင်းက အတော်လေး ပင်ပန်းစေပေသည်။ သူ ရရှိခဲ့သော ရတနာများကို စစ်ဆေးရန် အချိန်မရမီ သူသည် ပလ္လင်ခွေထိုင်ကာ စတင်ကျင့်ကြံတော့သည်။
...
နောက်တစ်နေ့...
နေမင်းကြီး အရှေ့အရပ်မှ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲက သွားတိုက်ပြီး မတ်တတ်ရပ်လိုက်ချိန်တွင် လီဖိုကျွင်းက ခြံဝင်းအဝင်ဝ၌ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက ပြောစရာ စကားလုံး ထောင်ပေါင်းများစွာ ရှိနေသည့်အလား စူးချန်ကဲကို ကြည့်နေလေ၏။
"အများကြီး ပြောနေစရာ မလိုပါဘူး... အခု သွားကြရအောင်..."
စူးချန်ကဲသည် တစ်ဖက်လူအား စကားပြောရန် အခွင့်အရေး မပေးခဲ့ချေ။ သူ၏ပုံရိပ် ရိပ်ခနဲဖြစ်သွားခြင်းနှင့်အတူ အိပ်မှုန်စုံမွှား ဖြစ်နေသော ထုယိုယိုကို သူ ကောက်ချီလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"သွားကြရအောင်..."
"ငါ..."
လီဖိုကျွင်းက ခေါင်းကုတ်လိုက်ပြီး သူ၏ နှလုံးသားထဲရှိ သံသယများကို ဖိနှိပ်ကာ ရိုသေလေးစားစွာ ပြောလိုက်သည်။
"ဒါဆိုရင် တာအိုရောင်းရင်း... ကျေးဇူးပြုပြီး လမ်းပြပါ..."
ဤအချိန်၌.....
ယွမ်မန်ရွှံ့နွံတော၏ကမ်းစပ်တွင် မြူခိုးများ ကျယ်ပြန့်စွာ ဖုံးလွှမ်းနေသည်။
ထိုက်ချင်လက်ဖက်ရည်ပွဲသည် အရှိန်အဟုန်ပြင်းစွာ ကျင်းပနေခဲ့လေပြီ။
ရေကန်နှလုံးသားကျွန်းပေါ်တွင်...
ကျောက်စိမ်းဖြူလက်ရန်းများနှင့် မြေပြင်ကို ဖုံးလွှမ်းနေသော စိတ်ဝိညာဉ် မြူခိုးများနှင့်အတူ အရပ်မျက်နှာအားလုံးမှ ကျင့်ကြံသူများသည် ဖိတ်စာများဖြင့် ကျွန်းပေါ်သို့ ဝင်ရောက်လာကြ၏။ တလူလူလူးလွင့်နေသော အင်္ကျီလက်များနှင့်အတူ သူတို့က စကားပြောဆိုကာ ရယ်မောနေကြပြီး ယဉ်ကျေးသိမ်မွေ့သူများ၏ ခမ်းနားသော စုဝေးပွဲ မြင်ကွင်းတစ်ခုကို တင်ဆက်နေသည်။
စူးချန်ကဲက ကျွန်းပေါ်သို့ အေးအေးလူလူခြေလှမ်းများဖြင့် လျှောက်လှမ်းသွားခဲ့သည်။ သူ၏နံဘေးရှိ လီဖိုကျွင်းမှာမူ စူးချန်ကဲကို သိချင်စိတ်ဖြင့် တစ်ခါတစ်ရံ ကြည့်နေလေ၏။
ထုယိုယိုက သူမ၏ အိပ်မှုန်စုံမွှား မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ပထမဆုံးအကြိမ် အများကြီး သောက်ဖူးခြင်းကြောင့် သူမသည် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အသွင်အပြင်ဖြင့် စူးချန်ကဲ၏နံဘေးတွင် လိုက်ပါလာခဲ့လေ၏။ သူမ၏ မျက်စိကျိန်းလောက်အောင် လှပသော အသွင်အပြင်နှင့် ခန္ဓာကိုယ်က အကြည့်များစွာကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
"ဟင်..."
အံ့အားတသင့်ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"တူလေးစူး..."
စူးချန်ကဲ အနည်းငယ် ရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ကျောင်းတော်သားတစ်ဦးအလား ဝတ်ဆင်ထားသော လီချင်းဖုန်းက သူ့ဆီသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် လီချင်းဖုန်း မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်းမှတ်မိသွားပေ၏။
တတိယတောင်ထိပ်၏ တောင်ထိပ်သခင်... စစ်တုရင်သူတော်စင် လီချင်းဖုန်း...
ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်သခင် ကိုးဦးအနက် သူသည် စိတ်သဘောထား အကောင်းဆုံးဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ညင်သာကာ လူကြီးလူကောင်းတစ်ဦး၏ အရှိန်အဝါ ရှိလေသည်။
လီဖိုကျွင်းက ပထမဆုံး လက်ပူးဆုပ်ကာ ပြောလိုက်၏။
"ငါက လီဖိုကျွင်းပါ... နှုတ်ခွန်းဆက်ပါတယ်... စီနီယာလီ..."
ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်သခင် ကိုးဦးကို လူတိုင်း သိထားကြသဖြင့် သူ့ကဲ့သို့ လိမ္မာပါးနပ်သူ တစ်ဦးကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
"နှုတ်ခွန်းဆက်ပါတယ်... စီနီယာ ဦးလေးလီ..."
စူးချန်ကဲက အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် လက်ဆန့်ထုတ်ကာ သူမ၏ နားထင်များကို ပွတ်သပ်နေဆဲဖြစ်သော ထုယိုယိုကို ခပ်ဖွဖွ ပုတ်လိုက်၏။
"သူ့ကို နှုတ်ဆက်လိုက်..."
ထုယိုယို၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်ရီသွားပြီး သူမက အလျင်အမြန် လက်ပူးဆုပ်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ... အစ်ကိုကြီး..."
"..." လီချင်းဖုန်း
"..." စူးချန်ကဲ
"..." လီဖိုကျွင်း
"ဒါက ချောက်ကမ်းပါးမဲ့ အဖိုးအို လက်ခံခဲ့တဲ့ နောက်ဆုံးတပည့်ဖြစ်တဲ့ ထုယိုယိုဆိုတာ ဖြစ်ရမယ်... ဟုတ်တယ်မလား... သူက ပဉ္စမ ဂျူနီယာညီမလေးနဲ့ နည်းနည်းတော့ တူတယ်နော်..."
လီချင်းဖုန်းက နွေးထွေးစွာ ပြုံးလိုက်သည်။
စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီး ထုယိုယိုကမူ မသိနားမလည်သော အမူအရာဖြင့် သူမ၏ နားထင်များကို ဆက်လက်၍ ပွတ်သပ်နေလေ၏။
သို့ရာတွင် နောက်တစ်စက္ကန့်၌ လီချင်းဖုန်း၏ လေသံ တင်းမာသွားခဲ့သည်။
"ဒါပေမဲ့... အနာဂတ်မှာ မင်းက လူတွေကို စိတ်ရှိသလို ဆေးခတ်တာမျိုးတွေ လျှောက်မလုပ်ရဘူးနော်... တကယ်လို့ မင်းက ထိုက်ချင်နယ်မြေရဲ့ အပြင်ဘက်မှာ ဖြစ်နေပြီးတော့ လူတစ်ယောက်က မင်းကို ဖမ်းမိသွားရင် ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး..."
ဤအရာကို ကြားသောအခါ စူးချန်ကဲက လီချင်းဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤစကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူ သဘာဝကျကျပင် နားလည်ထားသည်။ ထိုအရာမှာ အပြစ်တင်ခြင်း မဟုတ်ဘဲ သတိပေးခြင်းတစ်ခုပင်။
အမူးမပြေသေးသော ထုယိုယိုက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"ကျွန်မ သိတယ်... ကျွန်မ သိပါတယ်..."
လီချင်းဖုန်းသည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး ဒေါသမထွက်ခဲ့ချေ။ သူက စူးချန်ကဲဆီသို့ အကြည့်လွှဲကာ မေးလိုက်၏။
"တူလေးစူးကရော လက်ဖက်ရည်တာအိုကို သိလား..."
"နည်းနည်းပါ..."
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
စူးချန်ကဲ၏နောက်တွင် ရှိနေသော လီဖိုကျွင်း၏ မျက်ခွံများ လှုပ်ရှားသွားပြီး သူ၏စိတ်နှလုံးသားထဲ၌ တွေးလိုက်၏။
"သူက သိရုံတင် မကဘူး... သူက လက်ဖက်ရည်တာအိုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိထားတဲ့ ဆရာကြီးပဲ..."
"အပြင်ဘက်က ကောလာဟလတွေက မှန်ပုံရတယ်... ထိုက်ချင်ဂိုဏ်းက ဂိုဏ်းဝင်တွေကို တကယ့်ကို အရမ်းကောင်းကောင်း ဆက်ဆံတာပဲ..."
"အဆိပ်ခတ်တာလိုမျိုး ကိစ္စကိုတောင်မှ ဒီလောက် ပေါ့ပေါ့တန်တန် သဘောထားတယ်ပေါ့..."
"အို..."
လီချင်းဖုန်းက ဤအရာကို ကြားသောအခါ အနည်းငယ် ဝမ်းသာသွားခဲ့၏။
"အဲ့ဒါက တော်တော်လေး ကောင်းတာပဲ... လက်ဖက်ရည်တာအိုက နှလုံးသားကို တည်ငြိမ်စေပြီး လူတစ်ယောက်ရဲ့စရိုက်သဘာဝကို ပျိုးထောင်ပေးတယ်... အဲ့ဒါက ကျင့်ကြံခြင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရှိတယ်... ဒီလက်ဖက်ရည်ပွဲအတွက် မင်း နေရာတစ်ခု ရထားပြီလား..."
"ရထားပါတယ်..."
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။
လီချင်းဖုန်းက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ဒါဆို အတူတူ သွားကြတာပေါ့..."
