အခန်း (၇၁၃-၇၁၄)
Vol. 72 Ch. 713-714
အခန်း (၇၁၃) မျက်လုံးသုံးလုံး စစ်ဝိညာဉ်
နဂါးတပ်ဖွဲ့ဝင်များသည် အချိန်ကို လု၍ အရှိန်အဟုန်ဖြင့် ရှေ့သို့ ချီတက်နေကြသည်။ သူတို့အတွက်မူ အချိန်သည် အဓိက အကျဆုံးဖြစ်ပေသည်။ အက်ရှာဘုရင်ကို လုပ်ကြံရန်အတွက် သူတို့တွင် အချိန်အကန့်အသတ်သာ ရှိပေသည်။ မြို့တော်သို့ ပို၍ လျင်မြန်စွာ ရောက်ရှိနိုင်လေလေ သူတို့၏ တာဝန် အောင်မြင်နိုင်ခြေမှာ ပို၍ မြင့်မားလေလေ ဖြစ်ပေလိမ့်မည်။
ထို့ပြင် ခရီးလမ်းတွင် အချိန်ကုန်သက်သာလေလေ မြို့တော်သို့ ရောက်ရှိသည့်အခါ တာဝန်အတွက် အရေးပါသော သတင်းအချက်အလက်များကို စုဆောင်းရန် အချိန်ပိုမို ရရှိလေလေ ဖြစ်ပေသည်။
နဂါးတပ်ဖွဲ့ဝင်များသည် မိုင်ပေါင်းထောင်ချီ၍ ပျံသန်းခဲ့ကြရာ ရက်သတ္တပတ်အချို့ ကုန်လွန်သွားခဲ့သည်။ ၂၅ ရက်ခန့် ခရီးနှင်ခဲ့ပြီးနောက် လုံချန်းနှင့် နဂါးတပ်ဖွဲ့ဝင်များသည် အက်ရှာနိုင်ငံ၏ မြို့တော်အနီးသို့ ဆိုက်ရောက်လာကြတော့သည်။
"အားလုံး မျက်နှာဖုံးတွေ တပ်ထားကြ။ ဘယ်သူ့ကိုမှ ကိုယ့်မျက်နှာ မမြင်စေနဲ့။ ငါတို့ မြို့ထဲကို တိတ်တိတ်လေး ခိုးဝင်ကြမယ်၊ ဒါပေမဲ့ ငါတို့ရဲ့ ဝိညာဉ်သားရဲတွေကိုတော့ ဒီမှာပဲ ထားခဲ့ရမယ်" ဝူသျှန်က မြို့တော်နှင့် အနည်းငယ်ဝေးသော နေရာတစ်ခုတွင် သူ၏ အမှောင်ဝိညာဉ်မြင်းအား အရှိန်လျှော့ကာ ဆင်းသက်ရင်း အားလုံးကို ညွှန်ကြားလိုက်သည်။
"ဒါက အကြံကောင်းပဲ။ မြို့တော်မှာရှိတဲ့ လူတိုင်းက အမှောင်ဝိညာဉ်မြင်းဆိုတာ နဂါးတပ်ဖွဲ့ရဲ့ အစောင့်အရှောက်တွေမှန်း သိကြတယ်။ မြို့တော်ထဲမှာ ဖီးနစ်အဖွဲ့အစည်းကလည်း လှုပ်ရှားနေတာဆိုတော့ ငါတို့သာ အမှောင်ဝိညာဉ်မြင်းတွေနဲ့ ဝင်သွားရင် သူတို့ ချက်ချင်း သိသွားလိမ့်မယ်" အခြား နဂါးတပ်ဖွဲ့ဝင် တစ်ဦးကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
အားလုံးသည် မြို့တော်အပြင်ဘက်ရှိ ထူထပ်သော တောအုပ်ကြီး အတွင်းသို့ ဆင်းသက်လိုက်ကြသည်။
ဤတောအုပ်မှာ လုံချန်း ဤကမ္ဘာသို့ စတင်ရောက်ရှိလာစဉ်က နိုးထခဲ့သော တောအုပ်ကြီးပင် ဖြစ်သည်။ ဤနေရာမှာ ဝိညာဉ်သားရဲများဖြင့် ပြည့်နှက်နေသော တောအုပ်ကြီးလည်း ဖြစ်ပေသည်။ သူသည် တောအုပ်အစပ်ရှိ ဖူချန်း၏ သွေးအိုင်ထဲ လဲနေသော အလောင်းဘေးတွင် နိုးထခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ဤတောအုပ်မှာပင် မီးတောက်များဖြင့် တိုက်ခိုက်တတ်သော သားရဲကြီး၏ ရန်မှ လွတ်မြောက်ရန် လုံချန်း ခက်ခဲစွာ ထွက်ပြေးခဲ့ရဖူးလေသည်။
