အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃:သာမန်သေမျိုးလောက... အဲ့ဒါက တကယ်ကို လှပတာပဲ...
"ဟူး....ဒီဆရာကြီးက သိပ်ပြီး စိတ်ထားကောင်းပုံ မပေါ်ဘူး... ဒါမှမဟုတ် သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ကို သူ မကြိုက်လို့များလား..."
"ဒါက သူ့ကို မကြိုက်ရုံတင် မကဘူး... လူသူအများရှေ့မှာ ပါးဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ... ငါ့အထင်တော့ တချို့လူတွေက အထက်စီးကနေ နေရတာကို အသားကျနေပြီး လူတိုင်းက သူ့ကို မျက်နှာသာပေးရမယ်လို့ တကယ်ကြီး တွေးထင်နေကြတာပဲ ဖြစ်မယ်..."
"အဲ့ဒါက နည်းနည်းတော့ ယုတ္တိရှိတယ်... လက်ဖက်ရည်တာအိုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိတယ်ဆိုတာက ပိုပြီးမြင့်မားတဲ့ ကျင့်ကြံခြင်း အခြေခံကို ရည်ညွှန်းနိုင်ခြေရှိပြီးတော့ သူတို့က အခုလေးတင် အဆင့်ချိုးဖောက်မှုကို လုပ်ထားတာလေ... အဲ့ဒါကို ရွှီယွီက တွေ့ခွင့်တောင်းဖို့ ယောင်ထိုက်အင်မော်တယ် နန်းတော်ရဲ့ နာမည်ကို သုံးနေသေးတယ်ဆိုတော့....အဲ့ဒါက အဆူခံရဖို့သက်သက် တောင်းဆိုနေတာ မဟုတ်ဘူးလား..."
"ဟားဟား... သူ ဒီတစ်ကြိမ်တော့ တကယ်ကို မျက်နှာပျက်သွားပြီပဲ..."
"သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်က မနက်ဖြန် ထိုက်ချင်လက်ဖက်ရည်ပွဲကို တက်ဖို့တောင် မျက်နှာရှိဦးမယ်လို့ မင်း ထင်လား... သူက သူရဲ့အိမ်တံခါးကနေတောင် ထွက်လာချင်မှာ မဟုတ်တော့ဘူး..."
တီးတိုးစကားများက လျိုယွမ်မြို့တခွင်လုံး၌ ဒီရေအလား ပျံ့နှံ့သွားပြီး တခြားသူများ ဒုက္ခရောက်သည်ကို ဝမ်းသာသော တိုးညင်းသည့် ရယ်မောသံများစွာနှင့် ရောနှောနေလေ၏။
မလှမ်းမကမ်းရှိ သပ်ရပ်လှပသော ခန်းမဆောင်တစ်ခုတွင်....
လီချင်းဖုန်းက လက်ရန်းကို မှီကာ မြောင်ယင်ခန်းမဆောင်ရှိရာ အဝေးသို့ လှမ်းကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေပြီး သူက ပြောဆိုလိုက်၏။
"လျိုယွမ်မြို့မှာ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိထားတဲ့ ကျွမ်းကျင်သူ တစ်ယောက် ပုန်းကွယ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး... လက်ဖက်ရည်ပွဲကို လာရတဲ့ ဒီခရီးစဉ်က တကယ်ကို အလဟဿ မဖြစ်ခဲ့ဘူး... ဒါပေမဲ့ နှမြောစရာပဲ..."
သူက ကူကယ်ရာမဲ့သော အမူအရာကို ပြသကာ ခေါင်းခါယမ်းလိုက်သည်။
"ဒီဆရာကြီးရဲ့ စိတ်နေသဘောထားက တော်တော်လေး ခပ်တန်းတန်းနေတတ်ပုံရတယ်... ချဉ်းကပ်ဖို့ မလွယ်ဘူး..."
သစ်တော်သီးကျောက်စိမ်း ရသေ့ပညာရှင်ပင်လျှင် ငြင်းပယ်ခံခဲ့ရသဖြင့် သူသည် ပြဿနာမရှာမိစေရန် သွားရောက်ဂါရဝပြုမည့် အတွေးများကို သဘာဝကျကျပင် ပယ်ဖျက်လိုက်၏။
တစ်ချိန်တည်းမှာပင် ယွမ်ယန် ကုန်သည်ကြီးများအသင်း၏ အပေါ်ဆုံးထပ်၌...
ဖုန်းဝူယင်သည် ထူးဆန်းသော ဖြစ်စဉ်များ တဖြည်းဖြည်း မှေးမှိန်သွားသည့် ညကောင်းကင်ယံကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေလေ၏။ သူ၏ အမူအရာသည် ကဏဦး မယုံကြည်နိုင်မှုမှ ပြောင်းလဲသွားသည်။ အထူးသဖြင့် "ထွက်သွားစမ်း" ဟူသော ဟိန်းဟောက်သံကို ကြားပြီးနောက် တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့လေပြီ။
နောက်ဆုံးတွင် သူသည် သူ၏ ပေါင်ကို အားပါးတရ ရိုက်ချလိုက်သည်။
"အို... မဖြစ်သေးပါဘူး..."
ဖုန်းဝူယင်က နှလုံးကွဲကြေကာ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာဖြင့် ပြောဆိုသည်။
"ငါ ပို့လိုက်တာ အရမ်း နည်းသွားတယ်... လက်ဆောင်က နည်းလွန်းနေသေးတယ်..."
သူက စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပြီး တီးတိုးရေရွတ်လိုက်သည်။
"စူးချန်ကဲရဲ့ လက်ဖက်ရည်တာအို ပါရမီက အရမ်းချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား... ဒီမတိုင်ခင်ကတည်းက အဆင့်ချိုးဖောက်မှု လက္ခဏာတွေကို သူ ပြသခဲ့တာများလား..."
"သူက ဘယ်လိုမျိုး ကျင့်ကြံခဲ့တာလဲ..."
"တကယ်လို့ လက်ဖက်ရည်တာအိုမှာရှိတဲ့ သူ့ရဲ့ ဒီနားလည်သဘောပေါက်နိုင်စွမ်းကို တခြား တိုက်ခိုက်ရေးလမ်းစဉ် တစ်ခုခုမှာ အသုံးချလိုက်မယ်ဆိုရင် အဲ့ဒါက ဘယ်လိုတောင် ဖြစ်သွားမလဲ..."