သူတို့အဖွဲ့သည် လက်ဖက်ရည်ပွဲ အဝင်ပေါက်သို့ လျှောက်လှမ်းသွားစဉ်၌ မှော်အက္ခရာပုံစံနယ်ပယ် ကျင့်ကြံသူများက ဖိတ်စာများကို စစ်ဆေးနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုနေရာတွင် လူအုပ်ကြီး တစ်ခု စုဝေးနေလေပြီ။ သူတို့၏ဘေးရှိ ဒေါင်လိုက်ဆိုင်းဘုတ်တစ်ခုတွင် လက်ဖက်ရည်ပွဲ၏ စည်းမျဉ်းတချို့ကို ဖော်ပြထားပေ၏။ သာမန်နေရာများသည် ဦးသူယူစနစ်ဖြစ်ပြီး အဆင့်အတန်းနှင့် ရာထူးရှိသူများတွင်မူ သတ်မှတ်ထားသော နေရာကောင်းများရှိကြောင်း ဖော်ပြထားသည်။ အကောင်းဆုံး ဧည့်သည်နေရာများမှာ လက်ဖက်ရည်ပွဲ၏ ဗဟိုဧရိယာတွင်ဖြစ်သည်။
"တကယ်လို့ မင်းထိုင်ဖို့ နေရာတစ်ခု ရှာမတွေ့ရင် ငါနဲ့ လိုက်ခဲ့လေ..."
လီချင်းဖုန်းက ညင်သာစွာ ပြောဆိုလိုက်၏။ သို့ရာတွင် သူ စကားပြောပြီးသည်နှင့် တပြိုင်နက် သူ၏မျက်ခွံများ အကြမ်းပတမ်း လှုပ်ရှားသွားခြင်းကို မထိန်းနိုင်ခဲ့ဘဲ သူ၏ ဝတ်ရုံထဲတွင် ခရမ်းရောင်ကတ်ကို ကိုင်ထားသောလက်မှာ တုန်ရီသွားခဲ့သည်။
စူးချန်ကဲက တောက်ပသော ရွှေရောင်ကတ် တစ်ခုကို ထုတ်ယူကာ နေရာများကို စစ်ဆေးရန် တာဝန်ရှိသော ကျင့်ကြံသူထံသို့ လက်ကမ်းပေးလိုက်၏။ ထို့နောက် သူက လီချင်းဖုန်းကို လှည့်ကြည့်ပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"ဘာပြောလိုက်တာလဲ..."
သူ အမှန်တကယ်ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။
"ဘာ... ဘာမှမဟုတ်ပါဘူး..."
လီချင်းဖုန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏စိတ်နှလုံးသားထဲ၌ အတော်လေး အံ့အားသင့်နေမိသည်။
ဒီကောင်လေးက ယွမ်ယန် ကုန်သည်ကြီးများအသင်းဆီကနေ ရွှေရောင်ကတ်ကို ဘယ်တုန်းက ရသွားတာလဲ...
သူက ဒီလောက်တောင် ချမ်းသာတာလား...
နေရာများကို စစ်ဆေးနေသော ကျင့်ကြံသူသည်လည်း ဤအချိန်၌ အံ့အားသင့်သော အမူအရာကို ပြသကာ ရိုသေလေးစားစွာ အလျင်အမြန် ပြောဆိုသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ဧည့်သည်တော်အတွက် နေရာတစ်ခု ပြင်ဆင်ထားပြီးပါပြီ... ဧည့်သည်တော်ကို ချက်ချင်း လမ်းပြပေးပါ့မယ်..."
အခန်း ၄၆: ဆရာကြီးစူး... ကျေးဇူးပြုပြီး...
အရပ်မျက်နှာအဘက်ဘက်မှ ပုံရိပ်များက စူးချန်ကဲကို ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုနှင့် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။
လီဖိုကျွင်းပင်လျှင် စူးချန်ကဲကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော လက်ဖက်ရည်တာအို ကျင့်ကြံခြင်းကို ထည့်သွင်းစဉ်းစားပြီးနောက် ထိုအရာမှာ သဘာဝကျသည်ဟုသာ သူ ခံစားလိုက်ရသည်။
မလှမ်းမကမ်းတွင် အလွန်အလုပ်ရှုပ်နေပြီဖြစ်သော လျိုယွမ် မြို့တော်ဝန်သည် လီချင်းဖုန်းကို မြင်သောအခါ အလျင်အမြန် ပြေးလာခဲ့၏။ စူးချန်ကဲက ရွှေရောင်ကတ်ကို ထုတ်ယူလိုက်သည့် မြင်ကွင်းကို သူ တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရပြီး နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။ သူ စူးချန်ကဲအတွက် ပြင်ဆင်ထားသော နေရာကို ထုတ်ပေးရန် စိတ်မကူးတော့ဘဲ မြှောက်ပင့်ဖားယားသော အပြုံးတစ်ခုဖြင့်သာ လီချင်းဖုန်း၏နံဘေးသို့ ရောက်လာပြီး ခါးသီးသော အပြုံးဖြင့် ပြောဆိုသည်။
"သခင်ကြီး... အဲ့ဒါက... ဂိုဏ်းက ကြိုတင် ပြင်ဆင်ထားပြီးသား ကိစ္စလား..."
ထိုက်ချင်ဂိုဏ်းက ဒီလို အသေးအဖွဲ စုဝေးပွဲတွေကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ငါတို့ သဘောတူထားတာ မဟုတ်ဘူးလား... ငါ့ကို ကြွားခွင့်ပေးမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား...