သားရဲများကို ဝှက်ထားရန်အတွက်မူ ဤနေရာသည် အကောင်းဆုံးပင် ဖြစ်သည်။ နဂါးတပ်ဖွဲ့ဝင်များသည် မြို့တော်သို့ ရောက်လျှင် မိမိတို့၏ ဝိညာဉ်သားရဲများကို မည်သည့်နေရာတွင် ထားရမည်နည်းဟု စဉ်းစားနေကြစဉ် လုံချန်းကပင် ဤနေရာအား လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။
အမှောင်ဝိညာဉ်မြင်းများသည် စွမ်းအားကြီးသော သားရဲများဖြစ်ကြသဖြင့် ဤတောအုပ်ထဲရှိ အခြားသားရဲများ၏ ရန်ကို စိုးရိမ်စရာ မလိုပေ။ သူတို့ ပြန်မည့်အချိန်ကျမှ ဤနေရာသို့ ပြန်လာကာ စီးနင်းသွားရုံသာ ဖြစ်ပေသည်။
နဂါးတပ်ဖွဲ့ဝင်များသည် သူတို့၏ ဝိညာဉ်မြင်းများကို တောအုပ်အတွင်း လွတ်လပ်စွာ လှည့်လည်သွားလာစေခဲ့သော်လည်း ထိုနေရာမှ ချက်ချင်း ထွက်မသွားကြသေးပေ။ ဝူသျှန်သည် နောက်ထပ် အစီအစဉ်များအား ဆွေးနွေးရန်အတွက် အားလုံးကို ရပ်တန့်စေလိုက်သည်။
"အားလုံးပဲ... မင်းတို့ သိကြတဲ့အတိုင်း ပြီးခဲ့တဲ့ စစ်ပွဲတုန်းက ငါတို့ဟာ ဖီးနစ်အဖွဲ့အစည်းနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။ ဗာမီလီယံ အပါအဝင် ဖီးနစ်အဖွဲ့ဝင် အများအပြားဟာ ဒီမြို့ထဲမှာ ရှိနေကြပြီး သူတို့က ငါတို့ကို မြင်ဖူးကြတယ်။ အဲဒါကြောင့် ငါတို့ မြို့ထဲမှာ ရှိနေသရွေ့ မျက်နှာကို ဖုံးကွယ်ထားဖို့ လိုအပ်တယ်။ ပိုပြီး စိတ်ချရအောင် ဒီမျက်နှာဖုံးတွေကိုပဲ တပ်ထားကြဖို့ ငါ အကြံပြုချင်တယ်" နဂါးတပ်ဖွဲ့ ခေါင်းဆောင် ဝူသျှန်က အားလုံးကို မျက်နှာဖုံးများ အသီးသီး ဝေငှပေးလိုက်သည်။
သူတို့အားလုံးမှာ ဝတ်ရုံဖြူများကို ချွတ်၍ သာမန်အဝတ်အစားများသို့ လဲလှယ်ဝတ်ဆင်ထားကြသည်မှာ ကြာပြီ ဖြစ်သည်။ လုံချန်းမှာမူ အပြာရောင် ပဝါတစ်ထည်နှင့် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့အား မျက်နှာအထက်ပိုင်းကို ဖုံးကွယ်နိုင်သည့် မျက်နှာဖုံးတစ်ဝက်ကို ပေးအပ်ထားလေသည်။
"ငါက ရှေ့က ဦးဆောင်မယ်။ မင်းတို့က ငါ့နောက်က လိုက်ခဲ့ကြ။ လူတွေ သံသယမဖြစ်အောင် ခပ်လှမ်းလှမ်းကနေ ခွဲလိုက်ခဲ့ကြမယ်။ ငါတို့ ဒီနေ့ကို တည်းခိုခန်း တစ်ခန်းမှာ အချိန်ဖြုန်းမယ်။ တကယ်လို့ တစ်ယောက်ယောက်က မေးလာရင် ငါတို့က တောင်ဘက်က ဂရေးဆင်မြို့က လာတာဖြစ်ပြီး မြို့တော်ကို လာလည်တာလို့ပဲ ပြောကြမယ်" ဝူသျှန်က အားလုံးကို ရှင်းပြပြီးနောက် မြို့ရိုးဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားတော့သည်။