တခဏမျှ အံ့အားသင့်သွားပြီးနောက် ဖုန်းဝူယင်က လက်ခုပ်တီးကာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
"ဟားဟားဟားဟား... စူးချန်ကဲရဲ့ အဲ့ဒီ 'ထွက်သွားစမ်း' ဆိုတဲ့ အော်သံက တကယ်ကို ကျေနပ်စရာပဲ... သူကိုယ်သူ အရမ်းမြင့်မြတ်တယ်လို့ ထင်နေတဲ့ အဲ့ဒီအမျိုးသမီးရွှီယွီကတော့ ဒီည မျက်နှာ အကြီးအကျယ် ပျက်သွားပြီးတဲ့နောက်မှာ သေချင်စိတ်တောင် ပေါက်နေလောက်ပြီ..."
ဖုန်းဝူယင် မျှော်လင့်ထားသည့်အတိုင်းပင်...
ဤအချိန်၌ ရွှီယွီသည် လေထုအလယ်တွင် ရပ်တန့်နေလေ၏။ သူမ၏ပါးပြင်များမှာ အစိမ်းရောင်မှ အနီရောင်သို့... ထို့နောက် အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး မှောက်ကျသွားသော ဆေးသုတ်ဆိုင် တစ်ဆိုင်အလား အမှန်တကယ်ကို အံ့မခန်း မြင်ကွင်းတစ်ခုပင်။
အရပ်မျက်နှာအဘက်ဘက်မှ ပျံ့လွင့်လာသော အကြည့်များနှင့် တီးတိုးဆွေးနွေးသံများက သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နေသည့် မရေမတွက်နိုင်သော အပ်ငယ်လေးများအလား ဖြစ်နေပြီး သူမအား မြေကြီးထဲသို့ တိုးဝင်ပုန်းအောင်းရန် အက်ကွဲကြောင်းတစ်ခုကို ရှာချင်စိတ် ပေါက်သွားစေခဲ့သည်။
သူမ၏စိတ် လုံးဝပရမ်းပတာ ဖြစ်နေပြီး ရှက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေကာ ကြီးမားသော နစ်နာမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ရောနှောနေသည်။
ဘာလို့လဲ...
ဤဆရာကြီးနှင့် ယခင်က တစ်ခါမျှ မတွေ့ဖူးဘဲ တစ်ဖက်လူက သူမအပေါ် အဘယ်ကြောင့် ဤမျှ ကြီးမားသောရန်လိုမှု ရှိနေရသနည်းဟု သူမကိုယ်သူမ မေးလိုက်သည်။
လက်ဖက်ရည်တာအို ကျင့်ကြံသူတွေအားလုံးက စိတ်ထားအေးချမ်းပြီး ကျောက်စိမ်းလို နူးညံ့ညင်သာသူတွေ ဖြစ်သင့်တယ် မဟုတ်လား...
ဖြစ်နိုင်တာက...
"အဲ့ဒီ ကောင်လေးကြောင့်များလား..."
ရွှီယွီက အံ့ကြိတ်လိုက်ရာ သူမ၏မျက်နှာသည် ပို၍ပို၍ ဖြူရော်လာခဲ့၏။ သူမသည် လေထုအလယ်တွင် အေးခဲတောင့်တင်းနေပြီး အချိန်အတော်ကြာအောင် အောင့်အည်းထားသော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်တော့ဘဲ နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားခဲ့သည်။
ထိုအချိန်မှာပင်...
မိုးကောင်းကင်ယံရှိ ထူးဆန်းသော သဘာဝလွန်ဖြစ်စဉ်များသည် နောက်ဆုံးတွင် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့ပေ၏။
ဆရာကြီးသည် လက်ဖက်ရည်၏ တာအိုစည်းချက်ကို ရုပ်သိမ်းသွားပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ သူ၏ လက်ဖက်ရည်တာအိုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
သို့ရာတွင် ရွှီယွီဟူသော ဥပမာတစ်ခု ရှိနေသဖြင့် မည်သူကမျှ မနှောင့်ယှက်ဝံ့ကြချေ။ သို့သော် လူအများအပြားက ချက်ချင်းထွက်မသွားကြဘဲ မြောင်ယင်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ ထိုင်ရန်နေရာတစ်ခုကို ကျပန်း ရှာဖွေလိုက်ကြသည်။
အချိန်တခဏအတွင်းမှာပင်...
မြောင်ယင်ခန်းမဆောင်၏ စီးပွားရေး တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
လျိုယွမ်မြို့တော်ဝန် ကျောက်ဝမ်ရှန်းသည် မြောင်ယင်ခန်းမဆောင်သို့ အလျင်အမြန် လူခေါ်လာပြီး မည်သူကမျှ ဆရာကြီး၏ အနားယူမှုကို မနှောင့်ယှက်စေရန် သေချာအောင် လုပ်ဆောင်ခဲ့လေ၏။
သို့ရာတွင် ထိုအချိန်မှာပင် မြို့တွင်းရှိ ယွမ်မန်ရွှံ့နွံတောတွင် ရေကန်အလယ်ရှိ ကျွန်းအောက်၌ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အလင်းတန်းတစ်တန်း လင်းလက်သွားသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။
တတိယထပ်မှ သီးသန့်ခြံဝင်း၏ နက်ရှိုင်းသော နေရာတွင်..
"တာအိုတစ်ခုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တာက ဒီလောက်ထိ ကြီးမားတဲ့ ဆူပူအုံကြွမှုကို တကယ်ကြီး ဖြစ်စေနိုင်တာလား..."
စူးချန်ကဲက သူ၏လက်ထဲရှိ လက်ဖက်ရည်အိုးကို ချလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒါဆို ငါ အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်တုန်းက ဘာလို့ အဲ့ဒီလို မဖြစ်ခဲ့တာလဲ...
အဲ့ဒီအချိန်တုန်းက ငါက အဆောင်လက်ဖွဲ့တွေ ရေးဆွဲမနေခဲ့လို့များလား...
အချိန်တခဏကြာ စဉ်းစားပြီးနောက် စူးချန်ကဲသည် ထိုအကြောင်းကို ဆက်လက်၍ မတွေးတောချင်တော့ချေ။
"ထားလိုက်ပါတော့... ဒီကိစ္စတွေကို ဘာလို့ စဉ်းစားနေရမှာလဲ..."