ဘယ်လို ရှုပ်ထွေးမှုကြီးလဲ...
"ရပါတယ်... မင်းအလုပ်ကို မင်းသွားလုပ်ပါ..."
လီချင်းဖုန်းက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောဆိုလိုက်သော်လည်း သူ၏အကြည့်များသည် စူးချန်ကဲအပေါ်တွင်သာ စူးစိုက်နေဆဲပင်။ ထိုအချိန်မှသာ စူးချန်ကဲ၏ကျင့်ကြံခြင်းကို သူ အမှန်တကယ် ဖောက်ထွင်းမမြင်နိုင်ကြောင်းကို သူ သတိထားလိုက်မိသည်။
တော်လိုက်တဲ့ ကောင်လေး... အခွင့်အရေးတွေ အများကြီး ရထားတာပဲ...
ယွမ်ယန် ရွှေရောင်ကတ် တစ်ခု... ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်နယ်ပယ်ကိုတောင် ဖုံးကွယ်နိုင်တဲ့ ရတနာတစ်ခု...
သိပ်မကြာခင်မှာပင်...
သူတို့အဖွဲ့သည် ကျွန်းပေါ်သို့ ခြေချလိုက်ကြ၏။ ဤအချိန်၌ လက်ဖက်ရည်ပွဲမှာ စတင်နေပြီဖြစ်ပြီး လက်ဖက်ရည်ရနံ့များက အရပ်မျက်နှာအဘက်ဘက်မှ ပျံ့လွင့်နေသည်။
စူးချန်ကဲ၏နေရာမှာ အလွန်ဗဟိုကျပြီး သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်၏ နေရာနှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင် ရှိနေသည်။ ထိုကြောင့် လီချင်းဖုန်းသည် အားနာမနေတော့ဘဲ စူးချန်ကဲနှင့် စားပွဲတစ်ခုတည်းတွင် ထိုင်လိုက်လေ၏။ အမှန်အားဖြင့် သူ၏ အဆင့်အတန်းနှင့် ခွန်အားဖြင့် နေရာတစ်ခု ရရှိရန်မှာ အလွန်လွယ်ကူသော်လည်း သူ၏ စရိုက်ကို အချိန်အကြာကြီး ပျိုးထောင်ပြီးနောက် သူသည် ဤကဲ့သို့ ကျော်ကြားမှုနှင့် ဓနဥစ္စာများကို ပို၍လျစ်လျူရှုလာခဲ့ခြင်းဖြစ်သည်။
ယနေ့၌ ကျွန်းပေါ်သို့ တက်လာသူများသည် ယခင်ကဲ့သို့ လက်ဖက်ရည်အကြောင်း စကားမပြောကြဘဲ အတင်းအဖျင်းများ စတင်ပြောဆိုလာကြ၏။
"မင်း ကြားပြီးပြီလား... မနေ့ညက မြောင်ယင်ခန်းမဆောင်မှာ ဆရာကြီး တစ်ယောက်က လက်ဖက်ရည်တာအိုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ခြေချသွားတယ်တဲ့... 'ထွက်သွားစမ်း' ဆိုတဲ့ အော်သံ တစ်ချက်တည်းနဲ့တင် သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ရဲ့ မျက်နှာကို အစိမ်းရောင် ပြောင်းသွားစေခဲ့တာပဲ..."
"မင်းက ကြားရုံတင်လား...အဲ့ဒီနေရာမှာ ငါကိုယ်တိုင် ရှိနေခဲ့တာလေ... မနေ့က မြောင်ယင်ခန်းမဆောင်မှာတောင် ငါ တည်းခဲ့သေးတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဲ့ဒီဆရာကြီးရဲ့ အရိပ်အယောင်ကိုတောင် ငါ မမြင်ခဲ့ရဘူး..."
"ဒီဆရာကြီးက လျိုယွမ်မြို့မှာ ရုတ်တရက် ပေါ်လာတာ လက်ဖက်ရည်ပွဲကို တက်ရောက်ဖို့များလား..."
"အဲ့ဒါက ရှင်းရှင်းလင်းလင်း မသိရသေးဘူး... ဒါပေမဲ့ တကယ်လို့ အဲ့ဒီဆရာကြီးသာ ထွက်ပေါ်လာရင် သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ရဲ့ အမူအရာက သေချာပေါက် စိတ်ဝင်စားစရာ ကောင်းနေမှာပဲ..."
ဤဆူညံသော ဆွေးနွေးမှုများကို ကြားသော်လည်း စူးချန်ကဲသည် လုံးဝအနှောင့်အယှက် မဖြစ်ဘဲ တည်ငြိမ်အေးဆေးစွာ နေနေလေ၏။
သို့ရာတွင် လီချင်းဖုန်းက စိတ်ခံစားမှုဖြင့် သက်ပြင်းချလိုက်သည်။
"လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်က အဲ့ဒီဆရာကြီးသာ ဒီလက်ဖက်ရည်ပွဲကို လာနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ..."
လီဖိုကျွင်းက စူးချန်ကဲကို တစ်ချက်ကြည့်ပြီးနောက် လီချင်းဖုန်းကို ကြည့်ကာ သူ၏စိတ်နှလုံးသားထဲ၌ တွေးတောလိုက်၏။
"ဒါဆို ထိုက်ချင်ဂိုဏ်းတောင် ဒီအကြောင်းကို မသိဘူးပေါ့..."