သူသည် မြို့၏ ပင်မဝင်ပေါက်သို့ မသွားဘဲ တင်းကျပ်သော စစ်ဆေးမှုများကို ရှောင်လွှဲနိုင်ရန်အတွက် မြို့ရိုးဆီသို့သာ ဦးတည်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ ပင်မဝင်ပေါက်မှ ဝင်ခဲ့ပါက လှည်းများ သို့မဟုတ် မြင်းများမပါဘဲ ဤနေရာသို့ မည်သို့ရောက်လာသနည်းဟု မေးမြန်းလာလျှင် သူတို့တွင် အဖြေရှိလိမ့်မည် မဟုတ်ပေ။
'ဝူသျှန်က တကယ့်ကို သတိကြီးတာပဲ။ ငါ လုပ်မယ့် ဘေးကင်းရေး အစီအစဉ်တွေ အကုန်လုံးကို သူက ကြိုလုပ်ထားတာပဲ' လုံချန်းက ဝူသျှန်ကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးနေမိသည်။
နဂါးတပ်ဖွဲ့ဝင် ၁၈ ယောက်သည် ၁၅ ပေခန့် မြင့်သော မြို့ရိုးကို ကျော်ဖြတ်၍ ခုန်ဝင်သွားကြသော်လည်း ဝူသျှန်ကမူ ကျန်ရစ်နေခဲ့သည်။
"မင်းရဲ့ လက်ကို ပေးပါဦး" ဝူသျှန်က လုံချန်းဆီသို့ လက်လှမ်းကာ ပြောလိုက်သည်။ လုံချန်းက သူ မည်သို့ လုပ်မည်နည်းဟု တွေးတောရင်း ကြည့်နေမိသည်။
"လက်ပေးပါ... ငါ မင်းကို ဟိုဘက်ရောက်အောင် ကူညီပေးမယ်" ဝူသျှန်က အလောတကြီး ဆိုသည်။
'ဪ... ဟုတ်သားပဲ။ ငါက ကျင့်ကြံသူတစ်ယောက်မှန်း၊ ဒီလောက် အမြင့်ကို အလွယ်တကူ ခုန်နိုင်မှန်း သူ မသိသေးတာပဲ' လုံချန်းက ဝူသျှန် အဘယ်ကြောင့် ကူညီနေသည်ကို သဘောပေါက်သွားသည်။ ထို့ကြောင့် သူသည် ဝူသျှန်၏ လက်ကို ကိုင်လိုက်ပြီး မြို့ရိုး တစ်ဖက်သို့ ကူးစေလိုက်သည်။
ယခုအခါ သူတို့ အယောက် ၂၀ လုံး မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
"ဒီနေရာက လူမရှိဘဲ ဘေးကင်းမှန်း ခင်ဗျားတို့ ဘယ်လိုသိတာလဲ" လုံချန်းက ဝူသျှန်ကို စပ်စုကြည့်လိုက်သည်။ လုံချန်းကမူ မိမိ၏ ဝိညာဉ်အာရုံဖြင့် မြို့ရိုးတစ်ဖက်ကို မြင်နိုင်သော်လည်း သူတို့က မည်သို့ သိကြသနည်းဟူသည်ကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။ စောစောက နဂါးတပ်ဖွဲ့ဝင် တစ်ဦးက ဤနေရာကို လက်ညှိုးညွှန်လိုက်သည်နှင့် အားလုံးက မေးခွန်း မမေးဘဲ ခုန်ဝင်လာခဲ့ကြခြင်း ဖြစ်သည်။
လုံချန်း၏ ခန့်မှန်းချက်အရ ထိုသူ၏ စစ်ဝိညာဉ်ကြောင့် ဖြစ်နိုင်ပေသည်။ မိမိ၏ ဝိညာဉ်အာရုံကဲ့သို့သော စွမ်းအားမျိုး တစ်ဖက်လူတွင် ရှိနေပါက မိမိ၏ အစီအစဉ်များကို ထိခိုက်နိုင်သဖြင့် သူ သေချာအောင် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"ဪ... အဲဒါက ဝမ်ရဲ့ စစ်ဝိညာဉ်ကြောင့်လေ။ သူ့ရဲ့ စစ်ဝိညာဉ်က မျက်လုံးသုံးလုံး စစ်ဝိညာဉ်လို့ ခေါ်တယ်" ဝူသျှန်က ပြန်ဖြေသည်။
"မျက်လုံးသုံးလုံး စစ်ဝိညာဉ် ဟုတ်လား... အဲဒါက ဘာလုပ်နိုင်လို့လဲ" လုံချန်းက ထပ်မေးလိုက်သည်။