ချက်ချင်းပင် စူးချန်ကဲသည် စားပွဲပေါ်ရှိ တပ်ဆင်ထားသော မြေပုံအပိုင်းအစလေးခုဆီသို့ သူ၏အကြည့်ကို လှည့်လိုက်ပြီး ရွှီယွီကိုမူ သူ၏ စိတ်နှလုံးသားထဲ၌ အလေးအနက် မထားခဲ့ချေ။
【ကောင်းကင်ကိုဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်း . .သင်သည် ပြီးပြည့်စုံသော နတ်ဘုရား လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မြေခွေး ဝင်္ကပါကို လေ့လာကြည့်ပြီးပါပြီ... အပိုင်းအစများနှင့်ပတ်သက်သော သင်၏ ယခင် ထိုးထွင်းသိမြင်မှုများနှင့် ပေါင်းစပ်ကာ ဝင်္ကပါမှော်စာလုံးများကို အောင်မြင်စွာ နားလည်သဘောပေါက်နိုင်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်စု ဝင်္ကပါ၏ အရင်းအမြစ် တစ်စွန်းတစ်စကို ဆုပ်ကိုင်နိုင်ခဲ့ကာ သင်၏ ကိုယ်ပိုင်ဝင်္ကပါ ဖန်တီးရန်အတွက် အခြေခံအုတ်မြစ်တစ်ခု ချမှတ်နိုင်ခဲ့ပါပြီ...】
"ဒီလိုကိုး..."
"ဒီလျိုယွမ်မြို့က တကယ်တော့ ပြီးပြည့်စုံတဲ့ နတ်ဘုရား လျှို့ဝှက်ဆန်းကြယ် ကောင်းကင်မြေခွေးဝင်္ကပါတစ်ခုပဲ..."
ပြီးပြည့်စုံသော ဝင်္ကပါကို စူးချန်ကဲ နားလည်သဘောပေါက်သွားပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ ထပ်မံ၍ ကြည့်လိုက်၏။ သူ၏ စိတ်ထဲတွင် လျိုယွမ်မြို့တစ်မြို့လုံးသည် သူ ယခုလေးတင် ဆုပ်ကိုင်နိုင်ခဲ့သော ဝင်္ကပါနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။
သို့ရာတွင် သူ၏လက်ရှိအမြင်ဖြင့် ဤဝင်္ကပါ၏ ဗဟိုချက်ကို မြင်တွေ့ရန် ခက်ခဲနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လျိုယွမ်မြို့သည် လူတစ်သန်းကျော် နေထိုင်နိုင်သော ဧရာမမြို့ကြီးတစ်မြို့ဖြစ်ပြီး ထိုမြို့၏အရွယ်အစားမှာ သူ၏ နတ်ဘုရားစိတ်အာရုံ လွှမ်းခြုံနိုင်စွမ်းထက် များစွာကျော်လွန်နေလေ၏။
ထိုဝင်္ကပါဗဟိုချက် တည်နေရာမှာ လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်ဖြစ်သော ယွမ်မန်ရွှံ့နွံတော ဖြစ်နိုင်ခြေ အလွန်များကြောင်း သူ ခန့်မှန်းမိသည်။
"ဟုတ်တယ်..."
"ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း မျက်လုံး..."
"တကယ်လို့ မျက်လုံးနည်းစနစ်တစ်ခုရဲ့ အကူအညီသာ ပါမယ်ဆိုရင် အများကြီး ပိုပြီးလွယ်ကူသွားလောက်တယ်..."
စူးချန်ကဲ တီးတိုးစကားပြောပြီးသွားချိန်မှာပင်..
"စီနီယာအစ်ကို... ကျွန်မ အရမ်း ဗိုက်ဆာနေပြီ..."
ထုယိုယိုက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး သူမ၏ ပြားချပ်နေသော ဗိုက်ကို ပွေ့ဖက်ကာ မေ့လဲတော့မည့်အလား သနားစရာကောင်းသော အမူအရာဖြင့် နှုတ်ခမ်းဆူပြီး ပြောဆိုသည်။
"ကျွန်မကို အပြင်ခေါ်သွားပြီး ကစားခိုင်းမယ်လို့ အစ်ကို ပြောခဲ့တယ် မဟုတ်ဘူးလား..."
သူမ၏ကျင့်ကြံဆင့်နယ်ပယ်မှာ မလုံလောက်သဖြင့် ယခုလေးတင် ဖြစ်ပေါ်ခဲ့သော တာအိုစည်းချက် သဘာဝလွန်ဖြစ်စဉ်ကို သူမ သတိမထားမိခဲ့ချေ။ ထို့ပြင် ဤသီးသန့်ခြံဝင်းတွင် သီးခြားဝင်္ကပါတစ်ခု ရှိနေသဖြင့် အပြင်ဘက်မှ ဆူပူအုံကြွမှုများကို သူမ မသိရှိခဲ့ချေ။
စူးချန်ကဲက မော့ကြည့်လိုက်ရာ မီးအိမ်အလင်းရောင်အောက်တွင် သူမ၏မီးခိုးပြာရောင် မျက်လုံးများက ရေစိမ်ထားသော ကျောက်မျက်ရတနာများအလား နစ်နာမှု အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားသည်ကို မြင်တွေ့လိုက်ရ၏။
သူက ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုလိုက်သည်။
"ငါ မေ့သွားလို့ပါ... သွားကြရအောင်... အရင် သွားစားကြမယ်... ပြီးရင် သာမန်သေမျိုးလောကရဲ့ ရှုခင်းတွေကို ကြည့်ဖို့ မင်းကို ခေါ်သွားပေးမယ်..."