"တာအိုရောင်းရင်းစူးက ကိစ္စတွေကို တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ..."
ထိုအချိန်လေးမှာပင် ဝင်ပေါက်မှ ရိုသေလေးစားသော နှုတ်ခွန်းဆက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
"နှုတ်ခွန်းဆက်ပါတယ်...တာအိုသီလရှင်ရွှီ..."
"ကျန်းမာပါစေ... တာအိုသီလရှင်ရွှီ..."
"လက်ဖက်ရည်တာအိုမှာ တာအိုသီလရှင်ရွှီရဲ့ ဂုဏ်သတင်းကို လေးစားလာခဲ့တာ ကြာပါပြီ... ဒီနေ့ ခင်ဗျားရဲ့ လမ်းညွှန်မှုကို မျှော်လင့်ပါတယ်..."
လူအုပ်ကြီး၏ ဝန်းရံမှုဖြင့် ရွှီယွီက ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့လေ၏။
သူမသည် ရိုးရှင်းပြီး ကြော့ရှင်းသော လရောင်အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင်များကို ဆံချည်တစ်မျှင်မျှ ဖွာမထွက်စေဘဲ ပြီးပြည့်စုံစွာ ဖြီးသင်ထားသည်။ သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းက လူများကို မိုင်တစ်ထောင်အကွာတွင် ထားရှိသော သူမ၏ ပုံမှန် အေးစက်ပြီး ခပ်တန်းတန်းနေတတ်သည့် ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားလေ၏။
သို့ရာတွင် တစ်စုံတစ်ယောက်က သေသေချာချာ ကြည့်ရှုမည်ဆိုပါက သူမ၏ မျက်လုံးများ နက်ရှိုင်းသောနေရာတွင် စုစည်းနေသော အေးစက်မှုမှာ အစိုင်အခဲနီးပါး ဖြစ်လာပြီး ဆောင်းလယ်က နက်ရှိုင်းသော ရေကန်တစ်ခုအလား အရိုးထဲထိ စိမ့်ဝင်အေးခဲနေကြောင်းကို တွေ့ရှိရပေမည်။
သူမ တစ်ညလုံး မျက်စိမမှိတ်ခဲ့ရချေ။ ယဲ့ရွှမ်သည် သူမ၏စိတ်ခံစားမှုများကို ဖောက်ထွင်းမြင်သွားခဲ့သော်လည်း သူမက သူ့ကို မပြောပြခဲ့ပေ။
အဲ့ဒါက အရမ်းကို ရှက်စရာကောင်းတယ်...
အကယ်၍ ဤကြီးကျယ်ခမ်းနားသော စုဝေးပွဲကို အစောကြီးကတည်းက စီစဉ်မထားပါက သူမ လာရောက်ရန် လုံးဝရည်ရွယ်မည် မဟုတ်ချေ။
"ဟင်..."
မီတာတစ်ဆယ်ခန့်အကွာတွင် ရှိနေသော စူးချန်ကဲကို မြင်သောအခါ ရွှီယွီ၏အမူအရာက ချက်ချင်းမည်းမှောင်သွားခဲ့သည်။ ယမန်နေ့က ဆက်တိုက်ကြုံတွေ့ခဲ့ရသော စိတ်ပျက်မှုများ မနေ့ညက အရှက်ကွဲမှုနှင့် စူးချန်ကဲအပေါ် သူမ၏ ရှင်းပြ၍မရနိုင်သော ရွံရှာမှုတို့သည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလား ဤအချိန်၌ ပေါက်ကွဲထွက်လာခဲ့သည်။
သို့ရာတွင် ထိုအချိန်မှာပင်...
"တာအိုသီလရှင်ရွှီ... လက်ဖက်ရည်ပွဲက စတော့မယ်..."
ဖုန်းဝူယင်က ရွှီယွီ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပြီး အပြုံးနှင့် ပြောလိုက်၏။
ရွှီယွီက ဖုန်းဝူယင်ကို အေးစက်စွာ တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"နင်က သူ့ကို ရွှေရောင်ကတ် ပေးလိုက်တယ် မဟုတ်လား... ဟမ့်... ကြည့်ရတာ ဥက္ကဋ္ဌဖုန်းက ဒီကောင်လေးနဲ့ အဆက်အသွယ် ရသွားပြီဆိုတော့ ငါ့ရဲ့ နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုးကို မလိုတော့ဘူးလို့ ခံစားရပုံပဲ... ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် လက်ဖက်ရည်ပွဲပြီးရင် ငါ့ရဲ့မိတ်ဆွေတွေကို အဆိပ်ခတ်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ကိစ္စအတွက် ရှင်းပြချက်တစ်ခုကို ငါကိုယ်တိုင်ကိုယ်ကျ တောင်းဆိုမယ်..."