"အဲဒီ စစ်ဝိညာဉ်က သူ့ကို နေ့အလင်းရောင်မှာရော၊ အမှောင်ဆုံး ညဉ့်နက်သန်းခေါင်မှာပါ အကုန်လုံးကို မြင်နိုင်စွမ်း ပေးတယ်။ ပြီးတော့ ဘယ်လို အတားအဆီးမျိုးကိုမဆို ဖောက်ထွင်းမြင်နိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒါကြောင့်လည်း မျက်လုံးသုံးလုံးလို့ ခေါ်တာပေါ့။ သူက မြို့ရိုးကို ဖောက်ကြည့်ပြီးမှ ဒီနေရာက ဘေးကင်းတယ်ဆိုတာကို သိခဲ့တာလေ" ဝူသျှန်က ရှင်းပြသည်။
"ကဲ... ဆက်သွားကြစို့။ အချိန်မဖြုန်းသင့်ဘူး" သူက လုံချန်းကို ကြည့်ကာ ဆိုသည်။
"လုံချန်း... မင်း ဒီမြို့ကို ရောက်ဖူးတယ်မလား။ ငါတို့ကို တည်းခိုခန်း တစ်ခန်းဆီ လမ်းပြပေးပါဦး။ အဲဒီရောက်မှ ကျန်တဲ့အလုပ်တွေကို ငါတို့ဘာသာ ငါတို့ ဆက်လုပ်ကြတာပေါ့" ဝူသျှန်က လုံချန်းအား ရှေ့က ဦးဆောင်ရန် ခွင့်ပြုလိုက်သည်။
လုံချန်းက ခေါင်းညိတ်ကာ ရှေ့မှ စတင် လှမ်းထွက်ခဲ့သည်။ သူသည် မြို့တော်ရှိ နေရာအနှံ့ကို မသိသော်လည်း သူ ရောက်ဖူးသည့် နှိပ်စက်ရေးဆောင် အနီးရှိ တည်းခိုခန်း တစ်ခန်းကို မှတ်မိနေသည်။
လုံချန်းက ရှေ့မှ ဦးဆောင်သွားပြီး ကျန်သူများက နောက်မှ ခပ်လှမ်းလှမ်းက လိုက်ပါလာကြသည်။ သူတို့သည် မြို့ထဲကို လာလည်သည့် ဧည့်သည်များကဲ့သို့ပင် ပတ်ဝန်းကျင်ကို အေးအေးဆေးဆေး ကြည့်ရှုရင်း လျှောက်လှမ်းနေကြသည်။ လမ်းခရီးတွင် မြို့စောင့်စစ်သည် အချို့နှင့် တွေ့ဆုံခဲ့သော်လည်း ကံကောင်းထောက်မစွာပင် မည်သည့် သံသယမျှ မဖြစ်စေဘဲ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
လုံချန်းသည် သူတို့ကို တည်းခိုခန်း တစ်ခန်းသို့ ခေါ်သွားကာ အယောက် ၂၀ အတွက် အခန်း ၁၀ ခန်း ငှားရမ်းလိုက်သည်။ သူတို့တွင် ငွေကြေး အလုံအလောက် ပါလာခဲ့ကြသည်။ ဆူနိုင်းနိုင်ငံသည် အက်ရှာနိုင်ငံ၏ ငွေကြေးကို မသုံးသော်လည်း သူတို့၏ ဘဏ္ဍာတိုက်ထဲတွင် အက်ရှာနိုင်ငံ၏ ဒင်္ဂါးပြားများစွာ ရှိနေသဖြင့် ဘုရင်ကြီးက ဤတာဝန်အတွက် ဝူသျှန်ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ဝူသျှန်နှင့် ကျန်သူများကို အခန်းများဆီသို့ ပို့ဆောင်ပေးလိုက်ရာ အခန်းတစ်ခန်းလျှင် နှစ်ဦးစီ နေထိုင်ကြရသည်။ ဝူသျှန်က အားလုံးကို ယနေ့ တစ်နေ့လုံး အခန်းထဲတွင်သာ နားနားနေနေ နေကြရန်နှင့် ညကျမှ မိမိ၏ အခန်းသို့ လာရောက်ကာ တာဝန်၏ ကျန်ရှိသော အပိုင်းများကို မည်သို့ ဆက်လက် ဆောင်ရွက်မည်ဆိုသည်အား ဆွေးနွေးကြရန် မှာကြားလိုက်လေတော့သည်။
အခန်း (၇၁၄) ကစားကွက်နှစ်ဖက်လုံးကို ထိန်းချုပ်ခြင်း