ဤသည်မှာ စနစ်၏တာဝန်ကို ပြီးမြောက်ရန် ကောင်းမွန်သော အခွင့်အရေးတစ်ခုပင်။
တောက်ပသော လမင်းကြီးက မြင့်မားသောနေရာ၌ ထိန်ထိန်သာနေပြီး ကြည်လင်သော အလင်းရောင်ကို နေရာအနှံ့အပြားသို့ ဖြန့်ကျက်ထားသည်။
စူးချန်ကဲက ထုယိုယိုကို ခေါ်ကာ ယခုအချိန်၌ အစောပိုင်းက ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် သဘာဝလွန်ဖြစ်စဉ်အကြောင်း ဆွေးနွေးနေကြသည့် လူအုပ်ကြီးကို ရှောင်ရှားကာ မြောင်ယင်ခန်းမဆောင်၏ နောက်ပေါက်မှ တိတ်ဆိတ်စွာ ထွက်လာခဲ့လေ၏။
သူ၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မြို့စွန်အကျဆုံး လမ်းများဆီသို့ ရောက်ရှိသွားခဲ့သည်။
ဤနေရာသည် ကျင့်ကြံသူများ စုဝေးရာ နေရာနှင့် ကွဲပြားခြားနားသော ကမ္ဘာတစ်ခုအလား ခံစားရသည်။
တောက်ပသော စိတ်ဝိညာဉ် အလင်းတန်းများ မရှိဘဲ ကျောက်ပြားလမ်း၏နံဘေးတွင် တောက်ပသော အနီရောင်မီးအိမ်များသာ အတန်းလိုက် လင်းလက်နေလေ၏။ လေထုထဲတွင် နွေးထွေးသော အစားအစာ ရနံ့များ ရှိနေကာ သာမန်သေမျိုးလောက၏ ထူးခြားပြီး စည်ကားသော လေထုဖြင့် ပြည့်နှက်နေသည်။
လမ်းမကြီးများတလျှောက် လမ်းဘေးဈေးသည်များ၏ အော်ဟစ်သံများ၊ ကလေးများ၏ ရယ်မောသံများနှင့် လက်ဖက်ရည်ဆိုင်များမှ ပုံပြင်ပြောသံများက တက်ကြွပြီး အသက်ဝင်စွာ ရောယှက်နေလေ၏။
ဤတစ်ကြိမ်တွင် စူးချန်ကဲ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့၏။ ခုန်ပေါက်နေသော အသေးအဖွဲ ဗီလိန် တစ်ယောက်ကိုမျှ သူ မတွေ့ခဲ့ရဘဲ အရာအားလုံးက အလွန်ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
အစားအစာတချို့ကို ပေါ့ပေါ့ပါးပါး စားသောက်ပြီးနောက် စီနီယာအစ်ကိုနှင့် ဂျူနီယာညီမလေး နှစ်ဦးသည် ဝိုင်အရက်တချို့ကို သောက်ခဲ့ကြသည်။
သုံးခွက်ခန့် သောက်ပြီးနောက်...
ထုယိုယို၏ စကားများသံကို စူးချန်ကဲ မကြားရတော့ချေ။ သူ လှည့်ကြည့်လိုက်ချိန်၌ သူမ၏ ပါးပြင်များ နီမြန်းနေပြီး သူမ၏ရီဝေနေသော မျက်လုံးများက ပြတင်းပေါက်အပြင်ဘက်သို့ တွေဝေမိန်းမောစွာ ငေးကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဝိုင်အရက်၏အာနိသင်များ စိမ့်ဝင်နေသော သူမ၏မီးခိုးပြာရောင် မျက်လုံးများမှာ မြူခိုးလွှာတစ်ခု ဖုံးအုပ်ထားသည့်အလား ရှိနေသည်။ သူမ၏ အကြည့်များ ရွေ့လျားသွားသည်နှင့်အမျှ မြေခွေးမျိုးနွယ်စု၏ သဘာဝဆွဲဆောင်မှုက အမှတ်မထင် ပေါ်လွင်လာခဲ့လေ၏။
စူးချန်ကဲက သူမ ငေးကြည့်နေသော လမ်းကြောင်းသို့ ကြည့်လိုက်သည်။
လမ်းထောင့်တွင် အဖြူရောင် ဆံပင်များနှင့် အဖိုးအိုတစ်ဦးက သူ၏ မြေးမလေးအတွက် စောင်းနေသော ဆံထုံးကို ဂရုတစိုက် ပြင်ပေးနေပြီး သူ၏မျက်လုံးများတွင် ချစ်ခြင်းမေတ္တာနှင့် ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ... အိမ်ကိုလွမ်းနေလို့လား..."
စူးချန်ကဲက ခပ်ဖွဖွရယ်မောရင်း မေးလိုက်ကာ သူ၏ခွက်ထဲရှိ ဝိုင်အရက်ကို တစ်ကျိုက်တည်း သောက်ရန် လက်မြှောက်လိုက်သည်။
ထုယိုယိုက သူမကိုယ်သူမ မထိန်းနိုင်ဘဲ ခေါင်းညိတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်က အလိုအလျောက် သူ့ဆီသို့ မှီလာခဲ့လေ၏။ သူမ၏အသံသည် ပုံမှန်ထက် များစွာ ပိုမို ညင်သာနေပြီး ဝေဝါးကာ ဖမ်းဆုပ်ရခက်သော ရှိုက်သံတစ်သံ ပါဝင်နေသည်။
"ကျွန်မ ငယ်ငယ်တုန်းက ဘိုးဘေးက ကျွန်မကို အရမ်းလှတဲ့ ဆံထုံးတစ်ခု ပေးခဲ့ဖူးတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်မက အဲ့ဒါကို ပျောက်သွားခဲ့တယ်..."
စကားပြောနေစဉ် သူမက မျက်နှာကို အနည်းငယ် လှည့်လိုက်၏။ ဖယောင်းတိုင်မီးရောင်အောက်တွင် ထိုနူးညံ့သော မျက်နှာလေးက ဆွဲဆောင်မှု အနည်းငယ် ပိုတိုးလာကာ သူမက ပြောလိုက်သည်။
"ဒါပေမဲ့ ဘိုးဘေးက ကျွန်မကို မလိမ်ခဲ့ဘူး... သာမန်သေမျိုးလောကက... တကယ်ကို လှပတာပဲ..."
【ဒင်... 'သာမန်သေမျိုးလောကရဲ့ ပတ်ဝန်းကျင်က မြေခွေးမလေးရဲ့ နှလုံးသားကို နှစ်သိမ့်ပေးတယ်' ဆိုတဲ့ တာဝန်ကို ပြီးမြောက်တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်... ဆုလာဘ် - ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း မျက်လုံး...】
【အခု ပေါင်းစပ်မှုကို လုပ်ဆောင်ချင်ပါသလား...】
အခန်း ၄၄ - မင်းက ချင်းချိုးရဲ့ ဘိုးဘေးလား...
"ဒီကောင်မလေးကတော့..."
စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲ၌ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။
"သူက စကားတစ်ခွန်းတည်းနဲ့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်တာပဲ... တကယ်လို့ သူသာ ကံကြမ္မာသမီးတော်မဟုတ်ဘဲ တခြားသူသာဆိုရင် သုံးရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."