ထိုသို့ပြောပြီးနောက် သူမက ဖုန်းဝူယင်ကို ထပ်မကြည့်တော့ဘဲ အင်္ကျီလက်များကို ခါလိုက်ကာ နောက်လှည့်ပြီး အဓိကထိုင်ခုံဆီသို့ တည့်မတ်စွာ လျှောက်လှမ်းသွားခဲ့သည်။
ဖုန်းဝူယင်က ပေါ့ပေါ့ပါးပါး ပခုံးတွန့်လိုက်ရုံသာ ဖြစ်သည်။ သူ၏ကိုယ်ပိုင်နေရာကို ရှာတွေ့ပြီးနောက် မလှမ်းမကမ်းရှိ စူးချန်ကဲကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
ရွှီယွီ နေရာယူလိုက်သည်နှင့်....
အခမ်းအနားမှူး အဖိုးအို တစ်ဦးက နေရာ၏ ဗဟိုတွင်ပေါ်လာပြီး သူ၏ အသံမှာ မြည်ဟီးနေသော ခေါင်းလောင်းကြီးတစ်လုံးအလား ကျယ်လောင်လှသည်။
"လက်ဖက်ရည်ပွဲရဲ့ ပထမဆုံး အစီအစဉ်....လက်ဖက်ရည် မြည်းစမ်းခြင်း..."
"ဒီတစ်ကြိမ်မှာတော့ သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ရဲ့ ရက်ရောမှုကြောင့် ကျွန်တော်တို့ ကံကောင်းတယ်လို့ ဆိုရပါမယ်... သူက အားလုံးနဲ့အတူ တာအိုအကြောင်း ဆွေးနွေးဖို့အတွက် သူ့ရဲ့ နာမည်ကြီး နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး လက်ဖက်ရည်တစ်အိုးကို အထူးတလည် ထုတ်လာပေးပါတယ်... အဲ့ဒါကို မြည်းစမ်းရင်းနဲ့ အားလုံးပဲ ထိုးထွင်းသိမြင်မှု တချို့ကို ရရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်..."
"ဒီလက်ဖက်ရည်အကြောင်းကို ကျွန်တော် အများကြီး မိတ်ဆက်မနေတော့ပါဘူး... လူတိုင်းက အဲ့ဒါကို တောင့်တနေကြမယ်ဆိုတာ သေချာပါတယ်... လက်ဖက်ရည်ကို မမြည်းစမ်းခင်မှာ တာအိုသီလရှင်ရွှီရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ဖို့ ကျွန်တော်နဲ့အတူ ပူးပေါင်းပေးပါ..."
"လက်ဖက်ရည်အတွက် ကျေးဇူးတင်ပါတယ်... တာအိုသီလရှင်ရွှီ..."
လက်ရှိနေရာတွင် ရှိနေသူများအားလုံးက တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြရာ သူတို့၏ အသံများက လှိုင်းများအလား ထွက်ပေါ်လာခဲ့လေ၏။
အဓိကထိုင်ခုံတွင် ထိုင်နေပြီဖြစ်သော ရွှီယွီသည် ဤအသံကို ကြားသောအခါ ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးပြီး အချက်ပြရန် လက်မြှောက်လိုက်သည်။
"အားလုံးပဲ... ကျေးဇူးပြုပြီး လက်ဖက်ရည်ကို မြည်းစမ်းကြပါ..."
အစေခံများက အမိန့်အတိုင်း လှုပ်ရှားကြပြီး ဖျော်စပ်ထားသော နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး ခွက်ပေါင်းများစွာကို အထူးဧည့်သည်တော်နေရာများသို့ တည်ခင်းပေးကြသည်။
နှင်းသည်းထန်စွာ ကျဆင်းသည့် သဘာဝလွန်ဖြစ်စဉ်နှင့်အတူ ကြည်လင်သော လက်ဖက်ရည်ရနံ့တစ်ခု ပေါ်ထွက်လာပြီး တာအိုစည်းချက်က လေထုထဲတွင် ချက်ချင်းပြည့်နှက်သွားပေ၏။ တခြားသာမန်နေရာများရှိ ကျင့်ကြံသူများမှာ လွင့်မျောနေသော တာအိုစည်းချက်ကို အဝေးမှသာ အနံ့ခံနိုင်ကြပြီး မနာလိုမှုများသာ ကျန်ရစ်ခဲ့ကြသည်။
စူးချန်ကဲက မလှမ်းမကမ်းရှိ ရေကန်၏ ဗဟိုဆီသို့ မသိမသာ ကြည့်နေသည်။
"ဒီမြေခွေးအိုကြီးက အပျက်အစီးနယ်မြေကို ဘယ်အချိန်ဖွင့်ဖို့ ရည်ရွယ်ထားတာလဲ..."
စူးချန်ကဲ၏အကြည့်ကို မြင်သောအခါ လီဖိုကျွင်းက သူ၏အနီးသို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာပြီး အသံပေးပို့ကာ ပြောဆိုလိုက်၏။
"တာအိုရောင်းရင်း... လူနည်းနည်း ရှင်းတဲ့အထိ စောင့်ပါ... ငါ့ကို ကြည့်နေ... အလဟဿ မဖြစ်စေနဲ့... ဒီလက်ဖက်ရည် တစ်ငုံကို ငါ သောက်ပြီးတဲ့အထိ စောင့်ပါ..."