ဝူသျှန်တွင် အခြားသူများကို တာဝန်ပေးရန်နှင့် သတင်းအချက်အလက် စုဆောင်းရန်အတွက် လုပ်ဆောင်စရာ တာဝန်များစွာ ရှိနေသော်လည်း မနားမနေ ခရီးနှင်ခဲ့ရသည့်အတွက် အားလုံးကို ဦးစွာ အနားယူစေချင်သည်။ လွန်ခဲ့သော နှစ်ရက်လုံးလုံး သူတို့ထဲမှ မည်သူမျှ တစ်နာရီမျှပင် မနားခဲ့ရချေ။
လူအယောက် ၂၀ အတွက် အခန်း ၁၀ ခန်းသာ ရှိပေသည်။
လုံချန်းသည် မိမိအား မည်သူနှင့် အတူနေရန် ခိုင်းမည်နည်းဟု တွေးတောနေစဉ် ဝူသျှန်က သူ့ကို လှမ်းခေါ်လိုက်သည်။
"လုံချန်း... လာ၊ မင်း ငါ့အခန်းမှာပဲ တည်းရမယ်" ဝူသျှန်က ပြောဆိုကာ အခန်းတစ်ခန်းထဲသို့ ဦးဆောင်ဝင်ရောက်သွားသည်။
'ဒီလူက ငါ့ကို တကယ်ပဲ သံသယရှိနေတာလား။ နဂါးတပ်ဖွဲ့ခေါင်းဆောင်နဲ့ တိုက်ရိုက်အတူနေရမယ်ဆိုတော့ ငါ့ရဲ့ လှုပ်ရှားမှုတိုင်းက စောင့်ကြည့်ခံနေရတော့မှာပဲ' လုံချန်းက တွေးတောရင်း အခန်းထဲသို့ လိုက်ဝင်ကာ တံခါးကို ပိတ်လိုက်သည်။
အခန်းထဲတွင် ကုတင်တစ်လုံးသာ ရှိသော်လည်း လူနှစ်ယောက် အေးအေးဆေးဆေး အိပ်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှသည်။
လုံချန်း အခန်းထဲသို့ ဝင်လာသောအခါ ကုတင်ပေါ်တွင် ထိုင်နေသော ဝူသျှန်ကို တွေ့လိုက်ရသည်။
"လာ... ဒီမှာ လာထိုင်" ဝူသျှန်က သူ့ဘေးရှိ ကုတင်နေရာကို ပုတ်ပြရင်း ဆိုသည်။
"ခင်ဗျား တစ်ခုခု ပြောစရာရှိလို့လား" ဝူသျှန်၏ လေသံမှာ ရုတ်တရက် တည်ကြည်လေးနက်သွားသဖြင့် လုံချန်းက မေးမြန်းရင်း လျှောက်သွားလိုက်သည်။
"မင်းကို ပြောစရာ ရှိလို့လား ဟုတ်လား။ အဲဒီလိုပဲ ပြောလို့ရမှာပေါ့" ဝူသျှန်က ခေါင်းညိတ်ရင်း ဆိုသည်။ "ငါ မင်းရဲ့ စစ်ဝိညာဉ် အကြောင်း အချက်အလက်တချို့ကို မေးချင်လို့ပါ"
လုံချန်းသည် ဝူသျှန်၏ ဘေးတွင် ထိုင်လိုက်သည်။
"မင်းရဲ့ စစ်ဝိညာဉ်က ဘယ်တုန်းက နိုးထခဲ့တာလဲ" ဝူသျှန်က စပ်စုသော မျက်လုံးများဖြင့် မေးလိုက်သည်။
"လွန်ခဲ့တဲ့ သုံးနှစ်ကပါ" လုံချန်းက စိတ်ထဲရှိရာ ကိန်းဂဏန်းတစ်ခုကို အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ မင်းရဲ့ စစ်ဝိညာဉ် နိုးထတာ သုံးနှစ်ပဲ ရှိသေးပေမဲ့ မင်းက တော်တော်လေး ကျွမ်းကျင်နေပြီပဲ။ အက်ရှာနိုင်ငံရဲ့ ခိုင်မာတဲ့ စခန်းတွေထဲကို တစ်ယောက်တည်း ခိုးဝင်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်တယ်ဆိုတော့... မင်းကို ဒါတွေ သင်ပေးတဲ့ ဆရာရှိလား" ဝူသျှန်က ပုံမှန်အတိုင်းပင် မေးမြန်းလိုက်သည်။