စနစ်၏အသိပေးချက်ကို ကြားသောအခါ စူးချန်ကဲသည် ဆုလာဘ်ကို ပေါင်းစပ်ရန် မလောခဲ့ချေ။ ထိုအစား ထုယိုယို၏ ဘဝအတွေ့အကြုံများကို သူ ပြန်လည်အမှတ်ရလိုက်သည်။
စနစ်၏ အသိပေးချက်များအရ နတ်ဆိုးနယ်မြေသည် မကြာမီ ပရမ်းပတာ အခြေအနေသို့ ကျရောက်တော့မည်ဖြစ်ပြီး ချင်းချိုးသည် ဖျက်ဆီးခံရကာ ချင်းချိုးဘိုးဘေးသည်လည်း ဖမ်းဆီးခံရပေမည်။
စူးချန်ကဲသည် သူမကို ကြိုတင်ပြောပြခဲ့လျှင်ပင် သူမ၏ လက်ရှိစွမ်းအားဖြင့် အလျင်စလို ပြန်သွားပါက သူမ မည်သည့်အရာကိုမျှ လုပ်နိုင်မည် မဟုတ်ချေ။
သို့ရာတွင် နတ်ဆိုးနယ်မြေရှိ ဆူပူအုံကြွမှုသည် ယွမ်ယန်နယ်မြေအတွက် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပြီး ယခုအထိ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးသဖြင့် သူ၏ ကျင့်ကြံခြင်းကို တိုးမြှင့်ရန် သူ့တွင် အချိန်အနည်းငယ် ကျန်ရှိနေဆဲပင်။
ရိုးရိုးသားသား ပြောရလျှင် လူတစ်ယောက် သေဆုံးသွားသည်ကို ရပ်ကြည့်နေရန် သူ တကယ်ကို မလုပ်ရက်ချေ။ ထိုသို့မဟုတ်ပါက သူ၏ အတိတ်ဘဝတွင် လူဆိုးများကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။ သူ၏တန်ဖိုးထားမှုများနှင့် ပတ်သက်လာလျှင် သူ၏ခံယူချက်သည် ခိုင်မာလေ၏။
"ဟူး...."
"ကြည့်ရတာ ငါက ပူပင်သောကကင်းတဲ့ စီနီယာအစ်ကိုအဖြစ် သိပ်အကြာကြီး နေရတော့မှာ မဟုတ်ဘူးထင်တယ်..."
စူးချန်ကဲက သူ၏ နှလုံးသားထဲ၌ ခပ်ဖျော့ဖျော့သက်ပြင်းချလိုက်၏။
"စီနီယာအစ်ကို..."
ထုယိုယိုက မူးယစ်ရီဝေနေသော အသံဖြင့် ရုတ်တရက် အော်ခေါ်လိုက်ရာ သူမ၏အသံ ညင်သာပြီး ချိုသာနေသည်။
စူးချန်ကဲက လှည့်ကြည့်လိုက်ရာ သူမ၏မှိုင်းဝေနေသော အကြည့်နှင့် ဆုံတွေ့မိသည်။
"အချိန်တစ်ခု အတူတူ ကုန်ဆုံးပြီးတဲ့နောက်မှာ အစ်ကိုက ဒုတိယစီနီယာအစ်မနဲ့ တခြားသူတွေ ပြောသလောက် မဆိုးဘူးဆိုတာကို ကျွန်မ သဘောပေါက်လာတယ်..."
ထုယိုယိုက စကားပြောနေစဉ် သူမ၏ ဂုဏ်ယူဖွယ် ရင်ဘတ်ကို ရုတ်တရက် ပုတ်လိုက်ရာ ဖွံ့ဖြိုးသော ကောက်ကြောင်းများမှာ ထိုလှုပ်ရှားမှုနှင့်အတူ ညင်သာစွာ တုန်ခါသွားပြီး သူမက ဆက်ပြောလိုက်သည်။
"ဒါကြောင့် ကျွန်မ ဆုံးဖြတ်လိုက်တယ်...တကယ်လို့ အနာဂတ်မှာ ကျွန်မက ထိုက်ချင်ဂိုဏ်းမှာ မရှိတော့ဘဲ အစ်ကိုက မဖြေရှင်းနိုင်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် ကျွန်မကို လာရှာလိုက်... ဂျူနီယာညီမလေးက အစ်ကို့အတွက် ဖြေရှင်းပေးမယ်..."
သူမသည် ချင်းချိုး၏ မင်းသမီးလေး ဖြစ်သည် မဟုတ်လော။ သူမ၏စကားသည် အတိုင်းအတာတစ်ခုထိ အခွင့်အာဏာ ရှိနေဆဲပင်။
ဤအရာကို ကြားသောအခါ စူးချန်ကဲသည် ရှင်းပြ၍မရနိုင်အောင် ကြက်သီးထသွားပြီးနောက် ပြုံးလိုက်၏။
"ကောင်းပြီလေ..."
အနေရခက်နေသော်လည်း သူ၏စိတ်ထဲ၌ သူ အမှန်တကယ်ပင် အတော်လေး ပျော်ရွှင်နေခဲ့လေ၏။ အနည်းဆုံးတော့ ဤကမ္ဘာတွင် သူ့ကို အမှန်တကယ် ဂရုစိုက်သော လူတစ်ယောက် ပိုရှိလာလေပြီ။
သူ၏ အဖြေကို ကြားသောအခါ ထုယိုယိုက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး မူးဝေပြီး ယိမ်းယိုင်နေကာ သူ့ကို အတင်းအကြပ် ပွေ့ဖက်လိုက်သည်။
သူမက အနည်းငယ် ငိုက်ကျသွားရာ သူမ၏ နူးညံ့သော မျက်နှာလေးက စူးချန်ကဲနှင့် ထိလုနီးပါး ဖြစ်နေလေ၏။ သူမ၏မီးခိုးပြာရောင် မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့ကို ဂရုတစိုက် စူးစမ်းကြည့်နေလေ၏။
"..."
"ပြဿနာ မရှာနဲ့....."