စူးချန်ကဲက သူ့ကို လျစ်လျူရှုလိုက်သည်။
စူးချန်ကဲ၏ အကြည့်များ လွင့်မျောနေသည်ကို မြင်သောအခါ လီချင်းဖုန်းက ညင်သာစွာ သတိပေးလိုက်၏။
"တူလေးစူး... ဒါက အရပ်ဒေသအသီးသီးက လက်ဖက်ရည်တာအိုဆရာကြီးတွေရဲ့ လက်ရာတွေကို တန်ဖိုးထားဖို့ ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ... အာရုံမလွင့်စေနဲ့..."
စူးချန်ကဲက မျက်လုံးများကို မှေးစင်းလိုက်ပြီး ပြန်မဖြေခဲ့ချေ။ သူ၏အကြည့်က ရေကန် ဗဟို၏ နက်ရှိုင်းသောနေရာသို့ ကျရောက်သွားခဲ့ရာ ထိုနေရာတွင် မသိသာလုနီးပါး ဟင်းလင်းပြင် လှိုင်းယက်မှု တစ်ခုက တိတ်ဆိတ်စွာ လှိုင်းထနေသည်။
"ဗွမ်း....."
ရေများဖြာကျလာသော ကြည်လင်ပြတ်သားသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး လက်ဖက်ရည်ပွဲ၏ ကျက်သရေရှိမှုနှင့် တိတ်ဆိတ်မှုကို ချိုးဖျက်သွားခဲ့လေ၏။
"ဒါက တော်တော်လေး သာမန်ပါပဲလား..."
ထုယိုယိုက သူမ၏ရှေ့ရှိ လက်ဖက်ရည်ခွက်ကို မသိမသာ ကောက်ကိုင်ပြီး အငုံကြီးတစ်ငုံ သောက်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။
"အကြီးဆုံး စီနီယာအစ်ကို... အစ်ကို ဖျော်တဲ့ လက်ဖက်ရည်နဲ့ ယှဉ်ရင် ဒါက ရိုးရိုးရှင်းရှင်းကို မိုးနဲ့မြေလောက် ကွာခြားတာပဲ..."
သူမ၏စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး၏ လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်ထဲတွင် နစ်မြုပ်နေသော လီချင်းဖုန်းမှာ ဤစကားကို ကြားသောအခါ ကြောင်အမ်းသွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
"မင်း ဘယ်လောက်တောင် ရဲတင်းလိုက်လဲ..."
"ဒီလို မောက်မာတဲ့ စကားတွေကို ပြောရဲအောင် ဒီအရိုင်းအစိုင်းမလေးက ဘယ်က ရောက်လာတာလဲ..."
"မင်းရဲ့ စီနီယာအစ်ကိုက ဘယ်သူလဲ... သူက သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ..."
ပြစ်တင်ကြိမ်းမောင်းသံများနှင့် လှောင်ပြောင်သံများက အရပ်မျက်နှာအဘက်ဘက်မှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး မကျေနပ်သော အကြည့်များစွာက ဤရဲတင်းသော မိန်းမပျိုလေးအပေါ်သို့ စူးစိုက်၍ ကျရောက်သွားကြလေ၏။
ရွှီယွီ၏မျက်နှာမှာ မနေ့ညက အရှက်ကွဲမှုကြောင့် မှုန်မှိုင်းနေပြီဖြစ်ပြီး ယခုအချိန်၌ လုံးဝမည်းမှောင်သွားခဲ့လေပြီ။ သူမ၏ ရေခဲတမျှ အေးစက်သော အကြည့်က စူးချန်ကဲဆီသို့ ထက်ရှသော မြှားတစ်စင်းအလား ပျံ့လွင့်လာပြီး လှောင်ပြောင်သည့် အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းထောင့်များတွင် ကွေးတက်သွားသည်။
"အို... ငါက သတင်းနောက်ကျနေတာပဲ ဖြစ်ရမယ်... ထိုက်ချင်ဂိုဏ်းက ဒီလို ထူးကဲတဲ့ လက်ဖက်ရည်တာအို ပါရမီရှင်ကို မွေးထုတ်လိုက်တယ်ဆိုတာ ငါ မသိခဲ့ဘူး... ဒါဆိုရင်... ငါလည်း မျက်စိပွင့်နားပွင့် ဖြစ်သွားအောင် သူ့ကို လက်ဖက်ရည် တစ်အိုးလောက် ဖျော်ခိုင်းရင် ဘယ်လိုလဲ..."
ဟမ့်...
အဲ့ဒီဆရာကြီးနဲ့ အဆက်အသွယ် ရလောက်အောင် ကံကောင်းခဲ့လို့ သူကိုယ်တိုင်က လက်ဖက်ရည်တာအို ဆရာကြီးတစ်ယောက် ဖြစ်နေပြီလို့ သူ တကယ်ကြီး ထင်နေတာလား...