ဝူသျှန်က အချက်အလက်များကို ပိုမိုနက်ရှိုင်းစွာ တူးဖော်လေလေ လုံချန်းမှာ တစ်ခုခု မှားယွင်းနေပြီဟု ခံစားလာရလေဖြစ်သည်။ သူသည် စစ်ဝိညာဉ် စစ်သည်တော်များ၏ အကြောင်းကို ကောင်းစွာ မသိရှိချေ။ စစ်ဝိညာဉ်တစ်ခု မည်သို့ နိုးထလာသနည်း သို့မဟုတ် စွမ်းအားများကို မည်သို့ လေ့ကျင့်ရသနည်း ဆိုသည်ကိုလည်း သူ မသိပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ယောက်တည်း လေ့ကျင့်ရန် မလွယ်ကူသဖြင့် သင်ပေးသော ဆရာရှိသည်ဟု ဖြေခြင်းက အသင့်တော်ဆုံး ဖြစ်နိုင်သော်လည်း မိမိသည် ဤနိုင်ငံတွင် လူမုန်းအများဆုံး ဖြစ်နေသဖြင့် မည်သူမျှ သင်ပေးလိမ့်မည် မဟုတ်ကြောင်းကို သူ သိထားသည်။ အကယ်၍သာ ဆရာရှိသည်ဟု ပြောလိုက်ပါက ဝူသျှန်က ထိုဆရာမှာ မည်သူနည်းဟု ထပ်မံ မေးခွန်းထုတ်လာမည်ဖြစ်ပြီး သူ၏ ပုံပြင်မှာ ပို၍ သံသယဖြစ်ဖွယ် ကောင်းလာပေလိမ့်မည်။
"ကျွန်တော့်ရဲ့ စစ်ဝိညာဉ် နိုးထလာတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ ကျွန်တော့်ကို အကြောင်းပြချက်မရှိ နှိပ်စက်ပြီး မုန်းတီးနေတဲ့ လူတွေကို ပြောပြဖို့ ကျွန်တော် အဲဒီလောက် မရိုးအပါဘူး။ ကျွန်တော့်ကို ပညာသင်ပေးမယ့်သူလည်း ဘယ်သူမှ ရှိမှာမဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော့်ဘာသာ ကျွန်တော်ပဲ လေ့ကျင့်ခဲ့တာပါ" လုံချန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ အားလုံးကို မင်းဘာသာမင်း လေ့ကျင့်ခဲ့တာပေါ့။ အကူအညီမပါဘဲ ဒါက တကယ်တော့ မဖြစ်နိုင်သလောက်ပါပဲ။ မင်းက တကယ်ပဲ ပါရမီထူးတာ ဒါမှမဟုတ်ရင်လည်း မင်းရဲ့ စစ်ဝိညာဉ်စွမ်းအားကို ရှာဖွေတွေ့ရှိပြီး ထိန်းချုပ်နိုင်ဖို့ ကံကောင်းခဲ့တာနေမှာ။ မင်းရဲ့ နိုးထခြင်း အိပ်မက်က ဘာလဲ။ အဲဒီအိပ်မက်က မင်းရဲ့ စွမ်းအားတွေအကြောင်း ပြောပြပြီး ကူညီပေးခဲ့လား" ဝူသျှန်က ထပ်မံ မေးမြန်းလာသည်။
'နိုးထခြင်း အိပ်မက်လား။ အဲဒါက ဘာကြီးလဲ။ ရွှင်း... နင် ဒါကို သိလား' လုံချန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲမှ ရွှင်းကို လှမ်းမေးလိုက်သည်။
"အဲဒီအကြောင်း ငါ နည်းနည်းတော့ ကြားဖူးတယ်။ ဒါပေမဲ့ သိပ်ပြီး စိတ်မဝင်စားခဲ့တော့ အသေအချာတော့ မသိဘူး။ ငါသိသလောက်ကတော့ စစ်ဝိညာဉ် နိုးထလာတဲ့ ညမှာ လူတွေ မြင်မက်လေ့ရှိတဲ့ အိပ်မက်တစ်ခုပဲ။ အဲဒီအိပ်မက်က ပိုင်ရှင်ရဲ့ စစ်ဝိညာဉ်အကြောင်းနဲ့ စွမ်းအားတွေကို ရောင်ပြန်ဟပ်ပြလေ့ရှိတယ်လို့ သိရတယ်" ရွှင်းက ပြန်ဖြေသည်။
'ဪ... ဒီလိုကိုး။ ဒါဆို ငါ့ရဲ့ နိုးထခြင်း အိပ်မက်က ဟင်းလင်းပြင်နဲ့ ဆက်စပ်ရမှာပေါ့။ ဒါဆိုရင်တော့ ပုံပြင်ဆင်ရတာ လွယ်သွားပြီ' လုံချန်းက တွေးတောရင်း ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ နိုးထခြင်း အိပ်မက်ကို မမှတ်မိတော့ဘူးလား" လုံချန်း စဉ်းစားနေသည်ကို မြင်သောအခါ ဝူသျှန်က မေးလိုက်သည်။