စူးချန်ကဲက နောက်သို့ဆုတ်လိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အလွန်နီးကပ်နေဆဲပင်။ ဝိုင်အရက်နံ့နှင့် ရောနှောနေသော သူမ၏ ခန္ဓာကိုယ်မှ မှေးမှိန်သည့် ရနံ့ကို သူ ရှင်းလင်းစွာ ရှူရှိုက်မိနိုင်ပြီး ထိုအရာမှာ အလွန်အမင်း ညှို့ငင်နိုင်စွမ်းရှိသည်။
ထုယိုယိုက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။
"ထူးဆန်းတယ်... အရမ်းထူးဆန်းတယ်... အစ်ကိုက အရမ်းမောက်မာတယ်လို့ ဂိုဏ်းထဲက လူတွေအားလုံးက ပြောကြတယ်... အဲ့ဒီနေ့က စူးချန်ကဲအတွက် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလို့ အစ်ကို ပြောလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ... ဒါပေမဲ့ အစ်ကိုက တကယ်ကြီး သဘောတူလိုက်တယ်ပေါ့..."
ထိုစကားကို ပြောဆိုပြီးနောက် သူမက ခေါင်းကို ထပ်မံတိမ်းစောင်းလိုက်ကာ မှိုင်းဝေကာ မူးယစ်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ပြီး လေးနက်စွာ ပြောဆိုလိုက်၏။
"ရိုးရိုးသားသား ပြောရရင်... အစ်ကိုက စူးချန်ကဲ ဟုတ်သေးရဲ့လား..."
"..."
စူးချန်ကဲက စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထုယိုယို၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်လာပြီး သူမ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဒီဝိုင်အရက်... ဒီဝိုင်အရက်က... အဲ့ဒါကို ချေဖျက်ဖို့ ကျင့်ကြံခြင်းကို အသုံးမပြုရင်... အဲ့ဒါက တကယ့်ကို ပြင်းလွန်းတယ်..."
သူမ၏စကားမဆုံးမီမှာပင် သူမ၏တစ်ကိုယ်လုံးက ရှေ့သို့ပျော့ခွေသွားပြီး စူးချန်ကဲ၏ ရင်ခွင်ထဲသို့ တည့်မတ်စွာ ကျဆင်းသွားခဲ့လေ၏။
နွေးထွေးပြီး မွှေးပျံ့သော ခန္ဓာကိုယ်လေးတစ်ခုက သူ၏ရင်ခွင်ထဲတွင် ရှိနေကာ သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်က သူ့ကို လုံးဝမှီတွယ်နေသည်။ သူမ၏ ညီညာသော အသက်ရှူသံများနှင့်အတူ နူးညံ့သော ထိတွေ့မှုခံစားချက်မှာ အလွန်အမင်း ရှင်းလင်းနေသည်။
စူးချန်ကဲ၏မျက်ခွံများ လှုပ်ရှားသွားပြီး အဆုံးသတ်တွင်မူ သူက သူမကို ကူကယ်ရာမဲ့စွာ ကျောပိုးလိုက်ရသည်။
မိန်းမပျိုလေး၏ နွေးထွေးသော ခန္ဓာကိုယ်က သူ၏ ကျောပြင်ကို တင်းကြပ်စွာ ဖိကပ်ထားပြီး လရောင်အောက်တွင် မြောင်ယင်ခန်းမဆောင် ပြန်ရာလမ်းပေါ်သို့ သူ ခြေချလိုက်၏။
"ထားလိုက်ပါတော့... ဒီကောင်မလေးရဲ့ စကားတွေအတွက် ငါက နတ်ဆိုးနယ်မြေကို ခရီးစဉ်တစ်ခု လုပ်ပေးရမှာပေါ့..."
"ပြီးတော့... စနစ်... ဘယ်သူက ဘယ်သူ့ကို နွေးထွေးစေတာလဲ..."
"ငါ နွေးထွေးမှု ရခဲ့တဲ့အတွက် ဆုလာဘ်တစ်ခု မရနိုင်ဘူးလား..."
【ဒင်... ကံကြမ္မာသမီးတော် ထုယိုယိုကအရက်သောက်ပြီးနောက် အမှန်တရားကို ပြောဆိုခဲ့ပြီးတော့ လက်ခံသူနဲ့ စိတ်ခံစားမှုဆိုင်ရာ အခြေခံ အနည်းငယ်ကို တည်ဆောက်ခဲ့ပါတယ်... အစ်ကိုက သူ့ကို ကျောပိုးပြီး ပြန်ခေါ်လာတယ်ဆိုတာကို ထုယိုယို သိသွားတဲ့အချိန်မှာ သူက နွေးထွေးမှုကို ခံစားရရုံသာမကရှက်လည်း ရှက်သွားပါလိမ့်မယ်... ဆုလာဘ် - တစ်လစာ ကျင့်ကြံခြင်း】
【လက်ရှိ စုစုပေါင်း ...ရှစ်လစာ ကျင့်ကြံခြင်း】
ထုယိုယိုကို သူမ၏အခန်းသို့ ပြန်ပို့ပြီးနောက် စူးချန်ကဲသည် သူ၏အခန်းသို့ ပြန်လာခဲ့ပြီး သူ၏ စိတ်နှလုံးသားထဲ၌ တိတ်တဆိတ် တီးတိုးရွတ်ဆိုလိုက်၏။
"ပေါင်းစပ်မယ်... ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း မျက်လုံး"
နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးသူငယ်အိမ်များ၏အရောင် မည်းမှောင်သွားခဲ့သည်။ သူသည် မျက်လုံးများကို အလိုအလျောက် စုံမှိတ်လိုက်သော်လည်း သူ၏မျက်လုံးများ နက်ရှိုင်းသောနေရာတွင် ဖြစ်ပေါ်နေသော လောကကြီးကို တုန်လှုပ်စေသည့် အသွင်ပြောင်းလဲမှုကို သူ၏နတ်ဘုရားအာရုံက ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲပင်။
အသက်ရှူချိန်အနည်းငယ်အကြာတွင် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ့ရှေ့ရှိ မြင်ကွင်းက သူ၏စိတ်နှလုံးသားကို အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"ကမ္ဘာပေါ်က ဥပဒေသတွေ အားလုံးနဲ့ ထင်ယောင်ထင်မှား အမျိုးမျိုးကို ဖောက်ထွင်းမြင်နိုင်တယ်... ဒါက ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း မျက်လုံးပဲ..."