သို့ရာတွင် ထိုအချိန်လေးမှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖော်ပြ၍မရနိုင်သော ကျယ်ပြန့်သည့် ဖိအားတစ်ခု ရုတ်တရက် ဆင်းသက်လာပြီး လောကကြီးတစ်ခုလုံးကို မမြင်နိုင်သော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက ဖိနှိပ်ထားသည့်အလားပင်။
အချိန်များ ရပ်တန့်သွားပြီး ဟင်းလင်းပြင် အေးခဲတောင့်တင်းသွားပေ၏။ လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံးသည် သူတို့၏ကျင့်ကြံဆင့် မည်မျှပင် ရှိစေကာမူ သူတို့၏အူကလီစာများအထိ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ရေကန်၏ဗဟိုမှ အစပြုကာ ခုခံ၍မရနိုင်သော ထိုကြောက်မက်ဖွယ်ကောင်းသည့် တာအိုစည်းချက်ကြောင့် သူတို့အားလုံး မလှုပ်ရှားနိုင်အောင် ဖြစ်သွားကြသည်။
ယွမ်မန်ရွှံ့နွံတော၏ဗဟိုတွင် အလင်းတန်း ထောင်ပေါင်းများစွာ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော ရွှေကြာပန်းပုံရိပ်ယောင်များက လေထဲတွင် ပွင့်လန်းလာခဲ့သည်။ ကြီးမားကျယ်သော တာအိုအသံတစ်သံက ခေါင်းလောင်းကြီးတစ်လုံး မြည်ဟီးသံအလား မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
နတ်ဆိုးတစ်ကောင်အလား ချောမောခန့်ညားသော ပုံရိပ်တစ်ခုသည် ခေတ်အဆက်ဆက်ကို ဖိနှိပ်ထားသည့် သူတော်စင်နယ်ပယ် အရှိန်အဝါနှင့်အတူ အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။
သူသည် လရောင်ကဲ့သို့ ဖြူဖွေးသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ လက်ထဲတွင် ရှေးဟောင်းလက်ဖက်ရည်အိုးခွက်တစ်စုံကို အမှန်တကယ် ကိုင်ဆောင်ထားသည်။ ထိုလက်ဖက်ရည်ခွက်များထဲတွင် မြူခိုးများ ရစ်ဝဲနေပြီး လက်ဖက်ရည်အိုး၏နှုတ်သီးမှ တာအိုစည်းချက်များ စီးဆင်းနေသည်။
"သူ... သူတော်စင် တစ်ပါးလား..."
"အဲ့ဒါက အကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခုပဲ... သူတော်စင်တစ်ပါး ဒီနေရာမှာ ကွယ်လွန်သွားခဲ့တာပဲ..."
"ဘုရားရေ... သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ရဲ့ လက်ဖက်ရည်တာအိုက သူတော်စင်ရဲ့ အကြွင်းအကျန်စိတ်ဆန္ဒကို ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးခဲ့တာများလား..."
"အဲ့ဒါပဲ ဖြစ်ရမယ်... သူတော်စင်က လက်ဖက်ရည် အိုးခွက်တွေကိုတောင် ကိုင်ထားသေးတယ်... လက်ဖက်ရည် ရနံ့ကြောင့် သူက ဆွဲဆောင်ခံခဲ့ရတာပဲ ဖြစ်ရမယ်..."
ယခုလေးတင် နာကြည်းမှုများဖြင့် ပြည့်နှက်နေသော ရွှီယွီသည် ယခုအချိန်၌ အလွန်ဝမ်းသာသွားပြီး သူမကိုယ်သူမ မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။
သူမ၏ အရိုင်းဆန်သော ဝမ်းသာမှုကို ဖိနှိပ်ကာ သူမက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူမက သူတော်စင်၏ပုံရိပ်ဆီသို့ နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကာ သူမ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။
"ဂျူနီယာရွှီယွီက သူတော်စင်ကို အရိုအသေပေးပါတယ်... ရှင်ရဲ့ မြင့်မြတ်တဲ့ ရောက်ရှိလာမှုကို ကျွန်မတို့က ကြိုဆိုပါတယ်..."
ဤသူတော်စင်၏ အကြွင်းအကျန်စိတ်ဆန္ဒသည် သူမ၏ နှင်းတောင်ထိပ် စိတ်ဝိညာဉ်မြူခိုး အိုးအတွက် လာခဲ့ခြင်းဖြစ်ကြောင်း သူမ အသေအချာနီးပါး သိရှိနေသည်။
သို့ရာတွင် နောက်ဆက်တွဲ ဖြစ်ပေါ်လာသောအရာက သူမ၏ အပြုံးကို သူမ၏ မျက်နှာပေါ်တွင် ချက်ချင်းအေးခဲတောင့်တင်းသွားစေပြီး လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံးကို အောက်မေးရိုးများ ပြုတ်ကျလုမတတ် ဖြစ်သွားစေခဲ့သည်။
သူတော်စင်၏ပုံရိပ်သည် ရွှီယွီ၏ အလွန်ရိုသေလေးစားသော ဦးညွှတ်မှုကို လုံးဝလျစ်လျူရှုလိုက်ပြီး သူမကို မျက်လုံးထောင့်မှပင် တစ်ချက် မကြည့်ခဲ့ချေ။
သူက တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လာပြီး အံ့အားသင့်နေသော လူအများ။မျက်လုံးအကြည့်များအောက်တွင် လူအုပ်ကြီးကို တည့်မတ်စွာ ဖြတ်သန်းကာ စူးချန်ကဲ၏ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။
ချင်းချိုးဘိုးဘေးက သူ၏ လေသံကို ပြောင်းလဲကာ ပြောဆိုလိုက်သည်။
"ဆရာကြီးစူး... ကျေးဇူးပြုပြီး..."