"ဝေဝေဝါးဝါးပဲ မှတ်မိတော့တယ်။ ကျွန်တော်က ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ ပေါလောပေါ်နေတယ်။ ပြီးတော့ နေရာအမျိုးမျိုးမှာ ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေတာ။ အသေးစိတ်တော့ မမှတ်မိတော့ပေမဲ့ အဲဒီလို ပုံစံမျိုးပါပဲ" လုံချန်းက ဝူသျှန်ကို ရှင်းပြလိုက်သည်။
"ဪ... အဲဒါကြောင့်ကိုး။ များသောအားဖြင့် နိုးထခြင်း အိပ်မက်တွေက စွမ်းအားတွေအကြောင်းကို ဝေဝေဝါးဝါးပဲ ပြလေ့ရှိပေမဲ့ မင်းရဲ့ အိပ်မက်ကတော့ တော်တော်လေး နားလည်ရလွယ်တာပဲ။ အဲဒါကြောင့်လည်း မင်းရဲ့ စွမ်းအားတွေကို နားလည်ပြီး ကျွမ်းကျင်အောင် လုပ်ဖို့ ခက်ခဲမနေခဲ့တာ ဖြစ်မှာပါ" ဝူသျှန်က ခေါင်းညိတ်ရင်း ရေရွတ်သည်။
"မင်းရဲ့ စစ်ဝိညာဉ်ကို ခန္ဓာကိုယ်အပြင်ဘက်အထိ ထုတ်ပြီး မင်းရဲ့ ခွန်အားကို မြှင့်တင်နိုင်လား" ဝူသျှန်က ထပ်မေးသည်။
'စစ်ဝိညာဉ်ကို အပြင်ထုတ်တာ ဟုတ်လား' လုံချန်းသည် ဤကမ္ဘာသို့ စတင်ရောက်ရှိစဉ်က တိုက်ခိုက်ခဲ့ရသော ဝက်ဝံကြီးကို သတိရသွားသည်။ ထိုဝက်ဝံမှာ ပုံမှန်အတိုင်း တိုက်ခိုက်ရလွယ်သော်လည်း ၎င်း၏နောက်တွင် ဝက်ဝံနက်ကြီးကဲ့သို့ အရိပ်တစ်ခု ပေါ်လာချိန်တွင် အဆမတန် သန်မာလာခဲ့သည်။ ဝူသျှန် ပြောနေသည်မှာ ထိုကိစ္စမျိုး ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။
"အဲဒါတော့ ကျွန်တော် မလုပ်တတ်ဘူး။ စောစောက ပြောခဲ့သလိုပဲ ကျွန်တော့်မှာ ဆရာမရှိဘူးလေ။ လူတိုင်း သိထားသင့်တဲ့ အခြေခံ အချက်အလက်တွေကိုတောင် ကျွန်တော် တစ်ဝက်လောက် မသိပါဘူး။ စစ်ဝိညာဉ်ကိုလည်း အပြင်မထုတ်တတ်ဘူး" လုံချန်းက သက်ပြင်းချရင်း ဆင်ခြေပေးလိုက်သည်။
"အင်း... အဲဒါလည်း ဟုတ်တာပဲ။ အခုတော့ မင်းလည်း နဂါးတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ငါတို့နိုင်ငံကို ပြန်ရောက်ရင် စာအုပ်တွေ ဖတ်ပြီး မင်းသိချင်တာမှန်သမျှ လေ့လာလို့ ရပါတယ်" ဝူသျှန်က ခေါင်းညိတ်ကာ ဆိုသည်။
"ကဲ... အခုတော့ အိပ်ပြီး နားလိုက်ဦး။ မင်း နိုးလာရင် မင်းနဲ့ မင်းရဲ့ စစ်ဝိညာဉ်အတွက် လုပ်စရာ တာဝန်တစ်ခု ရှိသေးတယ်။ သွား... အိပ်တော့" ဝူသျှန်က ထရပ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
'အိပ်ရမယ် ဟုတ်လား။ ငါ ရွှေအမြုတေအဆင့်ကို ရောက်ပြီးကတည်းက အကြာကြီး မအိပ်ဘဲ နေနိုင်နေပြီ။ အိပ်ဖို့ မလိုသလို၊ လိုခဲ့ရင်တောင် ရန်သူ့အနားမှာ ငါ့ရဲ့ ကာကွယ်မှုအားလုံးကို လျှော့ချပြီး မအိပ်နိုင်ဘူး' လုံချန်းက လက်မောင်းများကို ဆန့်တန်းရင်း တွေးနေမိသည်။