သူ၏အသံ အဆုံးသတ်သွားသည်နှင့် မလှမ်းမကမ်းရှိ ကြေးနီမှန်က ထာဝရညချမ်းအလား နက်ရှိုင်းသော မျက်လုံးတစ်စုံကို ဖြည်းညှင်းစွာ ရောင်ပြန်ဟပ်နေလေ၏။ သူ၏မျက်လုံးသူငယ်အိမ်များသည် အဖြူရောင် တစ်စက်မျှမရှိဘဲ အလင်းရောင် အားလုံးကို ဝါးမျိုနိုင်သည့်အလား မည်းမှောင်နေသော အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ချက်ချင်းပင် ဤအဆုံးမရှိသော အမှောင်ထုထဲတွင် ဗဟိုချက်မှ ရွှေရောင်အလင်းတန်းလေး တစ်ခု လင်းလက်လာပြီးနောက် မြွေတစ်ကောင်အလား လိမ်ယှက်ဆန့်တန်းသွားကာ အလွန် ရှုပ်ထွေးပြီး ရှေးဟောင်းဆန်ကာ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်မှော်စာလုံးတစ်ခုကို ပုံဖော်လိုက်၏။
ထိုမှော်စာလုံးသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ထင်ယောင်ထင်မှားများကို ဖောက်ထွင်းကာ အမှန်တရားကို လင်းလက်စေသည့် အမြင့်မြတ်ဆုံး တာအိုစည်းချက်တစ်ခုကို ထုတ်လွှတ်နေသည်။
နောက်တစ်စက္ကန့်တွင် ပြတင်းပေါက်အပြင်ဘက်ရှိ ညရှုခင်းကို သူ ကြည့်လိုက်ရာ နှစ်သောင်းနှင့်ချီ၍ တည်ရှိနေခဲ့သော ဝင်္ကပါမှော်စာလုံးများ ထွက်ပေါ်လာခဲ့သည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ဝင်္ကပါဗဟိုချက်၏ တည်နေရာကို သူ မြင်တွေ့လိုက်ရသည်။
သူ တွေးထားသည့်အတိုင်း ထိုနေရာမှာ ယွမ်မန်ရွှံ့နွံတော ဖြစ်လေ၏။
ထိုအချိန်လေးမှာပင် မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စူးချန်ကဲ၏မျက်လုံးသူငယ်အိမ်များတွင် ယခုလေးတင် ပုံဖော်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်စာလုံးသည် ရုတ်တရက် သိပ်သည်းသွားပြီး သူ၏ရှေ့ရှိ အခန်းမြင်ကွင်းမှာ ရေလှိုင်းများအလား လှိုင်းထကာ ပြယ်လွင့်သွားခဲ့သည်။
နောက််ထပ်အချိန်တခဏတွင် သူ၏ရှေ့ရှိ မြင်ကွင်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤနေရာသည် အရာအားလုံး တိတ်ဆိတ်နေသော ညသန်းခေါင်ယံအချိန် ယွမ်မန်ရွှံ့နွံတော၏ကမ်းစပ် ဖြစ်နေသည်။
ရေကန်၏ဗဟိုအထက်တွင် သွယ်လျသော ပုံရိပ်တစ်ခု မျောလွင့်နေသည်။ ထိုပုံရိပ်သည် တောက်ပနေသော မရေမတွက်နိုင်အောင် များပြားသည့် အဖြူရောင် အလင်းစက်များအထဲမှ ဖြည်းညှင်းစွာ စုစည်းလာနေပေ၏။
ထိုလူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး အညစ်အကြေးကင်းစင်သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏အင်္ကျီလက်များက လေမတိုက်သော ညတွင် အနည်းငယ် လူးလွန့်နေသည်။
သူ၏ ချောမောသော မျက်နှာသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ် အလှတရားများကို စုစည်းထားသည့်အလား နတ်ဆိုးဆန်လုနီးပါး ဖြစ်နေလေ၏။ သူ၏ ရှည်လျားပြီး စိမ်းပြာရောင် ရေတံခွန်ကဲ့သို့သော ဆံပင်များကို စည်းနှောင်မထားဘဲ အနောက်သို့ ပေါ့ပေါ့ပါးပါး ချထားကာ လျစ်လျှူရှုတတ်မှု ပျင်းရိမှုနှင့် စည်းကမ်းမဲ့မှုတို့ကို ပေါင်းထည့်ပေးနေသည်။
အထင်ရှားဆုံးမှာ သူ၏ အနည်းငယ် ကော့တက်နေသော မြေခွေးမျက်လုံးများဖြစ်ပြီး ယခုအချိန်တွင် ထိုမျက်လုံးများ၌ ခေတ်အဆက်ဆက်ကို ဖောက်ထွင်းသွားသကဲ့သို့ ဖြစ်နေသော မှေးမှိန်သည့် အပြုံးတစ်ခု ရောယှက်နေသည်။ သူ၏မျက်လုံးတစ်စုံသည် လက်တွေ့နှင့် ထင်ယောင်ထင်မှားကြားရှိ နယ်နိမိတ်ကို တိတ်ဆိတ်စွာ ဖြတ်ကျော်နေလေ၏။
သူသည် ရေကန်လှိုင်းလုံးများပေါ်တွင် ရပ်နေပြီး ဤနေရာ၌ ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာ ကြာမြင့်သော နှစ်များအထိ စောင့်ဆိုင်းနေခဲ့သည့်အလား သူ၏ ခန္ဓာကိုယ်က ရှေးဟောင်းဆန်ပြီး ဘဝ၏ အခက်အခဲများကို ဖြတ်သန်းခဲ့ရသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားသည်။
"တာအိုစည်းချက်ကို အစပျိုးပေးပြီး ငါ့ကို နှိုးပေးတဲ့သူက လက်ဖက်ရည်တာအိုမှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရရှိထားပြီးတော့ ဒီလောက်ထိ ငယ်ရွယ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."
"မင်းက နတ်ဘုရားမျက်လုံးတွေနဲ့ မွေးဖွားလာတာလား..."
"ကျွတ်... ကျွတ်... ဒါက အကုန် မဟုတ်သေးဘူး... မင်းရဲ့ နယ်ပယ်ကို ဖုံးကွယ်ထားတဲ့ နတ်ဘုရားပုံစံတောင် ရှိသေးတယ်... မင်းမှာ နတ်ဘုရားရုပ်ခန္ဓာကိုယ် တစ်ခုခု ရှိနေရမယ်..."
"ဒီယွမ်ယန်နယ်မြေမှာ နှစ်တစ်သောင်းကြာပြီးတဲ့နောက် ဒီလို အရမ်းထူးချွန်တဲ့ လူသားမျိုးနွယ်စု ပါရမီရှင် တစ်ယောက်ကို မြင်တွေ့ရတာ ငါ အရမ်းဝမ်းသာပါတယ်..."
"ခင်ဗျားက ချင်းချိုးဘိုးဘေးလား..."
စူးချန်ကဲ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေ၏။ သူ အံ့အားသင့်နေသော်လည်း တည်ငြိမ်နေဆဲပင်။
ချောမောခန့်ညားသော အမျိုးသားကအနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ပြုံးလိုက်သည်။
"သဘောတရားအရပြောရရင် မင်းက ငါ့ကို ဆရာကြီးလို့ ခေါ်သင့်တာ မဟုတ်ဘူးလား..."
"ဒါဆို သဘောတရားအရ ပြောရရင် ခင်ဗျားက ကျွန်တော်ကို ပုရွက်ဆိတ်လို့ ခေါ်သင့်တာလား..."
စူးချန်ကဲက ပြောလိုက်၏။
ဒါက အမြင့်ဆုံး နယ်ပယ်လား...
ချင်းချိုးဘိုးဘေး၏ရုပ်ခန္ဓာကိုယ်မှာ သာလွန်ထူးကဲကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သူသည် ထိုအရာမှာ အထွတ်အထိပ်အရိုးဟုတ်မဟုတ် မခန့်မှန်းနိုင်သော်လည်း ထိုအရာသည် အလွန်အထင်ကြီးစရာ ကောင်းနေဆဲပင်။
"ဟားဟားဟား... မိတ်ဆွေလေး... မင်းက စိတ်ဝင်စားစရာ ကောင်းတယ်... မင်းက လက်ဖက်ရည်တာအို ကျင့်ကြံတဲ့ သူတွေလိုမျိုး အေးတိအေးစက်နေတတ်တာ မဟုတ်ဘူးပဲ..."
"မိတ်ဆွေလေး... စိတ်ချပါ... ငါ့တို့မျိုးနွယ်စုနဲ့ မင်းတို့ လူသားမျိုးနွယ်စုက ရန်သူတွေ မဟုတ်ဘဲ မဆုံးနိုင်တဲ့ နှစ်တွေတလျှောက်လုံး မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာပါ... ဒါ့ပြင် ငါ့ရဲ့ မျိုးဆက်က မင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတော့ ငါက မင်းကို အခက်တွေ့အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."
"ရိုးရိုးသားသား ပြောရရင် ငါ မင်းကို ကျေးဇူးတင်ရမယ်... တကယ်လို့ မင်းသာ ကောင်းကင်နဲ့မြေကြီး တာအိုစည်းချက်ကို အစပျိုးမပေးခဲ့ဘူးဆိုရင် ငါ့ရဲ့ ဒီအကြွင်းအကျန် အတွေးက ဘယ်တော့မှ နိုးထလာမှာ မဟုတ်ဘူး..."
စူးချန်ကဲက ရယ်မောလိုက်ပြီး မေးမြန်းလိုက်၏။
"ဆရာကြီး... ခင်ဗျားက စကားပြောဖို့ သက်သက် နိုးလာတာ မဟုတ်ဘူးမလား..."
"သေချာတာပေါ့..."
ချောမောခန့်ညားသော အမျိုးသားက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုသည်။
"တကယ်လို့ ငါ နိုးမလာနိုင်ခဲ့ရင် တစ်မျိုးပေါ့... ဒါပေမဲ့ ငါ နိုးလာပြီဆိုတော့ သဘာဝကျကျပဲ တစ်ခုခုတော့ လုပ်ဖို့ လိုတယ်လေ... ငါ မသေခင် ဖန်တီးခဲ့တဲ့ ဟင်းလင်းပြင်ထဲကို ငါ့ရဲ့ မျိုးဆက်ကို ခေါ်သွားပေးပြီး ငါတို့မြေခွေးမျိုးနွယ်စုရဲ့ နတ်ဘုရားလက်နက်ကို ရယူဖို့ သူ့ကို ကူညီပေးဖို့ မိတ်ဆွေလေးကို ငါ တောင်းဆိုချင်ပါတယ်... ဒီပစ္စည်းကို ငါ သေဆုံးသွားကတည်းက ငါ့ရဲ့ဘေးမှာ မြှုပ်နှံထားတာပါ... မိတ်ဆွေလေးကသာ ဆန္ဒရှိမယ်ဆိုရင် မင်းကို ကြီးမားတဲ့ အခွင့်အရေး တစ်ခု ငါ ပေးနိုင်ပါတယ်..."
'ဂန္ထဝင်မြောက်အောင် ကြီးမားတဲ့ အခွင့်အရေးပဲ...'
စူးချန်ကဲက သူ၏နှလုံးသားထဲ၌ တွေးလိုက်၏။
ဒီအရာက ကံကြမ္မာဇာတ်လိုက်အတွက် သီးသန့် မဟုတ်ဘူးလား...
ကံကြမ္မာသမီးတော်ကို ငါ နွေးထွေးမှုပေးခဲ့လို့ ငါ့ရဲ့ ဘဝလမ်းကြောင်းကလည်း စတင်ပြောင်းလဲလာတာများလား...
"သေချာတာပေါ့... ငါ့မှာ သေးငယ်တဲ့ တောင်းဆိုချက် တစ်ခုလည်း ရှိသေးတယ်... ငါ အသက်ရှင်နေစဉ်တုန်းက ကျက်သရေရှိတာကို နှစ်သက်ခဲ့ပေမဲ့ လက်ဖက်ရည်တာအိုမှာတော့ မိတ်ဆွေလေးရဲ့ အဆင့်လောက်အထိ မရောက်ခဲ့ဘူး... တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန် အပျက်အစီးနယ်မြေ မပွင့်ခင်မှာ ငါသောက်ဖို့ လက်ဖက်ရည် တစ်ခွက်လောက် တိုက်နိုင်မလား..."
"ရိုးရိုးသားသား ပြောရရင် ဒါကို ငါ တောင့်တနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ... မိတ်ဆွေလေးက အဖိုးအို တစ်ယောက်ရဲ့ ဒီသေးငယ်တဲ့ တောင်းဆိုချက်လေးတောင် မငြင်းပယ်လောက်ပါဘူး... ဟုတ်တယ်မလား..."