'သူ့ရှေ့မှာ ကျင့်ကြံလို့ မရတာကတော့ တကယ်ပဲ အချိန်ဖြုန်းတာပဲ' သူက ကုတင်ပေါ်တွင် လှဲလျောင်းရင်း ညည်းတွားနေမိသည်။
"နင် အခု အက်ရှာနိုင်ငံရဲ့ မြို့တော်ကိုတောင် ရောက်နေပြီပဲ။ နင် ဘာလုပ်ချင်တာလဲဆိုတာ အခုတော့ ပြောပြလို့ မရဘူးလား။ နင့်ရဲ့ အစီအစဉ်က ဘာလဲ" ရွှင်းက လုံချန်း၏ ဘေး၌ ပေါ်လာကာ မေးလိုက်သည်။
'ငါ ဘာလုပ်ချင်တာလဲ ဟုတ်လား။ ကောင်းပြီ... ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်း နည်းနည်းကို ပြောပြမယ်။ ဖူချန်းရဲ့ မိသားစုကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တဲ့ နန်းတွင်းဆရာကြီးကို နဂါးတပ်ဖွဲ့ကနေတစ်ဆင့် ငါ ဘယ်လို လုပ်ကြံခိုင်းမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ' လုံချန်းက စိတ်ထဲမှ ရွှင်းကို ပြန်ပြောလိုက်သည်။
"ဟင်... နင်က ဖူချန်းအတွက် ကလဲ့စားချေပေးဖို့ ဒါတွေကို လုပ်နေတာလား။ သူတို့အတွက် နင်က ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ။ နင့်ရဲ့ တာဝန်ကိုပဲ အာရုံစိုက်စမ်းပါ" ရွှင်းက ခေါင်းခါရင်း ဆိုသည်။
'ငါ ကလဲ့စားချေဖို့ သက်သက်အတွက် လုပ်နေတာ မဟုတ်ပါဘူး။ သူတို့အတွက် ကလဲ့စားချေပေးတာက အရံ ဟင်းတစ်ခွက်လောက်ပါပဲ' လုံချန်းက သက်ပြင်းချရင်း ရွှင်းကို ပြန်ဖြေလိုက်သည်။
"ဒါဆို နင့်ရဲ့ အစီအစဉ်က ဘာလဲ။ ဘာလို့ နန်းတွင်းဆရာကြီးကို သတ်ခိုင်းရတာလဲ" ရွှင်းက ထပ်မေးသည်။
'ဘာလို့လဲဆိုတော့ သူက ငါ့လမ်းမှာ အနှောင့်အယှက် ဖြစ်လာနိုင်လို့ပဲ။ ဗာမီလီယံရဲ့ သတင်းပေးချက်အရ နန်းတွင်းဆရာကြီးက နတ်ဆိုးနဲ့ သူ့မိသားစုအပေါ် ကြံစည်ခဲ့တာလေ။ ငါက ဖူချန်းအဖြစ်နဲ့ ဘုရင် ဖြစ်လာရမှာဆိုတော့ သူ အသက်ရှင်နေသရွေ့ အဲဒီကိစ္စက ခက်ခဲလိမ့်မယ်လို့ ငါ ခံစားနေရတယ်။ ဗာမီလီယံရဲ့ စကားကို အပြည့်အဝ ယုံကြည်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နန်းတွင်းဆရာကြီးက ဒီနေရာမှာ သံသယအဖြစ်ရဆုံး လူတစ်ယောက် ဖြစ်နေတာပဲ။ အဲဒါကြောင့် သူ့ကို ကြိုရှင်းထားတာက ပိုပြီး စိတ်ချရတယ်။ ဘုရင်ကြီးအတွက်ကတော့ ငါ့မှာ တခြား အစီအစဉ် ရှိပြီးသားပါ' သူက ထပ်လောင်း ရှင်းပြသည်။
"နင်က ကစားပွဲ တစ်ပွဲကို ကစားနေပြီး အဖြူရော အမည်းရော နှစ်ဖက်စလုံးကို နင်တစ်ယောက်တည်းကပဲ ထိန်းချုပ်ထားသလို ငါ ခံစားနေရတယ်" ရွှင်းက မျက်မှောင်ကြုတ်ကာ လုံချန်းကို ဆိုလေတော့သည်။